“အိတ်ကြီးထဲက တစ္ဆေ”
ဒီနေ့ညအတွက် စပြောပြတော့မယ်နော်
မေဝါ ဒီအဖြစ်အပျက်ကိုကြုံတုန်းက မေဝါ့အသက် ၂၀ ကျော်ကျော်လောက်ပဲရှိသေးတယ် ။ ဒီကိစ္စမတိုင်ခင်ကတော့ သရဲတစ္ဆေဆိုတာကို တစ်သက်နဲ့တစ်ကိုယ် ကြားသာကြားဖူးပြီး တစ်ခါမှ နဖူးတွေ့ ဒူးတွေ့ မကြုံဖူးခဲ့တဲ့ မေဝါ့အတွက်တော့ အဲဒီအဖြစ်အပျက်က တော်တော်လေးမှတ်မှတ်ထင်တင်ဖြစ်နေခဲ့တယ် ။
မေဝါတို့က မိသားစု၀င် ၄ယောက်ရှိတယ် ။ အဖေ ၊ အမေ ၊ မေဝါ နဲ့ မောင်လေး ။ စီးပွားရေးကတော့ ချမ်းသာတယ်လို့မဆိုသာပေမယ့် အကြပ်အတည်းမရှိ ပြေပြေလည်လည် နေနိုင် ၊ စားနိုင်တဲ့ထဲတော့ပါတယ် ။ ဒီလိုနေရဖို့အတွက် အဖေနဲ့အမေကလည်း မောင်တစ်ထမ်းမယ်တစ်ရွက်နဲ့ တက်ညီလက်ညီအလုပ်လုပ်ကြတယ် ။ အဖေက ကားဆရာ….ကားဆရာ ဆိုပေမယ့် ကိုယ့်ကားအပိုင်နဲ့ ။ ခေါင်မြင့်ကားလေး၀ယ်ပြီး အဖေကိုယ်တိုင်မောင်းပြီး လိုင်းဆွဲတာ…ကားဆရာ ဆိုတော့ သိတဲ့အတိုင်း အိမ်ကပ်ရတယ်လို့ သိပ်မရှိဘူးပေါ့ ။
အမေက အိမ်မှာတင် စျေးရောင်းတယ် ။ စျေးရောင်းတယ်ဆိုတာကလည်း ကုန်စုံဆိုင်လိုမျိုး ဆိုင်ဖွင့်ရောင်းတာမျိုးမဟုတ်ဘူး ။ ဆန် ၊ ဆီ ၊ ဆပ်ပြာပုံး ၊ ပန်ကာ ၊ လျှပ်စစ်ဒယ်အိုး ၊ လျှပ်စစ်ပေါင်းအိုး စတဲ့ အရာတွေရောင်းတာ ။ ဆန် ၊ ဆီကို အမေက လက်သေးမရောင်းဘူး ။ အိတ်ပြတ် ၊ ပုံးပြတ်ရောင်းတယ် ။ လက်ငင်းမ၀ယ်နိုင်လည်း အမေ့ဆီမှာ အကြွေး၀ယ်လို့ရတယ် ။ အကြွေး၀ယ်မယ်ဆိုရင် ကျသင့်ငွေရဲ့ ၄ပုံ ၁ပုံကို အရင်ဆုံးသွင်းပြီး ကျန်တဲ့ပိုက်ဆံကိုတော့ တစ်ရက် ၅၀၀ မျိုး ၊ ၁၀၀၀/၁၅၀၀ မျိုးနဲ့ ပြန်သွင်းပြီးဆပ်ရတယ် ။ တချို့သူတွေကျတော့လည်း တစ်လုံးတစ်ခဲတည်းပိုက်ဆံအကုန်မခံနိုင်လို့ အမေ့ဆီကနေ လာ၀ယ်ကြတယ် ။ တချို့ကျတော့လည်း ငွေပေါ်ချင်လို့ ၀ယ်ကြတာ…ဘယ်လိုငွေပေါ်ချင်တာလဲဆိုတော့ – အရင်ဆုံး အမေ့ဆီကနေ ဆန်အိတ်တွေ ၊ ဆီပုံးတွေ ၊ ဆပ်ပြာပုံးတွေကို အကြွေးနဲ့ယူလိုက်တယ် ၊ ပြီးတော့ ၀ယ်ထားတဲ့ဟာတွေကို စျေးလျှော့ပြီး တခြားသူတွေဆီမှာပြန်ရောင်းတယ် ၊ စျေးကပုံမှန်ထက်အတော်လေးသက်သာတဲ့အထိလျှော့ပစ်ထားတော့ ရောင်းထွက်တယ် … ဒီတော့ ငွေလုံးငွေခဲ ရတာမလို့ ငွေပေါ်တယ်လို့ပြောတာ ။ ပြီးတော့ အမေ့ကိုတော့ (အယူများရင်) နေ့စဉ် ၁၅၀၀ မျိုး ၂၀၀၀ မျိုးပဲ ဆပ်ရတာဆိုတော့ ပြန်ပေးရတာကျမသိသာတော့ဘူး .. ဒီလိုမျိုးပေါ့ ။
အဲဒါအမြင်အမေက အရပ်ထဲက စျေးသည်တွေဆီ ငွေချေးပေးပြီး နေ့ပြန်တိုးယူတာမျိုးလည်း လုပ်တယ် ။ အတိုးကြီးမစားဘဲ ထိုက်သင့်ရုံအတိုးနဲ့ဆိုတော့ အမေ့ဆီကနေ ပိုက်ဆံယူတဲ့သူများတယ် ။ စျေးတိုးယူတဲ့သူတွေက ညနေဆို အမေ့ဆီ အတိုးလာသွင်းကြတယ် .. ဆန်၊ဆီ အကြွေးယူတဲ့သူတွေကိုတော့ မေဝါနဲ့ မအေးနု ( ရွာကနေ ခေါ်ထားတဲ့ အဖေ့တူမ ၊ မေဝါ့အစ်မ ၀မ်းကွဲ )က အိမ်တိုင်ရာရောက် ပိုက်ဆံလိုက်ကောက်တယ် ။
အမေကပဲ ဒီအလုပ်နဲ့အကျိုးပေးလို့လားမသိ…ပိုက်ဆံကိစ္စက တချို့တလေကလွဲ တောင်းရခက်တာမျိုး ၊ ငွေဆုံးသွားတယ်ဆိုတာမျိုးက အတော်လေးဖြစ်ခဲတယ် ။
