သဲတရှပ်ရှပ်(စ/ဆုံး)
—————-
အမျိုးသမီးရဲ့မျက်ဝန်းမှာ ဝေ့ဝဲနေတဲ့ မျက်ရည်စတွေကိုကြည့်ပြီး ကျွန်မရင်ထဲ မသိုးမသန့်တော့
ခံစားလိုက်ရတယ်။စိတ်ထဲကနေ ဒီအမျိုးသမီးဆီက ခပ်ကြမ်းကြမ်းတုန့်ပြန့်မှုကိုပဲတောင့်တနေမိတယ်။
” ညီမလေးကို အစ်မတွေ့တယ်ဆိုတာက ရန်လုပ်ဖို့မဟုတ်ပါဘူးကွယ်…အစ်မရဲ့ကလေးတွေအတွက်ပါ…သူတို့အဖေမရှိဘဲဒီကလေးတွေကိုအစ်မတစ်ယောက်တည်း မစောင့်ရှောက်နိုင်ဘူးလေ ”
ကျွန်မအသက်ရှူတာကို ခဏရပ်ပစ်လိုက်
ချင်မိတယ်။ဒီလိုအပြုအမူ စကားလုံးတွေအစား
အခြားသူတွေလိုမကြားဝံ့မနာသာ စကားတွေနဲ့ပေါက်ကွဲစေချင်တာ။အဲဒါမှကျွန်မလည်း အသက်ရှူချောင်ပြီးနေသာထိုင်သာရှိမှာလေ။
အမျိုးသမီးကို ကျွန်မခပ်ယဲ့ယဲ့ပြုံးပြလိုက်တယ်။စားပွဲပေါ်က ငွေပမာဏက ထင်ထားသလောက်ရှိနိုင်တာမို့ကျွန်မကျေကျေနပ်နပ်လက်ခံလိုက်တယ်။
“စိတ်ချပါ နောက်ဆို အစ်မယောက်ျားနားမှာ
ကျွန်မကို လုံးဝမတွေ့စေရပါဘူး ”
ကျွန်မရဲ့ အနုအရွအလှအပဇာတ်လမ်းတစ်ပုဒ်ကတော့လှလှပပဇာတ်သိမ်းနိုင်ပြန်ပြီပေါ့။
***********************
ဆယ့်ငါးပေပတ်လည် အခန်းကျဉ်းလေးထဲ
မှာ မိသားစုငါးယောက်ကျပ်ကျပ်တည်းတည်း
နေထိုင်နေရတာ။မီးဖိုချောင်ရယ်မရှိဘူး။အိပ်ခန်းလား။ထမင်းစားခန်းလားသေချာ
ရေရာမှုမရှိတဲ့ ဘဝမှာကြမ်းခုနှစ်ချောင်းကို
တောင်မပိုင်ဆိုင်နိုင်တော့ တစ်လခုနှစ်သောင်း
နဲ့အိမ်ငှားနေရတယ်။အဖေက ရောဂါသည်။
အမေက ဘာမှရေရေရာရာမလုပ်တတ်။
မောင်လေးနဲ့ညီမလေးကကျောင်းတက်တုန်းအရွယ်လေးတွေ။အားလုံးက ကံစီမံထားသလိုဖြစ်လာတာလား ကိုယ်ကမစီမံနိုင်တာလားတော့ မသိဘူး။
“အမေစပ်ပေးထားတဲ့ကောင်လေး အခြေအ
နေဘယ်လိုလဲ သမီး ”
အမေ့စကားသံကြောင့် ကျွန်မအလှပြင်နေရင်းက အမေ့ကိုလှမ်းကြည့်ရင်းဖြေလိုက်တယ်။
” မစွံပါဘူးအမေရယ် …သူကသူ့မိန်းမကိုသိပ်
ချစ်တာ ၊ သူ့မိန်းမကလည်းရိုးရိုးအေးအေး
သမီးမလုပ်ချင်ဘူး ”
” ညည်းနဲ့အပါ့ …စုနိုင်ရယ်…သမီး အခုတွဲနေတဲ့အောင်ကြီးက အခွံကြီးအေ့ ၊…ပွဲစားခေတ်ကောင်းချိန်မို့သာကျနေတာ ၊ ဒီကောင်လေး
