တစ်ခါကကျောက်မှော်ည(စ/ဆုံး)
——————————-
မုံရွာမြို့က,တဆင့် ဖောက်လုပ်ထားသော ယင်းမာပင်အကျော် မြန်မာ-အိန္ဒိယ အဝေးပြေးလမ်းမကြီးမှ သွေဖည်သွားသော လမ်းချိုးတစ်ခုသို့ ထိုးဆင်းသွားမည်ဆိုလျှင် ထိုတလျှောက်တွင် ရွာငယ်ကလေးများ အစီအရီ ရှိနေပါသည်။ အကယ်၍ ၎င်းကျေးရွာလေးများအား ထပ်မံ ကျော်လွန်သွားမည်ဆိုပါက အဆုံးတွင် ချင်းတွင်းမြစ်ကြီးဆီ ရောက်ရှိသွားမည် ဖြစ်ပြီး၊ အဆိုပါ မြစ်ကြီးကို အမှီပြု တည်ထောင်ထားသော ကျောက်မှော်အမည်ရ ရွာကြီးတစ်ရွာကိုလည်း တွေ့မြင်ကြရလိမ့်မည် ဖြစ်၏။
တစ်ခေတ်,တစ်ခါက မုံရွာနှင့် ယင်းမာပင်အား ကန့်သတ် ပိုင်းခြားထားသည့် ချင်းတွင်းမြစ်ကြီးကို ဆက်သွယ် ဆောက်လုပ်ထားသော မြစ်ကူးတံတားကြီး မရှိသေးမီ ကာလကမူ အိန္ဒိယသို့ တိုက်ရိုက်ပေါက်သည့် အဝေးပြေးလမ်းမကြီးဟူသည်လည်း ဖြစ်ပေါ်မလာခဲ့သေးပေ။
ထိုစဥ်က မုံရွာမြို့၏ တစ်ဘက်ကမ်း၊ ယင်းမာပင်တလျှောက်သည် လမ်းပန်းဆက်သွယ်ရေး ခေတ်မီတိုးတက်မှု မရှိသေးခြင်းကြောင့် ကုန်သွယ်စီးပွားရေးများ ပြုလုပ်ရာတွင် မော်တော်ကားများအစား ဖောင်၊ လှေ၊ ရှပ်ပြေး၊ ဘုတ်၊ ဇက် အစရှိသည့် ရေယာဥ်များကိုသာ အသုံးပြုကြရပြီး၊ ယင်းကာလများသည် ကျောက်မှော်ရွာ၏ ရွှေထီးဆောင်းခဲ့သည့် အချိန်များဟု ဆိုနိုင်လေသည်။ အဘယ်ကြောင့်ဆိုသော် ထိုအချိန်က ချင်းတွင်းမြစ်၏ နံဘေးရှိ ကျောက်မှော်ရွာသည် ကုန်တင်,ကုန်ချ ပြုလုပ်ကြရသော အချက်အချာကျရာ ရွာကြီးတစ်ရွာ ဖြစ်ခဲ့ဖူးခြင်းကြောင့်ပင်။
ထိုကြောင့်ပင် ကုန်သည်များ အခြေစိုက်ကြရသည့် ကျောက်မှော်ရွာကြီးသည် အတိတ်တစ်နေရာ၌ စည်ကားဖူးပြီး ဒေသခံ ကျေးရွာတိုင်းလိုလို၏ အားပြု အားထားရာ နေရာကောင်းတစ်ခုလည်း ဖြစ်ခဲ့ဖူးလေသည်။ သို့သော် ချင်းတွင်းမြစ်ကူးတံတားကြီး ဆောက်လုပ်လိုက်ပြီးနောက်တွင် ကျော်မှော်ခမျာ လူသူအရောက်အပေါက် နည်းပါးရာ ရွာကြီးတစ်ရွာအဖြစ် ခြောက်သယောင်းစွာ ကျန်ရစ်ခဲ့ချေတော့၏။
အထက်တွင် ဖော်ပြခဲ့သည့် ကျောက်မှော်ရွာကြီးဆီသို့ လွန်လေပြီးသော သက္ကရာဇ် ၂၀၀၆ ခုနှစ်ခန့်က ကျွန်တော်နှင့်အတူ ညီအစ်ကိုဝမ်းကွဲ တော်စပ်သူတို့ ရောက်ရှိဖူးခဲ့ကြ၏။ အကြောင်းအရင်းမှာ ထိုနှစ်မတိုင်မီက တက္ကသိုလ်ဝင် စာမေးပွဲကြီး ကျရှုံးခဲ့ကြသော မိမိတို့ ညီအစ်ကိုနှစ်ဦးအား နှစ်စဥ် အောင်ချက် ကောင်းလှသည့် ‘လင်းလက်’ အမည်ရ ဘော်ဒါဆောင်တွင် ပညာသင်ကြား လေ့ကျင့်နေစေရန် လူကြီး,မိဘများက အပ်နှံ စေလွှတ်ခဲ့ကြခြင်းကြောင့် ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ကျွန်တော်တို့ မရောက်ရှိမီ နှစ်အတန်ငယ်က အစ်ကိုဝမ်းကွဲ တစ်ဦးကို ဆွေမျိုးသားချင်းများမှ အဆိုပါ စာသင်ဝိုင်း၌ အလျင်ဦးစွာ စေလွှတ် ဖြေဆိုစေကြည့်ရာ တက္ကသိုလ်ဝင်တန်း စာမေးပွဲကြီးအား ပြီးမြောက် အောင်မြင်စွာ ဖြေဆိုနိုင်ခဲ့ခြင်းကြောင့်ပင်။ ဤသို့ စစ်ကိုင်းတိုင်း၏ ချောင်ကျလှသည့် အရပ်က ကျောက်မှော်ရွာရှိ လင်းလက်ဘော်ဒါဆောင်သို့ ကျွန်တော်တို့ ရောက်ရှိလာရခြင်း အခြားအကြောင်းအရင်းများလည်း ရှိသေး၏။
ထိုသည်မှာ ကျောက်မှော်ရွာနှင့် မိုင်ဆယ်ချီ၍ ကွာလှမ်းသော အဝေးပြေးလမ်းမကြီး တစ်နေရာရှိ ချောင်းမအမည်ရ ကျေးရွာသည် မိခင်ဘက်က အဘွားဖြစ်သူ၏ ဇာတိချက်ကြွေ ဖြစ်သောကြောင့် ယင်းဒေသရှိ ဆွေမျိုးများနှင့် သိကျွမ်း ရင်းနှီးလိုခြင်း၊ အညာမြေ၏ ဒေသန္တရ ဗဟုသုတများလည်း ကြွယ်ဝကြလိုခြင်းကြောင့်ပင်။
ဤသို့ဖြင့် မွန်းကြပ်လှသည့် မြို့ပြမှ ခေတ္တရုန်းထွက်ကာ မြန်မာနိုင်ငံ အထက်ပိုင်းရှိ ဆိတ်ငြိမ်သုခဘုံလေး၌ တက္ကသိုလ်ဝင်တန်းပညာ သင်အံကြားလျက် ရှစ်လတာမျှ ကျွန်တော်တို့ နေထိုင်ခဲ့ကြခြင်း ဖြစ်၏။
မှတ်မှတ်ရရ ထိုစဉ်က ကျောက်မှော်အပါအဝင် ကျေးလက်အညာ ဒေသတဝှမ်းတွင် လျှပ်စစ်မီးများ သွယ်တန်း ဖြန့်ကြက်နိုင်စွမ်း မရှိသေးသဖြင့် ညအချိန် ရောက်သည်နှင့် သွားလေရာ၌ မှောင်နှင့်,မည်းမည်း ရှိနေတတ်၏။ ထို့အပြင် တောရွာတို့၏ ဓလေ့ထုံးစံအတိုင်း ည ၇ နာရီသို့ ရောက်ပြီဆိုလျှင် လူခြေတိတ်ပြီလည်း ဖြစ်၍ ညဉ့်နက်သည်အထိ စည်ကားနေတတ်သည့် မြို့ကြီး,ပြကြီးများနှင့် အလျဉ်းတူညီမှု မရှိပေ။
ထိုကြောင့်ပင် ညဆိုသည်နှင့် ကိုးတန်း၊ ဆယ်တန်း ကျောင်းသားများ၏ စာကျက်သံများ၊ ညပိုင်း စာသင်ကြားရာတွင် မဖြစ်မနေ လိုအပ်သည့် ဘတ္တရီအိုးဖြင့် ထွန်းဖွင့်ရသော မီးလုံး,မီးချောင်းများ၏ အလင်းရောင်များဖြင့် အသက်ဝင်နေသော ‘လင်းလက်’ ဘော်ဒါဆောင်လေးမှအပ တစ်ရွာစလုံးသည် အမှောင်ထုတွင် ဆိတ်ငြိမ်လျက်သာ ရှိနေသည်။
ထိုသို့ နေထိုင်လာကြရင်းဖြင့် သုံးလကျော်မျှ အကြာ၊ ညတစ်ညတွင် ဖြစ်သည်။ အဆိုပါ ညက ကျွန်တော်တို့ တက္ကသိုလ်ဝင်တန်း အဆောင်သူ,အဆောင်သားများသည် ရက်သတ္တပတ်အတွင်း ပြုလုပ်မည့် လပတ်စာမေးပွဲအတွက် ကြိုတင် လေ့ကျင့်နေခဲ့ကြ၏။ ထိုစဉ်က ကျွန်တော်တို့ စာစုလုပ်ကြရသည့် နေရာမှာ လူဆယ့်ငါးယောက်ခန့် ဘယ်,ညာ ခွဲထိုင်နိုင်မည့် ဧည့်ဆောင်ခန်းက စားပွဲခုံတန်း အရှည်ကြီးတွင် ဖြစ်သည်။
နေဝင်ရီတရောကတည်းက အတန်းချိန်,တစ်ချိန် ပြီးသည်နှင့် ညစာ စားသုံးကြပြီးနောက် စာတန်းလုပ်နေကြရသော ကျွန်တော်တို့သည် ည ၇ နာရီသို့ ရောက်လတ်သောအခါ ပျင်းပျင်းရိရိ ရှိလာကြ၏။ သို့နှင့် အတူတကွ စာသင်ကြားလာကြရာ သုံးလကျော် ကာလတွင် အဆောင်သူ,အဆောင်သားများမှာ တစ်ဦးနှင့်,တစ်ဦး ညီအစ်ကို,မောင်နှမသဖွယ် ခင်မင်,ရင်းနှီးနေကြပြီ ဖြစ်သောကြောင့် ထွေရာလေးပါး ပြောကြားမိကြလေသည်။
သို့နှင့် လူငယ်များပီပီ ကျွန်တော်တို့ စကားဝိုင်းက တောင်ရောက်,မြောက်ရောက် ရှိနေပြီးနောက် တစ္ဆေသရဲအကြောင်းသို့ ရောက်ရှိလာခဲ့၏။
