လင်တော်မောင်(စ/ဆုံး)
——————
အပုပ်ချိန်ဟု အများခေါ်သည့် နေဝင်ချိန်။ ထွက်ပေါ်နေသည့် အသံက လူကြား၍မကောင်း။ ကြားမကောင်းဆို စိတ်မကောင်းစရာက ရှိနေသည်ကို။ ရင်ဘတ်ကို စည် အမှတ်နှင့် လက်နှစ်ဖက်ဖြင့် စုံတီးကာ ချောမေတစ်ယောက် အသံကုန်ဟစ်နေ၏။
” အမလေး… ကိုနေမင်းရဲ့ ကျွန်မကို ကလေးတစ်ယောက်နဲ့ ဒီအတိုင်းထားခဲ့ပြီလား ကျွန်မကို ထကြည့်ပါဦးရှင်”
နေမင်းဆိုသည့် လူက ယောင်လို့တောင်ထမကြည့်။ ခေါင်းရင်းခန်း ဘုရားစင်အောက်၌ လဲလျောင်း မပျက်။ စွတ်ထားသည့် ရေမွှေးနံက သင်းပျံလျက် နဂိုမလှသည့် ရုပ်က အလှပြင်ဆရာ၏ အစွမ်းကြောင့် လှနေသယောင်။ ပိတုန်းရောင် ဆံကေသာကို ဆီလိမ်းပြီး ဖီးထားသည်မှာ ကြော့လို့။ ဝတ်ထားသည်က တစ်ကြိမ်မှ မဝတ်ရသေးသည့် ဦးဂျမ်းပုဆိုးအသစ်နှင့် စတစ်ကော်လံ လက်ရှည်အဖြူ ။ အုန်းခွံရောင် နှုတ်ခမ်းတစ်စုံကလည်း ချောမေက ိုပြုံးပြနေသယောင်။ ထိုအရာတို့က ချောမေအား ပိုလွမ်းစေအောင် လုပ်နေကြ၏။ ချစ်ခင်မှုမရှိခဲ့ပေမယ့် ချောမေ၏ အုတ်တံတိုင်းကြီး။ တံခွန်မရှိသည့်ဘုရား၊ လင်မရှိသည့် မယား မတင့်တယ် ဆိုသကဲ့သို့ပင်။ ဤလင်မရှိတော့လျှင် ချောမေအဖို့ မည်သူကို လက်ဆုပ်လက်ကိုင်ပြရမည်နည်း။ ချောမေ၏ အုတ်တံတိုင်းကြီး ပြိုပျက်ခဲ့ရပြီ။
” အဖေရှိပါတယ်သမီးရယ် စိတ်ကိုလျော့ပါ သတ္တဝါတစ်ခု ကံတစ်ခုပေါ့ ဘယ်တတ်နိုင်ပါ့မလဲ”
ဦးလှဖေက ချောမေကို ဝင်ရောက်နှစ်သိမ့်၏။ နာရေးသတင်းလာမေးကြသည့် လူများကလည်းသနားဂရုဏာပြည့်သည့်ဟန်များနှင့် ချောမေကို ကြည့်နေကြသည်။ ချောမေက ရင်ဘတ်ကို ထု၍ငိုပြန်၏။ ရင်ဘတ်ကိုထုလိုက်တိုင်း လက်မှာဝတ်ထားသည့် လက်ကောက်သံများက ‘ ချွင်… ကနဲ’ ‘ ချွင်… ကနဲ’ ဤသို့ အကုသိုလ်ကင်းကင်းနှင့် ဝတ်နိုင်အောင်လည်း နေမင်းက ပြုလုပ်ပေးခဲ့သည်မဟုတ်လား။ နောင်အခါ ဤကဲ့သို့ ဝတ်နိုင်ပါဦးမည်လား။ မ၀တ်ရလျှင် နေပါစေ တော့။ ဤလင်သည်သာလျှင် ကျေးဇူးရှင် ဤလင်သည်သာလျှင် ကိုးကွယ်ရာ မဟုတ်လား။
