တစ်နှစ်တစ်ယောက်စားမယ်(စ/ဆုံး)
———————————–
“ဗွမ်း”
ကန်ထောင့်မှကျယ်လောင်သောအသံကြီး
ကြားလိုက်သဖြင့် ကန်၏အပြင်ဘေးစောင်းမှာ
ရေချိုးရင်းအဝတ်လျှော်နေသော မမြရင်တို့
ထိုင်ရာမှထပြီးကြည့်လိုက်သည်။
“ဗွမ်း ဗွမ်း”
“ဟဲ့ ဟဲ့ ကန်ထဲမှာ လူကျလို့လာကြပါဦး”
မမြရင်နှင့်ဒေါ်အေးကျင်တို့ သံကုန်အော်တော့သည် ကန်ဘောင်နှင့်ဝါးတစ်ပြန်
အနေအထားလောက်မှာ မိန်းမလား ယောက်ျားလား မသိ လက်နှစ်ဖက် ယက်ကန်ယက်ကန်ပေါ်လိုက် မြုပ်လိုက်ဖြစ်နေသည်ကိုတွေ့ရသည်။
“လာကြပါဦး ရေကန်ထဲမှာရေနစ်နေလို့
သေတော့မယ်”
နေ့လည်ပိုင်းဖြစ်၍ နေပူရှိန်ကြောင့်အပြင်မှာ
လူမရှိသလောက်ဖြစ်နေသည်
ထိုစဉ် ယောက်ျားမိန်းမ လေးငါးယောက် ကန်ပေါ်ပြေးတက်လာသည်
ယောက်ျားနှစ်ယောက်က ရေနစ်နေသော
နေရာသို့ မှန်းပြီး ခုန်ချကာရေကူးသွားသည်
တစ်စတစ်စ လူတွေ ကန်ပေါ် ရောက်လာသည်
“ဟော ဟော တွေ့သွားပြီ”
ရေထဲဆင်းဆယ်သူနှစ်ယောက်က ရေနစ်နေသူထံ
ရောက်သွားကာ ကမ်းဘက်သို့ ဆွဲခေါ်လာခဲ့သည်
ရေကန်အနီး နေထိုင်သူ သိန်းစိုးက ရေနစ်နေသူကို
ရေထဲမှ မပြီး ကမ်းပေါ်က လူများကို တွန်းတင်ပေးလိုက်သဖြင့် အပေါ်မှ ဆွဲယူကြသည်
“ဟင် မိတင်ရီပါလား”
ကန်ကြီးထောင့်စွန်းအနီးက အိမ်မှာနေသော
ဒေါ်တင်ရီဆိုသူဖြစ်နေသည်။
“ရေမွန်းနေတယ် သတိရအောင်လုပ်ကြဦး”
နားလည်သူတစ်ယောက်က ရေများပါးစပ်မှ ထွက်အောင်ပြုလုပ်ပေးလိုက်သည်
မကြာခင်မှာပင် ဒေါ်တင်ရီသတိရလာတော့သည်
“ဘယ်လိုဖြစ်တာလဲ တင်ရီ”
“ငါ့ကိုဘာလို့ကယ်တာလဲ သေမလို့ ခုန်ဆင်းတာ”
“ဟဲ့ နင်သေလို့ဖြစ်မလား နင့်မှာကလေးတွေရော
ဖအေနဲ့မအေရော ရှိသေးတယ်လေ”
“ရှိရှိ ကြည်စိုး လုပ်ကျွေးလိမ့်မယ်”
ထိုအချိန် အသက်၆၅နှစ်ခန့်ရှိသော လူကြီးတစ်ယောက်က
“အင်း ဒီမိန်းကလေး ကံကောင်းသွားတယ်
နောက်၃လကျော်ရင် အခုလိုအပေါ်ပြန်တက်လာလို့ ရတော့မှာမဟုတ်ဘူး”
မည်သူမှ မကြားအောင် တီးတိုးရွတ်ရင်း ထိုနေရာမှ
ထွက်သွားတော့သည်။
