လူ့မနော

Posted on

လူ့မနော(စ/ဆုံး)

———————
**ကေသရီရေ ညနေ မြမြချိုသား‌ေလးမွေးနေသွားရင်ငါ့ကို၀င်ခေါ်အုံးနော်။မြို့သစ်ဘက်ဆိုတော့လမ်းကြမ်းတယ်။ ငါ့ဆိုင်ကယ်ကအသစ်ဆိုတော့အင်ဂျင်နာမှာဆိုးလို့ဟယ်**။ စကားဆုံးတာနဲ့ဖုန်းချသွားတဲ့လှလှနွယ်ကြောင့်ကေသရီ သက်ပြင်းမောကိုသာ မသိမသာချမိတော့တယ်။
ကေသရီတို့အုပ်စုက အလယ်တန်းထဲကနေအခုထိ အတွဲမပျက်ကြတဲ့သူငယ်ချင်းအုပ်စုကြီးဖြစ်သည်။နိုင်ငံခြားရောက်နေသူ၊နယ်ဝေးရောက်နေသူတွေရှိကြပေမဲ့ တစ်မြို့ထဲနေ သူငယ်ချင်း ဆယ့်လေးငါးယောက်ကတော့ မကြာမကြာ ဆုံဖြစ်ကြပြီးအတွဲမပျက်ကြပါ။

အားလုံးထဲမှာကေသရီက အပျိုကြီးလည်းဖြစ်၊ ၀န်ထမ်းလည်းမလုပ်ဘဲ မိဘလက်ငုပ်လက်ရင်းအထည်ဆိုင်ကိုဦးစီးနေပေမဲ့ စိတ်ချရတဲ့၀န်ထမ်းတွေရှိတာမို့ကျန်တဲ့သူတွေထက်စာရင်ပိုအားလပ်ချိန်ရှိတယ်ပဲပြောရမည်။

ပင်ကိုယ်စိတ်ရင်းက ခင်မင်တတ် အားနာတတ်သူမို့သူများအကူအညီလာတောင်းရင် ငွေရေးကြေးရေးကစလို့ လူမှု့ရေး စီးပွားရေး အကူအညီအဆုံး ဟင့်အင်းလို့ငြင်းရမှာအင်မတန်၀န်လေးသူဖြစ်သည်။
အားနာပြီးလက်လွယ်တာရော၊သနားတတ်တာရောတွေကြောင့် ငွေကြေးတွေဆုံးပေါင်းလည်းမနည်းတော့ပေ။ တစ်ခါတစ်လေ တစ်ချို့လူတွေကသူ့ဆီက အကြွေးကျယူထားပြီးပြန်မဆပ်ကြဘဲ social media ပေါ်တက်ပြီးကြွားဝါနေရင်တောင် အရှက်ခွဲဖို့ ပြောဆိုဖို့ထက် အဲလူတွေသူ့အကြွေးတွေမဆပ်ဘူးဆိုတာတောင်သူများသိမှာစိုးနေရှာတဲ့အထိ တစ်ဖက်သားကိုထောက်ထားတတ်သူဖြစ်သည်။

အပေါင်းအသင်းမိတ်ဆွေဆိုလည်း သာတယ်နာတယ်မတွက်ဘဲအလွန်အနစ်နာခံပြီး ခင်တတ်မင်တတ်ပေါင်းသင်းတတ်သလိုတော်ရုံလည်းစိတ်မဆိုးတတ်၊ဘယ်သူအကူအညီတောင်းတောင်းကိုယ်ဖိရင်ဖိကူညီတတ်သူမို့ လူချစ်လူခင်ပေါသူလေးဖြစ်သည်။

လူဆိုတာလည်းခက်သားလား ကူညီတတ်အားနာတတ်တဲ့သူ၊တစ်နည်းအားဖြင့်အဆိပ်မရှိသူဆိုထိပ်ပုတ်ချင်ကြတာသဘာ၀မို့ အပေါင်းအသင်းတွေကအစ ကေသရီကိုဆိုရင် အားမနာရမဲ့သူ ၊ခိုင်းရမဲ့သူလို့ကို ထင်လာကြတော့တာဖြစ်သည်။
အခုလည်းကြည့် မြို့သစ်ဘက်မှာနေတဲ့သူတို့သူငယ်ချင်း မြမြချိုရဲ့သားလေးမွေးနေ့ကိုသွားကြဖို့အတွက် လမ်းကြမ်းတော့ ဆိုင်ကယ်နာမှာဆိုးလို့ လှလှနွယ်က သူ့ကိုလာ၀င်ခေါ်ခိုင်းနေတာဖြစ်သည်။
စိတ်ထဲတစ်မျိုးလေးဖြစ်သွားပေမဲ့ ဪငါ့ကို လူရင်း အားနာရမဲ့သူမဟုတ်လို့ လာ၀င်ခေါ်ခိုင်းတာနေမှာပါလို့ ပေါ့ပေါ့ပါးပါးလေးတွေပြီး အမြန်ပြင်ဆင်ပြီးတာနဲ့ လှလှနွယ်ကို၀င်ခေါ်၊ မြို့သစ်လမ်းကြမ်းကြမ်းမှာ ယိုးဒယားဆိုင်ကယ်အသစ်လေးကိုမညှာမတာ ကဆုန်ပစ်မောင်းရင်းထွက်လာခဲ့တော့တယ်။

