လိပ်ပြာရှိုက်သံ

Posted on

လိပ်ပြာရှိုက်သံ(စ/ဆုံး)
——————–

၂၀၀၈ခုနှစ် ၊ မိတ္ထီလာမြို့တွင်ဖြစ်သည် ။

အချိန်ကာလမှာ..

တက္ကသိုလ်ကျောင်းများ
ဖွင့်နေချိန်ဖြစ်၍ မြို့တွင်း ၊
တက္ကသိုလ် အနီးရှိရွာများတွင်
ယောကျာ်းလေး သီးသန့်အဆောင်များ ၊
မိန်းကလေး သီးသန့်အဆောင်များမှာ
နယ်ဝေးမှ တကူးတက
ပညာလာရှာကြသည့်
ကျောင်းသားကျောင်းသူ လူရွယ်များဖြင့်
စည်ကားသက်ဝင်နေလေသည် ။

ထိုကျောင်းသား ၊ သူ များထဲတွင်
ရွှေရည် ဟုခေါ်သည့်
အမျိုးသမီးငယ်လေးတစ်ဦးလည်း
အပါအဝင်ဖြစ်သည် ။

ရွှေရည်မှာ တက္ကသိုလ်ဝင်တန်းအား
အမှတ်ကောင်းကောင်းဖြင့်
အောင်လာပြီးနောက်
မိမိငယ်စဉ်ကတည်က
ရည်မှန်းချက်ဖြစ်သည့်
အင်ဂျင်နီယာ တစ်ယောက်ဖြစ်ရန်
‘နည်းပညာတက္ကသိုလ်’ သို့တက်ရောက်ဖို့ရာ
စာရင်းပေးသွင်းရာမှ တက်ရောက်ခွင့်ကျပြီး
တက္ကသိုလ်အနီးရှိ ရွာတစ်ရွာမှ
အမျိုးသမီး သီးသန့်အဆောင်တစ်ခုတွင်
နေထိုင်ခဲ့သည် ။

များသောအားဖြင့် တက္ကသိုလ်မှာ
မြို့နှင့်လှမ်းပြီး ရွာများနှင့်နီးသဖြင့်
ထိုတက္ကသိုလ်နားမှ ရွာများသည်လည်း
မြို့နေရပ်ကွက်များနည်းတူ
အဆင့်မှီနေပြီး ၊ ကျောင်းသားကျောင်းသူ
များအတွက် အဆောင်များ အခန်းများ
ငှါးစားသူများ ၊ စျေးဆိုင် ၊ စားသောက်ဆိုင်များနှင့်
စည်ကားလို့နေသည် ။

အဆောင်အနေအထားမှာ
မကျဉ်းမကျယ် ဖြစ်ပြီး
တစ်ယောက်လျှင်တစ်ခန်းစာနေခွင့်ရသည် ၊
ခြံဝန်းနှင့်ဖြစ်သောကြောင့် ပို၍လုံခြုံမှုရှိသည် ။

ရွှေရည် သည် လူမှုဆက်ဆံရေးကောင်းပြီး
ဖော်ရွေ သည့် အမူအကျင့်ရှိသဖြင့်
အဆောင်သို့ရောက်ပြီး မကြာခင်မှာပင်
တစ်ဆောင်တည်း အတူနေသူ
အဆောင်သူများနှင့်
ညီအစ်မရင်းသဖွယ်ဖြစ်လာခဲ့သည် ။

ယင်းအဆောင်သူများထဲမှ
ရွှေရည် အခင်မင်ဆုံးသူမှာ
ရွှေရည် နှင့်အခန်း အပေါ်အောက်နေသည့်
တက္ကသိုလ်တူ မေသက်နှင်း ဟုခေါ်သည့်
ကျောင်းသူ တစ်ဦးဖြစ်သည် ။

မေသက်နှင်း မှာ ရွှေရည်ထက်
အသက်ကြီးပြီး စီနီယာကျသည် ။
မေသက်နှင်းကိုယ်တိုင်မှာလည်း
အခြားသူများထက် ရွှေရည်ကို
ညီအစ်မအရင်းသဖွယ်သဘောထားပြီး
သမီးရည်းစား ကိစ္စ ၊ မိသားစုကိစ္စများအပြင်
ကိစ္စအထူးအဆန်းရှိက တိုင်ပင်လေ့ရှိသည် ။

နှစ်ထပ် အဆောင်ကြီးတွင်
ရွှေရည် နေသည့်အခန်းနှင့်
မေသက်နှင်း နေသည့်အခန်းမှာ အပေါ်အောက်
ဖြစ်နေခြင်းမှာလည်း
သူတို့နှစ်ဦးအား ပို၍ရင်းနီးစေရန်
အကြောင်းဖန်ခဲ့သည် ။

တက္ကသိုလ်ကျောင်းပိတ်ရက်များနှင့်
ကျောင်းမှအပြန် ညနေဘက်
အားလပ်ချိန်များတွင်
ရွှေရည် နှင့် မေသက်နှင်း တို့နှစ်ယောက် သား
ဆိုင်ကယ်တစ်စီးဖြင့် ဟိုဟိုဒီ လျောက်စီးသွား
တတ်ကြသည် ၊ ညနေစောင်း အချိန်များတွင်လည်း
နေ့တိုင်းလိုလိုပင် အပူစပ်ကြိုက်သည့်
မိန်းကလေးများပီပီ မြို့ထဲသွားပြီး
ရခိုင်မုန့်တီ သောက်ကြသေးသည်
ရံဖန်ရံခါတွင်
အပြင်မသွားဖြစ်ပါက သူတို့နှစ်ဦးသား
တစ်ခန်းတည်းစုနေပြီး စကားများဖောင်ဖွဲ့တတ်သည်
တစ်နေကုန်စကားပြောပြီး ၊
ညအိပ်ခါနီးမှ မေသက်နှင်းက သူ့အခန်းသူပြန်
အိပ်လေ့ရှိသည် ။

သူတို့နှစ်ဦး ခင်မင်မှုမှာ
လပိုင်းသာသာ သာ ရှိသေးသော်လည်း
တစ်ဦးအပေါ်တစ်ဦး မေတ္တာ များမှာ
ညီအစ်မ အရင်းထက်ပင် ပိုနေချေပြီ ။

တစ်နေ့….

နေမင်းကြီး ဝင်လုဝင်ဆဲ
ညနေစောင်းအချိန်အခါလေးတွင်

” ရွှေရည် ရေ ညီမလေး….
အစ်မတို့ ရခိုင်မုန့်တီ သွားသောက်ကြရအောင်
အပြန်ကျရင် ဟိုနေ့ကကြည့်ခဲ့တဲ့
အထည်ဆိုင်က အထည်လေးတွေ
ပြန်ဝင်ရွေးပြီး ဝယ်ကြမယ်လေ…
ငါ့ညီမကိုလည်း အစ်မလက်ဆောင်ဝယ်ပေးမယ် ”

မေသက်နှင်း မှာ
ပိုက်ဆံချမ်းသာသူမဟုတ်ပေမယ့်
စိတ်ထားပြည့်ဝသူဖြစ်ကြောင်း
ရွှေရည် သိပြီးသားဖြစ်သည်
သို့သော်

