နတ်ဖွက်ခံရသည့်ကလေး(စ/ဆုံး)

Posted on

နတ်ဖွက်ခံရသည့်ကလေး(စ/ဆုံး)

—————————————-

“အမေ ကျုပ်အဖေ့ဆီထမင်းတောင်းသွားပို့မလို့

ဘာမှာလိုက်ဦးမလည်း”

“အေးအေး ဘာမှမမှာတော့ပါဘူးသားရယ်

ဂရုစိုက်သွားဦးကြားလား”

“ဟုတ်အမေ”

၁၁နှစ်အရွယ်သားဖြစ်သူ မောင်ရန်အောင်အတွက်မိခင်ဖြစ်သူဒေါ်ဇင်မာ

ကစိုးရိမ်ပြီးမှာနေခြင်းဖြစ်သည်။

မောင်ရန်အောင်လည်းဖခင်ရှိသည့်

လယ်သို့ထမင်းတောင်းအားထမ်းပြီးလာခဲ့

သည်။

မောင်ရန်အောင်တို့လယ်က ဧကကျယ်ဝန်းသလောက် လယ်ကွင်း၏

တစ်ဖက်တစ်ချက်တွင်

သစ်ပင်ကြီးများအစုံအလင်ပေါက်ရောက်လျက်

ရှိကြပေသည်။

လယ်ထဲသို့ရောက်တော့ ဖခင်ဖြစ်သူ ဦးတင်အေးကနွားတစ်ရှဉ်းဖြင့်

ထွန်ယှက်နေသည်ကိုမြင်ရလေသည်။

“အဖေရေ အဖေ ကျုပ်ထမင်းတောင်း

လာပို့တာဗ်”

လယ်လုပ်နေသည့်ဖခင်ဖြစ်သူဦးတင်အေးလည်းသားဖြစ်သူ၏အသံကိုကြားလိုက်သည့်အတွက်

နွားအားခဏရပ်နားလိုက်ပြီး

အသံလာရာသို့လှမ်းကြည့်လိုက်သည်။

“သား အစောကြီးလာပို့တာလားကွ

အဖေ ဒီမှာမအားသေးဘူး ပြီးတော့

ဗိုက်လည်းမဆာသေးဘူး ထမင်းတောင်းကို

တဲထဲထားခဲ့ သားရေ”

“ဟုတ် သားလည်းမပြန်သေးဘူး အဖေ

ခဏနေဦးမှာဗျ အဖေဆာမှထမင်း

လာစားပေါ့ တဲထဲထားခဲ့လိုက်မယ်”

“အေးအေး ထားခဲ့ အဝေးကြီးတွေ

လျှောက်သွားဆော့မနေနဲ့ဦး”

“‘ဟုတ်”

မောင်ရန်အောင်က အမြဲတမ်းသည်လိုပင်

ထမင်းတောင်းလာပို့တိုင်း ဖခင်ရှိသည့်

လယ်ကွင်းကြီးထဲ စိတ်တိုင်းကျအောင်

ဆော့ကစားပြီးမှအိမ်ပြန်တတ်သူဖြစ်သည်။

ယခုလည်းထမင်းတောင်းအား လယ်တဲထဲ

ထားခဲ့လိုက်ပြီး စိတ်ကူးပေါက်ရာ

ကစားချင်သေး၍ လယ်ကွင်းအနှံ့ပြေးလွှား

ဆော့ကစားနေခဲ့လေသည်။

ပိုးကောင်များအားလိုက်ဖမ်းလိုက်

ပုဇဉ်းများလိုက်ရိုက်လိုက်ဖြင့်

ဆော့နေရင်းမောလာ၍ သစ်ပင်အောက်ဝင်၍

ခေတ္တခဏနားနေလိုက်သည်။

မောင်ရန်အောင်သစ်ပင်ကြီးအားမော့ကြည့်လိုက်သည်။

အပင်ကအရိပ်အာဝသကောင်းသောကြောင့်

လေတဖြူးဖြူးနှင့်ရှိနေသည်။

မောင်ရန်အောင်လည်း အမောဖြေနေရင်း

မျက်လုံးကတဖြည်းဖြည်းချင်းလေးလံလာပြီး

အိပ်ချင်သလိုဖြစ်လာလေသည်။

ထို့နောက် ခဏလှဲပြီးနားဦးမည်ဟု

တွေးကာ အပင်အောက်သို့လှဲကာ

အိပ်လိုက်လေသည်။

===============

ဦးတင်အေးလည်း လယ်လုပ်ရင်း

ဗိုက်ဆာလာသဖြင့် နွားများအားအရိပ်အောက်တွင်

ကြိုးချည်ထားလိုက်ပြီး

ထမင်းစားရန်လယ်တဲသို့လာခဲ့လေသည်။

တဲသို့ရောက်တော့ ထမင်းတောင်းလေးက

ပုံစံမပျက်ရှိနေလေသည်။

ဦးတင်အေးလည်း ထမင်းတောင်းထဲမှ

ထမင်းနှင့်ဟင်းများအားခူးခပ်စားလိုက်လေသည်။

ထမင်းစားနေရင်း သားဖြစ်သူ ရန်အောင်အား

သတိရသွားဟန်ဖြင့်

“ဟိုကောင် ဆော့တာဝလို့ပြန်သွားပြီ

ထင်တယ် ဖအေကိုတောင်နှုတ်ဆက်

ဖော်မရဘူး”

