ဧကရီ ပန်းသည်မနှင့် ကျွန်တော်

Posted on

*ဧကရီ ပန်းသည်မနှင့် ကျွန်တော် *📖📖📖

************************************
မြသန်းတင့်

အရပ် ၅ ပေ ၁၀ လက်မခန့်၊ ရင်အုပ်ကျယ်ကျယ်၊ မျက်ခုံးမျက်လုံးကောင်းကောင်းနှင့် ခံ့ညားချောမောသော ယောက်ျားပျိုတယောက်သည် ကုတ်အင်္ကျီအိတ်ထဲတွင် လက်နှစ်ဖက်ကို နှိုက်ကာ ခေါင်းကို ငုံ့၍ လျှောက်လာသည်တွင် သူ့ခံစားချက် ဟူသမျှသည် သူ့မျက်နှာတွင် အထင်းသား ပေါ်နေသည်။ ဆုံးရှုံးမှု၊ ကြေကွဲမှု၊ အချစ်၊ လှစ်ခနဲ ပေါ်လာပြီး ထာဝစဉ် ပျောက်ကွယ်သွားသော ကြည်နူးမှု စသည့် ခံစားချက်များသည် သူ့မျက်နှာတွင် ရောထွေးနေကြသည်။
အဆောက်အအုံကြီးမှာ ကျောက်ဖြူသား တိုင်ကြီးများဖြင့် ဆောက်ထားသည့် ခမ်းနားလှပသော အဆောက်အအုံကြီး ဖြစ်သည်။ ထိုအဆောက်အအုံ ခန်းမကြီးထဲတွင် သူမှလွဲလျှင် မည်သူမျှ မရှိ။ ကြီးမား ကျယ်ဝန်းလှသော အဆောက်အအုံကြီးထဲတွင် တယောက်တည်း လမ်းလျှောက်နေသည်ကို မြင်လိုက်သည့် အခါတွင် ဟာလာဟင်းလင်း ဖြစ်နေသည့် သဘောသည် ပို၍ ထင်ရှားပေါ်လွင်နေသည်။
သူ့ ဖိနပ်သံသည် ကျယ်ဝန်းသော ခန်းမဆောင်ကြီးထဲတွင် ပဲ့တင်ထပ်နေသည်။ သူ့ ဖိနပ်သံသည်
မြန်လည်း မမြန်၊ နှေးလည်းမနှေး၊ ပြင်းလည်း မပြင်း၊ ဖော့လည်း မဖော့၊ စည်းချက်ညီညီနှင့် မှန်မှန်ကျနေသည့် အသံ။ ယစ်မူးနေရာမှ တည်ငြိမ်သွားမှု၊ ကြည်နူးနေရာမှ ဆွေးလျ လှိုက်မောသွားဟန်၊ အိပ်မက်နှင့် ကြည်မွေ့နေရာမှ အစစ်အမှန်ထဲသို့ လန့်နိုးသွားပုံ၊ ထိုခံစားချက်များသည် နရီမှန်မှန်နှင့် ကျနေသော ဖိနပ်သံ ထဲတွင် ပေါ်နေသည်။
ခန်းမဆောင်ကြီးက ဆုံးပင် မဆုံးနိုင်။ ယောက်ျားပျိုသည် ခန်းမဆောင်ထဲတွင် လျှောက်နေသည်မှာ ဖြည်းဖြည်း ဝေး၍ ဝေး၍၊ မှုန်၍ မှုန်၍ သွားသည်။ ဖိနပ်သံမှာလည်း တဖြေးဖြေး ဝေး၍ဝေး၍ မှိန်၍ မှိန်၍ သွားသည်။ ဖိနပ်သံသည် အဝေးခန်းမဆောင်ကြီးထဲတွင် သဲ့သဲ့ကလေးမျှသာ ကြားရတော့သည်။
ကျွန်တော်သည် မျက်လုံးများကို ရှုခင်းမှ တော်တော်နှင့် မခွါနိုင်ဘဲ တဖြည်းဖြည်းဝေးသွားသော ယောက်ျားပျိုကို ကြည့်ရင်း သူ့ဖိနပ်သံကို နားထောင်နေမိသည်။ သူ့ကို ကြည့်၍ ကိုယ်ကိုယ်တိုင်တွင် ဆုံးရှုံးမှု တခုကို ခံစားလိုက်ရသလို လှိုက်ဖိုလာသည်။
ထိုရှုခင်းမှာ ဒါရိုက်တာ ဝီလီယံဝိုင်းလား ရိုက်ကူးသည့် ‘ရိုမန်ဟောလီးဒေး’ ဇာတ်ကားမှ ဇာတ်သိမ်းခန်း ဖြစ်သည်။ ရုပ်ရှင်ကားကောင်းကြီးများ၏ ဇာတ်သိမ်းခန်းများစွာကို စွဲမက်ခဲ့ဖူးသော်လည်း ထိုဇာတ်သိမ်းခန်းကိုမူ ကျွန်တော် အထူး သတိရနေသည်။
