အရိုးတွန်ချိန်

Posted on

အရိုးတွန်ချိန်(စ/ဆုံး)
——————

ပဲခူးရိုးမတောင်ကျောကြီးကိုနောက်ခံပြုထားတဲ့
မြိုင်သာဆိုတဲ့ရွာလေးမှာ ကျေးရွာဥက္ကဌ ကြီး
ဦးသာဟန်ရဲ့ သားလေးနှစ်ယောက်ရဲ့ ရှင်ပြုအလှူပွဲကို ကျင်းပနေကြတယ် တခြားရွာတွေက
ဧည့်သည်တွေပါလာရောက်ဆင်နွှဲကြ​တော့
တရွာလုံးစည်ကားသိုက်မြိုက်လို့နေပါတယ်
ရွာထဲကရှင်ပြုမဏ္ဠပ်ထဲမှာဧည့်ပရိတ်သတ်တွေ
ပျော်ရွှင်နေကြပေမယ့် ရွာပြင်ကလေးတိုင်စင်လေးပေါ်မှာ ထင်ရူးသားနဲ့မသေမသပ်လုပ်ထားတဲ့ သစ်သားခေါင်းထဲမှာတော့ မနေ့ကမှ
အုန်းပင်ပေါ်ကလိမ့်ကျသေဆုံးသွားတဲ့ ဖိုးခွေးရဲ့အလောင်း…..

ဖိုးခွေးဆိုတာက မိဘမဲ့တကောင်ကြွက်တရွာလုံး
ရဲ့ခိုင်းဖတ် ဖင်ပေါ့ပြီးခိုင်းစေသမျှမညီးမငြူစတမ်းလုပ်ကိုင်ပေးတတ်သူဆိုတော့ ကျေးရွာ
ဥက္ကဌကြီးဦးသာဟန်ရဲ့မိန်းမဥက္ကဌကတော်
ဒေါ်အေးရီက တောက်တိုမယ်ရအလိုရှိတိုင်း
ခိုင်းလို့ရအောင် ခြံဝင်းထဲမှာခေါ်ထားပြီး
စားစရာနေစရာပေးထားတာ မနေ့မနက်ပိုင်း
ရှင်ပြုပွဲအတွက်ပွဲထိုးဖို့ အုန်းပင်တက် ငှက်ပျော
ခိုင်ခုတ်လုပ်ခိုင်းတာ ဖိုးခွေးက ဒေါ်အေးရီကို
ပြောတယ် သူသိပ်ပြီးနေမကောင်းလို့တခြားတယောက်ကိုအုန်းပင်တက်ခိုင်းဖို့ပြောတာ ဒေါ်အေး
ရီကဂရုမစိုက်ပဲ အတင်းတက်ခိုင်းလို့ စိတ်မပါ
လက်မပါနဲ့တက်ရင်း အောက်ဆုံးအုန်းလက်ကို
ဆွဲမိရာမှ အုန်းလက်ရောလူပါ ပေနှစ်ဆယ်
အမြင့်ကပြုတ်ကျပြီး ပွဲချင်းပြီးသေပါရောလား
ရွာသားတွေက ဖိုးခွေးဘာကြောင့်သေတယ်သိကြပေမယ် ဒေါ်အေးရီအတင်းခိုင်းလို့ဆိုတာ ဘယ်သူမှမပြောရဲကြဘူး သူ့ဘာသာသူလိမ့်ကျပြီးသေတယ်လို့ပဲ သတင်းလွှင့်လိုက်ကြတယ်
လူဆင်းရဲမိဘမဲ့ ငမွဲဆိုတော့လည်းဘယ်သူမှ
ဝမ်းနည်းပူဆွေးစွာငိုကြွေးခြင်းမရှိကြဘူး
တိုးတိုးတိတ်တိတ်နှင့်လူဘဝ ကထွက်ခွါသွားခဲ့ရပြီ ……

