ကြမ္မာနွံ

Posted on

ကြမ္မာနွံ(စ/ဆုံး)

————

“ငိုထား ဖိုးသား၊ အားရပါးရငို၊ နောက်ဆိုရင် နင့်ကိုလာရှာမယ့် အဖေအမူးသမားကြီး မရှိတော့ဘူး၊ နင့်အတွက် အရှက်ရစေမယ့် အဖေ မရှိတော့ပါဘူး”

“အစ်မရယ် ငါ့ကို အဲဒီလိုတော့ မပြောပါနဲ့၊ ငါလည်း သားတစ်ယောက်ပါ ၊ အဖေဆုံးသွားတော့ ခံစားရတာပါပဲ”

“ငါ့ကို ပလီပလာတွေ လာလုပ်မနေနဲ့ ဖိုးသား၊ အဖေနေမကောင်းတာကြာပြီ၊နင့်ကို လူကြုံနဲ့ အတန်တန်မှာနေတာတောင် အဖေ မသေခင် ရောက်အောင်မလာခဲ့ဘူး၊ နင်မလာသေးဘူးလားလို့ တဖွဖွမေးရင်း မျှော်နေရှာတဲ့ ငါ့အဖေ သေသွားတော့ ဝဋ်ကျွတ်တာပေါ့၊ နောက်ဆို နင်လာစရာမလိုတော့ပါဘူး”

တရှုပ်ရှုပ်ငိုနေသည့် ဖိုးသားကို သက်ဝေ သနားစိတ်မဝင်မိ။ အဖေ့အတွက် ယူကြုံးမရသည့်စိတ်အပြင် အဖေ့အပေါ်ရက်စက်နိုင်ခဲ့သော ဖိုးသားကို ဒေါသထွက်နေရသဖြင့် သက်ဝေကိုယ်တိုင်လည်း ငိုဖို့ပင် သတိမရခဲ့။

“ငါ့သမီးက အကြီးလေ၊ ကိုယ့်မောင်လေးတွေ ကောင်းကောင်း မကောင်းကောင်း ဥပက္ခာမပြုရဘူးနော်၊ အဖေရှိနေတာတောင် ညည်းတို့မောင်နှမတွေ ဒီလောက်စိမ်းနေကြတာ အဖေသေသွားရင် ရင်လေးပါတယ်ကွယ်”

“ရင်လေးမနေနဲ့ အဖေရေ၊ အဖေ့သားကို သမီးရဲ့မောင်အဖြစ် မသတ်မှတ်နိုင်ဘူး၊ အဖေနဲ့ ပတ်သက်တာတောင် လူစိတ်မရှိတဲ့ သူ၊ ကျန်တဲ့မောင်နှမတွေဆို ပိုဆိုးမှာပေါ့၊ ဆွေမျိုးသားချင်းရယ်လို့ ခင်မင်သံယောဇဉ်စိတ်မရှိဘဲ ငွေနောက် ဂုဏ်နောက်လိုက်နေတဲ့ သတ္တသမား”

အဖေနှင့်သက်ဝေ ဖိုးသားအကြောင်းပြောတိုင်း စကားပြောအဆင်မပြေခဲ့။ ဖိုးသားဘယ်လောက်ဆိုးဆိုး သားကြီးရယ်ဟု အချစ်ပိုကာ အပြစ်မမြင်ရက်သည့် အဖေ။

အဖေနှင့်မောင်နှမတွေနေသည့်အိမ်ကို ဖိုးသားက ရောင်းပေးပါ။ နှစ်နှစ်လောက်နေလျှင် ပြန်ဝယ်ပေးပါ့မယ်ဟု ဆိုလာသည့်အခါ သက်ဝေက ကန့်ကွက်သည်။ အဖေ့ဆီက ပန်းထိမ်ပညာကိုသင်။ အဖေပေးသည့် ပညာဖြင့် လုပ်စား၍ရသော အခါ အရက်မူးနေတတ်သည့် အဖေ့ကို လူကြားထဲတွင် အဖေခေါ်ဖို့ ဝန်လေးခဲ့သည့် ဖိုးသား။

သီတင်းကျွတ်လျှင် သူ့အလုပ်ရှင် ပန်းထိမ်ဆရာကြီးများကို အကောင်းစားပုဆိုး၊ အကောင်းစားအင်္ကျီဖြင့် ကန်တော့သော်လည်း အဖေ့အတွက် စွတ်ကျယ်အင်္ကျီတစ်ထည်သာ ကန်တော့သူ။ သက်ဝေက အမြင်အကြားမတော်၍ ပြောဖြစ်သည်။

