ကြမ္မာငင်ရာ

Posted on

ကြမ္မာငင်ရာ(စ/ဆုံး)

—————–

“အူဝဲ… အူဝဲ”

ညသန်းခေါင်ယံကျော် ၁ချက်တီးအချိန်လောက်မှာ ရွာလမ်းမအလယ်လောက်က ကလေးငိုသံ ထွက်လာခဲ့တယ်။ ခွေးတွေလဲ အူလိုက်တာ ဆူလို့။ ရွာအဝင်လမ်းတစ်လျှောက်ကို ခွေးတွေက ထိုး​ထိုးဟောင်နေကြတာ။ ညတစ်နာရီကျော်ဆိုတာ တစ်ရွာလုံး အိပ်ပြီးယောင်လို့တောင် မနိုးတဲ့အချိန်။ အဲ့လိုချိန်မှာ ခြောက်ခြားစရာ ကွဲအက်အက် ရှတတကလေးငိုသံက ပေါ်ထွက်လာခဲ့တယ်။

ရွာနာမည်က ရိုးမ။ မိဘဘိုးဘွား ခေတ်အဆက်ဆက်ထဲက တစ်ရွာလုံး စပါး ပဲ စိုက်လာကြတဲ့ လယ်သမားတွေ။ အရမ်းရိုးသားကြတယ်။ အိမ်တွေဆိုတာ ခြံစည်းရိုးမလိုဘူး။ မြေရော ရေ​ရောကောင်းတဲ့ထဲမှာ ရိုးမရွာလဲ ပါတယ်။ ရွာသားတွေဆိုတာလဲ အရမ်းစည်းလုံးကြတယ်။ အိမ်ခြေပေါင်း နှစ်ရာလောက်ရှိတဲ့ ရွာလေးပေါ့။ သူကြီးက ဦးဘစီတဲ့။

သူအုပ်ချုပ်တဲ့ရွာမှာ ကြက်ပျောက်သံတောင်မကြားစေရဘူးဆိုတဲ့ မူနဲ့ အုပ်ချုပ်တယ်။ တစ်ပတ်ကိုတစ်ရက် ရွာသားတွေကို အစည်းအဝေးခေါ်လေ့ရှိတယ်။ ဆယ်​အိမ်ခေါင်း ရွာအိမ်ခေါင်းနဲ့ ကင်းတဲအလှည့်ကျ ရွာသားတွေပေါ့။ ခေါ်တိုင်း ဘာကိုပြလဲ ဆိုတော့ သူ့အိမ်က ထိပ်တုံး။ ဒီထိပ်တုံးက သူကြီးရဲ့ မျိုးရိုးစဥ်ဆက် လက်ဆင့်ကမ်းလာတာဆိုတော့ သက်တမ်းက မနည်းတော့ဘူး နှစ်ပေါင်း တစ်ရာကျော်ပြီပေါ့။ ဒီသူကြီးဘစီလက်ထက်မှာတော့ တစ်ယောက်မှ ထိပ်တုံးမခတ်ရသေးဘူး။ ဒါကို သူကြီးက အရမ်းဂုဏ်ယူတာ။

“မင်းတို့ကြည့်စမ်း ဒီထိပ်တုံးဟာ ငါ့အဘိုး သူကြီး ဘချစ်လက်ထက်ထဲက လက်ဆင့်ကမ်းလာတဲ့ ထိပ်တုံး။ ငါ့လက်ထက်မှာ ထိပ်တုံးခတ်ရမယ့် ခိုးဆိုးလုနှိုက်တွေ မရှိတာ ငါအရမ်းဂုဏ်ယူတယ်။ အဲ့တော့ မင်း​တို့လဲ ရွာမှာ စံပြအနေနဲ့ နေကြပါ။ ရွာတိုးတက်ရေးအတွက် မင်းတို့ လုပ်ချင်တဲ့ အစီစဥ်တွေရှိရင်လဲ ငါ့ကိုအချိန်မရွေး တင်ပြလို့ရတယ်။”

