သေမင်းကိုဈေးဆစ်သူ
————————–
ကျွန်တော် မူလတန်းပြဆရာအဖြစ် တာဝန်ကျရာရွာတွင် ဦးအောင်မင်းဆိုသည့် သူဌေးတစ်ယောက်ရှိသည်။ သူသည် ဤနယ်မြေတစ်ကြောတွင် အချမ်းသာဆုံးဟု ပြောနိုင်သည်။ ယခင် အင်္ဂလိပ်မင်း လက်ထက်က သူကြီးအဖြစ် လုပ်ဆောင်ခဲ့သူဖြစ်ကာ၊ ရွာ၏ အုပ်ချုပ်ရေး တာဝန်မယူတော့သော်လည်း အစိုးရက ချီးမြှင့် ထားသော နှစ်လုံးပြူးသေနတ်ကို ကိုင်ဆောင်ခွင့် ရရှိထားသေးသူဖြစ်သည်။
သူအိမ်ခြံဝင်းကြီးက အလွန်ကျယ်ပါသည်။ အဆောင်ပေါင်း ၅ ဆောင်ကို သီးခြားခွဲဆောက်ထားပြီး သူက အလယ်ခေါင် နှစ်ထပ်အိမ်ကြီးတွင် နေသည်။ သူ့အိမ် ဧည့်ခန်းတွင် နှစ်လုံးပြူး သေနတ်ကြီးကို ချိတ်ထားပြီး၊ သူပစ်ခဲ့သလား၊ အခြားသူ ပစ်ထားသလား မသိသော သမင်၊ ဒရယ်၊ ဆတ်၊ ချေ သည့် ဦးခေါင်းများကို ချိုကားကားကြီးတွေနှင့် တွေ့ရသည်။
ကျွန်တော်တို့ ကျောင်းဆရာများသည် ရွာတစ်ရွာကို ရောက်လျှင် သူဌေးတွေကို အလျဉ်းသင့်အောင် ပေါင်းရပါသည်။ မိမိကိုယ်ကျိုးအတွက် မဟုတ်ပါ။ ကျောင်းအတွက် လိုအပ်ချက်လေးများကို ဖြည့်ပေးနိုင်ရန်မှာ ထိုသူဌေးများကသာ တတ်နိုင်သဖြင့် လေလုံးကြီးလှသော ဦးအောင်မင်းကို မပေါင်းချင်လည်း မြှောက်ပင့် ပေါင်းရပါတော့သည်။
မည်သို့ဆိုစေ ကျွန်တော်ရွာရောက်ပြီးမှ ကျောင်းကုန်းပေါ် မတက်ဟု ကြွေးကြော်ထားသော ဦးအောင်မင်းကို ကျောင်းပေါ် ခေါ်နိုင်ခဲ့သည်သာမက၊ ကျောင်း၏ ဥက္ကဋ္ဌဆိုသော ရာထူးကြီးကို အပ်နှင်းလိုက်သည့် အခါတွင် ဦးအောင်မင်း စိတ်ထဲ၌ ယခင်အတိတ်က အရှိန်အဝါတွေ ပြန်နိုးကြားလာသည်ထင်ပါ၏ ကျောင်းအကျိုး တွေကို တောင်းတိုင်း ပေးတော့သည်။
သူ့ကို ကျောင်းပေါ်ကို ခေါ်နိုင်ခဲ့ခြင်း အကျိုးမှာ ကျောင်းအနောက်ဘက် နံရံဆွေးနေသည်တို့ကို ပျဉ်ချပ်များ လဲနိုင်ခဲ့သည်။ ကျောင်း သောက်ရေကန် ပေါက်နေသည်ကို ဖာထေးနိုင်ခဲ့သည်။
စကားပြောလျှင် ကြွားလုံးထုတ်တတ်သည့် သူဌေးကို သည်းခံပေါင်းရင်း တစ်နေ့တွင် ဦးအောင်မင်းက ကျွန်တော့်ကို သူ့အိမ်သို့ ခေါ်ခိုင်းလိုက်သည်။
