မောင့်ဖူးစာဖက်ဖြစ်အောင်ကွယ်

Posted on

မောင့်ဖူးစာဖက်ဖြစ်အောင်ကွယ်(စ/ဆုံး)
—————————————
မွန်းသည်းအိမ်

“မတန်မရာ၊ငါ့သားကိုမှ အပိုင်ချိုင်သွားတယ်၊ အိမ်က အကောင်ကလည်းဘီယာသာသောက်ရမယ်ဆိုရင် ဘာဖြစ်ဖြစ်ရတယ်ဆိုတဲ့အကောင်၊ခုတော့ခံပေါ့၊သူခံရတာထက် မိဘတွေကပါ ခံရအုံးမယ်၊ ခွေးထက်မိုက်တဲ့အကောင်”

မငွေသစ်၏ စကားသံတွေကိုကြားနေရင်း
“ဝဋ်ဆိုတာဘဝမကူးဘူးငွေသစ်ရယ်”
ဟုဒေါ်စောရင် ရင်ထဲကပြောနေမိသည်။
“ငါ့တုန်းကရော၊ငါ့သားအတွက် ဘယ်လောက်ခံစားလိုက်ရ သလဲငွေသစ်၊ခုနင့်သားအတွက်နင်ခံစားခဲ့ရသလိုမျိုး၊ငါခံစားခဲ့ရပြီးပြီလေ”
ပြောမဖြစ်တဲ့ ရင်ထဲက အစိုင်အခဲတွေက ချွေးမငွေသစ်အပေါ်မှာ ဘယ်တော့မှမကျေ။ တကယ်ဆိုနှစ်ဘက် မိဘတွေသဘောတူထားတဲ့ သားချစ်သူခင်မွန်လေးနဲ့ဆိုရင်
ဘယ်လောက်တင့်တယ်လိုက်မလဲ။
မချစ်တော့လည်း အောင့်ကာနမ်းရတဲ့ မငွေသစ်ဆိုတဲ့ တစ်ဦးတည်းသောချွေးမက သားရဲ့မဟေသီဘဝနဲ့ ကိုယ့်အိမ်ပေါ်ရောက်လာခဲ့တာ နှစ်ဆယ့်ငါးနှစ်မကတော့ပါဘူး။ အရက်ကြောင့် လောကကြီးကိုအရွယ်ကောင်းတုန်းစွန့်ခွာသွားခဲ့တဲ့တစ်ဦးတည်းသောသားမရှိတဲ့အချိန် အဖိုးကြီးအဖွားကြီးနှစ်ယောက်ရဲ့ အားကိုးစရာ ချွေးမငွေသစ်နဲ့ မြေးလေးမောင်သော်တို့သာ ရှိတော့သည်။
ဒေါ်စောရင်အတွေးကောင်းနေစဥ် အိမ်ရှေ့သို့ မြို့မှပြန်လာသော လိုင်းကားဆိုက်ရောက်လာသည်။
အသက်ခြောက်ဆယ်ကျော်အိမ်ဦးနတ်က ကားပေါ်မှဆင်းပြီး သူဝယ်လာသောကုန်ပစ္စည်းတွေကို ကားနောက်လိုက် လူငယ်လေးမှတဆင့် အောက်သို့ချနေသည်။
ပူဆွေးနေသောငွေသိန်းရော၊မိမိပါ အဖိုးကြီးဝယ်လာသော ကုန်ပစ္စည်းတွေကို ဝိုင်းကူသယ်ရန်ခြံအပြင်သို့ထွက်လာခဲ့သည်။
အဖိုးကြီးနားရောက်တော့
“ငါကားပေါ်မှာကြားခဲ့ပြီးပြီ၊အဖေတူသားပဲ ပူဆွေးမနေပါနဲ့”
မျက်နှာတွေအစ်အောင် ငိုထားသော မျက်လုံနီရဲရဲနှင့်ချွေးမ ကိုကြည့်ရင်း အဖိုးကြီးကပြောလိုက်သည်။
“အဖေတူသားတဲ့လားအဖိုးကြီးရယ်”
စကားနည်းသော၊လူတကာကို အားနာတတ်သောမိမိနှင့်
အမှန်တရားအတွက်ဘယ်သူ့မျက်နှာမှမထောက်တတ်သော ၊ပြောစရာစကားကို တုတ်ထိုးအိုးပေါက်ပြောတတ်သော အဖိုးကြီးနှင့် လိုက်လည်းလိုက်ပါသည်။
“မင်းမှာလည်း၊နေရာတကာအားနာရတာနဲ့၊ကြောက်ရတာနဲ့၊ငါအရင်သေရင် မင်းကိုစိတ်မချဖြစ်နေရအုံးမယ်”
“ကိုယ့်အရိပ်မှာလာနေကြတဲ့ သား ၊ချွေးမ၊မြေးဆိုတာကို ဆုံးမသင့်တာဆုံးမ၊ပြောသင့်တာပြောရတယ်၊ကိုယ်ပြောမိလို့ သူတို့စိတ်ဆိုးမလားစိတ်ကောက်သွားမလားတွေးမနေနဲ့၊ကိုယ်တွေကမိဘဆိုတော့ပြောသင့်တာပြောရမှာဘဲ”
ငွေသစ်က ယောက္ခမတွေကိုတော့ မလေးမစားမလုပ်ရဲ။အထူးသဖြင့် အိမ်ကအဖိုးကြီးကို စေ့စေ့ပင်မကြည့်ဝံ့။
အဖိုးကြီးကလည်း သားရောချွေးမရော မျက်နှာသာမပေးတတ်။ ကိုယ်ဖြစ်စေချင်သော သား၏အိမ်ထောင်ရေးက ဖြစ်မလာတော့ ဝတ်ကျေတမ်းကျေသဘောထားလိုက်သည်ထင်၏။
ခမည်းခမက်တွေနှင့်လည်းအဆက်အဆံမလုပ်။
