စန္ဒာမုနိသိုက်နှင့် ဖြစ်ရပ်ဆန်း(စ/ဆုံး)
————————————
ကုန်းဘောင်မင်းဆက်(၆)ဆက်မြောက်ဘုရင်ဖြစ်သော ဘိုးတော်ဘုရား(ခေါ်) ဗဒုံမင်း(ခေါ်) ဦးဝိုင်းအမည်ရှိ ဘုရင်တစ်ပါးကို ကြားဖူးကြမည်ထင်၏။
ခေါင်းတလားအားအပေါက်ဖောက်၍လက်နှစ်ဖက်ကိုအပြင်ထုတ်ကာ သေလျှင်`ကိုယ့်နောက်ဘာမျှ
မပါ` ဟူသော တရားကိုပြလျက်ကွယ်လွန်သွားသော ပညာရှိအမတ်ကြီးဦးပေါ်ဦး၏ အရှင်သခင်ဖြစ်သည်။ အလောင်းမင်းတရားကြီးနတ်ရွာမစံမှီ `ကြီးစဥ်ငယ်လိုက်`ထီးနန်းဆက်ခံရမည်ဟု အမိန့်ချမှတ်ခဲ့လေသည်။
ယင်းအမိန့်အား သားတော်ကြီးဖြစ်သည့်နောင်တော်ကြီးမင်းကနာခံလျက် ညီတော်ဖြစ်သော ဆင်ဖြူရှင်မင်း သားကိုထီးနန်းဆက်ခံစေခဲ့သဖြင့် ခမည်းတော်မင်းကြီးအသေဖြောင့်ရလေသည်။ သို့သော်လည်း ဆင်ဖြူရှင်ဘုရင်သည်၎င်းလွန်သော် ထီးနန်းအားညီဖြစ်သူဘိုးတော်ဘုရားကိုလွှဲပြောင်းမပေးခဲ့ဘဲ ယင်း၏သားတော်စဥ့်ကူးမင်းအားလွှဲအပ်ခဲ့လေရာ နန်းတွင်း၌သွေးကွဲမှုကစတင်လာခဲ့သည်။ စဥ့်ကူးမင်းအညာဒေသသို့ဘုရားဖူးသွားခိုက် မြို့တွင်းသို့ဧကရာဇ်ယောင်ဆောင်ကာ ခိုးဝင်လာပြီးသူပုန်များကိုဦးဆောင်ကာ ဖောင်းကားစားမောင်မောင်က ထီးနန်းကိုလုပ်ကြံပြန်သည်။
အလောင်းမင်းတရားကြီး၏သားတော်အထွေးဆုံးဖြစ်သည့် ဘိုးတော်ဘုရားသည်အိမ်နိမ့်စံဘဝတွင် ဆွေမျိုးညာတိကဖိနှိပ်သဖြင့် ပင်ပန်းဆင်းရဲစွာနေထိုင်ခဲ့ရသည်။
နန်းတွင်းကအသုံးစရိတ်မထောက်သည့်အပြင် မိမိအပိုင်စားရသောဗဒုံနယ်မှလည်း အခွန်ဘဏ္ဍာကျပ်တည်းလှသဖြင့် အိမ်တော်ပါကျွန်ရင်းငပေါ်ဦးတို့က ပန်းရောင်း၍လည်းကောင်း ကူလီထမ်း၍ လည်းကောင်း ရှာကျွေးရလေသည်။ ထိုအခါ
ဘိုးတော်ဘုရားလည်းလက်နက်လူသူစုဆောင်း၍ တူဖြစ်သူနှစ်ယောက်အဓမ္မရယူခဲ့သော မိမိ၏ ထီးနန်းကိုပြန်လည်သိမ်းပိုက်ကာ
ဖောင်းကားစားဘုရင်`ပြင်စည်မင်းသား စသော မင်းသွေးအတော်များများကိုလည်း သတ်ဖြတ်လိုက်လေတော့သည်။
