လှပသောမနက်ဖြန်

Posted on

လှပသောမနက်ဖြန်(စ/ဆုံး)

————————–

“လာငို မနေကြနဲ့ ။ကျက်သရေ မရှိဘူး။ နင်တို့ အဖေလည်း မရှိတော့ဘူး။ ငါ့တူမ နင်တို့အမေလည်း ဘယ်ရောက်နေမှန်းမသိဘူး ဆိုတော့ နင့်တို့ နှစ်ယောက် တာဝန်ကို ငါမယူမယူနိုင်ဘူးဟေ့။ နင်တို့ဘဝ နင်လျှောက်ကြတော့။”

ဟောင်ဖွာစွာ အော်နေသော ဒေါ်ကြီးတင် စကားကြောင့် အားလုံး မျက်နှာပျက်ကုန်သည်။ ရက်လည်ပြီးစပဲရှိသေး။ စိတ်သဘောထား သေးသိမ်လွန်းသော သူကို ကြောက်စရာသတ္တဝါတစ်ကောင်လို စက်ဆုတ်ရွံရှာစွာ ကြည့်နေလည်း မမှုပေ။ ဘေးက လူကြီးတွေကလည်း မနေသာတော့။

“ဟ မတင် စဉ်းစဉ်းစားစားပြော။ဒီ အရွယ်မရောက်သေးတဲ့ ကလေးနှစ်ယောက်က ဘယ်လိုရပ်တည်နိုင်မလည်းဟ”

“အို ဒီကလေးနှစ်ယောက် တာဝန် ကျွန်မ မယူနိုင်ဘူး။ ဘယ်သွားသွားတော်”

” ဒီမှာ မတင် ရှင်စဉ်းစားပြောနော်။ ဒီအိမ်က အမွေဆိုင်အိမ်။ ရှင် တစ်ယောက်တည်းပိုင်တာ မဟုတ်ဘူး။ ဒီ ကလေး နှစ်ယောက်က ကျွန်မတို့ မျက်စီ အောက်မှာကြီးလာတာ။ လမ်းဘေးရောက်တာ အဖြစ်မခံနိုင်ဘူး”

“ဟုတ်တယ် ကျွန်တော်တို့လည်း ထောက်ခံတယ်”

“အမှန်ပဲ”

အားလုံး စကားကြောင့် ဒေါ်ကြီးတင် မျက်နှာကြီး မည်းမှောင်သွားသည်။ မျက်နှာကို အစွမ်းကုန် ပုပ်ထားပြီး

“အမလေးတော် ကိုယ်နဲ့မဆိုင် ဂလိုင်ဝင်ခေါက်နေကြသေး။ ကိုယ့်ဟာကိုယ်တောင် ထမင်း နပ်မှန်အောင် စားနိုင်လား စဉ်းစားကြ”

“အဲဒါ ခင်များ အလုပ်မဟုတ်ဘူး။ ကျုပ်တို့ ကိစ္စ။ သည်လို မောင်ပိုင်စီး ယုတ်မာတာတော့ လက်မခံနိုင်ဘူး။ ကလေးတွေ သည်မှာ နေခွင့်ရှိတယ်။ ခင်များ မကျွေးချင်နေ။ သူတို့ ဟာ သူတို့ ရှာစားလိမ့်မယ်။ ကလေးတွေကို အိမ်ပေါ်က ဆင်းခိုင်းရင်တော့
ကျုပ်တို့လည်း ကလေးတွေဖက်က ရပ်တည်ပြီး တရားဥပဒေအရ ဖြေရှင်းရမှာပဲ”

အားလုံးရဲ့ စကားကြောင့် ဒေါ်ကြီးတင် ဘာမှ မပြောနိုင်တော့ပဲ သူ့အခန်းထဲဝင်သွားသည်။ အိမ်လေးက ပေနှစ်ဆယ်မှာ ဆယ်ပေအခန်းလေး နှစ်ခန်းဖွဲ့ထားသည်။ ဆင်ခြေဖုံးရပ်ကွက်လေးမို့ ရရစားစား ဘဝသမားများသာ။ အားလုံး လက်လှုပ်မှ ပါးစပ်လှုပ်ရတဲ့ ဘဝတွေ။ ကလေးတွေကို ကျွေးနိုင်လည်း ခဏသာပဲ မို့ ဘယ်သူမှ တာဝန်မယူနိုင်။ ဒါပေမယ့် လမ်းဘေးမရောက်အောင်တော့ အားလုံး ဝိုင်းကူပေး၍ ကျော်ခိုင်တို့ ညီအစ်ကို နားခိုစရာ နေရာလေး မပျောက်ခဲ့ခြင်းဖြစ်သည်။

