ရေနစ်သေသူပေးတဲ့အိပ်မက်

Posted on

ရေနစ်သေသူပေးတဲ့အိပ်မက်(စ/ဆုံး)
————————————
ကျွန်တော်တို့ ရွာလေးက ဧရာ၀တီမြစ်ကမ်းနဖူးမှာ ရှိပါတယ် ..
မြစ်အနီးအနားမှာ နေတဲ့သူတွေဆိုတော့
ငယ်ငယ်ကတည်းက ရေကူးကျွမ်းကျင်သူ များတယ်လေ ..
ကျွန်တော်တို့ ပေါင်းနေကျ သူငယ်ချင်း(၅)ယောက် ရှိတယ်ဗျ..
ကျွန်တော်(ကောင်းဆက်နိုင်)၊ မင်းမင်းထွန်း၊ အောင်လွင်၊
ကိုကိုနိုင် နဲ့ မြင့်သူရ တို့ပါ ..
တစ်ရွာတည်းသား ငယ်သူငယ်ချင်းတွေ..
အောင်လွင်ကလွဲလို့..
ကျွန်တော်တို့က အဝေးသင်တက္ကသိုလ်
နောက်ဆုံးနှစ်ကျောင်းသားတွေပေါ့ ..
အောင်လွင်ကတော့ (၁၀)တန်း တဖုံးဖုံးကျပြီးနောက်
ကျောင်းထွက်ပြီး ကိုယ်ပိုင်ဆိုင်ကယ်၀ပ်ရှော့ထောင်ထားတယ် ..
အောင်လွင် က နည်းနည်းဆိုးတယ်ဗျ ..
ငယ်ငယ်ကတည်းက သောက်တတ်စားတတ် ..
ရန်လည်း အရမ်းဖြစ်တယ် ..
လက်ရဲဇက်ရဲ ..
စိတ်ရင်းတော့ အရမ်းကောင်းပါတယ် ..
သူငယ်ချင်းတွေပေါ်လည်း အနစ်နာခံဆုံး ..
ကျွန်တော်တို့က ကျောင်းသားတွေဆိုတော့
မိဘဆီမှာ လက်ဖြန့် မုန့်ဖိုးတောင်းသုံးနေတဲ့အချိန်
အောင်လွင်က ကိုယ်ပိုင်လုပ်ငန်းနဲ့ဆိုတော့
ကျွန်တော်တို့ထက် ငွေပိုသုံးနိုင်တယ် …

