မြေလှိုင်းခတ်သံ

Posted on

မြေလှိုင်းခတ်သံ(စ/ဆုံး)

————————

” ခွေးတွေများအူလိုက်တာများနားကိုငြီးလို့အေ။ ကျုပ်ဖြင့်ဟိုတုန်းကစိတ်ဆိုရင် နီးနားကကျောက်ခဲတစ်လုံးနဲ့ပစ်ထည့်ပလိုက်မယ်။ ဘယ်နှယ့်များအေ သခင်ကိုတွေ့တာများ သူစိမ်းကျလို့။ ကိုလှဖေလည်းအရေးအကြောင်းဆို အားကိုးလို့ကိုမရ”

ဘေးက အိပ်နေသောယောကျာ်းကို နှိုးလိုက်တယ်။ တော်ယုံ မနှိုးတတ်တဲ့ယောကျာ်းအကြောင်းကို မိပုသိတော့ မိပုလုပ်နေကျ ရေခွက်ကိုအရင်လိုက်ရှာသည်။ ပြီးရင် လင့်ကိုဗွမ်းခနဲ့ လောင်းလိုက်မယ်ဟု လုပ်နေကျထုံးစံအတိုင်းလုပ်မယ်ဟုတွေးလိုက်သည်။
အိမ်နောက်ဖေးကိုထွက်သွားသည်။

“ဟင့် ဒီကာလနဂါးကို ဒီအတိုင်းပဲနှိုးမှ၊ တစ်ခြားနည်းမရှိ” တစ်တွတ်တွတ်နှင့်တစ်ယောက်တည်းငြီးတွားသည်။ အရက်ကလေးတမြမြနဲ့ နေဝင်မိုးချုပ်မသိဘူး။ တစ်နေ့လာ ကြက်တိုက်မယ်၊ဖဲရိုက်မယ်နဲ့ပဲ ပြီးသွားတာ။ မိပုအပျိုဖော်ဝင်စကောက်စိုက်တုန်းကဆိုမိပုကိုမရရင်သေတော့မယ်လိုလိုနဲ့ အရက်ကိုဖျက်ပါမယ်ဆိုပြီမိပုအဖြေပေးရတယ်၊အခုဟာကဖြင့် မိပုတောင် ကလေးတစ်ယောက်နှင့် အရက်ဖျက်ပါ့မယ်ဆိုတဲ့ကတိ ဘယ်မှာလဲ။ အရက်သမားတို့ရဲ့ကသစ္စာများအေ ရယ်ချင်လိုက်တာမှစိတ်လည်းနာတယ်။ ဟိုနေ့ကတောင် ကလေးတစ်ယောက်ကို အိပ်မက်မက်ပြန်တယ်။ မိပုများဗိုက်နောက်တစ်လုံးပြန်ကြီးတော့မလားမသိဘူး စိုးရိမ်မိတယ်။ အရေးက သင်းက အားကိုးလို့မရ။

မိပုခြေလေးငါးလှမ်းသည်။ ရေခွက်လှမ်းယူမယ့်အပြု ခွေးကသူနားကပ်တစ်ထက်ကပ်လာသည်။ “ဟဲ့ခွေး'”သွားစမ်း။ ဟဲ့…ဟဲ့….

