အကုသိုလ်၏နောက်တွင်

Posted on

အကုသိုလ်၏နောက်တွင်(စ/ဆုံး)

———————————–

ထွန်းဖေသည်ငယ်စဉ်ကတည်းကပင်သူနှင့်ရွယ်တူ တခြားကလေးတွေလိုဆော့သည်မရှိ… ရွာထဲတွင်လေးခွတစ်ခုဖြင့် ငှက်ပစ်သည်ပုတ်သင်ညို ပစ်သည် ငါးဖမ်းသည် စသည်တို့ကိုနေ့စဉ်နေ့တိုင်းလုပ်ကိုင်နေသူဖြစ်သည်။ ကျောင်းထားသော်လဲကျောင်းပြေးကာ တောစပ်တွင်ငှက်ပစ်.. လယ်ကွင်းထဲတွင်ငါးဖမ်းပြီးကျောင်းလွှတ်ချိန်ရောက်မှသာအိမ်ကိုပြန်လာလေ့ရှိသည်။ ဤသည်ကိုသူ၏မိဘများကသိသောအခါရိုက်နှက်ဆုံးမကြသည်…ထိုအခါထွန်းဖေမှာနောက်မဖြစ်စေရပါဘူးဟုငိုယိုပြောပြီးကျောင်းပြန်တက်သည်။ သို့ပေမဲ့ ၁ရက်၂ရက်ပြီးလျှင်ထွန်းဖေမှာအရင်လိုပင်ပြန်လုပ်လေ့ရှိသည်။ ထွန်းဖေကျောင်းပြေးသည့်အတွက်ထွန်းဖေ၏မိဘကိုဆရာ ဆရာမတွေခဏဏခေါ်ပြီးတိုင်တန်းလေ့ရှိသည်…ထွန်းဖေကြောင့့်သူ၏မိဘမျက်နှာပျက်ရသည်မှာအကြိမ်ခါမနည်းတော့ပေ။ ထို့ကြောင့်ထွန်းဖေ ၂တန်းနှစ်မှာပင်သူ၏မိဘကကျောင်းနှုတ်လိုက်ရတော့သည်။ထိုအချိန်မှစ၍ထွန်းဖေမှာကျောင်းမတက်ရတော့သဖြင့်လွတ်လပ်သွားပြီးသူ၏ဝါသနာအတိုင်းတိရစ္ဆာန်အသေးလေးများကိုသတ်ဖြတ်ခြင်းများလုပ်ဆောင်လေတော့သည်။

သည်လိုနှင့် တဖြည်းဖြည်းထွန်းဖေမှာအရွယ်ရောက်လာခဲ့ပြီးအသက်(၁၈)နှစ်ပင်ရှိပြီဖြစ်သည်။ ထွန်းဖေအရွယ်ရောက်လာသည်နှင့့်ငယ်ငယ်ကလိုငှက်ပစ် ငါးဖမ်း စသည့်အသေးစားတိရစ္ဆာန်တွေကိုသတ်ရသည်မှာမတင်းတိမ်တော့ပဲ ကြက်သတ်သည်…တစ်ခါတစ်ရံ၀က်သတ်ခိုင်းတဲ့သူရှိပါက ၀က်သတ်လာခဲ့သည်။
ထွန်းဖေအသက်(၁၉)နှစ်အရွယ်တွင်တစ်ရွာတည်းနေသူ တင်တင်လှနှင့်အိမ်ထောင်ကျ သွားတော့သည်။ အိမ်ထောင်ကျတော့လဲထွန်းဖေမှာတစ်ခြားအလုပ်လုပ်မပျော်…ထို့ကြောင့့်ကြက်သားရောင်းသည့်သူများထံတွင်ကြက်သတ်သည့်အလုပ်ကိုလုပ်ကိုင်ခဲ့သည်။

” ကိုထွန်းဖေရယ် တစ်ခြားအလုပ်လေးပြောင်းလုပ်ပါလား အခုဒီကြက်သတ်တဲ့အလုပ်ကအကုသိုလ်များလှပါတယ် ”

” မင်းအသာနေစမ်းပါ ငါတစ်ခြားအလုပ်မလုပ်နိုင်ဘူး အခုငါလုပ်တဲ့အလုပ်ကလူလဲမပင်ပန်းဘူး ငွေလဲရတယ်ကွ ”