ဒီဇင်ဘာလ(၃၁)ရက်နေ့ …
ညဆို Happy New Year …
မနက်ပိုင်း သူငယ်ချင်းတွေ လ္ဘက်ရည်ဆိုင်မှာ ဆုံရင်း
ညကျရင် သောက်ကြစားကြဖို့ တိုင်ပင်ကြတယ် ..
ဘီယာသောက်ကြမယ် …
ဘာချက်မယ် .. ညာ၀ယ်မယ် ..
ပိုက်ဆံ ဘယ်လောက်ဝိုင်းထည့်ကြမယ် စသဖြင့်ပေါ့ ..
အောင်လွင့် ဆိုင်ရှေ့မှာပဲ မီးပုံလေးဖိုပြီး
သောက်ဖို့ နေရာ ရွေးလိုက်ကြတယ် …
အဲ့ဒီမှာ မင်းမင်းထွန်းက ပြောတယ် …
ညကျရင် ချက်စားဖို့ မြစ်ထဲမှာ ..
ဘဲဟင်္သာ သွားပစ်ကြရအောင်တဲ့ ..
ကျွန်တော်တို့ ရွာအနောက်က
ရေချိုးဆိပ်မှာ ဘဲဟင်္သာတွေ မကြာခဏနားတတ်တယ် ..
အရင်ကလည်း ပစ်စားဖူးနေကျပါ ..
ဘဲဟင်္သာတွေက အဝေးက ပျံလာပြီး
မြစ်ထဲက ရေငြိမ်ပိုင်းနေရာလေးမှာ
ခဏဆင်းပြီး နားတတ်တယ် ..
လေးဂွနဲ့ ခေါင်းကို မှန်အောင် ပစ်ရင်
မြစ်ထဲမှာ လည်ပြီး မပျံနိုင်တော့တဲ့အချိန်
ရေကူးပြီး သွားဆယ်လိုက်ရုံပဲ …
ကမ်းပေါ်ရောက်မှ ရိုက်သတ်ရတာပေါ့ ..
(ပြောမယ်ဆို အကုသိုလ် အလုပ်ပါပဲ)
မနက်(၁၀)နာရီ၀န်းကျင်ဆို
ဘဲဟင်္သာတွေ လာတတ်တာမို့
ကျွန်တော့်အိမ်မှာ (၁၀)နာရီဆုံဖို့ ချိန်းလိုက်တယ် ..
ကျွန်တော့်အိမ်က မြစ်ရေချိုးဆိပ်ဆင်းတဲ့ လမ်းဘေးထိပ်အိမ် ..
ရေချိုးဆိပ်တွေက အများကြီး ရှိတယ် ..
ကျွန်တော့်အိမ်နဲ့ နီးတဲ့ ရေချိုးဆိပ်ပုံစံ ပြောပြမယ် ..
ဆောင်းတွင်းဆိုတော့ မြစ်ရေကျနေပြီလေ ..
သောင်က တော်တော်ထွန်းနေပြီး..
ကမ်းပေါ်မှာ သဲတွေ အာလူးကျောက်တွေနဲ့ပေါ့ ..
သောင်အကျယ်က ပေ(၃၀၀)လောက် ရှိမယ် ..
သောင်က ကြက်လျှာစွန်းပုံစံ ဖြစ်နေပြီး …
အဲ့ဒီ့ ကြက်လျှာစွန်းရဲ့ ပေ(၁၀၀)ကျော်ကျော်လောက်မှာ
၀ဲသေးလေးတစ်ခု ရှိတယ် ..
ကြက်လျှာစွန်းသောင်ရဲ့ အနောက်ဘက်မှာတော့
ကမ်းစပ်အထိ ရေငြိမ်ပြီး ပင်မမြစ်ကြီးကတော့ ပုံမှန်ရေစီးနေတာပေါ့ဗျာ ..
မနက်(၁၀)နာရီမထိုးခင် သူငယ်ချင်း(၅)ယောက်
ကျွန်တော့်အိမ်မှာ လူစုမိကြတယ် ..
လောက်လေးဂွတွေလည်း (၃)လက်ပါတယ် ..
ခဲသီးတွေလည်း ပါပြီဆိုတော့
ဘဲဟင်္သာပစ်ဖို့ ကျွန်တော်တို့ မြစ်ဘက်ကို
ရေချိုးဆိပ်လမ်းအတိုင်း ဆင်းလာခဲ့လိုက်တယ် ..
အဲ့ဒီမှာ အောင်လွင်က အရက်(၁)ပြား သောက်ခဲ့ပြီးပြီပြောတယ် ..
ဒီကောင်က မနက်ပိုင်း သောက်တတ်နေတာ ကြာပြီ ..
အရက်ပုလင်းပြားတစ်ပြားနဲ့
၀က်သားဟင်း(ထမင်းဆိုင်က ၀ယ်လာတဲ့ ဟင်း)
ထည့်ထားတဲ့ အထုပ်(၁)ထုပ်လည်း ပါလာတယ် ..
ထပ်ချဦးမလို့တဲ့လေ …
ကျွန်တော်တို့လည်း ပြောမနိုင် ဆိုမနိုင်မို့ မပြောတော့ပါဘူး ..
သောင်ပြင်က နေပူတော့ အောက်ထိ မဆင်းတော့ဘဲ ..
ကမ်းစောင်းသစ်ပင်အရိပ်ကနေ
ဘဲဟင်္သာတွေ လာနားမှာကို စောင့်နေလိုက်တယ် …
စောင့်ရင်း အောင်လွင်က ပါလာတဲ့
အရက်ပုလင်းကို ထပ်သောက်နေတာပေါ့ ..

