တံခါးပေါ်ကလက်ဝါးရာ(စ/ဆုံး)

Posted on

တံခါးပေါ်ကလက်ဝါးရာ(စ/ဆုံး)

 

——————————-

 

တိတ်ဆိတ်ငြိမ်သက်ကာ အပ်ကျသံတောင်မကြားရ..။ ခုညမှ ပိုပြီးတိတ်ဆိတ်နေသလို..။ မောင် မရှိဘူးဆိုမှ အိမ်ကြီးက ပိုပြီးငြိမ်သက်နေပြန်သည်..။အပေါ်ထပ်မှာ ငြိမ်း တစ်ယောက်ထဲရှိသည်ဆိုသော အသိက အိပ်စက်ဖို့စိတ်နှစ်မရအောင်အထိ..။ တကယ်ဆို ခုမှညားကာစ ကြင်စဦးဇနီးမောင်နှံဖြစ်တာကို မောင်က ညအိပ်ခရီးထွက်သွားရတော့ ငြိမ်းမှာ ခုမှနေသားကျကာစအိမ်ကြီးမှာတစ်ယောက်ထဲ ဖြစ်နေသလိုပင်..။

 

“တီ..တီ…တီ..”

 

ရုတ်တရက်ဖုန်းမြည်သံကြောင့် လန့်သွားရကာ ဖုန်းကိုကြည့်လိုက်မိတော့ မောင့်စီမှ…။

 

“ဟယ်လို…”

 

“ငြိမ်း..အိပ်ပြီလား…”

 

“မအိပ်သေးပါဘူး မောင်ရယ်..မောင်အလုပ်အဆင်ပြေလား…”

 

“ပြေပါတယ်..ဒါပေမဲ့..မောင် ၂ ရက်လောက်တော့ကြာလိမ့်အုံးမယ်..ဝယ်လက်တွေထပ်လာဖို့ရှိလို့…ဒါပေမဲ့ မောင် နောက်နှစ်ရက်လောက်ဆိုပြန်ရောက်မှာပါ..”

 

မောင့်အပြောကြောင့်စိတ်မောသွားရကာ…သက်ပြင်းရှိုက်လိုက်မိသည်..။ ဒီအိမ်ကြီးက ငြိမ်းနှင့်အိမ်အကူကောင်မလေး နှစ်ယောက်ထဲကျန်ခဲ့ရတာကို ေမာင်ကတအားစိတ်ချလွန်းသည်..။ ဒီအိမ်ကြီးက မြို့စွန်ဘက်မှာဖြစ်ကာ ပြောင်းလာတာ တစ်ပတ်တောင်မပြည့်သေး…။မရင်းနှီးသော ပတ်ဝန်းကျင်မှာကျန်ခဲ့ရတာကို…တွေးပြီးစိတ်မောလူမောဖြစ်သွားရသည်..။

 

“ဟယ်လို…ဟယ်လို…ငြိမ်း…”

 

“ကြားတယ်…မောင်..”

 

“အင်း….အင်း…မောင်လဲအနားယူတော့မယ်…ငြိမ်းလဲအိပ်တော့နော်..အာဘွား..ငြိမ်းကိုချစ်တယ်..”

 

“မောင့်ကိုလဲ ချစ်တယ်…Good night မောင်..”

 

မောင်ဖုန်းချသွားမှ ဖတ်လက်စစာအုပ်လေးကိုချလိုက်ကာ အခန်းမီးကိုပိတ်လိုက်ပြီး..side lumpလေးကိုဖွင့်လိုက်ကာ..အိပ်ပျော်ဖို့ကြိုးစားလိုက်သည်…။ ပတ်ဝန်းကျင်ကတော့ တိတ်ဆိတ်ငြိမ်သက်ကာ ပိုးပုရစ်တို့အော်သံကသာစူးစူးဝါးဝါးနေရာယူလျှက်.. ။

 

“အူး….ဝူးးး…ဝူးးးး…”

 

ဆွဲဆွဲငင်ငင်အူလိုက်သော ခွေးအူသံက အိမ်ကြီးစီသို့ တဖြေးဖြေးနီးကပ်လာကာ…အမှောင်ထဲမှာသစ်ပင်ရိပ်တို့ကလှုပ်ရှားနေသလို…။ အမှောင်ထဲမှာ အိမ်ကြီးက မကောင်းဆိုးဝါးကြီးတစ်ကောင်ငုတ်တုတ်ထိုင်နေသလိုပင်..။

 

“အူး..ဝူးး..ဝူးးး….”

