အောက်လမ်းဘိုးထင် နှင့် သိုက်ဆရာအောက်ကြီး

Posted on

သူတို့ဟင်းကောင်းစားရအောင်ကြံမည်ဟု နှုတ်ကဖွင့်မပြောပဲ မျက်လုံးအကြည့်တို့ဖြင့်ပင် တိုင်ပင်ပြီးသားဖြစ်သွားပြီး ငှက်သွားကောက်နေသော မောင်ဘိုးထင်တို့ပြန်ရောက်လာသည်နှင့်
“‌ကောင်လေးတွေ မင်းတို့ အဲ့ဒီနေရာကို ငှက်သွားပစ်ချင်ကြလား”
“ဟာ ပစ်ချင်တာပေါ့ဗျာ”
“အဲ့တာဆိုရင် ငါတို့ဆရာကြီးကို ပြောပေးမယ် ”
“တ တကယ်လားဗျာ ကျုပ်တို့နယ်ကလူတွေက ခင်ဗျားတို့လိုလူတွေကို သိပ်ကြောက်ကြတာဗျ ပညာနဲ့လုပ်ရင် ဆေးမမှီဘူးတဲ့လေ ”
သာအေးပြောသောစကားမှာ အမှန်ပင်ဖြစ်၏။တောသူ တောင်သားများမို့ အောက်လမ်းပညာသည်များအား ကြောက် လန့်ကြ၏။ချွင်းချက်အနေဖြင့် ဦးအုန်းနှင့် မောင်ဘိုးထင်တို့ မပါပေ။ယခုကဲ့သို့ သိုက်တူးသမားများဆိုလျှင် သာလို့ကြောက်ကြပြီး အနားလာဖို့ကိုပင် မရဲကြပေ။မောင်ဘိုးထင်တို့သည်လည်း သူတို့ရှိနေသောကြောင့် မသွားဝံ့ဘူးဟုပြောခြင်းမှာ ယုတ္တိရှိလှသည်။သိုက်တူးသမားနှစ်ယောက်သည်လည်း သူတို့ လိုချင်သောအချက်များကိုပြောပြလေသည်။
“မင်းတို့ငှက်သွားပစ်ရင် တို့လူနှစ်ယောက်လည်း ထည့်လိုက်မယ် ရလာတဲ့အကောင်တယောက်တဝက် ဘယ်လိုလဲ”
“ရတာပေါ့ဗျာ ကျုပ်တို့က စားရရင်ကို ကျေနပ်ပြီ ဝါသနာကြောင့်သာ ငှက်လိုက်ပစ်နေတာ ခင်ဗျားတို့ ကျုပ်တို့ကို ချက်ပြီးသားပဲ ကျွေး အိမ်ကို ယူမသွားတော့ဘူး”
“အေး အဲ့တာလည်း အဆင်ပြေတာပဲ နေဦး ငှက်ရမှာနော် မရရင်တော့ မကျွေးနိုင်ဘူး”
“အေးပါဗျာ အေးပါ ”
“ကဲ ကဲ မင်းတို့ ဘယ်နေ့ပစ်မှာလဲ ”
“ခင်ဗျားတို့က ကြာဦးမှာမလား”
“လိုသေးတယ်လေကွာ အခုမှာ လပြည့်ကျော်ဆယ်ရက်ပဲရှိသေးတာ နောက်ငါးရက်လောက်‌နေရဦးမှာပေါ့”
“အဲ့တာဆို ကျုပ်တို့ မနက်ဖြန် လာခဲ့မယ် ‌ဒီငှက်တွေ ယူထားမလား ”
“အားနာစရာကြီးကွာ ယူမယ် ”
နှုတ်ကနေသာအားနာနေပြီး လက်ကအားမနာသော နွား‌‌ကျောင်းနေသူ သိုက်တူးသမားနှစ်ယောက်သည် မောင်ဘိုးထင်တို့ပေးသော ဆက်ရက်ငှက်များကို ယူထားလိုက်ကြပါလေသည်။
အခန်း (၆)
“ဆရာကြီး ကျုပ်တို့ကောင်လေးနှစ်ယောက်ကို ငှက်ပစ်ဖို့ ခေါ်ထားတယ်”
“င‌မောင် ငါတို့တွေက သိုက်လာတူးတာနော် မင်း ဘာတွေရှုပ်ရှုပ်ရှက်ရှက်လုပ်ဦးမလို့လဲ ”
“ကောင်လေးတွေပါ လူပျိုပေါက်အရွယ်တောင်မရှိသေးပါဘူး ကျုပ်တို့အလုပ်ကိုလည်း အနှောက်အယှက်မဖြစ်နိုင်လောက်ပါဘူး”
“မင်းတို့နဲ့တော့ ခက်တယ် အစားတလုပ်ကို ဒီလောက်မက်နေရလားကွာ ”
‌သိုက်ဆရာအောက်ကြီးမှ ထိုသို့ပြောလိုက်‌အခါ ထမင်းချက်ငသိန်းမှ ‌မကျေမနပ်နှင့် ‌ရေရွတ်လေ၏။
“အစားတလုတ်တွေဘာတွေ လာပြောနေတယ် တောကြက်သားလေးချက်တော့ အမြစ်လေးချန်ပါအုံးဟဲ့ အသည်းလေး ငါ့ကိုပေးစမ်းပါဦး ရင်ပုံသားလေးလည်း မလွတ်စေရဘူး ထည့် ပေးစမ်းပါဦးနဲ့ သူပဲ ရှေ့ဆုံးက ”
ငသိန်း၏မတိုးမကျယ်စကားကိုကြားလိုက်သော်လည်း သိုက်ဆရာအောက်ကြီးတယောက် မကြားဟန်ဆောင်နေလိုက်ရသည်။သူပြောသည်မှာလည်း အမှန်ပင်ဖြစ်၏။တပည့်များနည်းတူ အသားဟင်းငတ်နေသည်မှာ ကြာချေပြီ။ဒီနယ်ကိုရောက်လာမှသာ ကြက်သားဟင်းနှင့်လွေးရခြင်းဖြစ်၏။ထိုသို့လွေးရခြင်းမှာလည်း ဒေသခံကောင်လေးနှစ်ယောက်၏အကူ အညီကြောင့်ဟု တပည့်များအပြောအရ သိခဲ့ရသည်။ယခုနောက်ထပ်ကြုံလာသည့်အခွင့်အရေးတခုကို တပည့်များမှ လက်မလွတ်ချင်ကြပေ။အများနှင့်တယောက်ဖြစ်နေသောကြောင့် သိုက်ဆရာအောက်ကြီးသည်လည်း ငှက်ပစ်မည့်ကောင်လေးများ လက်လုပ်တောင်ပေါ်တက်ခြင်းကို ခွင့်ပြုပေးလိုက်ရလေတော့သည် ။
“ကဲ ကဲ မင်းတို့က လက်ခံချင်နေတော့လည်း လက်ခံလိုက်ပေါ့ ပြဿနာတော့ မဖြစ်စေနဲ့ ကြားလား ငါ သိုက်စောင့်တွေကို အကုန်ချုပ်ထားတယ် သိုက်ကပစ္စည်းတွေကို လကွယ်မှဖေါ်လို့ရမှာမို့ အချိန်ကောင်းကိုစောင့်နေတာ ဖျောက်ဆိတ်ပင်နားမှာ ရာဇမတ်ကာထားတာ တွေ့တယ်နော် အဲ့ဒီအနားက ပွဲကိုထိလို့တောင်မဖြစ်ဘူးဆိုတာ မင်းတို့ မှတ်ထားကြ ဒီသိုက်က ကျတ်သိုက်ပဲ ကဲ ကဲ ငါမှာတာတွေ မမေ့နဲ့ ”
“ဟုတ်ကဲ့ပါ ဆရာကြီးအောက်”
သိုက်ဆရာအောက်ကြီး၏တပည့်များသည် အတော်ဝမ်းသာသွားကြသည်။ဖျောက်ဆိတ်ပင်နားတွင် စောင့်ကြပ်နေသောသူမှအပ ကျန်သောသူများသည် တောင်ခြေသို့ဆင်းသွားကြလေသည်။ထို့နောက် တောင်ခြေရှိ ရုံပင်အောက်တွင် အသင့်စောင့်နေသော မောင်ဘိုးထင်တို့အား
“ကောင်လေးတွေ တက်ခဲ့လို့ရပြီကွ လာ လာ ”
“ဟုတ်ကဲ့ အကိုကြီး ”
မောင်ဘိုးထင်သည် မန္တန်ကိုရွတ်ပြီး အမြင်ဖွင့်ထားလိုက်လေသည်။ထို့ကြောင့် တောင်ပေါ်တွင်ရှိနေသော မြင်အပ်၊မမြင်အပ်များကို မြင်နိုင်စွမ်း၏။တောင်‌ပေါ်သို့တက်လာပြီးနောက် ဝါးတဲလေးများထိုးထားသောနေရာသို့ရောက်‌လာရာ မလှမ်းမ ကမ်းရှိ ဖျောက်ဆိတ်ပင်ကြီးကိုလှမ်းကြည့်လိုက်သည်။ရာဇမတ်ကွက်ကာထားပြီး အထဲတွင် တိုင်များစိုက်ထားကာ ချည်မန်းကွင်းများပတ်ထားသည်ကို တွေ့လိုက်ရသည်။ထိုတိုင်များတွင် ‌သိုက်‌ချုပ်နှင့် အစောင့်များကိုဖမ်းချုပ်ထားသည်ကို လည်း တွေ့လိုက်ရသည်။ထိုအထဲတွင် လက်လုပ်တောင်တောင်ခြေ၌စောင့်သော လူထွားကြီးနှစ်ယောက်လည်း အပါအ ဝင်ဖြစ်၏။မောင်ဘိုးထင်သည် ထိုနေရာများ စူးစိုက်ကြည့်၍မသင့်သောကြောင့် မမြင်ဟန်ဆောင်နေလိုက်သည်။ထို့နောက် သိုက်တူးသမားများသည် ဝါးတဲတခုပေါ်တွင်ထိုင်နေသော သူတို့၏ခေါင်းဆောင်ဖြစ်သူ ဆရာအောက်ကြီးဆိုသူနှင့် မိတ်ဆက်ပေးလာလေ၏။
