သံယောဇဉ်တစ္ဆေ(စ/ဆုံး)
————————
မြမြတစ်ယောက် အိမ်ကြီးအတွင်း ဘယ်သူ့ကိုမှ ရှင်းမပြတတ်သော ရှင်းပြ၍ မကောင်းသော
အဖြစ်ကို ကြုံနေရသည်။ အချစ်ဆိုသော အရာ
ကို ခံစားသိရှိခဲ့ပြီး၍မှ မကြာခင်သော အချိန်မှာ
အခြေအနေက တစ်ဆစ်ချိုးပြောင်းသွားခဲ့သည်။
လူမှုရေး အုတ်တံတိုင်းကြီးက မြမြနှင့် ကိုကို
ကြီးတို့ကို ခြားထားခဲ့သည်။ လူမှုရေးစည်းကို
စောင့်ထိန်းရင်း ရင်ထဲက ခံစားချက်များကို
မြိုသိပ်ခဲ့ရသော မြမြတစ်ယောက် ကိုကိုကြီး
အဖြစ်ကို ကြားသိခဲ့ရသောနေ့က ကမ္ဘာပျက်
သလို ခံစားခဲ့ရသည်။
ထို့ပြင် မြမြ၏နှလုံးသားကို တိတ်တခိုးဆွဲကိုင်
လှုပ်ရင်း လူမှုရေးစည်းကို စောင့်ရင်း အချစ်ကို
မြိုသိပ်ခဲ့ကြရသူ နှစ်ယောက်အတွက်ကတော့
ဘဝတွေ ထာဝရခြားသွားခဲ့ပြီ။ ဘယ်လိုမှ မ
ဖြစ်နိုင်မှန်းသိ၍ ကိုကိုကြီး၏နှုတ်မှ ဖွင့်ဟအပြီး
နှစ်ဦးသား တတ်နိုင်သမျှ ရှောင်ရင်း အချစ်ကို
မြိုသိပ်ခဲ့ကြသည်။
ယခုတော့ နှလုံးသားမှ မမြိုသိပ်နိုင်။ မြမြခံစား
ချက်တို့ ပွင့်အန်မထွက်ခွာခင် ကိုကိုကြီးက လူ့
လောကက ထွက်သွားခဲ့သည်။ ကိုကိုကြီးကို
ရည်စူးပြီး ရက်လည်ဆွမ်းလည်းကပ်ပြီးပြီ
လပတ်ဆွမ်းပင် ကပ်ပြီးခဲ့ပြီ။ ကိုကိုကြီး သေ
ဆုံးကာစ မမနှင့်တူလေးကိုရော မြမြပါ မကျွတ်
မလွတ်သေးသော ဝိညာဉ်က တွယ်ကပ်ခြောက်
လှန့်မည်ထင်၍ အသုဘရက်မလည်ခင်အတွင်း
ထိတ်လန့်စိုးရွံ့နေခဲ့ကြသည်။
သေဆုံးသည်မှ လပတ်ဆွမ်းကပ်ပြီးသည်အထိ
အရိပ်အယောင်ပင် မတွေ့ကြရ။ ကျွတ်လွတ်
ပြီး ကောင်းရာမွန်ရာ ရောက်သွားပြီ ထင်ကြ
သည်။ ရက်လည်ပြီးမှ လပတ်ဆွမ်းကပ်ပြီး
သည်အထိ သိုးသိုးသန့်သန့်မှ မမြင်မကြားရ
သော ကိုကိုကြီးဝိညာဉ်က တစ်လကျော်မှ
စ၍ မြမြအိပ်ရာအထမှာ အခန်းထောင့်၌
ရပ်နေသော ကိုကိုကြီးကို မြင်လိုက်ရသည်။
“အို…ဟင်…ကို…ကိုကြီးလား”
ကိုကိုကြီးက ပါးစပ်ကမပြော ခေါင်းညိတ်ပြသည်။
“အခန်းထဲ ဘာလာလုပ်တာလဲ အပြင်ကိုထွက်ပါ”
“မမေရ…မမ”
မြမြက တစ်ဖက်အခန်းမှာ အိပ်နေသော တင်
တင်ရီအား လှမ်း၍ခေါ်လိုက်သည်။ ကိုကိုကြီး
ရဲ့ဝိညာဉ်က ခေါင်းခါပြသည်။ ကိုကိုကြီး
သေဆုံးပြီးမှန်း မြမြသိသော်လည်း ကိုကိုကြီး
၏ ဝိညာဉ်ကို မြင်လိုက်ရပေမယ့် ကြောက်လန့်
မှု မရှိခြင်းကို အံ့သြနေမိသည်။ ကိုကိုကြီးမျက်
နှာက ဖြူဖတ်ဖြူရော်ရှိနေပြီး မျက်နှာက
မကောင်းလှ။
“ကိုကိုကြီး ကောင်းရာမွန်ရာ သွားတော့လေ၊
ဒီအိမ်နဲ့ ဒီလူတွေကို စိတ်ထဲစွဲမနေပါနဲ့၊ ကျမ
တို့နဲ့ ကိုကိုကြီးက ဘဝတွေ ခြားခဲ့ပြီမဟုတ်လား”
ထိုကဲ့သို့ ပြောလိုက်သောအခါ ကိုကိုကြီးက
မျက်နှာညှိုးငယ်စွာနှင့် ခေါင်းကိုခါပြနေသည်။
“ဒါဆို ကိုကိုကြီး ဘယ်မှာနေတာလဲ ဒီအိမ်မှာ
နေတာလား”ခေါင်းညိတ်ပြီး ပြနေသည်။မြမြ
လည်း ကိုကိုကြီးဝိညာဉ်ကို မြင်နေရသည့်အ
တွက် အစ်မနှင့် တူလေးတို့လည်း သူကဲ့သို့
ပင် မြင်နေရမည်ထင်သည်။
“ကိုကိုကြီး အပြင်ထွက်တော့လေ မြမြရေချိုး
အဝတ်အစားလဲ ရဦးမယ်”
ထိုကဲ့သို့ ပြောလိုက်သောအခါ ကိုကိုကြီးဝိညာဉ်
လည်း မျက်စိအောက်က ပျောက်သွားသည်။
မြမြလည်း ဝိညာဉ်က ပျောက်သွားပေမယ်လည်း
စိတ်ချလက်ချ အဝတ်အစားမလဲဝံ့ အနီးမှာပင်
ရှိနေမည်ထင်သည်။ သို့ကြောင့် ရေချိုးခန်း
ရောက်မှပင် အဝတ်အစားလဲတော့မည်ဟု ဆုံး
ဖြတ်ကာ အပြင်သို့ထွက်ခဲ့သည်။မြမြလည်း
ရေချိုးအဝတ်အစားလဲပြီးနောက်
အခန်းသို့ ပြန်လာခဲ့သည်။ သနပ်ခါးလိမ်းနေ
ရင်းက အနားမှာ လာထိုင်နေသော ကိုကိုကြီး
ဝိညာဉ်ကို မြင်လိုက်သည်။
“ဟင် ကိုကိုကြီး ကျမအခန်းထဲရောက်နေပြန်
ပြီ ကျမကြောက်တယ်၊ ကျမအခန်းထဲက
ထွက်သွားပေးပါ”
ကိုကိုကြီးက ကြေကွဲသောမျက်နှာနှင့် မြမြကို
စိုက်ကြည့်ကာ နေလေသည်။ ကိုကိုကြီးပုံစံ
ကြည့်ရသည်မှာ အသက်ထင်ရှားရှိစဉ်က ပြော
ခဲ့သော စကားရဲ့အဖြေကို လိုချင်လို့များလား
မမနှင့် သားဖြစ်သူထံ မသွားဘဲ သူ့ထံသို့ ဘာ
ကြောင့်များ လာရသနည်း။
ဒီအချိန်မှာတော့ ဘဝခြားသွားပြီဖြစ်၍ ဘာမှ
မတတ်နိုင်။ မြမြအတွက်ကတော့ ကိုကိုကြီးက
ရင်ထဲမှာ ပထမဆုံးပွင့်သော အချစ်ပန်းရဲ့ ပိုင်
ရှင်ဖြစ်ခဲ့သည်။ မြမြလည်း တောက်တဲ့လို
တွယ်ကပ်နေသည့် ဝိညာဉ်အား မည်ကဲ့သို့
ထွက်သွားခိုင်းရမည်နည်း စိတ်ဆင်းရဲလှပါ
သည်။ တစ်နေ့လုံး ကိုကိုကြီးဝိညာဉ်လည်း
မြမြ ဘယ်သွားသွား နောက်က ကပ်ပါနေသည်။
ထူးဆန်းသည်က ကိုကိုကြီးရဲ့ ဝိညာဉ်ကို မြမြက
လွဲပြီး မည်သူမျှ မမြင်ရခြင်းပင်။ မမကြီးအား ထူးခြားမှုရှိမရှိ စုံစမ်းကြည့်ရာ မမက ဘာမှ
မထူးခြားကြောင်း ပြန်ပြောသည်။ မြမြအား
ဘာထူးခြားမှုတွေ့လို့ မေးရသည့်အကြောင်း
ပြန်မေးသောအခါ မြမြလည်း ကိုကိုကြီးရဲ့
ဝိညာဉ်အကြောင်း ပြောရန် မဖြစ်သေးသဖြင့်
