အသိုက်အမြုံအနှောင်အဖွဲ့(စ/ဆုံး)
———————————–
“နှစ်ကျပ်ကောင်လေး”
“ဗျာ သုံးကျပ်တောင်မရဘူးလားခင်ဗျ”
“နင့်ဟာက တစ်ဗူးမှမပြည့်တာကို”
“ဟုတ် တစ်ဗူးတော့မပြည့်ဘူးလေအန်တီ တစ်ဗူးပြည့်ရင်ငါးကျပ်လေ အခုဟာကနို့ဆီဗူးရဲ့သုံးပုံနှစ်ပုံတောင်မကဘူးလေ ပြည့်ဖို့လက်တစ်လုံးလောက်လေးပဲလိုတာ သုံးကျပ်တော့ပေးပါခင်ဗျာ ဒါမှကျနော်ညီကိုဗွီဒီယိုနဲ့တီဗွီကြည့်ဖို့ရမှာမလို့ပါ”
အသက်ဆယ်နှစ်ဝန်းကျင်ရှိ လူငယ်လေးတစ်ယောက်ပဲစိမ်းငုံစေ့လာရောင်းနေခြင်းဖြစ်လေသည်။ သူဟာထိုပဲစိမ်းငုံစေ့လေးတွေကို တောထဲလှည်းလမ်းတစ်လျှောက်မှာ ကျောပူခံပြီးတစ်စေ့ချင်းလိုက်ကောက်လာခြင်းဖြစ်လေသည်။
ထိုသို့ကောက်ပြီး ရွာထဲရှိအန်တီမြင့်ဟုအမည်ရသော အပျိုကြီးတစ်ဦးရဲ့ကုန်စုံဆိုင်မှာလာရောက်ရောင်းချနေခြင်းဖြစ်လေသည်။ ကောင်လေး၏အမည်က ခွန်နောင်ဟုဖြစ်လေသည်။
ရွာထဲလာရောက်ရောင်းချသည်ဆိုတော့ သူကရွာထဲကမဟုတ်ဘူးလားရယ်လို့မေးစရာရှိလေသော်မှန်ပါ၏။ သူဟာရွာထဲကမဟုတ်လေပဲ ရွာ့အပြင်ဘက်ရှိ ရွာသုံးရာအလယ်ဗဟိုနေရာတွင်တည်ရှိသောခြံကြီးအတွင်းကဖြစ်လေသည်။
သူတို့ဟုပဲဆိုကြပါစို့။ သူတို့ဟာ မွေးချင်းစုစုပေါင်းဆယ့်သုံးယောက်ဖြစ်လေသည်။ သူတို့မိခင်ကရှမ်းအမျိုးသမီးဖြစ်ပြီး ဖခင်ကဗမာအမျိုးသားရယ်ပါ။ ဒီတော့ သူတို့ညီကိုတွေကရှမ်းဘုတ်(ရှမ်းပဲပုပ်)လေးတွေဖြစ်လေသည်။
“အစ်ကို သုံးကျပ်ရခဲ့တယ် ညကြဇာတ်ကားကြမ်းရင်သွားကြည့်ရအောင်နော်”
“အေး အေး ဘယ်ဆီသွားကောက်လာတာလဲ”
“ဟိုးးးအရှေ့တောင်ခြေကနေပြန်တဲ့လှည်းလမ်းအိုကြီးမှာသွားကောက်လာတာအစ်ကို အဲ့ဒီလမ်းကခြုံဘုတ်၊ဆူးပင်တွေပေါတော့ ပဲစိမ်းငုံ့တွေကြွေကျတယ်လေ”
“အေးပါ သုံးကျပ်ဆိုတော့ နို့ဆီဗူးတစ်ဝက်လာခွန်နောင်”
“ဟင့်အင်း မဟုတ်ဘူးအစ်ကို ပြည့်ဖို့လက်တစ်လုံးလောက်ပဲလိုတာပါ”
“ဟ အဲ့ဒါမှသုံးကျပ်ပဲပေးတာလား”
“ဟုတ်တယ်အစ်ကို ဒါတောင်သူကနှစ်ကျပ်တည်းပဲပေးလို့ ကျနော်မနည်းတောင်းလာခဲ့ရတာသုံးကျပ်ရအောင်”
“ဘယ်ဆိုင်လဲညီ”
“အန်တီမြင့်ဆိုင်ပါအစ်ကို”
“တောက်”
အစ်ကိုဖြစ်သူတောက်ခေါက်လိုက်မိလေသည်။ စျေးဆိုင်အချို့က သူတို့ကိုလူဆင်းရဲ၊မျက်နှာမွဲတွေဆိုပြီး သူတို့ပေးသလောက်ယူဆိုသည့်သဘောဖြင့် တမင်စျေးနှိမ်ဝယ်ယူခြင်းကြောင့်ရယ်ပါ။
“အေးညီ နောက်ဆိုအဲ့ဒီဆိုင်မရောင်းနဲ့ အန်တီညို့ဆိုင်သွားရောင်း ညီအခုရောင်းခဲ့သလောက်ဆိုရင် သူမပေးဘူးဆိုရင်တောင် အနည်းဆုံးလေးကျပ်တော့ကျိန်းသေပေါက်ပေးတယ်”
“ဟုတ်ကဲ့အစ်ကို နောက်ရက်တွေကြရင် အစ်ကိုပြောတဲ့ဆိုင်သွားရောင်းပါ့မယ်”
ထိုသို့ဖြင့် ညရောက်တော့ ညီကိုနှစ်ယောက်ရွာထဲမှလော်စပီကာကြီးဖြင့် Videoဇာတ်ကားကြေငြာသည်ကို ရင်တမမဖြင့်နားထောင်နေခဲ့လေသည်။
“ဟော ဟောကိုစိုင်း သီဟတင်စိုးတော်လှန်ရေးကားတဲ့ဗျ အရမ်းကြိုက်တယ်သွားကြည့်မယ်”
“အေးအေးညီ သွားကြည့်မယ်လေ”
ထိုသို့ဖြင့်ညီကိုနှစ်ယောက် လက်နှိပ်မီးမပါဘာမပါဖြင့်အမှောင်ထုအောက်ကနေတက်ကြွသောခြေလှမ်းတို့ဖြင့် ရွာထဲမှဗွီဒီယိုရုံရှိရာသို့ခြေတက်ခဲ့ကြလေသည်။ ဗွီဒီယိုရုံဝင်ခက တစ်ယောက်တစ်ကျပ်ဖြစ်၍ ခွန်နောင့်ထံတစ်ကျပ်ပိုသေးလေသည်။
ညီကိုနှစ်ယောက်ဟာ ဗွီဒီယိုရုံတွင် ဦးသီဟတင်စိုးနှင့်မဇင်မာဦးတို့ရဲ့ သဘာဝကျကျရိုက်ကူးထားသောတော်လှန်ရေးဇာတ်ကားကြီးကို ထမင်းမေ့၊ဟင်းမေ့ကြည့်ရှိကြလေသည်။
ဇာတ်ကားထဲတွင် မင်းသားခံရလျှင်ကြည့်ရှုသူတို့စိတ်မချမ်းမမြေ့ဖြစ်ကြရပြီး မင်းသားနိုင်သည့်အခါမှာတော့ အားလုံးလက်ခုပ်လက်ဝါးတီးအားပေးကြလေသည်။ အချို့ဆိုတရွှီရွှီလက်ခေါက်တွေပင်မှုတ်လို့ အားပေးကြမ်းပုံရယ်ပါ။
ထိုသို့ဖြင့် တော်လှန်ကားကြီးအဆုံးသတ်ကာ လွတ်လပ်ရေးရပြီးသော် နောက်ထပ်တီဗွီမှလာသောဝူခုန်း(မျောက်ကား)ဆက်လက်ကြည့်ရှုရန်အတွက် တီဗွီရုံရှိရာသို့ထပ်ဆင့်ခြေတက်ခဲ့ကြပါလေသည်။
သူတို့ဟာဗွီဒီယိုပြီးမှ တီဗွီရုံသို့လာခြင်းရယ်ပါ။ ဒါတောင် မျောက်ကားကမလာသေးလို့ ထိုင်စောင့်ကြရသေးလေသည်။ တီဗွီရုံက တစ်ယောက်ငါးမူး(ပြားငါးဆယ်)ဆိုတော့ နေ့ခင်းကပဲစိမ်းငုံရောင်းထားသောသုံးချက်ကွက်တိကုန်ဆုံးရလေသည်။
တကယ်ဆိုထိုသုံးကျပ်ဟာ ခွန်နောင်တစ်ယောက်တည်း နေပူခံပြီး လမ်းပေါ်ပဲစိမ်းငုံစေ့လိုက်ကောက်ထားခြင်းဖြစ်လေသည်။ သို့သော် ခွန်နောင်ကသူ့ငွေကိုယ့်ငွေရယ်လို့သဘောမထားရှာလေပဲ အစ်ကိုဖြစ်သူနှင့်အတူတူကြည့်ခဲ့ကြလေသည်။
နေ့ပူညချမ်းတပေါင်းလဆန်းဆိုသည့်အတိုင်း နေ့ဘက်တွင်ပူပြင်းသလောက် ညအချိန်ရောက်သော်အလွန်ချမ်းအေးလှပေသည်။ တီဗွီပြီးတော့ တစ်ရွာလုံးကငြိမ်သက်တိတ်ဆိတ်အိပ်မောကျလို့ပေါ့။
“ညီ ဒီဘက်တိုးလေ ရလား”
“ဟုတ် ရတယ်အစ်ကို ကိုစိုင်းရောရရဲ့လား”
