တစ်ဦးတည်းသောသား(စ/ဆုံး)
——————————-
“ကိုနောင် ..မိမှာ ကိုယ်၀န်ရှိနေပြီ”
” ဟင် ဟုတ်လား ..၀မ်းသာလိုက်တာ မိရယ် ၊ ကျေးဇူးပါကွာ ”
ခင်ပွန်းဖြစ်သူက သူ၏ချစ်ဇနီးလေး မိအား ကြင်နာစွာထွေးဖက်ထား၏။
ကိုနောင်သည် အမှန်တစ်ကယ်ပင် ၀မ်းသာနေရှာသည်။
အိမ်ထောင်သက် သုံးနှစ်ကြာမှ မိသည် ပထမဆုံး ကိုယ်၀န်ကို လွယ်ထားနိုင်ခဲ့သည်။
ကိုနောင်သည် ချစ်ရသော မိ နှင့်လက်ထပ်ပြီးနောက် စတိုးဆိုင်ကြီးတစ်ခုအား ဖွင့်လှစ်ထား၏။
ကိုနောင်နှင့်မိတို့လင်မယားနှစ်ယောက်လုံး၏ အသိုင်းအဝိုင်းက ချမ်းသာကြသည်ဟုဆိုရပေမည်။
ထို့ကြောင့်လည်း အိမ်ထောင်ပြုပြီးနောက် လူတန်းစေ့နေနိုင်ကြလေသည်။
မိမိခိုင်သည် မွေးရာပါကျောက်ကပ်အားနည်းသူမို့ သာမန်မိန်းခလေးများထက် ကလေးရရန် အခွင့်အရေးနည်းပါး၏။
ထို့ကြောင့် ကိုနောင်နှင့်လက်ထပ်ပြီးနောက် အိုဂျီများထံ အကြိမ်ကြိမ်သွားရောက်ကာ သားအိမ်အားဆေးများ ကျောက်ကပ်ဆေးများအား သောက်ခဲ့ရ၏။
ယခု အိမ်ထောင်သက် သုံးနှစ်ကျော်၌ ပထဦးဆုံး ပဋိသန္ဓေ ဆောင်နိုင်ခဲ့ပြီဖြစ်၏။
မိ၏ရင်သွေးလေးရှိသည့်အချိန်၌ အခြားသောသူများကဲ့သို့ ထူးဆန်းသော အိမ်မက်များ မြင်မက်ခြင်းမရှိသကဲ့သို့ ထူးခြားသည့် ချဉ်ခြင်းတပ်ခြင်းမျိုးလည်း ရှိမမနေခဲ့ပေ။
ကိုးလလွယ် ဆယ်လဖွားဟူသော စကားအတိုင်း မိ၏ကိုယ်၀န်သည် ကိုးလကျော်သောအခါ သားဦးယောက်ျားလေးအား အောင်မြင်စွာ ဖွားမြင်ခဲ့လေသည်။
” အူဝဲ အူဝဲ အူဝဲ ”
” ဟယ် ယောက်ျားလေး ဟေ့ ၀၀တုတ်တုတ်လေး ၊ တစ်တုံးတစ်ခဲလေးဟေ့ ”
နားထဲ၀င်လာသော စကားသံကြောင့် မိတစ်ယောက် အားရပါးရ ပြုံးလိုက်၏။
ကိုယ်၀န်ရှိစဉ်က အက်ထရာစောင်း ရိုက်ခဲ့သည့်အတွက် သားယောက်ျားလေးမှန်း ကြိုသိနေသဖြင့် အရမ်းကြီးတော့ အံ့ဩမနေခဲ့ပါချေ။
” ဒေါက်တာ ကျွန်တော့်မိန်းမရော …”
“ကလေးရော မိခင်ရော နေကောင်းပါတယ်ဗျာ ”
” သားလေးကရော ခြေလက်အင်္ဂါစုံရဲ့လားဗျာ ”
” စုံပါတယ်ဗျာ စုံပါတယ် ”
မိ၏နားထဲ၌ ခင်ပွန်းဖြစ်သူမေးနေသော စကားသံများအား ကြားလိုက်ရပြီးနောက် ပင်ပန်းလွန်းသဖြင့် မကြာမီအိပ်ပျော်သွားလေတော့သည်။
” အူဝဲ အူဝဲ အူဝဲ ”
ဘေး၌ ကလေး၏ငိုသံ စူးစူးလေးကြောင့် သူနိုးလာ၏။
သူ့အားပြုံးကာကြည့်နေသော မိခင်ဖြစ်သူအားတွေ့လိုက်ရသဖြင့် မိတစ်ယောက် အားရှိသွားသည်ကတော့ အမှန်ပင်။
” သမီး ကလေးက နို့ဆာနေပြီ နို့တိုက်လိုက်အုံးနော် ”