ဘာမှမဟုတ်ကြောင်း ပြောလိုက်ရပါသည်။
ကိုကိုကြီးရဲ့ဝိညာဉ်တစ္ဆေက မခြောက်မလှန့်
သော်လည်း မြမြ၏အပါးက မခွာဘဲ အနီးကပ်
ရှိနေလေသည်။ မြမြလည်း အနီးမှာ မနေစေ
ချင်ပေမယ့် မည်ကဲ့သို့ ပြောထုတ်ရပါမည်
နည်း၊ မနေ့ဆိုလည်း ပြောမထွက်ပါ။
သို့ကြောင့် အတတ်နိုင်းဆုံး အိပ်ခန်းထဲမနေဘဲ
တူလေးနှင့် နေလိုက် အစ်မဖြစ်သူကို ဝိုင်းကူ
လိုက်လုပ်နေခဲ့သည်။ ထိုအချိန်မှာ ကိုကိုကြီး
ဝိညာဉ်ကို မတွေ့ရ အိပ်ခန်းထဲကများ စောင့်
နေလေလားဟု မြမြစိတ်ထဲ တွေးထင်နေမိသည်။
မြမြလည်း ထမင်းစားပြီးနောက် သုံးနှစ်အရွယ်
သာရှိသေးသော တူလေးကို နေ့ခင်းအိပ်ရန်
အချိန်ဖြုန်းသည့်အနေနှင့် သိပ်နေလိုက်သည်။
တူလေးက ခဏအတွင်း အိပ်မောကျသွား
သော်လည်း မြမြလည်း ထိုင်ရာက မထမိသေး။
သူ့ရဲ့ ဘဝဖြစ်စဉ်အကြောင်းကို ပြန်စဉ်းစား
နေမိသည်။
xxxxxx
မြမြငါးနှစ်အရောက် မိဘနှစ်ပါးလုံး ရှေ့ဆင့်
နောက်ဆင့် သေဆုံးခဲ့ရသည်။ ဖခင်ဖြစ်သူက
အမေကိုယ်ဝန်အရင့်အမာကြီး အချိန်မှာပင်
လှေမှောက်ပြီး အသက်ဆုံးပါးခဲ့ရသည်။
အမေက အဖေ့စိတ်နှင့် တရှောင်ရှောင်ဖြစ်
ခဲ့ကာ မောင်လေးကို မွေးပြီး ကလေးတစ်လ
ကျော်အရွယ်မှာပင် အသက်ဆုံးသွားခဲ့ရသည်။
မောင်လးကို ကြီးမေက ဆက်မွေးထားပေမယ့်
အသက်ရှည်မယ့်ကံမပါသဖြင့် မိခင်ဆုံးပြီး
နှစ်လကျော်ကျော်ခန့် အသက်သုံးလအရောက်
တွင် ဒေသအခေါ် မက်ကလောက်ပေါက်ပြီး
အသက်ဆုံးပါးခဲ့ရသည်။
မြမြငါးနှစ်အရွယ်မှာပင် မိမဲ့၊ ဖမဲဘဝသို့ ရောက်
ခဲ့ရသလို အဖိုးအဖွားကိုလည်း မမြင်ဖူးခဲ့၊ အ
မေရဲ့အစ်မ ကြီးမေ၏အရိပ်အာဝါသအောက်
သို့ ခိုကိုးရာအဖြစ် ရောက်သွားရသည်။ ကြီး
မေတွင် သမီးတစ်ယောက်တည်းရှိသည်။ မြ
မြနှင့် အစ်မတစ်ဝမ်းကွဲတော်ကာ အမည်က
တင်တင်ရီဖြစ်သည်။
သဘောကောင်းပြီး စိတ်ထားဖြူစင်သည်။အ
သားက လတ်လတ် ရုပ်ရည်က အတင့်အသင့်
ရှိသည်။ မြမြက ငါးနှစ်အရွယ် မမတင်ရီက
အသက်ဆယ်ငါးနှစ် အပျိုကြီးဖားဖား ဖြစ်နေ
ပြီ။ မြမြကိုလည်း ညီမလေးအရင်းကဲ့သို့ ချစ်
ခင်သည်။ မြမြ ကြီးမေတို့အိမ်ရောက်တော့
မြမြအား ကျောင်းထားပေးသည်။
မမတင်ရီက အဋ္ဌမတန်းအထိသာ ပညာသင်
ခဲ့ပြီး ကျောင်းမှ ထွက်ခဲ့သည်။ မိခင်မုဆိုးကြီး
နှင့်အတူ လယ်ယာလုပ်ငန်းကို ကူညီလုပ်ကိုင်
ခဲ့သည်။ လယ်ယာလုပ်ငန်းကို သူရင်းငှား
ငှားပြီး လုပ်စေခဲ့သည်။ မမတင်ရီတို့က လယ်
(၁၀)ဧကကို မိုးအခါ စပါး၊ နွေရောက်လျှင်
ပဲ နှမ်း ငရုတ် မြေပဲ စသည့်တို့ကို တစ်မျိုးပြီး
တစ်မျိုး ဆက်တိုက်စိုက်ခဲ့သည်။
မမကလည်း မိုးအခါ စပါးစိုက်ပြီး နွေအခါ
ကိုင်းသီးနှံစိုက်ချိန် သီးနှံစိုက်ပျိုးရသည်။
ကိုင်းသီးနှံ ပေါ်ချိန်ရောက်လျှင် မြေပဲနှုတ်၊
နှမ်းရိတ်၊ ငရုတ်သီးခူး တစ်မျိုးပြီးတစ်မျိုး
ဆက်တိုက်လုပ်ရသည်။ မြမြတစ်ယောက်
စတုတ္ထတန်းအောင်သည့်နှစ်မှာ မမတင်ရီနှင့်
အကြောင်းပါမည့် ကိုမျိုးနိုင်က သူတို့ရွာသို့
ရောက်လာပြီ ခေါင်းရင်းအိမ်မှာ ထမင်းလခ
စားပေးနေထိုင်ခဲ့သည်။
လူပျိုလည်းဖြစ်သည်။ စိုက်ပျိုးရေးအထက်တန်း
ကျောင်းဆင်း ရပ်/ ကျေး မြေတိုင်းစာရေးလေး
တာဝန်နှင့် မြမြတို့ရွာသို့ရောက်လာခြင်းဖြစ်သည်။
ကြီးမေက ကိုမျိုးနိုင်၏ ဖော်ရွေမှု ရိုးသားမှုကို
သဘောကျပြီး အသက်နှစ်ဆယ်ကျော် အပျိုကြီး
စာရင်းဝင်တော့မည့် သမီးနှင့် အကြောင်းပါ
အောင် စွမ်းဆောင်နိုင်ခဲ့သည်။
သို့ဖြင့် ကိုမျိုးနိုင်က အသက်(၂၇)နှစ်အရွယ်
မမတင်ရီက အသက်(၂၃)နှစ်အရွယ်မှာ အိမ်
ထောင်ချ ပေးနိုင်ခဲ့သည်။ ကိုမျိုးနိုင်လည်း
အမျိုးသမီးများ ဦးစီးလုပ်ကိုင်ခဲ့သော လယ်
ဆယ်ဧကကို ဝင်ရောက်ဦးစီးခဲ့ရတော့သည်။
ထိုအချိန် မြမြအသက်က ဆယ့်သုံးနှစ်ရှိပြီဖြစ်
သည်။ မြမြရုပ်ရည်က မတင်တင်ရီမျက်နှာ
ပေါက်ထက် ပိုမို ပြေပြစ်မှုရှိပြီး အသားအရည်
ဖြူဖွေးချောမွတ်သည်။ ကိုမျိုးနိုင်က မြမြထက်
ဆယ့်လေးနှစ်ကြီးသည်။ ကြီးမေလည်း သမီး
ဖြစ်သူကို အိမ်ထောင်ချပေးပြီး တစ်နှစ်ခန့်အ
ကြာ လူကြီးရောဂါနှင့် အသက်ဆုံးပါးသွား
ရသည်။
မြမြသည် အားကိုးစရာ ကြီးမေ မရှိတော့သည့်
အတွက် မမနှင့် ခဲအိုတို့သည်က အားကိုးရာ
ဖြစ်ခဲ့သည်။ မမနှင့် ခဲအိုတို့ကလည်း မြမြအား
ညီမလေးသဖွယ် ချစ်ခင်ကြင်နာခဲ့ပါသည်။
မမတင်ရီအား မြမြက မမဟုသာ ခေါ်ခဲ့သည်
အတွက် မမ၏ခင်ပွန်းကိုမျိုးနိုင်အား နာမည်
မခေါ်ဘဲ ကိုကိုကြီးဟု ခေါ်ခဲ့သည်။ မမနှင့် ကို
ကိုကြီးတို့ အိမ်ထောင်ကျပြီး တစ်နှစ်ကျော်
ကျော် ကြီးမေဆုံးသွားပြီးနောက်မှ မမကြီးမှာ
ကိုယ်ဝန်ရလာသည်။
ကိုယ်ဝန်ရှိလာတော့ အိမ်တာဝန်ကို မမအစား
မြမြက တာဝန်ယူရတော့သည်။ အိမ်သန့်ရှင်း
ရေးလည်း လုပ်ရသည်။ ထမင်းချက် အဝတ်
လျှော် အားလုံးမြမြက တာဝန်ယူ လုပ်ကိုင်ပေး