“အင်း ငါလည်းရတယ်ညီ”
ချမ်းအေးလှသောညဉ့်နက်အချိန် မဟူရာအမှောင်ထုရဲ့အောက်တွင် ညီနောင်နှစ်ယောက်တို့ဟာ ပုဆိုးပိုင်းအဟောင်း၊အစုတ်လေးတစ်ထည်ကို အတူမျှတခြုံ၍ ခြံရှိရာသို့ပြန်လာနေခြင်းရယ်ပါ။
ရွာနှင့်သူတို့ခြံက ကိုးမိနစ်၊ဆယ်မိနစ်ခန့်လမ်းလျှောက်ရလေသည်။ နှစ်ယောက်သား ပုဆိုးစုတ်လေးကျောပေါ်မှဖြန့်ခြုံကာ မြွေမကြောက်၊ကင်းမကြောက်ဖြင့် ခြံရှိရာသို့ပြန်ခဲ့ကြလေသည်။
“ဟော ခဏနေဦးညီ အဖေ့အသံကြားတယ်”
“ဟုတ်တယ်အစ်ကို အဖေမူးနေပြီ”
သူတို့ခြံဝန်းတံခါးရှေ့ရောက်တော့ ခြံထဲမှဖခင်ကြီး၏အသံကိုအပြင်ဖက်မှကြားရလေသည်။ သူတို့ဒီအတိုင်းဝန်းတံခါးပေါက်မှဝင်လျှင် ကျိန်းသေပေါက်အရိုက်ခံရပေမည်။ သို့ကြောင့်ခြံဘေးသို့ပတ်ကာ
“ခွန်ဆာ ငါတို့ဒီကတက်ဝင်မယ်”
“ဟုတ် ကိုစိုင်း”
အစ်ကိုဖြစ်သူက ပြောပြောဆိုဆိုဖြင့် လူကြီးခြေသလုံးခန့်လုံးပတ်ရှိသော ခြံစည်းရိုးအတွင်းမှမကျည်းပင်ရဲ့ပင်စည်ကိုလှမ်းကိုင်ကာခြေဖြင့်တစ်ဖက်လှမ်းနင်းကန်၍တက်လိုက်လေသည်။ ပြီးလျှင်အတွင်းသို့ခုန်ချလိုက်လေသည်။
“ဘုတ်”
“ခွန်ဆာ လုပ်လေ တက်ခဲ့လေ”
“ဟုတ် တက်နေတာ မရဘူးကိုစိုင်း”
“ဟေ နေဦး ငါပြန်လာခဲ့မယ်”
ညီဖြစ်သူက မတက်နိုင်၍ အစ်ကိုဟာအတွင်းကနေမကျည်းပင်ပေါ်တက်ကာအပြင်သို့ခုန်ချလိုက်လေသည်။ ပြီးလျှင်ငုတ်တုပ်ထိုင်ပေးကာ
“ငါ့ပုခုံးပေါ်ကနင်းတက်ခွန်ဆာ”
“ဟုတ် အစ်ကို”
“သေချာတက်နော် ဆူးပုံထဲပြုတ်ကျဦးမယ်”
သူကထိုသို့သတိပေးလိုက်လေသည်။ သူတို့ခြံစည်းရိုးပတ်လည်ကဆူးများဖြင့်ဝန်းရံထားသောကြောင့်ရယ်ပါ။
စာစဉ်-(2)သို့
#အသိုက်အမြုံအနှောင်အဖွဲ့
စာစဉ်-(2)
“ဘုတ်”
“ရပြီ အစ်ကိုတက်ခဲ့တော့”
“အေး အေးညီ”
ထိုသို့ဖြင့်ညီနောင်နှစ်ယောက်ခြံအတွင်းသို့အောင်မြင်စွာဝင်ရောက်နိုင်ခဲ့ချေပြီ။ ဖခင်ကြီးဟာ ခြံဝန်းထဲမှဝန်းတံခါးပေါက်အနီးတွင်ရှိသော လေးတိုင်စင်ထက်တွင်ရှိနေပြီး မိခင်ကြီးမှနင်းနှိပ်ပြုစုပေးနေလေသည်။
သို့ကြောင့် ညီနောင်နှစ်ယောက်ဟာ အသံမပေးပဲ အိမ်ထဲသို့တိတ်တဆိတ်ဝင်ကာ ညီကိုမောင်နှမတွေအတူပြားအိပ်ကြသည့် ကုတင်ပေါ်သို့တက်ကာလှဲအိပ်လိုက်ကြလေသည်။ မကြာခင်မှာပင်သူတို့အိပ်ပျော်သွားခဲ့ချေပြီတည်း။
မိခင်ကြီးကတော့ အိပ်ချိန်တန်လို့လည်း အိပ်စက်ခွင့်မရသေးလေပဲ သူတို့ရဲ့ဖခင်ကြီးအားနင်းနှိပ်ပြုစုပေးနေရလေသည်။ တကယ်တော့ ဒါဟာသူတို့မိသားစုအတွက် အထူးအဆန်းမဟုတ်တော့ပါချေ။
ယခုသူတို့နေထိုင်ကြသည်ကဖခင်ကြီးဘက်တွင်ဖြစ်ပြီး မိခင်ကြီးကတစ်ကောင်ကြွက် တစ်မျက်နှာသဘောဖြင့်နေထိုင်ရခြင်းရယ်ပါ။ မိခင်ကြီးဟာ နေ့အချိန်တွင်ပင်ပန်းစွာအလုပ်လုပ်ကိုင်ထားရသော်လည်း ညဘက်နားချိန်မရ။
ခင်မွန်းသည်အားပြုစုရလေသည်။ သို့ကြောင့် သားသမီးလေးတွေဟာ မိခင်ကြီးကိုလွန်စွာသနားဂရုဏာဖြစ်မိကြလေသည်။ သို့သော် သူတို့လေးတွေကမတီမတာအရွယ်ရယ်မို့ သနားသော်လည်းဘာမျှမတက်နိုင်ခဲ့ကြပါချေ။
“သား သား ခွန်နောင်”
“သား သားကြီးစိုင်း ထ ထ”
“ဟင် ဟင်အမေ”
“သားတို့ထထ ထမင်းစားရအောင်”
“ဟုတ်ကဲ့အမေ”
အိမ်ထဲရှိကုတင်ပေါ်တွင် ညီကိုမောင်နှမတွေတန်းစီအိပ်နေသည့်အထဲမှ ဗွီဒီယိုကြည့်ပြန်လာပြီးဖခင်ကြီးအားကြောက်၍ တိတ်တဆိတ်ဝင်အိပ်နေကြသောသားနှစ်ယောက်ကိုမိခင်ကြီးမှရေနံဆီမီးခွက်ဖြင့်ကြည့်၍နှိုးလိုက်ခြင်းဖြစ်လေသည်။
ညီနောင်နှစ်ယောက်လည်း ကုတင်ပေါ်မှဆင်းပြီး ထမင်းစားစားပွဲရှိရာသို့ရောက်လာခဲ့ကြလေသည်။ ထို့နောက်ချမ်းအေးလှသည့်ညသန်းကောင်အချိန်မှာအေးစက်နေသော ထမင်းနှင့်ဟင်းတို့အားမြိန်ရည်ယှက်ရည်စားသောက်ကြလေသည်။
သူတို့မြိန်ရည်ယှက်ရည်စားသောက်နေသည်ဆိုတော့ ဘာဟင်းတွေများဖြစ်လေသနည်း။ ဆိုတော့ကာ ဟင်းကတော့ ချဉ်မောင်ရွက်နှင့်မျှင်မျှစ်အရည်သောက်ဟင်းဖြစ်လေသည်။ ဟင်းဘယ်နှမျိုးလဲဆိုတော့ ထိုတစ်မျိုးတည်းရယ်ပါ။
မျှင်မျှစ်ကတောင်ပေါ်မှချိုးယူခြင်းဖြစ်ပြီး ချဉ်မောင်ရွက်ကသူတို့ခြံ၏ဘေးကပ်လျှက်မှ သူတို့စိုက်ပျိုးထားသောကိုင်းထဲမှဖြစ်လေသည်။ ချဉ်မောင်ဟင်းနှင့်ဆိုတော့ သူတို့မကြာမှီအချိန်အတွင်းမှာစားသောက်ပြီးစီးခဲ့ပါလေသည်။
ထိုသို့စားသောက်ပြီးလေမှ သူတို့ပြန်အိပ်စက်ခဲ့ကြလေသည်။ မိခင်ကြီးဒေါ်နန်းမွေ့ကတော့ ထမင်းစားပွဲဘေးမှတန်းလျားပေါ်တွင်ထိုင်ကာ ပြောင်းဖူးဖက်ဆေးလိပ်ကြီးအား မီးတွေရဲခနဲ၊ရဲခနဲနေအောင်ဖွာရှိုက်နေခဲ့ပါလေသည်။
ဒေါ်နန်းမွေ့ဟာဆေးလိပ်ဖွာရင်း သူမ၏မျက်ဝန်းအစုံကတော့အမှောင်ထဲသို့အဓိပ္ပါယ်မဲ့ငေးကြောင်ကြည့်နေခဲ့လေသည်။ သူမအဘယ်မျှအထိစိတ်ဖိစီးမှုခံနေရကြောင်းကိုကာယကံရှင်သူမမှလွဲ၍အခြားမည်သူမှမသိနိုင်ခဲ့ပါချေ။
