တစ္ဆေတစ်ရာ မှော်ဝင်ဓါး

Posted on

တစ္ဆေတစ်ရာ မှော်ဝင်ဓါး (စ/ဆုံး)
—————————————–
မူရင်းရေးသားသူ-ဆရာတာတေ

ဒီတုံးက ကျုပ်ဆရာစိုင်းနွံဖဆီက
မျက်ကွင်းဆေးရပြီးကာစပဲရှိသေးတာဗျ။
ကျုပ်မျက်ကွင်းဆေးစပြီး သုံးတာကပထမဆုံးစာအုပ်မှာ
ရေးခဲ့ပြီးပြီလေဗျာ…”ကိုယ်တွေ့မဖဲဝါ”စာအုပ်လေ။
ဆရာစိုင်းနွံဖက သစ်စုန်းပင် နှုတ်ခိုင်းဖို့
ကျုပ်ကို မျက်ကွင်းဆေး ကွင်းပေးတယ်။

သစ်စုန်းပင်ရလို့ အောင်သွားတော့
ကျုပ်ကို အဲဒီမျက်ကွင်းဆေးနဲ့ “ဝ”ကွင်းတဲ့
ဆနွင်းဖြူဥပေးခဲ့တယ်။
ဆနွင်းဖြူဥတော့ ပြန်ဖျက်တာလေဗျာ။
ဒီအကြောင်းတွေ ခင်ဗျားသိပြီးရောပေါ့။

ဒီတုံးက သစ်စုန်းအစီအရင်ပြီးလို့
ဆရာစိုင်းနွံဖ ပြန်သွားကာစပဲ ရှိသေးတာဗျ။
ကျုပ်မှတ်မိသေးတယ်။နွေဘက်ကြီးဗျို့။
ဖိနပ်မပါပဲများ သဲပေါ်နင်းလိုက်မိရင်
ဆွေ့ဆွေ့ခုန်ရလောက်အောင် ပူတဲ့ရာသီပေါ့ဗျာ။
တမာရိပ် မန်ကျည်းပင်ရိပ်တွေကို ခိုနေရတဲ့ အချိန်ပေါ့ဗျာ။

အဲ့ဒီနေ့က အမေချက်တဲ့ ဝက်သားနဲ့
ပုန်းရည်ကြီးဟင်းကို ထမင်းသုံးပန်ကန်လောက်စားပြီး
နဂါးဆေးပေါ့လိပ်ကလေး ဖွာလို့ပေါ့ဗျာ။

ဒီလိုအချိန်များဆိုရင် ဝိုင်းထဲက လူတဖက်သာသာရှိတဲ့
မန်ကျည်းပင်ကြီးအောက်က ကွက်ပျစ်ဟာ
ကျုပ်အတွက်တော့ လောကစည်းစိမ်ပဲပေါ့ဗျာ။
နဂါးဆေးပေါ့လိပ်ကလေး သုံးလေးဖွာ ဖွာရင်း
ကျုပ် သစ်စုန်းပင်နှုတ်ခဲ့တာတွေ။
မဖဲဝါလက်ကနေ အသက်လုပြီး ပြေးခဲ့ရတာတွေ။

သစ်စုန်းပင် ဝင်နှုတ်တဲ့ ကျုပ်နောက်ကို
ထိုးလိုက်လာတဲ့ မဖဲဝါကြီးကို ဆရာနွံဖက
လမ်းက တားထားလိုက်တာတွေကို ကျုပ်ပြန်တွေးနေတာပေါ့ဗျာ။
ခဏနေတော့ ကျုပ်မျက်လုံး စဉ်းလာပြီဗျ။
အမေချက်ကျွေးတဲ့ ဝက်သားနဲ့ပုန်းရည်ကြီးက
အစွမ်းပြလာပြီလေဗျာ။
ဝါးဘိုးချမ်းလေးပေါ်မှာ ပုဆိုးဟောင်းလေးခေါက်ပြီး
ခင်းလိုက်တယ်။ ပြီးတော့ ကျုပ်ကွက်ပျစ်ပေါ်ကို
လှဲချလိုက်တယ်။

ဝါးဘိုးချမ်းနဲ့ ခေါင်းနဲ့ ထိရုံရှိသေး။
ကျုပ်မျက်လုံးတွေက ဖွင့်လို့မရတော့ဘဲ။
အိပ်ပျော်သွားရောဗျို့။နေ့ခင်းကြောင်တောင်
ပူပူလောင်လောင်ကြီးမှာကို ကျုပ်အိပ်မက်
မက်တော့တာဗျို့။

သင်္ချိုင်းကုန်းကြီးတစ်ခုထဲကို ကျုပ်ရောက်နေတာဗျ။
ကျုပ်ဆရာ နွံဖကလည်းပါတယ်။

“တာတေပြေး…ပြေး…မဖဲဝါကြီးလိုက်လာပြီ”

“ဗျာ”

ကျုပ်က နောက်ကို တစ်ချက်လှည့်ကြည့်တယ်။
ဟာ ဟုတ်ပဗျာ အရပ်ကြီးက ဆယ်ပေလောက်ကို
ရှိတာဗျို့။ ဆံပင်ဖာလျားကြီးချလို့။ မျက်လုံးကြီး တစ်လုံး။
တစ်လုံးကလည်း လက်ဘက်ရည်ပန်းကန်လုံးရှိတာ
နီရဲနေတာပဲဗျာ။ကျုပ်နောက်ကို ပြေးလိုက်လာတာ။

ကျုပ်လည်း သုတ်ကနဲ ပြေးတော့တာဗျို့။
နောက်ကို တစ်ချက်မှကို လှည့်မကြည့်တော့ဘူး။
သင်္ချိုင်းထွက်ပေါက် ဘက်ကို ကျုပ်ပြေးတော့…

“ဟာ”

သင်္ချိုင်းထွက်ပေါက်နေရာမှာ ဘာအပေါက်မှ မရှိဘူးဗျ။
အပိတ်ကြီးဖြစ်နေတယ်။ကျုပ် ဂူတွေကြားက
ဆက်ပြေးတယ်။ကျုပ်ပြေးနေတဲ့ သင်္ချိုင်းကြီးကလည်း
အကြီးကြီးဗျာ။ရှေ့ကို လှမ်းကြည့်လိုက်ရင်
မျက်စေ့တဆုံး ဂူဖြူဖြူကြီးတွေချည်းပဲဗျ။

ဒီလောက်ကျယ်တဲ့ သင်္ချိုင်းကြီးမျိုး ကျုပ်တစ်သက်မှာ
တစ်ခါမှကို မတွေ့ပါဘူးဗျာ။ကျုပ်ဂူတွေကြားထဲပြေးတာ
သင်္ချိုင်းကြီးကလည်း မဆုံးနိုင်အောင်ကို
ကျယ်နေတော့တာဆိုတော့ ကျုပ်မှာ ပြေးရင်း
ဟောဟဲလိုက်နေတော့တာပေါ့ဗျာ။
ကျုပ်ခြေထောက်တွေဆိုတာ ကြွလို့တောင် မရချင်တော့ဘူးဗျ။

ဆရာနွံဖကိုလည်း မတွေ့တော့ဘူး။
ဒီတုံးမှာပဲ ကျုပ်ပုခုံးကို မဖဲဝါရဲ့
အေးစက်နေတဲ့ လက်ကြီးက ဖမ်းဆုပ်လိုက်တယ်။

“အောင်မလေးဗျ”

ကျုပ်အသံကုန် ကြုံးအော်လိုက်တယ်။
တကိုယ်လုံးလည်း ချွေးတွေရွှဲနေပြီဗျ။

“ဟေ့ကောင် တာတေ။ ဘာတွေဖြစ်နေတာတုံး”

ကျုပ်လန့်ပြီး မျက်စေ့ဖွင့်ကြည့်လိုက်တယ်။
ကျုပ်ပုခုံးကို ကိုင်ထားတာ မဖဲဝါရဲ့ လက်ကြီးမဟုတ်ဘူးဗျ။
ကိုအောင်သိမ်းကြီး။ ဘန့်ဘွေးကုန်းက ကိုအောင်သိန်းကြီးဗျ။
ဒီလူကလည်း ထွားထွားကြိုင်းကြိုင်းလေဗျာ။
ကျုပ်ပုခုံးကို ကိုင်နှိုးနေတဲ့ သူ့လက်ဝါးကြီးကလည်း
အကြီးကြီးပဲဗျ။

“ဟင်…ကိုကြီးအောင်သိန်း”

“အေး…ငါပါကွ တာတေရ။ မင်း ဘာဖြစ်နေတာတုံး”

ကျုပ်လည်း ငုတ်တုတ်ထထိုင်လိုက်ပြီး
ကြောင်တောင်တောင်ဖြစ်နေတဲ့ ကျုပ်စိတ်ကို
ငြိမ်အောင် ထိမ်းလိုက်တယ်။

“ကျုပ်အိပ်မက်နေတာဗျ ကိုကြီးအောင်သိန်းရဲ့”

“ဟား…ဟား…ဟား ဟား နေ့ခင်းကြောင်တောင်ကြီးကွ
တာတေရာ”