‘ရိုမန်ဟောလီးဒေး’ ဇာတ်သိမ်းခန်းသည် ပရိသတ်ကို ဘာ့ကြောင့် ထိုမျှ ဖမ်းစားနိုင်သလဲ။
ဒါရိုက်တာ ဝိုင်းလားသည် ခံစားမှု ဗဟိုဆုံချက်သဘောကို ကောင်းကောင်းသိသူ ဖြစ်သည်။ ထိုဆုံချက်အရောက်တွင် ဗျာပါကုန်အောင် လုပ်ပြသွားနိုင်သော ဂရီဂိုရီပက်လို မင်းသားမျိုးကိုလည်း ထည့်သုံး ထားလိုက်သည်။ သို့တိုင်အောင် ထိုမျှ ထိခိုက်သွားလောက်အောင် ဆုံးရှုံးစရာ ပစ္စည်းတခုခု မရှိခဲ့လျှင် ဂရီဂိုရီပက်သည် ထိုဇာတ်သိမ်းခန်းကို မည်သည့်နည်းနှင့်မျှ ထိုမျှကောင်းအောင် သယ်သွားနိုင်မည်မဟုတ်။ သူဆုံးရှုံးလိုက်သော အရာမှာ အခြားမဟုတ်။ အော်ဒရဟက်ဘန်း ဖြစ်သည်ဟု ရုပ်ရှင်ဝေဖန်ရေးဆရာ တယောက်က ရေးခဲ့ဖူးသည်။
ကျွန်တော်တို့ ရုပ်ရှင်ကြည့် ပရိသတ်သည် ဂရီဂိုရီပက်လိုပင် အိပ်မက်ထဲမှ ပျောက်ကွယ်သွားသော အော်ဒရေဟက်ဘန်းကို တသသ ဖြစ်ကျန်ခဲ့ကြသည်။ ဆွေးလျကျန်ရစ်ခဲ့သော ဂရီဂိုရီပက်၏ တဒေါက်ဒေါက် မြည်နေသော ဖိနပ်သံသည် ကျယ်ဝန်းခမ်းနားလှသော ခန်းမဆောင်ကြီးထဲတွင် ပဲ့တင်ထပ်၍ ကျန်ရစ်ခဲ့သလို ကျွန်တော်တို့၏ နှလုံးသား အကန့်များထဲတွင်လည်း ပဲ့တင်ထပ်၍ ကျန်ရစ်ခဲ့သည်။
‘ရိုမန်ဟောလီးဒေး’ ရုပ်ရှင်ဇာတ်လမ်းမှာ ဥရောပ အလယ်ပိုင်း ဘုရင့်နိုင်ငံတခုမှ ဘုရင့်သမီးတော်လေး တပါး သာမန်အရပ်သူတဦးအသွင် ရုပ်ဖျက်ကာ ရောမမြို့ကြီးထဲတွင် လျှောက်လည်သည်။ ရောမက ရှေးဟောင်း အဆောက်အအုံကြီးတွေကို လျှောက်ကြည့်သည်။ ရောမမြို့က ရင်ပြင်တွေ၊ ပန်းခြံတွေ၊ တိုက်ဆိုင်ကြီးတွေကို လျှောက်လည်သည်။ လည်ရင်းပတ်ရင်း အမေရိကန်သတင်းထောက်တဦး(ဂရီဂိုရီပက်)နှင့် တွေ့ပြီး နှစ်ယောက်သား စိတ်ကူးယဉ်အိပ်မက်ကလေးကို တည်ဆောက်မိကြသည်။ သတင်းထောက်မှာ အီတလီတွင် ထို မင်းသမီးကလေးနှင့် ပတ်သက်သည့် သတင်းကို လာယူခြင်း ဖြစ်သည်။ သို့ရာတွင် မိန်းမပျိုကလေးနှင့် တွေ့သည့်အခါ ထိုသတင်းကြီးကို လက်လွတ်သွားခဲ့သည်။ မိန်းမပျိုကလေးမှာ တောက်ပခမ်းနားသော မှန်နန်းဆောင်အပြင်ဘက်တွင် လွတ်လပ်စွာ နေရသဖြင့် လှောင်ချိုင့်မှ လွှတ်လိုက်သော ငှက်ကလေးတကောင် လို ပျော်ရွှင်လန်းဆန်းနေသည်။ သတင်းထောက်ကမူ သူ့ကို ဘုရင့်သမီးတော်မှန်း မသိ။ အရပ်သူဟု ထင်ကာ လက်ထပ်ရန် ပူဆာသည်။ မိန်းမပျိုကလေးကလည်း သူ့ကို တကယ်ချစ်သည်။ သို့ရာတွင် အရပ်သားနှင့် လက်ထပ်၍ မဖြစ်။ သို့ဖြစ်၍ သူတို့ ချစ်ရက်များသည် တဖြည်းဖြည်း ရှည်လျားကုန်ဆုံးစ ပြုလာခဲ့ကြသည်။ ရောမမှ အပျော်ခရီးပြီးဆုံး၍ ပြန်ခါနီးသည့် အခါတွင် သူတို့နှစ်ယောက် တွေ့ကြသည်။ မိန်းမပျိုကလေးက သူပြန်တော့မည် ဖြစ်ကြောင်း၊ သူသည် ဘုရင့်သမီးတော်တဦး ဖြစ်ကြောင်း ဖွင့်ပြောလိုက်သည့်အခါတွင် သတင်းထောက်၏ အိပ်မက်တို့သည် တစစီ ပြိုကွဲ ပျက်စီးကာ သွားခဲ့ကြသည်။
