ရွက်ကြွေရှိုက်သံ(စ/ဆုံး)
———————-
မှောင်မည်းပြီး နေရောင်အနည်းငယ်သာရရှိတဲ့ နေရာလေးမှာ ကျွန်မတစ်ယောက်တည်း ဝမ်းနည်းနာကျင်စွာနဲ့ ထိုင်နေမိတယ်။ ကျွန်မရဲ့ မျက်ခွံတွေက ကျောက်ဖျာချပ်လို လေးလံလှပြီ။ ကျွန်မမအိပ်နိုင်တာ နှစ်ညရှိပြီ။ အို… ကျွန်မဘယ်လိုလုပ်အိပ်ပျော်နိုင်မှာလဲ။ ကျွန်မကို ဘာမှလာမကျွေးနဲ့။ ကျွန်မဘယ်လိုလုပ်စားနိုင်မှာလဲ။ ကျွန်မရဲ့ အချစ်ဆုံးသားလေးမှ မရှိတော့တာ။ ကံကြမ္မာက ကျွန်မတို့နှစ်ယောက်ကိုမှ ဘာပြုလို့ ခွဲနိုင်ရက်တာလဲ။ သေမင်းဆိုတဲ့ ပုဂ္ဂိုလ်ကြီးကကော ဆယ်ခြောက်နှစ်ပဲ ရှိသေးတဲ့ နုနုငယ်ငယ် ကျွန်မရဲ့သားလေးကိုမှ ဘာပြုလို့ စောစောစီးစီး ခေါ်သွားရက်တာလဲ။ အမြဲတမ်းကလေးဆန်ပြီး ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့ သားငယ်လေးက အခုတော့ ကုတင်ပေါ်မှာ သူမဟုတ်သလိုပဲ။ ငါ့သားရယ်။ အမေ့ကို ထကြည့်ပါအုံး။ အရင်လို အမေကလည်းသားကိုစိတ်မဆိုးပါနဲ့ဗျာ ဆိုပြီး ဗလကြီးကိုမှ အားမနာ ချွဲ့နွဲ့ပြီး အမေ့ကို ထဖက်ပါအုံး။ ငါ့သားလေးသိပ်တက်ချင်တဲ့ ကျူရှင် အမေထားမယ်လေ။ ငါ့သားမလိုက်နိုင်ဘူးဆိုတဲ့ ကမ်မစီ ဆိုလား အဲဒီကျူရှင် ငါ့သားလေးကို ထားမယ်လေ။ ကျွန်မသားလေးက သိပ်သိတတ်ရှာတာ။ သူက ဆယ်တန်းရောက်ပြီလေ။ လေးတန်းထိပဲ ကျောင်းနေခဲ့ရပြီး သေစာရှင်စာပဲ ဖတ်တတ်ခဲ့တဲ့ ကျွန်မက သူတို့စာတွေ၊ သူတို့ဘာသာတွေကို ဘယ်လိုလုပ်နားလည်နိုင်ပါ့မလဲ။ နှစ်စတုန်းက ကျွန်မသားလေးက ပြောတယ်။ “သားကျူရှင်တက်ချင်လို့” တဲ့။ သိတဲ့အတိုင်းပဲလေ။ ကျွန်မတို့လင်မယားက တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ ဘဝ။ ကျူရှင်ခက တစ်သောင်းခွဲတဲ့။ ကျွန်မဘယ်လိုလုပ် ထားနိုင်ပါ့မလဲ။ “ကျောင်းကသင်တာကို မလိုက်နိုင်ဘူးလား ငါ့သားရယ်”လို့မေးတော့ သားလေးမျက်နှာလေး ညှိုးကျသွားပြီး “ဆရာမက တက္ကသိုလ်ကျောင်းသားတွေကို သင်သလို သင်နေတယ်”တဲ့။ သိပ်မိုက်တဲ့ ဟောဒီကကျွန်မလေ သားလေးကို ဆင်းရဲခန်းတွေ ညည်းပြလိုက်မိတာပေါ့။ အဖေက ထရံတွေ သိပ်မယက်ရတော့ကြောင်း၊ ကုန်ဈေးနှုန်းက တစ်နေ့တခြား တက်တက်လာကြောင်း၊ ကျွန်မကလည်း နေ့စားလိုက်ရတာ သိပ်ပင်ပန်းကြောင်း၊ အို…အကြောင်းအကြောင်းတွေပါပဲ။ အဲဒီမှာ ကျွန်မရဲ့သားလေးကလေ မျက်နှာကို ပြုံးဖြီးပြီး “အမေကလည်း အဲ့လောက်မညည်းပြပါနဲ့၊ သားမတက်တော့ပါဘူး၊ သားတတ်နိုင်သလောက် လိုက်နိုင်အောင် လိုက်ပါ့မယ်”တဲ့။ အဲဒီအချိန်မှာ ကျွန်မရင်ထဲက အပူလုံးကြီးကကျသွားပေမဲ့ သားလေးရင်ထဲမှာတော့ ဘယ်လောက် ကြီးမားလိုက်တဲ့ အပူလုံးကြီး ရှိနေလိုက်မလဲလေ။ စာလည်း သိပ်ကြိုးစားတဲ့သားလေး။ သားလေးက လိုက်နိုင်အောင်လိုက်မယ်လို့ ပြောပေမဲ့ သားလေးစာမလိုက်နိုင်ဘူးဆိုတာ ကျွန်မသိတာပေါ့။ တစ်ခါတစ်လေ ကျွန်မတို့က အိပ်နေပြီး သူကစာရေးခုံပေါ်မှာ စာရေးတုန်းပဲရှိသေးတယ်။ ထမင်းစားတဲ့ခုံကို စာရေးခုံလုပ်ရတာကြောင့် တစ်ခါတလေ သူ့စာအုပ်တွေကို