ကမှတစ်နေ့ရွှေဥတစ်လုံးဥပေးမယ့် ငန်းအစစ်၊
ကျန်တာဘာမှတွက်မနေနဲ့ကိုယ်မလုပ်လဲအခြားသူနောက်ပါမှာပဲ ”
အမေ့စကားကြောင့် ကျွန်မသက်ပြင်းကို
ခပ်မျှဉ်းမျှဉ်းချလိုက်တယ်။ကျွန်မက အပြင်ပန်းကကြည့်ရင် ခပ်လွယ်လွယ်မိန်းမလို့မထင်ရအောင် နေရတာမို့သားကောင်ကြီးကြီးမိဖို့ဆိုတာအမေပဲရှာပေးရတာ။ကျွန်မက အများအထင်
အမြင်မသေးအောင် မြန်မာဆန်ဆန်အင်္ကျီလက်ရှည်ရင်ဖုံးနဲ့
ထမီကိုပဲအမြဲဝတ်တာ။အပြင်ပန်းကကြည့်
ရင် မြန်မာဆန်ဆန်နဲ့ရိုးရိုးအေးအေးချစ်စရာ
မိန်းခလေးပေါ့။တကယ်လက်တွေ့ဘဝက
တော့ကြမ်းတမ်းခတ်ထန်တယ်။မာယာများ
တယ်။ပညာမဲ့မိန်းမတစ်ယောင်ရဲ့လစာက
တစ်လမှ အများဆုံးနှစ်သိန်းလောက်ရတာ။
ဒီဝင်ငွေနဲ့မိသားစုစားဝတ်နေရေးကိုပြေလည်အောင်ဖြေရှင်းဖို့မဖြစ်နိုင်ဘူးလေ။မလျှောက်ချင်ဘဲလျှောက်နေရတဲ့ဒီလမ်းက
မိတ်ကပ်နံ့တသင်းသင်းနဲ့အခြားသူတွေ
ရဲ့မိသားစုဘဝတွေကို ခွဲနေရတာလေ။
ယောကျ်ားတွေဆိုတာကလည်း အခက်သားလား အိမ်ကမိန်းမထက် အပြင်ကမိန်းမကိုမှ ပိုတပ်မက်တာလေ။ဘယ်သူကမှ သူတို့ကိုရိုက်မခေါ်ပါဘဲ သူတို့ကိုယ်တိုင်ကိုကလိုလိုချင်ချင်ဖြစ်နေကြတော့ နှစ်ခါတောင်မြူပြစရာမလိုဘူး။တစ်ခါတလေစဥ်းစားကြည့်တော့လည်း သူတို့အဖြစ်ကသနားစရာပါ။
ကျွန်မတို့လို ကိုယ့်ကိုယ်ကိုတောင် ရွံရှာနေတဲ့သူတွေအတွက် သူတို့ကသူတို့ဘဝတွေ၊မိသားစုတွေကိုပါစွန့်ပစ်တတ်ကြတာလေ။
**********************
” ရုပ်လေးကြည့်တော့သနားကမားနဲ့
ညည်းမှာအဲလောက်ယောကျာ်းရှားသလား ၊သူများယောကျာ်းမှလုရသလား အဆင့်မရှိတဲ့မိန်းမ – — – – – —- – — – – – -”
ရိုင်းစိုင်းကြမ်းတမ်းတဲ့စကားလုံးတွေနဲ့
ဆဲဆိုသောင်းကျန်းနေတဲ့အမျိးသမီးကို ကျွန်မခပ်အေးအေးပဲကျောခိုင်းလိုက်တယ်။
သိပ်ရိုင်းတဲ့စကားလုံးတွေကို ကြံ့ကြံ့ခံရင်ဆိုင်ပြီး သူတို့ယောကျာ်းတွေရှေ့မှာမျက်ရည်
လေးကျပြလိုက်ရင်ကျွန်မလောက်သနား
စရာကောင်းတဲ့သူ ဒီလောကကြီးမှာမရှိဘူးလို့ သူတို့ ယောကျာ်းတွေကထင်မှတ်ထားကြတာ။သူတို့ဆဲဆိုတာခံနိုင်လေ ကျွန်မအ