“ဟိုတလောက ရွာနောက်ပိုင်းက အပျိုကြီးတစ်ယောက် သရဲ ဝင်အပူးခံရတာ နင်တို့ သိပြီးကြပြီလား”
ကနီသား တစ်ယောက်က ကျွန်တော်တို့ ယောက်ျားလေးများနှင့် မျက်နှာချင်းဆိုင်တွင် ခွဲထိုင်ကြရသော မိန်းကလေးများဘက်သို့ ကြည့်လျက် တမင် အသံမြှင့်ပြီး လှမ်းပြောလိုက်ခြင်း ဖြစ်သည်။
“ဟယ်၊ ဟုတ်လား။ အဲဒီကိစ္စ ငါတော့ မသိသေးဘူး။ ဘယ်လို ဖြစ်လို့တုန်း”
ထိုအကြောင်းကို စိတ်ဝင်စားသွားကြသော မိန်းကလေးများဘက်က ယာကြီးသူ တစ်ဦးက သိချင်ဇော,ပြင်းစွာ ထမေးလိုက်၏။
“ငါတို့ ကြားရတာက ဒီလိုဟ… အဲဒီအပျိုကြီးက ငါတို့ ဒီဘော်ဒါဆောင်နဲ့ သိပ်မဝေးတဲ့ ရွာအပြင်,သင်္ချိုင်းမှာ တစ်ရွာသား သူ့ရည်းစားနဲ့ သွားချိန်းတွေ့ပြီး အပြန်မှာ သရဲက ကပ်လိုက်လာတာတဲ့”
ထမံသီဘက်က လာတက်သော ယောက်ျားလေး တစ်ယောက်က ဝင်ပြောလိုက်ခြင်း ဖြစ်သည်။
ထိုအခါ သရဲအကြောင်း အစပျိုးခဲ့သူ ကနီသားက ၎င်းပြောမည့် စကားကို လုအပြောခံလိုက်ရသဖြင့် အောင့်သက်သက် ဖြစ်ကာ မျက်စောင်းတစ်ချက် ပစ်ထိုးလိုက်၏။
“အမယ်လေးဟယ်… ချိန်းစရာ,နေရာ အဲဒီလောက် ရှားရသလား။ ဒါနဲ့ သရဲက သူ့နောက် ဘာလို့ လိုက်လာတာတဲ့လဲ။ လိုက်မယ့်,လိုက် သူ့ရည်းစား,နောက် လိုက်တာ မဟုတ်ဘူး”
ချောင်းမသူ တစ်ဦးမှ နေမထိ,ထိုင်မသာ ထ၍ ပြောလိုက်ခြင်းပင်။
“ဪ… ပြောပါ့မယ်ဟဲ့၊ ဘယ်လို ဖြစ်လို့ အတင်းဝင်လု ပြောနေကြတာတုန်း”
ကနီသားက စိတ်မရှည်တော့ဟန် ဝင်ဟန့်လိုက်သည်။
ထိုနောက် သူအစပျိုးခဲ့သည်ကို သူပင် ဆက်ပြောမည့် ဟန်ပြင်လိုက်စဉ် တစ်ချိန်လုံး ငြိမ်နေခဲ့သူ ကျွန်တော်က ကောက်ခါ,ငင်ခါ ယခုလို ထပြောလိုက်ပါတော့၏။
“အဲဒီအပျိုကြီး,နောက်ကို သရဲက ဘာလို့ လိုက်လာသလဲဆိုတော့ သူ့ရည်းစားနဲ့ သင်္ချိုင်းထဲ သွားချိန်းတွေ့ချိန်က ခါတိုင်းလို မဟုတ်ဘဲ နွားရိုင်းသွင်းချိန်ကြီး။ အဲဒါကိုမှ သူက အိမ်က ထွက်လာကတည်းက ဆံပင်စည်းဖို့ မေ့ပြီး ဆံပင်ဖားလျား ချလာမိတယ်။ ရှေးဆိုရိုးအရ သိတဲ့အတိုင်းပဲ၊ ညနေစောင်းရင် ဆံပင်ဖားလျား ချပြီး အပြင်မထွက်သင့်ဘူးမလား။ အဲဒီလို ထွက်မိရင် လမ်းတကာမှာ ရှိတဲ့ နာနာဘာဝတွေကို ဖိတ်ခေါ်သလို ဖြစ်တတ်တယ်တဲ့။ ပြီးတော့ သူသွားခဲ့တဲ့ နေရာကလည်း ကြည့်ဦး။ အဲဒါကြောင့် သင်္ချိုင်းထဲက သရဲက သူ့ကို အလျဉ်းသင့်တော့ ကပ်လိုက်လာနိုင်တဲ့ သဘောပေါ့။ ဒီလိုနဲ့ ချိန်းတွေ့ရာက ပြန်လာပြီး ခြံရှေ့ဝလဲ ရောက်ရော သရဲက ဝင်ပူးပြီး အိမ်ထဲ ခပ်တည်တည်နဲ့ ကောက်ဝင်သွားတယ်။ ပြီးတော့ သင်္ချိုင်းထဲမှာ အမဲသားစိမ်း သူ့လာကျွေးရင် ကျွေး၊ မကျွေးရင် ဘာပြုမယ် ညာပြုမယ်နဲ့ မိသားစုကို ပြဿနာ,ရှာတယ်”
ကျွန်တော် ဆက်ပြောသည်။
“ဒါပေမယ့် မိသားစုက အမဲသားစိမ်း ကျွေးမယ့်အစား ဗိန္ဒောဆရာ ပင့်ပြီး ဆေးကြိမ်လုံး ကျွေးလိုက်တယ်။ ဒီတော့မှ သရဲကလည်း နောင်ကြဉ်ပြီး ဘယ်သူ့ဆီကမှ ခုလို အစာမတောင်းတော့ပါဘူး ဘာဘူး ကတိပေးပြီး ဗိန္ဒောဆရာ တိုက်တဲ့ သစ္စာရေကို မသောက်ခင်မှာ နောက်ဆုံး အစာတောင်းတဲ့အနေနဲ့ ငါးအစိမ်းလောက်တော့ လာကျွေးလှဲ့ပါ ပြောပြီး ပြန်သွားခဲ့လေရဲ့။ အဲဒီတော့ သင်္ချိုင်းထဲမှာ ငါးအစိမ်းတွေ သွားကျွေးလိုက်ကြတယ်။ သရဲကလဲ ထပ်မနှောင့်ယှက်တော့ပါဘူး။ ဒါပေမယ့်…”
“ဒါပေမယ့် ဘာဆက်ဖြစ်သလဲ”
ကျွန်တော်က စကားစ တမင်ဖြတ်လိုက်သဖြင့် တွင်းတောင်သူ တစ်ဦးက နေမထိ,ထိုင်မသာ ထမေးလာခြင်းပင်။
“အပျိုကြီး သင်္ချိုင်းသွားရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး တစ်ရွာသားနဲ့ ချစ်ကြိုက်နေကြောင်းကို စည်းကမ်းကြီးတဲ့ သူ့မိဘက ရိပ်မိသွားလို့ နှစ်ဦးသား လမ်းခွဲလိုက်ကြရတယ်တဲ့။ ဆိုတော့ အပျိုကြီးကလည်း ဒင်းကြောင့် ငါ,လင်မရတော့ဘူး ဆိုပြီး သင်္ချိုင်းမှာ သရဲကို ဆဲရေးတိုင်းထွာပြီး ပတ်ကြမ်းသွားတိုက်တော့တာပဲ။ အဲဒီမှာ သရဲကလည်း ကြောက်လန့်ပြီး အပျိုကြီးအမေကို တောင်းတောင်းပန်ပန်နဲ့ အိပ်မက် လာပေးသွားတယ်၊ သင်္ချိုင်းကနေ သူ,နေရာပြောင်းပြီတဲ့။ ကဲ…”
ဇာတ်ကြောင်းကို ဤသို့ ကျွန်တော်က အဆုံးသတ်လိုက်သောအခါ စက္ကန့်အနည်းငယ်မျှ ငြိမ်သက်သွားကြသည်။
“ဟယ်… တကယ်ကြီး။ ခစ် ခစ် ခစ်”
“ငါတို့က ကြောက်ရမယ် မှတ်နေကြတာ။ နင်တို့ဟာက ရယ်ချင်စရာကြီး”
“အစပိုင်းတွေကတော့ ဟုတ်ပါတယ်။ နောက်ပိုင်းတွေက မင်းဟာ,မင်း လျှောက်ဖြည့်ပြောလိုက်တာပါ။ ငါ မရယ်ချင်ဘူးကွာ။ ဟက် ဟက် ဟက်”
မိန်းကလေးများနှင့် အခြားသူများ ထရယ်လိုက်ကြသော်လည်း ကနီသား သူငယ်ချင်းကတော့ ကျွန်တော့်ကို ကြောင်ကြည့်၍ နေ၏။ သူက ကြောက်လန့်စေရန် ရည်ရွယ်၍ ဖြစ်စဉ်အမှန်ကို လေးနက်စွာဖြင့် တင်ပြလိုသော်လည်း ကျွန်တော်က သူ့အစား ဝင်လု,ပြောပြီး အရွှန်းထည့်ဖောက်သဖြင့် ဟာသစကားဝိုင်း ဖြစ်သွားခဲ့သောအခါ ကျွန်တော်က အားတုံ့အားနာ မျက်နှာပေး လုပ်၍ လှမ်းချော့လိုက်ရသည်။ ထိုအခါကျမှ သူကပါ တွေးတွေးပြီး လိုက်ရယ်တော့၏။
“ဒါနဲ့ နင်တို့က ဒီအကြောင်းကို ဘယ်လိုလုပ်ပြီး သိတာလဲ။ တို့အဆောင်မှာ ဒီရွာသားတွေလဲ မရှိပါဘူး။ အဆောင်ကနေ နင်တို့ အပြင်ခိုးထွက်ကြပြန်ပြီမလား။ မှန်မှန်ပြော”
ကလေးမြို့သူ တစ်ဦးက တွေးတွေးဆဆဖြင့် ဝင်ပြောလိုက်ခြင်း ဖြစ်သည်။
သူ၏ အသံမှာ အတန်ငယ် ကျယ်သဖြင့် ကျွန်တော်တို့ ယောက်ျားလေးများ ထိတ်လန့်သွားကြရ၏။
“ဟာ… ဟဲ့၊ တိုးတိုးပြောစမ်းပါ။ ဟိုမှာ ဆရာ ထိုင်နေတာ မမြင်ဘူးလား။ ကြားသွားရင် ငါတို့ ဆော်ပလော် အတီးခံနေရမယ်”
ကျွန်တော်နှင့် တစ်ဝမ်းကွဲ တော်စပ်သူက အသံကို နှိမ့်ပြီး လှမ်းသတိပေးလိုက်ခြင်းပင်။