ဥက္ကဌကြီးဦးသာဟန်ကတော့ သူ့ရဲ့သားနှစ်ယောက်ရှင်ပြုအလှူကျမှရွာထဲမှာ နာရေးနင့်
လာတိုက်ဆိုင်နေတဲ့အတွက်စိတ်ထဲတော့သိပ်
မကြည်လင်လှဘူး တခြားရွာတွေကဧည့်သည်တွေကိုပါဖိတ်ထားပြီးသားဖြစ်နေလို့
အလှူပွဲကိုရက်ရွှေ့လို့မရမယ့်အတူတူ ဆက်လက်
ကျင်းပလိုက်ရတယ် အလှုကိုလာတဲ့ဧည့်သည်တွေနဲ့မဆုံအောင် ဖိုးခွေးရဲ့အလောင်းကို
ရွာအနောက်ဘက် သင်္ချိုင်းကုန်းနားမှာ လေးတိုင်စင်ထိုးခိုင်းပြီးသူ့တပည့် ဆယ်အိမ်ခေါင်း သာဇံကို အသုဘကိစ္စအဝဝ အတွက်တာဝန်ပေးထားတယ် ရွာရဲ့ထုံးစံအရ သုံးရက်နေရင် သင်္ချိုင်းမှာ မြေမြှုတ်လိုက်ဖို့လည်းပြောထားတယ် သာဇံနှင့်သူ့တပည့်တွေအတွက်စားဖို့
သောက်ဖို့ပါ အရက်၊အမြည်း ဘိုးတွေပါပေး
ပြီးဘာပြဿနာမှမဖြစ်စေနဲ့လို့အသေအချာမှာထားတယ် …
ရွာထဲကဖဲသမားတချို့ကလည်း သာဇံတို့နဲ့လာပူး
ပေါင်းပြီး ဖဲရိုက်အရက်သောက်လာလုပ်နေကြတယ် ရွာထဲမှာရှင်ပြုပွဲပြီးလို့ ညပိုင်းမှာ ဆိုင်းဝိုင်း
နဲ့ဧည့်ခံနေတော့ ရွားသားတွေနဲ့ဧည့်သည်တွေအားလုံးလည်း ဆိုင်းဝိုင်းရောက်ကုန်ကြပြီ
ရွာပြင်သင်္ချိုင်းကုန်းနားမှာသာဇံနှင့်သူ့တပည့်
နှစ်ယောက်ဖြစ်တဲ့ ဖိုးနီနှင့်သန်းဝင်းတို့ သုံးယောက်ပဲ အရက်သောက်ရင်း ပိုကာ ဆွဲနေကြတယ် မှုန်ဝါးဝါး ဘက်ထရီမီးသီးလေးရဲ့အလင်း
ရောင်မှာ ရီဝေဝေနဲ့ဖဲရိုက်နေတဲ့အချိန်မှာ လေနှင့်
အတူတခါတရံလွင့်လာတဲ့ရွာထဲ့ကဆိုင်းသံ
သီချင်းဆိုသံတွေလည်းကြားနေရတယ်
သုံးယောက်သား အေးအေးလူလူ ပိုကာဆွဲနေတုန်း မြိုင်သာရွာနဲ့ လေးမိုင်အကွာက ကိုင်းပင်ကြီးဆိုတဲ့ရွာကရွာသား ကျောက်မလုံးဆိုသူ
နှင့်သူ့နောက်လိုက် တာတီးတို့ရောက်လာတယ်
“ ဟေ့ သာဇံ ဥက္ကဌကြီးရဲ့အလှူကိုလာရင်း
ဒီမှာမသာဖဲဝိုင်းရှိတယ်ဆိုလို့ လိုက်လာတာ
အရက်ရှိသေးလား သောက်မယ် ကစားမယ်
ငါ့ကောင်တို့ ဟား ဟား ဟား ငါ့မှာ ငွေပါပါတယ်
ကွ “ ဟား ဟား ဟား ….

ကျောက်မလုံးဆိုတာ ကိုင်းပင်ကြီးရွာမှာနေတဲ့
စပါးပွဲစား ပဲပွဲစားတယောက်ပါ စပါးပေါ်ချိန်
ပဲပေါ်ချိန်ဆို ရွာတွေအနှံ့လျှောက်သွားပြီး
စပါးတွေပဲတွေလိုက်ဝယ်ပြီး မြို့ပေါ်က ဒိုင်တွေကိုသွင်းသူတယောက် မြိုင်သာကိုလည်း မကြာခဏရောက်လာတတ်တော့ သာဇံတို့နဲ့လည်းရင်းနှီးကြပါတယ် သူ့ရဲ့နာမည်အရင်းက
ဘယ်သူမှန်းမသိကြပေမယ့် တဖက်လပ်နေတဲ့
သူ့မျက်စီထဲမှာကျောက်မျက်လုံးအတုကိုတပ်
ထားတာကြောင့် ကျောက်မျက်လုံး လို့ခေါ်ရင်းနဲ့
ကျောက်မလုံးဖြစ်နေတာ …
သူကသာဇံယူပေးတဲ့ အရက်ပုလင်းကိုလှမ်း
ယူလိုက်ပြီး “ ဘာအမြည်းရှိလဲဟ လုပ်ပါအုံး
သူကြီးမရှိရင်ရွာဆူ တယ် အမြည်းမရှိရင်
အာပူတယ်ကွ “
သာဇံက ရွာထဲကတည်းကသောက်လာပြီး
ရေချိန်ကိုက်နေပုံရသော ကျောက်မလုံးကိုကြည့်ပြီး
“ခင်ဗျားလာတာနောက်ကျတော့ ဘာအမြည်းမှ မရှိတော့ဘူးဗျ အရက်တောင် အဲ့ဒီပုလင်းကနောက်ဆုံးပဲ ကျွန်တော်တို့လည်း အိပ်တော့မှာ “

“ အာ သာဇံတို့ကလည်း မအိပ်ပါနဲ့အုံးကွ
ဖဲရိုက်ကြမယ်လေ ငါ့မှာပိုက်ဆံပါလာပါတယ်ကွ
ဒီမှာကြည့်ဆိုပြီး ဝါတာဘလူးနဲ့ထုတ်ထားတဲ့
ပိုက်ဆံငွေစက္ကူတွေကိုလွယ်အိပ်ထဲကနေထုတ်ပြတယ် အဲ့ဒီဘက်ကျေးရွာတွေမှာ မိုးကာအင်္ကျီလုပ်တဲ့ ပလပ်စတစ်သားအမာစားတွေကို
ဝါတာဘလူးလို့ခေါ်ကြတယ် အမှန်တော့
ရေလုံတယ်ဆိုတဲ့ Water Proof ကိုအလွယ်
ခေါ်ကြတာပါ ရေလုံတော့ မိုးကာလိုမျိုးခြုံလို့လည်းရတယ် ရေမစိုစေချင်တဲ့ပစ္စည်းတွေကို
ဖုံးလို့ကာလို့ရတယ် အိမ်ခေါင်မိုးတွေမိုးယိုလျှင်
လည်း အပေါက်ရှိတဲ့နေရာကို ဖုံးပြီးကြက်နင်းလို့
ခေါ်တဲ့ ဝါးခြမ်းပြားတွေကို လေးထောင့်ကွက်
ရက်ထားတာနဲ့ အုပ်ထားလိုက်ရင်မိုးမယိုတော့ဘူး
တော်တော်များများအသုံးဝင်တဲ့အတွက် တောရွာ
ကအိမ်တိုင်းမှာရှိတတ်ကြတယ် …