ခွင့်အရေးရလေပေါ့။ယောကျာ်းတွေဆိုတာ
သိပ်ကိုထူးဆန်းတယ်။သူတို့သနားတတ်ပြီ
ဆိုရင် မိန်းမတွေအရှုံးပေးရတယ်။မျက်ရည်
လေးတစ်စက်ကျပြလိုက်ရင် ကိုယ်ကြိုးဆွဲ
ရာပါလာကြတော့တာပဲ။
************************
မိန်းမလည်သိန်းကြွယ် ဘဝနဲ့ယောကျာ်း
တွေတစ်ယောက်ပြီးတစ်ယောက်ပြောင်း။နေရာတွေတစ်နေရာပြီးတစ်နေရာပြောင်းခဲ့ပေမဲ့ ကျွန်မမှာအိမ်ပိုင်ရယ်မရှိသေးဘူး။ခင်ပွန်းယောကျာ်းဆိုတာလည်း တည်တည်ကျကျမရှိသေးဘူး။မိဘညီကိုမောင်နှမတွေအတွက်ယောက်ျားတွေကိုဆော့ကစားနေရတာ
တာကိုကျွန်မကိုယ်တိုင်ကနှစ်သက်မိနေတာ
လားဆိုတာကိုလည်းကျွန်မသေချာမသိတော့
ဘူး။ကိုယ့်ကိုယ်ကို မိဘကျေးဇူးဆပ်နေတာပဲဆိုပြီးကိုယ့်ခံယူချက်နဲ့ပဲ လောကကြီးကို ခါးစောင်းတင်ထားတာ။ဖြစ်နိုင်မယ်ဆိုရင် အေးချမ်းသာယာတဲ့မိသားစုဘဝ
လေးကိုကျွန်မလည်းလိုချင်တောင့်တနေမိပြီ။
စိတ်ကူးတွေကလက်တွေ့နဲ့တော့ကွာခြား
လှတယ်။ကျွန်မဖျက်ဆီးလို့ပျက်စီးသွားခဲ့
တဲ့မိသားစုတွေ။ဒီအတွက်တော့ ကျွန်မထူး
ပြီးခံစားမနေချင်တော့ဘူး။လက်ခုပ်ဆိုတာ
နှစ်ဘက်တီးးမှမြည်တာလေ။ကျွန်မတစ်
ယောက်တည်းရဲ့အပြစ်လို့တော့မဆိုသာဘူး။
ကျွန်မကကျွန်မမိသားစုအတွက်ကျွန်မဘဝကို
ရင်းခဲ့တယ်။သူတို့က သူတို့ရဲ့စိတ်သာယာမှု
အတွက်သူတို့မိသားစုဘဝတွေကိုရင်းခဲ့
တာ။သူတို့ထိုက်နဲ့သူတို့ကံပေါ့။ကျွန်မက
ဘာကိုစာနာပေးနေရမလဲ။
***********************
အမှန်တိုင်းဝန်ခံရရင် သူ့ကိုတော့
ကျွန်မစိတ်ထဲကလိုလိုလားလားနှစ်သက်မိ
တယ်။သူနဲ့တွေ့ရင်ပျော်ရွှင်လာတယ်။သူ့ကိုထာဝရပိုင်ဆိုင်ချင်လာတယ်။ဒါပေမဲ့ သူ့မှာ တရားဝင်မိန်းမရှိနေတယ်လေ။သူ့ကိုကျွန်မမြူဆွယ်ဖြားယောင်းခဲ့တယ်။အိမ်ထောင်ဆို တဲ့စည်းထဲကနေ သူထွက်လာဖို့ ကျွန်မကြိုးစားအားထုတ်ခဲ့တယ်။နောက်
ဆုံးတော့ သူလည်းယောကျ်ားတွေထဲကယောကျ်ားတစ်ယောက်မို့ ကျွန်မ ဖြစ်စေချင်သလို
ဖြစ်လာခဲ့တာပဲ။
အခိုးခံရသူထက် ခိုးထားတဲ့သူကပိုနှမြော
