ရှင်သန်ရာလမ်းများထက်မှာ

Posted on

ရှင်သန်ရာလမ်းများထက်မှာ(စ/ဆုံး)
———————————–

ဘ၀မှာ ရှင်သန်နိုင်ဖို့အတွက် ကြိုးစားဖြတ်သန်းရတဲ့လမ်းတွေဟာ မျှော်လင့်ထားသလို ဖြောင့်တန်းမနေပဲ ကွေ့ကောက်သွားတတ်ကြတာသဘာဝပါ။

*

အလုံပိတ်အဲကွန်းခန်းထဲတွင် အရာအားလုံးတိတ်ဆိတ်ငြိမ်သက်လျက် ရှိသည်။ အပြင်တွင် ကွန်တိန်နာပေါ်သို့ ပစ္စည်းတင်နေကြသည့် အလုပ်သမား တချို့၏စကားပြောသံများကိုကြားနေရသော်လည်း တိတ်ဆိတ်ငြိမ်သက် နေသော အခန်းကို အနှောင့်ယှက်ပေးလောက်သည်အထိတော့ ဆူညံမနေပါ။ အခန်းထဲတွင် အဲကွန်း shatter လှည့်သံကိုပင်အတိုင်းသား ကြားနေရပါသည်။
ကျွန်တော်သည် လက်နှစ်ဖက်ကို ကွန်ပျူတာကီးဘုတ်ပေါ် ခပ်ဖွဖွ တင်၍ လုပ်ပြီးသားစာရင်းကိုသာ တသွေမတိုင်း စိုက်ကြည့်နေ၏။ သို့သော်လည်းမြင်ကွင်းထဲတွင်ထိုစာရင်းများလည်းရှိမနေပါ။ လူကနေရာမှာ ငြိမ်သက်စွာ ထိုင်နေသော်လည်း ကျွန်တော့်စိတ်တို့သည် လူးလား ဆန်ခတ် လှုပ်ရှားဆူပွက်လျက်ရှိသည်။

ကျွန်တော် ဒေါသထွက်နေခြင်း ဖြစ်ပါသည်။ ဒေါသစိတ်ကြောင့် အနီးတွင်ရှိသော ကော်ဖီခွက်ကို ကြမ်းပြင်ပေါ်သို့ ပစ်ပေါက်ခွဲပစ်လိုက် ချင်သော်လည်း ကျွန်တော်သည်ထိုသို့လုပ်တတ်သူမဟုတ်ပါ။ ရရှိထားသော၊ ရာထူးနှင့် ဂုဏ်သိက္ခာအတွက် တည်ငြိမ်ရင့်ကျက် သူတစ်ဦးကဲ့သို့ ဟန်ဆောင် နေထိုင်ခြင်းအပေါ်တွင်ကျွန်တော်နေသားတကျရှိနေသောကြောင့် ဖြစ်ပါသည်။
ကျွန်တော့် စားပွဲရှေ့တွင်လူငယ်လေးတစ်ယောက်သည် ကျွန်တော့် ကဲ့သို့ တုတ်တုတ်မျှမလှုပ်ပဲ ငြိမ်သက်စွာရပ်နေခဲ့သည်မှာ အချိန်အတော် ကြာခဲ့ပြီ။ သူ့မျက်လုံးများသည် ကျွန်တော့်အား လုံးဝမော့မကြည့်ပဲ မျက်လွှာချ ၍ ကြမ်းခင်းပြင်ကိုသာ စိုက်ကြည့်နေပါသည်။ သူ့မျက်လုံးထဲတွင်လည်း ထိုကြမ်းခင်းပြင်ရှိနေမည်မဟုတ်ပါ။သူသည်လည်း ကျွန်တော့်ကဲ့သို့စိတ်လှုပ်ရှား နေမည်မှာ သေချာ၏။ ထိုကောင်လေးနှင့် ကျွန်တော်တွင် ကျွန်တော်က ဒေါသကြောင့်စိတ်လှုပ်ရှားခြင်းနှင့် ထိုကောင်လေးက ကြောက်နေသောကြောင့် စိတ်လှုပ်ရှားခြင်းသာကွာမည်ထင်ပါသည်။ ရှေ့တွင်ယှက်ကာ ပုဆိုးခါးပုံစားပေါ် အသာတင်ထားသော ထိုကောင်လေး၏လက်ချောင်းလေးများသည် မသိမသာ လှုပ်နေပါသည်။

ကျွန်တော်သည် စိတ်ကိုယခုထက်ငြိမ်အောင်ဆက်မထိန်းနိုင်တော့ပါ။ ထိုကောင်လေးရပ်နေရသည်မှာလည်း အတော်ကြာနေပြီ ဖြစ်သောကြောင့် ယခုကိစ္စကို ကျွန်တော်အပြီးသတ်ဆုံးဖြတ်ရန်အချိန်ကျရောက်လာခဲ့ပြီ။ ထိုင်ခုံ နောက်ကျောကိုကျောမှီချကာထိုင်ရင်း လက်နှစ်ဖက်ကို ဟန်ပါပါပိတ်လို့ ကျွန်တော်ထိုကောင်လေးကြည့်လိုက်သည်။ ငြိမ်သက်စွာထိုင်နေရာမှ ရုတ်တရက်လှုပ်ရှားလာသော ကျွန်တော့်ကို ထိုကောင်လေးက မျက်လုံး အသာပင့်ကာကြည့်ပြီး ချက်ချင်းဆိုသလို မျက်လွှာပြန်ချသွားသည်။ သူ့လက်ချောင်းလေးများသည် စောစောကထက်ပို၍လှုပ်ရှားနေပါသည်။ သူ့ကိုအဆုံးဖြတ်ပေးမည့်သတင်းကိုကြားရတော့မည် ဖြစ်သောကြောင့် ယခင်ထက်ပို၍စိတ်လှုပ်ရှားလာဟန်တူ၏။

