လှေစီးမှားသောကျွန်တော် (စ/ဆုံး)
———————————-
ညကတည်းကမှေးကနဲတစ်ချက်သာ အိပ်ပျော်သွားပြီး မနက်မိုးလင်းတဲ့အထိ ပြန်ပြီးအိပ်မပျော်တော့ပေ။ မနက်မိုးစင်စင် မလင်းခင် ဟိုဘက်ရွာကို စျေးသွားရောင်းဖို့အတွက် ပြင်ရဆင်ရတာကလည်း လွယ်တဲ့အလုပ်တော့မဟုတ်ပေ။ ရွာထဲက ကလေးတွေ လူကြီးတွေ လာပို့ထားတဲ့ သီးနှံအရွက်အသီးတွေကို ညကတည်းက အစီးလိုက်လုပ်ထားပြီး မနက်မိုးလင်းခါနီးလောက်မှာ စျေးသွားရောင်းတဲ့ ကျွန်တော့်အတွက်ကတော့ ပုံမှန်လည်ပတ်နေတဲ့ စီးပွားရေးတစ်ခုဆိုရင်လည်း မမှားပါဘူး။
“သားလေး အစောကြီးနိုးနေပါလား ထပ်အိပ်ချင်အိပ်အုံးလေ နည်းနည်းမှောင်နေသေးတယ်
“ထပ်ပြီးမအိပ်ချင်တော့ဘူး ဟိုဘက်ရွာကစျေးက နည်းနည်းနောက်ကျသွားရင် စျေးရောင်းရတာ အဆင်မပြေဘူး
“အေးပါသားလေးရယ် တစ်ယောက်တည်းသွားရတာဆိုတော့ သတိတော့ထားနော် ဘုရားစာလည်းရွတ်သွား
“ဟုတ်ကဲ့ပါအမေရယ် သားအတွက်စိတ်မပူပါနဲ့
ပြောသာ ပြောလိုက်ရတာ သားသမီးတိုင်းရဲ့အပေါ်မှာ စိတ်ပူတတ်ကြတာက မိဘတိုင်းရဲ့ မေတ္တာတရားဆိုတာကို မသိလို့တော့မဟုတ် ။ သားအတွက်စိတ်မပူပါနဲ့လို့ ပြောလိုက်ရင် အမေ့ရဲ့ ရင်ထဲ စိတ်ချမ်းသာသွားမယ်ထင်လို့ ပြောလိုက်မိတာပါ။
ခုလည်း အမေ့ရဲ့မျက်နှာလေး ကျွန်တော့်အတွက် စိတ်ပူနေတယ်ဆိုတာ မြင်ရသူတိုင်း သိလောက်မယ်ထင်ပါတယ်။
အပိုင်း ၁
စျေးရောင်းသွားဖို့အတွက် ပြင်ဆင်နေသော ကျွန်တော့်ကို အမေတစ်ချက်လှမ်းကြည့်ပြီး ပါးစပ်မှလည်း တတွတ်တွတ်ရွတ်ဖတ်နေတာ ။ ကျွန်တော်သွားလေရာ လမ်းတစ်လျှောက် အန္တရာယ်ကင်းပါစေဆိုပြီး ခပ်တိုးတိုးလေး ဘုရားစာရွတ်ဖတ်နေတယ်ဆိုတာကိုတော့ အမေမပြောလည်း သားတစ်ယောက်အနေနဲ့ ခန့်မှန်းမိပါတယ်အမေရယ်။
“အမေ သားးသွားတော့မယ်
“အေးအေး စျေးရောင်းကောင်းပါစေသားလေးရယ်
အမေ့ကိုခွင့်တောင်းပြီး
