ဖိုးထူးနှင့် ဥစ္စာစောင့်မလေး(စ/ဆုံး)
————————————
ကျုပ်တို့ ရွာကိုရွှေညောင်ပင်ရွာလို့ခေါ်တာက ရွာထိပ်က ညောင်ပင်ကြီးရဲ့ပင်စည်က ရွှေရောင်ဖြစ်နေလို့ဆိုတာတော့ ခင်ဗျားတို့သိပြီးသားဖြစ်မှာပေါ့။ကျုပ်တို့ရွာက ဧရာဝတီမြစ်ကမ်းဘေးမှာရှိတာလေဗျာ။မြစ်ကမ်းနံဘေးမှာဆို လမုပင်တွေက တန်းစီပြီးပေါက်နေတာဗျ။ ကျုပ်တို့ ရွာသားတွေအတွက် အဲ့ဒီလမုပင်တွေက အသုံးဝင်တယ်ဗျ။
နွေတစ်ခါ မိုးတစ်ခါ ထင်းလုပ်ဖို့အတွက် အဲ့ဒီလမုပင်တွေကို ခုတ်ရတယ်ဗျ။ ရေကျချိန်မှာ လမုပင်တွေကို ခုတ် အကိုင်အခက်တွေကို ရှင်းလင်းထားပြီး ရေတက်ချိန်မှာ ၊ လှေ တွေနဲ့ သယ်ရတာပေါ့ဗျာ။အခုလည်း မိုးတွင်းတုန်းက လုပ်ထားတဲ့ ထင်းတွေလည်း ကုန်သလောက်ဖြစ်တော့မှာမို့ ထင်းတွေထပ်လုပ်ရသေးတယ်ဗျ။
ရွာကထိန်ပွဲတုန်းက ဖြစ်သွားတဲ့အဖြစ်အပျက်ကြောင့် လူတွေလည်း တော်တော်ကို ထိန်လန့်သွားကြတာဗျ။ကျုပ်တို့သူငယ်ချင်း သက်ပြင်းလည်း ကျွဲ ချို(ဂျို)နဲ့ခတ်မိပြီး ရွာကထိန်ပွဲမှာ အသက်ပေးခဲ့ရတာလေဗျာ။သက်ပြင်းရဲ့အဖေနဲ့အမေဆိုတာလည်း သူတို့သားလေးအတွက် တော်တော်ကို ပူဆွေးနေတာပေါ့ဗျာ။
ကျွဲရုပ်ထဲကို အရက်မူးပြီး ဝင်ကနေတဲ့ ကိုငွေပုကိုလည်း လူတွေက ဝိုင်းပြီိးအပြစ်တင်နေကြတာပေါ့ဗျာ။
ခုကထိန်ပွဲကြီး ပြီးသွားပြီဆိုတော့ လယ်ထဲက စပါးတွေ သိမ်းဖို့ လုပ်ရတယ်ဗျ။စပါးသိမ်းဖို့ လုပ်ရတာလည်းပင်ပန်းတယ်ဗျ။စပါးမသိမ်းခင် ကောက်ရိတ်ဖို့ လူတွေကို ငှားရတယ်ဗျ။ဒီလိုအချိန်ဆို စပါးတွေက ကိုယ်စီ ရိတ်နေကြတာမို့ လူတွေကို ကြိုပြီးငှားရတာဗျ။မဟုတ်ရင် စပါးရိတ်ဖို့ လူတွေရှိမှာမဟုတ်ဘူးလေဗျာ။အဲ့ဒီအခါကျ စပါးတွေက ရိတ်တာနောက်ကျပြီး သုံးမရဖြစ်ကုန်ရောဗျ။
လူတွေငှားပြီးရင် လယ်ခင်းထဲက စပါးတွေကိုရိတ်တယ်ဗျ။ရိတ်ပြီးရင် စပါးတွေကို ကောက်လှိုင်းအဖြစ် မစည်းသေးပဲ တစ်နေလောက် လှန်းထားလိုက်တယ်ဗျ။တစ်နေလောက် လှန််းပြီးရင် ရိတ်ထားတဲ့စပါးတွေရဲ့ ရိုးတံတွေက ခြောက်သွားတော့ စည်းရတာလည်း အဆင်ပြေသွားတယ်ဗျ။စပါးရိုးတံတွေပါ ခြောက်သွားတော့ ထမ်းရတာလည်း ပေါ့တာပေါ့ဗျာ။ စပါးရိတ်ပြီးပြီးချင်း နေမလှန်းပဲ ကောက်လှိိုင်းစည်းပြီးထမ်းရင် အရမ်းလေးတာဗျ။ကောက်လှိုင်းတွေစည်းပြီးရင် နေရာတစ်ခုတည်းကို စုပြီး ထမ်းပုံရတယ်ဗျ။ကောက်လှိုင်းတွေကိုတော့ ထမ်းပိုးနဲ့သယ်ရတာဗျ။ ပြီးေတာ့မှ ခြွေလှေ့စက်နဲ့ ခြွေရတာပေါ့ဗျာ။
ကျုပ်တို့ရွာရဲ့ အရှေ့ဘက်မှာကျုံစုရွာရှိတယ်ဗျ။ကျုပ်တို့ရွာနဲ့ ကျုံစုရွာရဲ့ ကြားမှာတော့ လယ်ကွင်းတွေအများကြီးရှိတယ်။ရွာထဲကလူ တချို့ရဲ့ လယ်တွေဆိုလည်း ကျုံစုရွာနားထိရောက်အောင်ကို ရှိတယ်ဗျ။အဲ့ဒီဘက်က လယ်ကွင်းတွေကို ကျ အနိမ့်ဘက်လို့ခေါ်တယ်ဗျ။အဲ့ဒီဘက်မှာက စပါးတစ်မျိုးထဲစိုက်လို့ရတယ်။
ကျုပ်တို့ ရွာဘက်ကကျ ကုန်းဘက်ပေါ့ဗျာ။ကုန်းဘက်က လယ်ကွင်းတွေကကျ ငရုတ်၊ပဲ၊စပါးတွေ စိုက်လို့ရတယ်ဗျ။အဲ့ဒီအနိမ့်ဘက်ကလယ်ရှိတဲ့သူတွေက အိမ်နဲ့ဝေးကြတော့ လယ်ထဲဆင်းရင် ထမင်း ဟင်းတစ်ခါတည်းယူသွားတာဗျို့။ ညနေအလုပ်သိမ်းမှသာ ပြန်လာကြတာ။မဟုတ်ရင် သွားရလာရနဲ့ အချိန်က ကုန်နေတာကိုဗျ။
ကျုပ်တို့လည်းဒီနေ့ ကုန်းဘက်က လယ်မှာ စပါးတွေခြွေပြီးတော့ လယ်ထဲမှာ တစ်နေလှန်းထားတာပေါ့ဗျာ။စပါးတွေကတော့မခြောက်သေးဘူးဗျ။
ညနေစောင်းတော့ ကျုပ်တို့လည်း စပါးတွေကို လုံးပြီးတော့ တာလပတ်တွေနဲ့အုပ်ထားလိုက်တယ်။တာလပတ်အပေါ်မှာတော့ ကောက်ရိုးတွေနဲ့ အုပ်ထားလိုက်တယ်ဗျ။
ညနေမိုးချုပ်ခါစအချိန်မှာ ကျုပ်ရေချိုးလိုက်တယ်။ပြီးတော့ ထမင်းစားလိုက်တယ်ဗျ။ဟင်းကတော့ အမေ့လက်ရာ ငါးခူ ဆီပြန်ဟင်းလေးမို့ ကျုပ်စားတာ အနည်းဆုံးတော့ သုံးပန်ကန်ပေါ့ဗျာ။ ကျုပ်ထမင်းစားပြီးလို့ အိမ်ပေါ်မှာထိုင်နေတုန်း သံကုလား ရောက်ချလာတယ်ဗျ။
“ကိုကြီးဖိုးထူး ထမင်းစားပြီးပြီလားဗျ”
“အေ… စောနကမှပြီးတာ သံကုလားရ မင်းရောစားပြီးပြီလား”