 

ခွေးတွေကလဲအူလိုက်တာဟုတွေးမိကာ…အိပ်ယာနိုးလာသူက ငြိမ်းရယ်ပါ…။ အသားမကျသေးသော နေရာသစ်ကြောင့် အိပ်မပျော်တာဖြစ်ပေမဲ့ အရင်ညတွေက မောင်ရှိတော့တော်သေးသည်လေ..။ အိပ်ယာဘေးမှ side lumpလေးကလဲ ပိတ်နေတော့ မီးပျက်နေတာသေချာပြီဖြစ်ကာ.. ဖုန်းမီးကိုဖွင့်ရင်း အခန်းထဲမှရေခဲသေတ္တာစီလျှောက်လာမိသည်..။ ရေဘူးဖွင့်ကာ ရေမော့သောက်နေစဥ်မှာပင် ကြားလိုက်ရတာက…

 

“ရှပ်..ရှပ်..ရှပ်…”

 

အခန်းအပြင်ဘက်မှခြေသံကြောင့်..ဘာရယ်မသိကြက်သီးထသွားရကာ..ကျောချမ်းသွားရသည်…။ သေချာစူးစိုက်နားထောင်လိုက်တော့..အသံမကြားရတော့သလို..စိတ်ထဲမှာလဲ အပြင်သွားကြည့်ချင်စိတ်ကတဖွားဖွားဖြစ်လာတာမို့…အခန်းတံခါးစီခြေဦးတည်လိုက်မိသည်..။

 

“ကျွီ…ကလစ်…”

 

အခန်းတံခါးဖွင့်သံကပင်တိတ်ဆိတ်သောညမှာတကယ်ခြောက်ချားထိတ်လန့်ဖွယ်ဖြစ်နေကာ…အလိုလိုနေရင်း ချွေးစေးတွေထွက်လာတော့သည်..။ ဒါပေမဲ့…အပြင်ဘက်မှာတော့ ဘာမှမရှိ…။ စိတ်က အလိုလိုပင်ခြောက်ချားနေရကာ…

ခြေလှမ်းတို့က အပြင်ဘက်သို့သာတရွေ့ရွေ့သွားမိတော့သည်..။

 

“ရှပ်…ရှပ်…ရှပ်…”

 

နောက်ပါးမှလိုက်လာသည့်ခြေသံတွေကြောင့် ဖျတ်ခနဲလှည့်ကြည့်ပေမဲ့ဘာမှမရှိ..။ လှေကားမှတစ်ဆင့်အောက်ထပ်သို့ဆင်းလာချိန်မှာတော့..အိမ်အဝင်တံခါးမကြီးစီမှာ မြင်လိုက်ရသည့်အရာက..သွေးစွန်းနေသော လက်ဝါးရာနှင့်တကွ ကုတ်ခြစ်ထားသည့် သွေးတွေပေစွန်းနေသောအရာများ…။ တစ်ဆက်ထဲမှာပင်..တိုးဖွဖွ ရီသံက ရွံရှာဖွယ်ခြောက်ချားဖွယ်ထွက်ပေါ်လာကာ… အဆုံးစွန်အော်ဟစ်ပစ်လိုက်ချင်ပေမဲ့..အသံတို့က လည်ချောင်းထဲမှာတစ်ဆို့နေကာ ထွက်မလာတော့..။

 

“ဟင်းး…ဟင်း…ဟင်း….”