ငွေတွေအထပ်လိုက်ကြီးတွေ့တော့ သာဇံတို့
လောဘစိတ်တွေဝင်လာတယ်
“ ကဲ ဒါဆိုလည်း ကစားကြမယ်ဗျာ “
ကျောက်မလုံးက “ အေး ဒါဆိုရင် ငါက ဒိုင်
ကိုင်မယ် ကိုးမီးကစားကြမယ် “
ဖဲကစားနေရင်း ကျောက်မလုံးက
“ ဟေ့ သာဇံ အမြည်းမရှိဘူးလားကွ “
မရှိတော့ဘူး စားချင်ရင်တော့ ဟိုဟာဘဲရှိတယ်
စားရဲရင်တော့ယူစား “ဆိုပြီးလက်ညှိုးထိုးပြလိုက်တော့ အားလုံးကလှမ်းကြည့်လိုက်ကြတယ်

ဖိုးခွေးရဲ့အခေါင်းပေါ်မှာတင်ထားတဲ့ စားမြိန်ထုပ်
အလှူပွဲကယူလာတဲ့ ထမင်းနဲ့ဝက်သားဟင်း
ငပိကြော် တို့ကိုပေါင်းပြီးထုပ်ထားတာ ဘေးမှာကရေတခွက်နှင့် ဖယောင်းတိုင်တတိုင် ဖယောင်းတိုင်ကတော့ မီးငြိမ်းခါနီးနေပြီ

ကျောက်မလုံးက “ ဘယ်သူ့အလောင်းလဲ
ဘာလို့ဆုံးတာလဲ “
“ ဖိုးခွေးပါ ဥက္ကဌခြံဝင်းထဲမှာနေတာ မနေ့က
အုန်းပင်ပေါ်ကပြုတ်ကျပြီးဆုံးတာ “
ကျောက်မလုံးက သူ့တပည့်တာတီးကို
လှမ်းကြည့်ပြီး
“ ဟေ့ကောင် တာတီး အဲ့ဒီစားမြိန်ထုပ်သွား
ယူလိုက် ကွာ ဝက်သားဟင်းတွေကိုအမြည်းလုပ်
ရအောင် “
တာတီးကကြောက်ကြောက်ရွံ့ရွံ့နဲ့
” ဟာ ဆရာကလည်း ကျွန်တော်မယူရဲပါဘူး
မသာဆီကဟာကို”
” ဟ မင်းကဘာကိုကြောက်နေရတာလဲ ဖိုးခွေး
ကသေပြီးနေပြီ ဖယ်စမ်းငါသွားယူမယ်”
ကျောက်မလုံးက စားမြိန်ထုပ်ကိုသွားယူလိုက်ရင်း
အခေါင်းကိုလက်နှင့်ပုတ်ကာ
” ဖိုးခွေး မင်းမစားလို့ငါယူစားလိုက်တယ်ကွာ
စိတ်မဆိုးပါနဲ့ ဟား ဟား ဟား”
တိုက်ဆိုင်တယ်လို့ဆိုရမလားပဲ ကျောက်မလုံး
အဲ့ဒီလိုအခေါင်းကိုပုတ်ပြီးပြောနေချိန်မှာပဲ
နောက်ဆုံးလက်ကျန်တောက်လောင်နေတဲ့
ဖယောင်းတိူင်မီးကလေးကလည်း ဝုတ် ကနဲ
မီးငြိမ်းသွားတယ် သင်္ချိုင်းကုန်းထဲကခွေးတကောင်ရဲ့ဆွဲဆွဲငင်ငင်အူလိုက်သံကြားရပြီး
လူငါးယောက်စလုံး ကျောထဲစိမ့်သွားပြီး
ကျက်သီးမွေးညှင်းတွေ ထ သွားကြတယ်
ကျောက်မလုံးကထမင်းထုပ်ကိုဖြည်ပြီး
ဟင်းတွေကိုနှိုက်စားရင်း ခွက်ထဲကိုအရက်ငှဲ့
လိုက်တယ်
” ဟေ့ကောင် တာတီး အရက်ကုန်ပြီ ရွာထဲကို
ပြန်သွားပြီး သွားဝယ်စမ်းကွာ ငါသောက်လို့
မဝသေးဘူး ” ဆိုပြီး ဖဲဝိုင်းထဲကသူ့ရှေ့မှာပုံထား
တဲ့ ပိုက်ဆံပုံထဲက ပိုက်ဆံတထပ်ကိုနှိုက်ပေး
လိုက်တယ် အရက်မူးလာရင်သွေးဆိုးပြီး
အရစ်သန်တဲ့သူ့ဆရာအကြောင်းသိနေတော့
တာတီးလည်း ပိုက်ဆံယူပြီး အရက်ဝယ်ဘို့
ထွက်သွားတယ် ,,,,

