*မသာတခု အရင်းပြု၍ *📖📖📖
*******************************
_ မြသန်းတင့်
အဖေနှင့် သားသည် တဲတံခါးဝအနီးရှိ မီးဖိုဘေးတွင် ထိုင်နေကြ၏။ တဲထဲတွင်မူ သား၏ဇနီးသည် ဘူဒီသည် ကမ္မဇလေ လှုပ်ရှားသည့် ဝေဒနာကို ခံစားလျက်ရှိ၏။ စူးရှစွာ အော်ဟစ်လျက်ရှိသော အသံကြောင့် သူတို့ နှစ်ယောက်စလုံး၏ နှလုံးသားများသည် အခုန်ရပ်သွားသည်ဟု ထင်လိုက်ရ၏။
ညမှာ ဆောင်းညတည ဖြစ်၏။ တရွာလုံးသည် တိတ်ဆိတ်လျက်ရှိကာ အမှောင်ထုကြီးထဲတွင် နစ်မြုပ်လျက် ရှိ၏။
“တို့လဲ တနေ့လုံး အလုပ် သွားနေကြတာ၊ ကောင်မလေးအခြေအနေ အတော်ဆိုးတယ် ထင်တယ်၊ ဝင်ကြည့်လိုက်ပါဦးလား” ဟု ဂီးဆုက ပြောသည်။
“ဘာထူးမှာလဲ အဖေရာ၊ မြန်မြန် သေသွားရင်လဲ ကောင်းတာပေါ့’ ဟု မာဓဗက ဖြေသည်။
“မင်း တော်တော်ရက်စက်တဲ့ကောင်ပဲ၊ ကိုယ်နဲ့ တနှစ်လုံး ပေါင်းလာတဲ့ မယားကိုတောင် မင်း မသနားတော့ဘူးလား”
“သူ ဒီလို ဝေဒနာခံစားနေရတာကို ကျွန်တော် မကြည့်ချင်ဘူး အဖေ’
သူတို့သားအဖသည် ရွာထဲတွင် နာမည်ပျက်နေသော ဖိနပ်ချုပ်သမားများ ဖြစ်ကြသည်။ ဂီးဆုသည် အလုပ်တရက် လုပ်ပြီးလျှင် သုံးရက် နားလေ့ရှိ၏။ သားဖြစ်သူ မာဓဗကလည်း လက်ကြောတင်းအောင် မလုပ်ချင်။ နာရီဝက်လောက် အလုပ် လုပ်ပြီးတိုင်း တနာရီလောက် နားပြီး ဆေးလိပ်သောက်တတ်သည်။ ထို့ကြောင့် သူတို့ သားအဖနှစ်ယောက်အဖို့ အလုပ်ကောင်းကောင်း မဖြစ်ချင်။ အိမ်တွင်
ဆန်တဆုပ်စာလောက် ရှိလျှင်ပင် သူတို့ ကောင်းကောင်းအလုပ်မလုပ်တော့။
သို့ဖြင့် နှစ်ရက်လောက် ထမင်းမစားကြဘဲ နေပြီးနောက် ဂီးဆုသည် သစ်ပင်ပေါ်သို့ တက်ပြီး သစ်ကိုင်းများကို ခုတ်ချသည်။
သားဖြစ်သူ မာဓဗက ဈေးသို့သွားရောင်းသည်။ ထင်းရောင်းပြီး ပိုက်ဆံလေး နည်းနည်းရှိလျှင်လည်း နောက်ထပ် အလုပ်မလုပ်တော့။ နောက်တခါ စားစရာ မရှိသည့်အခါတွင်မှ ထင်းခုတ်ပြီး ရောင်းကြပြန်သည်။
သို့မဟုတ်လျှင်လည်း အလုပ်ကလေး ဘာလေး နည်းနည်းပါးပါး ပြန်လုပ်သည်။
သူတို့ လယ်သမား ရွာကလေးအတွက် အလုပ်မရှားပါ။ လုပ်ချင်သည်ဆိုလျှင် အလုပ်တွေ တပုံတပင်ရှိသည်။ သို့ရာတွင် သူတို့နှစ်ယောက်ကိုမူ မဖြစ်မှ ခေါ်၍ အလုပ်ခိုင်းကြသည်။ သူတို့ကို ခေါ်ခိုင်းလျှင် တယောက်စာကို နှစ်ယောက်လုပ်ကြသည်မဟုတ်လော။ သူတို့နှစ်ယောက်သာ အရညဝါသီ ပုဂ္ဂိုလ်များ ဖြစ်ခဲ့သည်ဆိုလျှင် သန္တုဋ္ဌိစ ဟူသော ကျေနပ် ရောင့်ရဲခြင်းတရားကို အထူး ကျင့်ကြံအားထုတ်စရာ လိုမည်မထင်။
သူတို့နှစ်ဦးသည် ရသမျှဖြင့် ရောင့်ရဲ ကျေနပ်နိုင်ကြသူ နှစ်ဦးဖြစ်သည်။ သူတို့ဘဝကလည်း ခပ်ဆန်းဆန်းပင်။ သူတို့တဲထဲတွင် မြေအိုးနှစ်လုံး သုံးလုံးမှအပ အခြားဘာမှမရှိ။ သူတို့ဝတ်စားထားသည့် အဝတ်အစားများကလည်း အရှက်ကို ဖုံးနိုင်သည်ဆိုရုံ အစုတ်အပြတ်များဖြစ်သည်။ သူတို့တွင် အကြွေးတွေကလည်း လည်ပင်းခိုက်နေပြီ။
သို့ရာတွင် “ကြွေးထူမပူ-သန်းထူမယား” ဆိုသကဲ့သို့
ထိုကိစ္စအတွက် ဘာမှ ပူပင်ခြင်းလည်း မရှိတော့။ အဆဲအဆို အရိုက်အပုတ် ခံသည်။ ထို့အတွက်လည်း ဝမ်းနည်းခြင်းမဖြစ်။