” ဟုတ်အမေ …အား ကျွတ်ကျွတ် ”
” နေ…နေ…သမီး ၊ သမီးက ဗိုက်ခွဲထားတော့ အရမ်းနာနေမှာ ဒီအတိုင်းသာနေ”
မိ၏ အင်္ကျီအားလှန်ကာ ကလေးအား အနည်းငယ်စောင်း၍ ကလေးပါးစပ်၌ နို့အား ထည့်ပေးလိုက်သောအခါ သားလေးက အငိုတိတ်သွားရှာ၏။
မိ၏ ရင်ထဲ၌လည်း ကြည်နူးခြင်းဖြင့် မေတ္တာဓာတ်က တစ်ကိုယ်လုံး၌ စီးဆင်းသွားသကဲ့သို့ခံစားရ၏။
မိနှင့် မြေးဖြစ်သူအား ပြုံးကာကြည့်နေသော မိ၏မိခင်ဖြစ်သူ၏ မျက်၀န်း၌လည်း အကြင်နာလမင်း သာသည့်နှယ် ထိန်လင်းနေလေတော့သည်။
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
အခန်း (၂)
အချိန်ဟူသော ဒီရေသည် လူသားများ၏ နုပျိုမှုအားလုံးကို တရိပ်ရိပ်တိုက်စားလျက်ရှိလေရာ ကိုနောင်နှင့် မိတို့လင်မယားသည်ပင် အသက်လေးဆယ်ကျော် ငါးဆယ်နီးပါး အရွယ်သို့ရောက်ရှိလာခဲ့လေပြီ။
“သားလေး သီဟ ..သူများအသက်ကို ဘာလို့သတ်ချင်ရတာလဲ”
” ဟာ အမေကလဲဗျာ အမေတို့ကျ အသားဟင်းမစားတာကျနေတာပဲ၊ ဘာသာရေးကိုအကြောင်းပြပြီး ကုသိုလ်တွေ အကုသိုလ်တွေ လာမပြောနဲ့၊ ဟောဒီလို ကိုယ်တိုင်မျှားလို့ရတဲ့ငါး လတ်လတ်ဆတ်ဆတ်တွေကို စားရတာ ကျန်းမာရေးအရမ်းကောင်းတယ်၊ ဂျပန်နိုင်ငံမှာဆို ငါးအရှင်လတ်လတ်ရဲ့ ဘေးသားတွေကို ဓားနဲ့လှီးပြီးအစိမ်းစားကြတာ ၊ ကျုပ်တောင် အဲ့လိုစားရမလားစဉ်းစားနေတာ ၊ ဒီကငါးတွေက ညှီတော့ သိပ်အဆင်မပြေဘူး ”
” တော်…တော်ပါတော့ သီဟရယ်၊ မင်းဟာက ပြောလေကဲလေပဲ၊ မင်းလုပ်နေတာကိုကြည့်ပြီး အကုသိုလ်တွေများလိုက်တာ ”
” များရင်လဲ အိမ်ပေါ်ကြွ… ဒီမှာလာပြီးတရားမဟောနဲ့ နားညည်းတယ် ၊ ဩ ကျုပ်ကို အရက်ဖိုးတော့ ပေးအုံး ၊ ကျုပ်ဒီငါးတွေ ကြော်ပြီးရင် သူငယ်ချင်းတွေအိမ်မှာ အရက်သွားသောက်မှာ ”
မိတစ်ယောက် သက်မရှည်ကြီးအားချလိုက်မိ၏။
သားဖြစ်သူသီဟသည် သူ၏လက်ထဲ၌ တဖျတ်ဖျတ်ခါနေသော ငါးများအား အကြေးခွံထိုးကာ ခေါင်းများအား ခုတ်ဖြတ်လိုက်၏။
ထိုအခါ ငါးသည် မငြိမ်မသက်အခြေအနေဖြင့် ခေါင်းမှာပြတ်ခါနီး တည်းတည်းလေးကျန်ကာ ရုန်းကန်နေရှာ၏။
” ဩ ဒုက္ခ ဒုက္ခ ဒုက္ခ ”
ဒေါ်မိမိခိုင်တစ်ယောက် မြင်နေရသောမြင်ကွင်းမှ အကြည့်အားလွှဲဖယ်ကာ ပါးစပ်မှ ဒုက္ခအား တတွတ်တွတ်ရွတ်ရင်း အိမ်၏အပေါ်ထပ်သို့တက်သွားလေတော့သည်။
အပေါ်ထပ် ဧည့်ခန်း၌ သတင်းစာထိုင်ဖတ်နေသော ခင်ပွန်းဖြစ်သူအားတွေ့လိုက်ရသဖြင့်
” ကိုနောင် ….”