“မင်းနာမည်ဘယ်လိုခေါ်လဲ ”

အမှန်မှာ ထိုကောင်လေး၏ biography အားလုံးကို ကျွန်တော်သိပြီး ဖြစ်သော်လည်း တမင်မေးလိုက်ခြင်းသာဖြစ်ပါသည်။

“ ရန် … ရန်မျိုးနိုင်ပါ ဆရာ”

“အသက်ဘယ်လောက်ရှိပြီလဲ။”

“၁၉ နှစ်ပါဆရာ ”

“အိုကေ ရန်မျိုးနိုင်။ မင်းလုပ်လိုက်တဲ့ ကိစ္စဟာ တော်တော်လေး
ပြသနာကြီး တယ်ဆိုတာ မင်းသိပါတယ်နော်။ ”

“ဟုတ် … ဟုတ်ကဲ့။ သိပါတယ်ဆရာ။ ကျွန်တော်တောင်းပန်ပါတယ် ခင်ဗျ။”

“ မင်းဒီမှာအလုပ်၀င်တာ ဘယ်နှစ်လရှိပြီလဲ”

“၆ လကျော်ပါပြီဆရာ။”

“၆ လကျော်ပြီဆိုရင် မင်းငါ့အကြောင်းလည်း နည်းနည်းပါးပါးတော့ သိမှာပါ။ ငါက စာရိတ္တမကောင်းတဲ့ကောင်ဆိုရင် အရမ်းမုန်းတာမင်းသိတယ် မဟုတ်လား။ ”

“ဟုတ်ကဲ့သိပါတယ်ဆရာ။”

“မင်းလုပ်လိုက်တဲ့လုပ်ရပ်ဟာ မင်းအပေါ်ထားတဲ့ ယုံကြည်မူကို အလွှဲသုံးစား လုပ်လိုက်တာပဲကွ။မင်းဟာ ဒီငွေကြေးအနည်းငယ်နှင့် မင်းရဲ့ ဂုဏ်သိက္ခာနှင့် ကိုယ်ကျင့်တရားကိုချရောင်းလိုက်တာပဲ။ဒီ ငါးသိန်းတောင် မပြည့်တဲ့ ငွေလေးနဲ့ မင်းရဲ့ စာရိတ္တကို ခြစားခံလိုက်တာကို မင်းကတန်တယ် ထင်ရဲ့လား။”

ထိုကောင်လေးစကားသံထွက်မလာပါ။ ခေါင်းကိုငုံ့၍ လက်မနှင့် လက်ညှိုးကိုပွတ်သပ်လှုပ်ရှားနေသည်။

“ မင်းကြောင့် ငါ အခုဘယ်လောက်ထိ ပြသနာတက်နေသလဲ ဆိုတာမင်းသိရဲ့လား။ ဒီကိစ္စအတွက်မင်းဘာပြန်လုပ်ပေးမလဲ။ မင်းမသိပါဘူး။ မင်းလုပ်လည်းမလုပ်ပေးနိုင်ဘူး။ အဲတော့ ဒီကိစ္စဟာ မင်းလုပ်ခဲ့တာ။ မင်းမှားခဲ့တာဆိုပေမဲ့ နောက်တော့ မင်းပြသနာက ငါ့ပြသနာဖြစ်သွားတယ်ကွ။ မင်းဒါကိုတွေးမိရဲ့လား။ ဒါတွေပြောနေလည်း မင်းနားလည်မှာမဟုတ်ဘူး။ ဆက်ပြောနေရင်လည်းမင်းကိုငါ တစ်ခုခုလုပ်မိလေ့မယ်။ အဲတော့ မင်းမှာ ရွေးချယ်စရာသုံးခုရှိတယ်။ မင်းကိုငါ ရဲလက်အပ်ရမလား။ ဒါမှမဟုတ် မင်းကိုယ်တိုင် မင်းအလွှဲသုံးစားလုပ်ခဲ့တဲ့ပစ္စည်းတန်ဖိုးအတိုင်းအခု ချက်ချင်း ပြန်လျော်မလား။ အလုပ်ထွက်မလားတစ်ခုရွေးပါ။ ”

ကျွန်တော့်စကားကြားသည့်အခါ ထိုကောင်လေးသည် ပြာပြာသလဲ ကျွန်တော့်ကို မော့ကြည့်လာသည်။ ထို့နောက်ကျွန်တော့် ရှေ့သို့အနည်းငယ် တိုးကပ်လာကာ ခါးကိုရိုရိုကျိုးကျိုးကိုင်းပြီးပြောလေသည်။

“အဲဒီလိုတော့ မလုပ်လိုက်ပါနဲ့ဆရာရယ်။ရဲလက်လည်းမအပ်ပါနဲ့။ ပြီးတော့ကျွန်တော်အလုပ်ပြုတ်လို့လည်းမဖြစ်ပါဘူးဆရာ။ ကျွန်တော်အလုပ် ရှိနေမှကိုရမှာမို့လို့ပါ။ ကျွန်တော် ကုမ္ပဏီပစ္စည်းကို အလွှဲသုံးစားလုပ်ခဲ့မိတာ တောင်းပန်ပါတယ်။ကျွန်တော်ပြန်လျော်ပေးပါ့မယ်ဗျာ။ တစ်လုံးတည်းတော့ ကျွန်တော် မလျော်နိုင်လို့ ကျွန်တော့်လစာထဲကနေ နည်းနည်းစီဖြတ်သွား ပေးပါဆရာ။ ဆရာ့ကျေးဇူးကို ကျွန်တော်မမေ့ပါဘူး။”