မေဝါကလည်း ၁၀တန်းကို ၃နှစ်ဖြေပြီးတဲ့အထိ မအောင်တော့ ကျောင်းစာဘက်လက်လျှော့လိုက်ပြီး အမေ့ကိုကူရင်း အိမ်အလုပ်ပဲလုပ်တော့တယ် ။ အငယ်ကောင်လေး ‘ထူးထူး’က မေဝါ့ထက် ၁၀နှစ်လောက်ငယ်တော့ သူ့ကို ကျောင်းအကြိုအပို့လည်း လုပ်ပေးရတာပေါ့လေ ။
မေဝါတို့ မိသားစုက ဒီလိုမျိုး သာမန်ကျကျမိသားစုတစ်စုပဲ ။
သာမန်မိသားစုထဲကို ထူးထူးဆန်းဆန်းတွေဖြစ်လာဖို့ အကြောင်းဖန်လာတာက…
အဖေ ကားနားတော့ ထုံးစံအတိုင်းအိမ်ပြန်လာတယ် ။ ကားနားတာက တစ်ခါတလေ ၂ရက် ၊ တစ်ခါတလေ ၃ရက်လောက် နား တယ် ။ မိသားစု ကို သိပ်တွယ်တာတဲ့ အဖေက ကား နား တဲ့ ရက် တွေ ဆို အိမ်ထဲကအိမ်ပြင်မထွက်တော့ဘူး ။ မိသားစုကို အချိန်ပေးတယ် …ညနေဖက်တွေဆို ညစာအပြင်ထွက်စားတာမျိုး ၊ ဘုရားကျောင်းကန်သွားတာမျိုး လုပ်လေ့ရှိတယ် ။
အဲဒီတစ်ခေါက်က အဖေပြန်လာတော့ အထုပ်တစ်ထုပ်ပါလာတယ် ။ အထုပ်က လက်ပွေ့အိတ်လောက် size ကိုမှ မိန်းမကိုင် အိတ်ပုံစံ အညိုရောင် ။ ဇစ်နေရာမှာလည်း သော့ခလောက်အသေးတစ်ခုနဲ့တွဲခတ်ထားတယ် ။
” အဲဒါ ခရီးသည် ကားပေါ်မှာ ကျန်ခဲ့တဲ့အိတ် သမီး…ပြန်လာယူဖို့ ဖုန်းဆက်ထားပြီးပြီ…ကားဂိတ်ထိမလာနိုင်လို့ အဖေ့အိမ်လိပ်စာပေးထားတယ်…တစ်ရက် နှစ်ရက်နေရင် လာယူလိမ့်မယ် “လို့ပြောတယ် ။
ဒါနဲ့ မေဝါလည်း လှေကားအောက်က ဆပ်ပြာပုံးစင်ပေါ်မှာပဲ တင်ထားလိုက်တယ် ။ အိတ်အလေးချိန်က က မပေါ့မလေး ပဲ။
ဒီလိုနဲ့ အဖေပြန်ရောက်တဲ့ ည…
အဖေရယ် အမေရယ် ထူးထူးရယ်က အောက်ထပ်က အခန်းမှာအိပ်တယ် ။ မေဝါနဲ့ အေးနုနဲ့က အပေါ်ထပ်မှာ တစ်ယောက်တစ်ခန်းစီအိပ်တာ … အစပိုင်းတုန်းကတော့ တစ်ခန်းထဲအတူတူနေကြပေမယ့် မေဝါက အအိပ်ကြမ်းတော့ အေးနု ဘယ်လိုမှဒဏ်မခံနိုင်တော့တာနဲ့ ဘေးအခန်းမှာပြောင်းအိပ်တာ ။
အဲဒီည…
အိပ်ခါနီး မေဝါ ဘုရားရှိခိုးနေတုန်း…အိမ်ပေါ်ကို တဒုန်းဒုန်းနဲ့ ဆောင့်ကြီးအောင့်ကြီးတက်လာတဲ့ခြေသံကြားလိုက်ရတယ် ။ ခြေသံက မေဝါ့အခန်းရှေ့မှာ ရပ်သွားပြီး အသက်ရှူသံပြင်းပြင်းကြီး တရှူးရှူးထွက်လာတာ …
ဒါနဲ့ မေဝါလည်း ဘုရားရှိခိုးတာရပ်ပြီး
“အမေလား”လို့ မေးလိုက်တော့
“အေး”ဆိုပြီး ဒေါနဲ့မောနဲ့ပြန်ဖြေတယ် … အသံက တော့ အမေ့အသံပဲ…ဖြေတဲ့အသံကြီးက ဆောင့်ဆောင့်အောင့်အောင့်နိုင်လွန်းလို့ မေဝါတောင် တုန်ခနဲဖြစ်သွားတယ် ။
ပြီးတော့ ခြေသံက ၀ရန်တာဘက်ထွက်သွားပြီး ၀ရန်တာတံခါးဖွင့်သံ ၊ ပိတ်သံတွေပါ ကြားရတာ … ဒါနဲ့မေဝါလည်း ဘုရားကိုအမြန်ဦးးချပြီး အသာနားစွင့်နေလိုက်တယ် ။ မေဝါ စိတ်ထင်တာက အမေ အဖေနဲ့စိတ်ဆိုးပြီး အပေါ်ကို တက်လာတယ်ထင်တာ ။ အရင်ကလည်း အမေက အဖေနဲ့ရန်ဖြစ်ပြီး စိတ်ဆိုးရင် ဘုရားခန်းထဲမှာ လာအိပ်နေကျ…ဒါကြောင့် နားစွင့်ကြည့်တာ ။
တော်တော်ကြာတဲ့အထိ ၀ရန်တာဘက်ကနေ အထဲပြန်၀င်လာသံမကြားတော့ မေဝါ အခန်းထဲကထွက်လာပြီး ၀ရန်တာဘက်ထွက်ကြည့်တယ် ။
ဘယ်သူမှမရှိဘူး … ၀ရံတာတံခါးကြီးကလည်းပွင့်လို့ ။ သေချာအောင်လို့ မေဝါ ဘုရားခန်းထဲလည်း၀င်ကြည့်လိုက်သေးတယ် ။ ဘုရားခန်းထဲမှာလည်း မရှိဘူး ။ ဒါနဲ့ မေဝါ စိတ်မတင်မကျနဲ့ အောက်ထပ်ဆင်းလာလိုက်တယ် ။ အမေတို့အခန်းရှေ့ရောက်တော့ မေဝါ အပြင်ကနေပဲ
