မြကျောင်းဆောင်ရဲ့ ဥပါသကာ

Posted on

မြကျောင်းဆောင်ရဲ့ ဥပါသကာ ( စ/ဆုံး)
——————————————

ကျေးတောဆိုတဲ့ ရွာရဲ့ အနောက်ဘက်ဖျား၊ အစွန်အစပ်နေရာမှာ အိမ်ခြေလည်းမရှိ၊ ဖုန်းဆိုးရယ်လည်း မမယ်တဲ့ မြေကွက်လပ်ကျယ်ကြီးတစ်ခု ရှိတယ်။

အဲ့ဒီ့နေရာမှာ အိမ်ခြေမရှိရတဲ့ အကြောင်းက…။

ကျေးတောရွာကို စတင်တည်ကတည်းက အဲ့ဒီ့နေရာမှာ အိုးအိမ်ဆောက်မရဘူးဆိုပြီး ​ရှေးအစဥ်အဆက်က စကား ဆင့်ကမ်းလာကြတယ်။

တကယ်လည်း အဲ့ဒီ့အရပ်မှာ အခုအချိန်အထိကို အိုးအိမ်ဆောက်ပြီး လူနေလို့ မရပါခဲ့ဘူး။

အိမ်ဆောက်ပြီး လူနေမိရင်တော့ အိမ်မီးလောင်ရင် လောင်၊ ဒါမှမဟုတ် တစ်အိမ်ထဲက အိမ်သားတွေ နှစ်ယောက်သုံးယောက် ဆကိတိုက် သေဆုံးတတ်တာမျိုး ဖြစ်တတ်တယ်။

ဒါကို တိုက်ဆိုင်မှုမဟုတ်ကြောင်း သတိထားမိချိန်ကစပြီး နောက်ပိုင်းမှာတော့ ကျေးတောရွာက လူတွေဟာ အဲ့ဒီ့နေရာမှာ အိုးအိမ်တည်ဆောက်တာတင်မကဘဲ စိုက်ပျိုးနယ်မြေ၊ မွေးမြူရေးနယ်မြေအဖြစ်တောင်မှ အသုံးမပြုရဲကြတော့ပါဘူး။

ဖုန်းဆိုးလည်း မမယ်ဆိုတာတော့…။

အဲ့ဒီ့နေရာက လူသူတွေ နေထိုင်သမှုနဲ့ အသုံးပြုမှုကို နှစ်ပေါင်းများစွာ မပြုတော့ဘဲ ပစ်ထားပေခဲ့မယ့် တောရိုင်းခြုံပင်တွေ ပေါက်ရောက်လာတာမျိုး မရှိခဲ့ဘူး။

အဲ့ဒီ့ကွင်းကြီးတစ်ခုလုံးဟာ ဖုန်းဆိုးဆန်ဖို့နေနေသာသာ မြက်ရိုင်းပင်တောင် မပေါက်ဘဲ စားကျက်မြက် ခပ်ပါးပါးသာ ပေါက်ရောက်လို့ နေပါတယ်။

ဟော…အခုတော့။

အဲ့ဒီ့နေရာကို အုပ်ချုပ်မင်းလုပ်သူ အာဏာပိုင်များက လက်ရှိ ကျေးတောသုသာန်နေရာမှာ စီမံကိန်းတစ်ခု လုပ်လိုတာကြောင့် သုသာန်နေရာကို အဲ့ဒီ့ဆီမှာ သတ်မှတ်လိုက်တယ်တဲ့…။

ခက်ပြီ။ နဂိုကမှ ဆိုးလွန်း ခိုက်လွန်းတဲ့ နေရာကို သုသာန်ရွှေ့မယ်ဆိုတော့က ကျေးတောရွာက လူတွေဟာ သွေးပျက်တုန်လှုပ်ကြရပြီလေ…။

******

သုသာန်ရွှေမယ့်သတင်း ထွက်လာပြီး သိပ်မကြာဘူး။

ကျေးတောရွာက လူတွေဟာ ခြောက်ခြားစရာအဖြစ်တွေ ကြုံလာရတယ်။

တစ်ချို့က ကွင်းကြီးအထဲကနေ ဆိုင်းလိုလို ဇာတ်လိုလို ဆူညံသံတွေကို ကြားရတယ်။ တစ်ချို့ကကျ ကြောက်မက်စရာကောင်းလွန်းတာတွေကို မျက်ဝါးထင်ထင် ကြုံရတယ်။

ကျေးတောတောင်အရပ်မှာနေတဲ့ ဖိုးအေးတို့တစ်သိုက်က တစ်ဖက်က ဇောက်တူရွာကို လူပျိုလှည့်ပြီး ညဘက်ပြန်အလာ။ ကွင်းကြီးအစပ်မှာ နွားပေါက်လောက် ရှိတဲ့ ခွေးနက်ကြီးသုံးကောင် လိုက်လို့ သေလုမျောပါး ပြေးကြရတယ်။

ကျေးတောကို ပြန်ရောက်ကြတော့ မောသူမော မေ့သူမေ့ သတိလစ်သူလစ်နဲ့…။

နောက်ထပ် ကြုံရသူက စျေးသည်မိအေးတို့ လင်မယား။

သူတို့လင်မယားက မနက်မနက်ဆို ဝေလီဝေလင်းမှာ ကျေးတောက လက်ဖက်ရည်၊ အီကြာကွေး စတဲ့ဟာတွေကို ဖောက်သည်ယူပြီး တစ်ဖက်က ရွာစဥ်တွေဆီ လှည့်ရောင်းချတာ။

တစ်မနက်သား စျေးရောင်းဖို့ ကွင်းကြီးကို ဖြတ်တော့ အနောက်ကနေ အရပ်တစ်ပေလောက်သာရှိပြီး အသားအရည် မည်းနက်လွန်းနေတဲ့ ကလေးသေးသေးလေး ခုနှစ်ယောက်က အတင်းလိုက်ပြီး လုယက်လို့ မုန့်တွေ လဖက်ရည်တွေချပြီး ကြောက်အားလန့်အားနဲ့ အလဲလဲ အကွဲကွဲ ထွက်ပြေးကြရတယ်။

နောက်ထပ်ကြုံရတာကတော့ ရွာကျောင်းက ကိုရင်လေးသုံးပါး။

တစ်ဖက်ရွာကနေ ဒီကျောင်းမှာ ကိုရင်တစ်ပါ လာဝတ်နေတယ်။ အဲ့ဒီ့နေ့က ကိုရင်လေးက သူ့တကာမကြီးတွေ အိမ်ကို ပြန်ကြွတယ်။ အဖော်ကိုရင် နှစ်ပါလည်း လိုက်ပါသွားတယ်။

အပြန်ကျတော့ ကိုရင်လေးတွေပီပီ တကာမကြီးတွေ အိမ်က ပြန်ထွက်လာတုန်းက အစောကြီးပေမယ့် လမ်းခုလတ်မှာ ဆော့ကစားရင်း စနောက်ရင်း သွားကြတာဆိုတော့ ကွင်းကြီးကို ဖြတ်ချိန်မှာ နေဝင်ရီတရော ဖြစ်နေပြီ။

ကွင်းကြီးကို ဖြတ်တော့ ဖြတ်လမ်းအလယ်မှာ ကိုရင်လေးတွေကို ကျောပေးပြီး အကောင်ကြီးတစ်ကောင် ထိုင်နေလေတယ်။

ကိုရင်လေးတွေက အကောင်ကြီးကို ဘာကောင်မှန်းမသိ။ မကြောက်တတ်တဲ့ ကိုရင်တစ်ပါးက ခဲကောက်ပြီး ပစ်တယ်။

