#မောင်သိက္ခာ
အနိုင်မခံ
အဘဉာဏ်နှင့် ကြွက်နီတို့ မြေးအဘိုးနှစ်ယောက် ဒီနေ့ည ငါးသလောက်ပိုက်ချမည်။
ညအခါရောက်မှ ငါးသလောက် ပိုက်ချရခြင်းမှာ ယခုလို တပေါင်းတန်ခူးလသည် တံငါအခေါ် ရေပူလဖြစ်၏။ နေ့ လယ်နေ့ခင်းဆိုလျှင် ငါးကပိုက်ကို တယ်ပြီးမတိုး။ ညဘက်ဆိုလျှင် ငါးတိုး များသည်။
အဘဉာဏ်၏ ချမ်းသာသမျှ ဓနအင်အားဖြင့်တော့ ကိုယ်ပိုင် ငါးသလောက်ပိုက် မချနိုင်ပါ။ ကိုယ်ပိုင်ငါးသလောက်ပိုက်တစ်ထည်ပင် ဝယ်ရန်မတတ်နိုင်ပါ။ ပိုက်တစ်ဖောင်ဆိုလျှင် တွေးပင်မတွေးဝံ့။ ငါးသလောက်ပိုက် ကို ပိုက်ရှင်ထံမှ ငါးရသမျှ တစ်ဝက်စားဖြင့် ငှားရ၏။
အဘဉာဏ်တို့ ငယ်ငယ်တုန်းကဆိုလျှင် တယ်ရေဆိုးထားသော ချည်ရိုးရိုး ငါးသလောက်ပိုက်များဖြင့်သာ ချကြရ၏။ ယခုခေတ်တော့ နိုင်လွန်တက်ထရွန်ပိုက်များဖြင့် ချကြရ၏။ တယ်ရေဆိုးရန် မလို။ ပို၍လည်း ခိုင်သည်။ နိုင်လွန်ပိုက်ထက် တက်ထရွန်ပိုက်ကပိုပြီး ကောင်းသည်။ တန်ဖိုး လည်းကြီးသည်။
ရေပေါ်တွင်ပေါ်ရန် ချထားရသည့် ဗော့ပင်လျှင် အဘဉာဏ်တို့ ငယ်ငယ်ကတော့ မျောက်အုန်းသား၊ ပတ်မခုံသား၊ ရေငန်းသားများကို ပြုလုပ်ကြသည်။ ယခုခေတ်တွင် ပလတ်စတစ်ဗော့များကို အသုံးပြုကြသည်။
ငါးသလောက်ပိုက်တစ်ထည်သည် စောက် ၁၈တောင်၊ အလျား လံတာလေးဆယ် သို့မဟုတ် အတောင် ၁၆ဝ ခန့်ရှိသည်။ ထိုကဲ့သို့သော အထည်ပေါင်း ခြောက်ထည် သို့မဟုတ် အများဆုံးခုနှစ်ထည် ပေါင်းစပ်မှ ငါးသလောက်ပိုက် တစ်ဖောင်ဖြစ်သည်။ ငါးသလောက်ပိုက် တစ်ဖောင်မှသာ ပေမီဒေါက်မီ ငါးသလောက်ပိုက် ချ၍ရသည်။
ယင်းသို့ဆိုလျှင် ငါးသလောက်ပိုက် တစ်ဖောင်၏ တန်ဖိုးသည် ကာလပေါက်ဈေး ကျပ်နှစ်ထောင်နီးပါးရှိသည်။ ဒါတောင် မိုးအခါ ရေပြာပေါက်တွင် ယခုလို သုံးပင်လိမ်ပိုက်ကြိုးနှင့် ချမရ၊ ခြောက်ပင်လိမ်နှင့်မှ ချ၍ရသည်။
အဘဉာဏ်တို့လို တံငါငမွဲ ဘယ်သို့ တတ်နိုင်ပါပြီနည်း။ ဒါကြောင့် ငါးသလောက် နှစ်ကောင်ရပါက တစ်ကောင်သာ ပိုင်ဆိုင်ခွင့်ရှိသော အငှားပိုက်ပဲ့စီးအဖြစ် ပိုက်ချရမည်ဖြစ်သည်။
သူ့ မြေးကြွက်နီက ဦးစီး။
မြေးကိုမခေါ်လျှင် ဦးစီးကို လေးပုံတစ်ပုံထပ်ပေးရမည်။ အဘဉာဏ်အတွက် လေးပုံတစ်ပုံသာ ရတော့မည်။
ငါးသလောက်ပိုက်ကို ဗော့ဆွဲရသည်မှာလည်း ရေစီးအခြေအနေကိုကြည့်ပြီး ဆွဲရ၏။
ပိုက်တစ်ထည်လျှင် ဗော့ ၁၀လုံးမှ ၁၂လုံးအထိ ဆွဲရသည်။ ငါးသလောက်ပိုက်ကွက် တစ်ကွင်းမှာ အကျယ် လေးလက်မတစ်မတ်မှ ငါးလက်မအထိ ကျယ်သည်။
