မောင့်ဖူးစာဖက်ဖြစ်အောင်ကွယ် (စ/ဆုံး)
————————–
ချစ်သူစျေးခုံလေးရှေ့နားမှာစက်ဘီးကို ဒေါက်ထောက်ပြီး ရပ်လိုက်သည်။
“သံပရာသီး ယူအုံးမလား မိုးရေ”
ကိုတင်လှိုင်က စက်ဘီးကယ်ရီယာမှာ တင်ထားသော တောင်းထဲမှ သံပရာသီးလေးငါးလုံးကိုယူပြီးမေးလိုက်သည်။
“ရှင်မနေ့ကပေးထားတဲ့သံပရာသီးတွေ မကုန်သေးဘူး၊မပေးပါနဲ့၊ရော့ ရှင်အဆာပြေစားဘို့ နှမ်းယိုတစ်ထုပ် ယူသွားပါလား ကိုတင်လှိုင်”
“တစ်ထုပ်ကိုတစ်ထောင်လောက်ပေးရတာ၊မပေးပါနဲ့မိုးရယ်၊ကိုယ်မနက်က ထမင်းနဲ့ပဲပြုတ်နယ်ပြီးစားခဲ့သေးတယ်၊
မိုးရောဘာစားပြီးပြီလဲ၊ကိုယ်ဘာဝယ်ပေးရမလဲ”
“ရပါတယ်၊ထမင်းချမ်းလေးထည့်လာခဲ့တယ်၊ဆာမှပဲ မြေပဲလှော်နဲ့စားလိုက်တော့မယ်”
“အဲလိုဆိုရင် ကိုယ်ဆက်ရောင်းလိုက်အုံးမယ် မိုးရေ”
“သံပုရာသီးတစ်ထောင်ဖိုးဆယ့်ငါးလုံးနော်၊တိုက်ကြီးသံပုရာလတ်လတ်ဆတ်ဆတ်တွေ”
ကိုတင်လှိုင်ကစက်ဘီးဒေါက်ကိုပြန်တင်ရင်းသူ့စက်ဘီးလေးကိုတွန်းကာ စျေးတန်းလေးတစ်လျှောက်အော်ရောင်းရင်း ဖြည်းညှင်းစွာ တွန်းသွားတော့သည်။
မိုးမိုးဆွေက ကိုတင်လှိုင်စက်ဘီးနောက်သို့အကြည့်တွေလိုက်ပါသွားရင်း
မိုးရာသီ ရုံးဖွင့်ရက်တွေမှာ စျေးဦးမှပေါက်ပါ့မလားဟု တွေးပူမိလိုက်သည်။
ကိုယ်ကရောဘာထူးသေးလို့လဲ။
မနက်ကထဲက လဘက်ချဥ်စပ်တစ်ထောင်တန်လေးတစ်ထုပ်ပဲရောင်းရသေးသည်။
စျေးအရောင်းပါးနေတုန်း ပါလာသည့်ထမင်းချမ်းလေးကဆီပါလေရုံဆမ်းထားသည့်ထမင်းဘူးလေးကိုဖွင့်လိုက်သည်။မနေ့က ချန်ထားခဲ့သော မြေပဲလှော်ထုပ်ကလေး သရေပင်ချည်ထားတာကိုဖြည်ရင်းထမင်းဘူးထဲသို့
ထည့်လိုက်သည်။မြေပဲကြော်ငါးရာတန်လေးတွေထုပ်ထားတော့ငါးရာကျပ်ဖိုးကို
နှစ်ရက်ခွဲပြီးစားလိုက်တော့လည်း အကုန်အကျသက်သာတာပါဘဲလေ။
မိုးမိုးဆွေဘေး စျေးခုံမှ ငါးခြောက်ရောင်းနေသူမအေးချစ်က
“ဒီနေ့လည်းထမင်းချမ်းနဲ့ မြေပဲကြော်ပဲလားမမိုးရေ”
မအေးချစ်ကိုကြည့်ပြီး
“စားပါအုံးလားမအေးချစ်၊မြေပဲကဗီတာမင်နဲ့ပရိုတင်းဓာတ်တွေအပြည့်ပါတယ်”
