ကျွန်မသာ ပန်းတစ်ပွင့် ဖြစ်ခဲ့လျှင်

Posted on

🌺ကျွန်မသာ ပန်းတစ်ပွင့် ဖြစ်ခဲ့လျှင်🌺(စ/ဆုံး)

————————————————–

🌺ကျွန်မမိဘတွေဟာ ရပ်ကွက်ထဲမှာ အချမ်းသာဆုံး မဟုတ်ပေမယ့် အတန်အသင့်ချောင်လည်ပြီး အဖေကဗမာ၊အမေကမွန်ပါ။မိခင်သွေး အပြည့်ပါတဲ့ အငယ်ဆုံးသမီးထွေး ကျွန်မရဲ့ ရုပ်ရည်ဟာလဲ အချောအလှကြီး မဟုတ်ပေမယ့် သာမန် ရွက်ကြမ်းရေကျိုထက်တော့ ပိုပါတယ်။

🌺အချစ်ဦးနဲ့ငယ်သူငယ်ချင်း ဖောက်ပြန်သွားကြပြီးနောက် ဆယ်ကျော်သက်အရွယ်ထဲက အချစ်ကို အယုံအကြည်မရှိတော့ပါဘူး။

🌺အမျိုးသားတွေနဲ့ စကားပြော ရောနှောဖို့ နေနေသာသာ အကြည့်ချင်း မဆုံမိအောင်လဲ ရှောင် နေတတ်ပြီး ချစ်ရေးဆိုခြင်း ခံရလဲ ပြတ်ပြတ်သားသား ငြင်းပယ်ခဲ့တဲ့ ကျွန်မက ငွေကြေးပြည့်စုံပြီး အကျင့်စာရိတ္တကောင်းမွန်သူက မိဘများထံ တောင်းရမ်းခဲ့ပေမယ့်လဲ ငြင်းဆန်ခဲ့မိပြန်ပါတယ်။

🌺ပညာစုံပြီး အရွယ်လွန်လာပြီဖြစ်တဲ့ ကျွန်မဟာ မိဘတွေကို လုပ်ကျွေးရင်း တဖက်တလမ်းကလဲ ကိုယ်ပိုင် ဝင်ငွေ ရှာခဲ့ရာမှ မြေစျေးတွေ ထိုးတတ်ချိန်မှာတော့ ကျွန်မလက်ထဲ ပိုင်ဆိုင်မှုက အတန်အသင့် ရှိနေပါပြီ။

🌺ရပ်ကွက်ထဲမှာ အနေအေးပြီး မာနကြီးတယ်လို့ နာမည်ကြီးတဲ့ အပျိုကြီး ကျွန်မဟာ အသက်၃၃နှစ်အရွယ်မှာ ကိုယ့်ထက်၉နှစ်ကျော်ငယ်တဲ့ ကောင်လေးနဲ့ fbပေါ်မှာ fri ဖြစ်ရာက စလို့သူ့စကားတွေကို သာယာမိရာက တဆင့် သနားချစ်နဲ့ ချစ်ခဲ့မိတော့တာပါပဲ။

🌺ကျွန်မ ချစ်သူရနေတာ သိသွားတဲ့ မိဘ၊မောင်နှမတွေဟာလူမြင်အောင် တွဲသွားတွဲလာလုပ်ပြီး မယူဖြစ်ရင် အရှက်ရလိမ့်မယ် ဆိုတဲ့ ခေါင်းစဥ်ကြီးရဲ့ အောက်မှာ အပြင်ထွက်ခွင့် သိပ်မပေးတော့ပဲ အချိန် အကန့်အသတ်တွေနဲ့ ချုပ်ချယ်လာပါတော့တယ်။

🌺ဒါ့ကြောင့် ချစ်သူ သက်တမ်း ၃နှစ်လောက်ကြာပေမယ့် ကျွန်မတို့ မြို့နဲ့ သိပ်မဝေးတဲ့ နေရာမှာ နေတဲ့သူ့အကြောင်းကို သူပြောပြထားတာထက်ပိုပြီး ကျွန်မ သိပ်မသိပါဘူး။

🌺သူပြောသမျှယုံ၊သူလိုသမျှ ဖြည့်ဆီးပေးရင်း သူ့တစ်ယောက်ထဲအပေါ် သစ္စာရှိရှိ ချစ်ခဲ့ရာက ရုတ်တရက် သူနေမကောင်း ဖြစ်သွားရာက စလို့တငိုငို၊တရီရီနဲ့ ညတိုင်း phဆက်ပြီး လက်ထပ်ဖို့ ဂျီကျလာတဲ့ ချစ်သူစကားကို လက်ခံခဲ့မိတယ် ။

🌺အတူတူနေဖို့အရေး ကျွန်မပိုင်တဲ့ ခြံလေးထဲမှာ တိုက်အိမ်ငယ်လေး တစ်လုံး ကိုယ်ပိုင်ငွေနဲ့ ဆောက်ရင်းက အချစ်အိမ်လေးမှာ သား၊သမီးတွေရယ် သူရယ်၊ကျွန်မရယ် ပျော်ရွှင်နေကြမယ့် စိတ်ကူး ပုံရိပ်က ပျော်ရွှင်ခြင်း အပြည့်နဲ့ပါ။

🌺စေ့စပ်ပွဲလုပ်ချိန်မှာတော့ တစ်ရပ်ကွက်လုံး အုတ်အော်သောင်းနင်းပါပဲ။အပျိုကြီး လင်မယူလဲ မယူဘူး။ယူမယ့်ယူတော့လဲ လူမမာကိုမှ ယူတယ်လို့ ကဲ့ရဲ့ ရှုံ့ချကြတော့ မိဘတွေ အရှက်ရကြပေမယ့် ကျွန်မက ရှက်ရကောင်းမှန်း မသိပါဘူး။

🌺သူ ခုလို ဖြစ်နေချိန်မှာ လက်ထပ်ဝံ့တာကိုက ကျွန်မရဲ့ အချစ်စစ်ကြောင်း သက်သေထူနိုင်တာမို့ ဂုဏ်ယူလို့ မဆုံးခဲ့ပါဘူး။

🌺မင်္ဂလာပွဲကို သူတို့ဘက်မှာ အရင်ကျင်းပဖို့ ကျွန်မပြင်ဆင်ပါတယ်။
ပွဲမကျင်းပမှီ တစ်ရက်အလိုမှာပဲ နေ့လယ်ထဲက ထွက်သွားတဲ့ သူဟာ ညသန်းခေါင် ဝန်းကျင်မှ မူးရူးပြန်လာပြီး ဘာအပြစ်မှ မလုပ်မိတဲ့ ကျွန်မကို အော်ဟစ်ဆဲဆိုရင်းက ထိုးကြိတ် ရိုက်နှက်ပါတော့တယ်။

🌺ကျွန်မ ထိတ်လန့်ပြီး အရမ်းလဲ ကြောက်သွားတယ်။အရမ်းလဲ ရှက်တယ်။ကျွန်မ ဘဝမှာ ခုလို ကြုံရလိမ့်မယ်လို့ အိမ်မက်တောင် မမက်ခဲ့မိဘူး။အမြဲ အပြောချိုချိုနဲ့ ပျော့ပြောင်းနေခဲ့တဲ့ သူ့ကို ခုလို ရိုင်းစိုင်း ကြမ်းတမ်းလိမ့်မယ်လို့ လုံးဝကို ထင်မှတ်မထားခဲ့ပါဘူး။

🌺ကျွန်မ ရှက်ပြီး အခန်းပြင်မထွက်ဝံ့သလို အသံလဲ မထွက်ဝံ့ပါဘူး။ဘာအပြစ်မှ မလုပ်ထားမိခဲ့တော့ သူဘာကြောင့် စိတ်ဆိုးနေမှန်း မသိပဲ ပိုပြီး အံ့သြ ဝမ်းနည်းရပါတယ်။

🌺 သူ့ဆွေမျိုးတွေ ဝိုင်းဆွဲ၊ဝိုင်းကာလို့ ကျွန်မကို မရိုက်ရတော့ ပစ္စည်းတွေကို ရိုက်ခွဲပါတော့တယ်။ကျွန်မမိဘတွေကို phဆက်တိုင်မယ်ဆိုတော့ တိုင်ရဲတိုင်ကြည့် သတ်ပစ််လို့ ခြိမ်းခြောက်ပါတယ်။သူ့စရိုက်ကို သိလိုက်ရပေမယ့် ကျွန်မ မပြတ်သားခဲ့ပါဘူး။

🌸မင်္ဂလာပွဲပျက်ရင် အရှက်ရမှာ စိုးတာရော၊သူ့ကို ချစ်တဲ့စိတ်ကြောင့်ပါ မျက်နှာထက်က အညို၊အမဲတွေ ဖုံးအောင် မိတ်ကပ်ထူထူလိမ်းပြီး နံနက်ခင်းမှ ရောက်လာတဲ့ ကျွန်မမိဘတွေနဲ့ သူ့ဧည့်သည်တွေရဲ့ ရှေ့မှာ ဟန်ဆောင်ပြုံးလို့ မင်္ဂလာပွဲ ဆင်နွှဲခဲ့ပါတယ်။