ဘိုးတော်ဘုရားလက်ထက်တွင် မြန်မာတို့၏မူလနေပြည်တော်ဖြစ်သော`အင်းဝ`မြို့အားစွန့်ခွာကာ အမရပူရမြို့ကို တည်ထောင်ခဲ့လေသည်။ ရှေးဘုရင်တို့သည် သာသနာအားအထူးကြည်ညိုကာ လောကီပညာကိုလည်းယုံစားလှသဖြင့် မြို့ရွာတည်သောအခါ ယတြာကိစ္စပြုလုပ်၍တည်တတ်ကြသည်။ အမရပူရမြို့တည်သောအခါတွင်လည်း
ဆီအိုးကြီးများကိုမြှုပ်ခြင်း`မင်းမိန့်ပြန်ကာမြို့
စောင့်ရွာစောင့်ပုဂ္ဂိုလ်များ အစောင့်ထားခြင်း `ယတြာဘုရားတည်ခြင်း စသော လောကီပညာရပ်များအသုံးပြုခဲ့လေသည်။ အမရပူရမြို့အားစောင့်ရှောက်ရန် ငတင်ကျည်း၊ ငတောင်မြင့်၊ ငတောင်သမန်၊ ငတောင်ပြုံး စသော နတ်ဘီလူးလေးကောင်အား အစောင့်ထားခဲ့လေသည်။
မြို့တော်၏နယ်နိမိတ်အားတိုင်းတာလျှင် ထောင့်လေးထောင့်၌ဘုရားလေးဆူဖြစ်သော ရွှေစကားဘုရား၊ ရွှေကွန်ချာအုပ်ဘုရား၊ ရွှေရင်းရဲဘုရားနှင့် ဆင်ကျိုးရွှေကူဘုရားတို့ကိုတည်ထား၍ အကျယ်အဝန်းသတ်မှတ်ခဲ့ကြသည်။ ဤတွင် ဘိုးတော်ဘုရားကယတြာဘုရားအဖြစ်
မဟာမုနိဘုရားကြီး၏အသွင်ကိုယူကာတည်ခဲ့သော ဘုရားတစ်ဆူလည်း ရှိလေသည်။ ထိုဘုရားမှာ အမရပူရမြို့၏အရှေ့မြောက်ထောင့်အရပ်၌ရှိသော စန္ဒာမုနိဘုရားပင်ဖြစ်၏။ ခရီးသွားဧည့်သည်များ
ဖြင့်စည်ကားနေပြီဖြစ်သော စန္ဒာမုနိဘုရားသည် ယခင်က`သိုက်များပေါသည်၊ နာနာဘာဝများအခြောက်ကြမ်းသည်၊ ဥစ္စာစောင့်များလူစားလဲတတ်သည်`ဟု နာမည်ကြီးသော ဖုန်ဆိုးမြေရိုင်းကြီးတစ်ခုဖြစ်ခဲ့သည်။
အချိန်ကာလကတိုက်စားခဲ့သောကြောင့် ပင့်ကူအိမ်များတက်ကာမြွေဆိုးများအောင်းနေတတ်သော သက်တမ်းရင့်ရဟန္တာရှစ်ဆယ်ဂူများ၊ ရှေးကဘုရင့်သားသမီးများရေကစားသည့် `ကန်တော်မင်္ဂလာ`ခေါ် နတ်ရေကန်ကြီးသည် ဒေသခံတို့အဝေးကရှောင်ရမြဲနာမည်ကြီးသည့် နေရာများဖြစ်ကြသည်။ ထိုမျှမကသေး။ လူလုပ်ထားသည့် ဒန်းစီးမောင်နှမသိုက်ရှိသောဆိုသော
အစိမ်းရောင်ဒန်းပုခက်လေးတစ်ခုနှင့် နဂါးသိုက်ရှိသော ရေကန်ငယ်လေးသည်လည်း
နာမည်ကျော်ကြားသည်။ ၎င်းသိုက်ကြမ်း`မြေကြမ်းနှင့် ဖုန်းဆိုးတောအားဇာတ်အိမ်တည်ကာ ကြားခဲ့ရသည့်ဖြစ်ရပ်မှန်ဇာတ်လမ်းအားဝတ္ထုတိုအသွင် ပြောင်းလဲရေးသားပေတော့မည်။