ဦးတင်အေးလည်း ထိုကဲ့သို့တွေးလိုက်မိသည်။

ထမင်းစားပြီးတအောင့်နားလိုက်သည်

အနားယူပြီးသည်နှင့်လယ်ကိစ္စအလုပ်များ

ထပ်မံလုပ်ရပေတော့သည်။

………………………

“လူလေး ထထ လူလေး ထ”

မောင်ရန်အောင်လည်း သူ၏ကိုယ်ခန္ဓာအားတစ်စုံတစ်ယောက်က

လှုပ်ခက်ပြီးနှိုးလိုက်သဖြင့်

မျက်လုံးဖွင့်ကြည့်လိုက်လေသည်။

“လူလေး နိုးလာပြီးလား”

ပအသက်ကြီးကြီးအဘိုးအိုကြီးတစ်ယောက်

မောင်ရန်အောင်အားလာနှိုးနေခြင်းဖြစ်သည်

အဘိုးအို၏ပုံစံက လွန်စွာမှရှေးကျလွန်းလှသည့်ပုံစံပေါ်လွင်နေ

လေသည်။

အဘိုးအိုကြီးဝတ်ထားသည့်အဝတ်အစားများအား

မောင်ရန်အောင်တစ်ခါမှမမြင်ဖူးသည့်

ပုံစံမျိုးဖြစ်နေသည်။

မင်းညီမင်းသားသဖွယ်ဝတ်စားဆင်ယင်ထားသည့်အဘိုးအိုက မောင်ရန်နိုင်အား လာ၍စကားပြော

နေလေသည်။

“အဘက ဘယ်သူလဲဗျ ကျုပ်တစ်ခါမှ

အဘကိုမမြင်ဖူးသလို သိလည်းမသိဘူးဗျ”

“အဘကိုသားဘယ်သိမလဲ အဘက

ဟိုဘက်ရွာမှာနေတာလေ”

“သြော် ဒီလိုလား ဒါနဲ့အဘက

သားတို့ရွာကိုဘာလာလုပ်တာလဲဟင်”

“အဘက လူကလေးအဖေဆီခဏအလည်လာတာကွဲ့”

“ဒါဆိုသားအဖေဆီလိုက်ပို့ပေးမယ်လေ

အဘက ကျုပ်အဖေနဲ့သိတဲ့သူပေါ့”

“‘အေးပေါ့ကွ လူကလေးအဖေနဲ့ အဘက

သိပ်ကိုရင်းနီးကြတဲ့မိတ်ဆွေတွေပေါ့

သားကိုအဘက ပြောစရှိလို့ကွဲ့”

“ဟုတ်ပြောပါအဘ ”

“ဒီလိုကွဲ့ လူကလေးဘုရားဖူးတွေဘာတွေ

ထွက်ဖူးလား”

“ဟင့်အင်း တစ်ခါမှမသွားဖူးဘူးဗျ

အိမ်ကလိုက်မပို့ကြဘူးလေ”

“ဒါဆိုအဘက လိုက်ပို့မယ်ဆိုရင်ရော

လူကလေးကလိုက်မှာလား”

“ဟာ…လိုက်မှာပေါ့အဘရ အဘတကယ်ပြောတာလား”

“တကယ်ပြောတာပေါ့ကွ အဘကမလိမ်တတ်ပါဘူးကွ ”

“ဒါဆို ကျုပ်လိုက်မယ်အဘရာ

ဘုရားတွေကိုဝအောင်ဖူးပစ်လိုက်မယ်”

“ဒါဆိုအဘနောက်ကလိုက်ခဲ့ပေတော့

လူကလေး”

“ဟင် အဘကလည်းခြေလျင်ကြီး

ဘယ်လိုသွားကြမှာလဲဗျ သွားရမှာက

အဝေးကြီးမဟုတ်လား”

“မဝေးပါဘူးလူကလေးရယ် ခဏလေးအတွင်းလူကလေးကိုဘုရားစုံလိုက်ပို့ပေးမယ်

စိတ်ချ အဘခိုင်းတဲ့အတိုင်းသာလုပ်ပေး”

“ကျုပ်ကို အဘကဘာခိုင်းမှာလဲဗျ”

“လူကလေးရဲ့ လက်နှစ်ဖက်ကို အဘရဲ့

လက်ဝါးနှစ်ဖက်ပေါ် တင်ထားပြီးမျက်လုံးမှိတ်ထားလိုက်ယုံပဲ

လုပ်ရမှာပါ”

