လမ်းကြုံ(စ/ဆုံး)
————-
ခရစ်သက္ကရာဇ် ၂၀၁၂ ခုနှစ်၏ ဇူလိုင်ည တည…။
တနေကုန်ပင် မုန်းမာန်ဖွဲ့နေသော ခါဝဿန်မိုးသည် ၎င်း၏ မဟာမိတ်ဖြစ်သော မုတ်သုံလေနှင့်အပြိုင် ဝုန်းဒိုင်းကြဲမဝ ရှိနေသည်မှာ ယခုထက်တိုင် အငြိုးမပြေနိုင်သေး။
လူသူလေးပါး လျော့ပါးလာသော ဝိုင်းမော်အကျော် ကားလမ်းမတလျှောက်က ကျိုးတိုးကျဲတဲ ဓာတ်တိုင်တို့၏ မီးသီးရောင်များနှင့် တချက်တချက် ထထပြက်သော လျှပ်စီးရောင်များမှအပ နီရဲသွေးနေသော ကောင်းကင်ပြင်အောက်က ညသည် ပကတိ မှောက်မိုက်လျက်ရှိပြီး၊ ယာဉ်သွားယာဉ်လာများကိုပင် မတွေ့မြင်ရသလောက် ခြောက်သယောင်းကာစ ပြုနေ၏။
သို့သော် ဒင်နာတခုတွင် သောက်စားလာခဲ့သည့် အယ်လ်ကိုဟောလ် အရှိန်ကလေးက ရှိသည့်အပြင် မိုးကလည်း အတိုင်းထက်အလွန် သည်းထန်လွန်းနေသည်ကြောင့် မြစ်ကြီးနားဆီ ဦးတည်လျက်ရှိသော မိမိ၏ မော်တော်ကားကို ဒေါက်တာနော်ဆိုင်းတယောက် သတိထား မောင်းနှင်နေရသည်။
ဒေါက်တာသည် ခရစ်ယာန်ဘာသာဝင် ကချင်လူမျိုး ဆရာဝန်တဦးဖြစ်ပြီး ကိုယ်ပိုင်ဆေးခန်းတခုကို မိမိနေအိမ်ရှိရာ မြစ်ကြီးနားနှင့် မလှမ်းမကမ်း ကွာဝေးသော ဝိုင်းမော်ဘက်တွင် ဖွင့်လှစ်ထားခြင်း ဖြစ်၏။ ရာသီဥတုအခြေအနေအရ ယနေ့ လူနာအကျ နည်းသောကြောင့် အစောအစီး ဆေးခန်းသိမ်းပြီးချိန်တွင် ပေါက်ချလာသော အသိမိတ်ဆွေတဦးက ရောက်မဆိုက်ပင် စားသောက်ဆိုင်တဆိုင်သို့ အတင်းခေါ်ယူ ပြုစုခဲ့သောကြောင့် ယခုလို ညဉ့်နက်ကာမှ ဒေါက်တာ အိမ်ပြန်ဖြစ်တော့သည်။
ယေဘုယျအားဖြင့် ဝိုင်းမော်နှင့် မြစ်ကြီးနား လမ်းခရီးမှာ ယခုလို ကားနှင့်ဆိုပါက လေးဆယ့်ငါးမိနစ်မျှ မောင်းနှင်ရသည့် အကွာအဝေးရှိ၏။ ပုံမှန်အခြေအနေမျိုးဆိုလျှင် ဒေါက်တာ့အနေဖြင့် ဤလမ်းခရီးကို သည့်ထက်ပင် အလျင်အမြန် မောင်းနိုင်စွမ်းပါသည်။
သိပ်သည်းလှသော မိုးစက်မှုန်များကြောင့် တနေရာမှ တနေရာ မနည်းပြူးပြဲ ကြည့်နေရသော ယခုလို သကာလမျိုးတွင်တော့ အစစအရာရာ ပို၍ သတိချပ်ရသောကြောင့် လေးဆယ့်ငါးမိနစ်ကျော်ပင်မက ကြာမြင့်လိမ့်မည် ဖြစ်ကြောင်း သူတွက်ဆမိလိုက်၏။ ထို့အပြင် အိမ်တွင် ညစာပြင်ရင်း မျှော်တော်ယောင် ဖြစ်နေရှာမည့် ချစ်ဇနီးသည်ထံလည်း ကားမောင်းနေရင်း တန်းလန်းက သူစိတ်ရောက်နေလိုက်သေးသည်။
ဤသို့ မိုးသက်လေပြင်းများကြား ထိန်းကျောင်း မောင်းနှင်လာခဲ့ရင်းက မိနစ်အတန်ငယ်မျှ ကြာသောအခါ အရှေ့ဆီမှ ကားလှမ်းတားနေသော ထီးတချောင်းနှင့် လူတယောက်ကို မပီဝိုးတဝါး သူတွေ့မြင်လိုက်ရသည်။
သို့သော် မသိကျိုးကျွံပြုကာ ထိုလူစိမ်းကို ဖြတ်ကျော်လာခဲ့လိုက်၏။ အကြောင်းမှာ ယခုကဲ့သို့ လူခြေတိတ်ချိန်မျိုးတွင် ကားတားစီးမည့်သူတိုင်းကို လွယ်လင့်တကူ မယုံကြည်နိုင်သောကြောင့်ပင်။
ထိုအတွေး မပြီးဆုံးခင်မှာတင် ကားကို ဒေါက်တာ ရပ်တန့်ပစ်လိုက်မိ၏။ အဘယ်ကြောင့်ဆိုသော် ကားတားသူအား ဖြတ်ကျော်လာခဲ့ရာတွင် ၎င်းဆောင်းထားသော ထီးမှာ အမျိုးသမီးအဆင် ဖြစ်နေကြောင်း သတိထားမိလိုက်၍ ဖြစ်သည်။
ဒေါက်တာသည် ကားပေါ်မှတဆင့် ဓါတ်တိုင်မီးရောင် အားကိုးဖြင့် ဂရုတစိုက် လှမ်းကြည့်လိုက်လျှင် မိုးသည်းထဲမှ ကားတားသူမှာ ဧကန်အမျိုးသမီးဖြစ်ကြောင်း ဝတ်စားဆင်ယင်မှုအရ ထပ်မံ သိရှိလိုက်ရ၏။ ထီးအောက်မှ အမျိုးသမီးသည် သူ့ဆီ ကြည့်ရှုလျက်သား ရှိနေသည်။