ဟင်းတွေစွန်းကုန်ရင်များ သားလေးမှာ သက်ပြင်းတွေကို ရှိုက်လို့။ တစ်ည သားလေးစာလုပ်နေတုန်း ကျွန်မအိပ်ရာထဲရောက်နေပေမဲ့ မအိပ်သေးဘူး။ အဲဒီမှာ ရှိုက်သံတိုးတိုးလေးကို ကျွန်မကြားရတယ်။ ဘယ်သူငိုနေတာထင်လဲ။ သားလေးပေါ့။ ကျွန်မရဲ့သားလေး ငိုနေတာ။ သူ့ခမျာ ကျွန်မတို့နိုးလာမှာစိုးလို့ တိတ်တိတ်ကလေးနဲ့ ကျိတ်ငိုနေရာတာ။ ပြီးတော့ သားလေးရဲ့ နှုတ်ကထွက်လာတဲ့ စကားတစ်ခွန်းက ကျွန်မရဲ့ရင်ကို စူးခနဲ နာကျင်သွားစေပါတယ်။ “ငါ့သူငယ်ချင်းတွေက စာနားလည်ပြီး ငါကမှ ဘာလို့ မရရတာလဲ။ ငါသေသင့်ပါတယ်”တဲ့လေ။ ကျွန်မလည်း ကျူရှင်ထားချင်ပေမဲ့ ကျိတ်ပြီးပဲ ဒီကိစ္စကို မသိချင်ယောင်ဆောင်နေခဲ့မိတယ်။
ငါ့သားလေး…. အမေချစ်တဲ့ ငါ့သားလေးရဲ့၊ ဟောဒီမှာ …. မင်းရဲ့ သူငယ်ချင်းတွေ ရောက်နေကြပြီလေ။ မင်းသိပ်ချစ်တဲ့ မင်းရဲ့သူငယ်ချင်းတွေ အဖြူအစိမ်းလေးတွေနဲ့ ရောက်လာကြပြီ ငါ့သားရဲ့။ မင်းသိပ်ချစ်တဲ့ သူငယ်ချင်းတွေက မင်းနားမှာ ငိုနေကြတယ်ကွယ်။ သူငယ်ချင်းတွေ စရင် ဘယ်တော့မှ စိတ်မဆိုးတတ်တဲ့ သားလေး။ သူငယ်ချင်းတွေကို ထိရင်လည်း ဘယ်တော့မှ မခံတတ်တဲ့ သားလေး။ အခုမင်းသူငယ်ချင်းတွေက မင်းကိုကြည့်ပြီး ငိုနေကြပြီကွဲ့။ မှတ်မိပါသေးတော့။
ကျွန်မသားလေးက ရှစ်တန်းလောက်ကစပြီး မျက်မှန်အမည်းကြီး တပ်ထားရတယ်လေ။ သူ့သူငယ်ချင်းရဲ့ကောင်းမှုပေါ့။ အို…သားလေး၊ ဒါသားလေးသူငယ်ချင်းမကောင်းကြောင်းပြောမလို့ မဟုတ်ဘူးနော်၊ သားလေးမျက်မှန်မည်းကြီး တပ်ရတဲ့ အကြောင်းအရင်းကို ပြောပြမလို့၊ သားရဲ့သူငယ်ချင်းတွေကို ထိခိုက်သလို ဖြစ်သွားရင်လည်း အမေ့ကို ခွင့်လွှတ်နော်။
ကျွန်မတို့ရပ်ကွက်မှာ ဈေးပွဲတော် လာလုပ်တဲ့ညတွေထဲက တစ်ည။ ဘောလုံးကွင်းမှာ ၇ ညတိတိလုပ်တဲ့ည။ အဲဒီညတွေမှာ ကျွန်မနဲ့ သားလေးက မုန့်ဟင်းခါးရောင်းတယ်။ အဲဒီထဲက တစ်ညမှာပေါ့။ သူ့သူငယ်ချင်းတွေက ဆိုင်ကိုရောက်လာကြတယ်။ သုံးလေးယောက်လောက်ရှိမယ်။
“ဟေ့ကောင် မင်းကို၊ ငါတို့နဲ့ ခဏလိုက်ခဲ့ကွာ”
ကျွန်မမုန်းဟင်းခါးရည်ထည့်နေရင်းနဲ့ သူတို့ကို လှည့်ကြည့်လိုက်မိတယ်။ ဆူညံနေတဲ့ လူသံသူသံတွေကြားထဲကနေ သူတို့အသံတွေကို မနည်းနားစွင့်နေလိုက်တယ်။
“ငါ့အမေကို လုပ်ကူရအုံးမှာကွ”
“ဟာ…မင်းကလည်း ခဏလေးပါကွာ၊ လိုက်ခဲ့စမ်းပါ”
“လူတွေရှုပ်နေတာလေ သားကြီးတို့ရ၊ အမေတစ်ယောက်တည်းနဲ့ နိုင်မှာ မဟုတ်ဘူး”
ပြီးတော့ အသံတွေ ခဏတိတ်သွားကြတယ်။ ကျွန်မလည်းသူတို့ဘက်ကို လှည့်ကြည့်လိုက်တော့ သားလေးက ကျွန်မကို မျက်နှာငယ်လေးနဲ့ လှမ်းကြည့်နေရှာတယ်။ ဒါ…သားလေးလိုက်ချင်နေခဲ့တာပေါ့။ သူလည်း လူငယ်လေးတစ်ယောက်ဖြစ်နေပြီပဲလေ။ သူငယ်ချင်းတွေနဲ့အတူ ပွဲခင်းထဲ လွတ်လွတ်လပ်လပ် လျှောက်သွားချင်မှာပေါ့။
“ငါ့သား လိုက်ချင်ရင် လိုက်သွားလေ”
ကျွန်မက အဲဒီလိုလည်း ပြောလိုက်ရော သားလေးက အံ့ဩသွားတယ်ထင်တယ်။ ပွဲခင်းမီးရောင် လက်လက်တွေကြားမှာ သားလေးရဲ့မျက်လုံးတွေက တောက်သွားလိုက်တာ။ ပြီးမှ သားလေးက ကျွန်မကို ခပ်ဆဆကြည့်ပြီး …