“ဟာ …အဲ့ဒီလိုလုပ်လိုက်တာနဲ့

ကိုယ်သွားချင်တဲ့နေရာကိုရောက်သွားရောလား”

“အဘပြောပြီးပြီပဲ အဘကိုသာယုံလိုက်

သြော် လူကလေးတစ်ခုသတိထားရမှာက

အဘကမပြောပဲနဲ့ မျက်လုံးကိုဖွင့်မကြည့်မိစေနဲ့

ကြားလား”

“ဟုတ်ကဲ့ အဘ ကျုပ်မှတ်ထားပါ့မယ်”

ထို့နောက် အဘိုးအိုကြီးက သူ့ရဲ့လက်ဖဝါး

နှစ်ဖက်အားဖြန့်လိုက်လေသည်။

မောင်ရန်အောင်ကလည်း သူ့ရဲ့လက်ဖဝါး

နှစ်ဖက်အား အဘိုးအိုကြီး၏လက်ဖဝါးပေါ်

တင်လိုက်လေသည်။

“ကဲ မျက်လုံးကိုမှိတ်ထားပါ စိတ်ထဲမှာ

ဘုရားကိုပဲအာရုံပြုနေလိုက် လူကလေး”

မောင်ရန်အောင်လည်း အဘိုးအိုခိုင်းသည့်

အတိုင်းမျက်လုံးအားမှိတ်ထားလိုက်ပြီး

ဘုရားအားအာရုံပြုထားလိုက်လေသည်။

ရုတ်ရက်ဆိုသလို လေအေးတစ်ချက်က

မောင်ရန်၏ကိုယ်ခန္ဓာအား ဖြတ်၍

တိုက်ခက်သွားသလိုခံစားလိုက်ရလေသည်။

ပြီးနောက် မောင်ရန်အောင်၏

ကိုယ်ခန္ဓာဟာ မြူမှုန်ပမာ ပေါ့ပါးလာသလို

စိတ်မှခံစားလာရလေသည်။

“ကဲ မျက်လုံးကိုဖွင့်ကြည့်လို့ရပါပြီ

လူကလေး”

အဘိုးအိုခိုင်းသည့်အတိုင်းမောင်ရန်အောင်

မျက်လုံးနှစ်စုံအားဖွင့်ကြည့်လိုက်ရာ

ကိုယ့်မျက်လုံးကိုယ်ပင်မယုံကြည်နိုင်

လိုက်အောင်ဖြစ်ရလေသည်။

သူတစ်ခါမှမရောက်ဖူးသော တန်ခိုးကြီးဘုရားပေါ်သို့ သူရောက်ရှိနေလေသည်။

ဘုရားရင်ပြင်ပေါ်တွင်ဘုရားဖူးလာကြသည့်လူများဖြင့်ပြည့်နှက်၍နေပေသည်။

“ဟာ အဘလူတွေမှအများကြီးပဲ

သူတို့လည်းကျုပ်လို ဘုရားဖူးလာကြတဲ့

သူတွေပေါ့နော် အဘ”

“ဟုတ်တာပေါ့လူကလေးရ ကဲလာလာ

ဘုရားကိုဦးခိုက်ျကဦးစို့ ”

“ဟုတ်ကဲ့ အဘ”

မောင်ရန်အောင်နှင့်ထူးဆန်းသည့်အဘိုးအို

လည်းဘုရားရှေ့သို့ ထိုင်လိုက်ပြီး ထိခြင်းငါးပါးဖြင့်

မြတ်စွာဘုရားအားရှိခိုးလိုက်ကြလေသည်။

ဘုရားအားရှိခိုးကန်တော့ပြီးသည်နှင့်

မောင်ရန်အောင်က တစ်ခုခုကိုသတိရသွားဟန်ဖြင့်အဘိုးအိုအား

မေးလေသည်။

“အဘိုး အဘိုးကိုကျုပ်မေးရဦးမယ်ဗျ”

“အေး မေးလေ လူကလေးကဘာမေးချင်လို့တုန်း”

“အဘက ကျုပ်လက်နှစ်ဖက်ကို ကိုင်ထားလိုက်တာနဲ့ သွားချင်တဲ့နေရာကို

ရောက်အောင်သွားနိုင်တယ်ဆိုတော့

အဘကမှော်ပညာတွေတတ်ထားတာလားဗျ”

“ဟား ဟား ဟား ဟား ”

“ဟင် ဘာရယ်တာလဲဗျ အဘကလည်း

ကျုပ်မေးတာရယ်စရာပါလို့လားဗျ”