“ဆရာကြီးအောက် ဒါ ကျုပ်တို့ခေါ်လာတဲ့ ကောင်လေးသုံးယောက်ပါ ”
“သြော် အေး အေး ကောင်လေးတွေ မင်းတို့နာမည်တွေက ဘယ်သူတွေလဲကွ”
သိုက်ဆရာအောက်ကြီးသည် မောင်ဘိုးထင်တိို့ကိုဝေ့ကြည့်လိုက်ပြီး မေးမြန်းလိုက်လေသည်။ထိုအခါ မောင်ဘိုးထင်တို့ သည် ဆရာအောက်ကြီးဆိုသူအား ပြုံးပြရင်းပြန်ဖြေလိုက်၏။
“ကျုပ်နာမည်က ဘိုးထင်ပါဗျ ”
“ကျုပ်က ‌ပေတူးပါ”
“ကျုပ်ကတော့ သာအေးပါ ”
“အေး မင်းတို့ကောင်တွေ အသက်ဘယ်လောက်ရှိပြီလဲ ”
“ဆယ့်လေးနှစ်ထဲ ဝင်လာပြီလို့ ပြောတာပဲဗျ ကျုပ်တို့လည်းသေချာမသိပါဘူး မေးရအောင်လည်း ဒီကောင်ကလွဲပြီး ကျုပ်တို့တွေမှာ မိဘမရှိကြတော့ဘူး”
‌ပေတူးသည် သာအေးအား လက်ညှိုးထိုးပြလိုက်ပြီး စကားဆိုလိုက်ခြင်းဖြစ်သည်။ထိုအခါ အောက်ကြီးသည် ခေါင်းကိုညိတ်လိုက်ပြီး
“မင်းတို့နှစ်ယောက်လည်း ငါ့လိုပါပဲလား မင်းတို့ကောင်တွေ အသက်ဆယ့်လေးနှစ်ဆိုတာတော့ မဖြစ်နိုင်ဘူးကွ အဲ့ထက်ငယ်လောက်တယ် အများဆုံးရှိလှ ဆယ်သုံးနှစ်ပေါ့ ”
“အဲ့တာတော့ ကျုပ်တို့လည်း မသိပါဘူးဗျာ ”
“အေး အေး မင်းတို့‌ကောင်တွေ ဟိုနားက ဖျောက်ဆိတ်ပင်အနားကို မသွားရဘူး ကြားလား ”
“စိတ်ချပါဗျာ ကျုပ်တို့က ငှက်ပစ်တာလောက်ပဲ စိတ်ဝင်စားတာပါ ”
“အေးကွာ မင်းတို့ကောင်တွေသတ္တိကိုတော့ ငါ အံ့သြတယ် ကောင်းတယ်ကွာ ငယ်ငယ်ရွယ်ရွယ်နဲ့ သတ္တိရှိတာ အခုသွားကြတော့မှာလား ငှက်ပစ် ”
“တခုလောက် တောင်းဆိုချင်ပါတယ် ဆရာကြီး ”
“အေး ပြော”
“ကျုပ်တို့က ပေပင်ရွာကနေလာခဲ့ရတာ အခုအချိန်ရောက်ဖို့ဆိုရင် မနက်အစောကြီးကတည်းက လမ်းလျှောက်ပြီးလာခဲ့ရပါတယ် ကျုပ်တို့ကို ဒီတောင်မှာ နေခွင့်ပေးပါလားဗျာ ညနေပိုင်းလောက်မှ ငှက်တွေပေါတာဆိုတော့ အဲ့အချိန်မှ ကျုပ်တို့ပြန်ရင် ရွာကိုအချိန်မရှိမှရောက်မှာစိုးလို့ပါ ”
မောင်ဘိုးထင်၏တောင်းဆိုစကားကို အောက်ကြီး အနည်း ငယ်စဥ်းစားနေသည်။မိမိတို့ပင် မနက်အစောကတည်းက ထွက်လာရာ ဆွမ်းစားချိန်လောက်မှ ဒီကိုရောက်သည်ဆိုသော် ညနေမှပြန်က ကောင်လေးများ သန်းခေါင်ချိန်လောက်မှသာ အိမ်သို့ပြန်ရောက်နိုင်သည်။ထို့ကြောင့် ကိုယ်ချင်းစာတတ်သည့် သိုက်ဆရာအောက်ကြီးမှ
“နေလို့က ရပါတယ် မင်းတို့အုပ်ထိန်းသူတွေ စိတ်ပူနေမလား”
“ကျုပ်တို့အားလုံး ပြောခဲ့ဆိုခဲ့ပါတယ် ”
“ကောင်းပြီကွာ မင်းတို့နေဖို့ တဲတော့ထိုးရမယ်ထင်တယ်”
အောက်ကြီးမှ ထိုသို့ပြောသောအခါ ‌တပည့်ဖြစ်သူ ထမင်း ချက်နှစ်ယောက်မှ ဝင်ရောက်စကားဆိုလေသည် ။
“ကျုပ်တို့တဲက ကျယ်တယ် ဆရာကြီးအောက် သူတို့ကိုကျုပ်တို့တဲမှာ သိပ်လိုက်မယ် ”
“အေး အေး မင်းတို့နှစ်ယောက် ဒီကောင်လေးတွေနောက် လိုက်သွားမှာလား ”
“ဟုတ်ပါတယ် ဆရာကြီး”
“အေး အေး ကောင်လေးတွေကို ထမင်းကျွေးပြီးမှ ခေါ်သွား‌ သောက်စရာရေလည်း ထည့်သွားကြ လမ်းမှာ ရေဆာနေမယ်”
မောင်ဘိုးထင်တို့သည် သူတို့ကို စိတ်ပူပေး‌သော သိုက်ဆရာအောက်ကြီးကို သေချာကြည့်လိုက်မိသည်။ဒီကိုမလာခင်က သိုက်ဆရာမှာ အတော်ကိုခက်ထန်ပြီးကြောက်စရာကောင်းလိမ့်မည်ဟုတွေးထားသော်လည်း တကယ်ကြုံတွေ့ရသောအခါ သိုက်ဆရာအောက်ကြီးသည် ကြည့်ကောင်းသောရုပ်ရည်လည်းရှိကာ သဘောအလွန်ကောင်းပြီး ကြင်နာလေ၏။သို့ပေမဲ့ ရေအိုးစင်ရွာမှာ ရွှေ၊ငွေများ မပါသွားဖို့အရေး သိုက်ဆရာနှင့် မလွှဲမရှောင်သာတိုက်ခိုက်ရတော့မည်ဟုတွေးရင်း ထမင်းချက်‌ ငသိန်း၊မျောက်ကြီးတို့နှင့်အတူ ထွက်သွားကြပါတော့သည်။

အခန်း (၇)
မောင်ဘိုးထင်၊ပေတူးနှင့် သာအေးတို့သည် သိုက်တူးသည့်အဖွဲ့မှ ထမင်းချက်နှစ်ယောက်ဖြစ်သည့် ငသိန်း၊မျောက်ကြီးတို့နှင့်အတူ လက်လုပ်တောင်၏တောင်ဘက်ကြောတွင်ရှိသော စိမ်းစားတောသို့ ကြက်ပစ်ငှက်ပစ်ထွက်ကြလေသည်။စကားပြောကောင်းသောမောင်ဘိုးထင်တို့ကြောင့် ငသိန်းနှင့် မျောက်ကြီးမှာ အပျင်းပြေပြီးပျော်ရွှင်နေလေသည်။
“မင်းတို့ရွာကတော့ တကယ့်အဆန်းပဲကွ ဝက်သားအကြွေး မရလို့ နွားသိမ်းတာကတော့ များတာပေါ့ကွ “
“အကိုကြီးရယ် ဝက်သားအကြွေးကိုလည်း ကြည့်အုံးလေ တရွာလုံးအတွက်ဖော်တာ သူက တဝက်ယူတာလေ “
“အဲ့လောက်တောင်ပဲလားဟ ရောင်းတဲ့သူကလည်း ရောင်းတာပဲလား”
“ရောင်းတာပေါ့ဗျာ ရေအိုးစင်က မင်္ဂလာဆောင်လိုလိုအလှူလိုလိုရှိတယ်ပြောပြီးယူတာ ပြီးရင် စာရင်းရှင်းမယ် ဘာညာနဲ့အဲ့လိုပြောပြီး ယူတာဗျ “
“သူက အဲ့လောက်ဝက်သားအများကြီးဘာလုပ်တာလဲ “
“ကိုသိန်းဇံက ဖဲသမားဗျ သူက ဖဲရိုက်စရာငွေမရှိလို့ ဝက်သားတွေလိမ်ယူပြီး တခြားရွာကိုသွားရောင်းပြီး ငွေဖော်တာ မင်္ဂလာဆောင်ကလည်းတကယ်ရှိနေတော့ ကျုပ်တို့ရွာက ဝက်ပေါ်တဲ့သူတွေကလည်း ပေးတာပေါ့ ဝက်သားဖိုးလာမရှင်းတာ တပတ်လောက်ကြာလို့သွားတောင်းတော့မှ ပြဿနာတွေ တက်ရောဗျို့ သူတို့ မသိပါဘူး ဘာညာပေါ့ နောက်မှ ကိုသိန်းဇံ လူလည်ကျသွားတာကိုသိတာဗျ လေးရက်တိတိဝက်ပေါ်တာ လေးရက်လုံး ဝက်သားတွေလာယူသွားတာတဲ့ ဖဲသမားဆိုတော့အပြောကလည်း ကောင်းတယ်လေဗျာ နောက်ဆုံးအဖြစ်မှန်ကိုသိမှ ကိုသိန်းဇံကိုအကြွေးသွားတောင်းတာ အကြွေးပေးစရာမရှိလို့ နွားသိမ်းလိုက်တာ အဲ့ဒီနောက်ပိုင်း ဝက်သူခိုးသိန်းဇံဆိုပြီး အမည်တွင်တော့တာပဲ “
