လင်ရှိမုဆိုးမ(စ/ဆုံး)
———————
`ကလင် လင် လင် လင် ကလင် လင် လင်´
`ဟလို………´
`မေကြီးရေ သမီးလေးဘာလုပ်နေလဲ´
`သမီးလေးအိပ်ပျော်နေပြီအကို´
`အေးအေးမေကြီး ဒီလကုန်ရင် ဖေကြီးအလည်ပြန်လာမယ် အဲ့ဒါသမီးလေးဘာလိုချင်လဲမေးကြည့်မို့ပါ´
`အကိုရယ် ကိုယ့်ဘာသာသင့်တော်တာလေးကြည့်ဝယ်ခဲ့ပါ သမီးကအခုမှခလေးရှိသေးတာဘယ်နားလည်ပါ့မလဲ´
`အေးပါမေကြီး ဖေကြီးကသမီးများ လိုချင်တာရှိမလားလို့ပါ သမီးလိုချင်တာဝယ်ပေးချင်လို့ပါ´
`ကြည့်ဝယ်ခဲ့လေ သမီးကသူ့အဖေကို အမြဲမျှော်နေတာ ကိုပြန်လာတာနဲ့တင် သမီးလေးကပျော်ပြီးကျေနပ်နေမှာပါ သမီးလေးကအဖေချစ်လေ သူ့အဖေမှသူ့အဖေတဲ့´
`အေးပါဟာ ငါလည်းသမီးလေးကိုချစ်တာပါပဲ ဒါ့ကြောင့်မိသားစုနဲ့ရေခြားမြေခြားမှာ မိသားစုအတွက်ကြိုးစားငွေရှာနေတာပါ´
`ဟုတ်ပါတယ်အကို အကိုအခုလိုကြိုးစားနေလို့သာ မိန်းမတို့သားအမိ မပူမပင်စားသောက်နေထိုင်နိုင်တာပါ´
`အေးပါစိတ်ချ ဖေကြီးလုပ်နေသမျှဟာ သမီးလေးနဲ့မေကြီးအတွက်ပါ ဒါဆိုဖေကြီးလည်းအိပ်တော့မယ်မေကြီး´
`ဟုတ်အကို အိပ်တော့လေ မိန်းမလည်းအိပ်တော့မယ် ဒါဆိုဖုန်းချလိုက်တော့မယ်နော်´
`အေးအေးမေကြီး ချလိုက်တော့လေ´
`ဟုတ်အကို ဟုတ်ဟုတ်´
ထိုဖုန်းပြောနေသူနှစ်ယောက်ကတော့……နိုင်ငံတွင်စီးပွားရှာနေသော မောင်ကျော်ကြားနှင့်မြန်မာနိုင်ငံ………မြို့မှသူ့အမျိုးသမီးမယ်ရူပတို့ဇနီးမောင်နှံနှစ်ယောက်ပင်ဖြစ်ပါသည်။
မောင်ကျော်ကြားနှင့်မယ်ရူပတို့အိမ်ထောင်သက်တမ်း(၂)နှစ်ခန့်မှာ ချစ်စဖွယ်သမီးလေးသီရိကိုမွေးဖွားခဲ့လေသည်။ သမီးလေးသီိရိ(၁)နှစ်ကျော်ကျော်အရွယ်သို့အရောက်တွင် မောင်ကျော်ကြားတစ်ယောက်ပြည်ပသို့ စီးပွားရှာထွက်လာခဲ့လေသည်။
မောင်ကျော်ကြားရောက်နေသောနိုင်ငံဟာ စီးပွားရေးအချက်အချာကျပြီး ခေတ်မှီဖွံ့ဖြိုးတိုးတက်သောနိုင်ငံမို့ ဝင်ငွေကောင်းလှပါသည်။ စားပြီးသောက်ပြီးလစဉ်အိမ်သို့ ခုနစ်သိန်းကနေအထက်ပို့ပေးနိုင်ခဲ့လေသည်။ ထိုသို့ဖြင့်စီးပွားရေးလေးလည်းအခြေအနေမဆိုးလှ၍ (၂) ခန့်အကြာမှာမောင်ကျော်ကြားတစ်ယောက် အမိမြေသို့အလည်ပြန်လာခဲ့လေတော့သည်။
`ဖေဖေ ဖေဖေ့´
`ဝှါး ဖေဖေ့သမီးကြီးက ခါးခါးတွေနဲ့လှနေကောဗျာ လာလာသမီး ဖေဖေမွှေးကြည့်အုံးမယ်´
မောင်ကျော်ကြားကပြောပြောဆိုဆိုသမီးလေးကို ပွေ့ယူလိုက်ကာပါးပြင်နှစ်ဖက်သို့ အားပါးတရမွှေးကြူလိုက်လေသည်။
`ဖေဖေ့သမီးကြီး သမီးဖေဖေ့ကိုချစ်လား´
`ချစ်ဖေဖေ ချစ်´
`ဘယ်လောက်ချစ်´
`များရီ´
`ဟေ များကြီးဆိုတာဘယ်လောက်လဲသမီးရဲ့´
`မိုးလောက်ကြီး´
`ဝှါး ကြည့်စမ်း တအားတတ်တဲ့ဖေဖေ့သမီး အဲ့ဒါကြောင့်ဖေဖေကချစ်မဝတာ´