သို့နှင့် ကျွန်တော်တို့လည်း သူညွှန်ပြရာ လှမ်းကြည့်လိုက်ကြရာ အဆောင်ပိုင်ရှင်ဖြစ်သူ ဆရာဦးဖိုးကျော်သည် မိမိတို့နှင့် မလှမ်းမကမ်းရှိ သူ၏ စာကြည့်စားပွဲခုံတွင် ထိုင်ကာ နောက်တစ်ရက်တွင် သူသင်ကြားရမည့် စာများကို ထုတ်နုတ် ရေးမှတ်လျက် ရှိနေသည်ကို တွေ့ရှိလိုက်ကြရသည်။ စကားကောင်းနေခဲ့ကြသဖြင့် မည်သည့်အချိန်ကတည်းက ထိုနေရာသို့ ဆရာ ရောက်ရှိနေသည်ကို ကျွန်တော်တို့ မသိလိုက်ကြချေ။
ဆရာသည် ယေဘုယျအားဖြင့် လူပျော်တစ်ဦး ဖြစ်သော်လည်း ၎င်းကိုယ်တိုင် ဦးစီးနေရသော ‘လင်းလက်’ ဘော်ဒါဆောင်၏ အရေးနှင့် ပတ်သက်လျှင် အတိမ်းအစောင်း မခံဘဲ စည်းကမ်း တင်းကြပ်လှသူ ဖြစ်၍ ကျွန်တော်တို့ အားလုံးမှ ကြောက်လန့်ကြရ၏။ ထိုကြောင့် ကျွန်တော်တို့ ယောက်ျားလေးများ အပြင်သို့ အလှည့်ကျ ခိုးထွက်၍ ဗွီဒီယိုရုံသို့ သွားခြင်း၊ လက်ဖက်ရည်ဆိုင် ထိုင်ခြင်းများကိုသာ သိရှိသွားခဲ့ပါမူ အနေအစား တယ်မချောင်လှပေ။
စကားပြောနေကြရာက တိတ်ဆိတ်သွားသော ကျွန်တော်တို့သည် ထိုင်နေရာက ဆရာ ထလာသဖြင့် မိမိတို့၏ စာအုပ်များအား ဆတ်ခနဲ ကောက်ဆွဲလျက် စာပြန်လုပ်လိုက်ကြသည်။ ထိုအချိန် မိမိတို့ဘက် ဦးတည် လျှောက်လာသည့် ဆရာ့ခြေသံကို ကျွန်တော်တို့ ကြားလိုက်ကြရသဖြင့် ကျွန်တော်တို့ ယောက်ျားလေးများ စာလုပ်ချင်ယောင် ဆောင်နေရင်း ရင်ထိတ်လာကြပြီး ဘုရား,တရား တနေမိကြ၏။
သို့သော် ကျွန်တော်တို့၏ ဆုတောင်းက မပြည့်ဝနိုင်ဟန်ဖြင့် အနီးအနားတွင် ဆရာက လာရောက် ရပ်တန့်လိုက်သည်။ ပြီးလျှင် သူသောက်နေကျ ဆေးပြင်းလိပ်ကို ပါးစပ်ဖျားတွင် တေ့ခဲပြီး ဂတ်(စ်)မီးခြစ်ဖြင့် မီးညှိလိုက်သည့် အသံကို ကျွန်တော်တို့ ကြားရ၏။ ကြည့်ရသည်မှာ အဆောင်ပြင်သို့ ခိုးထွက်သည့် ကိစ္စ ကြားသွားပုံ ရပြီး ကျွန်တော်တို့ကို အပြစ်ပေး ဆုံးမဖို့ရန် ဆရာ့အနေဖြင့် အရှိန်ယူနေပုံ ရသည်။
“အေးကွာ…”
ဆရာ့ထံက စတင် ထွက်ပေါ်လာသည့် စကားသံကြောင့် ကျွန်တော်တို့ စာကျက်နေသံများ ရုတ်တရက် ငြိမ်ကျသွား၏။
“စောနက မင်းတို့ ပြောခဲ့ကြတဲ့ အနောက်ရွာက အပျိုကြီးကို သရဲက ဝင်ပူးပြီး အမဲသား တောင်းတဲ့ ကိစ္စ ကြားရတော့ ဆရာနဲ့အတူ ဒီက ရွာသားတစ်ဦး ကြုံခဲ့ဖူးတဲ့ အဖြစ်အပျက်တစ်ခုကိုတောင် ပြန်ပြောင်း သတိရမိတယ်”
ထင်မှတ်သည့်နှယ် မဟုတ်ဘဲ ဆရာ့ဆီက ဆက်လက် ထွက်ပေါ်လာသည့် စကားကြောင့် ကျွန်တော်တို့ အံ့အားသင့်သွားကြသည့်အပြင် စိတ်လည်း အေးသွားကြရသည်။ ထိုနောက် ဆရာပြောပြတော့မည့် သူ၏ အတွေ့အကြုံကို အလွန်တရာ စိတ်ဝင်စားလာကြ၏။
“သမီးတို့တော့ သိပ်သိချင်နေကြပြီ ဆရာ”
“ဆရာဖြင့် မပြောရသေးဘူး၊ ကျောတောင် ချမ်းလာပြီဟေ့”
“ငါ့လက်ဖျံတွေလဲ ကြည့်ဦး၊ ကြက်သီးမွေးညင်းတွေကို ထလို့”
“ဘယ်လို ကြုံခဲ့ကြရတာလဲ ဆရာ။ လုပ်ပါ”
ဆရာ့ထံ တပြိုင်နက်တည်း ဝိုင်းမော့ကြည့်လျက် တစ်ယောက်,တစ်ပေါက်ဖြင့် ကျွန်တော်တို့ ပြောမိလိုက်ကြသည်။
ထိုအခါ ဆရာက အေးအေးလူလူ အနေအထားဖြင့်ပင် သူ၏ ဆေးပြင်းလိပ်ကို မီးစ ရဲခနဲ,တောက်အောင် တစ်ချက်မျှ ရှိုက်ဖွာကာ မီးခိုးငွေ့များကို အတန်းလိုက် မှုတ်ထုတ်လိုက်ပြီး စကား စတော့မည်,ဟန် ပြင်နေစဉ် အပြင်ဘက်က လှမ်းခေါ်သံတစ်ခု ထွက်ပေါ်လာ၏။
“ဖိုးကျော်ရေ… ဟေ့၊ ဖိုးကျော်”
အသံရှင်သည် အဘိုးအိုတစ်ဦး ဖြစ်ပုံ,ရပြီး အသံလာရာက ကျွန်တော်တို့ စာလုပ်နေရာ ဧည့်ဆောင်ခန်း၏ ရှေ့တည့်တည့်ရှိ အဆောင်အဝင်ပေါက် ခြံတံခါးဝဆီမှ ဖြစ်သည်။
ထိုစဉ်က ကျေးလက်အညာ အဆောက်အဦ ဖွဲ့စည်း တည်ဆောက်မှုအရ ဧည့်ဆောင်ခန်းနှင့် ခြံတံခါးကြား နံရံစည်း မခြားထား၍ တစ်ဆက်တည်းလို ဖြစ်နေလေရာ အပြင်ဘက်သို့ ကျွန်တော်တို့ တိုက်ရိုက် လှမ်းမြင်နိုင်ကြ၏။ သို့သော် ခြံအပြင်ပိုင်း၌ မီးလုံး မတပ်ဆင်ထားသဖြင့် အမှောင်ထုက ကြီးစိုးနေသောအခါ မည်သူ,မည်ဝါမှန်း အလျဉ်းမမြင်နိုင်ကြဘဲ ရှိနေလေသည်။ ထိုကြောင့်ဟု ထင်၊ ကျွန်တော်တို့ အားလုံး ဆရာ့အမည် လှမ်းခေါ်သူအား လှမ်းကြည့်လိုက်ကြသော်လည်း ခပ်ရေးရေး အရိပ်ကလေးမျှပင် မတွေ့ရှိကြရပေ။ ခြံဝမှ မဟုတ်ဘဲ ရှေ့လမ်းမပေါ်က လှမ်း၍ ခေါ်လိုက်ခြင်းကြောင့် ဖြစ်နိုင်ကောင်း၏။
သို့နှင့် ဆရာက ခြံအပြင်ဘက်သို့ မျက်မှောင်ကြုတ်ပြီး ကြည့်လျက်သား လျှောက်လှမ်းသွားလိုက်သည်။ ပြီးလျှင် ဆရာသည် ခြံတံခါးအကျော်သို့ မတိုး,မကျယ် အသံဖြင့် စကားအချို့ လှမ်းပြောနေသည်ကို ကျွန်တော်တို့မှ တွေ့ရှိကြရ၏။
တအောင့်ကြာလျှင် ဆရာသည် နှုတ်ဆက်သံနှင့်အတူ လက်တစ်ဖက်ကို အတန်ငယ် ဝေ့ပြရင်း ကျွန်တော်တို့ စာကျက်ဝိုင်းသို့ ပြန်လည် လျှောက်လှမ်းလာခဲ့သည်။ ထိုနောက် ဆရာက…
“ရွာမြောက်ပိုင်းက အဘနီဆိုတာပေါ့။ သူက ဆရာ့တပည့်ဟောင်း နေကိုလတ်ရဲ့ အဘိုးလေ။ ဒီအချိန်ကြီးကျမှ ဆရာတို့ အပိုင်းက သူ့ညီမအိမ် သွားလည်ချင်လို့ဆိုပြီး တစ်ကိုယ်တည်း ထွက်လာလေရဲ့။ သူနာမကျန်းဖြစ်နေတာ တစ်လလောက် ကြာပြီ။ ခုတော့ သူ့ကြည့်ရတာ ပြန်နလန်ထူသွားပုံ ရတယ်” ဟူ၍ ခြံတံခါးအဝသို့ လှည့်ကြည့်,ကွက်ကြည့် ပြုရင်း တွေဝေနေဟန် ပြော၏။
“ဆရာ… စောနက အကြောင်းလေး ဆက်ပါဦး”
မိမိဆရာ၏ ကိုယ်တွေ့ဖြစ်ရပ်ကို အလွန်တရာမှ စိတ်ဝင်စားနေသူ ကျွန်တော်က စောင့်မျှော်နေရသည်ကို စိတ်မရှည်တော့ဟန် ပြောချလိုက်ခြင်း ဖြစ်သည်။
ထိုအခါ ဆရာက…
“အေးပါဟ ငါ့ကောင်ရ၊ ခုပဲ ပြောပြတော့မလို့ဟာ။ မင်းတို့ ရန်ကုန်သားတွေဆိုတာကလေ တယ်လဲ စပ်စုနိုင်တဲ့ ကောင်တွေ” ဟူ၍ ခွန်းတုံ့ပြန်လိုက်သဖြင့် ကျွန်တော်တို့ အားလုံး သဘောကျစွာ ဝိုင်းရယ်မိလိုက်ကြ၏။
ယင်းနောက် ဆရာက စကား အစချီတော့မည့်,ဟန် လည်ချောင်းတစ်ချက် ရှင်းလိုက်သဖြင့် ကျွန်တော်တို့လဲ အပ်ကျသံပင် ကြားရလောက်အောင်ပင် ဆိတ်ငြိမ်သွားခဲ့ကြပါသည်။
ပြီးလျှင် ဆရာသည် သူ၏ အတွေ့အကြုံဟောင်းအား ဤသို့ ပြန်ပြောင်း ပြောပြပေတော့၏။