 

ရီသံကြားရာသို့လှည့်ကြည့်မိတော့..သူမစီသို့လှုပ်လီလှုပ်လဲ့နှင့် လျှောက်လာနေသော အရာတစ်ခု…။ တွဲလောင်းကျနေသော လက်များ..သွေးစွန်းသော အဝတ်တို့နှင့် လည်ပင်းက လှုပ်လီလှုပ်လဲ့ဖြစ်နေကာ အပုပ်နံ့တို့က ဟိန်းထနေလျှက်နှင့်…မိန်းမတစ်ယောက်..။ ကြောက်စိတ်က အဆုံးစွန်ထိရောက်အပြီးမှာ… အာခေါင်ခြစ်၍သာအော်လိုက်မိတော့ပြီး အရာအားလုံးမှောင်အတိကျသွားတော့သည်..။

 

================

 

“မမ…မမ…နိုးပြီလား… ”

 

ပူစူးမ အသံကြောင့်မျက်လုံးအစုံကိုဖွင့်ကြည့်တော့ အပြင်ဘက်မှာမိုးစင်စင်လင်းနေပေပြီ..။

 

“မမ မနိုးသေးလို့လာနှိုးတာ…ခုနေ့မမ အိပ်ယာထတာနောက်ကျလိုက်တာ…”

 

“ဟင်…ငါ့ကိုအောက်မှာတွေ့တာမဟုတ်ဘူးလား…”

 

“မဟုတ်ပါဘူး..မမရယ်..ခုနေ့မမဆင်းလာမလာသေးလို့ ပူစူးမ လာနှိုးပေးတာပါ…”

 

သူမ ဆတ်ခနဲထလိုက်မိကာခြေလှမ်းတို့က အိမ်အောက်သို့ဒရောသောပါးပြေးဆင်းလာမိသည်..။ ပုံမှန်အတိုင်းရှိနေသော တံခါးမကြီးနှင့်အတူ..ဘာမှခြေရာလက်ရာမပျက်…။ သူမ ညကအိမ်မက်မက်တာလလား..ဒါမှမဟုတ် တကယ်ဖြစ်ခဲ့တာလား…မဝေခွဲနိုင်တော့…။ တစ်နေ့တာရဲ့လုပ်ရိုးလုပ်စဥ်အလုပ်တွေလုပ်နေရပေမဲ့စိတ်ထဲမှာ လေးလံနေကာ မောင်ကလဲတနေကုန်ဖုန်းမဆက်..။

 

ညနေစောင်းတော့ ပူစူးမကိုအဖော်ခေါ်ပြီး..အိမ်ပတ်ဝန်းကျင်လျှောက်ကြည့်မိသည်…။ အိမ်ကြီးရဲ့အနောက်ဘက်မှာက ခြုံနွယ်တွေပြည့်နေကာ နောက်နေ့မှ အလုပ်သမားခေါ်ရှင်းရမည်ဟုတွေးကာ..အိမ်ခြေရင်းဘက်မှပတ်ကာပြန်လာမိသည်..။ အိမ်ဘေးဘက်မှာက ဘာခြံမှမရှိကာ စိုက်ခင်းတွေသာရှိသည်..။ အိမ်ခေါင်းရင်းဘက်မှာ လူနေအိမ်တွေရှိပေမဲ့ ခြံကျယ်ကြီးတွေမို့ ခေါ်မကြားအော်မကြားနိုင်..။

 

“ပူစူး….ဒီရပ်ကွက်ထဲမှာနေတာကြာပြီလား…”

 

“ကြာပြီပေါ့…စိုက်ခင်းတွေမှာအလုပ်လုပ်တာကြာပြီလေ..ခုမမ တို့လာမှ မမတို့အိမ်မှာနေတာ…အရင်ကတော့..စိုက်ခင်းထဲမှာပဲနေဖြစ်တာ…”

 

“ဟုတ်လား…ဘာသံညာသံတွေရောကြားမိလား…သရဲခြောက်တယ်…ဘာညာပေါ့…”

 

“မကြားမိပါဘူး…မမရယ်..”