သတင်းထောက်သည် ဘုရင့်သမီးတော်ကလေးကို သူမ တည်းခိုရာ ဟိုတယ်သို့ လိုက်ပို့နှုတ်ဆက်ပြီး ပြန်လာခဲ့သည်။ သူတို့နှစ်ယောက်သည် နောက်ထပ် မတွေ့နိုင်ကြတော့ပြီ။ ဂရီဂိုရီပက်သည် သူ့ မင်းသမီးကလေးကို ဆုံးရှုံးခဲ့သလို ကျွန်တော်တို့တတွေသည်လည်း သူ့လို လှိုက်ဖိုခံစား ကျန်ရစ်ခဲ့ကြသည်။
ကင်မရာသည် တဖြည်းဖြည်း ဝေးသွားသော ဂရီဂိုရီပက်ကို တောက်လျှောက်ရိုက်ပြထားသည်။ ဖိနပ်သံကလည်း နရီစည်းချက် မှန်မှန်ဖြင့် ခန်းမဆောင်ကြီးထဲ ပဲ့တင်ထပ် ကျန်ရစ်ခဲ့သည်။
ရုပ်ရှင်ဇာတ်သိမ်းခန်းတခု၊ ဝတ္ထုဇာတ်သိမ်းခန်းတခု၊ သို့မဟုတ် တေးဂီတကြီးတပုဒ် အဆုံး စသည်တို့သည် မည်သို့ မည်ပုံ သိမ်းရမည်၊ မည်သို့ မည်ပုံ ဆုံးရမည် ဆိုသည်ကို ရုပ်ရှင်သင်တန်းကျောင်း၊ ဂီတသင်တန်းကျောင်း၊ စာပေသင်တန်းကျောင်းတို့တွင် သင်ကြား၍ မရ။ ဖန်တီးသူ၏ အနုပညာ ခံစားနိုင်စွမ်းအား၊ ဖန်တီးသူ၏ သမ္ဘာ၊ ဖန်တီးသူ၏ အတွေ့အကြုံတို့ဖြင့်သာ ပြုလုပ်နိုင်စွမ်းသည်။ ကြည်နူးစရာတွေ၊ တွယ်တာစရာတွေ၊ လွမ်းမောစရာတွေကိုချည်း ပြသည်။ ပရိသတ်အတွက် အိပ်မက်ဘုံကလေး ကို တည်ဆောက်ပေးထားသည်။ ချစ်သူနှစ်ဦးတွင် ဘာမျှ လိုလေသေး မရှိ။ အရုပ်ဆိုး အကျည်းတန်မှုတွေ မရှိ၊ ကြမ်းရှသော ထောင့်စွန်းတွေ မရှိ၊ ခက်မာသော ဖွဲ့စည်းပေါင်းစပ်မှုတွေ မရှိ၊ ဘဝသည် ပြည့်စုံသော အိပ်မက် ဘုံကလေး ဖြစ်နေသည်။
ပြန်ခါနီးတော့ မင်းသမီးလေးက ဘုရင့်သမီးတော် ဖြစ်ကြောင်း ဖွင့်ပြောလိုက်သည်။ ထိုအခါတွင် သူတို့၏ အိပ်မက်ဘုံကလေးသည် ပြိုကျကွဲသွားကာ တစစီ ဖြစ်သွားကြသည်။ မင်းသမီးကလည်း ဆွေးသွားသည်။ မင်းသားကလည်း ဆွေးသွားသည်။ ပရိသတ်ကလည်း ဆွေးသလိုလို ဖြစ်လာသည်။ ထိုအချိန်တွင် ဒါရိုက်တာ ဝိုင်းလားသည် ကျယ်ဝန်းလှသော ခန်းမဆောင်ကြီးထဲတွင် တယောက်တည်း လျှောက်သွားနေသော မင်းသားကို တောက်လျှောက်ရိုက်ပြသွားကာ ရေးရေးမှုန်မှုန် မြင်ရတော့သည့်အချိန်တွင်မှ ဇာတ်ကို သိမ်းလိုက်သည်။ ခံစားမှုဆုံချက်သို့ အရောက်တွင် အမိအရ ဖမ်းတတ်ဖို့၊ ဖမ်းနိုင်ဖို့ ဆိုသည်မှာ သမ္ဘာရင့်သော ဒါရိုက်တာကြီး များသာလျှင် တတ်နိုင်သည်။
ကျွန်တော်သည် ‘ရိုမန်ဟောလီးဒေး’ ကို ပြန်စဉ်းစားလိုက်လျှင် ထိုဇာတ်သိမ်းကို မြင်ယောင်နေသည်။
(၂)
