ကိုးကွယ်ရာအစစ်

Posted on

ကိုးကွယ်ရာအစစ်(စ/ဆုံး)
——————————-
ကျွန်တော် ဘုန်းကြီးကျောင်းသို့ရောက်ချိန်တွင် ဦးဇင်းလေးက ကျောင်းရှေ့ရှိ ခရေပင်ကြီးအောက်တွင် ပက်လက်ကုလားထိုင်တစ်လုံးနှင့် ထိုင်နေသည်။ ရှေ့တွင် ခင်းထားသော ဖျာပေါ်၌ အမျိုးသမီးကြီးတစ်ဦး ထိုင်နေသည်ကို တွေ့လိုက်ရသည်။ အမျိုးသမီးကြီးရှေ့တွင် ဗန်းလေးတစ်ခုပေါ်၌ ဘုရားလေးတစ်ဆူ တင်ထားသည်။ ကျွန်တော်က တစ်နေရာကို ရှောင်သွားရန် ပြင်လိုက်စဉ်မှာပင်

“ဒကာကြီး လာပါ … ဒါ ဦးဇင်း ရဟန်းအစ်မပါ။ မိတ်ဆက်ပေးမယ်”

ကျွန်တော်က ရဟန်းအစ်မကြီးဘေးနားတွင် ဝင်ထိုင်လိုက်သည်။

“ဒကာမကြီး … ဒါ စာရေးဆရာကြီးပေါ့။ ကျောင်းဆရာလည်း လုပ်ခဲ့တယ်”

“ဟုတ်လား … ကျွန်မလည်း အငြိမ်းစား ကျောင်းဆရာမပဲဆရာ”

“တွေ့ရတာ ဝမ်းသာပါတယ် အစ်မကြီး”

ဗန်းလေးထဲတွင် ထည့်ထားသည့် ဘုရားလေးတစ်ဆူမှာ ဂျပန်နိုင်ငံတွင်ရှိသည် “ကမာကုရ” ဘုရားကြီး၏ ပုံတူ ရုပ်ပွားဖြစ်သည်။ ရဟန်းအစ်မကြီးက

“ဒီဘုရားလေးက ဂျပန်မှာရှိနေတဲ့ သားလေးက ပို့လိုက်တာဘုရား။ အဲဒါ အရှင်ဘုရားကို ကိုးကွယ် စေချင်လွန်းလို့ ပင့်လာတာပါဘုရား”

ရဟန်းအစ်မကြီးက ဦးဇင်းလေးကို လျှောက်ထားနေခြင်းဖြစ်သည်။ ဦးဇင်းလေးက

“ပြန်ယူသွားပါ ဒကာမကြီး … ဦီးဇင်းကျောင်းမှာ ဘုရားစစ်စစ်ရှိပါတယ်၊ မလိုပါဘူး … လိုအပ်တဲ့သူသာ ပေးလိုက်ပါ”

“တပည့်တော်ကတော့ အရှင်ဘုရားကို ဖူးစေချင်လွန်းလို့ပါဘုရား”

“ဦးဇင်းက ဘုရားစစ် ဘုရားမှန်ကို နေ့တိုင်းဦးတင်နေတာပါ”

ဦးဇင်းလေးပြောသည့် စကားကထူးခြားလှသည်။ ဦးဇင်းလေးက

“ဒကာကြီးကို လှူလိုက်ပါလား ဒကာမကြီး”

ကျွန်တော်က ကျွန်တော့်ဘက်ကို လှည့်လာသဖြင့်

“မယူဝံ့ပါဘုရား … အရှင်ဘုရားကို လာလှူတာပဲ”

“ဦးဇင်းကတော့ ထေရဝါဒဘုရားပဲ ကိုးကွယ်တယ် ဒကာမကြီး”

“အရှင်ဘုရား ဘာကို ဆိုလိုလိုက်တာလဲဘုရား”

“ဒကာမကြီး … လာလှူတဲ့ ဘုရားဆင်းတုကို ကြည့်လိုက်စမ်းပါ။ ရင်ဘတ်ကြီးဖွင့်ထားလိုက်တာ။ ဦးဇင်းတို့ ဘုရားရှင်က အဲသည်လို အမြင်မတင့်အောင် နေမယ်ထင်သလား၊ ဘုရားရှင် ကိုယ်တော်မြတ်ကြီးကလေ ရဟန်းတွေကို ဒူးဖော်၊ ရင်ဖော်မနေဖို့ တားမြစ်တာလေ။ လည်ပင်း၊ လက်ကောက်ဝတ်တွေကို ကောင်းစွာ ဖုံးအုပ်ပြီးမှ မြို့ထဲ၊ ရွာထဲကို ထွက်ရမယ်လို့ သူ့သားရဟန်းတွေကို တားမြစ်ပညတ်တော်မူတဲ့ ဘုရားရှင် ကိုယ်တော်တိုင်က အဲသည်လို ရင်ဘတ်ဟောင်းလောင်းကြီးနဲ့ နေမယ်လို့ ထင်သလား”

