ပန်းချီကားထဲကဝိညာဥ်
_________________
ဇော်ခက်သည် ပန်းချီပညာကို လေ့လာသင်ယူနေ
သောသူတစ်ယောက်ဖြစ်သည်။ အပျော်တမ်းပန်းချီ
ရေးဆွဲလေ့ရှိပြီး သူရေးဆွဲထားသည့် ပန်းချီများကို
လည်း အိမ်အခန်းထဲတွင် အလှချိတ်ထားလေ့ရှိ၏။
သူ၏ဇာတိမှာ ပဲခူးကဖြစ်သည်။၊ မိဘဆွေမျိုးများ
အားလုံး ပဲခူးတွင်နေထိုင်ကြ၏။ ကုန်သည်ပွဲစား
မျိုးရိုးဖြစ်၍ ပိုက်ဆံအတော်အသင့်ရှိသည်။
ပန်ချီပညာကို ဝါသနာကြီးသောကြောင့် ကျောင်း
ပြီးသည်နှင့် ရန်ကုန်မှာတိုက်ခန်းတစ်ခန်းဝယ်ယူ
နေထိုင်ကာ ပန်းချီပညာကို လေ့လာသင်ယူနေခြင်း
ပင်ဖြစ်သည်။
ဇော်ခက်တွင် အစ်ကိုတစ်ယောက်လို ချစ်ရသော
ထူးအောင်’ဆိုသော မိတ်ဆွေတစ်ယောက်ရှိသည်။
သူ ပဲခူးမှ ရန်ကုန်သို့ရောက်သောအခါ ထူးအောင်မှ အစစအရာရာ ကူညီဆောင်ရွက်ပေးခဲ့သည်။ ထူးအောင်သည် ပိုက်ဆံအလွန်ချမ်းသာပြီး ရည်းစားများ၏။ မိန်းမကိစ္စလိုက်စားသော
လူရှုပ်လူပွေတစ်ယောက်ဖြစ်သည်။
ဇော်ခက်နှင့် တွေ့သည့်အခါတိုင်း ထူးအောင်က
မိန်းမကိစ္စက မပါမဖြစ်ပြောလေ့ရှိ၏။
” ဇော်ခက်တွေ့လား ရှေ့ကရေစိမ်းခါးလေး၊
နာမည်က ချယ်ရီတဲ့ ပိုးထည်ဆိုင်မှာလုပ်တယ်၊
ငါလိုက်နေတာ မကြာခင် အဖြေရတော့မယ် ”
” ဟင်…ကိုထူးအောင် အရင်ကကောင်မလေး
က ဘာဖြစ်လို့လဲ၊ မရှိတော့ဘူးလား ”
” ဟ…ငါ့ကောင်ရ ယောက်ျားကောင်းတော့
မောင်းမတစ်ထောင်တဲ့၊ အာရုံမလာတော့လို့
ခေါက်ပစ်လိုက်တာ၊ မင်းလဲခေတ်ပညာတတ်
တစ်ယောက်ပဲ Bio(ဘိုင်အို)မှာ သင်ခဲ့ရမှာပေါ့
နှလုံးသားက အခန်းလေးခန်းရှိတယ်၊ တစ်ယောက်
ထဲချစ်လို့ ဘယ်တရားပါ့မလဲ၊ ဟားဟား ”
ဇော်ခက်မှာ အနေအေးသလောက် ထူးအောင်က
မိန်းမအလွန်ရှုတ်သည်။
၂။
နေ့လည်မွန်းတည့်အချိန်တွင် ဇော်ခက်သည်
မေမြန်မာ’ မြန်မာ့ထမင်းဆိုင်သို့ နေ့လည်စာ စားရန်
ထွက်လာခဲ့၏။ ဆိုင်ထဲသို့ရောက်သောအခါ
ကြက်ဆီထမင်းတစ်ပွဲနှင့် လီမွန်ဖျော်ရည်တစ်ခွက်
မှာလိုက်သည်။
သူ၏ အရှေ့ဘယ်ဘက်ထောင့် စားပွဲဝိုင်းဆီမှ
အရပ်ရှည်ရှည်၊ ခပ်ပိန်ပိန် လူတစ်ယောက်ထလာပြီး
ဝမ်းသာအားရနှုတ်ဆက်လေသည်။
ထိုသူမှာ အခြားတော့မဟုတ်။ ဇော်ခက်၏ အခင်ဆုံးသူငယ်ချင်း သူရမောင်’ပင်ဖြစ်သည်။
” ဟေ့ကောင်…ဇော်ခက်၊ ငါ့ကိုမှတ်မိလား ”
” ဟာ…သူငယ်ချင်းသူရ ”
သူရမောင်နှင့် ဇော်ခက်သည် ကျောင်းတက်စဥ်က
အတွဲဆုံးသူငယ်ချင်းဖြစ်၏။ ကျောင်းပြီးသည့်
အချိန်မှစ၍ နှစ်ယောက်သား အဆက်အသွယ်
ပြတ်သွားကြပြီး ယခုထမင်းဆိုင်တွင် ပြန်ဆုံကြ