စန္ဒာမုနိဘုရားအနီးရှိရွာတစ်ရွာတွင် မိခင်မုဆိုးမကြီးဖြစ်သည့်ဒေါ်ဝင်းနှင့် သားဖြစ်သူနှလုံးလှလူမိုက်ကြီးနှစ်ယောက်ဖြစ်သော စိုးတင့်နိုင်နှင့် အောင်တင်ဝင်းတို့ညီအစ်ကိုနှစ်ယောက် နေထိုင်ကြလေသည်။ ၎င်းတို့ညီအစ်ကိုမှာ ထစ်ခနဲရှိဓားဆွဲ`ဒုတ်ဆွဲဖြင့်မူးယစ်ဆူပူတတ်သောနယ်ခံလူမိုက်များဖြစ်သလို အသောက်ဘက်တွင်လည်း ဗိုလ်မထားစတမ်းအသောက်ကျူးသည့်
အရက်သမားညီအစ်ကိုဖြစ်သည်။ သို့သော် အခြားအရက်သမား`လူဆိုးများကဲ့သို့ မိဘလုပ်စာအသင့်ထိုင် စား၍ ရပ်ရွာအတွင်းမိုက်ကြေးခွဲသောင်းကျန်းသောသူများမဟုတ်ပေ။ မိခင်မုဆိုးမကြီးကိုလည်း မပူမပင်မကြောင့်မကျဖြင့် ဘုရားတရားလုပ်နိုင်အောင် ညီအစ်ကိုနှစ်ယောက်က မခိုမကပ်လုပ်ကိုင်ကျွေးမွေးထားကြလေသည်။ တနေ့ စိုးတင့်နိုင်တို့ညီအစ်ကိုနှစ်ယောက်ရွာထဲရှိကာလသားအချို့နှင့်အရက်ဆိုင်တွင်စကားစပ်မိရာမှစန္ဒာမုနိဘုရားသိုက်အကြောင်း ပြောမိလေသည်။
“ ဟေ့ကောင် စိုးကြီး မင်းသိုက်တွေ ဥစ္စာစောင့်တွေ
ဆိုတာ အယုံအကြည်ရှိလားကွာ `
ကာလသားခေါင်းသူကြီးတူကျော်မြက စကားစလိုက်သည်။ ကျော်မြသည် အရက်သမားတဖြစ်လည်း စာတတ်ဘွဲ့ရဖြစ်ပြီး အခြားသူများဖြင့်စကားပြောဆိုရာတွင် ၎င်းသိသမျှတတ်သမျှအကြောင်းပါလာပြီ ဆိုပါက သူငယ်ချင်းအချင်းချင်းပင်စကားအနိုင်ပိုင်းတတ်သည်။ ကျော်မြ၏အမေးကြောင့် ယမကာဂိုဏ်းသားစိုးတင့်နိုင်လည်း
“ နေစမ်းပါဦးကျော်မြရဲ့ မင်းကငါ့ကိုသိုက်တွေ နတ်တွေအကြောင်းလာမေးနေတာ ဘာလည်း နတ်ကန္နားကမို့လို့လား ဟင် `
“ ဟားးး …… ဟားးး ……. ဟားးးး …
စိုးတင့်နိုင်စကားကြောင့် တစ်ဝိုင်းလုံးရယ်မောကာ
ပွဲကျသွားလေသည်။
“ ငါအကောင်းမေးနေတာ ဟ “
“ မယုံဘူးကွာ မယုံရေးချမယုံဘဲ ဟေ့ “
“ မင်းကသာမယုံဘူးလုပ်နေတာ ဟိုတလောဆီက
ပန်းသည်မတင်ဝိုင်းယောက်ျားကိုထွန်းနိုင်ကြီး စန္ဒာမုနိဘုရားဝင်းထဲအပေါ့သွားမိလို့ သိုက်ကိုင်တာဆိုလား အခုလေဖြတ်နေပြီ ကဲ “
“ အယူသီးတာပါကွာ ရောဂါဘဲ သူဖြစ်ချင်ဖြစ်မှာပေါ့ဟ “