ဖဲဝိုင်းမှာ ကျောက်မလုံးက ဒိုင်ကိုင်ပြီး
သာဇံ| ဖိုးနီနဲ့သန်းဝင်းတို့ကထိုးသားတွေ
တဖြေးဖြေးညဉ့်နက်လာတာနှင့်အမျှ
အရင်းဖဲကောင်းခဲ့တဲ့ ဒိုင်ကျောက်မလုံးတယောက်အရှူံးများပြီး လျှော်ရတာများလာတယ်
သာဇံတို့သုံးယောက်လည်းဒိုင်ဖဲညံ့တုန်းဖိထိုး
ကြတော့ ကျောက်မလုံးပါလာတဲ့ငွေတွေ
ကုန်ခါနီးနေပြီ အရှုံးများလာတော့ ရှုံးမဲ ပြီး
သာဇံတို့သုံးယောက်ကို ကြိမ်းမောင်း ဆဲဆိုလာတယ် နဂိုကတည်းက မိုက်ဂုဏ်ရှိပြီး ဆယ်အိမ်
ခေါင်းရာထူးရထားတဲ့သာဇံက တရွာသားက
ကိုယ့်ဒေသမှာလာပြီး ကြိမ်းလားမောင်းလား
နဲ့လူစွာလုပ်နေတာ ကြာလာတော့စိတ်မရှည်
တော့ဘူး
” ဟေ့လူ ကျောက်မလုံး ခင်ဗျားမူးနေပြီ
ပိုက်ဆံလည်းသိပ်မကျန်တော့ဘူးဆိုတော့
အခုခင်ဗျားမှာ ရှိတဲ့ငွေအကုန်နဲ့ကျုပ်ငွေ အကုန်
အတူတူလောက်ရှိတယ် နှစ်ယောက်တည်း ကစားမယ် တပွဲပဲ ဘယ်သူဘဲနိုင်နိုင်ဝိုင်းသိမ်းမယ် ကျေနပ်လား ကျွန်တော်တို့လည်းပင်ပန်းနေပြီ
နားမယ် ဟုတ်ပြီလား”
နှစ်ယောက်တည်းဖဲသုံးချပ်စီဝေပြီးကစား
ကြတာ ကျောက်မလုံးရှုံးသွားလို့ သာဇံက
ငွေတွေအားလုံး ခါးပုံစထဲ ကောက်ထည့်နေတုန်း
ကျောက်မလုံးက ရှုံးမဲ မဲပြီး
” ဟေ့ကောင် သာဇံ မင်းဖဲခိုးပြီးရိုက်တာ
မဟုတ်လား ဝိုင်းမသိမ်းနဲ့အုံး ငါ့မှာလက်စွပ်ရှိသေးတယ် အဲ့ဒါနဲ့အပေါင်တင်ပြီးထပ်ရိုက်မယ် ”
” မရိုက်တော့ဘူး တော်ပြီနားညီးတယ် ပြန်တော့မယ် ”
သာဇံက အဲ့ဒီလိုပြန်ပြောတော့ ကျောက်မလုံးက
ဒေါသထွက်ပြီး လွယ်အိပ်ထဲမှာ ထည့်လာတဲ့
ဒါးမြှောင်ထုတ်ပြီး သာဇံကိုထိုးဖို့လုပ်တယ်
လူကမူးနေတော့ ကိုယ့်ကိုကိုယ်မနိုင်ဘူး
ဖိုးနီနဲ့သန်းဝင်းက ဝင်ဆွဲပြီးဖြန်ဖြေတယ်
ကျောက်မလုံးက လူးလဲထပြီး
” ဘာလဲ မင်းတို့က ငါကိုတခြားရွာကဆိုပြီး
အနိုင့်ကျင့်တာလား ကိုင်းပင်ကြီးသားကွ”
ဆိုပြီး သာဇံ ဖိုးနီနဲ့သန်းဝင်းတို့ကိုဒါးမြှောင်နဲ့
လိုက်ရမ်းနေတယ်
သာဇံကရုတ်တရက် အလစ်ဝင်လုံးပြီး တွန်းလှဲကာကိုယ်လုံးနှင့်ဖိထားလိုက်တယ် ဒါးကိုဆွဲလုလိုက်ပြီး ” ဟေ့ကောင်တွေ သူ့ကိုချုပ်ထားစမ်း”
လို့အော်ပြောပြီး ဖိုးနီနှင့်သန်းဝင်းတို့က ဝိုင်းချုပ်ထားချိန်မှာ ဆွဲလုထားတဲ့ဒါးမြှောင်နဲ့ ဗိုက်ကို
ထိုးချလိုက်တယ် စူးစူးဝါးဝါးအသံနက်ကြီးနဲ့
” ဟောဒီမှာကျွန်တော့်ကို သတ်နေကြပြီ ကယ်ကြ
ပါအုံးလို့ အော်သံထွက်လာတော့ သာဇံလည်း
ကြောက်လန့်တကြားနှင့်ပါးစပ်ကိုပိတ်ပြီး
ဒါးနဲ့ထပ်ထိုးပြန်တယ် သွေ:တွေပန်းထွက်လာချိန်မှာ ဒါးကိုဖိုးနီကိုပေးလိုက်ပြီး
” ရော့ ဖိုးနီ မင်းလည်းထိုး ”
ဖိုးနီကသာဇံ့မျက်နှာကိုတချက်ကြည့်လိုက်ပြီး
ဘာမှမစဉ်းစားတော့ဘဲ ဒါးနဲ့ကျောက်မလုံးရင်ဘတ်ကိုထိုးချလိုက်တယ် ပြီးတော့ သန်းဝင်း
ကိုဒါးပေးလိုက်တယ် သန်းဝင်းက ယောင်နနနှင့်
ဒါးကိုကိုင်ထားတုန်း သာဇံက
” သန်းဝင်းမင်းလည်း ထိုးကွ ငါတို့သုံးယောက်
စလုံးကိုစော်ကားတဲ့ကောင်ကို”
သွေးအိုင်ထဲမှာ အသက်ငင်နေတဲ့ကျောက်မလုံး
ကိုကြည့်ပြီး
” ငါမထိုးချင်ဘူးသာဇံရာ ငါကြောက်တယ်”
” ဘာကြောက်တာလဲ မရဘူးထိုးရမယ်
မထိုးရင်မင်းကိုလည်းအပြတ်ရှင်းမယ် ”
လို့ပြောတော့ သန်းဝင်းလည်း မျက်စိစုံမှိတ်ပြီး
ဒါးနဲ့ရင်ဝကိုထိုးချလိုက်တယ် ကျောက်မလုံးလည်း နောက်ဆုံးဒါးချက်မှာ အသက်ပါပြီး
ဝိညာဉ်ချုပ်သွားတော့တယ် …