“စားပါမမိုးရယ်၊ငါလည်းမထူးပါဘူး ထမင်းနဲ့ ငနီတူလှော်သုပ်လေးထည့်လာတယ်၊ချဥ်စပ်ပေါ့အေ။ဆီမပါတဲ့အသုပ်ဆိုတော့ မမိုးတို့လိုအညာသူတွေ ကြိုက်ပါ့မလား၊ရော့ ငနီတူသုပ်လေးထည့်ပေးမယ်”
မအေးချစ်ကပြောပြောဆိုဆို ငနီတူသုပ်ကို ထမင်းစားဇွန်းတစ်ဇွန်းစာနီးပါးထည့်ပေးလိုက်သည်။
“မအေးချစ်အတွက် လဘက်ချဥ်စပ်တစ်ထုပ်ပြန်ပေးမယ်နော်”
“ရပါတယ်မမိုးရယ်၊စားချင်တဲ့နေ့မှ ပေးတော့၊ဒီနေ့တော့စျေးဦးလည်းမပေါက်သေး၊မိုးအေးအေးမှာငနီတူသုပ် စပ်စပ်လေးနဲ့ စားလိုက်တော့မယ်”
***********
မြေညီထပ်ဘေးပတ်လည်မှာရှိသော ဆိုင်ခုံလေးတွေက ငါးပေပတ်လည်ခုံလေးတွေဖြစ်သည်။တစ်နေ့ကိုတိုက်ခန်းဘေး၊ရှေ့မှာဆိုင်ခုံခင်းရောင်းခ ငါးထောင်ကျပ်ပေးရသည်။
စျေးပွဲလို့ ဆိုင်သိမ်းပြီး ပလတ်စတစ်အမာစားသောတ္တာတွေထဲထည့်ပြီးပစ္စည်းလက်ခံသည့် နောက်လမ်းမှ
မြေညီထပ်အခန်းသို့ဆိုက္ကားဖြင့်ပို့ရသည်။
ဆိုက္ကားအပို့အယူခကတစ်နေ့ကိုနှစ်ထောင်ကျပ်ပေးရသည်။ပစ္စည်းလက်ခံသည့်အိမ်က သောတ္တာတစ်လုံးကိုနှစ်သောင်းခွဲပေးရတော့တစ်လကိုငါးသောင်းကျပ်ကုန်ကျပါသည်။
ဆိုင်ခုံခင်းခတစ်လကိုတစ်သိန်းခွဲ၊
ဆိုက္ကားခကတစ်လကိုခြောက်သောင်း၊
ပစ္စည်းထားခတစ်လကိုငါးသောင်းကျပ်ဆိုတော့ အားလုံးပေါင်းတစ်လကုန်ကျစာရိတ်က နှစ်သိန်းခြောက်သောင်းရှိသည်။တိုက်ခန်းငှားခကသူမတို့လိုဘဝတူငါးယောက်ခန့်စုနေကြတော့ တစ်လလေးသိန်းခွဲကိုခွဲဝေပေးရသည်။တစ်ယောက်ကိုကိုးသောင်းကျပ်ပေးရသည်။ရေ၊လျှပ်စစ်မီးဖိုးတွေကတစ်ယောက်ကိုတစ်သောင်းနီးပါးပေးရတော့ နေခချည်းပဲတစ်သိန်းနီးပါးကုန်ကျသည်။ဆိုင်ခနှင့်နေစရာခပေါင်းလျှင်တစ်လကို သုံးသိန်းခွဲဖြစ်နေပါပြီ။
တစ်နေ့ကိုသောင်းနှစ်ထောင်လောက်မှမမြတ်လျှင် စျေးရောင်းဖို့နေထိုင်ဖို့ အခက်တွေ့နိုင်ပါသည်။
ဒါဆိုရင် မိမိစားဝတ်နေရေးကျန်းမာရေး
စာရိတ်၊အဖေအမေတို့ကို လစဥ်တစ်သိန်းလောက်ထောက်ပံ့ရမည့်ငွေကြေးတွေနှင့် စျေးမရောင်းရသည့်နေ့တွေမှာ