ရေထဲဆင်း သေကြောင်းကြံသူ ဒေါ်တင်ရီက အသက်၄၅ရှိပြီ ယောက်ျားဖြစ်သူဦးကြည်စိုးက
ဆိုက်ကားနင်းသည်။
ဆိုက်ကားနင်း၍ ရသမျှ အိမ်ပြန်မပေး
နှစ်လုံးထိုးသည် ဘောပွဲလောင်းသည်
တစ်ခါမှ ပိုက်ဆံပြန်ရသည်မရှိ အကြွေးပင်တင်နေသည်။
သူ့အကြွေးက ဘယ်တော့မှ ကျေသည်မရှိ
နှစ်လုံးကြောင့်ကိုယ်ပိုင်ဆိုက်ကားနှစ်စီးရှိခဲ့ရာမှ
နှစ်စီးလုံးအကြွေးနှင့်အသိမ်းခံလိုက်ရသည်။
အကြွေးအတွက် ဆိုက်ကားတန်ဖိုးနှင့်သင့်ပြီး
ဆပ်လိုက်ရခြင်းဖြစ်သည်။
ထိုစဉ်က နောက်ကို နှစ်လုံးသုံးလုံး မလောင်းတော့ပါဘူးဟု ကတိတွေအတန်တန်ပေးသဖြင့် ဒေါ်တင်ရီက
ယောက်ျားစိတ်ချမ်းသာအောင် သူကိုယ်တိုင်
ဖြေရှင်းပေးပြီးဆိုက်ကားများထိုးပေးခဲ့သည်။
ဆိုက်ကားမနင်းလျှင်အခြားဝင်ငွေရအောင်
မရှာနိုင်သဖြင့် အုံနာခပေးပြီးဆိုက်ကားနင်းစေသည်
အစပိုင်းတော့ မိန်းမဖြစ်သူကို ပိုက်ဆံပြန်အပ်နိုင်သည် နောက်ပိုင်းအုံနာခပင်
မပေးနိုင်သည့်အတွက် ကုန်စိမ်းရောင်းနေရသော
မတင်ရီလည်းစျေးဖိုးထဲမှ ဆိုက်ကားအုံနာခ ပေးချေခဲ့ရသည်။
နေ့စဉ် နှစ်လုံးဂဏန်းလောင်းနေသော
ယောက်ျားကို နစ်နစ်နာနာပြောဆိုသည်
မကျေနပ်လျှင်ဆဲဆိုမိသည်အထိဖြစ်သော်လည်း
ဦးကြည်စိုးကရပ်မသွား ကြာတော့ စျေးရင်းပါမရှိတော့
အိမ်မှာရှိသောလူကြီးနှစ်ယောက်က ဦးကြည်စိုး၏
မိဘနှစ်ပါးဖြစ်သည်
သူတို့လည်းသားဖြစ်သူကိုဆိုဆုံးမမနိုင် ဒေါ်တင်ရီက စျေးရင်းဖိုး နေ့ပြန်တိုးယူသည်
အမြတ်ကိုလင်ပေးရ အတိုးပေးရနှင့်နေ့စဉ်အပူ
သောကမီးက သူ့အပေါ်ကျရောက်နေသည်။
ဦးကြည်စိုးက မိုးလင်းကမိုးချုပ် ဆိုက်ကားအကြောင်းပြပြီး အပြင်မှာသာ
အချိန်ကုန်သည်။
ထမင်းစားချိန်ပြန်လာသည် ညနေမူးလာသေးသည် အုံနာခလို၍ ဒေါ်တင်ရီမစိုက်ပေးလျှင်ဆူဆဲတော့သည်
ကလေးတွေကို အပြစ်ရှာရိုက်နှက်တတ်သည်။
ကြာတော့ဒေါ်တင်ရီ အသက်ရှင်နေတာ
ဘာမှအဓိပ္ပါယ်မရှိတော့ဟုမှတ်ယူလိုက်သည်
သူသေသွားလျှင်ခါးသီးသောလူနေမှုဘဝအကြောင်းကိုလင်ဖြစ်သူ ဦးကြည်စိုးသဘောပေါက်နားလည်သွားမည်။