သည်။
စားရင်းသောက်ရင်း စကားစမြည်ပြောကြရာ
သူရမောင်က အကြံပေးသည်။
” မင်းကပန်းချီပညာကို လေ့လာနေတယ်ဆိုတော့
မြို့စွန်က ဦးဝင်းမြိုင်ဆီမှာရှေးဟောင်းပန်းချီကား
တွေရှိတယ်၊ သူကရှေးဟောင်းပစ္စည်းအရောင်း
ပြခန်းဖွင့်ထားတာ မင်းသူ့ဆီကပန်းချီကားတွေကို
ဝယ်ပြီး လေ့လာလို့ရတယ် ”
” မင်းအကြံမဆိုးဘူး၊ ပန်းချီးကားအဟောင်းတွေကို
အရင်ဝယ််ပြီး လေ့လာကြည့်မယ်၊ ငါ့အတွက်လည်း
အသုံးဝင်နေတာပဲ သွားကြည့်လိုက်မယ် ”
ခဏအကြာတွင်…
ဇော်ခက်သည် သူရမောင်ကို နှုတ်ဆက်ကာ
ဆိုင်ထဲမှ ထွက်လာခဲ့သည်။
၃။
ညနေ နေဝင်ဆည်းဆာအချိန်တွင် သူရမောင်
အကြံပေးသည့်အတိုင်း ဦးဝင်းမြိုင်ဆိုင်သို့
ရောက်လာခဲ့သည်။
” ငါ့ဆီမှာတော့ ရှေးဟောင်းပစ္စည်းနဲ့ ပန်းချီကား
ချပ်တွေ တော်တော်များများရှိတယ်၊ ရောင်းလဲ
ရောင်းတယ်၊ ပြန်လဲဝယ်တယ်၊ မင်းကပန်းချီကား
ဘယ်လောက်ယူချင်လဲ ”
ဦးဝင်းမြိုင်သည် ဇော်ခက်အား ပန်းချီကားချပ်များ
ချပြလိုက်၏၊ ရှေးဟောင်းလက်ရာဖြင့်
ရေးဆွဲထားသော ပျူတို့၏ ယဥ်ကျေးမှုအမွေ
အနှစ်များ၊ ခမ်းနာထည်ဝါလှသော မြန်မာတို့၏
အလှုပွဲလှည့် ပန်းချီကားချပ်များ၊ နောက်ဆုံးပန်းချီ
ကားချပ်မှာမူ လွန်ခဲ့သော နှစ်အနည်းငယ်လောက်က
ပင် ရေးဆွဲထားသော မိန်းကလေးတစ်ယောက်၏
ပုံတူပန်ချီကားချပ်ပင်ဖြစ်သည်။
” ကျွန်တော် ဒီပန်းချီကားချပ်တွေ အကုန်ယူပါမယ်၊
အချိန်ကလဲ သိပ်မရတော့ဘူးဆိုတော့၊ နောက်မှပဲ
အခြားပန်းချီကားတွေကြည့်ရင်း ထပ်လာခဲ့ပါမယ် ”
” ကောင်းပါပြီ၊ နောက်လည်းကြုံရင်ဝင်ခဲ့ပေါ့ ”
ဇော်ခက်သည် ရှေးဟောင်းပစ္စည်းဆိုင်မှာ ပန်းချီ
ကားများ ဝယ်ယူပြီး အိမ်သို့ပြန်လာခဲ့သည်။
အခန်းထဲသို့ရောက်သောအခါ ပန်းချီကားများကို
နံရံတွင် တစ်ပုံချင်းချိတ်ဆွဲနေစဥ် …
” ကျွိ…”
ပန်းချီကားနှစ်ပုံချိတ်ပြီးနောက်တွင် အခန်းတံခါးကို
လူဖွင့်ဝင်လာသည်လား၊ ထွက်သွားသည်လားမသိ
ဖွင့်ပြီး ချက်ချင်းပြန်ပိတ်သွားသည်။
” ဘယ်သူလဲ၊ ဘယ်သူလုပ်တာလဲ ”
ဇော်ခက်လည်း ချိတ်ရန်ကျန်ရှိနေသော နောက်ဆုံး
ပန်းချီကားချပ်ကို လက်ကချပြီး တံခါးဆီသွားကာ အနည်းငယ်ဟပြီး အပြင်ကို ခေါင်းပြူပြီးကြည့်
လိုက်၏။
” ဘယ်သူမှမရှိဘူး ”
အခန်းထဲသို့ပြန်လာလှည့်လာပြီး နောက်ဆုံးကျန်ရှိ
သော မိန်းမကလေး၏ ပုံတူပန်းချီကားချပ်ကို ချိတ်
ဆွဲရန်လုပ်ရာတွင်် ဇော်ခက် မျက်လုံးအဝိုင်းစားနှင့်
ပါးစပ်မှ’ဟာ’ကနဲဖြစ်သွားသည်။