ကျုပ်လည်း ကိုကြီးအောင်သိန်းကို ဘာမှပြန်မပြောတော့ဘဲ
ရီရုံပဲ ရီနေလိုက်ရတော့တာပေါ့ဗျာ။
သစ်သားကွက်ပျစ်မှာ ဝင်ထိုင်ချလိုက်တဲ့
ကိုအောင်သိန်းကြီးကို ကျုပ်က နဂါးဆေးလိပ်တစ်လိပ်
မီးညှိပြီး ကမ်းပေးလိုက်တယ်။

နေပူကျဲကျဲကြီး ရောက်လာတဲ့ ကိုအောင်သိန်းကြီးလည်း
ကျုပ်တည်တဲ့ နဂါးဆေးပေါ့လိပ်ကလေးကိုဖွာပြီး
အမောဖြေတယ်ဗျာ။ ပြီးတော့မှ သူ့ခေါင်းက
ဝါးဖတ်ခမောက်ကို ချွတ်ပြီး စီးကျလာတဲ့ ချွေးတွေကို
သူ့ပုခုံးပေါ်မှာ တင်ထားတဲ့ ပုဆိုးကြမ်းကလေးနဲ့
ခပ်ကြမ်းကြမ်းသုတ်နေတယ်ဗျ။

“ကိုကြီးအောင်သိန်း နေပူကြီးထဲ ဘယ်သွားမှာတုံး”

ကျုပ်က ဆေးလိပ်ကလေးဖွာရင်း ကိုအောင်သိန်းကို
မေးလိုက်တယ်။ကိုအောင်သိန်းက ဘန့်ဘွေးကုန်းက။
ဘိုးမင်းဒင်ရဲ့သားဗျ။ ဘိုးမင်းဒင်ဆိုတာ လူထွားကြီးဗျ။

လွှတ်အလုပ်လုပ်ပြီး လွှတ်ရိုးသားတဲ့ လူပေါ့ဗျာ။
ဘိုးမင်းဒင်ရဲ့ မိန်းမကတော့ ကိုအောင်သိန်းကို မွေးပြီး
မီးတွင်းမှာတင် ဆုံးသွားတာတဲ့ဗျ။

ကိုအောင်သိန်းက တစ်ဦးတည်းသောသားပေါ့ဗျာ။
ဘိုးမင်းဒင်က နောက်အိမ်ထောင်မပြုတော့
အဖေတစ်ခု။ သားတစ်ခု တွေပေါ့ဗျာ။

ကိုအောင်သိန်းကြီးကလည်း သူ့အဖေဘိုးမင်းဒင်ကြီးလိုပဲ
ထွားထွားကြိုင်ကြိုင်ကြီးဗျ။ ပြီးတော့ သူ့အဖေလိုပဲ
လွှတ်ရိုးတဲ့ လူကြီးဗျ။ အိမ်ထောင်ရက်သားလည်း
ပြုဘို့ တစ်ခါမှကို တွေးတာ မဟုတ်ဘူး။

“ဟကောင်တာတေရ ငါက ဘယ်မှာသွားစရာရှိဘူးကွ။
မင်းဆီကိုလာတာ”

“ကိုကြီးအောင်သိန်းကလည်းဗျာ။
ညနေ နေစောင်းတော့မှလာရောပေါ့။
ပူလိုက်တဲ့ နေဆိုတာ ဟိန်း ဟိန်းထနေတာဗျ”

“အေးကွ တာတေရ ။ မင်းပြောတာလည်း ဟုတ်တာပဲ။
ဒါပေမဲ့ ကိစ္စက အရေးကြီးနေလို့ နေပူကြီးထဲပဲ ထွက်ခဲ့ရတာကွ”

“ဘယ်လိုဗျ ကိုကြီးအောင်သိန်းရဲ့ ။
ဘာတွေ အရေးကြီးလို့တုံး”

ကိုအောင်သိန်းကြီးက နဂါးဆေးပေါ့လိပ်ကို
ဆက်တိုက်ဖွာနေသေးတာဗျ။
ပြီးတော့မှ…

“ဒီလိုကွ တာတေရ။ငါ့ အဘငယ်ငယ်က
မြို့ကျောင်းသွားတက်ဖူးတယ်။ အဲ့ဒီမှာ
အဘနဲ့ တော်တော်ခင်တဲ့
သူငယ်ချင်းတစ်ယောက်ရှိခဲ့ဖူးတယ်ကွ။
အဘကတော့ သူ့ကို ကိုညိုလို့ခေါ်တာပဲ။
အသက်ခြောက်ဆယ်လောက်ရှိပြီကွ။
အဲ့ဒီ ကိုညိုဆိုတဲ့ ဘိုးတော်
အခု ငါဒို့အိမ်ကိုရောက်နေတယ်ကွ”

“ဗျာ အဲ့ဒီကိစ္စ ဘိုးတော်ကို ကျုပ်က လိုက်ပြီး
ဧည့်ခံပေးရမှာလား ကိုကြီးအောင်သိန်းရဲ့”

“ဟာ မဟုတ်တာကွာ။အဲ့ဒီဘိုးတော်က အဘသူငယ်ချင်းပဲ
အဘဧည့်ခံမှာပေါ့ကွ”

“နို့ ကိုကြီးအောင်သိန်း ကျုပ်ဆီလာတာ
ဒီအကြောင်းလာပြောတာလား’

“အေး ဟုတ်တယ် တာတေ”

“ဟာဗျာ ကိုကြီးအောင်းသိန်းကလည်း ခင်ဗျားတို့အိမ်ကို
ဧည့်သည်လာတာပဲဟာ နေပူကြီးထဲ
လာပြောစရာလိုလို့လားဗျာ”

“ဟကောင်တာတေရ ဧည့်သည့်လာတာကို
ငါက နေပူကြီးထဲ လာပြောမလားကွ။
ကိစ္စရှိလို့ လာတာပေါ့ကွာ”

“ဟင်…ဘာကိစ္စတုံးဗျ။ ကိုကြီးအောင်သိန်းရဲ့”

“အဲဒီဘိုးတော် ဦးညိုဆိုတာက ငါ့အဘနဲ့ မတွေ့တာ
တော်တော်ကို ကြာနေကြပြီကွ။
အခုမေးစမ်းပြီးရောက်လာတော့
ငါ့အဘက မနည်းကိုရုပ်ဖမ်းယူရတာ
ဦးညိုကလည်း ငါ့အဘလိုပဲကွ။
မနည်းရုပ်ဖမ်းယူရတာ။
နောက်တော့ သူတို့သူငယ်ချင်းနှစ်ယောက်
တစ်ယောက်နဲ့တစ်ယောက် မှတ်မိသွားပြီး
ဝမ်းသာလိုက်ကြတာကွာ ငါတောင်သူတို့အစား
တော်တော်ပျော်သွားတယ်ကွ”

ကိုကြီးအောင်သိန်းပြောနေတာတွေကို
ကျုပ်ဖြင့် အခုထိကို နားမရှင်းသေးဘူးဗျ။
အခုထိ ကျုပ်ဆီကိုလာတဲ့ကိစ္စက ပါမလာသေးဘူးလေ။
ကျုပ်လည်း သူပြောတာကို ဆက်ပြီးနားထောင်တော့တာပေါ့ဗျာ

“အေး အခုလို ပြန်တွေ့တော့မှ အဘရဲ့
သူငယ်ချင်းဦးညိုက ဆရာတစ်ယောက်ဖြစ်နေတာကို
အဘက သိတာကြ”

“ဟင် ဟုတ်လား ဘာဆရာတုံးဗျ”

“အထက်လမ်းဆရာကြီးကွ တာတေရ
တောတွေ တောင်တွေထဲမှာ လှည့်လည်သွားပြီး
အထက်လမ်းကျင့်စဉ်တွေကို အားထုတ်နေတာဆိုပဲကွ”

“နို့ ဒီဆရာမှာ အိမ်ထောင်တွေ ဘာတွေ မရှိဘူးလားဗျ
ကိုကြီးအောင်သိန်းရ”

“ဟာ မရှိဘူးကွ ။ အိမ်ထောင်တစ်ခါမှ
မပြုဘူးဖူးတဲ့ကွ။အသက်နှစ်ဆယ်လောက်ကတည်းက
အထက်လမ်းကို လိုက်စားခဲ့တာတဲ့ကွ။”

“လူပုံပန်းကရော ဘယ်လိုနေတုံးဗျ”

“ဟာ တာတေရ ဦးညိုသာဆိုတယ်။
အသားတွေက ဖြူပြီး နုနေတာကွ။
မျက်လုံးတွေကလည်း ကြည်ပြီးတောက်နေတာကွ။
စားတော့လည်း သက်သက်လွတ်ပဲစားတာကွ။
ထိုင်နေလည်း အလကားနေတာမဟုတ်ဘူးကွ
ပုတီးတစ်ကုံးကို လက်က ကိုင်ပြီး
ပုတီးအမြဲစိတ်နေတာကွ”

“နို့ ဒီဆရာလား ။ ဘိုးမင်းဒင်ဆီကို
အလည်လာတာလားဗျ”

“ဟာ မဟုတ်ဘူးကွ သူကိစ္စနဲ့ သူ လာတာ”

“ဟင် ဘာကိစ္စများတုံး ။ကိုကြီးအောင်သိန်းရဲ့”