“ မင်းယုံကိုယုံရမယ်ငါ့ကောင်ရေ ငါတို့ရှင်တော်ဘုရားတောင် ပရလောကဆိုတာ တကယ်ရှိကြောင်း ဟောဖူးတယ်ကွ `
ထုံးစံအတိုင်း ကာလသားခေါင်းစာတတ်ကျော်မြက
ဆရာလုပ်တမ်း ကစားလေတော့သည်။ ထိုအခါ အမြင်ကပ်ကပ်နှင့်စိုးတင့်နိုင်လည်း မချိပြုံးကာထေ့ငေါ့လျက်
“ အေး လုပ်စမ်းပါဦးကွာ ` ဟု မေးမြန်းလိုက်လေသည်။
“ ရှင်တော်ဘုရားက သရဲတစ္ဆေဥစ္စာစောင့်လို့ နာမည်တပ်မဟောခဲ့ပေမယ့် ပေတလို့ခြုံငုံပြီးဟောခဲ့တယ်ကွ
ပါဠိလိုတော့ ပေတ မြန်မာပြန်ရင်တော့ ပြိတ္တာ ဆင်းရဲဒုက္ခကြီးစွာခံစားရသူပေါ့ကွာ ဥစ္စာစောင့်တို့ဆိုတာလည်း အဲ့ထဲမှာပါတာဘဲဟ ကဲမင်းယုံပြီလား ဘုရားကိုယ်တိုင်ဟောတာနော် “
“ ဘုရားဟောကိုယုံတယ်ကွ မင်းပြောလို့ကိုမယုံတာကွာ
မယုံရေးချမယုံဘဲ ငါ့ကောင်ရ “
“ အေး မင်းတကယ်မယုံဘူးဆိုရင် ငါနဲ့အလောင်းအစားလုပ်ရဲလား “
စာတတ်ကျော်မြ၏စကားကြောင့် စိုးတင့်နိုင်လည်း
ပါးစပ်ထဲရှိအရက်ကြမ်းကို ပျစ်`ခနဲမြေပြင်သို့ထွေးချလိုက်ပြီး
“ စိန်လိုက်ကွာ “
“ အေး အရက်တစ်လုံးနဲ့ငွေ(၅)ထောင်ကြေး ဘယ်လိုလည်း။ မင်းရှုံးရင်ငါမယူဘူးကွာ မင်းနိုင်ရင်ကိုငါကပေးမှာ ညသန်းခေါင်မှာ စန္ဒာမုနိဘုရားကိုသွားရဟန္တာဂူထဲက ပစ္စည်းတစ်ခုခုယူလာခဲ့ကွာ “
“ အေး လောင်းတယ်ကွာ “
၎င်းတို့သူငယ်ချင်းများ သဘောတူညီမှုရယူပြီး၍ လမ်းခွဲကာ ကိုယ့်အိမ်ကိုယ်အသီးသီးပြန်လာကြလေသည်။ စိုးတင့်နိုင်တို့ညီအစ်ကို အိမ်ပြန်ရောက်သောအခါ နွားရိုင်းသွင်းချိန်ညနေခင်းကိုရောက်နေပြီဖြစ်ပြီး တောင်စွယ်၌နေကွယ်လုနေပြီ။ အသူရိန်နေနတ်သားသည် တနေ့တာတာဝန်အားပုခုံးထမ်းခဲ့ပြီးပြီးမို့ ဟိမဝန္တာတောင်တန်းကြီးကိုကျော်လွန်ပြီး မဟာသမုဒ္ဒ ရာရေအောက်ကြမ်းပြင်သို့ငုတ်လျှိုးသွားလေသည်။