သူ့အဖေ သူ့အမေ သူ့ကလေး လေးယောက်နဲ့
နေရစ်တော့ဟုစိတ်ဆုံးဖြတ်ပြီး ကန်ပေါ်ပြေးတက်ကာအဆုံးစီရင်ခဲ့ခြင်းဖြစ်သည်
ဒေါ်တင်ရီမသေထိုက်သဖြင့် သူခုန်ဆင်းသော
နေရာနှင့်ပေသုံးဆယ်ခန့်အကွာ ကန်စောင်းမှာ
အဝတ်လျှော်နေသော မမြရင်နှင့်ဒေါ်အေးကျင်တို့
ကြောင့် သေချင်ပေမယ့် သေခွင့်မကြုံတော့……
လောကဓံ၏ဒုက္ခကို ခါးစည်းရင်ဆိုင်ရန်
အိမ်သို့ မသေပဲပြန်ရောက်ခဲ့သည်။
ထိုအချိန်ထိ ဆိုက်ကားဆရာကြီး ဦးကြည်စိုး
ဇနီးအကြောင်းသတင်းမကြားသေး၍လားမသိ
အိမ်သို့ပြန်ရောက်မလာသေး
ညဘက်ဦးကြည်စိုး မူးပြီး ပြန်ရောက်လာသည်
အပြင်ကဇနီးဖြစ်သူ၏သတင်းကြားသိခဲ့သည်
မူးမူးနှင့်နောက်ကိုနှစ်လုံးမထိုးတော့ပါဘူးဟူ၍
ကတိတွေပေးခဲ့သည်
ဦးကြည်စိုးကပဲ ကတိတည်ခဲ့သည်လားမသိ
ဒေါ်တင်ရီသေကြောင်းကြံစည်သည့်သတင်းမကြားရတော့ပါ။
ထိုကဲ့သို့ ကန်ထဲခုန်ဆင်းသတ်သေသော်လည်း
မသေခဲ့သောဒေါ်တင်ရီ၏သတင်းထွက်ပြီး
၂လခန့်အကြာမှာ ကန်ကြီးထဲ အသက်၂၅နှစ်ခန့်
အမျိုးသမီးတစ်ယောက်သတ်သေရန်ခုန်ဆင်းပြန်သည်။
“ဟာ အစ်မကြီးတစ်ယောက်ရေထဲခုန်ဆင်းသွားတယ်
ဟိုမှာ ဟိုမှာ ”
ကန်ပေါ်မှာကစားနေသော ကလေးတစ်အုပ်
ကန်ထဲခုန်ချသော အမျိုးသမီးတစ်ယောက်ကို
တွေ့သဖြင့် အော်ဟစ်ကာထိုအနီးသို့
ပြေးလာကြသည်။
ကလေးများရုတ်ရုတ်သဲသဲ ဖြစ်နေသည့်အတွက်
ကန်ဘေးလမ်းမှာသွားနေသောလူအချို့
ကန်ပေါ်တက်လာကြသည်
“ဟင် အဲဒါရေချိုးမလို့ ရေကူးနေတာမဟုတ်ဘူး
နစ်နေတာ ”
ထိုလူကပြောလည်းပြော ရေထဲခုန်ချသွားတော့သည် မကြာခင်မှာပင်
ထိုလူလက်ထဲ အမျိုးသမီးပါလာသည်
အချိန်သိပ်မကြာသေးသဖြင့် ရေမွန်းကာသတိမလစ်သေး ကမ်းပေါ်မှာထိုင်ငိုနေသည်။
“မကြူ ပါလားဘယ်လိုဖြစ်တာလဲ”
“သိပါဘူး ကျုပ်လည်းကန်ထဲလူခုန်ချတယ်ဆိုလို့
ပြေးလာတာ အိမ်ထောင်ရေးအဆင်မပြေဘူးလို့
ကြားတာပဲ”
“ကလေးတစ်ယောက်မွေးပြီးမှ ယောက်ျား
နောက်မိန်းမနဲ့ ရှုပ်နေတယ်ဆိုတဲ့သတင်းတော့
လမ်းထဲမှာပြောနေကြတာပဲ ဟုတ် မဟုတ်တော့
မသိပါဘူး”