တင်တင်လှမှာခင်ပွန်းဖြစ်သူကိုပြောမရသဖြင့့်ဆက်မပြောတော့ပဲ စိတ်မချမ်းမြေ့စွာသက်ပြင်းသာချနေမိသည်။
ထွန်းဖေသည်မနက်အစောကြီးထကာ ကြက်သားရောင်းသည့်ဒေါ်မစီဆီသို့သွားပြီး ကြက်သတ်ပေးသည်…တစ်ခါတစ်ရံမှာရွာထဲကလူများက၀က်ပေါ်ဖို့ထွန်းဖေကိုခေါ်လျှင်လဲ ထွန်းဖေမှာလက်မနှေးပဲပျော်ပျော်ကြီးသတ်ပေးတတ်သည်။ ဤသည်မှအစရ၍ထွန်းဖေသည်လက်ရဲလာကာ ၀က် နွားများပါသတ်ခိုင်းတဲ့သူရှိပါကသတ်လာခဲ့တော့သည်။ ထွန်းဖေ၏သတင်းကသူ၏ရွာတွင်သာမက အနီးနားရှိရွာများပါပျံ့ နှံ့နေပြီး တစ်ခြားရွာမှလဲ အမဲပေါ် ၀က်ပေါ်လိုလျှင်ထွန်းဖေကိုအခကြေးငွေပေးကာငှါးရမ်းကြတော့သည်။
ငယ်ငယ်ကတည်းကတိရစ္ဆာန်တွေကိုသတ်ဖြတ်တာဝါသနာပါသောထွန်းဖေအဖို့ ယခုအလုပ်မှာလူလဲမပင်ပန်း ငွေလဲလှိုင်သဖြင့်အကျေနပ်ကြီးကျေနပ်နေမိတော့သည်။

ထွန်းဖေသည်သားသတ်သည့်အလုပ်ကိုအသက်မွေး၀မ်းကျောင်းသဖွယ်လုပ်ကိုင်လာခဲ့သည်မှာ ယခုဆိုလျှင်ထွန်းဖေအသက်(၄၀)အရွယ်ပင်ရှိချေ ပြီ…သမီးလဲ(၂)ယောက်ထွန်းကားကာ သမီးအကြီးက(၁၈)နှစ်နှင့် သမီးအငယ်က(၁၅)နှစ်ရှိပြီး အပျိအရွယ်လေးများပင်ဖြစ်လာကြချေ ပြီ။ ထွန်းဖေ၏အလုပ်ကတော်ရုံတန်ရုံလူမလုပ်သည့်အကုသိုလ်အလုပ်ဖြစ်သောကြောင့်သူ့အတွက်အဆင်ပြေနေကာ သူ၏မိသားစုကိုချမ်းချမ်းသာသာဖြင့်ထားနိုင်သောအဆင့်သို့ရောက်လာခဲ့သည်… ထွန်းဖေသည်သမီး(၂)ယောက်ကိုလဲအရမ်းအလိုလိုက်သည် လိုလေသေးမရှိထားသည် လိုချင်တာ၀ယ်ပေးသည် သမီးစိတ်ချမ်းသာလျှင်ဘာမဆိုလုပ်မည့်အဖေပင်ဖြစ်သည်။
ထွန်းဖေသည်အကုသိုလ်လုပ်သည့်လူတစ်ယောက်ပီသစွာ ၀၀ ဗိုက်ဆွဲဆွဲ အသားမဲပြီးရုပ်ရည်မှာကြမ်းတမ်းနေသောကြောင့်ခလေးများကထွန်းဖေကိုမြင်လျှင်ကြောက်ပြီးပုန်းနေတတ်ကြသည်။
သည်နေ့လဲရွာထဲတွင်အမဲပေါ်ရန်ခေါ်ထားသဖြင့်ထွန်းဖေသွားရန်ပြင်ဆင်နေလေသည်။

” ကိုထွန်းဖေ ဘယ်သွားမလို့လဲ ”

” ကိုဘစိုးအမဲပေါ်ဖို့ခေါ်ထားလို့သွားမလို့ပါဟ ဘာကိစ္စရှိလို့လဲ ”

” ဟင်းး ”

တင်တင်လှသက်ပြင်းချလိုက်သည်။

” ဖြစ်နိုင်ရင်လေ သူများအသက်သတ်တဲ့အလုပ်ကိုစွန့်လွှတ်လိုက်ပါတော့လားကိုထွန်းဖေရယ် အခုဆိုရင်လိုလေသေးမရှိအောင်ပြည့်စုံနေပြီပဲ ရှင်လဲတစ်ဖြည်းဖြည်းနဲ့အသက်ကြီးလာပြီ ကုသိုလ်ကောင်းမှုလေးလုပ်ပါတော့လားရှင် ”

” ဘာကွ…ကုသိုလ်လုပ်ရမယ်ဟုတ်လား ငါဒီအလုပ်ကိုပိုက်ဆံရချင်ရုံသက်သက်လုပ်နေတယ်ထင်လို့လား ဝါသနာပါလို့လုပ်နေတာ တိရစ္ဆာန်တွေဆိုတာလဲငါတို့လိုသတ်တဲ့လူရှိမှမြန်မြန်သေမယ် မြန်မြန်သေတော့မြန်မြန်တိရစ္ဆာန်ဘ၀ကကျွတ်တာပေါ့ကွ”