မယ်ရူပဟာ ယောကျာ်းနဲ့သမီးလေး ပျော်နေတာကိုကြည့်ပြီး ထမင်းဟင်းချက်ပြုပ်နေရင်းမှ ကြည်နူးစွာပြုံးနေမိလေသည်။ အဖေဖြစ်သူကသမီးအားချစ်သလို သမီးဖြစ်သူကလည်း စကားအရမ်းတတ်လေ။ စကားတအားတတ်တော့ မိဘများမှာချစ်လို့မဝကြပေ။
ဒီလိုနဲ့မောင်ကျော်ကြားပြန်ရောက်ပြီးတစ်ပါတ်ခန့်အကြာ နေ့လယ်ခင်းအချိန်မယ်ရူပမှေးခနဲအိပ်ပျော်မလိုဖြစ်နေစဉ် မောင်ကျော်ကြားဆီသို့ဖုန်းဝင်လာပါသည်။ မောင်ကျော်ကြားက ဖုန်းကိုကောက်ယူပြီးခေါ်ဆိုသောနံပါတ်ကိုကြည့်လိုက်ကာ မျက်နာတစ်ချက်ပျက်သွားပြီး အိပ်နေသောမယ်ရူပကိုတစ်ချက်လှမ်းကြည့်လိုက်ကာ ဖုန်းကိုကိုင်ပြီးအိမ်ရှေ့သို့ထွက်သွားလေသည်။
မယ်ရူပအိပ်မပျော်ပါ။ သူ့ယောကျာ်းရဲ့မူမမှန်သောဟန်ပန်အမူအရာကိုမြင်ပြီး အိပ်ချင်ယောင်ဆောင်ကာကြည့်နေခြင်းဖြစ်ပါသည်။ သူ့ယောကျာ်းလည်းလမ်းပေါ်ထွက်သွားသော် မယ်ရူပအိပ်ရာမှအသာထကာ လမ်းဘက်သို့တိတ်တဆိတ်ထွက်လာခဲ့လေသည်။
လမ်းပေါ်ရောက်တော့ သူ့ယောကျာ်းရဲ့အရိပ်အရောင်ကိုပင်မတွေ့ရ ဒါနဲ့မသင်္ကာစိတ်တို့ပိုဖြစ်လာပြီး သူ့ယောကျာ်းအားကျီးကန်းတောင်းမှောက်ပမာ ပျာပျာသလဲရှာကြည့်လိုက်တော့ တွေ့ရပါပြီ။ သစ်ပင်တစ်ပင်အောက်တွင်တဖက်လှည့်ကာ ဖုန်းထဲမှတစ်ယောက်ယောက်နှင့်အသည်းအသန်စကားပြောနေခြင်းဖြစ်ပါသည်။
ဒါနဲ့မယ်ရူပ သူ့ယောကျာ်းရှိရာဆီသို့အလျင်အမြန်လျှောက်သွားလိုက်လေသည်။ သူသူ့ယောကျာ်းနောက်သို့ရောက်နေပေမယ့် သူ့ယောကျာ်းကတော့ တဖက်လူနဲ့တအားအာရုံစိုက်ကာပြောနေသောကြောင့် သူ့နောက်ကျောဘက် မယ်ရူပရောက်လာခြင်းကို လုံးဝသတိမထားမိပါ။
` မဟုတ် မဟုတ်ပါဘူးမိန်းမရဲ့ ကိုယ့်မှာဘယ်ချစ်သူ ဘယ်ရည်းစားမှမရှိပါဘူး အခုအလည်ပြန်တယ်ဆိုတာကလည်း ကိုယ့်မိဘတွေကို တွေ့ချင်တဲ့စိတ် လွမ်းတဲ့စိတ်ကြောင့်ပါ ´
`……………………………………´
`ဟာ လိုင်းမတက်တာက ကိုဟ့်ဦးလေးတွေ ဒေါ်လေးတွေ အမျိုးတွေကို လိုက်နှုတ်ဆက်နေရလို့ပါမိန်းမရယ် နော် ကို့ယ့်ကိုနားလည်ပေးပါမိန်းမ မိန်းမဟာ ကိုယ့်ရဲ့ဘဝ ကိုယ့်ရဲ့အသက် ကိုယ့်ရဲ့အနာဂတ်ပါ´
မယ်ရူပတစ်ယောက်ဆက်လက်နားထောင်နိုင်စွမ်းမရှိတော့ပါ။ တဖက်ကအသံကိုမကြားရသော်လည်းအမျိုးသမီးတစ်ဦးဆိုတာ သူ့ယောကျာ်းရဲ့အပြောတွေနဲ့တင်သိနေရပြီလေ။ နောက်ပြီးသူ့ယောကျာ်းရဲ့နှုတ်မှ မိန်းမဆိုတာကို မချတမ်းပြောနေသောအခါ ဒေါသစိတ်တို့မျိုသိပ်ထားနိုင်ခြင်းမဲ့သွားရပြီး။
`ကိုကျော်ကြား……………´
`ဟာ မေကြီး´
အခုမှကျော်ကြားတစ်ယောက်သူခိုးလူမိဖြစ်ကာ ဟိုဘက်လည်းရှင်းပြနေရ ဒီဘက်ကမိန်းမဖြစ်သူမယ်ရူပကလည်း အနားရောက်လာဆိုတော့ ခြေမကိုင်မိလက်မကိုင်မိ တုန်တုန်ရင်ရင်ဖြစ်သွားရတော့လေသည်။