သူတို့တွင် အမြဲလိုလို ဆင်းရဲလျက်ရှိသဖြင့် မိတ်ဆွေများက ပံ့ပိုးချေးငှားကြရသည်။ သို့ရာတွင် ကြွေးကိုပြန်ဆပ်သည့်အခါဟူ၍ တခါမျှ မရှိစဖူး။ ပဲပေါ်ချိန်၊ အာလူးပေါ်ချိန် ဆိုလျှင် သူများအခင်းမှ ဝင်ခိုးတတ်သည်။ တခါတရံတွင် သူများကြံခင်းမှ ကြံကိုခိုးတတ်သေးသည်။ သည်လိုဖြင့် ဂီးဆု လောကကြီးတွင် နေလာခဲ့သည်မှာ အနှစ်ခြောက်ဆယ်ရှိပြီ။
သားဖြစ်သူ မာ့ဓဗကလည်း ဖအေတူသားပီပီ ဖအေ့ခြေရာကို ထက်ကြပ်နင်းနိုင်သူဖြစ်သည်။ ဖအေ့ထက် သားတလကြီး ဆိုသလို ဖအေ့ထက်ပင် ဆိုးသေးသည်။
ဂီးဆု၏မယား သေသည်မှာကြာလှပြီ။ မာဓဗမှာ လွန်ခဲ့သည့် တနှစ်လောက်ကမှ အိမ်ထောင်ကျခဲ့သည်။ သူ မိန်းမ ရသည့်အခါတွင် ဇနီးသည်သည် သူတို့ အိမ်ထောင်စုကို စနစ်တကျဖြစ်အောင် ထိန်းသိမ်းပါသေးသည်။ ဇနီးဖြစ်သူက မောင်းထောင်းလိုက်သည်။ မြက်ရိတ်လိုက်သည်။ သို့ဖြင့် ပျင်းရိသော အားကောင်းမောင်းသန် ယောက်ျားကြီး နှစ်ယောက်ကို လုပ်ကျွေးသည်။
သူရောက်လာသည့် နောက်ပိုင်းမှစ၍ သူတို့ သားအဖနှစ်ယောက်သည် ယခင်ကထက်ပို၍ အပျင်းထူလာကြသည်။ ထိုမျှမက ဘဝင်ပင် မြင့်လာကြသေးသည်။ သူတို့ကို အလုပ်ခေါ်၍ ခိုင်းလျှင် မတန်တဆ ပိုတောင်းကြသည်။ ယခုမူ သူတို့ကို လုပ်ကျွေးခဲ့သည့် ချွေးမနှင့် မယားသည် မီးမဖွားနိုင်သဖြင့် သေငယ်ဇော ကပ်နေလေပြီ။ ဘာမျှမလုပ်ကြ။ စိတ်ချလက်ချ အိပ်နိုင်အောင် မီးနေသည် သေမည့်အချိန်ကို စောင့်နေကြသည့်နှယ် ရှိ၏။
ဂီးဆုသည် ခိုးလာသည့် အာလူးကို မီးဖုတ်ထားရာမှ ဆယ်၍ အခွံနွှာရင်း…
“သား ကြည့်စမ်းပါဦးကွာ၊ မကောင်းဆိုးရွား အမှောင့်ပယောဂတွေ ဘာတွေများ ပူးနေသလား မသိဘူး၊ ငါတော့ ပယောဂပူးတယ် ထင်တာပဲ၊ ဆေးဆရာခေါ်ရင်တော့ ပျောက်မလားမသိဘူး၊ ဒါပေမယ့် ခက်တာက တို့ရွာမှာ ပယောဂဆရာကို တခါပင့်ရင် ငွေ့ တကျပ်တော့ အနည်းဆုံး ပေးရတာ”
မာဓဗသည် အထဲသို့မသွားချင်။ သူအထဲဝင်သွားစဉ် ရှိသမျှ အာလူးဖုတ်တွေကို အဖေ အကုန် စားပစ်မည်ကို စိုးရိမ်သည်။
“အထဲကို ကျွန်တော် မဝင်ရဲဘူး အဖေရာ၊ ကြောက်တယ်”
“ဘာ ကြောက်စရာရှိသလဲကွ၊ ဒီနားမှာ ငါတယောက်လုံး ရှိနေတာပဲ”
“ဒါဖြင့်ရင်လဲ အဖေ ကိုယ်တိုင် သွားကြည့်ပါလားဗျာ”
“မင်းအမေတုန်းက ငါကိုယ်တိုင် အနားမှာ စောင့်နေတာ၊ သုံးရက်လုံးလုံး သူ့အနားမှာချည်းပဲ၊ သေသည်အထိ ငါ သူ့အနားမှာရှိတယ်၊ ငါသွားလို့ ဖြစ်မလားကွ၊ မင်းမိန်းမ ရှက်နေမှာပေါ့၊ ငါက သူ့မျက်နှာကိုတောင် ကောင်းကောင်းမြင်ဖူးတာ မဟုတ်ဘူး၊ ခု ကိုယ်လုံးတီး ဖြစ်နေတုန်း ငါသွားလို့ ဖြစ်မလား၊ ခုလောက်ဆိုရင် လူးတာ လှိမ့်တာနဲ့ အဝတ်အစားတောင် ကပ်ချင်မှ ကပ်တော့မှာ၊ ငါရောက်သွားရင် သူ ဝေဒနာ သက်သာလို သက်သာငြား ခြေတွေလက်တွေတောင် ကော့ကော်ကံကား လုပ်နိုင်တော့မှာ မဟုတ်ဘူး”
“ကလေးလေး မွေးလာရင်တော့ ဒုက္ခပဲ၊ ဘာလုပ်ရ မှန်းတောင် မသိသေးဘူး၊ ကျွန်တော်တို့ အိမ်မှာလဲ ဘာမှ မရှိဘူး၊ ဆီလဲ မရှိ၊ ထန်းလျက်လဲ မရှိ၊ ဘာဆိုဘာမှ မရှိဘူး”
“မပူပါနဲ့ကွာ၊ အလိုလို ရှိလာမှာပေါ့၊ နတ်ထွင်းတဲ့ ခံတွင်းပါ၊ ဒီနေ့ ထမင်းကျန် ဟင်းကျန်လေး မပေးဘူးလို့ ငြင်းလိုက်ပေမယ့် ကလေးလေး မွေးလာရင် တို့ကို ဟိုက ဒီက ပိုက်ဆံတို့ ဘာတို့ ပေးကြမှာပေါ့၊ ငါ့မှာ သားကိုးယောက်တောင် မွေးခဲ့တာပါ၊ မွေးတိုင်း ငါ့အိမ်မှာ ဘာမှ မရှိဘူး၊ ဒါပေမယ့် ဘုရားမ တော့ အလိုလို ဖြစ်သွားတာချည်းပဲ’