ဒေါသအလျောက်အပြတ်ရှင်းလိုက်ကြပြီးမှ
သွေးအေးလာတော့ သူတို့လူတယောက်ကို ကိုယ်ထိလက်ရောက်သတ်မိပြီဆိုတာသတိရကြတယ် ခြေမကိုင်မိလက်မကိုင်မိနဲ့ဘာလုပ်ရမှန်း
မသိကြတော့ဘူး အတွေ့အကြုံရှိတဲ့သာဇံက

“ ဖိုးနီနဲ့သန်းဝင်း လာ ကျောက်မလုံးကို ဖိုးခွေး
အခေါင်းထဲထည့် မယ် ခဏနေ တာတီးပြန်လာတော့မှာ “ ပြောပြီး ဖိုးခွေးအခေါင်းကို လေးတိုင်စင်ပေါ်က မ ချ ဖိုးခွေးကိုထုတ်
ကျောက်မလုံးကို ပြန်ထည့်ပြီး စင်ပေါ်ပြန်တင်လိုက်ကြတယ် ဖိုးခွေးအလောင်းကိုတော့သွေးတွေစွန်းပေနေတဲ့ သူတို့ဖဲဝိုင်းလုပ်တဲ့ဖျာစုတ်တွေနဲ့ပတ်ပြီး င်္သချိုင်းကုန်း အနောက်ဖက်ကခြုံပုတ်တွေထဲမှာ ဝှက်ထားပြီး ခြေရာလက်ရာ
ဖျောက်ထားလိုက်တယ် မနက်မိုးလင်းကာနီး
ချမ်းအေးနေတဲ့အချိန်မှာတောင် သူတို့သုံးယောက်သားဇောချွေးတွေပြန်နေကြတယ်
ကျောက်မလုံးဆီက ချွတ်ယူထားတဲ့ တကျပ်သား
လောက်ရှိတဲ့ရွှေလက်စွပ်ကို အလည်မှာထား
ကျောက်မလုံးဆီကနိုင်တဲ့ငွေရော ကျန်တဲ့ငွေတွေပါပုံလိုက်ပြီးတော့ သာဇံက

“ ဖိုးနီနဲ့သန်းဝင်း ကျောက်မလုံးကို ဒို့သုံးယောက်စလုံးပေါင်းသတ်တာဆိုတော့ ဘယ်သူ့ကိုမျှမပေါက်ကြားစေနဲ့ အခုငွေတွေနဲ့ရွှေလက်စွပ်ကို
သုံးယောက် အညီအမျှခွဲဝေယူကြမယ်
အေး တယောက်မိရင်သုံးယောက်စလုံးအမှုတွဲပဲ
အာမချောင်မိစေနဲ့ အခုလောလောဆယ်
ငွေတွေကိုခွဲမယ် လက်စွပ်ကိုတော့ ရောင်းပြီးမှ
ပေးမယ် ကျေနပ်လား “

ဖိုးနီနှင့်သန်းဝင်းကလည်း “ ကျေနပ်တယ်”
အမူအရာမပျက်စေဘဲ သုံးယောက်သား
ဖဲစားနေကြတုန်း တာတီးအရက် ၂ ပုလင်းကိုင်ပြီးပြန်ရောက်လာတယ်
တာတီးက “ ဟေ့လူတွေ ကိုကျောက်မလုံးကောဗျ”
ဖိုးနီက “ ပြန်သွားပြီ မင်းသွားတာကြာလို့
မစောင့်နိုင်တော့ဘူးတဲ့ ငါတို့ပိုက်ဆံတွေလည်း
သူအကုန်နိုင်သွားတယ် “
“ ဟုတ်လား ဒါဆိုရင်လည်း ကျွန်တော်လည်း ပြန်
တော့မယ်ဗျာ “ လို့ပြောရင်း
“ ကျောက်မလုံးက သူ့ရဲ့ဝါတာဘလူး ပြန်မယူ
သွားဘူးလား “
သာဇံ ကသူတို့ခင်းထိုင်ထားတဲ့ ဝါတာဘလူးကို
ကြည့်မိပြီး “ အေး သူမေ့သွာတာဖြစ်မယ်
နောက်မှလူကြုံနဲ့ထည့်ပေးလိုက်မယ် “
“ ဒါဆိုလည်း သွားပြီဗျာ ဝယ်လာတဲ့အရက်တွေ
ခင်ဗျားတို့ပဲ ယူထားလိုက်ကြတော့ “