(၂)

“ကိုကြီး”

ဘာလုပ်ရမလဲ တွေးတောနေတုန်း ညီလေး ကျော်နိုင်ရဲ့ စကားကြောင့် သူ့အတွေးတွေ ရပ်သွားသည်။

“ပြောလေ ညီလေး”

“ဟို ဟို နောက် ဆယ်ရက်လောက်ဆို ကျောင်းဖွင့်ပြီနော်။ ဒါပေမယ့် ညီလေး တို့ ကျောင်းတက်ဖို့က …”

“တက်ရမယ် ညီလေး။ တက်ရမယ် ”

သူ့စကားကြောင့် ညီလေး အံ့ဩစွာ ကြည့်သည်။
ခြောက်တန်းတက်မယ့်သူက လေးတန်းကျောင်းသားလေးကို ကျောင်းထားပေးမယ်ဆိုတော့ ညီလေး မယုံနိုင်ဖြစ်နေသည်။ သူတို့သားအဖတွေကို ထားခဲ့ကာ အဝေးကိုထွက်သွားသော အမေကို သတိရပေမယ့် ခဏသာ။နောက်အိမ်ထောင်နှင့်လို့ သတင်းကြားကတည်းက သူတို့ညီအစ်ကိုငိုခဲ့ရသည်။ အမေ့စိတ်နှင့် အဖေ အရက်သမားကြီးဖြစ်ခဲ့ပြီး ခုလောကကြီးကို အရှူံးပေးသွားပြီ။အရက်သမားဖြစ်ပေမယ့် ရရာအလုပ်ကို လုပ်၍ သူတို့ ညီအစ်ကိုအပေါ် တာဝန်ကျေပွန်ခဲ့သည်။ ‌ခုတော့ အားကိုးစရာ အဖေမရှိတော့။ ကျောခင်းစရာ အိမ်ခန်းလေး မပျောက်တာကို ကျေးဇူးတင်ရမည်။

“ကိုကြီးရရာ အလုပ်လုပ်ပြီး ညီလေးကို ပညာတတ်ကြီး ဖြစ်အောင် ကျောင်းထားပေးမယ်ကွာ။စိတ်ချ ညီလေးက စာကြိုးစားနော်”

“ကိုကြီးရာ ဖြစ်ပါ့မလားဗျာ။ကိုကြီး ဘာလုပ်မှာလဲ ဟင်”

“ညီလေးရာ ခုက ကိုကြီးတို့ ကိုယ့်ဝမ်းစာ ကို ရှာရတော့မယ်လေ။ ရှက်ကြောက်နေဖို့မှ မလိုတော့တာ။
တောင်းစားတာထက်စာရင် အမှိုက်လိုက်ကောက်ပြီး ဖြေရှင်းရမှာပေါ့။ ကိုကြီးလုပ်တတ်တာ ဒါပဲရှိတယ်လေ။ ဒါပေမယ့် ခဏပါ။ ကိုကြီး အလုပ်တွေ ရှာရမှာပေါ့ကွာ”

“ကိုကြီးရယ်”

ညီလေးက သူ့ရင်ခွင်ထဲဝင်ပြီး အားကိုးတကြီးဖက်ထားသည်။ သူ ညီလေးအားကိုးထိုက်တဲ့ အစ်ကိုကြီးဖြစ်အောင် ကြိုးစားရမည်ဟု ဆုံးဖြတ်လိုက်သည်။ အသက်အရွယ်ငယ်ပေမယ့် ဘဝအတွေ့အကြုံက ရင့်ကျက်ဖို့ သင်ပေးလိုက်ပြီမဟုတ်ပါလား။ တခြား ရွယ်တူတွေလို ကလေးမလုပ်ရတော့ မှန်း သူသိသည်။ မိုးတွင်း ‌ေရာက်တော့မယ်ဆိုတော့ ရေခဲချောင်း ရောင်းဖို့အဆင်မပြေ။
ခုရက်ပိုင်း တော့ ညီလေးကျောင်းဖိုးနှင့် စားသောက်ဖို့အတွက် တစ်လမ်းဝင် တစ်လမ်းထွက် မြစိန်တို့လို ဘူးခွံ၊ပုလင်းခွံ လိုက်ကောင်ရတော့မှာဖြစ်သည်။ ညီလေူကိုလည်း အိမ်မှာတစ်ယောက်တည်း မထားခဲ့နိုင်ပေ။ကြီးတော် တင် သားမြေးတွေ ဝိုင်းအနိုင်ကျင့်။သူတို့ခိုင်းသမျှ လုပ်နေရမယ့် ညီလေးကို သူသွားလေရာ ခေါ်သွားမှဖြစ်မည်။ ညီလေးက ကြောက်တတ်သမားမို့ သူပို၍ သနားမိသည်။