“ဒီလိုတဲ့ကွ တာတေရ ဆရာညိုက အင်မတန်မှကို
လျှို့ဝှက်နက်နဲတဲ့ အစီအရင် တစ်ခုကို
စီရင်နေတာတဲ့ဟေ့”

“ဟင် ဟုတ်လား ဘာအစီအရင်တုံးဗျ
ကိုကြီးအောင်သိန်းရ”

“ဆရာညိုရဲ့ အစီအရင်က’တစ္ဆေတစ်ရာ မှော်ဝင်ဓါး’တဲ့ကွ
တာတေရ”

“ဗျာ တစ္ဆေတစ်ရာ မှော်ဝင်ဓါး ဟုတ်လားဗျ။
ကျုပ်ဖြင့် ကြားတောင် မကြားဖူးပါဘူးဗျာ”

“အေး ဟုတ်တယ်ကွ ဆရာညို စီရင်တဲ့
အဲ့ဒီအစီအရင်က အားလုံးအောင်လာခဲ့ပြီတဲ့ကွ။
အခုနောက်ဆုံးစီရင်ရမဲ့ အဆင့်ကိုရောက်ပြီတဲ့
တာတေရ”

“ဟာ ဟုတ်လားဗျ နို့နေပါဦး ကိုကြီးအောင်သိန်းရဲ့
ဓါးက ဘယ်လိုဓါးမျိုးတုံး’

“အေး ဟိုတနေ့က အဘက ထုတ်ပြလို့
ငါလည်း တွေ့လိုက်တယ်။ဓါးကတော့
ငှက်ကြီးတောင်ပုံပဲကွ။ဒါပေမဲ့ အရှည်ကတော့
နှစ်ပေလောက်ပဲ ရှိတယ်ကွ။
ဗျက်က တစ်လက္မလောက်ပဲရှိတယ်။
ဓါးရိုးကတော့ အကျအနကို လုပ်ထားတာဟေ့။
ကနုတ်တွေသွင်းပြီး ။ကျောက်နီတွေမြှုပ်လို့ကွ။
ဓါးအိမ်ရော ဓါးရိုးရော ရွှေပိန်းချထားတာ မောင်ရေ”

“ဟာ တယ်ဟုတ်ပါလားဗျ နို့ ဒီဓါးက ဘာသုံးဖို့လဲ
ကိုကြီးအောင်သိမ်းရဲ့”

“ဆရာညို အပြောအရတော့ ဒီဓါးက စုန်း နတ် ကဝေ
တစ္ဆေ သရဲ မြေဘုတ်ဘီလူး ပူးချင်ရာပူး
ကပ်ချင်ရာကပ် ဓါးအိမ်ထဲကနေ ဓါးကို တစ်ထွာ
တစ်မိုက် ဆွဲထုတ်လိုက်တာနဲ့ကို
အားလုံးပြားပြားဝပ်ကြရတယ်ဆိုပဲကွ”

“ဟာ တယ်စွမ်းတဲ့ အစီအရင်ပါလားဗျ”

“အေး အဲ့ဒါ မနက်ဖြန်ညမှာ နက္ခကောင်းလို့
စီရင်ဖို့ ရောက်လာတာတဲ့ကွ။စီရင်မှာကတော့
ငါတို့ဘန့်ဘွေးကုန်းသင်္ချိုင်းထဲမှာကွ။
နေရာတွေ ဘာတွေ အားလုံးရွေးပြီးပြီ။
ကန်တော့ပွဲက တစ်ရာတိတိပြင်ရမှာတဲ့ဟေ့”

“ဟာ ပွဲတစ်ရာ ဟုတ်လား။ များလှချေလားဗျ”

“ဟ တာတေရဲ့ သူအစီအရင်က တစ္ဆေတစ်ရာမှော်လေကွာ
ကန်တော့ပွဲတစ်ရာ ပြင်ရတာပေါ့”

“ပွဲပြင်တာတော့ ဟုတ်ပါပြီဗျာ။
ပွဲထိုးဖို့ ဇလုံတွေက အလုံးတစ်ရာပြည့်အောင်
ရပါမလား ကိုကြီးအောင်သိမ်းရဲ့”

“ဟာ တာတေ့နှယ် ဘယ်လာပြီး ဇလုံတစ်ရာရှာလို့
ရမတုံးကွ ။ ဝါးတောင်းလေးတွေ ဝယ်ရတာပေါ့ကွ။
အားလုံးစုံနေပြီ တာတေရ။ ဝါးတောင်းတစ်ရာ
ငှက်ပျောဖီးနှစ်ရာ အုန်းသီး အလုံးတစ်ရာ
အားလုံး ငါတို့ဝိုင်းထဲမှာ ပုံလို့ဗျာ”

“ဟာ ဒါတွေ ဘယ်လိုလုပ် ရှာလိုက်တာတုံးဗျ”

“ဆရာညိုရဲ့ တပည့်တွေ လှည်းနဲ့ ရောက်လာပြီး
ပို့သွားတာပဲကွ ။ ဘယ်လို ရှာလာတာလဲတော့
ငါလည်းမသိဘူး”

“အော် ဒီလိုကိုး ။ နို့နေပါဦး ကိုကြီးအောင်သိန်းရဲ့
အခု ကျုပ်ဆီကို လာတာက ဘာကိစ္စတုံးဗျ”

“ဒီလိုတာတေရေ ဒီအစီအရင်အောင်ဖို့
သတ္တိကောင်းတဲ့ စနေသားတစ်ယောက်
ကူညီမှဖြစ်မှာတဲ့ကွ ။ဒါကြောင့် အဘနဲ့ ငါနဲ့က
မင်းကိုပဲ ချက်ချင်းသတိရတာပေါ့ကွာ။
မင်းက ဆရာသမားတွေနဲ့လည်း
လိုက်ဖူးသွားဖူးတဲ့ အတွေ့အကြုံရှိတာမို့လား။
ဒီကိစ္စမင်းပဲ ကူညီနိုင်မှာပေါ့ကွာ။
ပြီးတော့ အဲဒီ့ စနေသားက သတ္တိတော်တော်ရှိဖို့
လိုတယ်လို့ ဆရာညိုက ပြောတယ်ကွ”

“အော် ဒါကြောင့် ကျုပ်ဆီကို ကိုကြီးအောင်သိန်း
ရောက်လာတာပေါ့ ဟုတ်လား”

“အေးလေကွာ တာတေရာ”

“ဒီအစီအရင်ကို ကျုပ်လည်း တော်တော်တော့
စိတ်ဝင်စားသားဗျ”

ပြောရင်းနဲ့ ကျုပ်စဉ်းစားတယ်။

ဆရာနွံဖနဲ့ သစ်စုန်းပင်နှုတ်ပြီးကတည်းက
ကျုပ်လည်း ငြိမ်နေတာဆိုတော့ အခုပေါ်လာတဲ့ကိစ္စကို
ကျုပ်တော်တော်ကို စိတ်ဝင်စားသွားတာဗျ။

“ကဲ…ကိုကြီးအောင်သိန်း စိတ်ချပြီးပြန်ဗျာ။
မနက်ဖြန် မနက်စောစော စားပြီးတာနဲ့
ကျုပ် လာခဲ့မယ်”

“ဟာ တာတေကလည်းကွာ ။ ဘယ်နှယ့် ထမင်းစားပြီး
လာမှာတုံးကွ။ ဟိုရောက်မှ ထမင်းစားလေ။
ငါတို့အိမ်က အားနာရမဲ့ အိမ်မို့လို့လား။
မင်း ထမင်းစားလာရင် မင်းဘိုးဒင်ကြီးက
မင်းကို ငေါက်လိမ့်မပေါ့တာတေရ”

ဟုတ်တော့ ဟုတ်တယ်ဗျ။ကိုကြီးအောင်သိန်းရဲ့အဘ
ဘိုးမင်းဒင်ကြီးက ကျုပ်ဆိုရင် လွှတ်ခင်တာဗျ။
ကျုပ်အဘနဲ့ ဘိုးမင်းဒင်ကလည်း
ငယ်ပေါင်းတွေလေဗျာ။

“ကဲဗျာ ကျုပ် ကိုကြီးအောင်သိန်းတို့ အိမ်ရောက်မှာပဲ
မနက်စာ စားမယ်ဗျာ”

“အေး…အဲ့ဒီလို လုပ်စမ်းပါတာတေရာ”

ကျုပ်လာမယ်ဆိုတော့ ကိုကြီးအောင်သိမ်းက
စိတ်အေးသွားရောဗျ။ကျုပ်နဲ့ ထိုင်ပြီး
ထွေရာလေးပါး ပြောကြဆိုကြတာပေါ့ဗျာ။

အိမ်ပေါ်ကဆင်းလာတဲ့ ကျုပ်အဘက
ဝိုင်းထဲက ကျုပ်တို့စကားပြောတဲ့
အသံတွေကြားလို့ လာကြည့်တယ်ဗျ။
မျက်စေ့မှုန်နေတဲ့ အဘက မျက်စိအပေါ်ကနေ
လက်ဝါးလေးကာပြီး ကိုကြီးအောင်သိန်းကို
ကြည့်သဗျ။