တာတီးတွက်သွားတာနဲ့သာဇံက ဝါတာဘလူးကို
ခေါက် အခေါင်းထဲထည့်ပြီး အခေါင်းကို သံတွေနဲ့
အသေရိုက်ပိတ်လိုက်တယ် အလောင်းကလည်း
ညှီစို့စို့ အနံ့ထွက်နေပြီ မိုးလင်းရင် အလောင်းမြှုတ်ဖို့ မြေကျင်းတူးတဲ့သူလာတော့မှာ ဒီနေ့
အသုဘချရမည့်ရက် ဘယ်သူမှမလာသေးခင်
ခုနက ဝှက်ထားတဲ့ ဖိုးခွေးအလောင်းကိုသယ်ပြီး
တောင်ယာပျက်ထဲက ခြုံနွယ်ပိတ်ပေါင်းတွေ ဖုံးနေတဲ့ရေတွင်းပျက်ထဲကို ပစ်ချလိုက်တယ်
ရုတ်တရက်မမြင်နိုင်အောင် သစ်ကိုင်းခြောက်တွေပါပစ်ချပြီးဖုံးလိုက်တယ် တလက်စတည်းကျောက်မျက်လုံးရဲ့ဒါးမြှောင်ကိုပါ ရေတွင်းထဲပစ်ချပြီး သဲလွန်စဖျောက်လိုက်တယ်
သုံးရက်ရှိပြီဆီုတော့ အပုတ်နံ့ကလည်းထွက်နေပြီ

ဆယ့်တစ်နာရီလောက်ကျတော့ ရွာဦးကျောင်း
ဆရာတော်ရယ် ဥက္ကဌ လင်မယားရယ်
ရွာသား လေး ငါးယောက်လောက်ရောက်လာတယ် လေးတိုင်စင်နားမှာ သွားလေသူဖိုးခွေးအတွက် သရဏဂုံတင်တယ် သာဇံကကြိုတင်ပြီး
ဉက္ကဌကိုသတင်းပို့ထာတယ် အနံ့တွေထွက်နေတာကြောင့် ခေါင်းအဖုံးကို အသေပိတ်ထားပြီးပြီ
မျက်နှာပေါ်အုန်းသီးခွဲချလို့မရတော့ကြောင်း
ဥက္ကဌကလည်း သိပ်အရေးမထားပါဘူး
မျက်နှာမွဲ ကျွန်သာသာလူတယောက်အတွက်
မြန်မြန်ပြီးအေးတာပဲ

အခေါင်းကို မြေတွင်းထဲချကာနီးမှ ဥက္ကဌ ကတော် ဒေါ်အေးရီက သနားစရာဖိုးခွေးလေး
အလောင်းကို နောက်ဆုံး ကြည့်ချင်ပါတယ်ဆိုပြီး
ဟန်ဆောင်ပန်ဆောင်လုပ်နေလို့ ပုတ်စော်နံနေပြီ
မဖွင့်ပါနဲ့ဆိုပြီးမနည်းတောင်းပန်ပြီး မြေအမြန်
ဖို့လိုက်ကြရတယ် ၊ ကျောက်မျက်လုံးတယောက်
ပျောက်ဆုံးမှုနဲ့ ရဲတွေ မြိုင်သာကို သုံးလေးခေါက်လောက်လာမေးမြန်းတာတွေလုပ်ကြသေးတယ် နောက်ဆုံးကျောက်မလုံးတယောက်
ထိုင်းနယ်စပ်ဘက် ကူးသွားသလိုလို မြန်မာပြည်
အထက်ပိုင်းမှာရောက်နေသလိုလိုနဲ့ လူတွေရဲ့စိတ်ဝင်စားမှုနည်းသွားလို့ သာဇံတို့လည်း
ပုံမှန်ဘဝမှာနေသားကျနေကြတယ်

ဒီလိုနဲ့ ၁၀ နှစ်လောက်အကြာမှာ မြိုင်သာမြို့နဲ့
အလှမ်းဝေးတဲ့ ဇီးကုန်းရွာသူနဲ့အိမ်ထောင်ကျပြီး
ဇီးကုန်းသားတပိုင်းဖြစ်နေတဲ့ သန်းဝင်းတို့အိမ်
ကို သာဇံအလည်ရောက်လာတယ် တမင်တကာ
လာလည်တာမဟုတ်ပေမယ့် ဓါတ်မြေဩဇာလာဝယ်ရင်းကြုံလို့ဝင်လာတာ သန်းဝင်းတို့အိမ်ရှေ့
ရောက်တော့ ” သန်းဝင်းရေ သန်းဝင်းရှိလား”
ခြံဝိုင်းထဲမှာ အရုပ်တွေနဲ့ထိုင်ကစားနေတဲ့ ခပ်ပိန်ပိန်ကလေးတယောက်က လျှောက်လာပြီး
သာဇံကို ခပ်စိန်းစိန်းစိုက်ကြည့်ကာ
“ ဟေ့ ကောင် သာဇံဘာလာလုပ်တာလဲ မလာနဲ့
သွား “လို့လာပြောတယ် ၅ နှစ်သားလောက်ပဲ
ရှိတဲ့ ကလေးတယောက်က သူ့ကို သာဇံ လို့ခေါ်ပြီးနှင်ထုတ်နေတော့ သာဇံအံ့ဩသွားတယ်
တခါမှမမြင်ဖူးပဲနဲ့ ဘာလို့ရိုင်းရိုင်းစိုင်းစိုင်း
ဆက်ဆံရတာလဲပေါ့ အဲဒီအချိန်မှာ သန်းဝင်းမိန်း
မ မိဝိုင်းရောက်လာပြီး
“ ဟဲ့ သား သံချောင်း လူကြီးကိုအဲ့လိုမပြောရဘူး
လေ အဲ့ဒါနင့်အဖေရဲ့သူငယ်ချင်း “
သံချောင်းက “ အမေဘာသိလို့လဲ အဲ့ဒီကောင်
က လူသတ်သမား “
“ ဟဲ့ ဟဲ့ မဟုတ်ကဟုတ်ကတွေ လျှောက်ပြောနေပြန်ပါပြီ လာ လာ “ ဆိုပြီး အိမ်နောက်ဖက်ကို
အတင်းဆွဲခေါ်သွားတယ် သာဇံက ငေးပြီး
ကြည့်နေမိတယ်