အဲ့ဒီမှာတင် အကောင်ကြီးက ကိုရင်လေးတွေကို လိုက်တော့တာပဲ။

သုသာန်တည်မယ်ဆိုကတည်းက ကွင်းကြီးထဲက ဖြစ်စဥ်တွေ ဆက်တိုက် ဖြစ်ပျက်နေပါတယ်ဆို ဒီကိစ္စပါ ထပ်ဖြစ်လိုက်တော့ ကျေးတောတစ်ရပ်လုံး သွေးပျက်ကြရပြီ။

ဘာအကြောင်းကြောင့်မှန်းလည်း မသိ။ ဘာကိုလိုချင်မှန်းမသိ။ နဂိုကတည်းက နာမည်ဆိုးရှိတဲ့နေရာဟာ အခုတော့ နေ့ခင်းကြောင်တောင်တောင် ဖြတ်သွားဖြတ်လာ လုပ်ရဲသူ မရှိတော့ပါဘူး…။

********

ညချမ်းတစ်ခုမှာတော့…။

ကျေးတောရွာရဲ့ သုသာန်အဟောင်းထဲက အုတ်ဂူဆီမှာ လူသုံးယောက် အရက်ထိုင်သောက်နေကြတယ်။

သူတို့သုံး​ယောက်က ကျေးတောရွာသားတွေချည်းဖြစ်ပြီး အမူးသမား၊ ကစော်သမား၊ အလူပ်မရှိ၊ အကိုင်မရှိ၊ လူပေလူတေတွေလို့ သတ်မှတ်ထားကြသူတွေပါ။

အခုလည်း သုသာန်အဟောင်းထဲမှာ သူတို့သုံးယောက် မကြောက်မလန့်နဲ့ အရက်လာသောက်နေကြတာ ဖြစ်ပါတယ်။

” ချမ်းသာ…’

ညီတိုးက အရက်ဖြူကို ပုလင်းလိုက်မော့သောက်နေတဲ့ ချမ်းသာကို ခေါ်လိုက်တာမို​့ ချမ်းသာခမျာ အရက်သီးမလို ဖြစ်သွားရတယ်။ ဒါကြောင့် ကသောကမျောနဲ့ အရက်ပုလင်းကို ချလိုက်သလို လည်ချောင်းထဲက အရက်ကိုလည်း အတင်းကာရော မျိုချလိုက်ပြီး…။

” ဘာလဲကွာ မင်းက။ ဒီမှာ အရက်သောက်နေတာလေ။ သီးတော့မလို့ ကံကောင်းတယ်…”

ချမ်းသာရဲ့ ဖြစ်အင်နဲ့ အပြောကြောင့် ညီတိုးနဲ့ သာပုတို့ ရယ်လိုက်မိကြတယ်။

ချမ်းသာက ရယ်နေတဲ့ သောက်ဖော်သောက်ဖက် နှစ်ယောက်ကြောင့် မကျေမချမ်းဖြစ်သွားပြီး…။

” မင်းတို့ ငါ့ကို ရယ်တယ်ပေါ့။ အဲ့အတွက် ငါက တစ်လှည့်ပိုသောက်မယ်…”

အရက်ပုလင်းကို ပြန်ကောက်ကိုင်ပြီး ချမ်းသာ တစ်ကျိုက်ထပ်မော့တယ်။ ကျန်နှစ်ယောက်က ချမ်းသာ သောက်နေတာကို မကျေမချမ်းကြည့်ကြပြီး…။

” အေး…သောက်သောက်။ သောက်ပြီး သေမယ့်ကောင်ဆိုတော့ သောက်ပေါ့ကွာ…”

” ဟုတ်တယ် ဝအောင်သာသောက်။ သောက်ပြီးသွားရင်တော့ သုသာန်အသစ်နေရာမှ မင်းအတွက် နေရာသွားဦးထားတော့…”

သာပုပြောတဲ့ နောက်ဆုံးအပိတ်စကားကြောင့် အရက်ကို မျိုချလိုက်ပြီး ရှုံ့မဲ့လိုက်တဲ့ ချမ်းသာ မျက်မှောင်ပါ ထပ်ကျုံ့သွားရတယ်။

” သုသာန်အသစ် ဟုတ်လား…”

” အေး…”

” ဘာလဲ နေရာ သွားဦးတော့မလို့လား…”

” ဟာ…မင်းအသာနေစမ်းပါ ညီတိုးရာ။ သုသာန်အသစ်ဆိုလို့ ငါ ရွာထဲမှာ ကြားနေရတဲ့ သတင်းကို ပြောပြမလို့…”

” ဘာလဲ…ဒီရက်ထဲ ဟို မြေကွက်လပ်ကြီးက သရဲခြောက်တယ်ဆိုတာလား…”

” အေး…ဟုတ်တယ်…”

” မင်းက အခုမှ အဲ့ဒီ့သတင်းကို ကြားတာလား…”

” အေးဆိုကွာ…”

” အဲ့ဒီ့ သတင်းက ကြာလှပြီကွ…”

ချမ်းသာနဲ့ ညီတိုးတို့ အချီအချ ပြောဆိုနေမှုကို သာပုက ဝင်ပြောလာတယ်။

” ငါက မနက်ကမှ ကြားတာကွ…”

” ဟုတ်ပါပြီ။ အခု အဲ့ဒီ့ကိစ္စကို ရွာထဲက ကိစ္စမို့ စိတ်ဝင်စားမနေနဲ့။ ထားလိုက်တော့။ အခု တို့ အရက်သောက်နေတာကိုပဲ အာရုံစိုက်ပြီးနေ။ အခုတော့ ငါ့အလှည့်၊ ငါ သောက်ပြီ…”

ညီတိုးက ချမ်းသာကို ပြောပြီး သူ့အလှည့်ကျပြီဖြစ်တဲ့ အရက်ပုလင်းကို ကောက်ကိုင်လိုက်တယ်။

” ထားလို့ မရဘူးကွ…”

” ဟေ…”

ချမ်းသာဆီက မျှော်လင့်မထားတဲ့ ခပ်ပြတ်ပြတ်စကားအတွက် သာပုကော ညီတိုးပါ အံ့အားသင့်သွားကြတယ်။ ညီတိုးဆို မော့သောက်နေတဲ့ အရက်ပုလင်းတောင် တစ်ဝက်တစ်ပျက်နဲ့ အောက်ပြန်ချမိလိုက်လေရဲ့…။

ချမ်းသာရဲ့ မျက်နှာကို ကြည့်တော့ တစ်ခုခုအတွက် အလေးအနက် တွေးနေဟန်က အထင်းသား ရှိနေတယ်။

” ချမ်းသာ…မင်း တစ်ခုခု လုပ်မလို့လား…”

သာပုက မေးလိုက်တယ်။ ဒီအခါချမ်းသာက ” အေး…”တစ်လုံးကိုသာ ခပ်တုတ်တုတ် ဖြေလိုက်တော့ ညီတိုးက…။

” မင်းဘာလုပ်ချင်လို့လဲ…”

” ဒီကိစ္စက ရွာထဲက လူတွေ အကြောက်လွန်နေတာကွ…”

” အေး…သူတို့ ဘာသာ အကြောက်လွန်တော့ ဘာဖြစ်တုန်းကွ။ အလကား သတ္တိမရှိတဲ့သူတွေမို့ ကြောက်ကြတာ မဆန်းပါဘူးကွာ…”