ထိုဇာတ်သိမ်းကို မြင်ယောင်နေသလို ထိုဇာတ်ကားထဲက မင်းသမီး အော်ဒရီဟတ်ဘန်းကိုလည်း မြင်ယောင်နေသည်။
နှစ်ဆန်းစက ရုပ်ရှင်မင်းသမီးကြီး အော်ဒရီဟက်ဘန်း ကွယ်လွန်ပြီ ဆိုသည့်သတင်း ဖတ်လိုက်ရသည့်အခါ ‘ရိုမန်ဟောလီးဒေး’ ဇာတ်ကားကို ကျွန်တော်ကြည့်တုန်းကလို ရင်ထဲတွင် ဖိုလှိုက် သွားသည့် အရသာကို ခံစားလိုက်ရသည်။
‘လွန်ခဲ့သည့် သီတင်းပတ်အတွင်း အသက် ၆၃ နှစ်အရွယ်၌ ကင်ဆာရောဂါဖြင့် ကွယ်လွန်သွားသည့် အခါတွင် ကျွန်တော်တို့ အလှအပ အိပ်မက်များထဲက အံ့သြဖွယ် ဧကရီမင်းသမီးတပါး စွန့်လွှတ်ပေးအပ် လိုက်ရသည့်နှယ် ခံစားရပေသည်’ ဟု တိုင်းမ် မဂ္ဂဇင်းက ရေးခဲ့သည်။
‘ရိုမန်းဟောလီးဒေး’ မှာ ဟက်ဘန်း၏ ပထမဆုံးဇာတ်ကား ဖြစ်သည်။ ၁၉၅၄ ခုနှစ် လောက် ကလား မသိ။ ဂလုပ်ရုံ(ယခု ဂုဏ်ရုံ)တွင် ပြတော့ ကျွန်တော်တို့ ပထမဆုံး ကြည့်ဖူးခြင်း ဖြစ်သည်။
‘အော်ဒရေဟက်ဘန်း ၁၉၂၉-၁၉၉၃’ ဟု တွေ့လိုက်ရသောအခါတွင် ပို၍ စိတ်ထိခိုက်ရသည်။ ကျွန်တော်တို့ မျိုးဆက်၊ ကျွန်တော်နှင့် သက်တူရွယ်တူ။
အော်ဒရီဟက်ဘန်းသည် အင်္ဂလိပ်လုပ်ငန်းရှင် တယောက်နှင့် ဒတ်ချ်မှူးမတ်သမီးပျိုတဦးမှ ဘယ်လ်ဂျီယန်တွင် မွေးခဲ့သည်။ ကျွန်တော်တို့လိုပင် လူလားမြောက်စတွင် ဒုတိယကမ္ဘာစစ်ကြီးနှင့် ကြုံခဲ့ရသည်။ ဟက်ဘန်းသည် ဟော်လန်တွင် ကြီးပြင်းလာခဲ့ပြီး မိဘများမှာ နာဇီတို့ အကျဉ်းစခန်းများထဲတွင် အသက် ဆုံးရှုံးခဲ့ရသည်။ မိဘမဲ့ အော်ဒရီဟက်ဘန်းသည် မကြာခဏ ဆိုသလိုပင် ဆင်းရဲဒုက္ခနှင့် တွေ့ကြုံခဲ့ရသည်။ အငတ်ငတ် အပြတ်ပြတ် ဖြစ်ခဲ့ရသည်။ စစ်ကြီးကို ဖြတ်သန်းခဲ့ရသည့် ကျွန်တော်တို့ မျိုးဆက်လိုပင် ဖက်ဆစ် ဆန့်ကျင်ရေး လှုပ်ရှားမှုထဲတွင် ပါဝင်လာခဲ့သည်။ စာကို ဖိနပ်ထဲ ထည့်ပြီး တော်လှန်ရေးသမားများထံ စာပို့သည့် သူ့အကြောင်းကို ဖတ်ရသည့်အခါ ဖက်ဆစ်ဂျပန် တော်လှန်ရေးတုန်းက ဆေးပေါ့လိပ် အစီခံထဲတွင် စာရွက်ကို လိပ်ထည့်ပြီး တော်လှန်ရေးသမားတွေထံ စာသွားပို့ရသည့် ကျွန်တော်တို့ အဖြစ်ကို ပြန်၍ သတိရမိသေးသည်။
ကျွန်တော်တို့သာမကပါ။ ဒုတိယကမ္ဘာစစ်ကြီးကို ဖြတ်သန်းခဲ့ရသည့် လူလားမြောက်စ လုလင်ပျို လုံမပျိုတို့သည် ကမ္ဘာတဝန်းတွင် ခက်ခဲကြမ်းတမ်းသော ကာလများကို ဖြတ်သန်းခဲ့ရသူများသာ ဖြစ်ပါသည်။ သူတို့သည် လွတ်လပ်မှု၊ တရားမျှတမှုနှင့် တန်းတူညီမျှမှုတို့အတွက် သူတို့ တတ်နိုင်သော နေရာမှာ တိုက်ပွဲ ဝင်ခဲ့ကြသူများ ဖြစ်ကြောင်း တွေ့လာရသည်။ ဘယ်နေရာ၊ ဘယ်တိုင်းပြည်မဆို လူငယ်သည် လွတ်လပ်မှု၊ တရားမျှတမှုနှင့် တန်းတူညီမျှမှုကို ခုံမင်မြတ်နိုးကြသည်သာ ဖြစ်ပေသည်။