စျေးခြင်းတောင်းကို ပုခုံးပေါ်တင်ရင်း ရွာရိုးလမ်းလေးအတိုင်း တော်တော်လေးလျှောက်လာတော့ ဟိုးဘက်ခပ်လှမ်းလှမ်းက သူငယ်ချင်းဖြစ်သူ သားကြီးကလည်း စျေးခြင်းတောင်းကို ပုခုံးပေါ်ထမ်းပြီး ကျွန်တော့်ကိုစောင့်နေတာ။
“ကြာလိုက်တာ ဖိုးမောင်ရာ
ရောက်ရောက်ချင်း ပြုံးစိစိနဲ့ပြောနေတဲ့ သားကြီးကို ကျွန်တော်ပြုံးပြလိုက်မိတယ်။
“နောက်မကျပါဘူး သားကြီးရာ နာရီလည်းကြည့်အုံး ပုံမှန်ထွက်တဲ့အချိန်ထက်တောင် နည်းနည်းစောနေသေးတယ်
“အေးပါကွာ မင်းကိုတမင်စတာပါ
“ငါမလာခင်အထိ စျေးခြင်းတောင်းကြီးကို ထမ်းထားတာလား
“မင်းကိုမြင်မှ ထမ်းလိုက်တာလေ အကြာကြီးထမ်းရင် ညောင်းမှာပေါ့ကွ
သူငယ်ချင်းနှစ်ယောက် စကားတပြောပြောနှင့် လမ်းလျှောက်လာကြတာ ဟိုဘက်ရွာကိုကူးမယ့် လှေဆိပ်နားကိုရောက်လာကြတယ်။ ကျွန်တော်တို့ရွာနဲ့ ဟိုဘက်ရွာရဲ့ကြားထဲမှာ မြစ်တစ်ခုကခြားနေတာ ။ မနက်တိုင်း မနက်တိုင်း စျေးသွားစျေးပြန်တွေအတွက် ဒီလှေဆိပ်ကလေးက အမြဲတမ်း အသက်ဝင်လှုပ်ရှားနေတဲ့ နေရာလေး။
“ဖိုးမောင် ဒီနေ့ တော်တော်လေး ထူးဆန်းနေသလိုပဲကွ
“ဟေ ဘာဖြစ်လို့လဲ
“အခါတိုင်း ငါတို့တွေလာတိုင်း ဒီနေရာလေးက စျေးသူစျေးသားတွေနဲ့ စည်ကားနေတာလေကွာ ခု သတိထားပြီးကြည့်ကြည့်လိုက် အကုန်လုံး တိတ်ဆိတ်နေသလိုပဲ
ဟုတ်လည်း ဟုတ်တာပဲ သားကြီးပြောမှ ကျွန်တော်လည်း သတိထားမိလာတယ်။ ဒီနေ့က အရင်နေ့နဲ့မတူပဲ တမူထူးခြားနေတာတော့အမှန်။ လူတွေမရှိပဲငြိမ်သက်နေသလို မြစ်ထဲမှာရှိတဲ့ ရေတွေကလည်း ရေခဲပြင်တစ်ခုလို ငြိမ်သက်နေတာ လှိုင်းဂယက်လေးတစ်ခုတောင် မထ။
“ဖိုးမောင် အခြေအနေတွေက သိပ်တော့မဟုတ်သေးဘူးနော် ငါတောင် ကျောနည်းနည်းစိမ့်လာသလိုပဲ
“ခဏနေပါအုံးသားကြီးရာ အခြေအနေ ငါကြည့်လိုက်အုံးမယ်
ဘေးပတ်ဝန်းကျင်ကို အကဲခတ်ကြည့်လိုက်တော့ အရိပ်အယောင်တွေက ထူးခြားတော့မလာသေး။
“ဖလပ် ဖလပ်
ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေပါတယ်ဆိုကာမှ အနားကသစ်ပင်မှာရှိတဲ့ ငှက်တစ်အုပ်က တဝုန်းဝုန်းနဲ့ ထပျံပြေးကုန်တာ။ တော်ရုံမကြောက်တဲ့သူတောင် နဖူးကြော ဒူးကြောတွေ တင်းလောက်တယ်။