နာရီ၀က်လောက်ကြာတော့
အောင်လွင်က ရေဆင်းချိုးဦးမယ်ဆိုပြီး
အ၀တ်အစားတွေ ချွတ် …
အောက်ခံဘောင်းဘီတစ်ထည်တည်းနဲ့
သောင်ပြင်ပေါ်ဆင်းသွားပြီး ရေကူးနေတယ် ..
ပြောမယ်ဆို ရေစိမ်ရေချိုးနေတာပါ ..
ခပ်လှမ်းလှမ်းမှာလည်း မိသားစုတစ်ချို့
ရေချိုး အ၀တ်လျှော်နေကြပါတယ် ..
သိပ်မကြာဘူး ဘဲဟင်္သာ(၄)ကောင်
အဝေးက ပြန်လာပြီး သောင်ကြက်လျှာစွန်းထိပ်လေးက
မြစ်ရေပြင်ထဲမှာ လာနားတယ် ..
အဲ့ဒါနဲ့ ကျွန်တော်တို့လည်း ပစ်မယ်ဆိုပြီး
သောင်ပြင်ပေါ်ကို ဆင်းလာလိုက်တယ် …
ကျွန်တော်နဲ့ မင်းမင်းထွန်း ကိုယ်ပစ်ရမယ့် အကောင်ကို
ရွေးချယ်ပြီး ပစ်လိုက်တယ် ..
မင်းမင်းထွန်း ပစ်လိုက်တဲ့ တစ်ကောင် မှန်သွားပြီး
ကျန်တဲ့(၃)ကောင် ထပျံသွားတယ် ..
အဲ့ဒါနဲ့ မှန်သွာတဲ့အကောင်ကို လိုက်ဆယ်ဖို့
ကျွန်တော်နဲ့ မင်းမင်းထွန်း အ၀တ်အစားတွေ ချွတ်နေတုန်း
ရေချိုးနေတဲ့ အောင်လွင်က ငါဆယ်မယ် ဆိုပြီး
ရေထဲက ပြန်တက် ကြက်လျှာစွန်းသောင်ဘက်ကို
ပြေးသွားပြီး ဘဲဟင်္သာဆီ ရေကူးသွားတာမို့
ကျွန်တော်တို့လည်း ရေထဲ မဆင်းတော့ဘဲ
အ၀တ်အစားတွေ ပြန်၀တ်လိုက်တယ် ..
အောင်လွင် ဘဲဟင်္သာဆီ ရောက်ခါနီး
(၁၀)ပေလောက်အလိုမှာ
ကျွန်တော်တို့ဘက် လှည့်ပြီး လက်ပြရင်း
“ဟေ့ကောင်တွေ မရတော့ဘူး” လို့ လှမ်းအော်တယ် ..

ဒီနေရာက ကျွန်တော်တို့ ကလေးကတည်းက
ရေကူးနေကျနေရာလေ ..
နောက်နေတယ်ပေါ့ ..
ရေထဲ မြုပ်သွားပြီး ခဏနေကျ ပြန်ပေါ်လာတယ် ..
“မရတော့ဘူး” အသံနက်ကြီးနဲ့
ထပ်အော်တယ် ..
“ဟေ့ကောင်တွေ ဒီကောင် တကယ်ရေနစ်နေပြီ ထင်တယ်” ဆိုပြီး
ကျွန်တော်တို့ ကမ်းစပ်ဆီ ပြေးသွားလိုက်တယ် ..
လှေတစ်စီး ရှိနေလို့ ကြည့်လိုက်တော့
သံကြိုးခတ်ထားတယ် ..
အဲ့ဒါနဲ့ ဒီအတိုင်း သွားကယ်မယ်ဆိုပြီး
ကျွန်တော်နဲ့ မင်းမင်းထွန်း နှစ်ယောက်သား အောင်လွင့်ဆီ ရေကူးသွားကြတယ် ..
ခုန်ဆင်းခါနီးမှာ အောင်လွင် တစ်ချက်ပေါ်လာသေးတယ်ဗျ ..
ဆံပင်လေး တွေ့ရသေးတယ် ..
အောင်လွင် ရေနစ်တဲ့ နေရာရောက်တော့
အောင်လွင့်ကို မတွေ့တော့ဘူး ..
ရေငုပ် ရှာသေးတယ် ..
ဧရာ၀တီမြစ်က ရေပြင်အပေါ်ပိုင်းက
ဖြည်းဖြည်းပဲ ရေစီးပေမယ့်
မြစ်ကြမ်းပြင်ဘက်ပိုင်းက ရေစီးသန်တယ်ဗျ ..
မြင့်သူရကလည်း လှေပိုင်ရှင် ဦးသိန်းတင့် ကို
သွားပြေးခေါ်လို့ ရောက်လာပြီး
လှေနဲ့ အဲ့ဒီ့နေရာကို ဝိုင်းရှာပေမယ့်
သူငယ်ချင်း အောင်လွင် ပြန်ပေါ်မလာတော့ပါဘူး …
အသိစက်လှေအသေး(၂)စီးနဲ့ ပတ်ရှာပေမယ့်လည်း
လုံး၀ ပြန်ပေါ်မလာတော့ပါဘူး …
ကမ်းပေါ်မှာလည်း ရွာလူကြီးတွေ ရွာသားတွေနဲ့
အောင်လွင့် အဖေနဲ့ အစ်မလည်း ရောက်လာကြပါပြီ ..
ရွာလူကြီးတွေ အကြောင်းကြားလို့
ရဲတပ်ဖွဲ့၀င်တစ်ချို့လည်း ရောက်လာပြီး
ကျွန်တော်တို့ကို စစ်ကြ မေးမြန်းကြတော့တယ် ..
အလောင်းတွေ့ရင် စခန်းကို အကြောင်းကြားပါဆိုပြီး
ရဲတပ်ဖွဲ့၀င်တွေ ပြန်သွားကြတာပေါ့..
ကျွန်တော်တို့လည်း ကိုယ့်ငယ်သူငယ်ချင်းတစ်ယောက်လုံး
မျက်စိရှေ့မှာ ရေနစ်သေသွားတာကို
မကယ်နိုင်လိုက်တဲ့အတွက်
တော်တော်ကို စိတ်မကောင်း၀မ်းနည်းဖြစ်ရတယ်ဗျာ ..
အဲ့ဒါကြောင့် ရေ ဆိုတာ သဘာ/ဆရာ မရှိဘူးလို့ ပြောတာနေမှာ ..
ကျွန်တော်တို့အထင် အောင်လွင်တစ်ယောက်
အရက်လည်း မူးနေတဲ့အချိန် ရေထဲမှာ
ကြွက်တက်သွားလို့ ရေနစ်သွားတယ် ထင်ပါတယ် …
အဲ့ဒီ့ညလည်း ..
Happy မ New Year နိုင်တော့ပါဘူး …
မြစ်ကြီးဧရာ က အောင်လွင့်ကို စားသွားပြီလေ …

