ဘီလူးသိုက်ကြမ်းအစွဲချွတ်ခန်း

Posted on

ဘီလူးသိုက်ကြမ်းအစွဲချွတ်ခန်း(စ/ဆုံး)
—————————————

ဘဒ္ဒကမ္ဘာ၌ သိုက်နန်းပေါင်းကိုးသိန်း_ကိုးသောင်း_ကိုးထောင့်_ကိုးရာ_ကိုးဆယ့်_ကိုးခုရှိပြီး ဘုရားသိုက်၊
သိကြားသိုက်၊ ပညာသိုက်၊ ငရမာန်သိုက်နှင့် ဥစ္စာသိုက်ဟူ၍ အမျိုးအစားကွဲပါသည်။

မြန်မာလူထုအကြားသိုက်နန်း/ သိုက်နန်းရှင်တို့နှင့်ရင်းနှီးမှုရခဲ့သည်မှာ အသံဇာတ်လမ်း၊ ဇာတ်ထုပ်၊ အော်ပရာ၊
ပြဇာတ်၊ ဗီဒီယို ထိုကဲ့သို့သော အနုပညာလုပ်ငန်းတို့ကြောင့်ဖြစ်သည်။

နယ်ချဲ့အင်္ဂလိပ်မင်းများလက်ထက်စဥ်ကတည်းက
ပေါ်ပေါက်ခဲ့သော`မမြစိမ်းသိုက်သမိုင်းဇာတ်လမ်းသည်
(၂၁)ရာစုကိုလိုက်၍အောင်မြင်ကျော်ကြားနေဆဲဖြစ်သည်။

အချို့သည် မန္တလေးရှိရွှေကြက်ယက်သိုက်ကြီး၊
ပဲခူးမြို့ရှိဒေးစွန်ပါသိုက်ကြီးနှင့် ကိုးသိန်းကိုးသန်းသိုက်ကြီးများကို ကမ္ဘာတည်သိုက်ချုပ်ကြီးများဟု လက်ခံထားကြသည်။ အခြားကျော်ကြားသောသိုက်များမှာ_
(၁) ရွှေတိဂုံဘုရားစောင်းတန်းရှိ မမင်းစိန်၊ မမင်းသိန်းသိုက်
(၂) ရွှေဂျိုးဖြူမူလခဲမောင်နှမသိုက်
(၃) အင်းဝမြို့ရှိဘောဂဗလဘုရားသိုက်
(၄) ကျိုက်ထီးရိုးဘုရားသိုက်
(၅) ပြည်မြို့တဖက်ကမ်းရှိမမြစိမ်းဘုရားသိုက်
(၆) ခရေပင်ဇောက်ထိုးပညာသိုက်နှင့်
(၇) ဘောဂဝတီရေနဂါးသိုက်နန်းတို့ဖြစ်သည်။

၎င်းသိုက်ကြီးများအနက် ဘောဂဝတီရေနဂါးသိုက်နန်းအား သာမာန်လူဆရာတို့မရောက်နိုင်။ ထွက်ရပ်ပေါက်ပြီးလေသောအထက်ပုဂ္ဂိုလ်ကြီးများနှင့် နတ်သိကြားတို့သာ ပေါက်ရောက်နိုင်၏။

စာရေးသူမှတ်သားဖူးသည်မှာ_
ဘောဂဝတီရေနဂါးသိုက်နန်းအား ရွှေတံတိုင်း၊ ငွေတံတိုင်း၊ သန္တာကျောက်တန်းတံတိုင်း မဟာတံတိုင်းကြီး(၃)ရပ်ဖြင့်ကာရံထားပြီး မြို့ရိုး၏ထောင့်တစ်ခုချင်းစီ၌
နဂါးစစ်သူကြီး(၄)ပါးဦးဆောင်သော ရေနဂါးစစ်သည်တော်များမပြတ်စောင့်ကြပ်လျက်ရှိသည် ဆို၏။

ထိုနတ်နဂါးစစ်သည်များမှာ ချောမောပြေပြစ်သောလုလင်ငယ်အသွင်သဏ္ဍာန်ရှိပြီး ကြေးနီရောင်နီကျင့်ကျင့်သန္တာရောင််သံချပ်ဝတ်စုံအားဝတ်ဆင်ထားကာ အသွားမျိုးစုံပါရှိသည့် လက်နက်များကိုင်စွဲထားလေသည်။