” ဟုတ်တယ်။ အလကားသပ်သပ် ကြောက်ဖို့ပဲ သိတဲ့သူတွေ…”

သာပုနဲ့ ညီတိုးက အတွဲညီညီပဲ အခြေအကန်ပြောကြတယ်။ ချမ်းသာက ခေါင်းကို ကုတ်လိုက်ပြီး…။

” မင်းတို့နဲ့တော့ ခက်ပြီကွာ…”

” ဟ…ဘာကို ခက်ရမှာတုန်းကွ…”

အရက်ကလေးတွေက ခပ်ထွေထွေဆိုတော့ စကားသံတွေက ကျယ်လောင်ပြီး မချေမငံ့ပြောတဲ့အသွင် ဖြစ်နေတယ်။ ဒါပေမယ့်လည်း ဒီပုံစံက သောက်ဖော်သောက်ဖက်ဖြစ်တဲ့ သူတို့သုံးယောက် အသားကျနေပြီးသား ပုံစံတွေ။

” မင်းတို့ကို ငါပြောလိုတာ အဲ့ဒီ့သဘောမဟုတ်ဘူးကွာ…”

” မင်းက ဘာသဘော ပြောလိုတာတုန်းကွ…”

ညီတိုးက ချမ်းသာဘက်က လေအပင့်မခံ။ အတင်းကာရော ပိတ်လို့ ပြောလေတော့ ချမ်းသာက…။

” ဟာ…ပြောလေ ခက်လေဖြစ်နေပါပြီကွာ။ ဒီမယ် ငါပြောချင်တာက သရဲမရှိဘူး။ သရဲဆိုတာကို ငါ မယုံကြည်ဘူးလို့ ပြောချင်တာကွာ…”

” သရဲဆိုတာကို မင်းက မယုံဘူး။ အဓိက အဲ့ဒါကို ပြောချင်တာ…”

သာပုက ဟန်နဲ့ ပန်နဲ့ ဝင်ပြောပြီး ခေါင်းကို တဆတ်ဆတ် ညိတ်နေတယ်။

” အေး…ဟုတ်တယ် ယောက်ဖတို့ရ။ ဒီလိုကွာ…မင်းတို့နှစ်ယောက်နဲ့ငါ အရက်သောက်လာတဲ့ ပြဲပြဲစင်ကွာ။ ဒီနယ်တစ်ကြောလုံးက သုသာန်တွေမှာ သောက်ဖူးတယ်။ ခြောက်လွန်းပါတယ် လှန့်လွန်းပါတယ်ဆိုတဲ့ ကုက္ကိုလ်ပင်ခြောက်ကြီးအောက်မှာလည်း အကြိမ်ကြိမ် သွားသောက်ဖူးတယ်။ ဘယ်မလဲ သရဲ…”

” အေး…ဟုတ်တယ်။ တစ်ခါမှ သရဲဆိုတာ အခြောက်မခံခဲ့ရဘူး…”

” အေးလို့…ငါ ပြောချင်တာ အဲ့ဒါ…”

အတိုင်အဖောက်ညီညီပဲ ကျန်နှစ်ယောက်က ခေါင်းကို အပြိုင်ညိတ်ကြတယ်။ ချမ်းသာက ဆက်ပြောတယ်။

” ပြီးတော့ကွာ အခုခြောက်လွန်းပါတယ်ဆိုတဲ့ ကွင်းပြင်ကြီး။ အဲ့ဒီ့အထဲမှာလည်း ငါတို့ သောက်ဖူးစားဖူးကြတာပဲ မဟုတ်လား…”

” အေး…ဟုတ်တယ်လေ။ ဒါပေမယ့် သွားမသောက်တာတော့ ကြာသွားပြီ…”

” အေး…အခု ဒီသုသာန်မှာကောကွာ…”

” အကြိမ်ကြိမ်မှ အကြိမ်ကြိမ်ပါကွာ။ တစ်ခါတစ်ခါ သောက်ပြီး အိပ်ပြီး မနက်လင်းမှ ပြန်ကြတာ…”

” ကဲ…ဘယ်မှာလဲ သရဲ…”

” တစ်ခါမှ မခြောက်ဖူးဘူးလေ…”

” အဲ့ဒါ ပြောတာကွ…”

ချမ်းသာက စကားဖြတ်ပြီးတော့ သုံးယောက်စလုံး ငြိမ်သက်သွားကြတယ်။

ခဏကြာမှ သာပုက…။

” ချမ်းသာ…”

” ဟေ…”

” မင်းတစ်ခုခု လုပ်ချင်နေသလားလို့…”

” အေး…ဟုတ်တယ်…”

” မင်း ဘာလုပ်ချင်နေတာလဲ…”

ညီတိုးကပါ ချမ်းသာကို ဝင်မေးလာတယ်။

” ငါ…အခု အဲ့ဒီ့ကွင်းပြင်ထဲမှာ မိုးလင်းပေါက် အရက်သွားသောက်ချင်တယ်ကွ….”

” မိုးလင်းပေါက် အရက်သွားသောက်ချင်တယ်။ အေး…အဲ့ဒီ့အစီအစဥ် ကောင်းတယ်…”

ညီတိုးက ချမ်းသာကို ထောက်ခံလိုက်တယ်။

” ဟေ့ကောင်တွေ အစီအစဥ် ကောင်းတယ် လုပ်မနေကြနဲ့။ မိုးလင်းပေါက် သောက်ဖို့က ဒီကောင်နဲ့တင် မလုံလောက်တော့ဘူး…”

သာပုက အရက်ပုလင်းကို မြှောက်ပြပြီး ပြောတော့ ဦးဆောင်ထားသူ ချမ်းသာက…။

” ကိုဖေကြီးဆိုင်က ထပ်ဝယ်မှာပေါ့ကွာ…”

” သူတို့က အိပ်လောက်ပြီလေကွာ…”

” နှိုးပြီး ဝယ်မှာပေါ့…”

” အေးကွာ…ဒါဖြင့်လည်း သွားကြမယ်…”

သုံးယောက်သား ထိုင်သောက်နေတဲ့ အုတ်ဂူဆီကနေ ထလိုက်ကြတယ်။

ပြီးတော့ ရွာထဲကို ဝင်၊ တင်ဖေကြီးရဲ့ အရက်ဆိုင်ကို သွားနှိုးပြီး အရက်သုံးပုလင်းကို တစ်ယောက်တစ်ပုလင်းဆွဲလို့ ရွာအနောက်ဘက်က ကွင်းကြီးဆီကို သွားတော့တာပါပဲ…။

*******

” အားပါး…ဒီကွင်းကြီးထဲမှာ အရက်လာသောက်ရတာမှ တကယ်ဇိမ်ကွာ။ ကြည့်စမ်းပါဦး။ လေလေးက တဖြူးဖြူးနဲ့ သောက်ရတာ ကောင်းချက်…”

ချမ်းသာက ပြုံးရွှင်ကျေနပ်ပြီး ဟစ်အော်ပြောလိုက်တယ်။

” ဟား…ဟား…ဟား…ဒါကမှ သူရာနတ်ဘုံလို့ ခေါ်မလားပဲကွာ…”

” နတ်ဘုံမဟုတ်ဘူးကွ။ နိဗ္ဗာန် နိဗ္ဗာန်…”

” ဟေ…နိဗ္ဗာန်လား။ ဒါဖြင့် ကျေနပ်ရသပေါ့ကွာ…”

သုံးယောက်စလုံး အရက်သောက်ရင်း မြူးကြွနေကြတယ်။ သူတစ်ကာ ကြောက်ပါတယ်ဆိုတဲ့နေရာမှာ အရက်ထိုင်သောက်နေဖြစ်ကြတဲ့ သူတို့ကိုယ်သူတို့လည်း ဂုဏ်ယူနေကြတယ်။