” ရှင်တော့အယူမှားနေပြီ တိရစ္ဆာန်တွေဆိုတာလဲသူတို့ဘ၀နဲ့သူတို့ပျော်နေကြတာပဲ ဘယ်တိရစ္ဆာန်မှ ငါတိရစ္ဆာန်ဖြစ်နေလို့မြန်မြန်သေချင်တယ်ဆိုတာမရှိပါဘူး ”

” ဟာကွာမသိဘူး ငါ့ကိုတရားဆက်မဟောနဲ့တော့ ဒီအလုပ်ကိုသေတဲ့အထိငါလုပ်မှာ ”

ပြောပြီးတာနှင့်ထွန်းဖေထွက်သွားတော့သည်။
တင်တင်လှမှာဘယ်လိုမှပြောမရသည့် အကုသိုလ်အမှောင်ဖုံးလွှမ်းနေသည့် ခင်ပွန်းဖြစ်သူထွန်းဖေ၏နောက်ကျောကိုကြည့်ကာ သက်ပြင်းအခါခါချရင်းဂရုဏာသက်နေမိသည်။တင်တင်လှမှာသူကိုယ်တိုင်ကတော့တရားအလုပ်ကိုသာပျော်မွေ့နေပြီး ခင်ပွန်းဖြစ်သူနှင့်တံတားတစ်လမ်း သံတစ်လမ်းဖြစ်နေတော့သည်။

အမဲပေါ်ရန်ခေါ်ထားသောကိုဘစိုးအိမ်သို့ထွန်းဖေရောက်လာခဲ့သည်။ ကိုဘစိုးမှာသူ၏သူငယ်ချင်း(၄)ယောက်နှင့့်အရက်ဝိုင်းဖွဲ့သောက်ကာဇိမ်ကျနေလေသည်။

” ဟော ထွန်းဖေ ရောက်လာပြီလား…ဒီမှာလာထိုင်ကွာ တစ်ခွက်နှစ်ခွက်ချ ပြီးမှပဲအမဲပေါ်ကြတာပေါ့ ”

” အေးပါဗျာ ”

ထွန်းဖေလဲအရက်ဝိုင်းတွင်၀င်ထိုင်လိုက်သည်။

” မျက်နှာလဲမကောင်းဘူး ဘာဖြစ်တာလဲကွ ”

ကိုသာစီကအရက်ငှဲ့ထည့်ပေးရင်း မျက်နှာမှုန်သုန်သုန်ဖြစ်နေသောထွန်းဖေကိုကြည့်ပြီးပြောလိုက်သည်။

” မိန်းမနဲ့ကတောက်ကဆနဲနဲဖြစ်လာလို့ပါ ဘာမှမဖြစ်ပါဘူး ”

ပြောရင်း ငှဲ့ပေးသောအရက်တစ်ခွက်ကိုကုန်စင်အောင်ထွန်းဖေသောက်ချလိုက်သည်။

” ပြောပါအုံးဘယ်လိုဖြစ်ကြတာလဲ ”

” ငါ့ကိုဒီအလုပ်ကအကုသိုလ်များလို့ စွန့်လွှတ်ဖို့ပြောလို့ပါကွာ ငါကဒီအလုပ်ကိုကြိုက်လို့လုပ်တာ တစ်သက်လုံးမစွန့်လွှတ်နိုင်ဘူးကွ ”

” ကောင်းတယ် မင်းစိတ်ဓါတ်ကိုလေးစားတယ် မိန်းမတစ်ယောက်ရဲ့ပြောစကားကိုနားထောင်စရာလား ကိုကြိုက်တာကိုလုပ် သူလဲသူကြိုက်တာလုပ် ဒါပဲလေ ဟဲဟဲ ”

အတော်မူးနေပြီဖြစ်သောမိုးအောင်မှအာလေးလျှာလေးသံကြီးဖြင့်၀င်ပြောလိုက်သည်။

” ဒါပေါ့ကွ လုံ၀မစွန့်လွှတ်ဘူး ”

မိုးအောင်မြှောက်ပင့်ပြောဆိုမှုကိုထွန်းဖေသဘောကျ သွားသည်။
ထို့နောက်သူတို့လူတစ်စုအရက်ဆက်သောက်နေကြသည်။

” ကဲ…ဒီလောက်ဆိုတော်ပြီ အလုပ်ရှိသေးတယ် ပြီးမှဆက်သောက်ကြတာပေါ့ ”