`တော် တော် တော်လုပ်ရက်လိုက်တာကိုကျော်ကြားရယ် ကျုပ်မှာတော့သမီးလေးနဲ့နောက်ကနေ ရှင့်ကိုယုံယုံကြည်ကြည်သစ္စာရှိရှိနဲ့ကိုယ့်ကိုယ်ကိုထိန်းသိမ်းနေခဲ့တယ်။ အခုတော့ရှင်က ရှင်က ဘုန်း ဘုန်း ဘုန်း´
`ဟာ မေကြီး မေကြီး နေအုံးဖေကြီးရှင်းပြ ပြ´
မယ်ရူပမှာဆက်လက်မျိုသိပ်သီးခံနိုင်စွမ်းမရှိတော့ပဲ လင်ယောကျာ်းဖြစ်သူကျော်ကြားရဲ့မျက်နာနှင့်ကိုယ်ခန္ဓာအနှံ့အပြားသို့ ကြုံသလိုတဘုန်းဘုန်းနဲ့ဝင်ရိုက်ပစ်လိုက်မိလေတော့သည်။ ကျော်ကြားတစ်ယောက်လည်းမိမိကမှားနေတာမို့ မိန်းမဖြစ်သူရဲ့ရိုက်နှက်ချက်များကို လက်နှင့်ကာရင်း ပါးစပ်မှလည်းတွေ့ရာဆင်ခြေဆင်လက်များပေးနေရာ
`မပြနဲ့ ဘာမှရှင်းမပြနဲ့ ရှင်ကအသစ်မြင်လို့အဟောင်းကိုမေ့ တစ်ခြုံကွယ်တမယ်မေ့တဲ့လူစား ရှင်လိုယောကျာ်းကို ကျုပ်အသည်းထဲကနာတယ် နာတယ်သိရဲ့လားကိုကျော်ကြား ကဲ ဟယ် ဘုန်း ဘုန်း ဘုန်း´
`မေမေ မေမေ အီး ဟီး ဟီ းအဟင့် ဟင့် မေမေ မေမေရေ အဟီး ဟီး ဟီး´
`လာ သမီးလေး အမေ့သမီးလေး ကိုကျော်ကြား ရှင့်ကြောင့်ကျုပ်သမီးလေးမျက်နာငယ်ရတော့မယ် ရှင့်ကိုမရမ်းမုန်းတယ်ကိုကျော်ကြား´
လမ်းပေါ်မှာကျော်ကြားတို့လင်မယား ရုန်းရင်းဆန်ခတ်ဖြစ်နေချိန် အိမ်ထဲကသမီးလေးသီရိကငိုယိုပြေးထွက်လာလေသည်။ မယ်ရူပ လင်ယောကျာ်းအားထုနှက်နေရင်းမှသမီးလေးသီရိကိုကောက်ချီလိုက်ကာ လင်ယောကျာ်းအား ဒေါသတကြီးအားပါးတရအော်ဟစ်ပြောဆိုပစ်လိုက်လေသည်။
သူတို့ရဲ့အော်ဟစ်ပြောဆိုနေမှုကြောင့် လမ်းဘေးအိမ်များမှလူများထွက်လာကာ တသီတတန်းကြီးရပ်ကာ သူတို့အဖြစ်အား မဟေဠိဆန်ဆန်ရပ်ကြည့်နေကြလေသည်။ သူတို့ရဲ့ရင်ထဲမှာတော့ အတွေးပေါင်းစုံနဲ့ပေါ့ တချို့အမျိုးသမီးများကတော့ တီးတိုးတီးတိုးသဖန်းပိုးလုပ်ကာ ဝေဖန်နေကြလေရဲ့……
`အေးလေ ငါတို့အစကတည်းက ထင်တော့ထင်သား ဒီကောင်ကနာမငြိမ်ပါဘူးလို့´
`အေးဟေ ဟုတ်ပါရဲ့ ကိုယ့်သမီးလေးမျက်နာမှမထောက်´
`ဒါပေါ့ဟဲ့ သောက်လေ သောက်လေငတ်မပြေ ဘာရေဆိုလားပဲ´
`အို ညည်းကလဲ ဘာရေမဟုတ်ပါဘူး သောက်လေ သောက်လေငတ်မပြေက ဆားငံရည်ပါ ပင်လယ်ရေပေါ့´
`ဟေ့အေး ငါလည်းကြားဖူးတာပြောတာပါ တတ်လို့မဟုတ်ပါဘူး ဘာဖြစ်ဖြစ်ဟယ် ငါကတော့ကြားကမျက်နာငယ်ရမဲ့ခလေးလေးကိုပဲ သနားတယ် ´
`အေးလေ ငါလည်းထပ်တူပါ ဒီလိုအဖြစ်တွေမြင်ပြီး ကိုယ့်ယောကျာ်းကို နိုင်ငံခြားမသွားလို့ အရင်ကအပြစ်ပြောခဲ့မိတာတွေကို အခုမှနောင်တရတယ်ဟေ့´
`အေး အဲ့ဒါအမှန်ပဲ ငါလည်းပြောခဲ့ဖူးတာပဲ ငါ့ယောကျာ်းကို တကယ်တော့ တို့ယောကျာ်းက အရက်လေးနည်းနည်းသောက်တာတစ်ခုကလွဲရင် အားလုံးကင်းရှင်းလို့ မနက်တကြိမ်ညတကြိမ် ရှိခိုးကန်တော့ထားသင့်နေပြီကောင်မ´
