တူသောအကျိုးပေး

Posted on

တူသောအကျိုးပေး(စ/ဆုံး)

—————————–
အရှေ့ရပ်ဝန်းဆီမှ ရောင်နီပေါ်လာပြီ ဖြစ်၍ မကြာခင် မိုးလင်းတော့မည် ဖြစ်သည်။ လင်းကြက်တွန်သံနှင့်အတူ နံနက်ခင်းသည် ရုန်းကန်လှုပ်ရှားသူများဖြင့် အသက်ဝင်လာလေတော့သည်။
မိုးမလင်းခင်ကတည်းက ဈေးသို့ ရောက်နေပြီး ဖြစ်သော မမြဝင်းတစ်ယောက် ယူလာသော သားစိမ်းငါးစိမ်းများကို ခင်းကျင်း၍ ရောင်းချရန် အသင့်ဖြစ်နေလေပြီ။ ယင်ကောင် မောင်းသော နှင်တံကို ဘယ်ညာဝှေ့ရမ်းရင်း ပါးစပ်မှလည်း…
“ဟောဒီမှာ… ငါးခူ၊ ငါးကြင်း၊ ငါးရံ့၊ ငါးပြေမ၊ ကြက်သား.. လတ်လတ်ဆတ်ဆတ်တွေ ရမယ်နော်။ အလေးချိန်မှန်ပြီး ဈေးနှုန်းသင့်စေရမယ်… ” ဟု စူးရှ ကျယ်လောင်စွာ အော်ဟစ်ရောင်းချလေသည်။
မည်သို့ပင် အော်ဟစ်ရောင်းချစေကာမူ မွန်းမတည့်မီ မြဝင်း၏ သားငါးတို့သည်ရောင်းကုန်စမြဲပင်။ ဖောက်သည်ပေး ရောင်းချသလို တစ်ဦးချင်းကိုလည်း ပိုပိုသာသာ လက်လီရောင်းချတတ်သောကြောင့် မြဝင်းဆိုင်သည် အခြားဆိုင်များထက် ဦးစွာ ရောင်းကုန်လေသည်။
နှုတ်ကြမ်းအပေါက်ဆိုးသဖြင့် မြဝင်းကို အားလုံးက ချော့မော့မြှောက်ပင့်၍ ဆက်ဆံကြရသည်။ အမျိုးသမီးပင် ဖြစ်လင့်ကစား အမျိုးသားများနှင့် နပန်းလုံး တုပရန်ဖြစ်ရမှာလည်း ဝန်မလေးသူ ဖြစ်သဖြင့် ငါးစိမ်းသည် မမြဝင်း ဆိုလျှင် အချို့က ဝေးဝေးမှ ရှောင်ကြသည်။
သားငါးရောင်းသည့် လုပ်ငန်းသည် ရောင်းတတ်လျှင် ရောင်းတတ်သလောက် အမြတ်အစွန်း ပိုမိုရသည့်အပြင် လူကြည့်ပြီး ရောင်းတတ်ပါက ပို၍ပင် အမြတ်များလေသည်။
မြဝင်းက ထိုသို့သော ဈေးသည်မျိုး ဖြစ်သည်။ ငွေကြေးအဆင်ပြေသူ ဖြစ်ပါက ဈေးတင်ရောင်းချပြီး ငါးခေါင်း၊ ငါးအမြီးများ အဆစ်ပေးတတ်သည်။ ဈေးလျှော့ခိုင်းသော ဝယ်သူဖြစ်ပါက ဈေးမလျှော့ပေးဘဲ ငါးတုံးအနည်းငယ်သာ အပိုပေးလိုက်သည်။
“အန်တီရေ… သူများငါးတွေက ရေခဲရိုက်တွေ။ ကျွန်မငါးတွေက လတ်လတ်ဆတ်ဆတ် ငါးတွေလေ ။ ဝယ်ရယ်ဈေးနဲ့ သယ်ယူစရိတ်က အလွန်ကြီးတယ်… ။ အမြတ်က ဘယ်လောက်မှ မရပါဘူး…။ ကိုယ့်ဖောက်သည်တွေကို ဘယ်တော့မှ ဈေးပိုမရောင်းပါဘူးနော်… ”