မှတ်ချက်-(စိုင်းငယ်ငယ်က အမေအဲ့ဒီလိုမျိုးအမှောင်ထဲငေးကြောင်ကြည့်နေတာမြင်တွေ့ရရင် အမေဘာကြည့်နေတာလဲလို့မေးဖူးတယ်။ အဲ့ဒီအချိန်က အမေ့ရင်ထဲကခံစားချက်ကိုစိုင်းမှမသိခဲ့တာလေ။ တကယ်တော့အမေထိုကဲ့သို့ကြည့်နေခြင်းက တဖက်စောင်းနင်းကျလွန်းသောလောကဓံရဲ့ရိုက်ချက်တွေကြောင့် အမေ့ရင်ထဲမှာအတိုင်းအဆမဲ့ သောကပရိဒေဝအပူမီးတို့လောင်မြိုက်ခံနေရခြင်းသာဖြစ်ကြောင်း အခုကိုယ်တိုင်၊ကိုယ်ကျခံစားလာရသည့်အခါမှ အမေ့ခံစားချက်ကိုစိုင်းနားလည်ခံစားမိပါတယ်ဗျာ။စာရေးသူ)
** * ** *** ** * **
“ဟေ့ကောင်လေး မင်းငါ့ခြံထဲကဇီးကြက်ဥသီးတွေဝင်ခူးတယ်မဟုတ်လား”
“ဟိတ်လူ ခင်ဗျားမဟုတ်ပဲမပြောနဲ့ ကျနော်တို့ညီကိုတွေက မွဲပေမယ့်ခိုးမစားဘူးဗျ ပြီးတော့ခင်ဗျားတို့ခြံထဲလည်းဘယ်တုန်းကမှမဝင်ဖူးဘူး”
တစ်နေ့သောနေ့လည်ခင်းအချိန်တွင် လူငယ်နှစ်ယောက်ဟာ တောင်ပေါ်ကနေဆူးပုပ်ရွက်ခူးပြီး ရွာထဲကတောင်သူတွေတောင်ခြေသွားသောလှည်းလမ်းအတိုင်းပြန်လာခဲ့ကြလေသည်။
ထိုသို့ပြန်လာစဉ် သရက်၊တရုတ်ဇီး၊ငှက်ပျော သီးပင်စားပင်အစုံရှိသောခြံကြီးအတွင်းမှနွားလှည်းတစ်စီးထွက်လာခဲ့လေသည်။ ထိုအချိန်တွင် အစ်ကိုဖြစ်သူဟာ လမ်းတစ်ဖက်ရှိခြုံအကွယ်တွင်ကင်းပုံသီးမြင်၍သွားခူးဆွတ်နေလေသည်။
ညီဖြစ်သူတစ်ယောက်တည်းသာ လမ်းပေါ်ရှိနေစဉ် နွားလှည်းပေါ်တွင်ပါရှိသောသားဖနှစ်ယောက်အနက် အသက်လေးငါးဆယ်ခန့်ရှိသောဖခင်ဖြစ်သူက လမ်းပေါ်မှလူငယ်ကိုစွပ်စွပ်စွဲစွဲပြောလေသည်။ အစ်ကိုဖြစ်သူကိုသူတို့မမြင်တွေ့ပါချေ။
သူပြောလိုက်သည့်အသံအားကြားသော် အစ်ကိုဖြစ်သူဟာ လမ်းတစ်ဖက်ခြုံရဲ့နောက်ကနေလမ်းပေါ်သို့ထွက်လာရင်း အထက်ပါအတိုင်းပြောလာခဲ့ခြင်းဖြစ်လေသည်။ သူ့အသွင်ကမဟုတ်မခံဆတ်ဆတ်ကျဲအသွင်သဏ္ဍာန်မျိုးပါ။
သူဟာ ဟင်းသီးဟင်းရွက်ထည့်သောလွယ်အိတ်ကို ပုခုံးတွင်စလွယ်သိုင်းလွယ်ပိုးထားပြီး လက်ထဲတွင်လည်းလေးခွအားကိုင်ထားလေသည်။ ပစ်လိုလျှင် ချက်ခင်းအချိန်မဆိုင်းပစ်ခတ်နိုင်သည့်အနေအထားရယ်ပါ။
သို့ကြောင့်ပေပလားတော့မသိ။ အစောက ညီဖြစ်သူအားစွပ်စွပ်စွဲစွဲပြောနေသူဟာ ချက်ချင်းမျက်နှာအမူအယာပြောင်းလဲသွားခဲ့ပြီး
“မဟုတ်ပါဘူးကောင်လေးရ ငါကခိုးတယ်ပြောတာမဟုတ်ပါဘူး ဇီးပင်ကဇီးသီးတွေလည်းကြွေနေပြီး မင်းညီကိုလည်းဒီမှာတွေ့တော့ သူများဝင်ခူးသေးလားမေးကြည့်တာပါ အင်း မင်းတို့မခူးဘူးဆိုတော့ ရှဉ့်တွေကြွက်တွေကြောင့်ဖြစ်မှာပါကွာ”
ကြည့်ပါဦး။ လူတွေများ အခုတစ်မျိုး၊တော်ကြာတစ်မျိုးဆိုတာ ဒါမျိုးကိုပြောခြင်းဖြစ်လေမလားမသိ။ ခပ်အေးအေးနေတတ်တဲ့ညီဖြစ်သူတုန်းကတော့သူပဲသူခိုးယိုးခဲ့ပြီး ဆတ်ဆတ်ထိမခံတဲ့အစ်ကိုနဲ့တွေ့မှ မေးကြည့်တာဟုဖြစ်ရပြန်လေသည်။
လူ့သဘာဝက နှိမ်လို့ရသူဆိုနှိမ်ချင်ပြီး နှိမ်မရသူဆို မျက်နှာချိုသွေးကြလေသည်။ ယခုလူကြီးဟာ ညီငယ့်ကိုစွပ်စွဲပြောဆိုခဲ့ပြီး အစ်ကိုဖြစ်သူရောက်လာတော့စကားလျှောချသွားခဲ့လေသည်။မှတ်သားစရာ၊သံဝေဂယူစရာပါပေတည်း။
“စိုင်း မင်းကကိုယ်မဟုတ်ပဲကို ဘာလို့ငြိမ်ခံနေတာလဲ”
“သူကလူကြီးလေကိုခိုင် အဲ့ဒါကြောင့်ငါမပြောရဲဘူးလေ”
“ကျွတ် လူကြီးကြီး၊လူငယ်ငယ် ကိုယ်မမှားရင်မခံနဲ့ပြန်သာပြော မပြောရင်သူတို့ကပိုဆိုးတတ်တယ်”
စာစဉ်-(3)သို့
#အသိုက်အမြုံ
စာစဉ်-(3)
ခြံရှင်နွားလှည်းထွက်သွားသော် အစ်ကိုဖြစ်သူကိုအောင်ခိုင်မှ သူ့ညီအားလူတွေ၏သဘောသဘာဝကိုရှင်းပြနေခြင်းဖြစ်လေသည်။ သူ့ညီက ခပ်အေးအေးအသွင်ဖြင့် ကြောက်ရွံ့တတ်ပုံသဘောရှိလေသည်။
ကိုအောင်ခိုင်ကတော့ထိုသို့မဟုတ်လေပဲ ကိုယ်မှန်နေလျှင် ဘုရင်ခံဖြစ်နေပါစေ သူကတော့ ငြိမ်မခံပြန်ပြောမည့်ရဲရဲတောက်သတ္တိခဲဖြစ်လေသည်။ အခုလည်း သူရောက်လာလို့သာ တစ်ဖက်ကထိုမျှနှင့်ပြီးခြင်းဖြစ်လေသည်။
ညီဖြစ်သူ၏မဝံ့မရဲအသွင်ဆို သူတို့နောက်ဆက်တွဲအနေဖြင့်ထပ်ဆင့်ပြီးတော့တောင်ပြောလာနိုင်သေးလေသည်။ အခုတော့သူတို့ဖိချင်တိုင်းဖိမရ၊ပြောချင်တိုင်းပြောလို့မရမှန်းသိသွားခဲ့ပြီဖြစ်ပေသည်။ သြော်လူ့သဘာဝ၊လူ့သဘာဝ။
** * ** *** ** * **
(နှစ်ပေါင်းများစွာကြာလွန်ပြီးနောက်)
“တီ တီ တီ”
“ရှမ်းမ အိမ်ရှေ့မှာဆိုင်ကယ်ရပ်နေတယ် နင်ဘယ်စျေးသည်ဆီက စျေးဝယ်ထားသေးလဲ”
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်တန်းဒေသရှိ ကားလမ်းဘေးမှအိမ်တစ်အိမ်ရှေ့တွင်ဆိုင်ကယ်တစ်စီးထိုးရပ်လာပြီးဟွန်းတတီတီတီးနေ၍ အိမ်ရှေ့တွင်ထိုင်နေသောကိုအောင်ခိုင်မှ အိမ်ပေါ်ရှိဇနီးသည်အားလှမ်းမေးလိုက်ခြင်းဖြစ်လေသည်။
“ဟင့်အင်းအစ်ကို ကျုပ်ဘာမှမဝယ်ဘူးလေ မနေ့ကမှပြည်ညောင်စျေးလိုက်ထားတာ အကုန်အစုံရှိတယ်လေ”
“တီ တီ”
“အေး အေး ဒါဆိုလည်း ဘယ်သူလဲထွက်ကြည့်လိုက်ဦးဟ ဟွန်းဆက်တီးနေလို့”
“ဟုတ် ဟုတ်အစ်ကို”
