ကျော်စိုးဗိုလ်
မုဆိုးလုပ်ချင် အသက်ထက်ဝက် စပေါ်တင်
နောက်တစ်ပတ် သောကြာနေ့ ညနေ ၅ နာရီခန့်၌ ကျွန်ုပ်နှင့် ဇနီးဖြစ်သူတို့သည် အန်ကယ်လ် ဦးတင်မောင်၏အိမ်သို့ ရုံးမှအပြန် ဝင်ရပြန်လေ၏။ ထုံးစံအတိုင်း အန်ကယ်လ်မှာ ဝင်းခြံဝမှ ကိုယ်တိုင်စောင့်ကာ ကားဝင်ရန် တံခါးဖွင့်ပေးပြီးနောက် ကျွန်ုပ်က ဝင်းခြံအတွင်း ကားရပ်လိုက်သောအခါ –
တင်။ ။ ဦးကျော်စိုးဗိုလ် လာမှ လာပါ့မလားလို့။
ကျွန်ုပ်။ ။ လာမှာပေါ့ အန်ကယ်လ်။ ကျွန်တော် ကတိပေးထားတာပဲ။ မလာဖြစ်ရင်လည်း အကျိုးအကြောင်း ဖုန်းဆက်မှာပေါ့။
တင်။ ။ ဟုတ်ကဲ့ … ခင်ဗျား ကတိတည်တာ၊ အချိန်နောက်မကျတာတွေကို သိပါတယ်။ ဒါပေမဲ့ အရေးပေါ် အမှုသည်ရောက်နေရင် သို့မဟုတ် ကိစ္စတစ်ခုခု ပေါ်နေမှာစိုးလို့ပါ။
ဟု ပြောရင်း အိမ်ပေါ်သို့ ရောက်သောအခါ စားပွဲပေါ်တွင် ဝီစကီအသင့် အမြည်း၊ ဆိုဒါ၊ ရေခဲအပြင် အအေးပါ အသင့်ပင်ဖြစ်နေသည်ကို တွေ့ရလေ၏။
ကျွန်ုပ်၏ ဇနီးမှာလည်း ကျွန်ုပ်တို့နှင့်ပင် ထိုင်ကြလေရာ ကျွန်ုပ်၏ဇနီးက-
ဇနီး။ ။ အန်ကယ်လ် … အန်တီလည်း မမြင်ပါလား။
တင်။ ။ ရှိပါတယ် … ရှိပါတယ် … လာပါလိမ့်မယ်။ မီးဖိုထဲမှာ မြေးတွေအတွက် ဘာတွေစီမံနေလဲ မသိဘူး။
ဆိုကာ အိမ်တွင်းသို့လှမ်း၍ …
“အမေကြီးရေ … ဒီမှာ ဦးကျော်စိုးဗိုလ် ဇနီးက မေးနေတယ်။ ပြီးရင် ထွက်လာပါဦးကွာ”
“ဟုတ်ကဲ့ … လာပါပြီ”
အန်တီ ရောက်လာသောအခါ မိန်းမချင်း စကားပြောကြသကဲ့သို့ အန်ကယ်လ်ဦးတင်မောင်မှာလည်း ယခင်ကစကားကို ဆက်ကြလေ၏။
တင်။ ။ ကဲ … ဆက်ပါဦး ဦးကျော်စိုးဗိုလ်။
ကျွန်ုပ်။ ။ ဟုတ်ကဲ့ အန်ကယ်လ် … အရင်တစ်ခါ ကျွန်တော်ပြောခဲ့သလို မြန်မာပြည်သစ်တောမှတ်တမ်းတွေအရ ပြောင်တိုက်၊ ကျားကိုက်၊ ဝက်ပက်၊ ဝံကုတ်၊ ပျားတုတ်၊ ကျားသစ်ဆွဲ၊ ဆင်ထိုး၊ ဆင်နင်းလို့ အသက်ဆုံးရှုံးရတာတွေ ရှိခဲ့ဖူးပါတယ်။ အဲဒီအထဲက သင့်ရာကို ရွေးပြီး ပြောပါမယ်။
မပြောမီမှာ အရင်တစ်ခါ ပြောခဲ့သလို မြန်မာပြည် သစ်တောကြီးတွေက ထူထပ်လေတော့ မိုးနည်းရေရှားဇုန်လောက်ကလွဲရင် သားကောင်ကြီးတွေကို အဝေးက မမြင်နိုင်ဘူး။ ဒီအချက်ဟာ မုဆိုးအတွက် အင်မတန်အန္တရာယ်များတဲ့ အချက်ဆိုတာ ပြောဖို့တောင် လိုမယ်မထင်ပါဘူး။
မြန်မာနိုင်ငံ နယ်မြေအကျယ်အဝန်းရဲ့ ၅ဝ ရာခိုင်နှုန်းကျော်ကျော်ဟာ သစ်တောတွေနဲ့ ဖုံးလွှမ်းနေရာမှာ မြန်မာပြည်အလယ်ပိုင်းလောက်သာ သစ်တောကျဲပါးပြီး ကျန်တဲ့ အရှေ့၊ အနောက်၊ တောင်နဲ့ မြောက် အားလုံးဟာ အမြဲစိမ်းသစ်တောက များလေတော့ သားကောင်ကြီးတွေ ခိုအောင်းကြတယ်။
အလျဉ်းသင့်လို့ ဒီနေရာမှာ မြန်မာပြည်က သားကောင် ကြီး၊ လတ်၊ ငယ် တွေအကြောင်း ပြောပါရစေ အန်ကယ်လ်။
တင်။ ။ ဟုတ်ကဲ့ ပြောပါ၊ ဗဟုသုတရတာပေါ့။
ကျွန်ုပ်။ ။ မြန်မာပြည် သားကောင်တွေအနက် ခြေလေးချောင်းသတ္တဝါတွေဟာ ဆင်၊ ပြောင်၊ စိုင်၊ နှော၊ တောနွား၊ ကျား၊ ကျားသစ်၊ ကြံ့ အနည်းငယ်၊ ဆတ်၊ သမင်၊ ဒရယ်၊ ချေ(ဂျီ)၊ ချေလှောင် (ဂျီလှောင်(သို့)ငယ်)၊ တောဝက်၊ တောကြောင်အမျိုးမျိုး၊ ခွေးတူဝက်တူ၊ မြွေပါ၊ တောခွေးကြီး၊ ခွေးအ၊ ဝက်ဝံ၊ ဝံကြုတ်၊ ဝံတီးတိုး(HEMALIAN BEAR)၊ ဝံမြီးကောက်၊ တောဆိတ်၊ တောင်ဆိတ်၊ သားမင်းကောင်တွေ ရှိပါတယ်။ အာဖရိကနှင့် ယှဉ်ကြည့်ရင် အမျိုးအစား သိပ်မများဘူးလို့ ဆိုရပါမယ်။
တင်။ ။ ဒါဆို အာဖရိကမှာ ပိုများတာပေါ့ … ဟုတ်လား။
ကျွန်ုပ်။ ။ ဟုတ်ပါတယ် အန်ကယ်လ်။ အာဖရိကမှာက ဆင်၊ တောကျွဲ(CAPEBUFFALO)၊ ခြင်္သေ့၊ ကျားသစ်(LEOPARD)၊ ကျားသစ်တစ်မျိုး (CHEETER)၊ ကြံ့၊ တောခွေးကြီးတစ်မျိုး(HYENA)၊ တောခွေး၊ ခွေးအ၊ White Belsbuck (ချိုအဆစ်ပါ အဖြူရောင်တောဆိတ်)၊ Belsbock (ဦးချိုအဆစ်ပါ တောဆိတ်တစ်မျိုး)၊ Impala(အာဖရိကသမင်မျိုး)၊ Bontebok (ခြေလေးဖက်ဖြူ၊ နှာရင်း အမြီးပိုင်းဖြူ တောဆိတ်တစ်မျိုး)၊ Greyrhebok (ချိုစူးသမင် အညို)၊ Bushbuck (လည်ပင်းကျား တောသမင်တစ်မျိုး၊ Hartebeest (အာဖရိက တောနွားတစ်မျိုး)၊ Nyala (အဖြူစင်းကန့်လန့်ပါ အာဖရိကဆတ်တစ်မျိုး)၊ Roan antelope (အာဖရိက သမင်တစ်မျိုး)၊ Suni (အာဖရိက ဒရယ်အသေး တစ်မျိုး)၊ Springbok (အာဖရိက ဘေးကျားချေတစ်မျိုး)၊ Tsessebe (အာဖရိက ဆိတ်ကြီးတစ်မျိုး)၊ Waterbuck (ကိုင်းဆတ်တစ်မျိုး)၊ Eland (အာဖရိက စိုင်ကြီးမျိုး)၊ Warthog (အပေါ်နှုတ်ခမ်းမှ အစွယ်ထွက်သည့် တောဝက်မျိုး) စတဲ့ အကောင်မျိုးတွေက စုံလှပါတယ်။
ဒါကြောင့် မျက်နှာဖြူမုဆိုးတွေက တောလည်တော့မယ်ဆိုရင် အဓိကအားဖြင့် အာဖရိကတိုက်ကို မျက်စိကျကြပါတယ်။ အာဖရိက သားကောင်ကြီးတွေဆိုရင် မုဆိုးကြီးတွေပစ်ခဲ့တဲ့ အစဉ်အလာလည်း ရှိခဲ့တယ်။ ပြီးတော့ ကွင်းပြင်ကျယ်ကြီးတွေမှာ မြင်မြင်ထင်ထင်လည်း ရှိတာကိုး။
တင်။ ။ ဟုတ်တာပေါ့။
ကျွန်ုပ်။ ။ ဒါပေမဲ့ မျက်နှာဖြူမုဆိုးတွေ မျက်စိကျတဲ့ နောက်ထပ် နှစ်နေရာလည်း ရှိပါသေးတယ်။ အာဖရိကလောက် မဟုတ်ပေမယ့် အဲဒီ နှစ်နေရာကလည်း အစဉ်အလာရှိခဲ့လို့ပါ။
တင်။ ။ အဲဒီနှစ်နေရာက အိန္ဒိယနဲ့ မြောက်အမေရိကားတိုက် ထင်တယ်။
ကျွန်ုပ်။ ။ ဟုတ်ပါတယ် အန်ကယ်လ်။ အဲဒီနှစ်နေရာပေါ့။ အဲဒီနှစ်နေရာက ဘာကြောင့် အစဉ်အလာရှိခဲ့တာလဲဆိုတော့ အိန္ဒိယမှာဆိုရင် အာရှကျားရှိပြီး မြောက်အမေရိကတိုက်မှာတော့ ဝက်ဝံညိုကြီးတွေ ရှိလို့ပါ။ ဒီသားကောင်ကြီးတွေကို ပစ်ခတ်ကြတာလည်း တောဘုရင်တွေဖြစ်ကြလို့ပါပဲ။
ကျားဟာ အာရှမှာ တောဘုရင်ဖြစ်သလို ဝက်ဝံညိုကြီးတွေဟာလည်း မြောက်အမေရိကားမှာ တော ဘုရင်တွေပါပဲ။
ဒါကြောင့် ဒီလိုအကောင်ကြီးမျိုးတွေကိုပစ်ဖို့ မုဆိုးတွေဟာ စိတ်ဝင်စားကြပါတယ်။ သူတို့ကိုပစ်ပြီး မှတ်တမ်းဓာတ်ပုံ ဗီဒီယိုတွေရိုက်၊ ဦးခေါင်း၊ အစွယ်၊ အရေတွေကို ဧည့်ခန်းထဲမှာ ခင်းကျင်းထားရရင် မုဆိုးတစ်ယောက်ဟာ ကျေနပ်ပီတိ ဖြစ်တတ်ကြပါတယ်။ ဂုဏ်သရေရှိ လူကြီးမုဆိုးတွေအတွက်ကတော့ ကြွားတာလည်း တစ်စိတ်တစ်ဒေသ ပါမယ်ထင်ပါတယ်။
တင်။ ။ ဟုတ်ပါ့ဗျာ။ ကျွန်တော်တို့နိုင်ငံ၊ နိုင်ငံရေးအစိုးရလက်ထက်က ခေါင်းဆောင်အချို့တောင် အဲဒီလို ခင်းကျင်းထားတာ တွေ့ဖူးပါတယ်။
