ဘွားမယ်စိန်နှင့်ဘဝဟောင်းကမခင်အုံ

Posted on

ခင်အုံအိမ်သို့ပြန်ရောက်တော့ မိသားစုနှင့်အတူတူ
ထမင်းစား၏။
ထမင်းစားလို့ပြီးသောအခါ…
“အမေ…သမီးစောစောအိပ်ရာဝင်တော့မယ်…”
“အစောကြီးပဲရှိသေးတယ်လေ…
အမေ မြေပဲပြုတ်ထားသေးတယ်
အတူတူစားကြရအောင်လေအေ…”
“အမေနဲ့အဖေပဲစားလိုက်တော့ပါ…
သြော်…ဒါနဲ့အမေ…ဘွားဘွားကြီးကော
အခန်းထဲဝင်သွားပြီလား…”
“အေး…ညည်းဘွားဘွားကလည်း
လုပ်စရာရှိတယ်ဆိုပြီးအခန်းထဲတန်းဝင်သွားပြီ…
ညည်းနဲ့ငါတို့ပဲကျန်တော့တယ်…အခုညည်းကလည်း
အိပ်တော့မယ်ဆို​တော့ သဘောပေါ့အေ…”
“ဟုတ်အမေ… ဒါဆိုကျုပ်သွားအိပ်တော့မယ်နော်…
အဖေ့ကိုလည်းပြောလိုက်ပါဦး ကျုပ်အိပ်ချင်လို့
အိပ်နှင့်ပြီဆိုတာ…”
“အေး…အေး… အေး…ညည်းအဖေနွားတွေ
သွားကြည့်နေတယ်…ကျုပ်ပြောလိုက်ပါ့မယ်…”
ခင်အုံလည်းအမေဖြစ်သူအနီးမှာ ထွက်လာခဲ့တော့သည်။
သူ၏အခန်းထဲရှိကုတင်ကို လူတစ်ယောက်အိပ်နေဟန်ပြင်ဆင်ခဲ့ပြီး အဝတ်အစားများလဲကာ
လူအလစ်ချောင်း၍ အိမ်မှထွက်လာခဲ့တော့သည်။
မှောင်နေပြီဖြစ်တာကြောင့် ယူလာသောမီးအိမ်လေးကို
ထွန်းပြီး ခင်အုံရွာပြင်သို့ရောက်လာခဲ့သည်။
“မမ မရောက်သေးဘူးပဲ”
ခင်အုံလည်းဇီးသီးများကိုခူးကာ စားရင်း
လွန်းတင်ရောက်လာမည့်အချိန်ကို ထိုင်စောင့်နေခဲ့၏။
ထိုအချိန် အနောက်ဆီမှသူ၏ခန္ဓာကိုယ်ကို ပွေ့ဖက်လိုက်သော လက်တစ်စုံကြောင့် ခင်အုံအလန့်တကြားဖြစ်သွားသည်။
“ဘယ်သူလဲ…မမလား”
ခင်အုံ ချက်ချင်းမတ်တပ်ထရပ်လိုက်သည်။
“ဟင်….တော်…တော်…ကျုပ်ကိုဘာလို့လာဖက်တာလဲ”
“ခင်အုံ….လှလိုက်တာခင်အုံရယ်…”
“ကျုပ်မေးနေတာဖြေစမ်းပါ ဖိုးမောင်…
တော်ဘာလို့ကျုပ်ကိုဖက်ရတာလဲ”
ခင်အုံကိုဖက်လိုက်သူမှာ တစ်ရွာထဲအတူနေသူ
ဖိုးမောင်ဖြစ်နေခဲ့သည်။
“ခင်အုံကရှက်လို့လား …မရှက်ပါနဲ့ခင်အုံကလည်း
ဒီနေရာထိတောင်ရောက်လာပြီပဲဟာကို….”
“ဘာပြောတယ်…”
ဖိုးမောင်စကားကိုခင်အုံနားမလည်ဖြစ်နေသည်။
ဖိုးမောင်ကတော့ ခင်အုံကိုစားတော့ဝါးတော့မတက်
မျက်လုံးကြီးဖြင့်ကြည့်နေခဲ့သည်။
“တော့်ကိုကျုပ်မေးနေတယ်လေ…
ဒီနေရာကိုရောက်လာခဲ့တယ်ဆိုတာဘာလဲ….