နေ့ရောညပါ နဖူးကချွေး ခြေမ ကျအောင်လုပ်သည့် လူများမှာလည်း သူတို့နှင့် ပိန်မသာ လိမ်မသာပင်။ လယ်သမားများ၏ အားနည်းချက်များကို သိ၍ အခွင့်ကောင်း ယူတတ်သူများမှာမူ ကြီးပွားချမ်းသာနေကြလေပြီ။ ထို့ကြောင့် ဂီးဆုတွင် ထိုသဘောထားမျိုး ရှိသည်ကိုလည်း ဘာမျှ အံ့ဩဖွယ်ရာ မဟုတ်။ မွဲသည့်အတူတူ ပင်ပန်းကြီးစွာလုပ်ရင်း မွဲရသည်ထက် မပင်မပန်း သက်သက်သာသာ မွဲရသည့်လမ်းကို ရွေးသည့်အတွက် ဂီးဆုသည် အခြားသူများထက် စဉ်းစားဉာဏ်ရှိသည်ဟုပင် ချီးမွမ်းရတော့မလို ဖြစ်နေသည်။ သူ့တွင် ရွာက ကြေးရတတ်များလို ချမ်းသာအောင် လုပ်တတ်သည့် အရည်အချင်းလည်း မရှိ။ ထို့ကြောင့် အလုပ်မလုပ်ဘဲ ပျင်းရိသူချင်းအတူတူ သွေးစုပ်တတ်သူများက ရွာတွင် ကြေးရတတ်တွေ၊ အုပ်ချုပ်သူတွေ ဖြစ်နေပြီး သွေးမစုပ်တတ်သည့် ဂီးဆုမှာ လူအထင်သေးစရာ ဖြစ်နေသည်။
သို့ရာတွင် မည်သို့ဖြစ်စေ ဂီးဆုသည် သူ မချမ်းသာ
လျှင်သာ ရှိစေ၊ အခြားသူများကဲ့သို့ ခါးကျိုးမတတ် ပင်ပန်းဆင်းရဲစွာ အလုပ်မလုပ်ရသည်မှာကား ထင်ရှားသည်။ ထို့ပြင် သူ့တွင် အခြားသူများကလာ၍ သွေးစုပ်စရာ ဆို၍လည်း ဘာမျှ မရှိသည့်အတွက် ဘာမျှ ပူပင် ကြောင့်ကြစရာမလို။
သူတို့နှစ်ယောက်သည် ပြာပုံထဲမှ အာလူးများကို ဆည်ယူကာ ပူလောင်လျက်ရှိသည့် ကြားကပင် ပလုတ်ပလောင်း စားပစ်လိုက်ကြသည်။ သူတို့ ဘာမျှ မစားရှိသည်မှာ နှစ်ရက် ခန့် ကြာခဲ့ပြီ။ ထို့ကြောင့် အာလူးအေးအောင် မစောင့်နိုင်တော့။
ပူပူနှင့် စားပစ်လိုက်ကြသဖြင့် လျှာတွေ ပူလောင် ကုန် သည်။
မျက်လုံးမှ မျက်ရည်တွေ ကျလာသည့်တိုင်အောင် သူတို့ သားအဖသည် အစားပြိုင်သည့်နှယ် အာလူးများကို အမြန်ဆုံး စားပစ်လိုက်ကြသည်။
သို့စားရင်း လွန်ခဲ့သည့်အနှစ်နှစ်ဆယ်က သူရောက်ခဲ့ဖူးသည့် မြေရှင်၏ မင်္ဂလာဆောင်ကို ဂီးဆု အမှတ်ရနေသည်။ ထိုစဉ်က သူ စားခဲ့သောက်ခဲ့ရသည်ကို သူ့တသက်တွင် မေ့နိုင်တော့မည် မထင်။ ပြန်တွေးလိုက်တိုင်း ပီတိဖြစ်ရသည်။
“အဲဒီ မြေပိုင်ရှင်ရဲ့ မင်္ဂလာဆောင်ကိုတော့ ငါ့တသက်မမေ့တော့ဘူးကွာ၊ တသက်မှာ ဒီတခါပဲ အားရပါးရ စားဖူးသေးတယ်၊ ကျွေးလိုက်တဲ့ မုန့်တွေကလဲ အောတိုက် နေတာပဲ၊ ထောပတ်နံ့ကလဲ မွှေးလို့၊ မင်္ဂလာဆောင်လာတဲ့ လူတိုင်းအဝကျွေးတာ၊ ဒါတင် ကရိုးလား၊ တခြား အစားအသောက်တွေကလဲ အလျှံပယ်ပဲ၊ သနပ်ပါတယ်။ ဒိန်ချဉ် ပါတယ်။
ဟင်းက လေးခွက်တောင်ပါတယ်၊အချိုလဲ ကျွေးလိုက်သေးတယ်၊ ဘယ်လို အရသာ ရှိမှန်းတောင် မပြောတတ်တော့ဘူး၊ ပြီးတော့ အားရပါးရ စားပစ်လိုက်တာ ဗိုက်ကို တင်းနေတာပဲ၊ ထမင်းစားပြီး ရေတောင် သောက်လို့ မရတော့ဘူး၊ ထမင်းဟင်းလိုက်တဲ့ လူတွေကလဲ တောင်းသလောက် လာပေးတာပဲ၊ တော်ပါပြီ၊ မထည့်ပါနဲ့တော့လို့ပြောပြီး ငှက်ပျောဖက်ကို လက်ဝါးနဲ့ အုပ်ထားတာတောင် မရဘူး၊ ရှေ့မှာ အတင်းလာချတယ်၊ အဲ စားလို့သောက်လို့ လက်ဆေးပြီးတော့ ကွမ်းယာတွေ လာချပြန်တယ်ကွ၊ ဒါပေမယ့် အဲဒီနေ့ကတော့ ဘယ်မှာ ကွမ်းဝါးတော့မလဲကွာ၊ ငါဖြင့် ထိုင်ရာကတောင် မထနိုင်တော့ဘူး၊ အိမ်လဲရောက်ရော ဘာပြောကောင်းမလဲ၊ အိပ်ပစ်လိုက်တာပဲ၊ အဲဒီနေ့တုန်းကတော့ မြေပိုင်ရှင်ကလဲ ကျွေးလိုက် မွေးလိုက်တာကွာ၊ စေတနာ ဗလပွပဲ”
မာဓဗသည် သူ့အဖေပြောသည့် အစားအသောက်များကို မှန်းကြည့်ကာ စိတ်ထဲတွင် အရသာခံနေသည်။
