ညအခင်း မြနှင်းနဲ့ ဆုံရင်ကွယ်

Posted on

***ညအခင်း မြနှင်းနဲ့ ဆုံရင်ကွယ်***(စ/ဆုံး)

———————————————–

“ဟော မောင်ရိုး။ ညကြီးမိုးချုပ်မှ သုတ်သုတ်သုတ်သုတ်နဲ့။ ဘာကိစ္စရှိလို့လဲကွ”

ည ၇နာရီခွဲလောက် တော်တော်ကြီး မိုးချုပ်ခါမှ မိမိအိမ်ကို ရောက်ချလာတဲ့ မောင်ရိုး ကို ဦးသာဒင်က မေးလိုက်ခြင်းပါ။

“ဘာကိစ္စမှ မရှိပါဘူး။ အမေက ကျွန်တော့်ကို ဦးလေးတို့အိမ် သွားအိပ်ချေ ဆိုလို့ ကျွန်တော် လာခဲ့တာပါ”

“ဟေ။ မင်း အမေက ငါတို့ အိမ်မှာ ဘာလို့ လာအိပ်ခိုင်းတာလဲ”။

“အဲဒါတော့ မသိဘူး ဦးလေး။”

“အေးကွာ ။ ကောင်းရော”

ဦးသာဒင်လည်း ဘေးမှာ ထိုင်နေတဲ့ ဇနီးဖြစ်သူ ဒေါ်‌ဖြူဥကို တစ်ချက်လှမ်းကြည့်တော့ ဇနီးဖြစ်သူက ကောင်းသည်၊ဆိုးသည် ဘာမှ မပြောဘဲ ငြိမ်နေတာ တွေ့ရတော့

‌”အေးကွာ။ မင်းအမေကမှ ဒီမှာ အိပ်လို့ ပြောရင်လည်း အိပ်ပေါ့ကွာ။ ဒါပေမယ့် တို့အိမ်မှာက အိပ်ရာက နှစ်နေရာပဲ ရှိတာ။ ငါတို့လင်မယား အိပ်ရာနဲ့ ငါ့သမီး မြနှင်းအိပ်ရာ။ အဲဒီတော့ မင်း မြနှင်း အိပ်ရာထဲ ၀င်အိပ်ပေါ့ကွာ။ နှစ်ယောက်ကြား ဖက်လုံးလေး ခြားအိပ်ကြပေါ့။”

“ဟုတ်ကဲ့။ ဦးလေး”

*******

ကိုရိုး မနက်လင်းလို့ နိုးလာတော့ မြနှင်းက အိပ်ရာထဲမှာ မရှိတော့ဘူး။ အလို မိုးတောင် အတော်စင်စင်လင်းနေပါရောလား။ အိပ်ရာထဲက ထခဲ့ပြီး မီးဖိုထဲသွားကြည့်တော့လည်း မြနှင်းကို မတွေ့။ အဲဒါနဲ့ မြနှင်းတို့ အိမ်ရှေ့ တံစက်မြိတ်က မိုးရေတွေ ခံထားတဲ့ စဉ့်အိုးကြီးထဲကနေ ရေတစ်ခွက်ခပ် မျက်နှာသစ်လိုက်တယ်။

မျက်နှာသစ်ပြီး ခြံထဲ ဆင်းလိုက်တော့ အိမ်ခေါင်းရင်း မြေကွက်အပိုမှာ ချဉ်ပေါင်၊ ရုံးပတီ၊ ဘူး၊သခွား၊ ငရုတ်၊ ပင်စိမ်းစတဲ့ သီးပင်စားပင်လေးတွေ စိုက်ထားတဲ့ စိုက်ခင်းထဲမှာ မြနှင်းကို တွေ့ရတယ်။ အပင်တွေကြား ငုတ်တုတ်ထိုင်ပြီး တလှုပ်လှုပ်နဲ့ အလုပ်လုပ်နေတဲ့ မြနှင်းရှိရာ သူသွားရင်း စိုက်ခင်းကို ကာထားတဲ့ ဒူးလောက်အမြင့် ဝါးလုံးတန်းခြံစည်းရိုးလေးနားရပ်ပြီး