” ဟေ ဘာများလဲ မိ”
မိန်းမ၏ ခပ်လေးလေးခေါ်သံကြောင့် ဖတ်လက်စ သတင်းစာအား ခုံပေါ်သို့တင်ကာ မျက်မှန်အားချွတ်လိုက်၏။
“ကိုနောင့်သားကို ဒီလိုပဲ ကြည့်နေတော့မှာလား …တစ်နေ့တစ်နေ့ သားကိုကြည့်ရင်း မိ စိတ်ဆင်းရဲပြီးသေချင်စိတ်ပေါက်နေပြီ ”
” အင်း ခက်တယ်မိရယ်…အစကတည်းက ကိုယ်က သားကိုဆုံးမရင် မင်းက ရှေ့ဆီးနောက်ကာနဲ့ …ပညာရေးမှာဆိုလဲ အပေါင်းအသင်းတွေနဲ့ တရုန်းရုန်း ၊
ဟော ဆယ်တန်းကျလို့ နောက်နှစ်ကျောင်းပြန်ထားတော့ ပိုဆိုး၊ နောက်ဆုံး ဘယ်ဆရာကမှလက်မခံလို့ ကျောင်းတောင်ဆက်ထားလို့မရတော့ဘူး …အပြင်လောကထဲ ရောက်တော့ ဆေးလိပ်လေး တဖွာဖွာနဲ့၊
ငါက ဆုံးမတော့ မင်းက ယောက်ကျားလေးပဲ ဆေးလိပ်လေးသောက်တာဘာများဆန်းလဲတဲ့ ၊
အမှန်ဆို မင်းသားရဲ့အကြောင်း မင်းသာအသိဆုံးပဲမိ၊
ဒီကောင်က သွေးဆိုးတယ်၊
ငယ်ကတည်းက ဂျစ်ကန်ကန်နဲ့၊
ငါကဆုံးမတိုင်း မင်းက လိုက်ကာပေးနေတော့ ဒီကောင်က ပိုကမ်းတက်လာရော၊
ဟော ခုကျ ဘီယာလေးတမြမြ အရက်ကလေး တချချနဲ့ ၊ တစ်နေကုန် ဘာအလုပ်မှမလုပ်ဘူး ၊
အားနေရင် ငါးမျှားတံတစ်ချောင်းနဲ့ ရေစပ်တွေမှာ ငါးသွားမျှား ၊
ပြီးရင် မသေမရှင်ငါးတွေကို အရေခွံတွေချွတ် ခေါင်းတွေဖြုတ်နဲ့ တစ်နေ့တစ်နေ့ အကုသိုလ် အလုပ်တွေချည်းပဲ ၊
ငယ်ကတည်းက ဆုံးမတာကိုမှနာမခံတာ ခုအသက် နှစ်ဆယ်ကျော်မှ ဘယ်လိုဆုံးမလို့ရမလဲ ၊
မိန်းမယူဆိုလဲမယူဘူး..
မင်းတို့မိန်းမတွေကလဲ ခက်တယ်၊ ဖအေဖြစ်သူက သားသမီးကို ဆုံးမနေရင် ဟိုကာဒီဖာနဲ့၊
ဆုံးမလို့မရဘဲ ဆိုးရွားသောင်းကျန်းနေခါမှ လုပ်ပါအုံးနဲ့၊
ကိုနောင့်အသက်ကိုလဲကြည့်အုံးလေမိ ၊
ငါးဆယ်ဆိုတဲ့အရွယ်ဟာ မငယ်တော့ဘူး၊
ဘ၀နေ၀င်ချိန်နဲ့နီးနေပြီ၊ ခုချိန်မှတော့ သားမိုက်နဲ့ဖက်ပြီး ရန်မဖြစ်ချင်တော့ဘူး၊
ကိုယ်နားအေးပါးအေး နေပါရစေမိရယ်၊ ဒင်းလဲ သူ့ထိုက်နဲ့သူ့ကံပေါ့ကွာ ”
ဆံပင်များဖြူကာ ပါးရည်များတွန့်နေပြီဖြစ်သော ခင်ပွန်းဖြစ်သူအား စိတ်မကောင်းစွာကြည့်ရင်း
” ဟုတ်ပါတယ်ကိုနောင်ရယ်၊ တစ်ကယ်တော့ မိက မှားတာပါ၊သားလေးတစ်ယောက်တည်းမို့ အလိုလိုက် အချစ်ပိုပြီး အရမ်းအလိုလိုက်ခဲ့မိတယ်၊ တစ်ကယ်တော့ အဲ့ဒါတွေက ချစ်ရာမရောက်ပဲ သားလေးကို နှစ်ရာရောက်မှန်း ခုမှသိလာတယ်၊ ခုတော့ သားက အရက်ကို မသောက်ရရင်မနေနိုင်တဲ့ အရက်သမားတစ်ယောက်ဖြစ်နေပြီ၊ ပိုဆိုးတာက နေ့တိုင်းငါးတွေမျှားပြီး မသေမရှင်အနေအထားနဲ့ နှိပ်စက်နေတာပဲ၊ ဟိုနေ့ကဆို ငါးက ခေါင်းမပြတ်တပြတ်အနေအထားနဲ့ ဖျတ်ဖျတ်လူးနေတဲ့ငါးကို ဆီအိုးကင်းထဲ ပစ်ထည့်လိုက်တာပဲ ၊ မိလေ သားလေးကို ၀ဋ်လည်မှာ စိုးမိတယ် အဟင့် ဟင့် ”