“ဘာကွ။ မင်းလစာထဲက နည်းနည်းစီဖြတ်ရမယ်ဟုတ်လား။ ငါက ဘာကိစ္စနဲ့ မင်းဆန္ဒကိုလိုက်လျောရမှာလဲ။ မင်းမှာရော တောင်းဆိုနိုင်တဲ့ အခွင့်ရေးရှိလို့လား။ ဘာမှဆက်မပြောနဲ့တော့ မင်းမနက်ဖြန်ကစပြီး အလုပ်လာစရာမလိုတော့ဘူး။ မင်းကိုအလုပ်ထုတ်လိုက်ပြီ။ မင်းသွားတော့”

“ဆရာရယ်။ ကျွန်တော်တောင်းပန်ပါတယ်။ ကျွန်တော်အလုပ်ရှိမှ ဖြစ်မှာမို့လို့ပါ။ ဒီကရတဲ့လစာလောက်လည်းဘယ်မှာမှ မရနိုင်လို့ပါ။ တောင်းပန်ပါတယ်ဆရာရယ်။ ကျွန်တော့်ကို ဒီတစ်ခါတော့ ခွင့်လွှတ်ပေးပါ။ ကျွန်တော်ရိုးရိုးသားသားနဲ့အလုပ်ကြိုးစား ပါ့မယ်လို့ကတိပေးပါတယ်ဆရာ။”

“မဖြစ်နိုင်တော့ဘူး။ယုံကြည်မူဆိုတာ ပျက်စီးသွားပြီးရင် အကောင်း တိုင်းပြန်ဖြစ်ဖို့မလွယ်ဘူးကွ။ ငါ မြွေပွေးကိုခါးပိုက် ပိုက်ထားရတဲ့ အဖြစ်မျိုး တော့ အဖြစ်မခံနိုင်ဘူး။ ဒီမှာမင်းသိထားဖို့က လောကမှာ ရိုးသားဖြောင့်မတ်သူ နှင့် မရိုးသားမဖြောင့်မတ်သူ ဆိုပြီးနှစ်မျိုးပဲ ရှိတယ်။ ကြားအဆင့်ဆိုတာမရှိ ဘူးကွ။ အဲဒီတော့ ရှင်းရှင်းလေးပဲ။ မင်းဟာ မရိုးသားမဖြောင့်မတ်တဲ့သူမို့ မင်းကိုအလုပ်ဖြုတ်တယ်။ ကဲ … ငါအလုပ်ရှိသေးလို့ မင်းသွားလို့ ရပြီ။”

ပြောပြီးကျွန်တော်သည် ကွန်ပျူတာကိုဆက်လက်ပြန်ကြည့်နေ လိုက်သည်။ ထိုကောင်လေးသည် ကျွန်တော့်ကိုစကားဆက်ပြောဖို့ဟန် ပြင်လိုက်သည့်အခါ ကျွန်တော်က မပြောတော့နဲ့ဆိုသည့်ပုံစံဖြင့် ခေါင်းကို သွင်သွင်ရမ်းပြီးလက်ကာပြလိုက်သည်။

ထိုကောင်လေး ကျွန်တော့်ရုံးခန်းထဲက ထွက်သွားသည့်အခါမှာတော့ ကျွန်တော်သည် ထိုကောင်လေး၏ကျောပြင်ကို ငေးကြည့်ရင်း ကျန်ရစ်ခဲ့ ပါတော့သည်။

*

အမှန်တွင် ထိုကောင်လေးကိုကျွန်တော်အလုပ်မထုတ်လည်းရပါသည်။ ထိုကောင်လေးလုပ်ခဲ့သောပြသနာသည် ပုံမှန်ကြည့်လျှင် အလွန်တရာကြီးမား သည်ဟုထင်ရသော်လည်း ထိုပြသနာမျိုးသည် သူဌေးမသိစေပဲ ကျွန်တော့် ဘာသာအလွယ်တကူရှင်းလို့ရသည့်ပြသနာလည်းဖြစ်သည်။

ကျွန်တော်သည်နိုင်ငံခြားသားပိုင်အထည်ချုပ်ကုမ္ပဏီတစ်ခု၏ Store manager တစ်ဦးဖြစ်ပါသည်။ စက်ရုံသုံးရုံစာအတွက် ကုန်ကြမ်းပစ္စည်းနှင့် စက်ပစ္စည်းအဟောင်းများ သိုလှောင်သောဂိုဒေါင်ကြီးကို ဦးစီးအုပ်ချုပ် တာ၀န်ယူရသူဖြစ်သောကြောင့် အတော်လေးတော့ သတိထားခေါင်းစားရ ပါသည်။ နေ့စဉ်ပစ္စည်းအ၀င်အထွက်သည်အတော်လေးများလှသည်။ ကျွန်တော့်အောက်တွင် ၀န်ထမ်း အယောက် ၃၀ ကျော်ခန့်ထား၏။ ဂိုဒေါင် အလုပ်သမား၊ ပစ္စည်းစာရင်းမှတ်သည့် စာရေးမ၊ ပစ္စည်းအ၀င်ထွက် စာရင်းလုပ်သူ၊ ပစ္စည်းထုတ်ပေးသူ။ ပစ္စည်းရွေ့ပြောင်း၊ သယ် မ လုပ်ရန် အလုပ်သမားများ စသည်ဖြင့် ၀န်ထမ်းများကို ကျွန်တော် စိတ်ကြိုက်တာ၀န် ခွဲထားပေးသည်။

ကျွန်တော်သည် ကျွန်တော့်အောက်က ၀န်ထမ်းများကို မျက်နှာသာ ပေးတတ်သည့် သူထဲတော့မပါပါ။ ၀န်ထမ်းများနှင့်နွေးနွေး ထွေးထွေး မရှိသည့်အပြင် ၀န်ထမ်းများ၏ ဘ၀ကိုလည်း ယောင်လို့ပင် စိတ်၀င်စား သူမဟုတ်ပါ။ ထို့ကြောင့် ၀န်ထမ်းအများစုသည် ကျွန်တော့်ကို ရှိန်ကြပါသည်။ သို့သော် ကျွန်တော်သည် လက်အောက်က ၀န်ထမ်းများကို အလုပ်တွင် စင်းလုံးချောအဆင်ပြေအောင် သင်ကြားပေးပြီး၊ ထိုက်တန်သည့်လစာကိုလည်း ကျွန်တော်ကိုယ်တိုင်သတ်မှတ်၍ သူဌေးထံတွင်တောင်းထားပေးပါသည်။ ပုံမှန်ဆိုပါမူ ကျွန်တော့်အောက်မှ ၀န်ထမ်းများသည် တခြားသော၀န်ထမ်းများ ထက် လစာကောင်းကြပါသည်။