တဲ့ဆိုတဲ့ စကားက ကျွန်မနဲ့ထပ်တူကျနေတယ်လို့ပဲပြောရလေမလား။တစ်နေ့တစ်နေ့ ကျွန်မမှာ
အပိုင်ရထားတဲ့ ခေါင်းအုံးလေးပျောက်ရှသွားမှာကိုစိုးရိမ်ပူပန်နေမိတယ်။”သူ့ကိုလိုချင်ရင် ကလေးရအောင်ယူ၊သူ့မယားကြီးက ကလေးမယူသေးတော့ သူကလိုချင်နေမှာသေချာတယ်၊ညည်းသာကြိုးကိုင်နိုင်ရင် ညည်းအတွက်ချည်းပဲနော်”ဆိုတဲ့ အမေ့စကားအတိုင်းကလေးရအောင်ယူလိုက်တော့ သူလည်း ကျွန်မကိုစွန့်ပစ်လို့မရတော့ဘူးပေါ့။
သူ့မယားကြီးနဲ့ပြတ်စဲပြီးတာနဲ့ကျွန်မလည်း ခပ်တည်တည်နဲ့သူငှားထားတဲ့ အခန်းသစ်မှာသွားနေပစ်လိုက်တာပေါ့။လူက ကိုယ့်စည်းဝိုင်းထဲရောက်လာလို့ အပိုင်တွက်ထားပေမယ့် စိတ်ကတော့တထင့်ထင့်ဖြစ်နေမိတုန်း။ဟုတ်တယ်လေ။သူနဲ့ကျွန်မကတစ်ရပ်ကွက်ထဲနေတာ။သူ့မယားကြီးက ကျွန်မအိမ်၊ကျွန်မမိသားစုနဲ့ကျွန်မကိုသိသိနဲ့ကျွန်မရှေ့အရိပ်အယောင်တောင်မှရောက်မလာတော့ စိတ်ကသို့လောသို့လောတွေးမိနေတာပေါ့။မနေနိုင်တဲ့အဆုံးတော့ သူ့ကိုပဲဗြောင်ဖွင့်မေးပစ်လိုက်ရတော့တယ်။
“အစ်ကို မိန်းမကြီးက ငြိမ်လှချည်လား၊မဟုတ်မှ စုနိုင်နဲ့အစ်ကိုလက်ထပ်ပြီးမှများ ပြဿနာလာရှာမလားမသိဘူးနော်”
ကျွန်မရဲ့ မဝံမရဲဟန် ဆောင်ထားတဲ့ အမေးကို တော်တော်နဲ့မဖြေန်ုင်ဘဲ အဝေးကို သူငေးကြည့်နေခဲ့သေးတာ။
အတော်လေးကြာမှ ကျွန်မဘက်ကို သူလှည့်ကြည့်ပြီး
“အဲ့ဒီအတွက် ဘာမှပူစရာမလိုဘူး၊ငါတို့အကြောင်းကိုသိသွားပြီးကတည်းက သူကငါ့ကို လူလို့မမြင်တော့ဘဲ မစင်ပုံတစ်ပုံလိုပဲမြင်နေတာ ”
**********************
မယားကြီးနဲ့ကွာရှင်းတာကခြောက်လကျော်ပဲရှိသေးတယ်။နောက်မယားက ကလေးတစ်ယောက်မွေးပြီဆိုတော့ကျွန်မတို့အကြောင်းက
လူတွေပါးစပ်ဖျားမှာပြောစရာတစ်ခုတော့
ဖြစ်ခဲ့သေးတာပေါ့။ဒါပေမဲ့ လူဆိုတာကလည်း ဘယ်လောက်တောင်အရေထူလိုက်သလဲ။ပြီးတော့ ချိီးမွမ်းခုနှစ်ရက်၊ကဲ့ရဲ့ခုနှစ်ရက်မဟုတ်လား။နောက်ကွယ်မှာ ဘယ်လိုတွေပဲပြောနေကြပါစေ လက်ဖက်ရည်လေးတစ်ခွက် ၊မုန့်ပဲသရေစာလေးနည်းနည်းပဲပေးကြည့်လိုက် ကိုယ်တွေကအမှန်။မယားကြီးကအမှားချက်ချင်းဖြစ်သွားကြတာမျိုးလေ။