သန်းဝင်းအိမ်ထဲကထွက်လာပြီး မျက်နှာမကောင်း
စွာနဲ့ “ တောင်းပန်ပါတယ် သာဇံရာ ငါအိမ်ထဲကနေအကုန်ကြားရတယ် ငါ့သား သံချောင်းက အဲ့ဒီလို မိုက်မိုက်ရိုင်းရိုင်းဘယ်သူ့ကိုမျှမပြောဖူးဘူးကွ
မွေးကတည်းက ချုချာလို့ မာမာထောင်ထောင်
ဖြစ်အောင် သံချောင်းလို့ နာမည်ပေးထားတယ်
တခြားသူတွေကို ချစ်ပြီးပွတ်သီးပွတ်သပ်နေ
ပေမယ့် ငါ့အနားတော့ ငယ်ငယ်ကတည်းက သိပ်မကပ်ဘူး ငါ့ကိုမုန်းတဲ့ အမူအယာတွေပြတယ် အခုမင်းကိုတခါမှမမြင်ဖူးဘဲနဲ့ သာဇံ
လို့ခေါ်တာ ထူးဆန်းတယ် မင်းအကြောင်းလည်း
မိသားစုထဲမှာ မပြောမိကြဘူး”
သာဇံက တစုံတခုကို စဉ်းစားမိပြီး ခေါင်းညိမ့်တယ် “ အေး သန်းဝင်းရာ ငါကြုံလို့ခဏ ဝင်လာတာ မင်းနေကောင်းတယ် ဆိုတာသိရတာ ဝမ်းသာတယ်ဟေ့ နောက်မှတွေ့ကြတာပေါ့ အခုတော့ပြန်တော့မယ် “
သန်းဝင်းက “ ဟာ ပြန်တော့မလို့လား ထမင်း
စားသွားပါကွ “
“ မစားတော့ဘူးဟေ့ နောက်ကြုံမှဘဲ စားမယ်”

သန်းဝင်း၊မိဝိုင်း နှင့် သား သံချောင်းတို့မိသားစု
မြိုင်သာရွာကို အလည်လာကြတယ် သံချောင်းက
အခုမှရောက်ဖူးတယ် ဆိုပေမယ့် မြိုင်သာ တရွာလုံးကို သူ့အိမ်သူ့ခြံလို အကုန်အလွတ်ရနေတယ်
လူတွေတော်တော်များများကိုလည်း သိပြီးနာမည်ခေါ်နှုတ်ဆက်တယ် ရွာကလူတွေကလည်း
အံ့ဩနေကြတယ် နောက်ပေါက်ကလေးငယ်တွေကိုမသိပေမယ့် သူ့အဖေအရွယ် တွေကိုတော့
အကုန်သိပြီး မင်းနဲ့ငါ နဲ့ပြောတယ် အားလုံးက
လူဝင်စားလို့ ပြောကြတယ် အရင်ဘဝ ကဘယ်သူဖြစ်တယ်ဆိုတာ တော့ မပြောဘူး

ညနေကျတော့ သန်းဝင်းတို့ရောက်နေတဲ့ သန်းဝင်းရဲ့မိဘ အိမ်ကို သာဇံနဲ့ ဖိုးနီတို့ရောက်လာကြတယ် သန်းဝင်းနဲ့ လာတွေ့ပြီး ထမင်းစားလာဖိတ်တာ ဖိုးနီကိုတွေ့တာနဲ့ သံချောင်းက
“ ဟေ့ ဖိုးနီ မင်းလည်း မသေသေးဘူးကိုး”
လို့ပြော လိုက်တယ် ဖိုးနီလည်း အံ့ဩသွားပြီး
ကြောင်စီစီနဲ့ကြည့်နေတယ် အခြေအနေကို ရိပ်စားမိတဲ့ မိဝိုင်း အခြေအနေမတင်းမာခင်
သံချောင်းကို လာခေါ်ထုတ်သွားတယ်
သံချောင်းက သူ့အမေဆွဲခေါ်ရာ လိုက်ပါသွားရင်း
သာဇံနှင့်ဖိုးနီကို ဆဲဆိုသွားတယ်

သူတို့သုံးယောက်ပဲ ကျန်တဲ့အချိန်ကျမှ သာဇံက
“ မင်းတို့ဘယ်လိုထင်လဲ ငါ့စိတ်ထင်ငါတို့ကို
ထောင်ထဲထည့်မည့်ကောင်တော့ပေါ်လာပြီကွ”
ဖိုးနီက “ ကျောက်မလုံးဖြစ်မယ် စောစောစီးစီး
နှုတ်ပိတ်ထားလိုက်ရင်ကောင်းမယ် “
သန်းဝင်းက “ ဟာ မဟုတ်တာကွာ ကလေးက
သူထင်ရာမြင်ရာ လျှောက်ပြောတာဖြစ်မှာပါ
ဗွေမယူကြပါနဲ့ ငါဆုံးမပါ့မယ်”
“ ဟေ့ကောက်သန်းဝင်း မင်းသားကြောင့် ငါတို့
သုံးယောက်စလုံးဒုက္ခ ရောက်နိုင်တယ်နော်
အခုဟာက ရိုးရီုးမဟုတ်ဘူး အရိုးတွန်တာလို့ခေါ်တယ် “ ပြောပြီး ဖိုးနီက ပြစ်ကနဲ့တံတွေး
ထွေးလိုက်တယ်
သာဇံက “ သန်းဝင်း မင်းမနက်ဖြန် ဇီးကုန်းပြန်တော့ မင်းကလေးလည်းနောက်ကို
ဘယ်တော့မှရွာခေါ်မလာနဲ့တော့ကြားလား”