” မသက်…. ညီမလေး ဒီနေ့နေလို့မကောင်းချင်ဘူး
ဖြစ်နေတယ် နည်းနည်း ချမ်းနေသလို ၊
ကိုယ်လည်းနွေးနေလို့ လေတိုက်ခံမိပြီး
ဖျားသွားမှာကြောက်လို့ မမ ရေ…
မလိုက်တော့ဘူးနော်… မနက်ဖြန် ကျ
သေချာပေါက်လိုက်မယ်…
ညီမလေးအတွက် ဘာမှဝယ်မလာနဲ့…
မမ ဆိုင်ကယ်ဦးထုတ်လည်း သေချာဆောင်းသွား
ဦး…ဆိုင်ကယ်လည်း ဖြည်းဖြည်းစီး ”

ရွှေရည်မှာ အမှန်ပင် နေမကောင်းဖြစ်ချင်နေသဖြင့်
မေသက်နှင်း အားပြောလိုက်ရာ…
မေသက်နှင်းက ရွှေရည့်နဖူးပြင်အား
လက်ဖဝါးလေးဖြင့် စမ်းကြည့်ပြီး

” ဟုတ်ပ ငါညီမဖျားချင်နေတာပဲ
ရေနွေးပူပူလေးနဲ့ အစာလေးစားထား
အစ်မပြန်လာရင်သောက်ဆေးလေး
ဝယ်ခဲ့မယ်…သွားပြီနော်ညီမရေ.. ”

ထိုသို့ မှာကြားပြီးနောက်
မေသက်နှင်း သည် သူမ ပြုံးနေကျ
အပြုံးလေး ပြုံးပြရင်း
မျက်ဝန်းမှ ရွှေရည်ကို နှုတ်ဆက်သယောက်ပြုရင်း
လက်ပြကာ…
ဆိုင်ကယ်လေးဖြင့် ထွက်သွားလေသည် ။

စားနေကျ ရခိုင်မုန့်တီ သောက်ရသော်လည်း
ညီမသဖွယ်ချစ်ခင်ရသည့်
ရွှေရည်မပါသဖြင့် စားမကောင်းသလို ။

အပြန်တွင်ဆေးဆိုင်ဝင်ပြီး
ရွှေရည်အတွက် ဆေးများဝယ်..
အထည်ဆိုင်တွင်လည်း မေသက်နှင်း မှာ
သူမအတွက်အပြင် ရွှေရည်ကို
လက်ဆောင်ပေးရန်လည်း ဝယ်ခဲ့သည် ။

ဆံနွယ်ရှည်မြတ်နိုးသူမို့
မေသက်နှင်း သူမ၏ ဆံပင်ရှည်များကို
လေအဟုန်တွင် ဝဲပျံစေပြီး ကြည်နူးနေစဉ်…
လမ်းဆုံတစ်ခုအရောက်….
ဆိုင်ကယ်
မျက်နာချင်းဆိုင်ဘက်သို့
ကားတစ်စီးမှာ ရုတ်တရက်
ကွေ့ဝင်လာသဖြင့်
အရှိန်နှင့်
မောင်းလာသည့်သူမ၏ ဆိုင်ကယ်အား
ဘရိတ်ညှစ်လိုက်ရာမှ
ဆိုင်ကယ်ရပ်သွားပြီး လူမှာလည်း အနီးရှိ
လူသွားစင်္ကြန် ပလပ်ဖောင်းပေါ်သို့
အရှိန်ဖြင့်ပစ်ကျသွားပြီး နေရာတွင်
ပုံလဲသွားလေသည် ၊ လောကကြီးတစ်ခုလုံး
မှောင်မိုက်နေပြီး သူမ မျက်ဝန်းထဲ
အမှောင်ထုကြီးရောက်လို့…
နားထဲတွင်ဘေးမှလူများ ပြေးလွှားသံ
ကားသံလူသံများ အသံမပီမသဖြင့်
ကြားတစ်ချက်မကြားတစ်ချက်…. ။

ဆေးကဒ်လေးများ နှင့်
အထည်စ လွင်လွင်လေးများမှာ
လေထဲတွင် ဝဲကာဝဲကာနေပြီးမှ
မြေပြင်သို့ ပြန့်ကား ကျလာ ကြသည် ။

” ရှင်! ! မမသက် ဆိုင်ကယ်မှောက်လို့
ဟုတ်လား သူဘာဖြစ်သွားသေးလည်း
အခုသူဘယ်မှာလည်း …
ဒုက္ခ ပါပဲ မသက်… အီး..ဟီး… ”

အဆောင်မှသတင်းကြားကြားချင်း
ရွှေရည်တစ်ယောက် ဆောင့်တည်ရာမရဖြစ်နေပြီး
မေသင်နှင်းအပေါ် စိုးရိမ်စိတ်ကြီးသွားပြီး
မျက်ရည်များအလိုလိုကျလာသည် ။

သတင်းကြားလာသည့်
အဆောင်သူတစ်ဦးက

” ရွှေရည် အဲ့လောက်လည်း
ဝမ်းနည်းမနေပါနဲ့ မသက် အခု
ဆေးရုံတင်ထားတယ်ပြောတယ်..
လာငါတို့လိုက်သွားရအောင် ”

မိတ္ထီလာ ပြည်သူ့ဆေးရုံကြီး သို့
ရောက်ခဲ့ပြီ ။

ရောက်ရောင်ချင်း
ရွှေရည်နင့်အဆောင်သူများ
မေသက်နှင်း ကိုရှာကြ ရာ
နောက်ဆုံး မေသက်နှင်း
အရေးပေါ်ခွဲစိတ်ခန်းတွင်းရောက်နေကြောင်း
သိလိုက်ရသည် ။

ခွဲစိတ်ခန်းအပြင်တွင်
ရွှေရည် နင့်အခြား အဆောင်သူအချို့
ရှိနေစဉ် ခွဲစိတ်ခန်းမှ ဆရာဝန်တစ်ဦး
ထွက်လာသည်ကိုတွေ့သဖြင့်
ရွှေရည်မှာ မျက်ရည်အရွှဲသားဖြင့်
ဆရာဝန်အနားပြေးကာ…

” ဆရာ… ဆရာ…
အထဲ လူနာအခြေအနေ ဘယ်လိုရှိလဲဆရာ ”

ဆရာဝန်မှာ ရွှေရည်အားတစ်ချက်ကြည့်ကာ
သက်ပြင်းချလိုက်ပြီးနောက်

” အခြေအနေက အသက်အန္တရယ်တော့
မစိုးရိမ်ရတော့ပါဘူး…
ဒါပေမယ်…. ”

ရွှေရည် လည်း
ဆရာဝန်၏ မပြီးဆုံးသေးသည့်စကားကို
စိတ်မရှည်ဟန်ဖြင့်ပေးလိုက်ရာ
ဆရာဝန်က… ရွှေရည်ကိုသေချာကြည့်ပြီး

” နေစမ်းပါဦး သမီးက လူနာရှင်လား ”

” မ….မ.. မဟုတ်ပါဘူး
လူနာက ကျွန်မတို့နဲ့ ညီအစ်မအရင်းလိုနေတဲ့သူပါ
ဆရာလိုတာ ပြောပါ ဆရာ…
သူ့အခြေအနေက… ”

” အင်း… ဒါဆိုပြောဖို့အဆင်မပြေဘူးဗျ..
သူ့မိသားစုကို အကြောက်းကြားပေးပါ
ကျွန်တော် မိသားစုနဲ့ တိုက်ရိုက်ပြောမှ
ရမယ့်အခြေအနေမို့ပါ ”

ရွှေရည် လည်း အထွန့်မတက်တော့ပဲ
အဆောင်ပိုင်ရှင်မှတစ်ဆင့်
မေသက်နှင်း ၏မိဘများထံ
အကြောင်းကြားပေးသည် ။