ကိုဘစိုးပြောလိုက်မှသောက်လက်စကိုဖြတ်ထားလိုက်ပြီးအမဲပေါ်ရန်ပြင်တော့သည်။
ပေါ်မည့်နွားကိုသစ်ပင်ခွကြားတွင်ရုန်းမရအောင်ကြိုးဖြင့်သေချာချည်ထားလိုက်ပြီးနောက်ထွန်းဖေကသူနွားသတ်ရာတွင်သုံးသည့်သူ၏့သံတူကြီးကိုကိုင်ထားလိုက်တော့သည်။ နွားမှာထွန်းဖေကိုမြင်သည်နှင့်သားသတ်သမားဆိုတာသိပြီးသူ့အားသတ်တော့မည်ကိုသိနေသည့်အလားအတင်းရုန်းနေပြီးမျက်ရည်တွေပင်ကျလာကာပြာယာခက်နေတော့သည်။ ဤသည်ကိုထွန်းဖေဂရုမစိုက်ပဲ နွား၏ဦးခေါင်းရှိငယ်ထိပ်အားသံတူဖြင့့်အားရပါးရထုချလိုက်တော့သည်။ ထွန်းဖေ၏အားပါလှသောထုချက်ကြောင့့်နွားမှာနာကျင်စူးရှစွာတစ်ချက်မျှအော်ပြီးဆန့်ငင့်ဆန့်ငင်ခဏမျှ ဖြစ်ပြီးနောက်ငြိမ်သက်သွားတော့သည်။

” ငါ့ကောင်ကြီးကတော့တော်တယ်ကွာ တစ်ချက်တည်းနဲ့အပြီးပဲ ”

ထွန်းဖေသဘောကျစွာပြုံးလိုက်ပြီး သူ့ကိုမြှောက်ပင်ပြောဆိုမှုတွေကြောင့့်လဲသူ့ကိုယ်သူလဲဂုဏ်ယူနေမိသည်။
ထို့နောက်သူပါကူလုပ်ပေးလိုက်ပြီး ပြီးစီးမှအိမ်ကိုပြန်လာခဲ့လိုက်သည်။

သည်နေ့တော့ထွန်းဖေကိုအလုပ်ခေါ်မည့့်သူမရှိသဖြင့်အိမ်ထဲမှာတစ်နေကုန်နေပြီး ညနေစောင်းသောအခါပျင်းတာနှင့်အရက်သောက်ရန်အမြည်းအစုံကိုအိမ်ရှေ့ခန်းတွင်ပြင်ဆင်ထားလိုက်ပြီးအရက်သွားယူရန်ထသွားလိုက်သည်။ ထိုစဉ်ထွန်းဖေ၏အိမ်တွင်မွေးထားသော ကြောင်မလေးမိဖြူ သည်ဟင်းနံ့ရသဖြင့်ထွန်းဖေအရက်မြည်းရန်ပြင်ထားသောဟင်းပန်းကန်ဆီသို့သွားကာအားရပါးရစားနေတော့သည်။
ဤသည်ကိုအရက်သွားယူပြီးရှေ့သို့ပြန်ထွက်လာသောထွန်းဖေမြင်သွားပြီးဒေါသအကြီးကျယ်ထွက်သွားတော့သည်။

” တောက်…မင်းကငါစားဖို့ပြင်ထားတဲ့ဟင်းကိုမှခိုးစားတယ်ပေါ့…သေစမ်းဟာ ”

ထွန်းဖေစိတ်တိုစွာဖြင့်ကြောင်မလေးမိဖြူ ကိုဖမ်းကာနံရံသို့အားဖြင့်ပစ်ပေါက်လိုက်တော့သည်။ ကြောင်မလေးမိဖြူ မှာနံရံနှင့်အရှိန်ပြင်းစွာဆောင့်မိသွားသောကြောင့်ခေါင်းပေါက်သွားပြီး သွေးအလိမ်းလိမ်းဖြင့်နာကျင်မှုနဲ့အတူကျယ်လောင်စွာတညောင်ညောင်အော်မြည်ကာကြောက်လန့်တကြားထပြေးလိုက်ပြန်လဲကျ သွားလိုက်ဖြစ်နေတော့သည်။ ထိုစဉ်အပြင်မှပြန်လာသောတင်တင်လှမှာသွေးအလိမ်းလိမ်းဖြင့်သနားစဖွယ်နာကျင်စွာအော်နေသောကြောင်မလေးမိဖြူ ကိုတွေ့သွားပြီးရင်ထဲတွင်လှိုက်ခနဲ့၀မ်းနည်းသွားသည်။

” ကိုထွန်းဖေ မိဖြူ ကသွေးတွေနဲ့ဘာဖြစ်တာလဲ ”

” ငါလုပ်လိုက်တာ ”

” ရှင်ရက်စက်လှချ ည်လား မိဖြူ ကခလေးမွေးထားတာမကြာသေးဘူး သူသေရင်သူ့ရဲ့ခလေးတွေပါဒုက္ခရောက်ကုန်တော့မှာ ရှင့့်မှာမိစ္ဆာစိတ်အကုသိုလ်စိတ်အမှောင်တွေဖုံးလွှမ်းနေပြီဆိုတာရှင်သိရဲ့လား ”

” ဖုံးလွှမ်းတော့ဘာဖြစ်လဲ ငါကဘယ်သူ့ကိုဂရုစိုက်ရမှာလဲ မိဖြူ ကငါစားမဲ့ဟင်းကိုခိုးစားလို့ငါလုပ်လိုက်တာ သူသေသင့့်လို့ငါသတ်တာကွာဘာဖြစ်လဲ ”