ကျွန်တော်ကလည်း ညစာစားပြီးချိန်တွင် သူ့အိမ်ကြီးကို ရောက်လာခဲ့သည်။ နှစ်ထပ်အိမ်ကြီး အပေါ်ထပ်တွင် ဦးအောင်မင်းသည် ဇနီးဖြစ်သူ ဒေါ်အေးချစ်နှင့်အတူ နေထိုင်သည်။ သူ့အိမ်ထဲရှိ အဆောင်ကြီး ၅ ဆောင်တွင် လည်း သူ့ဇနီးများ နေသည်။ ဦးအောင်မင်းသည် မယား ၆ ယောက်ကို တစ်ခြံတည်းထားကာ ဩဇာကြီးမားစွာဖြင့် အုပ်ချုပ်ထိန်းသိမ်းထားနိုင်သူဖြစ်သည်။ သူ့ထံတွင် သားသမီးတွေ၊ မြေးတွေကလည်း များလှသည်။ ဘယ်နှယောက်ရှိမည်မသိ။ ကျွန်တော့်ကျောင်းတွင် လာတက်နေသည်ကပင် ၁၀ ယောက်ခန့်ရှိ သည်။ သားတွေသမီးတွေ အရွယ်ရောက်လျှင် သူ့လယ်ယာကိုင်းနှင့် သစ်လုပ်ငန်းများတွင် ဦးစီးဦးဆောင်ကြရ သည်။ စီးပွားမခွဲ အားလုံးကို သူက ချုပ်ကိုင်ထားသည်။ သားသမီးတွေကလည်း ကြောက်ကြရသည်။
ကျွန်တော့်ကို နှစ်ထပ်အိမ် အပေါ်ထပ်သို့ သူ့သားတစ်ယောက်က ခေါ်သွားသည်။ အိမ်ပေါ်တွင် အောက်လင်း ဓာတ်မီးကြီး ထွန်းထားသဖြင့် ထိန်လင်းနေသည်။ ရွာတွင် အောက်လင်းဓာတ်မီးသည် အလှူ မင်္ဂလာဆောင်ရှိမှ ထွန်းတတ်သဖြင့် ထူးဆန်းနေတော့သည်။
ဦးအောင်မင်းကား ခမ်းနားလှသည့် ခုတင်ကြီးတစ်လုံးပေါ်တွင် ပက်လက်ကလေး လှဲနေသည်။
“ဦးလေး ဘာဖြစ်လို့လဲ”
ကျွန်တော်က သူ့ဇနီး မယားကြီး ဒေါ်အေးချစ်ကို မေးလိုက်ခြင်း ဖြစ်သည်။
“နေမကောင်းဖြစ်နေတာ”
“အိပ်နေလား”
“မအိပ်ပါဘူး”
မအိပ်ပါဘူးဟု ပြောလိုက်သူမှာ ဦးအောင်မင်း ကိုယ်တိုင် ဖြစ်သည်။
ကျွန်တော်ကသူ့ခုတင်အနီးကို သွားရပ်လိုက်သည့်အခါ သူ့သားတစ်ယောက်က ကုလားထိုင် တစ်လုံးကို ယူလာပေးသဖြင့် ကုလားထိုင်တွင် ကျွန်တော် ထိုင်လိုက်သည်။
ဦးအောင်မင်းက လက်ကို ရမ်းပြလိုက်ရာ သူ့ဇနီးနှင့် သားဖြစ်သူတို့သည် အိမ်ပေါ်က ဆင်းသွားကြသည်။
မည်သူမျှ အိမ်ပေါ်တွင် မရှိကြောင်း သူက ခေါင်းထောင်ကြည့်လိုက်သေးသည်။ သေချာမှ ကျွန်တော့်ကို
“ဆရာ ဒီနားတိုးပါဦး” ဟု ပြောသဖြင့် ကျွန်တော်ကသူနှင့် နီးစေရန် ကုလားထိုင်ကို ခုတင်နားသို့ တိုးလိုက်ရသည်။
“ဦးလေး ဘာများ ပြောချင်လို့လဲခင်ဗျာ”
“ဆရာ ကျွန်တော် ကြောက်နေတယ်”
“ဘာဖြစ်လို့လဲခင်ဗျာ”
“ဒီည ကျွန်တော့်ကို သေမင်းက လာခေါ်တော့မှာ”
“ဟာ ဦးလေးကလည်း မဖြစ်နိုင်တာ”