” မိရယ် ငိုမနေပါနဲ့ကွာ ဘယ်တတ်နိုင်ပါ့မလဲ ၊ ဒီထက်ဆိုးလာရင် တစ်ခုခု စီစဉ်ကြရမှာပေါ့ကွာ ”
ကိုနောင်သည် ချစ်ဇနီးအား ရင်ခွင်ထဲထွေးဖက်ကာ ခေါင်းလေးအား သပ်ပေးနေလေသည်။
ယခင်ကတော့ သားလေးကြောင့်ပျော်ခဲ့ရဖူးကြသည်။ တစ်ဦးတည်းသောသားမို့ အစစအရာရာ လိုလေသေးမရှိဖြည့်ဆည်းပေးခဲ့ကြသည်။
မိမိခိုင်တစ်ယောက် သားလေးသီဟကိုမွေးဖွားပြီး နောက်ထပ်ကလေးထပ်မရခဲ့တော့။ထို့ကြောင့် သီဟလေးသည်သာ သူတို့လင်မယား၏ ဘ၀ဟု သတ်မှတ်ကာ အချစ်ပိုခဲ့ကြသည်။
ထို့ကြောင့်လည်း သီဟတစ်ယောက် မိဘများ၏အလိုလိုက်မှုအား အခွင့်ကောင်းယူကာ ပေါ့ပေါ့နေနေပေါ့ပေါ့စားဘ၀ဖြင့် အရွယ်ရောက်လာခဲ့၏။
ထို့နောက်အပေါင်းအသင်းများနှင့် အရက်ဘီယာလေး သောက်တတ်လာခဲ့၏။
သီဟသည် ငါးမျှားခြင်းအား လွန်စွာဝါသနာပါလေသည်။
မိဘ၏လုပ်ငန်းအား မကူပဲ တစ်နေ့တစ်နေ့ ငါးမျှားလိုက် အရက်သောက်လိုက်ဖြင့် သူ၏ဘ၀ကြီးအား ဖြတ်သန်းနေလေတော့သည်။
အဆိုးဆုံးမှာ သူမျှား၍ရသမျှငါးများအား အရှင်လတ်လတ်အကြေးခွံခွာကာ ဦးခေါင်းအားခုတ်ဖတ်ကာ ကြော်လှော်ခြင်းပင်။
ဒေါ်မိမိခိုင်တစ်ယောက် သားဖြစ်သူ၏ အကုသိုလ်အလုပ်အားကြည့်ကာ တစ်နေ့တစ်နေ့ စိတ်ဆင်းရဲနေရှာတော့သည်။
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
အခန်း(၃)
” အမေ သားကိုအရက်ဖိုးပေးအုံးဗျာ ”
” မပေးနိုင်တော့ဘူးသီဟ၊ မင်းလဲငယ်တော့တဲ့ အရွယ်မဟုတ်ဘူး ၊ အသက်က သုံးဆယ်နားနီးနေပြီ၊ မင်းရဲ့ မျက်နှာလဲကြည့်လိုက်အုံး ၊ အရက်ဖော ဖောနေပြီ ၊ မင်းသာရှေ့လျှောက် ဒီအတိုင်းဆက်သွား၊ မကြာဘူးသေလိမ့်မယ်”
” သေချင်သေဗျာ၊ ကျုပ်အရက်မသောက်ရရင် မနေနိုင်တော့ဘူး ၊ ရတယ်လေ ခင်ဗျားက အရက်ဖိုးမပေးလဲ ကျုပ် မျှားလို့ရတဲ့ငါးတွေရောင်းစားပြီး အရက်၀ယ်သောက်ရုံပဲ ”
” မင်းအဖေရဲ့ လုပ်ငန်းမှာကူပါလား သီဟ”
” နိုး …နိုး…ကျုပ်ကို အလုပ်လုပ်ဖို့လာမပြောနဲ့၊ ကျုပ်ဝါသနာမပါဘူး၊ လူ့ဘ၀ရောက်ခိုက် ပျော်ပျော်နေမယ်၊ ကိုယ်ဝါသနာပါရာ ကိုယ်လုပ်မယ်၊ ကျုပ်ကို ကုသိုလ်တွေ အကုသိုလ်တွေလဲ လာမပြောနဲ့ အယုံအကြည်မရှိဘူး၊ ငါးဆိုတဲ့ သတ္တဝါတွေကလဲ လူတွေစားဖို့အတွက် မဟုတ်လား၊ ကျုပ်မဖမ်းလဲ သူများဖမ်းမှာပဲ ”