“ဖိုးမောင် ခဏလေး ဟိုးနားလေးက လှေတစ်စီးလားမသိဘူး
သားကြီးညွှန်ပြတဲ့နေရာကို လှမ်းကြည့်လိုက်တာ နည်းနည်းမှောင်နေတော့ သိပ်မမြင်ရတာနဲ့ လက်ထဲကဓာတ်မီးဖြင့် လှမ်းထိုးကြည့်လိုက်ရာ။
“ဟင်
“ဘာဖြစ်တာလဲ ဖိုးမောင်
“လှေတစ်စီးတော့ရှိနေတယ် ဒါမယ့် လူတော့မရှိဘူးဟ
ခြေသံလုံလုံဖြင့် နှစ်ယောက်သား လှေနားကိုတိုးကပ်သွားစဉ်။ လှေနားမှာ တစ်ယောက်မှမရှိပေမယ့် လှေကတော့ ယိမ်းထိုးလှုပ်ရမ်းနေဆဲ ။ လှေလှုပ်ရမ်းနေပေမယ့် ရေပြင်ကတော့ ပကတိအတိုင်း ငြိမ်သက်နေတယ်။ သားကြီးကို ပြောမိလိုက်ရင် ကြောက်သွားမှာကိုစိုးရိမ်မိတယ် ။ ခုလောလောဆယ် ဒီကိစ္စကို အရင်ရှင်းရမယ်လို့ စိတ်ထဲဆုံးဖြတ်လိုက်ပြီး။
“ဗျို့ ဒီနားမှာ လှေပိုင်ရှင် ရှိလား
အသံကို ခပ်ကျယ်ကျယ် သုံးကြိမ်အ်ာလိုက်မှ သစ်ပင်ဘေးနားက လူတစ်ယောက်ထွက်လာတယ်။ ဒီနားပတ်ဝန်းကျင်မှာတော့ ဒီလူကိုမမြင်ဖူးတာတော့အမှန်။
“ခင်ဗျားက လှေပိုင်ရှင်လား
“ဟုတ်တယ် ဒီလှေပိုင်ရှင်ပါ .ဒီနေ့ ဘာဖြစ်တာလဲမသိပါဘူးဗျာ . စျေးရောင်း စျေးဝယ်မရှိကြဘူးဗျ
ဒီလူက အကင်းတော့ပါးသားဗျ။ ကျွန်တော်မေးမှာကို ကြိုဖြေထားနှင့်သေးတယ်။
“ကဲပါဗျာ ဟိုဘက်ကမ်းကို လိုက်ပို့ပေးပါဗျာ စျေးရောင်းတာမမှီမှာစိုးလို့
လှေပိုင်ရှင်က ခေါင်းတစ်ချက်ညိမ့်လိုက်ပြီး သဘောတူညီလိုက်သည်နှင့် ခပ်လှမ်းလှမ်းမှာရှိတဲ့ သူငယ်ချင်းဖြစ်သူ သားကြီးကိုလှမ်းခေါ်လိုက်မိတယ်။ အထုတ်တွေလှေပေါ်ရောက်ပြီး ကျွန်တော်တို့ထိုင်လိုက်သည်နှင် တစ်ပြိုင်နက် ကမ်းစပ်မှလှေလေးသည် တရွေ့ရွှေ့နှင့်ထွက်ခွာလာခဲ့လေတော့သည်။
အပိုင်း ၂
“ခင်ဗျားတို့ပိုက်ဆံကောပါလား
“ပါပါတယ် ခင်ဗျားလှေကိုစီးတာ အလကားစီးတယ်များထင်နေတာလား
“ကျုပ်ကတော့ ပွင့်ပွင့်လင်းလင်းပဲ ပိုက်ဆံမပါရင် စီးမနေနဲ့