“အေးပါအေ … သိပါတယ်။ ဟင်းချို ချက်ချင်လို့ ငါးခေါင်းလေးတွေသာ အပိုထည့်ပေးပါ…”
စီးပွားရေး လာဘ်မြင်သော မြဝင်းက လှည့်ပတ်ပြောဆိုပြီး ရောင်းချသဖြင့် သူ့ဆိုင်သည် လူအမြဲစည်ကားနေလေ့ ရှိတော့သည်။

(၂)
“သူတော်အချင်းချင်း သတင်းလွေ့လွေ့ ပေါင်းဖက်တွေ့” ဟူသော စကားပုံသည် ငါးစိမ်းသည် မမြဝင်းနှင့် ကုန်ထမ်းအလုပ်သမား ခေါင်းဆောင် ဝင်းကြိုင်တို့၏ နဖူးစာ ရွာလည်မူကို စောင်းမြောင်းပြောဆိုသည့်အလား ထပ်တူကျ ထင်မှတ်ရလေသည်။
ဝင်းကြိုင်က မြဝင်းတို့ ငါးရောင်းသည်​့ ဈေးရုံကြီးသို့ မကြာခဏ ကုန်လာချရသည်။ ရုပ်ရည်သင့်တင့်ရှိသော မြဝင်းနှင့် အသားလတ်လတ် ထောင်ထောင်မောင်းမောင်း ဝင်းကြိုင်တို့ကို ဈေးသူဈေးသားများက စနောက်ပြောင်ကြရင်း ဖူးစာဆုံကြခြင်း ဖြစ်သည်။
ဝင်းကြိုင်က အလုပ်သမားခေါင်းဆောင် ဖြစ်သောကြောင့် ကိုယ်တိုင် ကုန်မထမ်းရပေ။ သို့သော် ကုန်ထမ်းတဲ့ အလုပ်သမားများ အပေါ်တွင်တော့ ခေါင်းပုံဖြတ်သော ခေါင်းဆောင်အဖြစ် နာမည်ကြီးလေသည်။
မိမိ၏ တစ်နေ့တာ လုပ်အားခအပြင် အလုပ်သမားများ၏ လုပ်အားခများ အပေါ်မှ အနည်းငယ်စီ ဖြတ်တောက်ရယူထားခြင်း ဖြစ်သဖြင့် အလုပ်သမားများလျှင် များသလို ဝင်းကြိုင်က ချွေးမထွက်ဘဲ သူများထက် ပိုမိုရရှိလေသည်။
အလုပ်ရှားပါးသည့် အချိန်ဖြစ်သည်မို့ အလုပ်လိုချင်သူများက ဝင်းကြိုင်ဆီမှာ တန်းစီနေလေသည်။ ထို့ကြောင့် အလုပ်သမားများသည် မကျေနပ်နိုင်ကြပေမယ့် မိမိတို့ အလုပ်လေး ဟန်မပျက် ဆင်းရရေးအတွက် ကြိတ်မှိတ်သည်းခံကြရသည်။
ဝင်းကြိုင်အလုပ်က နေ့တိုင်း ကုန်တင်ကုန်ချ လုပ်ရသည်မို့ ဝင်ငွေရွှင်သဖြင့် အဆင်ပြေလေသည်။ ထို့ကြောင့် သူ့မိန်းမ မမြဝင်းကို အရင်လို ဈေးပင် မရောင်းခိုင်းတော့ဘဲ အိမ်မှာပဲ နေထိုင်စေတော့သည် ။

(၃)
မြဝင်းတို့ နေသည့် မြို့အစွန်အဖျား ရပ်ကွက်ကလေးသည် လက်လှုပ်လက်စား လူတန်းစားများ ပေါများလေသည်။ အလုပ်အကိုင် ရှားပါးပြီး ဝင်ငွေနည်းပါး​ြကသဖြင့် အချေးအငှား အပေါင်အနှံ မကင်းကြပေ။