မမိုးတစ်ယောက်အသက်ရှူပင်မဝချင်တော့ပါ။
“အပျိုကြီးရေ၊ငေးမနေနဲ့၊စားစရာရှိတာစား၊ဖြစ်လာသမျှ ရင်ဆိုင်ရုံပဲပေါ့ဟယ်”
ရခိုင်သံဝဲဝဲနှင့်ငါးခြောက်သည်မအေးချစ်စကားကြောင့်
“ဟုတ်ပါတယ်မအေးချစ်ရယ်၊စျေးရောင်းမကောင်းတဲ့နေ့တွေအရမ်းငိုချင်တာပဲ၊ကုန်ကျစာရိတ်တွေတွေပြန်တွက်ရင်း အသက်ရှူတောင်ရပ်သွားမလားလို့ပါ၊ရန်ကုန်ကိုမဖြစ်မနေထွက်လာရတော့လည်းအညာမှာကျန်ခဲ့တဲ့မိဘတွေကိုသတိရမိတယ်၊ကျွန်မအစ်မအကြီးဆုံးက မိဘတွေကို စောင့်ရှောက်ထားပေးလို့တော်သေးတယ်၊ကျွန်မတို့မိဘအိမ်လေးကတော့မရှိတော့ဘူးပေါ့”
“ငါ့မှာရောဘာထူးသေးလည်းမမိုးရယ်၊
ငါ့မှာတော့အားကိုးစရာလင်ယောင်္ကျားရှိသေးလို့ ဒိုးတူဘောင်ဖက်လုပ်ကိုင်စားရတာ တော်ပါသေးတယ်၊အားကိုးစရာလူတွေ့ရင် အမြန်သာယူလိုက်ဟေ့၊”
မအေးချစ်စကားအဆုံးမှာ ကိုတင်လှိုင်နှင့်သူ့စက်ဘီးအိုလေးကိုမြင်ယောင်မိသည်။
အသက်သုံးဆယ်ကျော်အရွယ်လူပျိုကြီး ကိုတင်လှိုင်ကရော မမိုးအတွက် အားကိုးစရာလူဖြစ်နိုင်လေမလား။
အချစ်ဆိုတာ အသက်အရွယ်၊ဆင်းရဲချမ်းသာနှင့်မဆိုင်တာတော့သေချာပါသည်။
ရွှေပြည်သာက ရှစ်ပေပတ်လည်အခန်းကျဥ်းလေးမှာ သူငယ်ချင်းနှစ်ယောက်ပေါင်းပြီးငှားနေရသော ကိုတင်လှိုင်ရဲ့ဘဝထဲကို အားကိုးချင်စိတ်နဲ့ဝင်ရောက်ရဲတဲ့အရဲစွန့်စိတ်မရှိတာတော့ သေချာပါသည်။
**********
“နှစ်လုံး၊သုံးလုံးလက်ခွဲယူရောင်းရင်ကောင်းမလားလို့ မိုးရေ၊ဒီစျေးက လူတွေနဲ့ကိုယ်က ရင်းရင်းနှီးနှီးရှိပြီးသား၊ဂုတ်စီးလုပ်တဲ့လူကလည်း ကိုယ်နဲ့အတော်ခင်တယ်။အဲဒါနဲ့ သူ့ကိုမေးကြည့်တော့ ရောင်းချင်ရင်ရောင်းတဲ့၊မိုးဘေးမှာထိုင်ခုံလေးချပြီးရောင်းမယ်လေ၊မိုးအနားကလည်းမခွာရတော့ဘူးပေါ့”
မမိုးကတော့ မဆုံးဖြတ်ရဲ။
လောင်းကစားအလုပ်ကိုတော့မမိုးအားမပေးချင်ပါ။ပြီးတော့ ရိုးသားတဲ့အညာသူတစ်ယောက်အတွက် လက်မထပ်ရသေးတဲ့ချစ်သူနဲ့နီးနီးကပ်ကပ်မနေရဲတာလည်းပါသည်။ ပတ်ဝန်းကျင်ကလူတွေ၏ အထင်အမြင်သေးမှာကိုလည်းကြောက်သည်။