ကျွန်ုပ်။ ။ အဲဒီနိုင်ငံတွေကလည်း သူတို့နိုင်ငံကို အမဲပစ်လာဖို့ ဆွဲဆောင်ကြတာ တွေ့ရှိပါတယ်။ ခုခေတ်မှာ INTERNET တွေပေါ်နေတော့ GOOGLE တို့ YAHOO တို့ထဲက www.interpidsafaris.com တို့ www.skinvideo.com တို့ www.biggamehunting.com တို့ စတာတွေမှာ ကြော်ငြာတွေကို ဖတ်နိုင် ကြည့်နိုင်တဲ့အပြင် သွားချင်တယ်ဆိုရင် အဲဒီ INTERNET ထဲမှာပဲ တစ်ခါတည်း BOOKING လုပ်လို့ရပါတယ်။
တင်။ ။ ဟုတ်လား … အေးဗျာ ကျွန်တော်လည်း INTERNET မှာ ကြည့်ကြည့်ရဦးမယ်။
ကျွန်ုပ်။ ။ ဟုတ်ကဲ့ အန်ကယ်။ အခု ကျွန်တော်ပြောတာက နမူနာအနေနဲ့သာ ပြောတာပါ။ အန်ကယ်လ် ကြည့်မယ်ဆိုရင် သူတို့ရဲ့ Web Site တွေကို ကျွန်တော် ပေးပါမယ်။
တင်။ ။ ဟုတ်ကဲ့ … ခုနစကား ဆက်ပါဦး။
ကျွန်ုပ်။ ။ ဟုတ်ကဲ့ … ဆက်ပါမယ် အန်ကယ်လ်။ ဒါနဲ့ ခဏ (Excuse Me) ဟု ပြော၍ ကျွန်ုပ်က ထိုင်ရာမှ ထလေရာ …
တင်။ ။ ဘာလဲ ဦးကျော်စိုးဗိုလ် … Toilet ကိုလား။
ကျွန်ုပ်။ ။ ဟုတ်ကဲ့ အန်ကယ်လ်။
ကျွန်ုပ် ဧည့်ခန်းတွင် ပြန်ထိုင်မိသောအခါ စကားဆက်ရပြန်လေ၏။
ကျွန်ုပ်။ ။ ခုခေတ်မှာ Internet တွေ ပေါ်လာပေမယ့် မုဆိုးတွေက သူတို့အတွေ့အကြုံကို စာအုပ်တွေတော့ ဆက်ရေးနေကြတုန်းပါပဲ အန်ကယ်လ်။ ဒါပေမဲ့ ဒီနေရာမှာ ကျွန်တော် ထပ်ပြောချင်တာတစ်ခု ရှိပြန်တယ် အန်ကယ်လ်။
တင်။ ။ ဘာများပါလိမ့်ဗျာ ပြောပါဗျာ။
ကျွန်ုပ်။ ။ ဟုတ်ကဲ့ အန်ကယ်လ် … မျက်နှာဖြူမုဆိုး၊ ကုလားမုဆိုးဟာ အင်္ဂလိပ်ခေတ်ကစပြီး မုဆိုးစာအုပ်တွေ ရေးခဲ့ကြပါတယ်။ အစောဆုံးရေးတဲ့ အင်္ဂလိပ်မုဆိုးကြီးကတော့ ကျွန်တော့်အထင် Jim Corbet ပဲ။ သူ့အဖြစ်အပျက်တွေက ၁၉ဝဝ ပြည့်နှစ် အစောပိုင်း ၂ဝ ရာစု စလျှင်စချင်းလောက်မှာ ရေးခဲ့တာ ပါ။ သူ့ခေတ်နဲ့သူတော့ တော်တော်လူကြိုက်များခဲ့ပါတယ်။
ဒီနောက်ပိုင်းမှာ J.D.SCOTT တို့ ROBERT L.SCOTT တို့တွေအပြင် မြန်မာပြည်မှာ အမဲလိုက်သွားကြတဲ့ မုဆိုးမျက်နှာဖြူ မုဆိုးကြီးတွေ (အထက်တွင် အမည်များ ဖော်ပြပြီး) ခေတ်သစ်နိုင်ငံတကာ မျက်နှာဖြူမုဆိုးကြီးတွေ ရေးသားခဲ့တာတွေကို ဖတ်ရပါတယ်။ အဲဒီလိုဖတ်ရတဲ့အခါမှာ ဘာခံစားရသလဲဆိုတော့ ကျွန်တော့်အတွက်တော့ အိပ်ရာဝင်ပုံပြင် နားထောင်ရသလိုပါပဲ။
တင်။ ။ ဘာကြောင့်လဲဆိုတော့ သူတို့ရေးတာတွေက ဖြစ်စဉ်ပြရေးနည်းနဲ့ ရေးသွားကြတာတွေများတော့ အကြောင်းအရာကို အဓိကထားသလို ဖြစ်နေတယ်။ တစ်နည်း ပုံပြင်စာအုပ် ဖတ်ရသလို မှတ်တမ်းဖတ်ရသလို ဖြစ်နေတယ်။ ဘယ်နေ့မှာ တောပစ်ထွက်တယ်၊ ဘာကြောင့်ထွက်တယ်၊ ဘယ်ရွာရောက်တယ်၊ ဘယ်သူနဲ့တွေ့တယ်၊ ဘာကောင်ကို ဘယ်လိုပစ်လိုက်တာ၊ ဘယ်လိုရတယ်ဆိုတာမျိုး ရေးသွားတော့ ဖတ်ရတာ ရှင်းပေမယ့် ပုံပြင်တစ်ခုကို ပြန်ပြောနေသလို ရေးသူကလည်း ပုံပြောသူ (Story Teller) လို ဖြစ်နေတော့ ရိုးရှင်းလွန်းအားကြီးပြီး ပညာမရဘူး ဖြစ်နေတယ်။ နားထောင်ကောင်းရုံလောက်ပဲလို့ ကျွန်တော်ထင်တယ်။
တင်။ ။ ဒါဖြင့်ရင် ခင်ဗျားက ဘယ်လိုဟာမျိုးကို ကြိုက်သလဲ။
ကျွန်ုပ်။ ။ ဟုတ်ကဲ့ … မျက်နှာဖြူ စာရေးဆရာတွေ ရေးတာထက်စာရင် ကျွန်တော်ကတော့ ကုလားစာရေးဆရာတွေ ရေးတာကို ပိုကြိုက်တယ်။
တင်။ ။ ဆိုပါဦး ဘာကြောင့် ကြိုက်ရတာလဲဆိုတာ။
ကျွန်ုပ်။ ။ ဟုတ်ကဲ့ … ဒီမှာ ကျွန်တော် နှိုင်းယှဉ်ပြပါမယ်။
JIM CORBET ရေးတဲ့အထဲမှာ သူ ကျားတွေပစ်ခဲ့တာ အများအပြားပါပဲ။ ဒါပေမဲ့ ဘယ်လို ခက်ခက်ခဲခဲ ပစ်ခဲ့ရတယ်ဆိုတာသာပါပြီး ကျားတွေရဲ့ ဓလေ့စရိုက်၊ အမျိုးအစား စတာတွေကို နောင်လာနောက်သားတွေ ပညာယူရအောင် သရုပ်ခွဲပြ၊ ဝေဖန်ပြ၊ ပညာပေးခဲ့တာ မတွေ့ရဘူး။ ပစ်တဲ့သေနတ်အမျိုး အစားကိုလည်း မဖော်ပြဘူး။ ရေးရင်းနဲ့ အနည်းအကျဉ်းဖော်ပြသွားတာသာ တွေ့ရတယ်။
ဒါပေမဲ့ ဖတ်လို့တော့ ကောင်းပါတယ်။ သူ့ရဲ့ လူသားစားကျားတွေအကြောင်း ရေးသားချက်တွေကို မြန်မာစာရေးဆရာ တော်တော်များများ ဘာသာပြန်ထားတာ တွေ့ရှိပါတယ်။ အန်ကယ်လည်း ဖတ်ဖူးမှာပေါ့။
တင်။ ။ ဟုတ်ကဲ့ ဖတ်ဖူးပါတယ်။ မူရင်းကို ကျွန်တော့်ဆီမှာ ရှိပါတယ်။
ကျွန်ုပ်။ ။ ဒါဖြင့်ရင် အန်ကယ်လ် ကုလားစာရေးဆရာကြီး Col; KESRI SINGH ဗိုလ်မှူးကြီးကက်ဆရီဆင်းရေးတဲ့ THE TIGER OF RAJASTHAN ဆိုတဲ့ စာအုပ်ကို ဖတ်ဖူးပါသလား။
တင်။ ။ ဟုတ်လား … ကျွန်တော့်ကို ငှားပါဦးဗျာ။
ကျွန်တော်။ ။ ဟုတ်ကဲ့ ငှားပါမယ်။ ခုလောလောဆယ် ဗိုလ်မှူးအောင်လှိုင် (ညွှန်/ချုပ်(ငြိမ်း))ကို ငှားထားပါတယ်။ သူကလည်း ဝါသနာပါတယ်လေ။
အဲဒီ စာအုပ်ထဲမှာ ကာနယ်ကက်ဆရီဆင်းဟာ သူ့အတွေ့အကြုံအရ ကျားတွေကို သရုပ်ခွဲပြရာမှာ (၁)သတိရှိသောကျား (၂)သတိမဲ့သောကျား (၃)ရဲရင့်သောကျား (၄)ကြောက်ရွံ့သောကျား (၅)ရန်လိုသောကျား (၆)လူသားစားကျား (၇)သစ်ပင် တက်သောကျား (၈)ကျားနှင့်ကျားသစ် ဓလေ့စရိုက် ကွာခြားပုံ (၉)တောဘုရင်ဖြစ်ပုံ (၁ဝ)ကျားနှင့်ဒဏ္ဍာရီ စသည်ဖြင့် ခွဲခြားရေးထားတာဟာ ဖတ်လို့ကောင်းရုံတင် မကဘူး ဗဟုသုတအများကြီးနဲ့ ပညာတွေရပါတယ်။
ဒါ့အပြင် ခုခေတ်သစ်မှာ မုဆိုးအကြောင်း ရေးနေတဲ့ အင်္ဂလိပ်စာရေးဆရာကြီး COLLIN GREENWOOD အပါအဝင် အခြားအင်္ဂလိပ်မုဆိုး စာရေးဆရာတွေ ရေးသားရာမှာလည်း အကြောင်းအရာ Subject ကိုပဲ အထူးပြု ရေးထားတာ တွေ့ရပါတယ်။
အဲ . . . ကုလားစာရေးဆရာကြီး တစ်ဦးဖြစ်တဲ့ KHAN SAHEB JAMSHED BUTT ‘ခန်းဆာဟစ်ဂျမ်ရှက်ဘတ်’ ရေးတဲ့ SHIKAR ဆိုတဲ့ စာအုပ်မှာကျတော့ အသေးစိတ် ပညာပေးထားပါတယ်။
ဥပမာ အင်္ဂလိပ်မုဆိုးကြီးတွေက အမဲပစ်ခရီးထွက်တော့မည်ဆိုလျှင် လိုအပ်သော ပစ္စည်းပစ္စယ မိုးကာတဲ အစားအသောက်များ ယူ၍သွားကြောင်းသာ သာမန်ရေးသားထားပြီး ပစ်ခတ်သည့် သေနတ်အကြောင်းကိုပင် အသေးစိတ် မရေးပါ။
ခန်းဆာဟစ်ဂျပ်ရှက်ဘတ်က တောတွင်းလိုအပ်မည့် အသုံးအဆောင် အားလုံး၊ ဆေးဝါး၊ ဖိနပ်၊ ဆပ်ပြာ၊ ဓား၊ ရေဘူး စသည်ဖြင့် အသေးစိတ် ဘာပစ္စည်းမျိုးလိုတာကို ဖော်ပြသကဲ့သို့ ဘယ်လိုအခက်အခဲ အန္တရာယ် တွေ့လာနိုင်သည်၊ ဘာအတွက် ဘာဆောင်ရမည် စသည်ဖြင့် အသေးစိတ်ရေးသားသည်မှာ မုဆိုးကောင်းတစ်ဦး၏ အသုံးအဆောင် ဓလေ့စရိုက်နဲ့ များစွာညီညွတ်လို့ အတုယူ လေးစား အထင်ကြီးစရာ ကောင်းလှပါတယ်။
