ပန်းဆိုးတန်း မအေးသန်း

Posted on

ပန်းဆိုးတန်း မအေးသန်း(စ/ဆုံး)

———————————–

“မအေးသန်း ပြန်လာပြီ”

“မအေးသန်း ပြန်လာပြီ”

အချိန်က ညနေ(၅)နာရီကျော်ကျော် ဖြစ်သည်။

သည်အချိန်ရောက်လျှင် အကျဆောင်ခေါ် အဆောင်(၇)၊ (၈)၊ (၆)ထဲသို့ ‘ကျသစ်’များ ရောက်နေကျဖြစ်၏။ ‘ကျသစ်’ဆိုသည်မှာ ယနေ့မှ ရုံးမိန့်ဖြင့် ထောင်ကျလာသူ လူသစ်များကို ဆိုခြင်းဖြစ်သည်။ သည်လို ကျသစ်တွေထဲမှာ လူဟောင်းတွေလည်း ပြန်ပါလာတတ်၏။ သူတို့ကတော့ အထဲနှင့် အပြင်ကို အိမ်ဦးနှင့် ကြမ်းပြင်လို လူးလားခေါက်တုံ့ ကူးသန်းနေသူများတည်း။ ထိုသို့ ကူးသန်းနေသူများမှာ ၃၀(ဃ)ခေါ် မှောင်ရိပ်ခိုမှုများသာ ဖြစ်ပြီး အများဆုံး ကူးသန်းသူကား မအေးသန်းပါ။

မအေးသန်းဆိုလျှင် (၆)၊ (၇)၊ (၈)၊ တိုးချဲ့ဆောင်များတွင် မသိသူမရှိ။ မအေးသန်းကား ကူးသန်းချိန် ရှည်လှပြီပဲ။ ဆယ်နှစ်ကျသော တန်းစီး မသိန်းခင်ပင် မအေးသန်းနောက်မှရောက်သူ ဖြစ်သည်။ သူရောက်တော့ မအေးသန်းက ထောင်မင်းသမီး ဖြစ်နေပြီ။ အသားလတ်လတ်၊ ဘော်ဒီတောင့်တောင့်၊ မျက်လုံးမျက်ဖန်လှလှနှင့် မအေးသန်းသည် ၃၀(ဃ)ဟု ထင်ရက်စရာပင်မရှိ။ ရုပ်သန့်သလို စိတ်ထားလေး ရှင်းသဖြင့် ထောင်ထဲမှာ လူချစ်လူခင် ပေါသည်။

“မအေးသန်း ပြန်လာပြီ” ဆိုသော စကားကိုပင် မအေးသန်းသည် ထောင်ကို အိမ်အမှတ်ပြုနေသူ၊ အပြင်ကို အလည်အပတ်သဘောမျှသာ သွားသူဟု အဓိပ္ပာယ်ကောက်ယူနိုင်ပေသည်။ တကယ်လည်း မအေးသန်းတွင် အပြင်၌ ‘အိမ်’မရှိချေ။ သည်လို ဝင်လိုက်ထွက်လိုက်နှင့် အကြိမ်ပေါင်း(၃၀)ကျော်ပြီဆိုတော့ ထောင်ဝန်ထမ်းတွေကလည်း မအေးသန်းကို နားလည်နေကြပြီ။ သူကလည်း ဘယ်တော့မှ ကြာကြာနေရသည်မဟုတ်။ အလွန်ဆုံး(၃)လပါပဲ။ (၃)လနေပြီး ပြန်သွား၍ (၃)ပတ်မကြာခင် မအေးသန်း ပြန်လာပြီဆိုသော အသံကို ကြားရမြဲတည်း။

“နေစမ်းပါဦး။ အဲဒီ မအေးသန်းက ဘာဖြစ်လို့ ဒါလောက် ထောင်မှာ ပျော်နေတာလဲ”

ထောင်ထဲမှာ လေရှူရတာကိုပင် မသန့်ဟု ယူဆထားသော ချဲမချိုက မေးသည်။ သူဆိုလျှင် ချဲမှု(၃)နှစ်ကို (၃)ကမ္ဘာလောက် ထင်နေသူ မဟုတ်လား။ တညတာ ကုန်ဆုံးဖို့အရေး (၃)ရေးလောက် နိုးနေတတ်သူပဲ။ အိမ်ကပို့သော ကောင်းပေ့ညွန့်ပေ့ဆိုသော စားစရာတွေကလည်း ထောင်နံ့ဖြင့် နံစော်လှသည်ဟု ထင်သည်။ အဲသည် မအေးသန်းကဖြင့် ထမင်းဖိုမှ လာပေးသော ထမင်းအထွေးလိုက်ကို ငါးပိမည်းမည်း ခါးခါးနှင့်တို့ပြီး တောင်ယာမှ ခိုးယူလာသည့် စပါးလင်ကို ကိုက်ကိုက်ပြီး စားနေပုံမှာ ဟိုတယ်တက်စားနေသလား အောက်မေ့ရ၏။