အောင်လွင့်အိမ်မှာ အသုဘကနားဖျင်းမဏ္ဍပ်ထိုး
၀ိုင်းလုပ်ဝိုင်းကိုင် ပေးရင်း
သူငယ်ချင်း(၄)ယောက်စလုံး
အောင်လွင့်အိမ်မှာပဲ စောင့်အိပ်ပေးကြတယ် …
နောက်နေ့တွေမှာလည်း
ဘုန်းကြီးကျောင်း သွားမေးတဲ့သူ မေး
နတ် မေးတဲ့သူ မေးနဲ့
ကိုယ်ယုံကြည်ရာတွေ ကိုယ်လုပ်နေကြတာပေါ့ဗျာ ..
ကန်တော့ပွဲတွေ ပေး ..
အောင်လွင့် ခေါင်းအုံးတွေလည်း မျောကြတာပေါ့ ..
ရွာထဲကလူတွေလည်း ငါးဖမ်းပိုက်တွေနဲ့ ရှာကြပေမယ့် အလောင်း မတွေ့ပါဘူး …
တစ်ခြားရွာက ရေငုပ်ကျွမ်းတဲ့သူတွေ ငှားပြီး ရှာလည်း
ငွေကုန်တာပဲ အဖတ်တင်တယ် …
အလောင်း မရခဲ့ဘူး …
ဆောင်းတွင်း မြစ်ရေကလည်း အရမ်းအေးတာမို့
ကျွမ်းကျင်တဲ့သူတောင် ကြာကြာရေမငုပ်နိုင်ဘူးလေ ..
စက်ဘီးလေထိုးတဲ့ ပိုက်နဲ့ လှေပေါ်က လေထိုးပေးပြီး
အောက်မှာ ဆင်းငုပ်ရှာတာလည်း မရဘူး ..
လက်လျှော့ရမယ့် အခြေအနေဖြစ်နေတယ် ..

ကျွန်တော်တို့ (၄)ယောက်လည်း
အလှည့်ကျ အလောင်းပေါ်လာမလား ဆိုပြီး
အချိန်နဲ့ ကမ်းစပ်မှာ သွားစောင့်ကြည့်ကြပါတယ် …
ညကျရင်တော့ အောင်လွင့်အိမ်မှာပဲ စုအိပ်ကြတာပေါ့ဗျာ..
အောင်လွင့် ၀ပ်ရှော့ဆိုင်က သူ့အိမ်ရှေ့မှာပဲ
ဆိုင်ခန်းပုံစံ လုပ်ထားတာပါ …
ကနားဖျင်းမဏ္ဍပ်ကတော့ သူ့ခြံထဲက
၀ပ်ရှော့ဆိုင်ဘေးမှာ ထိုးထားတာပါ ..