“ဘိုးဥာဏ် ကျုပ်ကို မမှတ်မိဘူးထင်တယ်။
ကျုပ်ဘန့်ဘွေ့ကုန်းက အောင်သိန်းလေဘိုးရဲ့။
ဦးမင်းဒင်သားလေ”

“ဟာ …အောင်သိန်းလား။မင်းအဘမင်းဒင်ရော
နေကောင်းရဲ့လားကွ”

“ကောင်းတယ် ။ဘိုးဥာဏ်။ ကောင်းတယ် ။
အဘက မှာလိုက်တယ် ဘိုးဥာဏ်တို့
အရီးတို့ကို သတိရကြောင်းပြောလိုက်ပါတဲ့ဗျ”

“အေး အေး ငါလည်း ခုတလော
မင်းဒင်ကြီးကို သတိရနေတာကွ။
နေကပြင်းလွန်းလို့ကွ အောင်သိန်းရ။
ဘိုးက ဘန့်ဘွေ့ကုန်းကို လည်ချင်နေတာ
ပြောလိုက်ပါကွာ။ ဘိုးလာလည်ဦးမယ်လို့
မင်းအဘပြောလိုက် ကြားလိုက်”

“ဟုတ်ကဲ့ ဘိုး ကျုပ် ပြောလိုက်ပါ့မယ်”

“အေး အေး ကဲ မင်းဒို့စကားပြောကြဦး
ဘိုး ဝိုင်းနောက်ဘက် ခဏသွားလိုက်ဦးမယ်”

အဲဒီနေ့က ကိုအောင်သိမ်းကြီး ညနေစောင်းမှ
ပြန်သွားတာဗျ။

နောက်နေ့ရောက်တော့ ကျုပ်လည်း ဆရာနွံဖပေးခဲ့တဲ့
မျက်ကွင်းဆေးလေးကို ကတ္တီပါအိတ်ရှုံ့လေးနဲ့ထည့်ပြီး
ဘန့်ဘွေးကုန်းကို ထွက်လာခဲ့တယ်။

ဘိုးမင်းဒင်တို့ ဝိုင်းရောက်တော့ ကိုရင်တွေ
ဆွမ်းခံတုံး ရှိသေးသဗျ

“ဟာ တာတေ လာကွာ။မင်းလာမှလာပါ့မလားလို့
ဘိုးက စိတ်ပူနေတာ။လာ…လာ တာတေ
အိမ်ပေါ်တက်ခဲ့”

ကျုပ်ကား လှေကားကနေ အိမ်ပေါ်ကို
တန်းတက်ခဲ့ရောဗျ။ဘိုးမင်းဒင်တို့
ဝိုင်းထဲမှာတော့ ငှက်ပျောသီးတွေ
အုန်းသီးတွေကို ရေဆေးတဲ့သူဆေး
ကွမ်းယာ ယာတဲ့သူကယာ
ဝါးတောင်းလေးတွေ အဆင့်သင့်လုပ်တဲ့သူက
လုပ်လို့ဗျ။ရွာထဲက လူတချို့ လာပြီး
လုပ်ကိုင်ပေးနေကြတာဗျ။
အလှူတစ်ခုလုပ်ဖို့ ပြင်နေသလား မှတ်ရတယ်။

ကျုပ် အိမ်ပေါ်ရောက်တော့ ဘိုးမင်းဒင်က
ဆီးပြောတယ်ဗျ။

“မင်းဒို့ ကိုကြီးအောင်သိန်း ခုနလေးတင်
ရွာနောက်ပိုင်းသွားတယ်ကွ။
တင်အောင်တို့ ကာလသားတွေထဲက
သုံးလေးယောက် သွားခေါ်တယ်။
သင်္ချိုင်းထဲမှာ လိုတာတွေ ပြင်ဆင်ဖို့လေ
အခုပဲပြန်လာမှာပါ။ မင်းရောက်လာရင်
သေသေချာချာ ဧည့်ခံဖို့ မှာသွားသေးဗျာ”

“ဟာ ဘိုးရာ ကျုပ်က ဧည့်သည်မှမဟုတ်တာဗျာ
ဧည့်မခံရပါဘူး”

ကျုပ်က အိမ်ကြီးထဲကို မသိမသာ အကဲခတ်ကြည့်တယ်။

ဘုရားစင်ရှေ့မှာ တင်ပလ္လင်ခွေပြီး ထိုင်နေတဲ့
အပေါ်အညို အောက်အညိုဝတ်ထားတဲ့
လူတစ်ယောက်က ကျုပ်ကို စိုက်ကြည့်ပြီး
ပြုံးနေတယ်ဗျ ။
ပြီးတော့ ကျုပ်ကို ခြေဆုံးခေါင်းဆုံးကြည့်တယ်။

ကျုပ်ကလည်း သူ့ကို မသိမသာ အကဲခတ်တာပေါ့ဗျာ။
အသားဖြူဖြူ လူရည်သန့်သန့် ခပ်ပိန်ပိန်ပါးပါးပဲ။
မျက်လုံးတွေကတော့ ကြည်လင်ပြီး
တောက်နေတာဗျို့။

ခေါင်းမှာတော့ သျှောင်တစ်စောင်းထုံးထားတယ်။

ဆရာညိုဆိုတာ ဒီပုဂ္ဂိုလ်ပဲပေါ့ဗျာ။

ဆရာညိုက ပြုံးပြီး ကျုပ်ကို ကြည့်တယ်။

“မောင်တာတေဆိုတော့ ကျုပ်စိတ်ကထင်တာ
အသက်အစိတ် သုံးဆယ်လောက်ရှိမယ်ထင်တာ
ကိုမင်းဒင်ရဲ့ ။ လက်စသတ်တော့
အသက်ဆယ်သုံ့းနှစ်လေးနှစ် သားလေးပါလား။
အင်း လူသာငယ်တာဗျ။
သတ္တိကတော့ မငယ်လှဘူးထင်တယ်။
ပြီးတော့ ဒီသူငယ်က ပါရမီအလွန်ကောင်းပေတာပဲ
ကိုမင်းဒင်ရေ”

ကျုပ်က ဘုရားကို ဦးတိုက်တယ်။
ပြီးတော့ ဆရာညိုကို ဦးတိုက်လိုက်တယ်။

” သာဓု သာဓု သာဓု မောင်တာတေ။
အခုလို လာပြီး ဆရာ့ကို ကူညီတာ
ဝမ်းသာလှသကွယ်။ ဒါပေမဲ့ ဒီညလုပ်မဲ့
အစီအရင်က တော်ရုံသတ္တိနဲ့ မရဘူးကွဲ့ မောင်တာတေရဲ့’

“ဟုတ်ကဲ့ပါ ဆရာကြီး ”

“အေး အေး ဒီအစီအရင်ကို တစ္ဆေတစ်ရာအစီအရင်လို့ခေါ်သကွဲ့။
တစ္ဆေအကောင်တစ်ရာကို ကျုပ်က ကန်တော့ပွဲပေးပြီး
ခေါ်လိုက်မှာ တစ္ဆေတွေ အားလုံးရောက်လာမှာကွဲ့။
ရောက်လာတဲ့ တစ္ဆေတွေထဲမှာ ကူးယူဖော်ပြသူ လက်ခဆိုတဲ့
ခပ်ဆိုးဆိုးအကောင်ကြီးတွေလည်း ပါလာလိမ့်မယ်။
ဒီအချိန်မျာ မောင်တာတေက မြေကျင်းထဲမှာ
ရောက်နေလိမ့်မယ်”

“ဗျာ ကျုပ်က မြေကျင်းထဲမှာ ဟုတ်လားဆရာကြီး”

“ဟုတ်တယ် မောင်တာတေ ။မြေကျင်းကို
မောင်တာတေရဲ့ အရပ်နဲ့တိုင်းပြီးတူးရမှာ
မောင်တာတေရဲ့ တကိုယ်လုံးက ကျင်းထဲမှာ
မတ်တပ်ရပ်ပြီး မြေမြှုပ်ခံထားရမှာ ခေါင်းလေးပဲ
မြေပေါ်မှာ ပေါ်နေမှာ ဟောဒီဓါးကို
မောင်တာတေက ပါးစပ်နဲ့ ကိုက်ထားရမယ်။
အသွားက အပြင်ဘက်မှာပေါ့”

ပြောပြောဆိုဆို ဘုရားစင်အောက်မှာ
ထောင်ထားတဲ့ဓါးကို ဆရာညိုက လက်ညှိုးထိုးပြတယ်။
မနေ့က ကိုအောင်သိန်း ပြောသွားတဲ့ဓါးပဲလို့
ကျုပ်စိတ်ထဲက တွေးလိုက်တယ်။

“ရောက်လာတဲ့ တစ္ဆေတွေက မောင်တာတေရဲ့
ပါးစပ်ထဲက ဒီဓါးကို ဝင်လုဖို့ ကြိုးစားကြလိမ့်မယ်။
ဒါပေမယ့် မပူပါနဲ့ကွဲ့။
သူတို့ခြောက်ရုံပဲ ခြောက်နိုင်တာ။
တကယ်မလုနိုင်ဘူး။အေး ဒါပေမဲ့ တစ်ခုတော့ ရှိသတဲ့။
မောင်တာတေက ကြောက်လန့်သွားပြီး
ဒီဓါးပါးစပ်က ပြုတ်ကြသွားရင်တော့
လုယူသွားလို့ရတယ်။ ပါးစပ်မှာ ပြုတ်မကျဘဲ
ကိုက်ထားသရွေ့တော့ ဘယ်တစ္ဆေမှ ဝင်မလုနိုင်ဘူးကွဲ့”