ကျွန်တော်တို့နှစ်ယောက်လည်း စိတ်မရှည်တော့တာနဲ့ အိပ်ထဲက ပိုက်ဆံတစ်ရွက်ကို ထုတ်လိုက်ပြီး ‘ပြန်အမ်းမနေနဲ့ ယူသူထားလိုက်’ဟုပြောကာ ပေးလိုက်မိလေတော့သည်။ ပေးလိုက်သောပိုက်ဆံကိုကြည့်ပြီး ။
“ဒီမှာ ခင်ဗျားတို့က ကျုပ်ကို အထင်သေးတာလား ကျုပ်က ငွေမတ်တာမဟုတ်ဘူးးးး
“ငွေမမတ်ဘူးလည်းပြောသေး စပြောကတည်းက ငွေအကြောင်းပြောတဲ့ကောင်ကများ
“တန်ရာတန်ကြေးတော့ တောင်းမှာပဲလေ ကျုပ်လိုတာက ဒီလိုအရွက်ကို လိုချင်တာမဟုတ်ဘူး အကြွေစေ့တွေကိုလိုချင်တာ
ဒီလူက ဘယ်လိုလူလဲမသိ။ ကျွန်တော်တို့လည်း စကားကိုရှည်ရှည်ဝေးဝေး မပြောချင်တော့တာနဲ့ သူငယ်ချင်းဖြစ်သူ သားကြီးရဲ့လည်ပင်းမှာ ငယ်ငယ်ကတည်းက ခမဲပေးထားသော အကြွေစေ့ သုံးစေ့ထဲက နှစ်စေ့ထုတ်ပေးလိုက်မှ ငွေအကြောင်းထပ်မပြောတော့ပေ။
“ဖိုးမောင် လှေကဘယ်ကိုဦးတည်နေတာလဲမသိဘူးးးမြစ်ပြင်တစ်ခုလုံးလည်း မှောင်မဲနေတာပဲ ဘာဆိုဘာမှ မမြင်ရတော့ဘူး
သားကြီးပြောမှ ကျွန်တော်လည်းသတိထားမိလာတယ်။ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်လျက် လှေလှော်ခတ်သံကလွဲလို့ ဘာသံမှမကြားရပေ။
“ဟေ့လူ ခင်ဗျား ဘယ်ကို လှော်နေတာလဲ ကျုပ်တို့သွားမှာက ဟိုဘက်ရွာလေ
“သိပါတယ်ဗျ ခင်ဗျားတို့သွားချင်တဲ့နေရာကို ပို့ပေးမှာပါ ကျုပ်ပို့ပေးသမျထဲမှာ ခင်ဗျားတို့နှစ်ယောက် တော်တော်စကားများတာပဲ စိတ်ရှုပ်ဖို့ကောင်းလိုက်တာ
အမယ် ဒီလူက စကားပြောတာတောင် အထက်စီးလေသံနဲ့။ ဘာပဲဖြစ်ဖြစ် ဒီလူက ကျွန်တော်တို့ကို မဟုတ်တဲ့နေရာကိုတော့ ပို့မှာတော့မဟုတ်လောက်။
“ဒါနဲ့ ခင်ဗျားကို မမြင်ဖူးသလိုပဲ ဘယ်ရွာမှာနေတာလဲဗျ
စကားစပ်စုတဲ့ သားကြီး ဒီတစ်ခါတော့ သူမေးလိုက်တဲ့မေးခွန်းက ကျွန်တော်လည်းသိချင်နေတဲ့မေးခွန်းမျိုးဖြစ်နေတာနဲ့ နားစွင့်ပြီး နားထောင်နေမိလိုက်တယ်။
“ဟိုဘက်နှစ်ရွာကျော်က ကျောက်စွန်းဆိုတဲ့ရွာကပါ
သူပြောတဲ့ ကျောက်စွန်းရွာကိုတော့သိတယ်။ အသွားအလာမရှိလို့သာ မသိတာ။