“တကယ်ပြောတာ … ဒီည သူနဲ့ ချိန်းထားတဲ့ညပဲ။ သူလာတော့မှာ။ ကျွန်တော် ကြောက်လွန်းလို့ မီးတွေကို တစ်အိမ်လုံး လင်းနေအောင် ထွန်းထားတာ”
“ဦးလေး သေမင်းကို မြင်ရလို့လား”
“မမြင်ရဘူး။ သူက ကျွန်တော့်အနားမှာ ရပ်ပြီးပြောတာ။ သူ့အသံပဲ ကြားရတာ”
“ဦးလေးရာ အဓိပ္ပာယ်မရှိဘူးလို့ ထင်ပါတယ်။ ကျွန်တော်ကတော့ အယုံအကြည် မရှိပါဘူး။ ဒါပေမဲ့ ဦးလေးကိုလည်း အတိုက်အခံတော့မပြောချင်ပါဘူး”
“ဆရာ … ကျွန်တော် သေမင်းကို မခေါ်ပါနဲ့ဦးလို့ တောင်းပန်တာ ၅ ကြိမ်ရှိပြီခင်ဗျ”
ကျွန်တော်ကတော့ အဘိုးကြီး သွေးရူးသွေးတမ်း ပြောနေသည်ဟုသာ ထင်လိုက်ပါသည်။
“ဦးလေး အဲဒီလို တောင်းပန်တော့ သေမင်းက ခွင့်ပြုသလား။ ဦးလေးက သေမင်းဆီမှာ မသေဖို့ ၅ ကြိမ်တောင် ခွင့်တောင်းခဲ့တာဆိုတော့ သေမင်းကလည်း လိုလိုလားလားပဲ ခွင့်ပြုသလားခင်ဗျာ၊ သိပါရစေ”
“ကျွန်တော်နဲ့ သေမင်း နားလည်မှုတွေ ယူထားတယ်။ ဟိုး လွန်ခဲတဲ့ သုံးနှစ်လောက်ကတည်းက ကျွန်တော် သေရမှာ။ ဒါပေမဲ့ သေမင်းက ရောက်လာချိန်မှာ ကျွန်တော်က နောက်ထပ် ၆ လလောက် ထပ်နေပါရစေ။ မသေပါရစေနဲ့ဦးလို့ တောင်းပန်ထားရတယ်။ ဒီလိုနဲ့ ၆ လပေါင်း ၅ ကြိမ်ရှိနေပြီ”
“အဲဒီလို တောင်းပန်လို့ရသလား”
“ရလို့ ကျွန်တော် အသက်ရှင်နေတာပေါ့ဆရာ။ ကျွန်တော် သေလို့ မဖြစ်သေးဘူးဆရာ။ ကျွန်တော် မသေခင် သားတွေ သမီးတွေ မြေးတွေ ဇနီးတွေကို ဒီ့ထက်ပိုပြီး ချမ်းသာအောင် လုပ်ပေးခဲ့ချင်သေးတယ်”
“ဦးလေးရယ် ခုလည်း ဦးလေးမှာ ထားစရာ မရှိအောင် ချမ်းသာနေတဲ့ဟာ”
“မဟုတ်ဘူးဆရာ … ဆယ်သက်စားမကုန်တာထက် ပိုအောင် ရှာရဦးမယ်။ ကျွန်တော့်သားတွေ သမီးတွေကို ဒီ့ထက်ပိုချမ်းသာအောင် ကျွန်တော် လုပ်ပေးရဦးမယ်”
“ဦးလေးရယ် သေမင်းကို ၆ လ လောက်ဆက်နေခွင့် တောင်းလို့ရတယ်ဆိုတာပဲ ကျွန်တော်တော့ အံ့ဩ နေတော့တာပဲခင်ဗျာ”
“ဆရာ … ဘာမဆို လိုချင်ရင် ပေးရတာတွေလည်းရှိတယ်ခင်ဗျ”
“ဦးလေးက ဘာတွေ လိုချင်ပြီး ဘာတွေ ပေးခဲ့ရလို့လဲ”
“ဆရာ့ကို ယုံကြည်လို့ ခေါ်ပြောတာပါ။ ဘယ်သူ့မှ လျှောက်မပြောဘူးလို့ ထင်ပါတယ်”
“ဘာတွေများလဲဗျာ”