ရေနစ်တယ် သတင်းကြားသဖြင့် လာကြည့်သူ
အမျိုးသမီး၂ယောက်လည်းရေနစ်သော
အမျိုးသမီးကိုမြင်ပြီးဝေဖန်မှုပြုနေကြသည်
“အင်း ခက်တော့နေပါပြီ ဒီမိန်းကလေးတွေ ကံကောင်းသေးတယ် ဒီကန်ကြီးက ၁နှစ်၁ယောက်
ပုံမှန်လူစားနေတာလည်းသိရက်နဲ့ သေချင်လို့
သေသွားရင်တော့လည်းကောင်းသား
မသေသင့်တဲ့လူတွေမသေတော့ဘူးပေါ့”
အသက်၆၅နှစ်ခန့်ဦးလေးကြီးတစ်ယောက်က
ခပ်လှမ်းလှမ်းမှာရပ်ရင်း တစ်ဦးတည်းပြောသလို
ပြောနေစဉ် အနီးမှာရပ်နေသော လူတစ်ယောက်က
စိတ်ဝင်စားပြီး မေးမြန်းစပ်စုလိုက်သည်။
“ဘယ်လိုသေသင့်တဲ့လူနဲ့ မသေသင့်တဲ့လူလဲ အဘ
ဒီကန်ကြီးကလည်း တကယ်လူစားလို့လား”
“သေသင့်တဲ့လူဆိုတာက အခုလိုမျိုးပေါ့ကွာ
လူ့ဘဝရဖို့ ခဲယဉ်းတယ်ဆိုတာ လူတိုင်းအသိပဲ
မဟုတ်လားလူဖြစ်လာမှတော့ ဆင်းရဲချင်ဆင်းရဲ
ဒုက္ခဘယ်လိုပဲခံရခံရကြံ့ ကြံ့ ခံပြီး ကျော်လွှားနိုင်
ရမယ်ပေါ့ အခုတော့ ထစ်ခနဲဆိုသတ်သေမယ်
သတ်သေမယ်နဲ့ သူတို့သေရုံနဲ့ ပြီးမလားကွနောက်မှာ ဒုက္ခနဲ့ ကျန်ရစ်ခဲ့ကြမှာ
ဒါကြောင့်ထစ်ခနဲဆို သေချင်တဲ့လူတွေ ဒီလိုလူမျိုးတွေသေသင့်တယ်လို့ ပြောတာ
မသေသင့်ဘူးဆိုတာက ရေတွေ့လို့ အပျော်ရေဆင်း
ကူးတဲ့လူတွေ ကမ်းဘေးငါးထိုင်မျှားတဲ့လူတွေပေါ့
ကွာ ဒီလိုလူမျိုးတွေ မသေသင့်ဘူးလို့ပြောတာ
ဦးလေးပြောချင်တာကို အရှည်ကြီးတွေးမနေနဲ့
လူ့လောကကြီးထဲက သေသင့်မသေသင့်တဲ့ဟလူတွေအကြောင်း ပြောရမယ်ဆိုအရှည်ကြီးပေါ့ ငါ့တူ
ဦးလေးပြောနေတာကဒီရေကန်ထဲမှာ သေချင်လို့
ခုန်ချသေတဲ့လူနဲ့ မသေချင်သေးဘဲ ရေကန်ကြောင့်
သေရတဲ့လူအကြောင်းပဲပြောတာ
အခုပဲကြည့် လွန်ခဲ့တဲ့ ၃လလောက်က အမျိုးသမီးတစ်ယောက် ရေထဲခုန်ဆင်းတယ်
လူတွေတွေ့လို့ ဆယ်ပေးတယ် မသေဘူး
အခုလည်းသေကြောင်းကြံပြီး ခုန်ချတယ်
လူတွေဆယ်တယ် မသေဘူး
နောက်၁လ၂လကျော်တဲ့နောက်ပိုင်း ရေထဲဆင်းကြည့်မသေနဲ့အသေ လောင်းချင်သေးတယ် ”
“ဦးလေးကဘာအထောက်အထားနဲ့ ပြောနေတာလဲ
ကျွန်တော်မသိလို့မေးတာနော် စိတ်တော့မရှိပါနဲ့ ”