ဒါ့အပြင် ကုလားစာရေးဆရာကြီးတွေ ရေးထားတာဟာ မျက်နှာဖြူမုဆိုး စာရေးဆရာကြီးတွေ ရေးထားတာထက် အများကြီးကောင်းတဲ့အချက်တွေ ရှိပါသေးတယ်။ သူတို့ရေးထားတာတွေကို ယှဉ်ဖတ် ကြည့်မယ်ဆိုရင် အများကြီးကွဲပြားခြားနားတာတွေ တွေ့ရမှာပါ။
အင်္ဂလိပ်စာရေးဆရာတွေက သူတို့ကိုယ် သူတို့ သူရဲကောင်းဖြစ်အောင် ရေးသွားပေမယ့် ကုလားစာရေးဆရာတွေက အဲဒီလို မဟုတ်ပါဘူး။
တင်။ ။ ဟုတ်လား။
ကျွန်ုပ်။ ။ ဟုတ်ပါတယ် အန်ကယ်လ်။ ဒါ့အပြင် သူတို့ကို ကျွန်တော်ကြိုက်တဲ့ နောက်တစ်ချက်လည်း ရှိပါသေးတယ်။
တင်။ ။ ဘာများပါလဲ။
ကျွန်ုပ်။ ။ အိန္ဒိယမှာရှိတဲ့ သစ်တောနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ သစ်တောတွေက တူညီလို့ပါ။ သားကောင်တွေကလည်း အများအားဖြင့် အမျိုးအစားတွေ တူညီကြ၊ ရာသီဥတုကလည်း တူညီလေတော့ သူတို့ရေးတဲ့ စာအုပ်တွေမှာ ကျွန်တော်သိချင်တဲ့ အချက်အလက်တွေ တော်တော်များများ ပါနေပါတယ်။ ဒါကြောင့်လည်း မျက်နှာဖြူမုဆိုး စာရေးဆရာတွေရေးတဲ့ အင်္ဂလိပ်စာအုပ်တွေထက် ကုလားမုဆိုး စာရေးဆရာတွေရေးတဲ့ စာအုပ်တွေကို ကျွန်တော် ပိုနှစ်သက်ပါတယ်။
ဒါပေမဲ့ သူတို့ရေးတဲ့စာတွေ ဘယ်လောက်ကောင်းကောင်း ကျွန်တော် မှီငြမ်းတာတို့၊ ကူးချတာတို့ မပြောနဲ့ ဘာသာပြန်စာအုပ်ထုတ်ဖို့တောင် စိတ်ကူးမရှိပါဘူး။
အခုလည်း အန်ကယ်လ်ကို ပြောပြရင်းနဲ့ အလျဉ်းသင့်လို့ပါ။ ကျွန်တော်သာ မှီငြမ်းခိုးချမယ်ဆိုရင် ကုန်မယ်တောင် မထင်ပါဘူး။
တင်။ ။ ဟုတ်ပါပြီ။ ခင်ဗျားပြောတဲ့ အချက်တွေက အတော့်ကို ခိုင်လုံပါတယ်။ ဒါထက် မြန်မာပြည် သစ်တောတွေမှာ ပြောင်တိုက်လို့ လူသေရတဲ့ မှတ်တမ်းတွေနဲ့ ခင်ဗျား လူသတ်ပြောင်ကို သွားပစ်တဲ့အကြောင်းတွေလည်း ပြောပါဦး။
ကျွန်ုပ်။ ။ ဟုတ်ကဲ့ အန်ကယ်လ်။ ပြောင်တိုက်လို့ လူသေတာတွေကတော့ အများကြီးပါပဲ။ မှတ်တမ်းတင်ထားတာရှိသလို မှတ်တမ်းမတင်တာတွေလည်း ရှိပါတယ်။
မှတ်တမ်းမတင်ခဲ့သော်လည်း မြန်မာပြည်မုဆိုးစာရေးဆရာကြီးတွေဖြစ်တဲ့ ဗိုလ်တာရာ(ရဲဘော်သုံးကျိပ်)၊ ခင်မောင်အေး(မန္တလေး) စတဲ့သူတွေရေးတဲ့ ဝတ္ထုတွေထဲမှာ ပါသလို ကျွန်တော်ရေးတဲ့ ‘လူတွေ့မရှောင် လူသတ်ပြောင်’ ဝတ္ထုတွေထဲက ဟာတွေက ဖြစ်ရပ်မှန်တွေပါ။
သစ်တောမှတ်တမ်းတွေမှာ ရှိခဲ့တာတွေအနက်ကတော့ သာဓကအနေနဲ့ ကျွန်တော်ပြောပါမယ်။ ပြီးတော့ ကျွန်တော်ကိုယ်တိုင် လူသတ်ပြောင်ကြီးတစ်ကောင်နောက်ကို သုံးကြိမ်တိုင်တိုင် လိုက်ပြီး ပစ်တဲ့အကြောင်းလည်း ပြောပါ့မယ်ဟုဆိုကာ ကျွန်ုပ်သည် ဝီစကီတစ်ငုံကို သောက်ပြန်ကာ စကားဆက်ရပြန်လေ၏။
ကျွန်ုပ်။ ။ ၂၁ ရာစု အစောပိုင်းကာလကပေါ့ အန်ကယ်လ်။ အင်္ဂလိပ်လူမျိုး လူငယ် ဘူမိဗေဒအရာရှိလေးတစ်ယောက်က မကွေးခရိုင်၊ တောင်တွင်းကြီး မြို့နယ်ရဲ့ တောတွင်းကြီး သစ်တောကြိုးဝိုင်းမှာ ဘူမိဗေဒနဲ့ ပတ်သက်တဲ့ ရှာဖွေတိုင်းတာရေးအဖွဲ့မှာ အလုပ်လုပ်နေတယ်။
တစ်နေ့မှာတော့ သူက မတ်စောက်လှတဲ့ တောင်နံရံတစ်ခုမှာ ဘူမိဗေ စစ်ဆေးရေးကို လုပ်နေတာပေါ့။ အဲဒီတောင်နံရံရဲ့ ခြေရင်းမှာလည်း ကျဉ်းမြောင်းတဲ့ တောင်ကျချောင်းကလေး ရှိနေတယ်။
သူအလုပ်လုပ်နေချိန်မှာ ချောင်းရဲ့တစ်နေရာကနေ ပြောင်ထီးကြီးတစ်ကောင် ပေါ်လာတယ်။ သူ့အထင် ပြောင်ကို အိမ်ကျွဲလို့များ ထင်ခဲ့သလား မသိပါဘူး အန်ကယ်လ်ရယ်။ ဒါမှမဟုတ် ပြောင်ဆိုတာ တောရိုင်းတိရစ္ဆာန်မှန်း မသိလို့လားတော့ မပြောတတ်ပါဘူး။ သူအလုပ်လုပ်နေတဲ့ နေရာကို မလာအောင် မောင်းထုတ်တယ်။ မောင်းထုတ်တာကလည်း ခဲနဲ့ပစ်ပြီး မောင်းထုတ်ခဲ့တယ်။
တင်။ ။ ဟုတ်လား … မိုက်ပါပေ့ အင်္ဂလိပ်ကလေးရယ်။
ကျွန်ုပ်။ ။ ဟုတ်တယ် အန်ကယ်လ်။
တင်။ ။ ဒီအကောင်တွေက သူတို့ကို နာကျင်အောင်မလုပ်လည်း ရန်လိုတာပဲလား။
ကျွန်ုပ်။ ။ ဟုတ်တယ် အန်ကယ်လ် . . .တစ်ခါက Lt.Col Phythion Adams ဒုတိယဗိုလ်မှူးကြီး ဖိုင်သွန်အဒမ်က သူ့အတွေ့အကြုံကို ရေးဖူးတယ်။
တင်။ ။ ဘယ်လိုပါလိမ့်။
ကျွန်ုပ်။ ။ သူတို့ တောမောင်းပြီး တောပစ်ကြရာမှာ တောထူအောက်ခြေရှုပ်တဲ့တောကို မောင်းကြတယ်။ သူက သေနတ်သမား အလယ်က နေရာယူထား တယ်။ ဝဲယာမှာ တခြားသေနတ်သမားတွေလည်း သူ့နေရာနဲ့သူ နေရာယူထားကြတယ်။
တောမောင်းတဲ့အခါ တောမောင်းသမားတွေက ပြောင်ကြီးထွက်လာပြီလို့ ကိုက် ၁ဝဝ လောက်က လှမ်းအော်တယ်။ ချက်ချင်းပဲ ၂၅ ကိုက်လောက်အကွာမှာ ပြောင်တစ်ကောင်က ပေါ်လာတယ်။ ဒီပြောင်ဟာ သူ့ဟာသူ ထွက်ပြေးနိုင်ပါလျက်ကယ်နဲ့ အဒမ်ရဲ့ လှုပ်ရှားမှုကိုလည်း တွေ့သွားရော ထွက်မပြေးဘဲ ခေါင်းငုံ့ ဦးချိုထောင်ပြီး အဒမ်ကို ပြေးတိုက်ခဲ့တယ်။
ဒါပေမဲ့ အဒမ်က သစ်ပင်နောက်ကို ကာဗာယူနိုင်လိုက်တော့ အသက်ဘေးက လွတ်ခဲ့ရတယ်။ ဒါကိုကြည့်ရင် ဒီကောင်မျိုးက အင်အားကြီးပြီး ရန်လိုတယ်ဆိုတာ သိနိုင်ပါတယ်။ ကျွန်တော်ကိုယ်တိုင် လည်း တွေ့ဖူးပါတယ်။
တင်။ ။ ဒါထက် ခုနက ဘူမိဗေဒအရာရှိ အင်္ဂလိပ်လေးက ဘာဖြစ်သွားသလဲ ဆက်ပါဦး။
ကျွန်ုပ်။ ။ ဘာဖြစ်ရမလဲ အန်ကယ်လ်၊ ဒီအင်္ဂလိပ်လေးက ဘာမသိ ညာမသိနဲ့ ပြောင်ကို ခဲနဲ့သွားပေါက်တော့ ပြောင်က ပြေးတိုက်လိုက်တာ သေတော့ တာပေါ့။
အဲဒီအကြောင်းကို R.C Morris ဆိုတဲ့ သစ်တောအရာရှိက မှတ်တမ်းတင်ထားခဲ့တယ်။
အဲဒီလိုပဲ အထက်ချင်းတွင်းသစ်တောတိုင်းမှာ ဒဏ်ရာရထားခြင်းမရှိတဲ့ ပြောင်က လူတစ်ယောက်ကို တိုက်သတ်ခဲ့ပြန်တယ်။ အထက်ချင်းတွင်း သစ်တောတိုင်းမှာ အဲဒီအဖြစ်အပျက်ဟာ သုံးနှစ်အတွင်း ငါးကြိမ်မြောက် ပြောင်တိုက်သတ်တဲ့ အဖြစ်အပျက်ပါပဲလို့ (Annual Report on Wild Life Presservation in Burma, 1933) မှာ ဖော်ပြထားပါတယ်။
တင်။ ။ ဟုတ်လား … ပြောင်က တော်တော်ဆိုးတာပဲနော်။
ကျွန်ုပ်။ ။ ဟုတ်ပါတယ် အန်ကယ်လ်။ မြန်မာပြည် သစ်တောမှတ်တမ်းတွေအရ ပြောင်တိုက်လို့ သေတာတင်မက ကျား၊ ကျားသစ်၊ ဝက်ဝံ၊ တောဝက် စတာတွေကြောင့် သေကျေဒဏ်ရာရခဲ့တာတွေ တွေ့ရသလို ကျွန်တော်ကိုယ်တိုင်လည်း အများအပြား တွေ့ဖူးပါတယ်။ ကျွန်တော်ထင်ပါတယ်၊ ကျွန်တော် တောပစ်သွားရင်း အနည်းဆုံး တစ်နှစ်မှာ တစ်ကြိမ်လောက်တော့ ထိခိုက်သေဆုံး၊ ဒဏ်ရာရတာတွေ တွေ့ဖူးပါတယ်။ အဲဒါတွေက မှတ်တမ်းတင်ထားတာ မရှိသေးပါဘူး။
တင်။ ။ အဲဒါတွေကို ခင်ဗျား ဝတ္ထုတွေအနေနဲ့ ရေးပါဦးလား။