” ရှင့်ရဲ့အကုသိုလ်တွေက ရှင့်ကို၀ဋ်ပြန်လည်စေမှာရှင်သိရဲ့လား ”

တင်တင်လှ၏စကားကထွန်းဖေ၏နားထဲတွင်ပဲ့တင်သံမြောက်များစွာနှင့်အကြိမ်ကြိမ်ပြန်လည်ကြားယောင်သွားသလိုရင်ထဲတွင်လဲဒိတ်ခနဲ့ဖြစ်သွားသလိုသူခံစားလိုက်ရသည်။

” ဟာ..မင်းဘာတွေလာပြောနေတာလဲ ”

ထိုစကားသံကိုထွန်းဖေစိတ်ထဲမှုထုတ်ပစ်လိုက်သည်။
ကြောင်မလေးမိဖြူ သည်သွေးအလိမ်းလိမ်းဖြင့် လဲကျလိုက်ပြန်ထလိုက်နှင့်သူ၏ခလေးတွေဆီအရောက်သွားပြီး မွေးထားသည်မှာရက်ပိုင်းမျှသာရှိသေးသောမျက်လုံးမပွင့်သေးသည့်သူ၏ခလေးတွေကိုဖက်ထားလိုက်သည်။ကြောင်ခလေးတွေမှာသူတို့၏အမေရဲ့အထိအတွေ့ အငွေ့သက်ကိုရသည်နှင့်သူ့ထက်ငါအပြိုင်တိုးကာနို့စို့နေကြပြီး ခဏအကြာတွင်ကြောင်မလေးမိဖြူ သေဆုံးသွားတော့သည်။
တင်တင်လှမှာကြောင်မလေးမိဖြူ သည် တိရစ္ဆာန်ပင်ဖြစ်သော်ငြားသားသမီးအပေါ်ထားသည့်မိခင်မေတ္တာကြီးမားလှပုံကိုကြည့်ရင်ထိတ်ထဲတွင်ထိန်းချုပ်ထားမနိုင်တော့ပဲ၀မ်းနည်းစွာငိုချလိုက်တော့သည်။ ကြောင်ခလေးတွေမှာသူတို့၏မိခင်သေဆုံးသွားသည်ကိုမသိပဲ မိခင်ရင်ခွင်ထဲသို့တိုးဝှေ့ကာနို့စို့နေမြဲပင်။
ထိုအခါထွန်းဖေရောက်လာပြီးနို့စို့နေသောကြောင်ခလေးတွေထံမှကြောင်မလေးမိဖြူ ကိုကောက်ယူလိုက်သည်။

” ရှင်ဘာလုပ်မလို့လဲ ”

” ကြောင်သားမစားရတာကြာပြီကွ ချက်စားမလို့ ”

ပြောပြီးတာနှင့်ထွန်းဖေနောက်ဖေးသို့ထွက်သွားပြီး ကြောင်မလေးမိဖြူ ကိုချက်ပြုတ်ရန်ပြင်ဆင်နေတော့သည်။မျက်လုံးမပွင့်သေးသော ကြောင်ခလေးတွေမှာသူ၏မိခင်မရှိတော့သဖြင့်ဟိုစမ်း ဒီစမ်းဖြစ်ကုန်ကြတော့သည်။ တင်တင်လှမှာတော့ကြောင်ခလေးတွေကိုဂရုဏာသက်စွာကြည့်ပြီးငိုနေရုံမှတပါးမတတ်နိုင်တော့ချေ။၊

” ညောင်..ညောင်…ညောင်..”

ကြောင်အော်သံကြောင့်ထွန်းဖေအိပ်နေရာမှနိုးသွားပြီးတော့သည်…ထိုစဉ်သူ၏အခန်းတွင်ကြောင်မလေးမိဖြူ သည်သူ့ကို့စူးစိုက်ပြီးကြည့်နေသည်ကိုရုတ်တရက်တွေ့သွားတော့သည်။

” အားးး…”

ထွန်းဖေလန့်အော်လိုက်မိသည်…ထွန်းဖေ၏အော်သံကြောင့်ဘေးတွင်အိပ်နေသောတင်တင်လှနိုးသွားတော့သည်။

” ဘာဖြစ်တာလဲကိုထွန်းဖေ ”

” ဟို…ဟိုမှာမိဖြူ …”

ထွန်းဖေညွှန်ပြရာသို့တင်တင်လှကြည့်လိုက်သည်..သို့သော်ဘာမှရှိမနေပေ။

” ဘာမှမရှိပါဘူး ရှင်အိမ်မက်နေတာနေမှာ ”