“ဟုတ် ဟုတ်ကဲ့ ကျုပ်တစ်ခုမေးပါရစေဆရာကြီး”

“မေးပါ မောင်တာတေ မေးပါ”

ကျုပ်က ဒီဓါးကိုပါးစပ်မှာ အကြာကြီးကိုက်ထားလို့
ဖြစ်ပါ့မလား ဆရာကြီး ပါးစပ်ညောင်းပြီး
ပြုတ်ကျသွားရင် တစ္ဆေတွေ ယူသွားမှာလားလို့ပါ”

“ဟား ဟား ဟား မောင်တာတေတွေးတာ မှန်လိုက်တာကွယ်။
ဒီအတွက်မပူနဲ့ကွဲ့။တစ္ဆေအကောင်တစ်ရာဝင်လုမှာ
အကြာကြီးမဟုတ်ဘူးကွဲ့။ရိပ်ကနဲ ရိပ်ကနဲ ဝင်လာရမှာ
အများဆုံးကြာမှ ဆယ်မိနစ်လောက်ပဲကွဲ့။
ပါးစပ်ညောင်းပြီး ဓါးပြုတ်ကျမှမစိုးရိမ်ရပါဘူး။
အေး မောင်တာတေ ဒီကောင်တွေကိုသာ
ကြောက်သွားပြီး ပြုတ်မကျဖို့ လိုတာကွဲ့”

“ဒီအတွက်တော့ စိတ်ချပါဆရာကြီး ကျုပ်မကြောက်ပါဘူး”

“အေး ဒါဆိုရင် နေရာကျပြီပေါ့ကွယ်”

“ဟို ဆရာကြီး အစီအရင်ပြီးရင် ကျုပ်ကို
မြေကြီးထဲက ပြန်ထုတ်ပေးမှာပေါ့နော်”

“ဟာ မဟုတ်ဘူး မောင်တာတေရဲ့ ဆရာကြီးပြောဖို့
ကျန်သွားလို့ပါ အစီအရင်အောင်တာနဲ့
တပြိုက်နဲ့တည်း မောင်တာတေက မြေကျင်းထဲကနေ
အလိုလို ကျွတ်ထွက်လာမှာကွဲ့”

“ဟာ ဟုတ်လား ဆရာကြီး။တယ်လဲ ထူးဆန်းပါလားဗျာ”

“ဟာ တာတေတောင်ရောက်နေမှကိုး။
ငါကတင်အောင်တို့လူစုကို သွားခေါ်လို့ကွ”

ကိုအောင်သိန်းကြီးက အိမ်ပေါ်တက်လာပြီး
ကျုပ်ကို နှုတ်ဆက် ပြောတယ်။

“တွေ့လား တင်အောင်တို့အုပ်စု”

ဘိုးမင်းဒင်က ကိုအောင်သိန်းကြီးကို လှမ်းမေးတယ်။

“တွေ့တယ်အဘ တွေ့တယ် ကျုပ်မှာထားခဲ့ပြီ
ညနေလေးနာရီ အရောက်လာကြလိမ့်မယ်”

“အော်…မြေကျင်းတူးမယ် သူငယ်တွေလားကွဲ့”

ဆရာညိုက ကိုအောင်သိန်းကို လှမ်းမေးတယ်။

“ဟုတ်တယ်ဆရာကြီး ကျုပ် အားလုံးစီစဉ်ခဲ့ပြီးပါပြီ”

“အော် သာဓုကွယ် သာဓု ကဲ ဒါဆိုရင်
မောင်အောင်သိန်းကပဲ မောင်တာတေကို
အရပ်တိုင်းပေတော့ ။ပုခုံးအထိပဲ တိုင်းရမှာနော်။
ရော့ ရော့ ဆရာကြီးဆီမှာ ပေကြိုးလာယူ”

ကိုအောင်သိန်းကြီးက ကျုပ်ကိုမတ်တတ်ရပ်ခိုင်းပြီး
ပေကြိုးနဲ့ တိုင်းတယ်။အော် ကျုပ်ကို အရှင်လတ်လတ်
မြေမြှုပ်ကြမှာကိုးလို့ တွေးလိုက်မိပြီး ကျောထဲမှာ
စိမ့်ကနဲ စိမ်ကနဲ ဖြစ်သွားရောဗျာ။

“ငါးပေအတိပဲ ဆရာကြီး”

“အေး အေး ကျင်းတူးပေးမယ့် သူငယ်တွေကို
အနက်ငါးပေရှိတဲ့ ကျင်းတူးဖို့ ပြောပါ မောင်အောင်သိန်း”

“ဟုတ်ကဲ့ ဆရာကြီး စိတ်ချပါ”

ကိုအောင်သိန်းကြီးက ဆရာညိုကို ရိုရိုသေသေပြန်ပြောတာဗျ။

ဟုတ်လည်း ဟုတ်ပါတယ်။ ဆရာညိုဆိုတဲ့ ပုဂ္ဂိုလ်က
ဥပဓိရုပ်ရော အပြောအဆိုအနေအထိုင်ရော
တော်တော်ကို ကြည်ညိုစရာ ကောင်းတာပါဗျာ။
အမှန်အတိုင်းပြောရရင် ဆရာညိုကို တွေ့တွေ့ချင်းမှာပဲ
ကျုပ်ကြည်ညိုမိတာဗျ။

“ဒီလိုကွဲ့ မောင်တာတေရဲ့ ဒီညစီရင်မယ့် မှော်ဝင်ဓါးဟာ
ပေါ့သေးသေးတော့ မဟုတ်ဘူးကွဲ့။ အထင်ကရ
သင်္ချိုင်းကြီးကိုးခုက သံတွေနဲ့ စီရင်ရတာကွဲ့။
စီရင်တဲ့အခါမှာလည်း တော်တော်ကို အချိန်ယူရတာပါကွယ်။
ပန်းပဲဆရာတိုင်း ကိုးသင်္ချိုင်းဓါး မစီရင်တတ်ဘူးကွဲ့။
မီးပြင်းပြင်းဖုတ်ပြီးထုလိုက် ကြက်ချေးပုံထဲ ထိုးထားလိုက်
ပြန်ဖုတ်လိုက် ပြန်ထုလိုက် ကြက်ချေးထဲနှစ်ထားလိုက်နဲ့
နှစ်ချီပြီးစီရင်ရတာ။ဒီတော့မှ သံမဏိဖြစ်လာပြီး
စောစောက မောင်တာတေမြင်လိုက်တဲ့ ဓါးက
ဖွေးလက်နေတာကွဲ့”

“ဟာ ဟုတ်လားဆရာကြီး ကျုပ်က ဓါးကို အပြင်က
မြင်ရတာဆိုတော့ ဖွေးနေမှန်းမသိဘူး”

“အော် ညရောက်တော့ မောင်တာတေ တွေ့ရမှာပေါ့လေ။
တွေ့ရုံမဟုတ်ဘူး ပါးစပ်မှာတောင် ကိုက်ရမှာပဲ။
အင်း ဒီလိုကွဲ့ မောင်တာတေ ကြားဘူးလားတော့ မသိဘူး။
တစ်ချို့ဓါးတွေဟာ မကောင်းဆိုးဝါး စီးနေတတ်တယ်ကွဲ့။
အဲ့ဒီအခါမျိုးမှာ ဓါးက လူသတ်တာတို့ အလိုလိုနေရင်း
သွေးတွေစီးကျလာတာတို့ ဖြစ်တတ်တယ်”

“ဗျာ…ဓါးက အလိုလိုလူသတ်နိုင်သလား ဆရာကြီး”

“ဟာ သူ့အလိုလိုတော့ ဘယ်သတ်နိုင်မှာတုံး
မောင်တာတေရဲ့။ သူ့အနီးအနားမှာရှိတဲ့
လူတစ်ယောက်ရဲ့ စိတ်ကို ဝင်ပူးပြီး ဒီဓါးနဲ့ သတ်တာပေါ့။
သတ်မိတဲ့လူက ဘာမှကို မသိပဲ လူသတ်တော့တာပေါ့ကွယ်။
အဲဒီလို သတ်ရင်လည်း သာမန်သတ်တာမဟုတ်ဘူးကွဲ့။
အချက် နှစ်ဆယ် သုံးဆယ် ခုတ်တာ
ဓါးမြှောက်ဆိုရင်လည်း အချက်နှစ်ဆယ်
သုံးဆယ် ထိုးတာပေါ့ကွယ်”

“အော် …ဖြစ်မှဖြစ်ရလေဗျာ”

“အေး…အဲ့ဒီလို မကောင်းဆိုးဝါးစီးနေတဲ့ ဓါးလက်နက်တွေကို
အခုစီရင်မယ့် မှော်ဝင်ဓါးနဲ့ ချွင်ကနဲ မြည်အောင်
ခုတ်လိုက်ရုံနဲ့ ကပ်နေတဲ့ မကောင်းဆိုးဝါးပြေးရောကွဲ့။
အဲ့ဒီလောက်စွမ်းတာ”

“ဟာ တော်တော်ကို စွမ်းတာပဲကိုး.”