ရွာရဲ့ ဆယ်အိမ်ခေါင်းဖိုးတင်က

“သူကြီး အဲ့ဒါဆို ကျုပ် တစ်ခု ပြောချင်ပါတယ်”

“ပြော ဖိုးတင်”

“ရွာဘုရားပွဲကိစ္စလေး ပြောချင်လို့ပါ။ ဒီနှစ် တောင်ပိုင်းက ဇာတ်ပွဲထည့်မယ်ပြောတယ် သူကြီး။ အဲ့ဒါ မြို့က ဇာတ်ပွဲ ငှားရင်မကောင်းဘူးလားလို့။ ပိုစည်တာပေါ့ သူကြီးရယ် မြို့ကရယ်လို့ တစ်ခါမှ မကြည့်ဖူးကြတော့ တစ်ရွာလုံးလဲ သဘောကျကြမှာဗျ”

“အေး ကောင်းသားပဲ ဖိုးတင်ရဲ့။ နေပါဦး မြို့ကငှားတာ ဟုတ်ပါပြီ။ ဘယ်သူက သွားငှားမှာတုန်း။ အသိဘာညာရှိလို့လား။”

“အဲ့အတွက် မပူနဲ့ သူကြီး။ ကျုပ်အစ်ကို တစ်ဝမ်းကွဲက မြို့က စိန်​ဘမောင်ဇာတ်မှာ ဆိုင်းဆရာဗျို့။ သူ့ကိုလှမ်းဆက်သွယ်လိုက်ရင် ရပါတယ်။”

“အေး အေး မင်းတို့ အဆင်ပြေရင် ပြီးတာပါပဲကွာ ဆက်သွယ်ပြီးရင်တော့ နေ့ရယ်လို့ အတိအကျသိရရင် ငါ့ကို လာပြော ကြားလား။”

“ဟုတ်ကဲ့ပါ သူကြီး။”

တစ်ရွာလုံးလဲ သတင်းကြားတော့ ပျော်ကြတာပေါ့။ နာမည်ကြီးဇာတ် လာမယ်ဆိုတော့ အပျိုတွေဆိုတာ ရင်တွေခုန် စိတ်ကူးတွေယဥ်ကြပေါ့။

“မယ်မြ ညည်းနော် မင်းသားကို ပိုးချင်တာနဲ့ သူငယ်ချင်းတွေကို သစ္စာမဖောက်နဲ့။ အိမ်ကိုများထမင်းဖိတ်ကျွေးဦးမယ် ။ ဟိုက ညည်းစီ လာစားပါလိမ့်မယ် အားကြီးကြီး။”

“မဟုတ်ပါဘူးဟဲ့ ဇာတ်က ဆိုင်းဆရာက ငါတို့အကိုတစ်ဝမ်းကွဲလေဟယ်။ အဲ့ဒါကြောင့် ထမင်း ဖိတ်ကျွေးတာ မင်းသားကတော့ သူ့ဟာသူ ပါလဲပါလာမှာပေါ့ မပါချင်လဲ မပါဘူးပေါ့အေ။ ညည်းတို့ကလဲ ရန်စွာရန်ကော။”

“အေးပါအေ နင့်အစ်ကို ဖိုးတင်လဲ အလုပ်တွေရှုပ်နေလိုက်တာ မျက်စိကိုနောက်နေတာပဲ။”

“နောက်နေရင် ပိတ်ထား ကောင်မတွေရေ။ ကျုပ်တော့ ဟင်းချက်စရာတွေရှိသေးလို့ သွားပြီ။”

မယ်မြဆိုတာ ရွာရဲ့ အလှပဂေး ကွင်းလို့ပြောလို့ရတဲ့အနေအထားလောက် ချောမောတဲ့သူ။ သူ့ကို လိုချင်တဲ့​သူတွေဆိုတာ တန်းစီရင် ရွာလမ်းတစ်ဆုံးလောက်ရှိမယ်။ အဲ့လောက်ကို ချောတာ။ သူတို့က ငယ်ငယ်လေးထဲက မိဘတွေ မရှိကြရှာတော့ဘူး။ မောင်နှမနှစ်ယောက်ထဲ မိဘရဲ့ လက်ငုတ်လက်ရင်း လယ်တွေပဲ ဆက်လုပ်လာကြတာ။ ဖိုးတင်က မယ်မြကို လိုလေးသေးမရှိအောင် ထားရှာတယ်။ ဖိုးတင်ကိုကြောက်လို့ အနားတော့ မကပ်ဝံ့ကြဘူး။