တင်တင်လှမှာအိမ်ချင်မူးတူးဖြင့်ပြောပြီးပြန်အိပ်ပျော်သွားတော့သည်။ ထွန်းဖေမှာမိဖြူ ကိုသူအသေအချာမြင်လိုက်ပြီးပြန်လည်ပျောက်ကွယ်သွားသည်ကိုသူစဉ်းစားမရဖြစ်နေသည်…ကြောင်မလေးမိဖြူ ကိုသူသတ်ခဲ့သည့်အတွက်သူ့ကိုမကျေနပ်လို့ပြန်လာတာလားဟုသောအတွေး၀င်လာတော့သည်…သူတိရစ္ဆာန်များစွာသတ်ဖူးသော်လဲယခုလိုမကြုံဖူးချေ။၊ ထို့နောက်တင်တင်လှပြောခဲ့သည့်စကားကိုလဲပြန်လည်ကြားယောင်လာပြီး စိတ်တွေလေးကာထွန်းဖေအိပ်၍မပျော်တော့ပေ။

သည်နေ့တော့တစ်ခြားရွာမှ၀က်သတ်ရန်ထွန်းဖေကိုလာခေါ်သဖြင့်စိတ်လေးနေပေမဲ့ထွန်းဖေလိုက်သွားလိုက်သည်။ထို့နောက်၀က်သတ်ပြီးသောအခါအိမ်သို့ထွန်းဖေပြန်အလာ လမ်းတွင်ကျောက်တုံးရှိနေသည်ကိုမမြင်ပဲခလုတ်တိုက်ကာမှောက်ရက်လဲသွားပြီးကျောက်တုံးနှင့်ခေါင်း၀င်ဆောင့်ကာခေါင်းအနဲငယ်ကွဲသွားတော့သည်။ သို့ပေမဲ့သည်လောက်ဒဏ်ရာကိုတော့ထွန်းဖေမမှု…ဆေးထည့်ရန်တင်တင်လှပြောသော်လဲခေါင်းမာကာဆေးမထည့်ပဲထားလိုက်သည်။ အနာမှာသေးသော်လဲဆေးမထည့်သည့်အတွက်အနာရင်းလာကာထွန်းဖေနေမကောင်းဖြစ်တော့သည်…ထိုအခါမှဆေးဆရာခေါ်ပြီးအနာကိုကုသသော်လဲမသက်သာ…သည်လိုနှင့်ရက်ကြာလေအဖျားမှာပိုကြီးလာခဲ့တော့သည်။ ထွန်းဖေသည်တင်တင်လှ၏၀ဋ်လည်မည်ဆိုသောစကားကိုနားထဲတွင်အမြဲတစေကြားနေပြီး သူသတ်ခဲ့သည့်တိရစ္ဆာန်တို့ကိုပြန်လည်မြင်ယောင်လာကာကြောင်မလေးမိဖြူ ၏အဖြစ်ကိုလဲမျက်လုံးထဲကမထွက်အမြဲတစေမြင်ယောင်နေတော့သည်။
ထွန်းဖေအိပ်မောကျနေသည်…ထိုစဉ်သူ၏အခန်းထဲသို့အရပ်အမြင့်ကြီးနှင့်ကိုယ်ထည်မှာလဲသာမန်လူတို့(၂)ဆစာအရွယ်အစားရှိသော အသားမဲပြောင်နေသောလူသန်ကြီး(၂)ဦးသူ့ထံသို့ရောက်လာခဲ့သည်။

” ခင်ဗျားတို့ဘယ်သူတွေလဲ ဘာလို့ငါ့အခန်းထဲ၀င်လာတာလဲ ”

ထိုလူ(၂)ဦးမှာဘာမှပြန်မပြောပဲထွန်းဖေကိုအိပ်ရာထဲမှအတင်းဆွဲထတော့သည်။

” အားး…မိန်းမငါ့ကိုကယ်ပါအုံး ”

ထွန်းဖေအသံကြောင့်ထွန်းဖေအနားတွင်ထိုင်စောင့်နေရာမှမှေးခနဲ့အိပ်ပျော်သွားသောတင်တင်လှနိုးသွားသည်။

” ကိုထွန်းဖေ ဘာဖြစ်လို့လဲ ”

” အီး..ဟီ..ငါ့ကိုအကောင်အကြီးကြီးနဲ့လူမဲကြီး(၂)ယောက်အတင်လာဆွဲထနေလို့ အီး..ဟီး”

တင်တင်လှမှာအခန်းထဲတွင်သူနှင့်ထွန်းဖေသာလွဲ၍မည်သူမျှရှိမနေသဖြင့်ထွန်းဖေအိမ်မက်ပြီးယောင်နေတာဖြစ်မည်ဟုထင်သွားသည်။

” ဘာမှမရှိပါဘူး..ပြန်အိပ်လိုက်နော် ကျမဘုရားစာရွတ်ပေးမယ် ”