တစ်ချိန်တည်းမှာပင်
အဖြူအနီ ဝမ်းဆက်ဖြင့်
Nurse ဆရာမ တစ်ဦးက
ရွှေရည်တို့ထံလာပြီးနောက်
လူနာ ၏ ဆိုင်ကယ်မှောက်သည့်နေရာမှ
သိမ်းယူရထားသော ပစ္စည်းဟုဆိုကာ
ဆေးကဒ်လေးများ နှင့်
အထည်အစ တစ်ချို့တို့အား
လာပေးခဲ့သည် ။

ရွှေရည်လည်း ဆေးကဒ်ကလေးနှင့်
အထည်စလေးတွေကို ကြည့်ရင်း
မျက်ရည်များ ပိုးပိုးပေါက်ပေါက်ကျလာကာ
ဘေးမှ သူငယ်ချင်းများ ထိန်းသည့်ကြက
ကလေးတစ်ယောက်လို
အော်ငိုမိလေတော့သည် ။

မေသက်နှင်း မိဘနှစ်ပါးမှာလည်း
သမီးဖြစ်သူ အကြောင်းသိပြီး စိတ်ပူတကြီး
နေ့ချင်းညချင်း ရောက်လာကြပြီး
ခွဲစိတ်ဆရာဝန်နှင့် တွေ့ကာ မေးကြမြန်းကြသည် ၊
ဆရာဝန်က မေသက်နှင်း ၏ အမေနှင့်အမေကို
စိတ်အေးအေးထားပေးဖို့
ပြောပြီးနောက်စကားစလိုက်ပုံမှာ…

” ကျွန်တော် စမ်းသပ်ရသလောက်
ခင်ဗျားတို့သမီးလေးက ဆိုင်ကယ်accident
့်ဖြစ်ပြီး
လူက ကတ္တရာလမ်းပေါ် ပစ်ကျတာပေါ့ ၊
ဖြစ်ချင်တော့ ကလေးမက
ဆိုင်ကယ် ဦးထုပ်မဆောင်းထားဘူး ၊
အဲ့ဒါနဲ့ သူအရှိန်နဲ့လွင့်အကျ သူ့ခေါင်းနဲ့
ကတ္တရာလမ်း ရိုက်မိပြီး သတိမေ့မျောသွားတာပါ ”

” ဒါဆို.. ကျွန်မတို့သမီးလေး
ပြန်သတိရလာမှာလားဆရာ ၊
သူဘယ်တော့ သတိရမှာလဲဆရာ…အီးဟီး ”
မေသက်နှင်း ၏
မိခင်ဖြစ်သူမှာ သမီးအတွက်
သောကမီးလောက်နေပြီးမေးလိုက်သည့်
မေးခွန်းကို ဆရာဝန်က….

” အဲ့ဒါက ပြောရခတ်တယ်ဗျ…
ကလေးမလေးက
သာမန်သတိမေ့မျော်နေတာထက်
ပိုတယ်… ကိုးမား (Coma) ဆိုတဲ့
ရောဂါအဆင့်ဖြစ်နေတာတွေ့ရတယ်ဗျ ”

” ဗျာ… ! ရှင်…. ! အို…. ! ”

ဆရာဝန်ပြောလိုက်သည့် စကားမှာ
မေသက်နှင်း မိဘနှစ်ပါး ရင်ကို
ဓားဖြင့်အဖန်ဖန် ထိုးလိုက်သည့်နယ်….
အခန်းတံခါးဝ အပြင်မှ ခိုးနားထောင်နေသူ
ရွှေရည် ပင်နေရာတွင်ခွေလဲကျသွားမိသည် ။

ကိုးမား (Coma) တဲ့…….. ။

ဆရာဝန္က
” ကျွန်တော်လည်း သားသမီးချင်း
ကိုယ်ချင်းစာမိပါတယ် တကယ်စိတ်မကောင်းပါဘူး
ကံဆိုးချင်တော့သူက ဆိုင်ကယ်
ဦးထုပ်မဆောင်းထားဘူး လေ… ”

ထိုစကားသံများကြားနေရသူ
ရွှေရည် မျက်ဝန်းထဲတွင် မျက်ရည်စများ
ပြည့်လျှံထွက်လာပြီး…
မေသက်နှင်း မသွားမှီ သူ့အားနှုတ်ဆက်ခဲ့ပုံ
သူက ဆိုင်ကယ်ဦးထုပ်ဆောင်းသွားဖို့
မှာခဲ့ပုံများကို ပြန်လည် မြင်ယောင်နေမိသည် ။

ငိုနေသည့် လူနာရှင်များအားနှစ်သိမ့်ပေးပြီးနောက်
ဆရာဝန္က…

” အခု ကလေးမလေး ဖြစ်နေတဲ့
ကိုးမား (Coma) ရောဂါအကြောင်း ကျွန်တော်
နည်းနည်းရှင်းပြပါမယ်…
ဒီရောဂါက အဓိက ကတော့

– ခေါင်းကိုပြင်းပြင်းထန်ထန် ထိခိုက်မိလို့
ဒဏ်ရာ ရပြီး ဦးနှောက်အပြင်းအထန်
ဒဏ်ရာ ရသွားတဲ့အခါ ၊

– လေသင်တုန်း ဖြတ်တဲ့အခါ ၊

– ဦးနှောက်ထဲ ပိုးဝင်တဲ့အခါ ၊

– အချိန်အကြာကြီး oxygen ပြတ်လပ်သွားပြီး
ဦးနှောက်ကို ထိခိုက်သွားတဲ့အခါ ၊

– ဆေးတစ်မျိုးမျိုးကို အလွန်အကြွံသောက်မိတဲ့
အခါမျိုးတွေ ၊

– ဒါမှမဟုတ် ပြင်ပရောဂါ တစ်ခုခုကြောင့်
ခန္ဓာကိုယ်တွင်း ဓာတ်မညီတဲ့အခါမျိုးတွေမှာ
ဒီရောဂါဖြစ်တတ်ပါတယ် ၊

ဒီလိုအချက်တွေထဲက တစ်ခုခုဖြစ်ခဲ့ရင်…
အင်း… အခုလူနာကတော့ ပထမဆုံးအချက်ပေါ့

အဲ့လိုဖြစ်ခဲ့ရင် ဦးနှောက်ထဲက ဆဲလ်တွေကို
အလုပ်လုပ်တဲ့အခါ နောင့််နှေးစေတယ် ၊
ပြီးရင် အဲ့ဒီလူကို သတိရှိစေတဲ့
ဦးနှောက်အစိတ်အပိုင်းတွေက ချို့ယွင်းသွားပြီး
လူနာက သတိမရှိ မေ့မျောနေရော…. ၊

ဒီရောဂါဖြစ်ရင် ရက်သတ္တပတ်အနည်းလောက်
်ကြာတဲ့အခါ ပြန်သတိရလာတတ်သလို ၊
နှစ်ပေါင်းများစွာကြာလာမှ ဦးနှောက်ဆဲလ်တွေ
ပြန်အလုပ်လုပ်ပြီး ပြန်သတိရလာကြတဲ့
လူနာတွေလည်း ရှိခဲ့တယ် ၊