“ငါ့အလုပ်ရှင်တွေကို စေတနာရှိလို့ ကန်တော့တာမဟုတ်ဘူးဟ၊ သူတို့က သူဌေး ၊ ငါ့ကိုမြေတောင်မြှောက်ပေးနိုင်တယ်၊ ဒါကြောင့် ငါ့ဘက်ကရင်းထားတာ”

“ဒါဆို ငါ့အဖေက နင့်ကို မြေတောင်မြှောက်မပေးနိုင်လို့ အဖိုးတန်အဝတ်အစားနဲ့ မကန်တော့တာပေါ့ ဟုတ်လား၊ နင့်ကို သူတို့က အလုပ်ပေးနိုင်တာ၊ ငါ့အဖေက နင်လုပ်စားလို့ရမယ့် ပညာပေးထားတာပါ ဖိုးသားရဲ့၊ နင်ကန်တော့တဲ့ ပစ္စည်းကိုလိုချင်လို့ပြောနေတာမဟုတ်ဘူးနော်၊ ငါ့အဖေခမျာ ပန်းထိမ်ဆရာတွေကြားထဲ ဒါ ခင်ဗျားသား ကန်တော့တာလေလို့ ပြောသံကြားလာရတဲ့အခါ ဝမ်းနည်းနေတတ်လို့ ငါပြောနေရတာ”

“အရေးမကြီးတာတွေနဲ့ ငါ့ကို ပြဿနာမရှာပါနဲ့ အစ်မရာ”

သည်လို ပြဿနာတွေက သက်ဝေနှင့် ဖိုးသားကြားတွင် မရေတွက်နိုင်ခဲ့။ ဖြစ်ရလျှင်လည်း အဖေနှင့် ပတ်သက်၍ပင်။ ဖိုးသားက အလွန်အမင်းချမ်းသာချင်သည်။ သူဌေးအသိုင်းအဝိုင်းကြားတွင် နေချင်သည်။ ဆင်းရဲသည့် အဖေနှင့်မောင်နှမတွေကို လူရာမသွင်းလိုပါ။ ယခုလည်း မိသားစုတွေနေသည့် အိမ်ကိုမှ သူ့အတွက် ရောင်းခိုင်းနေသည်တဲ့။

“အဖေ အဖေသားကို ဒီလောက်ထိတော့ အလိုမလိုက်ပါနဲ့ အဖေရယ်၊ အဖေသားပြောတာကို ယုံမနေနဲ့၊ ပြန်ဝယ်ပေးမယ်ဆိုတာ အလကားပြောတာ၊ သူ့ရဲ့ ယောက္ခမလောင်းနဲ့ပေါင်းပြီး ရွှေဆိုင်ဖွင့်မှာ၊ ဘယ်ယောက္ခမကမှာ သူ့အိပ်ထဲရောက်ပြီးသား သားမက်ရဲ့ပိုက်ဆံကို ပြန်ထုတ်မပေးဘူး”

သက်ဝေ အဖေ့ကို ဘယ်လိုပင် နားချပါစေ ဖိုးသားက စိတ်ညစ်၍ဆိုကာ တမှိုင်မှိုင်လုပ်ပြလိုက်သည့်အခါ အဖေက အိမ်နှင့်ဝိုင်းကို ရောင်းကာ ပိုက်ဆံကို ဖိုးသားလက်အပ်လိုက်သည်။ ဖိုးသားက အဖေနှင့် သက်ဝေတို့နေရန် အိမ်ငှားတစ်နှစ်စာ စပေါ်တင်၍ငှားပေးသည်။ အိမ်ဝင်းမဝယ်နိုင်မချင်း အိမ်ငှားခ သူပေးပါမည်တဲ့။

မသာလက်ဖက်နှင့် မျက်နှာလုပ်နေသည့် ဖိုးသား။ အချိန်တွေသာကြာလာ၍ သူ့ယောက္ခမတွေသာ ရွှေရောင်၊ ငွေရောင်တောက်ပလာသည်။ အိမ်ဝယ်ပေးဖို့ စကားပင်စမလာတော့။ သည်လောက်နှင့်မကျေနပ်နိုင်သေးသည့် ဖိုးသား။ ကတုံးပေါ် ထိပ်ကွက်ဖို့ကြံလာပြန်သည်။

