ဆေးစက်ကျရာအရုပ်ထင်

Posted on

ဆေးစက်ကျရာအရုပ်ထင်(စ/ဆုံး)
———————————-

” ရှင်…..”

ကြားလိုက်ရသည့် သတင်းက မမြဝေနားထဲသို့ သံရေပူများ လောင်းချလိုက်သလိုပင်။ တစ်ဆက်တည်းတွင် ” ကိုပြန်လာရင် ညနေစာဆန်ဝယ်လာခဲ့မယ်နော် မိန်းမရေ” ဟူသည့် လင်ဖြစ်သူ ကိုလှမောင်၏ အသံက နားထဲတွင် ပဲ့တင်ရိုက်ခတ်နေသည်။

” သူ့ဆိုက်ကားကိုတော့ အပြင်ဆိုင်ပို့ပေးခဲ့တယ်နော်”

သတင်းလာပေးသူ ကိုသန်းနိုင်၏ စကားအဆုံးတွင် ခြံဝသို့ကားတစ်စီး ဆိုက်လာခဲ့သည်။ မမြဝေသည် အိမ်ပေါ်အပြေးပြန်တက်ကာ စောင်ပုခက်ထဲတွင် အိပ်ပျော်နေသည့် သားကို ကောက်ချီလိုက်သည်။ သားက ဘယ်တုန်းကတည်းက နိုးနေသည်မသိ။ မမြဝေကို မျက်လုံးဝိုင်းဝိုင်းကလေးများနှင့် ကြည့်နေလေသည်။

” အဖြစ်ဆိုးလိုက်တာ သားလေးရယ်”

သားကိုရင်ခွင်တွင် ပိုက်၍ ခြံထဲသို့ဝင်လာကြသည့် လူအုပ်ထဲသို့ ပြေးဆင်းခဲ့သည်။ ကပ်ဖြင့် သယ်ယူလာသည့် ကိုလှမောင်ရုပ်အလောင်းကို တွေ့ရသည့်အခါ မူးမိုက်သလိုဖြစ်ပြီး တစ်ချက်ယိုင်သွားသည်။ ဘေးမှ အမျိုးသမီးတစ်ဦးက ကလေးကို လက်ပြောင်းယူထားလိုက်သည်။

” အမလေး ကိုလှမောင်ရဲ့ ကျွန်မတို့သားအမိနှစ်ယောက်ကို ရက်ရက်စက်စက်ထားခဲ့ပြီလားတော့်”

ဆွေးရယ်မျိုးရယ်မရှိ လင်ရယ်မယားရယ် နှစ်ယောက်တည်းဘဝမှာ ခုတော့ အတောင်တစ်ဖက်ကျိုးခဲ့ရပြီ။ တစ်လအရွယ်သာရှိသေးသော သားလေးသည် မမြဝေကိုလှမ်းကြည့်ပြီး စီစီညံလျက်ငိုနေသည်။အလောင်းနားမှခွာ၍ သားကိုပြန်ချီကာ အိမ်ပေါက်ဝတွင်ထိုင်ပြီး နို့တိုက်လိုက်သည်။
သားသည် အငိုရပ်သွားလေ၏။

**********

” လက်ခံလိုက်ပါ မြဝေရယ်၊ လင်မရှိတဲ့ မယား၊ တံခွန်မရှိတဲ့ဘုရား၊ မတင့်တည်ဘူးတဲ့”

ဟိုလူကပြော ဒီလူကပြောနှင့် မမြဝေအတော့်ကို စဉ်းစားရခက်နေပါသည်။ ဟိုလူကစချင်ချင်၊ ဒီလူကပြောင်ချင်ချင်နှင့် အပြောခံရသောစကားတွေက နားထဲသို့ ပြေးဝင်လာသည်။ သို့သော် နောက်ထပ်အိမ်ထောင် ထပ်ပြုလိုစိတ် လုံးဝမရှိ။ ယခင်ကိုလှမောင်နှင့် ဆုံတွေ့စေခဲ့သည့် အလုပ်ကလေးကိုသာ ပြန်လုပ်မည်။ သားကိုလူတစ်လုံးသူတစ်လုံးဖြစ်အောင် မမြဝေတစ်ယောက်တည်း ရုန်းကန်နိုင်သည်။ အကူယောက်ျားမလိုအပ်ဟု ရဲရဲတင်းတင်းပင်တွေးပြီး ဆုံးဖြတ်ချက်ကို ပြတ်သားစွာချလိုက်သည်။