ဈေးမရောင်းတော့တဲ့ မြဝင်းတစ်ယောက် ရပ်ကွက်ထဲ အပေါင်လုပ်ငန်း ဖွင့်လိုက်ပြီး လူသုံးကုန်ပစ္စည်း အပေါင်ခံလေသည်။ အပေါင်လုပ်ငန်း ဟူသည် တရားဝင် အပေါင်လုပ်ငန်းတော့ မဟုတ်ချေ။ ရပ်ကွက်အတွင်း တိတ်တဆိတ် ဖွင့်လှစ်သော အပေါင်လုပ်ငန်း ဖြစ်သည်။
ထို့အပြင် ရက်ပြတ်၊ လပြတ် အသွင်းစနစ်ဖြင့် အတိုးပေးလေသည်။ ခက်ခဲကြမ်းတမ်းသော မိသားစုများအဖို့ မြဝင်း၏ အပေါင်လုပ်ငန်း၊ ငွေးတိုးလုပ်ငန်းများနှင့် ကင်းသူဟူ၍ မရှိပေ။
ညနေရောက်လျှင် မြဝင်းတစ်ယောက် ပိုက်ဆံအိတ်လွယ်ပြီး တစ်အိမ်ဝင် တစ်အိမ်ထွက် ပိုက်ဆံအတိုး လိုက်ကောက်သည်။ တစ်ရက်က နှစ်ရက် မပေးနိုင်လျှင် ကြီးသည်ငယ်သည်မရွေး ပစ်ပစ်ခါခါ ပြောတတ်သည်။
“မမြဝင်းရယ်… တိုးတိုးလုပ်ပါ။ အိမ်က တစ်ယောက် သိသွားရင် ပြဿနာ တက်ပါလိမ့်မယ်။ ကျွန်မ သားသမီးတွေက လူပျို အပျိုလေးတွေပါ… ရှက်တတ်ပါတယ်။ နောက်ရက်တော့ ကျွန်မ မဖြစ်ဖြစ်တဲ့ နည်းနဲ့ ရှင့်ပိုက်ဆံကို ပြန်ဆပ်ပါ့မယ်ရှင်… အခုတော့ ပြန်ပါတော့… ”
“အော်… ဒါမျိုးကျတော့ ရှက်တတ်တယ်ပေါ့လေ။ ဒီလိုမှန်းသိရင် အစကတည်းက ရှာထားပါလား…။ ယူတုန်းက ဒီမျက်နှာတွေ မဟုတ်ဘူး ။ ပေးခါနီးကျမှ မျက်နှာတွေက တစ်မျိုး…။ ငါ့ပိုက်ဆံ မပေးလို့ကတော့ ငါ့အကြောင်း ကောင်းကောင်း သိမယ်နော်…။ လူပေါ်တင်တာ… ခြုံပေါ်တင်တာ မဟုတ်ဘူးဟေ့… ”
စရိုက်ကြမ်းသော မြဝင်းတစ်ယောက် ခုနှစ်အိမ်ကြား ရှစ်အိမ်ကြား အော်ဟစ်ပြီး အကြွေးတောင်းတတ်သဖြင့် မြဝင်း ထိုအိမ်မှ ပြန်သွားသည်နှင့် မိသားစုဝင်များ စကားများကြသည်။ မပြေလည်ကြသည်မို့ စားဖို့ပင် အနိုင်နိုင်…။
“အတိုး မတရားယူပြီး ကြီးပွားချမ်းသာနေတဲ့ မိန်းမကြီး … သေရင် ကောင်းကောင်း သေမှာ မဟုတ်ဘူး။ ငရဲရောက်ပြီး ဝဋ်ပြန်ခံရလိမ့်မယ်…” ဟု အများက ထောပနာ ပြုကြသည်။
သို့သော် ထိုစကားများကို အချင်းချင်းသာ ပြောရဲကြသည်။ မြဝင်းရှေ့၌ မပြောရဲပေ။