” တကယ်ပါကွာ။ ကျေးတောက လူတွေက ငကြောက်တွေပါ…”

” ဟုတ်ပါ့ကွာ။ ဒီနေရာ ဒီလောက် သာယာနေတဲ့ဟာကို…”

” မင်းတို့ကလည်းကွာ။ သိသူဖော်စား မသိသူ ကျော်သွားတဲ့။ ငါတို့ပဲသိတော့ ငါတို့ပဲ ဖော်စားကြတာပေါ့ကွာ…”

” အေး…ဒါပေါ့ကွာ။ ဒါပေါ့…”

သုံးယောက်သား စကားတွေ ဖောင်ဖွဲ့ရင်း အရက်သောက်ကြတာ တစ်ပုလင်းကုန်ပြီး နောက်တစ်ပုလင်းကို တစ်ဝက်ကျိုးပါလေပြီ။ လူတွေလည်း ရေချိန်ကိုက်တာထက်ကို ကျော်လွန်သလို ဖြစ်နေပြီး မြူးတူးနေတဲ့ စကားသံတွေကလည်း အာလေးလျှာလေးကို ဖြစ်လို့လာပါပြီ။

ဒီအခိုက်မှာ သူတို့အနောက် ကွင်းထဲက လှုပ်လှုပ်၊ လှုပ်လှုပ်နဲ့ ကုန်းကုန်းကွကွ အကောင်ကြီးတွေ ထွက်ပေါ်လာတယ်။

အကောင်ကြီးတွေက သူတို့ရှိရာကို တဖြေးဖြေး တိုးကပ်လာနေတယ်။

ဒီအခြေအနေကို ဇိမ်ရစ်နေပြီဖြစ်တဲ့ ချမ်းသာတို့သုံးယောက်ကတော့ သတိမထားမိကြဘူး။ မျက်နှာချင်းဆိုင် ဇက်ကျိုးလို့ တအေ့အေ တအက်အက်နဲ့ လေတက်လိုက်၊ ဟိုကုတ်လိုက် ဒီကုတ်လိုက်နဲ့ရယ်။

” အေ့…သာပု…”

ချမ်းသာက ဇက်ကျိုးနေရင်းကနေ သာပုကို လက်လှမ်းပုတ်လို့ ခေါ်လိုက်တယ်။

” ဟေ…”

” ငါတို့ အရက်ကျန်သေးလား…”

” အေ…ကျန်သေးတယ်လေ။ မင်း သောက်နိုင်သေးလို့လား…”

” အေ့…ငါ သောက်မှာ မဟုတ်ဘူး။ ငါ့အနောက်က ညီတိုး တောင်းနေလို့…”

” ဟေ…ညီတိုးက တောင်းတယ်…”

” အေး…”

သာပူလည်း မျက်လုံးကို ပြူးပြဲလို့ သူ့နံဘေးက ညီတိုးကို အသေအချာ ကြည့်တယ်။ ညီတိုးက သူတို့အစထိုင်တုန်းကလိုပဲ မျက်နှာချင်းဆိုင်မှာ ထိုင်နေပြီး ခေါင်းငိုက်စိုက်ကျ ငိုက်မြည်းလို့ရယ်။

ဒါကြောင့် သာပုက ချမ်းသာကို လက်ပြန်တို့လိုက်ပြီး…။

” ဟကောင်…ချမ်းသာရ။ ညီတိုးက မင်း အရှေ့မှာလေကွာ…”

” ဟေ…ညီတိုးက ငါ့အရှေ့မှာ…”

ချမ်းသာက မျက်လုံးကို ပြူးပြဲပြီး သူ့အရှေ့က ညီတိုးက ကြည့်လိုက်တယ်။

” အေး…ဟုတ်သားဟ။ သာပုက ဒီမှာ။ ညီတိုးက ငါ့အရှေ့မှာ။ ဒါဖြင့်……ငါ့အနောက်က လက်ကုတ်ပြီး အရက်ပုလင်းကို တောင်းနေတာက ဘယ်သူလဲ။ အို…မသိဘူးကွာ။ ဘယ်သူဖြစ်ဖြစ် ငါ့ဘာသာ အိပ်တာပဲ ကောင်းတယ်…”

ချမ်းသာက အာလေးလျှာလေးပြောပြီး ခေါင်းကို ငိုက်ချလို့ တရှူးရှူး အိပ်လေတော့တယ်။

” ဘယ်လိုကောင်လဲ မသိဘူး။ လူတစ်ယောက်လုံး သူ့အရှေ့မှာ ထိုင်နေတာကို အနောက်မှာတောင် မြင်နေသေးတယ်လို့…”

” အဲ့ဒါ ဒီကောင်မူးနေတိုင်း ဖြစ်နေတာလေကွာ။ မင်းကလည်း…”

သာပုနဲ့ ညီတိုးတို့ ပြောပြီး နှစ်ယောက်သား ချမ်းသာကို ရယ်လို​က်မိကြတယ်။

” ပုလင်းပေး…”

ရုတ်တရက် ချမ်းသာအနောက်က ထွက်လာတဲ့ သြရှရှ အသံကြီး…။

ဒိအသံကြောင့် သာပုနဲ့ ညီတိုးတို့လည်း ချမ်းသာရဲ့ အနောက်ကို ကြည့်လိုက်ကြတယ်။

ချမ်းသာရဲ့ အနောက်ဆီမှာ လူလိုလို ကျွဲလိုလိုနဲ့ မည်းမည်းအကောင်တွေ အများအပြားပဲ ဆောင့်ကြောင့် ထိုင်နေကြလေတယ်။

သူတို့ ကြည့်မိနေကြတုန်းမှာပဲ အဲ့ဒီ့အကောင်ကြီးတွေရဲ့ မျက်လုံးတွေက ရဲခနဲ တောက်လာကြပြီး မျက်နှာအသွင်အပြင်တွေကိုလည်း ထင်ထင်ရှားရှား မြင်လိုက်ကြရတယ်။

မျက်တွင်းဟောက်ပက်၊ အရိုးခေါက်ခက်ကိုမှ အစွယ်ဖွေးဖွေးတွေက တငေါငေါထွက်လို့ပါလား။

သာပုကော ညီတိုးပါ သောက်ထားတဲ့ အရက်တွေ ဘယ်ရောက်ကုန်မှန်းမသိဘူး။ အမူးတွေပြေလို့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကြပြီး သွေးပျက်ခြောက်ခြားကြကုန်ကာ…။

” ချမ်း ချမ်းသာ…မင်း…မင်းအနောက်မှာ သ…သရဲတွေဟ…”

သာပုနဲ့ ညီတိုးက နှစ်ယောက်အပြိုင်ထအော်ပြီး ပုဆိုးစွန်တောင်ဆွဲလို့ ထပြေးကြပါပြီ။

ချမ်းသာကတော့ အိပ်ပျော်နေခဲ့ပြီမို့ ဘာမှမသိတော့။ သာပုတို့ အော်ပြီးပြေးတာကိုလည်း အမူးရှိန်နဲ့ အိပ်ပျော်ခဲ့တာမို့ သူမကြားခဲ့။ ငုတ်တုတ် ခေါင်းငိုက်စိုက်ကျရင်း နေမြဲအတိုင်းသာ ကျန်ရစ်နေခဲ့တယ်။