အပျိုစင်ဘဝကိုမှဲ့တစ်ပေါက်မစွန်းအောင်ထိန်းသိမ်းရင်းအသက်ပင်သုံးဆယ်ပြည့်ပါတော့မည်။
ကိုတင်လှိုင်နှင့်အကြည့်ချင်းဆုံ ရင်ခုန်ခဲ့ရာကအစ ချစ်သူသက်တမ်းပင်တစ်နှစ်ပြည့်ပါတော့မည်။ဒညင်းကုန်းစျေး၊သီရိမင်္ဂလာစျေးစသည့်စျေးကြီးတွေမှာသာ ကုန်ဝယ်သွားရင်းဆုံခဲ့ကြတာသုံးကြိမ်ထက်မပိုပါ။
ကိုတင်လှိုင်ရဲ့ဘဝထဲကိုလည်း မဝင်ရဲပါ။
“ဟဲ့မောင်တင်လှိုင်ကစနေသား၊နင်ကကြာသပတေးဖွားဆိုတော့ ဓမ္မာသောကကျတယ်လေ၊ငါတော့ သူနဲ့မယူစေချင်ဘူးဟယ်”
ဓမ္မာသောကပဲဖြစ်ဖြစ်၊အင်းဝရာဇာပဲ ဖြစ်ဖြစ် ကိုယ်လက်တွဲရဲရင်ကိုယ်အိမ်ထောင်ပြုမှာပါဟု မိုးမိုးဆွေအတွေးရောက်သည်။
မအေးချစ်၏ ကန့်ကွက်စကားထက် ကိုယ့်ဆန္ဒသာအဓိကဖြစ်ပါသည်။
ကိုတင်လှိုင်ကိုရောတကယ်မေတ္တာစစ်နဲ့ချစ်တာသေချာရဲ့လားဟု ကိုယ့်ကိုကိုယ်လည်းမတွေးမိပါ။တွေးချိန်လည်းမရပါ။စားဝတ်နေရေး၊မိဘအရေးတွေနှင့် ရည်းစားထားရတဲ့အရသာက ချိုမြိန်တာလား၊ခါးသည်းတာလားမသေချာ။
သေချာတာတစ်ခုကတော့ အပျိုဖြစ်ကထဲက ဗိုင်းကောင်းကျောက်ဖိနေလာခဲ့ရသူမို့ အညာမှာလည်း ချစ်သူဆိုတာရှာမတွေ့ခဲ့။အိမ်အလုပ်၊ယာအလုပ်တွေနှင့် ဂျင်ဂျင်လည်နေခဲ့ရသော သူမအဖို့ မြားနတ်မောင်ကလည်းဖူးစာရှင်ရှာမပေးခဲ့တော့ အပျိုကြီးဘဝကိုတဖြည်းဖြည်းရောက်မှန်းမသိရောက်လာခဲ့ပြီ။ချစ်သူ
တွေ့ပြန်တော့လည်း ကိုယ့်လိုဘဝတူ ကိုတင်လှိုင်ကို အားကိုးလက်ထပ်ရမှာ မဝံ့ရဲတာကိုတော့အလွန်မဆိုသာပါ။
“ကိုတင်လှိုင်နှစ်လုံးရောင်းမှာကိုတော့ မမိုးအားမပေးချင်ပါဘူး၊ဟိုလူ့ကြောက်ရဒီလူ့ကြောက်ရနဲ့ ကျီးလန့်စာစားရောင်းနေတဲ့လူတွေဒီစျေးမှာမြင်နေရတာပဲ၊
စီးပွားဖြစ်လောက်အောင်ရောင်းရတဲ့လူမတွေ့မိပါဘူး၊ကိုယ့်ဖာသာ
ရာသီပေါ်လေးပဲရောင်းပါကိုတင်လှိုင်ရယ်၊တစ်နေ့တစ်သောင်းကျော်မြတ်နေတာပဲမဟုတ်လား”
“ကိုယ်က မိုးနဲ့အတူတူနေချင်လို့၊ငွေပိုရတဲ့လမ်းကိုရွေးမိတာပါ”