” မင်းစားချင်ရင် အမေ၀ယ်ကျွေးပါ့မယ်သီဟရယ်၊ အစားတစ်လုတ်အတွက် အကုသိုလ်တော့မရှာပါနဲ့၊ သားလေး အလုပ်မလုပ်ချင်နေ အရက်တော့မသောက်နဲ့ ဟုတ်ပြီလား၊ငါးကြိုက်ရင် အမေနေ့တိုင်း ဈေးကနေ၀ယ်ကြော်ပေးမယ် ဟုတ်ပြီလား ”
” ဟာဗျာ မစားချင်ပါဘူး၊ ဈေးကငါးတွေက ရေခဲရိုက်တွေ မလတ်ဆတ်ဘူး၊ ကျုပ်မျှားလာတဲ့ငါးတွေကမှ လတ်ဆတ်တာ ..ကျုပ်ကိုအရက်ဖိုးမပေးချင်လဲနေပေါ့ဗျာ၊ ကျုပ်ဒိုးတော့မယ် ”
ငါးမျှားတံအား ပုခုံးပေါ်တင်ကာ အိမ်ထဲမှ ထွက်သွားသော သားဖြစ်သူသီဟအားကြည့်ရင်း မိတစ်ယောက် မျက်ရည်များပင်ကျလာခဲ့၏။
မိုးတိမ်များက ကောင်းကင်ထက်မှ တအိအိပြိုကျလာသည်။
မကြာမီ မိုးဖွဲများက မြေပြင်ထက်သို့ သက်ဆင်းကြွေကျလာ၏။
” မိရေ မိ …”
အိမ်ရှေ့မှခေါ်သံကြောင့် ထွက်ကြည့်မိ၏။
” ဟယ် တိုးမာပါလား ၊ လာလေ ”
” မလာတော့ဘူးမိရေ ၊ နင့်သား သီဟ လမ်းထိပ်မှာ မိုးရွာကြီးထဲ မူးပြီးလဲနေလို့၊ သွားခေါ်လိုက်အုံး တော်ကြာ လေတွေဘာတွေဖြတ်နေအုံးမယ်”
” ဟင် ဟုတ်လား ၊ ဒုက္ခပါပဲ ကျေးဇူးပါတိုးမာရယ် ”
မိလည်း ခင်ပွန်းဖြစ်သူထံဖုန်းဆက်အကြောင်းကြားကာ လမ်းထိပ်ဘက်ထွက်ခဲ့၏။
လမ်းထိပ်အုတ်ခုံပေါ်၌ ပက်လက်အနေအထားဖြင့် အိပ်နေသော သားဖြစ်သူအား တွေ့လိုက်ရလျှင်
” သား ထ ထ အိမ်ပြန်ရအောင်နော် ”
” အင်း ဟင်း …ဟင်း ”
” ဟင် ကိုတွေလဲပူနေပါလား ၊ ငါ့သားလေး ဖျားပြီနဲ့တူတယ် ”
ထိုစဉ် သူတို့၏ဘေးသို့ ကားတစ်စီးထိုးရပ်လာ၏။
” ဟာ မိုးရွာကြီးထဲ ကွာ၊ လာ…မိ ကားပေါ်တက်၊ ကိုနောင်သားကို တွဲခေါ်လိုက်မယ် ”
အချို့သူများက သူတို့အား ကြည့်သွားကြ၏။လမ်းဘေး၌ မိသားစုသုံးယောက်ကတော့ သူတို့အပူနှင့် သူတို့မို့ မည်သူ့ကိုမျှဂရုမစိုက်အားပေ။
” ဟာ ဒီကောင် ကိုယ်တွေလဲ ပူကျက်နေတာပဲ ”
” ဟုတ်တယ်ကိုနောင် ဒီကနေ ဆေးခန်းတစ်ခါတည်း ပို့မှရမယ်…မိုက်လိုက်တာသားရယ် အ ဟင့် ဟင့် ”
” ကဲ မိရေ ငိုမနေနဲ့တော့ ဒီကောင့်ကို တွဲကူအုံး ၊ ကိုနောင်တစ်ယောက်ထဲ မနိုင်ဘူး ၊ အသက်ကကြီးလာတော့ စိတ်သွားတိုင်းကိုယ်က မပါ ”
ဆံပင်ဖြူများပင် မိုးရွှဲရွှဲစိုကာ သားဇောဖြင့် အပူရုပ်ပေါက်နေသော ခင်ပွန်းဖြစ်သူအားကြည့်လိုက်၊ သားဖြစ်သူသီဟအားကြည့်လိုက်ဖြင့် မိတစ်ယောက် ကျလာသောမျက်ရည်များက မိုးရေနှင့်အတူ ကြွေဆင်းသွားလေသည်။
မိုးကလဲ ယခုမှပင် သဲကြီးမဲကြီး ရွာချနေလေတော့သည်။
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