“ဘယ်လောက်ပဲ ဆရာကို ကလန်ကဆန်လုပ်နေတဲ့
အမှောင့်ပယောဂပဲ ဖြစ်ပါစေကွယ်။ဒီမှော်ဝင်ဓါးနဲ့
ခေါင်းပေါ်ကျော်ပြီး ယမ်းလိုက်တာနဲ့ ပြားပြားကို
မှောက်တော့တာ”

“ဟာ တော်တော်ကို စွမ်းတာပါလား ဆရာကြီးရယ်”

“အင်း…တစ်ခုတော့ ရှိတာပေါ့ကွယ်။
ဒီမှော်ဝင်ဓါးကို အောက်လမ်းဆရာတွေ
လက်ထဲမရောက်ဖို့တော့ အမြဲသတိထားရတယ်
ဒီကောင်တွေသာ ဒီဓါးမျိုးရသွားရင်တော့
မကောင်းတဲ့ဘက်မှာ သုံးတော့မှာပေါ့ကွယ်”

“အော် ဒီလိုလားဆရာကြီး”

“ဟုတ်တယ် မောင်တာတေ ။ဒီဓါးမျိုး
စီရင်ဖို့ဆိုတာကလည်း တယ်မလွယ်လှဘူးကွဲ့။
သင်္ချိုင်းကြီးကိုးခုမှာ ညလုံးပေါက်အဓိဋ္ဌာန်ဝင်ပြီး စီရင်ရတာ”

“ဟင် ကိုးသင်္ချိုင်းသံဆိုတာ ခေါင်းပျက်တွေက သံကိုနှုတ်
ယူရတာမဟုတ်ဘူးလား ဆရာကြီး”

“ဟား…ဟား…ဟား…ပေါက်ပေါက်ရှာရှာ မောင်တာတေရယ်
ဘယ်ဟုတ်ရမှာတုံး ။သင်္ချိုင်းတစ်ခုစီမှာ အချိန်အခါရွေးပြီး
အဓိဋ္ဌာန်ဝင်တာ။အဲ့ဒီအဆင့်မှာတင် လန်ထွက်သွားကြတာချည်းပဲကွ။
ဘာဖြစ်လို့လဲ ဆိုတော့ သရဲတွေ တစ္ဆေတွေ ဖုတ်ကောင်တွေ
ရောက်လာပြီး ပျက်အောင်ကိုဖျက်ကြတာကွ။
အဒါကိုကျော်နိုင်သွားမှ အဲဒီဆရာရဲ့ရှေ့ကို ဒုန်း ဆို
သံတုံးကျလာတာတစ်ခါတစ်လေကျတော့လည်း
စက္ကူနဲ့ထုတ်ထားတဲ့ သံတိုသံစထုတ်ကြီး ကျလာတာ။
အဲဒီလိုနဲ့ သင်္ချိုင်းကိုးခုက အလိုလိုကျလာတဲ့သံကို
စုယူပြီး ဓါးစီရင်ရတာကွဲ့”

“ဟာ …ထူးဆန်းလိုက်တာဗျာ”

ဆရာညိုနဲ့တွေ့ရတာ ကျုပ်အဖို့တော့ ဗဟုသုတတွေ တော်တော်ကို
ရလိုက်တာပါဗျာ။ထမင်းစားပြီးတော့လည်း အကြမ်းဝိုင်းလေးမှာ
ဘိုးမင်းဒင်ရယ် ကိုကြီးအောင်သိန်းရယ်
ကျုပ်ရယ် ရွာထဲက ဘိုးမင်းဒင်ရဲ့ မိတ်ဆွေနှစ်ယောက်ရယ်
အကြမ်းဝိုင်းဖွဲ့ရင်း ဆရာညိုဆီက ဗဟုသုတကို
ဆက်ပြီးခံယူကြတာပေါ့ဗျာ။

“ကိုကြီးအောင်သိန်း သွားကြစို့ဗျို့”

“ဟော…တင်အောင်တို့ လူစုတောင် လာပါပကော။
ကဲ ကျုပ်သွားမယ်အဘ ။ တာတေမင်းဒီမှာပဲနေခဲ့။
ငါတို့ ဘန့်ဘွေးကုန်းသင်္ချိုင်းထဲ သွားတော့မယ်။
ဟိုမှာ ကျင်းတူးမယ် ပြီးတော့ ဇရပ်ပေါ်မှာ ပွဲတစ်ရာပြင်ထားရမယ်”

“ဟာ လူလေး မင်းလှည်းကောက်လေကွာ အုန်းသီးတွေ
ငှက်ပျောသီးတွေ ဘာနဲ့ သယ်မှာတုံး”

ဘိုးမင်းဒင်က ကိုကြီးအောင်သိန်းကိုပြောတယ်။

“တောင်ဘက်ဝိုင်းက ကိုဘလှက သူ့လှည်းနဲ့အပြီးပို့ဖို့
လုပ်ထားတယ် အဘရဲ့”

“အော် ဒီလိုလား ကဲ ကဲ ဒါဖြင့်လည်း သွားကြတော့
ဆရာပြောတဲ့အတိုင်း သေသေချာချာမမှားအောင် လုပ်ကြနော်”

“စိတ်ချ…စိတ်ချ…အဘ”

သွားကာနီးမှာ ကိုကြီးအောင်သိန်းက ဆရာညိုကို
ကန်တော့တယ်ဗျာ။ ပြီးမှ လှေကားက ဆင်းသွားတာ။

ဆရာညိုက စကားဝိုင်းကို ဆက်တယ်။
ဆရာညို ပြောပြသမျှတွေဟာ သူကိုယ်တိုင်
လုပ်ခဲ့ကိုင်ခဲ့ကြုံခဲ့တာချည်းပဲဗျ။

လွှတ်စိတ်ဝင်စားဖို့ ကောင်းတာပါဗျာ။

အဲဒီညနေ နွားရိုင်းသွင်းချိန်လောက်မှာ ကျုပ်တို့
ဘန့်ဘွေးကုန်းသင်္ချိုင်းထဲကို ရောက်လာတယ်။
ပင်နီတိုက်ပုံ ပင်နီဘောင်းဘီ ပင်နီခေါင်းနဲ့ဗျ။

ဆရာညိုရဲ့ သျှောင်တစောင်းနဲ့ ပင်နီခေါင်းပေါင်းက
လွှတ်ကြည့်ကောင်းတာဗျို့။

ဆရာညိုနဲ့ ကျုပ်တို့ ရောက်တော့ သင်္ချိုင်းဇရပ်ပေါ်မှာ
ပွဲတွေအားလုံးပြင်ပြီးပြီ။ကျုပ်အတွက်မြေကျင်းတစ်ခုလည်း
တူးပြီးသားဗျ။ ကျင်းကကျင်းဇောက်ပေါ့ဗျာ။

ကျုပ်ကကျင်းထဲမှာ မတ်တပ်ရပ်နေရမှာကိုး။

ဆရာညိုက ကန်တော့ပွဲတွေကို အုတ်ဂူတွေပေါ်မှာ
လိုက်တင်ခိုင်းတယ်။ဂူတစ်လုံးပေါ်မှာ ကတော့ပွဲငါးလုံးခြောက်လုံး
တင်တာဗျ။ဒါပေမဲ့ တစ်ခုတော့ ထူးတယ်ဗျို့။

ကျောင်းဒကာကြီးဦးထွန်းခရဲ့ ဂူကြီးပေါ်မှာတော့
ကန်တော့ပွဲတစ်ပွဲတည်းကို သီးသန့်တင်ထားတယ်ဗျ။

ည(၇)နာရီလောက်ရောက်တော့ ပွဲတွေမှာ အမွှေးတိုင်တွေ
ထွန်းပေးလိုက်တယ်။ပွဲတွေ တင်ထားတဲ့ ဂူတွေပေါ်မှာ
ဖယောင်းတိုင်တွေလည်း ထွန်းလိုက်တယ်။

ပြီးတာနဲ့ ဇရပ်ပေါ်မှာ ဆရာညိုက ဘုရားရှိခိုးတော့တာပဲဗျ။
သူစီရင်မဲ့ ဓါးကတော့ သူ့ကိုယ်မှာလွယ်ထားတာဗျ။
ကျုပ်ကြည့်နေတာ ဒီဓါးကိုတော့ ဆရာညိုက
သူ့ကိုယ်နဲ့ခွါကို မခွါတာဗျို့။

ဆရာညို ဘုရားရှိခိုးပြီးတော့ ပုတီးစိပ်တယ်။
ဘန့်ဘွေးကုန်းက ကျင်းတူးပေးတဲ့ တင်အောင်တို့လူစု
ပွဲပြင်ပေးတဲ့ လူလေးယောက် ကိုကြီးအောင်သိန်း
ဘိုးမင်းဒင် ဘိုးမင်းဒင်ရဲ့မိတ်ဆွေနှစ်ယောက်
အားလုံးပေါင်း ဇရပ်ပေါ်မှာ ထိုင်နေကြတာ
ကျုပ် ပါဆိုရင် ဆယ့်သုံးယောက်ဗျ။