🌸သူ့အပေါ်မှာ ကျွန်မ မယားဝတ်တရား ၅ပါးကျေခဲ့တဲ့ အပြင် အိမ်ထောင်ဦးစီးတာဝန်ကိုပါ ကျွန်မယူခဲ့တာပါ။

🌸စီးပွားရှာရင်း၊အိမ်အလုပ် လုပ်ရင်း သူ့အကြိုက်ဟင်းတွေ ဖွယ်ဖွယ်ရာရာ ချက်ကျွေးရင်း ကျွန်မအကြိုက်တွေတောင် ဘာမှန်း မသိတော့ပဲ မေ့နေခဲ့ပါပြီ။သူကြိုက်တဲ့ဟင်းကသာ ကျွန်မအတွက် ခံတွင်းမြိန်စေတာပါ။

🌸သူ့ကို ဆေးကုပေးရတဲ့အပြင် အိုးအိမ်သစ် ထူထောင်ရတာကြောင့် ကျွန်မလက်ထဲက ငွေတွေဟာ ကုန်လုကုန်ခင် ပါပဲ။

🌸အဲ့ဒီအချိန်မှာ ကျန်းမာရေး ကောင်းမွန်သွားပြီ ဖြစ်တဲ့ သူဟာ စိတ်အခန့် မသင့်ချိန်တိုင်း ငွေတွေ ဘာ့ကြောင့် မရှိတော့တာလဲလို့ မေးမေးပြီး ကျွန်မကို အကြောင်းမဲ့ ရိုက်နှက်လာပါတော့တယ်။

🌸ကျွန်မရဲ့ စိတ်ကူးယဥ်အချစ်ဂေဟာအသစ်စက်စက်လေးမှာ သူ့ရဲ့ဆဲဆိုသံ၊ရိုက်နှက်သံ၊ပစ္စည်းတွေ ပေါက်ခွဲသံတွေနဲ့ မကြာခဏ ဆူညံလို့နေပါတယ်။

🌸အရှက်ကြီးတဲ့ ကျွန်မဟာသူ့ကို ပြန်အော်ရင် ဘေးပတ်ဝန်းကျင် ပိုကြားမှာ စိုးတာကြောင့်၊ပြန်လုပ်ရင် သူနာကျင်မှာ စိုးတာကြောင့် ပြန်လဲ မလုပ်ရက်ပါဘူး။

🌸အတွင်းမီးအပြင်မထုတ်တတ်တဲ့ ကျွန်မဟာ ဘယ်သူ့ကိုမှ ခင်ပွန်းရဲ့ မကောင်းကြောင်း မပြောခဲ့ဘူး။

🌸သူက ကျွန်မနဲ့အတူ တစ်ခန်းထဲ မအိပ်ပါဘူး။သူ့လိုဘက် ပြည့်တာနဲ့ အခြားအခန်းမှာ အိပ်ဖို့ ထွက်သွားရတဲ့ အကြောင်းပြချက်က သူဂိမ်းဆော့ရင် ကျွန်မ အိပ်မရမှာ စိုးလို့တဲ့လေ။

🌸တချို့ ညည့်နက်ချိန်တွေမှာ တီးတိုးစကားသံလိုလို ကြားရပေမယ့် သူ့ အခန်းတံခါးကို ဖွင့်ကြည့်လိုက်တိုင်း ကျွန်မယောက်ျားက အိပ်မောကျနေတာကြောင့် နားကြားလွဲတာလို့ပဲ မှတ်ထင်ခဲ့တယ်။အမြဲ password ခံထားတဲ့ သူ့phကို ကျွန်မ သင်္ကာမကင်း မဖြစ်ပါဘူး။

🌸လက်ထပ်ပြီး မကြာခင်မှာ ကိုယ်ဝန်ရှိလာလို့လဲ သူ့စရိုက်က မပြင်တဲ့အပြင် ပိုဆိုးလာတယ်။
ကလေးကို ထိမှာစိုးရိမ်ပြီး ချောင်မှာ ကပ်လို့ ဗိုက်လေးကို ကာကွယ်ရင်း ငိုနေတဲ့ ကျွန်မကို အိမ်နီးချင်းတွေ သနားပြီး တိုင်ရာကစလို့ မိဘတွေသိသွားတော့တယ်။

🌸မိဘတွေ ရောက်လာခဲ့ရင် ဒေါသထွက်နေတဲ့ မျက်နှာ ချက်ချင်း နူးညံ့သွားပြီး အော်ဟစ်နေတဲ့ သူ့ရဲ့အသံဟာလဲ ရုတ်တရက် အံ့သြဖွယ်ရာ ချိုသာသွားပုံကို မြင်လိုက်ရတာ ခွေးမစင်လိုပဲ ရွံဖို့ ကောင်းတယ်။

🌼ကျွန်မကသာ ပြသနာရှာနေလို့ သူချည်း သည်းခံနေရကြောင်း မိဘတွေရှေ့မှာ ကျွန်မကို မျက်ရည် သုတ်ပေးပြီး ချော့မြူဟန် ဆောင်ပါတယ်။မိဘတွေ ကွယ်ရာ ရောက်တာနဲ့ ကျွန်မကြောင့်သူအဆူခံရတယ်ဆိုပြီး ထပ်ရိုက်ပါတယ်။

🌼နှိပ်စက် သောင်းကျန်းပြီးချိန်တိုင်း ကျွန်မဆီက ငွေတွေယူလို့ သူ့မိဘတွေဆီ ပြန်ပါတယ်။

🌼သူထွက်သွားချင်တိုင်း ပြသနာရှာတတ်ပြီး ငွေကုန်သွားချိန်တိုင်း ပြန်လာတတ်တယ်။ဒီလိုနဲ့ ကျွန်မလဲ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်ပြီး စီးပွားရေးလဲ လုံးပါးပါးခဲ့ရပါတော့တယ်။

🌼ကြာလာလေ သူက ဘယ်သူ့ကိုမှ ဂရုမစိုက်လေ ကျွန်မကို ရိုက်နှက်လေပါပဲ။ကျွန်မလိုပဲ ပျော့ညံ့တဲ့ မိဘတွေကိုလဲ သူ ဂရုမစိုက်တော့ပါဘူး။

🌼သူသိပ်စွဲလန်းရပါတယ် ဆိုတဲ့ ကျွန်မ နှုတ်ခမ်းပါးပါးလေးက လက်သီးချက်ကြောင့် ပေါက်ပြဲဖူးပါတယ်။သူဖွဖွလေး နမ်းခဲ့တဲ့ ပါးပြင်ဟာလဲ မကြာခဏအညိုအမဲစွဲရတယ်။သူမြတ်နိုးတဲ့ ကျွန်မ ဆံပင်ရှည်ဟာလဲ သူစိတ်တိုတိုင်း ဆောင့်ဆွဲဖို့ ဖြစ်နေခဲ့ရပါပြီ။

🌼အကြည့်နက်တယ် ဆိုတဲ့ ကျွန်မမျက်ဝန်းဟာလဲ မို့အစ်နေတဲ့ မျက်ခွံတွေကြား အရောင်မထွက်နိုင်အောင် ဖျော့တျော့လာပါပြီ။

🌼ချစ်သူဘဝက ပိုက်ဆံအိတ်ကိုင်ထားရင်တောင် ကျွန်မလက်ကလေး နာမှာစိုးလို့ ကူကိုင်ပေးခဲ့တဲ့ သူကြောင့် ယခုအချိန် ကျွန်မလက်မှာ အညိုအမဲတွေ၊ ပွန်းခြစ်ရာတွေ ဗလပွနဲ့ပါ။

🌼ချစ်သူဘဝက နေပူပူ၊မိုးရွာရွာ ကျွန်မလုံခြုံအောင်သာ ထီးမိုးပေးခဲ့သူဟာ ကျွန်မ ကိုယ်ဝန်ရချိန်လဲ နေပူမရှောင်၊မိုးရွာမရှောင် စျေးဝယ်၊စျေးရောင်းကျွေးဖို့ ကြိမ်တတို့တို့နဲ့ နွားလို ခိုင်းစားရင်း သူကိုယ်တိုင်ကတော့ phတွေနဲ့ ဂိမ်းဆော့ မပျက်ပါဘူး။

🌼ကျွန်မ မိခင်က ကွာရှင်းဖို့ အားမပေးတဲ့ အပြင် ကိုယ့်ခင်ပွန်းကို နားဝင်အောင် ဆုံးမဖို့၊ချီးတွင်း နက်နက်ထဲ ကျနေတဲ့ လောက်ကောင်ဘဝမှာ မစင်ကို ရွံမနေဖို့နဲ့ တံခွန်မရှိတဲ့ ဘုရား၊လင်မရှိတဲ့မယားဆိုတဲ့စကားပုံတွေနဲ့ မမောနိုင် မပန်းနိုင် ဆုံးမတတ်ပါတယ်။