တစ်ခါကလည်း မြဝင်းတစ်ယောက် အကြွေးတောင်းရင်း လက်ပါရာ ယောကျ်ားဖြစ်သူ ဝင်းကြိုင်က ဝင်ရောက်ဖြေရှင်းသဖြင့် ကိစ္စပြီးလေသည်။ ခံခဲ့ရသူ တစ်ဖက်သားကတော့ ပြန်လည်တွန်းလှန်ရန် အင်အားမရှိသဖြင့် ရပ်ကွက်ထဲ ရှက်ပြီး မနေရဲတော့ဘဲ အခြားတစ်နေရာသို့ ပြောင်းသွားကြလေသည်။
စီးပွားရေး အဆင်ပြေသည်မို့ ရပ်ကွက်ထဲမှာတော့ မြဝင်းက ဘုရင်မတစ်ပါးပင်။ မြဝင်းတို့ မိသားစုကို မည်သူမှ မထိရဲကြပေ။ မြဝင်း သားနှင့် သမီးကလည်း ရပ်ကွက်ထဲက လူများကို လူဟုပင် မထင်ကြ။ သူတို့နှင့် ယှဥ်သည့် လူငယ်များကိုလည်း အနိုင်ကျင့် ဗိုလ်ကျတတ်သည်။
အမှု့အခင်း ဖြစ်ဖို့ရန်လည်း လက်လှုပ်လက်စား နွမ်းပါးသူများမို့ မတတ်နိုင်ကြပဲ မကျေနပ်မူများနှင့်သာ မျိုသိပ်သည်းခံကြရသည်။
လူ့ဘဝသည် ကြွေတစ်လှည့် ကြက်တစ်ခုန်ပမာ… အပြောင်းအလဲ မြန်ဆန်မှု့ကို အသားစီးမှ စံစားနေသည်​့ မြဝင်းတို့ မိသားစု ကတော့ ယောင်လို့တောင် သတိထားမိပုံ မပေါ်ချေ…။

(၄)
“သူယုတ်မာသည် သူတော်ကောင်းကို နိုင်၏၊ အကုသိုလ်ကို မနိုင်ချေ” ဟူသော ဗုဒ္ဓ၏ ဆုံးမစကားအရ လူတကာအပေါ် အမြဲဗိုလ်ကျကာ မာန်မာန ထောင်လွှားနေသော မြဝင်းတို့ မိသားစုအပေါ် သံသရာစက်ဝန်းသည် တစ်ပတ်ပြန်လည်ရန် အချိန်ကျရောက်လာပြီ ဖြစ်သည်။
မြဝင်းတို့၏ အတ္တလောဘကြောင့် အိမ်သိမ်းယာသိမ်းကာ ဘဝပျက်သွားသူတို့၏ ကျိန်စာလား…မေတ္တာစူးလို့လား မသိ။
ဒီဇယ်သိုလှောင်သူတို့၏ အိမ်မှ မီးစတင် ကျွမ်းလောင်ရာ မြဝင်းတို့ အိမ်အပါအဝင် အိမ်အတော်များများ မီးဘေးသင့်ခဲ့ရသည်။ ရုတ်တရက် လောင်ကျွမ်းကာ အရှိန်အဟုန်ပြင်းသည်မို့ အသက်လုကာ ပြေးလွှားကြရသသည်။ မြဝင်းအော်ဟစ်အကူအညီ တောင်းသော်လည်း တောင်မင်းမြောက်မင်း မကယ်နိုင်သည်မို့ မြဝင်းတို့ မတရား ရယူစုဆောင်းသည့် ပစ္စည်းအားလုံး ဆုံးရှုံးသည့်အပြင် မြဝင်းယောကျ်ား ဝင်းကြိုင်တစ်ယောက် လောဘဖြင့် မလွတ်နိုင်သည့် တန်ဖိုးကြီး ပစ္စည်းများ သယ်ယူရာမှ ပိတ်မိပြီး မီးလောင်ကျွမ်း အသက်ဆုံးရှုံးရလေသည်။