“အေး မရှိပါဘူးကွာ ပြီးခဲ့တဲ့ ၁၀လကျော်၁၁လလောက်က ဦးလေးတူတစ်
ယောက် ကန်စောင်းကရေထဲ ငိုက်နေတဲ့ ကုက္ကိုပင်
အကိုင်းပေါ်ခွထိုင်ပြီး ငါးမျှားနေတယ်
ဦးလေးတူကအရက်လည်းမသောက်ဘူး
အိပ်ရေးလည်းမပျက်ဘူး ငါးသွားမျှားတာ နာရီဝက်
ပဲရှိတယ် ရေထဲကျပြီး သေသွားပါရောလား
အဲဒီသစ်ပင်ကို ခုတ်ပစ်လိုက်ပြီမရှိတော့ဘူး”
“ရေမကူးတတ်လို့ ဖြစ်မှာပေါ့”
“ရေမကူးတတ်လည်း သူနဲ့အတူ ငါးမျှားနေတဲ့
လူတွေရှိတယ် သူတို့ဆင်းဆယ်တယ် ကျတဲ့နေရာ
ပဲမဲရှာနေတာ ၁၀မိနစ်၁၅မိနစ်လောက်ပဲရှိတယ်
ရှာလို့ကိုမတွေ့တာ အဲဒါနဲ့ရေငုတ်တဲ့လူတွေ
ကန်မျက်နှာပြင်အနှံ့ငုပ်ရှာလိုက်တာ ကန်အလယ်က ရေအောက်မှာသွားတွေ့တယ်
ဦးလေးတူကရေလည်းမကူးတတ်ဘူး ဒီလောက်ကျယ်တဲ့ ကန်အလယ်ကို သူဘယ်လိုလုပ်
ရောက်သွားလဲစဉ်းစားပေါ့ ”
“မမြင်နိုင် မသိနိုင်တဲ့ အရာတစ်ခုခုကြောင့်
ကန်အလယ်ရောက်သွားတာ ဖြစ်နိုင်တာပေါ့
ဦးလေး”
သူတို့လူစုစကားမပြတ်သေးသော်လည်း ကန်ပေါ်မှာတော့ လူရှင်းသလောက်ဖြစ်သွားသည်။
ကန်အကြောင်းပြောနေသူ ဦးလေးကြီးအနီးမှာ
စိတ်ဝင်စား၍ရပ်နားထောင်သူ လူ၅ယောက်သာ
ရှိတော့သည်။
“ဦးလေးတူတင်မကဘူး ဦးလေးမိသားစုကို
ဒီကန်ကြီးမကောင်းတဲ့အကြောင်း အိပ်မက်မက်ပြီး
ကန်ကိုမသွားဖို့ မှာထားတာ အဲဒီသေသွားတဲ့
ဦးလေးတူကမယုံဘူး မယုံလိာ့ ငါးမျှားတာ
သေတဲ့အထိဖြစ်သွားတာပေါ့ ”
“ဦးလေးကဘယ်လိုအိပ်မက် မက်တာလဲ”
“ဦးလေးအိပ်မက်တာက တစ်ည ဦးလေး ကန်ဘေးကအိမ်ကိုဖြတ်ပြန်လာတုန်း ကန်ထဲက
သရဲလိုလိုမည်းမည်းအကောင်ကြီးက တက်လာတာ တွေ့တယ် ငါဗိုက်ဆာနေပြီ
၁နှစ်၁ယောက်စားနေတာ ၁နှစ်ကျော်နေပြီ
ကန်ထဲဘယ်သူမှမလာလို့ မင်းကန်ထဲဆင်းပါလား
လို့လှမ်းပြောတယ်
ဦးလေးကကန်ဘက်တစ်စောင်း ရောက်နေပြီဆို
တော့နောက်လှည့်မကြည့်ဘဲပြေးဆင်းခဲ့တာ
သရဲလိုက်မလာလို့ တော်သေးတာပေါ့ ငါ့မှာ
အိမ်အရောက်ခြေကုန်သုတ်ပြေးလာရတာ ပြီးမှ
အိပ်မက် မက်နေမှန်းသိတယ်
ဟုတ်သော်ရှိမဟုတ်သော်ရှိ အိပ်မက်အကြောင်းပြောပြပြီး ကန်ကြီးနဲ့