ကိုးမား (Coma) ဖြစ်နေတဲ့လူနာကတော့
အသက်ရှူ တာကလွဲပြီး တစ်ခြား
ဘာမှလုပ်နိုင်တော့မှာမဟုတ်ဘူး ၊
အဲ့လို ရောဂါဖြစ်ပြီး ပြန်ကောင်းလာရင်လည်း
အရင်လို ပုံမှန် ပြန်ဖြစ်ဖို့မလွယ်တော့ဘူး ၊
တစ်ချို့က ဝေဒနာ သက်သာလာပြီး
သူဘာဖြစ်ခဲ့တယ် ၊အရင်က ဘာတွေလုပ်ဖူးတယ် ၊
စတာတွေ ဘာမှမမှတ်မိတော့ဘူး ၊
ကုန်ကုန်ပြောရရင် သူ့နာမည်တောင်သူမှတ်မိဖို့
မလွယ်တော့ဘူး ၊

တစ်ချို့ကျတော့လည်း
ပြန်ကောင်းလာပေမယ့်
ရောဂါမဖြစ်ခင်
ပုံမှန်လုပ်နေကျ ဖိနပ်ကြိုးချည်တာတို့ ၊
ဇွန်းခရင်းနဲ့စားတာတို့ ၊ လမ်းလျှောက်တာကအစ ၊
ဘာသာစကားတွေရော မမှတ်မိတာတွေ
မပြောနိုင် ၊ မပြော တတ်တော့တာတွေ
ဖြစ်ကုန်ပြီးတော့
အကုန်ပြန်သင်ပေးဖို့လိုလာတယ် ၊

ကိုးမား (Coma) ဖြစ်နေတဲ့
လူနာကို ဘယ်လောက် နာကျင်အောင်လုပ်လုပ်
ထိခိုက်အောင်လုပ်လုပ် လူနာက
ပြန်မတုန့်ပြန်နိုင်တော့ဘူး ၊
အသံတွေ ၊ အလင်းရောင်တွေ ကိုလည်း
မတုန့်ပြန်နိုင်တော့ဘူး ၊
သာမန်လူတစ်ယောက်လိုမျိုး
အိပ်တာ ၊ နိုးထလာတာတွေကို
ကိုယ့်ဆန္ဒနဲ့ကိုယ် ဘာကိုမှ
အလိုလျောက် မစွမ်းနိုင်တော့ဘူး ၊

တစ်ချို့ ဝေဒနာရှင်တွေဆို
အသက်တောင် ကိုယ်တိုင်
မရှူနိုင်တဲ့အတွက် ဆရာတို့က
လူနာရဲ့အဆုတ်ထဲကို လေ လွှတ်ပေးတဲ့
Ventilator လို့ခေါ်တဲ့စက်နဲ့အသက်ရှူနိုင်အောင်
စီစဉ်ပေးရတယ် ၊

အခုလူနာ
ကလေးမလေးလည်း
အဲ့လို စက်တပ်ပေးဖို့လိုအပ်တဲ့အနေအထားမှာ
ရှိနေတယ် ”

ဆရာဝန်၏ စကားများကို
မေသက်နှင်း မိဘနှစ်ပါးအပြင်
တံခါးဝမှ ရွှေရည်ပင်
ကိုယ့်အပူနှင့်ကိုယ်မို့
ကြားတစ်ချက်မကြားတစ်ချက် ….. ။

ထိုစဉ် မေသက်နှင်း ၏ အဖေက
မျက်ရည် ဝိုင်းနေရာမှ
တုန်ယင်နေသည့် လေသံဖြင့်

” အဲ့တော့ဆရာ…
ကျွန်တော်တို့သမီးလေး ပြန်နိုးလာမယ်
မနိုးတော့ဘူးဆိုတာ မသေချာဘူးပေါ့နော် ”

” ဟုတ်ကဲ့ ကျွန်တော်အစောက
ပြောခဲ့သလိုပါပဲ…
ကျွန်တော်စိတ်မကောင်းပါဘူးဗျာ ”

ဆရာဝန်ဖြေကြားချက်ကြောင့်
မေသက်နှင်း ဖခင်မှာ
ဝမ်းနည်းလွန်း၍
ခေါင်းငိုက်စိုက်ကျသွားသည် ။

ဆရာဝန္က..

” ကျွန်တော်ဒီစကားမပြောချင်ပေမယ့်
ဆေးရုံကုန်ကျစရိတ် ဆေးဝါးစရိတ်
လူနာစရိတ်တွေကလည်း ကြီးလိမ့်မယ်
မှန်းချေ တစ်နေ့ကို မြန်မာငွေ
တစ်သိန်းဝန်းကျင်ရှိမယ် ၊
ဒါကြောင့်လည်း ဒီ ကိုးမား (Coma) ရောဂါကို
သူဌေးရောဂါလို့ခေါ်ကြတာပေါ့ ၊
လူနာရှင်တွေ ကြိုပြင်လို့ရအောင် ကျွန်တော်
ပြောပြတာပါ ”

ထိုအခါ မေသက်နှင်း အမေက

” အို… ကျွန်မသမီးလေး
ပြန်သတိရလာရင်ကျေနပ်တယ် ၊
ကုန့်ချင်သလောက်ကုန်စမ်းပါစေ ”

ပြောမယ့်သာပြောလိုက်ရတာ
သူနဲ့ သားသမီး
အငယ်သုံးယောက် စလုံးက
ဝန်ထမ်းဖြစ်တဲ့ အိမ်ထောင်ဦးစီးရဲ့
မဆို့မပို့ လစာလေးကို
တစ်လ တစ်လ ချွေတာပြီးသုံးနေရတာ
ဟုတ်လား ။

တစ်သိန်း ဟူသော ပမာဏမှာ
သူတို့မိသားစု တစ်လစာ ဝင်ငွေနှင့်
ညီနေသည်….။

ဘဝသမားများအတွက်
ငွေနှင့်အသက်ဆက်မှ
ဆက်လက်ရှင်သန်နိုင်မည့်
သမီးရောဂါကြောင့်
သောကမီးတောက် တစ်ခုတိုးခဲ့ရပြန်ပြီ ။

ရွှေရည်ကူညီချင်သော်လည်း
သူကိုယ်တိုင်ပင်
အဆောင်စရိတ် ကျောင်းစရိတ်များကို
ချွေတာပြီးလောက်ငအောင်
သုံးနေရသူမဟုတ်လား ။

ကျောင်းတွင်လည်း
ရွှေရည်ဦးဆောင်ပြီး
မေသက်နှင်း အတွက် အလှူငွေများ
ကောက်ပေးခြင်း ၊ ကိုယ်တိုက်လည်း
အပင်ပန်းခံကာ လူနာစောင့်လုပ်ပေးခြင်းများ
မညည်းမညူ လုပ်ပေးသဖြင့်
အဝေးမှ လာနေရသည့်
မေသက်နှင်း မိဘများ
များစွာသက်သာပေးသည် ။

ဤသို့ဖြင့် ပြသဒါးနေ့ တစ်နေ့မှာ
မဖိတ်ခေါ်ပဲရောက်ခဲ့ချေပြီ ။

ထိုနေ့က
မေသက်နှင်း ကို အသုဘ ချခဲ့သောနေ့
မေသက်နှင်း ကွယ်လွန်သည့်နေ…။

အမှန်ပင် မေသက်နှင်း ကွယ်လွန်ခဲ့လေပြီ…

မေသက်နှင်းကို ဆေးရုံတွင်
နှစ်လနီးပါးထားပြီးနောက်
ငွေကြေးချို့တည့်သည့်
သူမ ၏မိသားစုမှာ အကြွေးများပိနေပြီးနောက်ဆုံး
ဆေးရုံစရိတ်ကို
မည်သို့မျှ မတက်နိုင်တော့သဖြင့်
ချစ်လှစွာသော သမီး အား
စွန့်လွတ်လိုက်ကြရသည် ၊
မိသားစု ထောက်ခံချက်နဲ့အတူ
ဆရာဝန်များမှာ မေသက်နှင်း အား ကုသမှုကို
ရပ်တန့်စေခဲ့ ပြီး
အသက်ရှုပိုက် Ventilator ကိုဖြုတ်လိုက်
ကြသည်…. ။