“အဖေ…အိပ်ပြီလား”
“ညည်းအဖေ အိပ်နေပြီ…ဘာလို့လဲ”
ပြန်ဖြေတာကအမေ…ဒါနဲ့ မေဝါလည်း
“အမေ ခုနက အိမ်ပေါ်တက်လာသေးတယ်မလား ”
“မတက်ပါဘူး…ဘာလို့လဲ”
“ဘာမှမဟုတ်ပါဘူး”
မေဝါ ဘာမှမဟုတ်ပါဘူးလို့ပြောပြီး အပေါ်ပြန်တက်လာခဲ့ပေမယ့် စိတ်ထဲတော့လေးသွားတယ် ။ ခြေသံတင်မဟုတ်ဘူး …”အေး”ဆိုပြီးပါ ပြန်ဖြေတာကိုး…သရဲခြောက်တာလားလို့ တွေးမိပေမယ့် စိတ်ကလည်း မယုံနိုင်ဘူး ။ ဒါနဲ့ ဘာမှရှည်ရှည်ဝေးဝေးတွေးမနေတော့ဘဲ ဘုရားထပ်ရှိခိုးပြီး အိပ်လိုက်တယ် ။
မနက် …
မေဝါ မျက်နှာသစ်နေတော့ အမေကအနားရောက်လာပြီး
“သမီး…ညည်း ညက ၂နာရီလောက်ကြီး အောက်ဆင်းလာသေးလား…မဆင်းဘူးမလား ”
“မဆင်းပါဘူး အမေ ရဲ့ …ဘာလို့လဲ”
မေဝါ ငြင်းလိုက်တော့ အမေက မျက်နှာနည်းနည်းပျက်ပြီး ခဏငြိမ်သွားတယ် ။ပြီးတော့
“ငါ သရဲခြောက်ခံရတာနေမှာ ”
အမေက လေသံအတည်နဲ့ပြောလိုက်တော့ မေဝါ နည်းနည်းကြောင်သွားတယ် ။ “ဘာကို ဘယ်လိုခြောက်တာလဲ အမေရဲ့ “လို့ ပြူးပြူးပြာပြာနဲ့ပြန်မေးတော့
“ညက အမေတစ်ရေးနိုး ရေထသောက်တော့ အပေါ်ကနေ လူဆင်းလာတဲ့အရိပ်မြင်တော့ လှည့်ကြည့်လိုက်တာ…မိန်းကလေးပဲ ဆံပင်က သမီးထက် နည်းနည်းပိုရှည်မယ် ဒါပေမယ့် အပေါ်ကဆင်းလာတာဆိုတော့ သမီးလို့ပဲထင်လိုက်တာ (အေးနု လို့ မထင်တာက အေးနုက ဆံပင်ကို နားရွက်အထက်ခပ်တိုတို ယောက်ျားလေးကေနဲ့မလို့)..အနောက်အပေါက်ကို ဖွင့်ပြီးထွက်သွားသလို အသံကြားလိုက်တာ…အမေလည်း အစကတော့ ရေသောက်ပြီး ပြန်အိပ်မလို့ ပေမယ့် … အနောက်သွားချင်တာနဲ့ တံခါးဆီလာတော့ တံခါးက အထဲကနေ ဂျက်ထိုးထားတယ် ။ ဒါနဲ့ အနောက်ကို ထွက်ကြည့်တော့လဲ အိမ်သာဘက်မှာဘယ်သူမှမရှိဘူး …အမေလည်း ကျောချမ်းပြီး ကြက်သီးတွေထလာတာနဲ့ အထဲပြန်၀င်လာလိုက်တာ ”
အမေ ဒီလိုပြောတော့မှ မေဝါလလည်း ည က မေဝါ ကြုံခဲ့ရတာကို ပြန်ပြောပြတော့ အမေက
“ဒါဆို ဟုတ်နေပြီနေမှာ … ညည်းအဖေ ပြန်လာမှ ဖြစ်တာဆိုတော့ သူနဲ့ကပ်ပါလာသလားပဲ ”
အမေကတော့ မထူးဆန်းသလိုပဲ ပြောပြီး အိမ်ပေါ်တက် ဘုရားစင်ရှေ့သွားပြီး ဘုရားစာပေါင်းစုံကို အကျယ်ကြီးရွတ်တော့တာပဲ ။ ပြီးတော့ ငွေဖလားတစ်လုံးကိုင်ဆင်းလာပြီး တစ်အိမ်လုံးကို သပြေခက်နဲ့ လိုက်ဖြန်းတယ် ။ဖြန်းတာမှ ကားထဲတွေရော ဖြန်းတာ။ အမေအဲဒီလိုလုပ်တဲ့အချိန် အပုပ်အနံ့ခပ်ဆိုးဆိုးကြီးက ထောင်းခနဲတစ်ချက်နံပြီး ချက်ချင်းပြန်ပျောက်သွားတယ် ။
အဲဒီလိုနဲ့ ၂ရက်လောက်နေတော့ …အဖေက ကားပြန်ထွက်တယ် ။ မေဝါတို့လည်း နိစ္စဓူ၀ လုပ်စရာရှိတာတွေလုပ်ရင်းပဲ အိမ်မှာကျန်ခဲ့တာပေါ့ ။
ညနေခင်း ၅နာရီခွဲလောက်…
အမေက စျေးဘက်သွားရင်း ထူးထူးကို ကျူရှင်၀င်ကြိုမှာ ဆိုတော့ မေဝါ သွားမကြိုရဘူး ။ အေးနုကလည်း အကြွေးလိုက်တောင်းဖို့ ဆိုင်ကယ်တစ်စီးနဲ့ထွက်သွားပြီဆိုတော့ မေဝါတစ်ယောက်တည်းအိမ်မှာကျန်ခဲ့တယ် ။ ရာသီဥတုက မိုးအုံ့နေပေမယ့် အုံ့အုံ့အိုက်အိုက်ကြီးဖြစ်နေတာမလို့ မေဝါ ရေချိုးချင်တာနဲ့ ရေချိုးတယ် ။ ရေချိုးပြီး ထဘီကို အိမ်အနောက် အိမ်သာနားက ထဘီတန်းမှာလှန်းပြီး အိမ်ထဲပြန်၀င်လာတော့