မွေးနေ့အိမ်ရောက်တော့လူစုံသလောက်ရှိနေပေမဲ့ တစ်ခုခုဆိုအမြဲနောက်ကျတတ်တဲ့ သိရိနဲ့မေမွန်တို့ညီအစ်မကမရောက်ကြသေးပါ။
ကေသရီကိုလည်းမြင်ရော အိမ်ရှင် မြမြချိုက **ဟယ်ဟိုမှာကေသရီလာပြီ၊၊ အတော်ပဲ ကေသရီရေ သိရိနဲ့မေမွန်က ဝေးလို့ သူတို့အိမ်က ဆိုင်ကယ်နဲ့စိတ်မချလို့မလွှတ်တာနဲ့ ခုထိမလာရသေးဘူး။နင်တစ်လက်စထဲသွားခေါ်လိုက်ပါလား**။။ အိမ်ထဲတောင်မ၀င်ရသေး အမောဆို့အောင်လှမ်းပြောတဲ့အိမ်ရှင်မြမြချို့ရဲ့စကားအဆုံး ဒီတစ်ခါတော့ကေသရီလည်းတကယ်အဆင်မပြေတာမို့ငြင်းရတော့တယ်။
သိရိတို့မမောင်းရဲလည်းသူတို့အိမ်မှာ အစ်ကိုတွေရော ဦးလေးတွေရောရှိတာလိုက်ပို့ရတာပဲမြမြရယ်။ အဲဘက်က ဒီအချိန်စက်ရုံဆင်းချိန်ဆိုတော့လူတစ်အားရှုတ်တာငါမသွားရဲဘူးဟယ်။နောက်လည်းကျနေတော့ငါသိပ်မမောင်းရဲတော့ဘူး။

ကေသရီကမငြင်းစဘူး ငြင်းလိုက်တာကြောင့်မြမြချိုမျက်နှာက ချက်ချင်းတင်းသွားပြီး သိရိနဲ့မေမွန်ကိုဖုန်းလှမ်းဆက်ပါလေရော။
**သိရိတို့ရေ နင်တို့လာဖို့အဆင်မပြေရင်မလာကြနဲ့တော့ ၊၊ငါစိတ်မဆိုးဘူး သိလား၊၊ ကေသရီကနင်တို့ကိုလာမခေါ်နိုင်ဘူးတဲ့၊၊
စကားကိုသံပြတ်နဲ့ခပ်ပြတ်ပြတ်ပြောရင်းမြမြချိုက ဖုန်းချလိုက်သလို မျက်နှာထားကလည်းတင်းနေတယ်။ ကျန်တဲ့သူတွေကလည်း သိပ်ကြည်ကြည်လင်လင်မရှိကြတာမို့ ကေသရီလည်း မွေးနေ့ရှင် ကလေး အတွက်လက်ဆောင်လေးပေးပြီးထပြန်လာခဲ့တော့တယ်။
အဲကိစ္စပြီးကတည်းက သူငယ်ချင်းတွေမဆုံဖြစ်ကြတော့သလို့ သူ့ဆီလည်းဖုန်းတွေဘာတွေမဆတ်ကြတော့တာ မို့ မအားကြဘူးနဲ့တူတယ်လို့ကေသရီတွေးနေမိတယ်။