“စားပြီးပြီ ကိုကြီးဖိုးထူးကိုကြီးဖိုးထူး ဒီည စပါးသွားစောင့်အိပ်အုံးမှာလား”
ကျုပ်တို့ဘက်မှာက စပါးက လယ်ထဲမှာလှန်းထားပြီး မခြောက်သေးရင် လယ်ထဲမှာပဲ ထားခဲ့ရတာဗျ။ပြီးတော့ ညဘက်ဆို သွားစောင့်အိပ်ရတာ။
ခိုးမယ့်သူတွေရှိမရှိတော့ မသိဘူးဗျ။ ကျုပ်တို့ကတော့ လယ်ထဲမှာကောက်ရိုးပုံကို လှိုဏ်ပုံစံလုပ်ပြီးအိပ်ရတာတို့ လယ်ထဲမှာဖျာခင်း၊ ခြင်ထောင်ထောင်အိပ်ပြီး ကောင်းကင်ပေါ်က လမင်းကြီးကိုကြည့်ရတဲ့အရသာကိုကြိုက်မိနေတာဗျ။ ခုလည်းကျုပ်တို့ စပါးတွေ မခြောက်သေးတာကိုသိလို့ သံကုလား မေးတာဗျ။
“အေး.. သွားအိပ်ရအုံးမယ်ကွ စပါးက သဘက်ခါလောက်မှ ခြောက်မယ်ထင်တယ်။”
“ဟုတ် ကိုကြီးဖိုးထူး အဲ့ဒါဆို ကျုပ်လည်းလိုက်အိပ်မယ်လေ။ ဦးလေး ထွန်းညိုနဲ့ အရီးလေးတို့နားပါစေ ကွင်းထဲမှာက ညဘက်အေးတယ်ဗျ။ ဦးလေးနဲ့ အရီးတို့ကလည်း အသက်အရွယ်ရနေပြီမဟုတ်လား”
“အံမယ် ငါတို့က ဘာကိုအရွယ်ရရမှာလဲ သံကုလားရ မင်းတို့က လယ်ထဲမှာ ဆော့ချင်နေလို့မလား”
ရွာထဲသွားပြီးပြန်လာတဲ့ ကျုပ်အဖေနဲ့အမေက သံကုလားပြောတာကြားပြီး ပြောလိုက်တာဗျ။
“ဟီး.. အရီးနဲ့ ဦးလေးကလည်း ကျုပ်က လယ်ထဲလိုက်အိပ်ရတာပျော်လို့ပါဗျ ပြီးတော့ ဦးလေးတို့ကို တကယ်စိတ်ပူလို့ပါ”
“အေးပါ အဲ့ဒါဆို မင်းအကိုဖိုးထူးနဲ့ လိုက်အိပ်လေကွာ သတိဝိရိယနဲ့လည်းအိပ်ကြအုံး မင်းအိမ်ကိုရော ပြောပြီးပြီလား”
“ပြောပြီးပါပြီး ဦးရဲ့ အမေတို့က ကိုကြီးဖိုးထူးနဲ့ဆို ဘယ်သွားသွားလွှတ်ပါတယ်ဗျ။”
အဲ့ဒါတော့ ဟုတ်တယ်ဗျ။သံကုလားက ကျုပ်ထက် သုံးလေးနှစ်လောက်ငယ်တာဗျ။သူက သူနဲ့ရွယ်တူတွေနဲ မပေါင်းဘဲကျုပ်ကို အရင်းခင်တာဗျ။ပြီးတော့ ကျုပ်ကလည်း အသောက်အစားမရှိတော့ သူတို့အိမ်က လူတွေကလည်း စိတ်ချတာပေါ့ဗျာ။
ကျုပ်တို့လည်းအေမတို့နဲ့စကားခနပြောပြီးညခုနစ်နာရီလောက်မှာ ဖျာ၊ ရေဘူး၊ခြင်ထောင်၊စောင်ေတွနဲ့လွယ်အိတ် လွယ်ပြီး ထွက်လာလိုက်တယ်။ကျုပ်လွယ်အိတ်ထဲမှာတော့လောက်လေးခွရယ်၊လောက်စာလုံးရယ်၊ဓားမြှောင်တစ်လက်လည်းပါတယ်ဗျ။ပြီးတော့ ဆရာကြီးဘိုးမင်းထင်ပေးခဲ့တဲ့ အင်းတွေ ၊ဆေးတွေလည်းပါတယ်ဗျ။
ကျုပ်တို့လယ်ထဲရောက်တော့ပစ္စည်းတွေကို ချထားလိုက်ပြီး ကောက်ရိုးတွေကို သွားသယ်တယ်ဗျ။ပြီးေတ့ာကောက်ရိုးတွေကို မြေကြီးပေါ်ထူထူဖြန့်လိုက်တယ်။ကောက်ရိုးက ကျုပ်တို့အတွက်တော့ ဇိမ်ခံ မွေ့ယာကြီးပေါ့ဗျာ။ ကောက်ရိုးပေါ်မှာ ဖျာကိုထပ်ခင်း၊ဘေးဖက် မှာလည်းခြင်ထောင်ကြိုးချည်ဖို့ တိုင်လေးတိုင် စိုက်ပြီးခြင်ထောင်ထောင်လိုက်တယ်။
ပြီးေတ့ာကျုပ်လည်းဖျာပေါ်လှဲလိုက်တယ်။ကျုပ်တို့ခြင်ထောင်က ဇာခြင်ထောင်ဆိုတော့ ဘေးနဲ့ အပေါ်ကို အကုန်ရှင်းရှင်းလင်းလင်းမြင်နေရတာဗျ။သံကုလားကတော့ ကျုပ်ယူလာပေးတဲ့ မုန့်ကိုစားနေတယ်ဗျ။ကျုပ်ကတော့ ထိန်ထိန်သာနေတဲ့ကောင်းကင်ပေါ်က လမင်းကြီးကို ကြည့်ပြီးတောင်တွေးမြောက်တွေးပေါ့ဗျာ။
“ကိုကြီးဖိုးထူး အိပ်ပြီလားဗျ”
သံကုလားက မုန့်စားနေရင်းနဲ့ မေးလာတာဗျ။
“မအိပ်သေးပါဘူး သံကုလားရ ဘာဖြစ်လို့လဲ”
“ကျုပ်တို့ အခုအိပ်နေတဲ့နေရာနဲ့ ဟို ကုန်းနဲ့က သိပ်မဝေးဘူးနော်”
“ဘယ်ကုန်းလဲ သံကုလားရ”
“အနိမ့်ဘက်က ကုက္ကိုလ်ပင်အကြီးကြီးရှိတဲ့ကုက္ကိုလ်ကုန်းလေဗျာ”
အနိမ့်ဘက်ဆိုတာက ကျုံစုရွာနဲ့နီးတဲ့ လယ်ကွင်းဘက်နေရာကိုပြောတာလေဗျာ”
“အေး သိပ်မဝေးဘူးလေကွာ ဘာဖြစ်လို့လဲ”
“ကိုကြီးဖိုးထူးကလည်း အဲ့ဒီနေရာက ဥစ္စာစောင့်တွေရှိတယ်လို့ လူကြီးတွေပြောတာမကြားဖူးဘူးလား”
“အော် ကြားဖူးတယ်လေကွာ ဘာဖြစ်လို့လဲ”
“ကိုကြီးဖူးထူးကလည်းဗျာ ကိုကြီးဖိုးထူး ဥစ္စာစောင့်ကိုမြင်ဖူးသလား”
“မမြင်ဖူးဘူးကွ သရဲတွေတော့မြင်ဖူးတယ်”
” ကိုကြီးမကြောက်ဘူးလား”
“မကြောက်ပါဘူးကွာ ဒီလိုပါပဲ မြင်နေကျ ဖြစ်သွားတော့ မကြောက်တော့ဘူးပေါ့ကွာ”
ကိုကြီးဖိုးထူးသာ မကြောက်တာ ကျုပ်ဆို မြင်တာနဲ့သတိလစ်မလားမသိပါဘူးဗျာ”