ခဲ့သည်။ မြမြအသက် (၁၃)နှစ်ကျော် (၁၄)နှစ်
ဆိုပေမယ့် လူကြီးတစ်ယောက်သဖွယ် မညည်း
မညူ လုပ်ကိုင်ပေးခဲ့သဖြင့် မမကြီးရော ကိုကို
ကြီးပါ သွေးသားရင်းသဖွယ် အချစ်ပိုခဲ့သည်။
မကြာခင်မှာပင် မြမြအတွက် တူလေးတစ်
ယောက်ကို မမက မွေးပေးခဲ့သည်။ မမမွေး
ပေးသော တူလေးကို မြမြလက်ပေါ်က မချ
တော့။ အားလုံး သူ့ခြေသူ့လက် မျက်နှာလွှဲ
ရသည်အထိ ကလေးကို အရိပ်တကြည့်ကြည့်
ကြည့်နေခဲ့သည်။
သို့အတွက်ကြောင့်ကိုကိုကြီးကလည်း မြမြကို
စားစရာရှိလျှင်လည်း တန်းတူ ဝတ်စရာဆိုလျှင်
လည်း ချစ်ဇနီးနှင့် တန်းတူဆင်ယင်ခဲ့သည်။
သို့နှင့် မြမြလည်း ကလေးနှင့် အချိန်ကုန်မှန်း
မသိ ကုန်လာရင်းအရွယ်က ဆယ့်ခြောက်နှစ်
ကျော အပျိုကြီးဖားဖားဖြစ်လာသည်။
တူလေးကျော်ကျော်က သုံးနှစ်အရွယ် ရှိလာ
ခဲ့ပြီ။ မြမြက ကိုကိုကြီးအား တူလေးကျော်ကျော်
နှင့် ဂျီကျစရာရှိ ဂျီကျသည်။ ပူဆာစရာရှိလျှင်
လည်း ကလေးနှင့်အပြိုင် ပူဆာတတ်သည်။
ကိုကိုကြီးက မြမြပူဆာသမျှ အားလုံး ဖြည့်
ဆည်းပေးခဲ့သည်သာ ဖြစ်သည်။ ကိုကိုကြီးက
စီးပွားရေး အမြင်ကျယ်သည်။
လယ်ယာလုပ်ငန်းကို တိုးချဲ့လုပ်ကိုင်သည်။
မိမိလယ်က ထွက်သည့် အသီးအနှံများအပြင်
အခြားလယ်သမား ကိုင်းသမားတို့ ထွက်ကုန်
များကိုလည်း ရာသီမစခင်ကတည်းက ငွေကြို
ပေး၍ သီးနှံများကို ချုပ်ထားတတ်သည်။
သီးနှံပေါ်ချိန်မှာ ထိုလယ်သမား ကိုင်းသမား
တို့ထံမှ အသီးအနှံများကို ကောက်၍ သီးနှံပွဲ
စား ကုန်သည်အလုပ်ပါ လုပ်ကိုင်သေးသည်။
သို့ဖြင့် တဖြည်းဖြည်း စီးပွားဖြစ်လာခဲ့သည်။
ကျေးရွာ၏ မျက်နှာဖုံးဖြစ်လာသည်။ ရပ်ရေး
ရွာရေးများတွင်လည်း ကိုကိုကြီးမပါလျှင်
မဖြစ်သည့်အခြေအနေသို့ရောက်အောင် စွမ်း
ဆောင်နိုင်ခဲ့သည်။
ကိုကိုကြီး၏ အရှိန်အဝါကြောင့် အပျိုဖော်ဝင်
နေပြီဖြစ်သည့် မြမြအား ရွာကာလသားတို့
ပိုးပန်းချင်ပေမယ့် မပိုးပန်းဝံ့ချေ။ သို့ကြောင့်
အရွယ်ရောက်လာခဲ့သော မြမြတစ်ယောက်
အချစ်ဟူသော ခံစားချက်နှင့် ဝေးကွာခဲ့ရသည်။
တစ်ထောင့်ငါးရာ အချစ်ကို မခံစားဖူးသော
မမကြီးနှင့် ကိုကိုကြီးကို ချစ်ရသော အချစ်တို့
က မြမြအတွက် အချိန်ပြည့် အင်နှင့်အားနှင့်
ရှိနေသည်။ ကိုကိုကြီး အပြန်က ပြန်လာတိုင်း
တူလေးကျော်ကျော်နှင့် ခြံထဲမှာ မရှိဘဲ လယ်
ကွင်းရှိ တဲသို့ ရောက်နေတတ်သော မြမြအား
လူလွှတ်ခေါ်တတ်သော အကျင့်က အိမ်မှာ
မြမြမရှိတိုင်း ကိုကိုကြီးလုပ်နေကျ…
အိမ်မှ တဲသို့ ထော်လာဂျီမရှိလျှင် လှည်းနှင့်သွား
ခြင်းဖြစ်သည်။ အပြန်တွင်လည်း ထို့အတူပင်
ခြေကျင်ခရီးမသွားရန် ကိုကိုကြီးက တင်းကြပ်
စွာ တားမြစ်ထားသည်။ မမကြီးကတောင် မြမြ
တူလေးထိန်းရန် အကြောင်းပြပြီး အပြင်ထွက်
ရန် စလိုက်လျှင်…
“ညီမလေး ဘယ်သွားမလို့လဲ ညည်းကိုက်ိုကြီး
ပြန်လာလို့မတွေ့ရင် ပူညံပူညံ လုပ်နေဦးမယ်”
“အဲဒီကိုကိုကြီးကတော့ တကယ်ပါပဲ မမက
တောင် ဘာမှ မပြောဘဲ လွန်ကိုလွန်ပါတယ်”
“ဒါကတော့ ညီမလေးရယ် ညီမလေးက အပျို
ကြီးဖားဖားဖြစ်နေပြီမဟုတ်လား အပြင်လျှောက်
သွားနေလို့ မဖြစ်သင့်တဲ့သူတွေနဲ့တွေ့မှာ စိုး
ရိမ်လို့မေးရှာတာပေါ့၊ ကိုကိုကြီးကို အပြစ်
မမြင်ပါနဲ့”
သို့ပေမဲ့ အခုတလော ကိုကိုကြီး၏ အကြည့်များ
က တစ်မျိုးဖြစ်နေသည်ဟု မြမြစိတ်က ထင်
နေသည်။ စူးရှရှနှင့် စိုက်ကြည့်တတ်သော ကို
ကိုကြီး၏ အကြည့်ကို ခံလိုက်ရသော မြမြ
ရင်ခုန်လှိုက်မော ကျန်ခဲ့ရသည်မှာ ခဏခဏ၊
ကိုကိုကြီး၏ အကြည့်တို့ကို မခံနိုင်အောင် ရင်
ထဲမှာ မွန်းကျပ်မှုရှိခဲ့သည်။
ကိုကိုကြီးနှင့် မျက်လုံးချင်းမဆိုင်းဝံ့၊ကိုကိုကြီး
၏ အကြည့်ကြောင့် မြမြရင်ထဲမှာ တစ်မျိုးကြီး
ခံစားနေရသည်ကို သိသည်။ သို့ကြောင့် ကို
ကိုကြီး ပြန်လာချိန်နီးလျှင် အိမ်မှာမနေဝံ့၍
ခြံထဲဆင်းသည်။ လှည်းကြုံ ထော်လာဂျီကြုံ
ရှိလျှင် တဲအထိ လိုက်သွားမိသည်။
ထိုသို့ ထွက်သွားလျှင် ကိူကိုကြီးပြန်လာလို့
မတွေ့လျှင် လူလွှတ်ခေါ်ခိုင်းတတ်သည်။ ဤ
သို့ခေါ်ပြန်တော့ မငြင်းဆန်မိပဲ ကျိုးနွံစွာ ပြန်
ခဲ့ရသည်ပင်ဖြစ်သည်။ လိုက်ခေါ်၍ အပြင်က
ပြန်ရောက်ပြီဆိုလျှင်လည်း ကိုကိုကြီး၏
ကရုဏဒေါသစကားတို့ကို ကြားရသည်။
မမက အနီးအနားရှိချင်လည်း ရှိသည်။ မရှိချင်
လည်း မရှိတတ်။ ကိုကိုကြီး၏ အကြည့်နှင့်
ပင့်သက်ရှိုက်သံတို့ကို မခံယူနိုင်တော့၍ ယခူ
ကဲ့သို့ ထွက်ပြေးရခြင်းလည်း ဖြစ်ပါသည်။
ကိုကိုကြီး၏ တစ်ခုခုကို တမ်းတမျှော်လင့်
သော အကြည့်၊ နွမ်းလျသော မှိုင်းရီရီအကြည့်
များကလည်း မြမြအတွက် အသံမပါသော
နှလုံးသားကို ရိုက်ခတ်စေသည့် သကေတ်
များဖြစ်နေသည်။
ထိုသို့အဖြစ်မျိုးနှင့် ကြုံပါက မြမြနှလုံးသား