တင်တင်လှမှာထွန်းဖေအနားတွင်ဘုရားစာထိုင်ပြီးရွတ်ပေးနေလိုက်သည်။

နောက်တစ်နေ့တွင်

” ဟင်း…ဟင်း…ဟင်း…”

အဖျားဒဏ်ကိုခံမနိုင်တော့သည့်အဆုံးထွန်းဖေညည်းညူ နေသည်။ သူ၏မျက်လုံးထဲတွင်လဲသူသတ်ခဲ့သည့်တိရစ္ဆာန်များ၏နာကျင်စွာအော်နေပုံကိုပြန်လည်မြင်ယောင်လာကာသူညည်းနေရင်းနှင့်ပင်သူ၏အသံမှာလူအသံမဟုတ်တော့ပဲ၀က်အသံဖြစ်လိုက်နွားအသံဖြစ်လိုက်နှင့်တိရစ္ဆာန်အသံဖြစ်သွားတော့သည်။သူ့အသံပြောင်းလဲသွားသည့်အတွက်ထွန်းဖေထိန့်လန့်သွားပြီးရုတ်တရက်မတ်တပ်ထရပ်လိုက်ရာ လူတစ်ယောက်မတ်တပ်ရပ်သလိုမဟုတ်တော့ပဲတိရစ္ဆာန်တစ်ကောင်မတ်တပ်ရပ်သလိုလေးဘက်ထောက်ဖြစ်သွားတော့သည်။ ထိုအခါထွန်းဖေပိုလို့ကြောက်လန့်သွားပြီးအော်ကာလေးဘက်ထောက်လျှက်အခန်းပြင်သို့ပြေးထွက်လာတော့သည်။
ထွန်းဖေထိုသို့ဖြစ်နေပုံကိုသူ၏သမီးအကြီးကမြင်သွားပြီ

” အမေလာပါအုံး အဖေဘာဖြစ်နေလဲမသိဘူး”