” ကျွန်မ ကော်စုပ်ကော်ပျက် သံတိုသံစတွေ ပြန်ကောက်မယ်အစ်မ၊ ကျွန်မနဲ့ ကိုလှမောင်က ဒီအလုပ်ကလေးလုပ်ရင်း ဆုံခဲ့ကြတာလေ၊ ကျွန်မနောင်အိမ်ထောင်မပြုချင်တော့ပါဘူးရှင်”

မမြဝေ သားကို နို့ဘူးနှင့်ဘေးအိမ်က ဒေါ်ကြီးစိန်ဆီအပ်ခဲ့ပြီး ထိုအလုပ်ကလေးကို ပြန်လုပ်ခဲ့သည်။ ညနေစောင်းလို့ အိမ်ပြန်ရောက်မှ သားနှင့်အလွမ်းသယ်ရသည်။ သွေးနုသားနုနှင့် အလေးအပင်တွေ ထမ်းရသည့် မမြဝေကို ဒေါ်ကြီးစိန်က သနားဂရုဏာပိုကာ ထမင်းဟင်းတွေ ပိုပိုသာသာဖြင့် ချက်ပေးထားတတ်သည်။ ညအိပ်လျှင်တော့ အိမ်ကုက်ကုက်ကလေးထဲတွင် သားအမိနှစ်ယောက်တည်း။ ဤသို့နှင့်သားလေး အခါလည်ကျော်အရွယ်သို့ရောက်လာခဲ့သည်။

” ဟင် ရှင်ဘယ်သူလဲ”

လမိုက်ည။ ရေနံဆီမီးခွက်ကလေးကို ငြိမ်းပြီး အိပ်ရာဝင်၍ အိပ်မောကျနေစဉ် တစ်စုံတစ်ဦး ခြင်ထောင်ထဲသို့ ဝင်လာသည်ကို သတိမထားမိလိုက်။ မိမိကိုယ်ပေါ်က စောင်ကိုဆွဲခွာလိုက်မှ ဖျတ်ခနဲနိုးလာသည်။ အိပ်မှုန်စုံပွားဖြင့် ဘာရယ်မသိ ကြောင်အမ်းနေဆဲ စူးရှသော အနံ့တစ်ခု နှာခေါင်းဆီသို့ လာရိုက်သည်။ အရက်နံ့ ချဉ်စုတ်စုတ်။ မိမိအပေါ်တွင် အုပ်မိုးထားကြောင်း သိရစဉ်တွင် ထိုလူက မိမိပါးစပ်ကို အမှောင်ထဲ၌ ဖိအုပ်ထားလိုက်သည်။

” အု အု အု”

တစ်ဖက်ဘေးမှ သားလေးကို စမ်းကြည့်မိတော့ မတွေ့ရ။ မမြဝေမျက်လုံးပြူးလျက် စိုးရိမ်သွားရသည်။ တစ်ချိန်တည်းတွင် ဒေါသသည် ခေါင်းအုံးအောက်က ဓားမြှောင်ဆီသို့ လက်နှိပ်ပြီးသားဖြစ်သွား၏။

” အား….”

ထိုလူလက်မောင်ကို ထိုးစိုက်လိုက်သည့်အချိန် ထိုလူ့ဆီမှ စူးရှသောအော်သံကိုကြားရသည်။ မမြဝေပါးစပ်ကို အုပ်ထားသည့်လက်လည်း လွတ်သွားသည်။ ထိုလူ ခြင်ထောင်ထဲမှ ပြေးထွက်သွားသည်။ ခေါင်းရင်းဘက် စင်ပေါ်တွင် တင်ထားသော ရေနံဆီမီးခွက်နှင့် မီးခြစ်ကိုယူကာ တုန်တုန်ချိချိဖြင့် ထွန်းလိုက်သည်။ ထို့နောက်သားကို ရှာလိုက်သည်။

” ဟင် အမေ့သားလေး”

သားသည်ခြင်ထောင်နှင့်သုံးတောင်လောက်အကွာတွင် တွေ့ရသည်။ ထိုလူသည်မည်သူနည်း။ ဘယ်အချိန်ကတည်းကရောက်ပြီး သားကို ရွေ့ထားခဲ့သနည်း။ သားကိုယ်တွင် ခြင်ကိုက်ရာတွေ တွေ့ရသည်။

” ဟေ့ကောင် မင်းဘာလုပ်တာလဲ”