တစ်ချိန်က အနိုင်ကျင့် မတရားလုပ်ခဲ့သူ မြဝင်းတို့ သားအမိတစ်တွေ ဒုက္ခပင်လယ် ဝေခဲ့ကြသည်။ ကိုယ်ယူသလောက် ကိုယ်ပြန်ပေးရသလို၊ ကိုယ်ပေးသလောက် ကိုယ်ပြန်ရကြသည်မို့ ကံ ကံ၏အကျိုး၊ အကုသိုလ်ဝဋ် အကျိုးပေးဟုသာ မှတ်ယူကြရတော့သည်။
မြန်ဆန်လှတဲ့ ကံတရား၏ ဆန်းကြယ်မှု့ကို ကိုယ်တိုင် တွေ့မြင်ရချိန်​ြကမှ သိရှိခဲ့ရသော ကိုယ်ချင်းစာ တရားတို့သည် ပြန်လည်ပြင်ဆင်ရန် အချိန်နောက်ကျနေခဲ့ပြီ ဖြစ်သည်။
ဘဝတစ်ခု၊ အခြေအနေတစ်ခုကို အသစ်တစ်ဖန် ပြန်လည်စတင်ရတော့မည်မို့ လောကဓံတရားကို ရင်ဆိုင်ရင်း ဘဝကို အေးချမ်းစွာ ဖြတ်သန်းရန် အားလုံး နားလည် သဘောပေါက် ခဲ့ကြလေတော့သည်။

(၅)
“မုန့်ဟင်းခါး… ပူပူလေး ရမယ်နော်”
မြဝင်းသမီး ဝတ်ရည်၏ အသံစာစာလေးက နံနက်ခင်း လင်းရောင်ခြည်မှာ ပျံ့လွင့်လာလေသည်။ သူ့အစ်ကို မောင်ဇော်ကတော့ ထိုင်ခုံတွေ ရေသုတ်နေလေသည်။
မိခင်ဖြစ်သူ မမြဝင်းကတော့ စားထားပြီးသား ပန်းကန်တွေကို ဆေးကြောရင်း ဟင်းရည်အိုးကို မကြာခဏ မွှေနေမိသည်။
အကုသိုလ်တရား၏ အကျိုးပေး မြန်ဆန်မူ့ကို သိမြင်ခဲ့ရသော မြဝင်းတို့ မိသားစုအတွက် လောဘကို ပယ်ခွာပြီး အေးချမ်းတဲ့ ဘဝခရီးလမ်းကို လျှောက်လှမ်းရန် အသင့်ဖြစ်နေကြပြီ ဖြစ်သည်။
သားနှင့် သမီးကို လူလိမ္မာဖြစ်အောင် သွန်သင်ဆုံးမရင်း သဟဇာတဖြစ်တဲ့ ပတ်ဝန်းကျင် အသစ်မှာ ကျင်လည်နေကြပြီ ဖြစ်သည်။
ကောင်းတာလုပ်လျှင် ကောင်းကျိုးခံစားရမှာ ဖြစ်သလို မကောင်းတာ ပြုလုပ်ပါက မကောင်းတာ ခံစားရမည့် တရားသဘောကိုလည်း အားလုံး သိရှိခဲ့ကြပြီ ဖြစ်သည်။
ထို့ကြောင်​့ မိမိကိုယ်တိုင် မိမိကောင်းအောင် ကြိုးစားရမည် ဖြစ်သည်။
အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဟူသော တရားသဘောအရ ဘယ်အရာမှ မမြဲပေမယ့်၊ ထိုမမြဲသော အရာတို့သည်သာ မြဲမြံနေခြင်းကိုမှု မြဝင်းတို့ မိသားစုတွေ မည်သူမှ တရားမပြပဲ ကိုယ်တိုင် တွေ့ကြုံသိမြင်ခဲ့ရပြီ မဟုတ်ပါလား… ။

ဇင်မင်းစိုး (ဗိုလ်ကလေး)