မိပု အမေ့ကိုလှမ်းသတိရသွားသည်။ ရွာမှာကျန်ခဲ့တဲ့သမီးလေးကိုသူသတိရသွားသည်။ ဒီချိန်များ သမီးတို့လည်း ဘေးကင်းပါစ။ ရွာမှာဆို ဒီချိန်ဆို အိပ်လို့ကောရပါ့မလား။ ဟိုတစ်နေ့ဖေ့ဘုတ်ထဲကမိပုရွာနားကရွာမှာ လေယာဉ်ဗုံးလာကျဲသွားတာကို မိပုတို့လင်းမယားက မြင်ခဲ့ရတာ အနိဋ္ဌာရုံတွေကြီးပါပဲ။ ဒါပေမဲ့ မိပုတို့ရွာက တစ်ခြားရွာထက်စာရင် ကံသီတယ်လို့ပဲပြောရမှာပေါ့။ လေယာဉ်ဝဲတာတော့ ရှိတယ်။ ဗုံးကျဲခံမထိဘူးရယ်။ မိပုတို့ ဘန်ကောက်မတက်ခင် ကျင်ပုန်းတွေကို တူးထားတာမှနက်လို့။ ဒါပေမဲ့ ကျင်းပုန်းထဲမှတော့တစ်ခါမှ ဝင်မပုန်းရဘူး။ မိုးတွင်းဆို ကျင်းပုန်းတွေက ရေအပြည့်ပဲ။ သမီးလေး ကျင်းပုန်းမှာသွားသွားကစားလို့ ယောကျာ်းကိုသွားပြီး ပြန်ဖုံးခိုင်းတယ်။ ပွင့်လင်းရာသီမှ ပြန်တူးမယ်ဆိုပြီး ပြန်မတူးဖြစ်တော့။ သတင်းကျွတ်ကတည်းက ဘန်ကောက်ကို ခိုးလမ်းနဲ့တက်လာခဲ့တာ။ အခွင့်အခိုက်ကောင်းတုန်းမို့ ဘန်ကောက်ကို ဆိုက်ဆိုက်မြောက်မြောက်ရောက်သွားတာ။ ငါးလသာသာပဲရှိသေးတာ အထောက်အထားဆိုတာလည်း ဘာမှမရှိဘူး။ ရွာကဉီးလေးအဆက်နဲ့တက်လာတာမို့ မိပုတို့ အလုပ်က ရှာစရာမလိုတော့ဘူးရယ်။ မိပုတို့က အလုပ်ဆိုမကြောက်ပါဘူးအေ။ ရွာမှာဆို နေပူပူနဲ့ ဗျက်ခေါင်းရွက် ၊တစ်ခါတလေနေ့စား ပန်းရံကို ကိုလှဖေနဲ့တူလုပ်ဖူးတာပဲ။ ယောကျာ်းတွေ နဲ့ရင်ဘောင်တန်းပြီး မိပုလည်းလုပ်နိုင်ပါ့တော်။ အခုလည်း ဆောက်လုပ်ရေးတစ်ခု မှာ လုပ်ရတာ ဘိလပ်ဖျော်၊ ကိရိယာတွေသယ်တာက အစ စက်ယန္တရားနဲ့ဖျော်တာများ မိပုမပင်ပန်းပါ။ လစာကျ ကောင်းတယ်လို့ပြောရမှာပဲပေါ့။ တစ်ရက်ကို ဘတ်( )လောက်ရတယ်။ မိပုအဆင်ပြေတယ်။ ဒါပေမဲ့ မိပုတို့ ထိုင်းပုလိပ်ကို ကြောက်ရတာပေါ့။ တစ်ခါက သူတို့ဝင်စစ်လိုက်တာ မြန်မာပြည်သားတွေ အုတ်လိုက်ကျင်းလိုက်ပါသွားတာ။ သူဌေးက မရွေးနိုင်လို့ဗမာပြည်အကုန်အပို့ခံရတယ်ဆိုလားပဲ။ မိပုတို့မလာခင်က တစ်သုတ်ဆိုဒီလိုပဲပြောတာ။ သူဌေးက စာရွက်စာတမ်းလုပ်ပေးမယ်ဆိုတော့ ပုလိပ်မလာတာလည်းဖြစ်မှာပေါ့။
တစ်နေ့ကတောင် ရွာ့ဉီးလေးက
“ညည်းတို့မပူနဲ့အေ သူဌေးက အစစအရာရာ လုပ်ပေးလိမ့်မယ်။မပူနဲ့ သူဌေးက ပုလိပ်နဲ့ပေါင်းထားတာ”
ဆိုတော့ မိပုစိတ်အေးသွားတယ်။