`မှန်ပါ့ကောင်မရေ တို့တွေဘဝက ငပိရည်အတို့အမြှုပ်နဲ့စားပြီး ယောကျာ်းကို နေ့စဉ်ခြေခွအိပ်ခွင့်ရနေတာမို့ ဂုဏ်တောင်ယူသင့်ပါတယ်အေ´
`မှန်ပ့ မှန်ပ့ အခုပဲကြည့်လေ အရင်ကတော့ နိုင်ငံခြားကငွေတွေလာတော့ ရက်ထဲရွာထဲစွာစွာ စွာစွာနဲ့ကောင်မ အခုဘာတတ်နိုင်သေးလဲ ယောကျာ်းကဟိုမှာ မျောက်မထားနေပြီလေ ခလုတ်ထိမှအမိတဖြစ်ပြီပေါ့ မှတ်ကရော့´
အဲ့ဒီလိုပါ တခဏလေးအတွင်းမှာပင် ကျော်ကြားနှင့်မယ်ရူပတို့သတင်းက တစ်ယောက်ပါးစပ်မှတစ်ယောက်ကူးကာ တရွာလုံးပြန့်နှံ့သွားရလေတော့သည်။
ဘယ်သူတွေဘာပြောပြော ကျော်ကြားကတော့အမှုမထားပေ။ မိန်းမသားဖြစ်သောမယ်ရူပမှာသာ ဘယ်နေရာသွားသွား လူများကသူမအား ကွက်ကြည့် ကွက်ကြည့်လုပ်ကာ တိုးတိုး တိုးတိုးပြောဆိုနေတာကို တွေ့မြင်နေရတော့ စိတ်တို့တအားမွန်းကြပ်နေပေပြီ။ သမီးလေးသီရိသာမရှိဘူးဆိုလျှင် သူမသေချာပါသည်။ မိမိကိုယ်ကိုတစ်စုံတစ်ခုလုပ်ပစ်လိုက်မှာမလွဲပေ။ အခုတော့ သမီးလေးရဲ့မျက်နာအားမြင်ပြီး ရင်မှသောကတို့ကို ကြိတ်မှိတ်ကာရင်စီးခံနေရလေတော့သည်။
ဒီလိုနဲ့ကျော်ကြားတစ်ယောက်လည်း သူ့ခွင့်တစ်လပြည့်ပြီမို့ ပြည်ပသို့ပြန်လည်ထွက်ခွါသွားလေသည်။ မယ်ရူပတစ်ယောက်မှာတော့ လောကကြီးအကြောင်းဘာမှမသိသေးရှာသော ချစ်သမီးလေးသီရိနှင့်အတူ ခါးသီးရက်စက်လှသောသူမ၏ကံကြမ္မာအား မျက်လုံးစုံမှိတ်ကြံ့ကြံ့ခံရင်းဖြစ်သမျှအကြောင်းအကောင်းမဟုတ်တောင် ရှောင်လွှဲမရတာမို့ ကြိတ်ခံရုံမှအပါးအခြားမရှိတော့ပေ။
‘–‘–‘–‘–‘–‘–‘–‘–‘–‘–‘–‘–‘–‘–‘–‘–‘–‘–‘
`တောက်စ်´
မယ်ရူပ အံကိုတင်းတင်းကျိတ်ကာ တောက်တချက်ပြင်းပြင်းခေါက်လိုက်မိလေသည်။ တောက်ခေါက်မိတဲ့အကြောင်းရင်းကတော့ အရှက်မရှိသောသူမ၏ယောကျာ်းသည် သူမယားငယ်နှင့်နမ်းရှိုက်နေသည့်ပုံများကို မယ်ရူပထံသို့ပို့ဆောင်လာသောကြောင့်ဖြစ်ပါသည်။
တကယ်ဆိုလျှင် သူတို့ဘာသာလွတ်လွတ်လပ်လပ်ကြိုက်သလိုပျော်ပါတော့လား။ အခုတော့ရေနစ်သူဝါးကူထိုးသလို အစကတည်းကရှုံးနိမ့်နေသူကို သူတို့ပျော်နေပုံများ လာပို့တာကတော့တရားလွန်ပေသည်။ သူမဒေါသထွက်ကာ တောက်တချက်ခေါက်လိုက်မိရာ သူမအနီးတွင်အိပ်မောကျနေသော သမီးလေးသီရိလန့်ဖျတ်ကာတချက်တွန့်ခနဲဖြစ်သွားလေသည်။
မယ်ရူပအလျင်အမြန်ပင် သမီးလေးရဲ့ကျောပြင်အားပွတ်သပ်ချော့ကာပြန်သိပ်လိုက်လေသည်။ အိပ်မောကျနေသောသမီးလေးဟာ လောကကြီးအကြောင်းဘာတစ်ခုမှမသိရှာသေး။ ဘာမှမသိသေးသောသမီးလေးဟာ ဖခင်ရဲ့မိုက်မဲမှုကြောင့်လူ့လောကအလယ်မှာမျက်နာငယ်ရပေတော့မည်။ မယ်ရူပတွေးရင်း တွေးရင်းရင်ထဲလှိုက်တက်လာကာ သမီးလေးသီရိအားကြင်နာစွာဖွဖွတစ်ချက် နမ်းရှိုက်လိုက်မိပါသည်။