“မင်းသရဲတွေမြင်ရင်တော့ သတိလစ်မလစ်မသိဘူး သံကုလားရ။ဒါပေမယ့် ဥစ္စာစောင့်မတွေကတော့ အရမ်းချောတယ်လို့ကြားဖူးတယ်ကွ ဥစ္စာစောင့်မကိုမြင်ရင် မင်း ကြိုက်တောင်ကြိုက်မိမလားမသိဘူး သံကုလားရ”
“အမယ်လေး ဖပ်ဖပ် လွဲပါစေ ဖယ်ပါစေဗျာ ကြိုက်လည်းမကြိုက်ဘူး တွေ့လည်း မတွေ့ပါရစေနဲ့ဗျာ”
သံကုလားက ပြောရင်း ကြောက်လို့ စောင်ကို ခေါင်းမြီးခြုံပြီး အိပ်ရောဗျ။ကျုပ်ကတော့သူ့ကိုကြည့်ပြီး ရယ်မိတာပေါ့ဗျာ။တဆက်တည်း အဲ့ဒီနေရာအကြောင်းတွေးမိသွားတယ်ဗျ။
သံကုလားပြောတဲ့ ကုက္ကိုလ်ကုန်းဆိုတဲ့နေရာက ဥစ္စာစောင့်တွေရှိတယ်လို့ လူေတွအပြောများတယ်ဗျ။အဲ့ဒီအနိမ့်ဘက်က နည်းနည်းမြင့်တဲ့ မြေနေရာမှာ ကုက္ကိုလ်ပင်အကြီးကြီးတစ်ပင်က ပေါက်နေလို့ ကုက္ကိုလ်ကုန်းလို့ခေါ်တာဗျ။
တစ်ခါတစ်လေ လပြည့်ညတွေဆို အဲ့ဒီကုက္ကိုလ်ပင်ကြီးမှာ နွယ်ကြိုးကို ဒန်းစီးပြီးဆော့နေတဲ့ မိန်းကလေးတွေကို တချိို့လူေတွက မကြာခဏ မြင်ပြီး သရဲခြောက်တယ် ဥစ္စာစောင့်ရှိတယ် ပြောကြတာဗျ။ဒါကြောင့် အဲ့ဒီနေရာကို ညဘက်တွေ ဘယ်သူမှသိပ်မသွားရဲကြဘူးဗျ။
“ဖိုးထူးတို့ အိပ်ကြပြီလားကွ”
ကျုပ်တွေးနေတုန်း အပြင်ဘက်ကနေ မေးတဲ့အသံကြားလိုက်တာဗျ။ကျုပ်လည်းဓာတ်မီးနဲ့ ထိုးကြည့်လိုက်တော့
“ဦးေလးထွန်းကိုပါလား…စပါးသွားစောင့်အိပ်မလို့လားဗျ”
“အေး ဟုတ်တယ် ဖိုးထူးရ”
ဦးလေးထွန်းကိုကရွာတောင်ပိုင်းကဗျ။ဦးထွန်းကိုတို့ရဲ့လယ်က ကျုပ်နဲ့သံကုလားတို့ပြောနေတဲ့ ဥစ္စာစောင့်တွေရှိတယ်ဆိုတဲ့ ကုက္ကိုလ်ကုန်းဆိုတဲ့ နေရာနားမှာရှိနေတာဗျ။
“ကိုမြတ်မင်းရောမပါဘူးလား ဦးလေးရ”
“မြတ်မင်းကအစောကြီးထဲက သွားနေပြီ ဖိုးထူးရ ငါကအခုမှ လာတာ ”
“အော် အဲ့ဒါဆိုလည်းသွားေလ ဦး အဲ့ဒီနေရာကလည်း ဥစ္စာစောင့်ရှိသလိုလို သရဲရှိသလိုလိုနဲ့ လူတွေပြောကြတာ များတယ်မလား”
“အေးကွ ငါတို့လည်း တစ်ခါမှမမြင်ဖူးပါဘူး ဖိုးထူးရာ လူတွေရဲ့ ပါးစပ်တွေဆိုတာလည်း မင်းတို့သိတဲ့အတိုင်းပဲ ငါသွားပြီဟေ့”
ဦးထွန်းကိုကပြောပြီး သွားတယ်ဗျ။
ကျုပ်လည်း သံကုလားကိုကြည့်လိုက်တော့ ဒီကောင်က အိပ်ေပျာ်နေပြီဗျ။ကျုပ်လည်း စပါးစောင့်လိုက် အိပ်လိုက်နဲ့ တစ်ညတာကုန်သွားတာပေါ့ဗျာ။
****
စပါးေတွခြောက်လို့ အကုန်လုံးသိမ်းပြီးကုန်ပြီဗျ။ဒီညနေက စပါးသိမ်းတာဆိုတော့ အိမ်မှာ ကြက်သားနဲ့ဘူးသီး ကာလသားဟင်းချက်တယ်ဗျ။စပါးကူထမ်းတဲ့လူတွေကို ကျွေးဖို့ပေါ့ဗျာ။အရက်သောက်တတ်တဲ့သူကိုလည်း အရက်တိုက်တာပေါ့ဗျာ။ကျုပ်တို့ရွာကလူတွေက တစ်ယောက်အလုပ်ကို တစ်ယောက် ဝိုင်းကူလုပ်ကြတယ်လေဗျာ။
ကျုပ်နဲ့သံကုလားကတော့ အရက်မသောက်ကြတော့ ကြက်သားဟင်းနဲ့ ထမင်းကို အဝစားလိုက်တယ်။အဖေတို့ကတော့ ကူလုပ်ပေးတဲ့လူတွေနဲ့ စကားပြောနေကြတာပေါ့။
စပါးသိမ်းပြီးပြီဆိုေတာ့ကျုပ်လည်း အိမ်မှာနားနေတာေပါ့ဗျာ။ဆောင်းတွင်းဆိုပေမယ့် နေ့လယ်ဘက်ဆိုတော့ အိမ်ပေါ်မှာက ပူတယ်လေဗျာ။ အဲ့ဒါကြောင့် ကျုပ်လည်း အိမ်နောက်ဖေးမှာရှိတဲ့ ကုက္ကိုလ်ပင်ကြီးရဲ့အောက်မှာ ဖျာခင်းပြိး အိပ်နေတာဗျို့။ကျုပ် အိပ်နေတုန်းတစ်ယောက်ယောက်က လာနိုးလို့ ကျုပ်နိုးသွားတယ်ဗျ။ ကျုပ်ကြည့်လိုက်တော့ ကျုပ်အဖေဗျ။
“အပါကြီး ဘာဖြစ်လို့လဲဗျ”
ကျုပ်က ကျုပ်အဖေကို အပါကြီး အမေ့ကို အမေကြီးလို့ပဲခေါ်တာဗျ။
“ဘုန်းကြီးကျောင်းမှာ ဆရာတစ်ယောက်ရောက်နေတယ်တဲ့ ဖိုးထူး။မင်းဦးလေးထွန်းကိုက ပင့်လာတယ်တော့ ကြားတာပဲ။အဲ့ဒါမင်းဦးလေးထွန်းကိုက မင်းကို ခေါ်ခဲ့ဖို့ လူကြုံနဲ့မှာလိုက်လို့ မင်းကို လာခေါ်နိုးနေတာ။ ကိစ္စတစ်ခုခုဆို မင်းကူညီလို့ရရင် ကူညီလို့ရအောင်ပေါ့”
“ဟုတ်လား အဲ့ဒါဆိုကျုပ် ဘုန်းကြီးကျောင်းသွားအုံးမယ် အပါကြီး”
ကျုပ်လည်းမျက်နှာသစ်ပြီးဘုန်ကြီးကျောင်းကို ထွက်ခဲ့တယ်ဘုန်းကြီးကျောင်းရောက်တော့ ကျောင်းထိုင်ဦးဇင်းကိုမတွေ့ရဘူးဗျ။နေ့လယ်ဘက်မို့ ကြိမ်းနေတယ် ထင်တယ်။ ကျောင်းထဲမှာတော့ ဦးထွန်းကိုနဲ့ အတူ လူစိမ်းတစ်ယောက်ကိုတွေ့တယ်ဗျ။ အသက်ကတော့ (၆၀)ဝန်းကျင်လောက်ပဲ။