မိပုတို့လင်မယားနှစ်ယောက်ခိုးလမ်းနဲ့တက်စရိတ်အကြွေးတွေမကျေသေးပါ။ နောက်နှစ်လ၊သုံးလလောက်ဆိုကြေလောက်တယ်။
မိပုတို့တက်လာတုန်းကဆို တောလမ်း၊တောင်လမ်းများဆို နက်လိုက်တာမှမှောင်ပိန်းလို့။ တက်လိုက်ရတဲ့တောင်ဆို အလုံးပေါင်မနည်းဘူး။ မိပုတောင်လက်လျှော့ရတော့မယ်လိုလို။ ကိုလှဖေက မိပုကို ကုန်းပိုးပါတယ်။ ဒါပေမဲ့ မိပုက သူ့ကိုအားနာလို အံ့ကြိတ်ပြီးလမ်းလျှောက်လာရတာ။ ကြုံရတာလည်းဆုံးပါပဲ။ တောတောင်ရေမြေအလှကိုဆိုတာမိပုဘာမှန်းမခံစားနိုင်ဘူး။ ကားထဲကိုလူကိုငပိသိပ်ထည့်သလို ထည့်လာတာမို့ မိပုအသက်ရှူမဝသေး။ တချို့ဆိုအန်တယ်။ မိပုခေါင်းကို တူကြီးကြီးနဲ့ထုထားသလိုပဲလေးလိုက်တာမှအေ။

ဘန်ကောက်ရောက်ခါတုန်းစဆိုမိပုဘာမှအသားမကြဘူးရယ်။ သမီးလွမ်းစိတ်ရယ်၊အမိလွမ်းစိတ်ရယ်မိပုလုံးဝကိုမပျော်တာ။ ထိုင်းအစားစားဆိုလည်း အချိုတွေများလား၊သကြားများလားမိပုစားမတတ်ဘူး။ ကိုလှဖေဆို အကုန်စားနိုင်တယ်။စစရောက်ချင်း ရွာကဉီးလေးက သဘောကောင်းပေမဲ့သူ့မယားက အရှုပ်အယှက်မပတ်သက်ချင်တဲ့သဘောမျိုး။ မိပုလည်း မိန်မသားချင်းမို့ ရိပ်မိတာပေါ့။ ထုပ်မပြောချင်တော့ပါဘူး။

“ညည်းတို့ ကိုယ့်ခန်းကိုယ့်အိမ်လိုသဘောထားပြီးနေပါမိပုရယ်၊ ငါတို့က တစ်ရွားသားပေသိ မောင်နှမလိုပဲမလား”

အဲတုန်းက မိပုက သူ့မယားရဲ့နှုတ်ခမ်းလေးတင်းထားတာကိုသတိထားမိပါရဲ့။ အေလေ…ဒီလိုလေးပေလေးတန်းအခန်းလောက်နဲ့သူ့ခများကျင်းကြပ်ရှာမှာပေါ့ မိပုနားလည်းပါတယ်လေ။

နောက်တစ်နေ့မိပုတို့အလုပ်ရတော့ သူဌေးပေတဲ့ဆိုက်ထဲမှာပဲမိပုနေနေရတယ်။ ဆိုက်ထဲဆိုပေမယ့်မိပုနဲ့ကိုလှဖေအတော်လွတ်လပ်တယ်။ တစ်ခါတလေ ကြက်ဉကြော်စားလိုက်။ တစ်ခါတလေ ရွာကဉီးလေး ဝယ်လာတဲ့ဟင်းနဲ့လည်းပြီးတာပါပဲ။ သူများနဲ့နေရသလိုစိတ်မကျဉ်းကြပ်နေဘူးပေါ့။ မိုးရွာလျှင် ရွာတွေလို ဖားများအော်လိုက်တာများ။ မိပုတို့မတ်မတ်ရရ ကိုလှဖေနဲ့တစ်ညဖားသွားရိုက်ကြတာ ဖားတွေများကြီးရတယ်။ ဖားဟင်းတောင်စပ်စပ်လေးချက်စားသေးတယ်။
ဒီလိုချိန်ဆိုရွာမှာ နေပူမြေကြားအက်တွေမှာဖားတွေပေါရောဆို။နောက်တောတန်းခပ်အုပ်အုပ်တွေ ပုဇဉ်းရင်ကွဲကောင်တွေလည်းမြည်နေရောပေါ့။ နွေရောက်ပြီဆိုတော့ မကြာခင်လည်း သင်္ကြန်ရောက်တော့မှာကို အခုမှသတိထားမိတယ်။ ဒီလကုန်အတွက်သမီးတို့အဖို့ ငွေတချို့ပို့ပေးရမယ်။ ဒီကိုရောက်ကတည်းက ငွေဆိုလိုတစ်လိုက်၊ခဲလိုက်ပို့ရတာမှမဟုတ်တာ။ အမေ့ကိုလည်းကန်တော့ရင်းအနေနဲ့ပေါ့လေ။ သမီးဆို ဆရာမကယိမ်းအကတိုက်ပေးမယ်ဆိုလားပဲ။ ဟိုနေ့က အမေနဲ့သမီးကို ဖုန်းပြောလို့သိရတယ်။ မိပုတောင် ဗီဒီယိုရိုက်ပြီး ပို့လာခိုင်းတယ်မလား။ ဒီဘက်ကသင်္ကြန်ဆိုတာ ဘာမှန်းမသိပါဘူး။ ပိတ်ရက်တွေရှိမယ်လို့တစ်နေ့ကစည်းဝေးလုပ်သေးတယ်။ တချို့ကျရွာပြန်မယ်။ တချို့ကျလည်မယ်ပေါ့။ သူတို့က အထောက်အထားနဲ့ လေးငါးနှစ်ရောက်တဲ့သူတွေချည်း။ မိပုလည်းသူတို့ကိုအားကျလိုက်တာမှ။ မိပုကဖြစ်နိုင်ရင် အထုပ်တောင်မဆွဲဘဲ ရွာကိုတန်း ပြေးပြန်ချင်တယ်။