“ခင်ဗျားတို့နှစ်ယောက်နဲ့ ခရီးသွားရတာ တော်တော်လေးပျော်တယ် စိတ်လည်းမညစ်ဘူးးးးတကယ်ကိုပျော်တာ
ဟင် ဒီလူကဘာလဲဟ ။ ပိုက်ဆံပေးပြီး ကိုယ်လိုရာ ကိုယ်သွားတဲ့ဟာ ပျော်တယ်လေးဘာလေးနဲ့ တော်တော်လေးတော့ အံ့သြဖို့ကောင်းနေတာတော့အမှန်။ ပိုက်ဆံပေးတော့လည်း အများကြီးမယူ အကြွေစေ့လောက်ပဲယူတာ တော်တော်သဘောကောင်းတဲ့လူ။
“ဘာလို့ပျော်ရတာလဲ ပိုကျဆံပေးစီးတဲ့ဟာ
“အရင်လူတွေတုန်းက ခပ်တည်တည်ကြီးတွေဗျ ကျုပ်ကပြောချင်တာတောင် သူတို့ကမပြောတော့ နေရထိုင်ရ သွားရလာရတာ အောင့်သက်သက်ကြီးဖြစ်နေလို့လေ
“လေတွေတိုက်နေပါလားး မုန်တိုင်းလာတော့မလို့လားမသိဘူးးမြန်မြန်လှော်ပါဗျ
ကျွန်တော်တို့နှစ်ယောက်ပြောလိုက်မှ လှေပိုင်ရှင်လည်း လှေကိုခပ်သွက်သွက်လှော်လိုက်လေတော့သည်။
“ ရှေ့ကတစ်ဂိတ်ကိုဖြတ်ပြီးရင် ရောက်တော့မယ်
“ဟင် ဘယ်ဂိတ်ကိုရောက်တော့မှာလဲ
“ခင်ဗျားတို့က တခါမှမလာဖူးတော့ ဘယ်သိမလဲ အေးဆေးသာနေ ကျုပ်ဖြေရှင်းပေးလိုက်မယ်
ခဏကြာတော့ ကျွန်းစွယ်လေးနားကိုရောက်လာတယ် ။ ရွာလိုလို ကျွန်းစွယ်လေးလိုလိုနဲ့ လှတာတော့လှတယ်။ ဒါပေမယ့် ဒီနေရာက ကျွန်တော်တို့စျေးလာရောက်းဖို့ လာတဲ့ရွာတော့မဟုတ်ပေ။
“ဟေ့လူ ဘယ်လိုလုပ်တာလဲ ဒါက စျေးရောင်းတဲ့ရွာမဟုတ်ဘူးလေဗျာ ခင်ဗျားးးးကျုပ်တို့ကို ဘယ်ခေါ်သွားနေတာလဲ
“ဟာဗျာ ဒီနေရာက ဝိညာဉ်ကျွန်းလေ ခင်ဗျားတို့ လာရမယ့်နေရာလေ
“ဟာ ဟုတ်သေးပါဘူးးးးးဟေ့လူ လှေကိုနောက်ပြန်လှည့် ကျုပ်တို့ကိုပြန်လိုက်ပို့ပေး
“ဟင် ခင်ဗျားတို့က သေပြီးသားလူတွေမဟုတ်ဘူးလား
“ဘာလို့သေရမှာလဲ ကျုပ်တို့စျေးသွားရောင်းမလို့ ခင်ဗျားလှေကို ငှားတာလေ
ကျွန်းစွယ်ပေါ်ကိုခြေချမိကာမှ အကုန်လုံးကိုသိတော့တယ်။ ကျွန်တော်တို့က သေပြီးသားလူတွေတဲ့။ ဒါဆို ဒီလှေက သေတဲ့လူတွေကို ကူးတို့ခယူပြီး ပို့ဆောင်ပေးနေတဲ့သရဲဆိုတဲ့လူလား။
“ဒါဆို ခင်ဗျားက သေပြီးသားလူတွေကို လိုက်ပို့တဲ့ သရဲလား