မယ်မြဆိုရင် သူငယ်ချင်းမိန်းကလေးတွေကအစ ငေးနေရတာမျိုး။ မယ်မြက စိတ်ထားလဲ ပြည့်ဝတယ်။ အလှူအတန်းဆိုတာလဲ လက်နဲ့ပြတ်တယ်မရှိဘူး။ အဖက်ဖက်ကပြည့်စုံနေတဲ့ မိန်းကလေးတစ်ယောက်ပေါ့။
ဒီလိုနဲ့ ရွာဘုရားပွဲ ကျင်းပမယ့်ရက်ကို ရောက်လာတယ်။ မြို့က ဇာတ်အဖွဲ့တွေ ရောက်လာကြပြီ။ ကားကြီးက ၃စီး။ မင်းသားစီးတဲ့ ကားလေးက တစ်စီး။ မင်းသားနဲ့သူ့အဖွဲ့ကတော့ သူကြီးအိမ်မှာ တည်းတာပေါ့။ ကျန်တဲ့ အဖွဲ့တွေကတော့ သူကြီးက အိမ်တွေ ခွဲတမ်းလိုက် ချပေးတယ်။ တာဝန်ယူမယ့်အိမ်တွေက သူကြီးအိမ်စီလာပြီး ဇာတ်အဖွဲ့ကို ကြိုကြတယ်။

ဇာတ်အဖွဲ့ကတော့ ပွဲမတိုင်ခင် တစ်ရက် ကြိုလာကြတာပေါ့လေ။ ဇာတ်စင်ဆောက်ရမှာနဲ့ ခရီးပန်းလို့ နားကြမှာနဲ့ဆိုတော့။ ဇတ်စင်ကတော့ ရွာသားတွေပါ လုပ်အားပေး ဝိုင်းဆောက်ကြတာ တစ်ရက်ထဲနဲ့ အပြီးပဲ။

ပွဲကမယ့်ညမှာ မယ်မြတို့မောင်နှမတွေက အရှေ့ဆုံးမှာပေါ့ အားပေးကြတာ။

“မယ်မြတို့များ လက်သွက်ချက်တော်။ရှေ့ဆုံးမှာ ကောင်မက။”

“အမယ်လေး ညည်းတို့က ငါ့နောက်မှာ ကြည့်ရတဲ့ဟာများ ဘာတွေဖြစ်နေကြတာတုန်း မိန်းမတွေနော် မင်းသားထွက်လာရင် အာပြဲအောင် အော်မနေကြနဲ့။”

ဇာတ်နားမှာ စျေးသည်တွေဆိုတာလဲ အုံလိုက် ကျင်းလိုက်။ မယ်မြတို့ မောင်နှမတွေလဲ မုန့်တွေဝယ်ထားကြတာပေါ့။ သယ်မနိုင်ဘူး မုန့်တွေဆိုတာ။

ပွဲထွက်လာပြီ။ အရင်ဆုံး စတိတ်ရှိုးဆိုတော့ ဝက်ဝက်ကွဲ​ပေါ့ အားပေးလိုက်ကြတာ တစ်ရွာလုံး။ဆုတွေချကြတာလဲ အများကြီးပဲ။

ပွဲက ၃ညဝင်တာ။ ၃ညလုံး မယ်မြက ရှေ့ဆုံးက အားပေးတာ။ မင်းသားနဲ့လဲ အကြည့်ချင်းခဏခဏဆုံတယ်။ မယ်မြ ရင်ခုန်စပြုလာပြီ။ တစ်ရွာလုံးမှာ သူရင်ခုန်တဲ့ ယောကျာ်းဆိုတာ မရှိသေးဘူးကိုး။