လွန်လေပြီးသည့် နှစ်အနည်းငယ်၏ တစ်ရက်သော မနက်တွင် ဆရာဦးဖိုးကျော်သည် မုံရွာမြို့သို့ တက်ရန် အကြောင်းတစ်ခု ဖန်လာသည်။ အကြောင်းမှာ နယ်ဝေး ကျောင်းသူ,ကျောင်းသား မိဘများမှ လစဉ် ရှင်းရမည့် အဆောင်လခအပါအဝင် ၎င်းတို့ သားသမီးများအတွက် မုန့်ဖိုးများကို မြို့ပေါ်ရှိ ဘဏ်တစ်ခုကတဆင့် လှမ်းလွှဲပေးမည် ဖြစ်ခြင်းကြောင့်ပင်။ ထိုကြောင့် အရုဏ်မတက်မီ အိပ်ရာ,ထကာ မော်တော်ဆိုင်ကယ်ဖြင့် ဆရာ,တစ်ကိုယ်တည်း ထွက်လာသည်။ ကျောက်မှော်ရွာနှင့် မုံရွာမြို့မှာ မိုင် (—) မျှ ရှည်လျားသည့်အတွက် ထိုအချိန် စထွက်ပါမှ ဘဏ်ဖွင့်ချိန်အမီ မုံရွာမြို့သို့ ရောက်ရှိနိုင်မည် ဖြစ်၏။
ပုံမှန်ဆိုလျှင် ထိုကိစ္စကို မိမိအဆောင်မှူးကို ခိုင်းနေကျ ဖြစ်သော်လည်း မြို့ပေါ်ရှိ ရောင်းရင်းတချို့ထံ သွားရောက် လည်ပတ်လို၍ ဆရာကိုယ်တိုင် သွားခြင်း ဖြစ်၏။
ဤသို့ဖြင့် နာရီအနည်းငယ်မျှ အကြာတွင် မုံရွာမြို့ပေါ် ဆရာ,ရောက်ရှိလာသည်။ ထိုနောက် ဆရာသည် ရုံးဖွင့်ချိန် မနက် ၉ နာရီ ထိုးသည်အထိ သူ,ငွေထုတ်ယူရမည့် ဘဏ်အနီးဝန်းကျင်ရှိ လက်ဖက်ရည်ဆိုင် တစ်ခုတွင် မနက်စာ မှာစားရင်းဖြင့် ထိုင်စောင့်နေလိုက်၏။ ပြီးလျှင် ဘဏ်တွင် ငွေလွှဲများ လက်ခံလိုက်ပြီးနောက် မိမိအဆောင်အတွက် လိုရ,မယ်ရ ပစ္စည်းအချို့အား လိုက်လံ,ဝယ်ခြမ်းသည်။
ဤသို့ဖြင့် ဆရာသည် သူငယ်ချင်းတစ်ဦး,အိမ်သို့ ဆိုင်ကယ်ကို ဦးတည် မောင်းနှင်လာခဲ့၏။ သို့နှင့် ကားမှတ်တိုင်တစ်ခုရှေ့က ဖြတ်သန်းလာစဉ်…
“ဟာ၊ ဆရာ,ကိုဖိုးကျော်။ ဗျို့ ဆရာ,ကိုဖိုးကျော်” ဟူသော လှမ်းအော်ခေါ်သံကို ကြားလိုက်ရလေသည်။
ကြားကြားချင်းပင် ဆရာကလည်း ဆိုင်ကို အရှိန်လျှော့ချ၍ ရပ်တန့်လိုက်ပြီး အတန်ငယ်မျှ လှမ်းကျန်ခဲ့သော ကားမှတ်တိုင်ဘက် လှည့်ကြည့်မိ၏။
ထိုအခါ ကားမှတ်တိုင်ရှိ လူအုပ်ထဲက မိမိထံသို့ လက်လှမ်းပြရင်း ခပ်သုတ်သုတ် လျှောက်လှမ်းလာနေသော အမျိုးသားတစ်ယောက်ကို တွေ့မြင်လိုက်ရသည်။
“ဟင်၊ စိုးဝင်းနိုင်ပါလား”
အသေအချာ အကဲခတ်လိုက်ပြီးနောက် မိမိတို့ ကျောက်မှော်ရွာသား တစ်ဦးမှန်း သတိထားမိသွား၍ ထိုသို့ ဆရာ ရေရွတ်မိခြင်း ဖြစ်၏။
“မတွေ့ရတာ ကြာပြီနော် ဆရာ။ နေကောင်းရဲ့လားဗျ”
အနီး,မရောက်မီတွင် ကိုစိုးဝင်းနိုင်က ပြုံးစစဖြင့် လှမ်း၍ ပြောသည်။
“အေး၊ ဒေါင်ဒေါင်မြည်ပါပဲကွ။ အခု ဘာလုပ်နေလဲ။ အရင် အလုပ်ပဲလား”
ဆရာကလည်း ပြုံးရွှင်စွာဖြင့် ပြောလိုက်၏။
“ဟုတ်တယ် ဆရာ၊ အရင် အလုပ်ပါပဲဗျ။ ဒါနဲ့ ဆရာက အခု ဘယ်လာတာလဲ”
ကိုစိုးဝင်းနိုင်သည် မုံရွာမြို့ပေါ်ရှိ သားသတ်ရုံတစ်ခုတွင် လုပ်ကိုင်ရင်း အဆောင်,ငှားနေသူ ဖြစ်သည်။ ထိုကြောင့် ကျောက်မှော်ရွာသို့ တစ်ခါတရံမှသာ ပြန်လာတတ်၏။
“ဘဏ်မှာ ငွေလွှဲ,လာထုတ်တာပေါ့။ အခုက သူငယ်ချင်းတစ်ယောက်အိမ် ကြုံတုန်း ဝင်လည်ဦးမလို့။ ပြီးရင် ရွာပြန်မယ်”
“ဟုတ်၊ ကျွန်တော်လည်း ရွာပြန်မလို့ ကားစောင့်နေတာ ဆရာ။ ကျွန်တော့် ဆိုင်ကယ်က ဝပ်ရှော့ ပို့ထားရတာဆိုတော့”
“ဪ၊ ဒါများ ငါ့ဆိုင်ကယ်နဲ့ပဲ လိုက်ခဲ့လေကွာ။ သူငယ်ချင်း,အိမ်တော့ ခဏဝင်ဦးမယ်။ အချိန်ရတယ်မလား”
“ကျေးဇူးပါ ဆရာ။ ရွာအလည် ပြန်ရုံဆိုတော့ ထွေထွေထူးထူး ဘာကိစ္စမှ မရှိပါဘူး။ အချိန်လည်း ရပါတယ်”
“အေး၊ ဒါဆို တက်လေ”
ထိုအခါ ကိုစိုးဝင်းနိုင်က ကျေးဇူးတင်စကား ထပ်မံ ပြောဆိုပြီး ပစ္စည်းထည့်သည့် ဆိုင်ကယ်,ရှေ့ခြင်းထဲသို့ သူ၏ တစုံတရာ ထုပ်ပိုးထားသော ကြွပ်ကြွပ်အိတ် အနှောက်တစ်လုံးကို လှမ်းထည့်ပြီး ဆိုင်ကယ်,နောက်ခုံပေါ်တွင် တက်ခွ,ထိုင်လိုက်သည်။
သို့နှင့် ကိုစိုးဝင်းနိုင်ကို အတူတင်ဆောင်ရင်း မုံရွာမြို့စွန် တစ်နေရာရှိ သူငယ်ချင်း၏ နေအိမ်ဆီသို့ ဆရာက ဦးတည် မောင်းနှင်ခဲ့၏။
ထိုအိမ်သို့ ရောက်လျှင် သူငယ်ချင်းဖြစ်သူက မဆုံဖြစ်သည်မှာ ကြာပြီဖြစ်သော ဆရာ့အား ဖက်လဲတကင်း ကြိုဆိုလေသည်။ ပြီးလျှင် ဆရာတို့သည် ရှေးဟောင်းနှောင်းဖြစ်များ ပြောဆိုခဲ့ကြရင်းက နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး အခြေအနေများကိုပါ ဆက်လက် ဆွေးနွေးဖြစ်ကြပြန်လေရာ စကားဝိုင်းမှာ အရှိန်မသတ်နိုင်အောင် ရှိနေလေတော့၏။
သို့ကြောင့်လည်း နေ့လယ်စာကို အိမ်ရှင်ဖြစ်သူ သူငယ်ချင်းကပင် ကျွေးမွေး ပြုစုခဲ့ပြီး လက်ဖက်ရည်ဝိုင်းကိုလည်း သစ်ရိပ်,ဝါးရိပ် ကောင်းမွန်သည့် ခြံဝင်းအတွင်းမှာ တည်ပေးခဲ့ပြန်သည်။
ဤသို့ဖြင့် တမေ့တမော စကားကောင်းနေခဲ့ကြရာ ညနေစောင်းလုချိန်ပင် ရောက်မှန်း,မသိ ရောက်ရှိလာခဲ့၏။
“ဆရာ… စကားဖြတ်ပြောတာ မဟုတ်ဘူးနော်။ နေဝင်တော့မယ်ဆိုတော့ ရွာပြန်ရောက်ချိန် အရမ်းမိုးချုပ်နေမှာစိုးလို့”
နေ့လယ်စာ စားသုံးကြပြီးချိန်ကတည်းက ထမင်းဆိပ် တက်ကာ ခြံဝင်းအတွင်းက ကွပ်ပျစ်တစ်ခုပေါ်တွင် လဲလျောင်း အိပ်စက်နေခဲ့သော ကိုစိုးဝင်းနိုင်က ယခုအခါမှ အိပ်မှုန်စုံမွှား နိုးထလာပြီးနောက် လက်ပတ်နာရီကို တစ်ချက် ငုံ့ကြည့်လိုက်ပြီး ဆရာတို့ သူငယ်ချင်းနှစ်ဦး၏ စကားဝိုင်းသို့ လာပြောလိုက်ခြင်း ဖြစ်သည်။
“ဟာ… ဟုတ်ပါ့။ နှစ်ယောက်သား စကားကောင်းနေကြတာနဲ့ ပြန်ရမယ့် အချိန်ကိုတောင် မေ့နေရောပဲဟေ့။ ကဲ… သူငယ်ချင်းရေ၊ အဲဒီတော့ ငါတို့ ပြန်ကြရတော့မယ်။ နောက်တစ်ခေါက်ကျမှပဲ အေးဆေး ဆက်ဆွေးနွေးကြသေးတာပေါ့”
သူငယ်ချင်းဖြစ်သူကို နှုတ်ဆက်လိုက်ပြီးနောက် ဆရာတို့လည်း ထိုနေရာမှ ထွက်ခွာလာခဲ့ကြ၏။
အလောသုံးဆယ် ဆန်သော ဆရာ၏ ထိန်းကျောင်း မောင်းနှင်မှုဖြင့် မော်တော်ဆိုင်ကယ်သည် မုံရွာမြို့ပြင်သို့တိုင် ရောက်ရှိလာပြီး ချင်းတွင်းမြစ်ကူးတံတားကြီးကိုပင် ဖြတ်ကျော်လာခဲ့သည်။ ထိုနောက် ဗောဓိတစ်ထောင်ကို ဆက်လက် ကျော်လွန်လာခဲ့ပြီးနောက်တွင်မူ နေ့သည် ညကို လွန်ဆန်မရနိုင်သော အချိန်ဥပဒေသအတိုင်း မိုးချုပ်ကာစ ပြုလာချေတော့၏။