နတ်နဂါးတိုင်းပြည်ကြီးကို ဤမျှအစောင့်အကျပ်ထူထဲစွာချထားခြင်းမှာ ဘောဂဝတီနတ်နဂါးပြည်၌မြတ်စွာ ဘုရားရှင်၏ဓာတ်တော်ဋ္ဌာပနာထားသည့် စူဋ္ဌာမဏိဓာတုစေတီတော်ရှိခြင်းနှင့် နတ်ဒေဝတာများ၏အလှူပစ္စည်းများ၊ ရေမြေ့သခင်ဘုရင်များ၏အဖိုးထိုက်ရတနာများ၊ ဝိဇ္ဇာဆရာသခင်တို့၏သိဒ္ဓိဝင်ပစ္စည်းများမျက်စိတဆုံးများပြားစွာရှိနေခြင်းကြောင့်ဖြစ်သည်။

ယခုရေးသားမည့်အကြောင်းအရာမှာ ဖြစ်ရပ်ဆန်း ကြယ်သောသဘောရှိပြီး ကြမ်းတမ်းသောသိုက်နန်းငယ်တစ်ခုမှလာသည့်မိန်းကလေးနှင့် ဘဝဟောင်းကဆွေတော်မျိုးတော်တို့၏ သိုက်ကြိုးဖြတ်ပွဲတနည်းဆိုရသော် ကမ္မဇိဒ္ဓိအတန်အသင့်ရှိသောသိုက်နန်းရှင်တို့နှင့်
ပညာပါရမီရင့်သန်သောဆရာတစ်ဦး၏လွန်ဆွဲပွဲအကြောင်းပင်ဖြစ်သည်။

မမြနှစ်`ဟုခေါ်သော ထိုမိန်းမသည် ပဲခူးတိုင်းအတွင်းရှိ လေးအိမ်စုရွာ`တွင် ဘဝဟောင်းကိုမေ့လျော့ကာ
လူ့ဘောင်၌ပျော်ရွှင်စွာနေထိုင်လျက်ရှိသည့် သိုက်ဆက်မကင်းသည့် မိန်းကလေးဖြစ်သည်။

အစမချီရသောဇာတ်လမ်းနိဒါန်း၌ သိုက်ကလာသည်ဟုဆိုရသောအကြောင်းအရင်းအားပြောရလျှင်
မမြနှစ်အားဝမ်း၌လွယ်ထားစဥ် မိခင်ဖြစ်သော
ဒေါ်သိန်းတစ်ယောက် ထူးခြားသောအိမ်မက်ကိုမြင်မက်ခဲ့ရ၏။

အိမ်မက်အတွင်းရှေးခေတ်နန်းတွင်းသားတစ်ဦးဖြစ်ဟန်တူသော ရွှေအိုရောင်ဖော့ဦးထုပ်ဆောင်းလူရွယ်တစ်ယောက်သည် ၎င်းနှင့်အသက်မတိမ်းမယိမ်းလုံမငယ်တစ်ဦးအားလက်ဆွဲကာ

“” ကျွန်ုပ် ၏ နှမငယ် အား စိတ် ချ စွာ ဖြင့်
အဒေါ့် ထံ အပ် ခဲ့ ချင် ပါ တယ် …
ကျွန်ုပ် က တော့ ကျိုက်ထီးရိုး သို့ ဘုရားဖူး ဝင် ရ ချေ ဦး မည် ….

ထိုသို့တိုတောင်းစွာယတိပြတ်မိန့်ကြားပြီး ထိုလူရွယ်သည်နှမဖြစ်သူအားလက်တွဲဖြုတ်ကာ ကျောပေးထွက်ခွာသွားခဲ့သည်ဆို၏။

မမြနှစ်ကို အမိအဖတို့မျက်နှာစမြင်ကတည်းက
တက်လိုက်သည့်စီးပွားရေးဆိုတာ ညှို့ဓာတ်ပြင်းသောလရောင်သည်ပင်လယ်ရေပြင်နှင့်နီးကပ်စွာတည်ရှိနေသည့်ဒီရေအလား။ တကယ်ပင်စီးပွားရေးက တရိပ်ထိုးတက်ခဲ့ရလေသည်။

မမြနှစ်` ပုခက်ဆင်းလို့အခြားကလေးများနှင့်ရင်ဘောင်တန်းဆော့ကစားနိုင်သောအရွယ်တွင်လည်း
ခြံဝိုင်းအတွင်းမှ ရှေးဟောင်းနားဋောင်း၊ ရွှေဟင်္သါရုပ်၊ ရွှေခြေကျင်း စသောရွှေထည်ပစ္စည်းများကိုထူးထူးခြားခြားကောက်ရတတ်လေသည်။

ကလေးဘဝကတည်းက မိဘအားလုပ်ကျွေးလာခဲ့သည်မှာ နို့နှစ်လုံးဖိုးပင်ကျေနေပြီဖြစ်သည်။ တိုးတိုးတိတ်တိတ်လက်ကုတ်ကာ မိခင်ဖြစ်သူကိုပေးခဲ့သော ရှေးဟောင်းရွှေထည်များကမနည်းမနောပင်။