“မချိုသိချင်ရင် မအေးသန်းကို သွားမေးပေါ့”

မချိုက ပခုံးတွန့်၏။

သွားမမေးရဲပေါင်နော်။ အဲသည် ၃၀(ဃ)တွေ စုနေသော တိုးချဲ့ဆောင်ထဲကို ဝင်ဖို့တောင် စိတ်မသန့်ပါ။ ရောဂါတွေ … ရောဂါတွေ ကူးမှဖြင့် … ။

“ဟော…မအေးသန်း ရေချိုးတော့မယ်”

ရေကန်ဘာရာက အော်သည်။ မအေးသန်း ရေချိုးတာ ဘာများဆန်းသလဲ။ ဆန်းပါပြီလား။ အများသူငါ ရေကန်ကြီးမှာ ရေကို ခွက်ရေဖြင့် ချိုးရတာ။ မအေးသန်းက သည်အခွင့်အရေးကို တောင်းဆိုထားသည်။ သူက အများနှင့်ရောပြီး ရေမချိုးပေ။ အကြောင်းကား သူက အဝတ်ချွတ်ပြီးမှ ချိုးတတ်သည်ဟု တင်ပြခဲ့သည်။ အများအမြင်မှာ မလျော်ကန်။ မနီးမဝေးမှာရှိနေသော အမျိုးသားဆောင်တွေမှ လှမ်းကြည့်လျှင် မြင်နိုင်သည်။ ဤတွင် မအေးသန်း အော်ဟစ်၏။ အဝတ်တွေ ချွတ်ပစ်၏။ ဘာရာ ဒေါ်မြမြ ကြိမ်လုံးဖြင့် လက်ညောင်းအောင် ရိုက်ကြည့်၏။ မအေးသန်း ပို၍ အော်ဟစ်သည်။ ဒဏ်ရာအရှိုးတွေ မြင်မကောင်း။ အမိန့်ဖီဆန်၍သာ ဒဏ်ခတ်ရပေမင့် သူ့အသားဝင်းဝင်းကို မရိုက်ချင်တော့။ နောက်ဆုံး လူလွတ်ရာမှာ စဉ့်အိုးနှင့် ချိုးပေတော့ဆိုမှ မအေးသန်း အအော်ရပ်လေသည်။ သည်တခု ကလွဲ၍ မအေးသန်း ဘာအပြစ်မှ မလုပ်ပေ။

ခုတော့ မအေးသန်း ရေချိုးမည်ဆို မမြင်ဖူးသူများက ခပ်လှမ်းလှမ်းမှ ချောင်းကြည့်ကြတာကလွဲပြီး မည်သူမျှ အဆန်း မလုပ်ကြတော့။

“အေးမှာ အဝတ်အပိုမှ မရှိတာ။ ဒီလိုပဲ ချိုးရမှာပေါ့ ဟုတ်ဘူးလား”

မအေးသန်းက သူ့ကိုယ်သူ “အေးက…အေးက”နှင့် ပြောတတ်၏။ သူ့စကားသံကလည်း ချိုသာသည်။ ယောကျာ်းတွေ ဒါကြောင့် ကျကြတာများလားဟု တချို့က တွေးတတ်သေး၏။ ဘာပဲဖြစ်ဖြစ် မအေးသန်းကတော့ သူ့ကိုယ်ပိုင်အိမ်မှာနေသလို အေးအေးဆေးဆေးပဲ။

“မအေးသန်း အပြင်မှာ ဘာလို့မပျော်တာလဲ”

တန်းစီး ဒေါ်သိန်းခင်က မေးဖူးသည်။

“ဆွေတကောင် မျိုးတကောင်မရှိ၊ လင်မရှိ၊ သားမရှိ ဘယ်လိုလုပ်ပြီး ပျော်နိုင်မှာတဲ့လဲ”

မအေးသန်းက ဆွေးဆွေးမြေ့မြေ့ ဆိုလေသည်။

“မဟုတ်သေးပါဘူး။ ကိုယ့်အားကိုယ်ကိုး ရောင်းဝယ်စားပေါ့”

တယောက်က စောဒက ဝင်သည်။

မအေးသန်း ပါးစပ်ကို မဲ့လိုက်ပြီးမှ…

“အေး ရောင်းဖူးတာပေါ့။ ပြောင်းဖူးပြုတ်ရောင်းတယ်၊ ကန်စွန်းဥပြုတ်ရောင်းတယ်။ နေ့ခင်းတော့ တော်ပါရဲ့။ နေညိုတာနဲ့ သတ္တဝါတွေက ပြောင်းဖူးပြုတ်တွေ ထားခဲ့ပါကွာတဲ့။ ဈေးဖိုးပေးမှာပေါ့တဲ့… ”

“မလိုက်လို့ မဖြစ်ဘူးလား”

“ဖြစ်ပါတယ်၊ ဒါပေမဲ့… ဖောက်သည်ပျက်တာပေါ့”

“ဟင်… ဖောက်သည်တွေ ဟုတ်လား”