“မ မဟုတ်ပါဘူးကွာ လူကလေးမေးခွန်းကို

အဘသဘောကျလွန်းလို့ပါ

လူကလေးက လူကသာငယ်တာ

အတွေးအခေါ်ကမငယ်ပေဘူးပဲ

ဒီမယ် လူကလေးကိုသိအောင်အဘပြောပြမယ်

လူ့လောကမှာ လူတို့ဉာဏ်နဲ့မမှီတဲ့အတတ်ပညာတွေ၊ထွက်ရပ်ပေါက်သွားကြတဲ့ပုဂ္ဂိုလ်တွေ၊

လူတို့မျက်စိနဲ့မမြင်နိုင်တဲ့အစောင့်အရှောက်

တွေဆိုတာ အို …အများကြီးမှ

အများကြီးပဲရှိကြသကွဲ့

အဘလည်းထို့အတူပဲ အဲဒီလိုပုဂ္ဂိုလ်တွေထဲက

တစ်ယောက်အပါအဝင်ပဲ လူကလေး”

“ဗျာ…ဒါ ဒါဆို အဘက လူမဟုတ်ဘူးပေါ့နော်”

မောင်ရန်အောင်ကတအံ့တသြမေးလိုက်သည်။

“အေးကွဲ့ အဘကလူမဟုတ်ဘူး

လူကလေးကိုပြောပြလို့လည်း

လူကလေးနားလည်မှာမဟုတ်ဘူး

အဘလည်းဒီထပ်အများကြီးပြောခွင့်မရှိဘူးကွဲ့

လူကလေးကိုဘာကြောင့်

ဒီလိုတွေပြောဆိုနေရတာလည်းဆိုတော့

လူကလေးနဲ့အဘဟာလွန်ခဲ့တဲ့ဘဝ

အဆက်ဆက်ကပဌာန်းစက်တစ်ခုကြောင့်

ဒီဘဝမှာလူကလေးဆီကို အဘရောက်လာခဲ့တာပဲ

လူကလေး

ကဲ ကဲ နောက်ထပ် လူကလေးကိုလိုက်ပို့စရာ

နေရာတစ်ခုကျန်နေသေးတယ်

သွားကြဦးစို့ ”

“‘ဟုတ်ကဲ့ အဘ”

မောင်ရန်အောင်လည်း ထူးဆန်းသည့်အဘိုးအို

ခေါ်ဆောင်သည့်နောက်သို့ လိုက်ပါရန်

ဆုံးဖြတ်လိုက်လေသည်။

လက်ဖဝါးနှစ်ဖက်အားအပေါ်အောက်

ထပ်ထားလိုက်ကာ မျက်လုံးအားစုံမှိတ်ထား

လိုက်လေသည်။

=================

“မိန်းမရေ ဖေကြီးပြန်လာပြီဟေ့”

ဦးတင်အေး နွားလှည်းပေါ်မှမဆင်းသေးပဲ

ဇနီးသည်ဒေါ်ဇင်မာအား လှည်းပေါ်မှ

အော်ပြောလိုက်လေသည်။

ဒေါ်ဇင်မာလည်း ထမင်းအိုးချက်နေရင်းတန်းလန်းဖြင့်

အိမ်အပြင်ထွက်လာခဲ့ကာ

“ကိုတင်အေး ရှင့်သားရောပါမလာပါလား”

“သားက မနက်ကထမင်းတောင်းပို့ပြီးကတည်းကအိမ်ပြန်သွားပြီမဟုတ်လား”

“ရှင့်ကိုထမင်းသွားပို့ပြီးကတည်းက

အခုထိအိမ်ပြန်မလာသေးဘူး

ကျွန်မကရှင်နဲ့မှအတူတူပြန်လာကြမယ်

ထင်လို့လာမခေါ်တာ ”

“ဟေ ဟုတ်လား ဒါဆိုငါ့သားဘယ်တွေများ

လျှောက်သွားနေလည်းမသိဘူးကွာ

ဒုက္ခပါပဲ ဒီကောင်လေးနဲ့တော့”

“ဒါဆို ရှင်နွားဖြုတ်ပြီး ထမင်းအိုးကြည့်ထားလိုက်ဦးကျုပ် သူသွားတတ်တဲ့ သူ့သူငယ်ချင်းတွေအိမ်သွားမေးလိုက်ဦးမယ်”

“အေးအေး တွေ့ရင်ခေါ်ခဲ့ မိဘကိုစိတ်ပူအောင်လုပ်တဲ့ကောင်

ငါနဲ့တွေ့မယ်”

ဒေါ်ဇင်မာလည်း သားဖြစ်သူအတွက်စိုးရိမ်သဖြင့်

မောင်ရန်အောင် သွားတတ်သော သူ့သူငယ်ချင်းအိမ်များအား လိုက်လံမေးမြန်း

ကြည့်ရာ

“ဒီကနေ့ ရန်အောင်မလာဘူးဗျ

ကျွန်တော်တောင် ဒီကောင့်ကိုမျှော်နေတာ”