🌼ကိုယ်ဝန်ကြီးနဲ့ လင်ဆိုးမယား တဖားဖား ဖြစ်နေတဲ့ ကျွန်မဟာ ရင်သွေးလေး နှလုံးရောဂါ ရသွားမှာ ခြေ၊လက်၊အင်္ဂါမစုံမှာ သိပ်ပြီး စိုးရိမ်ပါတယ်။လူ့လောကထဲ သမီးလေး ရောက်လာရင် ဖအေ ခေါ်စရာ မရှိမှာကိုလဲ စိတ်ပူမိတယ်။

🌻အသက်ကြီးမှ ကိုယ်ဝန်ဆောင်ရပေမယ့် သမီးလေးဟာ ကျွန်မကို သနားပြီးတော့များ ဖက်တွယ်ထားခဲ့သလားပဲ။ အမြဲ နှိပ်စက်ခံရပြီး ငိုယိုနေရပေမယ့် ကိုယ်ဝန်က ပျက်မကျခဲ့ပါဘူး။

🌻လင်ယောက်ျား ဆိုးသမျှ ခံနိုင်တဲ့ ကျွန်မကို တချို့က ကဲ့ရဲ့ကြပြီး တချို့က ချီးကျူးကြပါတယ်။

🌻သူငယ်ချင်းတွေ သူတို့ခင်ပွန်းတွေက ဘယ်လောက်ထိ ချစ်ကြောင်း တခါလေးတောင် မရိုက်တတ်ကြောင်းကို ခပ်ကြွားကြွား ပြောကြချိန်တိုင်းမှာ ကျွန်မ ခေါင်းငုံ့နေခဲ့ရတယ်။

🌻ကလေးမီးဖွားပြီးနောက် ဝင်ငွေတွေကို မစီစစ်နိုင်ချိန်မှာပဲ ကျွန်မတည်ထောင်ထားတဲ့ စီးပွားရေးဟာ လုံးဝ အရင်းပျောက်ပြီး လဲပြိုသွားပါပြီ။

🌻ကလေးတာဝန်ရော၊အိမ်မှုကိစ္စရော စီးကွားရေးပါ ဘာကိုမှ ဦးဆောင်နိုင်စွမ်း မရှိပဲ အမြဲသုံးစွဲရန် ငွေပဲ လိုနေတတ်တဲ့ ကျွန်မယောက်ျားက လုပ်ကျွေးမယ် ပြောတာကြောင့် ရှိသမျှ ငွေတွေခြစ်ခြုတ်ပြီး အရင်းထုတ်ပေးခဲ့ပေမယ့် အမြတ်မရတဲ့အပြင် အရင်းပါ ထပ်မံ ပျောက်သွားခဲ့တာကြောင့် မိသားစု မငတ်အောင် ကျွန်မမိဘတွေဆီမှာပဲ မျက်နှာငယ်နဲ့ ခင်ပွန်းနဲ့သမီးအတွက် နေ့စဥ် တောင်းကျွေးခဲ့ရပါတယ်။

🥀တခါတလေ သူရှာလို့ ရလာတဲ့ မဖြစ်စလောက်ငွေလေး ပေးပေမယ့် ပေးတာတဲ့ မတန်အောင် ဂုဏ်ဖော်ပြီး သွေးနုသားနုနဲ့ကျွန်မကို ရိုက်ပုတ် ပြန်ပါတယ်။

🥀ကျွန်မကို ယူမိတဲ့အတွက် သူ နောင်တ အကြီးအကျယ် ရနေပါပြီ။ကျွန်မ မြန်မြန်သေစေဖို့ သူမကြာခဏ ကျိန်ဆဲနေတတ်ပါတယ်။

🥀ကျွန်မဟာလဲ သူနှိပ်စက်တဲ့ဒဏ်ကြောင့် နှလုံးရောဂါသယ် ဖြစ်ခဲ့ရပြီးသမီးလေးဟာလဲ အနှီးထုပ်လေးထဲမှာထဲက ဖခင်ရဲ့ ဒေါသကို ကြောက်လန့်ပြီး ငိုနေခဲ့ရတာပါ။

🥀သူဟာ ပြည့်စုံတဲ့ ဘဝမှာလဲ လိုဘက် မပြည့်ဝနိုင်သလို ငတ်မွတ်နေတဲ့ ဘဝမှာလဲ မရောင့်ရဲတတ်ပဲ သွေးစုတ်ဖုတ်ကောင် သွေးဆာသလိုမျိုး
ငွေကိုသာ အမြဲ ဆာလောင်နေခဲ့တယ်။

🥀ကျွန်မ ခြံတစ်ကွက်ကို လျော့စျေးနဲ့ အမြန်ရောင်းထုတ်ပြီး ကလေးငယ်တဖက်နဲ့ပဲ စီးပွားရှာဖို့ ထပ်မံ ပြင်ဆင်ပါတယ်။

🥀ကိုဗစ်ကာလ လူတိုင်း ငတ်နေချိန် မိသားစု စားဝတ်နေရေး ရုန်းကန်ရတာ နွံထဲ လမ်းလျှောက်ရသလို ထင်သလောက် ခရီးမပေါက်ပေမယ့် ယောက်ျားနဲ့သမီး ဝမ်းဝအောင် ခါးလှအောင် ကျွန်မ နေပူ၊မိုးရွာမရှောင် ရှာဖွေ ကျွေးခဲ့တယ်။

🥀နောက်တကြိမ် အရင်းထပ်မပြုတ်ရအောင် သူကို ငွေပေးမကိုင်တော့ပဲ ရှိတာလေးတွေ သူမမြင်အောင် ဖွက်ထားတတ်လာပါပြီ။

🥀သူ အဆင်မပြေတော့ပါဘူး။ကျန်နေသေးတဲ့ အိမ်နဲ့ခြံကိုရော အတွင်း ပစ္စည်းတွေပါ ရောင်းခိုင်းတယ်။ကျွန်မက မရောင်းပဲ တင်းခံနေတော့ ပိုမို ဒေါသကြီးလာပြီး အမြဲ အကြောင်းမဲ့ စိတ်တိုပြီး ရန်ရှာနေပါတော့တယ်။

🥀ကျွန်မရှာဖွေ ချက်ပြုတ်ကျွေးတဲ့ ထမင်းနဲ့ဟင်းကို စားနေရင်းက သူ မကြိုက်တဲ့ ဟင်းပါခဲ့ရင် ထမင်းဝိုင်းမှာ ကျွန်မကို ထရိုက်တတ်တဲ့လူစားပါ။

🥀သူ့ရဲ့စရိုက်ဟာ ပတ်ဝန်းကျင်နဲ့ဘောင်မဝင်သလို ဦးဆောင်နိုင်စွမ်းလဲမရှိဘူး။နောက်က အေးအေး
လူလူ လိုက်ပြီး မှီခိုနေတာ မျိုးလဲ မဟုတ်ပြန်ဘူး။

🥀အရင်က revlon မှသုံးတဲ့ ကျွန်မ
ဟာချီတောင် မလိမ်းနိုင်တော့ပါဘူး။
စျေးသွားတိုင်း ခင်ပွန်းနဲ့သမီးတွက် အဝတ်စားသစ် ဝယ်တတ်ပေမယ့် ကျွန်မကိုယ်တိုင်ကတော့ အဟောင်း အစုတ်နဲ့ပဲ တင်းတိမ်နေခဲ့တယ်။

🥀သူဟာလဲ အရင်လူနဲ့ မတူအောင် ယုတ်မာ ရိုင်းစိုင်းနေခဲ့ပြီး ကျွန်မဟာလဲ အရင်လူနဲ့ မတူအောင် မပြောရဲ၊မဆိုရဲ၊လူတော မတိုးရဲပဲ အရာရာကို အားငယ်စိတ်နဲ့ သိမ်ငယ်ပြီး မိမိကိုယ်ကို ယုံကြည်ချက် မဲ့လာခဲ့ပါပြီ။

🥀တချိန်က ကျွန်မကို ပိုးပန်းခဲ့ကြတဲ့ အမျိုးသားတွေဟာ ကျွန်မကို မြင်တိုင်း သနားစရာ သတ္တဝါတစ်ကောင်လို ကြည့်တတ်ကြပါတယ်။

🥀ရပ်ကွက်ထဲ အရူးလို့သတ်မှတ်ထားသူနဲ့တောင် အရှက်မဲ့စွာ ရန်ဖြစ်ဝံ့ပြီး ပြသနာမရှိရင် မနေတတ်သလို ပြသနာရှာပြီးတိုင်းလဲ ပြီးပြတ်အောင် မဖြေရှင်းနိုင်တဲ့ သူ့ကြောင့် ကျွန်မသာ မက မိဘတွေပါ မျက်နှာငယ်ခဲ့ရတယ်။