မင်းသားကလဲ ဇာတ်လမ်းစလာပြီ။ မယ်မြကို စိတ်ဝင်စားတယ်ဆိုတာ သူ့အစ်ကို တစ်ဝမ်းကွဲ မောင်နိုင်ကို လာပြောတယ်။

“ကိုနိုင် ကျွန်တော် မယ်မြကို စိတ်ဝင်စားလို့ ကျွန်တော့ကို မယ်မြနဲ့ နီးစပ်​အောင် ကူညီပေးပါလားဗျာ။ အဆင်ပြေရင် ကျေးဇူးမမေ့ပါဘူး ယောက်ဖရယ်။ နော်။”

“မင်းသားရယ် ဟုတ်မှလဲ လုပ်ပါ။ ကျုပ်ညီမလေးက ရိုးရိုးသားသား နုံနုံအအလေးမို့လို့ သူ့အစ်ကို ဖိုးတင်ဆိုတာ မျက်စိအောက်က အပျောက်ခံတာ မဟုတ်ဘူး။ မတော် တစ်ခုခုဆို ကျုပ်တို့ မောင်နှမတွေ ဒုက္ခရောက်ပါမယ်ဗျာ။”

“ကိုနိုင်ကလဲ ကျွန်တော် တကယ်ချစ်တာပါဗျ။ နောက်ပိုင်း မယ်မြကလဲ ကျွန်တော့ကိုမငြင်းဘူးဆိုရင် ကိုဖိုးတင်​ဆီမှာ မိသားဖသားပီပီ တောင်းရမ်းယူမှာပါ။ စိတ်ချပါ။”

မောင်နိုင်လဲ အတင်းကာရော လာပြောတဲ့ မင်းသားကြောင့် မနေသာတော့ဘူး။ မယ်မြအိမ် ထမင်းသွားစားကြတယ်။ မင်းသားက မြို့ကပါလာတဲ့ မုန့်တွေ အဝတ်အစားတွေ မယ်မြတို့ မောင်နှမကို လက်ဆောင်ပေးတယ်။ အဝတ်အစားဆိုတာကတော့ ယောကျာ်းလေးဝတ်တွေပါ။ မတော်ရသေးတဲ့ ယောက်ဖ ဖိုးတင်အတွက်ပေါ့။
ဒီလိုနဲ့ ချစ်သူတွေဖြစ်သွားကြတယ်။ ဇာတ်အဖွဲ့က ​ပွဲပြီး ၃ရက်လောက်နေတော့ ပြန်သွားပြီ။ မင်းသားက မပြန်သေးပဲ ရွာကိုလည်ချင်သေးတယ် အကြောင်းပြပြီး နေခဲ့တယ်။ဆယ်ရက်လောက်ကြာပြီးတော့မှ မြို့ကို ပြန်သွားတယ်။

“အစ်ကိုရယ် မြလေးက မျှော်နေရတော့မှာ။ ဘယ်တော့ ပြန်လာမှာလဲဟင်။အကြာကြီး မခွဲချင်ဘူး။”

“မပူပါနဲ့ မြလေးရယ်။ ကိုယ် ပွဲတစ်ပွဲကရမှာမို့လို့ မဖြစ်မနေပြန်ရတာ။ ပြီးတာနဲ့ မြလေးဆီ လာခဲ့မယ်။ လက်ထပ်ကြမယ်နော်။”

“တစ်ရွာသား အစ်ကို့စကားတွေကို မယုံချင်ပါဘူးနော်။ မြလေးကို ပစ်ထားခဲ့ရင် မြလေးသေမှာ။”

“အဲ့လိုတွေမပြောရဘူးလေ မြလေးရဲ့။ မြလေးက ဘာလို့သေရမှာလဲ။ ကိုကလဲ မြလေးကို ပစ်ထားခဲ့ဖို့ဆိုတာ စိတ်ကူးထဲတောင်မရှိဘူး။ မြလေး ကို့ကို ယုံနော်။”

“မြလေးကို မထားခဲ့ရင် ပြီးတာပါပဲ အစ်ကိုရယ်”