“ဟင် ကျုပ်ကို ခင်ဗျားတို့သိမယ်ထင်နေတာ ခုမှတော့မထူးပါဘူး ဟုတ်တယ် ကျုပ်က အခကြေးငွေယူပြီး လိုက်ပို့နေတဲ့သရဲ
ခုမှပဲ သားကြီးနဲ့ ကျွန်တော် တကယ်ကိုကြောက်နေမိတော့တယ်။ ကျွန်တော်တို့ သေခဲ့တယ်ဆိုတာ ဘယ်လိုယုံရမှာလဲ ။ ဒါမဖြစ်နိုင်တဲ့ကိစ္စပဲ ဒီလူ သက်သက်ညစ်ပတ်နေတာ ။ ကျွန်တော်တို့ တမင်စိတ်ဆင်းရဲအောင်လို့ကို ပြောနေတာဖြစ်ရမယ်။
“ဟေ့လူ ခင်ဗျား မလိမ်နဲ့နော် ကျုပ်တို့မသေဘူးဗျာ ဒီမှာ စမ်းသပ်ကြည့် မယုံရင်
ကျွန်တော်ထအော်လိုက်တဲ့အသံ တော်တော်ကျယ်သွားလောက်တယ်ထင်တယ်။ ကျွန်းပေါ်မှာ သွားလာနေတဲ့ လူအားလုံး ဝိုင်းအုံကြည့်လာကြတယ်။
“ဟေ့ ဟေ့ ခဏနေအုံး ဟိုကူးတို့လှေလှော်တဲ့ကောင် ဒီလာအုံး
ဟိုဘက်ခြမ်းလေးမှာ သူတို့နှစ်ယောက် တိုးတိုး တိုးတိုးနဲ့ ဘာတွေပြောနေလဲမသိ ဂိတ်စောင့်တဲ့ကောင်က လှေလှော်တဲ့ကောင်ကို စာအုပ်ကြီးလှန်ပြပြီး ဆူပူကြိမ်းမောင်းနေတာ။
ခဏကြာတော့ လှေလှော်တဲ့သရဲ မျက်နှာငယ်လေးနဲ့ အနားကိုရောက်လာတယ်။
“လူမှားပြီးခေါ်မိတာ တောင်းပန်ပါတယ်ဗျာ ရောက်လက်စနဲ့ တစ်ပတ်လောက်နေပြီးမှ ပြန်ကြပါလားဗျာ
“ဘာဗျာ ဟာဗျာ ခင်ဗျားနော် ဒါစရနောက်ရမယ့်အချိန်မဟုတ်ဘူး
“ဟုတ်တယ် ဟုတ်တယ် ပြန်ပို့လိုက် မသေသေးတဲ့လူကိုမှ မှားခေါ်လာတဲ့ ဟိုသေချင်းစိုးသရဲရဲ့အပြစ် အဲဒီသရဲကိုဝိုင်းဆော်ကြကွာ
ဘေးနားက ဝိုင်းအုံကြည့်နေတဲ့ လူအုပ်ကြီးထဲမှ ဗလခပ်ကောင်းကောင်းတစ်ယောက်ပြောလိုက်လို့မှမဆုံးသေး အနားကလူအားလုံးဝိုင်းအုံလာပြီး ဟိုသေချင်းဆိုးသရဲ အသကုန်ဆွမ်းကြီးဝိုင်းလောင်းနေကြတာ။
“အမလေး ကြောက်ပါပြီဗျ ဟေ့လူတွေ ကယ်ကြပါအုံးဗျာ တကယ်ကိုတောင်းပန်နေတာပါ
ကျွန်တော်တို့လည်း မကြည့်ရက်တာနဲ့ သေပြီးသားဝိညာဉ်များကို တောင်းပန်လိုက်မှ ဟိုငနဲသရဲ သက်သာရာရသွားတာ ။ ဂိတ်စောင့်သရဲကလည်း သူ့လူမှားနေတဲ့အတွက် ဘာတစ်ခုမျတော့ ဝင်မစွတ်ဖတ်။
“ကဲ သူတို့ကို ပြန်ပို့ပေးလိုက် နှစ်ပေါင်းများစွာ စုစောင်းလာတဲ့ ရွှေတိုရွှေစတွေကို တောင်းပန်တဲ့အနေနဲ့ ပေးလိုက် မြန်မြန်ပြန်ပို့ အချိန်မှီသေးတယ် နောက်ကျနေရင် တကယ်သေသွားလိမ့်မယ်