တဆတ်ဆတ်တုန်လာပြီး အားအင်တွေ ကုန်
ခန်းသွားသလို ခံစားကျန်ရစ်ခဲ့ရတော့သည်။
ကိုကိုကြီး၏ အဓိပ္ပါယ်ပါ အကြည့်တွေက
မြမြနှလုံးသားကို ချုပ်ကိုင်ရိုက်နှိုးသွားနိုင်ခဲ့ပြီ၊
မဖြစ်နိုင်သော လူမှုရေးတံတိုင်းခြားထားသည့်
မို့ ကိုကိုကြီးကလည်း ထို့ထက်ပိုပြီး အဆင့်
တိုးမလာခဲ့။
မြမြကလည်း ကိုကိုကြီးဘက်က ရှေ့ကို မတိုး
လာပါစေနှင့်ဟု အချိန်နှင့်အမျှ ဆုတောင်း
နေရသည်။ အကယ်၍များ ဖွင့်ပြောလာမည်
ဆိုပါက ခံစားချက်စေ့ဆော်မှုကြောင့် မဖြစ်
သင့်မှန်းသိပေမယ့် ခေါင်းညိတ်လိုက်မိမှာ
အစိုးရိမ်ဆုံးဖြစ်သည်။
သို့ကြောင့် ကိုကိုကြီးနှုတ်မှ ဘယ်သောအခါမှ
မဖွင့်ဟလာပါစေနှင့်ဟု ဆုတောင်းနေမိခြင်း
ဖြစ်သည်။ အချစ်ဆိုသည်က မဖြစ်ခင် မခံစား
မိခင်ကတော့ အကြောင်းမဟုတ်ပေမယ့် တစ်
ဦးတစ်ယောက်ကြောင့် ခံစားရမိပြီဆိုပါက
တားလို့မရ ဆီးလို့မနိုင် မရှုနိုင် မရှိုက်နိုင်အောင်
ကြေကွဲဝမ်းနည်းရပါသည်။
တနေ့ မမမြို့ထဲသို့ အိမ်အတွက် ဝယ်စရာများ
ရှိသဖြင့် တစ်အိမ်ကျော်မှ ဒေါ်လှနှင့် အတူ မနက်
ကတည်းက ထွက်သွားသည်။ အိမ်မှာ ကိုကို
ကြီးနှင့် တူလေးတို့ ကျန်ခဲ့သည်။ မြမြက ထုံး
စံအတိုင်း စားရေးသောက်ရေးအတွက် စီစဉ်နေ
သည်။ ထိုအချိန် ကိုကိုကြီးလည်း မီးဖိုထဲ
သို့ ရောက်လာသည်။
“မြမြ”
နောက်မှ…ခေါ်လိုက်သော ကိုကိုကြီးအသံကြောင့်
မြမြ ရင်ထဲ ထိတ်ခနဲ တုန်သွားသည်။
“ရှင် ကိုကိုကြီး”
“ဘာဟင်းချက်မှာလဲ”
“ပဲကုလားဟင်းချက်ထားလို့ မမကြီးမှာသွား
တယ် ပြီးမန်ကျည်းသီးတစ်ခွက်ထောင်းမယ်”
“ဟင်… ဒီနေ့ ထမင်းမြိန်တော့မှာပဲ…မြမြ”
“ရှင်”
“မြမြ…ကိုကိုကြီးကို ရှောင်နေတာလား”
“ဟို…ဟို…မဟုတ်ပါဘူး”
“မြမြ ကိုကိုကြီးကို မရှောင်ပါနဲ့၊ မကြောက်ပါနဲ့၊
မင်းမမ မရှိတုန်း ပြောစရာရှိတာ ပြောပါရစေ”
ထိုစကားကြောင့် မြမြ၏ ခြေဖျားလက်ဖျားများ
အေးစက်လာသည်။ မြမြလည်း မကြားချင်
သော စကားများ မပြောပါစေနှင့် ဟု ဆုတောင်း
ပေမယ့် မပြည့်ခဲ့ပါ။
“ကိုကိုကြီးအနေနဲ့ မပြောသင့်တဲ့ စကားမှန်းသိ
ပါတယ်၊ ဒါပေမယ့် မပြောရင်လည်း ကိုကိုကြီး
ခံစားနေရတာ ရင်ပွင့်ထွက်မတတ်ပါပဲ”
“မပြောပါနဲ့ ကိုကိုကြီးရယ် ကိုကိုကြီးပြောမယ့်
စကား မြမြသိပါတယ်၊ မြမြ မကြားပါရစေနဲ့”
“ကိုကိုကြီး ပြောမယ့်စကားက မြမြသိစေဖို့ပါ၊
မြမြဆီက ကိုကိုကြီး ဘာမှမတောင်းဆိုပါဘူး၊
ဘာအခွင့်အရေးမှလည်း မယူပါဘူး”
“အဲဒါဆိုလည်း ဘာမှ မပြောပါနဲ့လား”
“မပြောလို့ မဖြစ်ဘူး ညီမလေး မပြောရရင် ကို
ကိုကြီး ဒီတစ်သက်ခံစားရမယ် ဒုက္ခကို ဘယ်
လိုမှ သည်းမခံနိုင်တော့မှ မဟုတ်ဘူး…အဲဒီအ
ချိန်ကျရင် အမှားဆိုတာလည်း ဖြစ်လာနိုင်တယ်
ဒါကြောင့် ကိုကိုကြီးကို ပြောခွင့်ပြုပါ ညီမ
လေးရယ်၊ မြမြတို့ မမနဲ့ ကိုကိုကြီးက ချစ်လို့
ယူခဲ့ကြတာ မဟုတ်ပါဘူး၊
ညီမလေးတို့ရဲ့ ကြီးမေက သူ့သမီးအတွက် စိတ်
ချချင်လို့ ငါ့တူနဲ့ သဘောတူတယ်ဆိုပြီး ပြောလာ
တာနဲ့ အချစ်ဆိုတဲ့ ခံစားချက် မရှိပေမယ့် ကို
ကိုကြီးခေါင်းညိတ်ခဲ့တယ်၊ ဒါပေမယ့် လွန်ခဲ့တဲ့
တစ်နှစ်လောက်ကမှ ကိုကိုကြီး အချစ်ကို ရှာ
တွေ့ခဲ့တယ်၊ ကိုကိုကြီးရဲ့ နှလုံးသားကို ကိုင်လှုပ်
နိုင်တဲ့ ညီမလေးကို ကိုကိုကြီး ကြိတ်ပြီး ချစ်ခဲ့
တယ်၊ မျက်စေ့အောက်က အပျောက်မခံနိုင်
အောင် စွဲလန်းခဲ့တယ်၊
ညီမလေးက အစ်ကိုကြီးတစ်ယောက်လို ဆက်
ဆံလေလေ ကိုကိုကြီး ခံစားရလေလေပဲ၊ မဖြစ်
နိုင်မှန်းသိတဲ့ လူမှုရေး တံတိုင်းကြီးကို ကိုကို
ကြီး စောင့်ထိန်းနိုင်အောင် ကြိုးစားပေမယ့်
တစ်ရက်ပြီးတစ်ရက် ညီမလေးကို ချစ်တဲ့အ
ချစ်က လျော့မသွားဘဲ တမြည့်မြည့်ခံစားခဲ့ရ
တယ်။ အပြင်သွားရင် တခြားယောက်ျားလေး
တွေနဲ့ နီးစပ်မှာ ကြောက်တယ်၊
ဒါကြောင့် ညီမလေးအိမ်မှာ မရှိရင် လူလွှတ်ပြီး
ရှာတယ်။ လူလွှတ်စရာ မရှိရင် ကိုကိုကြီးကိုယ်
တိုင် လိုက်ရှာခဲ့တယ်၊ မဖြစ်သင့်မှန်းသိလို့ မျို
သိပ်နေခဲ့တယ်၊ ကိုကိုကြီးက ညီမလေးကို မ
မြင်ရမနေနိုင်အောင် ချစ်မိနေပေမယ့် သဘော
ထားကြီးလွန်းလှတဲ့ ညီမလေးတို့ရဲ့ အစ်မကို
ကိုကိုကြီးက ဘယ်လို အကြောင်းနဲ့ စွန့်လွှတ်
လို့ဖြစ်မလဲ၊
အခုဆို သံယောဇဉ်ထပ်တွယ်ရတဲ့ သားလေး
လဲ ရှိနေပြန်ဆိုတော့ ကိုကိုကြီးသာ အမှားလုပ်
ခဲ့ရင် ကိုကိုကြီးကို အားလုံးက လက်ညှိုးဝိုင်း
ထိုးကြလိမ့်မယ်၊ အခုလို ပြောလိုက်တော့ ညီ
မလေးကို စိတ်ဒုက္ခပေးသလို ဖြစ်သွားနိုင်တယ်
ဆိုတာလည်း ကိုကိုကြီးသိပါတယ်၊
ကိုယ်က ဖွင့်ပြောပြီး တစ်ဖက်လူရဲ့ ခံစားချက်
ကို မသိကျိုးကျွံပြုလို့ ပွဲသိမ်းလိုက်တဲ့ ကိုကို
ကြီးဘက်က မတရားတာ သိပါတယ်၊ ဒါပေမဲ့
ညီမလေးဆီက ကိုကိုကြီး ဘာမှ မျှော်လင့်ချက်