“အစ်မရယ်…နင့်တာဝန်ကို ငါမျှယူတာပါ၊ နင်လည်း အိမ်ထောင်ကျပြီဆိုတော့ အဖေ့တစ်ယောက်သာ တာဝန်ယူပါ၊ အငယ်ကောင်နှစ်ယောက်ကို ငါတာဝန်ယူပါ့မယ်၊ သူတို့အတွက် ပညာလည်း သင်ပေးပြီး သားဖြစ်တာပေါ့”

“မဖြစ်ပါဘူး ဖိုးသားရယ် ၊ နင့်ယောက္ခမတွေက အော်ကြောလန်တွေနဲ့ ကလေးတွေ အဆင်ပြေမှာမဟုတ်ဘူး”

ဖိုးသားသည် သက်ဝေတို့ မောင်နှမတွေအပေါ် ဘယ်တုန်းကမှ ညှာတာစိတ်ရှိခဲ့သူ မဟုတ်၍ ဖိုးသားပြောသည့်အကြံကို သက်ဝေ မယုံကြည်ခဲ့။ ဖိုးသားကတော့ သူဖြစ်ချင်ရာဖြစ်ဖို့အတွက် လက်နက်အဖြစ် အဖေ့ကို အမြဲအသုံးချတတ်သူပီပီ သည်ကိစ္စကိုလည်း အဖေ့အားကိုးနှင့် စီစဉ်နိုင်ခဲ့ပြန်သည်။

ကလေးတွေ ဖိုးသားဆီရောက်ပြီး သုံးလလောက်အထိ သက်ဝေတို့အိမ်ကို ခြေဦးမလှည့်ခဲ့ကြ။ ဖိုးသားကို မေးသည့်အခါ ဟိုအိမ်မှာ အသားမကျခင် အစ်မတို့ဆီပြန်လာချင်နေမှာဆိုးလို့ မလွှတ်တာပါဟု ပြောသည်။ ဖိုးသားပြောသည်က သဘာဝကျ၍ သက်ဝေ မယုံသင်္ကာမဖြစ်ခဲ့။ ဖိုးသားအိမ်နှင့် သက်ဝေအိမ်က နှစ်ရပ်ကွက်လာက်သာ ခြားသည်။ ‘ဘာပဲဖြစ်ဖြစ် ဘုရားပွဲနေ့တော့ ကလေးတွေကို လွှတ်ပေးလိုက်’ ဟု ရာဇသံပေးလိုက်မှ လွှတ်ပါ့မယ်ဟု ကတိပေးသွားသည်။

ကလေးတွေ ဘုရားပွဲလာသည့်အခါ အိမ်ကပါသွားသည့် အဝတ်အစားများနှင့်သာ။ သို့သော်လည်း မရီးနှင့် နေရသည်မို့ ပညာသင်ရလျှင်ပြီးရောဟု သဘောထားကာ သက်ဝေ နားလည်ပေးပါသည်။ ဖိနပ်တွေကလည်း အိမ်ကပါသွားသည့် ဖိနပ်တွေမို့ ပြတ်လုပြတ်ချင်ဖြစ်နေပြီ။ ဘုရားပွဲတွင် ကလေးတွေဖိနပ် အသစ်နှင့်လည်စေချင်၍ စျေးသို့သွားကာ သားရေဖိနပ်လေးနှစ်ရံဝယ်ပေးပြီး ကလေးတွေကို စီးစေခဲ့သည်။

ဘုရားပွဲပြီး၍ ဖိုးသားအိမ်သို့ ကလေးတွေပြန်သွားပြီး မကြာခင် ကလေးတွေက ငို၍ပြန်လာသည်။ ‘ဘာဖြစ်ခဲ့တာလဲ ‘ ဟု သက်ဝေက မေးသည့်အခါ သူ့အိမ်နေသည့်ကလေးတွေကို ဖိနပ်ဝယ်ပေးလိုက်တာက သူ့ကိုကြောတာ သူမဝယ်ပေးနိုင်ဘူးဆိုတဲ့အချိုး ချိုးတာဟုဆိုကာ ဖိုးသား၏ မိန်းမက ကလေးတွေကို ရန်လုပ်သည်တဲ့။

‘အစ်မရယ် အစ်ကို့အိမ်မှာ မနေချင်တော့ပါဘူး၊ ပန်းထိမ်သင်ရတယ်လည်း မရှိပါဘူး၊ အိမ်အလုပ်တွေပဲ ခိုင်းနေတာမို့ ပညာလည်းတတ်မှာ မဟုတ်ဘူး’တဲ့။