စစ်သည် ကြောက်စရာ အဖြစ်ကြီး ဖြစ်သည်။ သို့ရာတွင် စစ်သည် အော်ဒရီဟက်ဘန်းအား နာကျည်း ခါးသီးစေခြင်းငှာ မတတ်နိုင်။ ဒုတိယကမ္ဘာစစ်ကြီး ပြီးသည့်နောက် စစ်အေးတိုက်ပွဲ အရှိန်ပြင်းနေသည့် ကာလ တွင်လည်း အော်ဒရေဟက်ဘန်းသည် အရှေ့နှင့် အနောက်အုပ်စု နှစ်ခုစလုံးမှ ပရိသတ်များကို ဖမ်းစားထားနိုင် ခဲ့သည်။ တည်ငြိမ်ရေရာခြင်း မရှိသော ကမ္ဘာကြီးကို သူ့အလှ၊ သူ့အနုပညာ၊ သူ့ ပျိုနု လန်းဆတ်မှုဖြင့် ချွေးသိပ် ပေးနိုင်ခဲ့သည်။ အနောက်မှ ရုပ်ရှင် ဝေဖန်ရေးဆရာ ဂျွန်လားက ‘စိတ်ထားလှသူ၊ နှလုံးနွေးထွေးသူ၊ မျက်နှာလှသူ၊ စစ်လွန်ခေတ်ကြီး၏ အကောင်းမြင်ဝါဒ ခံစားချက်နှင့် မျှော်လင့်ချက်ကို ဝင်စားမွေးဖွားလာသူ’ ဟု ရေးခဲ့သည်။
‘ရိုမန်ဟောလီးဒေး’ ဇာတ်ကားနောက်တွင် ဇာတ်ကား တော်တော်များများ ထွက်လာသည်။ ထိုစဉ်က သူ့ ဇာတ်ကားတိုင်းလိုလို ရန်ကုန်သို့ ရောက်လာသဖြင့် အော်ဒရီဟက်ဘန်းကို ကြည့်ဖြစ်ကြသည်။ ဒုတိယကားမှာ ဒါရိုက်တာ ဘီလီဝိုင်းလ်ဒါး၏ ‘ဆာဘရီးနား’ ဖြစ်သည်။ ဆာဘရီးနားမှာ ဇာတ်ကားထဲမှ မင်းသမီး၏ နာမည်ဖြစ်ပြီး ဟက်ဘန်းက မော်တော်ကား ဒရိုင်ဘာတဦး၏ မြီးကောင်ပေါက် သမီးကလေးအဖြစ် သရုပ်ဆောင်ထားသည်။ ဒရိုင်ဘာ၏ သမီးကလေးကို သူဌေးသား ညီအကို နှစ်ယောက်ဖြစ်သည့် ဝီလျံဟိုးဒင်းနှင့် ဟန်ဖရေးဘိုးဂတ်တို့က ကြိုက်နေကြသည်။ နောက်ဆုံးတွင် ဆာဘရီးနားသည် ပိုက်ဆံချမ်းသာသည့် လုပ်ငန်းရှင် အစ်ကိုကြီးကို မချစ်ဘဲ အလုပ်လက်မဲ့ ညီငယ်၏ အချစ်ကို လက်ခံလိုက်သည်။
နောက်တကားမှာ ‘တီဖန်နီမှာ မနက်စာ’ ဆိုသည့် ဇာတ်ကားဖြစ်သည်။ ထိုဇာတ်ကားတွင် တဇွတ်ထိုး လုပ်တတ်သော ဟော်လီဂိုး လိုက်တလီဆိုသည့် မြီးကောင်ပေါက်မကလေးအဖြစ် သရုပ်ဆောင်သွားသည်။ ‘အစိမ်းရောင် စံအိမ်’ နှင့် ‘လမ်းအတွက် နောက်နှစ်ခွက်’ ဆိုသည့် ကားများကိုတော့ ကျွန်တော်မကြည့်လိုက်ရ။ ‘လမ်းအတွက် နောက်နှစ်ခွက်’ မှာ အရက်သမားတဦး၏ ဇနီးအဖြစ် သရုပ်ဆောင်သွားခဲ့သည်။ ဒါရိုက်တာ ဂျွန်ဟူစတန် ၏ ‘ခွင့်လွှတ်မခံရသူ’ ဇာတ်ကားတွင် မက္ကစီကန်နယ်စပ်က အမေရိကန်အိန္ဒိယန်း ကပြားမကလေး အဖြစ်လည်းကောင်း၊ စတန်လေဒိုနင်၏ ‘ရယ်စရာ့မျက်နှာ’ တွင် အထက်တန်းစား မိန်းမပျိုတဦးအဖြစ် လည်းကောင်း သရုပ်ဆောင်သွားခဲ့သည်။ ‘ရှားရမ်’ ဇာတ်ကားတွင် ကယ်ရီဂရန့်၏ မေးခွက်ကလေးကို ကိုင်ပြီး ‘ဒီနားမှာ မုတ်ဆိတ်ရိတ်တော့ ဘယ်လို ရိတ်သလဲဟင်’ ဟု နောက်ပြောင် ကျီစယ်နေဟန်ကို သတိရနေသည်။