ဝေးဝေးရှောင်ဖို့ပြောတာ ဦးလေးစကားမယုံတဲ့
ဦးလေးတူရေထဲကျသေသွားတာပဲ အခုဆို သေတာ
၁၀လကျော်ပြီ ၁နှစ်ဝန်းကျင်၁နှစ်ကျော်ရင်တော့ သတိထားရတော့မှာပေါ့ ”
“ဦးလေးစကားအတိုင်းဆို နောက်တစ်လ နှစ်လ
နောက်ပိုင်း ဒီကန်ကိုရေလာမကူးဖို့ ကန်ဘောင်ပေါ်မကစားဖို့ ကလေးတွေကို
မှာထားရမယ် ”
“ဘာပဲဖြစ်ဖြစ် သတိထား ဆင်ခြင်နိုင်ရင်
ကောင်းတာပေါ့ကွာ ကဲ ကန်ပေါ်မှာလည်း
ဘယ်သူမှမရှိတော့ဘူး ဦးလေးသွားမယ်
ဦးလေးအိမ်ကဒီကန်ဘောင်က ဟိုရှေ့ကို ဆင်းသွားရင်ကန်ကိုကျောပေးထားတဲ့လမ်းထဲမှာပဲ”
“ဟုတ်ကဲ့ အခုလိုပြောပြပေးတာ ကျေးဇူးပါပဲ”
ထို့နောက်ဦးလေးကြီး၏စကား သတင်းပြန့်သွား၍လားမသိ ကန်ထဲမှာ ငါးလာမျှားသူများ ရေဆင်းကူးသူများ မရှိသလောက်ဖြစ်သွားသည်
၁ရက် ကန်ဘေးကပ်လျက် လမ်းမှာနာရေးဖြစ်သည် ရက်လည်ဆွမ်းသွတ်ရန်
အကြိုညမှာ မုန့်ဟင်းခါးဟင်းရည် ချက်နေသည်။
ရပ်ဝေးမှ ဧည့်သည်များလည်းရောက်နေသည်
ဒလမြို့ မှ နာရေးအိမ်သို့ ညအိပ်ညနေ ရောက်နေသူ
ကိုထွန်းဆိုင်က မုန့်ဟင်းခါးအိုးတည်သည့်နေရာမှာ
ဝိုင်းဝန်းကူညီလုပ်ကိုင်ပေးနေရင်း အိုက်သည်ဆိုကာ အင်္ကျီပုဆိုးချွတ်ပြီး ဘောင်းဘီတိုနှင့်ကန်ပေါ်တက်သွားကာ ရေထဲ
ဒိုင်ပက်ထိုးချလိုက်သည်
သူကဲ့သို့ပင် ရေချိုးမည်ဆိုကာ နောက်ကလိုက်သွားသူကိုကြိုင် ရှေ့မှာပင် ရေထဲ
ဒိုင်ပင်ထိုးချလိုက်သည်ကို တွေ့လိုက်သည်။
ကန်ဘောင်ပေါ်ရောက်တော့ ရေမျက်နှာပြင်ပေါ်
လှုပ်ရှားနေသည်ကိုသာတွေ့သည်
ရေဆင်းကူးသည့် ကိုထွန်းဆိုင်ကို မတွေ့ ။
“ကိုထွန်းဆိုင် ကိုထွန်းဆိုင် ”
ဘယ်မှာမှမရှိ ရေထဲ ငုပ်နေသည်ထင်ပြီး
ခဏစောင့်သည် ထူးခြားမလာ
သို့ကြောင့် ကန်ဘောင်ပေါ်မှ လှမ်း၍ …
“ကိုစိုးမောင် ဦးချစ်တင် လာပါဦးဗျ
ကိုထွန်းဆိုင်ရေထဲဆင်းသွားတာ ပေါ်မလာလို့”
ကိုကြိုင်၏အော်သံကြောင့် မုန့်ဟင်းခါးအိုးအနီး
ထိုင်နေသော ဦးချစ်တင်နှင့်ကိုစိုးမောင်အပြင်
ဖဲဝိုင်းမှ ကိုကြိုင်အော်သံကြားလိုက်သော လူအချို့
ပြေးလာကြသည်။