မထားပါဘူး၊ ညီမလေးကို စွဲစွဲလန်းလန်းချစ်
နေမိတဲ့ အချစ်ရူးကိုကို အခုလို ဖွင့်ပြောလိုက်
ရမှာ ရင်ထဲမှာရှိနေတဲ့ အစိုင်အခဲတွေ ပွင့်ထွက်
သွားမှာ မွန်းကြပ်နေတဲ့ ရင်ထဲပေါ့သွားမှာ
ဒါကြောင့် ကိုကိုကြီးကို ခွင့်လွှတ်ပါ ညီမလေး
ရယ်”
ကိုကိုကြီးက နောက်မှကပ်လျက် ရပ်နေပြီး တစ်
ဦးတည်း လိုရာ ဆွဲပြောသွားသည်။ မြမြဟု
အမြဲခေါ်နေရာက ညီမလေးချင်း ထပ်အောင်
ခေါ်ရင်း ပြောသွားသည်။ အခုပြောလိုက်တဲ့
အတွက် တဖက်သားတရှိုက်မက်မက်…လှိုက်
မောခံစားရမှာကို မျက်ကွယ်ပြုလိုက်လေသ
လားဟုပင် ကိုကိုကြီးရဲ့ ရင်ကိုထုပြီး ပြော
လိုက်ချင်ပါသည်။
မြမြလည်း ကိုကိုကြီး၏ စကားအဆုံး ရှိုက်ခနဲ
ငိုချလိုက်ပြီး အိမ်ထဲပြေးဝင်သွားသည်။ အိပ်
ရာပေါ်မှောက်ကာ ငိုနေလိုက်သည်။ မီးဖိုထဲမှာ
တော့ ပဲပြုတ်ထားသည့်အိုးက ပွက်ပွက်ဆူရင်း
ကျန်ခဲ့သည်။
xxxxxx
ပုထုဇဉ်လူသားဖြစ်သော မြမြမှာလည်း ခံစား
ချက်ရှိပါသည်။ ကိုကိုကြီး၏ အကြည့်တစ်
ချက်ခံလိုက်ရတိုင်း ရင်မှာလှိုက်ဖိုမောခဲ့ပြီး
ကြည်နူးမှုက အချစ်ခံစားမှုလားမသိ။
မသိမသာ ခံစားနေရသူကို ချစ်တယ်လို့ ဖွင့်
ပြောခံလိုက်ရပြန်သော်လည်း အချစ်အတွက်
အဖြေထုတ်နိုင်သော အခွင့်အရေး မရခဲ့ပါ။
ချစ်ပါသည်။ အဖြေပေးပါဟု တောင်းလာ
လျှင်လည်း ကြီးမားသော စွန့်စားမှုကြီး၊ စွန့်
လွှတ်နိုင်သော အချစ်ဟူသော အရသာကို
ခံစားနိုင်မည်ဖြစ်သည်။
ယခုတော့ ကိုကိုကြီးက ဖွင့်သာပြောသွားသည်
မတောင်းဆိုခဲ့၊ လက်နှင့်ပင် တို့ထိမသွား။ တ
ကယ်လို့များ ကိုကိုကြီးက မြမြကို အခွင့်သာ
တုန်း ရင်ခွင်ထဲ ဆွဲသွင်းပြီး ခံစားချက်တွေ
ဖွင့်ဟခဲ့ပါက တစ်ခါမှ မခံစားဖူးသော အထိ
အတွေ့၏ အင်အားကို ခံနိုင်လိမ့်မည်မဟုတ်။
ရင်ထဲမှ ခံစားချက်က အရာရာကို ရင်ဆိုင်မိသွား
ပေလိမ့်မည်။ ယခုတော့ အရှိန်နှင့် ပြေးနေသော
ကားကို ရုတ်တရက် ဘရိတ်နင်းလိုက်သည့်သ
ဖွယ် ဆောင့်၍ ရပ်သွားသလို…
မြမြလည်း ကိုကိုကြီး၏ဘရိတ်နင်းလိုက် သည့်
နှယ် စည်းအတွင်းက ထွက်မလာသဖြင့်…ပင့်
သက်တို့ ရှိုက်ရင်း ရင်ခုံမောဟိုက်ကျန်ခဲ့ရမှုကို
အိပ်ရာထဲ အရောက်မှာ မျက်ရည်များအဖြစ်
ပြောင်းလဲပစ်လိုက်သည်။
အားရပါးရ ငိုချလိုက်သည့်အတွက် စိတ်နည်း
နည်းပေါ့သွားမှ မီးဖိုထဲ ပြန်ဝင်ခဲ့သည်။ မီးဖို
ထဲမှာ ကိုကိုကြီး ပဲကုလားဟင်းချက်နေသည်။
မြမြဝင်လာတော့ ကိုကိုကြီး အပြင်ကို ထွက်
သွားသည်။ မြမြ ဟင်းကို မြည်းလိုက်သည်။
ထို့နောက် မန်ကျည်းသီးထောင်းရန် ပြင်ဆင်
နေလိုက်သည်။ အားလုံးကျက်ပြီမို့ မီးသတ်
ကာ အိပ်ရာထဲ ဝင်နေလိုက်သည်။
ကိုကိုကြီးလည်း တူလေးကျော်ကျော်အား အိမ်
ရှေ့မှာ စာပြနေသည်။ နေ့ဆယ်တစ်နာရီခန့်
မမကြီး ပြန်ရောက်လာသည်။ ဆယ့်နှစ်နာရီ
ခန့် မိသားစု စုံညီထမင်းစားကြသည်။ မြမြက
ခေါင်းကိုက်နေ၍ဟူသော အကြောင်းပြချက်
နှင့် အတူတူဝင်မစားခဲ့။
မြမြလည်း မျက်ရည်များကုန်ခန်းသည့်တိုင်
အိပ်ရာထဲမှာ ငိုနေမိပါသည်။ မချစ်တတ်သော
သူကို ချစ်တတ်အောင် ရှေ့ဆောင်ပြုခဲ့သူက
ခံစားမှုနယ်ပယ်ထဲမှာ ပစ်ထားခဲ့ပြီ။ သို့ကြောင့်
ပူလောင်လှသော အချစ်၏ဒဏ်ကို မြမြရင်နင့်
စွာ ခံစားရတော့သည်။
မြမြအနေနဲ့လည်း ငယ်စဉ်ကလေးဘဝတည်းက
မိဘမဲ့ခဲ့သူ အားကိုးရာမဲ့နေသူကို ဤအရွယ်
ထိရောက်အောင် ညီမလေးအရင်းသဖွယ် အချစ်
ပိုပြီး စောင့်ရှောက်ပေးခဲ့သူ မမကြီး၏ ကျေး
ဇူးတရားများကို စော်ကားသူမဖြစ်လိုပါ။
ကျေးဇူးရှိ၍ ကျေးစွပ်သည်ဟုလည်း အပြော
မခံချင်ပါ။ သို့ကြောင့် ဘယ်လိုမှ မဖြစ်နိုင်သည့်
ကိုကိုကြီးအပေါ် ခံစားရသည့်အချစ်ကို တတ်
နိုင်သမျှ ထိန်းသိမ်းသွားရန်သာ ဆုံးဖြတ်ချက်
ချမိရတော့သည်။
တစ်သက်မှတစ်ခါသာပွင့်သော အချစ်ပန်းကို
လှုပ်ခါပွင့်စေပြီးမှ မခူးရက် မခူးထိုက်သူအ
တွက် အလှကြည့်သော ပန်းသက်သက်ဖြစ်ခဲ့
ရပြီဟုသာ ကိုယ်ကိုကိုယ် အားပေးရတော့သည်။
အချစ်ခံဘဝဖြင့်သာ နေနိုင်သမျှ နေသွားနိုင်
အောင် မိမိကိုယ်ကို ထိန်းသိမ်းနိုင်ဖို့သာ ကြိုး
စားခဲ့ပြီး…ကိုကိုကြီးတို့မိသားစုကို အမြဲရှောင်
နေလို့ မဖြစ်သည့်အတွက် အပူရုပ်ကို ဟန်
လုပ်ပြီး နေထိုင်ခဲ့ရတော့သည်။
xxxxx
မျှော်လင့်မထားသော သတင်းဆိုးက မမတင်
ရီနှင့် တူလေးကျော်ကျော်တို့ဆီ ရောက်လာ
ခဲ့သည်။ မြေပဲနှင့် နှမ်း ပဲမျိုးစုံတို့ကို ပွဲရုံပို့ပြီး
ပြန်လာသော ကိုကိုကြီးတို့ကားနှင့် မျက်နှာ
ချင်းဆိုင်မှလာသောကားတို့ အရှိန်ပြင်းစွာ
ဝင်တိုက်မိပြီး…ကိုကိုကြီးနှင့်အတူ ကားမောင်း
သူပါ အသက်ဆုံးသွားကြောင်း သတင်းဆိုး
ရောက်လာသည်။
ကိုကိုကြီး လူ့လောကမှ ထွက်သွားပြီဖြစ်သည့်
အတွက် ခိုကိုးရာမဲ့သွားသော မမနှင့်တူလေး