“တော်တော်ဟုတ်တဲ့သူပဲကွ”
မောင်ဘိုးထင်တို့သည် တောသို့ဝင်ရင်း စကားပြောနေကြခြင်းဖြစ်သည်။ထို့နောက် မောင်ဘိုးထင်သည်
“ခင်ဗျားတို့ ဆရာကြီးနာမည်က ဆရာအောက်ဟုတ်လား”
“နာမည်က အောက်ကြီးကွ”
“ပြေးရော ပြေးနိုင်လားဗျာ “
“ဘာလို့လဲကွ “
“အောက်ကကြီးနေတော့ ပြေဖို့လွှားဖို့လွယ်ရဲ့လားလို့ပါ “
“မင်းတို့ကတော့ ပြောရော့မယ် နာမည်အရင်းက အောင်ကြီးကွ သူက အောက်ပြည်အောက်ရွာကလေ သူငယ်ငယ်ကတော့ အောက်သားမို့ အောက်သားလေးပေါ့ အသက်‌ကြီးလာတော့ အောက်ကြီးဖြစ်တော့တာပဲ နာမည်ကပေါက်နေပြီဆိုတော့ အောက်ကြီးဆိုတဲ့နာမည်ပဲတွင်တော့တာပေါ့ကွာ “
“ခင်ဗျားတို့ ဆရာကြီးက တော်တော်စွမ်းလား”
“အစွမ်းကတော့ မေးမနေနဲ့ တော်ရုံသိုက်ကတော့ ဟိတ်တချက်လုပ်ရုံနဲ့ သိုက်တံခါးတန်းပွင့်တာ “
“သိုက်တခါးပွင့်တယ်ဆိုတာ ဘာကိုပြောတာလဲဗျ”
“သိုက်တံခါးပွင့်တယ်ဆိုတာ တကယ်တော့ တူးဖော်လို့ရမဲ့ပထမအဆင့်ကိုပြောတာကွ ဟိုလိုတံခါးကြီးပွင့်တာတော့ မဟုတ်ဘူးပေါ့ တူးလို့ဖော်လို့ရင် ပစ္စည်းတွေရတာကိုပြောတာ တံခါးမပွင့်ရင် တူးလို့မရဘူး အနှောက်အယှက်တွေပေါ်လာတာပေါ့”
“သိုက်က မြေအောက်ထဲမှာရှိတာလား”
“အေးပေါ့ သိုက်တူးတယ်ဆိုတာ ရှေးဟောင်းပစ္စည်းတွေရှာတာပါပဲကွာ နှစ်တွေကြာတော့ အစောင့်တွေဘာတွေရှိတာပေါ့ ရှေးလူကြီးတွေက မြေကြီးထဲမြှုပ်ခဲ့ကြတာများတယ်လေ ငါတို့က အစောင့်တွေကိုဖမ်းပြီး ဘယ်နားတူးရမလဲမေးတယ် မြေပုံမရှိတဲ့ ရတနာသိုက်တွေပေါ့ကွာ “
“ဒါဆို ခင်ဗျားတို့ တော်တော်ချမ်းသာမှာပဲနော် “
“မင်းကလည်း ပြောရော့မယ် မချမ်းသာလို့ မင်းတို့နဲ့အတူ ငှက်ပစ်ထွက်နေရတာပေါ့ကွာ”
“ဘယ်လိုကြီးလဲ သိုက်က ရွှေတွေငွေတွေ ခင်ဗျားတို့မရကြဘူးလား”
“တို့ဆရာအောက်ကြီးက လူတမျိုးကွ သူက ဘုရားဌာပနာနဲ့ ဘုရားအတွက်ရည်စူးထားတဲ့ သိုက်တွေတူးမိရင် ပြန်ထားလိုက်တာ မယူဘူး တခြားဟာတွေပဲ ယူတာ ဥပမာကွာ မြို့စားကြီးမြှုပ်ထားခဲ့တဲ့ ရတနာ‌တို့ဘာတို့ပေါ့”
“အဲ့တာဆိုလည်း ခင်ဗျားတို့ချမ်းသာမှာပဲလေ “
“တို့တူးခဲ့တဲ့ သိုက်တွေမှန်သမျှ ရွှေမရဘူးဟေ့ သူရဲ့ကျွန်တွေက ကြေးတွေနဲ့ လဲထားခဲ့တယ်ထင်ပါ့ “
မောင်ဘိုးထင်သည် ဘုရားပစ္စည်းဆိုတာကို သိသည်။ထိုအရာကိုမထိဖို့လည်း ဦးအုန်းမှပြောထားဖူးသည်။မကောင်းမှုကိုမပြုလုပ်သည့် သိုက်ဆရာမှာ လူဆိုးတော့မဟုတ်တန်ပေ။ သူတို့သိုက်ကိုအပ်ထားသော ပစ္စည်းများမှာ ရေအိုးစင်ရွာမှ ရွာသားများ၏ပစ္စည်းများဖြစ်၍ အလွတ်ပေးမည့်ပုံတော့ မပေါ်ပေ။ထို့ကြောင့် မောင်ဘိုးထင်တို့သည် သိုက်‌ဆရာအောက်ကြီးကို ရင်ဆိုင်ဖို့ကလွဲပြီး မည်သည့်နည်းလမ်းမှ မစဥ်းစားမိပေ။ ယခု စိမ်းစားကုန်းတွင် တောကြက်နှင့် ရစ်များကို ထောင်ခြောက်နှင့်တမျိုး လေးဂွနှင့် တဖုံ ပစ်ခတ်ဖမ်းဆီးပြီးနောက် စိမ်းစားဥများကိုလည်းတူးဖော်လာကာ လက်လုပ်တောင်ဆီသို့ ညနေခင်းအချိန်တွင် ပြန်လာခဲ့ကြပါလေတော့သည်။
◾အခန်း (၈)
“တောက် ကောင်လေးတွေ တော်ချက်ကွာ ကြက်လေးကောင်တောင်ရတယ် ရစ်တွေလည်း တော်တော်များတယ် ခါတွေရော”
‌သိုက်တူးသောအဖွဲ့ဝင်များသည် မောင်ဘိုးထင်တို့ရလာသော ဟင်းချက်စရာများကိုဝိုင်းအုံကြည့်ပြီး ချီးမွမ်းနေကြလေသည်။သူတို့သည် တောကြက်သားနှင့် ငှက်သားကို ညစာဟင်းအဖြစ် အခုည ဝဝလင်လင်စားရတော့မည်ဖြစ်သောကြောင့် မောင်ဘိုးထင်သုံးယောက်အားချိီးမွမ်းကာ ဝမ်းမြောက်ဝမ်းသာရှိနေကြသည်။မောင်ဘိုးထင်တို့သုံးယောက်သည်လည်း ဟိတ်ဟန်မရှိသော သိုက်တူးသမားများနှင့် တခဏချင်းမှာပင် ခင်မင်သွားကြလေသည်။ခေတ္တနား‌နေပြီးနောက် ဟင်းချက်ဖို့ရာပြင်ဆင်လိုက်ကြသည်။ကင်းသမားကလွဲလို့ တခြား‌သိုက် တူးသမားများသည်လည်း ထမင်းဟင်းချက်ရာ၌ ဝိုင်းကူပေးသောကြောင့် သိုက်သိုက်ဝန်းဝန်းနှင့် ပျော်စရာပင်‌ကောင်းနေသေးသည်။ပေတူးနှင့် သာအေးသည်ကား ပြုလုပ်ရမည့်တာဝန်များကိုပင်မေ့ပျောက်သွားကာ သိုက်တူးသမားများနှင့်အတူ ပျော်‌ရွှင်လို့နေပေသည်။
“အကိုကြီးတို့ရေ ဒီည ကျုပ်တို့လက်စွမ်းပြ‌ပေးမယ် တောကြက်သားကိုဘယ်လိုချက်ရမယ်ဆိုတာ ကျုပ်တို့ပြမယ် “
“လုပ်တတ်ရင် လုပ်စမ်းပါဦးကွာ တို့ထမင်းချက် ငသိန်းနဲ့မျောက်ကြီးကတော့ ဘာချက်ချက် ဒီအရသာပဲဟေ့ “
မျောက်ကြီးသည် ကြက်မွေးနှုတ်နေရင်းက သူ့တို့အားပြောလာသောသူကို သေချာကြည့်လိုက်ပြီး
“မင်းတို့က ငစိမ်းမြင်လို့ ငကင်ပစ်တာလား ပေတူးတို့က လေးရက်လောက်ပဲ နေမှာနော် နောက်ဆို မင်းတို့ကို ငရုတ်သီးပဲထောင်းကျွေးတော့မယ် “
“ဟာ မလုပ်ပါနဲ့ကွာ မင်းတို့ချက်တာလည်း တော်တော်စားလို့ ကောင်းပါတယ်ကွ စတာပါ “