ငယ်စဥ်ကတည်းကရိုးသားလိမ္မာကာ ဘာသာရေးကိုင်းရှိုင်းသောမမြနှစ်သည် မတွန့်တိုတတ်။ လက်ထဲရှိလည်း
ကြာကြာမထားချင်ဘဲ တွေ့ကရာလူကိုလှူပစ်တတ်လေသည်။ မိဘများကိုယ်တိုင် ယုံထင်ကြောင်ထင်ဖြစ်ရသည်အထိစီးပွားရေးကောင်းလွန်းသောကြောင့် စိတ်တိုင်းကျလှူဒါန်းနိုင်ခဲ့ရသည်။

ထို့ကြောင့် မမြနှစ်၏ ငယ်ဘဝသည်ဖြောင့်ဖြူးသော
တောင်တက်လမ်းတစ်ခုပမာ။ ဆူးငြောင့်ခလုတ်ကဲ့သို့အပူအပင်အကြောင့်အကျနည်းနည်းလေးမှ
မရှိခဲ့ပေ။

မမြနှစ်အသက်(၁၈)ထဲဝင်လာသည်နှင့် ၎င်းတို့၏မိသား စုအသိုက်အမြုံလေးဟာ အရင်လိုမသာယာနိုင်တော့ပေ။
ငယ်ငယ်ကရောဂါဘယအလျဥ်းမရှိပါသော မမြနှစ်သည် ကြီးကောင်ဝင်စရောက်သည်နှင့် တနေ့ထက်တနေ့
ချူချာလာကာလူမမာလုံးလုံးဖြစ်လေတော့သည်။

အမျိုးသမီးရောဂါအထင်ဖြင့် မိခင်ကဗမာသမားတော်
နှင့် ကုသပါသော်လည်းအခြေအနေကမထူးခြားဘဲရှိသည်။ အပဓာတ်တို့ကြီးစိုးသောနွားရိုင်းသွင်းချိန်ရာက်သည်နှင့် သူမ၏အခန်းထဲဝယ် တစ်ကိုယ်ထီးတည်းငိုယိုကာစကားပြောလိုက်/ တောင်းပန်တိုးလျှိုးလိုက်ဖြင့် သူရူးမီးဝိုင်းသည့်ပမာတွေ့ဆွေ့ခုန်နေသည့်သမီးအားကြည့်ကာ မိဘနှစ်ပါးရင်ကွဲပက်လက်ဖြစ်ရလေသည်။

ပယောဂမကင်းကြောင်းအတပ်သိသဖြင့်
သားသမီးဇောကပ်ကာဖခင်က ရေခြားမြေခြားမကျန်ရှာဖွေခေါ်ဆောင်ခဲ့သော ပယောဂကုဆရာများက မရေမတွက်နိုင်တော့။ ဆရာပြောင်းကာ ဆေးလည်းပြောင်းသွားရုံသာ။ အဖက်မတင်နိုင်ခဲ့။

မမြနှစ်`၏ ဝေဒနာကတော့တနေ့တခြားမရှူနိုင်မကယ်နိုင်ဖြစ်လာလေသည်။

မိဘများကစိတ်ဂျုံးဂျုံးကျနေပြီးမျှော်လင့်ချက်မဲ့နေချိန်ဝယ် မမြနှစ်လူ့ပြည်တွင်အသက်ဆက်ဖို့ရောင်နီပေါ်လာခဲ့သည်။

ဖခင်ဖြစ်သူဦးအေးကံနှင့် စပါးကုန်သည်မိတ်ဆွေတစ်ဦးစကားစပ်မိရာမှ ထိုမိတ်ဆွေသည် သမားကောင်းတို့ ၏အင်္ဂါရပ်နှင့်ပြည့်စုံသည့် လောကီဆရာအားလမ်းညွှန်လိုက်လေသည်။

ထိုလောကီဆရာမှာ ပဲခူးတိုင်းအတွင်းရှိသတ်သတ်လွတ်နှင့်ဘေးမဲ့နယ်မြေ လက်ခတ်တောင်တွင်စတည်းချကာ
ထွက်ရပ်အလုပ်စခန်းကိုလျှောက်လှမ်းနေသော ပါရမီရှင်ဆရာတစ်ပါးဖြစ်သည်။

ဆရာဦးကျော်သာ`ဟု အမည်ရသောထိုဆရာ၏အသက်သည်ကား လေးဆယ်ဝန်းကျင်ခန့်သာရှိသေးသည်။
မည်သည့်လောကီဂိုဏ်း၏အကူအညီစိုးစဥ်းမျှမပါဘဲပါရမီတစ်ခုတည်းဖြင့်သာ ဝိဇ္ဇာတို့လျှောက်သောလမ်းကိုနင်းနေသူဖြစ်ပြီး ပယောဂကုသရာ၌ပညာခန်းကြီးသည်ဟု ထိုနယ်တကြောနာမည်ကြီးလေသည်။