ကင်းဗီဒေါ၏ ‘စစ်နှင့်ငြိမ်းချမ်းရေး’ တွင် နာတာရှာအဖြစ် သရုပ်ဆောင်ပုံမှာ ဟက်ဘန်းနှင့် လိုက်ဖက် သည်။ နာတာရှာက မြို့စားကြီးသမီး၊ မြီးကောင်ပေါက်မကလေး၊ စိတ်ကစားတတ်သည့်အရွယ်၊ လောကကြီးတွင် အပူအပင်ကင်းမဲ့စွာ နေတတ်သူ။ ထိုစရိုက်သည် မှူးမတ်မျိုးမှ မွေးဖွားလာသည့် အော်ဒရီဟက်ဘန်းနှင့် ပို၍ လိုက်ဖက်သည်။ ဟက်ဘန်းသည် ဝါရင့်မင်းသားကြီးများဖြစ်သော ဟင်နရီဖွန်ဒါ(ပီယာ)နှင့် ဂျိုစ်ဖါးရား(မင်းသား အန်ဒရေ) တို့ကြားတွင် နိုင်နင်းစွာ သရုပ်ဆောင်သွားသည်။
(၃)
အော်ဒရီဟက်ဘန်းကို ကျွန်တော် နောက်ဆုံးကြည့်လိုက်ရသည်မှာ ဂျော့ကူးကား ရိုက်သည့် ‘မိုင်ဖဲယားလေဒီ’ ဖြစ်သည်။ မိုင်ဖဲယားလေဒီမှာ ဘားနတ်ရှော၏ ‘ပစ်မာလီယန်’ ပြဇာတ်ကို ရိုက်ထားခြင်း ဖြစ်သည်။ ပန်းသည်မလေး အယ်လီဇာဒူးလစ်တဲသည် ပါမောက္ခကြီး ဟစ်ဂင်းစ်၏ သင်ကြားပေးမှုကြောင့် အထက်တန်းစား မိန်းမပျိုကလေး တယောက်ဖြစ်သွားပုံ ဖြစ်သည်။ ပစ်မာလီးယန်းမှာ ဂရိ ဒဏ္ဍာရီ ပုံပြင်ဖြစ်ပြီး ကိုယ်ထုလုပ်သည့် လှပသော ပန်းပုရုပ်ကလေးကို ပြန်၍ စွဲမက်သွားသော ပန်းပုဆရာတယောက်အကြောင်း ဖြစ်သည်။ ‘မိုင်ဖဲယားလေဒီ’ မှာ နယူးယောက် ဘရော့ဝေးတွင် ဆယ်နှစ်တိုင်တိုင် စင်တင်ကပြခဲ့သည့် ဇာတ်ဖြစ်ပြီး နောက်တွင် ဂျော့ကူးကားက မင်းသားကြီး ရက်ဟယ်ရီဆန်၊ အော်ဒရီဟက်ဘန်းတို့ဖြင့် ရုပ်ရှင်အသွင် ကူးပြောင်းခဲ့ခြင်း ဖြစ်သည်။
ထို့နောက်တွင် အော်ဒရီဟက်ဘန်းသည် ရှောင်ကွန်နရီနှင့် တွဲဖက်ပြီး ‘ရိုဘင်နှင့် မာရီယန်’ ဆိုသည့် ဇာတ်ကား ရိုက်သေးသည်။ ဒါရိုက်တာမှာ ရစ်ချတ်လက်စတာ ဖြစ်သည်။ နောက်ဆုံးရိုက်သည့်ကားမှာ စတီဗင်စပီးဘတ် ရိုက်ကူးသည့် ‘အစဉ်သဖြင့်’ ဆိုသည့် ဇာတ်ကားဖြစ်သည်။ ထိုဇာတ်ကားများကိုမူ ရန်ကုန်သို့ ရောက်မလာသဖြင့် ကျွန်တော်တို့ မကြည့်လိုက်ရ။
အော်ဒရီဟက်ဘန်းသည် ‘လမ်းပေါ်တွင် ကျက်စားသည့် သူငယ်ကလေး တယောက်၏ အပြစ်ကင်းစင်မှု မျိုး၊ ရိုးသားမှုမျိုး ရှိသည်’ ဟု အနောက်နိုင်ငံမှ ပရိသတ်များက ဝေဖန်ကြသည်။ သူ၏ မျက်နှာကျပုံ၊ သူ၏ သွက်လက် ဖြတ်လတ်ပုံ၊ မျက်နှာမြင် ချစ်ခင်ပါစေ ဆိုသကဲ့သို့ မြင်ရသူတို့ နှစ်သက်အောင် လုပ်နိုင်စွမ်းရှိပုံ တို့ကြောင့်လားတော့ မပြောတတ်ပေ။
အော်ဒရီဟက်ဘန်းသည် မာနမကြီး၊ ဘဝင်မမြင့်၊ ဒါရိုက်တာခိုင်းသမျှကို ရက်ရက်ရောရော လုပ်ပေးတတ်သည်ဟု ဆိုသည်။ သူသည် ထိုမျှ အောင်မြင်ကျော်ကြားလာခြင်းအတွက် သူနှင့်အတူ သရုပ်ဆောင်ခဲ့ဖူးသည့် သရုပ်ဆောင်များနှင့် ဒါရိုက်တာများကို အစဉ်အမြဲ ကျေးဇူးစကား ဆိုတတ်သည်။