သားနောက်သို့လိုက်လာသော ငွေသစ်ကို မိသားဖသားပီပီပြန်အပ်သည်။ ကျေးရွာထုံးစံ မီးခိုးတိတ်ထမင်းကျွေး မင်္ဂလာဆောင်ပေးသည်။ တစ်ဦးတည်းသောသားသာရှိသည့်မိမိတို့အိမ်မှာ ချွေးမငွေသစ်ရောက်လာခဲ့သည်။
တောသူတောင်သားပေမဲ့ ကြေးရတတ်ဟုခေါ်ကြသည့်မိမိတို့မိသားစုက ဟင်းကောင်းကျွေးကောင်းလည်း မပြတ်ချက်သည်။ တောဟင်းတောင်ဟင်းလောက်သာ ချက်တတ်သောငွေသစ်ကို အစစအရာရာသင်ကြားပေးရသည်။
တဲစုတ်သာသာဘဝမှ ရွာလည်က တိုက်ခံအိမ်ကြီးပေါ်ရောက်လာတော့ ဘဝင်မမြင့်သွားအောင် စိတ်ဓာတ်ကိုပြင်ဆင်ပေးရသည်။
ဘယ်လိုနေ၊ဘယ်လိုထိုင်၊ဘယ်လိုပြော စသည်ဖြင့်ချွေးမကို တိုးတိုးတိတ်တိတ် သင်ပေးရသည်။ ငွေသစ်အချိုးမပြေလျှင် အဖိုးကြီး၏ ပိသာလေးနှင့်ဘေးပစ်မည့်စကားလုံးတွေကို ချွေးမအပေါ်မရောက်စေချင်၍ ဖြစ်သည်။
“အရက်ဆိုင်ကအပြန် အရက်ရောင်းတဲ့ မိန်းမကို ကိုယ့်ရည်းစားလည်းမဟုတ်ပဲ သူငယ်ချင်းတွေမြှောက်ပေးလို့ ခိုးလာတယ်တဲ့လား ငါ့သားရယ်၊ ရွာထဲမှာ မင်းငယ်ရည်းစားခင်မွန်နဲ့ စေ့စပ်ကြောင်းလမ်းဖို့တောင်စီစဥ်ပြီးမှကွာ”
ငွေသစ်ကွယ်ရာမှာ အဖိုးကြီးကသားကို မချင့်မရဲပြောတော့ သားက ခေါင်းကြီးအောက်စိုက်ပြီး နားထောင်နေသည်
ပြီးမှ
“ငွေသစ်က သားကိုသဘောကျနေတာအဖေ၊သားလည်းဘယ်လိုကဘယ်လိုဖြစ်သွားတယ်မသိဘူး၊အခုတော့
သားဘဝနဲ့သားပါဘဲအဖေရယ်”
အိမ်က လယ်ယာအလုပ်တွေကို သားနှင့်အဖေ အလုပ်အတူတူလုပ်ကြသည်။ချွေးမကို ကုန်စုံဆိုင်တစ်ခုထောင်ပေးသည်။
ငွေသစ်ကလည်း သူ့မိဘတွေရှိရာကို ခြေဦးပင်မလှည့်တော့။
ဒါပေနဲ့သားက ယောကက္ခမတွေ၊ယောက်ဖတွေရောင်းချနေမြဲဖြစ်သော အရက်ဆိုင်တဲနန်းသို့ နေ့စဥ်ရောက်သည်။
ငွေသစ်က သူ့ခင်ပွန်းကို သူ့မိဘတွေရှိရာသို့မသွားစေချင်၍ မြို့အရက်ကောင်းကောင်းများဝယ်ထားပေးတတ်သည်။သူ့ယောင်္ကျားက မြို့အရက်ကို အရက်လို့မထင်။ပေါ့သည်ဟုပြောတတ်သေးသည်။
မိဘတွေကလည်း သားအရက်သမားကိုဆုံးမ၍မရ။
အလုပ်လည်းလုပ်သည်။ရန်လည်းမဖြစ်တတ်။သားမယား အပေါ်မှာလည်း သစ္စာစောင့်သိသည်။မိဘတွေအပေါ်မှာ ဘယ်တုန်းကမှ အားမနာသည့်အပြုအမူအပြောအဆို မလုပ်ခဲ့။သူ့မှာအပြစ်ဆိုစရာဟူ၍ အရက်ကြိုက်တတ်တာတစ်ခုသာရှိသည်။
နောက်ဆုံးတော့အသက်လေးဆယ်မပြည့်ခင် မအိုဆေးအစွမ်းကြောင့် အားလုံးကို ထားခဲ့ရသည်။
မုဆိုးမ ချွေးမက အသက်လေးဆယ်မပြည့်သေး၊မြေးက ဆယ်ကျော်သက်အရွယ်မို့ လူတကာကအနိုင်မကျင့်အောင် စောင့်ရှောက်ရသည်။
ငွေသစ်ကလည်း ရွှေပင်နားတော့ ရွှေကျေးဖြစ်လာခဲ့သည်။ စီးပွားရေး၊ကြီးပွားရေးလောက်သာစိတ်ဝင်စားသည်။ပြီးတော့ တစ်ဦးတည်းသောမျိုးဆက်သစ်လေး အစစအရာရာအောင်မြင်ဖို့ စိတ်တစ်ခုထဲသာရှိတော့သည်။
မျိုးဆက်သစ်လေးက ဆယ်တန်းအောင်ပြီး တက္ကသိုလ်ကျောင်းသားပင်ဖြစ်နေပါပြီ။
ပြည့်စုံသောမိဘ ဘိုးဘွားတွေ၏အရိပ်ကြောင့် ကျောင်းပိတ်၍ ရွာပြန်လာလျှင် ပျိုတိုင်းကြိုက်သည့်နှင်းဆီခိုင်ဖြစ်နေပေပြီ။