ကူးတို့လှေလှော်တဲ့သရဲလည်း သူစုထားတဲ့ရွှေတွေကို လက်တစ်ဆုပ်စီ ကျွန်တော်တို့ကိုလာပေးတယ် ။တော်တော်တော့များတယ် ရွာပြန်ရောက်လို့ ရောင်းစားလိုက်ရင် ချမ်းသာတဲ့စာရင်းထက်တောင် ကျော်လောက်တယ်။
ကျွန်တော်တို့ပြန်မယ်လုပ်တော့ သေဆုံးပြီးသားဝိညာဉ်တွေက အကူအညီတောင်းကြသေးတယ်။ ဘယ်အိမ်ကတော့ဘယ်လို သူတို့သေတာတောင် ရက်လည်လေးလုပ်မပေးတဲ့သူနဲ့ တချို့ကျတော့လည်း ဆွမ်းသွပ်ဖို့မပြောနဲ့သူတို့ သေတာတောင်မသိသေးတဲ့လူတွေလည်းရှိကြသေးတယ်။ ကျွန်တော်တို့လည်း တတ်နိုင်သလောက်ကူညီပါ့မယ်လို့ ကတိပေးပြီး ဝိညာဉ်ကျွန်းကနေ ပြန်ထွက်လာခဲ့တယ်။ ပြန်ထွက်ခါနီး ဝိညာဉ်သားတွေက သူတို့ကိုမြှပ်လိုက်လို့ ပါလာတဲ့ စိန်တွေ လက်ကောက် ဆွဲကြိုးတွေလည်း ကုသိုလ်ကောင်းမှုပြုပေးတဲ့အထဲလည်းထည့်ပေးပါ နင်တို့လည်းသုံးပါဆိုပြီး ထည့်ပေးတာတွေကလည်း နည်းနည်းနှောနှောမဟုတ်။
အပြန်ခရီးကတော့ တော်တော့်ကိုမြန်တယ် မိုးတောင်မလင်းသေး။ဒီပြန်ရောက်တော့ စျေးသူစျေးသားတွေနဲ့ ကမ်းစပ်ကလှေတွေနဲ့ စည်ကားပြီးဆူညံနေတာပဲ။
အပိုင်း ၃
“ကဲ ကျုပ်တို့ဝင်ရမယ့် ခန္ဓာကိုယ်က ဘယ်မှာလဲ
“ဝင်စရာမလိုပါဘူး ခင်ဗျားတို့ကိုယ်တိုင်ကို ကျုပ်က မှားခေါ်မိတာပါ စိတ်မဆိုးကြပါနဲ့နော် ပြီးတော့ ဟိုမှာ ဆွမ်းကြီးဝိုင်းလောင်းကြတဲ့ လူအုပ်ကြီးကို တားဆီးပေးလို့လည်း ကျေးဇူးတင်ပါတယ် တစ်ချို့လူတွေက သေတာတောင် ဆွမ်းကြီးဝိုင်းလောင်းချင်တဲ့အကျင့်က မပျောက်ကြသေးဘူးဗျ
ဒီငနဲသရဲပြောတာကလည်း ဟုတ်တော့လည်း ဟုတ်နေတာပဲလေ။ ဘာပဲဖြစ်ဖြစ် ပုံမှန်နေရာကို ချောချောမောမောပြန်ရောက်တဲ့အတွက် ရင်ထဲအေးမြသွားတာတော့အမှန်ပဲလေ။
“ဒါနဲ့ မေးစရာတစ်ခုရှိသေးတယ် ဖြေပေးမလား
“ကျေးဇူးရှင်တွေဆိုတော့ ကြိုက်ရာမေးဗျာ
“ကူးတို့ခ တစ်မတ်ဆိုတာက တကယ်ပေးရတာလား