“ဘယ်သူရေထဲကျလို့လဲ ”
“ထွန်းဆိုင် အိုက်တယ်ဆိုပြီး ရေထဲခုန်ချတာ
ပြန်ပေါ်မလာလို့ ”
“ဟ ဒီကောင် ပန်းဆိုးတန်းနဲ့ဒလ ပဲ့ထောင်ပို့နေတာပဲ ရေကူးကျွမ်းမှကျွမ်း ရေနစ်တာတော့ မဖြစ်နိုင်ဘူး ရေငုပ်ပြီး နောက်ပြောင်နေလားမှမသိတာ ”
“ဟာ ၅မိနစ်ကျော်ပြီ ဒီလောက်ကြာအောင်
မငုပ်နိုင်ပါဘူး
“ရေဘယ်လောက်နက်လဲ ”
“ဆယ်ပေလောက်နက်မယ် ကန်အလယ်မှာ
၁၅ပေလောက်နက်တယ် ”
“ကဲ ရေကူးတတ်တဲ့ကောင်တွေ ဆင်းကြည့်ကြပါဦး
ဒလမှ ဧည့်သည်နှစ်ယောက်နှင့်နယ်ခံသုံးယောက်
ခနိ့ရေထဲဆင်းကြသည်။
“ဒီနားက ခုန်ဆင်းသွားတာ”
လူသုံးယောက်ရေထဲ ငုပ်သွားသည်။
မကြာခင်မှာပင် ရေထဲမှ ကိုထွန်းဆိုင်ဆိုသူကို
အပေါ်ဆယ်တက်လာသည်။
“အသက်မရှိတော့ဘူး ခေါင်းက နုံးထဲမှာ
စိုက်နေတယ်”
“ဟာ ဘယ်လိုဖြစ်တာလဲ ရေကဆယ်ပေလောက်
နက်တာ ဒီကန်ဘောင်က ဒိုင်ပင်ထိုးချရင်
ဘယ်လိုမှအောက်ခြေထိ ခေါင်းစိုက်သွားစရာ
အကြောင်းမရှိဘူး ပြီးတော့ ဒီကောင်က ဒလဆိပ်ကမ်းမှာ ရေကူးတာတို့ ဒိုင်ပင်ထိုးတာတို့
ကျွမ်းပြီးသား သေစရာကိုအကြောင်းမရှိဘူး ”
“ဒီကန်က လူစားကာနီးလို့ လူတွေ ရေထဲ
ဆင်းမကူးဘဲ ရှောင်နေကြတာ ”
“ဟုတ်တယ် တစ်နှစ်တစ်ယောက် ကန်ထဲမှာ
သေတာထုံးစံလိုဖြစ်နေပြီ”
“ဟုတ်တယ် ဦးလေးကြီးတစ်ယောက်က ပြောတယ်
တဲ့ ကန်ထဲမှာ လူသေသွားတာ ၁နှစ်နီးပါးရှိပြီ
ကန်နားမလာကြနဲ့ လူစားတော့မယ်တဲ့ ”
တစ်ယောက်တစ်မျိုးပြောနေကြသည်
ဟုတ်သော်လည်းရှိမဟုတ်သော်လည်းရှိ
ပြီးခဲ့သည့်လူသေပြီး တစ်နှစ်နှင့်ဆယ်ရက်အကျော်မှာပင် လူသေခဲ့ပြီဖြစ်သည်။
နာရေးအိမ်မှာလူတွေစုံတော့ ပြောကြသည်
ကန်ကတစ်နှစ်တစ်ယောက်စားလာခဲ့သည်မှာ
သည်တစ်ယောက်နဲ့ဆို ငါးယောက် ငါးနှစ်ရှိပြီဟုဆိုသည်။
သို့ဖြစ်၍ လာမယ်နှစ် ထိုကဲ့သို့အဖြစ်မျိုး မကြုံရန်
တားဆီးနိုင်သော လူပုဂ္ဂိုလ်မျိုး ပေါ်လာစေရန်သာ
ဆုတောင်းနေကြပါတော့သည်။
ပြီးပါပြီ
#ဧကန်မင်း #မဖဲဝါနဲ့ခေါင်းပြတ်သရဲမကြီး
စာအုပ်မှ ကောက်နှုတ်တင်ပြပေးပါသည်။
#သရဲစာပေ