ခြေရင်းဘက်အိမ်မှ ဒေါ်ကြီးစိန်၏ ယောက်ျားဦးသက်မောင်အသံကိုကြားရသည်။ သားကိုချီလျက် ပြတင်းပေါက်ကိုဖွင့်ကြည့်လိုက်သည်။ တစ်ဖက်ခြံထဲက ဓာတ်မီးရောင်အောက်တွင် ထိုလူကို မမြဝေမြင်လိုက်ရသည်။ အရက်သမားသန်းနိုင်။ သားနှင့်မယားနှင့်ဖြစ်သည်။ သည်လူ မိမိကိုမထိတထိစနေသည်မှာကြာခဲ့ပြီ။ မမြဝေမသိကျေးကျွန်ပြု၍ တိန်းရှောင်နေခဲ့ခြင်းဖြစ်၏။

” မြဝေသမီး တံခါးဖွင့်စမ်း”

ဒေါ်ကြီးစိန်အိမ်ရှေ့သို့ရောက်လာသည်။

” နင့်ဦးလေး အပေါ့ထသွားတာ ညည်းအိမ်ပေါ်က ယောက်ျားအော်သံကြားလို့ မသင်္ကာလို့စောင့်ကြည့်နေတုန်း နောက်ဖေးကနေ ဆင်းပြေးလာတဲ့ လူရိပ်တွေ့လို့ ဓာတ်မီးနဲ့ထိုးကြည့်ပြီး ဖမ်းထားလိုက်တာ”

” ဒေါ်ကြီးစိန်ရယ် အဟင့် အဟင့် ဟီး….”

ဒေါ်ကြီးစိန်ရင်ခွင်ထဲသို့ ခေါင်းအပ်ကာ မမြဝေရှက်ကြောက်အားငယ်စွာ ငိုချပစ်လိုက်သည်။ အကြောင်းစုံကိုလည်း ရှင်းပြလိုက်သည်။

” အဲဒါကြောင့်ပြောတာပေါ့ သမီးရဲ့ ၊ လင်မရှိ မုဆိုးမဆို လူတွေက သိပ်အထင်သေးချင်ကြတာ”

သည်လိုနှင့် မမြဝေကို ကမ်းလှမ်းထားသည့် ဘဝတူမုဆိုးဖို ကိုတင်ဖေနှင့် မမြဝေလက်ထပ်လိုက်ရသည်။ ကိုတင်ဖေမှာက သားထောက်သမီးခံမရှိ။ တစ်ကိုယ်ရည်တကာရ လက်သမားမို့ အနည်းငယ်ချောင်ချောင် လည်လည် ရှိသည်။ မမြဝေဘဝ ကော်ကောက်ခြင်းမှ ကျွတ်လွတ်ခဲ့ရပြန်ပါသည်။

*********

” ဟာ တကယ်ပြောတာနော် မိန်းမ”

” အင်းဆို”

သားလေးနှစ်နှစ်ခွဲလောက်မှာ ကိုတင်ဖေ့ရင်သွေးကို မမြဝေလွယ်ခဲ့ရလေသည်။

” ကို အလုပ်တွေ ပိုကြိုးစားရတော့မယ်ကွာ”

ကိုတင်ဖေက အလုပ်ကြိုးစားသည်။ မမြဝေကိုလည်း ရွှေတိုငွေစလေးတွေ ဆင်နိုင်ခဲ့သည်။ သို့သော် သည်ရင်သွေးကို လွယ်ပြီးသည့်နောက် မမြဝေ ကျန်းမာရေး ချူချာခဲ့သည်။ မကြာခဏ နေမကောင်းဖြစ်သည်။ တောဆရာဝန်ဖြင့် ဆေးထိုးနေရာမှ ထိုဆေးထိုးအပ်စိုက်ရာများက ပွိုင်စင်လိုက်ကာ ပေါင်တွင် အကြိတ်ကြီးတစ်ခု တည်းလာသည်။ ထိုအကြိတ်သည် ရှိရှိသမျှကို ထုခွဲရောင်းချ၍ ကုခဲ့ရသည်။ အကြိတ်ကိုခွဲထုတ်ပြီးဆယ်ရက်ခန့်အကြာ ဆေးရုံဆင်းရမည့်ညနေတွင် ကိုတင်ဖေရောက်မလာတော့။ ဒေါ်ကြီးစိန်တို့ လင်မယားသာ သားကိုချီ၍ ရောက်လာကြသည်။

” သမီး သက်သာလားဟင်”

” ဟုတ်သက်သာပါတယ် ဒေါ်ကြီးစိန်၊ ကိုတင်ဖေရောဟင်”