ကိုလှဖေကျ ဒီကိုရောက်ကတည်းက အလုပ်ကိုကြိုးစားရှာပါရဲ့။ ခါတိုင်းဆို သင်းက လက်ကြောမတင်းချင်။ အမြင်ကျယ်တယ်လို့တော့ပြောရမလဲ။ ရွာမှာတုန်းကဆို သူများတွေ ပူတယ်လောင်းတယ်ဆိုရင် သူကတော့ ထန်းပင်ကနေမခွာဘဲ အေးအေးလူလူပါပဲ။ မူးလိုက်တာမှနေ့တိုင်းလိုပါပဲ။ မိပုလည်း တစ်ခါတလေ သူ့ကိုစိတ်ပျက်ချင်တယ်။ အခုတော့လည်းကိုလှဖေ တစ်ပါးတိုင်းမှာလားမသိ မိပုကိုဂရုစိုက်ပါတယ်။
“ကျုပ်မိန်းမပိန်သွားသလိုပဲ ကျုပ်တော့ဉီလေးကို ကြက်သားမှာပြီး မိန်းမကိုပြုတ်ကျွေးချင်တာပါပဲ”
မိပုကလည်း နဂိုကတည်းက ဝါးခြမ်းပြားကိုယ်လုံး ကိုယ်ကိုယ်ကိုယ်သိတာမို့ ကိုလှဖေကိုမျက်စောင်းပစ်လိုက်သည်။ သင်းကဘာတွေထဖြစ်အခုတလော။
“မိန်းမရေး ဒီနေ့အလုပ်ဘယ်ချိန်ဆင်းရမလဲ”
မိပုက မသိရန်ကောဆိုတဲ့ အကြည့်နဲ့တစ်ချက်မျက်စောင်းထိုးလိုက်ပြီး

“ရှင်ဒီနေ့ ဘာတွေဖြစ်လဲ၊ နေ့မကောင်းဘူးလား”

“မိပုတို့က စကားပြောရင်ဖောက်ပြီ၊ ငါ့စိတ်ထဲတမျိုးကြီး ဒီနေ့အလုပ်မလုပ်ချင်ဘူး၊နားချင်တယ်ကွာ”
ဟုတ်လည်း၊ဟုတ်သည်။ မိပုတို့ဒီဆိုက်ထဲ လုပ်ကတည်းက နေ့စားခနဲ့လုပ်တာမို့ နားရက်ယူရင်ပိုက်ဆံမရတာကြောင့် မိပုတို့တစ်ယောက်မှမနားပါ။ ဘာဖြစ်ဖြစ်လေ အကြွေးတွေရှိသေးတယ်မလား။ နောက်ဒီလအတွက် သမီးတို့ ငွေတချို့ အမေ့ကို အလှူအတန်းလုပ်ဖို့ရယ်မိပုအလုပ်လုပ်မှရမယ်။ မိပုက နားချင်ပေမယ့် ကိုလှဖေရှေ့မှာဟန်ပြလုပ်ရတယ်။