ထိုကာလက မြန်မာ-အိန္ဒိယ အဝေးပြေး ကားလမ်းမကြီးတွင် ဓါတ်တိုင်မီးဟူ၍ စိုးစဉ်းမရှိသဖြင့် နေဝင်သည်နှင့် တပြိုင်နက် ပတ်ဝန်းကျင်နှင့်အတူ မှောင်ပိန်းကျသွားတတ်သည်။ ယင်းကြောင့်ပင် ညပိုင်းများ၌ ယာဉ်သွား,ယာဉ်လာနှင့် လူသူလေးပါး မရှိသလောက် ကင်းမဲ့သွားတတ်သဖြင့် ဆရာတို့၏ ဆိုင်ကယ်လေးသည်သာ ထိုကားလမ်းမကြီးပေါ်တွင် အထီးကျန်ဆန်စွာ ပြေးလွှားနေပေ၏။
ဤသို့ဖြင့် မှောင်နှင့် မည်းမည်းတွင် ဆိုင်ကယ်၏ ရှေ့မီးသီး အလင်းရောင်တစ်ခုတည်းကိုသာ ကိုးစားလျက် မိုင်,အတော်များများအား သတိထား ဖြတ်သန်းလာပြီးနောက် ဆရာက…
“ဟေ့ကောင် စိုးဝင်းနိုင်… ဒီလမ်းကနေ ဒီအချိန်ကြီး ရွာပြန်ရတာ ဒါ,ငါ့အတွက် ပထမဦးဆုံးအကြိမ်ပဲကွ။ မင်းကော” ဟု စကား စလိုက်သည်။
ယခင်က ကျောက်မှော်ရွာနှင့် မုံရွာမြို့ကို ချင်းတွင်းမြစ်ကတဆင့် မော်တော်ရေယာဉ်များဖြင့် ညပိုင်းများတွင် အသွား,အပြန် လုပ်ခဲ့ဖူးသော်လည်း မြစ်ကူးတံတားကြီး ဆောက်လုပ်ပြီးနောက် ယခုအဝေးပြေးလမ်းမကြီးပေါ်မှ အချိန်မတော် ရွာပြန်လာသည်ကတော့ ဆရာ့အတွက်မူ ပထမဦးဆုံးအကြိမ် ဖြစ်၏။ ထိုကြောင့်လည်း ဆရာက ဆိုင်ကယ် မောင်းနှင်နေရင်းက တွေးမိ,တွေးရာ ပြောဆိုလိုက်ခြင်းပင်။
“ဟုတ်ကဲ့ ဆရာ၊ ကျွန်တော်လည်း ထူးမခြားနားပါပဲ”
ကိုစိုးဝင်းနိုင်က ဆရာ့အမေးကို ပြန်လည် ဖြေဆိုလိုက်ခြင်း ဖြစ်သည်။
“အေး၊ ဒါနဲ့ ကြုံလို့ ပြောရဦးမယ်။ ပြီးခဲ့တဲ့ နှစ်တွေတုန်းက တို့ရွာက ဟိုကာလနဂါးအုပ်စု ညကြီး,မင်းကြီး ရွာပြန်လာကြတော့ ဟိုမိုင်တိုင်အမှတ် (—) ကို မင်းသိတယ်မလား၊ မကြာခင် ငါတို့ ဖြတ်ရတော့မယ့် မိုင်တိုင်လေ”
“သိတယ်လေ ဆရာ”
“အဲဒီမိုင်တိုင် အရောက်မှာ အဲဒီအချိန်က ဒီကောင်တွေ သရဲအခြောက်ခံလိုက်ရတယ်ဆိုပြီး တို့ရွာမှာ ဟိုးလေးတကျော် ဖြစ်ခဲ့တဲ့ ကိစ္စ မင်းမှတ်မိသေးလား”
လွန်ခဲ့သည့် နှစ်အနည်းငယ်က ယင်းမာပင်ဘက်တွင် ကျင်းပ ပြုလုပ်သော ဘုရားပွဲတစ်ခုသို့ သွားလည်ကြပြီးနောက် ညဉ့်လယ်ယံတွင် ရွာပြန်လာကြသော ကျောက်မှော်ရွာမှ ကာလသားတစ်စုအကြောင်းသည် အကယ်ပင် အုတ်အော်သောင်းတင်း ဖြစ်ခဲ့ဖူး၏။ အနှီကာလသားအုပ်စုကို ဆရာ၏ တပည့်တစ်ဦး ဖြစ်သူ နေကိုလတ်ဆိုသူက ဦးစီး ခေါင်းဆောင်ပြီး ထိုစဉ်က ဆိုင်ကယ်ကိုယ်စီ မောင်းနှင်လာကြသော ၎င်းတို့ တစ်ဖွဲ့သားလုံးသည် လူငယ်ပီပီ ပွဲလမ်းသဘင်မှ သောက်စားခဲ့ကြသော အရှိန်များဖြင့် ရီဝေနေကြချိန်လည်း ဖြစ်သည်။
သို့နှင့် သူတို့သည် မတော်တဆ ယာဉ်တိုက်မှုများ ဖြစ်လေ့,ဖြစ်ထ ရှိသောကြောင့် လူအသေ,အပျောက် များသည့် မိုင်တိုင်အမှတ် (—) အနီးသို့ ရောက်မှန်းမသိ ရောက်ရှိလာခဲ့ကြ၏။ ထိုနေရာသို့ အရောက်တွင် ခရီးတထောက် နားရန် တိုင်ပင်မိပြီးနောက် ဆိုင်ကယ်များကို သူတို့ ရပ်တန့်ပစ်လိုက်ကြသည်။ ပြီးနောက် ထိုမိုင်တိုင် အနီးတဝိုက်တွင် အပေါ့အလေးများကို မဆင်မခြင် စွန့်ကြလေ၏။ ထိုစဉ် လမ်းတစ်ဖက်,တစ်ချက်စီရှိ ချုံနွယ် မြက်ဖုတ်များထဲက အစိမ်းသရဲများဟု ယူဆရမည့် အရာများက ထိတ်လန့်ဖွယ်ရာ အဆင်းသဏ္ဌာန်မျိုးစုံဖြင့် ထွက်ပေါ်လာကြလျှင် နေကိုလတ်တို့ ကာလသားတစ်စုလည်း ကြောက်လန့်တကြား ဖြစ်ကာ သုတ်ခြေတင်ခဲ့ကြရတော့သည်။
ယခုလည်း ထိုမိုင်တိုင်အနီးသို့ ရောက်ရှိလာပြီ ဖြစ်သောကြောင့် ဆရာက ထိုကိစ္စကို ပြန်ပြောင်း အမှတ်ရကာ ကိုစိုးဝင်းနိုင်နှင့် ပြောလိုက်မိခြင်း ဖြစ်၏။
“ဆိုတော့… ဒီကောင်တွေ,စကား မင်းယုံသလား။ နေကိုလတ်ဆိုတဲ့ကောင် ပါတယ်ဆိုကတည်းက ငါတော့ သိပ်မယုံချင်ပေါင်ကွာ။ ရွာက အပျိုတွေကြား နာမည်ကြီးချင်တာနဲ့ သကောင့်သားတွေ ပေါင်းရွှီးကြတယ်လို့ပဲ ငါထင်တယ်”
“ဒါပေါ့ ဆရာ၊ ယုံစရာအကြောင်းမှ မရှိတာ။ နေကိုလတ်စကား နှစ်နဲ့ စား၊ အကြွင်း,သုံည မယုံရဆိုလား ဆရာတောင် နာမည်ပေးထားသေးတာမလား။ အဟဲ”
“ဟား… အေးပါဆိုကွာ၊ သူ့အဘိုး အဘနီဆို ဒီကောင့်အကြောင်း ငါ့ပြန်ပြောပြနေကျဆိုတော့လဲ… အဲ၊ ဆိုင်ကယ်က ဘာထဖြစ်တာတုန်းဟ”
မောင်းနှင်နေရင်း တန်းလန်းက မိမိကြောင့် မဟုတ်ဘဲ တဖြည်းဖြည်းချင်း နှေးကွေးလာနေသော ဆိုင်ကယ်ကြောင့် ဆရာ စကားစ ပြတ်ကာ နားမလည်နိုင်အောင် ဖြစ်သွားမိသည်။
စက္ကန့်အတန်ငယ် ကြာသောအခါ ဆိုင်ကယ်သည် ရပ်တန့်သွားခဲ့ပြီးနောက် အင်ဂျင်စက်သံလည်း ငြိမ်ကျသွားသည့်အပြင် ရှေ့မီး,နောက်မီးနှင့် ဒိုင်ခွက်မီးများပါမကျန် သူ့အလိုလို မှိတ်ငြိမ်းကုန်လေတော့၏။
“ဘာကြီးတုန်းဟ”
စက်ကို အဆက်မပြတ် ပြန်နှိုးကြည့်ရင်းကပင် ဆရာ ရေရွတ်မိလိုက်သည်။
“ဆီခမ်းသွားတာများလား ဆရာ”
“မဖြစ်နိုင်တာ စိုးဝင်းနိုင်ရာ။ ခမ်းစရာအကြောင်းမှ မရှိတာ။ ငါ့သူငယ်ချင်းကလည်း တို့မပြန်ခင် ဆီအပြည့် ထပ်ဖြည့်ပေးလိုက်သေးတာပဲဟာ”
ခေါင်းကို တွင်တွင်ကုတ်လျက် ဆရာက စက်နှိုးခြင်းကို ရပ်နားရင်း မြို့ပေါ်က သူဝယ်ယူလာသော ဓါတ်မီးအသစ်ကို ဘေးလွယ်အိတ်အတွင်းက ပစ္စည်း,ပစ္စယများ ကြားက ဆွဲထုတ်ယူလိုက်သည်။ ထိုနောက် ၎င်းဓါတ်မီးဖြင့် ဆီမီတာပြ ဒိုက်ခွက်ဆီ ထိုးကြည့်မိလျှင် ဆီကုန်ခမ်းခြင်း အလျဉ်းမဟုတ်ကြောင်းအား တွေ့ရှိရလေ၏။
“ဒီလိုဆိုရင် ကျွန်တော် စက်စစ်ကြည့်မယ် ဆရာ။ မီးတစ်ချက် ပြပေး”
သို့နှင့် နှစ်ဦးသား ဆိုင်ကယ်ပေါ်မှ ဆင်းသက်လာခဲ့ကြပြီး ကိုစိုးဝင်းနိုင်က ဆိုင်ကယ်၏ စက်ချို့ယွင်းချက် လိုက်ရှာပေး၍၊ ဆရာက ဓါတ်မီးဖြင့် လိုက်လံ ထိုးပြရသည်။