ဟော ကြည့်စမ်း သူမအမှုမဲ့အမှတ်မဲ့နမ်းလိုက်တာ သမီးလေးရဲ့နဖူးပြင်တွင် သူမ၏သောကမျက်ရည်တို့ဖြင့်စိုရွှဲသွားရလေသည်။ သူမအဝတ်လေးတစ်ခုကိုဆွဲယူကာ သမီးလေးနဖူးပြင်မှမျက်ရည်စတို့ကိုအသာအယာသုတ်ပေးလိုက်လေတော့သည်။
‘–‘–‘–‘–‘–‘–‘–‘–‘–‘–‘–‘–‘–‘–‘–‘–‘–‘–‘
`ရူပရေ ညည်းအားရင် ငါ့အိမ်မှာအဝတ်တွေလျှော်စရာများနေပြီ နေ့ခင်းလာခဲ့လေ´
`ဟုတ် ဟုတ်အန်တီပု ကျမဆက်ဆက်လာခဲ့ပါ့မယ်´
`ဟေ့ ဟေ့မယ်ရူပ ငါ့အိမ်မှာလည်း ကြမ်းတွေတအားပေနေလို့ ဘုရားပွဲကနီးနေပြီမဟုတ်လား လာတိုက်ပေးအုံးနော်´
`ဟုတ်အမညို ကျမလာဖြစ်အောင်လာခဲ့ပါ့မယ်´
`ရူပ ငါ့ကိုစျေးသွားပေးပါလား မနက်ဖြန်မှာ နိုင်ငံခြားကငါ့သားလေးအလည်ပြန်လာမှာမို့ စုံစုံစီစီချက်ကျွေးချင်လို့ပါအေ´
`ဟုတ်ကဲ့ပါအန်တီဝါ ကျမသွားပေးပါ့မဟ် ဝယ်ချင်တာတွေသာပြောပြလိုက်ပါ´
အခုတော့မယ်ရူပတစ်ယောက် ချစ်သမီးလေးအတွက်မည်သူ့မှအားမကိုးပဲ မိမိရဲ့ကိုယ်ကာယနှင့်သမာအာဇီဝကျကျရှာဖွေကျွေးမွေးရင်း ကြမ်းတမ်းလှတဲ့လောကဓံရဲ့ခါးသီးသောရိုက်ချက်များကို မိန်းမသားတန်မဲ့ကြံ့ကြံ့ခံကာအန်တုရင်ဆိုင်နေလေတော့သည်။
လူဆိုတာ လူအမျိုးမျိုးစိတ်အထွေထွေရှိတာမို့ လင်ပစ်မုဆိုးမဖြစ်နေသောသူမအား ပြစ်တင်ရှုံ့ချကဲ့ရဲ့သူရှိသလို သနားပြီးပေးကမ်းကျွေးမွေးသူလည်းရှိပါသည်။ အခုဆိုလျှင် ရပ်ထဲရွာထဲမှာ မိန်းမသားများဆုံမိကြလျှင် မပါမဖြစ်ပြောသောစကားမှာ မယ်ရူပရဲ့အကြောင်းပင်ဖြစ်လေသည်။
`ကောင်မလေးသနားပါတယ်ဟယ် သူဒီလောက်ရိုးသားတာကို သူ့ယောကျာ်းမို့နောက်အိမ်ထောင်ပြုရက်တယ်နော်´
`အေးဟယ် ငါကတော့ မယ်ရူပထက် သမီးလေးသီရိကိုပိုသနားမိတယ်´
`ဟို ဘာအဆန်းလဲ သူတောင်နောက်အိမ်ထောင်ပြုသေးတာ ကိုယ်လည်းတစ်ယောက်မကောင်းတစ်ယောက်ပြောင်းပေါ့´
ရပ်ရွာထဲတွင် ထိုသို့ ထိုသို့မယ်ရူပအကြောင်းကပြောမဆုံးဖြစ်နေလေသည်။ သူမအားအမှန်တကယ်သနားသူရှိသလို လင်ပစ်မဆိုပြီး လွယ်လွယ်နဲ့အချောင်ရမလား သွေးတိုးလာစမ်းကြသည့် လူ့ဗာလယောကျာ်းများလည်း မရေတွက်နိုင်အောင်ရှိပါသည်။
မယ်ရူပကတော့ ရှင်းသည်ပြတ်သည်။ အရင်ယောကျာ်းမကောင်းလို့ သူ့ဘာသာနောက်အိမ်ထောင်ပြုပေမဲ့ မိမိကတော့ လောကမှာသံယောဇဉ်ဆိုတာချစ်သမီးလေးသီရိကလွဲပြီး ကျန်တာအားလုံးဖွဲဆန်ကွဲပင်။ လာရောက်သွေးတိုးစမ်းသော ယောကျာ်းများအား ပြတ်ပြတ်သားသားပြောလွှတ်လေသည်။ ပါးစပ်နဲ့ပြောရုံနဲ့မလုံလောက်ဘူးထင်လျှင် လက်ပါပါပြီး တွေ့ရာနှင့်ကောက်ကာဆော်လွှတ်လိုက်လေသည်။
ထိုသို့ခဏခဏ ဖြစ်ပါကြိမ်ဖန်များလာတော့ ဘယ်ယောကျာ်းကမှမယ်ရူပအားသွေးတိုးမစမ်းရဲတော့ချေ။ တစ်ခုခုပြောမည်ကြံမိတာနဲ့မိမိခေါင်းကို ပြန်စမ်းမိသည်အထိ။ မယ်ရူပကလက်သံပြောင်လှပေသည်။