သိုက်တူးသမားများမှာ ငသိန်းနှင့် မျောက်ကြီးကိုလည်း မလွန်ဆန်ရဲကြပေ။သူတို့ကို တလျှောက်လုံး အပင်ပန်းခံ၊မငြီးမငြူရှာဖွေချက်ပြုတ်ကျွေးမွေးနေသူနှစ်ယောက်ပင် မဟုတ်ပါလား။အောက်ကြီး၏တပည့်တပန်းများသည် အားလုံးမိဘမဲ့ တ‌ကောင်ကြွက်များဖြစ်ကြပြီး ဆရာအောက်ကြီးမှ ငယ်ငယ်ကတည်းကပင် ကျွေးမွေးပြုစုစောင့်‌ရှောက်ထားသူများဖြစ်ပြီး အားလုံးသည် ညီရင်းအကိုများပမာ သိုက်သိုက်ဝန်းဝန်းနှင့်ရှိကြသည်။ထို့ကြောင့်လည်း မောင်ဘိုးထင်တို့နှင့် အလျင်အမြန်ပင် အဆင်ပြေပြေပေါင်းလို့သင်းလို့ရသွားခြင်းလည်းဖြစ်၏။ ချက်ပြုတ်ပြီးသွားသောအခါ ဖျောက်ဆိတ်ပင်တွင်စောင့်နေသော အစောင့်နှစ်ယောက်ကို အရင်ဦးဆုံး ထမင်းစားခိုင်းလိုက်ကြသည်။သူတို့ ထမင်းစားနေချိန် တခြားနှစ်ယောက်မှ စောင့်ပေးသည်။လက်လုပ်တောင်တွင်နေထိုင်သော ကျတ်တစ္ဆေများအား ဖမ်းချုပ်ထားသည့်နေရာကို နေရောညပါ စောင့်ရှောက်နေကြလေသည်။ရာဇမတ်ကွက်အတွင်းရှိပွဲများမှာ တိုင်တွင်ချည်ထားသောကျတ်များကို ဖမ်းချုပ်ထားရာ၌ အရေးပါဆုံးဖြစ်၍ အထူးဂရုပြုစောင့်ကြပ်ရလေသည်။ထိုနေရာကိုဖြင့် ထင်းချက်ငသိန်း၊မျောက်ကြီးနှင့် သိုက်ဆရာအောက်ကြီးမှလွဲ၍ ကျန်သောသူများမှာ အလှည့်ကျဖြင့် နေ့ညမပြတ်ကင်းစောင့်ရသည် ။ကင်းစောင့်နေသော သူတို့၏လက်ထဲတွင် ငှက်ကြီးတောင်ဓားတလက်ကိုယ်စီနှင့် ဖြစ်သည်။အစောင့်တာဝန်ကျသူနှစ်ယောက်ထမင်းစားပြီသည်နှင့် ကျန်သောသူများမှာ ဝါးဖြင့် ခုံတန်းလုပ်ထားသောနေရာတွင် ဝင်ထိုင်လိုက်ကြ၏။ထို့နောက် သိုက်ဆရာအောက်ကြီးရောက်လာပြီး ခုံတန်းထိပ်တွင် ထိုင်လိုက်သည်နှင့် အားလုံးအားရပါးရစားသောက်လိုက်ကြသည်။စားသောက်နေရင်းမှ မောင်ဘိုးထင်တို့ကို ချီးကျူးစကားဆိုကြပြန်လေ‌သည်။
“ဘိုးထင်တိို့က ငှက်ပစ်တာတင် တော်တာမဟုတ်ဘူးပဲ ဟင်းချက်လည်း ကောင်းတာပဲဟေ့”
“ဟုတ်ပါ့ကွာ တော်တော်စားလို့ကောင်းတယ် မျောက်ကြီးတို့ တွေ ငါတို့အကြောင်းသိလို့သာ တော်ရော့မယ် “
ထမင်းချက် မျောက်ကြီးနှင့် ငသိန်းသည် သူတို့၏အဖွဲ့သားများအကြောင်း‌ ကောင်းစွာသိသည်။ထမင်းချက်လျှင် အသားဟင်းမပါသည်နှင့် သာမာန်ထက်နည်းချက်၏။အသားဟင်းပါက ထမင်းကို ပိုချက်လေသည်။ထိုသို့သောအထာနပ်မှုကြောင့်သာ ထမင်းမပြတ်သွားခြင်းဖြစ်သည်။သိုက်ဆရာ‌‌‌အောက်ကြီးသည် ထမင်းကိုမြိန်ရည်ရှက်ရေစားနေသူနှင့် အရိုးကိုက်နေသော သူ၏တပည့်များကိုကြည့်လိုက်ပြီး မောင်ဘိုးထင်တို့ကို ခပ်ပြုံးပြုံးနှင့် စကားဆိုလာလေသည်။
“ကောင်လေးတွေ မင်းတို့လုပ်တာနဲ့ ငါ့တော့ မွဲတော့မှာပဲ “
“ဘာဖြစ်လို့လဲ ဆရာကြီးရ “
“ဘာဖြစ်ရမှာလဲကွာ မင်းတို့‌ကောင်တွေက ဟင်းကောင်းရအောင်လုပ်ပေးတော့ ငါ့‌ကောင်တွေထမင်းစားနေတာကြည့်ဦးဟေ့ ဘီလူးသရဲတွေကျနေတာပဲ ထမင်းတပတ်လောက်ငတ်လို့ စားနေတဲ့ကောင်တွေကျလေတာပဲကွာ မင်းတို့မျက်လုံးထဲမြင်အောင်ပြောရမယ်ဆိုရင်တော့ စျေးထဲကခွေးတွေ ထမင်းပုံတွေ့ နေသလိုပဲ”
သိုက်ဆရာအောက်ကြီး၏စကားကြောင့် ထမင်းစားနေကြသော သူ၏တပည့်များသည် သူတို့၏ဆရာသမားအား မကြည်သလိုကြည့်လိုက်ကြပြီး တယောက်သောတပည့်ဖြစ်သူမှ ထမင်းပလုတ်ပလောင်းနှင့် စကားဆိုလာလေသည် ။
“ကျုပ်တို့က ခွေးတွေဆို ဆရာကြီးက ကျုပ်တို့ခေါင်းဆောင်ပဲနော် ထမင်းပုံကိုစမြင်တာက ဆရာကြီးပဲဖြစ်မှာ “
“ဟာကွာ မင်းတို့‌ကောင်တွေ ကိုယ့်ဆရာကိုတောင် ပြန်ဆော်တာပဲလား”
မောင်ဘိုးထင်တို့သည် ပြောမနာဆိုမနာ ဆရာတပည့်များကိုကြည့်ရင်း သဘောကျနေသည်။သူတို့ရင်ဆိုင်ရမည့်သူများမှာ လူဆိုးလား လူကောင်းလားဟုပင် မခွဲခြားတတ်တော့ပေ။ဘာပဲဖြစ်ဖြစ် ရေအိုးစင်ရွာမှရွှေငွေများကို ဒီသိုက်ဆရာနှင့်အဖွဲ့ မပိုင် ဆိုင်နိုင်ရေးအတွက်တော့ ညဏ်သုံး၍ရင်ဆိုင်ရဦးမည်တွေးပြီး ထမင်းကိုသာ အားရပါးရဆက်စားနေလိုက်ပါလေတော့သည် ။
◾အခန်း (၉)
မောင်ဘိုးထင်တို့သည် လက်လုပ်တောင်တွင်နှစ်ရက်မျှနေပြီးသောအခါ သိုက်ဆရာအောက်ကြီးကိုခွင့်တောင်းပြီးနောက် ရွာသို့ပြန်လာခဲ့လေသည်။ထိုအတော်အတွင်းမှာပင် သိုက်တူးသမားများနှင့် အတော်ကိုသင့်မြတ်အောင်နေနိုင်ခဲ့သဖြင့် နောက်တခေါက်ပြန်လာဖို့ကို အတန်တန်မှာကြားနေကြသည်။ထို့နောက် မြို့ရွာများအထိ သွားလာဖူးသောသိုက်တူးသမားများသည် မောင်ဘိုးထင်တိို့အတွက် သူတို့စုဆောင်းထားသည်များထဲမှ သူတို့ပင်မစားရက်သော မုန့်ခြောက်များကို လက်ဆောင်အဖြစ်ပေး ပေးလာကြလေသည်။
“ကောင်လေးတွေ ဒီမုန့်က ငါတို့မြို့ရောက်တုန်းက ဝယ်ထားတာ မစားရရက်လို့ မစားသေးတာ ဒါက နိုင်ငံခြားကလာတာတဲ့ကွ “
“ထုတ်ထားတာတော့ အင်ဖက်တို့၊ငှက်‌ပျော်ဖက်တို့နဲ့ မဟုတ်ဘူးပဲ “
“အေး ဟုတ်တယ် ရော့ မင်းတို့ယူသွားကြ ပြန်တော့လာခဲ့ဦးနော် မင်းတို့ရှိတာ ငါတို့ အပျင်းပြေတယ်”
“အင်းပါဗျာ ကျုပ်တို့က သာအေးမိဘတွေကိုပဲ သွားခွင့်တောင်းမှာပါ”
“အေးပါကွာ ငါတို့မပြန်ခင်ချိန်ထိတော့လာနေကြကွာ နော်”
မောင်ဘိုးထင်တိို့သည်လည်း စိတ်ရင်းနှင့်ပင် သိုက်တူးသမားများကို ခင်တွယ်မိသွားလေသည်။ထို့နောက် မောင်ဘိုးထင်တို့သည် လက်လုပ်တောင်မှထွက်လာခဲ့ကြလေသည်။လမ်းခုလတ်တ‌နေရာတွင် သူတို့အားစောင့်နေသော ဖိုးထွေးနှင့် သာရတို့အား တွေ့လိုက်ရလေသည် ။