🥀အိမ်ထောင်သက် ၃နှစ်လောက်ကြာမှ ကျွန်မနဲ့ချစ်သူဖြစ်နေရင်းက သူဖောက်ပြန်ခဲ့မှန်း သိလိုက်ရတာပါ။သူ့ကောင်မလေးက သူနဲ့ကျွန်မလက်ထပ်ခါနီးအထိ ငိုနေကြောင်းနဲ့ သူ့မြို့ကိုပြန်တိုင်း ကောင်မလေးနဲ့ သွားတွေ့ကြောင်းကိုလဲ သူ့အပေါင်းအသင်းတွေက တဆင့်သိလာရတယ်။

🥀အဲ့ဒါတွေ သိလာရတဲ့ အချိန်မှာ ကျွန်မ ရင်ထဲ ပေါ့သွားပါတယ်။ကျွန်မကြားဖူးတဲ့ ဇာတ်နိပါတ်တော်ထဲက အတိုင်းပါပဲ။

🌷ကျွန်မခေါင်းပေါ်က ဓားစင်္ကြာငရဲပန်းကို သိပ်လှတဲ့ ကြာပန်းကြီး အမှတ်နဲ့ လုယူ ပန်ချင်နေတဲ့ မိန်းကလေးကို အပြင်မှာသာ တွေ့ခွင့်ရရင် သိပ်ပြီး ကျေးဇူးတင်ကြောင်း
ပြောပြချင်ပါတယ်။

🌷သူက မပေါင်းနိုင်တော့ဘူး ပြောပြီး ထွက်သွားပြန်ပါတယ်။အရင်လို ခဏလေးနဲ့ ပြန်မလာတတ်တော့ပါဘူး။ငွေလုံးဝပြတ်သွားရင် ပြန်ရောက်လာပြန်တယ်။

🌷သူ့ကို ကျွန်မဝယ်ထားပေးထားတာလေးတွေ ပြန်လာပြီး လက်ညှိုးထိုးရောင်းစားတယ်။လူကိုယ်လဲ မတရား အနိုင်ကျင့် အခွင့်အရေး ယူတယ်။ကိုယ့်အပေါ် ဒီလောက် ရက်စက်ပြီး အကြင်နာကင်းမဲ့နေတဲ့ ယောက်ျားနဲ့ အလိုမတူပဲ ဆက်ဆံခံရတာဟာ အလွန်နာကျင်ပြီး အင်မတန်မှလဲ စက်ဆုပ် ရွံရှာပြီး ဝမ်းနည်းရပါတယ်။

🌷အိမ်ထောင်သက် ၄နှစ်ထဲဝင်လာတဲ့ တစ်နှစ်လုံး သံသရာလည်နေတာ ကျွန်မသည်းမခံနိုင်တော့ပါဘူး။

🥀ကျွန်မ သမီးလေးဟာ သိပ်ပြီး မသိတတ်သေးခင်မှာပဲ ဖခင်က မအေကို ရိုက်ရင် တကိုယ်လုံး တဆတ်ဆတ်တုန်အောင် ထိတ်လန့်ငိုရင်းက လက်အုပ်ကလေးချီရင်း ဖခင်ကို မပီမသ စကားဆိုလို့ တောင်းပန်နေခဲ့ရရှာတာပါ။

🥀သူမ ချစ်တဲ့ အရုပ်ကလေးတွေ ဖခင်က ပစ်ပေါက်၊ကန်ကြောက် ရိုက်ခွဲပြန်တော့ မိခင်ကို ပြေးဖက်လို့ သားအမိနှစ်ယောက် ချောင်ကပ်ပြီး ငိုနေခဲ့ရပါတယ်။

🥀သူက ကျွန်မကို မကွာရှင်းပေးပဲ မသေမချင်းနှိပ်စက်မယ်လို့ ပြောခဲ့ပြီး
မကြာခင်မှာပဲ သူ့စကားကို အကောင်အထည် ဖော်ခဲ့တယ်။

🥀သူရန်ရှာချိန် ငိုနေရင်းက နှလုံးအောင့်လာတဲ့ ကျွန်မ ဘယ်ဘက်ရင်အုံကို လက်နဲ့ ဖိကပ်ထားချိန်မှာပဲ သူက နှလုံးနေရာတည့်တည့်ကို လက်သီးနဲ့ ပြေးထိုးပြီး မြန်မြန်သေလိုက်လို့ ​ဖို့ အော်ပြောတယ်။

🥀ကျွန်မအသက်ရှုမရပ်ခင် ကျွန်မအကိုနဲ့ မိဘတွေ ရောက်လာကြတယ်။

🌺ဒါ အဆုံးသတ်ပါပဲ။ကျွန်မကို အသိစိတ် ဝင်သွားစေခဲ့တာပါ။
ကျွန်မသေလို့ မဖြစ်ပါဘူး။သမီးအတွက် ကျွန်မ ကောင်းမွန်စွာ အသက်ရှင်နေရပါမယ်။🌺

🌺ကျွန်မသာ ပန်းတစ်ပွင့် ဖြစ်ခဲ့လျှင်🌺( ဇာတ်သိမ်း)

🌺လက်ထပ်ရတာ အခက်အခဲတွေ စဥ်းစားစရာတွေ ရှိပေမယ့် တခြား ပြသနာတွေနဲ့ယှဥ်ရင် လွယ်ကူတယ်လို့ပဲ ကျွန်မ ပြောပါရစေ။

🌺တချို့ဆို လက်မှတ်တောင်မထိုးကြပဲ ပုဆိုးတန်းတင် အကြင်
လင်မယားအဖြစ် ပေါင်းသင်းကြတာပါ။

🌺ကွာရှင်းချင်ရင်တော့ အင်မတန်ခက်ခဲပြီး ပိုင်ဆိုင်မှုပေါ် မူတည်လို့ ပြသနာ အရှုပ်အထွေး များတတ်သလို

🌺သူ့ဘက် ကိုယ့်ဘက် ရင်သွေး လုရတဲ့ပြသနာတွေ ရှိရုံတင်မကပဲ

🌺တဖက်က မကွာရှင်းပေးချင်လို့ ရှောင်နေခဲ့ရင် ဘယ်လောက်နှစ်တွေ ကြာကြာ အဆက်အသွယ်၊အထောက်အပံ့ပြတ်နေလဲ တရားဝင် ကွာရှင်းရာမရောက်​ပါဘူးတဲ့။

🌺ကွာရှင်းတာထက် ပိုခက်တာကတော့ အိမ်ထောင်ရေး မပြိုကွဲအောင် ထိမ်းသိမ်း ရတာပါ။ကျွန်မ မလုပ်နိုင်ခဲ့ပါဘူး။

🌺အခက်အခဲတွေကို ရင်ဆိုင်၊
တားဆီးပိတ်ပင်သံတွေကို နားပိတ်ထားလို့ အဆုံးစွန်ထိ သွားပြီးတဲ့ တစ်နေ့မှာ ကျွန်မဘဝကို အုံ့မှိုင်းနေတဲ့ တိမ်စိုင်၊တိမ်လိပ်တွေဟာ ကင်းစင် လွင့်ပြယ် သွားခဲ့ပါပြီ။

🌺လူတစ်ရပ်စာထက်ပိုမြင့်တဲ့ ဗွီဒိုထဲမှာ သူ မသယ်နိုင်လို့ ချန်ခဲ့တဲ့ အဝတ်တွေကို ကျွန်မ အကုန်ဆွဲထုတ်လို့အမှိုက်အိတ်ထဲ ထည့်ပစ်လိုက်ပြီး

🌺ကြမ်းခင်းကြွေပြားတွေနဲ့ အိမ်နံရံတွေ၊ ပြောင်ပြီးသား အိုး၊ခွက်၊ပုဂံတွေပါ မကျန် နေ့ရှိသရွေ့ တမျိုးပြီး တမျိုး မောပန်းရမှန်း မသိပဲ ကျွန်မ အကြောင်းမဲ့ တိုက်ချွတ် ဆေးကြောနေမိပါတယ်။

🌺အဲ့ဒါတွေ ဘာကြောင့် လုပ်မိနေလဲ ဆိုတာ ကိုယ့်ကိုကိုယ်လဲ မသိပါဘူး။

🌺ချွေးစက်တွေကြား မျက်ရည်ဝှက်ထားချင်တာကြောင့်လဲ ဖြစ်နိုင်ပါတယ်။

🌺မပြိုကွဲအောင် အဖက်ဖက်ကအစွမ်းကုန် ကြိုးစား ထိမ်းသိမ်းရင်း ခက်ခက်ခဲခဲ တည်ထောင်ခဲ့ရတဲ့ ကျွန်မတို့ရဲ့ အိမ်ထောင်ရေးဟာ အပြီးတိုင် ပြိုကွဲသွားခဲ့ပါပြီ။