” ဒီ …ဒီပန်းချီကားထဲက အမျိုးသမီးပုံ ဘယ်
ရောက်သွားတာလဲ ”
ဇော်ခက်လည်း သူ၏မျက်ဝန်းအိမ်ကို လက်နှစ်
ဖက်ဖြင့်သေချာပွတ်ကြည့်လိုက်သောအခါ
ပန်းချီကားသည် ယခင်မူလအတိုင်း ပုံမှန်ပြန်ဖြစ်
နေ၏။
ထိုအချိန်၌ ဇော်ခက်၏စိတ်ထဲတွင် တစ်စုံတစ်ယောက်က သူ့အားစိုက်ကြည့်နေသည်ဟု ခံစားမိလေသည်။
” ဝုန်း ”
အခန်းထဲတွင် စားပွဲပေါ်တင်ထားသည့် ပစ္စည်းများ
အောက်ကို ကျကုန်သည်။
” ဒီနေ့ အခန်းထဲဘာတွေဖြစ်နေတာလဲကွာ ”
ကျနေသောပစ္စည်းများကို ကောင်တင်ပြီး ပါးစပ်က
ရေရွတ်လိုက်၏။ စိတ်ထဲ မသိုးမသန့်ဖြင့် အိပ်ကာ
တစ်ညတာ ကုန်ဆုံးသွားလေသည်။
သူ၏အခန်းအတွင်းဘက် တံခါးအနီးမှာ သရဲမ
တစ်ကောင် ရပ်နေသည်ကိုမသိချေ။
၄။
မိုးလင်းသောအခါ ဇော်ခက်သည် မျက်နှာသစ်
အဝတ်စားလဲပြီး၊ မနက်စာစားရန် ကားပေါ်
တက်ကာ မောင်းထွက်ရန်ပြင်လိုက်စဥ် ကားနောက်
ကြည့်မှန်မှ သွေးသံရဲရဲများ ခေါင်းပေါ်စီးကျနေ
သော သရဲမမျက်နှာကို မြင်လိုက်၍ ထအော်လိုက်
သည်။
” အား …အမယ်လေး…သရဲ ”
သူနောက်လှည့်ကြည့်လိုက်တော့ အပုပ်နံ့သာရပြီး
သရဲမကိုမမြင်တော့ပေ။ ဇော်ခက် ကားတံခါးဖွင့်
ပြီး ပြန်ပိတ်ကာ အိမ်ရှေ့သို့ သုတ်ခြေတင် ထွက်
လာခဲ့တော့သည်။ လမ်းပေါ်ရောက်တော့ တက္ကစီ
ငှားပြီး အမြဲစားနေကျ ထမင်းဆိုင်သို့ထွက်လာခဲ့၏။
ဇော်ခက် မနက်စာဆိုင်မှာစားပြီး အခန်းသို့ပြန်လာ
ခဲ့သည်။ ရပ်ထားခဲ့သော ကားအတွင်းကို ကြည့်လိုက်
၏။ သရဲမ မရှိတော့ပေ။ စိတ်တွေဇဝေဇဝါဖြစ်ပြီး
ပန်းချီကားကိုယူကာ သူငယ်ချင်းသူရမောင်နှင့်
တိုင်ပင်ရန် သူရမောင်အိမ်သို့ ကားနဲ့ထွက်လာခဲ့တော့သည်။
သူရမောင် အိမ်သို့ရောက်သောအခါ သူရမောင်ကို
ခေါ်ပြီး အိမ်ရှေ့ မျက်နှာစာအောက်က တန်းလျားကုလားထိုင်ပေါ်တွင် ဝင်ထိုင်လိုက်သည်။ ဇော်ခက်မှ
စကားစချည် ပြောလိုက်၏။
” မင်းအကြံပေးကောင်းလို့ ရှေးဟောင်းပစ္စည်း
အရောင်းဆိုင်က ငါပန်းချီကားတွေ ဝယ်လိုက်တာ
အတော်ထူးခြားတဲ့ ပန်းချီကားပုံပါလာတယ်၊ ကြည့်
စမ်းပါဦး ”
ဇော်ခက်သည် သူရမောင် လက်ထဲသို့ မိန်းကလေးတစ်
ယောက်၏ ပုံတူပန်းချီကားချပ်ကို ထိုးပေးလိုက်သည်။
” မိန်းမချောလေးပဲ၊ မင်းကောင်မလေးလား ”
” ဟေ့ကောင် လာနောက်မနေနဲ့၊ ပုံကိုသေချာကြည့် ”
သူရမောင်က ပန်းချီကားကို သေချာကြည့်ရင်း
မျက်လုံးပြူးသွားကာ အောက်သို့ပြန်ချလိုက်သည်။
” သူ …သူခေါင်းကသွေးတွေ လတ်လတ်ဆတ်ဆတ်
စီးကျလာတာ ငါတွေ့လိုက်တယ် ”