(၃)

ညီအစ်ကို နှစ်ယောက် တစ်နေကုန်လိုက်ကောက်ကြရင်း လူရုပ်တွေက မပေါ်တော့။ မြောင်းတွေ ၊ချောင်းတွေထဲလည်း ဆင်းကောက်ရတော့ လက်တွေခြေထောက်တွေ မသန့့်ရှင်းတော့ပေ။ ဗိုက်ဆာလို့ ဈေးသွားဝယ်ရင်တောင် တချို့က မရောင်းချင်။
မတူသလို မတန်သလို ဆတ်ဆံကြသည်။ သူ့ စိတ်ထဲ ဝမ်းနည်းမိပေမယ့် ခဏပင်။ ဒီလိုဘဝမျိုး ခဏပဲ ဖြတ်သန်းရမယ်လို့ ဆုံးဖြတ်ထားသည်။

ညနေ အိမ်ပြန်တော့ လမ်းထိပ် ရေချိုးတဲ့ နေရာမှာ ညီအစ်ကို နှစ်ယောက် ရေချိုး၍ ပြန်လာခဲ့သည်။ ထမင်းနှင့်ဟင်းလည်း ရပ်ကွက်ပျံကျဆိုင်လေးကပဲ ဝယ်လာခဲ့သည်။

“အမလေး ခုတော့လည်း သူတောင်းစား သာသာပါပဲအေ။ လမ်းဘေး အမှိုက်ကောက်နေရပြီမဟုတ်လား။ သူတို့နဲ့ အမျိုးတော်တာ ငါတို့ပါ အထင်သေးခံနေရပြီ ဟွန်း”

မကြားတကြား အော်ပြောနေတဲ့ ဒေါ်ကြီးတင် စကားကြောင့် အောင်ခိုင် စိတ်ထဲ ဒေါသဖြစ်သွားပေမယ့် ပြန်မပြောတော့ပဲ ညီလေးလက်က်ု ဆွဲကာ အိမ်ခန်းလေးထဲဝင်ကာ တံခါးပိတ်လိုက်သည်။

ညီအစ်ကို နှစ်ယောက် ထမင်း စားပြီး ဒီနေ့ ပိုသမျှ ပိုက်ဆံလေး‌တွေ ကို သံသေတ္တာ အဟောင်းလေးထဲ သေချာ သိမ်းလိုက်သည်။ ညီလေး ကျောင်းတက်ရင်တော့ သူ ဒီအလုပ်မလုပ်ဖို့ ဆုံးဖြတ်ထားသည်။
အကြော်လည်ရောင်းမလား။ ဟင်းထုပ်လိုက်ရောင်းရမလာ။မြေပဲပြုတ်ရောင်းမလား တွေးမိသည်။ အရင်းကလည်း လိုသေးတာမို့ စုရအုံးမည်။ သူ့အရွယ် သူများတွေ ဆော့ဖို့ စဉ်းစားနေပေမယ့် သူကတော့ အခြေအနေအရ ဝေးခဲ့လေပြီ။ မနက်ဖြန်အတွက် စဉ်းစားရင်း အတွေးပေါင်းစုံက
အဖြေရှာနေရသည်။ သူ့ဘေးမှာ ကွေးကွေးလေး အိပ်နေသော ညီလေးကို စောင်လေးခြုံပေးကာ နဖူးပြင်လေးကို နမ်းလိုက်မိသည်။ မိုးဦးရာသီမို့ မိုးက သည်းသည်းမဲမဲ ရွာနေတော့သည်။

(၄)

ဆယ်ရက်လောက် ကြိုးစားရှာလိုက်တာ လက်ထဲမှာ ပိုက်ဆံ (၁၅၀၀၀)ကျန်နေသည်။ ညီလေးအတွက် ကျောင်းဝတ်စုံက အရင်ကအဟောင်းပဲ ဝတ်မည်ပြော၍ ဝယ်စရာမလို။ သူ့ကျောင်းဝတ်စုံနှစ်စုံလည်း အဟောင်းကြီး မဟုတ်၍ ညီလေးအတွက် အဆင်ပြေသည်။ လိုအပ်တဲ့ ဗလာစာအုပ်၊စာရေးကိရိယာတွေဝယ်လိုက်တာ ငါးထောင်ကုန်သည်။ ဖိနပ်လေးတော့ အသစ်ဝယ်ပေးလိုက်သည်။ သူ့လက်ထဲ ငွေ ရှစ်ထောင်သာ ကျန်တော့သည်။ ဘာလုပ်ရမလည်း တွေးရင်း ညီလေး ကျောင်းသွားချိန် လမ်းဘေး အမှိုက်ကောက်သာ လုပ်နေရသည်။