ထို့ကြောင့်ကျွန်တော်သည် အမြဲတမ်းစည်းကမ်း တင်းကြပ်တတ်ပြီး အလုပ်နှင့်ပတ်သက်ပါက မျက်နှာသာမပေးတတ်ပါ။ ထို့ပြင် ပစ္စည်းများ ထိန်းသိမ်းရသည့်တာ၀န်ဖြစ်သောကြောင့် ၀န်ထမ်းများအား အကျင့်စာရိတ္တ ပိုင်းနှင့် ပတ်သက်၍အမြဲတစေပြောဆိုကြပ်မတ်လေ့ရှိသည်။ များပြားလှသည့် စက်ရုံပစ္စည်းစာရင်းများကို အသေးစိတ်စီစစ်ထိန်းသိမ်းရန်မှာ လွယ်သည့် အလုပ်မဟုတ်ပါ။ တစ်နေ့တစ်နေ့ စက်ရုံဘက်က ရောက်လာသည့် reject အထည်များ၊ အပ်ချုပ်စက်နှင့်ဆက်စပ်သည့်ပစ္စည်းအဟောင်းများအပြင်၊ နိုင်ငံခြားက Import သွင်းလိုက်သည့် ပိတ်စနှင့် Garment accessories ပစ္စည်းများဖြင့်စုံလင်လှသည်။

သက်တမ်းဆယ်နှစ်ကျော်ကြာပြီဖြစ်သည့် စက်ရုံကြီးသုံးရုံ၏ ဂိုဒေါင်ဖြစ်သောကြောင့် ပိတ်လိပ်အပိုများ၊ စက်ပစ္စည်းအဟောင်းများ။ အထည်များသည် အတော်လေးများလှပါသည်။ ပိတ်လိပ်များအတွက် မှောင်ခို လာ၀ယ်သည့်သူများရှိသလို၊ စက်ပစ္စည်းအဟောင်းများအတွက်လည်း ရောင်းလို့ရသည့် စျေးကွက်တွေလည်းရှိသည်။ အဆက်သွယ်ရှိပါက စတိုပစ္စည်းများအား ခိုးရောင်းလို့လွယ်ကူလှ၏။ ထိုသို့ သူ့လောကနဲ့သူ မှောင်ခိုလမ်းကြောင်းလည်းရှိနေသောကြောင့် ထိုအပေါ်မှာ အတော်လေး ထိန်းကွပ်မူလုပ်နိုင်မှ တော်ကာကျပါ၏။ နိုင်ငံခြားဖြစ်စက်ပစ္စည်းများသည် အဟောင်းတစ်လုံးကိုပင် ကြမ်းခင်းစျေး ၅ သောင်းကျော် လောက်ပေါက်ပါ သည်။ အထပ်ထပ်သိုလှောင်ထားသော ပစ္စည်းအဟောင်းများကြောင့် ဂိုဒေါင်တွင် စက်လေးငါးလုံးပျောက်ရှရုံဖြင့် လွယ်လွယ်မသိနိုင်သလို၊ ပိတ်လိပ် လေးငါးဆယ်လိပ် ပျောက်သွားလည်း လွယ်လွယ်မသိနိုင်ပါ။

ယခုကျွန်တော်အလုပ်ထုတ်လိုက်သော ကောင်လေးသည်လည်း ညစောင့် Duty ကျစဉ် ထိုလမ်းကြောင်းကိုသုံးကာ စက်ပစ္စည်းတချို့ ခိုးရောင်း လိုက်သောကြောင့် ကျွန်တော်စိတ်ဆိုးမိခြင်းပင်ဖြစ်ပါသည်။ ဘယ်သို့ဘယ်ပုံ ခိုးထုတ်ပြီးရောင်းလိုက်သည်မသိသော်လည်း ထိုကောင်လေး အောက်က ကလေးတစ်ယောက်က ကျွန်တော်ကိုလာတိုင်အသိပေးခဲ့သည်။ ကျွန်တော် စစ်ဆေးကြည့်သည့်အခါ အမှန်တကယ် ခိုးထုတ်ရောင်းစားခဲ့ခြင်း ဖြစ်နေသည်။
သူဌေးစာရင်းစစ်သည့်အခါ လက်ထဲရှိသည့် စားရင်းများကို သာမန်ကာ လျှံကာ လုပ်ပြီးပေးလိုက်၍တော့ရပါသည်။ မတန်မဆအမြတ်စွန်း ရနေသော စက်ရုံတွင် နိုင်ငံခြားသားသူဌေးအဖို့ ထိုစက်ပစ္စည်းအဟောင်း များအပေါ်တွင် လည်း ပြောလောက်အောင်အာရုံမရှိပါ။ အရှင်းဆုံးဆိုပါမူ စက်ပစ္စည်းအဟောင်း စာရင်းများနှင့် အထည်အလိပ်အဟောင်း စာရင်းများသည် စတိုမန်နေဂျာဖြစ်သူ ကျွန်တော့်လက်ထဲတွင်ရှိနေပါသည်။ လုပ်သက် ကြာနေပြီဖြစ်သော ကျွန်တော့် အဖို့ ကိစ္စတော်တော်များများသည်လက်ထဲတွင် ပြီးပါသည်။