သို့နှင့် ဟိုဟိုသည်သည် စူးစမ်းကြည့်လျှင် သစ်ပင်ကြီးငယ်များသာ ဘေးတဘက်တချက်စီတွင် ခြံရံထားသော ကားလမ်းမ၏ ဤဝန်းကျင်တဝိုက် မိမိနှင့် ထိုအမျိုးသမီးမှလွဲ၍ မည်သူမျှ ရှိမနေ။ ယခုလို အခြေအနေမျိုးတွင် ကားအကူအညီ လိုအပ်နေသူ အမျိုးသမီးတဦးကို ပစ်ထားရက်နိုင်လောက်အောင်လည်း သူ၏နှလုံးသားက မာကျောခက်ထန်မှု မရှိ။
ထို့ကြောင့် ဒေါက်တာသည် အစောပိုင်းက သံသယစိတ်များအား ရုတ်ချည်း မေ့ဖျောက်ပစ်လိုက်ပြီးနောက် ကားကို နောက်ပြန်ဆုတ်သွားပေးလိုက်မိ၏။ သူစိမ်းအမျိုးသမီး၏ ရှေ့တည့်တည့်တွင် ကားရပ်ပေးလိုက်ပြီးလျှင် ဆက်လက်၍ လှမ်းအကဲခတ်ကြည့်ပြန်သည်။
မိုးသည်းထဲမှ အမျိုးသမီးသည် ခပ်ငိုက်ငိုက် ဆောင်းထားသော ၎င်း၏ ခေါက်ထီးအောက်တွင် ခန္ဓာကိုယ်အနှံ့ မိုးရွှဲရွှဲစိုနေပြီး ထီးလက်ကိုင်ကို ဆုပ်ကိုင်ထားသော လက်နှစ်ဘက်သည်ပင် အချမ်းဓာတ်ဖြင့် ကတုန်ကယင် ဖြစ်နေရှာသည်။
“ဘယ်သွားမလို့လဲခင်ဗျ”
ကားမှန်ချပြီးနောက် ဆူညံနေသော မိုးလေသံများကြားမှ အမျိုးသမီးထံ သူလှမ်းအော် မေးလိုက်ခြင်း ဖြစ်၏။
ထိုအခါ အမျိုးသမီးသည် ငိုက်စိုက်စွာ ဆောင်းထားသော ထီးကို အပေါ်သို့ ပင့်တင်လိုက်သောကြောင့် ထီးအရိပ်ကွယ်နေသော သူ၏ မျက်နှာသို့ ဓာတ်တိုင်မီးရောင်များက ထင်းလင်းစွာ ထိုးကျလာသည်။
ဤတွင် ပီပီပြင်ပြင်ဖြစ်သွားသော အမျိုးသမီးမှာ ချောမောလှပသော မိန်းကလေးတဦးဖြစ်ကြောင်း ဒေါက်တာ တွေ့ရှိလိုက်ရ၏။ အဆိုပါ မိန်းကလေးသည် မဝံ့မရဲဖြစ်နေပုံဖြင့် မည်သည့်စကားမျှ ပြန်၍မပြောသေးဘဲ အားနာပါးနာ ရှိနေပုံရသည်။
သို့နှင့် ဒေါက်တာက အားမလိုအားမရ ဖြစ်ကာ…
“ဟေ့… မိုးအရမ်းသည်းနေတယ်လေ၊ ကားပေါ် အရင်တက်လိုက်။ ပြီးရင် သွားချင်တဲ့နေရာ လိုက်ပို့ပေးမယ်” ဟု လှမ်းအော်ပြောရင်း ကားနောက်ခန်းထဲ ဝင်ရန် ခြေဟန်လက်ဟန်ပါ ပြလိုက်၏။
ဤသို့ ဒေါက်တာ ပြုမူလိုက်သောအခါ မိန်းကလေး၏ ရွှန်းစိုလှသည့် မျက်ဝန်းများမှာ ချက်ချင်း တောက်လဲ့သွားကြသည်။ ပြီးနောက် သူသည် ထီးကို အမြန်ပိတ်လိုက်ပြီး ကားနောက်ခန်းသို့ ဝမ်းသာအားရ လှမ်းတက်လိုက်၏။
မိမိယာဉ်ပေါ် မိန်းကလေး ရောက်ရှိလာပြီးနောက် ကားမှန်ပြတင်းကို ဒေါက်တာ ပြန်တင်လိုက်၍ မိုးသံလေသံ ပြန်လုံသွား၏။ ယင်းနောက် တဦးနှင့်တဦး အပြန်အလှန်ယုံကြည်မှု ရယူနိုင်ရန် ကားအတွင်းပိုင်း မီးသီးကို လှမ်းဖွင့်ရင်း မိန်းကလေးကို တချက် လှည့်အကဲခတ်လိုက်သည်။
ထိုအခါ မိုးစိုရွှဲနေသော အလှတမျိုးဖြင့် ခပ်ကျုံ့ကျုံ့လေး ထိုင်လျက်သား အတန်ငယ် ချမ်းတုန်နေရှာသည့် မိန်းကလေးမှာ မြင်သူတကာ ကရုဏာဖိတ်ယိုချင်စရာပင်။ သို့သော် ခြုံစရာပေးရန် အင်္ကျီအပို ပါမလာဖြင့် ဒေါက်တာတယောက် အားတုံ့အားနာ ဖြစ်သွားမိသည်။ ထိုနောက် ဒေါက်တာ၏ စိတ်၌ အဆိုပါမိန်းကလေးကို တနေရာရာမှာ မြင်ဖူးသလိုလို ခံစားလာရသည်။