“မထင်ပါဘုရား”

“ပြီးတော့ ဘုရားရှင်က ကိုယ်ဝတ်ဧကသီမပါရင် လမ်းပေါ်မထွက်ရ၊ ကိုယ်ဝတ်မပါဘဲ သူတစ်ပါးကိုလည်း မရှိခိုးနဲ့၊ ကိုယ်လည်း အရှိခိုးမခံနဲ့လို့ ဆုံးမခဲ့တာ အလကားလို့ ထင်နေသလား”

ကျွန်တော်တို့ ဘာမျှ မပြောနိုင်လောက်အောင် ဖြစ်သွားကြသည်။

“ရဟန်းတွေကို လမ်းထွက်ရင် လက်ကောက်ဝတ်တွေကို ဖုံးမိအောင် သင်္ကန်းကို ရုံရမယ်၊ လည်ပင်းကို လုံအောင်ဖုံးရမယ်။ သင်္ကန်းကို ရုံထားရင်လည်း ပုဆစ်၊ ဒူးဝန်းနဲ့ ရင်ဘတ်ကို ဖွင့်မသွားရဘူး။ ထိုင်တဲ့အခါလည်း လုံလုံခြုံခြုံဖြစ်အောင် ထိုင်ရမယ်လို့ ပညတ်တော်မူတဲ့ ဘုရားရှင်ဟာ ဒီလို ရင်ဘတ်ဖွင့်ကြီးနဲ့ ကိုယ်တော် တိုင်က နေထိုင်မယ်မထင်ပါဘူးနော်”

“မှန်လှပါဘုရား”

“ဦးဇင်းတို့ ဗုဒ္ဓဘုရားရှင် ကိုယ်တော်မြတ်ကြီးက မိမိမလုပ်နိုင်၊ မလိုက်နာနိုင်တာကို ပညတ်တဲ့ ပုဂ္ဂိုလ်မျိုး မဟုတ်ဘူးနော်။ ပြောတိုင်းလုပ်တဲ့ ဘုရားရှင်”

ကျွန်တော်က

“တပည့်တော်တော့ ဒီနေ့ ကျောင်းကို ရောက်လာတာ ကံကောင်းတာပဲဘုရား”

“ဘာကြောင့်လဲဒကာကြီး”

“ဘုရားရှင်ရဲ့ အကျင့်မြတ်ကို သိလိုက်ရတာကြောင့်ပါဘုရား”

“ဒကာမကြီး”

“ဘုရား”

“ဦးဇင်း ဘာကြောင့် ဒီဘုရားဆင်းတုကို လက်မခံရသလဲ သိချင်လား”

“သိချင်မိပါတယ်ဘုရား”

“ဒါဟာ ထေရဝါဒ ဗုဒ္ဓဘာသာဝင်တွေ ကိုးကွယ်တဲ့ ဘုရားမဟုတ်ဘူး။ မဟာယာနတွေ ကိုးကွယ်တဲ့ ဘုရားကို ဦးဇင်းက ရင်ဘတ်ကြီးဖွင့်ထားတာ မြင်နေပါလျက် ဘယ်လိုဦးချနိုင်မှာလဲ”

“တပည့်တော် မသိခဲ့ရိုးအမှန်ပါဘုရား”

“ကြုံတုန်းလေး ပြောရဦးမယ်။ မင်းကွန်း တိပိဋကဓရ ဆရာတော် ဘုရားကြီးက အိန္ဒိယနိုင်ငံက သက္ကတ ပါမောက္ခကြီးကို ပြောခဲ့တဲ့ စကားလေး”

“နာယူလျက်ပါဘုရား”