မေသက်နှင်း ၏ လိပ်ပြာလေးမှာတော့
မည်သို့ မည်ပုံ ……. ။

အတူနေအတူစား
ညီအစ်မရင်းသဖွယ်ဖြစ်ခဲ့ရသည့်
ရွှေရည်အတွက် ရင်စို့နင့်ကြေကွဲရုံမှလွဲ၍
မည်သို့မျှ မတတ်နိုင်ခဲ့ ။

ရွှေရည် တစ်ယောက်
မေသက်နှင်း ဆိုင်ကယ်မှောက်သည့်နေက
သူမအတွက်လက်ဆောင်ဝယ်လာခဲ့သည့်
အထည်လေးဖြင့် မေသက်နှင်း ၏
သက်မဲ့အလောင်းအား ခြုံလွှမ်းပေးထားရင်း ….
နောက်ဆုံး သူမ မျက်ရည်များကြားမှ
မေသက်နှင်း ၏…..
မီးခိုးငွေ့များကိုသာ
အမှတ်တရ လည်ပြန်ကြည့်ဖြစ်ခဲ့သည် ။

လွမ်းဆွတ်တမ်းတ
ငိုကြွေးနေသူများ တသသ
ဆွေးမြေ့နေသည့် နေ့ရက်များ
တစ်ရက်ပြီးတစ်ရက် ကုန်ပြီးနောက်….

မေသက်နှင်း ၏ အသုဘ ရက်ပင်
လည်ပြီးခဲ့လေပြီ ။

ကျောင်းပိတ်ရက်များနှင့်
အဆောင်မှာရှိအခါ
ညနေစောင်းအချိန်ရောက်တိုင်း
မေသက်နှင်း နှင့်နှစ်ယောက်သားအတူ
ပျော်မြူး ရယ်မောခဲ့တာတွေ ၊
ဆိုင်ကယ်ပတ်စီးခဲ့ဖူးတာတွေ ၊
ရခိုင်မုန့်တီ အတူသောက်ခဲ့တာလေးတွေ ၊
ထမင်းဟင်းတူတူချက်စားခဲ့ဘူးတာတွေ
တွေးမိနေရင်း…
ငိုမိနေဆဲပင် ။

တစ်ခုသောညတစ်ညတွင်
ရွှေရည် ညစဉ်ပြုနေကျအတိုင်း
ဘုရားဝတ်ပြုပြီးနောက်
ပဌာန်းဒေသနာတော်ကို ရွတ်ဆိုပူဇော်သည် ။

ထိုစဉ်တိုက်ဆိုက်ဆိုင်ဆိုင်
ရွှေရည်၏ အခန်းအပေါ်ထပ်
ယခင် မေသက်နှင်း နေခဲ့အခန်း
ယခုအခန်းအလွတ်မှ ခြေသံများ
လူတစ်ယောက် လမ်းလျှောက်သံများ
အတိုင်းသားကြားနေရသဖြင့်
ရွှေရည်လည်း ပဌာန်းရွတ်နေခြင်းကိုရပ်လိုက်သည်
သူ၏စိတ်ထဲတွင် ကွယ်လွန်သူ မေသက်နှင်း
ဘဝတစ်ပါးမှ မကျွတ်မလွတ်ဖြစ်နေလေသလောဟု
ထင်မှတ်နေလေပြီမဟုတ်လော ။

အသံများလည်း ထပ်ကြားရပြန်သည်
ကြွက်မဟုတ်သည်မှာ သေချာလှသည်
လူတစ်ယောက်၏ ခြေလှမ်းလှမ်းသံပင်
ထိုခြေချသည့် မျက်နာကျက်နေရာမှာ
အိခနဲ အိခနဲဖြစ်နေသည်ကိုလည်း
အတိုင်းသားမြင်နေရသည် ။

ရွှေရည် လည်း ထွေထွေထူးထူး
စဉ်းစားမနေပဲ မေသက်နှင်း အတွက်
ရည်စူးကာ စိတ်မှန်း၍ မေတ္တာ ပို့အမျှပေးဝေလိုက်
ရင်း အိပ်ခဲ့သည် ။

အိမ်မက်ထဲတွင်…

မေသက်နှင်း မှာ
အလွန်ညိုးငယ်သည့်မျက်နာဖြင့်

” ညီမလေး ညီမလေးရွှေရည်ရေ…
အစ္မပါ ”

ရွှေရည် လည်း မေသက်နှင်း ကို
မြင်လိုက်ရပြီး အံသြဝမ်းသာဖြစ်ကာ

” မမသက်… အစ်မ…
အစ္မ ”

ရွှေရည် စကမဆုံးခင်
မေသက်နှင်း က

” ညီမလေး မမကိုတစ်ခုလောက်ကူညီပေးပါ
အစ်မ ကို ရွာအနောက်သချိ င်္င်း က
ခရေပင်ကြီးမှာနေတဲ့ သရဲကြီးတစ်ကောင်က
ချုပ်ထားပြီးတော့ ဘယ်မှပေးမသွားဘူး ၊
ပြီူတော့နှိပ်စက်တယ် ၊
အစ်မမျောနေတုန်း သူက
အစ်မကို နေစရာပေးမယ်ဆိုပြီး
ခေါ်လို့ လိုက်သွားမိရာကနေ
အစ်မရဲ့ ဝိဥာဉ် လိပ်ပြာက
အစ်မကိုယ်ထဲ ပြန်မဝင်နိုင်
ဖြစ်နေတဲ့အချိန်မှာ အီး…ဟီး…ရွတ်…
အစ်မ ခန္ဓာကိုယ် ကို သဂြိုလ်လိုက်ကြတယ်
အခုအစ်မ ဘဝက ဘာမှန်းကိုမသိတော့ဘူး
အဲ့အကောင်ကြီးခိုင်းတာလုပ်ပေးရတယ်
မလုပ်ပေးရင်နှိပ်စက်တယ် ၊
အစ်မ ဗိုက်လည်းအရမ်းဆာတယ် ၊
အခုလည်း အဲ့ဒီသရဲကောင်ကြီး
မရှိတုန်း အစ်မ ခိုးထွက်လာပြီး
ညီမလေးကိုအကူအညီတောင်းချင်လို့
အစ်မအခန်းထဲကနေ လမ်းလျှောက်ပြီး
အသံပေးနေခဲ့တာ ၊
ငါ့ညီမ ပဌာန်းရွတ်နေတာကြားလို့အစ်မ
အရမ်းပူလာလို့ ထွက်ပြေးမယ်အလုပ်မှာ
ညီမက ဆက်မရွတ်တော့ပဲ အိပ်သွားလို့
အစ်မပျော်သွားပြီး အိမ်မက်နဲ့
ဆက်သွယ်မိတာပါ…
အစ်မဒီဘဝက ကျွတ်လွတ်ချင်တယ် ၊
ညီမလေးအစ်မကိုကယ်ပါ…”

” အစ်မကိုလုပ်ပေးတဲ့ကုသိုလ်တွေ
နာမည်ခေါ်အမျှဝေပေးတာတွေမရဘူးလား ”

” မရဘူး ညီမလေး…
အစ်မကို သရဲကြီးလက်က အရင်ကယ်ပေးပါနော်
အီး..ဟီး…အစ်မတောင်းပန်ပါတယ်….
ဟ..ဟာ…ဟိုကောင်ကြီးပြန်လာနေပြီ..
အစ်မသွားမှဖြစ်တော့မယ်…. ”