” မြနှင်း”

သူခေါ်လိုက်တော့ မြနှင်းက လှည့်ကြည့်တယ်။

“ဪ ကိုရိုး နိုးပလား”

“အင်း နိုးပြီ။ မြနှင်း ဘာတွေ လုပ်နေတာ‌လဲ”
“ဒီမှာလေ စိုက်ခင်းထဲ ပေါင်းနည်းနည်း ထနေလို့ ပေါင်းရှင်းနေတာ”

“ငါလည်း ကူမယ်လေ။ လာခဲ့ရမလား”

မြနှင်းက တစ်ချက်မော့ကြည့်ပြီး ပြုံးတယ်။

“ရှင် မလာနိုင်ပါဘူး”

“ဘာ ၊ ဘာလို့ မလာနိုင်ရမှာလဲ”

“ဘာလို့လဲဆိုတော့ အဲဒီခြံစည်းရိုးကို ရှင်ကျော်န်ုင်မှာမှ မဟုတ်တာ”။

“ဘာရယ်၊ ဒီခြံစည်းရိုး နိမ့်နိမ့်လေးကို ငါက ဘာလို့ မကျော်နိုင်ရမှာလဲ”

“ဟုတ်တယ်လေ။ ဘာမဟုတ်တဲ့ ဖက်လုံးလေးကိုတောင် မကျော်နိုင်တာ။ ဒီခြံစည်းရိုးကို ရှင်ဘယ်လို ကျော်နိူင်မလဲ။”

“ဟာကွာ”

မြနှင်းရဲ့ စကားအဆုံး ကိုရိုးလည်း ခြံစည်းရိုးကို ၀မ်းသာအားရ ခုန်ကျော်လိုက်ပါတယ်။

*******

“ဝုန်း”

“ဟာ ဟေ့ကောင် ကိုရိုး။ ဘယ်လိုဖြစ်တာလဲကွာ။ နေ့လယ်ခင်းကြီး အိပ်တာများ ကုတင်ပေါ်က ပြုတ်ကျအောင် အအိပ်ကြမ်းရသလားဟ”

ကိုရိုးလည်း ကိုမြကြီးအမေးကို ပြန်မဖြေဘဲ ကုတင်ပေါ်က ပြုတ်ကျတဲ့ အရှိန်ကြောင့် နာသွားတဲ့ သူ့နဖူးသူပွတ်ရင်း အိပ်မက်ကို ပြန်တွေးပြီး ပြုံးစိစိ လုပ်နေလိုက်တယ်။

“ဟေ့ကောင် ကုတင်ပေါ်က ပြုတ်ကျတာများ ပြုံးနေနိုင်သေးသလားဟ”

“ကျုပ် အိပ်မက်မက်နေတာဗျ။ အိပ်မက်ထဲမှာ မြနှင်းနဲ့ အတူအိပ်ရတာ။ ကြားထဲ ဖက်လုံးလေး ခြားပြီး။ အဲဒါကို ဖက်လုံးကို မကျော်နိုင်လို့ ခြံစည်းရိုးကိုလည်း ကျော်နိုင်မှာမဟုတ်ဘူးလို့ မြနှင်းက ပြောတာဗျ။ အဲဒါ အိပ်မက်ထဲ ခြံစည်းရိုးခုန်ကျော်လိုက်တာ အပြင်မှာ အရှိန်လွန်ပြီး ကုတင်ပေါ်က ပြုတ်ကျတာဗျ။ အဲဒါတွေးပြီး ရယ်နေတာ။”

“ဟေ မင်းက အပြင်မှာ အဖြစ်မရှိရုံနဲ့ အားမရလို့ အိပ်မက်ထဲထိပါ ဒူရသလားဟ။ မင်းဒီလောက် “အ”ပုံမျိုးနဲ့ဆိုရင် မြနှင်းလည်း မင်းကို မစောင့်နိုင်လို့ အခြားလင်ယူသွားလိမ့်မယ်”