🌺သမီးလေးကို မိတကွဲ ၊ဖတကွဲ ဖြစ်စေမိလို့ အကြိမ်ကြိမ် တောင်းပန်နေမိပါတယ်။

🌺မိုးလင်းကနေ မိုးချုပ်ထိ ဖအေ ပြန်လာချိန် စောင့်မျှော်ရင်း ငိုနေတဲ့ သမီးကို ကျွန်မ တောင်းပန်နေရုံကလွဲပြီး နှစ်သိမ့်ပေးစရာ စကားလုံး ရှာမရပါဘူး။

🌺တစ်ဘဝလုံး မငိုရစေဖို့ တခဏတော့ သမီးနဲ့ကျွန်မ ငိုရအုံးမယ် ဆိုတာ နားလည်ထားပါတယ်။

🌺ဒီအချိန်မှာ ကျွန်မတို့သားအမိကို နှစ်သိမ့်ပေးမယ့်လူ မရှိပါဘူး။

🌺ကျွန်မဘက်က ဖောက်ပြန်လို့ ကွာရှင်းရတာပါ ဆိုတဲ့ ယုတ္တိမတန်တဲ့ စကားကို ယုံကြည်နေကြတဲ့ လူတွေဟာ ဆိုင်ကို စျေးဝယ်သူ ယောက်ျားလေး တစ်ယောက်လာတိုင်း ဒါ သူ့လင်ငယ်လား ဆိုတဲ့ အကြည့်မျိုးနဲ့ ပြူးတူးပြဲတဲ ကြည့်နေကြတော့တာပါပဲ။

🌺သူငယ်ချင်းတွေနဲ့ ဖုန်းပြောနေရင်လဲ လင်ငယ်နဲ့များ ကျူနေသလားဆိုပြီး ဆိုင်ရှေ့ မယောင်မလည်ရပ်လို့ နားစွင့်တတ်ကြပါသေးတယ်။

🌺လိုင်းကားစီးလို့ ဘေးခုံမှာ ယောက်ျားတစ်ယောက် ထိုင်နေတာ မြင်ရင်လဲ သင်္ကာမကင်းတဲ့ အကြည့်နဲ့ တစေ့တစောင်း အကဲခတ်နေကြပြန်ရော။

🌺ရပ်ကွက်ထဲက ငွေကြေးပြည့်စုံတဲ့ အိမ်ထောင်သယ်အမျိုးသား တချို့က စပွန်ဆာ လိုလား ဆိုတဲ့ အကြည့်နဲ့ ကြည့်တတ်သလိုပဲ အိမ်ထောင်သယ် အမျိုးသမီး တချို့ဟာလဲ သူတို့ရဲ့ တန်ဖိုး မရှိတဲ့ လင်ကို ကျွန်မများ လုယူတော့လေမလားလို့ စိုးရိမ်မကင်းဖြစ်နေကြပြန်တယ်။

🌺အပြင်အဆင် မရှိပဲ နေပြန်တော့ လင်ပူ မိနေတယ်လို့ စွပ်စွဲကြပြီး
ပြင်ဆင်ပြန်တော့လဲ နောက်လင်လိုချင်လို့ အလှပြင်နေတာလို့ အတင်းတုပ်ကြပြန်ပါတယ်။

🌺အကြောင်းကိစ္စရှိလို့ အပြင်ထွက်ရင်လဲ ဘာကြောင့် စောရတာ ၊ဘာ့ကြောင့် နောက်ကျရတာ၊ ဘယ်ကိုသွားနေတာ အတိအကျကို စပ်စုတတ်ကြပြီး ကျွန်မကိုယ်တိုင်ကလဲ လူတွေရဲ့ အထင်လွဲမှားခြင်း မခံရအောင် စီကာပတ်ကုန်း ရှင်းပြနေမိပါတယ်။

🌺တချိန်က ကွာရှင်းဖို့ မြှောက်ပေးကြတဲ့ အပေါင်းအသင်းတချို့ကလဲ တကယ်ကွာရှင်းပြီးချိန်မှာတော့ ကလေးရဲ့ ခံစားချက်ကို မငဲ့ပဲ ကိုယ့်အတ္တကိုသာ ရှေ့တန်းတင်သူ အတ္တကြီးတဲ့ မိန်းမ၊အိမ်ထောင်ရေး မပြိုကွဲအောင် ထိမ်းသိမ်းနိုင်စွမ်း မရှိလို့အိမ်ထောင်မှု မနိုင်နင်းတဲ့ မိန်းမလို့ စွပ်စွဲကြပြန်တယ်။

🌺လေးနှစ်ကျော်လောက် ခင်ပွန်းဖြစ်သူရဲ့ နှိပ်စက်ခြင်းကို ခေါင်းငုံ့ခံခဲ့တဲ့ ကျွန်မဟာ လူတွေရဲ့ နိုင့်ထက်စီးနင်း ​
စကားတွေကို ခွန်းတုံ့ပြန်ဖို့လဲ မဝံ့မရဲနဲ့ ကြောက်ရွံ့နေမိပြန်ပါတယ်။

🌺သမီးလေး ဖခင်မေတ္တာ မငတ်စေဖို့ သူအားလပ်ရက်တိုင်း ကလေးကို ခေတ္တခေါ်ထိမ်းပါလို့ တောင်းဆိုတဲ့ ကျွန်မရဲ့ စကား အောင်မြင်ရေး အတွက် ရှိတာလေးတွေ ခွဲခြမ်း ပေးလိုက်ရတာကြောင့် ပိုင်ဆိုင်မှုတွေလဲ ပြောင်လုနီးပါး ချွတ်ခြုံကျသွားပါပြီ။

🌺ကျွန်မ အဆင်ပြေစဥ် အခါက ပေးကမ်းဖူးသူတွေဟာလဲ ယခုအချိန်မှာတော့ ကျွန်လိုတမျိုး၊သူတောင်းစားလို တဖန် မသထာရေစာပေးလို့ နှိမ့်ချ ဆက်ဆံပြီး စိတ်ဓါတ်ကို ထပ်မံရိုက်ချိုးဖို့ ကြိုးစားနေကြပြန်ပါတယ်။

🌺နေ့ရော ညပါ အမြဲဂျီကျငိုယိုနေတဲ့ သမီးလေးက တဖက်၊နလံမထူနိုင်တဲ့ စီးပွားရေးက တဖက်၊ဘာလုပ်လုပ် မျက်စေ့ ဒေါက်ထောက် ကြည့်နေတဲ့ ပတ်ဝန်းကျင်က တဖက်၊ဆေးခန်းမပြနိုင်တဲ့ နှလုံးရောဂါက တဖက်နဲ့ ကျွန်မ ကျဥ်းထဲ ကျပ်ထဲမှာ လမ်းစပျောက်ပြီး ပိတ်မိနေပါတော့တယ်။

🌺အဆိုးဆုံးအရာက ယုံကြည်မှု ပျောက်ဆုံးနေတာပါ။ကျွန်မ ဘာကို ကြောက်မှန်း မသိပဲ အချိန်ရှိသရွေ့ ကြောက်ရွံ့နေပါတယ်။ကိုယ့်ကိုကိုယ် သတ်သေလိုက်ခြင်းသာ အကောင်းဆုံး ထွက်ပေါက် ဖြစ်လိမ့်မယ်လို့လဲ အတွေးဝင်မိတဲ့ အထိပါပဲ။

🌺ဒီလိုနဲ့ ညတစ်ညမှာ သမီးအိပ်ပျော်သွားပြီ အထင်နဲ့ ကျွန်မတစ်ယောက်ထဲ ထိုင်ငိုနေတုန်း သမီးလေး နိုးလာတယ်။

🌺ကျွန်မခေါင်းကို သူ့ရင်ဘက်သေးသေးလေးထဲ ထွေးဖက်ထားလိုက်ပြီး ” မေမေ မငိုနဲ့..မေမေ့ကို ချစ်တယ်လေ”တဲ့။

🌺ကျွန်မရင်ထဲ နွေးခနဲ ဖြစ်သွားတယ်။

🌺အဲ့ဒီမပီကလာ၊ပီကလာ စကားလေးတစ်ခွန်းက ပြိုလဲနေတဲ့ ကျွန်မကို ဆွဲထူပေးလိုက်တာပါ။

🌺နေ့သစ်တစ်ခုမှာ ဘဝအသစ်ရဲ့ ခြေလှမ်းအသစ် နဲ့ စတင်နိုင်အောင် သမီးလေးက တွန်းအားပေးခဲ့ပါတယ်။

🌺ကိုယ့်ကို မချစ်၊မနှစ်သက်တဲ့ ခင်ပွန်းကို လေးနှစ်ကျော်လောက် ပေါင်းခဲ့တာ ဘယ်သူ့ကြောင့်လဲ။ကျွန်မ ကွာရှင်းခဲ့တာရော ဘယ်သူ့အတွက်လဲ။သမီးရဲ့ အနာဂတ်ကရော ဘယ်သူ့အပေါ် မူတည်နေတာလဲ။