“အမေတစ်ယောက်တည်းကျန်ခဲ့မှာ”တဲ့။ ကျွန်မတစ်ကိုယ်လုံး ကြက်သီးတွေ ထသွားလိုက်တာ။ ဘယ်လိုစကားမျိုးကိုပြောလိုက်တာလဲ သားလေးရဲ့။ အဲဒီမှာ ဘေးဆိုင်က အကင်ရောင်းတဲ့ ကောင်လေးက အကင်တွေ ကုန်တော့မှာမလို့ သူဝင်ကူလိုက်ပါမယ်တဲ့။ ကျွန်မရဲ့ စိတ်ထဲမှာ သားလေးကို မသွားစေချင်တော့ဘူး။ ဒါပေမဲ့ ခုနက သွားလို့ ပြောပြီးမှ အခု မသွားတော့နဲ့ လို့ပြောရင်မကောင်းဘူးလေ။ သားလေးက “ဒါဆို အမေ၊ သားလိုက်သွားလိုက်အုံးမယ်” လို့ပြောပြီး သူငယ်ချင်းတွေနဲ့ ရယ်ရယ်မောမော ထွက်သွားတယ်။ ကျွန်မမေ့နေခဲ့လိုက်တာ။ အဝေးကြီးတွေ လျှောက်မသွားနဲ့လို့ မှာလိုက်ရအုံးမယ်လေ။
ဆိုင်သိမ်းချိန်ရောက်တော့ သားလေးက ပြန်မလာသေးဘူး။ အဲဒီမှာ ကျွန်မရင်ထဲ ဘုရားကို ဆုတောင်းနေခဲ့တယ်။ သားလေး ဘာမှ မဖြစ်ပါစေနဲ့၊ ကျွန်မရင်ထဲက စိတ်ထင့်နေသလို မဖြစ်ပါစေနဲ့။ ဒါပေမဲ့ ကံဆိုးမိုးမှောင် ကျနေလို့လား၊ ပြဿဒါးနေ့မို့လို့လား၊ သားလေးရဲ့ ကံကြောင့်လား၊ ကျွန်မရဲ့ ကံကြောင့်လား ဆိုတာ ကျွန်မသိရသေးခင်မှာ ကောင်လေးတစ်ယောက် ဒရောသောပါးနဲ့ ပြေးလာတာကို ကျွန်မမြင်လိုက်ရတယ်။
“အန်တီ…မင်းကို ဆိုင်ကယ်မှောက်လို့”
ဘုရားရေ…။ ကျွန်မခေါင်းကို အင်မတန်အရှိန်ပြင်းတဲ့ သွေးစီးချောင်းကြီး ဆောင့်တက်သွားသလို ခံစားလိုက်ရတယ်။ နှလုံးသားကို မိုးကြိုးပစ်ချလိုက်သလိုပဲ။ ငါ့သားလေး။ ကျွန်မလည်း ဘာကိုမှ မမြင်မိဘဲ ဆေးရုံကိုသာ ပြေးသွားခဲ့မိတယ်။ လောကကြီးမှာ ကျွန်မတစ်ယောက်ပဲရှိတော့ပြီး ကျွန်မတစ်ယောက်ထဲ ပြေးနေသလို။ ဆေးရုံရောက်တော့ သားကအရေးပေါ်အခန်းထဲမှာ။ အခန်းရှေ့မှာ သူ့သူငယ်ချင်းတွေ။ ကျွန်မကို မြင်တော့ သူတို့ ခေါင်းငုံ့သွားကြတယ်။ ကျွန်မအဲဒီမှာပဲ ထိုင်ငိုချလိုက်မိတယ်။ ကလေးတွေက အတင်းပြေးလာကြပြီး ကျွန်မကို ဖြေသိမ့်ကြတယ်။
“သားတို့အမှားပါ အန်တီ၊ သားတို့ကိုက သူ့ကိုလိုက်သွားခိုင်းမိတာပါ၊ သူ့ရှေ့ကကောင်က ဘာမှမပြုဘဲနဲ့ နောက်ကလိုက်စီးတဲ့ သူက ဒဏ်ရာတော်တော်ပြင်းသွားတာ”
စကားသံတွေက ကျွန်မရဲ့နားထဲကို ဝင်တစ်ဝက်ထွက်တစ်ဝက်နဲ့။ ဘာတွေပြောနေကြတာလဲ ကျွန်မမသိတော့ဘူး။ ဘာမှလည်း မကြားချင်တော့ဘူး။ အဲဒီအချိန်မှာ ကျွန်မခံစားရတာက ကျွန်မသားလေး အသက်ရှင်နေဖို့ပဲ။ “ကျွန်မရဲ့သားလေးတစ်ခုခုမဖြစ်ပါစေနဲ့”ဆိုတဲ့ ဆုတောင်းမပြည့်တဲ့ ကျွန်မဟာ “သားလေးအသက်ရှင်ပါစေ”ဆိုတဲ့ ဆုတောင်းတော့ ပြည့်သွားခဲ့ပါတယ်။ သားလေးခေါင်းမှာ ဆယ်ချက်ချုပ်လိုက်ရတယ်၊ ပြီးတော့ ဘာပြုတယ်မှန်းတော့ ကျွန်မမသိပါဘူး။ ဆရာဝန်က သူ့ကို မျက်မှန်အမည်း တပ်ပေးထားရတော့မယ် တဲ့။ ကျွန်မ ခံစားလိုက်ရတာ။ ဒါဆို ငါ့သားလေးက လောကကြီးကို ကြည်ကြည်လင်လင်နဲ့ ကြည့်ခွင့်မရတော့ဘူးပေါ့။ သာမန်လူတွေလို မဖြစ်နိုင်တော့ဘူးပေါ့။ အဲဒီကတည်းက သားလေးဟာ လောကကြီးကို ဘောင်ခတ်ထားတဲ့ မျက်မှန်းမည်းကြီးအောက်ကနေပဲ အကန်းတစ်ယောက်လို ကြည့်လာခဲ့ရတယ်။