“အလကားးးပါဗျာ ကျုပ်တို့က စေတနာနဲ့ပို့ပေးတာ အမှန်က လူသေရဲ့ပါးစပ်ထဲမှာ တစ်မတ်တို့ငါးမူးတို့ထည့်ပေးလိုက်တာက သုဘရာဇာကို ယူခိုင်းတာဗျ
“သိပ်နားမလည်ဘူး ရှင်းပြပေးအုံး
“ဒီလိုဗျ သေတဲ့လူရဲ့ပါးစပ်ထဲမှာထည့်ပေးလိုက်တဲ့ တစ်မတ်ငါးမူးဆိုတာက ဟိုတုန်းက တွင်းတူးတဲ့သုဘရာဇာဆိုတာရှိတယ် သူ့ကို တွင်းတူးခပေးတဲ့သဘောပါပဲ သုဘရာဇာက သေတဲ့လူရဲ့ပါးစပ်ကနေ ထုတ်ယူရတာ တွင်းတူးခပေးတဲ့သဘောပါပဲ
“သြော် သိပါဘူးဗျာ ခင်ဗျားကိုပေးရတယ်ထင်နေတာ
“ကဲ ကျုပ်သွားတော့မယ် ဒါနဲ့ ကျုပ်ပေးလိုက်တဲ့ရွှေစတွေ အကုန်လည်းသုံးမပစ်နဲ့အုံး ကျုပ်အတွက်ရည်မှန်းပြီး ကုသိုလ်လေးလည်းလုပ်ပေးအုံး ဟိုဘက် ကျောက်စွန်းရွာက ကိုဘသက်ဆိုရင် အကုန်သိကြပါတယ်
သရဲကိုနူတ်ဆက်ပြီး ကျွန်တော်တို့ပြန်လာခဲ့ကြတယ် စျေးခြင်းတောင်းကတော့ ဝိညာဉ်ကျွန်းမှာ မေ့ကျန်ခဲ့တယ် ။ အသစ်တစ်လုံးပဲ ထပ်ဝယ်လိုက်တော့မယ်။ ကိုယ့်မှာလည်း ရွှေစတွေကနည်းတာမှမဟုတ်တာ ။ သားကြီးကိုလည်းသတိပေးရသေးတယ် ဒီအကြောင်းနူတ်လုံဖို့ ဘယ်သူ့ကိုမှမပြောဖို့။
အပိုင်း ၄
နောက်တစ်လလောက်ကြာတော့ ကူးတို့လှေသရဲရဲ့ရွာကိုသွားတော့ သူပြောတဲ့အတိုင်း းလုံးကွက်တိပဲ သူ့အတွက်လည်း ကုသိုလ်ကောင်းမှု ပြုလုပ်ပေးပြီး သူ့မိသားစုကိုလည်း ထောက်ပံ့ပေးခဲ့ပါတယ်။ ဒါကို လှေလှော်သရဲမြင်ရငိ ဝမ်းသာလောက်မယ်ထင်ပါတယ်။
ဝိညာဉ်ကျွန်းက အကူအညီတောင်းတဲ့သူတွေကိုလည်း လိုက်ရှာပြီး အကူအညီတွေပေးခဲ့ပါသေးတယ်။
အားလုံးပြီးဆုံးသွားပြီဆိုတော့မှ ကျွန်တော်တို့ရွာမှာ သားကြီးနဲ့ကျွန်တော် ငွေအင်အားသုံးပြီး မကျွတ်မလွတ်ဖြစ်နေတဲ့ သူတွေကို ပေါင်းစုပြီး အကျွတ်အလွတ်ပွဲကြီးလည်း လုပ်ပေးခဲ့ပါသေးတယ်။ ရောက်ရာအရပ်ကနေ သာဓုခေါ်ဆိုနိုင်ကြပါစေလို့ ရင်ထဲဆုတောင်းမိပါလေတော့သည်။ ။
သတ္တဝါများ ဘေးရန်ကင်း အားလုံးချမ်းသာကြပါစေ။ ။
မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ်ပေးပါသည်။