တို့အတွက် အသနားပိုသွားခဲ့ရသည်။ မြမြ
လည်း ကိုကိုကြီးအတွက် စိတ်မကောင်းမှု
ဖြစ်ပေမယ့် အချုပ်က လွတ်သလို အချစ်၏
လှောင်ချိုင့်အတွင်းက လွတ်မြောက်သူတစ်
ယောက်ဖြစ်သွားပြီဆိုသည်ကို သိလိုက်သည်။
ကိုကိုကြီး၏ မျက်စေ့အောက်မှာ အချစ်ရဲ့
အကျဉ်းသားသဖွယ် ခံစားစရာမလိုတော့ဟု
စိတ်ကတွေးထင်မိခဲ့ပေမယ့် တကယ်တမ်း
ကိုကိုကြီးတစ်ယောက် လောကကြီးထဲက
အပြီးတိုင် ခွဲခွာသွားပြီဆိုတော့ မျက်ရည်များ
က ထိန်းမနိုင် ဆီးမရကျလို့ လာခဲ့ရပြန်တော့
သည်။ အချစ်ဦးတို့က်ို ပိုင်ဆိုင်ခွင့်မရခဲ့သော်
လည်း မိမိအနီး မျက်စိအောက်မှာ ရှိခဲ့နေသည့်
အတွက် စိတ်ကကျေနပ်နေခဲ့ရပါသည်။
ယခုတော့ မြမြဆန္ဒကြောင့်လား ကိုကိုကြီး၏
စွဲလန်းမှုကြောင့်လားမသိ သက်မဲ့ဝိညာဉ်က မ
မျှော်လင့်ဘဲ ရောက်လာသည်။ မြမြလည်း ကို
ကိုကြီးဝိညာဉ်ကို မြင်ပြီး ကြောက်လန့်ရမည့်
အစား သနားခြင်း၊ ကရုဏသက်ခြင်းတို့ကြောင့်
အနားက ထွက်သွားဖို့လည်း ပြောမထွက်ခဲ့။
ဘယ်ကဲ့သို့ လုပ်ရမည်မသိ၊ နေ့ခင်းဘက် မြင်
နေရ၍ ကြောက်လန့်ခြင်း မဖြစ်သည်က အ
ကြောင်းမဟုတ်သော်လည်း ညဘက်ရောက်
လျှင် ကိုကိုကြီးဝိညာဉ် မြမြ၏အနီးမှာ မ
ပျောက်ဘဲရှိနေပါက မြမြတွေးရင်းနှင့်ပင်
အကြောက်က ကြီးစိုးလို့လာသည်။တူလေး
က အနီးမှာ အိပ်မောကျနေသည်။
“မြမြရေ သားနားမှာ ထိုင်မနေနဲ့။ မမကို လာ
ကူဦး ညစာထမင်းဟင်း ချက်ကြစို့”
မမလှမ်းခေါ်လိုက်မှ အတွေးနယ်ချဲ့ရာက
အသိဝင်လာပြီး တူလေးအနားက ထလာခဲ့
သည်။ ထို့နောက် မီးဖိုအတွင်းသို့ ဝင်ကာ
ထမင်းဟင်းချက်ရာ မမကြီးကို ဝိုင်းကူညီ
လိုက်သည်။ ထိုအချိန် ကိုကိုကြီးက မီးဖိုခန်း
သို့ ဝင်လာပြီး လွတ်နေသော ထိုင်ခုံပေါ်မှာ
ထိုင်ပြီး မြမြလုပ်သမျှ လိုက်ကြည့်နေသည်။
ကိုကိုကြီး၏ ဖြူရော်ရော်မျက်နှာက ဇနီးဖြစ်
သူကို မကြည့်ဘဲ မြမြကိုသာ ကြည့်နေသဖြင့်
အယောင်ယောင်အမှားမှား ဖြစ်နေရသည်။
“ညီမလေး ဘာဖြစ်နေတာလဲ…”
“ဟို…ဟို…ဘာမှမဖြစ်ပါဘူး မမ”
“ဒါဆို မမကို ငါးခူကိုင်ပေးပါဦး၊ ငါးခူကို
ကြော်ပြီး မန်ကျည်းသီးနဲ့ ပြန်နှပ်ချက်ရအောင်”
မမကြီးခိုင်းတဲ့အတိုင်း ငါးခူကို ခြင်းထဲမှ ယူ
ထုတ်ကာ ငါးကို ကိုင်နေလိုက်သည်။
အလုပ်ထဲကို စိတ်နှစ်ထားပြီး ကိုကိုကြီးထိုင်
နေသည့်ဘက်သို့ လှည့်မကြည့်မိရန် ကြိုးစား
ရတော့သည်။ အားလုံးချက်ပြုတ်ပြီးတော့
ညစာကို ငါးနာရီခွဲခန့် စားဖြစ်သည်။
မြမြလည်း အားလုံးပြီးတော့ ဘုရားတပြီး
အိပ်ခန်းထဲသို့ ဝင်လာခဲ့သည်။ အခန်းထဲမှာ
ကိုကိုကြီးကို မတွေ့၊ ထို့ကြောင့် အိပ်ရာကို
ပြင်ဆင်ပြီး ကုတင်ပေါ် တုံးလုံးလှဲလိုက်သည်။
မကြာခင် အိပ်ပျော်သွားသည်။ ကုတင်သိမ့်ခနဲ
ဖြစ်သွားသည့်အတွက် နိုးလာကာ မျက်လုံးဖွင့်
ကြည့်လိုက်သည်။ကုတင်အလယ်မှာ ကိုကိုကြီး
ထိုင်နေသည်ကို တွေ့လိုက်သည်။
“ဟင်…ကိုကိုကြီး မြမြကြောက်လို့ မြမြအခန်း
ထဲကို ညဘက်မဝင်လာပါနဲ့နော်”
ကိုကိုကြီးက မျက်နှာမကောင်းစွာနှင့် စိုက်ကြည့်
နေသည်ကို တွေ့ရသည်။
“မြမြနဲ့ ကိုကိုကြီးတို့ ဘဝတွေခြားနေပြီ မဟုတ်
လား၊ မြမြကိုမေ့ပြီး ကိုကိုကြီးသွားမယ် ခရီး
သွားပါတော့”
“ကိုကိုကြီး ညီမလေးကို မခွဲနိုင်လို့ ပြန်လာတာပါ
ကိုကိုကြီးကို မနှင်ထုတ်ပါနဲ့”
“ဟင်…ကိုကိုကြီး စကားပြောနိုင်တယ်”
“ပြောလို့ရတာပေါ့ ညီမလေးရယ် ကိုကိုကြီး
ညီမလေးကို မခွဲနိုင်လို့…ကိုကိုကြီးအတွက်
အလှူလုပ်တဲ့အချိန် အမျှဝေတာကို သာဓု
မခေါ်ဘဲ နေခဲ့တာ”
“အဲဒီလိုတော့ မလုပ်ပါနဲ့ ကိုကိုကြီးမှာ မမနဲ့
သားလေးရှိတယ် မဟုတ်လား”
“ကိုကိုကြီးရဲ့စိတ်ထဲမှာတော့ အခုချိန်မှာ သူတို့
က တစိမ်းတွေလိုပဲ ခံစားမိတယ်၊ ညီမလေးကို
ပဲ ကိုကိုကြီးချစ်တယ် ကိုကိုကြီးကို ချစ်တယ်
လို့ ပြောပါလား”
ကိုကိုကြီး ပြောစကားအရဆိုလျှင် အသက်သေ
ဆုံးကာနီးစိတ်က မြမြဆီရောက်နေလို့သာ တွယ်
ရာမဲ့ ဝိညာဉ်လည်း နောက်ဆုံးစိတ်၏ စေညွှန်
ရာတို့ တွယ်ကပ်ရောက်ရှိလာခြင်းဖြစ်နိုင်သည်
ဟု မြမြစိတ်ထဲ တွေးထင်လိုက်သည်။ လေးငါး
နှစ်မျှ ပေါင်းသင်းခဲ့သော ဇနီးနှင့် မိမိသွေးသား
ရင်းကိုပင် တစိမ်းသဖွယ် ခံစားမှုကင်းမဲ့သွား
သည်ကလည်း ဘာကြောင့်ဟု မြမြအတွေးက
လိုက်မမှီနိုင်ခဲ့။
“ကိုကိုကြီး မြမြအနားမှာပဲ အမြဲနေမယ် မြမြ
ဘယ်သွားသွား လိုက်နေမယ်၊ မြမြရဲ့ ချစ်တယ်
ဆိုတဲ့အသံလေး ကြားချင်တယ်”
“မဖြစ်နိုင်ပါဘူး ကိုကိုကြီးရယ် ဘဝခြားနေပြီ
ဖြစ်တဲ့ ကိုကိုကြီးနဲ့ မြမြတို့က အတူနေလို့မှ
မဖြစ်နိုင်တော့တာ”
မြမြကသာ အတင်းအကျပ် မနှင်ထုတ်ပါနဲ့ ကို
ကိုကြီး မြမြကို ချစ်တယ် မြမြအနားမှာပဲ နေမယ်”
ထိုစကားသံများကို မြမြ၏နားမှ တရစပ်ကြား
နေရသဖြင့် အထိတ်တလန့်ဖြစ်ကာ….