`ဟေ့ ဖိုးခွေး´
`ဘာလဲဝက်သိုး´
`ဟိုမှာ မင်းရဲ့အချစ်တော်ကြီးမယ်ရူပလာနေပြီ တစ်ခါတည်းရင်ဖွင့်လိုက်ပါလား´
`မလုပ်ပါနဲ့ဝက်သိုးရာ ငါ့အမေမွေးပေးထားတာ စင်းလုံးချောလေးပါ သူနဲ့တွေ့မှအမာရွတ်ကြီးနဲ့ဖြစ်နေလိမ့်မယ်ဟေ့´
`အေး မင်းပြောတာလည်းအမှန်ဟ မယ်ရူပလိုမိန်းမမျိုးကတော့ရှားတယ်ဟေ့ အရင်သူ့ယောကျာ်းကျော်ကြားရှိစဉ်က အေးဆေးသိမ့်မွေ့သလောက် အခုတော့ထစ်ခနဲဆို သူ့လက်ကတွယ်ပြီးသားပဲလေ´
`အေးဟုတ်ပါရဲ့ ငါတို့ယုံတောင်မယုံနိုင်ဘူး သူဘာလို့အခုလောက်အထိ တင်းမာပြတ်သားသွားရသလဲဆိုတာ´
`ယော် ဒါကလောကဓံလေ လောကဓံရဲ့ရိုက်ချက်ကြမ်းတွေကြောင့် သူလည်းအလိုအလျှောက်အော်တိုကြမ်းတမ်းပြတ်သားသွားရတာပါ´
`အေးလေ ဒါလည်းကောင်းပါတယ် မဟုတ်ရင် သိတဲ့အတိုင်းပဲလေ ငါတို့ယောကျာ်းတွေကလည်း ယောကျာ်းမရှိတဲ့မိန်းမဆို သွေးတိုးစမ်းချင်သူက ခပ်များများမဟုတ်လား´
`ကဲကဲ ဖိုးခွေးတို့လည်း အလုပ်လေးဆက်ကြအုံးစို့ရဲ့´
`အေးအေးဝက်သိုး လုပ်စို့လေ´
ထိုသို့ပင် မယ်ရူပအား ယောကျာ်းများလန့်သည်အထိပင်။ လန့်ရမယ်လေ မလန့်လို့ဖြစ်မလား။ အားနားရင်ခါးပါရုံတင်မက တဘဝလုံးပါမရှူနိုင်မကယ်နိုင်ဖြစ်ရမည့်အရေး ဒီတော့ကြမ်းတယ်ပြောပြော ရမ်းတယ်ပြောပြော ပြောချင်ရာပြောကြပါစေ။ ဘယ်လိုယောကျာ်းသားမျိုးကိုမှမယ်ရူပမျက်နာသာမပေးနိုင်ပါချေ။
ဒါကြောင့်လည်းမယ်ရူပဘဝဟာ ပို၍ပို၍အထီးကျန်လာခဲ့ရလေသည်။ အထီးကျန်တော့ တစ်ယောက်တည်းပေမဲ့ အကြားအမြင်လည်းကျယ်စေရန် Phoneလေးတစ်လုံးနဲ့Onlineစာလေးများကို အမြဲဖတ်ရှုလာမိပေသည်။ ထိုသို့Onlineစာပေများဖတ်ရင်းမှ Onlineပေါ်တွင်စာတိုပေစလေးများရေးသော `တောင်တန်းချစ်တဲ့စိုင်းလေး´ {ခ} ` အတွေးတစ်စ,စိုင်း´{ ခ }`စိုင်းဇာနည်´နှင့်သူမရင်းနှီးခဲ့ရလေသည်။
တစ်ညမှာ သူမအိပ်မပျော်ပါ။ သန်းခေါင်ကျော်ညဉ့်နက်နေပေမဲ့မျက်စေ့များက အတွေးနယ်ချဲ့ပြီးကျယ်နေတာမို့ စာရေးသူစိုင်းဇာနည်ရဲ့messengerမီးစိမ်းလေးဆီသို့~~~
`hi´
`ဟုတ်ကဲ့မင်္ဂလာပါမမလေး´
`ဆရာမအိပ်သေးဘူးလား ဘာတွေလုပ်နေလဲ´
`အော် ကျနော်ကအလုပ်ပြန်ပါ အခုလေးတင်ပဲ ရေချိုးဘုရားရှိခိုးပြီး လိုင်းပေါ်တက်လာတာပါ´
`ဟင် အခုမှအလုပ်ပြန်ဆိုတော့ ဘယ်နိုင်ငံမို့လဲဆရာ´
`အော် ဟုတ်မမလေး ကျနော်က…………နိုင်ငံမှာပါ စားသောက်ဆိုင်မှာအလုပ်လုပ်ပါတယ် အလုပ်ကနေ့လယ်ကနေ ညလယ်လေ ဒါ့ကြောင့်အခုမှလိုင်းတက်လာတာပါ´
`ဟင် ဒါဆိုဘယ်အချိန်အိပ်လဲ ´