” ဖိုးထူးတို့ကတော့ စပါးသိမ်းပြီးလို့ အေးဆေး နားနေတယ်ပေါ့”
ဦးထွန်းကိုကပြောတာဗျ။ကျုပ်လည်း အနားသွားထိုင်လိုက်ပြိး
” ဟီး ဟုတ်တယ်ဦးရ။ဦးလေးထွန်းကိုက ကျုပ်ကို ခေါ်ဖို့ လူကြုံမှာလိုက်တယ်လို့အပါကြီးပြောပြလို့ လာခဲ့တာဦးရ ဒါနဲ့ ဒီကအဘိုး က အထက်လမ်းဆရာလား”
ကျုပ်ကပြောလိုက်တော့ အဲ့ဒီလူကြီးက ကျုပ်ကိုကြည့်ပြိး ပြုံးနေတယ်ဗျ။ပြီးမှ
” ဘိုးက ခုနှစ်ရက်သားသမီးတွေကို ကူညီနေတဲ့ လူတစ်ယောက်ပါ။ဘိုးနာမည်က ဘိုးတေလို့ခေါ်ပါတယ် ဒီက လူလေးက ဦးထွန်းကိုပြောတဲ့ ဖိုးထူးထင်ပါရဲ့ ”
ဦးထွန်းကိုက ကျုပ်အကြောင်းတွေ ပြောပြထားတယ်ထင်တယ်ဗျ။
“ဟုတ်ပါတယ် ဆရာ”
“ဘိုးလို့ခေါ်လည်းရပါတယ်လူေလးရဲ့” ” ဟုတ်ကဲ့ ဘိုး ဒါနဲ့ ဦးလေးက ဘိုးကို သွားပင့်လာတာလား”
“ဟုတ်တယ် ဖိုးထူး ဒီက ဆရာဘိုးတေက ဟိုဘက်ရွာမှာ ပယောဂ ကုနေတာကြားလို့ ငါသွားပင့်လာခဲ့တာကွဖိုးထူးရ”
“ဦးလေးတို့အိမ်မှာ ပယောဂဖြစ်နေလို့လားဗျ”
ဦးထွန်းကိုက သွားပင့်လာတယ်ဆိုတော့ သူတို့အိမ်မှာတစ်ခုခုဖြစ်နေတယ်ထင်လို့ ကျုပ်ကမေးလိုက်တာဗျ။
“အေး ပယောဂလား ဘာလားေတာ့မသိဘူး ဖိုးပါရေ မင်းအကို မြတ်မင်းပေါ့ကွာ။
“ကိုမြတ်မင်း ဘာဖြစ်လို့လဲ ဦးလေး”
“မြတ်မင်းရဲ့ အပြုမူတွေက လွန်ခဲ့တဲ့ လေးငါးရက်လောက်ထဲက ထူးဆန်းနေခဲ့တာ ဖိုးထူးရ။သူအားတဲ့အချိန်တိုင်း အိမ်မှာ မနားဘူးကွ။တစ်နေကုန် အပြင်ပဲလျှောက်သွားနေတာ။ညနေစောင်းလို့ အိမ်ပြန်လာလို့ မေးကြည့်တော့ သူက အနိမ့်ဘက်က ကုက္ကိုလ်ကုန်းကို သွားနေတာတဲ့ကွ။တစ်နေကုန် အဲ့မှာနေရအောင် အလုပ်တွေက မရှိဘူးလေကွာ။စပါးလည်းသိမ်းပြီးပြီကို သူက အဲ့လိုဖြစ်တော့ ထူးဆန်းနေတာပေါ့။
မနေ့ကလည်း ဟိုကုက္ကိုလ်ကုန်းဆီကိုပဲသွားဖို့လုပ်နေတယ်။ငါတို့လည်း သူ့ကို စိတ်ပူလို့ မသွားဖို့ ပြောတော့ သူကလည်း မသွားတော့ဘူးဆိုပြီး သူ့အခန်းထဲကို ပြန်ဝင်သွားတယ်ကွ။
ငါတို့လည်းအိမ်ကအလုပ်တွေလုပ်နေတုန်း ဒီကောင့်ကို သတိရလို့ သွားကြည့်တော့ ဒီကောင်က အခန်းထဲရှိမနေဘူးကွ။သူ့ရဲ့ ပြတင်းပေါက်တံခါးကလည်း ပွင့်နေတော့ ငါတို့လည်း အတော်စိတ်ပူသွားတာကွ။ငါတို့လည်း အိမ်နဲ့ အနီးနားမှာ လိုက်ရှာတာ မတွေ့ဘူး ။ရွာထဲရှာလည်း မတွေ့ဘူး။ဒီကောင် ကုက္ကိုလ်ကုန်းကိုသွားတာပဲ ဖြစ်ရမယ်ဆိုပြီး ငါတို့လည်းကုက္ကိုလ်ကုန်းကိုသွားကြည့်တာပေါ့။
အဲ့ဒီမှာ ဒီကောင်က ကုက္ကိုလ်ပင်ကြီးရဲ့အရှေ့မှာ လဲကျနေတာကိုတွေ့လိုက်ရတယ်။ အသက်ကတော့ရှူနေပေမဲ့ ခေါ်နိုးလို့မရဘူးဖြစ်နေတာ။အဲ့ဒါမို့ ငါလည်း ဆရာကြီးဘိုးတေကို သွားပင့်လာခဲ့တာ”
“ဟုတ်တယ် ဖိုးထူး အခုကိစ္စက ဘိုးစိတ်ထင် အဲ့ဒီကုက္ကိုလ်ကုန်းမှာရှိတဲ့ ဥစ္စာစောင့်မတစ်ယောက်နဲ့ သူက ချစ်ကြိုက်မိပြီထင်တယ်။”
ဘိုးတေက ဝင်ပြောတာဗျ။
“ဟုတ်လားဘိုး ဥစ္စာစောင့်တွေက တကယ်ရော ရှိလို့လား ပြီးတော့ သူတို့က လူသားနဲ့ချစ်ကြိုက်လို့ရတယ်တဲ့လား”
ကျုပ်က သိချင်လို့ မေးလိုက်တာဗျ။
“ချစ်ကြိုက်လို့ရတာပေါ့ ဖိုးထူးရဲ့ ဥစ္စာစောင့်ဆိုတာကပစ္စည်းဥစ္စာတွေကို စောင့်ရတဲ့ ပြိတ္တာဘုံသားတွေကွ ဖိုးထူးရ။ဥစ္စာစောင့်ကိုအမျိုးစားခွဲရမယ်ဆိုရင် အမျိုးအစား(၃)မျိုးရှိတယ်။သူတို့ကို အုပ်ချုပ်တာက ကုဝေရနတ်မင်းကြီးရဲ့လက်အောက်မှာ ဘုန်တန်ခိုးအတော်အတန်ရှိတဲ့ ဘုမ္မစိုးနတ်တွေက အုပ်ချုပ်တယ်။
ဥစ္စာစောင့်တွေမှာလည်း သူတို့အဆင့်အလိုက် တန်ခိုးဣဒ္ဓိအသင့်အတင့်ရှိကြတယ်။ သူတို့ရဲ့ မူလရုပ်ဆင်းသဏ္ဍာန်က ဘယ်လောက်အကျည်းတန်နေပါစေ သူတို့ကိုယ်ကို မင်းသမီးတွေထက် လှပအောင်ဖန်ဆင်းပြီး လူသားတွေနဲ့ ဆက်ဆံနိုင်ကြတယ်။
အခုမြတ်မင်းကိုဥစ္စာစောင့်မလေးက ချစ်ကြိုက်လို့ ညှို့ထားပြီး သူတို့ရဲ့သိုက်နန်းကိုခေါ်သွားတယ်ထင်တယ်။အခုမြတ်မင်းရဲ့ဝိဉာဉ်က သူတို့ရဲ့သိုက်နန်းမှာ ရှိနေလိမ့်မယ်။ ဘိူးတို့သူ့ကို အမြန်သွားကယ်ရလိမ့်မယ် ဖိုးထူး။မဟုတ်ရင် မြတ်မင်းက အဲ့ဒီမှာ ပျော်မွေ့သွားပြီး အခုဘဝကိုရော သူ့မိဘတွေကိုပါ မေ့သွားလိမ့်မယ်။အဲ့ဒီအခါကျသူ့ကိုကယ်ဖို့ အရမ်းနောက်ကျသွားလိမ့်မယ်။