“အေမ့”
အိမ်ထဲမှာတစ်ယောက်တည်းရှိနေတယ်လို့ ထင်ထားတာကနေ တစ်ယောက်ယောက်ကို မြင်လိုက်လို့ မေဝါ လန့်သွားတယ် ။
လှေကားအခြေက ဖိနပ်စင်နားမှာ မိန်းမတစ်ယောက် အောက်က သမံတလင်းပေါ်မှာ ပဆစ်တုပ်ပြီးထိုင်နေတာ ။ ပုံစံက ခပ်ဖိုင့်ဖိုင့်ကိုမှ အသားမည်းမည်း ၊ ဆံပင်ကောက်ကောက်နဲ့ ပါးစပ်ကလည်းကွမ်းစားထားလို့ ရဲသလိုရဲတွတ်နေတာ ။ အသားတော်တော်မည်းမည်းမှာ ပါးစပ်ကြီးတင်ကွက်ရဲပြီး မျက်လုံးက မျက်သားဝါကျင်ကျင်နဲ့ကိုမှ အရည်လဲ့တဲ့အထိ ပြူးထွက်အောင် မေဝါ့ကိုစိုက်ကြည့်နေတာ ။
နည်းနည်း မျက်နှာပေါက်ဆိုးလို့ လန့်စရာကောင်းနေတာကလွဲရင် လူပုံစံပဲမလို့ မေဝါလည်း လူလို့ပဲထင်လိုက်တာ ။ အမေ့ဆီက တစ်ခုခုလာ၀ယ်ဖို့စောင့်နေတယ်ထင်လို့ မေဝါလည်း
“အန်တီ ဘာလိုချင်လို့လဲရှင့်”လို့မေးတော့
အဲဒီအမျိုးသမီးက မေဝါ့ဆီက အကြည့်မလွှဲဘဲ လှေကားအောက် ဆပ်ပြာပုံးစင်ကို လက်ညှိုးကြီး ဆောင့်ခနဲ နေအောင်ထိုးပြတယ် ။ ပုံစံက သိပ်အချိုးမပြေတာနဲ့ မေဝါလည်း စိတ်ထဲနည်းနည်းဖုသွားပေမယ့် မသိမသာပဲနေလိုက်တယ် ။ ဆပ်ပြာပုံးလိုချင်တယ်ဆိုပေမယ့် မေဝါတစ်ခါမှမမြင်ဖူးတဲ့ မျက်နှာစိမ်းမလို့ “ခဏထိုင်စောင့်နော် အန်တီ…အမေမှသိမှာမလို့…အမေက အပြင်ခဏသွားတာ…ပြန်ရောက်တော့မှာပါ…ခုံပေါ်ထိုင်လေ အန်တီ”လို့ပြောလိုက်တယ် ။
မထိုင်ဘူးဆိုတဲ့ပုံစံနဲ့ ခေါင်းကြီးရမ်းပြတာမှ ပါစပ်နဲ့ ပါးတွေတောင် ပလုတ် ပလုတ်နဲ့ ခုန်တယ် ။ ခါးခါးသီးသီးကြီး ငြင်းပြနေတော့ မေဝါတောင် မျက်လုံးပြူးနဲ့ကြောင်ကြည့်မိတယ် ။ အဲဒီအချိန် အိမ်ရှေ့ကနေ ဆိုင်ကယ်ဟွန်းသံကြားတော့မှ တံခါးသွားဖွင့်ပေးဖို့ မေဝါ ရှေ့ထွက်လာတော့လည်း အဲဒီမိန်းမက မေဝါ့ကို စားတော့ဝါးတော့မတက် မျက်ခမ်းရဲကြီးတွေနဲ့စိုက်ကြည့်နေတာ ။ မေဝါလည်း တံခါးဖွင့်ပေးဖို့ဆိုပြီး တံခါးနားရောက်တော့မှ တံခါးက ကြေးသော့ခလောက်ကြီး ခတ်ထားလို့ ။ ဒီတော့ မေဝါလည်း အိမ်ထဲကို သော့ပြန်ပြေးယူတာပေါ့…သော့ယူပြီးလို့ တံခါးဖွင့်နေရင်းနဲ့မှ ခေါင်းထဲ၀က်လာတဲ့အတွေးက
“ဟင်…အိမ်တံခါးကသော့ခတ်ထားတာကို ခုနက မိန်းမက အထဲကိုဘယ်လို၀င်လာသလဲ”ပေါ့
တံခါးဖွင့်ပေးနေရင်း အိမ်ထဲကို ပြန်လှည့်ကြည့်လို့ ခုနကနေရာမှာ ခုနမိန်းမမရှိတော့ဘူး ။ ဒါပေမယ့် အရိပ်လိုမည်းမည်းအလုံးကြီးရှိနေပြီး မေဝါ့မျက်စိရှေ့တင်ပဲ အပေါ်ကို ခုန်တက်သလိုမြောက်တက်ပြီးပျောက်သွားတယ် ။
မေဝါအစကတော့ ကြက်သေ သေပြီး ဘာမှမပြောနိုင်ဘဲ ငူငူကြီးရပ်နေမိတာ…အမေက
“သမီး…ဘာဖြစ်လို့လဲ”လို့မေးတော့လည်း ပြန်မဖြေနိုင်ဘူး ။ အမေ့ကိုတွေတွေကြီးကြည့်ပြီး မျက်ရည်တွေပဲကျလာတာ ။ မယုံနိုင်လည်းဖြစ်သလို လန့်လည်းလန့်သွားတော့ ခဏလောက် shock ရသွားသလိုမျိုးပဲ ။