“ခုခေတ်တော့ ဒီလို အကျွေးအမွေး မျိုးတွေ မရှိတော့ပါဘူး အဖေရာ´
“အေးလေ၊ ခုခေတ်တော့လဲ ဘယ် ကျွေးနိုင် ကြပါတော့မလဲ၊ ဟိုတုန်းကတော့ တမျိုးကိုး၊ ခုခေတ်ကျတော့ လူတွေကလဲ ချွေတာလာကြတယ်၊ မင်္ဂလာဆောင်တို့၊ အသုဘတို့ ဆိုရင်လဲ သိပ်ပိုက်ဆံ အကုန်မခံကြတော့ဘူး၊ ခပ်ကျဉ်းကျဉ်းပဲ လုပ်ကြတော့တယ်၊ ဆင်းရဲသားတွေဆီက သွေးစုပ်ထားတဲ့ ပိုက်ဆံတွေကို ဘာများ လုပ်ပစ်ကြသလဲ မသိဘူး၊ ပိုက်ဆံတွေကို ဒီလောက် စုထားတာ ဘာလုပ်မှာလဲကွာ၊ လွယ်လွယ်နဲ့ သွေးစုပ်လို့ ရတာပဲ၊ လွယ်လွယ် ဖြုန်းပစ်လိုက်ပေါ့”
“အဲဒီတုန်းက အဖေ ကိတ်မုန့်တွေ အခုနှစ်ဆယ်လောက် စားခဲ့ရမှာပေါ့
“ဘယ်ကမလဲကွ၊ အများကြီးပဲ”
“ကျွန်တော်သာဆိုရင် အခု ငါးဆယ်လောက် စားပစ်လိုက်မှာ”
“အင်း… ငါလဲ ဒီလောက်တော့ စားခဲ့တယ်ထင်တာပဲ၊ အဲဒီတုန်းကတော့ ငယ်လဲငယ်၊ စားလို့သောက်လို့လဲ ကောင်းတဲ့ အရွယ်ကိုးကွ၊ မင်းကိုယ်လုံးဟာ အဲဒီတုန်းက ငါ့တစ်ဝက်တောင် မရှိချင်ဘူး”
အာလူးဖုတ်ကို စား၍ ရေသောက်ပြီးသော သားအဖ နှစ်ယောက်သည် မီးဖိုဘေးတွင် နဖူးနှင့်ဒူးထိအောင် ကွေးကာ ဒိုတီကိုခြုံ၍ လှဲနေကြသည်။ စပါးအုံးမြွေကြီးနှစ်ကောင် ခွေနေသည်နှင့် တူပေ၏။
မနက်လင်း၍ တဲထဲသို့ မာဓဗဝင်လာသည့်အချိန်၌မူ သူ့ဇနီးသည် ဘူဒီသည် အသက်မရှိတော့ဘဲ အေးစက်တောင့်တင်း နေလေပြီ။ သူ့မျက်နှာပေါ်တွင် ယင်ကောင်တွေ ဝဲလျက်ရှိ၏။ သူ့မျက်လုံးများကလည်း ပြူးထွက်ကာ တနေရာကို စူးစိုက်ကြည့်နေကြသည်။ သူ့တကိုယ်လုံးလည်း ဖုန်တွေပေလျက်။
ကလေးမှာ ဗိုက်ထဲတွင်ပင် အသက်ပျောက်ခဲ့လေပြီ။
မာဓဗသည် အပြင်သို့ ပြေးထွက်လာခဲ့သည်။ သူတို့သားအဖနှစ်ယောက်သည် ရင်ဘတ်ကိုထုကာ ကျယ်လောင်စွာ ငိုကြွေးလျက် ရှိကြ၏။
သူတို့ငိုသံကို အိမ်နီးချင်းများ ကြားသည့်အခါ
တွင် ပြေးလာကြကာ ထုံးစံအတိုင်း နှစ်သိမ့်စကား ပြောကြသည်။
သို့ရာတွင် ငိုကြွေးပူဆွေးချိန် မရပါ။ အသုဘကို လွှမ်းရန်အတွက် ဖျင်စဝယ်ရဦးမည်။ ခေါင်းကို မီးသင်္ဂြိုဟ်ရန် ထင်းရှာရဦးမည်။ စွန်တကောင်၏ အသိုက်ထဲတွင် အသားတစ်
ရှားသကဲ့သို့ သူတို့အိမ်တွင်လည်း ပိုက်ဆံရှားလှဘိခြင်း။
သားအဖနှစ်ယောက်သည် ငိုကြွေးမြည်တမ်းလျက် မြေပိုင်ရှင်အိမ်သို့ လာခဲ့ကြသည်။ မြေပိုင်ရှင်မှာ သူတို့နှစ်ယောက် မျက်နှာကိုပင် မကြည့်ချင်။ သူ့အခင်းထဲမှ ပဲများ၊ အာလူးများကို မကြာခဏ ခိုးသည့်အတွက်ကြောင့် တကြောင်း၊ အလုပ် လုပ်စရာရှိလျှင် လာမည်ဆိုပြီး မလာသည့် အတွက်ကြောင့် တကြောင်း သူတို့နှစ်ယောက်ကို သူကိုယ်တိုင် မကြာခဏ ရိုက်ဖူးနှက်ဖူးသည် မဟုတ်လော။
“အဘိုးကြီး ဘာဖြစ်လို့ ငိုလာပြန်တာလဲ၊ သွား… ခင်ဗျားတို့ မျက်နှာကို မကြည့်ချင်ဘူး၊ ဘာလဲ ဒီရွာမှာ မနေချင်တော့ဘူးလား၊ ရွာပြင်ကို မောင်းထုတ်ရမလား”
ဂီးဆုက မြေကြီးကို နဖူးဖြင့်ထိ၍ ကန်တော့သည်။ သူ့ မျက်လုံးထဲတွင် မျက်ရည်များ ပြည့်လျှမ်းလျက် ရှိ၏။
“ဆရာကြီးရယ် ကျွန်တော့်မှာ ဒုက္ခရောက်နေပါတယ်၊