သူ့အနောက်နားက အကောင်ကြီးတွေကလည်း ထွက်ပြေးသွားတဲ့ ညီတိုးတို့အနောက်ကို မလိုက်ဘဲ ချမ်းသာအနားမှာပဲ ထိုင်ရင်း ကျန်ရစ်ခဲ့ကြပါရဲ့…။

********

နွေတံလျှပ်တို့က လယ်ကွင်းပြောင်ပြောင်၊ ရိုးပျက်ပြင်တွေဆီမှာ လက်လက်ထလို့ နေတယ်။

ဥတုနွေရဲ့ အပူရှိန်က လောကတစ်ခွင်ကို လွှမ်းရစ်ထားပြီး မြေပြင်ပေါ်က သက်ရှိသက်မဲ့တို့ဟာလည်း အပူဒဏ်အောက်မှာ ပြားပြားဝပ်နေသလား ထင်မှတ်ရလေတယ်။

ဒီလိုအချိန်အခါမှာ လယ်ကွင်းပြင်များအဆုံးဆီက မန်ကျည်းပင်ကြီး တစ်ပင်အောက်ဆီမှာ တစ်ယောက်ထဲ ထိုင်စကားပြောနေတဲ့ အရူးတစ်ယောက်…။

အရူးရဲ့ အသွင်အပြင်က ဆံပင်စုတ်ဖွား၊ မျက်နှာညစ်ထေးပြီး အသားတို့ကလည်း ကြေးညိုရောင်ပေါက်နေလေတယ်။

အဝတ်အစားတွေကတော့ ယောဂီရောင်ကိုမှ နွမ်းဖတ်လွန်းပြီး အရောင်ပြယ်ကာ ဝါကျင့်ကျင့်ဖြစ်နေတဲ့ အပြင်ကိုမှ အပေါက်အပြဲတို့ကလည်း နေရာအနှံ့အပြားပဲ။

တကယ်တော့ သာမန်လူတို့ မမြင်နိုင်တဲ့ သူတစ်ယောက် အရူးရဲ့ အရှေ့ဆီမှာ ထိုင်နေပါတယ်။ ကိုရင်လေး တစ်ပါးပါ။

” ဒါဖြင့် ကိုရင်လေးက အဲ့ဒါပေးအပ်ပြီးသွားရင် ဘယ်ကိုသွားမှာလဲ…”

” ကိုရင်က အဲ့ဒီ့တာဝန်ပြီးသွားရင် ကိုရင် လူပြန်ဝင်စားခွင့် ရရှိမှာပါ…”

” လူပြန်ဝင်စားရင်ကော ဒီဘဝက ပါရမီထူးက ပါရှိခွင့်ရမှာလား…”

” ရရှိမှာပါ…”

” ဒါဖြင့် ကောင်းတာပေါ့…”

” ကောင်းတာ လုပ်ဆောင်တာမို့ ကောင်းတာတွေပဲ ရရှိမှာပါ…တကာသူတော်…”

အရူးက ခေါင်းကို တဆတ်ဆတ် ညိတ်လိုက်တယ်။

” ဒါနဲ့ တကာသူတော်ကို ကိုရင် တစ်ခုလောက် မေးကြည့်ချင်တယ်…”

” မေးပါ ကိုရင်…”

” တကာကြီးကို ကိုရင် စတွေ့တုန်းက အခုလိုပုံစံနဲ့။ အဲ့ဒီ့အချိန်မှာ တကာကြီးက ရုတ်တရက် ယောဂီဝတ်နဲ့ တည်ကြည်တဲ့ အသွင်ကို ပြောင်းလဲသွားတယ်။ ကိုရင်နဲ့အတူ ထွက်လာတုန်းကလည်း အဲ့ဒီ့ပုံစံနဲ့။ နောက်တော့ တကာကြီးက အခုလိုပုံစံ ဖြစ်သွားပြန်ကော။ ဒါကို ကိုရင် နားမလည်နိုင်ဘူး ဖြစ်နေမိတယ်…”

ကိုရင်လေးရဲ့ စကားကြောင့် အရူးက တဟီးဟီး ရယ်လိုက်တယ်။ ပြီးတော့ ရုတ်တရက် ချုံးပွဲချငိုလေတယ်။

” ဘာဖြစ်လို့ ငိုတာလဲ တကာကြီးရဲ့။ အခုပဲရယ် အခုပဲငို ကိုရင်တော့ တကာကြီးကို ကြည့်ပြီး လိုက်ရူးချင်လာပြီ…”

” ဝမ်းနည်းလို့ ရယ်မိပြီး ဝမ်းသာလို့ ငိုမိတာပါ ကိုရင်လေးရယ်…”

” ဟင်…ဘယ်လိုကြီးလဲ။ ရယ်တာက ဝမ်းနည်းတယ်။ ငိုတာက ဝမ်းသာတယ်။ ဘယ်လိုများလဲ။ အကြောင်းတစ်ခုတော့ ရှိနေမယ် ထင်တယ်နော်…”

” အမှန်ပါပဲ ကိုရင်လေးရယ်။ ဟိုး…​ရှေးရှေးတုန်းက သူတော်ဆိုတဲ့ လူငယ်လေးတစ်ယောက်ဟာ အမုန်းတရားတွေ၊ အာဃာတ အငြိုးတွေနဲ့ ပြည့်နှက်လောင်ကျွမ်းခဲ့ရပြီး ကိုယ်လျှောက်တဲ့ လမ်းမှာ မလုပ်သင့်တဲ့ အရာတွေကို စည်းကမ်းဖောက်ပြီး လုပ်ခဲ့မိတယ်။ ဒီရဲ့ အကျိုးဆကိကြောင့် အခုလို ရူးတစ်ခါ ကောင်းတစ်လှည့်နဲ့ အပြစ်ဒဏ်ကို ပြန်ပေးဆပ်နေရတာပါပဲ…”

” ဪ…အပြစ်ဒဏ်ကြောင့်ကိုး…”

ကိုရင်လေးက ရေရွတ်တယ်။ ပြီးတော့ ဆက်ပြောတယ်။

” ဒါနဲ့ ရယ်တာနဲ့ ငိုတာကကျတော့ကော…”

” ဝမ်းနည်းလို့ ရယ်မိတာက သူတော်အဲ့ဒီ့အလုပ်တွေကို လုပ်မိလို့ အပြစ်ဒဏ်စီရင်ခံရပြီး လွတ်မြောက်တဲ့အခါ လူကောင်းသူကောင်းဘဝကို ပြန်ရရှိမှာမို့လို့ပါ။ စည်းကမ်းဖောက်ဖျက်မိတာနဲ့ အပြစ်ဒဏ်စီရင်ခံနေရတာအတွက်ကို ဝမ်းနည်းမိပြီး လူကောင်းဖြစ်ရမှာအတွက်ကို ရယ်မိပါတယ်…”

” ဒါဆို ဝမ်းသာလို့ ငိုရတာကကော…”

” ဝမ်းသာလို့ ငိုရတာက လူကောင်းသူကောင်းဖြစ်ပြီးနောက်မှာ အခုလိုမျိုး ကူညီထိုက်သူတွေကို ကူညီပေးခွင့် ရဖို့ရာ မလွယ်ကူတော့ကြောင့်ပါ။ လူကောင်း သူကောင်းဖြစ်ရတော့မှာအတွက် ဝမ်းသာမိပြီး ကူညီခွင့်မရတော့မှာအတွက်တော့ ဝမ်းနည်းရပါတယ်…”

” ဪ…ဖြစ်မှဖြစ်ရလေ တကာသူတော်ရယ်…”