ထဘီရင်လျားကြီးနဲ့ငိုနေတာဆိုတော့ အမေက မထိတ်သာမလန့်သာဖြစ်ပြီး အတင်းလှုပ်မေးမှ
“သ…သရဲ”လို့ ပြောနိုင်ပြီး တအီးအီးငိုချတော့တာပဲ ။
ကိုယ်လူလို့ ထင်မိတဲ့အရာက နာနာဘာဝြဖစ်နေတာကိုသဘောပေါက်တဲ့အချိန် အံ့သြပြီးကြောက်တဲ့ခံစားချက်က တကယ်ဘာနဲ့မှမတူဘူးဆိုတာ မေဝါကိုယ်တိုင်ကြုံရမှ သိတော့တယ် ။
အဲဒီလိုနဲ့ အမေက “ငါ့သမီး ကံနိမ့်နေလို့နေမှာ”လို့ပြောပြီး ဘုရားတရားပိုလုပ်ဖို့ပြောတယ် ။ အိမ် ကို လည်း အန္တရာယ်ကင်းဆွမ်းကပ်လုပ်မယ်လို့ စီစဉ်တယ်ဆိုပေမယ့် အေးအေးဆေးဆေးမှ လုပ်ဖို့ စဉ်းစားထားကြတာ … အမေက အလှူအတန်းဆို အရမ်း သဒ္ဓါစိတ်ထက်သန်တဲ့သူဆိုတော့ တစ်ခုခုဆို လုပ်ရင် ဖြစ်သလိုမလုပ်ဘဲ ကျကျနန သေသေချာချာ လုပ်တတ်တယ် ။ ဒီတော့ ဟိုဟာစီစဉ် ၊ ဒီဟာစီစဉ်နဲ့ ရက်က အတော်လေးလိုသေးတာ ။
အဲဒီ ကြားရက်တွေထဲကတစ်ည …
ရာသီဥတုက ပူစပ်ပူလောင်ကြီး ဖြစ်နေတော့ ညဦးပိုင်း အိပ်ခါစမှာ မေဝါ ကုတင်ဘေးက ပြတင်းပေါက်ကိုဖွင့်အိပ်တယ် ။
လေတဖြူးဖြူးနဲ့မလို့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားပြီးမှ မျက်နှာပေါ်ရေစက်တွေ စင်လာလို့ မေဝါနိုးလာတယ် ။ နိုးနိုးချင်း အိပ်ချင်မူးတူး ဆိုတော့ ရေစင်တာကို (အပြင်မှာမိုးရွာပြီး)မိုးပက်လို့ လို့ပဲထင်လိုက်တာ ။ ဒါနဲ့ပြတင်းပေါက်ထပိတ်မယ်လုပ်တော့
“အမလေး”
ပြတင်းပေါက် အပြင်ဘက်မှာ လေပေါ် ပေါလောကြီးပေါ်နေတာ…
မေဝါနဲ့တစ်ပုံစံတည်း
ရုပ်နဲ့ပံပြန်းသဏ္ဍာန်တင်မကဘူး…၀တ်ထားတဲ့ ည၀တ်အင်္ကျီကအစ တစ်ပုံစံတည်း … ကိုယ့်ကိုယ်ကိုယ် ပြန်မြင်နေရသလိုမလို့ အိပ်မက်ယောင်ယောင် လက်တွေ့ယောင်ယောင်နဲ့မလို့ မေဝါ ကြောင်စီစီကြီးကြည့်နေမိတုန်း
“အုန်း!”
ပြတင်းပေါက်တံခါးရွက်တွေက လေပြင်းတိုက်သလို အရှိန်ပြင်းပြင်းနဲ့ ပိတ်သွားတော့ မေဝါလန့်ပြီး နောက်ဆုတ်တာ ကုတင်စွန်းထိတောင်ရောက်တယ် ။ ရင်တွေ တဒိန်းဒိန်းတုန်နေပေမယ့် မေဝါဘာလုပ်လို့လုပ်ရမှန်းမသိသေးဘူး ။
အပြင်ကနေ ခြောက်နေတဲ့ဟာတွေကလည်း ဒီလောက်နဲ့မပြီးဘူး ။ ပြတင်းပေါက်ကို ကုတ်ခြစ်နေသလို တဂျစ်ဂျစ် အသံပေးပြီး ဘတစ်ချက် တစ်ချက်ဆို ရယ်သံလိုလို ၊ ငိုသံလိုလိုတွေ စကားသံတွေပါထွက်နေတာ
“ကောင်မက …”
“ကောင်းကောင်းမအိပ်ရအောင် လုပ်ပစ်မယ်”
တိုးတိုး ပြောနေပေမယ့် အသံက နား နားလေးကပ်ပြောနေသလို ပီပီသသ ကြားနေရတာ
ပြီးတော့ တစ်ယောက်တည်းပြောနေတာမဟုတ်ဘူး ။
အနည်းဆုံးတော့ နှစ်ယောက်ပဲ
နားထောင်ရင်း နားထောင်ရင်းနဲ့ကြက်သီးထစရာ ရယ်သံတွေပါ ကြားလာရတော့ မေဝါလည်း ခေါင်းအုံးပိုက်ပြီး အေးနုအခန်းဘက် ကူးသွားလိုက်တယ် ။ သရဲမတွေကလည်း အေးနုကျမခြောက်ဘူးလားမသိ … အိပ်နေလိုက်တာမှ မျက်လုံးက ပွင့်မလိုပိတ်မလိုနဲ့ ပါးစပ်ကလေးတောင်ဟလို့ ။
မနက် မေဝါ အမေ့ကိုပြောပြတော့ အမေလည်း ဘာလုပ်လို့လုပ်ရမှန်းမသိတော့ဘူး …
ထူးထူးကလည်း ညက အိမ်သာထသွားရင်း …အိမ်သာကနေ အိမ်ထဲအပြန်
“အမေ မမ သူငယ်ချင်းတွေ လာအိပ်ကြတာလား”မေးတော့ အမေက
“မအိပ်ပါဘူး သားရဲ့ ဘာလို့လဲ”ဆိုတော့