————————————————————-
ချောမေအဖို့ ရွှေငွေ ၀တ်ရဖို့ မပြောနှင့် နေရသည်ကပင် ဘုန်းကြီးကျောင်း။ လူမှန်းပင် မသိသေးသည့် အချိန်၌ မိဘများက လူ့လောကမှ ပျောက်ကွယ်သွားကြသည်။ ဖခင်၏ အကိုရင်းဖြစ်သူ ဘကြီးဘုန်းကြီး ခေါ်ယူမွေးစား၍သာ ကျောခင်းစရာ နေရာရခဲ့၏။ ဆိုးလိုက်သည့် ကံကြမ္မာဟု ပြောပြန်လျှင်လည်း မှန်မည်မထင်။ နက်မှောင်သည့် ဆံကေသာ၊ ဇင်ယော်တောင် မျက်ခုံး၊ ပေါ်လွင်သည့် နှာတံ၊ အရည်လဲ့နေသည့် မျက်လုံးနှင့် ပေါ်လွင်လှသည့် ခန္ဓာကိုယ် ကောက်ကြောင်းတို့က မိန်းမချင်းပင် ငေးကြ၏။
ကောင်းချင်း၊ ဆိုးချင်းက ကျောချင်းကပ် နေသည်ဟု ပြောလျှင် လွန်မည်မထင်။ အရွယ်ရောက်လာသည့် ချောမေ၏ ထိုအလှကြောင့်ပင် သံဃာများ သီတင်းသုံးသည့် ဘကြီး၏ ဘုန်ကြီးကျောင်း၌ နေထိုင်ရန်မသင့် ဖြစ်လာရသည်။ ဘကြီးဘုန်းကြီးလည်း ချောမေကြောင့် ခေါင်းခြောက်နေလောက်ပြီ။
“ ဟဲ့ ချောမေ ညည်းက ဘာလို့ ပန်းကန်တွေ လာဆေးနေတာလဲ၊ ညည်းကို ဘုန်းကြီးက အလှူရှင်တွေလာရင် နားနားနေနေ နေဖို့ နေရာထိုင်ခင်းပေးခိုင်းထားတယ် မဟုတ်လား၊ ကျောင်းရှေ့မှာ အလှူရှင်တွေရဲ့ကား ရောက်နေပြီအေ့”
ရွာတောင်ပိုင်မှ အရီးလှ၏ စကားကြောင့် ချောမေတစ်ယောက် တွေးလက်စ အတွေးနှင့် ဆေးလက်စ ပန်းကန်တို့ကို လက်စသိမ်းလိုက်ကာ
“ သြော်… ဟုတ်သားပဲ၊ မေ့နေတာ အရီးလှရေ၊ ကျွန်မ သွားလိုက်ဦးမယ် ဆေးပြီးသာ ပန်းကန်လေးတွေ ကြောင်အိမ်ထဲ ထည့်ထားပေးပါဦနော်”
ချောမေတစ်ယောက် အရီးလှကို မှာစရာရှိတာမှာ၍ ကျောင်းရှေ့သို့ အမြန်ပြေးထွက်လာခဲ့၏။ မထွက်လို့က မဖြစ်။ ဘကြီး၏ ဘုန်းကြီးကျောင်း၌ သိမ်မရှိသေး၍ မြိုမှ အလှူရှင်များ လာလှူကြသည် မဟုတ်လား။
——————————————————————