အတွေ့အကြုံရှိ၊ လူရည်လည် ကာလသားခေါင်း ကိုမြကြီးရဲ့ စကားကိုလည်း ကိုရိုး ပြန်မချေပတော့ ။ နဖူးကိုသာ တွင်တွင်ပွတ်ရင်း အိပ်မက်အကြောင်းပြန်တွေးရင်း ပြုံးလို့သာ နေပါတော့တယ်။

********
အပြင်မှာ မိုးက ရွာနေလိုက်တာ သည်းကြီးမည်းကြီး။ တစ်မိုးလုံးပြိုကျတော့မလား ထင်ရလောက်အောင်ပင်။ ခြံထဲမှာလည်း ရေတွေက တဖြည်းဖြည်း ပြည့်လာပြီ။ မိုးကလည်း တော်တော်နဲ့ တိတ်မယ့်ပုံ မပေါ်သေး။ မြနှင်းတို့ အိမ်ရှေ့တံစက်မြိတ်က စဉ့်အိုးကြီးကလည်း မိုးရေတွေ ပြည့်ရုံမက ထပ်လက်မခံနိင်တော့လို့ လျှံလန်နေပြီ။ မိုးတင်မက လေကလည်း ပါသေးသမို့ အိမ်ရှေ့ဧည့်ခန်းထဲက တန်းလျား အစွန်းမှာ ထိုင်နေတဲ့ ကိုရိုးမျက်နှာနဲ့ ပခုံးတွေဆီကို မိုးစက်မိုးပေါက်တွေ လာလာ ထိစင်ရိုက်ခတ် နေတယ်။

“ကိုရိုး မိုးပက်တယ်။ ဒိုးကိုတီ”

တစ်ဘက်စွန်းမှာ ထိုင်နေတဲ့ မြနှင်းက တစ်ခုခု ပြောလိုက်လို့ ကိုရိုး လှည့်ကြည့်လိုက်တယ်။
မြနှင်းက ထပ်ပြောတယ်။

“ဒိုးကိုတီ”

“ဟင်၊ ဘာပြောတာလဲ မြနှင်း”

“ဪ ကိုရိုးကလည်း၊ ဒိုးကိုတီ လို့”

မြနှင်း ပြောတာ သူနားမလည်။ မြနှင်းကလည်း ပြောပြီး ပြုံးစိစိလုပ်နေတယ်။ ကိုရိုး နေရာက ထပြေးချင်စိတ် ပေါက်လာတယ်။ ဟိုမှာ သူတစ်ဘက်သက် ချစ်ရတဲ့မြနှင်းက သူ့ကို တစ်ခုခု ပြောတယ်။ အဲဒီတစ်ခုခုကို သူက နားမလည်ဘူး။ ဘယ်လောက်ရှက်ဖို့ကောင်းလိုက်လဲ။ ချက်ချင်းပဲ ကိုမြကြီးဆီပြေးပြီး မြနှင်း ပြောတာ ဘာလဲ မေးလိုက်ချင်လှတယ်။ ရွာထဲကို ကိစ္စရှိလို့ ထွက်လာရင်း မြနှင်းတို့အိမ်နားရောက်မှ မိုးရွာလာလို့ ခဏ မိုး၀င်ခိုနေတဲ့ ကိုရိုး။ အိမ်ထဲမှာ မြနှင်း အဖေ ဦးသာဒင်နဲ့ အမေ ဒေါ်ဖြူဥတို့ မရှိ။ မြနှင်းတစ်ယောက်တည်း ရှိနေချိန်မို့ ချစ်ရသူ မြနှင်းနဲ့ တစ်မိုးအောက်မှာ မိုးအတူတူ ခိုနေရပါလားဆိုပြီး ကြည်နူးနေတဲ့ ကိုရိုး။ ခုတော့ မြနှင်း ပြောတာ နားမလည်လို့ ထွက်ပြေးချင်စိတ် ပေါက်ပြီး

“မိုးရယ် မြန်မြန်တိတ်ပါတော့” လို့ ဆုတောင်းနေရပြီ။

အတော်ကြာတော့ မိုးလေး ခပ်ဖွဲဖွဲအနေအထား စဲသွားတာနဲ့ ကိုရိုးလည်း ကိုမြကြီးဆီ သုတ်ခြေတင် ထွက်လာခဲ့လိုက်တော့တယ်။