မယ်မြတို့ ချိန်းတွေ့နေကြနေရာက စပါးစည်ကြီးရဲ့အနောက်။ မယ်မြတို့ခြံထဲပဲ။

နှစ်ယောက်သား အချစ်နယ်ကျွံခဲ့ကြတယ်။ နောက်ရက်မှာ မင်းသားက ဇတ်ကစရာရှိတာကြောင့် မြို့ပြန်သွားတယ်။ တစ်ရွာလုံးလဲ မယ်မြတို့ ချစ်သူတွေဖြစ်နေတာကို သိကြတယ်။

တစ်ရက်တော့ မယ်မြစီ ​စာတစ်စောင်ရောက်လာတယ်။ မင်းသားတို့ အဖွဲ့ မြောင်းမြဘက်မှာ ဇတ်သွားကတာ ကားမှောက်လို့ ဆုံးသွားတဲ့ အကြောင်း။

မယ်မြ အရူးမီးဝိုင်းဖြစ်ပြီ။ သူ့ဆီမလာမလာနဲ့ စောင့်ရတာ ၆လလောက်ရှိသွားပြီကိုး။ အစ်ကို ဖိုးတင်ကလဲ ညီမလေးအတွက် စိတ်မကောင်းဘူးပေါ့။ အဖြစ်က ဒီတိုင်းမပြီးသွားဘူး။ မယ်မြမှာ မင်းသားနဲ့ရတဲ့ကိုယ်ဝန်က ကျန်နေခဲ့တယ်။ ဖိုးတင်ကလဲ တောက်တခတ်ခတ်။ ညီမလေးက တစ်ယောက်ရှိတာ​ဆိုတော့ လုပ်လဲမလုပ်ရက်။

အရှက်ကတော့ ကွဲပြီ။ သူ့ညီမဖြစ်ရတာ သူ့ကြောင့်ဆိုတဲ့ စိတ်က ပိုပါတယ်။ ဒီဇာတ်ပွဲကို သူထည့်တာကိုး။
တဖြည်းဖြည်းနဲ့ ကိုယ်ဝန်ရင့်လာပြီး မွေးခါနီးအချိန်ကို ရောက်လာတယ်။ မယ်မြကတော့ တရှောင်ရှောင်ပဲ။ အစားလဲ ကောင်းကောင်းမစား။ ကောင်းကောင်းလဲ မအိပ်ဘူး။ မှိုင်တွေပြီးတော့ပဲ နေတယ်။

မီးဖွားတာက မနက်အစောကြီး ၅နာရီလောက်ပဲရှိဦးမယ်။ မယ်မြဗိုက်နာပြီဆိုတော့ အစ်ကိုဖိုးတင်က ဝမ်းဆွဲ လက်သည်ကို ပြေးခေါ်တယ်။ လက်သည်ရော မယ်မြသူငယ်ချင်းတွေပါ ရောက်လာကြတယ်။

မယ်မြက ကလေးထွက်အောင် မညှစ်နိုင်ခဲ့ဘူး။ အားမရှိတာရော စိတ်ဆင်းရဲတာရောကြောင့် ပေါင်းပြီး မွေးနေရင်း သတိလစ်သွားတယ်။ ကလေးကလဲ မထွက်သေးဘူး။ အဲ့တာနဲ့ မြို့ကိုသယ်ပြီး ဆေးရုံတင်ဖို့ လုပ်ကြတယ်။ လမ်းမှာပဲ မယ်မြဆုံးသွားခဲ့တယ်။ ကလေးလေးလဲ မိခင်က မမွေးပဲ ဆုံးသွားတော့ သူလဲ ဗိုက်ထဲမှာ သေသွားရှာတယ်။