ဟော…..အိမ်ပေါ်ကို တက်လာတဲ့ အဖြူအစိမ်းက ဘယ်သူပါလိမ့်။ ပိန်ပိန်ပါးပါး အသက်ကြီးကြီး နဲ့။ ဆံထုံးထုံးထားပုံက ကျက်သရေရှိလိုက်တာ။ ဪ…သိပြီ သိပြီ။ ကျောင်းအုပ်ဆရာမကြီးလေ။ အင်မတန့် အင်မတန်ကိုမှ စည်းကမ်းကြီးပါတယ်ဆိုတဲ့ ကျောင်းအုပ်ဆရာမကြီး။ သားလေးမုန်းလည်းမုန်းတယ် ချစ်လည်း ချစ်တယ်လို့ပြောခဲ့တဲ့ သားတို့ ကျောင်းအုပ်ဆရာမကြီး လာကြည့်နေပြီလေ၊ ငါ့သားလေးရဲ့ ဆရာမကြီးက ငိုနေတယ်ကွဲ့၊ ငါ့သားလေးကို လွှမ်းထားတဲ့ ပုဝါစကိုတောင် အသာလှပ်ကြည့်လို့။ ပြီးတော့ ငါ့သားလေးရဲ့ နှဖူးပေါ်ကျနေတဲ့ ဆံပင်လေးတွေကို သပ်ပေးနေရှာတယ်။ ငါ့သားရဲ့ ကျောင်းအုပ်ကြီး ငိုတာရယ်ရတာ သိလား၊ အပျိုကြီးဆိုတော့လည်း ပွင့်ပွင့်လင်းလင်းငိုရမှာ ရှက်နေတယ် တူပါရဲ့ ၊ တစ်ရှူးစကို သူ့နှာဝမှာတေ့ပြီး တရှုပ်ရှုပ်နဲ့။ သူ့ခန္ဓာကိုယ် ပိန်သွယ်သွယ်လေးက တဆတ်ဆတ်နဲ့ တုန်လို့။ ပြီးတော့ အပျိုကြီး ဗီဇအတိုင်း မေးခွန်းမေးတယ်။
“နှာခေါင်းမှာ ဘာလို့ အဝတ်ကြီးဆို့ထားတာလဲ”တဲ့။
နှာခေါင်းက သွေးတွေ စီးကျလာလို့ လို့ အမေဘယ့်နှယ့်ကြောင့် ဖြေရက်မှာ လဲကွယ်။ ပြောအုံးမယ်၊ ကျွန်မသားလေးက သူ့ကျောင်းအုပ်ကြီးကို သိပ်လေးစားတာတဲ့။ သူရောက်လာလို့ ကျောင်းကြီးကတိုးတက်သွားတာတဲ့။ စည်းကမ်းပျက်ပြီး အမှိုက်ပုံတောထဲရောက်နေတဲ့ ကျောင်းကို သန့်ရှင်းသပ်ရပ်ပြီး တင့်တယ် ဝေဆာတဲ့ သစ်ပင်ပန်းမန်တွေကြားထဲမှာ ခံညားအောင်လုပ်နိုင်လိုက်တဲ့ ကျောင်းအုပ်ဆရာမကြီးကို မလေးစားပဲမနေနိုင်ဘူးလို့ သားလေးခဏခဏ ပြောဖူးတယ်။ ဒါပေမဲ့ တစ်ညနေခင်းမှာတော့ သားလေးက သူသိပ်လေးစားတဲ့ဆရာမကြီးကြောင့် ရှိုက်ကြီးတငင်ငိုကြွေးခဲ့ရဖူးတယ်လေ။
အဲဒီညနေမှာ ကျွန်မနဲ့ ကိုမောင်တင့်က ထရံယက်ဖို့အတွက် အိမ်ရှေ့မှာ လင်မယားနှစ်ယောက်သား ဝါးတွေ ခြမ်းနေခဲ့တယ်။ သုတ်သုတ်သွက်သွက်ဝင်လာတဲ့ သားလေးကို ကြည့်ရင်း ဒီနေ့ထူးဆန်းပါလားလို့ ကြည့်နေခဲ့မိတယ်။ ခါတိုင်းဆို ကျောင်းကပြန်လာလို့ တစ်ခုခုလုပ်နေတာတွေ့ရင် “သားဘာလုပ်ကူရမလဲ”ဆိုပြီး လုပ်ကူပေးနေကျ။ အခုက တစ်မျိုးထူးခြားနေတာ။ ခဏပဲ သတိထားမိလိုက်ပြီး ကျွန်မတို့လည် ဆက်ခြမ်းစရာရှိတဲ့ ဝါးတွေ ဆက်ခွဲနေလိုက်တယ်။ ဝါးတွေသာ ခြမ်းလို့ပြီးသွားတယ်။ သားလေးက အိမ်ထဲကအိမ်ပြင် မထွက်လာသေးဘူး။ ရေမချိုးတော့တာလား။ ဒါနဲ့ ကျွန်မလည်း အိမ်ထဲဝင်သွားလိုက်တော့ သားလေးက သူ့အိပ်ရာပေါ်မှာ ခေါင်းအုံးပေါ်ကို ခေါင်းအပ်လို့။
“ဘာပြုလို့လဲ သား၊ နေမကောင်းဘူးလား”
ကျွန်မက ပြောပြောဆိုဆို သူ့နှဖူးပေါ်လက်နဲ့စမ်းဖို့ ခေါင်းကို ဒီဘက်လှည့်ခိုင်းလိုက်တော့ သူကမလှည့်ဘူး။ ခေါင်းအုံးပေါ်ကိုပဲ မျက်နှာအပ်ထားတယ်။ ဘေးနားမှာက သားလေးတပ်နေကျ မျက်မှန်မည်းကြီးကို တင်ထားတယ်။
“ဒီဘက်လှည့်အုံးလေ ငါ့သား”