 

စကားတပြောပြောနှင့်လျှောက်လာရင်းကနေ အိမ်ပေါက်ဝအရောက်မှာတွေ့လိုက်ရတာကြောင့်…ကြက်သေသေသွားမိရသလို…ပူစူးမ ရဲ့ငယ်သံပါအောင်အော်လိုက်သံကလဲ…ပတ်ဝန်းကျင်မှာပျံ့လွင့်သွားရတော့သည်..။

 

တံခါးဝမှာမြင်လိုက်ရတာက သွေးစွန်းပေနေသော လက်ဝါးရာကြီးနှင့်…သွေးစီးကြောင်းများ..။တံခါးစီသို့မဝံ့မရဲကပ်လာရင်းမှာပင် တံခါးကိုအသာအယာဆွဲဖွင့်လိုက်ရင်း အိမ်ထဲသို့ဝင်လိုက်စဥ်…ရေခဲငွေ့ပြည့်နေသောလေများလို အေးစက်နေသောအငွေ့အသက်ကြောင့်…တစ်ယောက်လက်တစ်ယောက်ဆုပ်ကိုင်မိလိုက်ကြသလို…စိတ်ညှို့ခံထားရသူများလိုပင်..ခြေလှမ်းတို့က အိမ်အတွင်းဘက်သို့ဦးတည်သွားကာ…မြင်နေရတာက သွေးစွန်းပေနေသောအဝတ်အစားများနှင့် ဦးခေါင်းကပြတ်လုတဲတဲဖြစ်ကာ လှုပ်လီလှုပ်လဲ့နှင့် အပုပ်နံ့များဟောင်ထနေသော မိန်းမတစ်ဦး..။

 

“ဟင်း….ဟင်း…ဟင်း…ကျေ..နပ်..လိုက်..တာ…ငါ့..အတွက်..အ..ဖော်..ရ..တော့..မယ်..ဟင်း..ဟင်း..ဟင်း..”

 

သွားကြားထဲစိမ့်ထွက်လာသလိုအေးစက်စက်လေသံနှင့်အတူ…ငြိမ်းစိတ်ထဲမှာ..ဒီနေရာမှအမြန်ဆုံးထွက်သွားချင်ပေမဲ့…ခြေလှမ်းတို့က သွေးပျက်ဖွယ်နေရာကြီးသို့သာဦးတည်နေလျက်..။

 

“ဟင်း…ဟင်း…ဟင်း..”

 

“အား…..”

 

အဆုံးစွန်ထိအော်လိုက်မိပြီးမှ ပတ်ဝန်းကျင်မှာမှောင်အတိဖုံးသွားကာ ငြိမ်းကိုယ်တိုင်လဲဘယ်ရောက်နေမှန်းမသိတော့အောင် စိတ်တွေကလွတ်ထွက်သွားရသည်..။ ဘယ်နေရာကြည့်ကြည့် အမှောင်ထုကြီးက ကြီးစိုးနေကာ သူမမြင်ခဲ့ရသည့်သွေးပျက်ဖွယ်အရာကြီးလဲမရှိတော့..။ ခုနကအချိန်ထိသူမလက်ကိုတင်းကြပ်နေအောင်ဆုပ်ကိုင်ထားသည့် ပူစူးမလဲမရှိတော့..။ သူမကိုယ်တိုင်ကလဲ အိမ်ကြီးထဲမှာမဟုတ်တော့ပဲ ဘယ်ကြည့်ကြည့်မှောင်မဲအေးစက်နေသည့်နေရာမှာသာ ရောက်နေလျှက်..။ ဘာတွေဖြစ်နေတာလဲ တွေးမရပဲဖြစ်နေစဥ်မှာပင်…မျက်စိရှေ့မှာဝေ့ဝေ့ဝါးဝါးပေါ်လာတာကကြီးမားခန့်ထည်သောကုတင်ကြီးပေါ်ဝယ်နှစ်ခြိုက်စွာအိပ်ပျော်နေသော ငယ်ရွယ်သောမိန်းမပျိူတစ်ယောက်..။ ကျက်သရေရှိစွာ နက်မှောင်လှပသောဆံပင်ရှည်ကြီးနှင့်.. မိန်းမပျိူတစ်ယောက်…။ ကြည့်နေရင်းမှာပင်..ထိုမိန်းမပျိုရှိရာသို့တိုးကပ်လာသော အဝတ်မဲနှင့်လူသုံးယောက်..။ အိပ်ပျော်နေသော မိန်းမပျိူကိုမကောင်းကြံဖို့ကြိုးစားကြရင်း မိန်းမပျိုခင်မျာ အားရှိသ၍ရုန်းသော်လည်း မလွတ်မြောက်ပဲရက်စက်ယုတ်မာမှုခံခဲ့ရသလို နေရာမှထွက်ပြေးဖို့ကြိုးစားစဥ် တစ်ယောက်သောလူမဲကြီးထံက လက်ခနဲထသွားသော ဓားရောင်နှင့်အတူ မိန်းမပျိူ၏လည်ပင်းစီမှငေါက်ခနဲပန်းထွက်လာသော သွေးများ..။