ဘယ်သူမှ စကားကျယ်ကျယ် မပြောတော့ဘူး။
အားလုံးလည်း ကျောချမ်းနေတဲ့ ပုံပဲဗျ။

ဆရာညို ပုတီးစိပ်ပြီးတော့ ညကိုးနာရီထိုးပြီ။

ကျုပ်က ဘန့်ဘွေးကုန်းက မထွက်ခွါခင်ကတည်းက
မျက်ကွင်းဆေးကွင်းထားတာဗျ။

“ကဲ…မောင်တာတေ အဆင်သင့်ဖြစ်ပြီးလားကွဲ့”

“ဖြစ်ပါပြီဆရာကြီး ဖြစ်ပါပြီ”

“အေး…ဒါဆို ခါးတောင်းကို ကျစ်ကျစ်ပါအောင်
ကြိုက်လိုက်ကွဲ့။ပြီးရင်း အလုပ်စကြစို့ကွဲ့”

ပြောပြောဆိုဆိုနဲ့ ဆရာညိုက ရှေ့ကနေသွားတယ်။

သင်္ချိုင်းဇရပ်ပေါ်က ဆင်းသွားတယ်။

သူရွေးထားတဲ့နေရာက ဂူတွေနဲ့ ဇရပ်ကြားက
မြေကွက်လပ်ကြီးမှာဗျ။

မန်ကျည်းပင်ပုလေး သုံးပင်တော့ ရှိတယ်။
ဒါပေမဲ့ မြေကွက်လပ်က တော်တော်ကျယ်ပါတယ်။
မန်းကျည်းပင်ပုလေးတစ်ပင်အောက်မှာ
မြေကျင်းတူးထားတာလေဗျာ။

“ကဲ…မောင်တာတေ ကျင်းထဲဝင်ပေတော့ ။
ပြီးရင် အနောက်ဘက်ကိုလှည့် တစ္ဆေသရဲဆိုတာ
အနောက်ဘက်ကလာတာကွဲ့”

ကျုပ်လည်း ခါးတောင်းကို ကျစ်ကျစ်ပါအောင်
ကြိုက်ထားတာဆိုတော့ အဆင့်သင့်ပဲ မြေကျင်းထဲကို
ခုန်ချလိုက်တယ်။

ဟာ …အနေတော်ပဲဗျာ။ကျုပ်ကျင်းထဲမှာ
မတ်တပ်ရပ်လိုက်တာနဲ့ ကျုပ်ပုခုံးမြုပ်ရုံပဲဗျ။

ကျုပ်ခေါင်းက မြေပေါ်မှာ ပေါ်နေတယ်။

“ကဲ မြေဖို့ကြတော့”

ဆရာညိုအမိန့်ပေးလိုက်တာနဲ့ တင်အောင်တို့လူစုက
မြေဖို့ကျတော့တာပေါ့။အောင်မလေး အေးစက်စက်ကြီးဗျ။

“ပြီးပြီ…ဆရာကြီး”

တင်အောင်က မြေဖို့ပြီးတာနဲ့ ဆရာညိုကိုပြောလိုက်တယ်။

“အေး…ဟုတ်ပြီကွဲ့။ကဲ…အားလုံးဇရပ်ပေါ်ကို ပြန်တက်ကြတော့။
ဘာပဲမြင်မြင် ဘာပဲကြားကြား မအော်နဲ့။
မလန့်နဲ့ ထွက်မပြေးကြနဲ့ ထွက်ပြေးရင် အော်ရင် ဟစ်ရင်
အသက်အန္တရာယ် ရှိနိုင်တယ်။ကဲ…ဇရပ်ပေါ်တက်နေ…
ဆေးလိပ်တွေ မီးညှိမ်းထားလိုက်ကြ”

ဆရာညိုစကားဆုံးတော့ အားလုံးဇရပ်ပေါ်တက်သွားပြီး
မြေကွက်လပ်မှာ ကျုပ်နဲ့ဆရာညိုပဲ ကျန်ခဲ့တာပေါ့ဗျာ။

“မောင်တာတေရေ ဆရာ အနှစ်နှစ်အလလက ကြိုးပန်းခဲ့ရတဲ့
မှော်ဝင်ဓါးအစီအရင် ဒီည အပြီးသတ်ရတော့မှာပေါ့ကွယ်
ဘာပဲမြင်မြင် ဘာပဲတွေ့တွေ့ မောင်တာတေ နဲနဲမှ
မကြောက်လေနဲ့ သူတို့တွေက မောင်တာတေကို
ခြောက်ရုံလှန့်ရုံပဲ လုပ်နိုင်တာပါ။လူလိုတော့
ဘာမှမလုပ်နိုင်ပါဘူး။ဆရာကြီးလည်း အနားမှာရှိနေတာပဲ။
နဲနဲမှ မကြောက်နဲ့ကွဲ့။ကြားလား”

“ဟုတ်ကဲ့ပါ ဆရာကြီး ကျုပ် မကြောက်ပါဘူး”

“ချွင် ”

ဟော ဆရာညိုက သူကိုယ်မှာ လွယ်ထားတဲ့ဓါးအိမ်ထဲက
ဓါးကို “ချွင်”ကနဲ ဆွဲထုတ်လိုက်ပြီဗျို့။

ဟာ ဓါးကဖွေးပြီးလက်နေတာဗျ။အော် လက်စသတ်တော့
သံမဏိဖြစ်သွားတဲ့အသံလုပ်ထားတဲ့ဓါးကိုး

ဆရာညိုက ဓါးကို သူ့လက်ဝါးနှစ်ဖက်ပေါ်မှာတင်ပြီး
မန္တန်တွေရွတ်တယ်။

“ကဲ မောင်တာတေ မင်းပါးစပ်ဟပေတော့ ။
ရော့ ဓါးကို ခိုင်ခိုင်ကိုက်ထား။ ဘာမှမကြောက်နဲ့ ငါတပည့်”

ဓါးရဲ့အနှောင့်က ကျုပ်ပါးစပ်အတွင်းဘက်မှာ
အသွားက အပြင်ဘက်မှာ။
ကျုပ်လည်း အေးစိမ့်နေတဲ့ ဓါးကို ပါးစပ်ထဲမှာ
ကန့်လန့်ထည့်ပြီး ကိုက်ထားရတာပေါ့ဗျာ။

ဆရာညိုက ကျုပ်တောင်ဘက်မှာရှိတဲ့
မန်ကျည်းပင်ပုလေးအောက်မှာ
တင်ပလင်ခွေထိုင်ပြီး မန္တန်တွေကို စပြီး
ရွတ်တော့တာပါပဲဗျာ။

ကျုပ်စိတ်ထင်တော့ ဆယ်မိနစ်လောက်ပဲရှိမယ်ဗျ။

“ဝုန်း…ဖျန်း…ဖျန်း…ဖျန်း…ဖျန်း”

“အား …အား…အား…အား”

“ဝူး…ဝူး…ဝူး…ဝူး…အီး…အိ…အိ”

ဟာ ကျီးတွေလန့်ပြီး ပြိုကုန်တာဗျို့။

သင်္ချိုင်းကုန်းပတ်လည်မှာရှိတဲ့ သစ်ပင်ကြီးတွေပေါ်မှာ
အိပ်တန်းတက်နေတဲ့ကျီးကန်းတွေ ပြိုကုန်တာဗျ။

ဟော ခွေးအူသံကြီး။

အသံကလည်း သင်္ချိုင်းအနောက်ဘက်က ပေါ်လာပါရောလား။
ကျုပ်ဖြင့် ကျောထဲက ဖျန်းကနဲ ဖျန်းကနဲ ဖြစ်ပြီး
ကြက်သီးတွေထလိုက်တာဗျာ။

“သတိထား မောင်တာတေ လာကြပြီဟေ့”

မန္တန်ရွတ်နေတဲ့ ဆရာညိုက ကျုပ်ကို သတိတစ်ချက်
လှမ်းပေးပြီး မန္တန်ဆက်ရွက်နေတယ်ဗျ။

ဆရာညိုဘာတွေရွတ်နေတယ်ဆိုတာတော့လည်း
မသိဘူးဗျ။

ဟာ အများကြီးပါလား ။ကျုပ်လှမ်းကြည့်လိုက်တော့
ဂူတွေပေါ်မှာ။မည်းမည်းအကောင်တွေဗျ။

မနည်းပါဘူးဗျာ။

မျက်လုံးတွေဆိုတာ နီရဲနေတာပဲဗျ။

မျက်လုံးနီနီကြီးတွေ ကျုပ်ကိုဝိုင်း ကြည့်နေတာဗျို့။

ကျုပ်ဖြင့် ကြက်သီးတွေ ထလိုက်တာဆိုတာဗျာ။
ပြီးတော့ ဆံပင်တွေလည်း ထောင်နေတယ်လို့ကို ထင်တာဗျာ။