ကိုအောင်ခိုင်က မိတ်ဆွေဓနုတိုင်းရင်းသားလေးကျော်ဦး အိမ်လည်ရောက်ရှိနေ၍ စကားပြောနေခြင်းကြောင့် ဇနီးသည်အားသွားကြည့်စေခြင်းဖြစ်လေသည်။ ဇနီးသည်မရှမ်းမကသူတို့ဘေးမှဖြတ်၍ အိမ်ရှေ့ထွက်သွားပြီးချက်ချင်းပင်
“အဲ အစ်ကိုခိုင် တော့ညီကိုစိုင်းတော့ ကိုစိုင်းလာတာ”
“ဟေ ဟုတ်လားဟ”
“ဟုတ်တယ်ကိုခိုင် ငါအလည်လာတာလေ”
မရှမ်းမစကားသံကြောင့် ကိုအောင်ခိုင်မှလှမ်းမေးလိုက်ရာ တစ်ဖက်ရှိသူ့ညီရဲ့အသံပေါ်ထွက်လာခဲ့လေသည်။ သို့ကြောင့် ကိုအောင်ခိုင်ထိုင်နေရာမှထပြီး အိမ်ဝိုင်းပေါက်သို့ထွက်လာခဲ့လေသည်။
သူ့အိမ်အဝင်တံခါးပေါက်ရှေ့တွင်ရေမြောင်းရှိရာ ထိုရေမြောင်းကိုပကာပြားနှစ်ချပ်ဖြင့်တံတားထိုးထားလေသည်။သူ့ညီဆိုတော့ ဆိုင်ကယ်ကအိမ်ထဲသွင်းရပေမည်။သို့ကြောင့်ထိန်းပေးရန်ထွက်လာခြင်းရယ်ပါ။
“မိုးချုပ်လိုက်တာစိုင်းရာ”
“ဟုတ် ကိုခိုင် လမ်းမှာအဖုအထစ်လေးတွေရှိနေလို့မိုးချုပ်သွားတာဟ”
“ဘာလဲစိုင်း လမ်းမှာပြသနာတက်ခဲ့တာလား ရှေ့ကြည့် ရှေ့ကြည့်တွန်းစိုင်း တော်ကြာမင်းဆိုင်ပြုတ်ကျသွားမယ်”
“ဟုတ် ကိုခိုင်”
လူငယ်ကနောက်လှည့်ဖြေသော် ဆိုင်ကယ်ပကာပြားပေါ်ကနေဘေးသို့ချော်ကြမည်စိုး၍ ကိုအောင်ခိုင်ကအထက်ပါအတိုင်းသတိပေးလိုက်ခြင်းရယ်။ အိမ်ဝိုင်းထဲသို့ရောက်ရှိပြီးလေမှ ကိုအောင်ခိုင်ကအစောစကားစပြန်ကောက်လိုက်ကာ
“လမ်းမှာပြသနာတက်ခဲ့တာလား”
“ပြသနာတော့မတက်ခဲ့ဘူးကိုခိုင် မိတ္ထီလာဟိုး…ဘက်အတော်ဝေးဝေး လူပြတ်တဲ့နေရာမယ်လေ အမူးသမားတစ်ယောက်က လမ်းပေါ်တက် ငါ့ဆိုင်ကယ်လက်ကိုင်ကိုဆွဲပြီး မိုက်ကြေးခွဲလို့လေ”
“ဟင် ညီလေးစိုင်း ဒါဆိုမင်းတို့ရန်ဖြစ်ခဲ့ရတယ်ပေါ့”
ကိုအောင်ခိုင်တို့ညီကိုပြောနေသည့်စကားအားကြားသော် ဓနုတိုင်းရင်းသားကြီးမှ အထက်ပါအတိုင်းစကားဝင်ထောက်မေးမြန်းလာခြင်းဖြစ်လေသည်။
“ဟင့်အင်း ရန်တော့မဖြစ်ခဲ့ဘူး လေးကျော်ဦးတို့အတွက်ယူလာတဲ့ထန်းရည်တော့ တော်တော်လျော့သွားတယ်လေ သူတို့ကိုတိုက်ခဲ့လို့”
“အေးပါညီလေးစိုင်း ပြသနာမဖြစ်တာပဲကံကောင်းလှပါပြီ”
“ဟုတ် လေးကျော်ဦး ကျနော့်နေရာမှာသာ စိတ်သိပ်မရှည်တဲ့သူဆိုသေချာပေါက်ရန်ဖြစ်တာပေါ့ အခုကျနော်ကကြတော့ရန်မဖြစ်တဲ့အပြင်မိတ်ဆွေတောင်ဖြစ်ခဲ့ရတယ်လေဗျာ ရော့ ရော့ထန်းရည်”
“အေးကွာ အဲ့ဒီဘက်ကထန်းရည်ကအရမ်းကောင်းတယ်ကွ ဒီကစားသောက်ဆိုင်တွေမှာဝယ်လို့ကရတယ် မတူဘူးလေ”
“ဟုတ် အဲ့ဒါကြောင့်ယူလာတာလေ အခုတော့တစ်ပုလင်းစာလောက်ပဲကျန်တော့မယ်ထင်တယ်”
လူငယ်က စပရိုက်အချိုရည်ဗူးခွံဖြင့်ထည့်ယူလာသောထန်းရည်စစ်စစ်အား ဓနုတိုင်းရင်းသားကြီးလက်သို့ပေးလိုက်ရာ သူလွန်စွာဝမ်းသာနေကြောင်းမြင်ရ၍ လူငယ်ကြည်နူးမိလေသည်။ တိုင်းရင်းသားကြီးတွင်ဟန်ဆောင်မှုမရှိပါချေ။
သူဝမ်းသာသည်အား သူ့စကားကသိသာစေပြီး သူ့မျက်နှာပေါ်တွင်အထင်သားပေါ်လွင်နေခဲ့လေသည်။ လူငယ်ဟာမိုင်ရာချီဝေးကွာသောအရပ်ကလာခဲ့ရပေမယ့် ကြိုဆိုနေသူများ၏အပြုံးတွေကြောင့်အမောပြေခဲ့ရပါလေသည်။
“အစ်ကိုစိုင်း ဒါဘာစာအုပ်ကြီးလဲ”
“သြော် မရှမ်းမ အဲ့ဒါကျနော်အလုပ်လုပ်သွားမယ့်နိုင်ငံကဘာသာစကားစာအုပ်လေ ကျနော်လေ့လာနေတာပါ”
“ဟင် ဒါဆိုကိုစိုင်းက နိုင်ငံခြားသွားမှာလား”
“ဟုတ်တယ်လေ သိပ်မကြာတော့ဘူး ကျနော်တက်ရတော့မယ်”
လူငယ့်အဝတ်စားအိတ်ကို ကိုအောင်ခိုင်အမျိုးသမီးမရှမ်းမက ရှင်းလင်းပေးရင်း အထဲမှစာအုပ်အားတွေ့၍မေးလာခြင်းဖြစ်လေသည်။
“ညီလေးစိုင်း ရော့ အမောပြေချလိုက်ဦး”
“ဟုတ် လေးကျော်ဦး ကျေးဇူးနော့”
လူငယ့်ကိုဓနုတိုင်းရင်းသားကြီးက သူတို့အညောင်းပြေအညာပြေသောက်နေသည့်ယမကာတစ်ခွက်အား ဆေးဖြစ်ဝါးဖြစ်အနေဖြင့်ကမ်းပေးလာခြင်းဖြစ်လေသည်။ လူငယ်လည်းယူဆောင်၍မော့သောက်ချလိုက်လေသည်။
“ဟူးးး ရင်ထဲကိုပူဆင်းသွားတာပဲဗျာ ဟိုင်းဝေးဆိုင်ကယ်စီးလာလို့ညောင်းနေတာတွေချက်ချင်းပျောက်ကွယ်သွားသလိုခံစားရတယ်ဗျ”
“အင်း ဒီလိုပဲဖြစ်ရမယ်လေ ရော့ အမြည်း”
“ဟုတ် လေးကျော်ဦး”
လူငယ်အလိုက်သင့်လှမ်းယူမြည်းလိုက်လေသည်။ ကိုအောင်ခိုင်ကသူ့အထက်ကပ်လျှက်အစ်ကိုဖြစ်လေသည်။ သူတောင်ပေါ်ဒေသကို သူပြန်လာလျှင်ကိုအောင်ခိုင့်ထံမှာသာနေလေသည်။
နောက်ထပ်အစ်ကို၊အစ်မတို့ရှိသေးပေမယ့် ကိုအောင်ခိုင့်အိမ်မှာသာသူတည်းလေသည်။ ညီကိုမောင်နှမအရင်းများဖြစ်သော်လည်း လူတစ်ကိုယ်စိတ်တစ်မျိုးဆိုရိုးအတိုင်း သဘောဆန္ဒတို့ကတစ်မျိုးစီရယ်ပါ။
ကိုအောင်ခိုင့်အထက်မှအစ်ကိုက သစ်၊ဝါး၊မီးသွေး၊အင်ဖက်မွေးစားလုပ်ပြီး သူ့အထက်မှအစ်မကတော့ သစ်ဝါးမီးသွေးလုပ်လေသည်။ ကိုအောင်ခိုင်လည်း ထိုအလုပ်အားလုပ်ခြင်းရယ်ပါ။
အကြီးနှစ်ယောက်က သူ့အခြေအနေနှင့်သူပြောလည်ကြလေသည်။ ကိုအောင်ခိုင်မှာက သားတစ်ယောက်၊သမီးတစ်ယောက်နှင့်မိသားစုလေးယောက်ဖြစ်ပြီး ဝင်ငွေကသူတစ်ယောက်ရဲ့လုပ်အားခသာရှိလေသည်။