မေသက်နှင်း က ရွှေရည်ကို နှုတ်ဆက်
သယောင် ပြရင်း အခိုးအငွေ့အဖြစ်
အဝေးပြေးသွားလေသည် ။

ထိုအိမ်မက်မက်ပြီးနောက်
ရွှေရည် လန့်နိုးလာခဲ့သည် ။

ချွေးစေးများလည်း တစ်ကိုယ်လုံးရွှဲနေသည် ။
အချိန်ကိုကြည့်လိုက်တော့
မနက်မိုးပင်လင်းတော့မည် ၊
ထိုနေ့တွင် ရွှေရည် ကျောင်မသွား
အခန်းထဲမှ အခန်းပြင်မထွက်ပဲ
အိမ်မက်ကိုစဉ်းစားနေမိသည် ၊
တကယ်လော….
စိတ်စွဲခြင်းလေ…
ဝေခွဲမရဖြစ်နေမိသည် ။

ထိုညထပ်အိပ်သောအခါတွင်မူ မည်သည့်
အိမ်မက်မှဆက်မမက်ချေ ။

သို့သော် အ်ိမ်မက်ထဲမှ
မေသက်နှင်း အကူအညီတောင်းသည်ကို
ရွှေရည် မေ့မရဖြစ်နေပြီး နောက်ဆုံး
တက်သိနားလည်သူ
တစ်ဦးဦးအား မေးမြန်းရန်ဆုံးဖြတ်လိုက်သည် ။

ထိုသူမှာ မိမိတို့၏ အခန်းထဲတွင်
သူမသိသောပရလောကအကြောင်း
သရဲခေါ်နည်းနှင့် ပေါက်ကရ
ပုံပြင်များဖြင့် အရူးအပေါဟု
သတ်မှတ်ခံထားရသူ မိုးစွေ ဖြစ်သည် ။

မနက်ကျောင်းသို့ရောက်သောအခါ
မိုးစွေကိုတွေ့သည်နှင့်လှမ်းခေါ်ကာ
ကန်တင်းသို့သွားပြီး ဖြစ်ကြောင်း ကုန်စင်
ပြောပြလေရာ… မိုးစွေမှ

” ဟဲ့ ရွှေ….နင်ငါ့ကို နောက်နေတာလား
လူတွေကငါ့ကိုအရူးလို့ပြောကြပေမယ့်
သူတို့မသိတဲ့လောကအကြောင်းကို
ငါက လေ့လာနေသူတစ်ယောက်သက်သက်ပါ ၊
နင်ကပါ ငါ့ကို မလှောင်စမ်းပါနဲ့ဟာ…. ”

မိုးစွေစကားကြောင့် ရွှေရည်
မျက်မှောင်ကုပ်လျှက်

” ဒီမယ် ပရလောကပါရဂူ ဆရာကြီးရဲ့
ငါနင့်ကိုနောက်နေတဲ့ပုံပေါက်နေလို့လား
ငါအဖြေရှာမရတဲ့ကိစ္စ ၊ ပြီးတော့
ဒါမျိုးမှာ နင်က ဆရာကျလို့
ငါအားကိုးမိတာ မှားပါတယ်
တော်ပြီ တော်ပြီ ”

စိတ်ကောက်သွားသော ရွှေရည် ကြောင့်
မိုးစွေ အနေကြပ်သွားပြီး

” ဪ အဲ့လိုလား…နင်ကငါ့အားကိုးတယ်ပေါ့
ဟီးဟီး… ငါမသိလို့ပါ…..
ငါကနင်ငါ့ကိုစနေတယ်ထင်နေတာ…
အင်း…. နင်ပြောတာအမှန်ဆို
အစ်မ မေသက်နှင်း သနားပါတယ်
သူ့ခဗျာ ဘဝကူးတာတောင် ကောင်းကောင်း
မကူးရရှာဘူး ကြားထဲအဖျက်ဝင်နေတယ်…၊
နင်သတ္တိရှိလား…”

” ဟဲ့ နင့်စကားကြီးက
ဘာစကားကြီးလဲ နင်ဘာကိုမေးချင်တာလဲ ”

” မဟုတ်ဘူးလေဟာ ငါပြောချင်တာ
အဲ့အပင်မှာ နှစ်ချို့သရဲ ရှိမရှိ
စုံစမ်းဖို့ လေ့လာဖို့
ငါတို့သချိ င်္င်းကုန်းသွားသင့်သွားရမယ်
နင်သတ္တိရှိလာ… နင်ကြောက်တတ်လားလို့
နင်မလိုက်ချင်လဲရတယ် ဒါပြောမလို့ပါ… ”

” အေးဟ ငါကြောက်တော့ကြောက်တယ်
ဒါပေမယ့်နင်နဲ့အတူဆို သွားရဲတယ် ”

ရွှေရည်စကားကြောင့်
မိုးစွေရည်ထဲ ကြိတ်ကြည်နူးနေမိသည် ၊
တစ်ဖက်သက်ချစ်ရသူမဟုတ်လား ။

…………………..

လမိုက်ည ထက်ပိုမှောင်သည်ဟု
ဆိုရမည့်ညပင်
လမ်းတစ်လျှောက် ကြယ်တပျောက်
နှစ်ပျောက်ပင် မလင်လက်သော ည ။

အမှောင်ထဲတွင် ဓာတ်မီးအလင်းအားပြုရင်း
လူတစ်ယောက် ရွာ သချိ င်္င်း ဘက်သို့
ဦးတည်းလာနေသည် ၊
ထိုသူက မိုးစွေ ပင် ။

သူ၏စိတ်ထဲတွင်
ရွှေရည်ကိုပြန်မြင်မိပြီး…
ညအချိန်မို့ မခေါ်ရက် မခေါသင့်
သည်ကတစ်ကြောင်း ၊
မိမိအား….အားကိုးသည်ဟု
ဆိုထားသည်ကရှိသောကြောင့်
ပီတီကိုစား၍ အားရှိနေသူပင် ။

မလှမ်းမကန်းသို့
ဓာတ်မီးထိုးကြည့်ရာ အုတ်ဂူဖြူဖြူ များက
သူ့ကို ကြိုဆိုနေသယောင် ၊
မည်သို့ပင် မကြောက်တက်ဘူးဆိုစေကာမူ
ထိုအခြေအနေမျိုးတွင် တစ်ကိုယ်တည်း သမားမို့
ကြက်သီးထ ကာ ၊ခေါင်းနပန်းတော့အနည်းငယ်
ကြီးမိပေမည် ။

ပတ်ဝန်းကျင်တွင်လေတစ်ချက်နှစ်ချက်
ခပ်ပြင်းပြင်း တိုက်နေသော်လည်း
ထူးဆန်းစွာ..
ခရေပင်ကြီး၏ အရွက်များက ငြိမ်သပ်ကာ
အိပ်စက်နေသယောင်လော
အန္တရာယ်ကို သတိထားနေသည့်သယောင်လော
မသိ ။

အပင်ကြီးနားရောက်သောအခါ
ပရလောကနှင့်ပတ်သတ်၍
အထက်လမ်း ၊ အောက်လမ်း နည်းများ
ဖတ်ရှာလေ့လာဖူးသည့် စာပေများ ၊
သင်ကြားလေ့လာခဲ့ဖူး ၊
စမ်းသပ်ခဲ့ဖူးသည့် နည်းများကို
လက်တွေ့ နဖူးတွေ့ဒူးတွေ့
အသုံးချပေတော့မည် ။