နောက်တစ်အိမ်သွားမေးပြန်တော့

“မလာဘူးဗျ မနေ့ကလာကစားမယ်လို့

ပြောပြီးဒီကောင်ရောက်မလာဘူး

အန္တီ”

တစ်အိမ်ပြီးတစ်အိမ်လိုက်မေးကြည့်သည်

မည်သည့်အိမ်ကမှ မောင်ရန်အောင်ရောက်လာသည်ဟု

မပြောကြပေ။

အမျိုးတွေ၏အိမ်သို့လိုက်လံမေးမြန်းကြည့်သည်

ထိ့နည်းတူသူတို့ကလည်း မလာဘူးဟု

အသံတူဖြေကြလေသည်။

“စိတ်ညစ်တာပါပဲ ဒီကောင်လေး

ဘယ်တွေများသွားနေပါလိမ့်”

ဒေါ်ဇင်မာလိုက်ရှာနေသည်မှာမိုးပင်ချုပ်သွားသည်

ဘယ်လိုမှရှာလို့မတွေ့ပေ။

ထို့ကြောင့်အိမ်သို့ပြန်လာခဲ့တော့သည်။

“မိန်းမ မင့်သားမတွေ့ခဲ့ဘူးလား”

“ဘယ်လိုမှကိုရှာလို့မတွေ့ဘူး ကိုတင်အေးရေ

ဒီကောင်လေး ဘယ်တွေများလျှောက်သွားနေလဲ

မသိဘူး ကျွန်မတော့ စိတ်ပူလွန်းလို့သေတော့မယ်”

ဒေါ်ဇင်မာကပြောရင်းငိုချလိုက်လေသည်။

“ငိုမနေပါနဲ့ မိန်းမရယ် ငါလယ်ထဲ

တစ်ခေါက်ပြန်ပြီးရှာကြည့်ပါဦးမယ်”

“ဒီအချိန်ကြီးရှင်တစ်ယောက်ထဲဘယ်လိုသွားရှာ

မှာလည်း ရှင့်ညီတွေကို သွားအကူအညီ

တောင်းပြီးကူရှာခိုင်းပေါ့တော်”

“အေးပါ မင်းသာ အိမ်ကစောင့်နေ

ငါသွားကြည့်လိုက်ဦးမယ် သလား”

“အင်းပါ ဘုရား ဘုရား တပည့်တော်မ

သားလေးဘေးမသီရန်မခပါစေနဲ့ဘုရား”

==============

ဦးတင်အေးလည်း သူ့ညီနှင့်အစ်ကိုဖြစ်သူအား

ဖြစ်ကြောင်းကုန်စင်ပြောပြပြီး ဓာတ်မီးကိုယ်စီဖြင့်

ညီအစ်ကို၃ယောက်

လယ်ထဲရောက်လာကြလေသည်။

လယ်ကွင်းထဲမှစပြီး လယ်ကွင်း၏ဘေးတစ်ဖက်တစ်ချက်တိုင်းအား

လိုက်လံရှာဖွေကြရင်း ညီအစ်ကို

သုံးယောက်ပြန်ဆုံကြလေသည်။

“ကိုကြီးတင်အေးရေ ဘယ်လိုမှရှာလို့မတွေ့ဘူးဗျို့”

“ငါလည်းမတွေ့ဘူး တင်အေး မင်းရဲ့သားက

ခြေထောက်မှာဗွေပါသလား မသိဘူးကွာ

ဘယ်လိုမှရှာမတွေ့ဘူး”

“တောက်” ဒီကောင်ဘယ်တွေများ

လျှောက်သွားနေလဲမသိဘူးကွာ”

“လာ ကိုကြီးတင်အေး ရွာပြန်ကြစို့

ရွာရောက်မှတစ်ခါထပ်စဉ်းစားကြည့်ကြတာပေါ့ဗျာ”

ဦးတင်အေးတို့ ညီအစ်ကို၃ယောက်

ရွာပြန်လာကြသည်။

ဦးတင်အေး၏ညီနှင့်အစ်ကိုကလည်း

ဦးတင်အေးတို့အိမ်ထိလိုက်လာကြလေသည်။

တူတော်စပ်သဖြင့် ဦးလေး၂ယောက်လည်း

ခေါင်းမီးတောက်နေကြသည်မှာမလွဲဧကန်ပင်

ဖြစ်သည်။

အိမ်ရောက်တော့ မျှော်လင့်တကြီးဖြင့်

စောင့်နေသည့် ဒေါ်ဇင်မာက

“သားလေးရော ကိုတင်အေး ”

“မတွေ့ခဲ့ဘူး မိန်းမရေ ငါတို့လည်းရှာတာ

နှံ့နေတာပဲ ဒီကောင်ဘယ်သွားနေတာလဲ

မသိဘူး”

“ကျွန်မသားလေးသာတစ်ခုခုဖြစ်ရင်

ကျွန်မတော့ရင်ကျိုးပါပြီတော်”