သို့သော် ရေရာသေချာမှု မရှိသည့်အပြင် သူစိမ်းတဦးဖြစ်သူ မိမိက လိုအပ်သည်ထက် ပိုပြီး စူးစိုက်ကြည့်နေမိပါက တဘက်သား ခရီးသည်မိန်းကလေးအနေဖြင့် အထင်အမြင် လွဲမှားသွားနိုင်သည့်အပြင် အတန်ငယ် သောက်စားလာခဲ့သည့် မိမိဆီက ယမကာအနံ့ကို မျက်နှာချင်းဆိုင် အနေအထားတွင် သတိထားမိသွားပါကလည်း ကြောက်လန့်သွားနိုင်၍ ယာဉ်မောင်းခုံတွင် သူပြန်ပြင်ထိုင်လိုက်ရ၏။
“ကဲ… ဘယ်ကို လိုက်ပို့ပေးရမလဲ ညီမ”
မိန်းကလေး၏ အရွယ်မှာ ခန့်မှန်းခြေအားဖြင့် နှစ်ဆယ့်ငါးဝန်းကျင်မျှသာ ရှိလိမ့်မည် ဖြစ်၍ ‘ညီမ’ ဟူသော အသုံးအနှုန်းဖြင့် ဒေါက်တာ မေးမြန်းလိုက်ခြင်း ဖြစ်သည်။
သုံးဆယ့်ငါးသို့ ကျော်လွန်လာပြီဖြစ်သည့် ဒေါက်တာသည် မိမိနှင့် စကားပြောဆိုသူတိုင်းကို ရင်းနှီးသည် ဖြစ်စေ၊ မရင်းနှီးသည် ဖြစ်စေ အသက်အရွယ် ကြီးငယ်အလိုက် သင့်တော်သည့်နာမ်စား သုံးနှုန်းတတ်သည့် အကျင့်ရှိ၏။ မိမိထက် ငယ်ရွယ်သူကို ‘ညီ/ညီမ’ ခေါ်ရန် အားမနာတတ်သလို၊ မိမိထက် ကြီးရင့်သူဟု ယူဆမိပါကလည်း ‘အစ်ကို/အစ်မ’ ခေါ်ရန် သူဝန်မလေးတတ်။
“ဟုတ်၊ ညီမကို မြစ်ကြီးနား အဝင်လောက်က ‘—‘ လမ်း၊ အိမ်နံပါတ် ‘—‘ ကို ကျေးဇူးပြုပြီး ပို့ပေးပါ အစ်ကို။ အိမ်က ထမင်းဆိုင်ပါ တွဲပြီး ဖွင့်ထားတာပါ။ ဆိုင်နာမည်ကတော့ ‘—‘ လို့ ခေါ်ပါတယ်”
ကြည်လင် အေးမြသော စကားသံများက မိန်းကလေး၏ နှုတ်ခမ်းပါးမှတဆင့် ပထမဦးဆုံးအကြိမ် ထွက်ပေါ်လာ၏။ ရှတတဖြင့် နားဝင်ပီယံလှသော ဤအသံကိုလည်း ဒေါက်တာ့စိတ်တွင် ရင်းနှီးဖူးသယောင်ပင်။ သို့သော် သူစဉ်းစား၍ မရ။
မည်သို့ဆိုစေကာမူ ထိုမိန်းကလေး၏ ရုပ်ရည်သွင်ပြင်နှင့် လေယူလေသိမ်းအရ သူသည်လည်း ဒေါက်တာ့နည်းတူ ကချင်လူမျိုးတဦး ဖြစ်ပုံရ၏။
“သြော်၊ ရတယ်လေ ညီမငယ်။ လမ်းကြောင်းကလည်း သင့်နေသားပဲ။ အစ်ကို လိုက်ပို့ပေးပါ့မယ်”
မိမိပြန်မည့် လမ်းနှင့် အမှန်ပင် အလျဉ်းသင့်နေသဖြင့် ဒေါက်တာ ပြောဆိုလိုက်ခြင်း ဖြစ်၏။ အကယ်၍ လမ်းကြောမသင့်ပါကလည်း မည်သည့်နေရာ ဖြစ်ဖြစ်၊ သူလိုက်ပို့ရန် ဆုံးဖြတ်ထားပြီး ဖြစ်ပါသည်။
မိမိခုံတွင် နေရာတကျ ထိုင်ပြီးနောက် စက်မသတ်ထားသော ကားကို ရပ်တန့်ခဲ့ရာက ပြန်လည်မောင်းနှင် ထွက်ခွာလိုက်၏။
မိနစ်များစွာ ကျော်လွန်လာသည်နှင့်အမျှ မိုးသည် သည်းထန်နေရာက တစတစ အားလျော့လာပြီး ဖွဲဖွဲမျှသာ ရွာသွန်းဖြိုးနေတော့သည်။ ကားရှေ့မှန်၏ ဘယ်ညာယိမ်းကစားနေကြသော ရေသုတ်တံနှစ်ချောင်းကြားမှ လမ်းမြင်ကွင်းသည် ပိုမိုကြည်လင်လာခဲ့၏။
သို့သော် မောင်းနှင်လာရာ လမ်းတလျှောက်တွင် လူနှင့် ယာဉ်များ၏ အရိပ်အခြည်များက မရှိသလောက်ပင် နည်းပါးလွန်းလှသဖြင့် အထီးကျန်သလို ခံစားလာရသည်။
“ဒါနဲ့၊ စကားမစပ်နော်… ညီမနဲ့ တနေရာရာမှာ ဆုံဖူးသလား ဝေခွဲမရဖြစ်နေလို့”
အဖော်ရှိသော်လည်း နှုတ်ဆိတ်နေရသည်ကို ငြီးငွေ့လာသဖြင့် ကြုံဆုံဖူးသယောင်ယောင် ခံစားမိနေသည့် မတင်မကျစိတ်ကို အကြောင်းပြုကာ လမ်းကြုံ လိုက်ပါလာသူ မိန်းကလေးထံ ဒေါက်တာ စကားလှမ်းစလိုက်ခြင်း ဖြစ်၏။
ဤသို့ ဆိုရင်းတန်းလန်းကပင် ကား၏ နောက်ကြည့်မှန်ကတဆင့် မိန်းကလေးကို မသိမသာ တချက်လှမ်းကြည့်မိလိုက်သည်။ ထိုအခါ မိန်းကလေးသည်လည်း မိမိနည်းတူ စိုက်ကြည့်လျက်သား ရှိနေသဖြင့် အကြည့်ချင်း ဆုံစည်းသွားသည့် တဒင်္ဂတွင် ထိတ်ခနဲ ဖြစ်သွားသော ဒေါက်တာတယောက် မျက်နှာ ရဲတက်သွားကာ အကြည့်ပြန်လွှဲလိုက်ရ၏။ မိန်းကလေးအကြည့်သည် စူးရှလှပြီး မိမိအတွေးအာရုံအထိတိုင်အောင် ဖြန့်ကြက်နေသည့် အလားပင်။