အပေါင်းအသင်းမင်ပြီး စိတ်ထဲဘာမှအခုအခံမထားတတ်သူမို့ သူငယ်ချင်းတွေကိုသတိရလာတာနဲ့ ဒီညတော့ စားစရာသောက်စရာတွေ၀ယ်ပြီး သူငယ်ချင်းတွေ လူစုအုံးမှလို့ တွေးပြီး သူတို့သူငယ်ချင်းတွေစားနေကြဆိုင်ကိုထွက်လာခဲ့လိုက်တော့တယ်။
**ဟယ် ဆိုင်ရှေ့မှာ သိရိတို့ လှလှနွယ်တို့ ဆိုင်ကယ်တွေပါလား**။ အတွင်းခန်းမှာများလားမသိဘူးဆိုပြီး၀မ်းသာအားရ ဆိုင်ထဲ၀င်လိုက်တဲ့ ကေသရီ တစ်ယောက် အထဲက စကားသံတွေကြောင့်ခြေလှမ်းတုံ့သွားမိတယ်။

**ဟဲ့ နင်တို့တွေဆုံကြတာဘယ်နှစ်ခါရှိနေပြီလဲ ၊ကေသရီကိုတစ်ခါမှမခေါ်ဘူးနော်။ သိသွားရင်အားနာစရာကြီးဟာ၊၊ အချင်းချင်းတွေပဲဟာ**။ အသံက သူတို့အဖွဲ့ထဲက နယ်မှာတာ၀န်ကျနေလို့ တစ်ခါတစ်ခါမှဆုံရတဲ့လူပျိူကြီးစိုးပိုင်ဦး အသံပဲဖြစ်သည်။

**ခေါက်ထားလိုက်စမ်းပါဟယ်၊၊ နင်မပြောရင်ဘယ်သူမှမသိဘူး၊၊ ငါ့သားမွေးနေ့တုန်းကလေ သိရိတို့ခင်မျာ လာချင်တာ သူသွားမခေါ်ပေးလို့မလာရဘူးသိလား။ သူငယ်ချင်း အချင်းချင်း ဒါမျိုးလာမချိုးနဲ့မရဘူး။ သူမပါလည်းဘာဖြစ်လဲ တို့တွေချည်းပဲဆုံလို့ရတာပဲဟာ။

အာပေါင်အာရင်းနဲ့ပြောပြနေတဲ့မြမြချိုအသံ၊ထောက်ခံနေကြတဲ့ လှလှနွယ်တို့ သိရိတို့ အသံတွေကြား ကေသရီတစ်ယောက် အံလေးသာဖိကြိတ်ထားမိတယ်။
သူငယ်ချင်းတွေကိုဘယ်သူဘာဖြစ်ဖြစ်မိသားစုလို စိတ်ရင်းနဲ့ကူညီခဲ့တာ၊သာရေးနာလေးအကုန်မိသားစုစိတ်ဓာတ်နဲ့ကိုယ်ဖိရင်ဖိလုပ်ပေးခဲ့သမျှတွေဟာ ဒီတစ်ကြိမ်လေးငြင်းမိတာနဲ့ လူတွေဟာ မျက်နှာမထောက်‌ကြတော့ပါလားနော်။
ရင်ဘတ်နဲ့ပေါင်သင်းခဲ့သူမို့ စိတ်ထဲနင့်နေအောင်‌ခံစားပေမဲ့ လူတွေရဲ့ဟန်ဆောင်မျက်နှာဖုံးတွေ စိတ်ရင်းအမှန်တွေသိလိုက်ရတာမို့ ရှေ့လျှောက်အပေါင်းအသင်းကြည့်ပေါင်းဖို့သင်ခန်းစာရလိုက်တာကေသရီအတွက်အမြတ်ပါပဲလေ။

ဪ ဒါကြောင့်လည်း ရှေးပညာရှိတွေက **လူ့အကြိုက် ဆယ်ခါလိုက်လည်း ၊မလိုက်တစ်ခါရှိခဲ့ပါမူ ၊ကြီးစွာရန်သူစွဲမှတ်ယူ၏**လို့ဆိုခဲ့ကြ‌တာပဲဖြစ်မှာပါ။
များသောအားဖြင့်လူ့မနောဆိုတာ အရင်ကဘယ်လောက်ပဲကောင်းခဲ့ကောင်းခဲ့ တစ်ခါလောက်သူတို့အကြိုက်မလိုက်ပေးနိူင်ရင် ကောင်းခဲ့သမျှအရာရာသင်ပုန်းချေပြီး ငြင်းလိုက်တဲ့တစ်ခါကိုပဲ အပြစ်တင်အပြစ်မြင်တတ်ကြပါလားလို့တွေးရင်း အင်မတန်ထူးဆန်းတဲ့ +-လူ့မနော**ကိုအံ့သြမိနေပါတော့တယ်။။

ခတ္တာဖူးငုံ