သို့သော်လည်း အောက်က၀န်ထမ်းက ယခုကဲ့သို့ စာရိတ္တ ပျက်ပြား နေမူကို ကျွန်တော်လျစ်လျူမရှုနိုင်ပါ။တစ်ယောက်ကို သက်ညာပေး လိုက်လျှင် ကျန်သည့်၀န်ထမ်းများပါ စာရိတ္တပျက်ပြားမည်စိုးသောကြောင့် ယခု ရန်မျိုးနိုင် ဆိုသည့် ကောင်လေးအား နမူနာထားကာ အလုပ်ထုတ်ခြင်းဖြင့် ပြင်းထန်စွာ အရေးယူလိုက်ခြင်းဖြစ်ပါသည်။ ထိုကြောင့် ထိုကောင်လေးအား အလုပ်ထုတ် လိုက်ခြင်းအပေါ် ကျွန်တော်လွန်မည်မထင်ပါ။ ကျွန်တော်၏ လုပ်ပိုင်ခွင့်အရ လုပ်ခြင်းသာဖြစ်ပါသည်။

*

တစ်ခုသော တနင်္ဂနွနေ့တွင်ဖြစ်သည်။ မှတ်မှတ်ရရထိုနေ့က ရန်ကုန်မြို့တွင် မိုးသည်းထန်စွာရွာနေခဲ့သည်။

ကျွန်တော်သည်နယ်ကသူငယ်ချင်း၏ဖခင်ဖြစ်သူ ဆေးရုံတက်ရသည် ဆိုသောကြောင့် ရန်ကုန်ဆေးရုံကြီးသို့ လူနာသတင်း မေးလာခဲ့ပါသည်။ လူနာအတွက် လိုအပ်မည်ထင်သော အသီးနှံတချို့နှင့် မုန့်များ၀ယ်ခဲ့ သေးသည်။

ဆေးရုံတွင် သူငယ်ချင်းနှင့်တွေ့ပြီး ဖခင်ဖြစ်သူကိုလူနာမေးပြီး သည့်အခါပြန်ထွက်ခဲ့သည်။ ဆေးရုံအ၀င်အဆောက်ဦအပေါက်၀ ရောက်သည့် အခါ မိုးသည် သည်းထန်စွာရွာနေဆဲဖြစ်သည်။ အချိန်က နေ့ခင်းတစ်နာရီ ကျော်ကျော်ရှိချေပြီ။

မိုးရေထဲ ထီးဆောင်းပြီးမထွက်ချင်သည်နှင့် ကျွန်တော်သည် ဆေးရုံ ၀င်ပေါက်ထောင့်တစ်နေရာမှ ခုံလေးတွင်ထိုင်ကာ သည်းထန်စွာရွာနေသည့် မိုးရေစက်များကို ငေးကြည့်ရင်း အမေ့ကိုသတိရနေမိသည်။

လွန်ခဲ့သော ဆယ်နှစ်ကျော်လောက်က အမေသည်လည်း သည်ဆေးရုံကြီးတွင် ဆေးလာကုပေးဖူးပါသည်။ ထိုအချိန်က နယ်ကဆေးခန်း တစ်ခုတွင် ပါးစောင်အောက်ရှိအကျိတ်တစ်ခုကို ခွဲစိတ်ရင်း အမေသည် ကင်ဆာအကျိတ်ဟု အဖြေထွက်ခဲ့၏။ ထို့ပြင်ခွဲစိုက်ပြီးသည့်အချိန်၌ အမေသည် အောက်ပိုင်းသေသွားခဲ့သည်။ ခွဲစိုက်ရာတွင် တစ်စုံတစ်ခု လွှဲချော်သွားသည်ဟု ထင်သော်လည်း ဆရာ၀န်ထံတွင် ဘာမှစောဒကတက်ခွင့်မရခဲ့ပါ။ ထိုအချိန်က ကျွန်တော်အသက်သည် ၁၉ နှစ်လောက်သာရှိပါဦးမည်။ ကင်ဆာရောဂါသည် လူတစ်ယောက်အတွက်လမ်းဆုံး စေတတ်သောရောဂါဟုထင်ခဲ့သောကြောင့် ထိုအချိန်က အမေ့ကိုဆုံရှုံးရမည်စိုးပြီး အတော်လေးတုန်လှုပ်မိခဲ့သည်။

ကင်ဆာဆိုသည့် Result ကို သိရသည့်အချိန်တွင် ကျွန်တော်သည် ထူထူပူပူဖြင့် ယခုလို မိုးသည်းကြီးထဲ အိမ်ကိုအပြေးပြန်ခဲ့ဖူးသည်။ အိမ်ရောက် သည့်အခါ လမ်းလုံး၀ မလျှောက်နိုင်တော့သည့်အမေ့ကိုကြည့်ပြီး ရောဂါ၏ အဖြေကိုကျွန်တော်ပြောမထွက်ခဲ့ပါ။ ထူပူနေသောစိတ်တို့ဖြင့် မိုးရေထဲတွင် အားပါးတရထိုင်ငိုခဲ့ရသည်။

ထိုစဉ်က အမေ့အတွက်ဆေးစားရိတ်ကို အရွယ်နဲ့မလိုက်အောင် အသည်းအသန်ရှာခဲ့ရဖူးသည်။နောက်တော့ အမေ့ကို ဆေးကုနိုင်ခဲ့ပြီး ယခုထိ အမေသည်ကျန်းမာနေခဲ့သည်ဖြစ်သော်လည်း မှီဝဲရသည့်ဆေးများမှာ စျေးကြီး လွန်းလှသည်။ တစ်လတစ်လ ကျွန်တော်ရသောလခများသည် အမေ့ဆေးဖိုး များဖြင့်သာ ကုန်သွားလေ့ရှိသည်။