“ဟုတ်၊ ညီမလည်း အစ်ကို့ကို မြင်ဖူးသလိုလို ရှိလို့ တွေးကြည့်နေတာ ကြာပြီ။ ဒါပေမဲ့ အခုတော့ ညီမ မှတ်မိပြီ။ အစ်ကိုက ဝိုင်းမော်မှာ ဆေးခန်းဖွင့်ထားတဲ့ ဆရာဝန်မဟုတ်လား”
မိန်းကလေးဆီမှ ထွက်ပေါ်လာသော စကားကြောင့် ဒေါက်တာ တချက်မျှ ကြောင်အမ်းအမ်း ဖြစ်သွားခဲ့ပြီးနောက်…
“အဲ၊ ဟုတ်တယ် ညီမ။ ဒါနဲ့ ဘယ်လိုလုပ်များ… သြော်၊ ညီမက အစ်ကို့လူနာတဦး ဖြစ်ခဲ့ဖူးတယ်ထင်တယ်” ဟူ၍ တွေးတွေးဆဆ ပြောလိုက်၏။
“ဟုတ်၊ ပြောရရင်တော့ အဲဒီလိုလည်း မဟုတ်ပါဘူး ဆရာ။ ညီမအမေ နာမကျန်းဖြစ်တော့ နှစ်ခေါက် သုံးခေါက်လောက် ဆရာ့ဆီမှာ လာပြဖူးတယ်။ အဲဒါကြောင့် မျက်မှန်းတန်းမိနေတာပါ ဆရာ”
“သြော်၊ ဒါကြောင့် မြင်ဖူးသလို ရှိပါတယ်လို့။ အစ်ကို နေ့စဉ်ကုသပေးရတဲ့ လူနာတွေက များလွန်းတော့ အယောက်စေ့ကို မမှတ်မိနိုင်ဘူးလေ”
“ဟုတ်၊ ညီမ နားလည်ပါတယ် ဆရာ”
“ဒါနဲ့လေ… ခုချိန် မိုးဒီလောက် သည်းနေတဲ့ကြားက စောနက ကားတားခဲ့တဲ့ နေရာကို ဘယ်လိုလုပ်ပြီး ရောက်နေရတာလဲ။ တကယ်ဆို အဲဒီနေရာက လူအရမ်းပြတ်တော့ ညီမလို မိန်းကလေးတယောက်အဖို့ အန္တရာယ်များတယ်လေ”
စကားပြောရင်းတန်းလန်းက အမှတ်မထင် ထိုသို့ ဖြတ်မေးကြည့်မိလျှင် မိန်းကလေးထံက အဖြေပြန်မလာသေးဘဲ သူကိုယ်နှစ်ဦးကြား စက္ကန့်အနည်းငယ်မျှ ကြာသည်အထိ တိတ်ဆိတ်သွားခဲ့၏။ အဆိုပါ တိတ်ဆိတ်မှုမှာ ယုံကြည်မှုတခုကို ပျက်သုဉ်းသွားစေနိုင်သဖြင့် ဒေါက်တာတယောက် ဘဝင်မကျ ဖြစ်မိသည်ကတော့ အမှန်။
ထိုစဉ် သက်ပြင်းချသံ လေးတွဲ့တွဲ့က မိန်းကလေးဆီမှ ထွက်ပေါ်လာခဲ့ပြီးနောက်…
“ဒီလိုပါပဲ ဆရာရယ်… ညီမအကြောင်းနဲ့ ညီမပဲပေါ့” ဟူသော စကားသံ ဆက်လက် ထွက်ပေါ်လာ၏။
ညင်သာစွာဖြင့် ပြန်လည် ဖြေကြားသံမှာ စိတ်ပါသည့်ဟန် မပေါက်သဖြင့် ယောက်ျားတန်မဲ့ စပ်စုသလို ဖြစ်သွားသည့် အနေအထားတွင် ဒေါက်တာ့အနေဖြင့် အားတုံ့အားနာ ဖြစ်သွားရသည်။
“ဆောရီးနော်… အစ်ကိုက ညီမအတွက် စိုးရိမ်စိတ်နဲ့ သဘောရိုး မေးကြည့်ရုံပါ”
ဒေါက်တာက ထိုသို့ပြောပြီး တောင်းပန်လိုက်သော်လည်း မိန်းကလေးထံက မည်သည့်စကားမျှ ပြန်မလာသဖြင့် နောက်ကြည့်မှန်ကတဆင့် လှမ်းကြည့်မိလိုက်၏။ ထိုသို့ မကြည့်မိခင်မှာတင် ‘ပထမတခေါက်ကလို အကြည့်ချင်း ဆုံသွားမည်လား’ ဟု သူစိုးရိမ်သည်။
သို့သော် ယခုအကြိမ်တွင်မူ မိန်းကလေးသည် ကားပြတင်း အပြင်ဘက်ရှိ ညဥ့်ရှုခင်းများကိုသာ ငေးမျှော်လျက်သား ရှိနေသောကြောင့် ဒေါက်တာလည်းပဲ မည်သည့်စကားမျှ ဆက်မပြောဘဲ နေလိုက်တော့သည်။
ဤသို့ဖြင့် ဝိုင်းမော်မှတဆင့် တရိပ်ရိပ် ပြေးနှင်လာသော မော်တော်ကားပေါ်တွင် နှစ်ဦးသားသည် အတွေးကိုယ်စီဖြင့် သူစိမ်းတရံဆံပင် နေလာကြပြီး အချိန်များလည်း ကုန်မှန်းမသိ ကုန်လွန်သွားပြီးနောက် မြစ်ကြီးနားသို့ ရောက်မှန်းမသိ ရောက်ရှိခဲ့လေ၏။ လူနေ အိမ်ခြေများ၊ ဈေးဆိုင်ခန်းများက တဖြည်းဖြည်းချင်း စိပ်လာခဲ့သော်လည်း အချိန်အတန်လင့်ပြီ ဖြစ်သည့်အပြင် တနေကုန် မိုးကောင်းခဲ့သည့်အရှိန်ဖြင့် လူသူခြောက်ကပ်လွန်းနေသည်က သိပ်တော့လည်း အဆန်းမဟုတ်။