“မင်းတို့ကို လာစောင့်နေတာ “
“ကျုပ်တို့လာမယ်ဆိုတာ ခင်ဗျားတို့ ဘယ်လိုသိတာလဲ ကိုဖိုးထွေး”
“သိမလားကွာ နေ့တိုင်းလာစောင့်နေတာပေါ့ ဒီပြဿနာမှာ ငငါတို့လည်းပါတာကိုး ဟိုကောင်ချိုးသိန်း‌တောင်လိုက်မလို့လုပ်နေတာ ငါတို့က ရတယ်ဆိုလို့သာ ကျန်ခဲ့တာ အဲ့ဒီကောင်က သိုက်တူးတဲ့လူတွေကို လူစုပြီး ရိုက်မလို့တဲ့ကွ “
ဖိုးထွေး၏စကားကြောင့် မောင်ဘိုးထင်တို့သုံးယောက်လုံး ထိတ်ထိတ်ပြာပြာဖြစ်သွားကြသည်။ယခုကိစ္စသည် လူလူချင်းဖြစ်သည့်ပြဿသနာမဟုတ်သည်မို့ ထိုကဲ့သို့စိတ်လိုက်မာန်ပါလုပ်လိုက်ပါက လူ့အသက်များ ဆုံးရှုံးနိုင်ချေရှိနိုင်သည်။သိုက်တူးသမားများသည် ဆိုးသွမ်းနေသောလူဆိုးများမဟုတ်ကြသည်မို့ မောင်ဘိုးထင်တို့အနေဖြင့် နစ်နာလိုစိတ်မရှိပေ။ထို့အတွက် မောင်ဘိုးထင်သည် သာရနှင့် ဖိုးထွေးကိုကြည့်လိုက် ကာ
“ကိုဖိုးထွေးနဲ့ ကိုသာရ ကိုချိုးသိန်းကိုလွှတ်ထားလို့မဖြစ်ဘူးနော် သိုက်တူးသမားတွေကိစ္စ ကျုပ်တို့ဘာသာရှင်းလိုက်မယ် ခင်ဗျားတို့နှစ်ယောက်က ကိုချိုးသိန်းကိုသွားထိန်းကြဦး”
“အေး အေး ငါတို့သွားလိုက်မယ် ဒီကောင်က ပြောလို့ရတမဟုတ်ဘူး တော်ကြာ တစတစနဲ့ပေါက်ကြားသွားရင် မကောင်းဘူး”
“အဲ့တာဆို မြန်မြန်သွားဗျာ ကျုပ်တို့တွေ အဘအိမ်ကို သွားလိုက်ဦးမယ် “
“အေး အေး “
ထို့နောက်‌ မောင်ဘိုးထင်တို့သည် စကားတပြောပြောနှင့်ပင် ပေပင်ရွာသို့ သွားလိုက်ကြပါလေတော့သည် ။
◾အခန်း (၁၀)
မောင်ဘိုးထင်တို့သုံးယောက်သည် ဦးအုန်း၏အိမ်သို့ရောက်ရှိနေပြီဖြစ်သည်။သူတို့သည် လက်လုပ်တောင်မှ အကြောင်း အရာများကို ဦးအုန်းအား ပြောပြလိုက်ကြသည်။
“မင်းတို့ပြောပုံအရဆိုရင် ဒီ‌ကောင်တွေက အောက်လမ်းတွေတော့ မဟုတ်လောက်ဘူးကွ “
“ဘာဖြစ်လို့လဲ အဘ “
“အောက်လမ်းပညာသည်တွေဆိုရင် ဘုရားသိုက်တွေ သာသနာပိုင်ပစ္စည်းတွေ နားလည်မှာမဟုတ်ဘူးကွ ကျတ်သိုက်ချုပ်ကိုတောင် ဖမ်းချုပ်ထားနိုင်တယ်ဆိုတော့လည်း လွယ်တော့ မလွယ်‌လောက်ဘူး “
“ဟုတ်တယ် ဘကြီးအုန်း အဲ့ဒီလူတွေက လူဆိုးကြီးတွေလည်း မဟုတ်ကြဘူး”
“ငါတို့တွေ ပညာချင်းပြိုင်လို့လည်းမဖြစ်ပြန်ဘူး အဲ့တော့ “
ဦးအုန်းသည်‌ပြောလက်စကားကိုရပ်လိုက်ပြီး စဥ်းစားလို့နေသည်။ထို့နောက် ဆေးတံကိုတချက်ဖွာရှိုက်လိုက်ပြီးလျှင်
“ဒီလိုလုပ်ကွာ “
ဤသို့ဖြင့် ဦးအုန်းသည် မောင်ဘိုးထင်တို့အား အနီးတိုးကပ်စေပြီးနောက် သူ၏အကြံကို လေသံတိုးတိုးဖြင့်ပြောပြလိုက်ပါလေတော့သည် ။
◾အခန်း (၁၁)
“ဟေ့ မင်းတို့ပြန်လာပြီလားကွ “
“ဟုတ်တယ်ဗျို့ “
ဆန်အိတ်တယောက်တခွဲဆီ ထမ်းလာ‌သော မောင်ဘိုးထင်တို့ကို တောင်ခြေတွင်ကင်းစောင့်နေသည့် အစောင့်တယောက်မှ မေးလိုက်ခြင်းဖြစ်သည်။
“မင်းတို့ ဘာ‌တွေထမ်းလာကြတာလဲ ခွဲတောင်းတွေနဲ့ “
“ခင်ဗျားတို့အတွက် သာအေးအိမ်က ဆန်ပေးလိုက်တာဗျ”
“တယ်ဟုတ်ပါလားကွ သွား သွား “
မောင်ဘိုးထင်တို့သုံးယောက်သည် ဆန်များကိုခွဲတောင်းထဲထည့်ယူလာပြီး တောင်ပေါ်သို့ တက်သွားကြလေသည်။ တောင်‌ပေါ်ရောက်သောအခါ ကျန်အဖွဲ့သားများသည် မောင်ဘိုးထင်တို့ကိုမြင်‌သည်နှင့် ဝမ်းမြောက်ဝမ်းသာဖြစ်သွားကြပြီးနှုတ်ဆက်စကားဆိုကြလေသည်။
“ဘိုးထင်တို့ ပြန်တော့လာသားပဲကွ “
“လာရမှာ‌ပေါ့ဗျာ ခင်ဗျားတို့နဲ့နေရတာ ပျော်တယ် ဒီမှာ ကျုပ်အဘက ဆန်တွေပေးလိုက်တယ် “
“တယ်ဟုတ်ပါလားကွ သွား သွား ဆရာကြီးဆီသွားပေးလိုက်ကြ”
မောင်ဘိုးထင်တို့သည် ဆန်တောင်းများထမ်းကာ သိုက်ဆရာအောက်ကြီး၏တဲဆီသို့ သွားလိုက်ကြသည်။ဆရာအောက်ကြီးမှာ တဲအတွင်းရှိမနေပဲ ဖျောက်ဆိတ်ပင်ကြီးအနီးတွင် လက်ကိုနောက်ပစ်ပြီး မတ်တတ်ရပ်ကာ ရာဇမတ်ကွက်ကာထားသောမြေကွက်လပ်အတွင်း တယောက်တည်းစကားဆိုနေသည်။ထို့နောက် သူသည် တချက်မျှပြုံးလိုက်ပြီး သူ၏တဲဆီသို့ ပြန်လာခဲ့လေသည်။တဲသို့ရောက်သည်နှင့် ဆန်တောင်းများနှင့် အသင့်စောင့်ဆိုင်းနေ‌သော မောင်ဘိုးထင်တို့ကိုတွေ့သွား၍ ပြုံးပြလိုက်ပြီး စကားဆိုလာလေသည်။
“ကောင်လေးတို့ ပြန်လာပြီလားကွ “
“ဟုတ်တယ် ဆရာကြီး ကျုပ်တို့ ရွာမှာနေရတာပျင်းလို့ ဒီကောင့်အဘကိုခွင့်တောင်းပြီးတာနဲ့ ပြန်လာခဲ့တာ “
“အေး ကောင်းတယ် ဆန်တွေတောင် ယူလာတာလားကွ “
“ဟုတ်တယ်ဗျ ဒီကောင့်အဘက ဒီမှာ ကျုပ်တို့ထမင်းစားနေတာ အားနာလို့ ဆန်တွေပေးလိုက်တာ “
“တယ်အဆင်ပြေတာပဲဟေ့ ငါတို့လည်း ဆန်ပြတ်တော့မှာ အပြန်အတွက်ရတာပေါ့ကွာ “
“ဆရာကြီးတို့ ဘယ်နေ့ပြန်ကြမှာလဲ “
“သဘက်ခါလေကွာ မနက်ဖြန်ညဆို တို့လုပ်ငန်းကိစ္စပြီးပြီ “
“ဟုတ်ကဲ့ ဆရာကြီးတို့ပြန်ရင် ကျုပ်တို့ကတော့ သတိရနေ‌ တော့မှာဗျ “
“အတူတူပါပဲကွာ ကဲ ဆန်တွေ သွားပို့လိုက် ငသိန်းတို့တဲကို “
“ဪ ဒါနဲ့ မနက်ဖြန် ကျုပ်တို့ရွာမှာ အလှူရှိတယ် ဆရာကြီးတို့ လိုက်ခဲ့ပါလား “
“လိုက်လို့ မရဘူး ကောင်လေးရေ မနက်ဖြန် အလုပ်အတွက် ပြင်ဆင်ရဦးမှာကွ “
“အင်းပါဗျာ အဲ့တာဆို ဆရာကြီးတို့အတွက် အလှူက ဟင်းတွေ ယူလာပေးမယ် “
“မင်းတို့ကတော့ တကယ်စေတနာကောင်းတဲ့ကောင်တွေပဲကွာ အဲ့တာဆို မင်းတို့က ဒီမှာညမအိပ်ဘူးပေါ့ “