“ဆရာတွေက ကျွန်မ မှာရှိတဲ့ အကောင်းဆုံး အရည်အချင်းတွေကို ရွေးထုတ်တတ်တယ်လေ၊ ဒီလို ရွေးထုတ်ပြီး ထင်းခနဲ နေအောင် ပြလိုက်တယ်၊ အဲဒီအခါမှ လုပ်ဖော်ကိုင်ဖက် သရုပ်ဆောင်တွေကလည်း ကျွန်မကို ပို့ပေးကြတယ်။ ဒါ့ကြောင့်မို့ ကျွန်မအောင်မြင်တာပါ” ဟု ပြောဖူးသည်။
အော်ဒရီဟက်ဘန်းသည် ရုပ်ရှင်မင်းသမီး မဖြစ်မီတုန်းက ကချေသည် လုပ်ခဲ့ဖူးသည်။ သို့ရာတွင် ခပ်ပိန်ပိန်၊ ခပ်ပါးပါး ဟက်ဘန်းသည် ထိုမျှ ကျက်သရေရှိသော ကကွက်များကို ကနိုင်မည်ဟု မည်သူမျှ မထင်ကြ။ ကချေသည်တယောက်၊ ရုပ်ရှင်မင်းသမီးတယောက် အနေနှင့် သူမ အောင်မြင်ခြင်းမှာ လှုပ်ရှားမှု ဟန်ကြောင့်လည်း မဟုတ်၊ ရုပ်ကြောင့်လည်းမဟုတ်။ စိတ်ဓါတ်ကြောင့် ဖြစ်သည်။ ‘သူ့ အောင်မြင်မှုသည် ခံစားမှုဆိုင်ရာ စွမ်းအားကြီးမှုနှင့် တည်ငြိမ်မှုတို့ကြောင့် ဖြစ်သည်’ ဟု ဝေဖန်ရေးဆရာများက ရေးခဲ့ကြသည်။
အမေရိကန် စာရေးဆရာ ထရူးမင်းက ဟက်ဘန်း၏ မျက်နှာသည် ဂေါရီအရွယ်လွန်စ၊ ကုမ္မာရီ အရွယ်ဝင်စ မျက်နှာလေး ဖြစ်သည်ဟု ရေးခဲ့ဖူးသည်။
ထို တည်ငြိမ်မှု၊ ရိုးသားမှုတို့ကြောင့်ပင် စာနယ်ဇင်းဆရာများသည် ဟက်ဘန်း၏ ကိုယ်ရေးကိုယ်တာများ ကို ရေးသည့်အခါတွင် သက်ညှာစွာ ရေးခဲ့ကြသည်။ အချို့မှာ သူ့ ကိုယ်ရေးကိုယ်တာကို မရေးဘဲ ချန်ပစ်ခဲ့ကြသည်။ သူသည် အိမ်ထောင်နှစ်ဆက် ပျက်ခဲ့သည်။ ပထမ အိမ်ထောင်မှာ ‘စစ်နှင့်ငြိမ်းချမ်းရေး’ တွင် သူနှင့်အတူ သရုပ်ဆောင်ခဲ့သည့် မင်းသားကြီး ဂျိုးစ်ဖားရား ဖြစ်သည်။
နောက်ပိုင်းတွင် အော်ဒရီဟက်ဘန်းသည် ရုပ်ရှင်သိပ်မရိုက်ဖြစ်တော့ဘဲ ဆွစ်ဇာလန်တွင် နေထိုင်ကာ ကုလသမဂ္ဂ ကလေးများ ရံပုံငွေအဖွဲ့ (ယူနီဆက်) အတွက် အလှူငွေများ ကောက်ခံပေးခြင်း၊ ကယ်ဆယ်ရေး လုပ်ငန်းများကို လုပ်ခြင်း စသည့် ပရဟိတလုပ်ငန်းများနှင့် အချိန်ကုန်နေတော့သည်။
မကွယ်လွန်မီကလေးမှာပင် ဟက်ဘန်းသည် ဆိုမာလီယာသို့ သွားရောက်ကာ ဆိုမာလီယာ ပြည်တွင်းစစ်ကို ရပ်စဲရန် စောစီးစွာ မေတ္တာရပ်ခံခဲ့သည်။ ထိုစဉ်က ကမ္ဘာ့နိုင်ငံကြီးများပင်လျှင် ဆိုမာလီယာ ကိစ္စကို မစဉ်းစားကြသေး။
ဟက်ဘန်းသည် ဧကရီ၊ ပန်းသည်မ၊ ဒရိုင်ဘာ၊ လင်ဆိုးမယား၊ လေလွင့်နေသည့်ကောင်မလေး၊ စာအုပ်ဆိုင် အရောင်းစာရေးမ၊ ဖက်ရှင်ကိုယ်ဟန်ပြမယ် စသည့် စရိုက်များစွာကို နိုင်နင်းစွာ သရုပ်ဆောင်နိုင် ခဲ့သည်။