အလှူရှင်ဟု ဆိုလိုက်လျှင် ဆံဖြူသွားကြိုးနေသည့် ရွာထဲရှိ အဖိုး၊ အဖွား များကိုသာ ချောမေ၏ မျက်စိထဲ၌ ပြေးမြင်မိသည်။ ယခုတော့ ချောမေ၏ အထင်နှင့် အမြင်က တက်တက်စင် အောင်လွဲရ၏။ အသက်ငယ်သည်ဟု မဆိုနိုင်သော်လည်း သူတို့၏ ဦးခေါင်းထက်၌ ဖြူသည့် ဆံပင်ဟူ၍ တစ်ပင်မျှ မတွေ့ရ။ သွားများကလည်း ပုလဲလေးများ စီတန်းထားသည့်နှယ်။ အသားအရည်များကလည်း ရွှေလို၀င်းနေကြသဖြင့် သူတို့၏ လက်ရှိအသက်အရွယ်အား ချောမေ မခန့် မှန်းတတ်ဖြစ်ရသည်။ အနီးစပ်ဆုံး ခန့်မှန်းကြည့်ရလျှင် အသက်ငါးဆယ်ခန့်ရှိသည့် ဘကြီးဘုန်းကြီးထက်တော့ မကြီးတန်ရာ။
“ ကြွကြပါရှင်၊ ဘကြီးဘုန်းကြီးက အလှူတစ်ခုကို ကြွသွားရလို့ ဧည့်သည်တွေလာရင် နားနားနေနေ နေနိုင်အောင် အခန်းစ်ီစဉ်ပေးဖို့နဲ့ ဧည့်ခံ ပေးထားဖို့ ကျွန်မကိုမှာထားခဲ့ပါတယ်၊ လိုအပ်တာရှိရင်လဲ ကျွန်မကိုပြောကြပါနော်”
“ ရပါတယ် သမီးရယ် အန်တီတို့ ခရီးပန်းလာတာမို့ ခဏနားချင်လို့ အခန်းလေးသာပြပါကွယ်၊ ကျန်တာတွေမလိုပါဘူး”
သူဋ္ဌေးကတော်၏ အသံက ဥသြသံအလား။ ပျူငှာစွာ ပြုံးပြသည့် သူဋ္ဌေးကြီး၏ အပြုံးက ချောမေအတွက်တော့မူ လေးစားနှစ်လိုဖွယ် ကောင်းလှလေတော့၏။
—————————————————————-
နှစ်လိုဖွယ် ကောင်းလှသည့် ကံကြမ္မာ ရဟတ်က ချောမေအတွက် တစ်ပတ်ပြည့်အောင် လည်လေပြီထင်ရသည်။ ဦးလှဖေနှင့် ဒေါ်သီတာဆိုသည့် အလှူရှင် လင်မယားနှစ်ယောက်လုံးသည် သိမ်အလှူမပြီးမချင်း ဘုန်ကြီးကျောင်းသို့ ချောင်းပေါက်မတတ် လာရောက်ရ၏။ လာရောက်တိုင်းလည်း ချောမေဆိုသည့် ကလေးမ၏ သွက်လက်ချက်ခြာမူ၊ အလိုက်သိတတ်မူ၊ အလုပ်ကို လဒ်မြင်တတ်မူ့တို့ကြောင့် ဒေါ်သီတာမှာ ချောမေအား သမီးရင်းလေးသဖွယ် အချစ်ပိုမိရသည်။ ဒေါ်သီတာတို့ လင်မယား၌ သားတစ်ယောက်သာရှိ၏။ ရှိသည့် သားကလည်း မလိမ်မာ။ မိဘများနှင့် ဆန့်ကျင်ဘက် အရပ်သို့လျှောက်၍ အရက်ကို ရေအမှတ်နှင့် သောက်နေသူ။ မရမ်းကားပေမယ့် စိတ်မအေးရ။ ထို့ကြောင့် ချောမေအား မိမိတို့၏ အိမ်၌ လက်တိုလက်တောင်းခိုင်းစေရန်နှင့် အဆင်ပြေပါက သမီးအဖြစ်မွေးစားရန် ခင်ပွန်းဖြစ်သူနှင့် တိုင်ပင်ကြည့်ရာ
“ အေးလေ ဘုန်းဘုန်းကို လျှောက်ကြည့်ကြတာပေါ့”