မနေ့ညကတွင် မာဓဗရဲ့ မိန်းမ ဆုံးသွားပါတယ်၊ မနေ့ညကဆို တညလုံး ဝေဒနာကို တော်တော်ကြီး ခံလိုက်ရတာ၊ ကျွန်တော်တို့လဲ သူ့အနားမှာ တညလုံး ထိုင်ပြီး ကြည့်နေရပါတယ်၊ ကျွန်တော်တို့ ရှာလို့ ရသမျှ ဆေးဝါးတွေတိုက်ပြီး တတ်နိုင်သမျှ ပြုစုတာပါပဲ၊ ဒါပေမယ့် နောက်ဆုံးတော့ လက်လျှော့လိုက်ရတာပါပဲ၊ ခုဆိုရင် ကျွန်တော်တို့မှာ စားရမဲ့ သောက်ရမဲ့ ဖြစ်ပြီး ဒုက္ခ တွေ့နေပါတယ်၊ အသုဘချဖို့ စရိတ်တောင် မရှိပါဘူး၊ ဒီတော့ ဆရာကြီးတပည့်ကို ဆရာကြီးမှ မကယ်ရင် ဘယ်သူမှ ကယ်မယ့်လူ ရှိတော့မှာ မဟုတ်ပါဘူး၊ ကျွန်တော်တို့ ရှိစုမဲ့စုကလေးလဲ သူ့ကိုပြုစုလိုက်တာနဲ့ ဘာမှမကျန်တော့ဘူး၊ ဒီတော့ ဆရာကြီး စောင်မမှ သူ့ကိစ္စပြီးမှာပါ၊ တခြားဘယ်သူ့ဆီမှလဲ အကူအညီတောင်းစရာ လူမရှိပါဘူး”
မြေပိုင်ရှင်မှာ ကြင်နာသနားတတ်သူ တယောက် ဖြစ်၏။
သို့ရာတွင် ဂီးဆုကို သနားဟန်ပြ၍မဖြစ်။ သူ့ကို သနားလျှင် အကျိုးမဲ့အချည်းနှီးသာဖြစ်ချိမ့်မည်။ ထို့ကြောင့်
“သွား…ခင်ဗျားတို့ကို ခိုင်းစရာရှိလို့ခေါ်ရင် မပေါ်လာကြဘူး၊ အရေးကိစ္စကြုံမှ ကျုပ်ဆီလာကြတာ” ဟု ဆိုကာ မောင်းထုတ် ပစ်လိုက်ချင်သည်။
သို့ရာတွင် ယခု အချိန်သည် ဆူပူကြိမ်းမောင်းရန် အချိန်မဟုတ်။ စိတ်ဆိုးရန်အချိန်မဟုတ်။ မြေပိုင်ရှင်သည် စိတ်ညစ်ညစ်ဖြင့် ငွေနှစ်ကျပ်ကို ပစ်ပေးလိုက်သည်။ သို့ရာတွင် နှစ်သိမ့်စကားကို တခွန်းမျှမပြောလိုက်။ ဂီးဆုကို လှည့်၍မျှမကြည့်။
မြေပိုင်ရှင်ကိုယ်တိုင်က ငွေနှစ်ကျပ်ကူလိုက်သည်ဆိုလျှင် ရွာရှိ ဈေးသည်များ၊ ကုန်စုံဆိုင်ရှင် များကလည်း ငြင်းရဲကြတော့မည်မဟုတ်။
ဂီးဆုသည် မြေပိုင်ရှင်နာမည်ကို အသုံးပြုကာ သူတို့ထံ
အကူအညီတောင်းလျှင် ရနိုင်မည်ကို သိသည်။ တယောက်က တမူး ထည့်လိုက်သည်။ နောက် တယောက်က တမတ်ထည့်လိုက်သည်။ တယောက်ထံက ဆန်ရခဲ့ပြီး အခြားတယောက်ထံမှ ထင်းများရခဲ့သည်။
မွန်းတည့်ချိန် လောက်တွင် သားအဖ
နှစ်ယောက်သည် အသုဘလွှမ်းရန် ဖျင်ဝယ်ဖို့ ဈေးသို့ထွက်လာခဲ့သည်။ အိမ်နီးနားချင်းများက အသုဘအတွက် လုပ်စရာရှိသည်တို့ကို လုပ်ကျန်ရစ်ခဲ့ကြသည်။
ရွာထဲမှ သနားတတ်သည့် မိန်းမများကလည်း အသုဘ လာမေးကြကာ ကံဆိုးသည့် ဘူဒီ၏ဖြစ်ပုံကို ကြည့်၍ ငိုကြသည်။
ဈေးကိုရောက်လျှင် ဂီးဆုက…
“တို့မှာ အလောင်းကို မီးသင်္ဂြိုဟ်ဖို့ ထင်းတို့ ဘာတို့ လုံလုံလောက်လောက် ရပြီ မဟုတ်လား”
“ရပါပြီ၊ ဒါပေမယ့် အလောင်းကိုလွှမ်းဖို့ ဖျင်စ ဝယ်ရဦးမယ်’
“ကဲ ဒါဖြင့် မြန်မြန်လာကွာ၊ ဖျင်စ ခပ်ပေါပေါ တစကို
ဝယ်ကြရအောင်’
“ဒါပေါ့၊ ဈေးပေါပေါဟာကိုပဲ ဝယ်တာပေါ့၊ ညပဲ
ဘယ်သူ သေသေချာချာ လာကြည့်နေမှာလဲ၊ တော်ရုံ တန်ရုံပေါ့’
“အသက်ရှင်နေတုန်းက အစုတ်အပြဲ ဝတ်လာခဲ့ရတဲ့ လူပဲကွာ၊ သေကာမှ ဘာဖြစ်လို့ အလောင်းကို ဖျင်စကောင်းကောင်းနဲ့ လွှမ်းနေဦးမှာလဲ၊ ဒီထုံးစံကို ဘယ်သူကများ ထွင်ခဲ့သလဲ မဆိုနိုင်ဘူး”
“ဟုတ်တယ် အဖေရ၊ ပြီးတော့ အလောင်းကို လွှမ်းတဲ့ဖျင်ကိုလဲ အလောင်းနဲ့အတူ မီးရှို့ ပစ်မှာပဲ ဥစ္စာ”
“ဒါပေါ့ကွာ၊ မသေခင်က ခုလို ငါးကျပ်လောက်များ
ရလိုက်ရရင် အခုတော့ ကောင်းမွန်မွန် မပြုစုလိုက်ရပါလား”
သူတို့နှစ်ယောက်သည် တယောက်၏သဘောကိုတယောက် အကဲခတ် နေကြ၏။ သားအဖ နှစ်ယောက်သည် … ဈေးထဲသို့ လျှောက်ပြီး ကြည့်ကြသည်။ အထည်ဆိုင် တဆိုင်ပြီး တဆိုင် လျှောက်ကြည့်ကြသည်။ ဆိုင်များတွင်ရှိသည့် ပိုးစ၊ဖျင်စ စသည့် အထည်စ အမျိုးမျိုးကို လျှောက်ကြည့် ကြသည်။