ထို့ကြောင့် မမြနှစ်၏ဖခင်လည်း ဆရာဦးကျော်သာအားအမိဖမ်းကာသမီးငယ်၏အသက်အားကယ်တင်ဖို့ရန်အလို့ငှာ လက်ခတ်တောင်သို့ဆရာပင့်ထွက်ခဲ့ရလေတော့သည်။ ဆရာဦးကျော်သာလည်း လူသတ္တဝါများအားသနားလှသည်မို့ မမြနှစ်၏သိုက်စွဲကို
အမြစ်ဖြတ်ကုသပေးရန်ကတိခံခဲ့ပြီး များမကြာမီရက်များအတွင်းဦးအေးကံနှင့်တပါတည်းလိုက်ပါလာခဲ့လေသည်။

ဆရာဦးကျော်သာ ကုန်သည်သူဋ္ဌေးမင်းဦးအေးကံတို့အိမ်သို့ရောက်သောအခါတွင် မမြနှစ်၏ အခြေအနေသည်
ယခင်ကထက်ပိုမိုဆိုးရွားနေလေသည်။ ခြံဝိုင်းအတွင်းတံမြက်စည်းရိုးအားမြင်းသဏ္ဍာန်လုပ်ကာ စိတ်လွတ်ကိုယ်လွတ်ဒေါင်ချာဆိုင်းနေသော မမြနှစ်အားဆွေမျိုးများကလိုက်ဖမ်းနေရသည်မှာ အမောတကောပင်ဖြစ်သည်။

ဆရာဦးကျော်သာလည်း အိမ်သို့ရောက်မဆိုက်ပင်လူနာ ၏အခြေအနေအားမြင်လိုက်ရသောအခါ လူနာသာမက
လူနာရှင်ကိုပါအနှောင့်အသွားမလွတ်ဒုက္ခပေးနေသောပယောဂအစွဲအား ဒေါသထောင်းခနဲထွက်သွားရလေသည်။ ထို့ကြောင့် လက်ညှိုးငေါက်ငေါက်ထိုးကာ

“” ဟဲ့ ……
ပယောဂကောင် နင့် ပ ညာ အ ကုန် ငါ ဖျက် တယ်..

“”ကဲ ဟယ်…..ကဲ ဟယ် “”

အံကိုတင်းကျိတ်ထားပြီးနှုတ်မှပြောပြောဆိုဆို လက်ညှိုးတထိုးထိုး၊ ဖနောင့်တချက်ဆောင့်လိုက်လေရာ
မမြနှစ်ရုတ်တရက်ရောက်ရာအရပ်မှာ ငြိမ်ကျသွားလေသည်။ ထိုအခါမှ ဆွေမျိုးတချို့လည်းသက်သာရာရလေသည်။

မမြနှစ်၏မိခင်ဖြစ်သူသည် လှေကားဘောင်ရင်းတွင်ငိုနေရာမှကမန်းကတမ်းထလာပြီး ဆရာဦးကျော်သာအားလက်အုပ်ချီလေရာ ငယ်ရွယ်သူမို့ဦးအေးကံက အတင်းဆွဲထားရလေတော့သည်။

မမြနှစ်၏အိမ်သားများက ဆရာဦးကျော်သာအားအိမ်ဦးခန်းတွင်နေရာပေးသည်။ ကောင်းမွန်သောအစာကိုတည်ခင်းကာဧည့်ဝတ်ပြူငှာမှုပြုပြီး အနားမှမခွာနိုင်ဘဲ
မမြနှစ်အားကယ်တင်ပေးဖို့သာ တွင်တွင်ပြောနေလေသည်။

“” မမြနှစ် ဟာ အထက်ပုဂ္ဂိုလ်ကြီးတွေ နဲ့ ပဋ္ဌာန်းဆက်
ပါ သ ကွဲ့ …။ ဒါ ကြောင့် ဘိုးတော်များ ဟာ ဆ ရာ့
ကို လူ နာ ကယ် လွှတ် တာ ဘဲ။ ဘယ် လို ပယောဂ
များ ဆို တာ တော့ မ ကြာ ခင် အ ဖြေ သိ ရ မှာ မို့ စိတ် မ ပူ စေ ချင် ဘူး “”

ဆရာဦးကျော်သာ၏ တိုတောင်းသောစကားသည်မမြနှစ်၏မိခင်အား ဖမ်းစားနိုင်သလိုအားတက်မှုကိုဖြစ်စေသည်။

“” ရှင်…..