🌺ဒီလိုနဲ့ ကျွန်မ ဘာကိုမှ မှုမနေတော့ပဲ စီးပွားရေးကို တစ်ကနေ ပြန်စတယ်။
ငွေကို ရသလောက် ရှာပြီး ချွေတာသုံးတယ်။

🌺ဝင်ငွေ၊ထွက်ငွေစာရင်းကို ၅၀ပါမကျန် နေ့တိုင်းမှတ်တယ်။သမီးအတွက်နဲ့စီးပွားရေးအတွက်ကလွဲရင် ငွေကို အပို အကုန်မခံဘူး။

🌺အပျိုဘဝထဲက ဝယ်ထားတဲ့နှုတ်ခမ်းနီတချို့ဟာ ဒိတ်လွန်လို့ မှိုစွဲနေပါပြီ။ကျွန်မ လှနေဖို့လိုပါတယ်။
ဒါပေမယ့် ငွေကုန် မခံပါဘူး။ငွေမကုန်ပဲ လှနိုင်တဲ့ နည်းလမ်းကတော့ နေ့စဥ်လေ့ကျင့်ခန်း မှန်မှန် လုပ်ခြင်းပါပဲ။အဝတ်အစားသစ်မဝယ်ပဲ ရှိတာလေးကိုပဲ သတ်ရပ်အောင် ဝတ်ပါတယ်။

🌺လူတွေဟာ မုဆိုးမနဲ့ တခုလပ်ကို မြင်ပုံခြင်း မတူကြပါဘူး။မိန်းမတစ်ယောက် အိမ်ထောင်ကွဲပြီးရင် နောက်အိမ်ထောင် ထပ်ပြုလိမ့်မယ်လို့ သေချာပေါက် ယုံကြည်နေကြဟန်ပါပဲ။

🌺ဆိုးသွမ်းတဲ့ လင်ယောက်ျားကို နှစ်တွေကြာအောင် မစွန့်လွှတ်ပဲ ပေါင်းနေခဲ့တဲ့ အကြောင်းရင်းက ဒုတ်ကြောင်နေတာကြောင့်လို့ပဲ မြင်ကြပါတယ်။

🌺လူတွေရဲ့ ထင်မြင် ယူဆတဲ့ မှတ်ချက်တွေဟာ သူတို့ ဖြတ်သန်းခဲ့ရာ ဘဝရဲ့ ပုံရိပ်ပါပဲ။သူတို့ ဘဝ သူတို့ အမြင် ဖြစ်တာကြောင့် ဒါတွေကို ကျွန်မ လိုက်ခံစား နေစရာ မလိုပါဘူး။

🌺စီးပွားရေး အောင်မြင်ပြီး ယခင်လို ကျော့မော့လာတော့ ရပ်ကွက်ထဲက ခပ်ငယ်ငယ် ကောင်လေးတချို့က ကျွန်မကို စိတ်ဝင်စားဟန် ပြလာကြတယ်။

🌺သူတို့အကြည့်ကို ကျွန်မ သေချာပေါက် နားလည်ပါတယ်။ကျွန်မက သူငယ်တွေကို အန်းမယ့် မမကြီး မဟုတ်တော့ပါဘူး။ကျွန်မ အန်းခဲ့ပြီးပါပြီ။ တသက်တာ ရှာထားသမျှသာမက ဘဝတစ်ခုလုံးပါ ပုံအောပြီး အန်းခဲ့တာပါ။

🌺အဆင်မပြေရင် နိမ့်ချ ဆက်ဆံတတ်ပြီး အဆင်ပြေလာရင် မနာလို ဖြစ်တတ်တဲ့ လူတွေကြား ကောင်းစွာ ရှင်သန်နိုင်ဖို့ ကျွန်မ တကိုယ်ကောင်း ဆန်တတ်ဖို့ လိုပါတယ်။

🌺ကျွန်မ ဘယ်တော့ နောက်လင် ယူမလဲလို့ စောင့်ကြည့်နေတဲ့ ပတ်ဝန်းကျင်လဲ မောလို့ အသံတိတ်သွားပါပြီ။

🌺ခပ်ငယ်ငယ် အပျိုမလေး ဘဝက သူငယ်ချင်းအိမ် သွားလည်တော့ အကြော်တဲထဲမှာ ဆဲဆို သောင်းကျန်းနေတဲ့ လူကို အဝေးမှာထဲက လှမ်းမြင်လိုက်ရတာပါ။

🌺မကြော်ရသေးတဲ့ အသီး အရွက်တွေနဲ့ မုန့်နှစ်တွေ အကုန် လွှင့်ပစ်ပြီး ဆီအိုးပါ ကန်ပစ်လို့ အရက်ဖိုး မရမက တောင်းနေတဲ့ ယောက်ျားကို ဒူးဖက် တောင်းပန်ရင်း သမီးပျိုမလေး နှစ်ယောက်နဲ့အတူ လူပုံအလယ်မှာ ငိုယိုနေတဲ့ အဒေါ်ကြီးကို ကြည့်ပြီး “ငါသာ သူ့နေရာမှာ ဆိုရင်”ဆိုတဲ့ အတွေးမျိုး ကျွန်မမှာလဲ ရှိခဲ့ဖူးပါတယ်။

🌺အတွေးဟာ အတွေးပါပဲ။လက်တွေ့နဲ့ အတွေးမတူညီနိုင်တာ ကံဆိုးဖူးသူတွေမှ နားလည်နိုင်မှာပါ။

🌺”အဖယုတ်ရင် ရုပ်ကြမ်း၊အမိယုတ်ရင် နှုတ်ကြမ်း”ဆိုတဲ့ စကားပုံကို ကျွန်မ အမြဲ အမှတ်ရနေပါတယ်။

🌺သမီးလေးကို နူးညံ့ သိမ်မွေ့ပြီး ယဥ်ကျေး လိမ္မာတဲ့ မိန်းမကောင်းလေး အဖြစ်နဲ့ ကြီးပြင်းလာမှာကိုပဲ ကျွန်မ လိုလားပါတယ်။

🌺ကိုယ့်စိတ်ထဲ မှန်တယ်ထင်ရင် လိုင်းပေါ်သာ မက ဘယ်နေရာမဆို လူကြီးလဲ မရှောင်၊ငယ်သူလဲ မသိ ယုတ်ရင်းကြမ်းတမ်းပြီး ဆဲဆို ရန်ထောင်တတ်တဲ့ ယေက္ခမတောင်
ပါးပြန်ရိုက်မယ့် စွာတေးလန် မိန်းကလေးတွေ ပေါများတဲ့ ခေတ်မှာ ယောက္ခမ ထမီကအစ လျှော်ပေး၊အိမ်သာကြွေခွက်လဲ ဝင်ဆေး၊တစ်အိမ်လုံး စားဖို့လဲ ဖွယ်ဖွယ်ရာရာ ချက်ကျွေးပြီး ကိုယ့်အတွက် အသစ်မဝယ်နိုင်ပေမယ့် ယောင်းမတွေကို လှလှပပ ဆင်ပေးတတ်သူ ကျွန်မလို မိန်းမမျိုး သူ ထပ်ရှာရ ခက်နေပုံပါပဲ။

🌺ဒါ့ကြောင့်လဲ တချိန်က ကျွန်မ ဖောက်ပြန်ပါတယ်လို့ ရပ်ကွက်ထဲရော၊fbပေါ်ပါ တက်အော်ခဲ့တဲ့ ယောက်ျားဟာ ခုချိန်မှာတော့ ကျွန်မ ဘယ်လောက်တော်ကြောင်း သူဘယ်လောက် လွမ်းကြောင်း သီကုံးရင်း စာတွေနဲ့သာမက လူတကာနဲ့ပါ အောင်သွယ်ခိုင်းနေပြန်ပါပြီ။

🌺သူ ဖောက်ပြန်ခဲ့တယ် ဆိုတာ ဟုတ်ချင်မှလဲ ဟုတ်မှာပါ။

🌺မိန်းမနဲ့သမီးကို ရှာကျွေးချင်စိတ်ရှိပေမယ့် သူငွေမရှာတတ်လို့လဲ ဖြစ်နိုင်ပါတယ်။

🌺ကျွန်မကို သူ တကယ် ချစ်ပေမယ့် မနှိပ်စက်ရရင် မနေနိုင်တာကြောင့်လဲ ဖြစ်နိုင်ပါတယ်။

🌺အမှား၊အမှန်တွေဟာ အခုချိန်မှာ ဘာမှ အရေးမကြီးတော့ပါဘူး။

🌺သူနဲ့ပတ်သက်ပြီး ကျွန်မရင်ထဲမှာ ချစ်ခြင်း၊မုန်းခြင်းကင်းတဲ့ ခံစားချက်ကြီးက ဘာမှ မရှိတော့တဲ့ ဟင်းလင်းပြင်ကြီးလိုပါပဲ။