ဆရာညိုကတော့ မန္တန်ကို အသံကို ပိုကျယ်ပြီးရွတ်တယ်။

ဆရာညိုလည်း ဒီကောင်တွေကို မြင်ရပုံရတယ်ဗျ။
လှမ်းကြည့်နေတယ်။

ဟော… လာပြီဗျို့။”ဝီ…ဝီ…ဝီ”ဆိုတဲ့ အသံကြီးတွေနဲ့
ကျုပ်မျက်နှာရှေ့က ဖြတ်ပြေးနေကြတာဗျို့။

ဒါပေမဲ့ ပါးစပ်ထဲက ဓါးကို ဝင်လုတဲ့အကောင်တော့ မပါဘူးဗျ။

ဟော တစ်သုတ်တော့ ပျောက်သွားပြီ။

“လုဟေ့ လုဟေ့ လုဟေ့”

ဟာ အသံနက်ကြီးနဲ့ အော်လိုက်တာဗျို့။

ကျုပ်ဖြင့် ရင်ထဲမှာ ဒိန်းကနဲတောင် မြည်သွားတယ် ထင်တာပဲဗျာ။

ပြေးလာပြီဗျို့။ပုပုဝဝ အကောင်ကြီးတွေဗျ။

အုပ်လိုက်ကြီး ကျုပ်ဆီကို တည့်တည့်ပြေးလာတာဗျို့။
အောင်မလေး အောင်မလေး ကျုပ်ကို တက်နင်းကြတော့မှာလားလို့
ကျုပ်တွေးနေတုန်းမှာပဲ။

ကျုပ်မျက်နှာနဲ့ တစ်တောင်လောက်အရောက်မှာ
ဖျောက်ကနဲ ဖျောက်ကနဲ ပျောက်ကုန်တာဗျို့။

ဟော ဆံပင်ဖားလျားကြီးတွေနဲ့ အုပ်လိုက်ကြီးလာကြပြန်ပြီဗျို့။

ဟာ တစ်ချို့အကောင်က လျှာကြီးတွဲလောင်းချလို့ဗျာ။

လျှာကြီးတွေက မြေကြီးနဲ့ ထိလုထိခင်ကို ကျနေတာဗျ။

ဘုရား ဘုရား ပြေးလာကြပြီ။
ပြေးလာပြီ။ဟော ကျုပ်နဲ့ ထိလုထိခင်လေးကြမှ
ပျောက်သွားကြတာမျိုး ။ကျုပ်ဖြင့် အသဲတွေ အူတွေ
ဗြောင်းပြန်လန်ကုန်ပြီလားတောင် ထင်တယ်ဗျာ။

တစ်သုတ်ပြီးတစ်သုတ် ။ ကျုပ်ဆီကို ပြေးလာလိုက်။
ပျောက်သွားလိုက်နဲ့ အကောင်ပေါင်းဘယ်လောက်ရှိပြီလဲတောင်
မသိတော့ပါဘူး။

ဟော လာပြန်ပြီဗျို့။ ဒီအကောင်က တစ်ကောင်ထဲဗျ။

လက်ထဲမှာလည်း ဆူးချွန်တွေတပ်ထားတဲ့
တင်းပုတ်အလုံးကြီးကိုင်လို့ဗျ။

နားရွက်ကြီးနှစ်ဘက်က ကိုယ်လုံးဘေးမှာ
ဘက်လက်ကြီးတွေ ကျနေတာဗျ။

မြေကြီးနဲ့တောင် တိုက်နေပြီ။

ဆံပင်တွေကလည်း တစ်ကိုယ်လုံးကို အုပ်ကျနေတာဗျ။

အရပ်ကြီးက ရှစ်ပေကိုးပေလောက်ရှိမယ်။

မျက်လုံးကြီးတွေကလည်း ဟင်းသောက်ပန်းကန်လောက်ကြီးတွေဗျ။
ပြူးထွက်နေလို့ဗျို့။

ဟော ဟော လက်ထဲက တင်းပုတ်ကြီးနဲ့
ကျုပ်ကို ထုတော့မလို့ လုပ်နေတာဗျ။

ရှေ့ကို တစ်လှမ်းပြီး တစ်လှမ်းတိုးလာလိုက်တာ
ကျုပ်မျက်နှာနဲ့တောင် အတော်ကပ်နေပြီ။
လက်ထဲက တင်းပုတ်ကြီးကို လေထဲဝှေ့ရမ်းပြီး
ကျုပ်ကို ထုတော့မလို သုံးခါလောက်လုပ်တတ်ဗျ။

ပြီးတော့ ဖျောက်ကနဲ ပျောက်သွားတယ်။
ဟော ကုန်သွားပြီဗျ။
ဂူတွေပေါ်မှာ တစ်ကောင်မှ မကျန်တော့ဘူး။

“ဝူး…ဝူး…ဝူး…ဝူး…အီ…အီ…အီ”

ဟာ ခွေးအူသံကြီး ဗြုံးကနဲ ပေါ်လာပြန်ပါလား။
ဟင်…ကျောင်းဒကာ ဦးထွန်းခရဲ့ ဂူကြီးပေါ်မှာ
ဆောင့်ကြောင့်ကြီးထိုင်နေတာ မဖဲဝါကြီးပဲဗျ။

အောင်မလေး မဖဲဝါကြီးပါ ပါလာပါလား။
ဘုရား ဘုရား ။ဒီတစ်ခါတော့ ကိုယ်ကျိုးနည်းပြီ ထင်ပါရဲ့ဗျာ။
ဆရာနွံဖရဲ့ သစ်စုန်းပင်နှုတ်တုံးက မဖဲဝါကို
ကျုပ်မြင်ဘူးထားတာလေဗျာ။

ဟော …ဆရာညိုထလာပြီး ကျုပ်ဘက်ကို ခပ်သုတ်သုတ်
လျှောက်လာတယ်။ပြီးတော့…

“ရပြီမောင်တာတေ ။ မင်းကိစ္စကပြီးပြီ။
ဆရာ့ကိစ္စပဲ ကျန်တော့တယ်။ ကဲ ဓါးပေးပေတော့”

ကျုပ်ပါးစပ်ထဲက ဓါးကို ဆရာညိုက ဆွဲယူသွားတယ်။

ဘာလုပ်မလို့ပါလိမ့်လို့ ကျုပ်ကြည့်နေတုန်းမှာ
မဖဲဝါကြီးထိုင်နေတဲ့ အုတ်ဂူကြီးဆီကို ဆရာညိုသွားပြီး
မဖဲဝါကို ဓါးကမ်းပေးလိုက်တယ်။

ဟာ မဖဲဝါက ဆရာညိုပေးတဲ့ဓါးကို ဆတ်ကနဲဆွဲယူပြီး
လွှားကနဲ ထခုန်လိုက်တယ်။ အောင်မလေး ဆယ်ပေလောက်ရှိတဲ့
အရပ်ကြီးနဲ့ ဆံပင်ဖားလျားကြီးဗျ။

ကျုပ်ဖြင့်အသားတွေကို တဆတ်ဆတ်တုန်တော့တာပဲဗျာ။

“ဝှစ်… ဝှစ်…ဝှစ်”

ဟာ ခုတ်ပြီဗျို့။
မဖဲဝါကြီးက ဆရာညိုကို ဓါးနဲ့လိုက်ခုတ်နေတာဗျို့။

ဟာ ဆရာညိုက မညံ့တဲ့လူပါပဲဗျာ

ခုန်လိုက် ရှောင်လိုက် ယိမ်းလိုက်နဲ့ မဖဲဝါရဲ့

ဓားချက်တွေကို ရှောင်နေတယ်ဗျ။

“ဝှစ် …ဝှစ်…ဝှစ်…ဝှစ်”

မဖဲဝါကလည်းခုတ် ဆရာညိုကလည်းရှောင် နဲ့
ဓါးချက်ဆယ်နှစ်ချက်လောက်အရောက်မှာ

“ဟီး…ဟီ…ဟီး…ဟီး…””

မဖဲဝါက ဆက်မခုတ်တော့ဘဲ “ဟီး…ဟီး…ဟီး …ဟီး”လို့
အသံနက်ကြီးနဲ့ အော်ရယ်ရင်း ပျောက်သွားရောဗျို့။

ဓါးက ဆရာညိုရဲ့ ရှေ့တစ်လံလောက်မှာ
မြေကြီးမှာ စိုက်နေတယ်။

ဆရာညိုက ဓါးကိုချက်ခြင်း ပြေးနှုတ်တယ်။

“အောင်ပြီ…အောင်ပြီ…အောင်ပြီ”
လို့ သုံးခွန်းဆင့်အော်တယ်။

ဟာ ကျုပ်လည်း မြေကြီးထဲက ကျွတ်ထွက်သွားပြီဗျို့။
ကျုပ်ကျင်းနှုတ်ခမ်းမှာ မတ်တပ်ရပ်လိုက်တယ်။
ခါးတောင်းကြိုက်လျက်သားနဲ့ပဲဗျ။
ကြယ်ရောင် ဖြိုးဖြလေးအောက်မှာ
ဝမ်းသာအားရနဲ့ ရီမောနေတဲ့ ဆရာညိုကို
ကြည့်ပြီး ကျုပ်လည်း ရောပြီး ပျော်နေတော့တာပေါ့ဗျာ။

ပြီးပါပြီ

စာဖတ်ပရိတ်သတ်များ အားလုံးပဲ စိတ်ရွှင်လန်းပါစေ။