ကိုရင်လေးက ပြုံးစစနဲ့ ပြောတော့ သူတော်လည်း မျက်ရည်တွေကို သုတ်သင်လိုက်တယ်။

” ဒါနဲ့ ကိုရင်လေးပြောတဲ့ မြကျောင်းဆောင်ဆီကို ဘယ်တော့လောက် ရောက်နိုင်မလဲ…”

” သိပ်မကြာပါဘူး။ တစ်ပါတ်မပြည့်ခင် ရောက်မှာပါ။ ဒီကနေဆို အရှေ့ဘက်စူးစူးကို သွားရမယ်။ ကျေးတောဆိုတဲ့ ရွာကို ရောက်ရင် အဲ့ဒီ့အနီးမှာ မြကျောင်းဆောင်ရှိတယ်…”

” အရှေ့ဘက်စူးစူး။ ကျေးတောရွာ…”

” အဲ့ဒီရွာနဲ့ နီးပြီး မြကျောင်းဆောင်နေရာမှာက အခုနေတော့ ဘာမှမရှိတဲ့ ကွင်းပြင်ကြီးအဖြစ်သာ ရှိနေပါတယ်။ ဒါပေမယ့် နှစ်အပိုင်းအခြား ကာလတစ်ခုမှာ ဥပါသကာခုနှစ်ယောက်ရဲ့ ကြိုးကုတ်မှုနဲ့ ထွန်းထွန်းပေါက်ပေါက်ကြီး ထွက်ပေါ်လာလိမ့်မယ်…”

” ဒါဖြင့် အဓိဌာန် ကျောက်တုံးတွေကကော…”

” အဓိဌာန်ကျောက်တုံးတွေကို ဥပါသကာခုနှစ်ယောက်က တစ်ခုဆီပိုင်ဆိုင်ထားကြရမှာပါ။ မြကျောင်းဆောင်ပေါ်ပေါက်လာဖို့အတွက် အဓိဌာန်ပြုထားတဲ့ ကျောက်တွေက ထိုက်သင့်တဲ့ ဥပါသကာကို ရွေးချယ်တာပေါ့…”

” ဪ…အဲ့ဒီလိုလား။ ဒါဖြင့် ကိုရင့်ဆီက အဓိဌာန်ကျောက်ကိုက ဥပါသကာဆီ ပေးအပ်ရမှာပေါ့…”

” ဟုတ်ပါတယ်။ ကိုရင့်ဆီက အဓိဌာန်ကျောက်အတွက် လက်ခံရမယ့် ဥပါသကာက ဒီရက်ထဲမှာပဲ ပေါ်ထွက်လာလိမ့်မယ်တဲ့။ သူ့ဆီကို ကိုရင်က အချိန်မီပေးရပါလိမ့်မယ်…”

” တပည့်တော်တို့ စဆုံကာစက ကိုရင်ပြောဖူးတယ်…”

” ဘယ်လိုတစ်မျိုးလဲ တကာကြီး…”

” အဓိဌာန်ကျောက်ခြောက်လုံးက မြကျောင်းဆောင်ဆီကို ရောက်နေပြီဆိုတာ…”

ကိုရင်လေးက ခေါင်းကို ညိတ်လိုက်တယ်။

” ဟုတ်ပါတယ်။ အဲ့ဒီ့ကျောက်တွေကိုလည်း သူ့ဆိုင်ရာ ဥပါသကာတို့ဆီကို သူ့နည်းသူ့ဟန်နဲ့ ရောက်ရှိပြီး ဥပါသကာတို့နဲ့အတူ မြကျောင်းဆောင်ဆီမှာ ရောက်နှင့်နေကြပါပြီ။ အခု ကိုရင့်လက်ထဲက ကျောက်နဲ့ ပို့ဆောင်ပေးရမယ့် ဥပါသကာက ခုနှစ်ယောက်မြောက် နောက်ဆုံးပါ။ သူ့ဆီကို အရောက်ပို့ဆောင်ပေးပြီးတာနဲ့ ကိုရင်က တာဝန်ပြီးဆုံးပြီဖြစ်သလို ဥပါသကာကလည်း မြကျောင်းဆောင်ဆီမှာပဲ အလုပ်အကျွေးပြုရင်း နေထိုင်သွားရတော့မှာပါ…”

” ဪ…”

” ကဲ…တကာကြီး။ နေအေးဖို့ကလည်း အချိန်လိုတော့ ဒီမန်ကျည်းရိပ်​ဆီမှာ တကာကြီး ​မှေးစပ်ပါဦး။ နေအေးလာရင် ကိုရင်နှိုးပါ့မယ်…”

” ဒီလိုဆိုရင်လည်း သူတော် အိပ်တော့မယ်…”

သူတော်လည်း နေရာမှာတင် ခွေခနဲ လှဲအိပ်လိုက်တယ်။

ကိုရင်လေးကတော့ နံဘေးဆီမှာ တင်ပုလ္လင်ခွေကာ ထိုင်ပြီး ​ငြမ်သက်သွားခဲ့ပါတော့ရဲ့…။

*********

” ဘုရား…ဘုရား ဒါ ဘယ်နေရာကြီးပါလိမ့်…”

ချမ်းသာတစ်ယောက် အိပ်ရာကနေ နိုးနိုးချင်း ခမ်းနားထည်ဝါလွန်းလှတဲ့ အစိမ်းရောင်အခန်းဆောင်ကြီးကို ကြည့်ကာ ရေရွတ်မိတယ်။

အခန်းဆောင်ကြီးရဲ့ ခမ်းနားထည်ဝါမှုက သူ့တစ်သက်နဲ့ တစ်ကိုယ် တစ်ခါမှ မမြင်ဖူးလောက်အောင်ပဲ ခမ်းနားထည်ဝါလွန်းနေတယ်။ ပတ်ချလည်ဟာ စိမ်းဖန့်ခြင်းတွေနဲ့သာ ပြည့်နှက်နေပြီး အနားသပ်တွေမှာ ရွှေရောင်အကွပ်တွေနဲ့ အနားသပ်ထားလေတယ်။

ချမ်းသာလည်း အခန်းဆောင်ကြီးထဲကို တအံ့တသြနဲ့ လှည့်ပတ်ကြည့်ရင်း အံ့သြနေရတယ်။ မနေ့တုန်းက အဖြစ်အပျက်တွေကိုလည်း သူပြန်စဥ်းစားလေတယ်။

မနေ့ညက အဖြစ်အပျက် အလုံးစုံကို သူပြန်တွေးမိတယ်။ မနေ့ညက သူနဲ့ သာပုတို့နှစ်ယောက် ကွင်းထဲမှာ အရက်သောက်နေခဲ့တာပါပေါ့။ အရက်သောက်နေရင်း အမူးလွန်ပြီး သူ အိပ်ပျော်သွားခဲ့ရတယ်။

အခု အိပ်ရာနိုးတော့ ဒီအခန်းဆောင်ကြီးထဲကို ရောက်ရှိနေလေတယ်။ ဘယ်ကဘယ်လို ရောက်လာရတယ်ဆိုတာကိုတော့ သူဘယ်လိုမှစဥ်းစားမရလောက်အောင်ပဲ ဖြစ်နေမိတယ်။ စိတ်ထဲလည်း သူ အိပ်မက်မက်နေတာများလားလို့လည်း မချင့်မရဲ တွေးမိပြန်ပါသေးတယ်။