“ဘယ်ဖြစ်မလဲ ကိုလှဖေရဲ့ ရှင့်မှာလည်းကြွေးနဲ့မီးနဲ့မလား၊ ရှင်လည်းဘန်ကောက်ရောက်တာ ကြာပဲ၊ရှင့်မိဘအတွက်လည်း ပို့အုံးမှလေ”

ကိုလှဖေတို့မိဘတို့လည်း တခြားရွာပေသိ လေယာဉ်ဒဏ် စစ်ဘေးဒဏ်အလူးအလိမ့်နဲ့ခံရတဲ့ရွာ။ သူတို့တွေလည်းမိပုတို့ရွာကရှိတဲ့ဆွေမျိုးဆီ လာပြောင်းကြတာပါပဲ။ မိပုတို့ရွာတုန်းကဟင်းကောင်းစားရင်ဟင်းကောင်း၊ ပဲပုတ်ချဉ်စားရရင်ပဲပုတ်ချင်ပို့တာပါပဲ။ မိပုကို သမီးအရင်းလည်းသူတို့ချစ်ရှာတာပါပဲ။ မိပုက အမေပဲကျန်တော့တာမို့ မိစုံဖစုံမဟုတ်လို့လား မသိမိပုကိုသူတို့ချစ်ကြတာ။မိပုကံကောင်းပါတယ်လေ။

“အေ ရှင်တကယ်မနိုင်ရင်လည်းနားလေ၊ အကုန်လုံး ဝဏ္ဏပြောပေးလိုက်မယ်”
ဝဏ္ဏ(အလုပ်ဆိုက်ထဲအာဏာရှိသူတစ်ယောက်)ကိုအကျိုးသင့်အကြောင်းသင့်ပြောပြရမယ်။ ကိုယ်တိုင်ပြောမတတ်ပေမယ့်ထိုင်းစကားတတ်တဲ့ ညီမတစ်ယောက်နဲ့ပြောခိုင်းရမယ်။ သူကခဏခဏအလုပ်ပျက်ရင်မကြိုက်ဘူး။ အလုပ်ပျက်ပါများရင်လည်းမောင်းထုတ်တယ်။ ဒါကိုလည်းမိပု ကိုလှဖေအတွက်စိုးရိမ်ရတယ်။
“နင်ကောမနားဘူးလား”

“ဟင့်အင်း”

“ဟာ နင်ကမနားရင် ၊ငါကဘယ်လိုနားမလဲ၊”

“နားပါကိုလှဖေရဲ့”

ဟင့်အင်း…။ မိပုထွက်သွားတော့ ကိုလှဖေလည်းမိပုနောက်လိုက်သွားသည်။

မိပုတို့အလုပ်စခင် ဆောက်လုပ်ရေးတိုက်အောက်မှာ မိပုတို့လင်းမယားအဖွဲ့၊ အခြားလေး၊ ငါးဖွဲ့ စကားဖွဲ့ကြတယ်။ အလုပ်ချိန်က မရောက်သေးပဲကိုး။
“ညီမတို့က ဘာလို့ တစ်ခြားအလုပ်မလဲ၊ဒီအလုပ်က ပင်ပန်းတာနဲ့၊နေကလည်းပူတာနဲ့၊တစ်ခြားအလုပ်ပြောင်းလုပ်ပေါ့ ကိုယ်က အထောက်အထားလည်းစုံ၊ ထိုင်းစကားလည်းရရက်သားနဲ့၊ ”

“တစ်ခြားအလုပ်က လစာနည်းတယ်အစ်မ၊ဒီအလုပ်က နည်းနည်းရများတယ်။ နေပူတာကလွှဲရင် အားလုံးအဆင်ပြေတယ်၊ နောက်ရွာက ကုန်စျေးတွေက တအားတက်တော့ အဆင်မပြေဘူးလေ အစစအရာရာ စျေးကြီးတော့ ၊ဒီဘန်ကောက်မှာညီမတစ်ယောက်တည်း ရွာက မိဘ၊နဲ့အငယ်တို့ကိုကြည့်ရသေးတာ”