 

ဒယိမ်းဒယိုင်နှင့်တံခါးရှိရာရောက်သွားစဥ် တံခါးကိုတွန်းဖွင့်ရင်းမှ တရွေ့ရွေ့လျှောကျသွားကာ ခေါင်းကလဲပြတ်လုတဲတဲကျလျှက်..။ တို့အတူ တံခါးစီမှာလဲသွေးစွန်းနေသောလက်ဝါးရာကြီးနှင့်အတူ ပေပွနေသောသွေးများ…။ထိုမြင်ကွင်းကိုကြည့်ရင်း အောင်ပွဲရသလိုရယ်မောနေသော လူသုံးယောက်..။ ထိုစဥ် အနောက်ဘက်ပြတင်းတံခါးမှလူနှစ်ယောက်ခုန်ကျော်ဝင်ရောက်လာကာ ရီမောနေသောလူသုံးယောက်နှင့်လုံးထွေးသတ်ပုတ်နေရင်းမှ ထိုလူသုံးယောက်မှာအသီးသီးလဲကျသွားတော့သည်..။ ထို့နောက်ဝင်ရောက်လာသောလူနှစ်ယောက်အနက်တစ်ယောက်က လဲကျသေဆုံးနေသောမိန်းမပျိုကိုပွေ့ချီယူလိုက်ကာ အခန်းထဲမှထွက်သွားတော့သည်…။

 

မြင်နေရသောမြင်ကွင်းများကမျက်လုံးထဲမှပျောက်ကွယ်သွားပြီးသည့်နောက်မှာ သူမကိုယ်တိုင်လဲမခံမရပ်နိုင်အောင်ခေါင်းထဲမှမူးဝေကိုက်ခဲလာရင်း နေရာမှာပင်လဲပြိုကျသွားတော့သည်…။

 

================

 

စူးရှသောနေရောင်ခြည်ကမျက်လုံးအိမ်သို့တိုးဝင်လာသဖြင့်အားယူကာ မျက်လုံးအစုံကိုဖွင့်ကြည့်လိုက်မိတော့..မျက်နှာကျက်ဖြူဖြူနှင့်အတူ ကြိုင်လှိုင်နေသောဆေးနံ့များကြောင့် ဆေးရုံကိုရောက်နေမှန်းသိလိုက်ရတော့သည်..။ သူမဘေးမှာကတော့ မောင်ကကူတင်ပေါ်ခေါင်းတင်ကာ အိပ်ပျော်နေလျှက်…။

 

“မောင်…”

 

“ဟင်…ငြိမ်း…ငြိမ်းသတိရလာပြီလား…”

 

တိုးဖွဖွငြိမ်းအသံကြောင့်အိပ်ပျော်ရာမှနိုးလာကာ ပျာပျာသလဲပင် ငြိမ်းကိုကြည့်မိသည်..။ မနေ့ကသူပြန်ရောက်ရောက်ချင်းပင် အိမ်အနောက်ဘက်စတိုခန်းရှေ့မှာသတိလစ်မေ့မျောနေသော ငြိမ်းကိုတွေ့လိုက်ရတာကြောင့်သူဘယ်လောက်ထိစိုးရိမ်သွားခဲ့ရလဲ သူသာသိသည်..။ အလုပ်ကိစ္စနှင့်နယ်ဘက်ကိုဆင်းရင်းတိုက်တိုက်ဆိုင်ဆိုင်ပင် သူတို့အိမ်ဟောင်းကြီး၏ ပိုင်ရှင်ကိုတွေ့လိုက်ရကာ စိုးရိမ်ဖွယ်အကြောင်းများကိုကြားလိုက်ရတာမို့ သူညတွင်းချင်းကိုချက်ချင်းအိမ်ပြန်လာခဲ့တာပင်..။ဒါပေမဲ့ အိမ်ရောက်ရောက်ခြင်းမြင်လိုက်ရတဲ့မြင်ကွင်းကြောင့် ပတ်ဝန်းကျင်အကူအညီတောင်းရသည်အထိဖြစ်သွားရသည်ပင်..။