သားကိုလက်ပြောင်းယူလိုက်ရင်းက မမြဝေမေးလိုက်သည်။

ဒေါ်ကြီးစိန်တို့ လင်မယားမျက်နှာမှာ ပြိုမည့်မိုးလို အုံ့ဆိုင်းမဲမှောင်သွားသည်။ ဒေါ်ကြီးစိန်ဆီမှ မျက်ရည်မိုးများကို မြင်ရသည့်အခါမှာတော့ မမြဝေတုန်လှုပ်ကြောက်လန့်သွားရသည်။

” ဟုတ်လားဟင် ဒေါ်ကြီးစိန်၊ ကိုတင်ဖေရောလို့”

” သူ သူအမိုးပေါ်က ခြေချော်ကျပြီး”

” ရှင် သူ သူ ဘာဖြစ်သွားသေးလဲဟင်”

” သူဆုံးပြီသမီး”

” ရှင်…..”

ကံဆိုးရှာသူ မမြဝေကို ဒေါ်ကြီးစိန်က ဖက်၍ငိုသည်။ ဘေးကုတင်မှလူနာများ၊ နပ်စ်ကလေးများလည်း မျက်ရည်စို့လျက်အသနားပိုကြ၏။ ကိုတင်ဖေ နာရေးအတွက် ဆေးရုံထဲတွင်ငွေလေးကောက်ကာ ကူညီပေးကြသည်။ သေချင်းတရားကို မိဘနှစ်ပါးကနေစ၍ အခါခါ ရင်ဆိုင်ခဲ့ဖူးသည် မမြဝေကတော့ မျက်လုံးသေကြီးများဖြင့် ကျောက်ရုပ်သေကြီးလို အိမ်သို့ ပြန်လိုက်လာခဲ့သည်။

ဆေးရုံတက်နေစဉ်က ပြုစုစောင့်ရှောက်လုပ်ကိုင်ပေးခဲ့သော ကိုတင်ဖေ၏ ပုံရိပ်များက အသဲစိုင်တွင် ထင်ဟပ်ပေါ်လာကြသည်။ အိမ်သာမတက်နိုင်၍ မြေအိုးခံကာ ချေးကို နှိပ်ထုတ်ပေးခဲ့သည့် တကယ့်ကို ခင်ပွန်းကောင်းတစ်ယောက်။ မမြဝေဘဝက ဆေးရောင်စုံခဲ့ရပေသည်။

********

” သမီးအစစအရာရာ ဂရုစိုက်နော် ၊ သမီးမီးဖွားပြီးတဲ့အထိ နေချင်ပါတယ်၊ မင်းဦးလေးက တာဝန်နဲ့ပြောင်းရတော့လေ”

ပင်စင်ရခါနီး ကျောင်းအုပ်ကြီးမို့ ဦးသက်မောင်ကနယ်ပြောင်းရသည့်အခါ မမြဝေမှာ တိုးတိုးဖော်များ ၊ မိသားစုအရင်းများဆုံးရှုံးခဲ့ရသလိုပင်။ ဝမ်းပန်းတနည်း ငိုငြီးခြင်း၏ အဆုံးတွင် မမြဝေနှင့်သားလေသည် အိမ်ကလေးထဲတွင် ကျန်နေခဲ့ရသည်။ ဦးလေးမသွားခင်က အိမ်ကိုမိုးပေးခဲ့၍ သည်နှစ်မိုးကို မကြောက်ရသော်လည်း ဝမ်းစာကရှိသေးသည်။ ကျောင်းဆရာလစာလေးနှင့် ချို့ချို့ချန်ချန်စာသုံးနေရသည်မို့ ဒေါ်ကြီးစိန်တို့ကလည်း မမြဝေမထောက်ပံ့နိုင်ချေ။ သို့သော်အတူတူနေစဉ်က သားကိုဒေါ်ကြီးစိန်က ထိန်းပေးထားသဖြင့် မမြဝေက အဝတ်လျှော်၊ ကော်ကောက်အလုပ်ကို လွတ်လွတ်လပ်လပ်လုပ်နိုင်ခဲ့သည်။ သို့သော် ခုတော့…..။

” လာခဲ့စမ်းဟေ့ လောကဓံ ”

မမြဝေက ရဲရဲတင်းတင်းစိန်ခေါ်ကာ အံကိုတင်းတင်းကြိတ်၍ လောကုတ္တရာကို သရော်လှောင်ပြောင်ခြင်းအပြုံးနှင့် ပစ်ပေါက်လိုက်လေသည်။

အားလုံးကိုလေးစားချစ်ခင်လျက်
သုတညီ