ကျွန်ုပ်။ ။ ဟုတ်ကဲ့ ရေးပါမယ်။ ကျွန်တော် တချို့ကို ရေးထားတာ အန်ကယ်လ်လည်း ဖတ်ရမှာပေါ့။ ‘လျှက်တစ်ပြက် မိုးကြိုးတစ်ချက်’ ဝတ္ထုမှာ ဝက်ပက်ခံရတဲ့ ‘တင်ကွဲ ငမိုး’ အကြောင်း၊ ‘မိုးစနေ လေရာဟု စစ်ပြုရာဝယ်’ ဝတ္ထုမှာ ကျွန်တော့်လမ်းပြမုဆိုး ကျော်လွင် ကျားသစ်အကိုက်ခံရတဲ့အကြောင်း စသည်ဖြင့်ပေါ့။ နောင်လည်း ရေးစရာတွေ အတော်များများ ကျန်ပါသေးတယ် အန်ကယ်လ်။
ဒါပေမဲ့ အန်ကယ်လ်ကို ပြောပြချင်တာက ကျွန်တော်ပစ်ခဲ့တဲ့ လူသတ်ပြောင် နောက်တစ်ကောင်အကြောင်းကိုပါ။
တင်။ ။ ဟုတ်ကဲ့ … အဲဒါကို အရင်ပြောပါ။
ဟု တောင်းဆိုလေရာ ဤဖြစ်ရပ်မှန် ဇာတ်လမ်းကို ပြောပြရလေ၏။
ထိုဖြစ်ရပ်မှာ ကျွန်ုပ်ကိုယ်တိုင် လူသတ်ပြောင်နောက်ကို သုံးကြိမ်တိုင်တိုင် လိုက်ခဲ့လေရာ တစ်နေ့တည်းဖြင့် ပြော၍ မပြီးခဲ့ပါ။ ထို့ကြောင့် နောက်သောကြာနေ့နှင့် နောက်ထပ် သောကြာနေ့ ပေါင်းသောကြာ နှစ်နေ့ဆက်တိုက် သွား၍ ပြောပြရလေ၏။
ကျွန်ုပ် သွား၍ ပြောပြတိုင်းလည်း အန်ကယ်လ် ဦးတင်မောင်မှာ ကျွန်ုပ်အား Whisky (Black Label)နှင့်ပင် ဧည့်ခံလေ၏။
သူ့အား ပြန်ပြောပြသည့် ဇာတ်လမ်းကို ပြောပြသည့်အတိုင်း ရေးသားပါက မျက်နှာဖြူစာရေးဆရာကြီးများ ရေးသကဲ့သို့ STORYTELLER ပုံပြောသကဲ့သို့ ဖြစ်နေမည်စိုး၍ ဝတ္ထုဆန်ဆန်ပင် ရေးသားလိုက်ပါသည်။
ဤဝတ္ထုကိုဖတ်၍ ဝေဖန်အကြံပေးမည်ဆိုပါက ကျွန်ုပ်အနေဖြင့် များစွာ ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါမည်။ (ကျွန်ုပ်ကြိုက်သော ကုလားမုဆိုး စာရေးဆရာ ကြီးများရေးသည့် မူရင်းအင်္ဂလိပ်လို စာအုပ်အချို့ ကျွန်ုပ်ထံတွင် ရှိလေရာ ငှားရမ်း၊ ဖတ်ရှုလိုပါကလည်း စာအုပ်အား ပြန်ပေးပါမည်ဆိုသည့် ကတိဝန်ခံချက်ဖြင့် ငှားရမ်းရန် အဆင်သင့်ပင် ဖြစ်ပါသည်။
xxx xxx xxx
(ဆင်သမားလေး၏ ကံကြမ္မာ)
“ဖိုးကုလားရေ … မနက် ဆင်သွားကောက်ရင် အပြန်မှာ ဟင်းရွက်ခူးခဲ့ဦးဝေ့”
ဆင်တဲမှ ထမင်းချက် ဖထီးဖြစ်သူ စောဖိုးလယ်က ဖိုးကုလားအား နှိုးဆော်လိုက်သည်။
“မေ … မေ” (ဟုတ်ကဲ့ … ဟုတ်ကဲ့)
ဖိုးကုလားက ပြန်ဖြေလိုက်ရင်း ထမင်းဇလုံထဲသို့ ငါးပိရေကြို အရည်ကို ဆမ်း၊ ရင်းတိုက်ညွန့်ပြုတ်တစ်ညွန့်ကိုယူ အရွက်ကို သပ်ချကာ ထမင်းထဲတွင် မြှုပ်၍ ထမင်းဆုပ်ကြီးကြီး လက်အပြည့်ထည့်ကာ ပါးစပ်အတွင်းသို့ ပလုပ်ပလောင်း သွင်းလိုက်၏။
ဆာဆာနှင့်စားရသော ငါးပိရည်၊ ဟင်းရွက်ပြုတ်တို့မှာ ဆင်သမားများအဖို့ ပုံမှန်အစားအစာဖြစ်၏။ တစ်မိုးတွင်းလုံး သစ်သမားများ လှဲထားသည့် အစိုးရသစ်ကွက်တွင် သစ်နဖားဖောက်၊ ဆင်ဖြင့်ဆွဲ၊ သစ်ပုံလမ်းရှင်း၊ ဆင်ကျောင်း၊ ဆင်ကောက်၊ ဆင်စီး၊ မညည်းမညူ လုပ်ရသော်လည်း သူတို့၏ ပုံမှန်အစားအစာမှာ ငါးပိရည် တို့စရာသာ။
တို့စရာဆိုရာ၌ မြို့တွေမှာလို သစ်သီးဝလံများ၊ ဟင်းသီးဟင်းရွက်များ မဟုတ်။ တောတွင် အလေ့ကျပေါက်သော အပင် အသီးများသာ။ သစ်တောတွင်းမှရသည့် ရင်းတိုက်ရွက်၊ ညောင်ချဉ်ဖူး၊ ကြိမ်ခါးဖူး၊ မင်းပေါဖူး၊ ဖလန်တောင်ဝှေး၊ ကင်ပွန်းချဉ်ရွက် စသည် စသည် . . . ။
အဲ မိုးဦးကျ သစ်ကွက်စဝင်စကတော့ အူအစိုသား။ မိုးဦးကျတွင် ထွက်လာသော ဖွတ်၊ ပုတက်၊ လိပ်တို့ကို ခွေးဖြင့်လိုက်၊ ငါးဖားရှာ၊ အလေ့ကျပေါက်သော တညင်းသီး၊ တောသရက်သီး၊ တောကြက်မောက်သီး စသည်တို့ဖြင့် အတို့အမြှုပ် လုပ်ကာ ဟင်းကောင်းစားရသည်။
ပြီးတော့ ကနစိုးသီး အချိုတည်းနိုင်သည်။
မိုးများလာသောအခါ ဟင်းရှားလာသည်။ တောင်ကျချောင်းများတွင် မိုးများ၍ ရေလာသောအခါ ငါး ဖားကလည်း ရှာရန်မလွယ်။ ဒီလိုဆို ငါးပိရည်၊ ငါးပိထောင်းကိုသာ အားကိုးရတော့သည်။
မိုးဘယ်လောက်များများ နံနက် ၂ နာရီခွဲ ၃ နာရီထ ထမင်းချက်၊ ဗာဟီရ လုပ်၊ နံနက် ၄ နာရီတွင် ငါးပိရည်နှင့် ထမင်းစားပြီးလျှင် ဆင်လိုက်ကောက် (ဆင်မှာ ညနေ အလုပ်ဖြုတ်လျှင် လွှတ်ကျောင်းထားရ၏။ ရှေ့လက်နှစ်ဖက်ကို ထူးခတ်၍ လွှတ်ထားသည့်တိုင် ဆင်မှာ စားရင်းသွားရင်း တစ်ညအတွင်း သုံး
လေးမိုင်ရောက်တတ်ရာ ဆင်ဦးစီးက သူ့ခြေရာကိုကြည့်၍ လိုက်ကောက်ရ၏။)
ထို့နောက် သစ်ကွက်ဝင်၊ သစ်ဆွဲ သစ်ပုံလုပ်ရ၏။
မည်မျှပင် ခိုက်ခိုက်တုန်အောင် ချမ်းပါစေ၊ ဆင်တဲပြန်ရောက်မှသာ မီးလှုံ၊ ရေနွေးကြမ်းသောက်နိုင်ကြ၏။
သစ်ဆွဲပြီး အပြန်လမ်းတွင် စား၍ရသည့် သစ်ရွက်၊ သစ်ဖူး၊ သစ်သီး၊ သစ်ညွန့်မှန်သမျှ ခူးလာကာ တို့စရာလုပ်၍ စားရ၏။
တစ်ခါတစ်ရံ နေ့ကြီးရက်ကြီး ဆင်နားလျှင် ဆင်သမားများ စုပေါင်း၍ ဒူးလေးဖြင့် မျောက်လိုက်ကြ၏။ ဆင်ဝိုင်းတိုင်းလိုလို ဒူးလေး နှစ်လက် သုံးလက်၊ ခွေး သုံးလေးကောင်တော့ ရှိစမြဲ။ သို့မှသာ ဖွတ်၊ လိပ်၊ မျောက်၊ ချေ၊ တောကြောင်၊ အမဲငယ်များ စားရတတ်သည်။
ဤသည်ကလည်း တစ်လမှ တစ်ခါလောက်သာ။ အချို့ မုဆိုးဝါသနာပါသော ဆင်ဝိုင်းမှ ဆင်ခေါင်း၊ ဆင်ဦးစီးတို့က မိုးဦးကျ တောမဝင်မီကပင် ပလတ်စတစ်ကြိုး၊ သံမဏိကြိုးများ အပိုဆောင်ထားကာ တောတက်သောအခါ စားပင်၊ ဆားကျင်း၊ ကျစ်တွင်း၊ အမဲဖြတ်လမ်း၊ ရေစမ်း စသည်တို့တွင် ခြေနင်းကိုင်းထောင်ကြသဖြင့် အမဲငယ်၊ ချေ၊ ဒရယ်တို့ မိတတ်၏။ ကြိုးကောင်းပါက ဆက်၊ ဝက်တို့အထိ မိနိုင်၏။ တစ်ခါတစ်ရံ ကျား၊ ကျားသစ်တို့လည်း မိတတ်ပေသည်။
အန္တရာယ်ရှိသော အကောင်များမိလျှင် ဆင်သမားများက ဒူးလေး၊ လှံ၊ ဓား စသည်တို့ဖြင့် ပစ်ခတ်ထိုးခုတ်၍ ယူရသည်။ သို့သော် ကျွမ်းကျင်ရန်လို၏။ မကျွမ်းကျင်ပါက ဝက်ပက်၊ ကျားကိုက်၊ ကျားသစ်ကုတ်ခံရ၍ ဒဏ်ရာအနာတရ ရတတ်သည်သာမက အသက်ပင် ဆုံးရှုံးတတ်ပေသေးသည်။
တစ်ခါတစ်ရံ ရမိသော သားကောင်ကြောင့် ဟင်းကောင်းတစ်နပ်တလေ စားရသည်ဟု ဆိုနိုင်သော်ငြား အသက်နှင့်ရင်း၍ စားရသည့် ဟင်းတစ်နပ်ဟု ဆိုပါကလည်း မှားနိုင်မည် မဟုတ်ပေ။ ဆင်သမားများဘဝက ကြမ်းတမ်းပေစွ။
“ဖိုးကုလားရေ . . . မင်း မနက်ဖြန် ဆင်သွားကောက်ရင် ဟင်းရွက်လည်း ခူးလာပေါ့ကွာ။ ပြီးတော့ ခွေးတွေ ခေါ်သွား။ မင်းနဲ့ငါ ထောင်ထားတဲ့ ကိုင်း (ခြေနင်းကိုင်း) နေရာတွေ မှတ်မိတယ် မဟုတ်လား”
ဆင်ခေါင်း ထွန်းရီကလည်း ထမင်းစားရင်းမှ မေးလိုက်ရာ
“ဟုတ်ကဲ့ မှတ်မိပါတယ် အတီး(ဦးလေး)”