ဇနီးဖြစ်သူ၏ စကားကြောင့် ဦးလှဖေ ဘုန်းကြီးအား ချောမေကိုမြို့သို့ ခေါ်သွားရန် လျှောက်တင်ကြည့်ရာ ဘုန်းကြီးမှလည်း ၀မ်းမြောက်၀မ်းသာ ခွင့်ပြုပေးလိုက်၏။ ထို့ကြောင့်ပင် ချောမေတစ်ယောက် မအူမလည်နှင့် မြိုသို့ ရောက်ခဲ့ရတော့သည်။
————————————————————————–
မအူမလည်နှင့် မြို့သို့ ရောက်ခဲ့ရသည့် ချောမေသည် သဘောမနောကောင်းသည့် လင်မယားကြောင့် စိတ်နှလုံးရွှင်ပြုံးခဲ့ရ၏။ အိမ်မူ့ကိစ္စ နိုင်နင်းလှသည့် ဒေါ်သီတာသည် ဘုရား၊ တရား အလုပ်များနှင့် သာရေး၊ နာရေးတို့၌လည်း မလစ်ဟင်းခဲ့။ ချောမေအားလည်း သမီးရင်းလေးတစ်ယောက်ကဲ့သို့ ဆုံးမလေ၏။
စီးပွားရှာကောင်းသည့် ဦးလှဖေကလည်း အချွေအရံပေါလှ၏။ ပေါဆို ဦးလှဖေက မြို့မျက်နှာဖုံး။ဘုရားဒကာ၊ ကျောင်းဒကာ။ သူ့ကို မသိသူမရှိ။ သူမပေးကမ်း မစွန်ကြဲဘူးသူဟူ၍ ဤမြို့၌ မရှိသလောက်ရှားသည်။ သူ့အလုပ်၌ ၀င်ရောက်လုပ်ကိုင်နေကြသည့် အမျိုးသားများသာမက သူတို့၏ အမျိုးသမီိးများပင်လျှင် ဦးလှဖေက သေဆိုသေ၊ ရှင်ဆိုရှင်။ ရှေ့သွားနောက်လိုက် ညီလွန်းလှသည့် လင်မယားပင်။ မကောင်းသီတင်းဟူ၍ ချောမေ ဤအိမ်သို့ ရောက်စမှနေ၍ ယခုအချိန်ထိ နှမ်းစေ့ခန့်ပင် မကြားဘူးခဲ့။
အကြိမ်ကြိမ် ကြားခဲ့ရသည့် မကောင်းသီတင်းက သူတို့၏သား နေမင်းအကြောင်း။ ချောမေအသက်ထက် သုံးနှစ်လောက်ကြီး၍ အသက်နှစ်ဆယ့်တစ်နှစ်ခန့် ရှိပြီဖြစ်သော်လည်း ဖခင်ခြေရာကိုမနင်း။ အခြားအသံံမကြားရသော်လည်း မြိုနယ်ရုံးနှင့့် ရဲစခန်းကို အိမ်ဦးနှင် ကြမ်းပြင်ပြုလုပ်နေသူ။ ဖခင်၏ အရှိန်အဝါကြောင့်ထင်။ အဖမ်းခံရခြင်းတော့ မဟုတ်။ လမ်း၌ မူးလဲနေ၍ ရဲစခန်း သို့မဟုတ် မြို့နယ်ရုံး၌ လှည့်ကင်းများက ခေါ်သိပ်ထား၍ သူ့မိဘများက အကြိမ်ကြိမ် သွားခေါ်ယူခဲ့ရ၏။ ဤကဲ့သို့ အချိန်ပြည့် မူးနေသူက ဦးလှဖေကိုတော့ ကြောက်သည်။