မိုးသည် အနည်းငယ်စဲသွားသော်လည်း မိုးဖွားများကျနေဆဲဖြစ်သည်။ လမ်းမထက်တွင် ဥဒဟို ပြေးလွှားနေကြသည့်ရေစိုနေသောကားများကို အတိုင်းသားမြင်ရသည်။ သို့သော်ကျွန်တော်သည် ပြန်ချင်စိတ်မရှိသေးသည်နှင့် နေရာမှ ထဖိုစိတ်ကူးမရှိသေးပါ။

ကျွန်တော်ငေးကြည့်နေရင်း မိုးထဲတွင် လူငယ်တစ်ယောက်သည် ဆေးရုံသို့အပြေးလာနေသည်ကိုလှမ်းတွေ့ရသည်။ ထိုသူတွင်ထီးမပါ ပါ။ လက်ထဲတွင်အထုပ်လေးတစ်ထုပ်ဆွဲလာသည်။ အသီးနှင့်မုန့်တချို့ဖြစ်မည် ထင်၏။ သည်းထန်စွာရွာသွန်းခဲ့သော မိုးများမိလာဟန်တူပါသည်။ သူ့တစ်ကိုယ်လုံး ရွှဲစိုလို့နေလေပြီ။ ရေစိုနေသော အညိုရောင်တီရှပ်လေးသည် သူ့ခန္ဓာကိုယ်တွင်ကပ်နေသောကြောင့် ပိန်လှီလှသည့်သူ့ခန္ဓာကိုယ်မှ နံရိုးများ ကိုပင်အတိုင်းသား မြင်နေရသည်။ ဂုတ်ထောက်နေသော ဆံပင်ကြားမှ မိုးရေစက်တို့သည့် သူ့မျက်နှာပေါ် တဒီးဒီးစီးကျနေ၏။

လူငယ်သည်ကျွန်တော်နှင့်တဖြည်းဖြည်းနီးကပ်၍လာပါသည်။ ဆေးရုံ အ၀င်အမိုးစွန်းသို့ရောက်သည့်အခါ နေရာမှာအချိန်အတော်ကြာရပ်ပြီး ရေစစ် လိုက်သည်။ ထို့နောက်ဆံပင်ကိုအပေါ်သို့သပ်တင်ကာ ခေါင်းကို ခါယမ်း လိုက်စဉ် လူငယ်၏ မျက်နှာကိုကျွန်တော်မှတ်မိသွားပါသည်။
ရန်မျိုးနိုင်။

ကျွန်တော်အလုပ်ထုတ်လိုက်သည့်ကောင်လေး။
အသားညိုသမ်းသွားပြီး ပိန်သွားသည်မှလွှဲ၍ ထိုကောင်လေး အစစ်ပါပင်။ သူ့မျက်လုံးများသည် အရင်လို ရီဝေထိုင်းမှိုင်းနေဆဲဖြစ်သည်။ ကျွန်တော့် အနီးသို့ရောက်လာသည့်အခါ သူကျွန်တော့်ကိုမြင်သွားသည်။ ပြောင်းလဲသွားသည့်သူ့ပုံစံကိုပင် ကျွန်တော်မှတ်မိနိုင်သေးသောကြောင့် အရင်ပုံစံအတိုင်းရှိနေသည့်ကျွန်တော်ကိုသူမှတ်မိနေသည်မှာ မဆန်းပါပေ။ အလုပ်ထုတ်လိုက်သည့်ကျွန်တော်ကိုခါးခါးသီးသီးကြည့်သွားပြီး တစ်ခုခုတော့ သူပြောသွားနိုင်ပါသည်။ ထို့ကြောင့် ကျွန်တော် သူ့ကိုမကြည့်မိအောင် မျက်နှာ လွှဲထားလိုက်မိသည်။
ကျွန်တော်အနီးသို့ရောက်လာသည့်အခါ သူ့အသံထွက်ပေါ်လာပါ သည်။

“ဟာ… ဆရာ..။ဆေးရုံလာတာလားဆရာ။ ဘယ်သူဘာဖြစ်လို့လဲ။ ဆရာရောနေကောင်းရဲ့လား။”

ဖော်ရွေပျူငှာလှသည့်သူ့အသံကြောင့် ကျွန်တော်ထိုကောင်လေးကို မော့ကြည့်လိုက်မိသည်။ ခန္ဓာကိုယ်ရေစိုထားသော သူ့ဆီက အနံ့သည် ကျွန်တော့်နှာခေါင်းထဲလှိုက်ခနဲ၀င်လာသည်။ ထိုကောင်လေးသည် ကျွန်တော့်ကိုနစ်လိုဖွယ်ပြုံးပြနေသည်။ သူ့ကို အလုပ်ထုတ်လိုက်သောကြောင့် ကျွန်တော်သည်ကိုယ့်ကိုယ်ကိုလိပ်ပြာမလုံစွာဖြင့် ပြန်နုတ်ဆက်ရမှာ အားနာ နေမိသည်။သို့သော်ကျွန်တော်သည်မတ်တပ်ရပ်လျက်သူ့ကို ပျူပျူငှာငှာ ပြန်နုတ်ဆက်လိုက်ပါသည်။

“သြော် အေး။ ညီလေး။ အသိတစ်ယောက်ကိုလူနာလာမေးတာပါ။ ခုပဲပြန်တော့မလို့။ မင်းကော.. အဆင်ပြေရဲ့လား။”

“ပြေတယ်လို့လည်းမဟုတ်ပါဘူးဆရာရယ်။ အမေရယ် ဆေးရုံ ပြန်တက်ရလို့ ဆေးဖိုးတွေတော်တော်လေးရှာနေရတယ်။”

“ဟုတ်လား။ မင်းအခုဘယ်မှာလုပ်နေတာလဲ။”