“ကျွန်တော့်အသက် ဘယ်လောက်ရှိပြီ ထင်သလဲဆရာ”
“၇၀ ကျော်လောက်ရှိမယ်ထင်ပါတယ်”
“၁၀၀ ပြည့်တော့မယ်။ ဒီည ၁၂ နာရီ ၁၀ မိနစ်တိတိမှာ အသက် ၁၀၀ ပြည့်ပြီ”
“ဟာဗျာ … မထင်ရပါဘူး”
“သေမင်းက ကျွန်တော့်ကို ၁၀၀ ထက်ပိုပြီးတော့ ခွင့်ပြုမယ် မထင်တော့ဘူးဆရာ။ ပြီးခဲ့တဲ့ ၆ လကတည်းက နောက်ဆုံးပဲလို့ ပြောသွားပါတယ်”
“အဲဒါနဲ့ ကျွန်တော့်ကို ခေါ်တာ ဘာကိစ္စများ ရှိသလဲခင်ဗျာ”
“ဆရာက စာတတ် ပေတတ်ဆိုတော့ ကျွန်တော် သားသမီးတွေနဲ့ မိန်းမတွေကို အမွေခွဲဝေပေးတဲ့ ကိစ္စတွေမှာ အသိသက်သေ ဖြစ်စေချင်တယ်။ ကျွန်တော် ရေးထားတဲ့ အမွေဆိုင်ရာ ခွဲဝေမှုတွေကို ခေါင်းအုံးအောက်မှာ ရေးထားပါတယ်။ ဖတ်ကြည့်ပါဦးဆရာ”
ကျွန်တော်ကသူ့ခေါင်းအုံးအောက်မှ စာချုပ် စာတမ်းတွေကို ယူလိုက်ပြီး ဖတ်ကြည့်သည်။ အတော်လေး စနစ်ကျစွာ ခွဲဝေထားသည်ကို တွေ့ရပါသည်။
“အဲဒီလို ခွဲဝေပေးထာတာတွေကို ဆရာက သူတို့အားလုံးကို ဖတ်ပြလိုက်ပြီး ရှင်းပြပေးပါဆရာ”
သူက ဘေးမှ ခေါင်းလောင်းလေးကို တီးလိုက်ရာ သူ့သားကြီးဖြစ်သူ အိမ်ပေါ်ကို တက်လာသည်။ သူ့သားကြီး သည်ပင်အသက် ၇၀ ခန့်ရှိနေပြီ။
“အဖေ ဘာလုပ်ပေးရမလဲ”
“ငါ့မိန်းမတွေ အားလုံးကို ခေါ်လိုက်။ ပြီးတော့ အိမ်ထောင်တစ်စုက သားအကြီးဆုံး၊ သမီး အကြီးဆုံးတွေပဲ ဒီကို လာခဲ့ဖို့ ခေါ်လိုက်”
သူသားကဆင်းသွားသည်။ မကြာမီ ဦးအောင်မင်း၏ ဇနီးနှင့် သားသမီးများ ရောက်လာကြသည်။
ကျွန်တော်က ဦးအောင်မင်း ဆန္ဒအရ သေတမ်းစာကို နားလည်အောင် ရှင်းပြပြီး ဖတ်ပြသည်။ အားလုံးကလည်း သဘောတူကြောင်း ပြောကြသဖြင့် ကျွန်တော်က ဦးဆောင်ကာ လက်မှတ်ထိုးခြင်း၊ လက်ဗွေနှိပ်ခြင်းတွေကို ပြုလုပ်ပေးလိုက်သည်။
အားလုံး ကိစ္စတွေပြီးသွားသည့်အခါ ဦးအောင်မင်းက ပြန်ကြရန် ပြောသဖြင့် အားလုံး အိမ်ပေါ်က ဆင်းသွားကြသည်။ သို့သော် ကျွန်တော့်ကိုတော့သူက မပြန်ပါနှင့်ဦးဟု တားသည်။
“ဆရာ”
“ပြောပါခင်ဗျာ”
“ဆရာအတွက် ကျွန်တော် ငွေ တစ်ထောင်လှူပါတယ်”
“ဘာလုပ်ဖို့လဲ”
“ဆရာ သုံးဖို့ပါ”
“ကျွန်တော်မလိုပါဘူး။ ကျောင်းကို လှူချင် လှူပါ”
“ဆရာ ကြိုက်တာလုပ်ပါ”