**********************
“အစ်မစုနိုင်…အစ်မရေ”
အိမ်ရှေ့ကအော်ခေါ်နေတဲ့အသံကြောင့် ကျွန်မ ရင်ခွင်ထဲက သမီးလေးကိုခဏချပြီးအပြင်ကိုထွက်ကြည့်လိုက်တယ်။
“ဟဲ့ ဘယ်သူတုန်း… အော်ကြီးဟစ်ကျယ်နဲ့မထိတ်သာမလန့်သာရှိလိုက်တာ”
” အစ်မစုနိုင်ယောကျ်ား လေ…ကားတိုတ်မှုဖြစ်လို့ ဆေးရုံမှာရောက်နေတယ် ”
ကြားလိုက်ရတဲ့စကားကြောင့် ကျွန်မခေါင်းထဲမှာ မိုက်ခနဲဖြစ်သွားပြီး လဲကျမလိုဖြစ်သွားရတာမို့ အိမ်တံခါးကို ကမန်းကတန်းဖမ်းကိုင်လိုက်ရတယ်။
**********************
“အမလေး မိစုနိုင်တို့များ ငန်းအကြီးကြီးတော့ဖမ်းမိလိုက်ပါရဲ့…ငန်းကျိုးငန်းနာကြီးဖြစ်သွားတာပဲဆိုးတယ် ”
” အို အမေကလည်း တိုးတိုးပြောပါ၊ သူကြားသွားမှဖြင့် ”
ကျွန်မက သူရှိရာအိမ်အပြင်ဘက်ကိုလှမ်းကြည့်ပြီး အမေ့ကိုတိုးတိုးပြောဖို့သတိပေးလိုက်ပေမယ့် အမေက ကျွန်မပြောလိုက်မှပဲ ပိုပြီး အသံကျယ်ကျယ်နဲ့အော်လိုက်တယ်။
” မတိုးနိင်ဘူးဟေ… တစ်နေ့ရွှေဥတစ်လုံးဥပေးမယ့် ငန်းမို့ဖမ်းခဲ့တာ၊ဘယ်နှယ့်ခုကျ ပဒုမပေါင်တိုကိုငါတို့ကပြန်ရှာကျွေးနေရတယ်လို့ ၊
ကိုယ့်အခြေအနေကိုယ်သိလည်း တော်ရာထွက်သွားပေးမယ် စိတ်မကူးဘူး ”
အမေ့စကားတွေကြောင့် သူ့ကို အားနာသလိုဖြစ်မိပေမယ့် အမေ့ကိုတော့ မတားဖြစ်လိုက်ဘူး။အမေပြောတာတွေလည်း မှန်နေတယ်လေ။သူ့မယားကြီးနဲ့နေတုန်းကတော့ သူ့အလုပ်မှာအဆင်ပြေလို့ ကျန်းမာလို့။ကျွန်မဆီရောက်လာမှပဲ ဆောက်လုပ်ရေးလုပ်ငန်းတွေကမကောင်းတာနဲ့ကန်ထရိုက်ဆွဲထားတာတွေက သူ့အတွက်ငွေမကျန်တာနဲ့ အမျိုးစုံကြုံနေတာလေ။ မယားကြီးဆီက ဆင်းလာတော့လည်း အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ငွေလေးနည်းနည်းပဲပါလာတဲ့ဟာ။အိမ်လည်းမယားကြီးကိုပေးပစ်ခဲ့တာလေ။သူပြောတော့လည်းချောလို့လေ
“အိမ်တစ်လုံးလောက်များကွာ…တစ်နှစ်အတွင်းမင်းကိုဝယ်ပေးနိုင်တယ်တဲ” အပြောနဲ့အလုပ်မညီပုံများတော့