“ဟုတ်ကဲ့ဘိုး အခုကိစ္စမှာ ကျွန်တော်က ဘယ်လိုကူညီပေးနိုင်မလဲ ကူညီပေးလို့ရတာရှိရင် ကျွန်တော် ကူညီချင်ပါတယ်”
“ဦးထွန်းကိုပြောပြထားလို့ လူလေးရဲ့ အကြောင်းကိုလည်း ဘိုးသိပြီးပါပြီ။ ဒီကိစ္စကိုေဆာင်ရွက်ဖို့အတွက် လူလေးဘိုးနဲ့လိုက်ခဲ့မလား။ဘိုးတို့ သိုက်ထဲကိုရောက်လို့ မြတ်မင်းနဲ့တွေ့ရင် သူကဘိုးကိုသိမှာမဟုတ်ဘူး လူလေးကိုတော့ သိပြီးသားမို့ လူလေးခေါ်ရင် သူပြန်လိုက်လာမှာ။”
ဘိုးတေက ကျုပ်ကို အဲ့လို ပြောတာဗျ။ကျုပ်ကလည်း ဒါမျိုးဆိုစိတ်ဝင်စားပြီးသားလေဗျာ။ ဒါမို့ ချက်ချင်းပဲ
“ကျုပ်လိုက်ခဲ့မယ်”
လို့ပြောလိုက်တယ်။
“အဲ့ဒါဆို ဦးထွန်းကိုက အိမ်မှာပြန်နေပြီး မြတ်မင်းရဲ့ခန္ဓာကိုယ်ကိုစောင့်ရှောက်ထားပါ။ကျုပ်တို့က ကုက္ကိုလ်ကုန်းကိုသွားပြီး မြတ်မင်းရဲ့ဝိဉာဉ်ကို ပြန်ခေါ်လာခဲ့မယ်။ပြီးတော့ ကျုပ်ပြောထားတာကိုလည်း မမေ့ပါနဲ့နော် ဦးထွန်းကို”
ဘိုးတေနဲ့ ဦးထွန်းကိုက ကျုပ်မလာခင်က ဘာတွေပြောထားလည်းမသိဘူးဗျ။ဘိုးတေကဦးထွန်းကိုကိုမမေ့ဖို့ သတိပေးနေတာဗျ။ပြီးတော့ ဦးထွန်းကိုကပြန်သွားတယ်ဗျ။ကျုပ်လည်း အိမ်ခနပြန်ပြီး အပါကြီးနဲ့ အမေကြီးကို ပြန်ပြောလိုက်တာပေါ့။ အပါကြီးတို့ကလည်း ကျုပ်ကို စိတ်မချပေမဲ့ ကိုမြတ်မင်းအတွက်လည်း စိတ်ပူတာကြောင့်လွှတ်တယ်ဗျ။
ကျုပ်လည်းလွယ်နေကျလွယ်အိတ်လေးလွယ်ပြီး အိမ်ကနေ ဘုန်းကြီးကျောင်းဆီကိုပဲပြန် ထွက်လာခဲ့လိုက်တယ်ဗျ။အဲ့ဒီကနေမှ ဘိုးတေနဲ့အတူ ကုက္ကိုလ်ကုန်းကို ထွက်လာခဲ့တယ်။ကုက္ကိုလ်ကုန်းက အပင်ကြီးရှေ့ကိုရောက်ပြီဗျ။ဘိုးတေက အပင်ရှေ့ရပ်လိုက်ပြီး
“ဖိုးထူးရေ အခု ဘိုးတို့က သိုက်ထဲဝင်မှာနော် သိုက်ထဲမှာက ရွှေငွေရတနာတွေ အများကြီးတွေ့ရလိမ့်မယ်။ဒါပေမဲ့ အဲ့ဒါတွေကို လုံးဝမထိနဲ့နော် မဟုတ်ရင် ဘိုးတို့ဒုက္ခရောက်လိမ့်မယ် ။ဘိုးနောက်ကနေသာ လိုက်ခဲ့ ဘာအန္တရာယ်မှမဖြစ်စေရဘူး”
ဘိုးတေက ပြောပြီး လွယ်အိတ်ထဲက အင်းချုပ်တစ်ချပ်ထုတ်လိုက်တယ်ဗျ။ပြိးတော့ ပါးစပ်နားတေ့ပြိး တစ်ခုခုရွတ်နေတယ်။ပြီးတာနဲ့ အပင်ကြီးကို ပစ်လိုက်တယ်ဗျ။
“ဝုန်း•••”
ဆိုတဲ့အသံနဲ့အတူ ကုက္ကိုလ်ပင်ကြီးရဲ့ ပင်စည်ကနေ လူဝင်လို့ရတဲ့တံခါးပေါက်တစ်ခုကို တွေ့လိုက်ရတယ်ဗျ။
“ဘိုးနောက်ကနေလိုက်ခဲ့တော့ ဖိုးထူးရေ”
ကျုပ်လည်းဘိုးတေနောက်ကနေလိုက်ခဲ့တယ်။ ဒီလိုနဲ့ ကျုပ်တို့ဝင်သွားပြီး လမ်းနည်းနည်းလျှောက်မိတော့ မျက်လုံးပြူးပြူးနဲ့ ဘီလူးကြီးနှစ်ကောင်ကို တွေ့လိုက်ရတယ်ဗျ။ဘိုးတေလည်း လေထဲမှာ လက်ညှိုးနဲ့ အချုပ်ပုံစံအင်းကို ဆွဲပြီး ဘီလူးကြီးနှစ်ကောင်ဆီပစ်လွှတ်လိုက်တယ်။ ဘီလူးကြီးနှစ်ကောင်က အဲ့ဒီနေရာကနေ လှုပ်လို့ကိုမရတော့တာဗျ။
ကျုပ်လည်း ဘိုးတေကို တော်တော် အထင်ကြီးသွားတယ်ဗျ။ဘိူးတေပစ်လိုက်တဲ့အင်းပုံစံကိုဘိုးမင်ထင်သုံးတာလည်းကျုပ်တွေ့ဖူးတယ်ဗျ။ဒါပေမဲ့ဘိူးမင်းထင်က ဘိုးတေလိုမျိုး လေထဲမှာ အင်းကိုဆွဲပြိးပစ်တာမဟုတ်ဘူးဗျ။
ကျုပ်တို့လည်းဆက်သွားတော့ ဘာအနှောင့်အယှက်မှမတွေ့ရဘူးဗျ။ ဒီလိုနဲ့ခန်းမကြီးတစ်ခုထဲကိုရောက်သွားတယ်။ ခန်းမထဲမှာတော့ ရွှေ၊ငွေရတနာတွေထည့်ထားတဲ့ သေတ္တာတွေအများကြိးရှိပြီး ရွှေတွေငွေတွေကလည်း အပြင်ကိုလျှံထွက်ကျနေတာဗျ။သာမန်လူဆို ဒီရတနာတွေကိုမြင်ပြီး မယူပဲ ဘယ်နေနိုင်လိမ့်မလဲဗျာ။ဘိုးတေကတော့ ဒါတွေကို တစ်ချက်တောင်မကြည့်ဘူးဗျ။ကျုပ်လည်း ဒီရတနာတွေကို မယူမိအောင် စိတ်ကို မနည်း ထိန်းထားရတယ်ဗျ။ဒီလိုနဲ့ ခန်းမရောက်တော့ ခန်းမရဲ့ ပတ်ပတ်လည်မှာ အခန်းတံခါးတွေအများကြီးကိုလည်းတွေ့လိုက်ရတယ်။