*******

“ဟားဟားဟား။ ကိုရိုးရယ်။ ” အ ” ပါ့ကွာ။ မင်းလောက် “အ “တဲ့ နုံ တဲ့သူ ဒီကမ္ဘာမှာ မရှိတော့ဘူး။ သေလိုက်ပါတော့ကွာ”

ကိုရိုးမှာ သူ့ဘာသာတစ်ယောက်တည်းပြော၊ တစ်ယောက်တည်း အူတက်အောင် ရယ်နေသော ကိုမြကြီးကို အူကြောင်ကြောင်ကြည့်ရင်း

“ကိုမြကြီး။ ဘာရယ်စရာပါလို့ အဲလောက် ရယ်နေတာလဲဗျ။ ကျုပ်က ဒီမှာ မြနှင်းပြောတာ နားမလည် လို့ ခင်များကို လာမေးပါတယ်ဆိုမှ ခင်ဗျားက ရယ်နေတယ် အရေးထဲ”

“အေး မင့် နုံပုံ၊ ဒူပုံက ရယ်စရာကောင်းလို့ပေါ့ကွာ။ ဒါနဲ့ ပြန်ပြောစမ်းပါဦး။ မြနှင်းက မင်းကို ဘာပြောတာ”

“ဒိုးကိုတီ တဲ့”

“အေး ဒိုးကိုတီ ဆိုတာ ဒီကိုတိုးဆိုပြီး စကားလိမ်နဲ့ ပြောင်းပြန်ပြောတာကွ။ မင်းကို သူ့ဘက်ကို တိုးထိုင်ခိုင်းတာ။ မင်းကို အခွင့်အရေးပေးတာ။ မြောင်းဖောက်တာလေကွာ”

“ဟာ အဲလိုလားဗျ။ ဟုတ်သားပဲ။ ကျွန်တော် မစဉ်းစားမိလိုက်ဘူး။ “အ”လိုက်တာဗျာ။ ခင်များပြောလည်း ပြောချင်စရာပဲ”

“အေး မင်းကိုတော့ ဒီတိုင်း လွှတ်ထားလို့ မရတော့ဘူး။ ဒီလောက်အပုံ နုံပုံနဲ့ ကြာရင် မြနှင်း သူများနောက်ပါသွားလိမ့်မယ်။ မင်းကို ငါကိုယ်တ်ုင် သင်ပေးမှ ဖြစ်တော့မယ်”

“လုပ်ပါဦးဗျာ။ ကျွန်တော် ဘယ်လိုလုပ်ရမှာလဲ”

“အေး ခုပုံအတိုင်းဆို မြနှင်းကလည်း မင်းကို ကြိုက်နေတယ်။ မင်းက ရိုးလွန်းအားကြီးတာလည်း သူသိတယ်။ မင်းဘက်က မစလို့ သူက စတော့လည်း မင်းက အရိပ်အကဲနားမလည်ဘူး။ အဲဒီတော့ မင်းသူ့ကို မြန်မြန်ဖွင့်ပြော”

“အာ ကျွန်တော် အဲလို တည့်တိုးကြီး မပြောရဲဘူးဗျ”

“ဟင် ဘာမပြောရဲတာလဲ”

ပြောပြောဆိုဆိုနဲ့ ကိုမြကြီးက လက်ထဲက ဆေးလိပ်ပြာခွက်နဲ့ ကိုရိုး နဖူးကို ဒေါင်ခနဲ မြည်အောင် ကောက်ထုလိုက်တယ်။

“မပြောရဲလို့ မရဘူး။ ပြောရမယ်။ ဒီနေ့ လဆန်း ၁၂ရက်ဆိုတော့ နောက်သုံးရက်နေရင် လပြည့်ပြီ။ လပြည့်‌ညကျရင် မင်း မြနှင်းတို့အိမ်ကို သွားပြီး ဖွင့်ပြောရမယ်။ ပြောရမယ့်စကားတွေ ငါမင်းကို သင်ပေးလိုက်မယ်။ အေး ပြောမလာခဲ့လို့ကတော့ ဟောဒီမှာ ဆေးလိပ်ပြာခွက် ကြည့်ထား”