“” သ မီး လေး က အ ထက် ပုဂ္ဂိုလ်တွေ နဲ့ ဆွေမျိုးတော် ခဲ့ ဖူး တာ လား ရှင် ….
ဘယ် လို မျိုး လည်း ဆရာ ရယ်
အ ပန်း မ ကြီး ရင် ရှင်း ပြ ပါ လား ရှင်””

မမြနှစ်၏မိခင်ဖြစ်သော ဒေါ်သိန်းကသိချင်လှသည်မို့
မေးခွန်းထုတ်လိုက်လေသည်။

“” ဒီ ဘဒ္ဒကမ္ဘာ မှာ ထွက်ရပ်စခန်းမြန်း မယ့်
ဝိဇ္ဇာဓိုရ်ပေါင်း ရှစ်သောင်းလေးထောင် ရှိ သ ဗျ….
ကျွန် တော် တို့ မြန် မာ ပြည် ထဲ မှာ ဘဲ ထွက် ရပ်
ပေါက် ပြီး လေ တဲ့ ရသေ့ဝိဇ္ဇာ၊ လူဝိဇ္ဇာ၊ သံဃာဝိဇ္ဇာ
ဝိဇ္ဇာဇော်ဂျီတပသီပေါင်း(၆၉)ပါး ရှိ ခဲ့ ပြီး ပြီ
ဒါ ကြောင့် လည်း ပေါက်ဆရာ(၆၉)ပါး နဲ့
ပေါက်ပညာ(၆၉)ရပ် ရယ် လို့ ဆို ရိုး ရှိ တာ ပေါ့
ဝိဇ္ဇာတို့ဋ္ဌာနီအလုံဒီပါထွက်ရပ်စခန်း ဆို တာ ​ဟိမဝန္တာ တောင် ကြော ကြီး တစ် နေ ရာ မှာ ရှိ ပြီး သာ မာန်လူ တို့ မ ရောက် မ ပေါက် စေ ရန် လော ကီ ပ ညာ အ စွမ်း နဲ့ အထက်ပုဂ္ဂိုလ်များ က ဖျောက် ဖျက်
ထား ကြ လေ တယ် “””

ဆရာဦးကျော်သာလည်း အနည်းငယ်မောဟိုက်သွားဟန်တူသည်။ လက်ဖက်ခြောက်များများခတ်ထားသည့် ရေနွေးကြမ်းအားတကြောထဲမော့သောက်လိုက်ပြီး
အနည်ထိုင်နေသည့်အစအနများကို အပြင်သို့လှမ်းပက်လိုက်လေသည်။

မမြနှစ်၏မိခင်ဒေါ်သိန်းနှင့် အိမ်သားများကတော့
အထူးအဆန်းများကြားနေရသည်မို့ ယုံထင်ကြောင်ထင်
ဆရာ့အားငေးမောကာနားထောင်နေလျက်ရှိသည်။

“” အဲ့ ဒီ့ အလုံဒီပါတိုင်းပြည် နဲ့ ဝိဇ္ဇာရှစ်သောင်း ကို
အုပ် ချုပ် နေ တာ အ ခြား ဟုတ် ရိုး လား။
မြတ်စွာဘုရား လက် ထက် တုန်း က ထွက် ရပ် ပေါက် ခဲ့ တဲ့ ဝိဇ္ဇာတို့ဥသျှောင် သံဝိဇ္ဇာကြီး သံဝရ
မာလာ တဲ့…
မြန် မာ ပြည် မှာ တော့ ဝိဇ္ဇာဓိုရ်အပေါင်း ကို
လတ်ခတ်တောင်ကြီး မှာ စံ မြန်း တဲ့ ဝိဇ္ဇာဂိုဏ်းချုပ်
ဆရာတော်ဘုရားကြီးဦးကောဝိဒ က အုပ် ချုပ် တော် မူ တယ်။ ဆရာတော်ကြီးဦးကောဝိဒ ရဲ့ အ သက် က
နှစ် ပေါင်း(၁၃၀၀)ကျော် ပြီ ကွဲ့….””

“” မမြနှစ်လေး နဲ့ ​လက်ခတ်​တောင် မှာ နေ တဲ့
ဆေးဝိဇ္ဇာမသေမျိုးတို့ က ပ ဋ္ဌာန်း ဆက် ရှိ လေ တယ် ကွဲ့…. “”

လက်ခတ်တောင်ကြီးတွင် ဝိဇ္ဇာဂိုဏ်းချုပ်ဆရာတော်ကြီးနှင့်တကွ လူ၊ နတ်၊ ဝိဇ္ဇာတို့နေထိုင်ကြပြီး တောင်ကြောကြီးတလျှောက်သားသတ်မုဆိုးတို့ကင်းစင်ကြသဖြင့် သာယာ၍နေချင့်စဖွယ်ကောင်းလှသည်။