ကျုပ်ရေကြည့်တော့ စုစုပေါင်း ၈ခန်းရှိတယ်ဗျ။ကျုပ်ရေနေတုန်း အရှေ့ဘက်က အခန်းတံခါးပွင့်သွားတယ်ဗျ။ အခန်းထဲကနေ စစ်မက်ဝတ်စုံနဲ့ အရိုးစုနဲ့လူရှစ်ယောက်က လက်နက်တွေကိုင်ပြီး ထွက်လာတာဗျ။ဒီကောင်တွေကျုပ်တို့ကို တိုက်ခိုက်ဖို့လာနေတာဗျ။
ဘိုးတေကလည်း သူ့လွယ်အိတ်ထဲကနေ အင်းချပ်လေးချပ်ကို ထုတ်ပြီး မီးရှို့လိုက်တယ်ဗျ။ပြီးတော့ အရှေ့ကို ပစ်လိုက်တယ်ဆို မီးလောင်နေတဲ့အင်းချပ်ကနေ ရှေးခေတ်ဝတ်စုံတွေနဲ့ ဓားလှံကိုင်ထားတဲ့ သူ လေးယောက်အဖြစ်ပြောင်းသွားတယ်ဗျ။
ရှေးခေတ်ဝတ်စုံနဲ့လူလေးယောက်က အရိုးစုလူ၈ယောက်နဲ့ တိုက်ခိုက်နေကြတယ်ဗျ။ဘိုးတေရဲ့ ရှေးခေတ်ဝတ်စုံနဲ့လူတွေကို အရိုးစုနဲ့သူတွေကမယှဥ်နိုင်ဘူးဗျ။တစ်ခဏအတွင်းမှာပဲ စစ်မက်ဝတ်စုံနဲ့ အရိုးစုတွေ ပျောက်ကွယ်သွားတယ်ဗျ။ရှေးခေတ်ဝတ်စုံနဲ့ လူလေးယောက်ကလည်း ဘိုးတေကို ဦးညွှတ်ပြီး ပျောက်ကွယ်သွားတယ်။
အဲ့ဒီအချိန် အခန်း၈ခန်းစလုံးကနေကြောင်လေးတွေ အများကြီးထွက်လာတယ်ဗျ။ကြောင်ပုံစံတွေက ကြောက်စရာကြီးတွေဗျ။မျက်နှာက စုတ်ချွန်းချွန်းနဲ့ သူတို့ရဲ့ ပါးစပ်တွေကိုလည်း ဟထားတာေကြာင့်သူတို့ရဲ့ စူးထက်တဲ့ အစွယ်တွေကို အတိုင်းသားတွေ့နေရတာဗျ။ပါးစပ်ကနေလည်း တညောင်ညောင်နဲ့အဆက်မပြတ်အော်နေတာဗျ။ဒီကောင်တွေက ကျုပ်တို့ကို ဝိုင်းထားတာဗျ။
ခန်းမထဲမှာ ကြောင်အော်သံတွေက ဆူညံနေတာပဲဗျို့။ကျုပ်နားတွေ မခံနိုင်တော့ဘူးဗျ။ကျုပ်နားထဲကနေ သွေးစနည်းနည်းလေးတောင်ထွက်လာတာကို သိလို်ကရတယ်ဗျ။ကျုပ်လည်းဘိုးတေကိုကြည့်လိုက်တော့ ဘိုးတေက ကြိုးတစ်ခုကို ကိုင်ထားတယ်ဗျ။လက်ကလည်း ကြိုးကို ဆ ဆကြည့်ပြီး တစ်ချက်မှာ ကြိုးကိုကြောင်အုပ်ထဲကို လှမ်းပစ်လိုက်တယ်ဗျ။
ကျုပ်လည်း ဘိုးတေလုပ်တာကို နားမလည်လို့ ကြည့်နေတာဗျ။ဘိုးတေက ပစ်လိုက်တဲ့ကြိုးကို ပြန်ဆွဲလိုက်တော့ ဟော ကြောင်သေးသေးလေးတစ်ကောင် ပါလာတယ်ဗျ။
အဲ့ဒီကြောင်လေးက အဝါရောင်လေးဗျ။ကျန်တဲ့ ကြောင်တွေ အကုန်လုံးက အနက်ရောင်တွေဗျ။အဝါရောင်ကြောင်လေး ဘိုးတေလက်ထဲရောက်တာနဲ့ အော်နေတဲ့ကြောင်တွေ အကုန် အသံ တိတ်သွားတယ်ဗျ။အခုမှ ကျုပ်လည်း နားငြီးသက်သာပြီးနေရတာအဆင်ပြေတာဗျ။ကျုပ်စိတ်ထင် ဒီကြောင်ဝါလေးက ကြောင်တွေအားလုံးရဲ့ ဘုရင် ဖြစ်မယ်ဗျ။
ဘိုးတေက ကြောင်ဝါလေးကိုကိုင်ပြီး တစ်ခုခုကို အာရုံစိုက်နေတယ်ဗျ။ ကျုပ်စိတ်ထင် ခန်းမထဲက ဘယ်အခန်းကို သွားရမလဲဆိုတာ အာရုံခံနေတာထင်တယ်။ပြီးတော့မှ ကျုပ်တို့ညာဘက်က အခန်းတစ်ခုကိုဝင်သွားတယ်။ကျုပ်လည်းနောက်ကလိုက်ဝင်ခဲ့တာေပါ့။ အခန်း ထဲရောက်တဲ့အထိ ဘိုးတေက ကြောင်ဝါလေးကိုချီထားတုန်းပဲဗျ။
အခန်းထဲမှာ ကိုမြတ်မင်းကိုတွေ့လိုက်ရတယ်ဗျ။သူ့ရဲ့အနားမှာလည်း အရမ်းလှတဲ့မိန်းကလေးတစ်ယောက်နဲ့အတူ သူတို့ရဲ့ ရံရွှေတော်ေတွကိုလည်း တွေ့လိုက်ရတယ်ဗျ။ဘိုးတေက သူတို့ကိုတွေ့တော့ လက်ထဲမှာ ချီထားတဲ့ ကြောင်ဝါလေးကို လွှတ်ပေးလိုက်တယ်ဗျ။
ကြောင်ဝါလေးက အမျိုးသမီးတစ်ယောက်ဆီပြေးသွားပြီး ငြိမ်နေတယ်ဗျ။အမျိုးသမီးလေးကလည်း ကြောင်ဝါလေးကို သူ့လက်နဲ့ပွတ်သပ်ပေးနေတယ်ဗျ။ကျုပ်လည်း သူတို့တွေကို သေချာကြည့်မိနေတာဗျ။
“အိုး•• လှလိုက်ကြတဲ့မိန်းကလေးေတွဗျာ လှတာမှတော်တော်ကိုလှတာဗျို့ကျုပ် ဘဝမှာ ဒီလောက်လှတဲ့မိန်းကလေးမျိုးကို အခုမှမြင်ဖူးတာဗျို့”
သူတို့က ကျုပ်နဲ့ဘိုးတေ တို့ကိုတွေ့တော့
“ကြွပါရှင် ကြွပါ ကျွန်မတို့ ပြုစုပေးပါမယ်”
အဲ့လိုပြောပြီး ရှေ့တိုးလာတာဗျ။ဘိုးတေကိုကျုပ်ကြည့်လိုက်တော့ ခေါင်းခါနေတာတွေ့ရတယ်ဗျ။ကျုပ်လည်း အနားကိုလာနေတဲ့ မိန်းကလေးတွေဆီကနေ မွှေးကြိုင်တဲ့ အနံ့ တွေကိုရှူမိပြိး အသိစိတ်လွှတ်သွားတယ်ဗျ။အဲ့ဒီ အမျိုးသမီးတွေနဲ့ ပျော်ပါးဖို့ကို ကျုပ်စိတ်က မထိန်းချုပ်နိုင်တော့ဘူးဗျို့။အဲ့ဒီအချိန် ဘိုးတေက ကျုပ်လက်ကိုကိုင်ပြီး
” ဖိုးထူး စိတ်ထိန်းထားစမ်း”
လို့ ပြောမှ ကျုပ်သတိပြန်ဝင်လာတာဗျ။ဘိုးကိုကျုပ်ကျေးဇူးတော်တော်တင်သွားတယ်။ပြီးတော့ တော်တော်လည်းရှက်သွားတာဗျို့။