အစိမ်းသေဖြစ်သွားတော့ ရက်မထားပဲ ချက်ချင်းသဂြိုလ်ကြတာပေါ့လေ။ဖိုးတင်ဆိုတာ အရူးတစ်ပိုင်းပဲ။ ရက်လည်ဆွမ်းသွတ်တဲ့ ညမှာပဲ ရွာလယ်မှာ ကလေး အော်သံ စကြားလာရတယ်။ တချို့ အိမ်တွေကလဲ မြင်လိုက်တယ်တဲ့ မိန်းကလေးတစ်ယောက် ချက်ကြိုးတန်းလန်းနဲ့ ကလေးလေး ချီထားပြီး လမ်းလျှောက်နေတာ။ တချို့ကလဲ တကိုယ်လုံးဝါထိန်ပြီးတော့ အပုတ်နံ့တွေထွက်နေတဲ့ သရဲမကိုတွေ့လိုက်တယ်တို့။ အမျိုးမျိုး ပြောလာကြတယ်။

ဖိုးတင်ကတော့ မယုံဘူး။ သူ့ညီမ အဲ့လိုမဖြစ်နိုင်ဘူးပဲ ဇွတ်ငြင်းနေတာ။ တစ်ရက်တော့ ဖိုးတင်အစောကြီး အိပ်ပျော်သွားတယ်။ အိပ်မက်မက်သလိုလိုနဲ့ မယ်မြက ဆံပင်ဖားလျာကြီးချလို့ အိမ်လယ်က တိုင်နားမှာထိုင်နေတယ်။ လက်ကလဲ ကလေးကိုပွေ့ထားတယ်။ ကလေးကို သီချင်းဆိုချော့နေသလိုမျိုး။ မယ်မြ ပါးစပ်ဟလိုက်တိုင်းမှာ ပါးစပ်ထဲက မည်းမည်းအကောင်တွေ ကျလာတာ လောက်တွေလိုမျိုး။ သီချင်းဆိုနေရင်း မယ်မြက ခေါင်းလည်လာပြီး သွားကြီးဖြီးပြတယ်။ ပါးစပ်ကလဲ ခေါ်လိုက်တယ်။ ကိုကြီးတဲ့။ မယ်မြရဲ့ ဖြူစုတ်စုတ်မျက်နှာကြီးကို ဖိုးတင်မြင်လိုက်ရတယ်။ တော်တော်လဲ ကြောက်သွားတယ်။

အဲ့ဒါနဲ့ နောက်ရက်မှာ မယ်မြအတွက် ဆွမ်းကပ်ပြီး အမျှအတန်းဝေပေးတယ်။ ဆွမ်းကပ်ပြီး တစ်ပတ်​လောက်တော့ ငြိမ်သွားတယ်။ နောက်ရက်ကျတော့ပြန်ဖြစ်လာတယ်။ ပိုလဲ ဆိုးလာတယ်။ ဖိုးတင် အိမ်မှာ မနေရဲတော့ဘူး။ ပစ္စည်းတွေပေါက်ခွဲတဲ့ အဆင့်ရောက်လာတယ်။ နေ့ခင်းကြီးလဲ အိမ်ထဲမှာ လျှောက်သွားနေတာ မြင်နေရတယ်။ သူကြီးစီ ပြေးပြီး အကြောင်းစုံပြောပြတယ်။ သူကြီးက အထက်လမ်းဆရာတစ်ယောက်လောက်ပင့်ပြီး လုပ်ကြည့်ပါလား အကြံပေးတယ်။
အဲ့ဒါနဲ့ ဖိုးတင် အထက်လမ်းဆရာကို တခြားရွာတွေမှာ လိုက်ရှာတယ်။ တွေ့လာတော့ တစ်ခါထဲ အိမ်ကိုပင့်လာခဲ့တယ်။

မယ်မြ ဒေါသတွေထွက်နေပြီ။
အထက်လမ်းဆရာက ရောက်တာနဲ့ ဆရာပါဝါကိုပြပြီး မယ်မြကိိုခေါ်တယ်။ လာကြည့်တဲ့သူတွေထဲက တစ်ယောက်ကို ဝင်ပူးတော့တာပဲ။

“မယ်မြ ညည်းဘာလို့ သာဓုမခေါ်တာလဲ ဒီဘဝကြီးမှာနေရတာ ဒုက္ခရာက်တယ် မဟုတ်ဘူးလား။ ဆရာ့စကား နားထောင်ပါ သာဓုခေါ်လိုက်ပါ။”