ဆရာတော်ဘုရားကြီးဦးကောဝိဒနှင့် အခြားထွက်ရပ်ပေါက်ပုဂ္ဂိုလ်ကြီးများဖြစ်သော ဆရာတော်ရှင်ဥတ္တမကျော်၊ ဆရာတော်ဦးပဏ္ဍိတ၊ ဘိုးတော်ထွန်းအောင်နှင့်ပေါက်ဆရာတို့လည်းစံမြန်းကြကာ မေတ္တယျဘုရားအား
အရဖူးရန်သန္ဓိဋ္ဌာန်ချရင်း ပါရမီဖြည့်လျက်ရှိသည်။

ပေါက်ဆရာ(၆၉)ပါးပါဝင်သော ဘုရားကိုးဆူအဖွဲဲ့
(၉)ဖွဲ့ကိုဖွဲ့စည်းထားပြီး ဘိုးဘိုးအောင်/ ဘိုးမင်းခေါင်/ ယက္ကန်းစင်တောင်ဆရာတော်တို့ကဲ့သို့ ပညာပါရမီရင့်သန်သောအထက်ပုဂ္ဂိုလ်ကြီးများကိုဦးဆောင်စေကာ သမိုင်းဝင်ဘုရားကြီးကိုးဆူအား စောင့်ရှောက်ရန်တာဝန်အပ်နှင်းထားလျက်ရှိသည်။

ဆရာဦးကျော်သာသည် သာသနာပွဲ၊ ဝိဇ္ဇာပွဲနှင့်သိုက်ပွဲကန်တော့ပွဲ(၃)ပွဲကိုပြင်ဆင်စေပြီး မမြနှစ်အားဘုရားခန်းအရှေ့အပါခေါ်ခဲ့ရန် မိခင်ဖြစ်သူဒေါ်သိန်းအားစေလွှတ်လိုက်ရာ မမြနှစ်ကဒေါသတကြီးဖြင့်

“” ဟဲ့…..ကောင် မ မိ သိန်း
ညည်း ကျုပ် ကို အ တင်း ခေါ် စ ရာ မ လို ပါ ဘူး
ကျုပ် ညီ မ ကို ကျုပ် ပြန် လာ ခေါ် တာ
ညည်း တို့ နဲ့ အ နေ သာ ကြီး ပါ အေ
ဟို လူ သူ တော် ဂိုက် ဖမ်း နေ တဲ့ ဆ ရာ ကောင် လည်း သေ ချင် လို့ လိုက် လာ တာ လား “”

မမြနှစ်၏စကားတို့သည် မိခင်ဖြစ်သူကိုပင်နင့်သီးစွာဖြင့်ပြောဆိုလိုက်သည်မှာ မကြားဝံ့မနာသာ။

မမြနှစ်သည် သူ့စိတ်နှင့်သူ့ကိုယ်မဟုတ်တော့ကြောင်းဆရာဦး​ကျော်သာအတပ်သိလိုက်ပြီမို့ ခွန်းကြီးခွန်းငယ်ပြန်ပြောမနေတော့ဘဲ

“” ပ ယော ဂ မိစ္ဆာကောင် ….
ငါ စိတ် ကောင်း ဝင် နေ တုန်း အေး ဆေး လိုက် လာ
ခဲ့ စမ်း “”

ဆရာဦးကျော်သာ၏စရဏအားကိုခန့်မှန်းမိသော
သိုက်အစွဲရှင်လည်း ခြေသုတ်ပုဆိုးမြွေစွယ်ကျိုးပြီး
ဆရာ့ရှေ့မှောက်ရို့ရို့လေးဝင်ထိုင်လိုက်လေသည်။

“” အ ခု ရောက် နေ တာ ဘယ် သူ လည်း
ဟော့ သည် က ကြာ သ ပ တေး သ မီး နှင့် ဘယ်
လို ပ ဋ္ဌာန်း ဆက် ရှိ သ လဲ “”

“” ဟဲ့ အ ပေ တေ ကောင်….
ငါ က ဟော့ သည် က မမြနှစ် ရဲ့ အစ် ကို တော်
သုန္ဒြယက္ခ ဘဲ…. ။ ငါ့ ညီ မ နဲ့ ငါ့ ကြား မှာ က တိ
ထား ခဲ့ တယ်။ အသက်(၁၈)နှစ် ပြည့် ရင် သိုက် နန်း ကို ပြန် လာ ရ မယ် ဆို တဲ့ က တိ ဘဲ…….
ငါ့ ညီ မ ကို ချစ် လွန်း အား ကြီး လို့ လွှတ် လိုက် ရ တာ။ အ မ လေးးး…….မမြနှစ် ရဲ့ ညည်း ပြော တော့ အစ်ကိုတော် ကို ချစ် လှ ချည် ရဲ့။
အသက် ပြည့် ရင် လူ့ခန္ဓာ ကို စွန့် လွှတ် ပါ့ မယ် ဆို
အ ဟီး……ဟီးးးးး……ဟီးးးးး….””