***********
ရွာထဲမှာကေတီဗွီ၊စည်ဘီယာဆိုင်တွေ၊ဘားတွေ မှိုလိုပေါလာခဲ့သည်။အလှပြင်ဆိုင်နှင့်တွဲဖွင့်ထားသော
အနှိပ်ခန်းတွေတောင် ရှိသည်ဟုကြားရသည်။
မူးယစ်ဆေးဝါးရောင်းဝယ်မှုတွေ၊သုံးစွဲမှုတွေ ခေတ်စားလာသည်။
ယခင်ကရွာကြီးတစ်ရွာ ဖြစ်ခဲ့ပေမဲ့ အခုတော့ နယ်မြို့လေးအဖြစ် ရာထူးတိုးသွားတော့ မြို့အင်္ဂါရပ်တွေအလိုလိုရောက်လာတာ အဆန်းမဟုတ်တော့။
ဘေးအနီးအနားရွာတွေကပါ မြို့ပေါ်ရပ်ကွက်တွေအဖြစ်
အသွင်ကူးပြောင်းလိုက်တော့ နယ်မြို့တစ်မြို့အဖြစ် စည်ကားစ။
ဆိုင်ကယ်တွေ၊လိုင်စင်မဲ့ဝစ်သောက်ကားတွေ တဝီဝီဖြင့်
ယခင်က ရွာဟုပြောခဲ့ဖူးသောဒေသမှာ အိမ်ကမြေး ကောင်းဆက်သော်က အပေါင်းအသင်းလည်းအတော်များပါသည်။
တစ်ဦးတည်းသောမြေး ဖတဆိုးလေးမို့ ဘိုးဘွားတွေကလည်းအလိုလိုက်သည်။
ခက်တာက မောင်သော်ကလည်း သူ့အဖေခြေရာအတိုင်း အရက်တော့အတော်ကြိုက်သည်။
အခုခေတ်မှာ ဘီယာစတေရှင်တွေပေါတော့ ကျောင်းပိတ်ရက်အိမ်ပြန်ရောက်လျှင် ငယ်ပေါင်းတွေနှင့် ဘီယာဆိုင်တွေမှာ ဆုံကြတာများသည်။
“သားက ဘီယာပဲသောက်တာနော်ဖွားဖွား၊မူးယစ်ဆေးဝါးမသုံးစွဲဘူး”
ဟုပြောတတ်သေးသည်။
“မင်းအသက်ငယ်ငယ်လေးနဲ့ကွာ၊ဘီယာဖောဖောနေတာကြည့်မကောင်းပါဘူးငါ့မြေးရာ၊မသောက်ပါနဲ့”
ဟုသူ့အဖိုးကဆုံးမလျှင်
“ဟုတ်ကဲ့ဖိုးဖိုး”
ဟုပြောပြီး တစ်ပတ်မကြာ ပြန်သောက်တတ်သည်။
သူ့ဖခင်လိုပင် ဘယ်လောက်သောက်သောက် အားမနာမပြော၊အားမနာမလုပ်တတ်၊စာမေးပွဲလည်း နှစ်စဥ်အောင်သည်။
ယခုနောက်ဆုံးနှစ်ရောက်တော့မှ။