စာစဉ်-(4)သို့
#အသိုက်အမြုံ-(4)
သားလေးကသုံးနှစ်ကျော်ခန့်ရှိကာ ဒုတိယသမီးလေးကငယ်သေးသည့်အတွက်ကြောင့် မရှမ်းမကတောင်ပေါ်တက်အလုပ်လုပ်လို့မရသေးပါချေ။ သို့ကြောင့် ကိုအောင်ခိုင်တစ်ယောက်တည်းဝင်ငွေဖြင့်လည်ပတ်နေရလေသည်။
သို့ကြောင့် လက်ရှိစားရေးသောက်တာအဆင်ပြေပေမယ့် နေထိုင်သည့်အိမ်လေးကိုတော့ ပြင်ဆင်နိုင်ခြင်းမရှိသေးပါချေ။ ခရီးပန်းလာခြင်းကြောင့်လူငယ်စောစောအိပ်ပျော်ပြီး သန်းခေါင်ကျော်မှတရေးနိုးလာခဲ့လေသည်။
“ဟင် ကြယ်တွေလတွေက ငါ့ထိပ်တည့်တည့်ရောက်နေပါလား”
လူငယ်တရေးနိုးလို့မျက်စိဖွင့်ကြည့်လိုက်သော် အိမ်ခေါင်မိုးဝါးကတ်များကြားကနေ လနှင့်ကြယ်အလင်းရောင်တို့က သူ့ထံသို့တိုက်ရိုက်ရောက်ရှိနေကြောင်းမြင်တွေ့လိုက်ရလေသည်။ ထို့စဉ်သူ့ခေါင်းထဲသို့အတွေးတစ်ခုဝင်လာခဲ့လေသည်။
“အင်း ငါဟိုရောက်လို့ အလုပ်အဆင်ပြေရင် ကိုခိုင်တို့မိသားစုကိုအိမ်အသစ်ဆောက်ပေးဦးမှပဲ”
သူ့ရင်ထဲမှ ထိုကဲ့သို့တမ်းတမ်းတတဖြင့် ရေရွတ်လိုက်မိလေသည်။ မိသားစုညီကိုမောင်နှမတတွေထဲ ဘာရယ်လို့ဆိုကိုအောင်ခိုင်ကအမြဲအနစ်နာခံခဲ့သူဖြစ်၍ လူငယ်ထိုကဲ့သို့ဆန္ဒရှိခြင်းဖြစ်လေသည်။
သူတို့မိခင်ကရှမ်းအမျိုးသမီးဖြစ်ပြီး ဖခင်ကဗမာအမျိုးသားရယ်ပါ။ ယခုအခါတွင် သူတို့ညီကိုမောင်နှမတတွေမှာ မိဘနှစ်ပါးစလုံးမရှိတော့ပါချေ။ ဖခင်ကြီးကသူတို့ငယ်စဉ်ကဆုံးပါးခြင်းဖြစ်ပြီး မိခင်ကြီးဆုံးသည်ကနှနှစ်ခန့်ရှိချေပြီ။
လူငယ့်ထက်အကြီးအားလုံးက ရှမ်းပြည်နယ်တောင်တန်းဒေသတွင်နေထိုင်ကြပြီး လူငယ်နှင့်သူ့အောက်မှညီကတော့ မြို့ပေါ်ရှိ ဖခင်ကြီး၏နှမ၊သူတို့တီလေးထံတွင်အလုပ်လုပ်နေထိုင်ကြလေသည်။
တီလေးထံတွင်လူငယ်နေထိုင်သည်က မိခင်ကြီးရှိစဉ်ကတည်းကဖြစ်လေသည်။ ထိုသို့နေထိုင်ရင်း ခေတ်ကာလအခြေအနေတွေက တိုင်းတစ်ပါးအလုပ်လုပ်ထွက်သူများလာတော့ သူလည်းတိုင်းတစ်ပါးထွက်ရန်ဆုံးဖြတ်ခဲ့လေသည်။
နောက် လများမကြာမှီမှာ လူငယ်တိုင်းတစ်ပါးသို့ထွက်ခဲ့ချေပြီတည်း။ သူ့ရင်ထဲမှာတော့ မျှော်လင့်ချက်တွေ၊ ရည်မှန်းချက်တွေ တစ်ပွေ့တစ်ပိုက်ကြီးနှင့်ရယ်ပေါ့။ နယ်မြေစိမ်းစတင်ရောက်ရှိလို့လာခဲ့လေသည်။
ထိုသို့တိုင်းတစ်ပါးရောက်မှ အမိမြေ၏အားသာချက်၊အားနည်းချက် အမျိုးအစုံအဖုံဖုံတို့ကိုသာနားလည်ခဲ့ရလေသည်။ ဥပမာ ကိုယ့်နိုင်ငံမှာရေဆာလျှင် လမ်းဘေးရေအိုးစဉ်ရှိသလို၊ တွေ့သည်အိမ်မှာရေတောင်းသောက်လို့ရလေသည်။
တိုင်းတစ်ပါးလမ်းဘေးတွင်မည်သည့်ရေအိုးစင်မျှမရှိ။ ရေသောက်လိုလျှင် ဆိုင်တစ်ဆိုင်ဆိုင်ကိုဝင်သောက်မှဖြစ်ပေမည်။ စားသောက်ဆိုင်ဆိုလျှင် တစ်ခွက်ချင်းဝယ်သောက်လို့ရပြီး ကုန်စုံဆိုင်ဆိုလျှင် ရေသန့်ဗူးဝယ်ရပေမည်။
လိုရင်းတိုရှင်းပြောရလျှင် ပိုက်ဆံပေးမှရေသောက်လို့ရလေသည်။ စားသောက်စရာအစစအရာရာတို့ကလည်း ကိုယ့်မြေထက်လွန်စွာစျေးကြီးသောကြောင့် ငွေကိုခြစ်ချုပ်စုဆောင်းနိုင်မှသာ၊ လိမ္မာမှအိမ်သို့ငွေပါမည်ဖြစ်လေသည်။
သူ့ဘဝအတွက် သခ်န်းစာပေါင်းမြောက်များစွာတို့ဟာ အချိန်နှင့်အမျှတွေ့ထိသိရှိခဲ့ရပါလေသည်။ တိုင်းတစ်ပါးမှာ ကိုယ့်လူမျိုးအချင်းချင်းကို လူပေါ်လူညွှန့်ခူးချင်ကြသူတို့ကလည်း နေရာတိုင်းလိုလိုတွင်ရှိနေခဲ့ပါလေသည်။
ငွေပေးလျှင်မကောင်းသောအရာမှန်သမျှကလည်း ပေါလွန်းလို့ကိုယ့်ကိုယ်ကိုထိန်းနိုင်မှသာတော်ကာကျလေသည်။ သူရောက်ရှိပြီး တစ်နှစ်ပြည့်သည့်အချိန်မှာပဲ သူ့အတွက်မကြားချင်သောသတင်းတစ်ခုကဝင်ရောက်လာခဲ့ပါလေသည်။
“ကိုစိုင်း ကိုစိုင်းဖုန်းလာနေတယ်ဗျ”
“သြော် ဟုတ် ဟုတ် လာပြီ လာပြီ”
ဖုန်းလာ၍တစ်ယောက်မှလှမ်းပြောသော် သူဖုန်းရှိရာသို့ရောက်လာပြီး
“ဟလို”
“ဟလို အခုပြောနေတာကိုစိုင်းလား”
“ဟုတ်ပါတယ် ကျနော်စိုင်းပါ ဘယ်သူလဲခင်ဗျ”
တစ်ဖက်မှသူ့အမည်အားမေးလာ၍ သူဟုတ်မှန်ကြောင်းဖြေရင်းပြန်မေးလိုက်လေရာ
“ဟုတ်ကဲ့ ကျနော်ကပြည်ညောင်ကပါ ကိုအောင်ခိုင့်မိန်းမ မရှမ်းမကပြောပေးပါဆိုလို့ ကျနော်ကြားကဆက်ပေးတဲ့သူပါ”
“ဟုတ်လား ဘာပြောခိုင်းလို့လဲခင်ဗျ”
“စိတ်မကောင်းစရာပါကိုစိုင်း ပြောရမှာစိတ်တော့မကောင်းဘူးဗျာ ဒါပေမယ့်ပြောမှဖြစ်မှာမလို့ ကိုစိုင်းစိတ်ခိုင်ခိုင်ထားပါခင်ဗျာ”
တစ်ဖက်လူ၏စကားအသွားအလာအရဆို စိတ်မကောင်းစရာသတင်းတစ်ခုခုအားကြားရတော့မည်ဟု သူ့ရင်ထဲကခန့်မှန်းမိလိုက်သည့်အတွက် ရင်ထဲမှာထိတ်ခနဲဖြစ်သွားမိလေသည်။ သို့သော်လည်းသူပြောမှသာသိရမည်ဖြစ်၍
“ဟုတ်ကဲ့ ဘယ်သူဘာဖြစ်လို့လဲခင်ဗျ ပြောသာပြောပါ ကျနော်စိတ်ခိုင်ပါတယ်”
“ဟုတ် ကိုစိုင်း ကိုစိုင်းရဲ့အစ်ကို ကိုအောင်ခိုင်တစ်ယောက်ဆုံးသွားပြီတဲ့”