ကျွန်မနှစ်ခါသုံးခါလောက်ပြောတော့မှ သားလေးက ဒီဘက်လှည့်လာတယ်။ အို….။ မြင်လိုက်ရတဲ့ မြင်ကွင်းက ကျွန်မရင်ထဲကို ဝါးချွန်နဲ့ဆောင့်ထိုးလိုက်သလို။ လပေါင်းများစွာ၊ ရက်ပေါင်းများစွာ မျက်မှန်တပ်ထားရလို့ မျက်ကွင်းတစ်ဝိုက် ညိုပြီး ချိုင့်ဝင့်နေတဲ့ သားလေးရဲ့ မျက်လုံးတွေမှာ မျက်ရည်တွေ ကျလို့ပါပကော။
“ငါ့သား … ငိုနေတယ်၊ ဘာပြုလို့ငိုနေတာလဲ သားရဲ့၊ မကြီးမငယ်နဲ့”
သားလေးက ကျွန်မပြောမှ ပိုပိုပြီး ရှိုက်လာတယ်။ ပြီးတော့ ကျွန်မရင်ထဲကို ရှိုက်ကြီးတငင်အတင်းတိုးဝင်းပြီး “သားကျောင်းမသွားချင်တော့ဘူး အမေ”တဲ့။ သားလေးရဲ့ နောက်ကျောက တသိမ့်သိမ့် တုန်နေတယ်။
“ဘာလို့လဲ၊ ငါ့သား … ဘာလို့ကျောင်းမသွားချင်တော့တာလဲ ၊ အမေ့ကိုပြော”
သားလေးက ဝမ်းနည်းအားငယ်နေတဲ့ မျက်လုံးတွေနဲ့ ကျွန်မကို မော့ကြည့်တယ်။ ပြီးတော့ ညစ်ထေးထေးသူ့အင်္ကျီဖြူလေးနဲ့ မျက်ရည်တွေကို သုတ်ပြီး…
“ဒီနေ့ ကျောင်းအုပ်ဆရာမကြီးက သားကိုလူကြားထဲမှာ ငေါက်တယ်။ မနက်ခင်း အဆမ်ဘလီမှာ သားတို့အသင်းကို ခေါ်ပြီး ငေါက်တာ။ အဲဒါ သားဘာမှမပြုပါဘူး။ အဖွဲ့လိုက် အငေါက်ခံရတာ သားခံနိုင်ပါတယ်။ ပြီးတော့ သားတို့အသင်းမလုပ်မိလို့ ငေါက်ခံရတာပဲ။ ဒါပေမဲ့ လူတွေကြားထဲမှာ သားကိုမှ နင်မျက်မှန်ကြီးလည်း ချွတ်လို့ရရင် ချွတ်လိုက်တော့တဲ့၊ ကြည့်ရတာ မျက်စိနောက်လာပြီတဲ့။ ကျက်သရေတုံးတယ် တဲ့။ လက်ညှိုးကြီးထိုးပြီး ပက်ပက်စက်စက်ပြောတာအမေရ။ တစ်ကျောင်းလုံးရှေ့မှာ သားအပြောခံရတာ သားရှက်တယ်၊ ဆရာမကြီးရဲ့ မျက်လုံးတွေကို မုန်းတယ်၊ တစ်ကျောင်းလုံးရဲ့ မျက်လုံးတွေကို သားကြောက်တယ်။ ဒီမျက်မှန်ကြီးလည်း မတပ်ချင်တော့ဘူး”
သားလေးရဲ့ စကားသံတွေက ကျွန်မရဲ့ရင်ထဲကို ဝါးနှီးရှလိုက်သလို စူးရှနာကျင်သွားစေပါတယ်။ ငါ့သားငယ်လေး ဘယ်လောက်ရှက်လိုက်မလဲ။ မျက်မှန်မည်းကြီး တပ်ရတာ အပြစ်လား ဆရာမကြီးရယ်။ လူကြားသူကြားထဲမှာ အနှိမ်ခံ အငေါက်ခံလိုက်ရတာ ကျွန်မရဲ့သားလေး သိပ်ရှက်သွားရှာမှာပေါ့။ အဲဒီတုန်းက သားလေးပြောခဲ့တာ။ “ဆရာမကြီးကို သားသိပ်မုန်းတယ်”တဲ့။
ငါ့သားလေးမုန်းတဲ့ ဆရာမကြီးက အခုငါ့သားလေးကို လာကြည့်နေပြီလေ။ ဆရာမကြီးက သားအတွက် ပန်းခွေတောင် လုပ်လာတယ်။ နောက်ပြီး သားရဲ့ သူငယ်ချင်းတွေကလည်း သားအတွက် ပန်းခွေလုပ်လာကြတယ်ကွယ်။ သားသိပ်ချစ်တဲ့ သူငယ်ချင်းတွေလေ။ မင်းရဲ့ သူငယ်ချင်းတွေကို ထပြီး ပုခုံးထဖက်ပါအုံးလား။
ကျွန်မရဲ့သားလေးက သူ့သူငယ်ချင်းတွေကို သိပ်ချစ်တာ။ တစ်ခါတုန်းက သူ့သူငယ်ချင်းတွေကြောင့် သားလေးရဲ့ မျက်မှန်ကျိုးသွားတယ်လေ။ ကျွန်မက မျက်မှန်အသစ်ထပ်လုပ်ပေးရတာ။ အဲဒါကို အေးအေးဆေးဆေး မလုပ်ပေးဘဲ ကျွန်မက သူ့သူငယ်ချင်းတွေကို အပြစ်တင်တာပေါ့။ မျက်မှန်တက်လက်ဝယ်နိုင်ဖို့ လွယ်တာမှတ်လို့လေ။ သားလေးက ကျွန်မကို မျက်ရည်တွေနဲ့ ကြည့်ပြီး “သားသူငယ်ချင်းတွေကို အဲ့လိုမပြောပါနဲ့ အမေ၊ သူတို့က တမင်လုပ်တာမှ မဟုတ်တာ၊ မတော်တဆ ဖြစ်သွားတဲ့ ဉစ္စာပါ”တဲ့။ သားလေးရဲ့ လေသံက တော်တော်မာတယ်။ တော်တော်အတ္တကြီးတဲ့ ကျွန်မလေ။ “ငါ့ကို သူ့သူငယ်ချင်းတွေလောက်တောင် အရေးမထားတာလား”လို့တွေးပြီး သားလေးကို တစ်ပတ်လောက် စကားမပြောဘူး။ မျက်နှာချင်းဆိုင်ရင်လည်း သားလေးမျက်နှာကို မကြည့်ဘူး။ ဒီလိုနဲ့ တစ်မနက်ခင်းမှာ ကျွန်မထမင်းအိုးတည်နေတုန်း နောက်ကနေ ဗြုန်းဆိုလာဖက်ခံရတဲ့ အထိအတွေ့ကို ခံစားလိုက်ရတယ်။ ဘယ်သူရှိရမလဲ … သားလေးပေါ့။ သူက ကျွန်မရဲ့ လည်ပင်းကို သိုင်းဖက်ထားပြီး “အမေ သားကို စိတ်ဆိုးနေတုန်းလား” ဆိုပြီး ကလေးလေးတစ်ယောက်လို ကျွန်မရဲ့ ပါးပြင်ကို လာနမ်းရှာတယ်။ သားလေးရဲ့ မျက်နှာနားတစ်ဝိုက်က အနံအသက်လေးက မွှေးလိုက်တာ။ ဝက်ခြံအနည်းငယ်သာ ပေါက်နေတဲ့ သားလေးရဲ့ ပါးပြင်က နုနုထွေးထွေးလေး။ အမေစကားမပြောတော့ သားမနေတတ်ဘူး တဲ့၊ ကျွန်မကအမေလေ။ ဘယ်နေနိုင်ပါ့မလဲ။ ကျွန်မရဲ့ အတ္တစိတ်ကလည်း သားလေးရဲ့ ကလေးဆန်ဆန်အပြုံးလေးအောက်မှာ ဖယောင်းတိုင်လေး အရည်ပျော်သလို ပျော်ကျသွားရတယ်။ သူ့အဖေကိုမောင်တင့်ကတော့ ကျွန်မတို့ကို ပြုံးပြုံးကြီး ကြည့်လို့။ နောက်သုံးရက်လောက် နေတော့ “အမေ့…ရော့လေ”ဆိုပြီး မျက်မှန်ဖိုးပိုက်ဆံကို လာပေးတယ်။ ပြီးတော့ပြောသေးတယ်။ “သားနေ့စားလိုက်ပြီး သားရဲ့ မျက်မှန်ဖိုးပြန်ပေးတာပါအမေ”တဲ့။ ကျွန်မအံ့ဩစွာနဲ့ပဲ ဝမ်းနည်းသွားလိုက်ရတာ။ ဒေါ်မြသင်းတို့အကွက်မှာ ကျောင်ဆင်းချိန်တိုင်း ကြံခုတ်ပေးတယ်တဲ့လေ။ ဒါ့ကြောင့်သားလေး ဒီရက်ပိုင်းအတွင်းမှာ အိမ်ပြန်နောက်ကျနေတာကိုး ဆိုပြီး ကျွန်မလည်း အဲဒီကျမှ တွေးမိသွားခဲ့တယ်။ သူငယ်ချင်းတွေ ဆိုင်ကယ်မောင်းသွားတာကို မြင်ရင် အားကျတတ်တဲ့ သားလေး။ ဆိုင်ကယ်မပြောနဲ့ စက်ဘီးလေးနဲ့တောင် ကျောင်းမသွားနိုင်ခဲ့ရှာတဲ့ သားလေး။ အခုတော့ ငါ့သားရဲ့ နာရေးမှာ လူတွေလေ လူတွေ။ ငါ့သားရဲ့အဖေ ဆိုရင် လူကြားထဲမှာတော့ မငိုပေမဲ့ အိမ်နောက်ဖေးမှာ တစ်ယောက်တည်း ကျိတ်ငိုတာ။ ညညဆိုလည်း အိပ်ရာထဲမှာ စောင်ကြီးခေါင်းမြီးခြုံပြီး တသိမ့်သိမ့်နဲ့ တုန်လို့ ငိုနေတတ်တာ။
“သားဆယ်တန်းအောင်လို့ရှိရင် အဖေ့ကို ဝါးလည်း မခုတ်ခိုင်းတော့ဘူး၊ အမေ့ကိုလည်း နေ့စားလိုက်ဘာညာနဲ့ ကြုံရာကျဘန်းမလုပ်ခိုင်းတော့ဘူး၊ သားထိုင်းတက်ပြီး အလုပ်လုပ်မယ်” လို့ ပြောခဲ့တဲ့ ကျွန်မသားလေးက အခုတော့ အေးစက်တောင့်တင်းစွာနဲ့ ကုတင်ပေါ်မှာ အိပ်လို့ နေပါပကော။ “တက္ကသိုလ် မတက်ဘူးလား”လို့ ကျွန်မတို့ကမေးလိုက်တော့ “ဘွဲ့ရတော့ ဘာလုပ်မှာလဲ၊ သူများတွေလို ပိုက်ဆံအများကြီးပဲရှာပြီး အဖေနဲ့အမေကို ချမ်းချမ်းသာသာထားမှာပေါ့”တဲ့။ ကျွန်မသားလေးက တက်ကြွနေလိုက်တာ။ အဲဒီလို တက်ကြွတဲ့သားလေးက အခုဆိုအိပ်နေတာ နှစ်ညကုန်ပြီးလို့ သုံးရက်မြောက်ကို ရောက်ခဲ့ပြီ။ သားလေးက ပြန်မထလာတော့ဘူးလား။ ဒါကျွန်မပေါ့ဆလို့ဖြစ်ရတာ။ ဟောဒီက … ဘာအသိဉာဏ်မှ မရှိတဲ့ ကျွန်မ။ ထုံထိုင်းပြီး ပေတေလွန်းလှတဲ့ ကျွန်မ။