“ဟိုရှေ့နားလောက်ဆို အိမ်ကို ရောက်ပါပြီ ဆရာ”
တချိန်လုံး ငြိမ်ချက်သား ကောင်းနေခဲ့သူ မိန်းကလေးက တနေရာအရောက်တွင် လမ်းမနံဘေး ဈေးဆိုင်တန်းတခုဆီသို့ လက်ညှိုးထိုးညွှန် ပြသရင်း အားတက်သရော ထပြောလိုက်သဖြင့် ထိုသို့ ဗြုန်းစားအနေအထားမျိုးတွင် ဒေါက်တာတယောက် လန့်ဖျပ်သွားရ၏။
“ဪ၊ ဟုတ်ပါ့။ ညီမအိမ်နားတောင် ရောက်လာပြီပဲ”
ကားမောင်းလျက် အတွေးလွန်နေရာက ပြန်သတိဝင်ကာ ဒေါက်တာ ရေရွတ်လိုက်ခြင်း ဖြစ်ပါသည်။
ဒေါက်တာသည် ကားကို အရှိန်လျှော့ချ၍ မိန်းကလေး ပြသသည့် နေရာလောက်တွင် အသာရပ်တန့်ပေးလိုက်သည်။ ထိုနေရာတွင် ဈေးဆိုင်ခန်းနှင့် တွဲဆက်ထားသည့် လူနေအိမ်ခြေအနည်းငယ် စီရရီရှိပြီး၊ ယင်းအိမ်တို့၏ မြေညီထပ်ရှိ ဆိုင်ခန်းအားလုံး ပိတ်သိမ်းသွားပြီ ဖြစ်သဖြင့် လူရိပ်လူခြည်ကလည်း ငြိမ်သက် တိတ်ဆိတ်နေ၏။
“အဲဒါ ညီမတို့ အိမ်ဆိုင်လေးပေါ့ ဆရာ။ အပေါ်ထပ်က အိမ်၊ အောက်ထပ်က ဆိုင်ပေါ့”
စိတ်လှုပ်ရှားသော လေသံဖြင့် ကားရပ်နားရာ တည့်တည့်က အဆောက်အအုံတခုကို မိန်းကလေးက ဆက်လက် ညွှန်ပြပြန်သဖြင့် ဒေါက်တာ လှမ်းကြည့်မိလိုက်ရာ ‘—‘ အမည်နှင့် ‘စားဖွယ်စုံ ထမင်းဆိုင်’ ဟူသော ဆိုင်းဘုတ်တခု တပ်ထားသည့် လုံးချင်း နှစ်ထပ်တိုက်အိမ်ငယ်တလုံးကို တွေ့ရှိရလေသည်။
“ကျေးဇူးတင်လိုက်တာ ဆရာရယ်။ ဆရာ့ ကျေးဇူးကို ဘယ်လို ပြန်ဆပ်ရမလဲတောင် မသိတော့ပါဘူး”
မိမိ၏ အကူအညီဖြင့် အချိန်မတော်ကြီးတွင် မှဲ့တပေါက် မစွန်းဘဲ အိမ်ပြန်လာနိုင်ခဲ့သည့် ဝမ်းသာစိတ်ကြောင့်ဟု ထင်၊ မိန်းကလေး အသံမှာ မသိမသာ တုန်ရီနေကြောင်း ဒေါက်တာ သတိထားမိပါသည်။
“သြော်၊ ညီမရယ်… ရပါတယ်။ အစ်ကိုက လမ်းကြောသင့်လို့ လမ်းကြုံတင်လာရုံပဲ။ ဘာအပန်းကြီးတာ မှတ်လို့”
“တကယ်ပါ ဆရာရယ်၊ ကျေးဇူးတင်လွန်းလို့ပါ။ ဆရာသာ ဆရာ့ကားပေါ် မဖိတ်ခေါ်ခဲ့ရင်၊ လိုက်ပို့ပေးမယ်လို့ ဆရာမပြောခဲ့ရင် အိမ်ကို ပြန်လာနိုင်မှာ မဟုတ်ပါဘူး”
လိုအပ်သည်ထက် ပိုပြီး တချက်ချင်းစီ ရှင်းပြ၍ ကျေးဇူးတင်မဆုံး ဖြစ်နေရှာသော မိန်းကလေး၏ ထိုစကားအဆုံးတွင် ဒေါက်တာ့အနေဖြင့် မိမိကိုယ်ကိုယ် စိတ်ကြီးပင် ဝင်ချင်လာမိ၏။
“ရပါတယ် ညီမရဲ့။ တဘက်သား ဒုက္ခရောက်နေချိန်မှာ ကူညီခွင့်ရတာကိုက ဘုရားသခင်ရဲ့ အလိုတော်အတိုင်းမို့ အစ်ကို့အဖို့ ကုသိုလ်ထူးလှပါတယ်။ စိတ်ထဲ မထားပါနဲ့”
“ဟုတ်ကဲ့ ဆရာ၊ ဆိုင်ကို လမ်းကြုံရင် ဝင်လည်ပါဦးနော်”
“ကောင်းပါပြီဗျာ။ ဒီနေရာကို လမ်းခရီးက အမြဲသင့်နေတော့ ခဏခဏ ဝင်လည်ဖြစ်… အဲ၊ ခဏခဏ ဝင်ပြီး အားပေးဖြစ်မှာပါ ညီမ”
“ဟုတ်၊ အဲဒါဆို ညီမကို သွားခွင့်ပြုပါဦးလား ဆရာ”
ဤစကားတွင်လည်း သာမန် ဝတ်ကျေတမ်းကျေထက် ပို၍ ခွင့်ပန်နေပုံရသဖြင့် ဒေါက်တာကလည်း အလိုက်အထိုက်ပင်…
“ဪ၊ ချောနှမငယ်ရယ်… ကိုယ့်အိမ် ကိုယ်ပြန်တာ အစ်ကို့ဆီက ခွင့်တောင်းရပြန်တယ်လို့။ ကဲ၊ သွားလို့ ရပါပြီ… ဟုတ်ပြီလား” ဟူ၍ ရုပ်ရှင်မင်းသားအိုက်တင်ဖမ်းကာ ဟန်ပါပါ ပြန်ပြောမိလိုက်သည်။