‘ ဟေ့ကောင်’ ဟု ဦးလှဖေက တစ်ချက်လောက် ဟန့်လိုက်လျှင် နေမင်း၌ နေစရာနေရာ မရှိ။ ပြီးလျှင်တော့ ဒုံရင်းအတိုင်း မူးတော့သည်။ ချောမေက မွေးစားအဖေနှင့် အမေကို လေးစားကြည်ညိုသလောက် နေမင်းကိုတော့ ကြည့်၍ပင် မရ။ မူးယစ် ရည်ဝေနေသည့် မျက်လုံးများနှင့် ချောမေအား စိုက်ကြည့်နေတတ်၏။ မည်သူမှ မရှိသည့် အချိန်၌ ချောမေနားကပ်၍ ‘ နင့်ကိုငါချစ်တယ် ချောမေ ငါ့ကို လက်ထပ်ပါ’ ဟု အကြိမ်ကြိမ်ပြောခဲ့့သည်။ ချောမေကတော့ အန္တရာယ်ကို ကြည့်ရှောင်၍ အကြိမ်ကြိမ်ငြင်းခဲ့သည်ပင်။
——————————————————————————
ငြင်းပယ်ခွင့် မရတော့သည့် အခြေအနေတစ်ခုကို ချောမေ ပိုင်ဆိုင်ခဲ့ရသည်။ ချောမေ ဤအိမ်သို့ ရောက်လာခဲ့ သည်မှာ နှစ်နှစ်ခန့် ရှိပြီဖြစ်သည်။ မကျန်းမမာ မဖြစ်ဖူးခဲ့။ မနက်က ချောမေ မူးလဲသဖြင့် ဒေါ်သီတာ၏ စိုးရိမ်စိတ်တို့က ငယ်ထိပ် တက်စောင့်၏။ မိသားစု ဆရာ၀န်၏ ပြောပြချက်အရ ချောမေ၌ ကိုယ်၀န်သုံးလ ရှိနေပြီဖြစ်ကြောင်း ဒေါ်သီတာသိလိုက်ရသည်။ ဒေါ်သီတာ၏ အတွေးတို့သည် ခြာခြာလည်လျှက်။ ချောမေသည် အကြောင်းကိစ္စ တစ်စုံတရာ မရှိပါက အိမ်အတွင်းမှနေ၍ အိမ်အပြင်ပင် ထွက်သည်မဟုတ်။ ထို့ကြောင့် “ ကိုလှဖေ… နေမင်း…” ဟု သံကုန်ဟစ်၍ ခေါ်လိုက်သည်။
ဧည့်ခန်းအတွင်း၌ သတင်းစာထိုင်ဖတ်နေသော ဦးလှဖေသည် ဇနီးဖြစ်သူ၏ ခေါ်သံကြောင့် “ ဟေ” ဟုထူးလိုက်ပြီး အသံလာရာသို့ ထ၍ ထွက်လာခဲ့လိုက်၏။
“ ဘာဖြစ်လို့လဲ မိန်းမရယ်၊ ငါ့ကို နာမည် မခေါ်စဘူး ခေါ်လို့ပါလာ”
“ ဘာဖြစ်ရမှာလဲ ၊ ရှင့်သားအရက်သမားဘယ်ရောက်သွားလဲ၊ ချောမေမှာ ကိုယ်၀န်သုံးလတောင်ရှိနေပြီလို့ ဆရာ၀န်က ပြောသွားတယ်”
ချောမေသည် ဦးလှဖေတို့ လင်မယား အခြေအတင်ပြောနေသည့် အသံကို ကြားနေရပေမယ့် ၀င်ရောက်ပြောဆိုခြင်းမပြု။ ငို၍သာ နေမိ၏။ ၀င်ရောက် ပြောဆို၍လည်း ရမည်မဟုတ်။ ထို့ကြောင့် ကံကြမ္မာ၏ စေညွှန်းရာကိုသာ လက်ခံဖို့ အသင့်ပြင်ထားလိုက်၏။ ပုံမှန်မဟုတ်သည့် ခြေလှမ်းများနှင့် ချောမေတို့ ရှိရာသို့ လှမ်း၀င်လာသည့် နေမင်းအား ဦးလှဖေက ပြေးကန်လိုက်ပြီး
“ လူမဆန်တဲ့ အရက်သမား၊ ခုမင်းတာ၀န် မင်းယူ”