အခန်း (၄)
” အား အမေရေ ပူစပ်နေတာပဲ လုပ်…လုပ်ပါအုံးဗျာ ”
” ဟင် သားရဲ့လက်မှာရေကြည်ဖုတွေအများကြီးပါလား ၊ မဖြစ်ဘူး အရေပြားဆရာ၀န်နဲ့ပြမှဖြစ်မယ် …ကိုနောင်ရေ ကိုနောင် သားကိုလာကြည့်ပါအုံး ”
မိန်းမဖြစ်သူ၏ ခေါ်သံကြောင့် ကိုနောင်တစ်ယောက် အိမ်ပေါ်မှ အပြေးတစ်ပိုင်း ဆင်းလာခဲ့၏။
” ဒီမှာကြည့်ပါအုံးကိုနောင် ”
” ဟင် ရေကြည်ဖုတွေပါလား ၊ ဘာများမတည့်တာစားမိလို့လဲ ”
” မနက်က ကြက်ဥကြော်လေးနဲ့ထမင်းပဲကျွေးတာပါ ”
” ဟူးးးးး”
ကိုနောင်တစ်ယောက် သက်မရှည်ကြီးအားချလိုက်မိ၏။
” ဘယ်တတ်နိုင်ပါ့မလဲမိရယ်၊ သားကိုဆေးခန်း သွားပြရုံပေါ့ ”
” ကိုနောင့်မှာ ပိုက်ဆံရှိသေးရဲ့လားဟင် ”
“ကိုယ့်ရဲ့ဆိုင်ခန်းရောင်းထားတဲ့ငွေလေး လက်ကျန်ရှိသေးတယ် မိ…”
ကိုနောင့်အကြည့်ကာ မိတစ်ယောက် သက်မရှည်ကြီးအားချလိုက်မိ၏။
လမ်းထိပ်၌ မိုးရွာကြီးထဲ မူးပြီးလဲသည့်နေ့ကတည်းက သီဟတစ်ယောက် အိပ်ယာထဲ ဘုန်းဘုန်းလဲလေတော့သည်။
အဖျားက မကျ ကယောင်ကတမ်းများဖြစ်ကာ အော်အော်ငိုနေသည်မို့ ဆေးရုံဆေးခန်းများ စုံနေအောင်ပြသည့်တိုင်အောင် မသက်သာလာခဲ့။
ထို့ကြောင့် ဗမာဗိန္နောဆရာများထံ၌လည်း ကုသမှုခံယူခဲ့ရ၏။
ကုန်လိုက်သည့်ငွေသည်လဲ သောက်သောက်လဲ။
နောက်ဆုံး စတိုးဆိုင်အားလည်း ရောင်းချကာ သားဖြစ်သူအားဆေးကုပေးခဲ့ရလေသည်။
ယခုလဲ သားဖြစ်သူ၏အရေပြား၌ မီးလောင်ထားသကဲ့သို့ အရည်ကြည်ဘုများထနေ၏။
ကိုနောင်တို့လင်မယားလဲ အချိန်မဆိုင်းတော့ပဲ သားဖြစ်သူအားခေါ်ကာ ဆေးခန်းပြေးရလေတော့သည်။
တစ်လခန့်ကြာသောအခါ
” အား အမေရေ သား သေချင်ပြီ၊ အီး ဟီး ဟီး ”
မိတစ်ယောက် သားဖြစ်သူအားကြည့်ကာ မျက်ရည်များပင်ကျလာ၏။
မြင်နေရသည့်မြင်ကွင်းက စိတ်မသက်သာချင်စရာပင် ။
သီဟ၏ အရေပြားများသည် အချပ်လိုက်ကွာကျနေလေ၏။
အထဲမှ အသားနုများက ထိလိုက်တိုင်း စပ်နေသည့် ဝေဒနာအား မချိမဆန့် ခံစားနေရရှာသည်။
” အမေရေ သားကို မကယ်နိုင်တော့ဘူးလား အီးဟီး ဟီး ”
မိမိခိုင်တစ်ယောက် သားဖြစ်သူအားကြည့်ကာ မျက်၀န်းထဲ၌ မသေမရှင်ငါးများအား အကြေးခွံများခွာနေသော သားဖြစ်သူ၏ အတိတ်မှပုံရိပ်များအားပြန်လည်မြင်ယောင်လာ၏။
မိလည်း သားဖြစ်သူအား မကြည့်ရက်တော့သဖြင့် သားဖြစ်သူအခန်းထဲမှ ထွက်ကာ အခန်းအပြင်၌ အားရပါးရရှိုက်ငိုနေလေသည်။
” ငိုမနေပါနဲ့တော့မိရယ်၊ ၀ဋ်ကြွေးပါရင် ဆပ်ကြရသူချည်းပါပဲ ”
” သားလေးက ငါးတွေကို…..”