မမြနှစ်၏ဘဝဟောင်းကအစ်ကိုတော်ဟုဆိုသည့်
သိုက်နန်းရှင်သည် ကျိတ်မနိုင်ခဲမရဖြင့်ချုံးပွဲချငိုယိုပြောကြားလေရာ ပွဲကြည့်ပရိတ်သတ်အဖို့ မျက်ရည်ဝဲရလေသည်။

ရုတ်တရက်အသိစိတ်ပျောက်နေသော မမြနှစ်သည်
ထရံတွင်ထိုးထားသည့်မြတ်ရိတ်တံစဥ်ကောက်ကို ပြေးဆွဲဲပြီးသတ်သေရန်ကြံလေရာ သိုက်နန်းရှင်တို့၏မာယာ
ကိုသိသော ဆရာဦးကျော်သာက

“” လာ လေ ရော့ မိစ္ဆာ ကောင်….
ရှင်တော်ကဿပ ဇိ အစ် တဲ့ ခံ နိုင် ရင် ခံ စမ်း

ပြောပြောဆိုဆိုဆရာဦးကျော်သာသည် ၎င်း၏ခေါင်းတွင်ပေါင်းထားသောလက်ကိုင်ပုဝါအား အလျင်အမြန်ဆွဲဖြုတ်ပြီး ပယောဂကောင်အားလှမ်းပစ်လိုက်လေသည်။ ထိုလက်ကိုင်ပဝါတွင် ကဿပဘုရားရှင်လှဲလျောင်းနေသောပုံတော်ပါရှိပြီး အင်းအပြည့်ချထားလေသည်။

ရှင်မဟာကဿပ ပယောဂဇိအစ်လက်ဖွဲ့တော်ကြီးဖြစ်ပြီး လက်ကိုင်ပဝါသည်သိုက်စွဲပယောဂ၏လည်မျိုအားတင်းကျပ်စွာရစ်ပတ်နေလေရာ ပယောဂကောင်မှာရုန်းကန်အော်ဟစ်နေရလေတော့သည်။

လက်ဖွဲ့တော်ကြီး၏လည်မြိုညှစ်ခြင်းအားမခံသာသည်မို့ ပယောဂအစွဲလည်းဝူးဝူးဝါးဝါးအော်ဟစ်ကာ
ကြောက်ကန်ကန်နေလေသည်။

“” အ မ လေး လေး….
ကြောက် လှ ချည် ရဲ့။ သေ မ တတ် ခံ စား ရ လေ ခြင်း။ ခွင့် လွှတ် ပါ ဆ ရာ ရဲ့….
မိမြနှစ်…. မိမြနှစ် ညည်း မလိမ္မာ လို့ အစ် ကို တော် ခံ စား ရ တယ်။ ညည်း ကို ကျုပ် မ ရ ရ အောင်
လိပ် ပြာ နုတ် ပြ မယ် ဟဲ့ “”

ရှင်မဟာကဿပဇိအစ်လက်ဖွဲ့တော်ကြီး၏ တန်ခိုးကားမသေးလှ။ လည်မျိုညှစ်ခံရသောပယောဂသည် လည်ပင်းပြတ်ထွက်သွားနိုင်သည်မို့ လက်ဖွဲ့အားပညာ
ဖြင့်ပြန်သိမ်းလိုက်ရလေသည်။ ထို့နောက် ဆရာဦး
ကျော်သာသည် မမြနှစ်၏မိဘများဘက်လှည့်ကာ

“” ဒေါ်သိန်း တို့ လင် မ ယား ခင် ဗျား သ မီး အ သက် ကို ယ နေ့ က စ ပြီး ကျုပ် ပိုင် တယ်။
ရော့…. ငွေ(၅၀၀၀)နဲ့ ခင် ဗျား တို့ သ မီး မမြနှစ် ကို ကျုပ် ဝယ် လိုက် ပြီ””

ဆရာဦးကျော်သာသည် ငွေ(၅၀၀၀)အားဒေါ်သိန်းလက်ထဲအတင်းထိုးထည့်ပြီးသမီးကိုဝယ်လေရာ ဇာတ်မတိုက်ထားသောကြောင့် ဒေါ်သိန်းကကြောင်ကြည့်နေလေသည်။ ဒေါ်သိန်းနည်းတူပယောဂအစွဲကလည်း ပြူးတူးပြဲတဲမျက်လုံးဖြင့်အကဲခတ်နေလေရာ
ဦးအေးကံကမတုံ့မဆိုင်းဘဲ

“” ကျွန် တော် တို့ သ မီး လေး ကို ဆရာ့ထံ အ ပိုင် အပ် ပါ တယ် ဗျာ…..””