ပိုမိုခင်မင်လိုသည့် ဆန္ဒဖြင့် ထိုသို့ စရယ်နောက်ရယ် ဆိုလိုက်သောအခါ မိန်းကလေးသည် နောက်ခန်းတံခါးကို ဆတ်ခနဲ တွန်းဖွင့်ကာ ဆင်းသက်သွား၏။
အိမ်အနီးသို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း ကားပေါ်မှ အဆင်း တခဏအတွင်း အတန်ငယ် အလျင်လိုလွန်းသွားသော မိန်းကလေး၏ ထိုအပြုအမူက ရယ်ချင်စရာတော့ ကောင်းလှသည်။ ဧကန္တ ပျော်စေပျက်စေသဘောဖြင့် ‘ညီမ’ မှတဆင့် ‘ချောနှမငယ်’ ဟု နာမ်စားပြောင်းလဲ သုံးစွဲလိုက်သောကြောင့် ရှက်ရွံ့သွားရှာသည် ထင်၏။
အပြင်သို့ ရောက်သောအခါ တဖွဲဖွဲကျနေသော မိုးစက်ပေါက်များအောက်တွင် သူ၏ ခေါက်ထီးကလေးကို ဆွဲဖွင့်ဆောင်းလိုက်ပြီးနောက် ဒေါက်တာ့ထံသို့ ခေါင်းတချက်ဆတ်၍ အရိုအသေပေးလိုက်ပြီးလျှင် မိန်းကလေးသည် သူ့အိမ်ရှိရာ အသာအယာ လျှောက်လှမ်းသွားတော့သည်။
လှည့်ထွက်သွားသော မိန်းကလေး၏ နောက်ကျောပြင်အား ငေးကြည့်မိနေရင်းက ဒေါက်တာ့ ရင်ဘတ်ထဲမှာ ဟာတာတာ ဖြစ်လာသည်။ သူနှင့် မိန်းကလေးကြား တစုံတရာ လိုအပ်နေသလိုလည်း ခံစားလာရသည်။
“ညီမ၊ ညီမ… ခဏလောက်။ ဟိုလေ၊ ညီမရဲ့ နာမည်လေးများ တဆိတ်လောက် သိခွင့်ရှိမလား မသိဘူး။ အစ်ကို့နာမည်ကတော့ ဒေါက်တာနော်ဆိုင်းပါ”
ခပ်လှမ်းလှမ်းသို့ မိန်းကလေး ရောက်ရှိနေချိန်မှာတင် တယောက်နှင့် တယောက် မိတ်ဆက်ဖို့ရန် သတိကောက်ရ၍ အသံမြှင့်ကာ ဒေါက်တာ လှမ်းမေးလိုက်ခြင်း ဖြစ်၏။
တကယ်လည်း ဟုတ်သည်ပင်။ မိနစ်သုံးဆယ်ကျော်မျှ ကားအတူစီးလာ၍ အိမ်တိုင်ရာရောက် လိုက်ပို့ပြီးကာမှ အပြန်အလှန် မိတ်ဆက်ဖို့ပင် မေ့လျော့နေခဲ့ကြသည်။
မိန်းကလေးသည် ရောက်သည့် နေရာတွင် ရပ်တန့်လိုက်ပြီးနောက် ဒေါက်တာ့ထံသို့ ညင်သာစွာဖြင့် လှည့်ကြည့်လိုက်၏။ ထို့နောက် ရှတတရှိသော သူ၏ အသံသေးသေးကလေးကို မြှင့်တင်လိုက်၍…
“ဟုတ်… ညီမနာမည်က ဆန်းမိုင်ပါရှင့်” ဟူ၍ လှမ်းပြောလေသည်။
ဤတွင် လှမ်းမြင်လိုက်ရသော မိန်းကလေး၏ မျက်နှာပေါ်တွင် ဝမ်းသာရိပ်နှင့်အတူ ဝမ်းနည်းစိတ်များ မသိမသာ ယှက်သမ်းနေကြကြောင်း သတိပြုမိလိုက်၏။ ဒေါက်တာကလည်း ထိုနည်းတူစွာပင်။
အပြန်အလှန် နာမည်မိတ်ဆက်ပြီးနောက် မိန်းကလေးသည် သူ၏ နေအိမ်ရှိရာ ဆက်လျှောက်သွားလေတော့သည်။
“ဪ… နာမည်လေးက ဆန်းမိုင်တဲ့လား”
ကားရှေ့ဆီသို့ ပြန်လှည့်လိုက်ပြီးနောက် သိရှိလိုက်ရသော မိန်းကလေး နာမည်ကို သဘောကျစွာ သူရေရွတ်လိုက်မိ၏။ ထိုနာမည်အရ မိန်းကလေးမှာ ကချင်လူမျိုးဖြစ်ကြောင်း ထပ်လောင်း အတည်ပြုမိလိုက်သည်။
ခင်မင်ရင်းနှီးခဲ့ရပြီ ဖြစ်သော လူမျိုးတူ မိန်းမချောလေး၏ ထမင်းဆိုင်တွင် အလျဉ်းသင့်လျှင် သင့်သလို သူဝင်အားပေးရမည်။ ထိုကြောင့် ကားမထွက်မီ နောက်ဆုံးမေးခွန်းအနေဖြင့် ဆိုင်ဖွင့်ချိန်နှင့် ဆိုင်ပိတ်ချိန်ကို လှမ်းမေးဖို့ရန် မိန်းကလေးဘက်သို့ သူပြန်လှည့်လိုက်သည်။
“ဒါနဲ့ ဆိုင်က ဘယ်အချိန်… ဟင်၊ ဘယ်ရောက်သွားပါလိမ့်”
အကြည့်လွှဲမိစဉ် တဒင်္ဂအတွင်း ပျောက်ခြင်းမလှ ပျောက်ရှသွားသော မိန်းကလေးကြောင့် ဒေါက်တာ ပြောမည့်စကားမှာ တဝက်တပျက် ရပ်တန့်သွား၏။
ရုတ်တရက် ပြန်လည်သည်းထန်လာသော မိုးကြောင့် မိန်းကလေးတယောက် သူ၏ အိမ်သို့ ပြေးဝင်သွားရှာပြီ ထင်သည်။