သက်ဝေဒေါသက နေရာမရွေး လူမရွေးတတ်။ ကိုယ့်မောင်လေးတွေစီးဖို့ ဖိနပ်ဝယ်ပေးတာ သူရန်လုပ်ရမည့် ကိစ္စမဟုတ်။ သူ့အိမ်နေလျှင် သူဆင်မှဝတ်ဆိုသည့် သဘော။ မကျွေးမမွေးနိုင်၍ သက်ဝေမောင်လေးတွေကို သူ့အိမ်ပို့ထားသည်မှ မဟုတ်ဘဲ။ ကျွန်ကို အခကြေးငွေပေး မငှားချင်၍ တစ်ပတ်ရိုက်လူလည်လုပ်သွားသည့် ဖိုးသားကြောင့် ပို့ထားရသည်။ သက်ဝေသည် ဖိုးသားအိမ်ရှေ့သွားကာ ဖိုးသားကိုကော သူ့မိန်းမတစ်မျိုးလုံးကိုပါ ဆဲဆိုသောင်းကျန်းခဲ့သည်။ ထိုကတည်းက ဖိုးသားမိန်းမအမျိုးတွေနှင့် သက်ဝေက ဆေးကြီးနှင့် တောက်တဲ့။

ယခုတော့ ထိုအမျိုးယုတ်တွေ၏ အစီအစဉ်တွေက သက်ဝေကို ငွေမရှိပါဘူး၊ သူ့တို့ပေးတာ ယူမှာပါဟု ဦးချိုးချင်သည့် သဘော။

အခန်း(၂)

“တိတ်စမ်း ဖိုးသား နင်ဆက်မပြောနဲ့တော့”

သက်ဝေသည် အသားတွေတဆတ်ဆတ်တုန်နေအောင် ဒေါသဖြစ်သည်။ ဖိုးသား၏မျက်နှာကို ကုတ်ဖဲ့ပစ်လိုက်ချင်သည့်စိတ်ကို ထိန်းချုပ်ထားရသည်မှာ ခက်ခဲလွန်းနေ၏ ။ သည်စကားကို အဖေ့ရုပ်အလောင်းရှေ့ထားပြီး ပြောထွက်ရက်သည်။ သားတစ်ယောက်၏ ဝတ္တရားကို လူအများရှေ့မှာ ချပြလိုက်သည်ပေ့ါ။

“အစ်မရယ် နင်လည်း အဆင်ပြေတာမှ မဟုတ်တာ၊ ငါလည်း သားတစ်ယောက်အနေနဲ့ အဖေ့နောက်ဆုံးခရီးမှာ ကုသိုလ်ပါချင်တာပေါ့”

“လူကြားကောင်းတရားနာ လာမလုပ်နဲ့ ၊ ငါ့အဖေ မသေခင်ကလည်း ငါရှာကျွေးလာတာ၊ ငါ့အဖေရက်လည်ကို ငါရှိတဲ့အတိုင်းအတာနဲ့လုပ်မယ်၊ ငါက ကဇွန်းရွက်၊ ချည်ပေါင်ရွက်သည်၊ ရေနွေး၊ လက်ဖက်သုပ်နဲ့ဧည့်ခံလည်း ဘယ်သူမှ မကဲ့ရဲ့ဘူး၊ သက်ဝေတို့က မသာရှယ်ယာချခဲ့တယ်လို့တော့ ငါ့သမိုင်းအတွင်မခံနိုင်ဘူး”

ဂုဏ်သရေရှိလူကြီး လူကောင်းအဖြစ် ကိုယ့်ကိုယ်ကိုယ်ခံယူထားပြီး ရွှေကြီးမျိုးကြီး အမျိုးသမီးကို ရထားသမို့ အစ်မက အော်ကြီးဟစ်ကျယ် ပြောဆိုတော့ ရှက်သည်ထင်ရဲ့။ ပတ်ဝန်းကျင်ကို လှည့်မကြည့်ဘဲ ထွက်သွားသည်။ သွေးသားတော်စပ်နေသည့် ကိုယ့်မောင်အရင်း ဖြစ်သော်လည်း တစ်ကိုယ်ကောင်းစိတ်ကြီးမားလွန်းသည့် ဖိုးသားကို သက်ဝေ သံယောဇဉ် ပြတ်ချင်နေပြီ။