သူဋ္ဌေးကြီးဦးအေးကံသည် တစ်စုံတရာကိုနားလည်သွားသဖြင့်ငွေငါးထောင်အားအမြန်ယူကာ အိတ်ကပ်ထဲအတင်းထိုးထည့်လိုက်လေသည်။

ထိုအခါမှ ဆရာဦးကျော်သာလည်း ပယောဂကုခြင်းအခန်းဆက်နိုင်လေတော့သည်။

“” ကဲ……
အ ထက် ပုဂ္ဂိုလ် များ အ မိန့် ရှိ တော် မူ တယ်
ပ ယော ဂ ကောင် နာ ခံ စေ
ဒီ နေ့ က စ ပြီး ကြာသပတေးသမီး မမြနှစ် ဟာ
ငါ ဆ ရာ နှင့် ပေါက် ဆ ရာ(၆၉)ပါး ၏ သ မီး
တ ပည့် ဖြစ် သွား ပြီ။ နင် ခေါ် ဝံ့ သ လား “”

ချက်ကျလက်ကျပိုင်နိုင်လှသော ပယောဂကုပါရမီရှင်ဆရာတို့၏မာယာပင်ဖြစ်သည်။ ဆရာဦးကျော်သာကထိုသို့ဆိုလိုက်လေရာ ပယောဂသိုက်စွဲလည်းဘာမှမတတ်သာပြီမို့ အတန်ကြာသည်အထိချုံးပွဲချငိုယိုလေတော့သည်။

ချစ်ခင်ရသောညီမငယ်နှင့်လမ်းခွဲရတော့မည်မို့ အားပါး တရငိုယိုပြီးသောအခါဝယ် သိုက်နန်းရှင်သည် မမြနှစ် ၏ခန္ဓာမှထွက်ခွာသွားလေသည်။

သို့သော် လစ်လပ်နေသောမမြနှစ်၏ရုပ်ခန္ဓာသည်ကတုန်ကယင်ဖြင့်ပြန်လည်လှုပ်ရှားလာပြီး

“” အိမ်း……
အစ် ကို လုပ် တဲ့ သူ က တယ် မိုက် သ ကိုး
ညီ မ ကို အ လို လိုက် ပြီး သူ့ သ ဘော သူ ဆောင်
လူ့ ရပ် ဋ္ဌာ နီ ကို လွှတ် လိုက် သ တဲ့
လူ့ ဘောင် မှာ အ ချို့ ဆ ရာ များ ဟာ ပညာ နဲ့ ပါရမီ ကြီး မား လေ ခြင်း နတ် တို့ တန် ခိုး နဲ့ တောင် ယှဥ် လို့ ရ တယ်။ ခု တော့ ဘာ တတ် နိုင် သေး လည်း ဟင်။ ဝိဇ္ဇာတို့ ရဲ့ သားသမီး ကို မင်း
ခေါ် လို့ ရ သေး လား…….
တယ် မိုက် တဲ့ မောင် နှ မ ပါ လား “”

မမြနှစ်၏ခန္ဓာအား လူစိတ်ပျောက်အောင်အလွယ်တကူဝင်စီး၍ပြောချင်ရာပြောပြီးထွက်သွားသူမှာ သိုက်ချုပ်
ဘိုးတော်ကြီးပင်ဖြစ်သည်။

သိုက်ချုပ်ဘိုးတော်ကြီးထွက်သွားလေမှ
ဆရာဦးကျော်သာလည်း ရေစင်တော်ဖြင့်တောက်ပေးလိုက်ရာ မမြနှစ်သတိပြန်လည်လာပြီး ရောဂါဝေဒနာတို့ယူပစ်သည့်နှယ် ပျောက်ကင်းသွားပြီးအသက်ချမ်းသာရာရလေသည်။

သို့သော်လည်း ကျန်ဘဝသက်တမ်းအတွင်းမမြနှစ်တစ်ယောက်အရင်လို မပျော်ရွှင်နိုင်တော့ပေ။

အကြောင်းမှာ ဘဝတစ်ခု၌သံယောဇဥ်ကြီးခဲ့ရသည့်
အကိုတော်နှင့် ခွဲခွာခဲ့ရသောကြောင့်ဖြစ်သည်။

မမြင်အပ်သောသိုက်နန်းရှင်ဖြစ်သူ အစ်ကိုတော်ကတော့
မမြနှစ်၏အပါး၌တဝဲလည်လုပ်ကာ နှမဖြစ်သူအား
စောင့်ရှောက်ရင်းဖြင့်သာ ကျေနပ်ထားရလေတော့
သည်။

ကြိုက်နှစ်သက်ပါက Like & (❤) & Share

ပြုလုပ်၍အသိအမှတ်ပြုခဲ့ပါ။

#စာဖတ်သူများအားလေးစားလျက်

#ထီးတော်မိုး_အမရပူရ