“အလုပ်ကပြန်ရှာလို့မရဘူးသေးဘူးဆရာ။ အခုလောလောဆယ် ကျွန်တော်မင်္ဂလာစျေးဘက်မှာ ရေသန့်ပို့တဲ့အလုပ်လုပ် နေတာ။ ဆရာ့ဆီမှာ လုပ်တုန်းကလိုတော့ မသက်သာလှဘူး။ တခြားအလုပ်တွေလည်း လျှောက်ထားတယ်ဆရာ။ တခြားအလုပ်ရရင် ဒီအလုပ်ကိုမလုပ်တော့ပါဘူး။”

သူ့စကားကြောင့် ကျွန်တော်အတော်လေးစိတ်မကောင်းဖြစ်သွား သည်။ အလုပ်ထုတ်ခဲ့သည့် ကျွန်တော့်ကိုယ်ကျွန်တော်လည်း လိပ်ပြာမလုံ တော့ပါ။ ထိုကောင်လေးကတော့ ကျွန်တော်နှင့်သူ့ကြားမှာ ဘာမှမဖြစ်ခဲ့သလို ပေါ့ပေါ့ပါးပါးပင်။

“သြော်…အေ။ ကောင်းပါတယ်ကွာ။ ဒါနဲ့ ငါ မင်းအမေကို လိုက်ကြည့်လို့ရမလား။”

“ဟာ အားနာစရာဆရာရယ်။ ဆရာအလုပ်ရှိသေးရင်ပြန်ပါ။ ရပါတယ်ဗျာ။”

“ရတယ်။ ငါလိုက်ကြည့်ချင်လို့။ ”

ပြောပြောဆိုဆိုကျွန်တော်သည် ထိုကောင်လေးနောက်လိုက်ခဲ့သည်။ လူနာသည် သီးသန့်ခန်းမှာမဟုတ်ပဲ ဟောခန်းထဲမှာဖြစ်ပါသည်။ လူနာခုတင် များစွာတန်းစီနေသောအခန်းထဲတွင် ဆူညံလို့နေပြီး အနံ့သက်လည်း သိပ်မကောင်းလှပါ။ နံရံနဲ့ ကပ်နေသော ခုတင်တစ်ခုတွင် ထိုကောင်လေး ရပ်လိုက်ပါသည်။

ခုတင်ပေါ်တွင် မျက်တွင်းဟောက်ပက်ဖြင့်ပိန်လှီနေသော အမျိုး သမီးကြီးတစ်ဦးလှဲလှောင်းနေသည်။ လူနာသည် အိပ်ပျော်နေဟန်တူ၏။ မှိတ်ထားသောမျက်လုံးမှာအထဲသို့အတော်လေးချိုင့်၀င်နေသည်။ကြည့်ရုံနဲ့တင်ရောဂါ အတော်သည်းနေသည်ကိုသိနိုင်ပါသည်။ ဘေးစားပွဲပေါ်တွင် ရေတစ်၀က်လောက်ကျန်သေးသည့် ရေသန့်တစ်ဘူးနှင့် စတီးချိုင့်တစ်လုံး သာရှိသည်။ တခြားစားစရာတစ်ခုမှမရှိပါ။ လူနာခုတင်ဘေးတွင် ငူငူငိုင်ငိုင် ထိုင်နေသည့် ၉နှစ်လောက်အရွယ်ကလေးမလေးတစ်ဦးကိုတွေ့ရသည်။ ကလေးမ၏မျက်လုံးများသည် ဖျော့တော့နေပြီး အိပ်ရေးမဝ၍ အားအင်ချိနှဲ့ နေသည့်ပုံဖြစ်
နေသည်။

“ဆရာ အမေအိပ်နေတာထင်တယ်။ အမေက ကျောက်ကပ် ရောဂါဖြစ်တာဆရာ။ ခဏခဏ ဆေးရုံတက်ရတယ်။ သက်သာသွားလိုက် ပြန်ဖြစ်လိုက်နဲ့ပဲ ဆရာရယ်။ အမေခုလိုနေမကောင်းဖြစ်နေတာ ကျွန်တော်ဖြင့် အရမ်းစိတ်ညစ်တာပဲ။ အဖေက မနှစ်ကဆုံးသွားတာ။ အဖေ့စိတ်ကြောင့် လည်းပါမှာပေါ့။ အမေက နှလံကိုမထူနိုင်ဘူးဖြစ်နေတာ။ သြော်… ဆရာ ဒါကျွန်တော့်ညီမလေးလေ။ ကျွန်တော်တို့က မောင်နှမနှစ်ယောက်ပဲ ရှိတာ ဆရာရဲ့။ ကျွန်တော်က ပိုက်ဆံရှာနေရတော့ ညီမလေးကိုပဲ စောင့်ခိုင်းထား ရတာ။”

ထိုကောင်လေးက ၀ယ်လာသည့်အထုပ်ထဲက ပန်းသီးတစ်လုံးကို ညီမလေးဖြစ်သူအားလှမ်းပေးရင်း ဘာမျှမဖြစ်သလို ပေါ့ပေါ့ပါးပါး ပြောနေသော်လည်း ကျွန်တော်ကတော့ ကိုယ့်လိပ်ပြာကိုယ်မလုံတော့ပါ။ ထိုကောင်လေးကိုအလုပ်ထုတ်လိုက်ခြင်းအတွက် ကျွန်တော်အပြစ် မကင်းသလိုခံစားရ၏။ ထိုကောင်လေးကိုအလုပ်ထုတ်စဉ်တုန်းက ကျွန်တော်သည် ဘာကြောင့် ထိုသို့လုပ်သည်ကိုမေး မကြည့်မိခဲ့ပါ။ ယခုတော့ ထိုမေးခွန်းကိုကျွန်တော်မေးစရာလိုတော့မည်မထင်ပါ။
ခုတင်ထက်တွင် ရောဂါဝေဒနာခံစားနေရသည့် မိခင်ဖြစ်သူကို တစ်လှည့်၊ မောင်နှမနှစ်ယောက်ကို တစ်လှည့်ကြည့်ရင်း ကျွန်တော့်ရင်ထဲတွင် စိတ်မကောင်းခြင်းများကြီးစိုးလို့လာခဲ့ပါသည်။