“မနက်ဖြန် ငါ့အဖေအလောင်း မြေချမယ်၊ နင်လာချင်ရင် သားတစ်ယောက်မို့လာခဲ့၊ နင့်မိန်းမ အမျိုးတွေ တစ်ယောက်မှ ငါမမြင်ချင်ဘူး၊ မသာရှယ်ယာ၊ ရက်လည်ရှယ်ရာလုပ်ဖို့စကား ဆက်ပြောနေမယ်ဆိုရင် နင်လည်း ငါ့အိမ်ထဲ ဝင်မလာမိစေနဲ့”

အဖေ့ရက်လည်နေ့တွင် ဖိုးသားက အကူငွေနှစ်သိန်းဆိုကာထည့်သွားခဲ့သည်။ သက်ဝေနှင့် ဖိုးသားသည်လည်း အဖေ့ကိစ္စပြီးကတည်းက သူစိမ်းပမာဖြစ်သွားကြလေသည်။ လမ်းတွေ့လျှင် ခေါင်းညိမ့်အသိအမှတ်ပြုနှုတ်ဆက်ရုံအပြင် မပိုခဲ့ကြ။

ဘာလိုလိုဖြင့် အဖေဆုံးသည်မှာ ဆယ်စုနှစ်တစ်ခုကျော်ခဲ့လေပြီ။

အခန်း(၃)

ကြားလိုက်ရသော သတင်းစကားကြောင့် သွေးသားဆိုသည့် သံယောဇဉ်က အပူဟတ်သဖြင့် သက်ဝေရင်နာလှသည်။ ကိုယ်နှင့် ရင်းရင်းနှီးနှီး မပတ်သက်တာက တစ်ကဏ္ဍ။ မုန်း၍မဟုတ်။ ပတ်သက်၍ အဆင်မပြေသဖြင့် သူစိမ်းဆန်ဆန်နေခဲ့ခြင်းပင်။ ဖိုးသားကို မတွေ့သည့် အချိန်အတောအတွင်းမှာ သည်လောက် ဖြစ်သွားလိမ့်မည် မထင်ခဲ့။

‘အစ်မရဲ့မောင် နေမကောင်းဘူး’တဲ့ ။

တခြားသူပေးသည့် သတင်းကြားရချိန်တွင် သာမန်နာမကျန်းဖြစ်တာလောက်ပင် ထင်သည်။ မတည့်သော်လည်း ကိုယ့်သွေးသားမို့ မသွားချင်သည့် အိမ်၊ မမြင်ချင်သည့် ယောင်းမကိုမေ့ကာ ဖိုးသားကို သွားကြည့်ခဲ့သည်။

အသက်အရွယ်နှင့် မမျှ အိုစာသွားသည့် ဖိုးသား။ ပိန်တွဲပျော့လျော့နေသည့် ခန္ဓာကိုယ်နှင့် မလိုက်ဖက်စွာ ပူဖောင်းနေသည့် ဝမ်းဗိုက်က ဖိုးသား၏ကျန်းမာရေးအခြေအနေကို အချက်ပြသတင်းပေးနေသည်။

“ဖိုးသား နင်ဒီလောက်ထိဖြစ်နေတာကို အိမ်မှာပဲ ဆေးမီးတိုနဲ့ကုနေတာလား၊ ကိုယ့်မှာ ငွေကြေး မပြေလည်လို့ဆိုရင် ထားပါတော့ဟယ်၊ ကိုယ့်အသက်လောက်ဘာမှအရေးမကြီးဘူးဟဲ့ ”

“ကုတာတော့ ကုတာပါပဲ အစ်မရယ်၊ ဒီအရက်ကို မသောက်ပါနဲ့ပြောလည်း ပြောလို့မှမရတာ၊ အရက်သောက်နေသမျှ ပြန်ဖြစ်နေမှာပဲ”

သြော်…အရက်သောက်လို့ ဖြစ်တဲ့ရောဂါမို့ ယောင်းမက ငြိုငြင်နေပြီပဲ။ ဆွေမျိုးသားချင်းရယ်လို့ မသိတတ်။ ကိုယ့်မိဘပါလားလို့ ကျေးဇူးဆပ်ဖို့နေနေသာသာ ကျေးဇူးကန်းဖို့ ဝန်မလေးခဲ့သူ ဖိုးသား။ သည်မယား၊ သည်သားသမီးတွေအတွက် ဘဝကိုလှုပ်ရှားရုန်းကန်ခဲ့သူ။ သည်လိုပေးဆပ်ခဲ့သော်လည်း ဘဝနေဝင်ချိန်နီးသည့်အခါတွင် နှမျောတသစွာ အသက်ကယ်ပေးမည့်သူ မရှိတော့ပါလား။