ကိုနောင်သည် သူ၏လက်ညှိုးဖြင့် မိ၏နှုတ်ခမ်းအား ထိကပ်ကာ
” ရှူး ..တိုး တိုး …ကိုနောင်သိတယ်မိ..သားက ငါးတွေကို အရှင်လတ်လတ် အကြေးခွံတွေချွတ်ခဲ့တော့ အဲ့ဒီလိုသူပြန်ခံစားရတာ…ဒါပေမဲ့ သားလေးရှေ့မှာ မပြောမိစေနဲ့၊ တော်ကြာသူ ပိုစိတ်ဆင်းရဲနေပါ့မယ်ကွာ ….”
သီဟ၏ အခန်းအပြင်ဘက်၌ လင်မယားနှစ်ယောက်ကြိတ်ငိုနေကြရသည်။
” မိ …ကိုယ်ဒီအိမ်ကို ရောင်းထားတယ်၊ သားလေးကို ဆေးဆက်ကုပေးဖို့အတွက် ငွေလိုတယ်မို့လား….”
မိသည် ငိုနေသည့်ကြားမှ ခေါင်းအားညိမ့်ပြကာ
” ဒါပေမဲ့ ၀ဋ်နာကံနာဆိုရင် ကုလို့ပျောက်ပါ့မလား ကိုနောင်”
” ကိုယ်သိပါတယ်မိရယ်၊ ဒါပေမဲ့ ကိုနောင် ဖခင်တစ်ယောက်အနေနဲ့ သားအတွက် လုပ်ပေးချင်တယ် ၊ နောက်ဆုံး သားသေသွားရင်လဲ နောင်တတွေနဲ့ ကျန်ခဲ့တဲ့ မိဘတွေမဖြစ်ချင်ဘူးကွာ…..”
ပြောနေရင်းနှင့်ပင် ကိုနောင်၏ အသံများက တိမ်၀င်သွား၏။
အမှန်တစ်ကယ်ပင် ထိုအိမ်အားရောင်းချကာ အစွန်အဖျားရပ်ကွက်လေး၌ ဈေးသက်သာသော မြေစိုက်ထရံကာအိမ်လေးအား၀ယ်ယူကာ သားဖြစ်သူသီဟအား ဆေးကုပေးခဲ့၏။
သို့သော် သီဟ၏ အခြေအနေမှာ သာ၍ပင် ဆိုးလာခဲ့လေသည်။
မိခင်ဖြစ်သူအိမ်၌ မရှိခိုက် ပူလှသည်ဟုဆိုကာ သီဟတစ်ယောက် သူ့ကိုယ်သူ ရေများလောင်းချနေ၏။
မိတစ်ယောက် ဈေးမှပြန်ရောက်လာသောအခါ သားဖြစ်သူသီဟသည် ဇက်ကြီးစောင်းကာ လေဖြတ်သွား၏။
” ဟင် မိရယ် သားက ဘယ်လိုထပ်ဖြစ်တာလဲ ”
” အဟင့် ဟင့် ၊ မိဈေးသွားနေတုန်း သားက သူ့ကိုယ်သူရေတွေလောင်းချခဲ့တာနေမှာ ၊ မိ..ဈေးက ပြန်ရောက်လာတော့ သားက မြင်တဲ့အတိုင်းပဲ ၊ မိလဲ ရပ်ကွက်ထဲက ဆရာ၀န်ပြေးခေါ်တော့ ဆရာကကြွလာပြီး ဆေးလဲ လာထိုးပေးသွားတယ် ၊ ဒါပေမဲ့ ဆေးရုံတင်မှရမယ်တဲ့”
” တင်ရုံပေါ့မိရာ ..ကဲ မိက လိုအပ်တာပြင်ဆင်ထားလိုက် ..ကိုနောင် အငှားကား သွားခေါ်လိုက်အုံးမယ် ”
” ဟုတ်…ကိုနောင်”
မိတို့ကားလေးသည် ဆေးရုံကြီးရှေ့၌ ရပ်တံ့သွား၏။
မကြာမီ လူနာတင်တွန်းလှည်းသည် မိတို့ရှေ့သို့ ရောက်လာကာ သီဟအားလှည်းပေါ်တင်ဆောင်သွားလေသည်။