နေမင်းက ငြင်းဆိုလေ ဦးလှဖေက ဖိထိုးလေ။ နေမင်း အလူးအလဲခံနေရ၏။ လူသားဆန်သည့် ဒေါ်သီတာက ၀င်ရောက်နားချနေပေမယ့် ချောမေကတော့ ငို၍ သာနေမိသည်။ နေမင်းက မူးမူးနှင့် ချောမေ အကြိမ်ကြိမ်အော်နေသည်ကို မသိကျိုးကျွန်ပြုခဲ၍ ချောမေ အပျိုရည်ပျက်ခဲ့ရသည် မဟုတ်လား။ ဦးလှဖေနှင့် ဒေါ်သီတာတို့၏ တစ်ချက်လွှတ် အမိန့်ကြောင့့် နောက်ဆုံးတော့ နေမင်း ခေါင်းညိမ့်လိုက်ရသည်။ ချောမေကလည်း အရက်သမားမို့ လင်မတော်ချင်ပေမယ့်လည်း ကံကြမ္မာက ဤသို့ဖြစ်လာသည် မဟုတ်ပါလား။ နေမင်းသာ ခေါင်းမညိမ့်ပါက ချောမေ အရှက်ရ၍ သေမည်ပင်။
———————————————————-
သေမင်းက လူရွေး၍ ခေါ်သည်ထင်။ အရက်သမား နေမင်းက အသက်မပျောက်။ သီလမြဲသည့် ဒေါ်သီတာက အသေစောရသည်။ မသေခံနိုင်ရိုးလား။ သားဖြစ်သူ နေမင်းက အိမ်ထောင်ကျသွားသော်လည်း ခြေမငြိမ်။ ဦးလှဖေ၏ ခြေရာကို တစ်စက်မှမနင်း။ ချောမေကိုလည်း ရှိသည်ဟုပင် မထင်။ ဥကိုမခင်သလို သားကိုလည်းမမင်။ မင်သည်က အရက်။ အိမ်ထောင်မကျမီက ဦးလှဖေကို ကြောက်သော်လည်း အိမ်ထောင်ကျပြီးကာမှ ထင်ရာစိုင်းတော့၏။ ဦးလှဖေပင် ပြော၍ မရတော့။ ခံ၍ပင် ပြောလိုက်သေးသည်။ ထို့ကြောင့် ဒေါ်သီတာတစ်ယောက် သားဖြစ်သူနေမင်းအတွက် စိတ်ထောင်းကိုယ်ကြေ ဖြစ်ရ၏။
ချောမေအတွက်မူ နေမင်းက ကျေးဇူးရှင်ဟု ပြောရမလိုပင်။ သူကြိုက်၍ သောက်ပေမယ့် ချောမေအား အနိုင်မကျင့့်။ တစ်နေ့ ဦးလှဖေ နေမကောင်း၍ “ သမီးရယ် အဖေ ကိုယ်တွေလက်တွေ ကိုက်လို့ နည်းနည်းလောက် နင်းနှိပ်ပေးပါလား” ဟု ပြောသည်ကိုပင် “ ကျွန်တော် မိန်းမယူထားတာ အဖေ့အတွက် အခိုင်းစေ ခေါ်ထားတာ မဟုတ်ဘူး” ပြောလေသည်။ ဦးလှဖေက ဒေါသပုန်ထ၍ ထိုးမည်ပြင်တော့ နေမင်းက ဒုတ်ကို ဆွဲ၏။ ဤမြင်ကွင်းကို မြင်လိုက်ရသည့် ဒေါ်သီတာကတော့ အိပ်ရာအတွင်း၌ လဲတော့၏။ ဒေါ်သီတာ အိပ်ရာထဲ လဲသည်ပင် ကျောမပူသေး။ နေမင်းက အမွေတောင်းတော့သည်။ ဒေါ်သီတာ တရားချ၍ အမွေခွဲပေးလိုက်ရပေမယ့် ဦးလှဖေက ‘ တောက်’ တခေါက်ခေါက်။ ဤစိတ်နှင်ပင် ဒေါ်သီတာလည်း သေရွာလားတော့သည်။ ပတ်၀န်းကျင်မှ နေမင်းအားကောင်းချီးပေးကြသည်က “ အမေကို သတ်သည့်သား သက်ဆိုးရှည်မည် မဟုတ်” ဟုပင်။ ထိုစကား ကြားရသည့် ချောမေက အမွေများကို ရယူပေးခဲ့သည့် ကျေးဇူးရှင် လင်တော်မောင် နေမင်းအား သက်ရှည်ကျန်းမာစေရန် ဆုတောင်း ပေးနေမိသည်။