`ကျနော်လင်းမှအိပ်ပါတယ် လိုင်းတက်ပြီးစာရေးမယ်လေ ပြီးရင်မြန်မာ့လက်ဝှေ့နဲ့Smack downခဏကြည့်ကာအိပ်ပါတယ် တစ်နေ့အိပ်ချိန်ငါးနာရီ ခြောက်နာရီဆိုကျနော့်အတွက်ကလုံလောက်ပါတယ်´
`ဟုဆ်ဆရာ ဆရာ့စာတွေကျမအမြဲဖတ်ပါတယ် ကြိုက်လည်းကြိုက်ပါတယ် ဆရာကအခုခေတ်ဖြစ်ပေါ်နေတာတွေကို အမှန်အတိုင်းမကွယ်မဝှက်ရေးလို့လေ´
`ဟုတ်ကဲ့ ကျနော်ရေးတာလေးတွေကို အခုလိုဖတ်ရှုအားပေးတာ အထူးကျေးဇူးတင်ပါတယ်မမလေး´
`ရပါတယ်ရှင် ဒါဆိုဆရာ့ကို ကျမတစ်ခုလောက်အကူအညီတောင်းပါရစေလား´
`ဗျာ ဘာများပါလိမ့်ပြောလေ ကျနော်တတ်နိုင်တာဆိုရင် ကူညီဖို့အဆင်သင့်ပါ´
`ဟိုလေ ဟို ဟို……………´
မယ်ရူပ စကားဆက်ဖို့အင်မတန်ခက်နေပုံရပါသည်။ တဟိုဟိုနှင့်ရှေ့မရောက်နိုင်ပေ။ ဒါနဲ့စိုင်းကပဲအလိုက်တသိ
`ဟုတ် ပြောပါမမလေး အားမနာပါနဲ့ ရဲရဲသာပြောပါ´
`ဟုတ် ဟုတ်ဆရာ ဒီလိုပါ ကျမဘဝအကြောင်းဆရာ့ကိုပြောပြချင်လို့ပါ´
`ယော် ဘာများပါလိမ့်လို့ ပြောပြလေ ကျနော်နားထောင်ပါ့မယ်´
`ဟုတ်ဆရာ ပြီးရင် ဇာတ်လမ်းလေးတစ်ပုဒ်အဖြစ်ရေးပေးပါလားလို့လည်း တောင်းဆိုပါရစေ´
`စိတ်ချပါမမလေး ပြောပါမမလေးပြောပြီးရင် ကျနော်ဖြေးဖြေးချင်းရေးပေးပါ့မယ် ဟုတ်ပြီလား´
`ဟုတ်ဆရာကျေးဇူးတင်လိုက်တာရှင် ကျမလေကျမဘဝကို တစ်စုံတစ်ယောက်ကိုရင်ဖွင့်ချင်နေတာပါ ဒါမှကျမခံစားနေရတာတွေ အနည်းငယ်ပေါ့ပြီးသက်သာသွာစလိမ့်မယ်လို့ ထင်မိလို့ပါ´
`ဟုတ်မမလေးကောင်းပါပြီ စိတ်ချလက်ချသာပြောပါ ပြီးရင်ကျနော်ကြိုးစားပြီး ရေးပေးပါ့မယ်´
`ဟုတ်ဟုတ်ဆရာ ဒီလိုပါ ကျမကအိမ်ထောင်သည်တစ်ယောက်ပါ ကျမမှာသမီးလေးတစ်ယောက်ရှိပါတယ် ကျမအမျိုးသားကတော့……………နိုင်ငံမှာအလုပ်လုပ် စီးပွားရှာသွားပါတယ်………………´
ထိုသို့ဖြင့် မယ်ရူပဟာသူမဘဝရဲ့ဖြစ်ကြောင်းကုန်စင်အား Onlineစာရေးသော `စိုင်းဇာနည်´ ထံမှာ အိတ်သွန်ဖာမှောက် ခရေစေ့တွင်းကျ စီကာပတ်ကုံးပြောပြလိုက်လေတော့သည်။ မယ်ရူပမှစိုင်းဇာနည်အား ရင်ဖွင့်ပြောပြသောသူမရဲ့အကြောင်းအရာများမှာ အထက်တွင်ဖော်ပြခဲ့သည်အတိုင်းအားလုံးအမှန်ပင်ဖြစ်လေသည်။
`စိတ်မကောင်းလိုက်တာမမလေးရယ်´
`ဟုဆ်တယ်ဆရာ ကျမလေ ကျမအဟီး အဟင့် ဟင့်´
`ဟာ ဘာလို့ငိုတာလဲမမလေး´
`ကျမ ကျမဘဝကိုကျမပြန်ပြောပြရတော့ အဟောင်းတွေကအသစ်ဖြစ်ပြီး ရင်ထဲစို့တက်လာလို့ပါဆရာရယ်´
`အားတင်းထားပါမမလေး မမလေးဘဝအခုကံဆိုးရပေမဲ့ စိတ်ထားကောင်းတဲ့မမလေး ဒီဘဝမှာတင်ကံကောင်းမှုတွေ ပျော်ရွှင်ချမ်းမြေ့မှုတွေကိုပိုင်ဆိုင်ရအုံးမယ်ဆိုတာ ကျနော်ရဲရဲကြီးပြောဝံ့ပါတယ်ဗျာ´
`ဟုတ်ကဲ့ပါဆရာ တကယ်ကျေးဇူးတင်ပါတယ် အခုလိုကျမကိုအားပေးလို့ ကျမလေ ကျမကိုယ်ကိုထက်သမီးသီရိကို ပိုသနားမိပါတယ် ´