သူမသည် လူလားမြောက်စ အရွယ်တွင် စစ်ကြီးကို ဖြတ်သန်းခဲ့ရသည်။ ငတ်ပြတ်ခဲ့ရသည်။ မိဘတွေ ဆုံးရှုံးခဲ့ရသည်။ အနုပညာရှင်အဖြစ် အောင်မြင်ကျော်ကြားချိန်တွင် စစ်အေးကာလကြီးကို ဖြတ်သန်းခဲ့ရသည်။ တတိယကမ္ဘာစစ်ကြီး၏ ခြောက်လှန့်မှုအောက် ရင်တထိတ်ထိတ် နေခဲ့ရသည်။ သို့တိုင် ဟက်ဘန်းသည် သူ၏ ‘လမ်းပေါ်က သူငယ်ကလေး၏ အပြစ်ကင်းစင်မှု၊ ဂေါရီလွန်စ ကုမ္မာရီဝင်စ ချစ်စရာ့မျက်နှာ၊ ရိုးသားတည်ငြိမ်သော စိတ်ထား’ တို့ဖြင့် တတိယ ကမ္ဘာစစ် တစ္ဆေအခြောက်ခံနေရသော ကမ္ဘာကြီးကို ရွှင်လန်း ကြည်မွေ့အောင် လုပ်သွားခဲ့သည်။
အသက် ၆၀ ကျော် ကွယ်လွန်ခါနီးအရွယ်တွင် ကမ္ဘာတဝှမ်းရှိ ကလေးငယ်များအား ကယ်ဆယ်ရေး အတွက် သူမ တတ်နိုင်သမျှ ကြိုးပမ်းသွားခဲ့သည်။ စစ်အေးလွန်ခေတ်တွင် ဆိုမာလီ၊ ဘော့စနီးယား၊ ကမ္ဘောဒီယား၊ ဂါဇာကမ်းမြောင်ဒေသ၊ လက်ဘနွန် စသည့်နေရာများမှ ပြည်တွင်းစစ်များကို တွေ့သွားရသည်။ သို့ရာတွင် ဟက်ဘန်းသည် ကင်ဆာရောဂါကို ခံစားနေရသည့်ကြားမှပင် ဆိုမာလီယာတွင် ပြည်တွင်းစစ် ရပ်စဲအောင်၊ အပျက်ကပ်ကြီးဘေးမှ ကင်းဝေးအောင် ရုပ်မြင်သံကြားမှနေ၍ မကြာခဏ မေတ္တာရပ်ခံခဲ့သည်။
ယခုမူ မှူးမတ်နွယ်၊ ဖက်ဆစ်ဆန့်ကျင်ရေး မြေအောက်ဆက်သား၊ ကချေသည်၊ ရုပ်ရှင်မင်းသမီး စသည့် ဘဝတို့ကို ဖြတ်သန်း၍ ဆိုမာလီယာတွင် ပြည်တွင်းစစ် ရပ်အောင် ကြိုးပမ်းခဲ့သည့် အော်ဒရီဟက်ဘန်းသည် ဆိုမာလီမှ သေနတ်သံများ မစဲမီတွင် နှလုံးသွေး အခုန် ရပ်သွားလေပြီ။ လူလားမြောက်စ အရွယ်မှသည် အသက် ၆၀ ကျော်အရွယ်အထိ စစ်ကို ဆန့်ကျင်ခဲ့သော အော်ဒရီဟက်ဘန်း၏ ဘဝမီးတိုင်သည် စစ်မီးလျှံများအကြားတွင် ငြိမ်းသွားလေပြီ။
အောဒရီဟက်ဘန်းနှင့်အတူ ကျွန်တော်တို့ မျိုးဆက်သည်လည်း စစ်၏ထိတ်လန့်ဖွယ်တို့ကို ကြုံခဲ့ရသည်။ စစ်အေးတစ္ဆေကြီး၏ ခြောက်လှန့်မှုကို ခံခဲ့ကြရသည်။ စစ်အေးလွန်ခေတ်၏ သေနတ်သံများကို ကြားခဲ့ကြရသည်။ ထို့ကြောင့် သူ့ ရင်ခုန်သံသည် ကျွန်တော်တို့ မျိုးဆက်၏ ရင်ခုန်သံ။ သူ့ စိုးရွံ့မှုသည် ကျွန်တော်တို့ မျိုးဆက်၏ စိုးရွံ့မှု၊ သူ့ဘဝအမောသည် ကျွန်တော်တို့ မျိုးဆက်၏ ဘဝအမော။ ဘယ်တိုင်းပြည် ဘယ်နိုင်ငံမှာ ရှိစေ လျှောက်လှမ်းခဲ့ရသော ခြေလှမ်းတွေ တူသဖြင့် ခံစားပုံတွေကလည်း အတူတူ။
‘ရိုမန်ဟောလီးဒေး’ တုန်းက ဂရီဂိုရီပက်သည် လှပမွေ့ကြည်ဖွယ် ကောင်းသော အိပ်မက်ဘုံကို ဆုံးရှုံးသွားခဲ့သည်။ ယခု ဂရီဂိုရီပက်၏ ဆုံးရှုံးမှု အတိုင်းအတာသည် မည်မျှကြီးမားကြောင်း ကျွန်တော်တို့ စာနာနိုင်လေသည်။
ကျွန်တော်သည် ကျယ်ဝန်းသော ခန်းမဆောင်ကြီးထဲမှ ဖြည်းဖြည်းမှန်မှန် ကျနေသော ဂရီဂိုရီပက်၏ ဖိနပ်သံကို ကြားယောင်နေလေတော့သည်။
မြသန်းတင့်
စံပယ်ဖြူမဂ္ဂဇင်း၊
၁၉၉၄၊ ဇန်နဝါရီ။