“မင်းကွာနိမိတ်မရှိ ဘာမရှိ ပါးစပ်ကြီးက”

ဦးတင်အေးက ဒေါ်ဇင်မာခပ်ဆက်ဆက်

ငေါက်လိုက်လေသည်။

“ငါတစ်ခုစဉ်းစားမိပြီကွ တင်အေးရ”

“ဘာလဲကိုကြီးပြောလေ”

“အေး ဒီလိုကွ တို့ရွာတောင်ပိုင်းက

နတ်ကတော် မတင် ဆီသွားမေးကြရင်

ကောင်းမယ် သူဆိုရင်သိမှာပဲ”

“အင်း ဟုတ်သားပဲ မေ့နေလိုက်တာ

မတင်က ဘာပဲပျောက်ပျောက်

သူ့ဆီသွားမေးရင် အကုန်မှန်အောင်

ဟောနိုင်တယ်လို့ကြားဖူးတယ် ”

“ဒါဖြင့်လည်း အခုကတည်းက

သွားကြတာပေါ့ ”

“သွားမယ်ဆိုရင် ငါ့တူရန်အောင်ရဲ့

အင်္ကျီလေးတစ်ထည်ဖြစ်ဖြစ်

ယူလာခဲ့ကြ ဒါလည်းအရေးကြီးတယ်ကွ”

“သြော် ဟုတ်သားပဲ ‘

ဦးတင်အေးတို့ညီအစ်ကို၃ယောက်နှင့်

ဒေါ်ဇင်မာလည်း ရွာတောင်ပိုင်းသို့

လာခဲ့ကြလေသည်။

နတ်ကတော် မတင်၏အိမ်ရှေ့သို့

ရောက်လာကြလေသည်။

“မတင် ရေ မတင် ရှိလားရှင့်”

“ရှိပါတယ်ကွယ် ဘယ်သူလဲမသိဘူး”

“ကျွန်မတို့ရွာထဲက ဇင်မာပါ”

“သြော် ဇင်မာတို့ပါလား အိမ်ထဲဝင်ခဲ့ကြလေ

တံခါးကစေ့ထားတာ တွန်းဖွင့်ပြီးဝင်ခဲ့ရတယ်”

“ဟုတ်ကဲ့ မတင်”

==============

“ပြောဘာကိစ္စလဲ ဇင်မာ လူစုံတပ်စုံပါလား”

“ကျွန်မသားလေး မနက်က ကိုတင်အေးဆီ

ထမင်းသွားပို့ရင်း ပျောက်နေလို့

အခုထိအိမ်ကိုပြန်မရောက်လာဘူး

အဲ့ဒါကျွန်မသားလေး ဘယ်များရောက်နေသလဲ

သိချင်လို့ လာမေးတာပါ”

“ကျွန်တော့်သားလေးကို အမြန်ဆုံးတွေ့အောင်

ကူညီပေးပါဗျာ”

“ကူညီရမှာပေါ့ရှင် စိတ်ချ စိတ်ချ

ဒါနဲ့ ရှင်တို့သားလေးအသုံးအဆောင်

ပစ္စည်းတစ်ခုခု ပါလာသလား

ဒါမှအာရုံခံကြည့်လို့ရမှာမလို့ပါ”

“ဒီမှာပါလာပါတယ် ရှင့် ဒီမှာ သားအင်္ကျီလေးပါ”

နတ်ကတော် မတင်လည်း မဇင်မာလှမ်းပေးသည့်

အင်္ကျီအားယူလိုက်ပြီး နတ်ရုပ်တုများဘက်သို့

လက်အုပ်ချီလိုက်ပြီး ပါးစပ်မှ ပွစိပွစိဖြင့်

တတွတ်တွတ်ရွတ်ဖတ်နေလေသည်။

ခဏခန့်ကြာမှ မဇင်မာတို့ဘက်လှည့်လာပြီး

မျက်လုံးအားစုံမှိတ်ထားကာပြောလေသည်။

“ကလေးက ကောင်းကောင်းမွန်မွန်ရှိနေပါတယ်

လိပ်ပြာလှလွန်းလို့ နတ်ကခဏဖွက်ထားတာပါ

ဘာမှမပူနဲ့ မနက်ဖြန်မနက် နင်တို့အိမ်ကို

အကောင်းအတိုင်းပြန်ရောက်လာလိမ့်မယ်

နင်တို့သားအတွက် သိပ်စိတ်မပူနေနဲ့တော့

ပြန်ရောက်လာစေရမယ်လို့

ငါအာမခံတယ်”

“ကျေးဇူူးတင်ပါတယ်ရှင် ”

“ကျွန်တော့်တူဘာမှမဖြစ်ဘူးပေါ့နော်”

“ဘာမှမဖြစ်ဘူး ဘာမှမဖြစ်ဘူး မနက်ဖြန်မနက်လင်းတာနဲ့

အားလုံးအဆင်ပြေပြေသွားလိမ့်မယ်”