“ငါ့မောင်…အစ်မရဲ့ အိမ်ကိုလိုက်ခဲ့နော်၊ အစ်မ မင်းကို ဆေးကုပေးမယ်၊ အစ်မနဲ့ လိုက်ခဲ့ပါနော်”

“မဖြစ်…မဖြစ်ပါဘူး အစ်မရယ်၊ ငါ့သားတွေက ငါ့မှကြောက်တာဟ၊ ငါမရှိရင် ဆိုင်ကယ်ခိုးစီးတဲ့သူနဲ့၊ ကျောင်းမတက်ဘဲ ငါးမျှားသွားတဲ့သူနဲ့…ငါမရှိလို့ မဖြစ်ပါဘူး အစ်မရယ်”

ချစ်တတ်လိုက်တာ…ဖိုးသားရယ်..နင့်သားတွေကိုတော့ နင့်အသက်ထက်ပိုချစ်နေပါလားဟု ဝမ်းနည်း နာကျင်စွာ သိလိုက်ရသည်။

သည်လိုပဲ အဖေကလည်း သူ့ကို သိပ်ချစ်ခဲ့တာပါ။ အမေက ပိုးထိလို့ဆုံးပြီးကတည်းက ချူချာလှသည့် ဖိုးသားကို အဖေက မညီးမညူပြုစုခဲ့သည်။ အရွယ်ရောက်၍ ကိုယ့်ဘဝကိုယ်ကျောင်းနိုင်ချိန်မှ ဖခင်ရယ်လို့ ချစ်ခင်ကြင်နာမှုမရှိသည့် သားအပေါ်တွင် မငြိုငြင်ခဲ့ ။ ခွင့်လွှတ်ခြင်းများနှင့် သားအပေါ်ကို ချစ်ခင်မှု မလျော့ခဲ့ရှာသည့် အဖေ။ အဖေက ဖိုးသားအပေါ် ခွင့်လွှတ်ခဲ့သော်လည်း အဖေ့အပေါ်တင်ခဲ့သည့် ဝဋ်ကြွေးကိုတော့ ဖိုးသားခမျာ မသေခင် ဆပ်နေရရှာပြီ။

“အစ်မရယ်….နင့်စေတနာကို ငါနားလည်ပါတယ်၊ ငါ့ကိုယ်ငါ သိနေပါပြီဟာ၊ ငါ့သားတွေရှိတဲ့နေရာမှာပဲ ငါခေါင်းချပါရစေ”

ရင်ထဲမှာ မချိလှသော်လည်း ဆိုင်သာဆိုင်မပိုင်တော့သည့် ဖိုးသားကို သူ့မိသားစုရင်ခွင်မှ သက်ဝေ ဆွဲမထုတ်ရက်တော့ပေ။ သားတွေကို ချစ်တတ်လွန်းသည့် ဖိုးသားကိုကြည့်လျက် အဖေ့ကိုသာ သတိရလာသည်။ သားကြီးမျက်နှာမြင်ချင်ရှာ၍ အဝေးတွင်နေသည့် သား၏အိမ်ကို တစ်နေ့တစ်ခေါက် ရောက်အောင်သွားခဲ့သည့် အဖေ။

“ဖိုးသားရယ်…နင်က အဖေ့ထက်ပိုကံကောင်းပါတယ်၊ နင့်သားတွေနေတဲ့ အိမ်မှာခေါင်းချခွင့်ရမှာပါ၊ ငါ့အဖေခမျာ သားကြီးရဲ့အရိပ်မှာ ခေါင်းချခွင့်မရခဲ့ရှာပါဘူး” ဟု မပြောရက်တော့သည့် စကားတွေကို သက်ဝေရင်ထဲတွင် သိမ်းဆည်းလိုက်ရတော့သည်။ ဝေဒနာကို အလူးအလဲခံစားနေရသည့် ဖိုးသားကတော့ ‘သားကြီးရေ…သားငယ်….’ရေဟု မြည်းတမ်းလျက်ပင် ရှိနေတော့သည်။

နှင်းနွယ်(ကလေး)
မဟေသီမဂ္ဂဇင်း
July 2020