အဲဒီနေ့ညနေကတည်းက သားလေးက ပြောတယ်။ ခေါင်းနည်းနည်းကိုက်လို့တဲ့။ ကျွန်မဆေးခန်းသွားပြလိုက်ရမှာ။ ဒါပေမဲ့ ကျွန်မစိတ်ထဲ ဆေးခန်းလိုက်ပြပေးချင်စိတ် ပေါ်ခဲ့သေးတယ်ဆိုတာကိုတော့ ဝန်ခံပါတယ်။ ဒါပေမဲ့ ကျွန်မရဲ့ခေါင်းထဲမှာ အိမ်သုံးစရိတ်ဆိုတာကြီးက ခေါင်းထဲရောက်လာခဲ့တယ်။ ကုန်ဈေးနှုန်းတွေတက်နေတဲ့ အချိန်မှာ ဆေးတွေကလည်း ဈေးတက်မှာပဲ။ ကျွန်မ ဆေးခန်းမပြခဲ့ဘူး။ “ထရံမှာ ညှပ်ထားတဲ့ ဆေးလေး သောက်ကြည့်ပါလား”လို့ပဲ ပြောခဲ့ပြီး ကျွန်မပေါ့ပေါ့ဆဆနေခဲ့တယ်။ ညကျတော့ သားလေးက အပေါ့အပါးသွားပြီး ကျွန်မတို့ လင်မယားနှစ်ယောက်အိပ်ရာထဲကို ဝင်လာတယ်။ အမေနဲ့ အဖေနဲ့ သားအိပ်ချင်လို့တဲ့။ ကျွန်မတို့ကလည်း အိပ်ချင်မူးတူးဆိုတော့ “အင်း…ဝင်အိပ်လေ”ဆိုပြီးပဲ အမှုမဲ့ အမှတ်မဲ့ ပြောခဲ့တယ်။ မနက်ရောက်တော့ သားလေးကကွေးကွေးလေး အိပ်ပျော်လို့။ ကိုမောင်တင့်ကတော့ ထသွားပြီ။ ကျွန်မလည်း ထပြီး မျက်နှာသစ် ထမင်းအိုတည် စတဲ့ လုပ်နေကျတွေကိုပဲ လုပ်နေခဲ့တယ်။ နေတော်တော်မြင့်တဲ့ အထိ သားလေး ထမလာသေးဘူး။ ကျွန်မသားလေးကို နှိုးဖို့ ခြင်ထောင်လေးကို လှပ်ပြီး သားလေးကို ထိလိုက်တဲ့ အချိန်မှာပဲ ကျွန်မရင်ထဲ လှိုက်ခနဲ ဟာတက်သွားတယ်။ အေးစက်တောင့်တင်းနေတဲ့ သားလေးရဲ့ အသားတွေကို ထိလိုက်ရတဲ့ တစ်ခဏ ကျွန်မပတ်ဝန်းကျင်တစ်ခုလုံး ချာချာလည်သွားသလို။ မျက်လုံးတွေ ပြာဝေပြီး ဘာကိုမှ မမြင်နိုင်တော့ဘဲ တစ်ခွန်းတည်းကိုပဲ ကျွန်မအော်ခဲ့မိတယ်။
“ငါ့သားလေး”
သားလေး…။ ဟင် … လူတွေ ရုတ်ရုတ်အိမ်ပေါ်တက်လာကြပြီ။ ဘာလုပ်ကြမလို့လဲ။ ငါ့သားလေးကို မသွားကြတယ်။ ဟင့်အင်း….။ ငါ့သားကို ဘယ်ခေါ်သွားကြမလို့လဲ။ နိဗ္ဗာန်ယာဉ် ဟုတ်လား။ ဒါဆို ကျွန်မပါလိုက်မယ်။ ဖြည်းဖြည်းလုပ်ကြပါ။ ကျွန်မသားလေးနိုးသွားအုံးမယ်တော့်။
“စိတ်ထိန်း မရွှေကြည်၊ စိတ်ထိန်း”
ဘာရှင့်….ကျွန်မက ဘာကိုစိတ်ထိန်းရမှာလဲ။ ကျွန်မကို အရူးများမှတ်နေလား။ တောင်းပန်ပါတယ်။ ကျွန်မကို မဆွဲကြပါနဲ့။ ကျွန်မ ကျွန်မသားလေးနဲ့ အတူ နိဗ္ဗာန်ယာဉ်ကြီး တူတူစီးချင်လို့ပါ။ အို…ကျွန်မသားလေးကို နိဗ္ဗာန်ယာဉ်ကြီးထဲ သွင်းနေကြပြီ။ သားလေးနဲ့ အတူလိုက်မှာလို့။ သားလေးရေ….၊ အမေလိုက်ခဲ့မယ်ကွဲ့။ ကိုမောင်တင့် ရဲ့ ကျွန်မကို ရှင်လိုက်ထိန်းမနေပါနဲ့။ ရှင့်ဘာသာရှင်ပဲ နောက်ဖေးသွားငိုပါ။ ကျွန်မသားလေးနဲ့ လိုက်ချင်လို့ပါ။
ကျွန်မကို လူတွေက ကားတစ်စီးနဲ့ သပ်သပ်ခေါ်သွားကြတယ်။ လမ်းလေးတစ်လျှောက်လုံး လူတွေပြည့်လို့ပါလား။ အဖြူအစိမ်းလေးတွေကော။ ငါ့သားကို လာကြည့်ကြတာလား ဟင်။ ငါ့သားကို လိုက်ပို့ကြတာလား။
သုဿာန်ကိုရောက်တော့ ကျွန်မသားလေးနားမှာ အဖြူအစိမ်း ဝတ်ထားတဲ့ အရပ်ရှည်ရှည် လူကြီးတစ်ယောက်က မတ်တပ်ရပ်လို့။ ဘာလုပ်ကြမလို့လဲ။ အမိန့်စာဟုတ်လား။ အဲဒီလူကြီးက သားလေးနားမှာ စာရွက်ကြီး ကိုင်လို့။ ဘာစာရွက်ကြီးလဲ။ ရှင်တို့ ကျွန်မသားလေးကို ဘာလုပ်ကြမလို့လဲ။ အမိန့်စာဖတ်မလို့…ဟုတ်လား။