အောင်လွင် ရေနစ်သေပြီး (၄)ရက်မြောက်နေ့ ..
ကနားဖျင်းမဏ္ဍပ်ထဲမှာ ..
ကျွန်တော်တို့ သူငယ်ချင်း(၄)ယောက်ပဲ ရှိတယ် ..
ည(၂)နာရီလောက်မှာ
၀ပ်ရှော့ဆိုင်ခန်းထဲက ဆိုင်ကယ်ပြင်တဲ့ ဂွသံလိုလို
တတောင်တောင် ကြားတယ်..
ကျွန်တော်နဲ့ ကိုကိုနိုင် မအိပ်သေးပါဘူး ..
အသံကြားတယ် သွားကြည့်ရအောင် ဆိုပြီး
၀ပ်ရှော့ဆိုင်ဘက် သွားကြည့်တော့
ဆိုင်ကသော့ခတ်လျက်သား
အထဲမှာ ဆိုင်ကယ်ပြင်တဲ့ ပစ္စည်းတွေ
အလုပ်လုပ်နေတဲ့ အသံမျိုး ကြားရတယ် ..
အထဲကို တံခါးပေါက်ထဲက ချောင်းကြည့်တော့
မှောင်နေလို့ ဘာမှ မမြင်ရဘူး ..
အထဲမှာ အသံက ကြားနေရတုန်း …
အဲ့ဒါနဲ့ ကနားဖျင်းထဲ ပြန်လာခဲ့လိုက်တယ် …
နံလိုက်တဲ့ အနံ့ကြီးဗျာ..
တော်တော်ဆိုးဝါးတယ် …
နံလွန်းတာနဲ့ မခံနိုင်တာမို့
ကျွန်တော်နဲ့ ကိုကိုနိုင် ကားလမ်းမဘက် ထွက်လာခဲ့လိုက်တယ် ..
ဘယ်လောက်မှ မကြာသေးဘူး …
ကနားဖျင်းမဏ္ဍပ်ထဲမှာ အိပ်နေတဲ့
မင်းမင်းထွန်း အိပ်ယာကနိုးပြီး
ကျွန်တော်တို့ကို လှမ်းခေါ်လို့ ခြံထဲပြန်၀င်သွားလိုက်တယ် ..
ဘာလဲ လို့ မေးတော့
“ငါ့ကို အောင်လွင် အိပ်မက် လာပေးတယ်” တဲ့ ..
“ဆောင်းတွင်းအိပ်မက်ပါကွာ ..”
“မသိဘူးကွာ .. အိပ်မက်ထဲမှာ
အောင်လွင် သေတုန်းက ပုံအတိုင်းပဲ
အောက်ခံဘောင်းဘီ အညိုရောင်နဲ့
ပုံစံက ဖောရောင်နေပြီး ရုပ်က ကြည့်မကောင်းတော့ဘူး ..
ငါ့ကို လာခေါ်ကြပါ .. ငါ့ကို လာခေါ်ကြပါကွာ”တဲ့ ..
“အေး ခုနကလည်း ဆိုင်ထဲက အသံတွေ ကြားလို့
ငါတို့ သွားကြည့်တော့ ဘာမှ မတွေ့ဘူး ..
အပုပ်နံ့ကြီးတော့ ရတယ် .. ခုတော့ မရတော့ဘူး”
“ငါတို့လည်း ရှာတာပဲလေ .. အလောင်းမှ မတွေ့တာကို” ..
တစ်ယောက်တစ်ခွန်း ပြောကြဆိုကြပေါ့ ..