🌺ကျွန်မတို့အိမ်ထောင်ရေးသာ ဖန်ခွက်တစ်ခု ဖြစ်ခဲ့မယ်ဆိုရင် အက်ကွဲကြောင်းရာ ထင်ခဲ့တာ မဟုတ်ပါဘူး။ကျကွဲသလို အပိုင်း အစတွေ ပြန့်ကျဲ သွားတာလဲ မဟုတ်ပါဘူး။လုံးဝကို အမှုန်အမွှားတွေ ဖြစ်တဲ့ အထိ ကျေမွသွားအောင် ထုခြေ ခံခဲ့ရတာကြောင့် ဒီဖန်ခွက်က ပြန်ဆက်ဖို့ မဖြစ်နိုင်တော့ပါဘူး။

🌺အခွင့်အရေးတွေ အများကြီးကို လက်လွှတ်ခဲ့တဲ့သူဟာ နောင်တတွေကို သေရာပါသည်အထိ ယူသွားရတော့မှာပါ။

🌺ကျွန်မမှာနောင်တ မရှိပါဘူး။သူ့ကိုလက်ထပ်ခဲ့ရလို့ နောင်တမရသလို သမီးလေးကို မွေးဖွားခွင့် ရခဲ့လို့လဲ နောင်တမရပါဘူး။သမီးလေး ဖအေမမဲ့အောင် လင်ယောက်ျားဆိုးသမျှ သည်းခံခဲ့ရတဲ့အတွက် နောင်တမရသလိုပဲ သမီးနားမှာ မိခင်ပီသစွာ အသက်ရှည်ရှည်နေပေးချင်တာကြောင့် သူ့ကို ကွာရှင်းခဲ့ရတာကိုလဲ နောင်တမရပါဘူး။

🌺ကျွန်မ ဘဝမှာ အဖြစ်ချင်ဆုံး ဆုတစ်ခုကို တောင်းပါ ဆိုရင် သမီးလေးနဲ့ကျွန်မတူတူ သက်ရှည် ကျန်းမာ စိတ်ချမ်းသာစွာ နေလိုပါ၏။လို့ပဲ ဆု​ေတောင်းမိမှာပါ။

🌺မဖြစ်မနေ ကွာရှင်းခဲ့ရပေမယ့် ကျွန်မ အကောင်းဆုံး နည်းလမ်းကို ရွေးခဲ့တာကြောင့် သမီးလေးဟာ ဖခင်နဲ့ အဆက်အသွယ် မပြတ်ပါဘူး။

🌺ဒါ အဆိုးထဲက အကောင်းပါပဲ။သမီးနဲ့ရွယ်တူ ဖခင်နဲ့ဝေးနေတဲ့ ကလေးတွေထက်စာရင် သမီးက ပိုလန်းပြီး ပိုပျော်ရွှင်နေတာလဲ သတိထားမိပါတယ်။

🌺ကျွန်မလဲ ကံကောင်းပါတယ်။ကွာရှင်းခွင့် ရခဲ့လို့ပါ။တချို့ ကံဆိုးတဲ့ မိခင်တွေဆိုရင် ဘယ်လိုမှ လွတ်မြောက်အောင် ရုန်းထွက်မရတဲ့ အဆုံး သား၊သမီးတွေကို ပစ်ထားခဲ့ရပြီး ခင်ပွန်းယုတ်နဲ့ဝေးရာ တစ်ပြည်၊တစ်ရွာကို ထွက်ပြေးကြရတဲ့ အထိပါပဲ။

🌺ဒီစာကို ဖတ်မိတဲ့ လူက အမျိုးသားဆိုရင် ကိုယ့်ကို အမြဲ သည်းခံ နားလည် ခွင့်လွှတ်ပေးတတ်တဲ့ မိန်းကလေးကို တန်ဖိုးထားပါ။
ကျိုးကြောင်း ဆီလျော်အောင် လေပြေနဲ့ သွန်သင်ဆုံးမတတ်တဲ့ မိန်းမကို တန်ဖိုးထားပါ။

🌺သည်းခံ ခွင့်လွှတ်တတ်တဲ့ မိန်းမတစ်ယောက် ကျောခိုင်းသွားပြီဆိုရင် လုံးဝ နောက်ပြန် လှည့်မကြည့်တော့မှာ မို့လို့ သူမ ကျောမခိုင်းခင် ကိုယ့်အကျင့်ဆိုး၊စရိုက်ဆိုးတွေကို အမြန်ပြင်ပါ။

🌺ဒီစာကို ဖတ်သူက မိန်းကလေး ဆိုရင် ကိုယ့်ကို တကယ်မချစ်တဲ့ ယောက်ျားကို လက်မထပ်မိပါစေနဲ့။
လက်ထပ်ခဲ့မိရင်လဲ ကလေးယူဖို့ ဆန္ဒမစောပါနဲ့။

🌺သူတခါတလေ စိတ်ဆိုးလို့ ငါ့ကို ရိုက်တာပဲလို့လဲ ရသေ့စိတ်ဖြေ တွေးမနေပါနဲ့။
တခါနဲ့တင်မှတ်ပြီး ရုန်းထွက်နိုင်အောင် ကြိုးစားပါ။

🌺လက်ထပ်ပြီး ကိုယ်ဝန်ရသွားပြီ ဆိုရင်တော့ ဆုံးဖြတ်ချက်တွေ မလောပါနဲ့တော့။တတ်နိုင်သလောက် သည်းခံ ဖျောင်းဖြပြီး အိမ်ထောင်ရေး မပြိုကွဲအောင် ထိမ်းသိမ်းကြည့်ပါအုံး။သူ ပြင်ဆင်နိုင်အုံးမလားလို့ အချိန်တစ်ခုလောက် သတ်မှတ်ပေးကြည့်ပါအုံး။

🌺လုံးဝမရနိုင်တော့လို့ လက်လွှတ်ရတော့မယ် ဆိုလဲ ကလေးတော့ အရခေါ်ပါ။

🌺ငါတော့ မခံနိုင်တော့ဘူး။ငါ့ဒဏ် နင်တို့ ဆက်ခံ ဆိုပြီး ကိုယ့်ရင်သွေးတွေကို စရိုက်ဆိုးတဲ့ ဖခင်နဲ့ လုံးဝ ပစ်မထားခဲ့လိုက်ပါနဲ့။

🌺တခါက မကောင်းတာ လုပ်စားတဲ့ မိန်းကလေးတစ်ယောက်ဟာ သူ့ကို သားမှတ်မှတ် မယားမှတ်မှတ် ပေါင်းမယ့် အမျိုးသားကို အားကိုးလို့ လက်ထပ်ခဲ့ပြီး မကြာခင်မှာပဲ သူ့ခင်ပွန်းဟာ မူးလာတိုင်း မကောင်းတာလုပ်စားခဲ့တဲ့ မိန်းမကို ယူထားရတာ အရှက်ရတယ်ဆိုပြီး ရိုက်နှက်ပါတော့တယ်။

🌺ဒီလိုနဲ့ ကလေးတစ်ယောက်ရလာပြန်တော့လဲ သူနဲ့ရတာ မဟုတ်ဖူးလို့ လူပုံအလယ်မှာ မကြာခဏ စွပ်စွဲပြီး ရိုက်နှက်ပြန်ပါတယ်။

🌺အမြဲမူးနေတဲ့ ခင်ပွန်းက ရှာမကျွေးတော့တာမို့လို့ ကြံရာမရပဲ ကလေးနဲ့ခင်ပွန်း စားဝတ်နေရေးအတွင် ယခင် အလုပ်ကိုပဲ ပြန်လုပ်ရရှာတယ်။

🌺အိမ်မှာ ကလေးထိန်းရင်း ကျန်နေခဲ့တဲ့ သူ့ခင်ပွန်းဟာလဲ လမ်းဆုံ၊လမ်းဂွ မရှောင် မူးလဲနေတတ်ပြီး လမ်းလျှောက်တတ်ခါစ သမီးငယ်လေးဟာလဲ ဖခင်နားမှာ အမြဲ ထိုင်ငိုနေတတ်ပါတယ်။

🌺ကလေးသုံးယောက်နဲ့ ဟင်းရွက်လည်ရောင်းနေရတဲ့ အမကြီးတစ်ယောက်ဟာလဲ စျေးရောင်းက ပြန်လာတိုင်း အိမ်မှာကလေးတွေချည်း ပစ်ထားပြီး လောင်းကစားဝိုင်းသွားနေတဲ့ ခင်ပွန်းကို လိုက်ခေါ်တတ်ပါတယ်။

🌺အဲ့လို လိုက်ခေါ်တိုင်းလဲ သူ့ခင်ပွန်းက ဆဲဆို ရိုက်ပုတ်တတ်တယ်။သူ့ကလေး သုံးယောက်ဟာလဲ ငရဲကျသလိုပဲ ကူပါ ကယ်ပါနဲ့ အော်ဟစ် ငိုယိုနေတတ်ပါတယ်။