“အဲဒီပါမောက္ခကြီးက မဟာယာနဆရာကြီး။ ဦးဇင်းတို့ မင်းကွန်းဆရာတော် ဘုရားကြီးက ဘယ်လိုပြောသလဲ သိလား။ ရွှေသားစစ် လက်ကောက်ကို ဝတ်ဆင်ထားသူသည် ကြေးလက်ကောက်ကို ဝတ်ဖို့ကိုထား၊ ကြည့်ပင် မကြည့်လိုသကဲ့သို့ ရွှေသားလက်ကောက်နဲ့တူတဲ့ ထေရဝါဒကို မြတ်နိုးတဲ့ ငါတို့ မြန်မာပြည်အဖို့ ကြေးလက်ကောက်နဲ့တူတဲ့ မဟာယနကို လေ့လာဖို့ စိတ်ကူးမရှိဘူးလို့ပြောခဲ့တယ်ဆိုတာ ဆရာတော် ဘုရားကြီးရဲ့ ဟောစဉ်တရားတော်တွေထဲမှာ နာရတယ်”

“သဘောပေါက်ပါပြီဘုရား”

“ဦးဇင်းတို့ ဗုဒ္ဓဘာသာဝင်ဆိုသူတွေက ဘုရားမြင်ရင် ဦးကုန်းချတော့တာပဲ။ အဲဒါ ဘာဘုရားလည်း ဆိုတာကို ကြည့်ကို မကြည့်၊ မြင်ကိုမမြင်၊ စဉ်းကို မစဉ်းစားတော့တာ”

“ဒကာမကြီး”

“ဘုရားအပြင် ဘာတွေကို ကိုးကွယ်သေးလဲ”

ရဟန်းအစ်မကြီးက ရယ်နေသည်။

“ကိုယ့်အချင်းချင်းတွေပဲ ပွင့်ပွင့်လင်းလင်း ပြောကြရအောင် … နတ်ကိုးကွယ်သလား”

“ကိုးကွယ်ပါတယ်ဘုရား”

“၃၇ မင်း အကုန်ဆိုပါတော့ … နတ်ပွဲများရောပေးသလား”

“ပေးပါတယ်ဘုရား”

“ဘိုးတော်တွေ … မယ်တော်တွေရော မကိုးကွယ်ဘူး မဟုတ်လား”

“ဟီး … ဟီး … ကိုးကွယ်ပါတယ်ဘုရား”

“ကွမ်ရင်မယ်တော် … တရုတ်ဘိုးတော်ရော လွတ်သလား”

“အိမ်မှာ ရုပ်တုတွေကို ထားပါတယ်ဘုရား … ခုတော့ စဉ်းစားရတော့မယ်ဘုရား”

“မစဉ်းစားနဲ့ … ကြိုးစား … ဘုရားကိုပဲ ကိုးကွယ်အားထားနိုင်အောင် ကြိုးစား”

“တင်ပါ့ဘုရား”

ဦးဇင်းလေးက မလှမ်းမကမ်းတွင် ဆော့ကစားနေသည့် ကိုရင်လေးများကို

“ဟဲ့ သုမနနဲ့ တေဇော လာစမ်း” ဟု ခေါ်လိုက်သည်။

ကိုရင်လေးနှစ်ပါးပြေးလာကြသည်။

“သုမန မီးဖိုချောင်ထဲက ပြာတစ်ဆုပ်သွားယူ။ နနွင်းမှုန့်ဘူးလည်း ယူခဲ့”

“တင်ပါ့ဘုရား”

ကိုရင်လေးတစ်ပါးကပြေးသွားသည်။

“တေဇော … ဟို လှေကားလက်ရန်းပေါ်မှာ နေပြထားတဲ့ ပုလင်းလွတ်ကို သွားယူခဲ့ … အဖုံးလည်းယူခဲ့”

ကိုရင်လေးက လှေကားပေါ်တွင် နေပြထားသည့် ပုလင်းလည်ဖွင့်ထားသော ပုလင်းလွတ်ကို ယူလာသည်။ ထိုစဉ် မီးဖိုကိုသွားသော ကိုရင်လေးကလည်း ပြာတစ်ဆုပ်နှင့် ဘူးတစ်ခုကို ကိုင်ကာ ရောက်လာသည်။

“ဒကာကြီး ဦးဇင်းကို ကူညီပါဦး”

“တင်ပါ့ဘုရား”

“အဲဒီ ပုလင်းဝကျယ်ထဲကို အောက်က ဖုန်နည်းနည်း ကျုံးထည့်လိုက်”

ကျွန်တော်က ပုလင်းထဲကို ဖုန်မှုန့် အနည်းငယ်ထည့်လိုက်သည်။

“တော်ပြီလားဘုရား”

“ရပြီ … ရပြီ … ဟောဒီမှာ နနွင်းမှုန့်ဘူး … ဖုန်တွေကို ညှိလိုက် … ဟုတ်ပြီ .. နနွင်းမှုန့်တွေကိုလည်း ဖြည်းဖြည်း ထည့်ပါဦး”