(၅)ရက်မြောက်ည …
အဲ့ဒီ့နေ့လည်း လှေနဲ့ မြစ်ထဲမှာ ပတ်ရှာပေမယ့်
အလောင်းပြန်ပေါ်မလာသေးပါဘူး ..
မြစ်အောက်ခြမ်းက ရွာတွေကိုလည်း
အကြောင်းကြားထားပြီးပါပြီ ..
အလောင်းလာပေါ်ရင် ဆက်သွယ်ဖို့လေ ..
ညကျတော့ ကိုကိုနိုင် က လာမအိပ်ဘူး ..
မနက်အစောကြီး တစ်ဖက်မြို့ကို
သူ့အဖေနဲ့ သွားစရာရှိလို့တဲ့ ..
ဖဲဝိုင်းအစောင့်ကလည်း မရှိ ..
လွန်ခဲ့တဲ့(၃)လလောက်က ရွာထဲက
အသုဘတစ်ခုမှာ တစ်ခြားရွာကလူတွေနဲ့
ရန်ဖြစ်ပြီး ဓားထိုးမှုဖြစ်ထားလို့
ရွာလူကြီးတွေက အသုဘဖဲဝိုင်း မလုပ်ခိုင်းတော့ဘူး ..
ကျွန်တော်တို့ သူငယ်ချင်း(၃)ယောက်ပဲ
အသုဘအိမ် အစောင့်လုပ်ရတာပေါ့ ..
နေကြာစေ့ စားလိုက် ရေနွေးသောက်လိုက်နဲ့ပေါ့ ..
မြင့်သူရ က အပေါ့သွားဦးမယ် ဆိုပြီး ထွက်သွားတယ် ..
ခဏကြာတော့ မြင့်သူရ ပုဆိုးစွန်တောင်ဆွဲပြီး
ကနားဖျင်းမဏ္ဍပ်ထဲ ပြေး၀င်လာရောဗျ..
ကြောက်လန့်နေတဲ့ပုံနဲ့ ..
“ဟေ့ကောင်တွေ ဟိုခြံထောင့်မှာ
လူတစ်ယောက် မတ်တပ်ရပ်ပြီး ငါ့ကို ကြည့်နေတယ်ကွ”တဲ့ ..
“ဒီအချိန်ကြီး ဘယ်သူ ရှိမှာလဲကွ” ..
အချိန်က ည(၁၂)နာရီ ထိုးတော့မယ် ..
ရွာမှာ အဲ့ဒီ့အချိန်ဆို အားလုံးအိပ်ပြီလေ ..
“မင်း မျက်စိမှားတာနေမှာပါ” ..
သွားမကြည့်ဖြစ်ကြပါဘူး ..
အိပ်ကြမယ်ဆိုပြီး စားပွဲတွေပေါ်မှာ ခင်းထားတဲ့
အိပ်ယာတွေပေါ်မှာ အိပ်လိုက်ကြတယ် …
အိပ်ပျော်တာမှ ဘာမှ မကြာသေး ..
ည(၁)နာရီကျော်ကျော်လောက်မှာ ..
မင်းမင်းထွန်း ကျွန်တော်တို့ကို ခေါ်နှိုးလို့ နိုးလာတယ်..
“ဘာလဲကွ” ..
“ငါ့ကို အောင်လွင် အိပ်မက် လာပေးပြန်ပြီ”တဲ့ ..
“သူ ရေနစ်တဲ့နေရာနားမှာပဲ ရှိတယ်တဲ့..
လာခေါ်ခိုင်းနေတယ်ကွ” ..
ကျွန်တော်တို့ စကားပြောနေချိန်
အောင်လွင့်အဖေ ဦးသန်းဆွေ နိုးလာပြီး
အိမ်ရှေ့ကနေ “မင်းတို့ မအိပ်သေးဘူးလား” မေးလို့
ဦးလေး ရေ .. ဆိုပြီး ..
ကျွန်တော်တို့ ကြုံရတာတွေ
အောင်လွင့်အဖေကို ပြောပြလိုက်တယ် …
ဦးသန်းဆွေလည်း စိတ်မကောင်းဖြစ်သွားပုံပဲ ..
“ငါတို့လည်း နေ့တိုင်း ရှာနေတာပဲလေကွာ ..
သူမှ ပေါ်မလာတာ .. ဘယ်လိုလုပ်မလဲ?” တဲ့ ..
“ဦးလေး .. အောင်လွင့် အလောင်းပေါ်နေပြီလား မသိဘူးနော် ..”
“အေးကွာ ပေါ်ပြီလား မသိဘူး ..
အိပ်မက်တွေလည်း ပေးနေတာဆိုတော့ ..
ရေချိုးဆိပ် သွားကြည့်ကြမလား?
မင်းတို့ သွားရဲလား?”
ကျွန်တော်တို့လည်း သွားရဲတယ် ဦးလေး ဆိုပြီး
ဦးသန်းဆွေ က အိမ်ထဲပြန်၀င်ပြီး
သူ့ညီကို ခေါ်နှိုး မဏ္ဍပ်ထဲမှာ စောင့်ခိုင်းပြီး
ဓါတ်မီး(၂)လက် Table Lamp(၁)ခုနဲ့
ဦးသန်းဆွေနဲ့ ကျွန်တော်က ဆိုင်ကယ်တစ်စီး
မင်းမင်းထွန်းနဲ့ မြင့်သူရက တစ်စီး
ရေချိုးဆိပ်ဘက်ကို ထွက်လာခဲ့လိုက်တယ် …
ရေချိုးဆိပ် ဆင်းတဲ့လမ်း ဆိုင်ကယ်စီးလို့ ရသလောက်စီးပြီး
လမ်းဆင်းလျှောက်ရမယ့်နေရာမှာ
ဆိုင်ကယ်တွေ သော့ခတ်ထားခဲ့လိုက်တယ် ..