ဘဒ္ဒကမ္ဘာတွင် မှီတင်းနေထိုင်သော လူသားများလည်း ဝမ်းတခါးအတွက်တနေ့တာအလုပ်ပြီးဆုံး၍ ကျရာလုပ်ငန်းခွင်မှ မိမိနေအိမ်သို့ပြန်လာကြလေသည်။ သန်းခေါင်ယံမရောက်သေးသောကြောင့် စိုးတင့်နိုင်လည်း တရေးတမောအိပ်လိုက်သေးသည်။ စိုးတင့်နိုင်ပြန်လည်နိုးလာသောအချိန်၌ သန်းခေါင်ယံညည့်(၁၁)နာရီခန့်ပင်ရောက်နေပြီဖြစ်၏။ ရွာလယ်ဇရပ်မှမီးကင်းသမားကိုစံမောင်၏ နာရီပြန်သံချောင်းခေါက်သံ(၁၁)ချက်ကို သဲ့သဲ့ကြားလိုက်ရသည်။ ၎င်း၏ အလုပ်စရန်အချိန်ကျပြီဖြစ်သောကြောင့် လက်နှိပ်ဓာတ်မီးတစ်လက်ယူကာ စန္ဒာမုနိဘုရားဘက်သို့ဦးတည်ထွက်လာခဲ့လေတော့သည်။ ကြယ်ရောင်လရောင် မမြင်ရအောင်ပိန်းပိတ်နေသော အမှောင်ထုကိုအံတုပြီး စိုးတင့်နိုင်တစ်ယောက်ခြေလှမ်းတို့က စန္ဒာမုနိဘုရားထဲသို့ လှမ်းဝင်လာခဲ့သည်။
သန်းခေါင်ယံညအား ပုရစ်နှင့် ပုစဥ်းရင်ကွဲကောင်များကဆူညံစွာအော်ဟစ်လျက် မင်းမူနေကြသည်။ စိုးတင့်နိုင်လည်း ခြုံထူထပ်သောမြေသားလမ်းကိုနင်းလာခဲ့ပြီးအရှေ့ဘက်မုခ်မှဘုရားဝင်းအတွင်းဝင်လာခဲ့လေသည်။
ခြေလှမ်းမှန်မှန်ဖြင့်လျှောက်လှမ်းခဲ့လေရာ နဂါးနှစ်ကောင်ရစ်ခွေထားသည့် ရေကန်ငယ်လေးနှင့် ယင်း၏ နံဘေးရှိဒါန်းပုခက်လေးအား မှောင်ထဲကနေ မြင်တွေ့လိုက်ရလေသည်။ ထိုမှ မျက်စောင်းထိုး၍ အတန်ငယ်လှမ်းသောနေရာ၌ နတ်ရေကန်ကြီးကလရောင်အောက်တွင် ငွားငွားစွင့်စွင့်။ စိုးတင့်နိုင်လည်း ဓာတ်မီးတလက်ကိုဟိုသည်ထိုးကာ လျှောက်လှမ်းခဲ့လေရာ ပြတိုက်ပို့ရတော့မည့်အနေအထားဖြစ်နေသော ခြုံနွယ်ပိတ်ပေါင်းများထူထပ်နေသည့် ရဟန္တာရှစ်ဆယ်ဂူများကို တွေ့လိုက်ရလေသည်။ စိုးတင့်နိုင်လည်း နှောင့်နှေးမနေတော့ဘဲ အနီးဆုံးရှိရဟန္တာဂူထဲသို့ဝင်သွားကာ ၎င်းမျက်စိရှေ့အလွယ်တွေ့ရသည့် ပစ္စည်းတစ်ခုကိုယူကာ
`ပုဆိုးခါးပိုက်`ထဲ လိပ်ထည့်လိုက်လေသည်။ ထိုပစ္စည်းလေးမှာ လက်တဝါးစာခန့်သာရှိသော `နှဲခရု`လေးတစ်ခုဖြစ်သည်။ စိုးတင့်နိုင်စိတ်ထဲ၌ စာတတ်ကျော်မြကိုပင် `သရဲဘောကြောင်`သည့်သူဟု မှတ်ချက်ပြုလိုက်ပြီး အန္တရယ်မကျရောက်သည်ကို သဘောအကျကြီးကျလျက်အိမ်သို့ပြန်ခဲ့လေရာ ခြေလှမ်းတို့ကသွက်လက်နေသည်။ ထို့နောက် ကျော်မြဆီကအလွယ်တကူရရှိမည့်
ဝီစကီတလုံးနှင့် ငွေငါးထောင်အား မျက်စိထဲမြင်ယောင်ကာ ပြုံးမိပြန်လေသည်။