သန်းဝင်းတို့မိသားစုဇီးကုန်းမပြန်ခင်ညမှာ
လူဝင်စားဆိုပြီး လူပြောသူပြောများနေလို့
ဦးသာဟန်နှင့် သူ့ဇနီးဒေါ်အေးရီတို့လင်မယား
နှစ်ယောက်က သံချောင်းကိုလာကြည့်တယ်
ဦးသာဟန်က ဥက္ကဌမဟုတ်တော့ဘူး အနားယူလိုက်ပြီ အခုသူ့သားမျိုးဝင်းက ရပ်ကျေး
ဥက္ကဌ ဖြစ်နေတယ် ရွာကလူတွေကအိမ်အပြန်လက်ဆောင်တွေလာပေးကြတာဆိုတော့
သန်းဝင်းမိဘ တွေအိမ်မှာလူစည်ကားနေတယ်
ဦးသာဟန်တို့လင်မယားအိမ်ပေါ်တက်လာတာ
မြင်မြင်ခြင်းပဲ သံချောင်းကိုယ်ခန္ဓာက တဆတ်ဆတ်တုန် မျက်ရည်တွေကျလာပြီး
ဒေါ်အေးရီနားကိုသွားကာ
“ ရက်စက်လိုက်ကြတာအမေရယ် သာဇံ၊ဖိုးနီနဲ့
သန်းဝင်းတို့သုံးယောက် ပေါင်းပြီးလူသတ်
ပစ္စည်းယူ လုပ်ကြတယ် လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကပေါ့ “
“ ဒေါ်အေးရီက ဘယ်သူကဘယ်သူ့ကိုသတ်တာလဲပြောပါအုံး ရင်တွေတုန်လိုက်တာ “
သူတို့တွေပြောနေတာကြားပြီးလူတွေကစိတ်ဝင်တစားနဲ့ အနားတိုးနားထောင်ကြတယ်

“သာဇံတို့သုံးယောက် ကိုင်းပင်ကြီးက
ကျောက်မလုံးကို သတ်ပြီး ပိုက်ဆံတွေလုလိုက်ကြတယ် “
“ ဒါဆိုမင်းက ကျောက်မလုံးဝင်စားတာလား”
“ မဟုတ်ဘူး ကျွန်တော်က အမေ့အိမ်မှာနေတဲ့
ဖိုးခွေး သစ်ပင်ပေါ်ကပြုတ်ကျပြီး သေလို့
အခေါင်းထဲထည့်ထားတာကိုထုတ်ပြီး ရေတွင်း
ထဲပစ်ချခဲ့ကြတယ် ကျွန်တော့် စားမြိန်ထုပ်ကိုလည်း ကျောက်မလုံးယူစားတယ် ကျွန်တော်
အကြာကြီးရေတွင်းပျက်မှာနေခဲ့ရတယ် သူတို့ကို
လုံးဝအခဲမကျေဘူး ဟီးဟီးဟီး “
ဆိုပြီး ငိုကာ အကုန်ဖွင့်ချလိုက်တယ်
နောက်ရက်မှာ ဥက္ကဌ အသစ်ကိုမျိုးဝင်းက
တိုင်လို့ အမှုထပ်ဖွင့်ပြီး ရဲတွေရောက်လာကာ
သဲလွန်စတွေရှာကြတယ်
ရေတွင်းပျက်ထဲမှာ ဖိုးခွေးရဲ့အရိုးစုနဲ့ ဒါးမြှောင်
ကိုတွေ့ရတယ် ကျောက်မလုံးအလောင်းကို
ပြန်ဖော်ကြည့်တော့ အလောင်းက အရိုးပြိုင်း
ပြိုင်းကျနေပေမယ့် အခုထိတိုင်မပျက်စီးသေးတဲ့ ကျောက်သားနဲ့လုပ်ထားတဲ့
မျက်လုံး အတု ကြီးရယ် တော်ရုံနဲ့ပျက်စီး
မလွယ်တဲ့ ဝါတာဘလူးကိုတွေ့တာကြောင့်
အမှုကိုတည်ဆောက်ပြီး သာဇံ၊ သန်းဝင်းနဲ့ဖိုးနီ
တို့ကို လူသတ်မှုအလောင်းဖျောက်မှု နဲ့စွဲချက်တင်ပြီး ထောင်ထဲအရောက်ပို့လိုက်ကြတယ် … ၁၀ နှစ်ကြာပေမယ့်လည်း အရိုးတွန်ချိန်
ရောက်ရင်တော့ ရာဇဝတ်ဘေးက ပြေးမလွတ်ပါဘူး….ကိုယ်ပြုသည့်ကံ ပဲ့တင်သံ ကိုယ်ထံပြန်လာစမြဲပါဘဲ….

(ငယ်စဉ်ကဖတ်ဖူးတာလေးကိုမှီငြမ်းပါသည်)
စာဖတ်သူများရွှင်လန်းချမ်းမြေ့ကြပါစေ ။

ရေးသူ …. Min Datha 17072025 MST 23:30