ယခုအချိန်တွင် တစ်ခုတည်း ထွန်းလင်းလျက် ရှိသော ကွက်တိ,ကွက်ကြား ဓါတ်မီးအလင်းရောင်မှအပ မျက်စိတဆုံး မြင်နိုင်သမျှအား မဟူရာ အမှောင်သိုက်က တိတ်ဆိတ်မှုနှင့်အပြိုင် လွှမ်းခြုံထားသည့်နှယ်ပင်။ ထိုဝန်းကျင်တွင် ကျေးရွာ၊ လူနေအိမ်ခြေနှင့် ဆီဆိုင်တဲဟူ၍ မတွေ့ရသည့်အပြင် ဖြတ်သန်း သွားလာကြမည့် ယာဉ်တစ်စီး,တလေ၏ အရိပ်အခြည်ပင် ရှိမလာပေ။
ဤသို့ ရှိနေစဉ် ဆိုင်ကယ်,နောက်ဘက် လမ်းဘေး,တစ်နေရာက အသံတချို့ ထွက်ပေါ်လာသဖြင့် ဆရာသည် ထိုနေရာသို့ ဓါတ်မီးအလင်းတန်းဖြင့် ဖြတ်ခနဲ လှမ်းထိုးကြည့်လိုက်မိ၏။
“ဟာ… ဆရာ၊ မီးထိုးပြနေလေဗျာ။ ဒီမှာ ဘာမှ မမြင်ရတော့ဘူးရယ်”
မိမိ စက်စစ်နေသည့် နေရာတွင် ဓါတ်မီးအလင်းရောင်က ရုတ်ချည်း ပျောက်ကွယ်သွားသဖြင့် ကြောင်အမ်းအမ်း ဖြစ်သွားသော ကိုစိုးဝင်းနိုင်က ဆရာ့ထံ လှမ်းပြောလိုက်ခြင်း ဖြစ်သည်။
သို့သော် ဓါတ်မီးရောင်အပြင် မည်သည့် စကားသံမျှ ပြန်မလာသဖြင့် ကိုစိုးဝင်းနိုင်က ဆရာ့ဆီ လှမ်းကြည့်မိလေ၏။ ထိုအခါ မလှမ်းမကမ်း တစ်နေရာသို့ ဓါတ်မီးဖြင့် မမှိတ်မသုန် ထိုးကြည့်လျက် ရှိသော ဆရာ့ကို တွေ့ရှိရသည်။
“ဆရာ… ဘာအရေးမကြီးတာတွေ လျှောက်ထိုးကြည့်နေတာလဲဗျာ။ ဒီမှာ မီးထိုးပြပါဆိုနေ”
“ဟိတ်ကောင်… အဲဒါ ခဏထားဦး။ ငါတို့ အခု ရောက်နေတာ ဘယ်နေရာလဲ ကြည့်လိုက်စမ်း”
ကိုစိုးဝင်းနိုင်၏ စကားကို အမူမထားဘဲ ကားလမ်းနံဘေး ကပ်လျက်ဆီက တစုံတရာကို မီးထိုးကြည့်ရင်းသာ ရေးကြီးခွင်ကျယ်လုပ်၍ ဆရာက ပြောလိုက်ခြင်းပင်။
ဤတွင် ကိုစိုးဝင်းနိုင်ကလည်း ဆရာ ကြည့်နေရာသို့ လှမ်းကြည့်မိလိုက်ရာ ထိုအရာအား မြင်လိုက်ရသည်နှင့် တပြိုင်နက် ပါးစပ်အဟောင်းသား ဖြစ်သွားရပါတော့သည်။ အကြောင်းမှာ ဆရာ့ဓါတ်မီးအလင်းတန်း၏ အဆုံးသတ်တွင် အင်္ဂတေဖြင့် ပြုလုပ်ထားသော နေရာ,အမှတ်အသားပြ ငုတ်တိုင်တစ်ခုကို တွေ့ရှိရခြင်းကြောင့် ဖြစ်၏။ အဆိုပါ ငုတ်တိုင်၏ အလယ်တွင် ထွင်းစာလုံးကို အနီရောင်ဆေး ထပ်ကာ ရေးထိုးထားသည်ကား မိုင်တိုင်အမှတ် (—) ဟူ၍ ဖြစ်လေသည်။
ရုတ်တရက် ကြက်သီးမွေးညင်းများ ထလာပြီးနောက် ကိုစိုးဝင်းနိုင်က ဆရာ့ကို လက်တို့ကာ…
“ကဲ၊ ဆရာရေ… ဆိုင်ကယ် မြန်မြန်,ပြင်ပြီး ဒီက လစ်ကြရအောင်” ဟု ပြောလိုက်၏။
“နေစမ်းပါဦးဟ၊ အဲဒီ မိုင်တိုင်ရဲ့ နောက်မှာ တစ်ခုခု ရှိနေပုံပဲ။ ဟိုချုံပင်အုပ်ကို သေချာကြည့်။ တလှုပ်လှုပ်နဲ့ တွေ့လား”
ဆရာက မိုင်တိုင်၏ နောက်မှ ချုံတစ်အုပ်ကို မီးထိုး၍ ဆက်ပြလိုက်ရာ ကိုစိုးဝင်းနိုင်မှ လိုက်ကြည့်မိပြန်လျှင် အမှန်ပင် ဆတ်ခနဲ လှုပ်သွားလိုက်၊ တုံ့ခနဲ ပြန်ငြိမ်သွားလိုက် ဖြစ်ဖြစ်နေသည်ကို တွေ့ရှိရလေသည်။
သို့သော် ကားလမ်းမထက်သို့ မျက်စိလည် လမ်းမှားပြီး ရံဖန်ရံခါ ရောက်လာတတ်သော တောကောင် တစ်ကောင်ကောင်အမှတ်ဖြင့် မျက်တောင်,မခတ်တမ်း စိုက်ကြည့်မိနေကြစဉ် ထိုချုံပင်အုပ်အတွင်းမှ ဗြုန်းစား ထွက်ချလာသော အရာကြောင့် ခေါင်းနားပန်းများ ကြီးတက်ကုန်ကြပါတော့၏။
“အောင်မယ်လေး… အဲဒါက ဘာ ဘာကြီးတုန်း ဆရာရေ”
“ငါ ငါလည်း မသိဘူးလေကွာ… ဘုရား ဘုရား ဘုရား”
ရုတ်တရက် မြင်လိုက်ရသည့် အရာကို နားမလည်နိုင်သေးသဖြင့် တစ်ဦးနှင့် တစ်ဦး ပြောမိပြောရာ ပြောနေမိလိုက်ကြသည်။
ဤသို့ တဒင်္ဂတွင် ထိုအရာသည် ချုံပင်အတွင်းက တစွန်းတစမှတဆင့် ခန္ဓာတစ်ကိုယ်လုံးပါ ထွက်ပေါ်လာခဲ့တော့ရာ မြန်မာရင်ဖုံးအင်္ကျီနှင့် ထဘီကို ဘိုသီဘတ်သီ ဝတ်ဆင်ထားသည့် ဆံပင်ဖားလျားချ အမျိုးသမီးတစ်ဦး ဖြစ်ကြောင်း တွေ့ရှိကြရ၏။ သို့သော် ၎င်းသည် ခြေဆစ်,လက်ဆစ်များကို သဘာဝ မကျသည့် သဏ္ဌာန် ပြုလုပ် ထွက်ပေါ်လာခြင်း ဖြစ်သောကြောင့် သမားရိုးကျ မဟုတ်နိုင်တော့မှန်း အတပ်သိလိုက်ကြရပြီ ဖြစ်သည်။
ခြေတစ်လှမ်း လှမ်းလိုက်တိုင်း ထိုအမျိုးသမီး၏ ခန္ဓာအစိတ်အပိုင်းများ အားလုံးသည် ရုပ်သေးရုပ် တစ်ရုပ်နှယ် လျော့လျည်းလျော့လျဲ။ ဦးခေါင်းသည်လည်း လည်လိမ်ခံထားရသကဲ့သို့ ယာဘက်သို့ ကိုင်းညွတ်ကျလျက် ရှိသည့်အပြင် တခြမ်းစောင်း လှမ်းမြင်နေရသော သူ၏ မျက်နှာက ပြုံးသယောင်ပင် ရှိချေသည်။
ဓါတ်မီးရောင်၏ အောက်တွင် အပီအပြင် လှမ်းမြင်နေရသည့် သွေးပျက်ဖွယ်ရာ အနှီမြင်ကွင်းကြောင့် ဆရာတို့ နှစ်ဦးသားသည် ၎င်းတို့၏ ဘဝတွင် မကြုံစဖူးသော တုန်လှုပ်ခြင်းမျိုးဖြင့် အဆုံးအစွန် ချောက်ချားမိကြရပေပြီ။ မျက်ကလူးဆန်ပျာဖြင့် ဘာလုပ်၍ ဘာကိုင်ရမည် အလျဉ်းမသိသေးဘဲ အဆိုပါ ပုံဆိုးပန်းဆိုး အမျိုးသမီးဆီသာ ကြောင်ကြည့်မိနေကြသည်။ ထိုစဉ် အမျိုးသမီးမှာ သူ၏ မုန့်ကြိုးလိမ်သဖွယ် ဖြစ်နေသော ညာဘက် လက်ကို ဆတ်ခနဲ ဆန့်တန်းလျက် လက်ဖဝါးပြင်ကို ဖြန့်လိုက်ပြီး မိမိတို့ထံ တုံ့ခနဲ,တုံ့ခနဲ လျှောက်လှမ်းလာပေတော့၏။
သို့ကာမှပင် ဆရာတို့ကလည်း သတိပြန်ဝင်လာကြပြီး ဆိုင်ကယ်ပေါ်သို့ အမြန်တက်ခွကြလေသည်။ ထိုနောက် ဆရာက ဆိုင်ကယ်စက်ကို အသည်းအသန် နှိုးယူ၏။ ကိုစိုးဝင်းနိုင်ကလည်း ဆရာ၏ ခါးကို အတင်းဖက်ကာ ဘုရား,တရား တလျက်ရှိနေသည်။
“ဆိုင်ကယ် စက်နှိုးမရတော့ရင်လည်း ဒီအတိုင်း ထားပြီး ပြေးကြရအောင်လားဗျာ။ ပြီးမှ ဒီအနီးအနားက ရွာတစ်ရွာရွာကို အကူအညီ တောင်းပြီး ပြန်လာယူကြတာပေါ့”
ကိုစိုးဝင်းနိုင်က စိတ်မရှည်တော့ဟန် အူယားဖားယား ပြောလိုက်၏။
“အေးပါဟ၊ အခုက ဟိုဟာကြီးနဲ့ နည်းနည်းလှမ်းနေသေးတာပဲ။ သူ့ခြေလှမ်းက လေးပင်လွန်းတော့ စက်နှိုးကြည့်ဖို့ အခွင့်အရေး ရှိပါသေးတယ်။ ခဏလောက်တော့ စောင့်ဦး။ မရဘူးဆိုရင် အတူပြေးကြမယ်”
စက်နှိုးနေရင်း တန်းလန်းက အမောတကောဖြင့် ဆရာ ပြန်ပြောသည်။
“ဒါနဲ့ စောနက ဟာကြီးကို ငါ့ဓါတ်မီးနဲ့ လှမ်းထိုးကြည့်ထားစမ်းပါကွာ။ ငါ့လက်တွေက အားတာ မဟုတ်ဘူး။ ရော့… မြန်မြန်”
ဆရာက ဓါတ်မီးကို ကိုစိုးဝင်းနိုင်ဆီ ပြောရင်း,ဆိုရင်း လှမ်းကမ်းလိုက်၏။