“အထက….ရှိ မောင် မင်းကို သည် တောင်ညိုကျောင်းနှင့် လုံးဝမသက်ဆိုင်တော့ပါ”
အို…တဝေါဝေါနဲ့ ဘာသံတွေလဲ။ ဘာလို့ ငိုကုန်ကြတာလဲ။ သားရေ…ဟောဒီမှာ မင်းရဲ့ ဆရာမတွေ ငိုနေကြပြီ။ မင်းရဲ့သူငယ်ချင်းတွေ ငိုနေကြပြီ။ ငါ့သားရဲ့…. အမေငယ်ငယ်တုန်းက ဆုံးမထားတာမှတ်မိသေးလား။ ကိုယ့်ကျေးဇူးရှင်ကို မျက်ရည်ကျအောင် မလုပ်ရဘူးလို့။ ဘာလို့ မျက်ရည်ကျအောင် လုပ်နေတာလဲ ငါ့သားရဲ့။ အမိန့်ရွတ်ပြီးပြီတဲ့လား။ အို…ကျွန်မသားလေးဘေးမှာမှ လူတွေက ဘာလို့ အခုမှ တစိမ့်စိမ့်ကြည့်နေကြတာလဲ။ မသေခင်က အိမ်ခေါ်ပြီး ကြည့်ပါ့လား။ ကျွန်မကြည့်ပါရစေအုံး။ ကျွန်မရင်က မွေးထားရတဲ့ သားလေးပါတော်။ အို….ကိုမောင်တင့်ရဲ့ ရှင်ကလည်း မငိုနဲ့လေ။ သားလေးကို မြှုပ်တော့မယ် ဟုတ်လား။
မလုပ်နဲ့လေ။ ဘာလို့ ကျွန်မကို သားလေးနားကနေ ဆွဲခေါ်သွားကြတာလဲ။ မထည့်နဲ့လေ။ ငါ့သားကို ဘာလို့ မြေကျင်းကြီးထဲ ထည့်မှာလဲ။ မဆွဲကြနဲ့ ကျွန်မကို။ ရှင်တို့သိပ်ရက်စက်တာပဲ။ ဘာလို့ မြေပြန်ဖို့နေတာတုံး။ ရှင်တို့အ,လှချည်လား။ ကျွန်မသားလေး ဘယ်လိုအသက်ရှူမလဲ။ ငါ့သားလေး အသက်ရှူကျပ်နေရှာမှာပေါ့။ ကျွန်မနားထဲက ဒီငိုသံတွေကလည်း ပျောက်ကိုမပျောက်နိုင်တော့ဘူး။ ဟင်… ပြန်ရတော့မယ် ဟုတ်လား။ ဟင့်အင်း …ကျွန်မ မပြန်ချင်သေးဘူး။ ပြန်လည်း မပြန်ချင်တော့ဘူး။ ကျွန်မသားလေးနဲ့ပဲ ဒီသုဿာန်ကြီးမှာ အတူတူနေမယ်လေ။ အို…ကျွန်မကို အတင်းကာရော ကြီး မဆွဲကြပါနဲ့။ သားလေးရဲ့ မြေပုံနားမှာပဲ ကျွန်မနေပါရစေ။ ကိုမောင်တင့်ရဲ့…ရှင်ကကော သားလေးနဲ့အတူမနေချင်ဘူးလား။ ဘာလို့ကျွန်မကိုပဲ ပြန်ကြရအောင် ပြောနေတာလဲ။ ဒါရှင့်သားနော်။ ရှင်နဲ့ ကျွန်မတို့ရဲ့တစ်ဦးတည်းသော သားငယ်လေး။ သိပ်လိမ္မာတဲ့သားလေး။ ဘာလဲ … ရှင်က သားလေးသေသွားတော့ မချစ်တော့ဘူးပေါ့ ဟုတ်လား။ အို…လူတွေ သူတို့ဘာသာ ပြန်တာ ပြန်ပစေပေါ့။ သူတို့သားမှ မဟုတ်တာ။ ကျွန်မတို့က သူ့ရဲ့ အဖေနဲ့ အမေလေ။ ဘာလို့ ပြန်ရမှာလဲ။ အို…ကျွန်မကို အတင်းမဆွဲကြပါနဲ့။
သားလေးရေ…၊ အမေ့ကို ကယ်ပါအုံးကွယ်။ သားလေးနဲ့ အတူနေချင်ပါတယ်ဆို လူတွေက မနေခိုင်းတော့ဘူး။ ဒီမှာ အတင်းကို ကားထဲ ဇွတ်ဝင်ခိုင်းနေတယ်။ ငါ့သားနဲ့ စကားပြောလို့ မပြီးသေးဘူးဆိုတာကို မရဘူး။ သူတို့ သားသမီးမဟုတ်တိုင်း ကိုယ်ချင်းမစာမနာ။ ဟော…ရက်စက်ပြန်ပြီကွယ်။ ကားကိုမောင်းနေပြီ။ ကျွန်မသားလေးနဲ့ စကားပြောလို့မပြီးသေးဘူးရှင့်။ ဟိုမှာ… ကျွန်မသားလေး တစ်ယောက်တည်းကျန်နေခဲ့ပြီ။ “မောင်မင်းကို..အသက်ဆယ့်ခြောက်နှစ်”ဆိုတဲ့ မှတ်တိုင်ကြီးအောက်က မြေပုံမို့မို့ကြီးထဲမှာ ကျွန်မသားလေးတစ်ယောက်တည်း ကျန်ခဲ့ရတာ ကြောက်နေမှာပေါ့။ ဟေ….ငါ့သားလေးရဲ့၊ အမေပြောတာကြားလား။ သားလေး တစ်ယောက်တည်းနေခဲ့ရတယ်ဆိုပြီး မကြောက်နဲ့နော်။ သားလေးကြောက်ရင် အမေပြေးလာခဲ့မယ်သိလား။ ငါ့သားလေး မကြောက်ဘူးမလား။ အမေပြောတာ ကြားရဲ့လား..ငါ့သား၊ ဟေး…….ငါ့သားရဲ့။
မင်းခသင်း