“ကျောင်းမှာ ဦးလေး အမည်နဲ့ သောက်ရေအိုးစင်ကြီးတစ်ခု ဆောက်ပေးပါ့မယ်”
“၁၂ နာရီထိုးပြီလား ခင်ဗျာ”
“ထိုးပြီ”
“၁၀ မိနစ်ပဲလိုတော့တယ်”
“ဘာကိုပြောတာလဲခင်ဗျာ”
“သူလာတော့မယ်”
ကျွန်တော်လည်း သူပြောမှ နာရီကို ကြည့်နေမိတော့သည်။ နာရီလက်တံက တရွေ့ရွေ့ ခုန်နေသည်။
“ဆရာ”
“ပြောပါ”
“ကျွန်တော် ဝန်ခံစရာရှိတယ်”
“ဟုတ်ကဲ့”
“လွန်ခဲ့တဲ့ သုံးနှစ်လောက်ကတည်းက ကျွန်တော် သေမင်းကို ဈေးဆစ်ခဲ့တာပါ။ ၆ လတစ်ကြိမ် သက်တမ်း တိုးတိုင်း သေမင်းနဲ့ အပေးအယူတွေ လုပ်ခဲ့ရတယ်”
“ဘယ်လိုများ အပေးအယူတွေ လုပ်ခဲ့လို့လဲခင်ဗျာ”
“သေမင်းက ကျွန်တော့်ကို ခေါ်ဖို့လာတာလေ။ သူက လက်ချည်း သက်သက်တော့ ပြန်မသွားနိုင်ဘူးဆိုပြီး တော့ပြောတယ်”
“အဲဒီတော့”
“သူက ကျွန်တော် အသက်ရှင်ချင်ရင်ကျွန်တော့် မိသားစုထဲက တစ်ယောက် သေပေးရမယ်တဲ့”
“ဟာ အဟုတ်လား”
“ဟုတ်တယ် … ကျွန်တော်ကလည်း ကျွန်တော်ရှင်နေမှ သူတို့ ချမ်းသာမှာဖြစ်လို့ ကြိုက်တဲ့သူခေါ်သွားလို့ ပြောလိုက်မိတယ်”
“ဟာဗျာ … တကယ်ခေါ်လား”
“ခေါ်တာပေါ။ ကျွန်တော့်သားသမီးတွေ ၆ လကို တစ်ယောက် သေခဲ့ကြတာလေ”
“တကယ်ကြီးလားဗျာ”
“တကယ်ပေါ့ … ဟော သူလာနေပြီ”
“ဘယ်မှာလဲ”
ဦးအောင်မင်းက ထထိုင်သည်။ မျက်ရည်တွေကျပြီး လက်အုပ်ချီကာ တောင်းပန်နေသည်။ သူတစ်ယောက် ယောက်နှင့် စကားတွေပြောနေသည်။ ကျွန်တော်ကတော့ မတွေ့ရ။
“နောက် ၆ လတည်းပါ … နောက် ၆ လတည်း … ခွင့်ပြုပါ”
ဦးအောင်မင်းသည်ပြောရင်း အသံတွေ တိမ်ဝင်သွားသည်။ ထို့နောက် ခေါင်းအုံးပေါ်ကို လှဲချလိုက်ပြီး မျက်စိကို မှိတ်လိုက်သည်။
ကျွန်တော် သူ့ကို စမ်းသပ်ကြည့်သည်။ အသက်မရှိတော့။
ကျွန်တော်က သူ့မိသားစုကို ခေါ်လိုက်သည်။ အားလုံး အပြေးလေးတက်လာပြီး ငိုကြသည်။
သေချာအောင် ရွာရှိ သားဖွားဆရာမလေးကို သွားခေါ်ပြီး စမ်းသပ်ခိုင်းသည်။ သေပြီဆိုတာ သေချာသည်။
အလောင်းကို ရေချိုးပြီး ပြင်ဆင်ပေးကြသည်။
နောက်တစ်နေ့တွင် သူ့မိသားစုထဲက တစ်ဦးတစ်ယောက်မျှ သေဆုံးခြင်း မရှိသဖြင့် ဦးအောင်မင်းတစ်ယောက် သေပြီဆိုသည်မှာ သေချာသည်ဟုမှတ်ယူလိုက်ပါသည်။
တင်ညွန့်