“ခုနက အပေါ်ထပ်ပြတင်းပေါက်နားမှာ မတ်တပ်ရပ်နေပြတာတွေ့လို့”လို့ပြောတယ် ။
အမေကိုယ်တိုင်လည်း တစ်ညက (မနက်ဆွမ်းလောင်းဖို့ )ကြက်တောင်ပံတွေကြော်နေတုန်း …မီးဖိုထဲက ပြတင်းပေါက်မှန်ကနေ လှမ်းမြင်လိုက်တာက
အနောက်က ရေခဲသေတ္တာဘေးမှာ အသားမည်းမည်းဆံပင်ကောက်ကောက်နဲ့မိန်းမရယ် ၊ ခပ်ပိန်ပိန်ရှည်ရှည်ဆံပင်ခါးလယ်လောက်၊ မျက်နှာသေးသေး(သေးတာမှ လက်တစ်အုပ်စာလောက်ပဲရှိတာ)နဲ့ မိန်းမတစ်ယောက်ရယ် တောင့်တောင့်ကြီးရပ်ပြီး အမေ့ကို စိုက်ကြည့်နေတာ…အမေ အလန့်တကြာဖြစ်ပြီး လှည့်ကြည့်လိုက်တော့ နောက်မှာဘယ်သူမှမရှိဘူး…ဒါပေမယ့် ရေခဲသေတ္တာဘေးကတိုင်မှာချိတ်ထားတဲ့ ကြာဇံခြောက်အိတ်ကြီးက တစ်ယောက်ယောက်ပိတ်ထုလိုက်သလို “ဘောင်း”ခနဲ မြည်ပြီး ပေါက်ထွက်သွားတာ ။
အမေလည်း ကတုန်ကယင်နဲ့ ဘာလုပ်ရမှန်းမသိဘူးပေါ့ ။ ဒါနဲ့ ကြက်သားကြော်လက်စကို မြန်မြန်လက်စသတ်ပြီး အိမ်ရှေ့ခန်းမှာထိုင်နေတဲ့ မေဝါတို့ဆီ အမြန်လာ၀င်ထိုင်လိုက်ရတယ် လို့ ပြောတယ်။
ဒီကြားထဲ အမေလည်း ကိုးကွယ်နေကျဘုန်းကြီးဆီ သွားမေးပေမယ့် ဘုန်းဘုန်းကလည်း ဒီဘက်ကိစ္စတွေ အဲဒီလောက်ကြီး အကျွမ်းတ၀င်မရှိဘူးလို့ မိန့်တယ် ။ ဒါပေမယ့် အကြားအမြင် လိုက်စားတဲ့ ဘုန်းကြီးလူထွက်တစ်ယောက် ဆီ ညွှန်ပေးလိုက်တယ် ။
အကြားအမြင်ဆရာ နာမည်က “ဆရာ မင်းငယ်” …ဆရာက မေဝါတို့ကို ဘုန်းဘုန်းလွှတ်လိုက်တာဆိုတော့ သေချာအချိန်ပေးပြီး အိမ်အထိလိုက်ကြည့်ပေးတယ် ။
အိမ်ထဲမ၀င်ခင် ခြံ၀ကတည်းက ဆရာက သက်ပြင်းချပြီး
“တကယ်ရှိနေတာပဲ … သေချာမွေးခံထားရတဲ့ အကောင်တွေ”လို့ပြောတယ် ။ ဆရာက အိမ်ထဲကို သူတစ်ယောက်တည်း သေချာပတ်ကြည့်ပြီးမှ
“ဒီရက်ပိုင်း အိမ်ထဲကို ပစ္စည်းအစုတ် ၊ အဟောင်းတွေ ၀င်တာမျိုးရှိလား”
“မရှိပါဘူး ဆရာ”
“သူများပစ္စည်းအပေါင်ခံထားတာမျိုးရော…မရှိဘူးလား ”
အမေကလည်း အပေါင်ခံတာမျိုးတော့မလုပ်တော့
“မရှိပါဘူး ဆရာ…ကျွန်မ အပေါင်ပစ္စည်းလက်ခံတာမျိုးမရှိပါဘူး ” လို့ဖြေတယ် ။
“ပစ္စည်းအညံ့တစ်ခုခုနဲ့ကပ်ပါလာတယ်လို့ မြင်နေလို့…မရှိရင်လည်းထားပါ”လို့ပြောပြီး ဆရာက ဘုရားခန်းဆီတက်သွားတယ် ။ အသင့်ပြင်ပေးထားတဲ့ ကန်တော့ပွဲရှေ့မှာ ဖယောင်းတိုင် ၊အမွှေးတိုင်တွေ ထွန်းပြီး ရွတ်ဖတ်တယ် ။ ရေခွက်တစ်ခွက်ကို ရေမန်းပြီး တစ်အိမ်လုံးလိုက်ပက်ခိုင်းတယ်။
ပြီးတော့ ပုတီးစိပ်တယ် ။ မေဝါ့ စိတ်ထင် နှစ်နာရီနီးပါးလောက်ကြာတယ် ထင်တာပဲ ။ ဆရာပုတီးစိပ်ပြီး အောက်ထပ်ဆင်းလာပါပြီဆိုကတည်းက အပေါ်ထပ်မှာ မျောက်ပွဲစတော့တာပဲ ။ တဒုန်းဒုန်းနဲ့ခုန်ပေါက်နေတာများ ကြမ်းတောင်ကျွံတော့မလားမှတ်ရတယ် ။
ခဏနေတော့ ဆရာက အိမ်တံခါးပေါက်ဖွင့်ပြီး တံခါးကိုတဘုန်းဘုန်းပုတ်ပြီးအသံပေးလိုက်တာ…အိမ်ပေါ်မှာသောင်းကျန်းနေတဲ့ ခြေသံတွေက ၀ရုန်းသုန်းကားပြေးဆင်းလာပြီး အပြင်ကိုပြေးထွက်သွားတဲ့ ခြေသံတွေပါကြားရတယ် ။ ထွက်ခါနီး အိမ်ကသံပန်းတံခါးကြီးကို ဒုန်းခနဲဒိုင်းခနဲ အသံမြည်အောင်လုပ်သွားသေးတာ ။