ဒညင်းကုန်းစျေးကအပြန်YBS၄၀ ကားပေါ်မှာ အတူတူထိုင်ရင်း ကိုတင်လှိုင်က
သူ့ရည်မှန်းချက်တွေကိုပြောပြနေသည်။
“ကိုယ် မိုးနဲ့အတူတူနေချင်ပြီကွာ”
တိုးလျလျစကားသံအဆုံးမှာကိုတင်လှိုင်လက်တွေကမိုးလက်ကိုဖွဖွလေးလာကိုင်သည်။
“သိပ်ချစ်တာပဲမိုးရယ်”
ပစ္စည်းမဲ့လူတန်းစားတွေထဲက ဇာတ်လမ်းတစ်ပုဒ်ရဲ့အဆုံးက သာသာယာယာနှင့်ပြီးဆုံးသွားလိမ့်လေမလား။
မိုးကတော့ ချစ်သူ၏အယုအယမှာ ရင်ခုန်မိတာတော့ သေချာပါသည်။
*********
“ဟဲ့၊နင့်ကိုတင်လှိုင်လည်းဒီစျေးဖက်ကိုလာမရောင်းတော့ပါလား၊နေများ
မကောင်းလို့လားမိုးရေ”
မအေးချစ်စကားကြောင့်
“မိုးတို့လမ်းခွဲလိုက်ကြပြီမအေးချစ်ရေ၊အဲဒီနေ့က…..”
*********
ကိုတင်လှိုင့်လက်ထဲမှ မိုးလက်ကိုပြန်ရုန်းလိုက်သည်။
“မိုး ကိုတင်လှိုင်ကိုလက်မထပ်ရဲဘူး၊
ကိုတင်လှိုင်လည်းရန်ကုန်ကိုတစ်ကောင်ကြွက်ဘဝနဲ့ရောက်လာပြီးကြုံရာကျဘမ်းလုပ်၊ဆင်းဆင်းရဲရဲနဲ့ရှာဖွေစားသောက်ပြီးမိဘတွေဆီကိုပြန်ထောက်ပံ့ပေးနေရတာ၊မိုးလည်းကိုတင်လှိုင်နဲ့အတူတူပါဘဲ၊မိုးတို့နှစ်ယောက်လက်ထပ်ပြီးရှေ့ဆက်ရမယ့်ခရီးလမ်းက ဘယ်လိုလုပ်ပြီးပျော်စရာကောင်းတော့မှာလဲကိုတင်လှိုင်ရယ်၊မိုး ကိုတင်လှိုင်ဘဝထဲကိုဝင်နိုင်လောက်တဲ့သတ္တိမရှိပါဘူး၊အရင်ကလိုပဲ မိတ်ဆွေသူငယ်ချင်းဘဝနဲ့ပဲ ခရီးဆက်ကြတာပေါ့နော်”
မအေးချစ်ကိုသူမ၏လမ်းခွဲဇာတ်လမ်းလေးကိုပြောပြလိုက်သည်။
အဲဒီနေ့က ကိုတင်လှိုင်မျက်ရည်ဝဲစွာဖြင့်မိုးဆင်းမည့်မှတ်တိုင်ရောက်အောင်ပင် လိုက်မပို့ခဲ့တော့ပဲ မိုးရှေ့မှပျောက်ကွယ်သွားခဲ့သည်။
အသဲကွဲတာလားဟုကိုယ့်ကိုကိုယ်မေးမိတော့လည်း အချစ်ကစစ်ရဲ့လားမသေချာတော့ ဘဝလမ်းမှာပထမဆုံးတွေ့ခဲ့ရသော အမှတ်တရတစ်ခုပဲ ဖြစ်ပါလိမ့်မည်။
အိမ်ထောင်မပြုတော့ဘူးလားဟုမေးကြလျှင်တော့ အားကိုးထိုက်တဲ့ချစ်သူတစ်ယောက်၊အိမ်ထောင်ဘက်တစ်ယောက်တော့ အရွယ်မလွန်ခင် လိုချင်ပါသည်။
မေတ္တာဖြင့်
မွန်းသည်းအိမ်
7/7/25