“အေး … အားလုံး ခြောက်ကိုင်းရှိတယ်။ အဲဒီမှာ အကောင် မိ မမိ ဝင်ကြည့်ခဲ့ဦး။ မိရင် ဟင်းကောင်းလေး စားရတာပေါ့ကွာ။ အမဲထိုးတဲ့လှံပါ ယူသွားဖို့လည်း မမေ့နဲ့ဦး။ အကောင်မိရင် မင်း ဝင်ထိုးရဲတယ် မဟုတ်လား”
“ထိုးရဲတယ် အတီး၊ အတီးနဲ့ အတူတူ ထိုးလာတာ ဒီမိုးတွင်း ဝက် နှစ်ကောင်၊ ဂျီ(ချေ) သုံးကောင်ရှိပြီပဲ”
“အေး … ဒါပေမဲ့ ဝက်(တောဝက်)ကြီးကြီး၊ ဆတ်နဲ့ အခြား အန္တရာယ်ရှိတဲ့ အကောင်ဆိုရင် မင်းတစ်ယောက်တည်း မလုပ်နဲ့။ တဲကို ပြန်လာပြီး လူခေါ် … ကြားလား”
ထွန်းရီက တပည့်ဖြစ်သူအား အသေအချာ မှာနေ၏။ ဖိုးကုလားမှာ အသက် အစိတ်ခန့်သာ ရှိသေးသော လူငယ်ဖြစ်သောကြောင့်ပင်။ သို့သော် သူ့အား အထင်သေး၍ မရ။ဆင်စီးလာသည်မှာ သူတို့ဝိုင်းမှာပင် သုံးရာသီ(သုံးနှစ်)ရှိခဲ့ပြီ။
(ဆင်သမား တစ်ရာသီမှာ တစ်နှစ်ဖြစ်၏။ ကဆုန်လမှ တပေါင်းလအထိ ၁ဝ လမျှ တောတွင် အလုပ်လုပ်ရပြီး တပေါင်း တန်ခူးမှာ ဆင်ကျောင်းလနှင့်ဆိုလျှင် ၁၂ လလျှင် တစ်ရာသီဖြစ်ပြီး ကဆုန်လတွင် တစ်ရာသီပြန်ဝင်ရပြန်၏။)
သတ္တိကော ဖျတ်လတ်မှုပါ ရှိသဖြင့် သူတို့ဝိုင်းတွင် အကြီးဆုံး စွယ်စုံဆင် ရန်နိုင်ကိုပင် စီးနိုင်နေပေပြီ။ ထို့ကြောင့် ဆင်ခေါင်းထွန်းရီက သူစီးသော ရန်နိုင်ကို သူ့လက်ထောက်အဖြစ် ဖိုးကုလားအား စီးခွင့်ပေးထားသည်သာမက သူနှင့်အတူ ဖားရှာ၊ ငါးရှာ၊ ဖွတ်လိုက်၊ မျောက်ပစ်၊ အမဲထောင်သည့် အလုပ်များကိုပါ သင်ကြားပေးပြီး ဆင်ဝိုင်းအတွက် ဟင်းရှာသည့်အလုပ်ကိုပါ ပူးတွဲလုပ်စေသည်။
“ဖိုးကုလားရေ . . . မင်း ဆင်ကောက်ရင် အမဲကိုင်း အရင်ဝင်ကြည့်နော်။ ဆင်ကောက်ပြီးမှဆို ကိုင်းရှိတဲ့နေရာတွေကိုသွားဖို့ မလွယ်ဘူး … သိလား။ တို့သစ် ကွက်က ဆွဲဖို့သစ် သိပ်မကျန်တော့ဘူး။ မင်း ဆင်အချိန်မီမရောက်လည်း ရတယ်။ ကျန်တဲ့ဆင်တွေနဲ့ ဆွဲထားနှင့်မယ်”
“စိတ်ချပါ အတီး၊ အမဲကိုင်းလဲ ဝင်ကြည့်မယ်။ ဆင်လည်း အချိန်မီ ကောက်ပြီး သစ်ဆွဲအမီ ပြန်ခဲ့ပါ့မယ်”
“အေး … အေး”
ထွန်းရီမှာ စိတ်ချစွာ အေး …အေးဟု ပြောလိုက်ခြင်းမှာ အကြောင်းရှိ၏။ ဇာတိမှာ ကြာအင်းဆိပ်ကြီး(ကရင်ပြည်နယ်)မှဖြစ်ပြီး လွန်ခဲ့သည့် သုံးနှစ်က သူတို့ထံ ရောက်လာခြင်းဖြစ်၏။ ရောက်လာခြင်းမှာလည်း ကရင်ပြည်နယ်တွင် သောင်းကျန်းသူတို့မှ တပ်သားသစ်စုဆောင်းရာတွင် အဖျက်လုပ်ငန်းကို သိနေသော ဖိုးကုလားက မဝင်လို။ ထို့ကြောင့် ကြာအင်းဆိပ်ကြီးမြို့ပေါ်ရှိ သားချင်းများထံ ထွက်ပြေးခဲ့၏။ ထိုစဉ် ထွန်းရီတို့ဆင်ဝိုင်းမှ ဆင်ဦးစီးတစ်ဦးက ခွင့်ဖြင့် ကြာအင်းဆိပ်ကြီးအပြန်တွင် ကရင်အမျိုးသားချင်း မိတ်ဆွေဖြစ်၍ ဆင်ဝိုင်းတွင် သစ်ဆွဲလုပ်လုပ်ရန် ခေါ်လာရာမှာ ပဲခူးရိုးမ တောင်ဇာမဏီကြိုးဝိုင်း၊ ပဲခူး(တောင်)သစ်ထုတ်နယ်မြေ၊ အစိုးရဆင်ဝိုင်းသို့ ရောက်ရှိလာကာ ထွန်းရီ၏ ဆင်ဝိုင်းတွင် အလုပ်လုပ်နေခြင်းဖြစ်၏။
ရောက်စက ဗမာစကားပင် ကောင်းစွာမတတ်သော်လည်း ယခုအခါ ထွန်းရီ အားကိုးရသော လက်ထောက်တပည့်ပင် ဖြစ်နေပေပြီ။
အောက်တိုဘာလ၏ တောတွင်းနံနက်ခင်းက နှင်းကျစိုစွတ်လျက်ရှိခဲ့ပြီး ယခုနှစ်တွင် နောက်မိုးက ကောင်းနေသဖြင့် သစ်ထုတ်ကားလမ်းက စက်ကြီး (ဘူဒိုဇာ)ပင် မထိုးနိုင်သေး။ ချောင်းငယ်မြောင်းငယ်များက ရေမပြတ်သဖြင့် သစ်ဆွဲရန်အတွက် မျောခင်းကပ်ရက်၍ တင်ရလျှင် သစ်ထုတ်စရိတ်က ကြီးမား ပေသည်။ ထို့ကြောင့် ချောင်းငယ်မြောင်းငယ်များ ရေအပြတ်ကို စောင့်ရသဖြင့် စက်ကြီးထိုးရန် အနည်းငယ် နောက်ကျနေ၏။
နောက်မိုးကောင်းသဖြင့် အမြဲစိမ်းသစ်တောကြီးများရှိရာ ပဲခူးရိုးမ အရှေ့ဘက်ခြမ်းက အောက်ခြေရှုပ်လှသည်။ သစ်တောစိမ်းလျှင် အအေးဓာတ်ကို ထိန်း ထားနိုင်ပေရာ နံနက်စောစော၏ အအေးဓာတ်က မီးဖိုနားမှပင် ဖိုးကုလားတစ်ယောက် မခွာချင်။
သူတို့၏ဆင်တဲမှာ သစ်ကွက်အမှတ်(၈)ဖြစ်ပြီး ဆင်စွယ်ချောင်းနှင့် ထားဝယ်ချောင်းကြားတွင် ရိုးကာသစ်ကွက်တစ်ခုလုံးကို ခြုံကြည့်ကာ ပြန့်တော များပြီး ပျဉ်းကတိုး၊ ကျွန်း၊ ကောင်းမှု၊ ဆန်ဆေး၊ ရင်းတိုက်၊ သစ်ခါး၊ ယမနေ၊ လက်ပံ၊ ဒီဒူး သစ်မျိုးစုံပေါက်၏။ သူတို့ထုတ်နေသည်မှာ ပျဉ်းကတိုးသစ်မာဖြစ်၏။
သူတို့သစ်ကွက်နံပါတ်(၈)၏ တောင်ဘက်တွင် အကွက်အမှတ်(၆)ရှိပြီး တောင်ကမ်းကြီး၏။ အမြဲစိမ်းတောပင်ဖြစ်ပြီး ပိုမိုတောထူ၏။ အနောက်ဘက်တွင် အကွက်အမှတ်(၁ဝ)၊ မြောက်ဘက်တွင် အကွက်အမှတ်(၂၈)၊ အရှေ့ဘက်တွင် မရမ်းချောင်းစခန်းနှင့် ဆင်စွယ်စခန်းတို့ရှိ၏။ သို့သော် ထိုစခန်းများနှင့် ငါးမိုင်မျှ ဝေးသေးသည်။
ရန်ကုန်-မန္တလေးကားလမ်းနှင့် သူတို့စခန်းဆုံလျှင် တောတွင်း ၃၄ မိုင်မျှ ဝေးလေသည်။ သစ်ထုတ်လမ်းကား မပေါက်သေး၍ လူဆက်အလွန်ဝေးလှသည်။
သူတို့၏ ဆင်တဲမှာ ကဆုန်လကတည်းက ဆောက်ခဲ့ကြခြင်းဖြစ်ပြီး ဆင်စွယ်ချောင်းသို့ စီးဆင်းသည့် မြောင်ကလေးအစပ်တွင်ရှိကာ တစ်ဧကမျှ တောရှင်း၍ ကျသောင်းဝါးဖြင့် ဆောက်ထား၏။
ဆင်တဲမှာ ဆောက်လုပ်ပုံနည်းစနစ် ရှိ၏။ ခြေတံရှည်ဖြစ်ခါ တဲအရှေ့ဘက် လှေကားအတက်တွင် ကပြင်ကျယ်ထား၍ တဲမှာ ရင်ကွဲတဲဖြစ်၏။ ကပြင်အဆုံးသို့ရောက်လျှင် အလယ်စင်္ကြံန်ရှိပြီး စင်္ကြံန်၏ တစ်ဖက်တစ်ချက်တွင် ဆင်သမားများ အိပ်ရန်အဆောင်ရှိ၏။ ဆင်ခေါင်းအတွက် တစ်ခါ တစ်ရံ အခန်းလုပ်ပေးထားတတ်၏။ စန်င်္ကြံ၏ထိပ် ဝဲဘက်(သို့) ယာဘက်တွင် မီးဖိုနှင့် မီးဖိုအထက်တွင် ထင်းကျပ်တိုက်ရန် ထင်းစင်ရှိကာ မီးဖိုရှေ့တွင် ထမင်းစားရန် နေရာကျယ်ကျယ်ထား၏။
ဆင်တဲမှန်သမျှ ထူးခြားသည်မှာ မီးဖိုကို မည်သည့် အခါမျှ တဲ၏အနောက်ဘက်တွင်မထား။ တဲ၏ ရှေ့ပိုင်းတွင်သာ ထားသည်။ ထမင်းစားပြီးပါက အိမ်ရှေ့ကပြင်တွင်ပင် ပန်းကန်ဆေး၏။ ထို့အတူ လက်ဆေးခြေဆေးလုပ်သည်မှာလည်း အရှေ့ကပြင်တွင်သာဖြစ်၏။
စင်္ကြံန်ဆုံးသောအခါတွင် တော၏အခြေအနေကို လိုက်၍ ၁ဝ ပေမှ ပေ ၂ဝ/၂၅ ပေခန့်အထိ ကျသောင်းဝါးသုံးလုံးခန့်ဖြင့် တံတားထိုးထားကာ ထိုတံတားကို လျှောက်လျှင် ကိုင်ရန် ဝါးတစ်လုံးကို တိုင်စိုက်၍ တံတားအဆုံးအထိ လက်တန်းလုပ်ထား၏။ ထိုနေရာမှာ ဆင်သမားများ အပေါ့စွန့်ရန်ဖြစ်၏။
ရှေးက ကျား၊ ကျားသစ် ပေါခဲ့လေရာ ဆင်သမားများက ဘိုးစဉ်ဘောင်ဆက် ထိုသို့ အန္တရာယ်ကင်းရန် လုပ်ထားခြင်းဖြစ်ပေမည်။