“အား”
တစ်ဖက်အခန်းမှ မအိပ်ပျော်သေးသော မမက
တံခါးဝနား ထလာပြီး”
“ညီမလေးမြမြ…ညီမလေး…ဘာဖြစ်လို့လဲ”
“ဟင်း…မြမြ အိပ်နေရာက ကြောက်ပြီး အော်
လိုက်မိတာ အိပ်မက်ထဲမှာ ကိုကိုကြီးကို မြင်
လိုက္လို့”
“အော်…ညီမလေးရယ် သေသူကဖြင့် ဘယ်
ရောက်နေလဲ မသိဘူး၊ ညီမလေးရဲ့ ကိုကို
ကြီး အားလုံးကို သံယောဇဉ်ဖြတ်ပြီး ကောင်း
ရာမွန်ရာကို ထွက်သွားပြီး ဘာမှ ကိုကိုကြီး
အကြောင်း စဉ်းစားမနေနဲ့တော့ ဟုတ်လား
ပျော်အောင် အိပ်လိုက်”
“ဟုတ်ကဲ့ မမကြီး”
မမကတော့ ကိုကိုကြီး အဝေးရောက်သွားပြီ
ထင်နေတယ် ကိုကိုကြီးက မြမြအနားမှာပဲ ရှိ
တယ်ဆိုရင် ယုံပါ့မလား ဟု စိတ်ထဲက ပြော
လိုက်မိသည်။ မြမြလည်း အခန်းထဲ မျက်လုံး
ဝေ့ကြည့်လိုက်သည်။ ကုတင်ပေါ်မှာလည်း
ကိုကိုကြီးကို မတွေ့။ ထိုအခါကျမှ အိပ်မက်
မက်ပြီး ထအော်မိခြင်းဖြစ်ကြောင်း သိလိုက်
ရသည်။
မြမြကြောက်မည်စိုး၍ အိပ်မက်ထဲသို့သာ
ဝင်ရောက်ပြောဆိုခြင်းဖြစ်မည်ဟု တွေးထင်
လိုက်သည်။ ထို့နောက်တော့ အိပ်ပျော်ရန်
ကြိုးစားပြီး အိပ်လိုက်ရာ ခဏအတွင်းမှာပင်
ပြန်လည်အိပ်ပျော်သွားခဲ့သည်။
xxxxx
တင်တင်ရီနှင့် ဒေါ်လှတို့ စျေးခြင်းတစ်ယောက်
တစ်လုံးဆွဲ၍ မြို့သို့ မီးဖိုချောင်သုံးပစ္စည်းများ
ဝယ်ရန် တစ်ပတ်ကို နှစ်ခေါက်ခန့် ပုံမှန်သွား
သည်။ သူတို့ရွာကနေ မြို့သို့ ကားဖြင့် နာရီဝက်
ခန့် စီးသွားရသည်။ သို့ဖြင့် လမ်းတွင် မတင်
တင်ရီက ဒေါ်လှအား…
“မမလှကို ကျမရင်ထဲက မတင်မကျဖြစ်နေတဲ့
အကြောင်း ပြောပြတိုင်ပင်ချင်တယ်”
“ပြောပါအေ ပြောမယ့်ဟာ စကားဦး သန်းနေ
ရသေးတယ် ဘာအကြောင်းပြောမှာလဲ”
“အိမ်က ညီမလေးအကြောင်း”
ဒေါ်လှလည်း တင်တင်ရီက သူ၏ ညီမလေး
အကြောင်းပြောမည်ဆိုသဖြင့် စိတ်ဝင်စား
သွားသည်။ အပျိုမလေးတစ်ယောက် ဘယ်
ယောက်ျားသားနှင့် နီးစပ်နေ၍ ထိုယောက်ျား
လေးအကြောင်း စုံစမ်းခိုင်းမည်ဟု တွေးထင်
လိုက်သည်။
“ဒီလို မမလှရဲ့ ကျမညီမလေးက ခါတိုင်းဆို
သွက်သွက်လက်လက်နဲ့ အိမ်မှာ သူ့ခြေ သူ့
လက်ပဲ၊ အခု…သုံးလေးရက်အတွင်း ပြောင်း
လဲသွားတယ်၊ ဘာမှလုပ်ချင်စိတ် မရှိတော့
သလိုပဲ ခိုင်းမှထလုပ်တယ်၊ တစ်ယောက်တည်း
စကားပြောနေတာလည်း တွေ့ရတယ်၊ တစ်
ယောက်တည်းစကားပြောရင် ပြုံးတဲ့အခါ
ပြုံးနေပြီ ငိုတဲ့အခါလည်း ငိုနေပြန်ရော၊ မီး
ဖိုထဲမှာ ချက်ပြုတ်နေတဲ့အခါလည်း မျက်
လုံးက တစ်နေရာကိုပဲ ကြည့်ရင်း ခေါင်းခါ
ခေါင်းညိတ် လုပ်နေတတ်တယ်၊ ညညလည်း
မကြာမကြာ လန့်အော်တတ်သေးတယ်၊ ကျ
မရဲ့ ညီမလေးကို ရွာသူတွေများ ပြုစားထား
တာ ဖြစ်နိုင်မလားလို့ မေးကြည့်တာ”
“ညည်းစကားကြားလိုက်တော့ ညည်းရဲ့ညီမ
အပျိုလေး ရည်းစားရနေလို့ အဲဒီညီမအကြောင်း
စုံစမ်းခိုင်းမယ်ထင်နေတာ၊ အခု ညည်းပြောပုံ
အရဆိုရင် ပုံမှန်စိတ်မဟုတ်တော့တာတော့
သေချာတယ်၊ ဒီလိုလုပ်ပါလား..ရွာဦးကျောင်း
မှာနေတဲ့ ကပ္ပိယကြီးက ပယောဂလည်း နိုင်
တယ်။ ရွာသူလုပ်ထားတာလောက်တော့
ကပ္ပိယကြီးက အေးဆေးပဲ”
“ဒါဆို ညနေပိုင်း ရွာဦးကျောင်းကို လိုက်ခဲ့ပါလား”
“အေး…ငါက ဒီကိစ္စကို အလွန်မှ စိတ်ဝင်စား
တယ်၊ လိုက်ပေးမယ်။ ဒါနဲ့ ညည်းက အခု
အသက်သုံးဆယ်တောင် မရှိသေးဘူး၊ အိမ်
ထောင်ထပ်ပြုလိုက်ပါလား ငါကောင်းကောင်း
မွန်မွန် ယောက်ျားသားတစ်ယောက်ကို ရှာပေး
မယ်လေ ဒါမှမဟုတ် ညည်းရဲ့ညီမ နေကောင်း
သွားရင် သူ့အတွက် ငါရှာပေးမယ်”
“မမလှရယ် ကျမအပူမရှာချင်တော့ပါဘူး
သားလေးနဲ့ပဲ နေဖို့ ဆုံးဖြတ်ထားပြီးပြီ၊ ညီမ
လေးနေကောင်းရင် ညီမလေးအတွက် ဝိုင်း
စဉ်းစားကြတာပေါ့”
“ညည်းက အလိုမရှိဘူးဆိုမှတော့ မြမြအတွက်
ပဲ ငါစီစဉ်ပေးတော့မယ်၊ ဒါမျိုး သိပ်ဝါသနာ
ပါတာ ငါအောင်သွယ်လို့ရသွားကြတာ ဒီရွာမှာ
လက်ညှိုးထိုးမလွဲဘူး”
“ဟော…ကားလာပြီ”
ဒေါ်လှလည်း ကားကို လက်ပြတားလိုက်သည်။
xxxxx
ကပ္ပိယကြီး ဦးကောင်းစံက အိမ်ဦးခန်းမှာ အ
ခန့်သားထိုင်နေသည်။ ဦးကောင်းစံက ငယ်စဉ်
က တိုင်းရင်းသားဆေးပညာလိုက်စားခဲ့သလို
ပယောဂကုသနည်း၊ ပယောဂ တောသူ၊အမှောင့်
ပယောဂ စုန်းတိုက်နတ်တိုက် တို့ကို နိုင်နင်း
အောင် ကုသနိုင်သည်။
ဦးကောင်းစံ၏ ဆရာရင်းက စေတလုံးအောင်
စကြ်ာ ဆရာတင်ဖြစ်သည်။ ဘုန်းတော်ကြီး
ကျောင်းမှာ လာရောက်မနေထိုင်ခင်က ဆရာ
တင်၏ လက်ကတုံးတောင်ဝှေးအဖြစ် သွား
လေရာလိုက်ပြီး တပည့်ခံ ပညာသင်ခဲ့သည်။
ယခု ဘုရားရိပ် တရားရိပ် ခိုဝင်ကာ ညဘက်
ရောက်လျှင် တရား အမြဲထိုင်သည်။ ဦး
ကောင်းစံက တင်တင်ရီခေါ်လာသော မြမြကို
မြင်သည်နှင့်…
“ကဲလာ…ကလေးထိုင် ဘုရားကို ဦးသုံးကြိမ်
ချ ရှိခိုးလိုက်”
မြမြလည်း ဦးကောင်းစံခိုင်းသည့်အတိုင်း
ဦးသဲုးကြိမ်ချ၍ ရှိခိုးလိုက်သည်။
“ကဲ…ကလေးမကို အနှောင့်အယှက်ပေး တွယ်
ကပ်နေတဲ့ သက်ဆိုင်ရာ အစွဲရှင် လာရောက်ဖို့
ဆရာခွင့်ပြုတယ် အခု လာခဲ့”
ထိုသို့ ဆရာဦးကောင်းစံ ခေါ်လိုက်သည်နှင့်….