“သား… သက်သာရဲ့လားဟင် ”
သီဟသည် မိခင်ဖြစ်သူအားကြည့်ကာ မျက်ရည်များစီးကျလာလေသည်။
ထို့နောက် သူ၏မျက်လုံးက ဘေးရှိ လူနာကုတင်ပေါ်၌ တင်ထားသော စတီးချိုင့်ထံသို့ ။
မိသည် သားဖြစ်သူကြည့်ရာဘက်သို့ တစ်ချက်ငဲ့ကြည့်ကာ
” သားက ငါးကြော်နဲ့ ထမင်းစားချင်လို့လား ”
မိ၏အမေးအား သီဟဖြစ်သူမှာ ဝူး ဝူး ဝါး ဝါးအော်ကာ အကြောက်အကန်ငြင်းလေတော့သည်။
” အင်းပါ သားရယ် ၊ အမေက သားကြည့်နေလို့ သားများစာချင်လို့လားလို့ မေးတာပါ ”
ထိုအခါ၌ သီဟသည် ရှိုက်ကြီးတငင်ငိုကာ လက်အုပ်ချီလျက်မိခင်ဖြစ်သူအားတောင်းပန်သည့်အကြည့်ဖြင့် ကြည့်နေရှာ၏။
“သား ခဏနေ ဆရာ၀န်ကြီးလာလိမ့်မယ်နော်… ဆရာ၀န်ကြီးက အဖေ့သူငယ်ချင်းလေ၊ သားလေးအားတင်းထားနော် ၊ သားကို အဖေရအောင်ကုပေးမယ် ၊ ဘယ်လောက်ကုန်ကုန်ပေါ့သားရယ်၊ သားလေးသာ ပြန်ကောင်းလာမယ်ဆို အဖေတို့လက်ရှိနေတဲ့အိမ်လေးပါ ရောင်းပြီးဆေးကုပေးမယ်၊ သားလေးပြန်ကောင်းလာမှ အဖေနဲ့အမေကို ပြန်လုပ်ကျွေးပေါ့၊ ဟုတ်ဘူးလား သားရ …ဘာလို့လဲ ဆိုတော့ သားက အဖေတို့ရဲ့ တစ်ဦးတည်းသော သားလေးမို့ပေါ့ကွာ …ချစ်တယ်သားရယ်…အဖေရော အမေပါ သားလေးကိုအရမ်းချစ်တာပါကွာ ”
သီဟသည် မျက်ရည်များကြားမှ ပြုံးကာ လက်အုပ်လေးချီလျက်
” သား…ကို…ခွင့် …လွှတ် …ပါ …”
သီဟတစ်ယောက် တစ်လုံးချင်းဆီ ကြိုးစားပြောရင်း ငြိမ်သက်သွားလေတော့သည်။
ဆရာ၀န်ကြီးရောက်လာချိန်၌ သီဟတစ်ယောက် အသက်မရှိရှာတော့ပေ။
ကိုနောင်နှင့်မိတို့သည် သားဖြစ်သူ၏ ရုပ်အလောင်းအား ဖက်ကာ အားရပါးရငိုကြရင်း
” သားက ဘယ်လိုအခြေအနေဖြစ်နေပါစေ၊ သားအသက်ရှင်သည်ဖြစ်စေ၊ သေဆုံးသွားသည်ဖြစ်စေ သားလေးက မေမေတို့ရဲ့ရင်ထဲမှာ ထာ၀ရ ရှင်သန်နေမယ့် တစ်ဦးတည်းသားပါ၊ သားလေး ငါးလေးတွေအပေါ် ပြုမိတဲ့ ၀ဋ်ကြွေး ဒီဘ၀ ဒီမျှနဲ့ကြေပါစေကွယ် ”
ဒေါ်မိမိခိုင်၏ ဆုတောင်းစကားသံအား သားဖြစ်သူသီဟတစ်ယောက် မည်သည့်အခါမျှ မကြားနိုင်တော့ပါချေ။
လေးစားလျက်
စာရေးသူ နန်းကြာညို