ဆိုပြီး ကိုရိုးကို ဒေါင်ခနဲနေအောင် တစ်ချက်ထပ်ခေါက်လိုက်တယ်။

ကိုရိုးလည်း သူ့နဖူးသူပွတ်ရင်း

“အဲဒီညကျ သူတို့အိမ်သွားပြီး ကျွန်တော်က ဘာလုပ်ရမှာလဲ။ ပြောပါဦး”

“အေး အဲဒီညကျ လပြည့်ညဆိုတော့ လမင်းကြီးက သာနေလိမ့်မယ်။ အဲအခ်ျန်မှာ စကားပြောရင်း
“မြနှင်းရယ် ကြည့်ပါဦး လမင်းကြီးက အေးမြတဲ့ အလင်းရောင်တွေ ကမ္ဘာပေါ်ကို ဖြန့်ကျက်ပေးနေ တယ်နော် ” လို့ ပြော”

“အင်း ပြီးတော့ရော”

“ပြီးတာနဲ့ လမင်းကြီးက အဲဒီလို အလင်းရောင်တွေ ပေးနေသလို ကိုရိုးရင်ထဲက အချစ်လရောင်ခြည်ကလေးတွေကလည်း မြနှင်းအတွက် ဖြန့်ကျက်ပေးနေတာပါ လို့ပြော။ အဲဒီမှာ မြနှင်း ကြွေဆင်းသွားလိမ့်မယ်”

“ဟာ မိုက်တယ်ဗျာ။ ပြီးတော့ရော ဘာဆက်ပြောရမလဲ။”

“အေး ဆက်ပြောဖို့က မင်းက မြနှင်းကို အိမ်ရှေ့ ခေါ်သွားရမယ်။ မြနှင်းတို့အိမ်ရှေ့မှာ ဘာရှိလဲ ဟေ့ရောင်”

“အမ် သူတို့အိမ်ရှေ့မှာလား။ ဟို ဟို မြက်ပင်တွေ ရှိတယ်”

အဲလောက်တုံးရသလားဟ”

“ဒေါင်”

ဆေးလိပ်ပြာခွက်နဲ့ ကိုရိုးနဖူးနဲ့ မိတ်ဆက်ပြန်တယ်။

“လိ မြက်ပင်ပါ့လား။ စဉ့်အိုးကြီးဟ စဉ့်အိုးကြီး မမြင်ဘူးလား”

“ဪ အင်း အင်း။ ဟုတ်တယ်။ စဉ့်အိုးကြီး ရှိတယ်။ အဲဒီစဉ့်အိုးကြီးနဲ့ ကျွန်တော်ပြောရမှာနဲ့ ဘာဆ်ုင်လဲ။”

“ဆိုင်ပါသကောဟ။ မြနှင်းကို စဉ့်အိုးကြီးဆီ ခေါ်သွား။ စဉ်းအိုးထဲကို ကြည့်ခိုင်း။ စဉ့်အိုးထဲ ဘာရှိလဲ ဟေ့ကောင်”

“အင်း စဉ့်အိုးထဲမှာ ၊ စဉ့်အိုးထဲမှာ ရေတွေရှိမယ်ထင်တယ်”

“အမယ် ထင်တယ် လုပ်နေသေးတယ်။ ရေရှိတာပေါ့ဟ။ အဲရေထဲမှာ လရိပ်က ပေါ်နေလိမ့်မယ်။ ရေထဲက လရိပ်ကို ပြပြီး လမင်းကြီးက မိုးပေါ်မှာလည်း ရှိတယ်။ ရေထဲမှာလည်း ရှိတယ်။ ရေထဲက လရိပ်က အတုအယောင်နော်။ ဒါပေမယ့် ကိုရိုးရဲ့ အချစ်ကတော့ မြနှင်းအတွက် နှစ်ခုမရှိ၊ အတုမရှိတဲ့ အချစ်ပါကွယ်လို့ ပြော။ မြနှင်း မင်းကို ချစ်ကြောင်း ပြန်မဖြေရင် ငါ့လည် လာဖြတ်ဟေ့ကောင်။ အေး ငါပြောသလိုမလုပ်ဘဲ သောက်တလွဲလုပ်လာလို့ကတော့ ဆေးလိပ်ပြာခွက်ကြည့်ထား”