မြမြလည်း တကိုယ်လုံး တုန်ယင်လာတော့သည်။
“အစွဲရှင်…ရောက်ပြီလား”
“ရောက်ပါပြီ”
ထိုအသံသည် မြမြအသံမဟုတ်တော့။ ယော
က်ျားအသံဖြစ်သည်။
“အစွဲရှင်က ယောက်ျားဆိုတော့ နာမည်က
ဘယ်သူလဲ ဆရာ့ကို ပြောစမ်း”
“မျိုးနိုင်ပါ”
မျိုးနိုင်ဆိုသဖြင့် တင်တင်ရီနှင့် ဒေါ်လှတို့ မျက်
လုံးပြူးသွားသည်။
“မျိုးနိုင်ဆိုတာ တင်တင်ရီခင်ပွန်း မျိုးနိုင်
မဟုတ်လား”
“ဟုတ်ပါတယ်”
“ဘာကြောင့် မိန်းကလေးဘက်မှာ ပူးကပ်နှောင့်
ယှက်နေရတာလဲ၊ ဘာလဲ အိမ်မှ မိန်းမနဲ့သား
ကို စိတ္မခ်လို့လား”
“မဟုတ်ပါဘူး”
“အလုပ်တွေ စီးပွားရေးတွေကို နောက်ဆံတင်း
ပြီး စိတ်မချလို့လား”
“မဟုတ်ပါဘူး”
“ဒါဆို အားလုံး သိအောင်ပြောပြ”
“မြမြကို မခွဲနိုင်လို့ပါ”
“ဟို”
“ဟေ” “ဟင်” ”
အားလုံးက အခန်းထဲက အမျိုးသမီးများ မျက်
လုံးပြူးကုန်သည်။
“မင်းမှာ အိမ်ထောင်ရှိရက်နဲ့ မိန်းကလေးနဲ့
မကင်းရှင်းလို့လား”
“အဲဒီလို မဟုတ်ပါဘူး မြမြကို ချစ်တဲ့စိတ်သက်
သက်ပါ။ မသေခင်ကရော သေတဲ့အချိန်ရော
မြမြကို ချစ်တဲ့စိတ်ကြောင့် သံယောဇဉ်တွယ်
မိပြီး မြမြအနီးမှာ ခိုကပ်နေမိတာပါ”
“မင်းက ဘဝခြားနေပြီ အတူလာနေလို့
မရဘူး။ မင်းသွားရမယ့်ခရီးကို သွားရမှာ”
“ကျတော် သူ့အချစ်ကို မရသေးလို့ တွယ်မိနေ
တာပါ၊ သူက ချစ်တယ်ဆိုရင် ကျေကျေနပ်နပ်
နဲ့ သွားမှာပါ”
“ဒါများကွာ…ဘဝခြားလည်း မတူ၊ ဘာမှယူ
သွားလို့မရတဲ့ရုပ်နာမ်ပစ္စည်းတွေကို တပ်မက်
မှုဖြစ်ပေါ်နေသေးတယ်၊ တကယ်လို့ သူက
ချစ်တယ်ဆိုရင် မင်းသွားမယ့်ခရီးဖြောင့်
ဖြောင့် သွားမှာလား…ငါတို့အထက်ဆိုင်ရာ
ပိုင်ရာနဲ့ အတင်းအကျပ် နှင်ရမလား”
“နှင်စရာမလိုပါဘူး သူ ကျတော့်ကို ချစ်တယ်
ဆိုရင် သွားမှာပါ”
“အေး…မင်းဆန္ဒရှိရင် ဖြစ်ရစေမပေါ့…ဒါပေမဲ့
တစ်ခုတော့ရှိတယ်၊ မင်းကြားချင်တာ ကြားပြီး
ရင် ဘယ်သူ့ကိုမှလည်း မနှောင့်ယှက်ရဘူး၊
လက်ရှိဘဝထက် အဆင့်မြင့်တဲ့ ဘုံကိုရောက်
ဖို့ အလှူပေး အမျှဝေမယ်ဆိုရင် သာဓုခေါ်မှာလား”
“မြမြပါးစပ်က ပြောတာကြားပြီးရင် ဘယ်သူ
မှ မနှောင့်ယှက်ဘဲ သာဓုခေါ်ဖို့ စောင့်နေပါ့မယ်”
“လာလာချည်သေး၊ မိန်းမကို ရှေ့မှာထားပြီး
မင်းက မျက်နှာပြောင်တိုက်ချင်သေးတယ်
မင်းကြောင့် သူတို့ ညီမနှစ်ယောက်ခံစားရမှာ
မင်းသိဖို့ ကောင်းတယ်”
ထိုအခါ တင်တင်ရီက…
“နေပါစေအဘ ကျမဘယ်လိုမှ မခံစားရပါ
ဘူး၊ သူချစ်နေတာ ညီမလေးဆိုတာ သိလိုက်
ပါပြီ။ သူကြားချင်တာကို ညီမလေးကို ပြော
ခိုင်းပါ့မယ်”
“အင်း…လောကီကိစ္စ တယ်ရှုပ်ပေသကိုး
ကဲ…မင်းကြားချင်တာ ကြားရစေမယ်တဲ့
ဒါကြောင့် အစွဲကပ်နေရာက အခုခွာပေတော့”
ဦးကောင်းစံ စကားဆုံးသည်နှင့် မြမြခန္ဓာကိုယ်
မှာ တုန်ယင်လာကာ…
“ဟင်း”
သက်ပြင်းတစ်ချက်ချပြီး ခွေကျသွားသည်။
ဦးကောင်းစံက ရေမန်းနှင့် တစ်ချက်တောက်
လိုက်သည်။
“ကဲ ကြားတယ်မဟုတ်လား လုပ်ရမယ့်ကိစ္စ
သာ လုပ်ကြပေတော့၊ အဘ သွားပြီးရင် တင်
တင်ရီက မင်းရဲ့ညီမကို အိမ်လှေကားထိပ်မှာ
ရပ်ပြီး မျိုးနိုင်ကြားချင်တဲ့ စကားကို အသံ
ထွက်ပြီး ပြောခိုင်းလိုက်၊ ဒါဆို သူသွားရမယ့်
ခရီး ဖြောင့်ဖြောင့်သွားလိမ့်မယ်၊ မင်းတို့ဆန္ဒ
ရှိသေးရင် သူ့အတွက် ရည်စူးပြီး သံဃာသုံး
ပါးလောက် ဆွမ်းကပ်တရားနာပြီး အမျှဝေ
ပေးလိုက်ပါ”
“ဟုတ်ကဲ့ အဘ ဆွမ်းလည်း ဆပ်ကပ်လိုက်
ပါမယ်၊ ညီမလေးကိုလည်း အဘမှာတဲ့အတိုင်း
ပြောခိုင်းလိုက်ပါမယ်”
အဘကောင်းစံ ပြန်သွားပြီးနောက် မြမြသတိ
ရလာသည်။ တင်တင်ရီက အကျိုးအကြောင်း
ရှင်းပြသည်။
“မမ…မမ…ညီမလေးကို စိတ်ဆိုးသွားပြီလား”
“မဆိုးပါဘူး ညီမလေးရယ် ကိုကိုကြီး ညီမလေး
ကို သိပ်ချစ်ခဲ့တယ်လို့ သိလိုက်ရတဲ့အတွက်
ရုတ်တရက် အံ့သြမိတာက လွဲပြီး ဘာခံစား
ချက်မှ မထားပါဘူး…ကဲ အဘမှာတဲ့ အတိုင်း
လှေကားထိပ်မှာ ရပ်ပြီး သွားပြောလိုက်ပါ”
“ညီမက ဘာကိုပြောရမှာလဲ”
“ကိုကိုကြီးကို မြမြလည်းချစ်ခဲ့ပါတယ်”လို့
အသံထွက်ပြီး ပြောလိုက်”
“ညီမလေး မပြောပါရစေနဲ့”
“ညီမ မပြောလို့ မဖြစ်ဘူး၊ ညီမလေး အဲဒီစကား
မှ မပြောရင် ညီမအနားက ဘယ်တော့မှ ခွာမှာ
မဟုတ်ဘူးတဲ့ ညီမလေးလည်း သူ့ကို ချစ်ခဲ့မိ
တယ်မဟုတ်လား”
“တကယ်ပြောရမှာလား မမ”
ဒေါ်လှက မြမြအား
“ကဲ ကလေးမရေ အခုမှတော့ ဘာမှ ရှက်စရာ
မျက်နှာပူစရာမဟုတ်ဘူး ညည်းအစ်မ ပြော
ခိုင်းတဲ့အတိုင်းသား သွား ပြောလိုက်”
မြမြလည်း ကိုကိုကြီးဝိညာဉ်၏ စိတ်ကို နှိပ်စက်
ညှဉ်းပန်းမှုဒဏ်ကို ခံစားခဲ့ရပြီးပြီမို့ အနီးက
မြန်မြန်သွားစေချင်လှပြီ။
ထိုစကားတစ်ခွန်းပြောရုံနှင့် သွားတော့မည်
ဆိုတော့ စိတ်လက်ပေါ့ပါးစွာ ထလိုက်သည်။
“ကိုကိုကြီးရေ…ကိုကိုကြီးကို ညီမလေးကလည်း
တကယ်ချစ်ခဲ့ပါတယ် ကိုကိုကြီးသွားမယ့်ခရီး
ကိုသာ ဖြောင့်ဖြောင့်သွားပါတော့”
မြမြစကားဆုံးသည်နှင့် ဝန်းကျင်တဝိုက်
လေမတိုက်ပါဘဲ သစ်ရွက်များက လေတိုက်
သကဲ့သို့ လှုပ်ခါယမ်းသွားသည်ကို အားလုံး
တွေ့ရသည်။
“သံယောဇဉ်တစ္ဆေ”ကြီး မျိုးနိုင်တစ်ယောက်
လွတ်လပ်ရာသို့ ထွက်သွားပြီဟု အားလုံးမှတ်
ယူလိုက်တော့သည်။
ပြီးပါပြီ
မူရင်းရေးသူ ဆရာ ဧကန်မင်း
စာဖတ်သူကို ကူးယူဝေမျှသူ လက်ခ(ရွှေပေါက္ကံ)
credit
ဗိုက်ကြီးသည်အစိမ်းသရဲမနဲ့ မဖဲဝါ စာအုပ်မှ
ကောက်နုတ်တင်ပြထားသည်။
စာဖတ်သူများ ချစ်ရသူနဲ့ ညားနိုင်ကြပါဇေ