ဆရာက အလုံးစုံတော့ အာမ မခံပေမယ့် သေချာအောင် အိမ်ကိုအန္တရာယ်ကင်းဆွမ်းကပ်လုပ်ဖြစ်အောင် လုပ်ဖို့ပြောတယ် ။
အဲဒီလိုနဲ့ ဆရာလာပြီးနောက်ပိုင်း နှစ်ရက်လောက်က လုံး၀ အေးအေးဆေးဆေးဖြစ်သွားတာ ။
ဒါပေမယ့် သုံးရက်မြောက်ည…
ည ၁၀နာရီလောက် မေဝါတို့အိမ်နဲ့ နှစ်လမ်းကျော်က လမ်း မှာ မီးလန့်တော့ မီးတွေပျက်သွားတယ် ။ မီးက အချိန်မီ ငြှိမ်းလိုက်နိုင်လို့ အကြီးအကျယ်မလောင်ပေမယ့်(မီးလန့်တဲ့အိမ်နားမှာ ဓာတ်ဆီရောင်းတဲ့အိမ်ရှိတော့) အရပ်ထဲက လူတွေ အတော်လေးလန့်ပြီး အိမ်ရှေ့ထွက်ပြီး အခြေအနေအကဲခတ်ကြ ၊ စပ်စုကြ ၊ အပြစ်တင်ကြ နဲ့ ဟိုးနားတစ်စု ဒီနားတစ်စုပေါ့ ။
မေဝါတို့လည်း အိမ်ရှေ့နားထွက်ပြီး ဘေးအိမ်တွေနဲ့ ဟိုပြောဒီပြောပြောကြတယ် ။ အမေက အိမ်နီးချင်းတွေနဲ့ပြောနေတဲ့အချိန် မေဝါက အိမ်ပေါက်၀ ညဘက်က အုတ်ခုံပေါ်မှာထိုင်နေတာ…အေးနုနဲ့ထူးထူးက ဘယ်ဘက်အုတ်ခုံပေါ်မှာထိုင်တယ် ။ မေဝါ ထိုင်နေရင်း ဟိုကြည့်ဒီကြည့် ကြည့်ရင်း မျက်လုံးတွေက ဘယ်ကဘယ်လို ဗာဒံပင်ပေါ်ရောက်သွားတယ်မသိ…
အစကတော့ မြင်နေရတာတွေက ဘေးအိမ်က မီးလုံးတွေလို့ထင်တာ…ကြည့်ရင်းနဲ့မှ မျက်လုံးပုံစံတွေနဲ့တူနေတော့ မေဝါ ခပ်လျော့လျော့ထိုင်နေတာကနေ ခါးနည်းနည်းမတ်သွားတယ် ။ သေချာစိုက်ကြည့်ကြည့်တော့ သစ်ကိုင်းပေါ်မှာ အမည်းလုံးလုံးကြီး ထိုင်နေသလို ပုံပေါ်လာတာမလို့ မေဝါ အတော်လေးလန့်သွားတယ် ။
ဒါနဲ့ အမေ့ကိုအမြန်သွားလက်တို့ပြီး အိမ်ထဲ၀င်ဖို့ခေါ်တယ် ။ အမေကလည်း စကားအမြန်ဖြတ်ပြီး လိုက်လာတယ် ။
အေးနုနဲ့ထူးထူးကိုလည်း အိမ်ထဲ၀င်ဖို့ခေါ်တာပေါ့ ။ အေးနုက အိမ်ထဲရောက်ပြီးမှ အုတ်ခုံပေါ်မှာ ယပ်တောင်ကျန်ခဲ့လို့ဆိုပြီး ပြန်ထွက်ယူတယ် ။ ပြီးတော့ အိမ်ဘက်ပြန်အလာ ခြံတံခါး၀နားရောက်တော့ ခလုတ်တိုက်စရာမရှိဘဲ ပစ်လဲပါလေရော ။
လဲတာမှ ခြေပစ်လက်ပစ် ဘိုင်းခနဲ ပုံနေအောင်လဲသွားတော့ မေဝါက ပြေးထူတယ်။မေဝါ ထူပေမယ့် အေးနုအလိုက်သင့်ပါမလာဘဲ ပျစ်ဆွဲကြီးလုပ်နေတာ…ဒါနဲ့ မေဝါက
“မမ ထလေ..ဘာလုပ်နေတာလဲ”ဆိုတော့ အေးနုက ခေါင်းကိုခါခနဲနေအောင်မော့ပြီး မေဝါကိုကြည့်တယ် ။ ပြီးတော့ လေသံမာမာနဲ့
“ထူ..ငါ့ကို”လို့ပြောတော့ မေဝါလည်း
“ထူနေတာပဲကို ထမှ မထတာ”လို့ပြန်ပြောတော့
“တောက်”ခနဲ ခေါက်ပြီး ဝုန်းခနဲထရပ်တယ် ။ ပြီးတော့ မေ့ဝါလက်ကိုပုတ်ချပြီး အိမ်ထဲဆောင့်ကြီးအောင့်ကြီး ၀င်ချသွားတယ် ။ မေဝါလည်း နည်းနည်းအံ့သြသွားတာပေါ့ ။ ပုံမှန်ဆို အေးနုက နာမည်နဲ့လိုက်အောင် သိပ်အေးသိပ်နုတာ ။ အကြွေးတောင်းတတ်ဖို့ကိုတောင် အမေကမနည်း သင်ပေးပြီး စိတ်မာအောင်ပုံသွင်းပေးထားရတာ ။
အိမ်ထဲရောက်တော့ အမေမှ ဖယောင်းတိုင်လေးထွန်းပြီးခါစရှိသေး အေးနုက လှေကားအခြေကို ပြေးပြီး မှောက်လျက်ကြီးကုန်းငိုတော့တာ…မေဝါတို့လည်း ကြောင်သွားတာပေါ့ ။
အေးနု ဘာဖြစ်တာလဲ ဘာလို့လဲနဲ့ အနားကပ်မယ်လုပ်တော့
အေးနုက အောက်က ကြမ်းပြင်ကို လက်နဲ့ပုတ်ပြီး