“နန်းရွှေမွန် သင်တို့နှစ်ေယာက်ဟာ ပေါင်းဖက်ဖို့မဖြစ်နိုင်တာ မသိဘူးလား”
“သင်ဘယ်သူလဲ ကျွန်ုပ်တို့နှစ်ေယာက်ကြားကို ဘာကြောင့် ဝင်စွက်ဖက်ရတာလဲ”
ဘိုးတေနဲ့ ဥစ္စာစောင့်မလေး တို့ပြောနေကြတာဗျ။ဘိုးတေ ခေါ်လိုက်မှဥစ္စာစောင့်မလေးနာမည်က နန်းရွှေမွန်ဆိုတာကို ကျုပ်သိလိုက်ရတာဗျ။ကိုမြတ်မင်းကတော့ ကျုပ်တို့ကို မသိသလိုကြည့်နေတယ်ဗျ။ ဒါဟာလည်း နန်းရွှေမွန်လုပ်ထားလို့ဖြစ်မယ်ဗျ။
“မြတ်မင်းကို ကျုပ်တို့လက်ထဲပြန်ထည့်ပေးလိုက်ပါ။”
“မောင်တော့်ကို ရှင်တို့နဲ့မထည့်ပေးနိုင်ဘူး မောင်တော်ကရော သူတို့နဲ့ ပြန်လိုက်ချင်လို့လားဟင်”
နန်းရွှေမွန်ကကိုမြတ်မင်းကိုမေးလိုက်တာဗျ။
“မလိုက်ပါဘူး ကျုပ်ကနှမတော်နဲ့ပဲနေမှာ ဘယ်ကိုမှမသွားဘူး”
“ကိုမြတ်မင်း ကျုပ်ဖိုးထူးလေ ကျုပ်ကိုမမှတ်မိဘူးလား အိမ်မှာကိုမြတ်မင်းရဲ့ အဖေနဲ့အမေတို့စောင့်နေကြတယ်ဗျ။”
ကျုပ်ဝင်ပြောလိုက်တော့မှကိုမြတ်မင်းက ကျုပ်ကိုကြည့်ပြီးတစ်ချက်ငိုင်သွားတယ်ဗျ။အဲ့ဒါကိုမြင်တော့ နန်းရွှေမွန်က ကျုပ်ကို ဒေါသထွက်တဲ့အကြည့်နဲ့ကြည့်ပြီး လက်ကတစ်ခုခုနဲ့ပစ်လိုက်တယ်ဗျ။ ကျုပ်မျက်စိထဲမှာ အလင်းတန်းလေးတစ်ခုက ကျုပ်ဆီကို လှစ်ခနဲ့ထွက်လာတာကိုတွေ့လိုက်တာဗျို့။
ဘိုးတေကလည်းလျင်တယ်ဗျ။ နန်းရွှေမွန်ပစ်လိုက်တာနဲ့ အင်းချပ်တစ်ခုကို ပစ်လိုက်တယ်ဗျ။ အလင်းတန်းနဲ့ အင်းချပ်ထိပြီး ပေါက်ကွဲသွားတယ်ဗျ။
“နန်းရွှေမွန် သင်ကသင့်အထက်က ပုဂ္ဂိုလ်တွေမသိအောင် မကောင်းမှုတွေကျူးလွန်မလို့လား သင့်ကိုကျွန်ုပ်တို့ နာကျင်အောင်မပြုလုပ်ချင်ဘူးဒါကြောင့် မြတ်မင်းကို ကျုပ်တို့နဲ့ အေးဆေးပြန်ထည့်ပေးလိုက်ပါ”
“မထည့်နိုင်ဘူး မောင်တော့်ကို မထည့်ပေးနိုင်ဘူး ”
ဘိုးတေက ပြောပေမဲ့ နန်းရွှေမွန်က လက်မခံဘူးဗျ။ ဒါနဲ့ ဘိုးတေက
“ဒါဆိုလည်း ကျုပ်အဆိုးမဆိုနဲ့ ကဲ•••မြတ်မင်း မင်းသိပ်ချစ်ပါတယ်ဆိုတဲ့ နန်းရွှေမွန်ရဲ့ တကယ့်ရုပ်အမှန်ကိုမင်းကြည့်စမ်း ”
ဆိုပြီး ဘိုးတေက နန်းရွှေမွန်တို့ဆီ ကို အင်းချပ်တစ်ချပ် ပစ်လိုက်တယ်ဗျ။
” ဝုန်း… ဝုန်း..”
အသံနဲ့အတူအခန်းတစ်ခုလုံးလည်း မီးခိုးငွေ့တွေ ပြည့်သွားတယ်ဗျ။ခနအကြာမှ မီးခိုးတွေပျောက်သွားတော့ အရမ်းလှပတဲ့နန်းရွှေမွန်နဲ့ သူ့ရဲ့ရံရွှေတော်တွေက မျက်လုံးပြူးပြူး ဗိုက်ပူပူနဲ့ ကြောက်စရာပုံစံကြီးအဖြစ်ပြောင်းလဲသွားတာကို တွေ့လိုက်ရတယ်ဗျ။
“အမလေး… မင်းဘယ်သူလဲ… နန်းရွှေမွန်ရော”
ကိုမြတ်မင်းကကြောက်ကြောက်လန့်လန့်နဲ့ပြောတာဗျ။
“ကဲ…မြတ်မင်းကို ညှို့ပြီးပြုစားထားတာတွေ အကုန်ပျောက်စမ်း”
ဘိုးတေက ပြောပြီးကိုမြတ်မင်းရဲ့ နဖူးကိုအင်းချပ်တစ်ခုကပ်လိုက်တယ်ဗျ။အဲ့ဒီတော့မှကိုမြတ်မင်းက
“ဖိုးထူး ငါတို့ဘယ်ရောက်နေတာလဲ “လို့ ကျုပ်ကိုကြည့်ပြီးမေးလာတယ်ဗျ။ကျုပ်လည်း
“နောက်မှမေး ကိုမြတ်မင်းရေ ခုအိမ်မှာကိုမြတ်မင်း အဖေနဲ့အမေစောင့်နေတယ် အကိုကျုပ်တို့နဲ့ ပြန်လိုက်မယ်မလား ”
“လိုက်မှာပေါ့ကွ”
နန်းရွှေမွန်ကတော့ အဲ့ဒီ အဖြစ်အပျက်ကိုတွေ့ပြီး အရမ်းဒေါသထွက်သွားတယ်ဗျ။ ပြီးတော့ ပါးစပ်ကနေလည်း
“သတ်ကြ…အကုန်လုံးကို သတ်ကြ…”
ဆိုပြီး အသံနက်ကြီးနဲ့ အော်တော့တာပဲဗျို့။ သူ့အော်သံဆုံးတာနဲ့ အရွယ်မျိုးစုံနဲ့ ပြိတ္တာတွေက ဓားလှံလက်နက်တွေနဲ့ပေါ်လာပြီး ကျုပ်တို့ဆီကို ပြေးလာကြရောဗျို့။
ဘိုးတေကလည်း သူ့ရဲ့ညာဘက်လက်ကို ဆန့်ပြီး ဂါထာတစ်ပုဒ်ကိုရွတ်နေတယ်ဗျ။ သူရွတ်နေတုန်း သူ့လက်ထဲကနေ ရွှေရောင်အလင်းတန်းတွေထွက်လာတယ်ဗျ။ အလင်းရောင်တွေက ကျုပ်တို့ သုံးယောက်ကို လွှမ်းခြုံထားတယ်ဗျ။ လာနေတဲ့ ပြိတ္တာတွေလည်း အလင်းရောင်ကိုထိတာနဲ့ ရှေ့ဆက်တိုးမရံ ပျောက်ကွယ်သွားရောဗျ။
ကျုပ်တို့လည်း ဝင်လာခဲ့တဲ့လမ်းအတိုင်းပြန်ထွက်လာခဲ့တယ်။တံခါးပေါက်နားဆီကိုရောက်တော့ ဘိုးတေကကျုပ်တို့ကို အပြင်ကိုတွန်းထုတ်လိုက်တယ်ဗျ။ကျုပ်နဲ့ ကိုမြတ်မင်းတို့ တံခါးပေါက်အပြင်ဘက်ရောက်တာနဲ့ ဝုန်းဆိုတဲ့ တံခါးပိတ်သွားတဲ့အသံနဲ့အတူ ကျုပ်တို့အသိစိတ်ကင်းမဲ့သွားခဲ့တော့တယ်။