“ဗျာ”
သူ့ရင်ထဲတစ်စုံတစ်ခုလစ်ဟာသွားသလို ဟာတာတာကြီးဖြစ်သွားခဲ့ရလေသည်။ ရုတ်တရက် “ဗျာ” ရယ်လို့တစ်ခွန်းသာထွက်နိုင်ပြီး ရုတ်တရက်စကားထပ်မဆက်မိ။ တစ်ဖက်ကဘာတွေဆက်လက်ပြောသေးလဲသူမသိတော့ပါချေ။
ညီကိုမောင်နှမတွေထဲက သူအချစ်ရဆုံးအစ်ကိုဆုံးသွားပြီဆိုသည့်သတင်းကြားကြားခြင်းတွင် သူ့စိတ်တွေဂယက်ထသွားစေခဲ့လေသည်။ အစ်ကိုဖြစ်သူအတွက် သူ့ရင်ထဲကဆန္ဒလေးပင်အကောင်အထည်ဖော်ခွင့်မရလိုက်ပါချေ။
“ကိုခိုင်ရယ် မင်းတို့မိသားစုအတွက် ငါ့ရင်ထဲကဆန္ဒလေးတောင် မင်းမသိလိုက်ရသလို၊ ငါအကောင်အထည်ဖော်ပေးခွင့်မရလိုက်ပါလား တောက် လောကဓံကြီးက ဘာဖြစ်လို့ငါတို့ညီကိုမောင်နှမတွေမှသေကွဲခွဲရက်တာလဲကွာ”
လူငယ်ဟာအစ်ကိုဖြစ်သူ၏သတင်းဆိုးအားကြားသိရပြီး ရင်ထဲမှာလွန်စွာနာကျင်စွာခံစားရလေသည်။ သို့သော် ရေခြားမြေခြားဖြစ်နေသည်အတွက် သူဘာမျှမတက်နိုင်ခဲ့ပါချေ။ နာကျင်ကြေကွဲနေရုံကလွဲ၍အခြားမရှိခဲ့ချေပြီတည်း။
ထိုသို့ဖြင့်လူငယ်တိုင်းတစ်ပါးရောက်ပြီး လေးနှစ်ခန့်မှာအမိမြေသို့ သူအလည်တစ်ခေါက်ပြန်ခဲ့လေသည်။ တောင်တန်းတွေကြားသို့ကားစဝင်သည်နှင့်သူ့အတွေးထဲသို့အတိတ်ကအရိပ်တွေဟာ ရုပ်ရှင်အနှေးကွက်ပြသလိုဝင်လာခဲ့လေသည်။
ဟိုးးးအရင် သူငယ်စဉ်ကဆို တောင်ပေါ်သို့အလုပ်လုပ်တက်လျှင် လူတွေတသီတတန်းကြီးသွားလာခဲ့ကြလေသည်။ ထိုတသီတတန်းကြီးဟာ အားလုံးကတစ်မိတည်းမွေးညီကိုမောင်နှမအရင်းအချာများသာဖြစ်လေသည်။
ဒီလိုနဲ့နှစ်တွေကြာညောင်းလာသည့်အခါ တစ်ယောက်ချင်း၊တစ်ယောက်ချင်းစီပဲ့ကြွေခဲ့ရပြီး အခုဆိုလျှင် သူ့အထက်မှအစ်ကိုတစ်ယောက်၊အစ်မတစ်ယောက်နှင့်အောက်မှညီတစ်ယောက်သာကျန်ရှိတော့လေသည်။
စာစဉ်-(5)သို့
#အသိုက်အမြုံ
စာစဉ်-(5)
ထို့ကြောင့် သူအပါအဝင်မှညီကိုမောင်နှမလေးယောက်သာကျန်ရှိလေတော့သည်။ ကားပေါ်ရှိခရီးသည်အများစုဟာ အိပ်နေကြသော်လည်း သူကတော့မအိပ်စက်နိုင်ပါချေ။
နှစ်တွေချီကြာညောင်းအောင်ဝေးကွာနေခဲ့ရသည့်သျှမ်းတောင်တန်းကြီးတွေကို ကမ္ဘာပေါ်ရှိအထူးဆန်းဆုံး၊စိတ်ဝင်စားစရာအကောင်းဆုံးသောအရာအားကြည့်နေသကဲ့သို့ ကားပြတင်းပေါက်ကနေသူငေးကြည့်နေခဲ့လေသည်။
“ဟင် လမ်းခင်းအဖွဲ့ ”
ကားရှေ့သို့မျှော်ကြည့်လိုက်ရာ လမ်းပေါ်တွင်လမ်းအပေါက်ဖာထေးပြုပြင်နေသည့်လမ်းလုပ်သားတို့ကိုမြင်တွေ့ရလေသည်။ သို့ကြောင့် သူ့ခရီးဆောင်အိတ်အတွင်းမှချိုချဉ်ထုပ်အားအလျင်အမြန်ထုတ်ယူလိုက်လေသည်။
“ဟာ ဒုက္ခပဲ ပြတင်းပေါက်ကဘာလို့ဒီလောက်ကြပ်နေရတာလဲ”
လမ်းခင်းသူများနှင့်ကလွန်စွာနီးကပ်လာချေပြီ။ သူ့ဘေးရှိမှန်းပြတင်းပေါက်ကဖွင့်မရဖြစ်နေလေသည်။ သူလုပ်နေသမျှကို သူ့ရှေ့ခုံမှအမျိုးသမီးငယ်တစ်ဦးက အလုံးစုံမြင်တွေ့နေရလေသည်။ သို့ကြောင့် သူမကသူ့အားလှမ်း၍
“အစ်ကိုလေး ပေးပေး ကျမပေးပေးမယ်”
“ဟုတ် ကျေးဇူးပါညီမ”
သူကလက်ထဲမှချိုချဉ်ထုပ်အား ရှေ့ခုံမှအမျိုးသမီးသို့ပေးလိုက်ရာ သူမကသူမဘေးပြတင်းပေါက်ကနေအောက်သို့ချပေးခဲ့လေသည်။ သူ့ရင်ထဲဝမ်းနည်းဝမ်းသာခံစားမိလေသည်။
ထိုလမ်းခရီးဟာ သူတိုင်းတစ်ပါးမတက်ခင်ကတည်းက ဆိုင်ကယ်နှင့်ရော၊ကားနှင့်ပါ အကြိမ်ကြိမ်အခါခါကူးသန်းသွားလာနေသည့်အတွက် လမ်းခရီးတစ်လျှောက်ရဲ့အကြောင်းအရာတို့ကို သူအကုန်သိနေခြင်းဖြစ်လေသည်။
လမ်းတစ်လျှောက်ဟာ ကားကြီးငယ်အရွယ်စုံ၊အမျိုးအစားအစုံကူးသန်းသွားလာနေခြင်းကြောင့် လမ်းတို့အပျက်အစီးများကာ လမ်းဖာထေး၊လမ်းပြင်သူတို့နေ့စဉ်ရှိနေတတ်လေသည်။
“သြော် အစ်ကို့အိမ်တောင်ရောက်တော့မှာပါလား ဆရာ ကျနော်ဟိုးးရှေ့ကကုန်းထိပ်မှာဆင်းမယ်ခင်ဗျ”
“ဟုတ်ကဲ့ကိုလေး ဆရာရေ့ကုန်းထိပ်တစ်ယောက်ပါသေး”
လူငယ်ဟာ အစ်ကိုဖြစ်သူအိမ်အားလှမ်းမြင်သော် ကားနောက်လိုက်အားပြောလိုက်၍ သူကလည်းတုံ့ပြန်ရင်းကနေကားဆရာအားတစ်ဆက်တည်းအော်ပြောလိုက်လေသည်။ ကုန်းထိပ်သို့ကားရောက်သည်နှင့်
“ဂျွိ”
“ကိုလေး ပစ္စည်းဘာညာကျန်ဦးမယ် နော့”
“ဟုတ် ဆရာ အကုန်ပါပါတယ် ကျေးဇူးပါခင်ဗျာ”
“ဆွဲဆရာရေ့”
“အဲ အဲ စိုင်းပြန်လာပြီ စိုင်းပြန်လာပြီ”
အစ်ကိုဖြစ်သူရဲ့အမျိုးသမီးမနန်းမိုမိုက ကားပေါ်ကဆင်းလာသည့်သူ့အားမြင်သော် အထက်ပါအတိုင်းရေရွတ်ရင်း အိမ်ထဲကနေအပြေးတစ်ပိုင်းထွက်လာခဲ့လေသည်။
“စိုင်း နင်ဘယ်တုန်းကပြန်ရောက်တာလဲ”
“ဟုတ် အစ်မမိုမို ကျနော်ရောက်တာသုံးရက်ပဲရှိသေးတယ် ဦးလေး၊ဒေါ်လေးတွေဆီအရင်ဝင်နှုတ်ဆက်နေလို့ ဒီကိုအခုမှရောက်လာတာ အစ်ကိုရောရှိလားဗျ နေရောကောင်းကြလား အားလုံး”
“အင်း နေကောင်းပါတယ် နင့်အစ်ကိုရှိပါတယ် အင်ဖက်အရေးကြီးနေတယ်ဆိုလို့ အင်ဖက်ခူးတဲ့အိမ်တွေသွားပြောနေတာလေ ဟော ဟော ဟိုမှာပြန်လာနေပြီ”