သို့နှင့် ကိုစိုးဝင်းနိုင်ကလည်း ဆရာ့ဓါတ်မီးကို အလျင်အမြန် ယူကာ မိုင်တိုင်ရှိရာ လှမ်းထိုးကြည့်သော် အစောပိုင်းက အမျိုးသမီးသည် ထိုနေရာတွင် မရှိတော့ပေ။
“ဟင်… ဒင်း,မရှိတော့ဘူး ဆရာရေ”
“ဟေ… ဘယ်ပျောက်သွားတာတုန်းဟ”
“မသိဘူးလေ ဆရာ”
“ဒါဆို တခြားနေရာတွေ မီးလိုက်ထိုးကြည့်လေကွာ”
ထိုသို့ ဝေခွဲမရစွာဖြင့် အပြန်အလှန် စကားပြောဆိုပြီးကြလျှင် ကိုစိုးဝင်းနိုင်က ဆရာ၏ ခိုင်းစေမှုအရ ဟိုဟို,သည်သည်သို့ မဝံ့မရဲ မီးလိုက်ထိုးကြည့်လေသည်။
“အောင်မယ်လေးဗျာ… အများကြီးပါလား ဆရာရေ”
ကိုစိုးဝင်းနိုင်ထံမှ ကြောက်လန့်တကြား ရေရွတ်လိုက်သံက ရုတ်ချည်း ထွက်ပေါ်လာပြန်၏။
အကြောင်းမှာ ကားလမ်းမ၏ နံဘေး တစ်ဖက်,တစ်ချက်ရှိ ချုံပင်အုပ်များနောက်ကတဆင့် မိမိတို့ထံ ခေါင်း,တပြူပြူဖြင့် ကြည့်နေကြသော အရွယ်အမယ်မျိုးစုံ ဦးခေါင်းများကို တွေ့ရှိလိုက်ရသောကြောင့်ပင်။ ၎င်းတို့ အားလုံးသည် မိုင်တိုင်နောက်မှ ပထမဦးဆုံး ထွက်ပေါ်လာကာ ယခုအခါ ပျောက်ကွယ်သွားခဲ့သော အမျိုးသမီး၏ ရုပ်ရည်ကဲ့သို့ပင် ကြောက်မက်ဖွယ်ရာ အဆင်းသဏ္ဌာန် ကိုယ်စီရှိကြပေသည်။
ကိုစိုးဝင်းနိုင် ကြည့်ရှုနေရာများသို့ ဆရာ လိုက်မကြည့်နိုင်အားသေးဘဲ စက်နှိုးယူနေခြင်းကို ရုတ်တရက် ရပ်တန့်ကာ ပြေးပေါက်လမ်းကို လှမ်းကြည့်လိုက်၏။
“အေး၊ အဲဒါဆိုလဲ ငါက ပြေးဆိုတာနဲ့ ပြေး… ဟင်၊ ဆိုင်ကယ်,ရှေ့က လာနေတာ ဘာကြီးတုန်း။ ဟိတ်ကောင်၊ တစ်ချက် မီးလှမ်းထိုးကြည့်ပေးစမ်းပါဦးကွာ”
ပြေးတော့မည့် ဟန်ပြင်ပြီးကာမှ မိမိတို့၏ အရှေ့တူရူ ကားလမ်းမ,အလယ် အမှောင်ထုအတွင်းက တုံ့ခနဲ တုံ့ခနဲ လျှောက်လှမ်းလာသော အရိပ်တစ်ခုကို သတိထားမိလိုက်သဖြင့် ဆရာ လှမ်းပြောလိုက်ခြင်း ဖြစ်သည်။
ထိုအခါ ကိုစိုးဝင်းနိုင်ကလည်း ဆိုင်ကယ်၏ ရှေ့တည့်တည့်ဆီ မီးလှမ်းထိုးကြည့်လိုက်ရာ မိုင်တိုင်အနီးတွင် ပျောက်ဆုံးသွားသော အမျိုးသမီးက ပေအနည်းငယ်အကွာ၌ လမ်းပိတ်ရပ်လိုက်သည်အား ထိတ်လန့်ဖွယ်ရာ တွေ့ရှိရလေတော့၏။ အမျိုးသမီးသည် ယခင်နည်းတူပင် လက်ဖဝါးတစ်ဖက်ကို ဖြန့်ပြလျက်ပင် ရှိနေချေသည်။
“အောင်မယ်လေးဟဲ့။ ကိုယ်ကျိုးတော့ နည်းရချည်ရဲ့”
ရုတ်တရက်,အနေအထားတွင် လိပ်ပြာ လွင့်ထွက်မတတ် လန့်ဖျပ်သွား၍ ဆရာက ထအော်လိုက်မိ၏။
သို့နှင့် တဆက်တည်းတွင် ကိုစိုးဝင်းနိုင်က…
“ပြေးပေါက်တော့ ပိတ်ပြီထင်တယ် ဆရာရေ။ ကျုပ်တို့ အခု ဘာဆက်လုပ်ကြမလဲခင်ဗျ” ဟူ၍ ကူကယ်ရာမဲ့ အသံဖြင့် အော်ပြောလေသည်။
ထိုအခိုက်တွင် အမျိုးသမီးဆီ လှမ်းချိန်ထိုးထားသော ဓါတ်မီးအလင်းရောင်က ဆိုင်ကယ်,ရှေ့ခြင်းဆီမှ တစွန်းတစ ထွက်ပေါ်နေသော ကြွပ်ကြွပ်အိတ် အနှောက်တစ်လုံးကို မထင်မှတ်ဘဲ သွားထိုးမိ၏။ မည်သည့်အရာ ထုပ်ပိုးထားမှန်း မသိသည့် အဆိုပါ အိတ်မှာ မိမိအပိုင် မဟုတ်သည့်အတွက် ဆရာလဲ တဒင်္ဂမျှ တွေဝေသွားခဲ့ရသည်။ ယင်းနောက် တစုံတရာကို လက်ဖြန့်တောင်းဟန် ပြုမူနေဆဲ ဖြစ်သည့် ရုပ်ပျက်,ဆင်းပျက် အမျိုးသမီးဆီ အကြည့်ရောက်သွားပြန်၏။
အမျိုးသမီးနှင့် အိတ်ကို ဤသို့ ဆရာက တစ်လှည့်စီ ကြည့်ရှုလိုက်ပြီးနောက်တွင်မူ တစုံတရာကို နားလည်သယောင် ရှိလာသည်။ ထို့အပြင် ဆိုင်ကယ်,ရှေ့ခြင်းအတွင်းက အိတ်မှာ ကိုစိုးဝင်းနိုင်၏ အထုပ်မှန်းလည်း ပြန်လည် မှတ်မိသွားခဲ့၏။
“ဟေ့ကောင် စိုးဝင်းနိုင်”
“ဗျာ၊ ဆရာ”
“ကားဂိတ်မှာတုန်းက ဆိုင်ကယ်,ရှေ့ခြင်းတောင်းထဲ မင်းထည့်လိုက်တဲ့ ကြွပ်ကြွပ်အိတ်က ဘာတွေ ထုပ်ပိုးထားတာတုန်း”
“ဟာ… အဟုတ်သား ဆရာ။ ကြောက်နေ လန့်နေတာနဲ့ပဲ အဲဒီအထုပ်ကို ကျွန်တော်လည်း မေ့နေရောပဲဗျို့”
“ဟေ… အဲဒီအိတ်ထဲက ဘာတွေများတုန်း။ ခပ်မြန်မြန် ဖြေစမ်းပါဟ”
“ကျွန်တော် လုပ်တဲ့ သားသတ်ရုံကနေ အိမ်အတွက် ဆွဲလာတဲ့ အမဲသားစိမ်းအထုပ်ကြီး ဆရာရေ”
“ကောင်းရောကွာ”
ကိုစိုးဝင်းနိုင်၏ အဖြေကြောင့် စိတ်ပျက်,လက်ပျက် ညည်းတွားသံနှင့်အပြိုင် မိမိနဖူးကို မိမိ ဖြောင်းခနဲ နေအောင် ဆရာက ရိုက်ချလိုက်တော့သည်။
ထိုနောက် ဆိုင်ကယ်၏ ရှေ့ခြင်းအတွင်းက အမဲသားစိမ်း အထုပ်ကြီးကို လှမ်းနှိုက်ယူလိုက်ပြီးနောက် ဆရာက ဤသို့ အသံမြှင့်၍ ပြောလေ၏။
“ကိုင်း… ခင်ဗျားတို့ လိုချင်တာကို ကျုပ်,အခုပေးမယ်။ ပေးပြီးတာနဲ့ တပြိုင်နက် ကျုပ်တို့ကို သွားခွင့် ပြုရမယ်။ ဒါဟာ ခင်ဗျားတို့ ကျုပ်တို့ ကြားက ဖောက်ဖျက်မရတဲ့ အပေးအယူတစ်ခုလို့ ကျုပ်သတ်မှတ်တယ်”
အဆိုပါစကား ပြီးဆုံးသည်နှင့် လက်ထဲက အသားစိမ်းအထုပ်ကြီးကို ဆရာက အားကုန် လွှဲရမ်း၍ လမ်းဘေး တစ်နေရာဆီ လှမ်းလွှင့်ပစ်လိုက်သည်။
ဤတွင် ဆိုင်ကယ်ရှေ့က အမျိုးသမီးအပါဝင် ချုံပင်အုပ်များနောက်က နာနာဘာဝများသည် အမဲသားစိမ်းအထုပ် ကျရောက်သွားရာဆီသို့ သူ့ထက် ငါအပြိုင် ပြေးလွှား စုပြုံသွားကြပေ၏။ သို့နှင့် ဆရာလဲ မိမိဆိုင်ကယ်ကို အလျင်အမြန် စက်ပြန်နှိုးကြည့်ရာ ရုတ်ချည်း ထွက်ပေါ်လာသည့် အင်ဂျင်သံနှင့်အတူ ဆိုင်ကယ်၏ မီးလုံးများလည်း ပြန်လည် ထွန်းလင်းသွားကြသည်ကို အံ့အားသင့်ဖွယ်ရာပင် တွေ့ရှိရလေသည်။
ထိုနောက် ဆရာသည် အကောင်းပကတိ ပြန်ဖြစ်သွားပြီဖြစ်သော ၎င်း၏ ဆိုင်ကယ်ကို မိုင်တိုင်အမှတ် (—) မှတဆင့် အားကုန် မောင်းချလာခဲ့တော့သည် ဟူ၏။ ကျောက်မှော်သို့ အပြန် လမ်းတလျှောက်တွင် ဆရာနှင့် ကိုစိုးဝင်းနိုင်တို့ မည်သည့်စကားမျှ မပြောနိုင်ခဲ့ကြဘဲ တိတ်ဆိတ်နေမိကြသည်။ သို့သော် နှစ်ဦးသား၏ ကိုယ်စီအတွေးများတွင်မူ နေကိုလတ်တို့ ကာလသားတစ်အုပ် ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်မှာ လုပ်ကြံမှု မဟုတ်ကြောင်း မှတ်ချက်ပြုလိုက်ကြရ၏။