“ကျေးဇူးတင်ပါတယ်ခင်ဗျာ”

ထို့နောက် ဒေါ်ဇင်မာတို့လည်း နတ်ကတော်

မတင်ဆီ၌ ရေစင်ဖိုးတင်ခဲ့ပြီး အိမ်သို့ပြန်လာခဲ့ကြလေသည်။

အိမ်ကိုပြန်ရောက်ပေမယ့်လည်း

ဦးတင်အေးနှင့်ဒေါ်ဇင်မာတို့ လင်မယား

၂ယောက်တစ်ညလုံးကောင်းစွာ

အိပ်မပျော်ခဲ့ကြပေ။

သားလေးမောင်ရန်အောင် ဘာများဖြစ်နေမလဲ

ဟုသာတွေးပူနေမိတော့သည်။

===============

မနက်လင်းတော့ ဦးတင်အေးလည်း လယ်ထဲမဆင်းနိုင် ဒေါ်ဇင်မာလည်း

အိမ်ပေါက်ဝအားမျက်တောင်မခက်

မိလောက်အောင်စိုက်ကြည့်နေမိလေသည်။

ထိုအချိန် အပြင်မှဆူဆူညံညံအသံများကြားလိုက်ရလေသည်။

ရွာထဲကလူများတစ်ယောက်တစ်ပေါက်

ပြောဆိုနေသံသည်တဖြည်းဖြည်းနှင့်

ဒေါ်ဇင်မာတို့အိမ်အနားနီး၍လာလေသည်။

“အေမ ”

“ဟင်”

“သား သားလေး”

ဦးတင်အေးနှင့်ဒေါ်ဇင်မာတို့ သားဖြစ်သူ

မောင်ရန်အောင်အားပြေးဖက်လိုက်ကြ

လေသည်။

အိမ်ထဲတွင်ဝိုင်းပြီးကြည့်နေကြသော

ရွာထဲမှလူများလည်း ဦးတင်အေးတို့

အဖြစ်ကိုကြည့်ကာဝမ်းသာပီတိဖြစ်ကာ

ပြုံးပျော်နေကြလေသည်။

“အမေနဲ့အဖေ ဘာဖြစ်လို့ငိုနေကြတာလဲဗျ

ဘာဖြစ်လို့လည်း”

“သားရယ် ဘယ်တွေလျှောက်သွားနေတာလဲ

အမေတို့မှာ သားကိုတစ်ရက်လုံးလုံး

လိုက်ရှာနေကြတာကွဲ့ ”

“ဟုတ်တယ် သား မင်းကွာ မိဘကို

စိတ်ပူအောင်လို့ တစ်ညလုံးလည်းပြန်မလာဘူး

သားတစ်ရက်လုံးလုံးပျောက်နေတာ

ဘယ်တွေလျှောက်သွားနေတာလဲကွာ”

“ဟင်.ကျုပ် ပျောက်သွားတစ်ရက်ကျော်ပြီ

ဟုတ်လား အဖေ”

“ဟုတ်တယ်လေ သားရဲ့ မင်းပျောက်သွားတာ

တစ်ရက်ကျော်ပြီလေ”

“ကျုပ် အဖေ့ကိုထမင်းတောင်းသွားပို့ရင်း

ထူးဆန်းတဲ့အဘိုးကြီးတစ်ယောက်နဲ့

တွေ့ခဲ့တယ်ဗျ ”

“ဟင်…ဘယ်ကအဘိုးကြီးတုန်း သား”

“ကျုပ်လည်း မသိဘူးဗျ ကျုပ် ကစားရင်း

ပင်ပန်းလို့အဖေ့လယ်ထဲကအပင်အောက် နားနေရင်း မှေးကနဲ အိပ်ပျော်သွားတော့

အဘိုးကြီးတစ်ယောက်က ကျုပ်ကို

လာနှိုးတယ်ဗျ ”