**********
မောင်သော်ယူလာသည့်ကောင်မလေးက သူတို့တက္ကသိုလ်ရှိရာမြို့ရှိ စင်တင်တေးဂီတတစ်ခုမှ
စားပွဲထိုးကောင်မလေးဖြစ်သည်။
ကောင်မလေးက အဝေးသင်တက္ကသိုလ်ကျောင်းသူလည်းဖြစ်သည်။
ကောင်မလေးနှင့်မောင်သော်က ရည်းစားတွေဖြစ်ကြသည်ဟုမောင်သော်ပြောသည်။
ဘီယာဆိုင်အထိုင်များတော့ ဘီယာဆိုင်က ကောင်မလေးနှင့် ရည်းစားဖြစ်တာအဆန်းမဟုတ်တော့။
သူ့ဖခင်က တောအရက်ဆိုင်က သူ့အမေနှင့်ဖူးစာဆုံသည်။
မောင်သော်က ဘီယာဆိုင်ကကောင်မလေးနှင့်ဖူးစာဆုံသည်။မောင်သော့်ဇနီးက အဝေးသင်ဖြင့်နောက်ဆုံးနှစ်တက်နေသည်ဟုသိရတော့ သူ့အမေငွေသစ်ထက်တော့သာသည်။
မောင်သော့်မင်္ဂလာဆောင်ကို ခမ်းခမ်းနားနားဆောင်ပေးလိုက်သည်။
ကိုယ့်ဆီကလူတွေကတော့ မောင်သော့်ဇနီး ၏ဇစ်မြစ်ကို
မသိကွ။
သူတို့မင်္ဂလာဆောင်ဖိတ်စာမှာ နှစ်ဦးစလုံးက နောက်ဆုံးနှစ်မြန်မာစာ၊နောက်ဆုံးနှစ်ရူပဗေဒ ဟုရေးထားတော့
ကျောင်းတက်ရင်းဆုံရသည့် ဖူးစာဟုသာသိကြသည်။