“မခေါ်နိုင်ဘူး ကျွန်မက ကျွန်မယောက်ျားပြန်လာတာကို စောင့်နေတာ။ သူပြန်လာမှာ။ သူပြန်လာမှာပါ။”

“ခေါင်းမမာပါနဲ့ ကလေးမရယ်။ မင်းတစ်ယောက်ထဲ မဟုတ်ဘူး။ မင်းဗိုက်ထဲက ကလေးလဲ ရှိသေးတယ်။ ဘဝမကူးနိုင်ဖြစ်နေကြတာ ကလေးမရဲ့ သားလေးကိုတော့ ထည့်စဥ်းစားပါဦး”

“အို မခေါ်ဘူးဆို မခေါ်ဘူးပဲ နင်တို့လုပ်ရင် နင်တို့တစ်ရွာလုံးကို ငါသတ်မှာနော် လုပ်ရဲရင် လုပ်ကြ။”

မယ်မြ သောင်းကျန်းပြီး ပြန်ထွက်သွားတယ်။ ဆရာလဲ မနိုင်ဘူး လက်လျှော့ပြီး ပြန်သွားတယ်။

မယ်မြက တဖြည်းဖြ​ည်းအတင့်ရဲသထက် ရဲလာတယ်။ ရွာကလူတွေပါ မနေရဲအောင် ​ခြောက်လှန့်လာတယ်။
ညသန်းခေါင်ဆို မယ်မြ ကလေးကို တရွတ်တိုက်ဆွဲပြီး လျှောက်သွားချင်သွားနေတတ်တယ်။ ကလေးက အူတွေထွက်ကျပြီး ခေါင်းက ချာချာလည်နေတာ။ ရွာသားတွေဆိုတာ ညဦးပိုင်းထဲက တံခါးတွေပိတ်ပြီး အပြင်မထွက်ရဲကြတော့ဘူး။

တစ်ရက်တော့ ဖိုးတင်တို့ အိမ်ရှေ့ကို ကားတစ်စီး စိုက်လာခဲ့တယ်။ မယ်မြရဲ့ မင်းသားဆိုတဲ့လူရဲ့ကား။ အမှန်တော့ သူတို့ကားမှောက်တယ်ဆိုတာ မဟုတ်ပါဘူး။ ဒီလူယုတ်မာက တမင်တကာ စာပို့လိုက်တာ မယ်မြကို တကယ်မချစ်ခဲ့ပါဘူး။ ဒါပေမယ့် မယ်မြရဲ့ အစ်ကို မောင်နိုင်ပြောပြလို့ အကြောင်းတွေသိခဲ့ရတယ်။ အခုကျမှ သူ့အမှားတွေ နောင်တရပြီး ရွာကိုလိုက်လာတယ်။
မင်းသားလာတာ မယ်မြ မြင်နေရတယ်။ ဘဝခြားနေပြီဆိုတော့ ခေါ်မရဘူးပေါ့လေ။ မယ်မြ ရင်တွေနာလိုက်တာ အစ်ကိုရယ်။ သားလေးနဲ့ မယ်မြကို လုပ်ရက်လိုက်တာ။ မယ်မြ အစ်ကို့အပေါ်ကို တစ်ရက်မှ အချစ်မပျက်ခဲ့ပါဘူး။

ဖိုးတင်က မြင်​တာနဲ့ ဆွဲထိုးတော့တာပဲ။

“မင်းကြောင့် ငါ့ညီမသေရတာကွ။လူယုတ်မာ ခွေးကောင်။ မင်းကိုသတ်မယ်။ မင်းသေမှ ငါ့ညီမလေး အေးချမ်းမှာ။”

“ကျွန်တော့ကို သတ်လိုက်ပါ အစ်ကို။ ကျွန်တော် မှားခဲ့ပါတယ်။ မယ်မြအပေါ် ကျွန်တော် လူမဆန်ခဲ့ဘူး။ မယ်မြမှာ ကျွန်တော်နဲ့ရတဲ့ကိုယ်ဝန်ရှိ​နေခဲ့တာ ကျွန်တော်လုံးဝမသိခဲ့ဘူး။ ကျွန်တော့ကို သတ်လိုက်ပါဗျာ။”