*******

လပြည့်ည။ ကောင်းကင်မှာ လမင်းကြီးက ရွှန်းစို၀င်းဝါပြီး တစ်ရွာလုံးပေါ် လရောင်တွေ လွှမ်းခြုံထားတယ်။ လရောင်အောက်မှာ ရှင်းရှင်းလင်းလင်း မြင်‌ေနရတဲ့ မြနှင်းရဲ့ မျက်နှာကြည်ကြည်လေးက လရောင်လိမ်းကျံထားလို့ ၀င်း၀င်းဖန့်ဖန့်လေးနဲ့ လှရက်‌ေနလိုက်တာ။

ကိုမြကြီး သင်ပေးလိုက်တဲ့ စကားတွေကို သုံးရက်လုံးလုံး ကျက်ထားတဲ့ ကိုရိုး ခုညတော့ မြနှင်းကို အပီအပြင် ဖွဲ့နွဲ့ပြီး ရည်းစားစကား ပြောလိုက်တော့မယ်။

တကယ့်တကယ် ပြောရတော့မယ်ဆိုတော့ ကိုရိုး ဒူးတုန်လာသလိုပဲ။ မပြောလို့က မဖြစ်ဘူး။ မျက်စိထဲမှာ ကိုမြကြီးရဲ့ ဆေးလိပ်ပြာခွက်ကို မြင်ယောင်လာတယ်။ ပြောမှဖြစ်မယ်။

“မြနှင်း”

သူအရဲစွန့်ပြီး ခေါ်လိုက်တော့

“ရှင် ကိုရိုး”

ဗု‌ဒ္ဓေါ ။ မြနှင်း ပြန်ထူးခါကျမှ ကျက်ထားတဲ့စကားတွေ မေ့ကုန်ပြီဟ။ စဉ်းစားစမ်း စဉ်းစားစမ်း။

“ကိုရိုး ပြောလေ”

မြနှင်းက မေးနေပြီ။ စဉ်းစားစမ်း။ ကိုမြကြီး သင်ပေးတဲ့ စကား။ မိုးပေါ်ကို မော့ကြည့်လိုက်မိတော့ လ ကိုမြင်လိုက်မှ သတိရသွားပြီး

“လမင်းကြီးကလည်း သာလိုက်တာနော်”

ဟာ သောက်တလွဲတော့ ထွက်ပြီဟ။

“အင်း လသာတော့ ဘာဖြစ်လဲ ကိုရိုးရဲ့”

မြနှင်းက ပြုံးစိစိနဲ့ ပြန်မေးတယ်။

ကိုရိုးလည်း စလိုက်တဲ့ စကားတစ်ခွန်းမှားလိုက်တာနဲ့ နောက်ဟာတွေပါ ဘာဆက်ပြောရမှန်း မသိလို့ ဟိုဟိုဒီဒီ မျက်လုံးဝေ့ကြည့်လိုက်တော့ လရောင်အောက်မှာ ရွှန်းစိုပြောင်လက်နေတဲ့ စဉ့်အိုးကြီးကို တံစက်မြိတ်အောက်မှာ အခန့်သား ထိုင်နေတာ မြင်လိုက်ရမှ စကားဆက်ဖို့ရသွားပြီး

“စဉ့်အိုးကြီးကလည်း ပြောင်လိုက်တာနော်”

“အင်း စဉ့်အိုးကြီး ပြောင်တော့ ဘာဖြစ်လဲ။”