လဆန်းရက်မို့ ပတ်၀န်းကျင်မှာ လရောင်ဖြာလျက် ရှိပါတယ် ..
ကမ်းပါးယံလေးအတိုင်း သောင်ပြင်ပေါ် ဆင်းလိုက်တော့
“ဦးလေး .. ဟိုမှာ …
ကြက်လျှာစွန်းသောင်ပြင်ထိပ်မှာ လူတစ်ယောက်
မတ်တပ်ရပ်နေတယ် …
အောင်လွင့် ပုံစံဗျ ..
ဓါတ်မီးလှမ်းထိုးပေမယ့် အဲ့ဒီ့နေရာအထိ မရောက်လို့
ပြန်ပိတ်ထားပြီး ကြည့်နေလိုက်တယ် …
အဲ့ဒီ့လူက မတ်တပ်ရပ်နေရာကနေ
လှည့်ထွက်သွားပြီး ရေထဲဆင်းသွားတယ် ..
လရောင်ထဲမှာ မျက်နှာကို မြင်ရလောက်အောင်
မပီပြင်ပေမယ့် လူပုံစံတော့ ကောင်းကောင်းမြင်ရတဲ့ အနေအထားပါ ..
ဒူးခေါင်းကနေ ခါး ..
ခါးကနေ ရင်ခေါင်း ..လည်ပင်း ..
အဲ့ဒီလူ တစ်ဖြည်းဖြည်းနဲ့ ရေထဲ မြုပ်၀င်သွားပါတယ် ..
ဦးသန်းဆွေလည်း “သားငယ် အောင်လွင်” လို့ အော်ခေါ်ပြီး
သောင်ပြင်ပေါ် ပြေးသွားလို့
ကျွန်တော်တို့လည်း အနောက်က လိုက်ပြေးသွားကြတာပေါ့..
သောင်ပြင်ကြက်လျှာစွန်းထိ ကျွန်တော်တို့ ရောက်တော့..
မြစ်ရေထဲကို ဓါတ်မီးတွေနဲ့ ထိုးရှာကြည့်ကြတယ်…
ဘောလောပေါ်နေမယ့် အရာတွေကိုပေါ့ ..
ဘာမှ မတွေ့ပါဘူး …
ဦးသန်းဆွေလည်း သောင်ပြင်မှာ ထိုင်ငိုပါတော့တယ် ..

ပါးစပ်ကလည်း “သားငယ် ဘယ်မှာလဲကွာ ..
အဖေတို့ လာရှာတယ်လေ …
သားငယ် ပြန်ပေါ်လာမှ အဖေတို့
အသုဘချပေးလို့ ရမှာပေါ့ … ဟီး …”
ကျွန်တော်တို့လည်း ၀မ်းနည်းလို့
မျက်ရည်တွေ ကျမိတယ် …
နည်းနည်းကြာတဲ့အထိ မထူးတာနဲ့
“ပြန်ကြရအောင် ဦးလေး ..
မနက်ကျမှ ထပ်ရှာကြည့်ရအောင်” ဆိုပြီး
အောင်လွင့်အိမ်ကို ပြန်လာခဲ့လိုက်တယ် ..

(၆)ရက်မြောက်နေ့/ည
မနက်ပိုင်း ရေချိုးဆိပ်မှာ သွားထပ်ရှာပေမယ့်
အလောင်းမပေါ်သေးပါဘူး ..
တစ်ချို့လည်း အမျိုးမျိုး ပြောကြတယ်လေ ..
ရေအောက်က သစ်ငုတ်တို့ ဘာတို့ ရှိနေရင်
ငြိနေတာတို့ .. ကြောက်လန့်ပြီး မသေခင်
ဆုပ်ထားတာ ဖက်ထားတာတို့ဆိုရင်
အလောင်းက ပေါ်ချင်မှ ပြန်ပေါ်တယ် ..
ကြာမှ ပေါ်ရင်လည်း ပြန်ပေါ်တယ်တဲ့ ..
မနက်ဖြန် အလောင်းမတွေ့ပေမယ့်
ရက်လည်ဆွမ်းသွတ်ပြီး အလှူလုပ်လိုက်တော့မယ် ..
နောက်မှ အလောင်းပေါ်လာလည်း
မြေမြှုပ်သဂြုင်္ိဟ်ကြတာပေါ့ ဆိုပြီး
အလှူလုပ်ဖို့ ပစ္စည်းတွေ ငှားရမ်းကြ ချက်ပြုတ်ကြနဲ့
တစ်နေကုန် တစ်ညလုံးပါပဲ ….