” မဟုတ်သေးပါဘူး၊ ငါကြည့်ဦးမယ် ”
ဇော်ခက်သည် သူရမောင်ရှေ့က ပန်းချီကားပုံကိုကောက် ယူပြီးကြည့်သည်။ သူရမောင် ပြောသလို
သွေးများစီးကျ လာခြင်းကို မတွေ့ရပေ။
” မတွေ့ပါဘူး ”
” အမြဲတမ်း ဖြစ်ချင်မှဖြစ်မယ်၊ သူမြင်စေချင်တဲ့
လူကို မြင်အောင်ပြတာလည်း ဖြစ်နိုင်တယ်၊ မင်း
ဒီပန်းချီကားကို ငါ့လာပြမယ့်အစား ဦးဝင်းမြိုင်ကို
ဒီပန်းချီကား ဘယ်ကရလဲ မေးကြည့်သင့်တယ် ”
” ငါလဲမင်းကိုပြပြီးရင် ဦးဝင်းမြိုင်ကို သွားမေးမယ်
လို့ စိတ်ကူးထားတယ် ”
ဇော်ခက်လည်း သူရမောင်ကိုနှုတ်ဆက်ကာ
အိမ်ထဲမှ ထွက်လာခဲ့သည်။
” ဟာ…ဇော်ထက် ”
” မင်းဘေးမှာ သရဲမကြီး ”
ဇော်ခက်လည်း ဘေးဘီဝဲယာကို လှည့်ကြည်လိုက်သည်။ ဘာမှမတွေ့ပေ။
” မရှိပါဘူးကွာ ”
” ဟေ့ကောင် ရှိတယ်၊ မင်းသွားရာလိုက်မယ့်ပုံပဲ ”
ထိုအခါ ဇော်ခက်ဘေးမှ ဆံပင်ဖားလျားချထား
သော သရဲမလည်း သူရမောင်အား လှည့်ကြည့်လိုက်ရာ…
” အ ..အမယ်လေး ”
သွေးများ မြင်မကောင်းအောင် စီးကျနေသောပန်းချီ
ကားထဲက အမျိုးသမီးပုံကို မြင်လိုက်ရသဖြင့်၊
သူရမောင် အသံဆက်ပြီးထွက်မလာတော့ပေ။
ဇော်ခက်လည်း သူ၏ကားပေါ်တက်သွားသည်နှင့်
သရဲမလည်း ရုတ်တရက်ပျောက်သွားသည်။
၅။
ထူးအောင်သည် ဇော်ခက်တိုက်ခန်းသို့ ရောက်လာ
၏။ အိမ်တံခါးပိတ်ထားသဖြင့် ဖုန်းဆက်ကြည့်သည်။
ဘယ်လိုမှဆက်မရ။ စက်ပိတ်ထားသည်ဟု ပြန်ဖြေသည်။
” ဒီကောင် ဘယ်တွေ သဝေထိုးနေလဲမသိဘူး ”
ထူးအောင်လည်း လှည့်ပြန်သွားသည်။
ဇော်ခက်သည် ဦးဝင်းမြိုင်၏ ရှေးဟောင်းပစ္စည်း
အရောင်းဆိုင်သို့ ရောက်နေခြင်းပင်ဖြစ်သည်။
” မောင်ဇော်ခက်၊ ဒီလောက်နှစ်တွေကြာမှတော့
ပန်းချီကားကို လာရောင်းတဲ့လူကို ဘယ်လိုမှတ်မိ
ပါတော့မလဲ၊ လာရောင်းတဲ့လူတိုင်းကတော့
ဘာအန္တရာယ်မှမရှိဘူး၊ နောက်ကြောင်းရှင်းတယ်၊
တာဝန်ယူပါတယ်ဆိုပြီး အာမခံသွားကြတာပဲ ”
” ဒီပန်းချီကားကိုဝယ်ပြီးမှ ကျွန်တော့်နောက်ကို
သရဲမတစ်ကောင် တစ်ကောက်ကောက်နဲ့
လိုက်နေတယ် ”
ဦးဝင်းမြိုင်လည်း ပုံတူပန်းချီကားကို သေချာကြည့်
လိုက်ပြီး သတိရသွား၏။
” ဒီပုံတူပန်းချီကားကိုတော့ ငါမှတ်မိတယ်၊ မိန်းမတစ်
ယောက် လာရောင်းသွားတာပဲ၊ ဒီပန်းချီကားရောက်
တဲ့နေ့ကစပြီး ငါလည်းကောင်းကောင်းမနေရဘူး၊
အခန်းထဲမှာ မိန်းမတစ်ယောက်ကို တွေ့တွေ့နေရ
တယ်၊ တစ်ညတော့ငါလည်း အခန်းထဲမှာအသံကြား
လို့ သွားကြည့်လိုက်တာ မိန်းကလေးတစ်ယောက်ကို
တွေ့ရတယ်၊ သူ့မျက်နှာတစ်ခြမ်းက သွေးတွေစီးကျ