ယခုအထိလည်း ဆင်တဲတိုင်း ထိုသို့ပင် ဆောက်ထား၏။ အိမ်ရှေ့ကပြင်၏ အမြင့်မှာ အနည်းဆုံး ခုနစ်ပေ ရှစ်ပေမျှ မြင့်ပေရာ ဆင်ဦးစီးက ဆင်ကို တဲကပြင်အထိ မောင်းလာပြီး ဆင်ပေါ်မှ ပစ္စည်းချခြင်း၊ လူဆင်းခြင်းကို ကပြင်တွင်လုပ်နိုင်ရန် တည်ဆောက်ထားခြင်းဖြစ်၏။
အပို အမိုးမှာ ကျသောင်းဝါးကြီးများကို ထက်ခြမ်းခွဲ အဆစ်ကိုရွေကာ ရေတံလျှောက်ကဲ့သို့ လုပ်ပြီးမှ မှောက်လျက် ပက်လက်ထက်ခါ မိုးထားလေရာ မိုးအလွန်လုံ၏။ တင်းဝါးကိုပင် ရိုက်ပြားကာ ကာကြ၊ ခင်းကြလေသည်။
ဆင်တဲဝန်းကျင် တစ်ဧကမျှရှင်းကာ ဗူး၊ ဖရုံ၊ ငရုတ်၊ ရုံးပတီသီး၊ ပင်စိမ်း စသည်တို့ စိုက်ထားတတ်ပြီး ဆင်ဆေးကုရန် ကြက်ကိုတော့ မမွေးမဖြစ် မွေးကြ လေသည်။ ကြက်ပွားလာပါက စားရန်ဟင်းလည်း ရပေသည်။
ဆင်တဲဆောက်ရာတွင် မည်သည့်အခါမှ သစ်ပင်ကြီးများအောက် အရိပ်ရသည့်နေရာတွင် မဆောက်ကြချေ။ အဘယ်ကြောင့်ဆိုသော် တောကြီးမျက်မည်းအတွင်း အအေးဓာတ်လွန်ကဲမှုကြောင့် ဖျားနာမှု ကာကွယ်ရန်နှင့် ငှက်ဖျားကာကွယ်ရန်၊ အလင်းရောင်နှင့် အပူဓာတ်ရရန် ကွက်လပ်တွင်သာ ဆောက်ကြ၏။ ကွက်လပ်မရှိပါကလည်း သစ်တောသစ်ပင်ကြီးများကိုရှင်းကာ ကွက်လပ်လုပ်ပြီးမှ ဆင်တဲဆောက်ကြလေသည်။
ဆင်တဲတစ်လုံးမှာ အလျားပေ ၃၀ မှ ၃၅ ပေခန့်နှင့် အနံ ၂ဝ ပေခန့် ရှိကြရာ ဆင်သမားများအတွက် သက်သောင့်သက်သာနေနိုင်ပြီး သန့်ရှင်းလေသည်။ ကျေးရွာများတွင် ထိုသို့ တင်းဝါးများဖြင့် ဆောက်မည်ဆိုပါက ငွေကျပ် ငါးသိန်းမှ ၁ဝ သိန်းအထိပင် ကုန်ကျနိုင်ပေသည်။
ဖိုးကုလားက မီးဖိုနားမှ ခွာပြီးနောက် ဝတ်ထားသည့်ပုဆိုးနှင့် သရီးကွာတား (ဘောင်းဘီစက)ကို လဲဝတ်လိုက်ပြီးနောက် လွယ်ခြင်းဖြင့်ထည့်ထားသော ဓားမကို စလွယ်သိုင်းလိုက်၏။ ထို့နောက် စစ်ခါးပတ်ပြားကြီးတွင် ချိတ်ထားသော ဆင်ဦးစီး ဓားချွန်းကို တဲနံရံတွင် ချိတ်ထားရာမှ ဖြုတ်၍ ခါးတွင်ပတ်လိုက်ခါ တဲ၏ အမိုးနှင့်ကပ်လျက် ပစ္စည်းပစ္စယများထားသည့်စင်မှ တောလိုက်လှံအား ယူလိုက်သည်။ တောလိုက်လှံမှာ အသွား ၁ဝ လက်မခန့်၊ ဗြက် ၂ ဒသမ ၅ လက်မခန့်ရှိပြီး ဓားရိုးမှာ လေးပေခန့်ရှိလေသည်။
ထို့နောက် လှေကားမှ တဲအောက်သို့ဆင်းလိုက်ရာ တဲကပြင်တွင် အစာစားပြီး နားနေသော အမဲလိုက်ခွေးသုံးကောင်အနက် နက်ကုတ်နှင့် မြီးတိုတို့က သူ့နောက်မှ လိုက်လာကြ၏။ ကျန်ခွေးတစ်ကောင်ဖြစ်သော ကျားဘိုမှာ အိန္ဒြေရရပင် အိပ်လျက်ရှိလေရာ ဖိုးကုလားက တဲအောက်ရောက်မှ-
“ကျားဘို … လာ … လာ … အို့ … အို့”
သို့သော် ကျားဘိုက အရေးမလုပ်။ ကြည့်ရသည်မှာ အဟုတ်ပင် တောလည်မလိုက်လိုဟန်ဖြင့်။
ဘယ်လိုဖြစ်ပါလိမ့်။ ခါတိုင်း တောလည်သွားလျှင် ကျားဘိုမှာ ရှေ့ဆုံးက ဖြစ်၏။ ထို့ကြောင့် …
“ဖထီးရေ … ကျားဘိုကို ခေါ်မရဘူး။ ဒီခွေးပျင်းကို ကပြင်ပေါ်က ကန်ချလိုက်စမ်းပါ”
စကားအဆုံးမှာပင် ထမင်းချက်ကြီး စောဖိုးလယ်က သူ၏ဆေးတံကို ပါးစောင်တွင်ခဲရင်း
“ဟဲ့ … ထွီး (ဟဲ့ …ခွီး) ”
ဟု မောင်းလေ၏။
သို့သော် ကျားဘိုက အရေးမလုပ်။
“ဟုတ်တော့ ဟုတ်နေပါပြီ … ဒီခွေး”
ဟု ဆိုကာ ထိုင်ရာမှထ၍
“ထွီး – နမို … (… သားခွေး)”
ဟု ဆိုကာ ခြေဖြင့်ကန်လိုက်ရာတွင်လည်း ခွေး နာ နာကျင်သံကိုသာပေး၍ မထ။
“ဖထီး … ဒီခွေး ဘာဖြစ်နေတယ် မသိဘူး။ နေပါလေ့စေတော့။ ကျွန်တော် ဒီခွေးနှစ်ကောင်နဲ့ပဲ သွားတော့မယ်”
ပြောပြောဆိုဆို ဖိုးကုလားက ရှေ့မှ လှံထမ်းထွက်သွားလေရာ နက်ကုတ်နှင့် မြီးတို ခွေးနှစ်ကောင်မှာ နောက်မှ လိုက်သွားလေ၏။
အချိန်မှာ နံနက် ၅း၃ဝ နာရီခန့်သာ ရှိသေးသဖြင့် အလင်းရောင်က တောနက်ကြီး အကွက်(၈)အတွင်း နေရာတိုင်းသို့ မကျရောက်နိုင်သေး။
သို့သော် တစ်မိုးတွင်းလုံး အကွက်ထဲ အလုပ်လုပ်လာသူ ဖိုးကုလားက သည်တွင် ခြံရှုပ်၊ သည်ခွင် ခလုတ်၊ သည်တွင် တောင်ကုန်း၊ သည်မြောင် အဆုံး ဆိုသည်ကို သိသည်။ ဘယ်ကြောဖြတ်ရင် ဘယ်တောင်ဝင်၊ ဘယ်တွင် အမဲကိုင်း၊ ဘယ်အိုင်ကို ဝိုင်းသွားပါက ဒိုင်းခနဲ ဘယ်ကိုရောက်မည်ကို လမ်းမပျောက်ဘဲ သွားနိုင်သူ။
ထို့ကြောင့် သူတို့အကွက်နှင့် အကွက်(၆)ရှိရာ နယ်စပ်ဘုတ်တိုင်ဘက်သို့ အတိုဆုံးလမ်းမှ ဖြတ်၍ တက်ခဲ့ရသည်။ ထိုသို့ ဖြတ်ရာတွင် တဲနံဘေး မြောင်ကိုကျော် တောင်တစ်တောင်ပေါ်ကိုတက်၍ နောက်တစ်မြောင်ကိုဆင်းကာ မြောင်အတိုင်း စုံလိုက်သောအခါ ဆင်စွယ်ချောင်းဖျားကို ဆင်းလေသည်။
အလင်းရောင်လည်း ချောင်းထဲတွင် ကျရောက်ခဲ့ပြီ။
သို့သော် နံနက်စောစော ချောင်းဖျားကို သွားနေရသည်မှာ နှင်းစို၊ ရေစိုသော တောစီးဖိနပ်က တဗွက်ဗွက် မည်လျက် ရှိ၏။ ဤအသံကို အမဲက ကိုက် ၅ဝ၊ ၁ဝဝ မျှပင် ကြားနိုင်သည်။
သို့သော် သူ မမှု။ သူက ခွေးဖြင့် အမဲလိုက်လာခြင်းမဟုတ်။ သူတို့ထောင်ထားသည့် အမဲကိုင်းသို့သာ သွားနေခြင်းဖြစ်သဖြင့် ခရီးတွင်ဖို့သာ အရေးကြီးသည်။
သူ၏ ခွေးများကတော့ ချောင်းကမ်းနံဘေးမှ တောများအတွင်း အနံ့ခံအကောင်ရှာရင်း ဟိုတိုးဒီတိုး သွားနေကြလေသည်။
“ဝုတ် … ဝုတ် … ဝုတ်”
“ရှော … ရှော … ရှော … ရှဲ”
“ဗြဲ … ဗြဲ”
ခွေးဟောင်သံနှင့်အတူ ကြားလိုက်ရသည့် အသံများကြောင့် ဖိုးကုလား တစ်ယောက် လှံကို ပခုံးပေါ်မှချကာ လက်နှစ်ဖက်ဖြင့်ကိုင်ကာ ရပ်လိုက်ပြီး ဘာကောင်ဖြစ်မည်ကို အကဲခတ် နားထောင်ကြည့်လိုက်၏။
“ဝုတ် … ဝုတ်”
“ဗြဲ … ဗြဲ … ရှော”
သူသိလိုက်ပြီ။ ဤအသံမှာ ခွေးဟောင်သဖြင့် ကြောက်အားလန့်အား ပြေးနေသော ဖွတ် ဖြစ်ရမည်။
အသံမှာ မြေကြီးမှ ဖြစ်၏။ သစ်ပင်ပေါ်မှ မဟုတ်။
သို့ဆိုလျှင် ဒီဖွတ် သစ်ခေါင်း သစ်ပင်မတက်မီ အမီလိုက်ပါက အလွယ်ပင် လက်ရဖမ်းနိုင်မည်။
ထို့ကြောင့်ပင် ချက်ချင်း ခွေးသံလာရာ ချောင်းဝဲဘက်နှုတ်ခမ်းသို့ ပြေးတက်လာမိ၏။ ထို့နောက် ခွေးရှိရာသို့ ခြုံကိုတိုး၍ သွားသောအခါ …
“ရွှမ်း … ရွှမ်း”
တွေ့ပါပြီ။ သုံးပိဿာမျှရှိမည့် ဖွတ်ညှင်းကြီးတစ်ကောင်။ သူ့အား ဟောင်နေသည့် ခွေးနှစ်ကောင် အနားမကပ်နိုင်ရန် သူ၏ သုံးပေခွဲ လေးပေခန့်ရှိမည့် အမြီးဖြင့် ဝှေ့ယမ်းရိုက်နေသည်မှာ ကြာပွတ်သံပင် ထွက်၍နေခြင်းဖြစ်၏။
ဖိုးကုလားမှာ ဒါမျိုးအတွေ့အကြုံ ရှိပြီးဖြစ်ရာ ဖွတ်က ခွေးကို မဲနေစဉ်တွင် အမြီးကို အလည်မှ ခြေဖြင့် နင်းထားလိုက်ကာ ဖွတ်၏ဦးခေါင်းကို လှံသွားဖြင့် ပြားလိုက် ဖိထားလိုက်၏။