စိုးတင့်နိုင်အိမ်ပြန်ရောက်လျှင်ရောက်ခြင်း အိမ်ရှေ့တံခါးဝ၌ လူအချို့ဓာတ်မီးရောင်တပြောင်ပြောင်
ဖြင့် ရုံးစုရုံးစုဖြစ်နေသည်ကိုတွေ့လိုက်ရာ စိတ်ထဲအထူးအဆန်းဖြစ်သွားရသည်။ အိမ်ထဲမှ ၎င်း၏ မိခင်ဖြစ်သော ဒေါ်ဝင်းတစ်ယောက်အလျင်အမြန်ပြေးထွက်လာပြီး စိုးတင့်နိုင်ကိုထုထောင်းရိုက်နှက်လေတော့သည်။
“ ဟဲ့ အကောင်သေချင်းဆိုး နင်ဘုရားသွားပြီးဘာမဟုတ်တာလုပ်ခဲ့လည်း ဟင် “
၎င်းဘာသာလုပ်လာသည့်ကိစ္စအား မိခင်ကအတပ်သိနေသည်မို့ စိုးတင့်နိုင်စိတ်ထဲအံ့သြရလေသည်။
သို့ပင်မယ့် မိခင်ကြီးရပ်ကျော်ရွာကျော်ဆူဆဲတော့မည်ကို ရှက်လှသဖြင့်
“ ကျုပ် ကျုပ် ဘာမှမလုပ်ခဲ့ပါဘူး ဗျာ “ ဟု
ခေါင်းတွင်တွင်ယမ်းကာ ငြင်းလေသည်။
“ နင်လုပ်ခဲ့လို့သာပေါ့ အခုအိမ်ထဲမှာ နင့်ညီကိုအပဝင်စီးနေပြီ ဟဲ့ “
“ ဗျာ “
ထိုအခါ ၎င်းလည်းညီဖြစ်သူအတွက်စိုးရိမ်သွားပြီး အိမ်ထဲသို့ပြေးဝင်သွားလေရာ `တဟီးဟီး တဟဲဟဲ`လုပ်လျက်အပဝင်စီးနေသော ၎င်း၏ညီအောင်တင်ဝင်းနှင့်ရွာခံနတ်ကတော်ဒေါ်လှမင်း အခြားရွာသားများကိုတွေ့လိုက်ရလေသည်။ ထိုအချိန်တွင် အောင်တင်းဝင်က ကောက်ခါငင်ခါအနီးရှိ ဖန်ခွက်ဖြင့်အစ်ကိုဖြစ်သူအား
ပစ်ပေါက်လိုက်လေရာ စိုးတင့်နိုင်ကအရှောင် နံရံကိုထိမှန်ပြီး `ဂွမ်း`ခနဲ ကွဲသွားလေသည်။
“ ဟေ့ကောင် မင်းဘာကောင်လည်း “
စိုးတင့်နိုင်က ပယောဂအစွဲအား ဒေါသကြီးစွာမေးမြန်းလိုက်သည်။ ထိုအခါ ပယောဂအစွဲလည်း လက်ညှိုးငေါက်ငေါက်ထိုးလျက်
“ ခွေးသူတောင်းစား သူခိုးကများလူပြန်ဟစ်လို့
ငါစန္ဒာမုနိဘုရားက သိုက်စောင့်ဘဲ ဟေ့ “
“ ဟာ “
“ ဟင် “
စန္ဒာမုနိဘုရားက သိုက်ကြမ်းပေမို့၎င်းသိုက်က သိုက်စောင့်ဟုဆိုသောအခါ `ကိစ္စတုံးပြီဘဲ`ဟု ရွာသားများရေရွတ်ကာ အာမေဋိတ်သံများထွက်ပေါ်လာလေသည်။
“ မင်းဟာမင်း သိုက်စောင့်စောင့် သင်္ချိုင်းစောင့်စောင့်ခုချက်ချင်း ငါ့ညီခန္ဓာကိုယ်ကထွက်သွားစမ်း “
“ ဝုန်းးး …. “