နေတာကို မြင်လိုက်ရတာပဲ၊ ငါကြည့်နေတုန်းမှာ
သူ ရုတ်တရတ်ပျောက်သွားတယ်၊ အဲ့ဒီနောက်ပိုင်း
ငါလည်း အခန်းထဲကဘာအသံကြားကြား ဝင်မ
ကြည့်တော့ဘူး ”
ဦးဝင်းမြိုင်လည်း ပြောရင်း မျက်နှာပေါ်ကချွေးများ
ကို လက်ကိုင်ပုဝါဖြင့် ကောက်သုတ်လိုက်သည်။
” ဒါဆို ဒီပုံတူပန်းချီကားထဲမှာ သရဲမဝိညာဥ်
တကယ် ခိုကပ်နေတာပေါ့ ”
” ဒီမိန်းကလေးရဲ့ဝိညာဥ်က ပန်းချီကားထဲမှာ
တကယ်ရှိတာဆိုရင် တစ်စုံတစ်ယောက်ကို
အငြိုးတကြီးနဲ့ စိတ်စွဲပြီး ခိုကပ်နေတာထင်တယ်၊
ဒီလောက်နှစ်တွေ ကြာလာတဲ့အတွက် သူ့ရဲ့ဒေါသ
ကလည်း အထွတ်အထိပ်ကို ရောက်နေလောက်ပြီ ”
” အဲ့ဒါဆို ကျွန်တော်ကဘယ်လိုလုပ်ရမလဲ ”
” ဒါတော့ ငါလည်း အကြံမပေးတတ်ဘူး၊ အခုမင်း
ဆီမှာ တွယ်ကပ်နေတဲ့ သရဲမက သူ့ရန်သူကို တွေ့ပြီး
ကလဲ့စားချေပြီးရင် မင်းအနားကထွက်သွားမှာတော့အမှန်ပဲ ”
” ဒါဆို ကျွန်တော် သွားလိုက်ဦးမယ် ”
ဇော်ခက်လည်း ဦးဝင်းမြိုင်နှင့် စကားပြောပြီး ပြန်ရန် ကားပေါ်သို့တက်သွားသည်။
” ဟေ့…ဇော်ခက် ”
” ပြောပါ ဦးဝင်းမြိုင် ”
” မင်းကားနောက်ခန်းမှာ လူပိုပါသေးလား ”
” မပါ ပါဘူး ”
” ငါ ဒီကနေပြီး မင်းကားနောက်ခန်းထဲမှာ ဆံပင်ဖား
လျားနဲ့ မိန်းမတစ်ယောက်ကို မြင်နေရတယ် ”
” ဟာ…အဲ့ဒါသရဲမပဲဗျ ”
” သွားပါမသိသလိုနေ၊ မင်းနဲ့သူ အတိတ်က
အကြောင်းကိစ္စမရှိရင် မင်းကိုဘာအန္တရာယ်မှ
ပေးမှာမဟုတ်ဘူး၊ စိတ်ချပြီး မောင်းသာသွား ”
ဇော်ခက်လည်း ဦးဝင်းမြိုင်ဆိုင်မှ ထွက်လာပြီး
ကားနောက်ခန်းကိုကြည့်သည်။ ဘယ်သူ့ကိုမှမတွေ့။
ဒီအတိုင်းဆို သရဲမက သူသွားလေရာ လိုက်နေပုံရ
သည်။ သူငယ်ချင်း သူရကလည်း သရဲမကိုမြင်၍
မေး၏။ ယခု ဦးဝင်းမြိုင်ကလည်းပြောသည်။
သရဲမရှိနေမှန်း သိသော်လည်း မသွား၍ကမဖြစ်၊
ကားပေါ်တက်ပြီး ရှေ့မှန် နောက်မှန် အားလုံးချကာ
လာရာလမ်းကို ပြန်ခဲ့သည်။
ဇော်ခက် အိမ်သို့ပြန်ရောက်သောအခါ ညခြောက်
နာရီထိုးပြီဖြစ်သည်။ ခဏအကြာတွင် ထူးအောင်
ဆီမှ ဖုန်းဝင်လာ၏။
” ဘယ်တွေသွားနေတာလဲ၊ နေ့ခင်းကအိမ်ဘက်
ရောက်သေးတယ်၊ မင်းမရှိဘူး ”
” အခုရက်ပိုင်း အလုပ်ကိစ္စပေါ်လာလို့ပါ ”
” ဒါဆို ဒီညဆိုင်မှာ တစ်ခုခုစားရင်း စကားပြောကြ
ရအောင်၊ လာမယ်မဟုတ်လား ”
” လာမယ်လေ၊ ကျွန်တော်လည်း ပြစရာတစ်ခု
ရှိတယ် ”
ဇော်ခက်သည် တံခါးကိုလုံခြုံအောင် ပိတ်လိုက်ပြီး
မိန်းချကာ စားနေကြ ဆိုင်သို့ထွက်လာခဲ့သည်။
၆။
ဆိုင်ထဲတွင် ထူးအောင်သည် ရောက်နှင့်နေပြီဖြစ်