ဖွတ်မြီးကော ဖွတ်၏ပါးစပ်ကပါ လူကို အန္တရာယ်မပြုနိုင်တော့။ ထို့ကြောင့် ဖိုးကုလားက ဖွတ်၏ လည်ကုပ်ကို ယာလက်ဖြင့်ဖမ်း၊ ဝဲလက်ဖြင့် ဖွတ်မြီး၏ သုံးပုံတစ်ပုံခန့် အဖျားပိုင်းမှကိုင်၍ မြှောင်လိုက်သောအခါ ဖွတ်မှာ အမြီးဖျားလေး ယမ်းနိုင်သည်မှလွဲ၍ အရုပ်တစ်ခုလို လက်တွင်း ပါလာလေပြီ။
ဖိုးကုလားက ဆင်သမားမို့ ဖွတ်မြီးဖြင့် ဖွတ်ကိုချည်နည်း တတ်သည်။ ရှည်လျားသေးသွယ်သော ဖွတ်မြီးဖျားပိုင်းအား ဖွတ်၏လည်ပင်းကို တစ်ပတ်ကျော့လိုက်ပြီးနောက် ပြန်၍ မပြုတ်စေရန် ဖွတ်ရှေ့လက်တစ်ဖက်၏ လက်ချောင်းများမှ တစ်ချောင်းထိပ်ရှိ လက်သည်းဖြင့် တစ်ပတ်ကျော့ထားသည့် အမြီးဖျားပိုင်းအသားကို ဖောက်၍ ချိတ်လိုက်သည်။
ဓား၊ အချွန် လုံးဝမလို။ ဖွတ်၏လက်သည်းမှာ ထက်မြက်ရှည်လျားသဖြင့် သူ့အမြီးကို သူ့လက်သည်းဖြင့် အလွယ်တကူပင် ဖောက်၍ရ၏။ ထို့နောက် လွယ်ကြိုးကဲ့သို့ ဖြစ်သွားသော အမြီးအား ပခုံးတွင်လွယ်လိုက်သောအခါ သူ့အမြီးဖြင့် သူ့အား ချည်ထားသော ဖွတ်သည် လွယ်အိတ်လွယ်ရသကဲ့သို့ လွယ်နိုင်လေသည်။ လွယ်သောအခါ ဖွတ်မြီးမှာ တင်းသွားသဖြင့် ဖွတ်မှာ လူကိုလည်း မကိုက်နိုင်တော့။
“နက်ကုတ်နဲ့ မြီးတိုရေ . . . ရှေ့ဆက်ကြစို့ဟေ့။ ဟင်းစားကတော့ ရပြီ။ မင်းတို့လည်း ဟင်းကောင်းစားရပြီပေါ့ကွာ”
ဖိုးကုလားက အသံထွက်၍ သူ့ခွေးများအား အားပေးပြီးနောက် ခရီးကို ဆက်ပြန်သည်။
ဆင်သမားများမှာ ခွေးသည် သူတို့နှင့် လုပ်ဖော်ကိုင်ဖက်၊ ဟင်းရှာဖက်၊ အန္တရာယ်ကာကွယ်ဖက်ဟု သဘောထားကာ ခွေးကို အစာကျွေးရာတွင် ကောင်း ကောင်းကျွေး၏။ အိပ်သောအခါတွင် ကောင်းကောင်းအိပ်ရန် တဲပေါ်တွင် ဂုန်နီအိတ်ကိုပင် ခင်းပေးထားတတ်၏။
ထို့ကြောင့် လူဟင်းကောင်းစားရလျှင် သူတို့လည်း ဟင်းကောင်းစားရပေသည်။ ယခု ဖွတ်ရပြီဖြစ်၍ ဟင်းကောင်းစားရတော့မည် ဖြစ်သဖြင့် ဤသို့ အားပေးလိုက်ခြင်း ဖြစ်ပေသည်။
ဖိုးကုလားနှင့် ခွေးနှစ်ကောင်တို့ ခရီးဆက်ခဲ့ကြရာ ချောင်းအတွင်းမှ မြောင်ငယ်တစ်ခုကိုဖြတ်၊ တောင်ကြောတစ်ခုကို တက်ခဲ့သောအခါ ရှေ့တွင် ပြန့်တောတစ်ခုကို တွေ့ရ၏။ ထိုပြန့်မှာ တောင်ကြားပြန့်တစ်ခုဖြစ်ပြီး ခြံရှုပ်၏။ ပြောင်စာမြက်နှင့် ကိုင်းမြက်များ၊ ဝါးပင်ပေါက်များရှိပြီး သစ်ပင်ကြီးများ အုံ့ဆိုင်းနေလေရာ ပြောင်၊ စိုင်၊ ဝက်တို့၏ စားကျက်လည်း ဖြစ်ပေသည်။
သူတို့ ဆင်သမားများကလည်း တောကောင်ပျော်ရာ စားကျက်မျိုးကိုရှာ၍ သုတ်ကိုင်းထောင်ကြ၏။ ထောင်ရာတွင် မျော(သို့)ဝါးကို ဂုတ်နှိပ်၍ ထိပ်တွင် ကြိုးချည်ပြီး ကျော့ကွင်းလုပ်ခါ သားကောင်ခြေနင်းနိုင်သည့် နေရာတွင် ထောင်ရလေသည်။
သားကောင်ခြေနင်းနိုင်ရန်နှင့် လိုချင်သည့်နေရာတွင် နင်းစေရန် တုံးကို ကျော်စေခြင်း၊ ခြေကိုရှောင်ရန် ခလုတ်ထားခြင်း၊ သစ်ကိုင်းချထားခြင်းတို့ဖြင့် မိမိလိုချင်သော နေရာသို့ နင်းအောင် ကြံဆောင်ရလေသည်။
မျှော်မှန်းထားသည့်အတိုင်း သားကောင်က တုံးကိုကျော်လျှင်ဖြစ်စေ၊ ခလုတ်ကို ရှောင်လျှင်ဖြစ်စေ သူ၏ ခြေလက်တို့က ကျင်း၊ ချိုင့်ကို နင်းမိပေမည်။ ထိုအခါ ကုပ်နှိပ်သုတ်ကို ဆင်ထားသည့်ကြိုးက သုတ်၍ တင်သွားမည်ဖြစ်ရာ သားကောင်ငယ်ပါက ကိုင်းကြိုးတွင်မြောက်၍ တန်းလန်းမိပေမည်။ သားကောင်ကြီးပါက သားကောင်ကို ကိုင်းကြိုးက မမြှောက်နိုင်သော်လည်း ကျော့ကွင်းက တင်းသွားကာ သားကောင်ကို မိထားပေမည်။ ထိုအခါ မုဆိုးက သားကောင်ကို လှံဖြင့်ထိုးယူရရှိနိုင်သည်။
(ကိုင်းဆင်ပုံ၊ သားကောင်ထောင်ပုံ အသေးစိတ်ကို သီးခြားဝတ္ထုတစ်ပုဒ် ရေးသားရန် ဆန္ဒရှိပါသည်။)
ယခုလည်း ထွန်းရီတို့ဆင်အဖွဲ့မှ သုတ်ကိုင်း ကိုင်းထောင်ရာတွင် ထိုနည်းမျိုး (ခြေနင်းကိုင်းထောင်ခြင်း)ကို သုံးထားသဖြင့် သားကောင်မိနေပါက လှံဖြင့်ထိုးယူရန် ဖိုးကုလားအား မှာလိုက်ခြင်းဖြစ်၏။
ဖိုးကုလားမှာ ကိုင်းဆင်ထားရာ ပထမဂွင်(ခွင်)ကိုကြည့်ရာ သုတ်ကိုင်းမပြုတ်၊ သားကောင်မမိ။
ထို့အတူ ဒုတိယဂွင်တွင်လည်း မမိ။
ထို့ကြောင့် တတိယခွင်သို့ ဆက်၍ သွားရ၏။ ခွင်တစ်ခုနှင့် တစ်ခုမှာ ကိုက် ၅ဝ၊ ၁ဝဝ ခန့်ဝေး၍ ခြံရှုပ်၊ တောထူသဖြင့် လှမ်းမမြင်ရ။ ထိုသို့ မမြင်ရစေရန်လည်း နေရာရှာ ကိုင်းဆင်ရ၏။
တစ်ခါတရံ ဝါးဖြင့်လုပ်သည့် သုတ်ကိုင်းမဟုတ်ဘဲ သဘာဝသစ်ပင်၊ ဥပမာ မျောပင်ကို ကုပ်နှိပ်၍ သစ်ကိုင်းဆင်ရလေရာ ထိုသဘာဝသစ်ပင်က ပို၍ သားကောင် မျက်စိမှောက်တတ်သဖြင့် မျှော်လင့်ချက် ပိုကောင်းပေသည်။
ဝါးကိုင်းသီးခြားစိုက်ပါက ပါးနပ်လှသော သားကောင်က အလွယ်တကူ သတိထားမိကာ ကိုင်းကို ရှောင်၍လည်းကောင်း၊ ကျော်၍လည်းကောင်း သွားပေမည်။
ဖိုးကုလားနှင့် ခွေးနှစ်ကောင်က တတိယကိုင်းသို့ သွားရာတွင် ဖုန်းဆိုးတောကို တိုး၍သွားရ၏။ ထို ဖုန်းဆိုးတောအလွန် လင်းယောပင်ကြီး အမြစ်နားတွင် တုံးကျော်(အမြစ်တုံးကိုကျော်) ထောင်ထားခြင်းဖြစ်ရာ ဤဖုန်းဆိုးကိုလွန်ပါက ကိုင်းသို့ ရောက်ပေမည်။
အချိန်မှာ နံနက် ၇ နာရီခန့်ရှိ၍ အလင်းရောင်ကောင်းစွာ ရနေ၏။
“ကိန် … ကိန် … ကိန်”
“ဝုတ် … ဝုတ် … ဝုတ်”
ဖိုးကုလား၏ရှေ့မှ တောတိုးဝင်သွားခဲ့သော ခွေးနှစ်ကောင်က ကိုင်း၏ နေရာဘက်ဆီမှ ထိုးဟောင်သည့်အသံက အဝေးမှ ကြားလိုက်ရလေရာ ဖိုးကုလားက ဖွတ်ကိုလွယ်၊ လှံထမ်းလျက်မှ နားစွင့်လိုက်၏။
“ဝုတ် … ဝုတ် … ဝုတ် … ဝုတ်”
ခွေးသံ။
“ဝုန်း … ရွှိန်း … ဗျော”
အသံများ ထပ်မံကြားရပြီးနောက် သုတ်ကိုင်းဆင်ထားသည့် မျောပင်မှာ ရှေ့နောက် ဝှေ့ယမ်းသွားသည်ကို တွေ့ရလေရာ ဖိုးကုလားမှာ ကိုင်းတွင် သားကောင်မိထားမှန်း သိရလေပြီ။
ထို့ကြောင့် ပခုံးတွင်လွယ်ထားသော ဖွတ်ကို ဖြတ်ချလိုက်ပြီးနောက် လှံကို လှံရိုးမှ ဝဲယာလက်ဖြင့် တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ခါ သတိဖြင့် ချုံတိုး၍ ကိုင်းဆီသို့ ထွက်ခဲ့တော့၏။
ချုံရှုပ်ရာမှ ထွက်လျှင်ထွက်ချင်း လင်းယောပင်ခြေသို့ ပြေးကပ်ပြီးနောက် လင်းယောပင်နောက်မှ ခေါင်းထွက်၊ ကဲကြည့်လိုက်သောအခါ …
တွေ့ရပါပြီ … ကြီးမားမှောင်မိုက်၊ ခတ်မိုက်မိုက်မျက်လုံး၊ ခတ်စိုက်စိုက်ဦးချိုထားကာ ကျုံး၍ ခွေးများကို လိုက်ခတ်နေသော ပြောင်ကြီးတစ်ကောင် . . .