“ဪ” မိပုကဪတစ်ချက်တာချတော့သည်။ မိပုတို့ဘဝနဲ့သူတို့ဘဝက ဘာထူးလို့တုန်း။ ဟိုစုစုဒီစုစု ထိုင်နေကြသူတွေလည်း ထိုနည်းလည်းကောင်းပါပဲလို့မိပု ကောက်ချက်ချလိုက်သည်။

“တီး….” အလုပ်ချိန်တီး နာရီစက်မြည်နေပြီ။ သူအုပ်စုနဲ့သူ လူခွဲပြီး ပုံး၊ခွက် အလုပ်နဲ့သက်ဆိုင်တဲ့ပစ္စည်းတွေ ကောက်ကိုင်ကာ သူလိုကိုယ်လို သူနေရာနဲ့သူအလျှိုလျှိုထွက်ခွာသွားသည်။

မိပုတိုက်အောက်ကို တစ်ချက်ငုတ်ကြည့်လိုက်တယ်။ တိုက်က အထပ်သုံးဆယ်ရှိသည်။ မိုပုက အမြင့်ဆိုမကြောက်တတ်သူပါ။ မိပုဒီနေ့အထပ်၂၈လောက်မှာ အလုပ်တာဝန်ရတယ်။ ကိုလှဖေက အထပ်သုံးဆယ်မှာ တာဝန်ကျတယ်။ မိပုတစ်ခါခါအောက်ကိုငုံ့ကြည့်ရင် လူတွေအရာဝတ္ထုတွေ၊ မိပုတို့နေတဲ့သဲ တွေ အုတ်ခဲဘီလပ်မြေက သေးသေးလည်းကျန်တယ်။ အမြင့်မကြောက်တဲ့မိပုတောင်ဒီနေ့အဖို့ကြောက်စိတ်မိတယ်။ နေ့လယ်စာစားပြီးအလုပ်ပြန်လုပ်ရတာမို့ အနည်းငယ်ငိုက်လာသည်။ ပါးစပ်ထဲကို ကွမ်းတစ်ချက်ဝါးလိုက်တယ်။ အိပ်ငိုက်ပြေအောင်ပေါ့။ ကွမ်းတစ်ယာညက်လာတော့ မိပု မူးသလိုသလို ဖြစ်လိုက်သည်။ ဟင်…ကွမ်းမူးတာလား။ မိပုကွမ်းတစ်ခါမှမမူးဘူး။ မိပုသွေးတိုးရှိတာလား ဟင့်အင်းမရှိဖူးဘူးလေ။ မိပုဘေးကအရာတွေကို တစ်ချက်သတိထားလိုက်တယ်။ အရာဝတ္ထုအားလုံး ယိမ်းထိုးနေတယ်။ အသံဖလံတွေ တွေ ဖောက်ခနဲ့ ဖျက်ခနဲ ကျိုးဆတ်ထွက်ကုန်တယ်။ နိုင်ငံခြားကားထဲလို ဖြစ်ပျက်နေတာကိုမျက်ဝါးထင်ထင်မြင်ရသလို၊ မိပုပြေးရမယ်။ ပြေးရမယ်။ ကိုလှဖေ…ကိုလှဖေ…။ မိပုတစ်ကိုယ်လုံးတုန်ပြီး ကြောက်လာတယ်။ မိပုပြေးတော့မည့်အပြု။ မိပုနင်းထားတဲ့ကြမ်းခင်းလှုပ်ယမ်းလာတယ်။ အပေါ်ထပ်က ဘိလပ်မြေတွေဝုန်းခနဲကျလာတယ်။ မိပုမျက်လုံးတွေဖုန်တွေဝင်လာသည်။ စမ်းတဝါးဝါးပြေးမယ်ဟုကြံတုန်း မိငုဝုန်းခနဲတွင်းထဲကျသွားသည်။