“မလာနဲ့ မကပ်နဲ့ …ကောင်မတွေ ငါတို့ပစ္စည်းပြန်ပေး…ပစ္စည်းကိုယူထားပြီး ငါတို့ကိုကျနှင်တယ် …ငါတို့ပစ္စည်းအခုပြန်ပေး !”လို့ အော်ပြီး ငိုရယ်ငိုရယ်အသံကြီးလုပ်တယ် ။
မေဝါတို့ကလည်း ဘာပစ္စည်းယူထားမိမှန်းသတိမရတော့ ကြောက်နေတဲ့ကြားကနေပဲ “ဘာပစ္စည်းလဲ”မေးတာပေါ့
မေးတာကိုပဲ စိတ်မရှည်တဲ့ပုံစံနဲ့
“အကြာကြီးနေလို့မရပါဘူးဆိုမှ သောက်ကောင်မတွေ…ပေး ငါ့ပစစည်းပြန်ပေး”ဆိုပြီး အော်လည်းအော် မှောက်နေရာကနေ မျောက်ခုန်ထခုန်ပြီး ဆပ်ပြာပုံးစင်ပေါ်ကနေ ပုံးတွေဆွဲကျ မှောက်ချလုပ်ရင်း အဖေထားခဲ့တဲ့ အိတ်အညိုက ဘုတ်ခနဲပြုတ်ကျလာတော့
အိတ်ကို လက်ညိုးထိုးပြီး” ဒီဟာ…ဒီဟာ” လို့ပြောပြီး အေးနု ပက်လက်လန်ကျသွားတော့တာပဲ ။
မေဝါတို့ လည်း ချက်ချင်းမကပ်ရဲဘူး…တော်တော်ကြာအထိ ပြန်မလှုပ်တော့မှ အမေက ပြေးထူးပြီး နှာနှပ်ပေးရတယ် ။ အေးနု သတိပြန်လည်လာတာနဲ့ အမေကတော့ အိတ်ကြီးကိုယူပြီး အိမ်ရှေ့ ခြံအပြင်မှာသွားပစ်ထားတော့တာပဲ ။
ပြီးတော့ တစ် ရပ်ကွက် ထဲ နေ တဲ့ အမေ့အစ်ကိုကို ဖုန်းဆက်ခေါ်ပြီး အိမ်မှာလာနေပေးဖို့ပြောတယ် ။ ဒီလိုကြီးဖြစ်ထားမှတော့ မိန်းမ ၃ယောက် ၊ ကလေး တစ် ယောက် တည်း မနေရဲတော့ဘူးလေ ။
ဦးလေးအလာစောင့်နေတုန်း အိမ်ရှေ့သံပန်းတံခါးခေါက်သံကြားတော့ မေဝါသွားဖွင့်ပေးတယ် ။ တံခါးဖွင့်လိုက်တော့ အပြင်မှာ ဘယ်သူမှမရှိဘူး ။ သတိ၀င်လာတဲ့ကြောက်စိတ်နဲ့အတူ မေဝါ့အကြည့်က အိမ်ရှေ့ရောက်သွားတော့
လရောင်အောက်မှာမြင်ရတာက အထုပ်ချထားတဲ့ နားမှာ ငုတ်တုတ်ကြီးထိုင်ပြီး အိမ်ဘက်ကို စိမ်စိမ်းကြီးစိုက်ကြည့်နေတဲ့ နှစ်ယောက် ။ မည်းမည်း၀၀ ဆံပင်ကောက်ကောက်နဲ့တစ်ယောက်ရယ် ၊ ပိန်ပိန် ဆံပင်ရှည်ရှည်နဲ့တစ်ယောက်ရယ် …ရုပ်တွေတော့သေချာမမြင်၌ပေမယ့် မျက်လုံး ကြီး တွေက ဝါလိုက်နီလိုက်နဲ့ မေဝါ့ကို စိုက်ကြည့်နေပြီး လှမ်းမာန်လိုက်သလို “ဟမ်း”ခနဲလုပ်ရင်း ရှေ့ကို ရွေ့လာတော့ မေဝါလည်း “အမလေး”အော်ရင်း အိမ်ထဲပြန်ပြေး၀င်တော့တာပဲ ။
အဲဒီလိုနဲ့ နောက်ရက် အမေနဲ့ ဦးလေး က အထုပ်ကို အဖေ့ကားဂိတ်သွားပို့တယ် ။ အမေက အဖေ့ဆီလည်း ဖုန်းဆက်ပြီးပွားတာပေါ့ ။”နောက် အိမ်ကို ဘာအထုပ်မှယူလာဖို့မစဉ်းစားနဲ့”ဆိုပြီး အသားကုန်ပွားတော့တာ ။
အဲဒီအထုပ်ဇာတ်ရှုပ်ကလည်းမပြီးဘူး ။ အထုပ်ကပိုင်ရှင်ကလည်းပြန်လာမယူတဲ့အပြင် ကားဂိတ်မှာလည်း သရဲမနှစ်ကောင်က ဂြိုဟ်မွှေတာ…နောက်ဆုံး အိတ်ကိုသော့ဖျက်ဖွင့်ကြည့်တော့ အထဲမှာ ထမိန်အစုတ်တွေရယ် ၊ ဆံပင်ကျွတ်လိုဟာတွေထည့်ထားတဲ့ ပလတ်စတစ်ဘူး တစ်ဘူးရယ် ၊ သတင်းစာအဟောင်းတွေရယ်ပါတယ် ။ ဒါနဲ့ ကားဂိတ်ကအလုပ်သမားတွေက အိတ်ကို သင်္ချီုင်းသွားပစ်လိုက်တယ်လို့ပြောတယ် ။
အဲဒီကိစ္စနောက်ပိုင်း အမေက အဖေ့ကို
“အထုပ်ထပ်သယ်လာရင် ခင်ဗျားပါ လမ်းပေါ်ထွက်အိပ်ရမယ်…မြဲမြဲမှတ်ထား”ဆိုပြီး ကြိမ်းထားတော့တာတဲ့လေ
ကဲ…ဒီညတော့ ဒီလောက်ပဲနော်
ကျေနပ်ကြမယ်ထင်ပါတယ်
စကားမစပ် ပြတင်းပေါက်မှာ လာရပ်ကြည့်နေမယ်နော်
Like & Share ဖို့လည်းမမေ့ကြပါနဲ့ဦးနော်