`ဟုတ်ကဲ့မမလေး ကျနော်နားလည်ပါတယ် မမလေးလိုအဖြစ်ချင်းတူတဲ့မိန်းမသားတွေအားလုံးကို ကျနော်အရမ်းသနားတယ် ကိုယ်ချင်းလည်းစာပါတယ်ဗျာ´
`ဟုတ်ဆရာ ဒါနဲ့ဆရာ ´
`ဟုတ်မမလေးပြောလေ´
`အခုကျမပြောပြတာကို ဆရာဇာတ်လမ်းရေးပေးလို့ဖြစ်ရဲ့လား´
`ဖြစ်ပါတယ် ကျနော်အမြန်ဆုံးရေးပေးမယ်လို့ ကတိပေးပါတယ်မမလေး´
`ကျေးဇူးတင်လိုက်တာဆရာရယ် ဆရာရေးပြီးရင် ကျမကိုအသိပေးအုံးနော် ကိုယ့်ဘဝရဲ့အကြောင်းလေးကို ကျမဖတ်ချင်လို့ပါ´
`ဟုတ်မမလေးပြောပါ့မယ် ဒီလိုလုပ်ဗျာ ခေါင်းစဉ်ကို အခုကတည်းကကျနော်ပြောပြထားပါ့မယ်´
`ဟုတ်ပြောပြပါဆရာ ဘယ်လိုပေးမလဲ´
`ဘယ်လိုပေးရမလဲဆိုတော့…………………´
စိုင်းတစ်ယောက်ခေတ္တစဉ်းစားနေလေသည်။ မယ်ရူပကလည်းအလိုက်တသိငြိမ်သက်စွာစောင့်နေလေသည်။ စိုင်းစဉ်းစားပြီးကာမှ……
`ရပြီ ရပြီမမလေး´
`ဟုတ်ဆရာ ဘာတဲ့လဲဟင်´
`လင်ရှိမုဆိုးမတဲ့ ဘယ့်နှယ်လဲမမလေး လင်ရှိမုဆိုးမ´
`ရှင် ´
`ဟုတ်ပါတယ် မမလေးဘဝဟာ လင်ယောကျာ်းရှိနေပါလျှက် မုဆိုးမတစ်ယောက်ပမာ တစ်ယောက်တည်းနဲ့ဘဝကို ခက်ခက်ခဲခဲရင်ဆိုင်တိုက်ပွဲဝင်နေရတာမို့ ဒီအမည်လေးပေးလိုက်တာပါ ဘယ်လိုသဘောရလဲမမလေး´
`လင်ရှိမုဆိုးမ လင်ရှိမုဆိုးမ လင်ရှိမုဆိုးမ´
မယ်ရူပတစ်ယောက် ကိုယ့်ဘာသာတိုးတိုးလေးရေရွတ်ကြည့်ပြီးမှအားတက်သရောလေသံဖြင့်………
`အရမ်းအဓိပ္ပာယ်ရှိတယ်ဆရာ ရေးပါနော် အမြန်ရေးပါ ဆရာ့ကိုကျမဖုန်းဘေလ်ကန်တော့ပါ့မယ်´
`မလိုပါဘူးမမလေး ကျနော့်ကိုကန်တော့မဲ့ဖုန်းဘေလ်ဘိုးကို သမီးလေးသီရိအတွက် ကျနော်ကပြန်ပြီးမုန့်ဘိုးပေးပါတယ် ကဲ ကျနော်ဖုန်းချတော့မယ် အခုပဲ စရေးတော့မယ်ဗျာ´
`ဟုတ်ဆရာ ရေးပါတော့ ချပါတော့´
`ပူလောင်မှုတွေနဲ့အမြဲတွေ့ရတဲ့မယ်ရူပ အမည်သညာကမယ်ရူပ ဘဝကခါးတမာ အမည်နဲ့ဘဝကဆန့်ကျင်ဘက် ဒါကြောင့် ဒီနေ့ဒီအချိန်ကစပြီး လင်ရှိမုဆိုးမခေါ်မယ်ရူပရဲ့ဘဝဟာ ရှေ့ဆက်ကာ အေးချမ်းသာယာမှုတွေ ပျော်ရွှင်ကြည်နူးမှုတွေပိုင်ဆိုင်ပါစေကြောင်း ကျနော်ဆုတောင်းပေးလိုက်ပါတယ်´
`ကျေးဇူးအထပ်ထပ်ပါဆရာရယ် ပေးဆုတွေအားလုံးပြည့်ဝပါရစေတော့´
ဒီနေရာလေးမှာပဲ ကျွန်ုပ်စိုင်းဇာနည်{idea sai} ရေးသားတင်ပြအပ်သော `လင်ရှိမုဆိုးမ´ဟုအမည်ရ ဇာတ်လမ်းလေးနိဂုံးကပါတ်အဆုံးသတ်ပါပြီခင်မျာ။ လောကမှာချစ်သူတိုင်းကညား၍ ညားတဲ့သူတိုင်းကလည်းရိုးမြေကျချစ်နိုင်ကြပါစေ………။
#စာရှုသူများအားအစဉ်လေးစားလျှက်
`အတွေးတစ်စ,စိုင်း´
2018April 24-9:47Pmခေတ္တမလေး
✍စိုင်းရဲ့စာရှုသူများနှင့် ချစ်မိတ်ဆွေအပေါင်းအား အစဉ်၊ထာဝရချစ်ခင်လေးစားရပါသည့်~
#SZN{idea sai}
⏱3:27Am[MLS]
September 19.2022 Monday
🙏#အမြန်ဆုံးအေးချမ်းသာယာပါစေအမိမြေ🙏