အောင်လွင့် ရက်လည်နေ့
မနက် ရွာဦးဘုန်းကြီးကျောင်းက
ဆရာတော်နဲ့ သံဃာတော်တွေ ပင့်ဖိတ်ပြီး
ရက်လည် တရားနာ ဆွမ်းသွတ်ကြပါတယ် …
ဆရာတော်တွေ ပြန်ကြွသွားပြီး
လူဧည့်သည်တွေကို မုန့်ဟင်းခါး ကျွေးနေချိန်
ရွာထဲက ကိုသက်အောင် တစ်ယောက်
ဆိုင်ကယ်နဲ့ အမောတကော ရောက်လာပြီး
“အောင်လွင့် အလောင်းပေါ်ပြီ” တဲ့ ..
မဏ္ဍပ်ထဲမှာ စကားသံတွေ ဆူညံသွားတော့တယ် ..
ရေချိုးဆိပ်ကို ပြေးကြည့်ကြတာပေါ့ …
ဟုတ်ပါတယ် …

သူငယ်ချင်း အောင်လွင်ရဲ့ အလောင်း ပြန်ပေါ်ပါပြီ ..
ကြက်လျှာစွန်းသောင်နဲ့ ကမ်းစပ်အကြား
(မြစ်ကြောင်းဘက် မဟုတ်)
ရေငြိမ်တဲ့နေရာမှာ ဆံပင်လေးနဲ့
ဦးခေါင်းထိပ်အစွန်းလေး ပေါ်လို့ ..
အပုပ်နံ့ကတော့ တော်တော်ထွက်နေပြီ..
အဲ့ဒါနဲ့ လှေပေါ်ကနေ အလောင်းကို
ကမ်းစပ် ရောက်အောင် ကြိုးနဲ့ဆွဲ ..
တာ၀န်ရှိသူတွေကလည်း ရဲစခန်းကို
အကြောင်းကြားလို့ ရောက်လာကြပြီ …
လူမှုကူညီရေးအသင်း မော်တော်ယာဉ်လည်း
ရောက်လာပြီမို့ .. အောင်လွင့်အလောင်းကို ဆယ်..
ပလပ်စတစ်အိတ်နဲ့ ပတ်ပြီး
ပြည်သူ့ဆေးရုံ ရင်ခွဲရုံကို ပို့လိုက်ကြတယ် ..
အောင်လွင့်အလောင်းမှာလည်း
နုံးတွေ ဖုံးနေတယ်ဗျ …
လက်တွေက မြစ်အောက်ကြမ်းပြင်မှာ
တစ်ခုခုကို ဆုပ်ကိုင်ခဲ့သလို ပုံစံမျိုး …
နေ့လည်ပိုင်းမှာ ရဲစခန်းနဲ့ ဆေးရုံက
အလောင်းလာသယ်ပြီး သဂြုင်္ိဟ်လို့ ရပြီဆိုလို့
အားချင်း အလောင်းပြန်သွားသယ်ပြီး
ရွာသုဿန် မှာပဲ မြေမြှုပ်သဂြုင်္ိဟ်လိုက်တယ် ..

သူငယ်ချင်း အောင်လွင်တစ်ယောက်လည်း …
ကျေနပ်သွားပြီလို့ ထင်ပါတယ်လေ ..
ကျွန်တော်တို့လည်း အဲ့ဒီ့ကတည်းက
ငှက်မပစ်တော့ပါဘူး …
ဧရာ၀တီမြစ်ထဲမှာ ရေပဲ ချိုးဖြစ်ပြီး
ရေတောင် မကူးဖြစ်တာ ကြာပါပြီ …

နားထဲမှာတော့ သူငယ်ချင်း အောင်လွင် ရဲ့ ..
“မရတော့ဘူး ..မရတော့ဘူး” ဆိုတဲ့ အသံနက်ကြီးနဲ့
သူ မသေခင် ရေနစ်နေတဲ့ ရုပ်ကြီးကို
မျက်လုံးထဲကကို ခုချိန်အထိ မထွက်သေးပါဘူးဗျာ ..
သူငယ်ချင်း အောင်လွင် ကောင်းရာဘုံဘ၀ ရောက်ပါစေ …
မိတ်ဆွေတို့လည်း ရေ မှာ..
ဆရာ/သဘာ မရှိဘူးဆိုတာလေး သတိပြုကြဦးနော့…။

Thanks for audience.

#credit_LuGyiThar

​ ​ ​​