“အင်းပေါ့၊ အေး ဖောက်သည်တွေက အများကြီး။ အလှည့်နဲ့ ပေးရတယ်”

“ဟယ်… စိတ်မညစ်ဘူးလား”

“စိတ်ညစ်တယ်တော့ မဟုတ်ဘူး။ ဟိုလေ… အဲ…ခန္ဓာကိုယ်က မခံနိုင်ဘူး။ သိတယ်ဟုတ်။ အထိမခံချင်တော့ဘူး။ အဲဒီအခါ အဖမ်းခံရအောင် တမင် ကိုယ်ယောင်ပြရတော့တာ”

“ဟောတော့…တမင်အဖမ်းခံတာ ဟုတ်လား”

“အေးလေ၊ ဒီရောက်မှပဲ နားရတာကိုး။ (၃)လလောက် အားပြန်မွေး၊ ရက်စေ့တော့ ပြန်ထွက်၊ အလုပ်ပြန်လုပ်ရ။ အေးက ဒီအတိုင်းပဲ လမ်းဘေးမှာ အသက်ပျောက်မှာပါ”

မအေးသန်းမျက်နှာက ညှိုးသွားသည်။

သူ အရွယ်မရောက်ခင်က မိမဲ့ဖမဲ့ဘဝကို သတိရသည်။ အဲသည်တုန်းက သူ့ကို ဟိုကခေါ်ခိုင်း၊ သည်ကခေါ်ခိုင်းနဲ့ပါ။ မပြောကောင်းမဆိုကောင်း အပျိုဖော်တောင် မဝင်ခင်မှာပဲ ရွာထဲက အမူးသမားတစုက သားမယားပြုခဲ့ကြသည်။ ပိုက်ဆံတွေ အများကြီးပေးကြသည်။ ဟန်ကျလေစွ။ အလုပ်လုပ်ရတာလောက် မပင်ပန်းပါဘူးလေဟု ဖြေသည်။ အမှန်ပြောရလျှင် အဲသည်အချိန်မှာ ဘာမှန်းမပြောပြတတ်သော ‘သာယာမှု’ တခုကိုလည်း ခံစားရသည်ဟု ထင်သည်။ သည်လိုနှင့်ပဲ… ။

“ရောဂါရမှာ မကြောက်ဘူးလား”

သည်လို အမေးခံရတိုင်း မအေးသန်းက ကျယ်ကျယ်လောင်လောင် ရယ်မောပစ်လေ့ရှိပါသည်။

“သေ… အေးတာပဲလေ” ဟုလည်း အလွယ်တကူ ပြောတတ်သည်။

မအေးသန်း တခါပြန်လာတိုင်း အဝတ်အစားတွေကတော့ အသစ်အဆန်းတွေ ဖြစ်နေတတ်သည်။ အပြင်မှာ ဘာတွေ ခေတ်စားနေကြောင်း၊ မအေးသန်း ဝင်လာလျှင် သိနိုင်ကြသည်။

ပြီးတော့ မအေးသန်းက ရုပ်ရှင်ကြိုက်၏။

ရုပ်ရှင်ကား တကားလုံးကို စကားလုံးရော၊ အမူအရာရော အကျအန ပြန်လည်တင်ဆက်တတ်သည်။ မအေးသန်း ရုပ်ရှင်ပြောပြီဆို လူနှစ်ဆယ်လောက် ဝိုင်းနေရော။

မအေးသန်း လွတ်ပြီ… ။

နောက်နေ့ ‘လွတ်လူ’ စာရင်းခေါ်၍ မအေးသန်းနာမည်ပါလျှင် သူက ထူးထူးခြားခြား ပျော်ရွှင်ခြင်းမရှိ။ ဘေးလူတွေကလည်း မကြာမီ မအေးသန်း ပြန်လာမည်မှန်း သေချာသဖြင့် မအေးသန်း ရုပ်ရှင်များများ ကြည့်ခဲ့နော်ဟု တပျော်တပါး မှာတတ်ကြသေးသည်။

ငါဖြင့် မအေးသန်းကို နားမလည်ဘူးဟု ချဲမချိုက ပြော၏။ ဒီလောကမှာ နားမလည်နိုင်စရာ အများကြီးပဲလေဟု တန်းစီး မသိန်းခင်က ဆေးလိပ်မီးညှိရင်း ဆိုသည်။

(၈)ဆောင်ပေါ်မှာ မြေဇူပန်းလေးတွေ မွှေးနေပြီ။

(၇)ဆောင်က မှောင်နေ၏။

(၆)ဆောင်ခေါ် တိုးချဲ့ထဲမှာကား မအေးသန်းနားမှ လူဝိုင်းလျက်။ မအေးသန်းပြောသော ရုပ်ရှင်ကားကွို ခံစားနေကြလေသည်။ လောကသည် သူ့အလိုလို သွားနေဆဲ။

#ရွှေကူမေနှင်း
#ပန်းဆိုးတန်းမအေးသန်း