သည်။
” ဘာများသုံးဆောင်မလဲ ”
” ထမင်းကြော်တစ်ပွဲပေးပါ၊ ကြက်သားနဲ့ ”
ခဏအကြာတွင် ဇော်ခက်သည် ထမင်းရောက်
လာသဖြင့် စားနေစဥ်
ထူးအောင်က သောက်လက်စ အအေးဘူးကို
ဖောက်၍ ဖန်ခွက်ထဲထည့်ပြီး နည်းနည်းချင်းထည့်
သောက်နေသည်။
” မင်းအခုရက်ပိုင်း ပျောက်ချက်သားကောင်းနေ
တာ၊ ဘာတွေလုပ်နေတာလဲ”
” ဒီနေ့တစ်နေ့လုံး ဒီကိစ္စနဲ့အလုပ်ရှုတ်နေတာဗျ ”
ဇော်ခက်သည် အိတ်ထဲတွင် ထည့်ယူလာသော
ပန်းချီကားကို ထုတ်ယူပြလိုက်သည်။
” ဒီပန်းချီကားထဲက သရဲမကြောင့် အိမ်မကပ်ဖြစ်
တာ ”
” သရဲမ ဟုတ်လား ”
ထူးအောင်သည် ပန်းချီကားကို သေချာယူကြည့်ပြီး
မျက်လုံးပြူးသွားသည်။
” ဟင်…ယမင်း ”
ထူးအောင် ပါးစပ်မှ အံ့အားသင့်ပြီး ရုတ်တရက်
ထွက်လိုက်မိသည်။
” ကိုထူးအောင်က ဒီပုံတူပန်းချီကားထဲက
မိန်းကလေးနဲ့ သိလို့လား ”
” မသိပါဘူးကွာ၊ မင်းဒီပုံတူပန်းချီကားကို ဘယ်က
ရလာတာလဲ ”
ထူးအောင် အမူရာပျက်နေသော မျက်နှာဖြင့်
ဇော်ခက်ကို မေးလိုက်၏။
” ရှေးဟောင်းပစ္စည်း အရောင်းဆိုင်ကဝယ်လာတာ၊
ဒီပန်းချီကားကို ဝယ်ပြီးတဲ့နေ့ကစပြီး၊
သရဲမတစ်ကောင် ကျွန်တော့်နောက်ကို လိုက်နေတော့တာပဲ ”
” ဟင် …သရဲမဟုတ်လား ”
” ဟုတ်တယ်၊ ဒီ ပန်းချီကားထဲမှာ သရဲမရဲ့
ဝိညာဥ်ခိုကပ်နေတာ။ သူ့ရန်သူကို ကျွန်တော်နဲ့အတူ
ခိုကပ်ပြီး ရှာနေတာ ”
ဇော်ခက် စကားအဆုံးတွင် ထူးအောင်က စားပွဲထိုး
ကို လှမ်းခေါ်ပြီး ငွေရှင်းလိုက်သည်။
” ဟေ့ ရှင်းမယ်၊ ပိုတဲ့ပိုက်ဆံ ပြန်မအမ်းနဲ့တော့ ”
” ဇော်ခက်၊ ငါအလုပ်ကိစ္စရှိလို့ သွားပြီ ”
ထူးအောင်သည် ဆိုင်ထဲမှ အမြန်ထပြန်သွားသည်။
သူသည် (၈)ထပ်ရှိသော ကွန်ဒို၏ ငါးလွှာမှာ
ကိုယ်ပိုင်အခန်းနှင့် နေသူဖြစ်သည်။
ဇော်ခက်သည် ထူးအောင် ဆိုင်ထဲမှအထွက်တွင်
ဆံပင်ဖားလျားချထားသော သရဲမက ထူးအောင်
နောက်တွင် ကပ်ပါသွားသည်ကို လှမ်းမြင်လိုက်
သည်။
” ဟာ..ကိုထူးအောင် အနောက်မှာ သရဲမလိုက်နေ
တယ် ၊ မသွားနဲ့ …ကိုထူးအောင်…”
ဆိုင်ထဲမှ ဇော်ခက် လှမ်းပြောလိုက်သောစကားသံ
ထူးအောင် မကြားတော့ပါ။
ဇော်ခက်သည် ဆိုင်ထဲမှထပြီး ထူးအောင်နောက်ကို
ချက်ချင်းလိုက်သွားသည်။
၇။
ထူးအောင်လည်း ကွန်ဒိုအခန်းသို့ပြန်ခဲ့သည်။
သူဓာတ်လှေကားထဲသို့ ဝင်လိုက်စဥ်ဘေးမှာ
မိန်းမတစ်ယောက်ရပ်နေသည်။ ကြည့်လိုက်သော
အခါ …
” ဟီး …ဟီး …ဟီး ”
” အား …သ…သရဲမကြီး ”
သရဲမက ထူးအောင်အနားသို့ လေးဖက်ထောက်ပြီး