သူတို့စကားပြောနေစဉ် သူတို့အိမ်ခေါင်းရင်းကနေ တောထဲသွားသောလမ်းမှပြန်လာနေခြင်းဖြစ်လေသည်။
“ဟင် အစ်မမို အဲ့ဒီဘက်မှာအိမ်တွေရှိသေးတယ်လား”
“ရှိပါ့ ရှိပါ့ အဲ့ဒီဘက်မှာနောက်တိုးအိမ်တွေအများကြီးလေ ပြီးတော့နင့်မရီးရှမ်းမလည်း နောက်အိမ်ထောင်ကျသွားပြီ သူ့အိမ်ကလည်းအဲ့ဒီဘက်မှာပဲလေ”
ရွာအသွင်အပြင်က အတော့်ပြောင်းလဲနေချေပြီတည်း။ ရွာမှာလူတွေတိုးလာသည်နှင့်အမျှအိမ်သစ်၊မိသားစုအသစ်တွေတိုးပွားလာ၍ဖြစ်လေသည်။ အစ်ကိုဖြစ်သူကိုအောင်ခိုင်၏ဇနီးသည်တောင်နောက်အိမ်ထောင်ကျသွားခဲ့ရပြီတဲ့လေ။
“သြော် ကျနော်ကသာ ဘာမကြာသေးဘူးလို့မှတ်နေတာ ရှမ်းမတောင်နောက်အိမ်ထောင်ကျသွားခဲ့ပြီကိုး”
“ဟုတ်တယ်စိုင်း ကလေးနှစ်ယောက်နဲ့လုပ်စားရတာမလွယ်ဘူးလေ အဲ့ဒါကြောင့်သူနောက်အိမ်ထောင်ပြုလိုက်တာ အခုနောက်အိမ်ထောင်နဲ့ကလေးတစ်ယောက်တောင်ရနေပြီ”
“ဟုတ် အဆင်ပြေတယ်လို့ကြားရတာဝမ်းသာပါတယ်ဗျာ”
“စိုင်း ဘယ်တုန်းကရောက်တာလဲ”
“ဦးစိုင်း”
လူငယ်ရောက်နေသည်ကိုမြင်သော် အစ်ကိုဖြစ်သူကအထက်ပါအတိုင်းမေးလိုက်သလို၊ သူနှင့်အတူပါလာသောသားဖြစ်သူကလည်း လူငယ့်အားမြင်သော် နှုတ်ဆက်ရင်း သူ့အားလာဖက်ထားလေသည်။
“အခုလေးပဲအစ်ကို ကျနော်တို့အိမ်ထဲဝင်လာတုန်း အစ်ကိုဟိုကလာနေတာကိုလှမ်းမြင်လိုက်ရတာ သြော် သံချောင်းတောင်အတော်ကြီးနေပြီပဲ ဒါနဲ့ဂျူးဂျူးရော”
လူငယ်ကအစ်ကိုဖြစ်သူအားဖြေရင်းမှ ဆက်လက်ပြောကြားပေးလိုက်ခြင်းဖြစ်လေသည်။
“ဟုတ်တယ်စိုင်း သံချောင်းကအခုဆိုအားကိုးနေရပြီလေ ဂျူးဂျူးကကျောင်းသွားတယ်လေစိုင်း ပြန်မလာသေးဘူး”
နှစ်တွေချီအောင်ဝေးကွာနေရသော သွေးသားရင်းတို့ဖြင့်ပြန်လည်ဆုံတွေ့ရသည်ကသူ့ရင်အားချမ်းမြေ့စေခဲ့ပါလေသည်။
“အစ်မတို့လင်မယားရော ရှိကြလား သူတို့အဆင်ပြေကြလား”
“ရှိတယ်စိုင်း သူတို့လည်းအဆင်ပြေကြပါတယ်”
“ဟုတ် ဟုတ်မမွန်”
“စိုင်းရေ အကြီးတွေအားလုံးကအဆင်ပြေကြတယ် အဆင်မပြေတာကနင့်ညီခွန်နောင်ပဲ”
“ဗျာ သူကတစ်ယောက်တည်းသမားကို ဘာများအဆင်မပြေစရာရှိလို့လဲဗျ”
မရီးဖြစ်သူစကားကြောင့် လူငယ်ကအထက်ပါအတိုင်းမေးမြန်းလိုက်ခြင်းဖြစ်လေသည်။ ထိုအခါ မရီးဖြစ်သူကပြောသင့်၊မပြောသင့်ချင့်ချိန်ဟန်ဖြင့် သူ့ယောကျာ်းအားတစ်ချက်ကြည့်လိုက်လေသည်။ သို့ကြောင့်အစ်ကိုဖြစ်သူက
“အဆင်မပြေတာကတခြားမဟုတ်ဘူးစိုင်း မင်းညီကငါတို့ကဆုံးမသွန်သင်လို့ ငါတို့နဲ့မနေဘူးလေ ဟိိုးအိမ်မှာထမင်းလခပေးစားပြီး သူ့ဘာသာတစ်ယောက်တည်းနေတယ်”
“သြော်”
ခွန်နောင်သည်ကား လူငယ်ရဲ့အောက်မှညီဖြစ်လေသည်။ အစ်ကိုဖြစ်သူအရဆို သူဟာအစ်ကိုအရင်း၊အစ်မအရင်းရှိပါလျှက် သူ့အားဆိုဆုံးမသည်ကို မလိုလား၍သူစိမ်းအိမ်တွင် ထမင်းလခပေးစားပြီး နေသာသလိုနေထိုင်ခြင်းဖြစ်လေသည်။
လူငယ့်စိတ်ထဲမကောင်းပါချေ။ သူဖြစ်စေချင်သည်က အနည်းအကျဉ်းမျှသာကျန်ရှိတော့သော ညီကိုမောင်နှမတွေတည့်တည့်ရှုရှုသိုက်သိုက်ဝန်းဝန်းဖြင့်နေထိုင်ကြသည်ကိုသာမြင်လို၊ကြားလို၊ဖြစ်စေလိုပါသည်။
သို့သော်လည်း ဒါကလူငယ့်ရင်ထဲမှဆန္ဒသာဖြစ်လေသည်။ လူတစ်ကိုယ်စိတ်တစ်မျိုးရယ်လို့စကားတောင်ရှိသေးတာဆိုတော့ သူ့ညီရဲ့စိတ်ကို သူအပြစ်မပြောလိုပါချေ။ သူစိတ်ချမ်းသာသလိုနေပါစေပေါ့။
အစ်ကိုပြသောအိမ်အား သူလှမ်းကြည့်လိုက်လေသည်။ ဝါးကတ်မိုးထရံကာ ကြမ်းမြင့်အိမ်လေးတစ်လုံးရယ်ပါ။
စာစဉ်-(6)သို့
#အသိုက်အမြုံ
စာစဉ်-(6)
ထိုအိမ်ရှင့်ကို လူငယ်သိပါလေသည်။ အသက်ငါးဆယ်အရွယ်ခန့်အမျိုးသမီးကြီးတစ်ယောက်၏အိမ်လေးရယ်ပါ။
“အခုသူအိမ်မှာရှိလောက်လား သူတို့နှစ်ယောက်တည်းအတူနေကြတာလား”
“ဟင့်အင်း မဟုတ်ဘူးစိုင်း စစ်ထွက်တစ်ယောက်ရှိသေးတယ် မင်းညီက အဲ့ဒီအိမ်ရဲ့နောက်နားလေးက တဲသေးသေးလေးထဲမှာနေတာလေ စစ်ထွက်ကအိမ်ပေါ်မှာအဖွားကြီးနဲ့အတူနေပြီး အဖွားကြီးကိုလုပ်ကျွေးနေတာပေါ့”
“အခုချိန် သူမရှိဘူးလေ တောင်ပေါ်ဝါးခုတ်တက်နေတာ ညနေလောက်မှသူပြန်ရောက်မယ်”
အစ်ကိုဖြစ်သူလင်မယားက အထက်ပါအတိုင်းတစ်ယောက်တစ်ခွန်းစီဖြေကြားပေးခဲ့လေသည်။ ထိုသို့ဖြင့်ညနေသို့ရောက်သော် ခွန်နောင်ဝါးခုတ်သွားရာမှပြန်ရောက်ပြီဟုသူသိခဲ့ရလေသည်။
ထိုအခါ လူငယ်သွားခေါ်ပြီး အစ်ကိုဖြစ်သူအိမ်သို့ပြန်လာခဲ့လေသည်။ အစ်ကို့ရှေ့မှာညီကိုနှစ်ယောက်စကားပြောကြလေသည်။ ခွန်နောင်က ငယ်ငယ်ကတည်းက လူငယ့်စကားကိုတော့နားထောင်လေသည်။
သို့ကြောင့် လူငယ်ဟာအမိမြေသို့အလည်ပြန်လာစဉ် ညီကိုမောင်နှမတွေ့ဆုံရခိုက်မှာ သူ့အားလိမ်လိမ်မာမာနေထိုင်ရန်နားချလေသည်။ ထိုသို့ဖြင့်လူငယ်ဟာ တစ်ပတ်ခန့်နေပြီး ဖခင်အမျိုးတွေရှိရာသို့ပြန်ပေတော့မည်။
“ကိုစိုင်း”
“ဟေ ပြောလေညီ”
ပြန်ရန်အတွက် သူလမ်းပေါ်တက်ကားစောင့်နေစဉ်မှာ ညီဖြစ်သူခွန်နောင်ပါစောင့်ကူပေးရင်း ခေါ်လာခြင်းဖြစ်လေသည်။