မောင်ရန်အောင်ပြောသည့်စကားအား

မိဘနှစ်ပါးနှင့်ရွာထဲကလူများက

တအံ့တသြနားစိုက်ထောင်နေကြသည်။

မောင်ရန်အောင်လည်း ဆက်ပြောလိုက်သည်။

“အဲ့ဒီအဘိုးကြီးက ကျုပ်ကို သူနဲ့လိုက်မလား

မေးတယ်ဗျ ကျုပ်မရောက်ဖူးတဲ့နေရာတွေကို

လိုက်ပြမယ်တဲ့ ဒါနဲ့ကျုပ်လည်း သူနဲ့

လိုက်သွားခဲ့တယ်

အမေရာ ကျုပ်တစ်ခါမှမရောက်ဖူးတဲ့

ဘုရားတွေကိုနေရာအနှံ့လိုက်ပို့တာဗျ

သူ့လက်ပေါ်ကို ကျုပ်လက်တင်ပြီး

မျက်လုံးမှိတ်လိုက်တာနဲ့ သွားချင်တဲ့နေရာကို

တန်းပြီးရောက်သွားတာဗျ

ပြီးတော့ အဘိုးကြီးကပြောတယ်

သူကလူမဟုတ်ဘူးတဲ့ ပြီးတော့

သူဝတ်ထားတဲ့အဝတ်အစားတွေက

သားတို့နဲ့လည်းမတူဘူး တော်တော်ကို

ရှေးကျလွန်းတယ်ဗျ ဗွီဒီယို ရုံမှာပြတဲ့

ရာဇဝင်ကားထဲကလိုဝတ်ထားတာဗျ

သူကစွမ်းလည်းစွမ်းတယ်

အခုလည်းသူက ကျုပ်ကိုရွာထိပ်ထိ

လိုက်ပို့ပေးတာဗျ သူ့ကိုရွာထဲခေါ်တော့

သူကရွာထဲဝင်ခွင့်မရှိဘူးလို့ပြောတယ်

အမေတို့က ကျုပ်ကို ညအထိပြန်မလာဘူးလို့

ပြောပေမယ့် ကျုပ်သွားနေတဲ့နေရာတွေ

အားလုံးရယ် အခုပြန်လာတော့လည်း နေ့ခင်းဘက်တွေချည်းပဲ”

“ဟင် ဘုရား ဘုရား အမေ့သားလေး

တော်သေးတာပေါ့ သေကံမရောက်

သက်မပျောက်တာ ”

ဒေါ်ဇင်မာက သားဖြစ်သူအားစိုးရိမ်တကြီး

ပြောလိုက်သည်။

ထိုအချိန် ရွာထဲမှ အသက်ကြီးကြီး

လူကြီးတစ်ယောက်ကစကားဝင်ပြော

လိုက်လေသည်။

“ဇင်မာ နင့်သားပြောပုံအရဆိုရင်

နင့်သားကိုခေါ်သွားတဲ့လူက

နတ်ပဲဖြစ်ရမယ် နင့်သားကိုချစ်လို့ခန္ဓာကိုယ်ကို

ဖွက်ထားပြီး ဝိညာဉ်ကိုသာ

ခေါ်ယူပြီး မောင်ရန်အောင်လေးသွားချင်တဲ့

နေရာတွေကို သူလိုက်ပို့တာပဲဖြစ်မယ်

ပြီးတော့ ဘုံဘဝတွေမတူကြတော့

အချိန်တွေလည်းမတူကြပေဘူးပေါ့

မောင်ရန်အောင်လေးသွားတာ အချိန်ပိုင်း

လေးတအောင့်ဆိုပေမယ့် လူ့သက်တမ်းအချိန်အရ

ရက်ချီပြီးကြာသွားတာပေါ့ကွယ်”

“ဟုတ်တယ် ခင်ဗျားပြော ကျွန်တော်

ထောက်ခံတယ် ဒီလိုအဖြစ်အပျက်မျိုးတွေ

ကျုပ်ကြားဖူးခဲ့တယ် အခုမှ ကျုပ်သားလေး

ကိုယ်တွေ့ ကြုံခဲ့ရပြီပေါ့ဗျာ”

ဦးတင်အေးလည်း ထိုလူကြီး၏

ပြောစကားအားထောက်ခံလိုက်လေသည်။

“ကဲ သားလေး နောက်ကို အပင်ကြီးတွေ

အောက်ရောက်ရင် မအိပ်ပါနဲ့နော်

ပြီးတော့ ကိုယ်မသိတဲ့လူတစ်ယောက်က

လာခေါ်ရင်ဘယ်တော့မှလိုက်မသွားမိစေနဲ့

တော်သေးတာပေါ့ အခုဟာက သားကို

ချစ်တဲ့ နတ်ပုဂ္ဂိုလ်ဖြစ်နေလို့

နေရာချင်းလဲမယ့် နာနာဘာဝသာဆို

အမေ့သားလေး အဖြစ်ကိုအမေတွေးတောင်

မတွေးရဲတော့ဘူး

နောင်ကိုဘယ်မှလျှောက်ပြီးလိုက်မသွားပါနဲ့သား

ရယ် ကြားလားအမေပြောတာ”

“ဟုတ်ကဲ့ ကြားပါတယ် အမေရ

ကျုပ်နားလည်ပါပြီ”

မောင်ရန်အောင်၏ထူးဆန်းသည့်

ကိုယ်တွေ့ ဖြစ်ရပ်အကြောင်းကို

တစ်ရွာလုံးပြောမဆုံးဖြစ်နေကြတော့

သည်။

ပြီးပါပြီ … #အောင်ဓူဝံ

ဇာတ်လမ်းလေးပြီးရင် Like လေးနှိပ်ပြီး

အားပေးခဲ့နော် စာဖတ်သူများရွှင်လန်းကြပါစေ