ကျုပ်နဲ့တော် ဒီနေရာမှာလာဆုံစရာအကြောင်းမှမရှိတာ”
“အိုကွာ…မင်းပဲ…ငါ့ကိုဒီနေရာလာခဲ့ပါလို့
ချိန်းလိုက်တာလေ…ငါထင်တာတော့ မင်းကို
တောင်းထားတဲ့အဖြေပြန်ပေးချင်လို့ လို့ပဲထင်ခဲ့တာ…
အဲ့တာဟုတ်တယ်မလားခင်အုံ…”
ဖိုး​မောင်စကားကြောင့် ခင်အုံအလန့်တကြား
ဖြစ်သွားသည်။ခေါင်းကိုခါရမ်းပြီး…
“ကျုပ်ကဘာလို့တော့်ကိုချိန်းရမှာလဲ…
တော်ရူးနေလား….ကျုပ်ကမမလွန်းတင်နဲ့
ချိန်းထားလို့ဒီနေရာကိုရောက်လာတာ…
တော်အခုထွက်သွား…”
“ဘာတွေလဲ…ဘာတွေလဲကွာ…
မင်းပြောတဲ့ မင်းအစ်မလွန်းတင်ကပဲငါ့ကို
ဒီနေရာကိုလွှတ်လိုက်တာ…ကဲပါကွာ…
ရောက်လာလက်စနဲ့အမထူးတော့ပါဘူးခင်အုံရယ်…
ကိုယ့်ကို အဖြေပေးလိုက်ပါတော့နော်…”
ဖိုးမောင်ကလက်မခံဘဲခင်အုံ၏လက်ကိုအတင်းဆွဲကိုင်ကာပြောလေတော့ ခင်အုံဒေါသထွက်လာပြီး
အသားများပင်တဆတ်ဆတ်တုန်ရီနေခဲ့သည်။
“ဖယ်…ငါ့လက်ကိုအခုလွှတ်စမ်း…”
ခင်အုံဒေါသတကြီးအော်ကာပြောသည်။
ဒါကိုဖိုးမောင်က အတင်းပင်ပြန်ကာဆွဲထားရင်း
ခင်အုံကိုဖက်ဖို့လုပ်တော့ ခင်အုံသည်ဒေါသကြောင့်
မျက်လုံးကြီးနီရဲလာပြီး…
“နင့်ကိုဖယ်လို့ပြောနေတယ်ဟဲ့….”
“ဝုန်း….”
“ဘုန်းးးး”
ခင်အုံသည် ဖိုးမောင်ကိုဆောင့်တွန်းဖို့ဟန်ပြင်ဆင်
ကဝေအစွမ်းများကပါထွက်လာပြီး ဖိုးမောင်တစ်ယောက်
ဝုန်းခနဲအသံနှင့်အတူအဝေးသို့လွှင့်စင်ကာထွက်သွားတော့သည်။
“ဟင်…”
ခင်အုံသတိပြန်ဝင်လာပြီးအလန့်တကြားဖြစ်သွားသည်။
သူ၏လက်များကိုမယုံကြည်နိုင်သလိုကြည့်ရင်း
ဖိုးမောင်ဆီကိုအပြေးသွားကြည့်၏။
“ကျုပ်…ကျုပ်တောင်းပန်ပါတယ်…
ကျုပ် ဒေါသထွက်သွားလို့ပါ…”
ဟု…ပြောကာ ဖိုမောင်ကိုတောင်းပန်သော်လည်း
ဖိုးမောင်မှာ ပါးစပ်မှသွေးများအော့အန်ပြီး
နောက်ဆုံးဇတ်ကျိုးကျကာသေဆုံးသွားလေသည်။
အသံများကြား၍ရောက်လာကြသော
ရွာသူ၊ရွာသားများမှာလည်း ခင်အုံနှင့်ဖိုးမောင်၏
အဖြစ်ကိုဝိုင်းကြည့်ကာ အံ့သြနေကြသည်။
“တောက်….မိ ခင်အုံ”
သခင်မကြီးက ဒေါသသံနှင့်ခေါ်သောအခါ
ခင်အုံငူငူလေးကြည့်လိုက်သည်။
“ညည်းကငါ့ထုတ်ထားတဲ့စည်းကမ်းကိုဖောက်ဖျက်ယုံတင်မက…လူကိုပါသတ်လိုက်တယ်…
ညည်းကိုငါ ယုံကြည်ခဲ့တာကို…
ညည်းလုပ်ရက်တယ်အေ…….”