မိပုကိုယ်ပေါ်မှာကသစ်သားပြားကြီးတွေဖိနေသည်။ မိပုသတိရတစ်ချင်မရတစ်ချက် မိပုအသက်ရှုကြပ်လာတယ်။ မိပုအားတင်းသည်။ ကြိုးစားခေါ်ကြည့်သည်။ မိပုခေါင်းမှာလည်းသွေးတွေ။ မိပုသမီးလေးကိုပဲမြင်ယောင်နေတယ်။ လူတွေရဲ့အော်သံတွေတိုးတိုးသွားတယ်။ အရာအားလုံးမှောင်ပြီးတိတ်ဆိတ်သွားသည်။ မိပုခန္ဓာကိုယ်တစ်ခုလုံးလည်းလေထဲမှာပေါ့ပါးသွားသလိုပင်။

“ဟဲ့ ခွေး၊သခင်ကိုမမှတ်မိရအောင် အသေအူတာ၊ ငါတုတ်နဲ့ပစ်လိုက်ရင်၊သေချင်းဆိုးက”
မိပုအော်ပစ်လိုက်သည်။ ခွေးက မရပ်ပါတဝုန်ဝုန်းနဲ့။ ခွေးကိုဂရုမစိုက်တော့ပဲ အိမ်ပေါ်ကိုလှမ်းကြည်သည်။ အမေဘုရားဝတ်ပြုတာကိုမြင်နေရသည်။ ကျွန်မအိပ်မက်နေတာပဲ ထင်မိသည်။ အိပ်မက်ကိုကျေးဇူးတင်မိသည်။ အမေ့နားက သမီးလေးနဲ့အတူဝတ်ပြုနေသည်။ အိမ်ပြန်ချင်သောမိပုအခုတော့ အိမ်ပြန်ခွင့်ရခဲ့ပြီလေ။ ခဏနေကျတော့ သမီးလေးငိုနေသည်။ သမီးဘာလို့ငိုတာတုန်း။ “အမေ့ကိုသတိရလို့လား၊အဖေ့ကိုသတိရလို့လားဟင်”မေးလိုက်သည်။ သမီးကငိုမြဲငိုနေသည်။ အမေ့မျက်လုံး ကမျက်ရည်တွေ ဘာလို့ကျနေတာလဲ။ မိပုအိမ်မှာမရှိလို့ဘယ်သူ့ကျုပ်မိသားစုကို အနိုင့်ကျင့်လဲ။ မိပုဒေါသထွက်ပြန်သည်။ နောက်အမေ့နှုတ်ခမ်းဖျားမှ

“အမျှ အမျှ အမျှ ယူတော်မူကြပါကုန်သော်ဝ် သာဓုသာဓုသာဓု ၊သမီးမိပု အမျှလာယူနော် သမီး အားလုံးကြားကြားသမျှ၊အမျှ အမျှ အမျှ ယူသော်ဝ်မူကြပါကုန်သော်ဝ်သာဓု သာဓု သာဓု”

မိပုကိုယ့်ကိုယ်ကိုယ်ပြန်ကြည့်တော့ကိုယ်လုံးနဲ့ပေတူးနေတယ်။ မိပုမယုံကြည်နိုင်ဘူး။ မိပုဘေးဘီကြည့်တော့ ကိုလှဖေ သွေးတွေနဲ့ပလက်လျောင်းနေတာကိုအခုမှသတိထားမိတယ်။ မိပုလန့်သွားတယ်။ ဟင့်အင်း မဟုတ်ဘူး။ မဟုတ်ဘူး။ မိပုမသေဘူး အမေ…။မိပုမသေသေးဘူး။ မိပုလုပ်စရာအများကြီးရှိနေသေးတယ်။

မိပု အမေ့ကိုခေါ်လည်းမကြား။ သမီးကိုအော်ခေါ်လည်းသမီကြားဟန်မတူပါ။ မိပုသူတို့အနားသွားပြီး အမေ့နဲ့သမီးကိုဘယ်လောက်လွမ်းကြောင်း ပြောပြချင်လိုက်တာ။

#ငလျင်ဘေးဒဏ်ကိုခံစားရပြီး အိမ်မပြန်နိုင်တဲ့သူတွေဆီသို့….

#ပြည့်နေဝန်း
#ဝတ္ထုသစ် (8/4/2025)ထိုင်းစံတော်ချိန်14:29