“မအိပ်တော့ပါဘူးဗျာ “
“အေး အေး အဲ့တာဆိုလည်း စောစောပြန်ကြ”
မောင်ဘိုးထင်တို့သည် ဆန်တောင်းများကိုပြန်မကာ ငသိန်းနှင့် မျောက်ကြီးတို့နေထိုင်သည့်တဲဆီ သွားလိုက်သည်။တဲထဲရောက်သည်နှင့် ကြက်သားဟင်းချက်နေသော မျောက်ကြီးမှာ မောင်ဘိုးထင်တို့အား အားရဝမ်းသာနှင့် စကားဆိုလေသည်။
“ငါ့ကောင်တွေပြန်လာပြီလားကွ “
“လာပြီ အကိုကြီးရေ ဆန်လာပို့တာ ဘာဟင်းတွေချက်နေတာလဲဗျ “
“မင်းတို့ ထောင်ပေးခဲ့တဲ့ဂုတ်(ထောင်ခြောက်တမျိုး) က ကြက်နဲ့ ခါ နေ့တိုင်းမိတယ်လေ တို့တော့ တယ်အဆင်ပြေနေတာဟေ့”
“ကျုပ်တို့ မနက်ဖြန်မှပြန်လာမယ်ဗျာ ဆန်ပဲလာပို့တာ မနက်ဖြန်နေ့လယ်လောက် အရောက်ပြန်လာခဲ့မယ် ဘာမှမချက်ထားနဲ့ အလှူက ဝက်သားဟင်းယူခဲ့မယ် အကိုကြီးတို့ ဝက်သားစားကြတယ်မလား “
“စားတာပေါ့ကွာ ဝက်သားဆိုတာ အဆီနဲ့ အသားတွဲလျက်ဆိုတာတောင် တို့တွေ မေ့နေပြီဟေ့”
ဝက်သားစားရမည်ဆိုသောကြောင့် ငသိန်းတယောက် အတော်မြူးထူး ပျော်ရွှင်နေလေသည်။ထို့‌နောက် မောင်ဘိုးထင်တို့သည် တောင်ပေါ်ရှိသိုက်တူးသမားများကို လိုက်လံနှုတ်ဆက်လိုက်ပြီးလျှင် ဆန်တောင်းများကိုလှယ်ခဲ့ကာ လက်လုပ်တောင်ပေါ်မှာ ထွက်ခွာခဲ့ကြပါလေတော့သည် ။
◾အခန်း (၁၂)
မောင်ဘိုးထင်၏နေအိမ်တွင် ဖိုးထွေးနှင့် သာရသွားခေါ်ထားသော မြကြီးမှ ဝက်သားဟင်းကို ဒယ်ကြီးချက် လာချက်ပေးနေ သည်။နီရဲနေသော ဝက်သား‌ချက်မှာ စားချင်ဖွယ်အတိဖြစ်လို့နေ၏။ဟင်းချက်နေသော မြကြီးမှာ ဦးအုန်း၏ခိုင်းစေမှုကြောင့်သာလုပ်ပေးနေသည်ဖြစ်ပြီး ဘာ့ကြောင့် ၀က်သားလေးပိဿာချက်ရသည်ကို ယခုထိမသိသေးပေ။ထို့ကြောင့် ဝက်သား‌ကို မွှေနေရင်းမှ အနီးတွင်ရှိသော ပေတူးအား မေးမြန်းလိုက်လေသည်။
“ပေတူး ဒီလောက် ဝက်သားအများကြီးဘာလုပ်ဖို့လဲ “
“ဦးမြကြီးကလည်းဗျာ ခင်ဗျားသိချင်ရင် ဘကြီးအုန်းကိုမေးကြည့်ပါလား”
“တော် တော် ဦးအုန်းကိုတော့ မမေးရဲဘူးကွ “
“ဦးမြကြီးတောင်မမေးရဲတာ ကျုပ်ဆို သာလို့ဆိုးတာပေါ့ဗျာ”
“အေး အေး ကျက်ပြီး မီးလေးအေးအေးလေးနဲ့တည်ထားခဲ့မယ် ပြန်ဖို့ ဦးအုန်းကို သွားပြောလိုက်ဦးမယ် “
မြကြီးသည် မီးဖိုထဲမှထင်းအချိူ့ကို ဖယ်ထုတ်ငြိမ်းသတ်လိုက်ပြီးနောက် ပုဆိုးကိုပြင်ဝတ်ကာ အိမ်ရှေ့ကွပ်ပျစ်တွင် ကွမ်းဝါးရန် ကွမ်းအစ်ထဲမှ ကွမ်းထုတ်ပြီးယာနေသော ဦးအုန်း ဆီ သွားလိုက်လေသည်။ထို့နောက် ဦးအုန်းအနီးတွင် ဝင်ထိုင်လိုက်ပြီး စကားဆိုလေသည်။
“ဦးအုန်း ဟင်းအိုးက ရပြီ ကျုပ် ဘာထပ်လုပ်ပေးဖို့လိုသေးလဲ “
“မလိုတော့ပါဘူး ကွာ ကဲ ငါ ဘယ်လောက်ပေးရမလဲ”
“ဘာကိုပြောတာလဲဗျ”
“မင်း ဟင်းချက်ပေးတဲ့ အဖိုးအခကိုပြောတာ “
“ဟာဗျာ ပေးစရာမလိုပါဘူး ဟင်းချက်တာ အဖိုးအခပေးရတဲ့ရာဇဝင်မြကြီးမှာ မရှိပါဘူး”
“အေးပါကွာ ကဲ ဝက်သားထည့်ယူသွားဦး”
“ရတယ် မယူတော့ပါဘူး”
“ငါပြောနေတယ်လေ ထည့်ယူသွားလို့ဆို “
ဦးအုန်းမှ လေသံမာမာဖြင့်ပြောလိုက်သည့်အခါ မြကြီးတယောက် ထပ်မငြင်းရဲတော့ပဲ မောင်ဘိုးထင်ထံမှ ပန်းကန်လုံးတလုံးတောင်းယူကာ ဟင်းများခပ်ထည့်သွားလေသည်။
◾အခန်း (၁၃)
ဝက်သားဟင်းလာချက်ပေးသော မြကြီးပြန်သွားသည်နှင့် ဦးအုန်းသည် မောင်ဘိုးထင်တို့အားခေါ်လိုက်ပြီး ဝက်သားအိုးအနားသွားလိုက်ကြသည်။ဝက်သားအိုးအနားသို့ရောက်သည် နှင့် ဦးအုန်းသည် ပေတူးကိုကြည့်လိုက်ကာ
“ပေတူး မင်းတို့ဝက်သားစားချင်ရင် ခပ်ယူထားကြ”
“ဘယ်လောက်ယူထားရမလဲ ဘကြီး “
“မင်းတို့ကောင်တွေ စားချင်သလောက်သာ ခပ်ထား”
“ဟုတ်ကဲ့ “
ပေတူးသည် အိမ်ပေါ်မှ ပန်းကန်လုံးတလုံးသွားယူကာ ဝက်သားဟင်းအား သုံးလေးယောက်စာမျှ ခပ်ထည့်ထားလိုက်လေသည်။ထို့နောက် ဦးအုန်းသည် သူ၏အင်္ကျီအိပ်ကပ်ထဲမှ စက္ကူဖြင့်ထုတ်ထားသောအထုတ်ထဲအတွင်းရှိ အမှုန့်များကို ဝက်သားအိုးထဲ‌ထည့်လိုက်ပြီး မွှေခိုင်းလေသည်။
“‌ဟေ့ကောင်တွေ မွှေပေတော့ ဒီအထဲကို ဆေးခပ်ပြီးပြီနော် သွားပြီး တို့လို့တောင်မရဘူးနော် ကြားလား “
“ဟုတ်ကဲ့ “
“ကဲ ကဲ ဝက်သားအိုးကို မီးပူရုံလောက်လေး ထား ထမင်းစားပြီးတာနဲ့ အိပ်ကြတော့ မနက်စောစောသွားရမှာ မဟုတ်လား “
ဦးအုန်းသည် မောင်ဘိုးထင်တို့ကိုမှာကြားပြီးနောက် ရွာထဲသို့ ပြန်သွားလေသည်။မောင်ဘိုးထင်တို့သုံးယောက်သည်လည်း ထမင်းစားပြီးနောက် ဝက်သားဟင်းအိုးအနားမှာတင် တန်းလျားနှစ်လုံးပူး၍ အိပ်လိုက်ကြပါလေတော့သည်။
◾အခန်း (၁၄)
ရွာတွင် ဘုံအနေဖြင့်သုံးသော အလှုနှင့်မင်္ဂလာဆောင်တို့တွင် ကျွေးမွေးရာ၌ ဟင်းရည်လိုက်သောချိုင့်ကြီးထဲသို့ ဝက်သားဟင်းများခပ်ထည့်ယူလာကာ ဝါးလုံးဖြင့် ရှေ့တယောက်နောက်တယောက်ထမ်းကာ မောင်ဘိုးထင်တို့သုံးယောက်သည် မနက်စောစောစီးစီးမှာပင် လက်လုပ်တောင်သို့သွားနေကြသည်။လမ်းတလျှောက်စိုးရိမ်စိတ်များအပြည့်နှင့် ဖြစ်သည်။
“ဘိုးထင် ငါတို့အကြံ အလုပ်ဖြစ်မှာပါနော် “
“ဖြစ်မှာပါကွာ ငါ့အဘရဲ့ဆေးက စွမ်းတယ်ကွ”
“မင်းအဘဆေးက စွမ်းတာတော့ ဟုတ်ပါပြီ အဲ့ဒီလူတွေ မစားရင်ရော “
“ဒီလူတွေ ဒီလောက်အသားကြိုက်ကြတာ မစားပဲတော့ မနေနိုင်လောက်ပါဘူး”