မည်သို့ပင် ဆိုစေကာမူ မိန်းကလေး၏ အိမ်ဆိုင်ကလေးနှင့် သူသည် အမြဲလိုလို လမ်းကြောင်းသင့်နေဦးမည် ဖြစ်သဖြင့် နှစ်နှစ်ခြိုက်ခြိုက် ပြုံးမိလိုက်၏။ ထိုနောက် ဒေါက်တာနော်ဆိုင်း ထိုနေရာမှ ကားမောင်းထွက်လာခဲ့ပါတော့သည်။
* – * – * – * – * – *
ရာသီဥတုသည် မနေ့ကနှင့်မတူ ကြည်လင် သာယာနေပြီး မိုးသားတိမ်လိပ်များပင် ကင်းစင်နေပြန်သဖြင့် ပြာတောက်တောက် ကောင်းကင်ပြင်၏ အောက်တွင် လေတချွန်ချွန် ကားမောင်းလာသူအဖို့ စိတ်လက် ကြည်နူးစရာပါပေ။
ယနေ့တွင် ခါတိုင်းရက်နှင့်မတူ တမူထူးခြားစွာ ဒေါက်တာ့ဆီမှာ မျှော်လင့်ချက်တခု ရှိနေပါ၏။ ထိုသည်မှာ ညက သူလမ်းကြုံ ကူညီခဲ့သည့် ဆန်းမိုင်ဆိုသည့် မိန်းကလေး၏ အိမ်ဆိုင်သို့ ဝင်ကာ မနက်စာစားရန် ဖြစ်သည်။ ထိုအခါ ဆန်းမိုင်က ဝမ်းပန်းတသာ ကြိုဆိုဧည့်ခံပြီး ထမင်းဟင်းများကိုလည်း ကိုယ်တိုင် တည်ခင်းပေးပါလိမ့်မည်။ ပြီးလျှင် သူတို့နှစ်ဦးသည် ညက အဖြစ်ကို စကားဖောင်ဖွဲ့ကာ ပြောကြဆိုကြမည်။ ထိုနောက် သူတို့၏ ရင်းနှီးမှုသည် တစတစပိုလွန်လာပြီး၊ ထိုမှတဖန်…။
တွေးရင်းတောရင်းဖြင့်ပင် ဆန်းမိုင်၏ အိမ်ဆိုင်ကလေးရှေ့သို့ ရောက်မှန်းမသိ ရောက်ရှိလာခဲ့သည်။ ထိုကြောင့် ကားကို ဆိုင်အနီးတနေရာတွင် ထိုးရပ်ထားခဲ့ပြီးနောက် မြေညီထပ်က ထမင်းဆိုင်ကလေးသို့ သူဝင်သွားလိုက်သည်။
ဆိုင်ကလေးသည် သာမန်မျှသာ ဖြစ်ပြီး အပြင်အဆင် ရိုးစင်းကာ သုံးဆောင်နိုင်မည့် စားဖွယ်စုံကို စာနှင့် ပုံတွဲကာ နံရံများတွင် ဟိုဟိုသည်သည် ကပ်ပြထား၏။ ထို့အတူ စာရင်းကိုင် စားပွဲခုံ၏ နောက်ဘက်နံရံပေါ်၌ မိသားစုဝင်ပုံအချို့ကိုလည်း ချိတ်ဆွဲထားသေးသည်။
စားပွဲခုံတလုံးတွင် ဒေါက်တာ ဝင်ထိုင်လိုက်ပြီး ဆိုင်အတွင်း ထပ်မံလိုက်ကြည့်မိသော်လည်း ဆိုင်ထဲ စားပွဲထိုး ချာတိတ်လေးနှစ်ယောက်မှအပ အခြားမည်သူ့ကိုမျှ မတွေ့ရှိရ။ သို့နှင့် စားစရာအချို့ကို မှာယူလိုက်ရင်း ‘ဆန်းမိုင်ရှိသလား’ မေးမြန်းကြည့်၏။
ထိုအခါ စားပွဲထိုးလေးနှစ်ယောက်သည် ဘာမျှ ပြန်မပြောဘဲ တဦးကိုတဦး ကြည့်မိလိုက်ကြပြီးနောက် တယောက်က ခဏလောက် စောင့်ရန် ပြောပြီး ဆိုင်နောက်ဘက်ခန်းသို့ ဝင်သွားခဲ့သည်။
တအောင့်မျှအကြာတွင် ထိုအနောက်ခန်းမှ အဒေါ်ကြီးတဦး ထွက်ပေါ်လာပြီး ရေနွေးကြမ်း ငှဲ့သောက်နေသော ဒေါက်တာ့ဆီသို့ စူးစမ်းသော အကြည့်ဖြင့် လျှောက်လှမ်းလာခဲ့၏။ အနီးသို့ ရောက်သောအခါမှ အဒေါ်ကြီးက ဒေါက်တာ့အား ရုတ်တရက် မှတ်မိသွားဟန်ဖြင့်…
“ဟောတော့… ဝိုင်းမော်ဆေးခန်းက ဟိုဆရာဝန်လေး မဟုတ်လား” ဟူ၍ ဝမ်းသာအားရ ပြောလိုက်လေသည်။
ဤတွင် ဒေါက်တာလည်း ခေါင်းမော့ကြည့်လိုက်ပြီးနောက် ဆန်းမိုင်၏ မိခင်မှန်း တန်ပြန်မှတ်မိသွား၍…
“ဪ၊ ဟုတ်ပါတယ် အန်တီ။ ဆေးခန်းကို မလာတာ အတော်ကြာပြီနော်။ နေကောင်းရဲ့ မဟုတ်လားခင်ဗျ” ဟု ပြုံးတုံ့တုံ့ ပြန်ပြောလိုက်၏။
“ဒါနဲ့ ဆရာလေးက ဆန်းမိုင်နဲ့ သိလို့လား။ ဆန်းမိုင်က အန်တီ့သမီးပါ”
နာမကျန်း ဖြစ်စဉ်က ဒေါက်တာ့၏ ဆေးခန်းသို့ သမီးဖြစ်သူနှင့်အတူ နှစ်ခေါက် သုံးခေါက်မျှသာ ရောက်ဖူးခဲ့ပြီး သူ့သမီးနှင့် ဒေါက်တာတို့မှာ သိကျွမ်းခြင်း အလျဉ်းမရှိကြောင်း ကောင်းကောင်းသိသဖြင့် အဒေါ်ကြီးက မေးစမ်းကြည့်ပုံရသည်။