ပထမဦးစွာ အသင့်ပါလာသည့်
လွယ်အိတ်ထဲမှ ပစ္စည်း အချို့ကို ထုတ်လိုက်သည် ၊
ထိုပစ္စည်းများထဲမှ
ကြိုးအနီရောင်လေးကို
လူနှစ်ယောက်စာ စက်ဝိုင်းစည်းသဖွယ်
ပြုလုပ်လိုက်ပြီး နောက် ဂါထာတစ်ကြောင်းကို
ရွတ်ဆိုသည် ၊ ထိုနောက် ထုတ်ထားသည့်
ပစ္စည်းများထဲမှ ကလေးကစားစရာ
ကော်ပတ်ရုပ် အရုပ်တစ်ခုဦး ခေါင်းပိုင်းကို
မျက်လှည့်ဆရာများသဖွယ် လင်ဗန်းတစ်ချပ်
ပေါ်တွင်တင်လိုက်ပြီး ထိုလင်ဗန်းပေါ်တွင်ပင်
အမဲသားတုံးကိုတင်ထားသည် ။

ထို့နောက်ပြင်ဆင်စရာများ
ပြင်ပြီးသည့်အခါ
စည်းတားထားသည့်
အနီရောင်ကြိုးစကို
အနည်းငယ် ဟလိုက်ပြီး
ပါးစပ်မှ ဂါထာရွတ်ပြီးနောက်
ခရေပင်ကြီးကိုကြည့်ကာ

” ဒီအပင်ကို ပိုင်စိုးတဲ့ပုဂ္ဂိုလ်ကို
စားသောက်ဖွယ်ရာများသုံးဆောင်ဖို့
ဖိတ်ပါတယ် ”

ဟုပြောလျှင်ပြောချင်း
အပင်ပေါ်မှ တစ်စုံတစ်ယောက်
ပြေးဆင်းလာသလို သစ်ကိုင်းများ
ချက်ချင်း အိကျသွားပြီး
လေတိုက်သံများထွက်လာလေသည် ၊
ထိုအသံများမှာ မိုးစွေဝိုင်းထားသည့်
စည်းအတွင်းဝင်သွားဟန်ရှိရာ
မိုးစွေက ဝိုင်းထားသည့် စည်းအနီ
ကြိုးစအား ချည်လိုက်သည် ၊
တစ်နည်းအားဖြင့် ဖွင့်ဟထားသည့်
စည်းအား ပိတ်လိုက်ခြင်းဖြစ်သည် ။

ထိုသို့လုပ်ပြီးနောက်
အရုပ်မခေါင်းကို အဆောင်ပစ္စည်း
တစ်ခုနှင့် သုံးချက်ပုတ်ရင်း
ပါးစပ်မှလည်း ဂါထာရွတ်လိုက်ရာ
ခဏအကြာတွင် အရုပ်မခေါင်းကြီးမှာ
လူတစ်ယောက်သဖွယ် လှုပ်ရှားလာသည် ၊
မျက်နာ မျက်လုံးအမူအရာများညလှုပ်လာပြီး
ပါးစပ်မှ…. အသံ သြသြကြီးဖြင့်

” စားမယ်…စားမယ် ”
ဟု ပြောနေသည် ။

မိုးစွေမှာ ယခုကဲ့သို့
ကြမ်းတမ်းသည့် အစီအရင်များဖြင့်
သရဲခေါ်ခြင်း မလုပ်ဖူးသောကြောင့်
လေတိုက်နေသည့်ကြားမှ
ချွေးစေးပြန်နေမိသည် ။

ကြောက်ကြောက်နှင့်ပင်
အားတင်းကာ ခုန်စွခုန်စွဖြစ်နေသည့်
အရုပ်မ ခေါင်းကို

” အခုရောက်နေတဲ့ပုဂ္ဂိုလ်က
ဒီခရေပင်ကို အပိုင်စားနေသူလားခင်ဗျ ”
ဟုမေးရာ တစ်ဖက်မှမကြားဟန်ဖြင့်
အမဲသားတုံးဘက်မျက်နာမူကာ

” စားမယ် စားမယ် ” ဟုသာအော်လို့နေသည် ။

မိုးစွေလည်း ကြောက်စိတ်ထကဒေါသဖြစ်လာပြီး

” ငါအခုမေးနေတာတွေဖြေပြီးရင်
စားရမယ်ဟေ့ ”
ဟုပြောလိုက်မှ အရုပ်မခေါင်းသည်
ငြိမ်သွားပြီး မျက်တောင်တစ်ချက်ခပ်၍
မိုးစွေအား ကျောချမ်းဖွယ်
အကြည့်များဖြင့် စိုက်ကြည့်နေလေသည် ။

ပြီးနောက် ” အေးဟုတ်တယ် ငါပဲ ”
ဟု အသံသြသြကြီးဖြင့် ပြန်ဖြေလေရာ
မိုးစွေက…

” ဒီအပင်မှာ ခင်ဗျား…
(….) နေ့သမီး နာမည်က မေသက်နှင်း ဆိုတဲ့
နာမည်နဲ့ လိပ်ပြာတစ်ခုကို ချုပ်ထားသေးလား ”

ဟုထပ်မေးရာ အရုပ်မခေါင်းကြီးမှ

” အေးချုပ်ထားတယ် ဘာဖြစ်လည်း
သူက ငါ့အစေခံပဲ ”

” မဟုတ်ဘူး ဒါမတရားဘူး
သူနဲ့ဆိုင်တဲ့နေရာ
သူသွားပါစေ လွှတ်ပေးလိုက်ပါ ”

တစ်ဖက်မှ အသံနက်ကြီးဖြင့်
ကြက်သီးထဖွယ်ရယ်လိုက်ရင်း

” ဟားဟား….ကောင်လေး…
မင်းကိုတောင်ငါအခု ဂုတ်ချိုးသတ်
အစိမ်းစားလိုက်ပြီး မင်းလိပ်ပြာကိုလည်
ငါ့အစေခံလုပ်လို့ရတယ်ကွ…
ဟားဟား မင်ကဘာကောင်မို့လို့
ငါ့အမိန့်လာပေးနေတာလဲ…. ”

ပြောပြောဆိုဆိုနှင့်
အရုပ်မမှာ ဆင်ပစ်မြွေတစ်ကောင်သဖွယ်
မြေပြင်မှ အရှိန်ဖြင့် ခုန်လျှက်
မိုးစွေမျက်နာဆီသို့ ဦးတည်လာလေရာ…
မိုးစွေက စကားပြောနေစဉ်ကတည်းက
အနောက်တွင်အသင့်ဆောင်ထားသော
သိမ်ဝင်သပိတ် ကွဲများဖြင့် ထိုအရုတ်ခေါင်းကို
ပစ်ပေါက်လိုက်လေသည် ။

အရုတ်ခေါင်းကြီးမှာ သိမ်ဝင်သပိတ်ကွဲ
ထိလျှင်ထိချင်း
” အား…. ! ” ဟု အသံနက်ကြီးဖြင့်
တိတ်ဆိတ်နေသည်ပတ်ဝန်းကျင်ကို
လွှမ်းမိုးလိုက်ကာ အရုတ်ကြိုးပျက် ပြုတ်ကျကာ
ငြိမ်သွားလေသည် ၊ ထိုကျနေသည့်
အရုတ်၏ ညာဘက်တွင် မီးကျွမ်းကာ
သေနေသည့်ဟန်ဖြင့်
ငြိမ်သပ်နေသည့် ပုသင်ညိုကြီးကြီး
တစ်ကောင်ကိုသာဘမြင်တွေ့လိုက်ရသည် ။