“အေး ငါလည်း အဲ့တာပဲစိတ်ပူနေတာ ဘိုးထင် သူတို့အိပ်မပျော်ရင်ရော “
“ငါတို့အကြံက အောင်မှာပါကွ ဘာမှစိတ်ပူမနေနဲ့ “
မောင်ဘိုးထင်သည် ပေတူးနှင့် သာအေးကိုစိတ်မပူရန်ပြောလိုက်သော်လည်း သူကိုယ်တိုင်က စိတ်ပူနေမိသည်။လူဆယ်ရောက်လုံးကို အိပ်ပျော်အောင် အိပ်ဆေးခပ်ပြီးနောက် သိုက်စောင့်များကိုလွှတ်ပြီး ရေအိုးစင်ရွာမှ ရွှေ၊ငွေပစ္စည်းများကို သိုက်ချုပ်အားထုတ်ခိုင်းပြီး အိမ်သို့ယူသွားရန် ကြံစည်ထားကြသည်။ထိုအရာသည် လွယ်မယောင်နှင့် ခက်သည့်အလုပ်ဖြစ်သည်။တိုက်ခိုက်ပြီး ပစ္စည်းများယူဖို့ကလည်း မလွယ်ချေ။ရွာသားများကိုအကူညီတောင်းလျှင်လည်း ရေအိုးစင်ရွာမှ ရွှေ၊ငွေများကို ခိုးထားသူမှာ သူတို့ကိုယ်တိုင်ဖြစ်နေခြင်းကြောင့်ပင်တည်း။အတွေးကိုယ်စီနှင့် လမ်းလျှောက်လာကြရာ ဆွမ်းစားချိန်မရှိတရှိအချိန်လောက်တွင်တော့ လက်လုပ်တောင်ဆီသို့ရောက်ရှိလာလေသည်။လက်လုပ်တောင်ဆီရောက်သည်နှင့် သူတို့အားပြုံးပြနှုတ်ဆက်လာသော သိုက်တူးသမားများကိုကြည့်ကာ စိတ်မလုံသလိုခံစားနေမိသည်။ကိုယ့်အပေါ် အပြည့်အဝယုံကြည်နေ‌သောသူများအား ယုံကြည်မှုကိုအလွဲသုံးစားလုပ်ရသည်မှာ လွယ်ကူသောကိစ္စ‌ရပ်တော့ မဟုတ်ပေ။သို့ပေမဲ့ ထိုနည်းတနည်းသာရှိ‌သောကြောင့် မလွှဲသာတော့ပဲ လုပ်ရခြင်းဖြစ်သည်။မောင်ဘိုးထင်တို့သည် သက်ပြင်းကိုယ်စီချလိုက်ကာ သူတို့သယ်လာသောဝက်သားဟင်းချိိုင့်အား ထမင်းစားသည့်နေရာဖြစ်သော ခုံတန်းပေါ်တွင်ချလိုက်ကာ မောင်ဘိုးထင်မှ သိုက်သမားများကို စကားလှမ်းဆိုလိုက်လေသည်။
“အကိုကြီးတို့ ခင်ဗျားတို့ ထမင်းစားပြီးကြပြီလား”
“မစားရ‌သေးပါဘူးကွာ “
“အဲ့တာဆို အတော်ပဲ ကျုပ်တို့ရွာအလှူက ဟင်းသယ်လာ ပေးတယ် “
“ဘာဟင်းတုန်းကွ “
“ပြောထားပြီးပါပြီကော ဝက်သားဟင်းပေါ့ဗျာ “
ဝက်သားဟင်းအသံကြားသည်နှင့် သိုက်တူးသမားများသည် ဝမ်းသာသွားကြသည်။
“ဝက်သားဟင်းမစားရတာ တော်‌တော်ကြာပြီ‌‌ဟေ့”
“အေးကွာ တို့အဖွဲ့လည်း အခုမှ ဝက်ဆိုတဲ့အသံကြားရတော့တယ် စားမယ်ဟေ့”
သိုက်တူးသမားများသည် ထုံးစံအတိုင်း ဖျောက်ဆိတ်ပင်ရှိရာဇမတ်ကွက်ကာထားသောနေရာတွင် စောင့်နေသည့်အစောင့်နှစ်ယောက််ကို ဦးစွာထမင်းကျွေးလိုက်ကြသည်။ထို့နောက် သိုက်ဆရာအောက်ကြီးအပါအဝင် သူတို့အားလုံး ဝက်သားဟင်းနှင့် ထမင်းစားလိုက်ကြသည်။ဝက်သားဟင်းမှာ အတော်များသည်မို့ စိတ်ကြိုက်စားသောက်ကြလေသည်။မောင်ဘိုးထင်တို့သည်ကား အလှူတွင်စားခဲ့ပြီဟူသောအကြောင်းပြချက်ဖြင့် ထမင်းမစားပဲ ဟင်းများကိုသာ အနိုင်လိုက်ထည့်ပေးနေလေသည် ။
“ဆရာကြီးက ဒီအဖွဲ့မှာ အကြီးဆုံးဆိုတော့ ဒီသုံးထပ်သားလေးက ဆရာကြီး စား”
“ဝက်သားက တကယ်ကောင်းတယ်ပဲကွာ ချက်ထားတာလည်း မာမာတင်းတင်းလေးကိုမှ နူးအိနေတာပဲ “
“အဲ့တာ ကျုပ်တို့ပေပင်ရွာမှာပဲချက်တဲ့ ချက်နည်းလေဆရာကြီးရ”
“အေးပါကွာ မင်းတို့ရော စားကြလေကွာ “
“ကျုပ်တို့က စားခဲ့ပြီးပြီဗျ ဆရာကြီးတို့အတွက်ယူလာတာ”
“အေး အေး “
သိုက်ဆရာအောက်ကြီးသည်လည်း ထမင်းကို မြိန်ရေရှက် ရေ စားနေသလို သူ့နည်းတူ တပည့်ဖြစ်သူသိုက်တူးသမားများ သည်လည်း ဝက်သားဟင်းနှင့် မြိန်ရေရှက်ရေထမင်းစားနေကြပါလေတော့သည် ။
◾အခန်း (၁၅)
တဲလေးများအတွင်း သိုက်တူးသမားများ အိပ်ပျော်နေကြသည်။ထို့အပြင် ဖျောက်ဆိတ်ပင်အနီးတွင် စောင့်ကြည့်နေသော ‌အစောင့်နှစ်ယောက်သည်လည်း ရာဇမတ်ကွက်ကိုမှီပြီးအိပ်ပျော်လို့နေသည်။မောင်ဘိုးထင်တို့သည် သိုက်တူးသမားများကို လိုက်လံကြည့်ရှူလိုက်ပြီးနောက် စိတ်ချရပြီဆိုလောက်မှ အချင်းချင်းတီးတိုးတိုင်ပင်ကြလေသည် ။
“ပေတူး အခြေအနေကတော့ကောင်းနေပြီကွ “
“ဟုတ်တယ် “
“ကဲ ဘိုးထင် ငါတို့ ဘယ်လိုလုပ်ကြမှာလဲ “
“ငါ့အဘပြောသလိုပဲ တိုင်မှာချုပ်ထားတဲ့ အစောင့်တွေကို အရင်လွှတ်ပေးကြတာပေါ့ကွာ”
“အဲ့တာဆိုလည်း မြန်မြန်သာလုပ်ဟေ့”
သူတို့သုံးယောက်သည် အချိန်ဆွဲမနေတော့ပဲ ဖျောက်ဆိတ်ပင်အနားသွားလိုက်ပြီး ဝါးဖြင့် ရာဇမတ်ကွက်ကာထားသည့် နေရာအတွင်းသို့ဝင်ကာ ထိုးထားသောပွဲများအား မှောက်ချပစ် လိုက်သည်။ထို့နောက် တိုင်တွင်ချည်ထားသော ချည်မန်းကြိုးများကိုဖြုတ်ချပစ်လိုက်ချိန် ချုပ်နှောင်ထားရာမှလွတ်မြောက်သွားကြသော ကျတ်များသည် လွတ်မြောက်ရာသို့ ပြေးလွှားကြလေသည်။ခေါင်းဆောင်ဖြစ်သော သိုက်ချုပ်သည်သာ ဝေဝေဝါးဝါးအရိပ်သဏ္ဍန်ဖြင့် မောင်ဘိုးထင်တို့အရှေ့တွင် ရပ်လာလေသည်။ထိုအခါ မောင်ဘိုးထင်သည်
“သိုက်ချုပ်ကြီး ကျုပ် ဦးအုန်းတပည့် ဘိုးထင်ပါ ကျုပ်တို့ အပ်ထားတဲ့ သေတ္တာပြန်လိုချင်ပါတယ်”
“အေး ငါလည်း မယူထားရဲတော့ဘူး ရွာသားတွေဆီလည်း ပြန်မပေးနိုင်တော့ဘူး ကဲ မင်းတို့ပစ္စည်း မင်းတို့ပဲယူထားကြပေတော့ ငါကတော့ လွတ်ရာကျွတ်ရာသွား”
“နေပါဦး ခင်ဗျားက ဒီသိုက်တူးတဲ့သူတွေကိုတောင် မနိုင်ဘူးလား မြေပြင်ကို ရေပြင်ထင်အောင် မလုပ်နိုင်ဘူးလား”
“မြေပြင်ကို ရေပြင်ထင်အောင်လုပ်ဖို့နေနေသာသာ ငါတို့ကိုဖမ်းပြီး ပါးတွေချည်းရိုက်တာ ကဲ ကဲ အချိန်မရှိဘူး မင်းတို့လည်း ပစ္စည်းတွေယူပြီး ပြေးတော့ ဒီသိုက်ဆရာက အစွမ်း ထက်တယ် “