တရွေ့ရွေ့လာနေသည်။
” မလာနဲ့ ..သွား၊ ငါ့နားမလာနဲ့ ”
ထိုအချိန်တွင် ဓာတ်လှေကားပွင့်သွားသဖြင့်
သူ၏တိုက်ခန်းဆီသို့ ထွက်ပြေးလာခဲ့သည်။
အခန်းသို့ရောက်သောအခါ တံခါးကို အမြန်ပိတ်
ပြီး မီးဖွင့်လိုက်၏။
အပုတ်နံ့များရသဖြင့် နောက်သို့လှည့်ကြည့်လိုက်ရာ
သွေးစိမ်းရှင်ရှင်များ မြင်မကောင်းအောင်စီးကျနေ
သော သရဲမက သူ့အားပြုံးပြနေသည်။
” အား ”
ထူးအောင်လည်း အခန်းတံခါးဆီသို့ ပြေးဟန်ပြင်
လိုက်သည်။ သို့သော် နောက်ကျသွားပြီ။
အေးစက်နေသော လက်ကြီးတစ်ဖက် ထွက်လာ
ပြီး သူ၏ခြေထောက်ကိုလှမ်းဆွဲရာ ကြမ်းပြင်ပေါ်
သို့ မှောက်လျက်လဲကျသွားခဲ့သည်။
” မလုပ်ပါနဲ့…ကယ်ကြပါဦး ”
” ထူးအောင် ငါ့ကိုကြည့်စမ်း ”
” ယ..ယမင်း၊ ငါ့ကိုမသတ်ပါနဲ့ဟာ၊
တောင်းပန်ပါတယ် ”
” ဟီး ..ဟီး ..ဟီး ”
” သွား…ထွက်သွား မလာပါနဲ့ ”
” နင့်…ကို…သတ်…မယ် ”
ထူးအောင်လည်း ကြောက်ကြောက်လန့်နှင့် အခန်း
တံခါးဆီသို့ ပြေးဖွင့်ရာ အပြင်သို့ ခေါင်းသာထွက်
လာပြီး ခန္ဓာကိုယ်က နောက်မှာကျန်ခဲ့သည်။
သရဲမကတံခါးကိုဆောင့်တွန်းပိတ်လိုက်သဖြင့် တံခါးဘောင်က လည်ပင်းကိုဖိညှစ်သလိုဖြစ်သွား
ပြီး အသက်ရှုရပ်ကာ အသက်ပါထွက်သွားတော့
သည်။
၈။
ထူးအောင်သည် တက္ကသိုလ်ကျောင်းသားဘဝက
ရည်းစားအလွန်များ၏။ ယမင်းနှင့် ချစ်သူများဖြစ်
ခဲ့လေသည်။
ယမင်းက အနေအေးသူဖြစ်ပြီး၊ နယ်မှအဆောင်သို့
ပြောင်းလာသော ကျောင်းသူတစ်ဦးဖြစ်သည်။
” အကို ယမင်းကို ချစ်လားဟင် ”
” ချစ်တာပေါ့ ယမင်းရဲ့၊ အကိုက ဟောဒီဘဒ္တကမ္ဘာ
မှာ မင်းလေးကိုအချစ်ဆုံး ”
” သွားပါ…အပိုတွေ ”
” မပိုပါဘူးကွာ၊ လိုတောင်လိုသေး ”
” အကို့မိဘတွေနဲ့ ယမင်းကို ဘယ်တော့
ပေးတွေ့ပေးမှာလဲဟင် ”
” နောက်တော့အေးဆေးတွေ့ရမှာပေါ့ကွာ ”
ထူးအောင်က ယမင်းကို လက်ထပ်ဖို့ထိစိတ်ကူးမရှိ။
အပျော်တွဲခဲ့ခြင်းပင်။
နှစ်လလောက်ကြာသောအခါ ထူးအောင်က
သူ(မ)ကို ပုံတူပန်းချီ ဆွဲပေးခဲ့သည်။
” ယမင်း ကြိုက်ရဲ့လား ”
” လှလိုက်တာအကိုရယ်၊ ယမင်းအရမ်းကြိုက်တယ်အကိုပေးတဲ့ ဟောဒီ ယမင်းရဲ့ပုံတူပန်းချီလေးကို တစ်သက်လုံးမြတ်မြတ်နိုးနိုး သိမ်းထားပါ့မယ် ”
ထိုနေ့က နှစ်ယောက်သားအချစ်နယ်ကျွံခဲ့ကြသည်။
လအနည်းငယ်ကြာသောအခါ ယမင်းမှာ ထူးအောင်
နှင့်ရသော ကိုယ်ဝန်ရှိလာ၏။
ထူးအောင်လည်း နောက်ပိုင်း ရှောင်ဖယ် ရှောင်ဖယ်
လုပ်လာသည်။
ယမင်းက ထူးအောင်ရှိရာ တိုက်ခန်းသို့လိုက်လာခဲ့