 

“မောင်…တောင်းပန်ပါတယ် ငြိမ်းရယ်…မောင်သေချာမစုံစမ်းပဲအိမ်ဝယ်လိုက်မိတယ်..”

 

“ဒီအိမ်ကလေ..”

 

“မောင်..သိတယ်…မောင်သိလို့ညတွင်းချင်းပြန်လာခဲ့တာ..မောင်ပြန်လာခဲ့လို့သာပေါ့..မောင်သာပြန်မလာခဲ့ရင်..မောင့်အတွက််အစားထိုးမရတဲ့ဆုံးရှုံးမှုဖြစ်တော့မှာ…”

 

“မောင်ရယ်…ဘယ်လိုပဲဝယ်ထားရပါစေ..အဲ့ဒီအိမ်ကြီးတော့ပြန်မနေပါရစေနဲ့တော့နော်..ငြိမ်းမနေဝံ့တော့ဘူးမောင်…”

 

တွေ့ကြုံခဲ့ရသော အဖြစ်အပျက်တို့အတွက်သူမမှာ ေသွးပျက်မတတ်ဖြစ်ခဲ့ရပြီး လက်ခံဖို့ရာခဲယဥ်းလွန်းတာမို့..ဘယ်လိုမှအဲ့ဒီအိမ်ကြီးမှာပြန်မနေနိုင်တော့..။ ခုတစ်ခါထပ်ကြုံခဲ့ရရင်သူမ အသက်ပျောက်သွားနိုင်တော့သည်..။

 

=============

 

ဆေးရုံမှဆင်းကာ မြို့ထဲကအိမ်ရောက်မှထိုအိမ်ကြီးအကြောင်းကိုသေချာစုံစမ်းမိတာက ထိုအိမ်ကြီးမှာအရင်ပိုင်ရှင်မှန်သမျှဘယ်သူမှမနေရဲပဲ ပြောင်းပြေးရသည်ဆိုသောအကြောင်းနှင့်…အိမ်ကြီးဆောက်ပြီးသည့်ပထမဆုံးအိမ်ပိုင်ရှင် မိန်းကလေးမှာလဲ ညတွင်းချင်းအစအနရှာမရအောင်ပျောက်သွားသည်ဆိုသောအကြောင်းပင်..။ ဒါတင်မက သုံးလောင်းပြိုင်သေနေသည့်လူစိမ်းတွေကလဲဘယ်သူတွေမှန်းမသိပဲ..ခြောက်လှန့်လွန်း၍ အိမ်ရှင်အဆက်ဆက်ပြောင်းပြေးခဲ့ရသည့် သတင်းများ..။

 

ဘာပဲဖြစ်ပါစေ…ထိုအိမ်ကြီးကိုရသည့်ဈေးနှင့်ပြန်ရောင်းဖို့ဆုံးဖြတ်ထားပြီးဖြစ်သလို ဘယ်တော့မှမမေ့နိုင်သည့်ခြောက်လှန့်မှုလဲ ကြုံခဲ့ရတာမို့ ညတိုင်းကိုအိပ်စက်ရမှာကြောက်ရွံ့သည်ဆိုတာတော့ ငြိမ်းဝန်ခံရမှာပင်..။

 

ပြီးပါပြီ….။

 

Writer-လရိပ်ညို 💚

 

================

 

အပျော်တမ်းစာရေးသူမို့ အမှားအယွင်း၊ မသင့်တော်တာတွေပါသွားခဲ့ရင် တောင်းပန်ပါတယ်ရှင့်😊

စာဖတ်သူအားလုံးကိုလေးစားချစ်ခင်လျှက်..😍