****
“သတိရလာပြီ ဦးလေးရေ …ကိုကြီးဖိုးထူးသတိရလာပြီဗျ”
ကျုပ်နားထဲမှာ အသံတစ်သံကြားနေရတာဗျ။ကျုပ်မျက်လုံးကိုမနည်းဖွင့်နေရတယ်ဗျ။ ကျုပ်ကြည့်လိုက်တော့ သံကုလားက အော်နေတာဗျ။
” ဖိုးထူး မင်းသတိရပြီနော် ”
ကျုပ်ဘေးနာက ကိုမြတ်မင်း ကပြောတာဗျ။
“ဟုတ်သတိရပြီ ကိုမြတ်မင်း..ကိုမြတ်မင်းဘေးကင်းတယ်နော်”
“အေး… ငါမင်းကိုကျေးဇူးအရမ်းတင်တယ်ကွာဖိုးထူးရာ”
“ရပါတယ်ကိုမြတ်မင်းရာ ဒါနဲ့ဘိုးတေရော ”
ကျုပ်မေးလိုက်တော့ ဘေးနားကဦးထွန်းကိုက ဝင်ပြောတယ်ဗျ။
“ဘိုးတေ က အထက်ကတာဝန်ပေးလို့ တခြားနေရာကိုထွက်သွားပြီဖိုးထူး။”
“ဟုတ်လို့လား ဦးလေး ဘိုးကသိုက်ထဲမှာကျန်ခဲ့တာမဟုတ်ဘူးလားကျုပ်ကိုမလိမ်နဲ့နော်”
“မလိမ်ပါဘူးဖိုးထူးရာ မင်းတို့ ကုက္ကိုလ်ကုန်းကိုမသွားခင် ဘိုးက ငါ့ကိုပြောခဲ့တာ။ သူက မြတ်မင်းရဲ့ဝိညာဉ်ကို အရင်ကယ်ပြီးမှ ဥစ္စာစောင့်တွေကို တရားချဆုံးမဖို့ သူ့ကိုအထက်က တာဝန်ပေးထားတယ်တဲ့။
မင်းတို့ သွားပြီး သုံးလေးနာရီလောက်ကြာရင် ကုက္ကိုလ်ကုန်းကို လာဖို့ပြောခဲ့တာ။ နှစ်နာရီမကြာခင်မှာပဲ မြတ်မင်းက သတိပြန်ဝင်လာခဲ့တယ်။အဲ့ဒါနဲ့ ကုက္ကိုလ်ကုန်းကိုသွားကြည့်တော့ မင်းကအပင်ရှေ့မှာသတိလစ်နေတယ်ကွ။အဲ့ဒါမို့ မင်းကို ဦးလေးတို့အိမ်ကိုပြန်ထမ်းလာကြပြီး သတိလည်အောင်လုပ်နေတာကွ”
ဦးထွန်းကိုရှင်းပြမှ ကျုပ်နားလည်သွားတာဗျ။ကျုပ် သတိပြန်ရလာတာက ဦးထွန်းကိုတို့အိမ်မှာဗျ။
ဒါကြောင့် အဖေနဲ့အမေ စိတ်ပူမှာစိုးလို့ ကျုပ်ရဲ့လွယ်အိတ်လေးကိုလွယ်ပြီးအိမ်ကိုပြန်ခဲ့တာပေါ့ဗျာ။အပြင်မှာကလည်း နည်းနည်းမှောင်နေပြီဗျ။ကျုပ်လည်းအိမ်ကိုအမြန်ပြန်လျှောက်ခဲ့တယ်။ ကျုပ်လည်း အိမ်ရောက်တော့အဖေနဲ့အမေက ကျုပ်ကိုစိတ်ပူပြီးစောင့်နေတာတွေ့လိုက်ရတယ်ဗျ။ကျုပ်လည်း ခနနားပြီး အဖြစ်ပျက်အကြောင်းစုံကိုခရေစေ့တွင်းကျ ပြန်ပြောပြလိုက်တာပေါ့ဗျာ။
အဖေတို့ကလည်း ဒီကိစ္စကိုကြားပြီး အံ့ဩနေကြတာပေါ့ဗျာ။ပြီးတာနဲ့ကျုပ်လည်း ကျုပ်အိပ်ယာဆီကို သွားလိုက်တယ်။ကျုပ်လွယ်အိတ်ထဲက ပစ္စည်းတွေပြန်စစ်လိုက်တော့ကျုပ်လွယ်အိတ်ထဲမှာ ဘိုးမင်းထင် ပေးခဲ့တဲ့အင်းတွေအပြင် တခြားအင်းချပ်တွေပါ ပိုတိုးနေတာကို တွေ့လိုက်ရတယ်ဗျ။ ပြီးတော့ ပုတီးတစ်ကုံးလည်းပါတယ်ဗျ။ဘိုးမင်းထင်ပြောပြလို့ အင်းတွေရဲ့အကြောင်းကို ကျုပ်အတော် အသင့် သိခဲ့ပြီးပြီဗျ။
ဒါကြောင့် ကျုပ်လွယ်အိတ်ထဲက အင်းတွေက အစွမ်းထွက်တဲ့အင်းတွေမှန်းကျုပ်သိတာပေါ့ဗျာ။ပုတီးကတော့ ဘယ်လို အစွမ်းထက်တယ်ဆိုတာ သေချာမသိသေးဘူးဗျ။ဒီအင်းချပ်တွေနဲ့ ပုတီးကို ကျုပ်ကို ဘိုးတေက ပေးခဲ့တယ်ဆိုတာလည်းကျုပ်တွေးမိတယ်ဗျ။ကျုပ်လည်း ဆက်မတွေးတော့ပဲ ခြေလက်ဆေး ပြီး အိပ်ယာဝင်ခဲ့လိုက်တယ်။
နောက်နေ့ မနက်မှာတော့ အိမ်က လုပ်စရာရှိတဲ့အလုပ်ကို လုပ်နေရတာပေါ့ဗျာ။ငရုတ်စိုက်ဖိို့ ငရုတ်ကြဲထားတာမို့ ငရုတ်ပင်တွေ ရေသွားလောင်းရတယ်ဗျ။
ကိုမြတ်မင်းကတော့ ကုက္ကိုလ်ကုန်းဘက်ကိုခြေဦးတောင်မလှည့်တော့ဘူးတဲ့ဗျ။ လယ်ထဲသွားရင်လည်း လယ်ထဲမှာပဲ နားပြီး အရိပ်ရတဲ့ ကုက္ကိုလ်ပင်ကြီးဘက်တောင် မသွားတော့ဘူးဆိုတဲ့ သတင်းကိုလည်း ကြားရတယ်ဗျ။
ဖြစ်ခဲ့တဲ့ ကိစ္စကိုလည်း တော်တော် ကြောက်သွားလို့နေမယ်ဗျ။ ဒါပေမဲ့ အဲ့ဒီအဖြစ်အပျက်ဖြစ်ပြီးနောက်ပိုင်း ကုက္ကိုလ်ကုန်းကဥစ္စာစောင့်နဲ့ ပတ်သက်တဲ့အကြောင်းတွေကို ထပ်မကြားရတော့ပါဘူးဗျာ။ဘိုးတေက ဥစ္စာစောင့်တွေကို တရားချ ဆုံးမလိုက်လို့ပဲ ဖြစ်မယ်လို့ ကျုပ်တွေးမိတယ်ဗျ။ကျုပ်လည်း ဘိုးတေအကြောင်းကို တွေးနေရင်းနဲ့ ငရုတ်ပင်လေးတွေကို ရေလောင်းဖို့ ရေထမ်းပုံးလေး ပုခုံးပေါ်တင်ပြီး ထွက်လာခဲ့တော့တယ်ဗျို့။
ပြီးပါပြီ။
စိတ်ကူးဖြင့်ပုံဖော် ဖန်တီးရေးသားခြင်း ဖြစ်သည်။
#ဉာဏ်ထက်(ရောင်စဥ်)