သွားပြီ ။ လုံး၀ကို အဆီအငေါ်မတည့်တာတွေ၊ မထူးတော့ဘူးကွာ။ ဖြစ်ချင်တာဖြစ်တော့။

“လမင်းကြီးကလည်း သာလို့။ စဉ့်အိုးကြီးကလည်း ပြောင်လို့။ အဲဒီတော့ နင့်ကို ငါချစ်တယ်ဟာ”

“အို ကိုရိုးကလည်း”

မြနှင်းလည်း အနှစ်နှစ်အလလက ဖွင့်ပြောလာဖို့ စောင့်ခဲ့ရတဲ့ လူရိုးကြီး ကိုရိုးက ပြောမယ့်ပြောတော့လည်း တဲ့တိုးဘွင်းဘွင်းကြီး ပြောချလိုက်တော့ ရှက်သွားပြီး ခေါင်းလေးအသာငုံ့လို့ ဘာမှ ပြန်မပြောဘဲ ငြိမ်နေတယ်။

“မြနှင်း”

“ရှင်”

“ဒိုးကိုတီ လို့ ပြောဦးလေ”

“အို ကိုရိုး ။ ခုကျတော့လည်း တတ်လှပါလား သွား”

ချစ်သူနှစ်ဦးရဲ့ ကြည်နူးရွှင်ပျ ရယ်မောသံလေးတွေကြောင့် လမင်းကြီးလည်း ကမန်းကတန်း တိမ်စိုင်ထူထူတွေထဲ ပြေးပုန်းလိုက်ရပါတော့တယ်။

(၀န်ခံချက်။ ။ ဒီ၀တ္တုတိုလေးက ကျွန်မကိုယ်ပိုင်ဉာဏ်နဲ့ ရေးတာမဟုတ်ပါဘူး။ လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်၀န်းကျင်လောက်တုန်းက လစဉ်ထုတ် မဂ္ဂဇင်းတစ်ခုမှာ ပါခဲ့တဲ့ ၀တ္ထုကောင်းလေး တစ်ပုဒ်ပါ။ ဇာတ်လမ်းနာမည်ရော၊ မြနှင်း နဲ့ ကိုရိုး ဇာတ်ကောင်နာမည်တွေရောကို မူရင်းစာရေးဆရာ ပေးထားတဲ့အတိုင်း အလွတ်ရနေဆဲမို့ ပြန်ပေးထားပါတယ်။ ၀တ္ထုအဲဒီတုန်းက ကြိုက်လွန်းလို့ ခဏခဏ ဖတ်ခဲ့ပြီး အလွတ်ရနေခဲ့တာပါ။ မဂ္ဂဇင်းနာမည်နဲ့ စာရေးဆရာနာမည်ကို မမှတ်မိတော့တာကြောင့် နောက်ပိုင်းမှာ ပြန်ဖတ်ချင်ပေမယ့် ဖတ်ခွင့်မကြုံတော့ပါဘူး။

နှစ်ပေါင်း နှစ်ဆယ်လောက်ထိ နှလုံးသားထဲ စွဲစွဲမြဲမြဲကျန်နေအောင် ရေးသားခဲ့တဲ့ မူရင်းစာရေးဆရာကို ကိုယ်မှတ်မိသလောက်လေး ပြန်ရေးပြပြီး ဂါရ၀ပြုလိုက်ပါတယ်ရှင့်။ အဲဒီမူရင်း ၀တ္ထုကို ဖတ်ဖူးသူများရှိရင် မန့်ခဲ့ပေးပါနော်။ မူရင်းစာရေးဆရာ ဖတ်မိရင်လည်း ဆရာ့ရဲ့ ပရိသတ်တစ်ယောက်က နှစ်တွေ ဒီလောက်ကြာတဲ့အထိ ဆရာ့လက်ရာကို သတိရနေဆဲပါဆိုတာ သိစေချင်ပါတယ်။ ၀မ်းမြောက်ပါ ဆရာ။

စာဖတ်သူတို့ကို ရသအပြည့်အ၀ မပေးနိုင်ခဲ့ရင် တစ်ဆင့်ပြန်ရေးပြတဲ့ ကျွန်မရဲ့ လိုအပ်ချက်ပါရှင်။)

#တနင်္ဂနွေနှင်းဆီ