တစ်နှစ်သာပြည့်တယ်။အိမ်ငှားဘဝကမကျွတ်တဲ့အပြင်ကျွန်မမှာ ကလေးတစ်ယောက်နဲ့ ကားတိုတ်မှုကြောင့် အောက်ပိုင်းသေသွားတဲ့ လင်တစ်ယောက်ရယ်ပဲအဖက်တင်လိုက်တယ်။ကားတိုတ်မှုကြောင့်ရတဲ့မ
ဖြစ်စလောက်လျှော်ကြေးငွေကလည်း သူ့ဆေးဖိုးနဲ့တော်တော်များများကုန်သွားတာလေ။ပြောပြန်ရင်လည်း “မင်းတို့ မိသားစုတွေ အသုံးအဖြုန်းကြီးပြီး မစုဆောင်းခဲ့လို့ ဒုက္ခရောက်တာ ” လို့ ပြောဦးမယ်။” ဒီလို သုံးချင်ဖြုန်းချင်လို့ နာမည်ပျက်ခံပြီး သူများလင်ယူထားတာပေါ့ “လို့ပြောရင်လည်း ကျွန်မအလွန်ဖြစ်ဦးမယ်။ဒါတောင် တစ်ချို့ကပြောသေးတယ်။ကားတိုတ်မှုဖြစ်တာ အသက်မသေတာကံကောင်းသတဲ့လေ။ဒီလို စကားတွေကြားတော့ ကျွန်မ ဟားတိုတ်ပြီးကိုရယ်ပစ်လိုက်ချင်တာ။ ကျွန်မတို့ရဲ့ကံကောင်းမှုကြီးအတွက်လေ။
သမီးကို လက်တစ်ဘက်ကချီပြီး လက်တစ်ဘက်က ထမင်းပန်းကန်ကိုကိုင်ရင်း သူ့ရှေ့ကို ထမင်းပန်းကန်ဘုတ်ခနဲချပေးလိုက်တော့ ထမင်းပန်းကန်ထဲက ဟင်းတုံးကခုံပေါ်ပြုတ်ကျသွားတယ်။ကျွန်မလည်းဟင်းတုံးကို သူ့ပန်းကန်ထဲ ပြန်ကောက်ထည့်ပေးလိုက်တော့ သူကဒေါသဖြစ်သွားတဲ့မျက်နှာနဲ့မော့ကြည့်လာပြီး
“ဘာလို့ ပြန်ထည့်ပေးနေတာလဲ ၊ သဲတရှပ်ရှပ်နဲ့ဘယ်လိုစားမလဲ ”
“ဟင်းက မရှိတော့ဘူး တော်ရေ …သဲတရှပ်ရှပ်နဲ့ပဲစားချင်စား၊မစားချင်နေ…”
ကျွန်မကစူစူဆောင့်ဆောင့်ပြောလိုက်တော့
သူဘာမှပြန်မပြောတော့ဘဲ ထမင်းပန်းကန်ကိုကြည့်ပြီးငြိမ်ကျသွားမေယ့် အမေက ကျွန်မတို့ စကားသံကို
နားစွန်နားဖျားကြားပြီးအိမ်ထဲကနေ လှမ်းအော်တော့တာပဲ။
“မိစုနိုင်ရေ… အရင်ကအဆီတဝင်းဝင်းဖြစ်ခဲ့တာကိုအမှတ်ရမနေနဲ့ သဲတရှပ်ရှပ်ဖြစ်နေရင်တော့ ပစ်သင့်ပစ်ရမှာပဲ ”
အမေ့စကားကြောင့် ကျွန်မ သူ့ကိုလှမ်းကြည့်လိုက်တယ်။သူလည်း ကျွန်မကိုလှမ်းကြည့်ပြီး
အံကိုတင်းတင်းကြိတ်လို့ ထိုင်နေရာကနေ ဖင့်နေရာရွှေ့လိုက်တာ မြေကြီးပေါ်ဘုတ်ခနဲ ပြုတ်ကျသွားပါလေရော။
မြေကြီးပေါ်မှာ လက်လေးနှစ်ဘက်ထောက်ပြီး ကျွန်မကိုလှမ်းကြည့်နေတဲ့ သူ့တစ်ကိုယ်လုံး သဲတွေဆိုတာဖွေးဖွေးလှုပ်လို့။
#################
ဧကြည်ဖြူ