သို့ရာတွင် မည်သည့်အစကိုမျှမတွေ့။ တဖြည်းဖြည်းနှင့် ညနေ စောင်းလာခဲ့လေပြီ။ ဘယ် နတ်သိကြားများက လမ်းညွှန်လိုက်လေသည်မသိ။
သူတို့နှစ်ယောက်သည် ကြိုတင်စိတ်ကူးထားသည့်နှယ် အရက်ဆိုင်တဆိုင် ရှေ့သို့ ရောက်သွားကြသည်။ ဆိုင်ရှေ့သို့ ရောက်သော် နှစ်ယောက်သား ယောင်လည်လည် လုပ်နေကြသည်။ နောက်ဆုံးတွင် ဂီးဆုက ကောင်တာဆီသို့ သွားကာ “အရက် တပုလင်းပေးပါဗျာ” ဟု ပြောသည်။
ထို့နောက် အမြည်းအချို့နှင့် ငါးကြော် တကောင်ကိုဝယ်ကာ အရက်ဆိုင်အပြင်ဘက် ဝရန်တာတွင် ထိုင်ရင်း အရက်သောက်ရန် ပြင်ကြသည်။
သုံးလေးခွက်လောက် ဆက်တိုက် သောက်ချလိုက်
သည့်အခါတွင် အရက်က တန်ခိုးပြစပြုလေပြီ။
“အလောင်းကို လွှမ်းဖို့ ဖျင်စ ဝယ်နေရင်လဲ အလကားပါပဲကွာ၊ မီးရှို့ မှာအတူတူ ဘာလို့ဝယ်ဦးမှာလဲ၊ အလောင်းကို ဖျင်စဖုံးတော့ကော အဲဒီဖျင်စက သူနဲ့အတူ ကောင်းရာ သုဂတိကိုလားမှာတဲ့လား”ဟု ဂီးဆုက ပြောသည်။
မာဓဗကမူ ထိုကိစ္စထဲတွင် သူမပါဟု နတ် သိကြားများကို တိုင်တည်သည့်နှယ် ကောင်းကင်ကို မော့ကြည့်နေသည်။
“ဒါကတော့ ထုံးစံကို အဖေရဲ့၊ ဒီလိုဆိုရင် လူတွေကလဲ ဘုရားတို့ ဘာတို့ကို ဘာဖြစ်ချင်လို့ ငွေတွေ ထောင်သောင်းချီပြီးလှူနေကြတော့မှာလဲ၊
နောင်ဘဝမှာ ကောင်းရာသုဂတိကိုလားအောင် လှူကြတာပဲ ဖြစ်မှာပေါ့”
“ဟေ့ ချမ်းသာတဲ့လူတွေအဖို့ အရေးမကြီးဘူးကွ၊ သူတို့မှာ ငွေတွေသုံးလို့မကုန်နိုင်ဘူး၊ တို့မှာက ဘာရှိလို့လဲ၊ ထမင်းစားဖို့တောင်မှ အနိုင်နိုင်ရယ်”
“ဒါဖြင့် အလောင်းကို ဖုံးဖို့ ဖျင်စ ဘယ်မှာလဲလို့ လူတွေကမေးရင် ဘယ်နှယ့်လုပ်မလဲ”
ဂီးဆုက ရယ်လိုက်လျက်….
“ပိုက်ဆံ ဘယ်ကျပျောက်ခဲ့မှန်း မသိဘူး၊ ကျွန်တော်တို့လဲ ရှာလိုက်တာ နှံ့နေပြီ၊ မတွေ့ဘူးလို့ ပြောမှာပေါ့ကွ၊ ယုံတော့ယုံမှာ မဟုတ်ဘူး၊ ဒါပေမယ့် နောက်တခါ ပိုက်ဆံတော့ ထပ်ထည့်ကြမှာပဲ”
မာဓဗက ထိုအကြံကို သဘောကျ၍ ရယ်လိုက်သည်။
“ဟုတ်တယ်ဗျ၊ အဖေပြောတာ မှန်တယ်၊ အင်း…ကျွန်တော့်မိန်းမဟာ တော်တော် တော်တဲ့ မိန်းမဗျာ၊ သေတဲ့ နောက်မှာတောင် ကျွန်တော်တို့အတွက် လိုလေသေး မရှိအောင် လုပ်ပေးခဲ့သေးတယ်’
ထပ်၍ ပုလင်း တဝက်ခန့် ကုန်လေပြီ၊ ဂီးဆုသည် မုန့်များကို အဝယ်ခိုင်းလိုက်၏။ ဆိုင်မှ သူငယ်ကလေးတယောက်ကိုခေါ်ပြီး သနပ်၊ အသည်းကြော်နှင့် ချပ်တနီးတို့ကိုလည်း အဝယ်ခိုင်း လိုက် ပြန်သည်။ အရက်ဆိုင်ရှေ့ တည့်တည့် တွင်
အကြော်ဆိုင် ရှိသည် မဟုတ်လော။ မာဓဗသည် ခပ်သုတ်သုတ်ထွက်သွားကာ ခဏကြာလျှင် ဖက်ဖြင့် ထုပ်ထားသည့် အထုပ်နှစ်ထုပ်ကို ဆွဲ၍ ပြန်လာခဲ့သည်။ အားလုံး တကျပ်ခွဲဖိုးလောက် ရှိလိမ့်မည်။ ယခုဆိုလျှင် သူတို့ လက်ထဲတွင် အကြွေအနည်းငယ်သာ ကျန်တော့သည်။
တောသုံးတောင်ကို အစိုးရသည့် ကေသရာဇာ ခြင်္သေ့မင်း အောင်သေအောင်သားကို စားသကဲ့သို့
သားအဖ နှစ်ယောက်တို့သည်လည်း မြိန်ယှက်စွာ သုံးဆောင်ကြ၏။
လူတွေက မေးမြန်းမည်ကို မကြောက်။ နာမည်ပျက်မည်ကို မစိုးရိမ်။
ဂီးဆုက တရားသံဝေဂ ရသံဖြင့်…
“အင်း.….ဒီလို ကုသိုလ်ပြုတဲ့အတွက် ငါတို့ သူ ကောင်းရာ သုဂတိလားပါစေလို့ စိတ်ထဲက ဆု တောင်း ပါတယ်ကွာ၊ တကယ်တော့ သူ ဒါနမြောက်အောင် တို့က စားရတာပါ’
မာဓဗက ကောင်းတဆတ်ဆတ်ညိတ်လိုက်ရင်း.….