ကိစ္စများပြီးစီးသည့်အခါ
မိုးစွေ ပစ္စည်းများကိုသိမ်းပြီးနောက်
ထိုခရေပင်ကြီးမှ
သစ်ကိုင်းတစ်ကိုင်းအားချိုးကာ

” အစ်မ မေသက်နှင်း ရေ…
အစ်မကျွန်တော်နဲ့သေချာပါအောင်လိုက်ခဲ့ပေးပါ
နေရာသစ်ကိုခေါ်သွားပေးပါမယ် ”

ဟုပြောရင်း ထိုသစ်ကိုင်းကို ယူလာပြီး
ရွှေရည်တို့အဆောင်ခြံဝရှေ့တွင် ထားခဲ့သည် ။

ထိုသို့ပြုပြီး
စိတ်အေးလက်အေး ဖြင့်မိုးစွေ
အဆောင်ပြန်လာခဲ့သည် ။

နောက်တစ်နေ့ကျောင်းရောက်သောအခါ…

” မိုးစွေ နင်ဘယ်တော့သွားမှာလဲ ”

” ဘာကိုလည်းရွှေ ရ…
ဪ ရွာ သချိ င်္င်းလား
ဟား… မနေ့ညက ငါသွားလုပ်ပြီးပြီ
အစ်မ မေသက်နှင်း ကို ဒုက္ခပေးတဲ့
သရဲကြီးတော့ ဘဝပြောင်းသွားရှာပြီ ”

ရွှေရည်က အလွန်အံ့သြလေးစားဟန်ဖြင့်

” နင်တကယ်ပြောတာလား….
နင်တကယ်တော်တယ်…
နင်ဘယ်လိုများလုပ်လိုက်တာလဲ ”

မိုးစွေမျှော်လင့်နေသည့်
ရွှေရည်ထံမှ ချီးကြူးစကားကြားရသည့်အတွက်
မနေ့ညက အသက်စွန့်ကာ သွားလုပ်ရကြိုး
နပ်ချေပြီပေါ့ ။

“ဟားဟား ဒီလိုပဲပေါ့ဟာ…
ဒါနဲ့ နင်တို့အဆောင်မှာ ဘာထူးသေးလဲ ”

” ဘာမှမထူးပါဘူး…
ဘာလို့လဲ…. ”

” ဟင့်အင်း ဒီနေ့တစ်ချက်သတိထားကြည့်
ပြသနာရှိရင် (…. ) ကိုလာခဲ့
ငါအဲ့နားမှာ တစ်ညနေလုံးစောင့်နေမယ် ”

……………………………

ရွှေရည်တို့အဆောင်တွင်
ညနေ စောင်းအချိ်န် ၌ လူများရုတ်ရုတ်သဲသဲ
ဖြစ်နေကြသည် ၊
ထိုအချိန်ရွှေရည်က ညစာအတွက်
ဟင်းချက် နေချိန်မို့ သတိမထားမိသော်လည်း
ဟင်းချက်နေသည့်ရွှေဇင်ကို
ပြတင်းအပြင် ခြံဝန်းထဲမှ
ရွှေရည်တို့နှင့် သက်တူရွယ်တာ
အဆောင်ပိုင်ရှင် ၏ သမီးမှ စူးစူး
စိုက်စိုက် ကြည့်နေသည်ကိုမြင်ရသည် ၊
ထိုကလေးမ၏ အနောက်တွင်လည်း
အဆောင်နေမိ်န်းကလေးများ အစုလိုက်မြင်ရသဖြင့်
ဘာဖြစ်သည်မသိသော်လည်း
ရွှေရည်ကြောင်တောင်တောင်ဖြစ်နေမိသည် ။

ထိုအချိန် အဆောင်ပိုင်ရှင် ၏ သမီးမှ
ငိုနေလျှက် သူ့အမေအား
ခေါ်နေကျ အတိုင်းအမေဟုမခေါ်ပဲ
အန်တီဟုခေါ်သည် ၊
သူ့ကိုယ်သူလည်း ပြောနေကျ
တောဓလေ့အတိုင်း ‘ကျုပ်’ ဟု
မပြောပဲ သမီးဟုပြောလေသည် ။

မျက်လုံးမှာနီရဲ၍ အသံမှာပြောင်းနေပြီး
သြနေသဖြင့် သရဲပူးနေပြီဟု
လူတိုင်းသိလိုက်ကြသည် ။

လိမ္မာပါးနပ်သော အဆောင်ပိုင်ရှင်
အမျိုးသားက
ဘယ်သူလဲ ၊ ဘာဖြစ်ချင်လို့လဲ ၊
ဘာလုပ်ပေးရမလဲ စသဖြင့် မေးမြန်းပေးရာ
သရဲပူးနေသူက ငိုလျှက်….

” ကျွန်မ မေသက်နှင်း ပါ…
ကျွန်မ လာနှူတ်ဆက်တာပါ ၊
မနေ့ညကတည်းက ဒီခြံဝင်းထဲဝင်ဖို့
အခုမှ ခွင့်ပြုလို့ဝင်ခဲ့ရတာပါ ၊
ရွှေရည်လေးနဲ့
အားလုံးကို…
နှုတ်ဆက်ခဲ့ပါတယ် ၊ ကျွန်မအတွက်လည်း
ရည်စူးကုသိုလ်တွေ လုပ်ပေးကြပါ…..
ကျွန်မ သွားတော့မယ်…. ”

ကြောင်ကြည့်နေသည့်
ရွှေရည် မှာ
သရဲပူးနေသူ စကားကြောင့်
မျက်ရည်များ ပြိုလာပြီး
အပြင်ပြေးထွက်သွားကာ
မေသက်နှင်းကို ပြေးဖက်ထားလိုက်သည် ။

ခဏအကြာတွင် သရဲပူးရာမှ
ထွက်သွားလေပြီး ကာယကံရှင်မှာ
မော၍ ကျန်နေခဲ့ရာမှ
ပရိတ်ရေများတိုက်ရသေးသည် ။

တံခါးဝတွင် အခြေအနေကြည့်နေသူမိုးစွေမှ
မနေသာတော့ပဲ ရွှေရည် အနားသွားကာ
အားပေးစကားများ ပြောပေးနေလေသည် ၊
ရွှေရည် ရင်ထဲတွင်…
မေသက်နှင်း အတွက်

” အစ်မသက်…..
အစ်မလိပ်ပြာလေး
ဘဝဆက်တိုင်းမှာ
ရှိုက်သံကင်း နိုင်ပါစေ……… ။ ”

ဟု ဆုတောင်းနေမိမှာအမှန်ပင် ။

#END

ကျမ်းကိုး – ကိုးမား(Coma) ရောဂါအကြောင်း
From Google,
Translator – Thet Htar ….thank you so much

{ ယခုရေးသားခဲ့သော ဖြစ်ရပ်မှန်

ဇာတ်လမ်းလေး ကို ရေးသားခွင့်ပြုခဲ့တဲ့

Sis “ Shwe Yi Lwin ” ကို

ကျေးဇူးအထူးတင်ရှိပါတယ် ခင်ဗျာ ။

အထက်ပါ ဇာတ်လမ်းလေးထဲမှာ

အမှန်တကယ် ပါ၀င်ခဲ့သူ နေရာကနေ

ခံစားပြီးရေးသားထားပါတယ် ၊

စာရေးသူ မိုးစွေ

Credit : စိုင်း မင်း သန့်