ဒီအခိုက်မှာပဲ အခန်းဆောင်ကြီးရဲ့ နံတစ်ရံတစ်ခုဆီက တံခါးကြီးနှစ်ချက်က ပွင့်လာတယ်။ ချမ်းသာ ကြည့်မိလိုက်တော့ အဖြူရောက် အထက်အောက် ဝတ်ဆင်ထားကြတဲ့ လူခြောက်ယောက် အခန်းဆောင်ကြီးထဲကို ဝင်ရောက်လာကြတယ်။

ချမ်းသာလည်း အဲ့ဒီ့လူတွေကို ကြောင်အမ်းပြီး ကြည့်မိနေ​လေတယ်။

” မြကျောင်းဆောင်ရဲ့ နောက်ဆုံးဥပါသကာလေး အိပ်ရာက နိုးပြီပေါ့…”

ဝင်လာကြတဲ့ လူခြောက်ယောက်ထဲက ခေါင်းဆောင်သူလို့ ထင်ရတဲ့ လူက ပြောလာတယ်။

ချမ်းသာ သူ့ကို ပြောနေမှန်း သိပေမယ့် သူက ဥပါသကာမဟုတ်တော့ အဲ့ဒီ့ပြောသူကို ကြောင်စီစီ ကြည့်နေမိတယ်။

” ကဲ…မောင်ထင်။ မင်းပဲ ဥပါသကာလေးကို ေရချိုးသန့်စင်ဖို့နဲ့ ကျန်တဲ့ ဗာဟီရကိစ္စတွေ လုပ်ဆောင်ပေးလိုက်ပါ။ ပြီးရင်တော့ ဘုရားလေးဆူစံပါယ်ရာ အခန်းကို ခေါ်ဆောင်ခဲ့လိုက်ပါ…”

” ဟုတ်ကဲ့…နောင်တော်…”

ခြောက်ယောက်ထဲက မောင်ထုံဆိုတဲ့ ချမ်းသာနဲ့ အသက်အားဖြင့် မတိမ်းမယိမ်း ရှိမယ့် လူက ထွက်လာတယ်။

” ကဲ…ချမ်းသာ။ ရေချိုးကြရအောင်…”

ချမ်းသာ ငြင်းဆန်ဖို့နဲ့ အပြန်လမ်းကို မေးဖို့သာ တွေးမိလိုက်တယ်။ ဒါပေမယ့်လည်း ဘာကြောင့်မှန်းမသိ ​မငြင်းဆန်မိခဲ့ဘဲ အဲ့ဒီ့လူရဲ့ ခေါ်ဆောင်ရာကို လိုက်သွားမိလေတယ်။

ခန်းဆောင်ကြီးရဲ့ တစ်ဖက်တံခါးကနေ ထွက်လာခဲ့ကြပြီး အပြင်ရောက်ရောက်ချင်းမှာပဲ ကြာမျိုးငါးသွယ် ပြည့်စုံနေတဲ့ ရေကန်ကြီးကို တွေ့လိုက်ရတယ်။

” ဒီကန်က တို့ ရေချိုးတဲ့ ကန်ပေါ့။ ဟိုးဘက်မှာ သောက်တော်ရေကန်၊ မျက်နှာသစ်ကန်တွေ ရှိတယ်။ ကဲ…ရေဆင်းချိုးလိုက်ပါဦး…”

ချမ်းသာလည်း ရေဆင်းချိုးလိုက်ပါတယ်။ ရေနဲ့ ထိတွေ့လိုက်တာနဲ့ တစ်မူထူးတဲ့ အေးစိမ်မှုကို ခံစားလိုက်ရတယ်။ ဒါပေမယ့် နင့်နဲစွာနဲ့ ချိုးလို့ကောင်းနေတယ်။

ရေကို တစ်ဝကြီးချိုးကြီး အပေါ်ပြန်တက်လာတော့ မောင်ထင်က အဖြူရောင် အဝတ်တစ်စုံကို ကမ်းပေးလာတယ်။

” ဒါကို ဝတ်လိုက်…”

ချမ်းသာလည်း ဘာမှမေးမြန်းပြောဆိုမနေဘဲ ဝတ်ဆင်လိုက်တယ်။

” ကဲ…နောင်တော်တို့ဆီကို သွားကြစို့လား…”

ချမ်းသာလည်း အရှေ့က မောင်ထင် ခေါ်ဆောင်ရာ အနောက်ကို ထပ်မံလို့ လိုက်ခဲ့မိတယ်။

ရေချိုးအတဝ်အစားလဲလှယ်ပြီးကတည်းက သူ့တစ်ကိုယ်လုံးဟာ အရာရာထက် ပိုမိုသန့်စင်လွန်းနေတယ်လို့ ခံစားနေရတယ်။ ပေါ့ပါးလန်းဆန်းနေမှုကလည်း သူမတူအောင်ပါပဲ။

မောင်ထင်က တံခါးတစ်ချပ်ကို ဖွင့်ပြီး အစိမ်းရောင် အဆောင်ကြီးထဲကို ခေါ်ဆောင်သွားတယ်။

မကြာလိုက်ဘူး။

ဆီမီးရောင်တွေနဲ့ လင်းချင်းလွန်းနေပြီး ဘုရားပန်းတွေ ဝေဝေဆာဆာနဲ့ သပ္ပါယ်တင့်တယ်လွန်းတဲ့ ဘုရားလေးဆူရှိရာ အခန်းဆောင်အတွင်းကို ရောက်ရှိသွားခဲ့ပါတယ်။

အခန်းထဲမှာတော့ အရှေ့က ဥပါသကာ ငါးယောက်က မျက်နှာချင်းဆိုင် ဝိုင်းဖွဲ့လို့ ထိုင်နေလေတယ်။ မောင်ထင်ပြတဲ့ နေရာမှာ ချမ်းသာလည်း ဝင်ထိုင်လိုက်တယ်။

” ကဲ…ချမ်းသာ။ ဒီကို ဘာကြောင့် ရောက်လာရသလဲ၊ ဘယ်လိုအကြောင်းလဲဆိုတာ အကြောင်းစုံ သိရှိရအောင် ပြောပြပါမယ်…”

” ဟုတ်ကဲ့ နောင်တော်…”

မောင်ထင်ခေါ်သလိုပဲ ချမ်းသာလည်း လိုက်ခေါ်လိုက်တယ်။

” ဒိနေရာကို မြကျောင်းဆောင်လို့ ခေါ်ပါတယ်။ တို့တစ်တွေက မြကျောင်းဆောင်က အဓိဌာန်ကျောက်တို့နဲ့ ရွေးချယ်တာကို ခံထားရတဲ့ ဥပါသကာ ခုနှစ်ယောက်ပေါ့…တို့တစ်တွေဟာ နောင်ပွင့်လန်းလာမယ့် သာသနာအတွက် အထောက်အပံ့ဖြစ်စေရာ ဒီမြကျောင်းဆောင်ကြီးကို အလေးအမြတ်ထား စောင့်ရှောက်ရမယ့် သူတွေပဲ…”

” ဟုတ်ကဲ့…”

ချမ်းသာ ခေါင်းကို ညိတ်လိုက်မိပါတယ်။

” ဥပါသကာ စင်စစ်ဖြစ်ဖို့အတွက်ကတော့ အဓိဌာန်ကျောက်လိုပါတယ်။ ချမ်းသာအတွက် အဓိဌာန်ကျောက်က မရရှိသေးတော့ အခုနက အခန်းဆောင်ဆီမှာပဲ သက်တောင့်သက်သာ နေပါဦး။ ချမ်းသာရဲ့ အဓိဌာန်ကျောက်က မကြာခင်ရက်အတွင်းမှာ ရောက်ရှိလာပါလိမ့်မယ်…”

” ဟုတ်ကဲ့ပါ နောင်တော်…”