“ဟိုလေ အစ်ကို့မှာဘောင်းဘီအတိုပါရင်ပေးခဲ့ပါဥ်ီး ကျနော်တောထဲအလုပ်လုပ်သွားရင်ဝတ်စရာမရှိလို့”
“ဟောဗျာ မင်းကအရင်ရက်တွေကတော့မပြောဘူး ငါ့မှာပါတဲ့အတိုတွေ သံချောင်းကိုပေးလိုက်ပြီဟ”
“သြော် ဟုတ်အစ်ကို”
ထိုသို့ဖြင့် အဆင်းကားရောက်လာသော် လူငယ်လည်းမြေပြန့်သို့လိုက်ပါလာခဲ့လေသည်။ လမ်းခုလတ်ရောက်လေမှ
“တောက် ငါကလည်းအရေးထဲဆိုသတိကမရဘူး အစောကသာသတိရရင် ငါဒီဘောင်းဘီပေးခဲ့လို့ရတာပဲ”
လူငယ်ဝတ်ထားသည်က ဒူးဖုံးဘောင်းဘီတိုဖြစ်လေသည်။ နှစ်တွေချီကြာညောင်းစွာခွဲခွာနေရသောညီဖြစ်သူက တောင်းသည်မှာ သူ့အတွက်တကယ်လိုအပ်လို့သာဖြစ်ကြောင်း ညီကိုချင်းမလို့ သူသိပါလေသည်။
မပေးနိုင်ခဲ့သည့်အတွက် သူ့စိတ်ထဲအတော်လေးကိုမကောင်းဖြစ်ခဲ့ရပါလေသည်။ ထိုသို့ဖြင့်သူဟာ ဖခင်အမျိုးတွေဖက်သို့တဖန်ပြန်ခဲ့ပါလေတော့သည်။
** * ** *** ** * **
“အထွန်း ဆေးဖိုးဘယ်လောက်ကျလဲ”
“အစ်ကိုစိုင်း ကျုပ်ကဒီလောက်လေးမှလုပ်ပေးလို့မရတော့ဘူးလား ကျုပ်မှာလုပ်ပေးခွင့်မရှိဘူးလား”
အကြောင်းမှာ လူငယ့်ဖခင်ဘက်မှအမျိုးတွေဆီရောက်ရှိချိန် အားနည်းနေသည့်အတွက် ဖခင်ညီရဲ့သမီး၊ သူ့ရဲ့ညီမဝမ်းကွဲကျန်းမာရေးမှူးဆရာမလေးထံမှာ အကြောဆေးသွင်းလေသည်။
သို့ကြောင့် သူကဆေးဖိုးကျသင့်ငွေမေးမြန်းလေရာ နှမဖြစ်သူကစိတ်ဆိုးမာန်ဆိုးဖြင့်ပြန်မေးလာခြင်းဖြစ်လေသည်။
“မဟုတ်ပါဘူးအထွန်းရဲ့ အထွန်းတို့လည်းဆေးဝယ်ရတာလေ အလကားရတာမှမဟုတ်တာ အဲ့ဒါကြောင့်မေးတာပါ”
“မမေးနဲ့ ဝယ်ရဝယ်ရ ဘာမဖြစ်ဘူး”
“အေးပါအထွန်းရယ်”
သူအလျှော့ပေးလိုက်ရလေသည်။ သူမလေးလည်း အစ်ကိုဖြစ်သူအလည်လာချိန် သူမတက်မြောက်ထားသည့်ပညာဖြင့် ကူညီချင်ရှာမပေါ့လေ။ လူငယ်နားလည်လိုက်ပါသည်။ သွေးကစကားပြောခြင်းရယ်လို့။
ထိုသို့ဖြင့်လူငယ်လည်း ခွင့်တစ်လပြည့်သွားသည့်အတွက် ချစ်သောအမိမြေနှင့်ဆွေမျိုးမိတ်သဂ်ဟတို့အားခွဲခွာပြီးတိုင်းတစ်ပါးမြေသို့ပြန်ရောက်ခဲ့လေတော့သည်။ သူအလည်ပြန်ပြီးငါးနှင့်ခန့်အကြာတစ်နေ့သောအခါမှာတော့
“ကိုစိုင်းရေ ဖုန်းလာနေတယ်ဗျ”
“ဟုတ် ဟုတ်လာပြီ လာပြီ”
လူငယ်အလုပ်လုပ်နေရာကနေ ဖုန်းအားသွင်းထားသောနေရာသို့ရောက်လာခဲ့ပြီး
“ဟလို စိုင်းပြောနေပါတယ် ဘယ်သူလဲမသိ”
“အစ်ကိုစိုင်း ညီမအထွန်းပါ”
“သြော် အင်း အင်းအထွန်း နေကောင်းလားညီမ ဦးလေးတို့ရော သတိရတယ်လို့”
သူ့ညီမဝမ်းကွဲ ကျန်းမာရေးမှူးဆရာမလေးမှဆက်သွယ်လာခြင်းရယ်ပါ။
“ဟုတ်ကိုစိုင်း ညီမလေးတို့မိသားစုအားလုံးနေကောင်းကြပါတယ် အခုပြောချင်တာက ရှမ်းပြည်ကကိုစိုင်းညီခွန်နောင်ဆုံးသွားပြီတဲ့”
“ဟာ”
ရုတ်တရက်ကြားလိုက်ရသောသတင်းစကားကြောင့် သူဘာဆက်ပြောလို့ပြောရမှန်းပင်မသိ။ ဟာဆိုသည့်အာမေဋိတ်သံတစ်ချက်ဖြင့်ရပ်တန့်သွားခဲ့ရလေသည်။ သူ့ဘဝမှာ ဘာတွေဖြစ်ကုန်ကြရပြီလဲ။
သူအမိမြေမှစတင်ထွက်ခွာလာခဲ့သည့်အချိန်တုန်းက သူ့တွင် မွေးချင်းညီကိုမောင်နှမငါးယောက်ရှိလေသည်။ တိုင်းတစ်ပါးသို့သူရောက်ပြီး တစ်နှစ်ပြည့်အပြီးတွင် လေးယောက်သာကျန်ရစ်တော့လေသည်။
ယခုကိုးနှစ်အကြာတွင် ညီကိုမောင်နှမသုံးယောက်သာကျန်ရှိတော့လေသည်။ သူဟာငွေနောက်ကိုလိုက်ရင်း လိုက်ရင်းဖြင့် ဆုံးရှုံးသွားခဲ့ရသည်ကညီကိုအရင်းခေါက်ခေါက်တွေဖြစ်လေသည်။
ဆုံးရှုံးမှုအား သူသိရသည်ကညီကိုမောင်နှမအရင်းများကိုသာဖြစ်ပြီး အခြားသော ဆွေမျိုးမိတ်သဂ်ဟအဘယ်မျှအထိဆုံးရှုံးသွားခဲ့ရပြီလဲဆိုသည်ကို သူမသိပါချေ။ သူမေးလိုက်ချင်ပါသည်။
ငွေတစ်ခုအတွက်ဖြင့်ကြောင့် ညီကိုအရင်းခေါက်ခေါက်တွေရဲ့နောက်ဆုံးအချိန်၊နောက်ဆုံးခရီးကိုတောင်သူမြင်ခွင့်၊လိုက်ပါပို့ဆောင်ခွင့်မရခဲ့သည်မှာတန်ရဲ့လားလို့ ထပ်ခါ ထပ်ခါကိုမေးမြန်းလိုက်ချင်ပါသည်။
လိုက်ခဲ့သည်ကငွေရဲ့နောက်၊ ဆုံးရှုံးခဲ့ရသည်က မိသားစုဝင်၊ညီကိုမောင်နှမ ဆွေမျိုးမိတ်သင်္ဂဟအပေါင်းနှင့်သိုက်သိုက်ဝန်းဝန်းမိသားစုလက်ဆုံထမင်းဝိုင်းတို့ရယ်ပါ။ သို့ကြောင့်တောင်းဆုပြုလို့သာပြည့်ဝမည်ဆိုလျှင်
“အရှင်ဘုရား ဘုရားတပည့်တော်၏ဘဝတလျှောက်လုံးဟာ မိသားစုဝင်၊မွေးချင်းညီကိုမောင်နှမတို့နှင့်အဝေးမှာ တစ်ယောက်တည်းခွဲနေခဲ့ရပါသည် ဒါ့ကြောင့် နောင်သံသရာမှာ တစ်ဖန်လူဖြစ်ခွင့်ရခဲ့ဦးမည်ဆိုလျှင် ညီကိုမောင်နှမတွေအစဉ်ထာဝရအတူတကွနေထိုင်ခွင့်ရပြီး အနန္တဂိုဏ်းဝင် ကျေးဇူးတော်ရှင်မိဘနှစ်ပါးအား သက်ဆုံးတိုင်လုပ်ကျွေးပြုစုခွင့်ရသူဖြစ်ရပါလို၏အရှင်မြတ်ဘုရား”
✍စိုင်းရဲ့စာရဲ့စာရှုသူများနှင့် ချစ်မိတ်ဆွေအားလုံး ကိုာ်စိတ်နှစ်ဖြာ ကျန်းမာ၊ချမ်းသာ ပျော်ရွှင်ချမ်းမြေ့ပြီးအေးမြသာယာသည့်ဘဝကိုယ်စီကိုယ်ငှပိုင်ဆိုင်ကြပါစေခ။
(ပြီးပါပြီ)