သုံးလေးရက်ကြာတော့ လမ်းထိပ်က ဦးဘမောင် ဆက်သွယ်ပေးမှုနှင့် ညပိုင်းဟင်းထုပ်ယူရောင်းသည်။ ရောင်းပြီးမှ ပေးရ၍ သူ့အတွက်အဆင်ပြေသည်။ ညီလေး လိုက်ချင်တယ်ပြော၍
ကျောင်းဆင်းချိန် သွားစောင့်ကာ ခေါ်သွားသည်။
ဟင်းထုပ်ကို ညီလေးကျောင်းဆင်းချိန် ည(၃)နာရီကနေ (၇)နာရီထိ ရောင်းရသည်။ အစောကုန်တဲ့နေ အစောပြန်ရသည်။ ညပိုင်း နှစ်ထောင်သုံးထောင်မြတ်၍ ပျော်မိသည်။ မနက်ပိုင်း လမ်းထိပ် လက်ဘက်ရည်ဆိုင်က ကြာကွေးယူရောင်းဖို့ ပြောထားသည်။ မနက်အစောထ၍ ညီလေး ကို နှိူးသည်။ စာကျက်ခိုင်းသည်။ သူက ဈေးသွားရောင်းသည်။
ရက်ကိုလစားလို့ ညီလေး လေးတန်း စာမေးပွဲဖြေပြီးတော့ အလုပ်တွေ လုပ်ရတာ အဆင်ပြေလာခဲ့သည်။ ညီအစ်ကို နှစ်ယောက် ရေခဲချောင်းလည်းလည်ရောင်းကြသည်။

(၅)

အဆင်ပြေပြေနှင့် အလုပ်တွေလုပ်နိုင်ပြီ‌မို့ ညီလေး ကျောင်းတက်ဖို့ အတွက် သူ ဈေးရောင်းရင်း ရုန်းကန်ရပေမည်။
အရွယ်ငယ်ငယ်လေးနှင့် ကြိုးစားသောသူ့ကို တစ်ရပ်ကွက်လုံးက ချီးကျူးကြသည်။ ဂုဏ်ယူကြသည်။ စာကြိုးစားသော ညီလေးကြောင့်လည်း သူ
ပို၍ ကြိုးစားသည်။

“ညီလေးက အင်ဂျင်နိီယာကြီးဖြစ်အောင်လုပ်မှာ ကိုကြီး။ ကိုကြီးကို အိမ်အကြီးကြီးနဲ့ ထားမှာနော်”

“အမလေးဗျာ။ကျေးဇူးပါ”

ထမ်းထားသော ဟင်းထုတ်တောင်းကြီးက တစ်ဖက်၊ညီလေးကို တစ်ဖက်က ကိုင်ရင်း တကြော်ကြော်အော်ကာ တစ်လမ်းဝင် တစ်လမ်းထွက် ဟင်းထုတ် အော်ရောင်းနေတော့သည်။

“ဟင်းထုပ် ၊ဟင်းထုပ်”

ညီလေးကလည်း အားကျမခံ အော်သည်။

“ဟင်းထုပ်ရမယ်ဗျ။ ဟင်းထုပ် ဟင်းထုပ်”

ကျောင်းဝတ်စုံလေးနှင့် အိမ်ကို လည်း တစ်ယောက်တည်း မသွားခိုင်းပေ။ သူနားတဲ့ နေရာလေးမှာ ရသလောက် စာလုပ်သည်။ ခု ညီလေး ငါးတန်းတက်နေပြီဖြစ်သည်။

ညီလေးရဲ့ ပုခုံးလေးကို ကိုင်ရင်း လှပတဲ့ မနက်ဖြန်တွေကို ဖန်ဆင်းဖို့ သူကြိုးစားရအုံးမယ်လို့ တွေးရင်း မျှော်လင့်ချက်တွေနှင့် တက်ကြွနေပါတော့သည်။

ပြီး

ဆောင်းမာန်ဝင့်အောင်
(တောင်ကြီး)