“ခုမှတော့ မင်းသေလဲ ငါ့ညီမက သေပြီးပြီ ဘာမှလုပ်လို့မရတော့ဘူး။ မင်းကွာ တာဝန်မယူချင်ရင် အစထဲက မယုတ်မာနဲ့ကွ”

“မယ်မြက ကျွန်တော့ကို တကယ်ချစ်ခဲ့တာ။ ကျွန်တော်လဲ အစကတော့ စိတ်ဝင်စားလို့ တွဲချင်ခဲ့တာပါ။ နောက်ပိုင်း တကယ်လက်ထပ်ရမှာကိုတော့ ကျွန်တော်ကြောက်တယ်။ ကျွန်တော့ရဲ့ အောင်မြင်မှုတွေ ဆုံးရှုံးသွားမှာကိုလဲ မလိုချင်ဘူး။ ကျွန်တော် လူယုတ်မာစိတ်တွေ ဝင်လာခဲ့တယ်။ ကျွန်တော့ကို ခွင့်လွှတ်ပါလို့တော့ မပြောရဲပါဘူး။ ဒါပေမယ့် မြလေးအတွက် အကောင်းဆုံးဖြစ်အောင် လုပ်ပေးဖို့တော့ ခွင့်ပြုပေးပါ ကိုဖိုးတင် ကျွန်တော် တောင်းပန်ပါတယ်”

ဖိုးတင်လဲ မျက်ရည်လည်ရွဲနဲ့ ခေါင်းကြီးအောက်စိုက်ပြီး ငိုနေတယ်။ မယ်မြလဲ အငိုမျက်နှာနဲ့ ကြည့်နေရှာတယ်။ မြလေး ကျွတ်လွတ်ချင်ပြီ အစ်ကို။ အစ်ကို့ကို စောင့်နေခဲ့တာပါ။ အစ်ကို့ကို သေတဲ့ထိ ချစ်ခဲ့တာတော့ အစ်ကိုယုံစေချင်တယ်။ မြလေးစကားတွေက အပိုမဟုတ်ခဲ့ဘူးဆိုတာ အစ်ကို သိပြီနော်။

ဖိုးတင်အိမ်မှာပဲ အမျှဝေ ဆွမ်းကပ်လုပ်ကြတယ်။
အဲ့နေ့ညက ဖိုးတင်အိပ်မက်မက်တယ်။

အိပ်မက်ထဲမှာ ညီမလေးက ဝတ်ကောင်းစားလှတွေဝတ်ပြီး ကလေးလေးကို ပွေ့ချီလို့ ပြုံးပြီး နှုတ်ဆက်နေတယ်။

မယ်မြက မင်းသားကိုတော့ အပြင်မှာ ကိုယ်ယောင်ပြပြီး နှုတ်ဆက်ရှာတယ်။ မယ်မြ အသက်ရှိစဥ်တုန်းကလိုပဲ ချောချောလှလှ ပုံစံလေးနဲ့။ ပြုံးနေပေမယ့် မျက်လုံးတွေကတော့ ကြေကွဲနေတဲ့ အရိပ်ယောင်တွေရှိနေတယ်။ သားလေးကိုချီပြီး တစ်ခုခုပြောနေသယောင်ယောင်။

မင်းသားကတော့ မယ်မြ ကျွတ်လွတ်သွားတာမြင်ပြီး ဝမ်းသာနေတာပေါ့။ စိတ်လဲမကောင်းဖြစ်နေတာ။မြလေးနဲ့ ကိုယ် နောက်ဘဝတွေရှိခဲ့ရင် တကယ်ပေါင်းဖက်ပါရစေ မြလေးရယ်။

“မြလေး ဘဝအဆက်ဆက် အစ်ကို့ကိုပဲ ချစ်နေမှာ”

နားထဲမှာ ပဲ့တင်သံလို လှိုဏ်သွားတယ်။……

နတ်သမီး
11.7.2025 (8:49PM)