———————————————————
ချောမေ၏ ဆုတောင်းတို့သည် မပြည့်ခဲ့။ အရက်သမား သူတော်ကောင်းကြီး မရှိတော့ပြီ။ ဘုရားဒကာ၊ ကျောင်းဒကာ ဦးလှဖေ၏ ခြေရာအား နည်းနည်းမှ မနင်းခဲ့သည့် ချောမေ၏ အုတ်တံတိုင်း ကြီး ပြိုပျက်ခဲ့သည်မှာ ယနေ့မနက်က ရက်လည်ဆွမ်းပင် ကျွေးခဲ့ပြီ။ သားဖြစ်သူ နေလင်းအိပ်ပျော်နေသည်ကို ချောမေ တစ်ချက်ကြည့်လိုက်ပြီး ချောမေသိမ်းစရာ ရှိသည်များကို ခရီးစောင်အိတ်အတွင်းသို့ ထည့်နေလိုက်၏။ ချောမေ၏ လှုပ်ရှားမူကြောင့် လက်၌၀တ်ထားသည့် လက်ကောက်များက “ ချွင်း…” ကနဲ။ မိန်းမသားမို့ ဤအရာများကို မက်ပေမယ့် ကိုယ်ကျင့်တရားက ပို၍ အရေးကြီးသည်ဟု ချောမေ တွေးလိုက်၏။ မ၀တ်ရလျှင်နေပါစေ။ ချောမေ၏ လင်တော်မောင်မှာ အများအမြင်၌ အရက်သမား၊ လူရမ်းကားဖြစ်သည့် နေမင်းသာလျှင် ဖြစ်ရမည်။ အတွေးစကို လက်စသိမ်း၍ ခရီးစောင်အိတ်၏ ဇစ်အား ဆွဲပိတ်လိုက်ချိန်၌ အခန်း၀သို့ လာနေသည့် ခြေသံအား ကြားလိုက်ရ၏။ ထို့ကြောင့် ချောမေ သားဖြစ်သု နေလင်းအား ပွေ့ချီလိုက်ပြီး ကျန်လက်တစ်ဖက်ဖြင့် ခရီးဆောင်အိတ်ကိုဆွဲကာ အခန်းအတွင်းမှ အမြန်ထွက်ခဲ့လိုက်သည်။ အခန်းအ၀သို့ အရောက်၌
“ ဘယ်သွားမလို့လဲ သမီး”
ဦလှဖေက ချောမေအား ရီဝေသော မျက်လုံးများနှင့် နှမျောတသစွာ ကြည့်၍ မေးလာသောကြောင့် ‘ ကျွန်မ ရွာပြန်တော့မလို့ပါ ဦးလေ’ ဟုပြော၍ ဦးလှဖေ၏ ရှေ့မှ အမြန်ထွက်ခဲ့လိုက်၏။ မထွက်လို့က မဖြစ်။ သက်ရှိထင်ရှား ရှိနေပါလျှက် ကူညီပါရန် အကြိမ်ကြိမ် အမည်တပ်၍ ခေါ်ခဲ့သော်လည်း နေမင်းက မူးနေ၍ မကူညီခဲ့သဖြင့် ချောမေ ဘ၀ပျက်ခဲ့ရပြီးပြီ။ ယခု ဆိုလျှင် ချောမေ၏ လင်တော်မောင်မှာ မြေကြီးအတွင်းသို့ ရောက်နေပြီမဟုတ်ပါလား။
မင်းသိက္ခာ(မှော်ဘီ)