“ဒီလိုဆိုရင် အဲဒီမိုင်တိုင်အမှတ် (—) မှာ ကိုနေကိုလတ်တို့ ကာလသားတွေက ညကြီး,မင်းကြီး မဆင်မခြင် အပေါ့ သွားစွန့်မိလို့ အခြောက်ခံကြရတာ ဖြစ်ပြီး၊ ဆရာတို့ကျတော့ အမဲသားစိမ်း တင်ပြီး အချိန်မတော်ကြီး အဲဒီရှေ့က ဖြတ်ပြန်လာမိခဲ့လို့ အစာ အတောင်းခံလိုက်ကြရတာပေါ့။ ဟုတ်လား”
ဆရာ၏ ကိုယ်တွေ့ဖြစ်ရပ်အဆုံး အားလုံး ထိတ်လန့်တကြား ငြိမ်ချက်သား ကောင်းနေမှုကို စက္ကန့်အနည်းငယ်မျှ အကြာတွင် ထုတ်နုတ် သုံးသပ်ချက်တစ်ခုဖြင့် ကျွန်တော်က ပြန်လည် သက်ဝင်စေသည်။
“အေးပေါ့ကွာ၊ သိပ်သေချာတာပေါ့။ အစိမ်းသရဲဆိုတာမျိုးကလည်း အခြားမကျွတ်မလွတ်တွေနည်းတူပဲ အကြောင်းမဲ့ ကိုယ်ထင်ပြတာမျိုးတော့ မရှိကြပါဘူး။ တကယ်တမ်းတော့ သူတို့ဘဝက သနားစရာပါ။ စားရမဲ့ သောက်ရမဲ့ ပြိတ္တာဘဝမှာ ကျင်လည်နေကြရတဲ့အခါကျတော့ တစ်ခါတရံ လူသားတွေဆီကနေ အလျဉ်းသင့်ရင် သင့်သလို အကူအညီ တောင်းခံချင်ကြတယ်။ သူတို့အတွက် အလှူအတန်း ပြုစေလိုတာကြောင့်ပဲ ဖြစ်ဖြစ်၊ တစ်ဝမ်းတစ်ခါ စားသောက်လိုတာကြောင့်ပဲ ဖြစ်ဖြစ်ပေါ့။ ဒါပေမယ့် ကိုယ်အဆင်းအင်္ဂါ ချို့ယွင်းကြလေတော့ လူတွေက ကရုဏာသက်ရမယ့်အစား ကြောက်လန့်သွားကြတယ်။ ရွာနောက်ပိုင်းက အပျိုကြီးကို ဝင်ပူးပြီး အစာတောင်းတဲ့ သရဲဆိုရင်လည်း အနုနည်းနဲ့ မရမှာစိုးလို့ အကြမ်းနည်း သုံးကြည့်မိပုံ ရတယ်။ ဒါပေမယ့် ဟိုကောင်တွေလိုမျိုး တွေ့ကရာမှာ အပေါ့အပါး လျှောက်သွားပြီး သူတို့ မကြိုက်တဲ့ မဆင်မခြင် လုပ်ရပ်တွေ ပြုလုပ်တတ်သူတွေဆိုရင်တော့ တမင် ခြောက်လှန့်တတ်ကြတာပေါ့ကွာ”
ဆရာက ကျွန်တော့်စကားကို သဘောကျစွာ ပြန်လည် ရှင်းလင်း ပြောကြားပြီးနောက် မီးသေနေပြီ ဖြစ်သော သူ၏ လက်ချောင်းများ,ကြား ထည့်ညှပ်ထားသည့် ဆေးပြင်းလိပ်အား ပြန်လည် မီးညှိ ရှိုက်ဖွာလိုက်၏။
ထိုအချိန်တွင် ဆိုင်ကယ်စက်သံတစ်ခုသည် အဝေးတစ်နေရာကတဆင့် အဆောင်၏ ခြံတံခါးဝအရှေ့သို့ တဖြည်းဖြည်းချင်း ရောက်ရှိလာသည်ကို ဆရာနှင့်အတူ ကျွန်တော်တို့ အားလုံးက ကြားလိုက်ကြရသည်။ ယင်းနောက် ဆိုင်ကယ်၏ မီးအလင်းရောင်က အဆောင်ရှေ့ လမ်းမပေါ်သို့ ထိုးကျလာပြီးလျှင် စက်သံနှင့်အပြိုင် ရပ်တန့်သွားခဲ့၏။
“ဆရာရေ… ဆရာ။ ဆရာဦးဖိုးကျော် ရှိသလားခင်ဗျ”
သို့နှင့် တဆက်တည်းတွင် ထွက်ပေါ်လာသည့် အဆောင်အပြင်ဘက်က ယောက်ျားလေး တစ်ဦး၏ လှမ်းအော်ခေါ်သံကြောင့် ဆရာလဲ ရုတ်တရက် မျက်မှောင်ကြုတ်သွားမိလေသည်။ ထိုနောက် ဆရာက အသံရှင်ကို မှတ်မိသွားဟန်ဖြင့်…
“အောင်မာ… ပြောရင်း,ဆိုရင်း ပေါက်ချလာလို့ မောင်မင်းကြီးသား ကြီးပွား ချမ်းသာဦးမယ်။ အခု လှမ်းခေါ်နေတဲ့ ကောင်က နေကိုလတ်ဆိုတာပေါ့။ စောနက ဆရာပြောပြတဲ့အထဲ ပါတဲ့ ကောင်လေ” ဟု ပြောလိုက်၏။
“ဒါနဲ့ စကားမစပ် အစောတုန်းက သရဲအကြောင်း မပြောပြရသေးခင် ဆရာ့ကို ဝင်နှုတ်ဆက်သွားတာ သူ့အဘိုး အဘနီဆိုတာပေါ့။ ဒီမြေးအဘိုးတွေ ဒီအချိန်ကြီးကျမှ ဆရာ့ဆီ ရှေ့ဆင့်,နောက်ဆင့် ရောက်လာကြတာ မကြုံစဖူး ထူးထူးခြားခြားပါပဲ။ ကဲ၊ စာပြန်လုပ်ကြပေဦးတော့။ ဆရာ စကားသွားပြောလိုက်ဦးမယ်”
ထိုသို့ တွေးတွေးဆဆ ပြောဆိုပြီးသည့်နောက်တွင် ဆရာက အဆောင်ခြံပေါက်ဝသို့ လျှောက်လှမ်းသွားခဲ့သည်။
ပြီးလျှင် ခြံတံခါးပေါက်ကို လှမ်းကျော်ကြည့်လျက် ဆရာက…
“ဟေ့ကောင်… ငါ့အဆောင်ကို အချိန်မရှိ,အခါမရှိ ဘာလာလုပ်တာလဲကွ၊ ဟေ။ အဆောင်သူတွေကို ဖွန်ကြောင်မယ်တော့ မကြံနဲ့နော်။ ငါ့ကြိမ်လုံးစာ မိမယ်မှတ်၊ မယုံမရှိနဲ့။ အဟမ်း” ဟူ၍ ကြိမ်းမောင်းလိုက်၏။
“မဟုတ်ရပါဘူး ဆရာရယ်။ အဘနီကိစ္စ လာပြောပြရုံပါ”
အပြင်ဘက်က ကိုနေကိုလတ်ဆိုသူက ဆရာ့ကို ပြန်ပြောလိုက်ခြင်းပင်။
ဆရာက…
“အေး… အဘနီဆိုလို့ မင်းကို တစ်ခု ဆူရဦးမယ်။ မင်းတို့ကတော့လေ၊ ငါ,သိပ်မပြောလိုက်ချင်ဘူး။ ကိုယ့်ဘိုးအေကြီးကို ကျန်းမာပြီဆိုပြီး ဒီအတိုင်းသာ လွှတ်ထား၊ သိလား။ ဟိုက ညီမဖြစ်သူအိမ် သွားလည်ဖို့ ဆိုပြီး လွန်ခဲ့တဲ့ မိနစ်နှစ်ဆယ်လောက်ကတင် ဒီရှေ့ကနေ ဖြတ်သွားလေရဲ့။ အဲဒါ အခုမှ သိပြီး ပြန်လာခေါ်တာ မဟုတ်လား။ မင်းတို့ကွာ… ကိုယ့်ဘိုးအေကို အသက်ကြီးပြီဆိုပြီး ဒီအတိုင်း ပစ်ပယ်မထားကြပါနဲ့။ သူ့ခမျာ စကားပြောဖော် မလုပ်ပေးကြလို့ ထင်တယ်၊ ညီမဖြစ်သူဆီ အလာပသလာပ ပြောဖို့ ထွက်ချလာတာ အဖော်တောင် မပါဘူး” ဟု ပြောလိုက်ပြန်သည်။
ထိုအခါ ကိုနေကိုလတ်သည် ပါးစပ်အဟောင်းသား ဖြစ်သွားပြီးနောက်…
“မနောက်ပါနဲ့ ဆရာရယ်” ဟူ၍ မျက်ရည်အဝိုင်းသား ပြောကြားလာ၏။
“ဪကွာ၊ ငါက နောက်ပြောစရာလား။ ဒါနဲ့ မင်းပုံစံ ကြည့်ရတာ တစ်ခုခုပဲ။ ဘာဖြစ်လာတာလဲ”
ပြောင်းလဲသွားသော ကိုနေကိုလတ်၏ မျက်နှာ,အမူအရာကို နားမလည်နိုင်ဟန် အကဲခတ်ကြည့်ရင်း ဆရာက ပြောလိုက်သည်။
စိတ်တွင်လည်း ထင့်လာမိသဖြင့် ခြံတံခါးကို တွန်းဖွင့်ပြီး အပြင်ဘက်သို့ ထွက်လာလိုက်၏။
“လွန်ခဲ့တဲ့ နာရီဝက်လောက်ကတင် အဘနီတစ်ယောက် အိမ်မှာပဲ ဆုံးပါးသွားကြောင်း အသိပေးမလို့ ကျွန်တော် ရောက်လာတာပါဗျာ။ အီး ဟီး ဟီး”
မထင်မှတ်ဘဲ ထွက်ပေါ်လာသည့် ကိုနေကိုလတ်၏ စကားသံနှင့်အတူ ၎င်း၏ ရုတ်ချည်း ငိုကြွေးလိုက်သံကြောင့် ဆရာတစ်ယောက် ဘာပြန်ပြောရမည် အတပ်မသိဘဲ ဝမ်းနည်းမှုနှင့်အပြိုင် အံ့အားသင့်သွားရလေသည်။
ဤတွင် ဆရာ့နှုတ်ခမ်းပါးတွင် ရှိုက်ဖွာလျက် ရှိသော ဆေးပြင်းလိပ်သည် အသာ ပွင့်အာသွားသော နှုတ်ခမ်းပါးမှတဆင့် မြေပြင်ထက်သို့ မီးစကြွေများဖြင့် ပြုတ်ကျသွားခဲ့၏။ ထိုနောက် ဆရာဦးဖိုးကျော်သည် ကြယ်စင်များဖြင့် ပြည့်နှက်၍နေသော ကျောက်မှော်ရွာ၏ ကောင်းကင်ပြင်သို့ မော့ကြည့်ပြီးလျှင် သက်ပြင်းတစ်ချက် ပင့်သက်ရှိုက်ကာ…
“ဪ… အဘနီရယ်” ဟုသာ မြည်တမ်းတမိလိုက်ပါတော့သည်။
ဇော်မင်းအောင် (နက်ရှိုင်းထက်)
ဖေဖော်ဝါရီလ၊ ၁၄ ရက်၊ ၂၀၂၂ ခုနှစ်