*********
မောင်သော်ရောသူ့ဇနီးပါဘွဲ့ရသွားကြပါပြီ။
မောင်သော်က သူ့ဖခင်နှင့်တော့ မတူတဲ့အချက်ရှိပါသည်။
အိမ်ထောင်ကျပြီးသည့်နောက်ပိုင်း အရက်၊ဘီယာကိုလုံးဝဖြတ်နိုင်ခဲ့သည်က အံ့သြစရာ။
သူ့ဇနီးကလည်းမိဘလက်ငုတ် ကုန်စုံဆိုင်ကိုတိုးချဲ့ရင်း
ချွေးမအလိမ္မာလေးဖြစ်လာခဲ့သည်။
မောင်သော်ကိုလည်း ကောင်းရာညွုန်တတ်သော အိမ်ရှင်မလေး ဖြစ်သည်။
တကယ်တော့မောင်သော်အဖေနှင့်ငွေသစ်သည် မချစ်မနှစ်သက်ပဲ အရက်မူးလွန်ပြီးရလာခဲ့ကြသောသူတွေဖြစ်သည်။
မောင်သော်နှင့်သူ့ကောင်မလေးကတော့ သမီးရည်းစားဖြစ်ပြီးမှ ဖူးစာဆုံကြသူတွေဖြစ်သည်။ ဘီယာဆိုင်မှာအလုပ်လုပ်ခဲ့ဖူးတော့ သူ့ခင်ပွန်းမောင်သော်ကိုပိုစိတ်မချတာအဆန်းမဟုတ်။ မိဘပြောတော့တစ်လ၊မယားပြောတော့တစ်ညဆိုသလို မောင်သော့်အိမ်ရှင်မ ဆုံးမကောင်းသောကြောင့် မောင်သော်ဘီယာဆိုင်ဘက်သို့လည်း ခြေဦးမလှည့်တော့။
မိမိတို့အဖိုးကြီးအဖွားကြီးနှစ်ဦးလည်းအခုမှ စိတ်အေးရတော့သည်။
မြေးချွေးမကလေး က ဘီယာစတေရှင်က စားပွဲထိုးမလေးဆိုတာကိုလည်း မေ့သွားကြပါပြီ။
မောင်သော်သာ ခွေးမြီးကောက်ကျည်တောက်စွပ်မဖြစ်
ပါစေနဲ့ဟုဆုတောင်းရင်း။
မနက်ဖြန်များစွာက သိုက်သိုက်ဝန်းဝန်းရှိလာတော့မည်။
မြေးတွေမြစ်တွေနှင့် အသက်ရှည်ရှည်နေရဦးမည်။
မေတ္တာဖြင့်
မွန်းသည်းအိမ်
23/5/2023

Leave a Reply

Your email address will not be published. Required fields are marked *