ချွန်လိုက်သည့် ချိုဖျား၊ အားကလည်း သန်၊ မြန်ကလည်း မြန်သည့် ခြေလှမ်းဖြင့်။
သို့သော် ခွေးများက တောလိုက်ခွေးများ။ ပါးနပ်ရာတွင် တောလိုက်ခွေးပီသသကဲ့သို့ မြန်ရာတွင် ပျားအလားမို့ နောက်ဆုတ်၍လည်းကောင်း၊ ဘေးသို့ ခုန်ရှောင်၍လည်းကောင်း ပြောင်ကြီး၏ ဦးချိုကို
အလွယ်တကူပင် ရှောင်နိုင်၏။
ပြောင်ကြီးမှာ အားအင်မည်မျှကြီး၍ ဒေါသမည်မျှ ထန်နေစေကာမူ ဝဲဘက်လက်ဆစ်တွင် ကိုင်းတံမျောပင်ကြောင့် ထင်တိုင်းမပေါက်။ ခတ်တိုင်းလည်း လိုချင်သည့်နေရာ မရောက်။ ကိုင်းနှင့် ကြိုး၏ ဆွဲအားကြောင့် နောက်သို့သာ ပြန်ပြန်ရောက်လျက်ရှိ၏။
ဖိုးကုလားမှာ ဝမ်းသာသွား၏။
ဤလို ကိုင်းမိထားသော ပြောင်ကြီးကို လှံဖြင့် သူ ရအောင်ထိုးနိုင်ပါက သူတို့အဖွဲ့ထဲတွင် သူ လူစွမ်းကောင်း ဟီးရိုး ဖြစ်မည်။ အသက် ၂၀ ကျော်အရွယ်တွင် ဆင်မှလွဲ၍ အကြီးဆုံး ကုန်းနေတောကောင် ပြောင်ကို အရထိုးနိုင်သည်ဆိုသည့်ဂုဏ်က နည်းမည်မဟုတ်။ သားကောင်ကြီး လှဲနိုင်သည့် မုဆိုးဟု။
ထို့ကြောင့် သူ့ဆရာ ထွန်းရီ မှာလိုက်သည့်စကား “အန္တရာယ်ရှိတဲ့အကောင်ဆိုရင် မင်းတစ်ယောက်တည်း ဝင်မလုပ်နဲ့။ တဲကိုပြန်လာပြီး လူခေါ်” ဆိုသည့်စကားကို သူ မေ့ထားပြီ။ ကိုင်းမိထားသည့် သားကောင်ကို သူက သိပ် အရေးမလုပ်။ ထို့ကြောင့် ခပ်ရဲရဲပင် လင်းယောပင်နောက်ကွယ်မှ ထွက်လိုက်ကာ ပြောင်၏ လက်နောက်ကို လှံဖြင့်ထိုးရန် လက်ကိုမြှောက်လိုက်သည့် ခဏ …
“အုန်း”
“ဟား … ဟား … ဘယ်ရမလဲကွာ”
ဖိုးကုလား လက်မြှောက်လိုက်သည်ကို တွေ့သွားသော ပြောင်က ခွေးများကို ဦးတိုက် ဦးချိုစိုက်ချိန်ထားရာမှ လျှပ်တစ်ပြက်လှည့်ကာ နံဘေးမှဝင်လာသော ဖိုးကုလားကို လှည့်တိုက်လိုက်ရာ ဖိုးကုလားမှာ နံဘေးကို အသာခုန်ရှောင်လိုက်သကဲ့သို့ ပြောင်အား မိထားသော ကြိုးက တင်းသွားကာ မျောတိုင်ပါယိုင် လှုပ်ယမ်းသွားပြီး နံဘေးမှ အပင်များကို ကိုင်းချင်းရိုက်မိလေရာ ‘အုန်း’ ခနဲ မြည်သွား၏။
ဖိုးကုလားက သူ့ထံ ရောက်မလာမှန်း သိသောအခါ အထက်ပါအတိုင်း နှုတ်မှ ရေရွတ် ကဲ့ရဲ့လိုက်၏။
ထို့နောက် ဖိုးကုလားက ပြောင်၏ လက်နောက်ကို လှံဖြင့် အရထိုးရန် ရွေ့လျားလိုက်ပြန်ရာ ပြောင်က ဇတ်ခနဲ ပြေးတိုက်လိုက်ပြန်၏။
“ဖျော”
ပြောင်က ဖိုးကုလားဆီသို့ မရောက်မီမှာပင် ကိုင်းနှင့်ကြိုးက ဆွဲထားလိုက်ပြန်၏။ ထိုအခါ ဖိုးကုလားမှာ ပိုမိုရဲလာပြီးနောက် ပြောင်၏ ဝဲယာကိုပတ်၍ လက်နောက်ကိုထိုးရန် ကြိုးစားပြန်ရာ ပြောင်ကလည်း …
“ရွှိန်း … ဂုတ် … ဂုတ်”
နှာမှုတ် ရှေ့လက်တစ်ဖက်ဆောင့်ကာ အားယူပြန်၏။
ခွေးများမှာ သူတို့သခင်ကို ရန်မူနေသော ပြောင်၏ နောက်သို့ဝင်ကာ ဒူးခေါက်ကွေးကို ဆွဲလိုက်ရာ ပြောင်မှာ အတော်နာသွားပြီး ခွေးများဘက်သို့ ဦးခေါင်းလှည့်လိုက်ရာ ဖိုးကုလားမှာ အခွင့်အရေးတစ်ခု ရသွား၏။
နောက်သို့ လှည့်လိုက်သဖြင့် သူ့အား ဘေးတိုက်ပေးသွားသော ပြောင်၏ လက်နောက်ကို ချိန်၍ လှံကို လွှတ်မည်အလုပ် …
“ဝုန်း”
“ထောင်း”
“စွပ်”
“အား”
“ဘုန်း”
“ဝုန်း … ဝုန်း”
“ကိုင် … ကိုင် … ကိုင်”
ပြောင်က မမျှော်လင့်ဘဲ ခွေးများဘက် လှည့်လိုက်ပြီးနောက် ချက်ချင်းပင် ဖိုးကုလားဘက်သို့ ပြန်လှည့်ကာ တအားပြေးတိုက်လိုက်ရာ ကြီးမားလှသော အင်အားဖြင့် ကြိုးကို ဆောင့်ရုန်းသကဲ့သို့ ဖြစ်ခါ ကြိုးမှာ ထောင်းခနဲ ပြတ်သွားပြီး အမှန်းတည့်လှသည့် သူ၏ဦးချိုက တစ်မုဟုတ်ချင်း ဖိုးကုလား၏ နံဘေးသို့ ဝင်ရောက်သွားရာ အသားကို အချွန်ဖြင့် ထိုးလိုက်သည့်အသံ “စွပ်”ဟု မြည်သွား၏။
ပြောင်၏ ဦးချိုဖျားတွင် ဖိုးကုလားမှာ ‘အား’ ခနဲ အော်၊ ကားခနဲ ပါသွားပြီးနောက် ပြောင်က ဦးချိုကို ခါချလိုက်သောအခါ ဘုန်းခနဲ မြေပြင်သို့ ပြန်ကျသွားပြီး သွေးအိုင်ထဲတွင် လဲ၍ နေလေ၏။
ပြောင်မှာလည်း တဝုန်းဝုန်းဖြင့် ထွက်ပြေးသွားလေရာ ခွေးများက တကိုင်ကိုင်အော်၍ နောက်မှ လိုက်၍ သွားကြ၏။
နံနက်ခင်း တောတွင်းတစ်နေရာမှာ ပြောင်ခတ်၍ သွေးအိုင်ထဲတွင် လဲနေသော ဖိုးကုလား …
လင်းယောပင်ခြေရင်းတွင် ဖိုးကုလား ချထားခဲ့သည့် ဖွတ်မြီးနှင့် ဖွတ်ချီထားသည့် ဖွတ်တစ်ကောင် …
ကြိုးပြတ်သွားသော သုတ်ကိုင်း တစ်ချောင်း …
အဝေးသို့ လွင့်စင်နေသော အမဲထိုးလှံတစ်ချောင်း။
ဪ … နံနက်ခင်း တောတွင်းတစ်နေရာ၏ မြင်ကွင်းမှာ အကျည်းတန်ပေစွ။ ဆင်သမားလေး၏ ကံကြမ္မာမှာ ဆိုးဝါးလေစွ။
မုဆိုးဖြစ်ချင်လှသည့် ဖိုးကုလား …
ဟီးရိုးဖြစ်ချင်လှသည့် ဖိုးကုလား ယခုတော့မူ …
– ဆက်ရန် –
စာရေးသူ – ကျော်စိုးဗိုလ်