🌺အသိတစ်ယောက်ရဲ့ ဘေးအိမ်က လင်မယားဆိုရင် မကြာခဏ အော်ကြီးဟစ်ကျယ် ဆဲဆို ရန်ဖြစ်တတ်ကြသလို ရန်ဖြစ်တိုင်းလဲ သူဦး သူရိုက် ၊ကိုယ်ဦး ကိုယ်ရိုက်ပါပဲတဲ့။

🌺မိဘတွေ နပန်းလုံးချိန်တိုင်း အော်ဟစ်ငိုယိုနေရတဲ့ ကလေးတွေရဲ့ ရုပ်ရည်တွေဟာ ပျော်ရွှင်ခြင်း ကင်းမဲ့ပြီး အရာရာကို ကြောက်ရွံ့နေသလိုပဲ လူကြားထဲလဲ စကားမဆိုရဲအောင် နုံအအ လေးတွေ ဖြစ်နေကြပါတယ်။

🌺မထင်ပါနဲ့။ဒီလို ကလေးတွေဟာ ကြီးလာရင် ရန်လိုလွယ်ပြီး ရိုင်းစိုင်းတဲ့ လူငယ်တွေ ဖြစ်လာကြတော့တာပါပဲ။

🌺အဖထက် အမိက ပိုအရေးပါတာပါ။ရိုင်းစိုင်းတဲ့ လူငယ်တွေ ပေါများလာတာ ရိုင်းစိုင်းတဲ့ မိခင်တွေ ပေါများခဲ့လို့ပါပဲ။

🌺သတင်းတွေမှာလဲ ဖခင်က ကလေးကို သတ်တာတွေ၊ဖခင်ရော ကလေးပါ သေဆုံးတာတွေ မကြာခဏ ဖတ်ရမှာပါ။

🌺ကိုယ်မွေးထားတဲ့ ရင်သွေးတွေကို ရအောင် ဆွဲခေါ်ထားဖို့ လိုပါတယ်။

🌺ကံဆိုးလွန်းလို့ တခုလပ် ဘဝရောက်သွားရင်တော့ ယခင်ထက်ပိုပြီး နှစ်ဆ ရုန်းဖို့ လိုသလို ယခင်ထက်ပိုပြီး ချွေတာ သုံးဖို့လဲ လိုပါတယ်။

🌺လှပအောင်နေပြီး တည်ငြိမ်နေဖို့လဲ လိုပြန်ပါတယ်။ဖအေအရင်းတောင် သား၊သမီးပေါ် မကောင်းတာ ပထွေးက ကောင်းနိုးနိုး မမျှော်လင့်ပါနဲ့။

🌺များသောအားဖြင့် ပထမအိမ်ထောင် ကံဆိုးသူတွေဟာ နောက်အိမ်ထောင်လဲ ထပ်ပြီး ကံဆိုးတတ်ပါတယ်။

🌺တချို့လူပျိုတွေဟာလဲ အပျိုမစစ်တဲ့ တခုလပ်ကို ယူရင် ဘုန်းနိမ့်တယ်ဆိုတဲ့ ရှေးရိုးစွဲ အယူဝါဒ ရှိတတ်တာကြောင့် ကိုယ့်အနာဂတ်ကို ပုံဖော်ရာမှာ ကိုယ်တိုင်နဲ့ရင်သွေးတွေက လွဲလို့ ဘယ်သူမှ ပါလာစရာ မလိုပါဘူး။

🌺ကျွန်မတို့တွေဟာ လူတွေရဲ့ ချိုးနှိမ်ချင်း မခံရစေဖို့ အတွက် ကိုယ်ရှင်သန်ရာ ပတ်ဝန်းကျင်မှာ အိမ်ထောင်သယ်တွေ၊အပျိုတွေထက် ပိုပြီး တောက်ပနေဖို့ လိုပါတယ်။

🌺ဘူးခွံကောက်သူဟာလဲ ပြိုင်ဘက်တွေထက် ပိုပြီး ဝီရိယရှိရှိနဲ့ များများ ပိုကောက်နိုင်အောင် ကြိုးစားဖို့ လိုသလို ကုန်စိမ်းသယ်ဟာလဲ ပြိုင်ဘက်တွေထက်ပိုပြီး စျေးချိုချို အပြောကောင်းကောင်းနဲ့ ဝယ်သူဖောက်သယ်များများရအောင် ခေါ်တတ်ဖို့ လိုပါတယ်။

🌺ကျောင်းဆရာမဟာလဲ အသင်အပြကောင်းကောင်းနဲ့ တပည့်တွေအပေါ် စေတနာ ထားပြီး ပြိုင်ဘက်တွေထက် တပည့်တွေရဲ့ လေးစားယုံကြည်ခြင်းကို ရအောင်ယူထားနိုင်ဖို့ လိုပါတယ်။

🌺ဘယ်နေရာမှာပဲ တခုလပ်ဘဝနဲ့ ရင်သွေးငယ်တွေ ပိုက်ပြီး ရှင်သန်နေရပါစေ တောက်ပအောင် ကိုယ့်ရဲ့ဦးဂြိုလ်ကို ချွန်မြနေအောင် အမြဲသွေးနေဖို့ လုံးဝ မမေ့ပါနဲ့။မပျင်းပါနဲ့။စိတ်ဓာတ်မကျပါနဲ့။

🌺သား၊သမီးတွေဟာ ကိုယ်လျှောက်တဲ့ ခြေလှမ်းအတိုင်း တထေရာထဲ လိုက်နင်းမှာ ဖြစ်တာကြောင့် သင့်ခြေလှမ်းတိုင်းဟာ မှန်မှန်နဲ့ ဟန်ချက်ညီနေပါစေ။

🌺လွတ်လပ်ပြီး ကိုယ့်အား ကိုယ်ကိုးနိုင်တဲ့ ဘဝကြီးမှာ အပူအပင်ကင်းကင်းနဲ့ ဟက်ဟက်ပက်ပက်ကြီး ရယ်မောပစ်လိုက်စမ်းပါ။

🌺ငယ်စဥ်က သိပ်ချစ်ရတဲ့ ကြောင်လေးကို ထွေးပွေ့ထားရင်း စိတ်ကူးယဥ်မိခဲ့ဖူးတယ်။

🌺အရွယ်ရောက်လာတဲ့ တစ်နေ့ ကြောင်လေးကို ငါချစ်သလို အမျိုးသားတစ်ယောက်ကလဲ ငါ့ကို မြတ်မြတ်နိုးနိုးနဲ့ ခုလိုမျိုး ခပ်ဖွဖွလေးထွေးပွေ့ထားရင် သိပ်ကောင်းမှာပဲလို့ပေါ့။

🌺မိန်းကလေးတိုင်းဟာ စင်ဒရဲလား မင်းသမီးလေးလို အချစ်ရေးမှာ ကံကောင်းသူ ဖြစ်ချင်ကြတာပါပဲ။

🌺ဆင်းရဲသား မိန်းကလေးကနေ သဌေးသမီးအထိ၊ကုန်စိမ်းသယ်ကနေ အပျော်မယ်အထိ၊ပညာမဲ့ကနေ ပညာတတ်အထိ၊တောသူကနေ မြို့သူတွေ အထိ ကျွန်မတို့ဟာ အချစ်စစ်နဲ့ တွေ့ဖို့ ထိုက်တန်ပါတယ်။မြတ်နိုး ယုယ ကြင်နာနိုင်မယ့် အမျိုးသားကောင်းနဲ့ တွေ့ဖို့ ထိုက်တန်ပါတယ်။

🌺ခေတ်အဆက်ဆက် ကဗျာဆရာတွေဟာ အမျိုးသမီးတွေကို ပန်းပွင့်လေးတွေ အဖြစ်တင်စားကြတယ်။

🌺ကျွန်မတို့ အားလုံး နှင်းဆီလိုမျိုး ဆူးခတ်ခြံရံထားတဲ့ လုံခြုံတဲ့ဘဝမျိုး လိုချင်တာပါ။အရိပ်တကြည့်ကြည့် နဲ့ မြတ်နိုးယုယပေးမယ့် ဥယျာဥ်မှုး တစ်ယောက် ရချင်မိတာပါ။

🌺ကံမကောင်း အကြောင်းမလှလို့ ယုယ ကြင်နာသူ မရှိတဲ့ ဘဝမှာ ပန်းပွင့်လေးတစ်ပွင့် ဖြစ်ခဲ့ရမယ် ဆိုရင်တော့ လမ်းဘေးမှာ အလေ့ကျ ပေါက်နေတဲ့ ပန်းပွင့်ငယ်လေးသာ ဖြစ်ပါရစေ။

🌺နေပူပူ ၊မိုးရွာရွာ ဂရုစိုက်သူ မရှိ၊မွှေးကြူသူ မရှိလဲ မသေဆုံးနိုင် ၊အလှမပျက်နိုင်တဲ့ အရိုင်းပန်းပွင့်လေးသာ ဖြစ်ပါရစေတော့။

#နတ်ရွေးငယ်