စိုးတင့်နိုင်တစ်ယောက် ရုပ်လုံးမမြင်ရဘဲ တစ်စုံတစ် ယောက်ကဆောင့်ကန်ချလိုက်သလို အိမ်ဦးနဲ့ကြမ်းပြင်ဖင်ထိုင်လျက်လဲကျသွားလေသည်။
“ မင်းလိုကောင်မျိုးအသေသတ်ပစ်မို့လို့ဘဲ ကိုယ်လုံကောင်းသွားလို့ မသေတယ်မှတ် ဘယ်မှာလည်းငါ့ပစ္စည်း “
ပယောဂအစွဲ၏စကားကြောင့် စိုးတင့်နိုင်လည်း မျက် လုံးပြူးမျက်ဆံပြူးဖြစ်သွားရလေသည်။
အကြောင်းမှာ စိုးတင့်နိုင်ငယ်စဥ်က မိဘများပင်မသိရဘဲ အထက်ဂိုဏ်းဆရာတစ်ဦးထံတွင် ဆေးပေါက်ဖူး၏။ နှုတ်ခမ်းတွင်တစက်၊ မျက်ခမ်းတွင်တစက်၊ ခါးစောင်းတွင်တစက် ထိုးနှံခဲ့သောဆေးတော်သည် အစိမ်းအဝါးမကပ်နိုင်ဟု ဆိုသဖြင့် ဆေးပေါက်ခဲ့ခြင်းဖြစ်သည်။
ယခု ထိုကိစ္စအား ပယောဂအစွဲကသိနှင့်နေပြီးဖြစ်၏။
“ ဒီပစ္စည်းလား “
စိုးတင့်နိုင်က ပယောဂမိစ္ဆာကောင်မြင်သာစေရန် ခါးပိုက်ထဲမှ`နှဲခရု`လေးအားထုတ်ယူပြီး မြင်သာအောင်ပြလိုက်လေသည်။
“ အေး ဟုတ်တယ် မနက်ဖြန်အာရုံမတက်ခင်နောက် ဆုံးထားပြီး နေရာတကျပြန်လာထားပါ။ မဟုတ်ရင် မင်းညီကိုသတ်ပစ်မယ် “
“ ကျုပ် ကျုပ် ညီကိုတော့မသတ်ပါနဲ့ဗျာ အခုချက်ချင်းပြန်လာထားပေးပါ့မယ် “
“ မင်းစကားနဲ့မင်းနော် မဟုတ်လို့ကတော့ ဟင်း ဟင်း`
“ ဟုတ် ဟုတ်ကဲ့ `
စိုးတင့်နိုင်လည်း ၎င်းကြောင့်ညီဖြစ်သူသေကိန်းဆိုက်ရတော့မည်မို့ ရှစ်ကြီးခိုးလျက်တောင်းပန်ကာ ကတိပေးလိုက်ရလေတော့သည်။ ထိုအခါ ပယောဂအစွဲသည်လည်း အောင်တင်ဝင်း၏ခန္ဓာကိုယ်မှ အသာတကြည်ထွက်ခွာသွားခဲ့လေသည်။ စိုးတင့်နိုင်တစ်ယောက် စန္ဒာမုနိဘုရားသို့သုတ်ခြေတင်ကာအပြေးတပိုင်းသွားရောက်ပြီး ၎င်းယူလာသော`နှဲခရု`လေးအား ရဟန္တာဂူထဲ၌ပြန်ထားခဲ့လေသည်။ အိမ်ပြန်ရောက်သောအခါ၌ လူလည်းကျဲသွားပြီး ညီဖြစ်သူအောင်တင်ဝင်းက အနေအထားမပျက်။ မိခင်ကြီးဒေါ်ဝိုင်းကတော့ ဒေါသူပုန်ထကာ စိုးတင့်နိုင်အားနောင်ကျဥ်အောင်ဆုံးမရန် ဝါးခြမ်းပြားကြီး
တစ်ချောင်းကိုင်လျက် စောင့်စားနေလေတော့သည်။
ကြိုက်နှစ်သက်ပါက Like & (💛) & Share
ပြုလုပ်၍ အသိအမှတ်ပြုခဲ့ပါ ။
#စာဖတ်သူများအားလေးစားလျက်
#ထီးတော်မိုး_အမရပူရ