မီးဖိုခန်းတွင်ထမင်းချက်နေသောတင်တင်လှနှင့်သမီးငယ်မှာ အကြီးမ၏ခေါ်သံကြောင့်အိမ်ရှေ့သို့ထွက်လာသောအခါ တိရစ္ဆာန်တစ်ကောင်၏အသံနှင့်လေးဘက်ထောက်ရက်ဖြစ်နေသောထွန်းဖေကိုမြင်သွားပြီးအံ့ဩသွားတော့သည်။ တင်တင်လှသိလိုက်ပြီ ထွန်းဖေပြု ခဲ့သောအကုသိုလ်အကျိုးကိုဘ၀မကူးခင်ကတည်းကထွန်းဖေခံစားနေရချေ ပြီ။ ထွန်းဖေကိုဂရုဏာသက်စွာကြည့်ပြီးတင်တင်လှမှာ မျက်ရည်ကျရပြန်တော့သည်။ ထို့နောက်ထွန်းဖေကိုသမီးတွေကိုကူသယ်ခိုင်းကာအိပ်ယာပေါ်၌ပြန်လည်အိပ်စက်စေလိုက်သည်။
ထွန်းဖေမှာနေ့ရောညပါတိရစ္ဆာန်အသံကြီးနှင့်လေးဘက်ထောက်ကာစူးစူးဝါးဝါးအော်ပြီးအိမ်ထဲတွင်ပတ်ပြေးနေတတ်သည်။ ဤသည်ကိုအိမ်နီးချင်းများကသိရှိသွားပြီးတစ်ရွာလုံးပျံ့နှံ့သွားကာ သားသတ်သမားထွန်းဖေ၀ဋ်လည်နေပြီဆိုတဲ့သတင်းပါပျံ့ သွားတော့သည်။
ထွန်းဖေအကြောင်းကိုရွာထဲတွင်ပြောများနေသည့်အတွက်အပျိုအရွယ်ထွန်းဖေ၏သမီး(၂)ယောက်မှာစိတ်လည်းတို ရှက်လည်းရှက်ဖြစ်နေတော့သည်။ ထို့ကြောင့်ထွန်းဖေ၏အော်သံအပြင်သို့မထွက်စေရန်ထွန်းဖေကိုအခန်းထဲတွင်ပိတ်လှောင်ထားလိုက်ကြသည်…မိခင်ဖြစ်သူတင်တင်လှတားသော်လည်းမရချေ။
ထွန်းဖေအားထမင်းကျွေးရန်တင်တင်လှအခန်းထဲ သို့၀င်လာခဲ့သည်…ထွန်းဖေမှာ အော်ဟစ်သောင်းကျန်းမနေတော့ပဲ မျက်လုံးကြီးပြူ းကာအသက်လုနေလေပြီ…သူ၏နောက်ဆုံးအချိန်ကိုရောက်တော့မည်ဖြစ်သည်။
ထိုအခါတင်တင်လှပျာယာခတ်သွားပြီးထွန်းဖေအနားသို့အပြေးသွားကာပွေ့ထားလိုက်တော့ သည်။ ထိုအချိန်တွင်သူတစ်ခါတွေ့ခဲ့သည့်လူမည်း ကြီး(၂)ဦးရောက်လာခဲ့ပြီးထွန်းဖေကိုအတင်း ဆွဲခေါ်တော့သည်.ထွန်းဖေမှာဝူးဝူးဝါးဝါးဗလုံးဗထွေး ဖြင့်အားရှိသလောက်အော်ဟစ်ရုန်းကန်တော့သည်…တင်တင်လှလည်း ထွန်းဖေနောက်ဆုံးအချိန်ရောက်နေသည်ကိုသိသောကြောင့် ရသမျှ ဘုရားစာကိုထွန်းဖေကြားအောင်ကျယ်ကျယ်အော်ရွတ်ပေးနေလိုက်သည်။ လူမည်းကြီးမှာ ထွန်းဖေ ကိုအတင်းဆွဲထူလိုက်သည်နှင့် ထွန်းဖေပါသွားတော့သည်…လူမည်းကြီး၏လက်ထဲပါသွားသည်မှာထွန်းဖေ၏ဝိညာဉ်သာဖြစ်ပြီး ထွန်းဖေ၏ ခန္ဓာကိုယ်မှာတော့မျက်လုံးပြူ းကာရုပ်ပျက်ဆင်းပျက်သေဆုံးနေလေပြီဖြစ်သည်။ ထိုလူမည်းကြီး(၂)ဦး သည် ထွန်းဖေကိုငရဲပြည်သို့ခေါ်ဆောင်သွားခြင်း ပင်ဖြစ်သည်။ ထွန်းဖေအရမ်းတုန်လှုပ်နေသည်…သူ့ကိုခေါ်လာသည့်ဘေးပတ်ပတ်လည်တွင် ကယ်ပါယူပါဟုနာကျင်စွာအော်နေကြသောငရဲကျခံနေသည့်လူအများကိုတွေ့လိုက်ရသောကြောင့်ပင်ဖြစ်သည်။ ငရဲကျခံနေရသည့့်ငရဲသားများသည်ဆူးပင်ကိုသွေးသံတရဲရဲဖြင့်အလုအယက်တက်နေကြသည်..အောက်တွင်တော့အကောင်အကြီးကြီးတွေနှင့်ပါးကွက်သားများ ငရဲခွေးနက်ကြီးများကစောင့်နေကြသည်။ တချို့က ပြာပူပေါ်တွင်မတ်တပ်ရပ်နေကြပြီးပြာအပူရှိန်ပြင်းသောကြောင့်ထိုငရဲသားများသည် ပေါက်ပေါက်လှော်သလိုတဖြောက်ဖြောက်ပေါက်ထွက်ကာတစ်စစီဖြစ်ပြီးသေဆုံးသွားကြသည်..သို့ပေမယ့် တစ်ဖန်ပြန်ရှင်လာပြီးထိုသို့သာပြန်ဖြစ်ကြပြန်ကုန်သည်။ ထွန်းဖေသွေားပျက်ကြောက်လန့်နေပြီးလူမည်းကြီးခေါ်ရာနောက်သာကုတ်ကုတ်ကလေးလိုက်လာခဲ့ရသည်။ ထို့နောက်အလျှံတပြောင်ပြောင်တောက်လောင်နေသောသံမြေပြင်၌ကိုယ်ထက်၀က်သည်မြုပ်နေပြီး မလှုပ်ရှားနိုင်ပဲထန်းပင်ပမာမတ်တပ်ရပ်နေကြသောပြည့့်နှက်နေသောငရဲသားများကို အရပ်လေးမျက်နှာမှအလျှံတပြောင်ပြောင်တောက်လောင်နေသောငရဲတောင်ကြီးသည်မြည်ဟီးလျှက်ထိုငရဲသားတို့ကိုသံဒလိမ့်တုံးကြီးပမာရက်စက်စွာကြိတ်သွားကြသည့်ငရဲသို့ထွန်းဖေရောက်သွားတော့သည်။ ထိုငရဲကိုသံဃာတငရဲဟုခေါ်ပြီးသူ့အသက်ကိုသတ်ဖြတ်ခြင်းစသောမကောင်းမှုအကုသိုလ်ဒုစရိုက်တို့ကိုပြု လုပ်သောသူများကျရောက်သောငရဲပင်ဖြစ်သည်။ ထွန်းဖေသည်သူများအသက်ကိုသတ်ဖြတ်သောသူဖြစ်သည့်အတွက်ထိုသံဃာတငရဲသို့ကျရောက်သွားပြီးသူ၏အကုသိုလ်အပြစ်ကျေသည် အထိထိုငရဲတွင်ငရဲသားအဖြစ်ငရဲကျခံပြီးနေနေရတော့မည်ဖြစ်ပေတော့သည်….။

ပြီးပါပြီ

 

#credit_နေဇင်မင်းသော်