“ဟုတ်တာပေါ့ အဖေရာ၊ ဘုရားသခင် ကိုယ်တော်မြတ်ကြီးဘုရား၊ တပည့်တော်ရဲ့ဇနီးကို ကောင်းရာ သုဂတိလားအောင် မှိုင်းမတော်မူပါဘုရား၊ သူ့ အတွက် တပည့်တော်တို့ အမျှအတန်းဝေပါတယ် ဘုရား၊ တပည့်တော်တို့ရဲ့ တသက်မှာ ဒီလောက်ကောင်းကောင်းမွန်မွန် တခါမှ မစားဖူးပါ ဘုရား”
ခဏကြာလျှင် မာဓဗသည် တစုံတခုကို သတိရလာသည့်နှယ်…
“တနေ့ကျရင် ကျွန်တော်တို့လဲ နတ်ပြည်ကို သွားရမှာပေါ့နော် အဖေ”
ဂီးဆုက အဖြေမပေး။ယခုလို မြိုးမြိုးမြက်မြက် စားသောက်နေတုန်းတွင် သေသည့်အကြောင်းများ၊ တခြားဘုံ အကြောင်းများကို သူ မတွေးချင်။ မပြောချင်။
“အဲဒီရောက်လို့ သူနဲ့ တွေ့တဲ့အခါကျတော့ သူက သူသေတုန်းက ဘာဖြစ်လို့ အလောင်းကို ဖျင်စကလေးတစမှ မလွှမ်းလိုက်တာလဲလို့ မေးရင် ကျွန်တော် ဘယ့်နှယ် ဖြေရမလဲ”
“တောက်တီး တောက်တဲ့ကွာ၊ ဘာဖြစ်လို့ မေးနေတာလဲ”
“တောက်တီးတောက်တဲ့ မဟုတ်ဘူးခင်ဗျ၊ တကယ်မေးမှာ”
“မင်းမိန်းမအလောင်းကို ဖျင်စ မလွှမ်းဘူးလို့ ဘယ်သူက ပြောလို့လဲကွ၊ ငါ့ အသက် ခြောက်ဆယ် ရှိပြီ၊ ဒီလောက်တော့ ငါလဲ နားလည်တာပေါ့၊ စိတ်ချ… မင်း မိန်းမ အလောင်းကို ဖျင်စ မလွှမ်းရမှာ မပူနဲ့၊ လွမ်းရစေ့မယ်၊ ဖျင်မှ အကောင်းစားဖျင်ကို လှမ်းပေးလိုက်မယ်”
မာဓဗမှာ သူ့စကားကို မယုံသေး။
“ဘယ်က ဖျင်စရလို့ လွှမ်းပေးရမှာလဲ အဖေရ၊ အဖေကတော့ အရေးမကြီးဘူး၊ ကျွန်တော်သာ ပြဿနာ ပေါ် မှာ၊ ကိုယ် လက်ထပ်ယူခဲ့တုန်းကတော့ ယူခဲ့ပြီး သေတော့ ဖျင်စလေး
တစတောင် လွှမ်းမပေးလိုက်ဘူးဆိုတော့”
ဂီးဆုက စိတ်ဆိုးဆိုးဖြင့်…
“ဖြစ်ပါတယ်ဆိုမှကွာ၊ ဘာဖြစ်လို့ နောက်ထပ် ခဏ ခဏ မေးနေရတာလဲ”
“ဘယ်က ရမှာလဲ”
“စောစောက ပေးလိုက်တဲ့ လူတွေဆီက ပေါ့ကွ၊ ဒီတခါတော့ တို့ကို ပိုက်ဆံပေးတော့မှာ မဟုတ်ဘူး၊ ဖျင်စပဲ ပေးတော့မှာ”
“မှောင်၍ ကြယ်တို့ လက်လာသည့်အခါတွင် အရက်ဆိုင်သည် စောစောကထက် ပို၍ ဆူညံကာ ပို၍ ပျော်စရာ ကောင်းလာ၏။ တယောက်က သီချင်းဆို၏။ နောက်တယောက်က စကားကြီးစကားကျယ်တွေ ပြော၏။ နောက်ထပ် တယောက်က သူ့အဖော်ကို ဖက်၍နမ်းနေ၏။ အခြား တယောက်က သူ့အဖော်ပါးစပ်တွင် ဖန်ခွက် တေ့ပေး၏။
အရက်ဆိုင်တခုလုံးနှင့် ပတ်ဝန်းကျင်တခုလုံးသည် မူးယစ်နေသည်ဟု ထင်ရ၏။ အချို့မှာ တစ်ခွက်နှစ်ခွက် သောက်ရုံဖြင့် မူးသွားကြ၏။ အရက်ဆိုင်ပတ်ဝန်းကျင်သို့ ရောက်သွားရသည်မှာ
အရက်သောက်ရသည်ထက်ပင် ပို၍ မူးယစ်စရာ ကောင်း နေသည်။ သူတို့သည် ကြမ္မာ၏ ဖိစီးမှုကြောင့် ဤနေရာသို့ ရောက်လာခဲ့ကြကာ သူတို့ကိုယ်ကိုသူတို့ သေသည်လော ရှင်သည်လော ဆိုသည်ကို မေ့သွားကြ၏။ သေသည် ဖြစ်စေ ရှင်သည် ဖြစ်စေ
ဂရုလည်း မစိုက်တော့ပြီ။
သို့ဖြင့် သားအဖနှစ်ယောက်သည် အရက်ကို ဇိမ်ခံ၍သောက်နေကြ၏။ အရက်ဆိုင်ထဲမှ လူများသည် သူတို့ နှစ်ယောက်ကို ကြည့်နေကြသည်။ မည်မျှ ကံကောင်းလိုက်ပါသနည်း။ သူတို့နှစ်ယောက်သည် တပုလင်းကုန်အောင် ဖြိုခဲ့ပြီ။
ဗိုက်တင်းအောင် စားသောက်ပြီးသည့်အခါ၌ မာဓဗသည် လက်ကျန် မုန့်အနည်းငယ်ကို အနီးတွင် ရပ်ကြည့်နေသည့် သူတောင်းစားတယောက်အား လှမ်းပေးလိုက်၏။ သူ့တသက်တွင် တပါးသူကို ပထမဆုံးအကြိမ် ပေးကမ်းစွန့်ကြဲလိုက်ရသည့်အတွက် ပီတိဖြစ်နေသည်။
“ရော့ ရော့ စားလေကွာ၊ ကုသိုလ်ရှင်ကတော့ မရှိတော့ဘူးကွ၊ သေရှာပြီ၊ အဲ သူ့ကို အမျှအတန်းဝေပေါ့ကွာ၊ ဒီ ပိုက်ဆံကို သူ့ခမျာ ပင်ပန်းတကြီး ရခဲ့တာပါကွာ” ဟု ဂီးဆုက ပြောသည်။
မာဓဗက ကောင်းကင်ကို လှမ်းကြည့်လိုက်ရင်း.…..