ဤတွင် ဒေါက်တာက ညက ဆန်းမိုင်နှင့် ဆုံဆည်းခဲ့သည့် အကြောင်းအား ဖြစ်ကြောင်းကုန်စင် ရှင်းလင်း ပြောပြလိုက်၏။ ထိုသို့ ဇာတ်ကြောင်းခင်းပြနေစဉ်အတောအတွင်း ဆန်းမိုင်၏ မိခင်ဖြစ်သူ အဒေါ်ကြီးသည် ဒေါက်တာပြောသမျှကို ဆိတ်ငြိမ်စွာဖြင့် နားစိုက်ထောင်လာခဲ့သည်။
“ညက အဖြစ်ကတော့ အဲဒါပါပဲ အန်တီ။ ဒါကြောင့် ဝိုင်းမော်က ကျနော့်ဆေးခန်းကို သွားရင်း မနက်စာ ဝင်အားပေးတယ်ဆိုပါတော့။ အခု ဆန်းမိုင် မရှိဘူးလား”
အတန်ငယ်ကြာသော် ဒေါက်တာသည် မိမိစကားကို ပြုံးစစဖြင့် အဆုံးသတ်လိုက်ပြီးနောက် ဆန်းမိုင် ရှိမရှိ ထပ်မေးရင်း အဒေါ်ကြီးဆီ ပြန်မော့ကြည့်မိ၏။
သို့သော် ဆန်းမိုင်၏ အမေမှာ ဒေါက်တာမျှော်လင့်ထားသလို မဟုတ်ဘဲ မျက်ရည်အဝိုင်းသား ဖြစ်နေသဖြင့် မှင်တက်သွားရသည်။
“ဒါဆို ညက သူအိမ်ပြန်လာတာပေါ့နော် ဆရာလေး”
မိမိထံသို့ မဟုတ်ဘဲ ဆိုင်အပြင်ဘက်ကိုသာ ဦးတည်ရာမဲ့ ငေးကြည့်လျက်သား ရှိနေသော အဒေါ်ကြီးသည် တုန်ယင်နေသော အသံဖြင့် ပြောလာခဲ့၏။
ဒေါက်တာတယောက် နားမလည်နိုင်စွာ ဖြစ်သွားခဲ့သည်။ ညတုန်းကပင် မိမိကိုယ်၌ အိမ်တိုင်ရာရောက် လိုက်ပို့ခဲ့ခြင်း ဖြစ်သော်လည်း အဆိုပါ စကားအရမူ ဆန်းမိုင်သည် အိမ်ပြန်မရောက်သေးသည့်ဟန် ပေါက်နေ၏။ သို့ဆိုလျှင် ဆန်းမိုင်တယောက် ဘယ်ပျောက်သွားရသနည်း။
ပြာလဲ့နေခဲ့သော မြစ်ကြီးနားမြို့၏ ကောင်းကင်ပြင်တခွင်တွင် တိမ်ညိုတိမ်မည်းများက ဆိုင်းမဆင့်ဗုံမဆင့် စတင်အုံ့မှိုင်းလာသဖြင့် နေ့အလင်းရောင်ကိုသာ အားပြုထားသော ဆိုင်၏ အတွင်းပိုင်းထိပါ တစတစ မှောင်ကျသွားခဲ့သည်။
“တကယ်တော့လေ… လူ့လောကမှာ ဆန်းမိုင် မရှိတော့တာ လွန်ခဲ့တဲ့ သုံးပတ်လောက်ကတည်းကပါပဲ ဆရာလေးရယ်”
မထင်မှတ်ထားသော အဒေါ်ကြီးထံမှ စကားကြောင့် ဒေါက်တာ ပါးစပ်အဟောင်းသား ဖြစ်သွားရ၏။
“ဟုတ်ပါတယ် ဆရာလေးရယ်။ ဆရာလေး ညက သူ့ကို စတွေ့ခဲ့တဲ့ နေရာမှာပဲ ဆိုင်ကယ်အက်စီးဒင့်ဖြစ်ပြီး ပွဲချင်းပြီး ဆုံးသွားရရှာတာပါ။ အီး ဟီး ဟီး… သနားစရာကောင်းလိုက်တဲ့ အမေ့သမီးလေးရယ်။ တမလွန်ကနေတောင် အိမ်ကို မရောက်ရောက်အောင် ပြန်လာသတဲ့လား။ အမေ့ကို စိတ်ချပါ သမီးရယ်၊ ကောင်းရာမွန်ရာ စိတ်ဖြောင့်လက်ဖြောင့်သာ သွားပါတော့ကွယ်။ အီး ဟီး ဟီး…”
ဆက်လက် ပြောဆိုနေရင်း တန်းလန်းက ချုပ်တည်းခြင်းငှာ မစွမ်းသာတော့ဘဲ ယခုအခါ ဆိုင်အပြင်ဘက်က ရုတ်ချည်း ရွာသွန်းဖြိုးလာသည့် မိုးနှင့်အပြိုင် အဒေါ်ကြီးသည် သည်းထန်စွာဖြင့် ငိုကြွေးချလိုက်ပါတော့သည်။
ဤတွင် ဒေါက်တာနော်ဆိုင်းသည် ဘာလုပ်၍ ဘာကိုင်ရမည် အတပ်မသိတော့ဘဲ ဆိုင်၏ တနေရာတွင် ချိတ်ဆွဲထားသော အစောပိုင်းက သူမြင်ခဲ့ရသည့် မိသားစုဝင်ဓာတ်ပုံများအား အမှတ်မထင် လှမ်းကြည့်မိ၏။ ထိုအခါ အဆိုပါ ဓာတ်ပုံများ ကြားက ဘွဲ့ဝတ်စုံဖြင့် ရိုက်ကူးထားသော မိန်းမချောလေးတဦး၏ ဓာတ်ပုံကားချပ်ကို မြင်တွေ့လိုက်ရချိန်တွင် ဒေါက်တာ့အကြည့်များ ထိုနေရာ၌ ရပ်တန့်သွားခဲ့လေသည်။ အဘယ်ကြောင့်ဆိုသော်…။
ဇော်မင်းအောင် (နက်ရှိုင်းထက်)
ဖေဖော်ဝါရီလ၊ ၁၂ ရက်၊ ၂၀၂၂ ခုနှစ်