“တော်ပြီ … ညှိလိုက် ဒကာကြီး”

ဖန်ပုလင်းထဲတွင် ဖုန်တစ်ရစ်၊ နနွင်းမှုန့်တစ်ရစ် ဖြစ်သွားသည်။

“ဒကာကြီး နနွင်းမှုန့်ပေါ်ကနေ ပြာတွေကို တစ်ရစ်ဖြစ်အောင် ထည့်လိုက်ပါဦး”

ကျွန်တော်က ပြာတွေကို ထည့်လိုက်သည်။ ပုလင်းဖွင့်ထဲတွင် ဖုန်တစ်ရစ်၊ နနွင်းတစ်ရစ်၊ ပြာတစ်ရစ် ဖြစ်သွားသည်။ နနွင်းရစ်ကတော့ နည်းသည်။

“ဟဲ့ သုမန … ဟို သဲပုံထဲက သဲနည်းနည်း သွားယူ”

ကိုရင်လေးက သဲယူလာပေးသည်။

“ဒကာကြီး သဲကို ထည့်ပါဦး”

ကျွန်တော်က သဲကို ထည့်လိုက်သည်။ သဲရစ်ကများသည်။

“အပြည့်ကြီး မဖြစ်စေနဲ့ဒကာကြီး”

ပုလင်းထဲတွင် ဖုန်တစ်ရစ်၊ နနွင်းတစ်ရစ်၊ ပြာတစ်ရစ်၊ သဲတစ်ရစ်နှင့် ကြည့်လို့ပင်ကောင်းသေးသည်။

“ဒကာမကြီး”

“ဘုရား”

ဦးဇင်းလေးက ပုလင်းကို အဖုံးပိတ်လိုက်ပြီး

“ဒကာမကြီး ပုလင်းထဲမှာ တွေ့တယ်နော် … ဘာတွေလဲ”

“ဖုန်၊ နနွင်း၊ ပြာ၊ သဲတွေပါဘုရား”

“သူ့နေရာနဲ့သူ ရှိနေတာတွေ့လား”

“တွေ့ပါတယ်ဘုရား”

“ရော့ ဒကာမကြီး အဲဒီပုလင်းကို လှုပ်လိုက်”

ရဟန်းအစ်မကြီးက ပုလင်းကိုယူလိုက်ပြီး လှုပ်လိုက်သည်။

“လှုပ်ပါ … နာနာလှုပ်”

ပုလင်းကို သူကဆက်လှုပ်နေသည်

“တော်ပြီ ဒကာမကြီး … ကဲ ကြည့်လိုက် … နနွင်းကနည်းတော့ သဲတွေ၊ ဖုန်တွေ၊ ပြာတွေကြားမှာ ပျောက်ပြီး ဝါဝါလေးတောင် မတွေ့ရတော့ဘူး မဟုတ်လား။ အားလုံး ရောသွားရင် တန်ဖိုးတွေ ပျောက်သွားတတ်တယ်။ တန်ဖိုးကိုသိပါဒကာမကြီး။ တန်ဖိုးရှိတာကို ကိုးကွယ်ပါ။ ရောမပစ်လိုက်ပါနဲ့။ ဘုရား၊ တရား၊ သံဃာ ရတနာ သုံးပါး ဦးထိပ်ထားပါ”

ရဟန်းအစ်မကြီးက ဦးကုန်းချကာ

“ကျေးဇူးကြီးလှပါတယ်ဘုရား … တပည့်တော်အစွဲပြုတ်ဖို့ တိုတိုတုတ်တုတ်လေးနဲ့ တရားပြလိုက်တာပဲ ဘုရား … ကျေးဇူးကြီးလှပါတယ်။ တန်ဖိုးရှိလှပါတယ်။ တပည့်တော် လှူရကျိုးနပ်ပါတယ်၊ ကိုးကွယ်ရကျိုးနပ် လှပါတယ်ဘုရား”

ရဟန်းအစ်မကြီးက မျက်ရည်များစီးကျရင်းက ပြောလိုက်ခြင်းဖြစ်သည်။

ကျွန်တော်ကလည်း ဝေ့ဝဲလာသည့် မျက်ရည်စများကို ဦးကုန်းချပြီး သုတ်လိုက်မိပါသည်။

(ရည်ညွှန်းကိုးကား – ဒါလား ဗုဒ္ဓဘာသာ၊ ဗိုလ်ကလေး အရှင်ပဏ္ဍိတ)

#တင်ညွန့်

၁၅.၁၂.၂၀၂၀