“ဘွားဘွား….သမီး…သမီး…”
“တိတ်စမ်းကောင်မ…
ညည်းအသံကိုငါမကြားချင်ဘူး…
ဒီကနေ့ကစပြီး ညည်းဟာငါနဲ့ဘာမှမတော်စပ်တော့ဘူး…
အေး…အဲ့တာကြောင့် ညည်းငါ့အိမ်ကအခုထွက်သွား…
ဒါတင်မကဘူး…ငါ့ရွာထဲမှာတောင်ညည်းနေခွင့်မရှိဘူး…”
“မေမေ….အဲ့သည်လောက်ကြီးတော့
မလုပ်ပါနဲ့မေမေရယ်…
သမီးလေးကသူ့အပေါ် မတရားလုပ်ဖို့ကြိုးစားလို့သာ
ဒေါသနဲ့လုပ်ခဲ့တာဖြစ်မှာပါ…
နောက်ပြီး ဖိုးမောင်မိဘများကလည်း
ခွင့်လွှတ်တာပဲမေမေရယ်…”
“ဟဲ့…မိနှင်းဖြူ…ဟိုဘက်ကသားတစ်ယောက်လုံးသေတာ​တောင်ခွင့်လွှတ်ပါတယ်လို့ပြောတာ
ဘာကြောင့်လို့ညည်းထင်လဲ…အဲ့တာငါ့ကြောင့်ဟဲ့
ငါ့ကြောင့်…ဒီရွာရဲ့အကြီးအကဲတစ်ယောက်ရဲ့
မြေးဖြစ်နေလို့ ဒင်းကိုခွင့်လွှတ်ကြတာ…
ဒါကိုငါကအလွဲသုံးစားလုပ်ပြီး ဒီကောင်မကို
ငါ့အိမ်ပေါ်တင်ထားရမှာလား…ညည်းပြောစမ်းပါအေ…”
“မေမေခွင့်မလွှတ်နိုင်တာကိုကျုပ်သိပါတယ်…
ဒါပေမယ့် ကျုပ်သမီးကိုတော့
တစ်ယောက်ထဲမနှင်ပါနဲ့မေမေရယ်…
မေမေသူ့ကိုနှင်ရင်ကျုပ်တို့လင်မယားပါအတူတူလိုက်သွားရလိမ့်မယ်…”
“ဘာပြောတယ်…ညည်းကပါလိုက်မယ်…
ဟုတ်လား”
“ဟုတ်ပါတယ်မေမေ…”
“အေး… ဒါဆိုလည်းသွားကြ…သွားကြ…
ညည်းတို့အားလုံးထွက်သွားကြ…”
ခင်အုံအမေဖြစ်သူနှင့်အဘွားဖြစ်သူကြား
ဝင်မပြောနိုင်ဘဲငိုသာငိုနေခဲ့သည်။
သူတို့မိသားစု၏အဖြစ်အပျက်ကိုကြည့်နေသော
ဒေါ်နှင်းမြူနှင့် လွန်းတင်တို့သားအမိ၏စိတ်ထဲမှာတော့
အတော်လေးပင်ပျော်နေခဲ့ကြသည်။
ထိုသို့ဖြင့် ခင်အုံတို့မိသားစုသည် အဘွားဖြစ်သူ၏
အိမ်ပေါ်မှဆင်းကာ.ရွာပြင်၌ တဲအိမ်လေး
ဆောက်ကာနေကြရရှာသည်။
“ကျုပ်ရဲ့အမှားကြောင့်…
အဖေ…အမေတို့အတူတူ ရွာကနေ
ထွက်လာခဲ့ရပါတယ်အဘွားရယ်…”
ရှင်ညိုပြောပြသော ခင်အုံ၏အဖြစ်ကိုနားထောင်ပြီး
ဘွားမယ်စိန်ခေါင်းညိတ်သည်။
“ညည်းကိုအကောက်ကြံတဲ့ညည်းအစ်မလွန်းတင်ကိုရော
ညည်းဘာလို့ထုတ်မပြောခဲ့ရတာလဲ”
“အဘွားရယ်…ကျုပ်သူ့ကိုမပြောရက်ပါဘူး…
ကျုပ်အမှားလို့ပဲကျုပ်ခံယူထားပါတယ်…”
“အင်း…ဒါဆို ညည်းတို့ဘာဆက်ဖြစ်သေးလဲ”
“ကျုပ်တို့ကရွာပြင်မှာထွက်နေရတဲ့အချိန်
ဘွားဘွားကြီး ကျန်းမာရေးကပိုဆိုးလာခဲ့တယ်…
ကျုပ်တို့သွားချင်ပေမယ့် ဘွားဘွားကြီးရဲ့အမိန့်ကို
မလွန်ဆန်ရဲလို့ အဝေးကနေပဲ ကြည့်နေရတာပေါ့
အဘွားရယ်”
ရှင်ညိုသည် ပြောရင်းမျက်ရည်များကျဆင်းလာခဲ့၏။
“ဗျို့…ဘွား…ဘာတွေလုပ်နေတာလဲဗျ”
“ဟော…မောင်တိုးပါလား…
လာခဲ့လေကွယ်…”
ဝိုင်းထဲဝင်လာသော မောင်တိုးကြောင့် ရှင်ညို
မျက်ရည်များကိုကဗျာကယာသုတ်လိုက်သည်။
“ဒီနေ့အလုပ်မရှိတာနဲ့ ဘွားတို့ဆီထွက်လာလိုက်တာ…
အရီးကလည်းခြံစည်းရိုးတိုင်တွေရွဲ့စောင်းနေတယ်ဆိုပြီး
ပြင်ခိုင်းထားတဲ့လာခဲ့လိုက်တာဗျ”
“အေးကွယ်…ဒါဖြင့်လည်း​မောင်ရင့်အရီးပြန်လာတာကို
စောင့်လိုက်ဦး…သူတို့သားအမိလည်းမိုးလင်းကတည်းက
ရွာထဲသွားလည်နေကြလေရဲ့…”
ဘွားမယ်စိန်နှင့်ရှင်ညိုတို့၏စကားဝိုင်းသည်
မောင်တိုးရောက်လာ၍စကားပြတ်သွားခဲ့တော့၏။
ဘဝဟောင်းက မခင်အုံ၏အကြောင်းများကိုလည်း
ဆက်လက်ရေးသားပေးဦးမှာဖြစ်တာကြောင့်
အားပေးကြပါဦးရှင်။