“အဖေ သူ နတ်ပြည် ရောက်မှာနော်၊ နတ်ပြည် ရောက်ရင် သိကြားမင်းရဲ့ မိဖုရားကြီး ဖြစ်ချင် ဖြစ်နေမှာ”
ဂီးဆုက ဝမ်းသာပီတိဖြစ်စွာဖြင့် မတ်တတ်ရပ်လိုက်
ရင်း
“ဒါပေါ့ကွ၊ နတ်ပြည် ရောက်မှာပေါ့၊ သူ့ တသက်မှာ
ဘယ်သူကိုမှ ဒုက္ခရောက်အောင် မလုပ်ခဲ့ဖူးဘူး၊ ဘယ်သူ့ကိုမှ မကောင်း မကြံခဲ့ဖူးဘူး၊ သေသွားတဲ့
နောက်မှာတောင် တို့ အလွန် တောင့်တနေတဲ့ ဆန္ဒကြီးကို ဖြည့်ဖြစ်အောင် ဖြည့်ပေးသွားသေးတယ် မဟုတ်လား၊ ဒီတော့ သူမှ နတ်ပြည်မရောက်ရင် ဘယ်သူ နတ်ပြည်ရောက်ဦးမှာလဲ၊ သွေးစုပ်ခေါင်းပုံဖြတ်တဲ့ လူချမ်းသာတွေကျတော့ သူတို့သေရင် ဂင်္ဂါမြစ်ရေနဲ့ သူတို့ အပြစ်တွေကို ဆေးကြောကြရတယ်၊ ဝတ်ကျောင်းမှာ အမွှေးတိုင်တွေ ဘာတွေနဲ့ ပူဇော်ရတယ်၊ သူ့ကျတော့ ဒုစရိုက်မှ မရှိတာ၊ဒါတွေ ဘာလုပ်စရာ လိုသေးလဲ”
သို့ရာတွင် အရက်မူးခြင်း၏ ထူးခြားသော တန်ခိုးသတ္တိတခုမှာ စိတ်အပြောင်းအလဲမြန်ခြင်း ဖြစ်၏။ သားအဖ နှစ်ယောက်သည် ကုသိုလ်ကောင်းမှု အကြောင်းကို ပြောနေရာမှ အသုဘအကြောင်းကို ပြန်တွေးမိကာ ပူပန်သောက ရောက်သွားကြပြန်သည်။
“အဖေရယ်၊ ကျွန်တော့်မိန်းမဟာ လူ့ပြည်မှာ နေသွားတုန်းက ငရဲကျတာနဲ့ အတူတူပါပဲ၊ သေသွားတော့လဲ ဝေဒနာကိုခံပြီး သေသွားရရှာတာ”
မာဓဗသည် မျက်နှာကို လက်ဖြင့်အုပ်၍ ရှိုက်ကြီးတငင် ငိုနေသည်။ ဂီးဆုက သူ့ကို နှစ်သိမ့်၏။
“ဘာဖြစ်လို့ ငိုရတာလဲကွာ၊ ဒီ သံသရာကြီးက လွတ်မြောက်သွားတဲ့အတွက် တို့က ဝမ်းတောင်သာရဦးမယ်၊ ခု သူမှာ ဒုက္ခသုခတွေ မရှိတော့ဘူး၊ ခုလို စောစောစီးစီး ကျွတ်သွားတာ ကံကောင်းတာပေါ့”
သားအဖနှစ်ယောက်သည် မတ်တတ် ထ ရပ်လိုက်ကာ
“ရှင်သေမင်းရယ် တို့ကို လှည့်စားပေမယ့် လှည့်စားလို့ရမယ် မထင်နဲ့’ဟု သီချင်းဆိုကြသည်။
အရက်ဆိုင်မှလူများသည် အားရပျော်ရွှင်စွာ သီဆိုနေကြသည့် သူတို့နှစ်ယောက်ကို ကြည့်နေကြ၏။
ထို့နောက် သားအဖနှစ်ယောက်သည် ကကြ၏။ ခုန်ကြ၏။ လဲကြ၏။ မျက်လုံးတွေ ပြူးကြည့်ကြ၏။ သူတို့စိတ်ထဲတွင်ရှိသည့် ခံစားချက်များကို ခြေလက်ဖြင့် ပြကြ၏။ ထိုနောက်တွင်ကား အရှင်လတ်လတ် အသူရာနတ်ပြည်သို့ ရောက်သွားကြလေသတည်း။
မြသန်းတင့်