သည်။ သူ့မှာ ကိုယ်ဝန်ရှိနေကြောင်း၊ တာဝန်ယူရန်
ပြော၏။
ထိုအခါ ထူးအောင်က အပျော်တွဲခဲ့ခြင်းဖြစ်ပြီး
တာဝန်မယူနိုင်ဟုပြောဆိုရာ စကားများကြ၏။
သူ(မ)ဘဝကို တာဝန်မယူပဲဖျက်ဆီးသည်ဟုဆိုကာ
စကားများကြရင်း ယမင်းက ထူးအောင်၏
လည်ပင်းကို လက်သည်းဖြင့်ဆွဲကုတ်လိုက်သည်။
ထူးအောင်လည်း ဒေါသဖြစ်ပြီး စောင့်တွန်းလိုက်ရာ
ကြမ်းပြင်ပေါ်သို့ ယမင်းလဲကျသွား၏။
နာကျည်းသောအကြည့်များဖြင့် ထူးအောင်ရှိရာ တိုက်ခန်းဆီမှ ငိုပြီး ယမင်းလှည့်ပြန်လာခဲ့သည်။
သူ(မ)အဆောင်သို့ရောက်သောအခါ အခန်းထဲတွင်
တစ်ချိန်လုံးထိုင်ငိုလေသည်။ နယ်ကိုလည်း မပြန်ရဲ၊ အဆောင်၌လည်းမနေဝံ့သောကြောင့် နောက်ဆုံး
အရှက်နှင့်အသက်ကိုလဲရန်ဆုံးဖြတ်လိုက်တော့သည်။
” ကမ္ဘာကြေသော်လည်း ဥဒါန်းမကြေဘူး၊
သစ္စာမရှိတဲ့လူ အရမ်းမုန်းတယ် ”
သူ(မ) မသေခင် ပန်းချီကားကို နာကျည်းစွာကြည့်
ပြီး အဆောင်နှစ်ထပ်တိုက် ဝရံတာပေါ်မှခုန်ချလိုက်
၏။ မြေပြင်နှင့်ဦးခေါင်းရိုက်မိပြီး ထိုနေရာမှာပင်
ပွဲချင်းပြီးသေဆုံးသွားခဲ့သည်။
လအတော်အတန်ကြာသောအခါ သူ(မ)အခန်းကို
သန့်ရှင်းရေးပြုလုပ်ရင်း အဆောင်ပိုင်ရှင်မှ
ပုံတူပန်းချီကားကို တွေ့ရာ ဦးဝင်းမြင့်ဆိုင်သို့
သင့်တော်သောစျေးဖြင့် ရောင်းခဲ့ခြင်းပင်ဖြစ်သည်။
၉။
ဇော်ခက်သည် ထူးအောင်ရှိရာ တိုက်ခန်းသို့
အမြန်လိုက်လာခဲ့သည်။
သူတိုက်ခန်းရှေ့ရောက်သောအခါ ထူးအောင်ကား
ရပ်ထားသည်ကိုမြင်၍ အပေါ်ထပ်သို့ ဓာတ်လှေကား
ဖြင့်မသွားပဲ လှေကားမှ အပြေးတက်သွားခဲ့၏။
ထူးအောင်အခန်းရှေ့သို့ ရောက်သောအခါမှာတော့
တံခါးဘောင်နှင့် ခေါင်းညှပ်ပြီး ထူးအောင်၏
အသက်မဲ့နေသော ခန္ဓာကိုယ်ကိုသာမြင်တွေ့လိုက်
ရတော့သည်။
” ဖြစ်မှဖြစ်ရလေ ကိုထူးအောင်ရယ် ”
သရဲမလိုက်ရှာနေသောရန်သူမှာ ထူးအောင်ဖြစ်မှန်း
ဇော်ခက်သိလိုက်ရ၏။
လေးလန်သောခြေလှမ်းများဖြင့် တိုက်ခန်းဆီမှ
ပြန်ဆင်းလာခဲ့တော့သည်။
” မင်းဆီမှာ ခိုကပ်နေတဲ့သရဲမက သူ့ရန်သူကို ကလဲ့စားချေပြီးသွားရင်တော့ မင်းအနားက
ထွက်သွားမှာ အမှန်ပဲ ”
ဦးဝင်းမြိုင်ပြောသောစကားကို ပြန်ကြားယောင်ရင်း
အိမ်သို့ပြန်ခဲ့သည်။ အိမ်ရောက်တော့ သူ့ဆီရှိ
သော ပန်းချီကားကိုလည်း မီးရှို့ပစ်လိုက်တော့သည်။
ပန်းချီကားထဲမှာခိုကပ်နေသော သရဲမဝိညာဥ်လည်း
သူ(မ)ရန်သူကို ကလဲ့စားချေပြီးသောအခါ ဦးဝင်းမြိုင်
ပြောသလိုပဲ ဇော်ခက်အနားက ပျောက်ကွယ်သွား တော့သည်။
ပြီးပါပြီ။
ကိုးရောင်ခြယ်