သိုက်ချုပ်သည် လက်ကိုဝေ့ယမ်းလိုက်ရာ ဖျောက်ဆိတ်ပင် အရင်းမှ မြေများပွထလာပြီးနောက် မြေပြင်ပေါ်တွင် ကျွန်းသေတ္တာတလုံးပေါ်လာလေသည်။ထိုကျွန်းသေတ္တာပေါ်လာသည်နှင့် သိုက်ချုပ်သည်လည်း မြူမှုန်များအလား ဝေ့ဝါးပျောက်ကွယ်သွားပါလေတော့သည်။
◾အခန်း (၁၆)
မောင်ဘိုးထင်တို့သုံးယောက်သည် မြေကြီးထဲမှထွက်လာသည့် သူတို့အပ်ထားသောသေတ္တာကို သွားယူပြီးဖွင့်ကြည့်လိုက်သည်။ပစ္စည်းများကိုစစ်ဆေးကြည့်လိုက်ပြီးနောက် အဖုံးကိုပြန်ပိတ်ကာ လက်လုပ်တောင်ပေါ်မှ ဆင်းမည်ကြံချိန်
“တယ်လည်း ညဏ်များတဲ့ ကောင်လေးတွေပါလား သုံးယောက်ထဲနဲ့ တို့သိုက်ကိုလာလုတူးရဲတယ်ပေါ့”
“ဆ ဆရာကြီး “
မောင်ဘိုးထင်တို့အနားသို့ လက်နောက်ပစ်ပြီး လမ်းလျှောက်လာသူမှာ သိုက်ဆရာအောက်ကြီးဖြစ်သည်။သူသည် ပြုံးစစနှင့်ပင် မောင်ဘိုးထင်တို့အားစကားဆိုလာပြီးနောက် လက်ခုပ်နှစ်ချက်မျှတီးလိုက်ရာ အိပ်နေသော တပည့်ဖြစ်သူသိုက်တူးသမားများ မတ်တတ်ထရပ်လာကြပြီး သူတို့အား ဝိုင်းထားလိုက်ကြလေသည်။သိုက်ဆရာအောက်ကြီးသည် မောင်ဘိုးထင်တို့ကိုကြည့်ပြီး ရယ်မောကာ နောက်ထပ်စကားဆိုလာလေသည်။
“ငါတို့က မင်းတို့ ဒီအကြံထုတ်လိမ့်မယ်ဆိုတာ သိသားပဲ ခက်တာက မင်းတို့ရဲ့ခပ်ပျော‌ပျော့အိပ်ဆေးက ငါတို့ကို မတိုးဘူး ဘာလို့လဲ သိချင်လား ငါတို့က မအိပ်မနေ အသက်ရှည်ဆိုတဲ့ ကျင့်စဉ်အောင်ထားကြလို့ပဲကွ”
ဆရာ‌အောက်ကြီးပြောသော မအိပ်မနေ အသက်ရှည်ကျင့်စဉ်ကို သူတို့ ကြားပင်မကြားဖူးပါ။ထို့နောက် အောက်ကြီး သည် သူ၏တပည့်များကို လက်ဝှေ့ယမ်းပြလိုက်သည်နှင့် မောင်ဘိုးထင်တို့အား ဖမ်းချုပ်လိုက်ကြပြီး ရာဇမတ်ကွက်ထဲမှတိုင်တွင် ချည်နှောင်ထားလိုက်လေသည်။ထို့နောက် အောက်ကြီးသည် ကျွန်းသေတ္တာကိုယူစေပြီး သေတ္တာကို ဖွင့်ခိုင်းလိုက်ရာ ရွှေထည်များကိုတွေ့လိုက်၍ မျက်နှာများဝင်းလက်သွားကြသော်လည်း ငွေစက္ကူများကိုမြင်‌ရသောအခါ နားမလည်နိုင်ဖြစ်သွားပြီး မောင်ဘိုးထင်တို့အား မေးမြန်းလိုက်လေသည်။
“ဟေ့ ကောင်လေးတွေ ဒါ သိုက်ပစ္စည်းတွေ မဟုတ်ဘူး အခုခေတ် ရွှေထည်နဲ့ ငွေတွေပဲ မင်းတို့ကောင်တွေက ဓားပြလား သူခိုးလား ပြောစမ်း”
သိုက်ဆရာအောက်ကြီးစကားကြောင့် သိုက်တူးသမားများစိတ်ဓာတ်ကျသွားရသည်။ရွှေ၊ငွေများကိုဖြင့် သူတို့၏ ဆရာကြီး ယူမည်မဟုတ်မှန်းသိနေသောကြောင့်ပင်။ထို့ကြောင့် ကျွန်းသေတ္တာဆီစိတ်မရောက်တော့ပဲ မောင်ဘိုးထင်တို့သုံးယောက်ကိုသာဝိုင်းကြည့်ပြီး ပြန်ဖြေမည့်အဖြေကို စိတ်ဝင်စားနေကြသည်။
“ဟုတ် ဟုတ်ပါတယ် “
“ဘာဟုတ်တာလဲ မင်းတို့က ဓားပြတွေလား”
“ဟာ မဟုတ်ပါဘူးဗျာ “
“ဟေ့ကောင်တွေ ရှင်းရှင်းပြောစမ်းကွာ “
“ကျုပ်တို့က ဓားပြတွေ မဟုတ်ရပါဘူးဗျာ အဲ့ဒီပစ္စည်းတွေက ရေအိုးစင်ရွာသားတွေရဲ့ပစ္စည်းတွေပါ”
မောင်ဘိုးထင်တို့သုံးယောက်သည် အစီအရင်မှားပြီး မခိုးရမနေနိုင်ဖြစ်ခဲ့ရင်း ခိုးခဲ့မိကြောင်းနှင့် ရွှေများပြန်ပေးချင်သော် လည်း သူတို့ခိုးထားမှန်းမသိအောင် လက်လုပ်တောင်ရှိ သိုက်ချုပ်ထံပစ္စည်းများအပ်ပြီး ဥစ္စာရင်းမှန်ထံပြန်ပေးဖို့အကူအညီတောင်းခဲ့ကြောင်းတို့ကို ပြောပြလိုက်ကြသည်။ထိုအခါ သိုက်ဆရာအောက်ကြီးသည် ခေါင်းကို တဆတ်ဆတ်ညိတ်လိုက်ပြီး
“မင်းတို့ပြောတာ တကယ်လား”
“တကယ်ပါ ဆရာကြီး”
“အခု မင်းတို့ ဘယ်လိုဆက်လုပ်မလဲ “
“ရွာသားတွေရဲ့ပစ္စည်းကို ဆရာကြီးတို့ယူသွားမယ်ဆိုရင် ကျုပ်တို့ကို သတ်သွားပါ “
“ဟုတ်တယ် ဆရာကြီး ကျုပ်တို့ နောင်တတွေနဲ့ အသက်မရှင် ရှင်ဘူး”
တည်တည်တံ့တံ့ပြောနေသော မောင်ဘိုးထင်တို့ကိုကြည့်ကာ သိုက်ဆရာအောက်ကြီး တဟားဟားရယ်မောလိုက်ပြီးနောက် သူ၏တပည့်များဖက်လှည့်ကာ
“ဟေ့ကောင်တွေ ဒီကောင်လေးတွေကို လွှတ်ပေးလိုက်စမ်း “
“ဟုတ်ကဲ့ ဆရာကြီး “
မောင်ဘိုးထင်တို့ ကြိုးနှင့်ချည်နှောင်ခံထား‌ရာမှ လွတ် မြောက်သွားသည်နှင့် သိုက်ဆရာအောက်ကြီးသည် သူတို့၏ ဦးခေါင်းကို ပုတ်လာပြီး
“ကောင်လေးတွေ မင်းတို့သတ္တိနဲ့ လုပ်ရပ်ကို ကြိုက်တယ် ငါတို့က သိုက်လိုက်တူးနေပေမဲ့ လောဘကြီးတဲ့ကောင်တွေမဟုတ်ပါဘူး သက်ရှိထင်ရှားရှိတဲ့ ပိုင်ရှင်ရှိပစ္စည်းနဲ့ ဘုရားအတွက်ရည်စူးထားတာ သာသနာအတွက်ရည်စူးထားတာတွေ မယူပါဘူး အဲ့တော့ ရွာသားတွေရဲ့ပစ္စည်းကို မင်းတို့ ယူသွားကြတော့ “
သိုက်ဆရာအောက်ကြီး၏စကားကြောင့် မောင်ဘိုးထင်တို့သုံးယောက် မယုံကြည်နိုင်ဖြစ်နေသည်။ထို့နောက် သူတို့သည် သိုက်ဆရာအောက်ကြီးအား ကျေးဇူးတင်ကြောင်းအထပ်ထပ်ပြောပြီးနောက် ကျွန်းသေတ္တာကြီးကိုမကာ တောင်အောက်သို့ ဆင်းလာလိုက်သည်။သို့သော် တောင်အောက်မရောက်ခင်လေး မှာပင် တယောက်မျက်နှာတယောက်ကြည့်လိုက်ကြပြီး ဦးခေါင်းကိုပြိင်တူညိတ်လိုက်ကာ သေတ္တာကြီးကိုမပြီး တောင်ပေါ်သို့ပြန်တက်သွားကြပါလေတော့သည် ။
◾အောက်လမ်းဘိုးထင်နှင့် သိုက်ဆရာအောက်ကြီးသည်က ဤမျှသာ။မကြာမီ အောက်လမ်းဘိုးထင်နှင့် သီလစောင့်မှအူမတောင့် အမည်ရဇာတ်လမ်းလေးအား တင်ဆက်ပေးပါမည်။