ထို့ကြောင့် ကျွန်တော့်ကျောပိုးအိတ်၏ ထောင့်လေးတွင်ကပ်ထားသော တစ်ထောင်တန်၊ တစ်သိန်းအုပ် နှစ်အုပ်ကို နိုက်ယူကာ ထိုကောင်လေး လက်ထဲသို့ ထည့်ပေးလိုက်မိသည်။ ပိုက်ဆံကို မြင်သည့်အခါ ကောင်လေးက ပြာပြာသလဲငြင်း၏။

“ဟာ ဒီလောက်အများကြီးမယူပါရစေနဲ့ဆရာရယ်။ ကျွန်တော် အားနာလှပါပြီဗျာ။ ကျွန်တော့်ကြောင့် ကုမ္ပဏီမှာလည်း စိုက်လျော်လိုက်ရတယ် မဟုတ်လား။ မလုပ်ပါနဲ့ဆရာရယ်။ ကျွန်တော်မယူပါရစေနဲ့။”

“င့ါစေတနာကိုမငြင်းပါနဲ့ကွာ။ ယူထားပြီးလိုတဲ့နေရာမှာသုံးပါ။ ငါမင်းကိုအလုပ်ထုတ်လိုက်တဲ့အတွက်လည်း ငါ့အပေါ်စိတ်မဆိုးပါနဲ့။ ငါလည်း အများနဲ့လုပ်ရတာမို့ပါ။”

”ဟာ…မဟုတ်တာဆရာရယ်။ ကျွန်တော်စိတ်မဆိုးပါဘူး။ ဆရာ့နေရာမှာ ကျွန်တော်ဆိုလည်း ဒီလိုပဲလုပ်မှာပါ။ တစ်ခါတလေတော့လည်း ဘဝမှာ ရွေးချယ်စရာတွေက သိပ်များများစားစား မရှိတတ်ပါဘူးဆရာရယ်။ ဒီလိုပဲ အဆင်ပြေသလို လုပ်လိုက်ရတာတွေများပါတယ်။ ဘ၀မှာ ရှင်သန်နိုင်ဖို့ ကြိုးစားဖြတ်သန်းရင်း လမ်းတွေဟာ ဖြောင့်တန်းမနေပဲ ကွေ့ကောက်သွား တတ်တာ သဘာဝပါပဲဗျာ။ ”

လူကြီးတစ်ယောက်လိုပြောနေသော ထိုကောင်လေးကို ကျွန်တော် စူးစိုက်ကြည့်နေမိသည်။ လောကဓံကိုပုခုံးထမ်းထားသော သူ့ပုံစံသည် အသက်အရွယ်
ထက်ပင် ရင့်ကျက်လွန်းနေသည်။

”ကဲပါကွာ…။ နောက်တော့အဆင်ပြေသွားမှာပါ။ မိဘကို သိတတ်တဲ့ သားသမီးက ဘယ်တော့မှ ဒုက္ခမရောက်တတ်ပါဘူး။ မိုးတွေစိုထားတာ နေမကောင်းဖြစ်မယ်။ အ၀တ်စားလှဲလိုက်ဦး။ အမေနဲ့ ညီမလေးကို ဂရုစိုက်ဖို့ မင်းနေမကောင်းဖြစ်လို့မရဘူးလေ။ ကဲ… ငါသွားတော့ မယ်။”

ကျွန်တော်သည် ပြောပြောဆိုထိုကောင်လေး ပုခုံးကို ခပ်ဖွဖွပုတ်ကာ အားပေးလိုက်ပြီး နေရာမှလှည့်ထွက်ခဲ့ပါသည်။ ထိုကောင်လေးတို့ မောင်နှမ နှစ်ယောက်သည် ကျွန်တော့်ကျောပြင်ကိုငေးကြည့်ကာ ကျန်ရစ်ခဲ့မည်ကို ကျွန်တော်သိသော်လည်း နောက်သို့လှည့်မကြည့်ဖြစ်ခဲ့ပါ။

ကောင်လေးကတော့ ကျွန်တော်ကူညီလိုက်သည့် ပိုက်ဆံကြောင့် ပျော်ရွှင်ပြီး ကျွန်တော့်ကိုအလွန်တရာကျေးဇူးတင်နေပေလိမ့်မည်။
ထိုပိုက်ဆံများသည် သူဌေးမသိအောင် စက်ရုံကစက်ပစ္စည်း အဟောင်းများကိုမှောင်ခို ရောင်းပြီး ရထားသည့်ငွေများဖြစ်သည်ကိုတော့ ကျွန်တော် ၀န်ခံဖို့တွန့်ဆုတ်နေခဲ့ပါသည်။

အပြင်ရောက်တော့ မိုးစဲသွားပြီ။ မိုးရိပ်ကင်းစင်သွားပြီဖြစ်သော ကောင်းကင်ကြီးသည် ကြည်လင်ပြာလဲ့ကာနှစ်လိုဖွယ်ကောင်းလှ၏။ ကျွန်တော် သည် ခြေလှမ်းများကိုခပ်သွက်သွက်လှမ်းကာဆေးရုံမှထွက်ခဲ့လိုက်ပါသည်။

ဆေးရုံကိုတော့ ကျွန်တော် နောက်တစ်ခေါက်ထပ်လာပါဦးမည်။ ပြီးတော့ ကျွန်တော်မှာလည်း ကျန်းမာရေးမကောင်းသည့် အမေရှိသည် ဆိုသည့်အကြောင်းကိုလည်း ထိုကောင်လေးကိုပြောပြရပါဦးမည်။

ညီလေးငယ်
စက်တင်ဘာလ၊ ၂၀၂၁။