” တို့တစ်တွေဟာ အခုကစပြီး အရင်က ရှိပေမယ့် မပြည့်စုံခဲ့တဲ့ ဥပါသကာဂုဏ်ဆယ်ပါးကို စောင့်ထိန်းလိုက်နာကြရလိမ့်မယ်။ ကဲ…ကျန်တာတွေကတော့ နောင်ကျရင် ချမ်းသာ သိလာပါလိမ့်မယ်…”

အခန်းဆောင်အတွင်းဆီက ပြန်ထွက်လာပြီးတော့ ချမ်းသာရဲ့ စိတ်တွေမှာ ညစ်နွမ်းမှုရယ်လို့ စိုးစဥ်းမှ မရှိတော့သလို ခံစားရလေတယ်။

မိဘ၊ မွေးချင်းရယ်လို့လည်း မရှိ၊ သံယောဇဥ်ရယ်လို့လည်း မရှိဘဲ ဦးလေးဖြစ်သူအိမ်မှာ နေထိုင်တဲ့သူ အိမ်ပြန်ချင်စိတ်လည်း မရှိတော့သလို ပြင်ပဆီက ဘာကိုမှလည်း စိတ်ထဲ သတိရမနေတော့ပါဘူး။

********

မနက်ဝေလီဝေလင်းအချိန်မှာ သူတော်နဲ့ ကိုရင်လေးတို့ဟာ ကွင်းပြင်ကြီးဆီကို ရောက်ရှိလာခဲ့ကြတယ်။

” ဒီနေရာပါပဲ…”

ကိုရင်လေးက ပြောပြီးတော့ တစ်နေရာဆီမှာ ရပ်ကာ သူ့အိတ်ထဲက အဓိဌာန်ကျောက်တုံးကို ထုတ်ယူလိုက်တယ်။

ဒိအခါ အဓိဌာန်ကျောက်ဆီက စိမ်းဖန့်တဲ့ အခင်းတွေက ဖြာထွက်လာပြီး ပတ်ဝန်းကျင်တစ်ခုလုံးကို လွှမ်းခြုံသွားကာ မြေပြင်က တုန်ဟည်းပြီး တော်လဲသံတွေ ထွက်ပေါ်လာခဲ့ပါတယ်။

အဲ့ဒီ့နောက် တစ်ခဏအကြာမှာ အရာရာ ပြန်လည်လို့ တိတ်ဆိတ် ငြိမ်သက်သွားခဲ့ပြီးနောက်မှာတော့ သူတော်တို့ရဲ့ မျက်စိအရှေ့မှာ ခမ်းနားထည်ဝါလွန်းတဲ့ မြသားရောင်ရွှေကွပ်တဲ့ ကျောင်းဆောင်ကြီးကို မြင်တွေ့လိုက်ကြရပါတယ်။

သူတော်ကလည်း သူကိုယ်တိုင် မပြောင်းလဲပါပဲ မူလပြန်နေခဲ့ရတယ်။

ကျောင်းဆောင်ကြီးရဲ့ အရှေ့မှာ အဖြူရောင်ဝတ်ဆင်ကြတဲ့ ဥပါသကာ ခုနှစ်ယောက် ရပ်နေကြတယ်။

” အဓိဌာန်ကျောက် လာရောက်ပို့ဆောင်တာပါ…”

ကိုရင်လေးက ပြောတော့ ဥပါသကာခုနှစ်ယောက်က သူတို့အထဲက တစ်ယောက်သောသူကို ဝိုင်းကြည့်လိုက်ကြပြီး…။

” ချမ်းသာ မင်းပိုင်ဆိုင်ရမယ့် အဓိဌာန်ကျောက်ရောက်ရှိလာပြီ။ လက်ခံယူဆောင်လိုက်ပါ…”

ချမ်းသာဆိုတဲ့ ဥပါသကာက ကိုရင်လေးဆီကို လှမ်းလျှောက်လာပြီး ပုဆစ်တုပ် လက်အုပ်ချီလို့ အဓိဌာန်ကျောက်ကို လက်ခံယူပါတယ်။

ဒိအချိန်မှာ ကျန်တဲ့ ဥပါသကာခြောက်ယောက်တို့က သရဏဂုံသုံးပါးကို ကိုးကွယ်ဆည်းကပ်ပါကြောင်းတရားကို အသံပြိုင်ရွတ်ဆိုကြပါတယ်။

သူတော်လည်း သူ့မျက်စိအရှေ့မှာ မြင်နေရတာတွေအတွက် အံ့သြမင်သက်ခြင်းများစွာ ဖြစ်မိနေပါတယ်။

ချမ်းသာဆိုတဲ့ ဥပါသကာက အဓိဌာန်ကျောက်တုံးကို လက်ခံပြီးချိန်မှာတော့ ဥပါသကာခုနှစ်ယောက်စလုံးက အမျှအတန်းပေးဝေကြလေတယ်။

ဒီအခါမှာတော့ ကိုရင်လေးကော သူတော်ပါ လိုက်ပါလို့ သာဓု သာဓု သာဓု သုံး​ကြိမ်ကို လှိုက်လှိုက်လှဲလှဲပါပဲ ခေါ်ဆိုလိုက်မိကြပါတော့တယ်။

သာဓုခေါ်ဆိုပြီးနောက်မှာတော့ ကိုရင်လေးရဲ့ ပုံရိပ်ဟာ နေလာနှင်းပျောက်သလိုပဲ တဖြေးဖြေး ဝေဝါးပြယ်လွင့်လာပါတယ်။

” ကျေးဇူးတင်ပါတယ် တကာသူတော်…”

ကိုရင်လေးက မပျောက်ကွယ်ခင် နောက်ဆုံးသော စကားကို ပြောလိုက်တယ်။ သူတော်လည်း ပြုံးပြုံးကြီးနဲ့ လက်အုပ်ကို ချီလိုက်မိပါရဲ့…။

*********

ချမ်းသာတစ်ယောက် ကွင်းပြင်ကြီးထဲမှာ ပျောက်ဆုံးသွားတဲ့ ကိစ္စ ဖြစ်ပျက်ပြီးနောက်မှာတော့…။

ကျေးတောရွာက လူတွေဟာ ​ခြောက်လှန့်ရုံတင်မကတော့ဘဲ ပိုမိုဆိုးသွမ်းလာတယ်လို့ ယူဆရတဲ့ နယ်မြေကြောင့် သုသာန်ပြောင်းရွှေ့မယ့်ကိစ္စကို ကန့်ကွက်ဆန္ဒပြုကြပါတော့တယ်။

တစ်ရွာလုံးက ကန့်ကွက်သလို တစ်နယ်လုံးကလည်း ညီညီညွတ်ညွတ် ကန့်ကွက်ကူကြတဲ့အတွက် နောက်ဆုံးမှာတော့ သုသာန်ရွှေ့ပြောင်းမယ့် အစီအစဥ်ကို အာဏာပိုင်တို့က ဖျက်သိမ်းပေးလိုက်ကြပါတယ်။

ဒီလို ဖျက်သိမ်းလိုက်ပြီးတဲ့ နောက်မှာတော့ ကွင်းပြင်ကြီးဟာ အိုးအိမ်တည်ဆောက်နေထိုင်ခြင်းမှအပ ခြောက်ခြင်းလှန့်ခြင်းမျိုးတစ်စုံတစ်ရာ မရှိတော့ဘဲ အရင်လိုပဲ သွားလာဖြတ်သန်းလို့ ရခဲ့ပါပြီ…။

ပြီးပါပြီ။