ပိုက်အထက်တွင် ခေါင်းစီးကြိုးရှိသည်။ ခေါင်းစီးကြိုးက အထက်ပိုင်း ပိုက်ကွင်းများကို ဖောက်၍ သီထားရသည်။ ထိုတစ်သီကို အဘဉာဏ်တို့ အခေါ် “မတ်အိမ်တစ်အိမ်”ဟု ခေါ်သည်။
ငါးသလောက်ပိုက်ချလျှင် ရေစီးပြင်း၍ ပိုက်တင်းပါက ငါးတိုးသောအခါ ပိုက်မှာ ပေါက်ထွက်သွားတတ်သည်။ ထို့ကြောင့် ပိုက်သားလျော့အောင် ခြောက်မတ်လောက်မှာ ဗော့တစ်လုံးဆွဲသည်။ အဘဉာဏ်တို့က “ခြောက်မတ်ဒိတ်” ဗော့ဆွဲသည်ဟု ဆိုကြ၏။
ရေစီးရေကြောင်းကိုလည်း အဘဉာဏ်တို့က အတွေ့ အကြုံပညာကို အရင်းတည်ပြီး ကြိုတင်သိ၍ ပိုက်ချနိုင်သည်။
ခုနစ်စဉ်ကြယ်ကို ကြည့်ပြီး ရေထရက်ကို တွက်ချက်နိုင်သည်။
ငါးသလောက်ရနိုင်သော ပိုက်ချက် နှစ်နေရာရှိသည်။
“အထက်ပိုက်ချက်”မှာ ကျုံရှရွာမြောက်ဖျားတွင် ရှိသည်။ “အောက်ပိုက်ချက်”မှာ လက်ပံစင်ရွာနားတွင် ရှိသည်။
ယခု အဘဉာဏ်တို့ သွားကြမည့်နေရာက အထက်ပိုက်ချက်။
ငါးသလောက်ပိုက် ချရာတွင် တစ်ဦးတစ်ယောက်၊ တစ်လှေတည်း သာလျှင် သွားရောက်ကြခြင်းလည်းမဟုတ်။ လှေပေါင်း ဆယ်စင်းထက်မနည်း သွားရောက်ချကြခြင်း ဖြစ်သည်။
သို့သော် ပိုက်ချက်တစ်နေရာတည်းကို လှေအများစုပြုံ၍ တစ်ချိန်တည်း ချကြသည်လည်း မဟုတ်ပါ။ အလှည့်ကျ ပိုက်ချက်နေရာကို ချကြရသည်။
အစဉ်လိုက် မိမိအလှည့်ကို မိမိ စောင့်၍ ပိုက်ချရသည်။
ပထမ ပိုက်ချလှည့်ကျသူသည် ပိုက်ကိုစ၍ချပြီး ရေစုန်အလိုက် ပိုက်ကို တဖြည်းဖြည်းမျှော၍ ချသွားသည်။
သတ်မှတ်ချက်သို့ ရောက်သောအခါ နောက်တစ်လှေကို ဆက်လက်ပိုက်ချနိုင်ရန် အချက်ပြရသည်။ နေ့ဘက်ဆိုလျှင် လှော်တက်ကိုထောင်ပြပြီးပါက နောက်လှေက ဆက်လက်ပြီး ပိုက်ချနိုင်သည်။
ညဘက်ဆိုလျှင် ရေနံဆီမီးခွက်ကြီးကို မြှောက်၍ ဝှေ့ယမ်းပြခြင်းအားဖြင့် နောက်တစ်လှေက မီးရောင်ကိုကြည့်ပြီး မိမိပိုက်ချရန်အလှည့်ကို နားလည်သည်။ သို့မဟုတ် ပထမလှေက “ဆက်ချ” ဟု အော်၍လည်း ပြောတတ်သည်။
ကိုယ့်အလှည် မရောက်သေးပါက အေးအေးဆေးဆေး မိမိလှေပေါ် တွင် အိပ်၍ပင် စောင့်နေနိုင်သည်။
သို့သော် ဝီရိယရှိသူအချို့ကမူ ကိုယ့်အလှည့်ကို မစောင့်။ ‘ပိုးပိုက်’ ‘ဂျောပိုက် ‘ပတ်ပိုက်’စသည်တို့ဖြင့် ခေါက်တုံ့ခေါက်ပြန် အကြိမ်ကြိမ်လိုက်၍ ချကြသေးသည်။
ဤဝေါဟာရများကို တံငါလောကနှင့် အကျွမ်းမဝင်သူများကမူနားမလည်နိုင်။
မိမိအလှည့်ကျ၍ စိတ်တိုင်းကျ ပိုက်ချက်ကို ချပိုင်ခွင့်ရှိသူ ချသည့်နေရာကို “မ ပိုက်” ဟူ၍ခေါ်၏။ အဓိကအကောင်းဆုံး ပိုက်ချက်နေရာ ဖြစ်သည်။
ရေလှည့်ကလည်းကောင်း၊ ငါးကလည်း တိုးမည်ဟု ယူဆပါက အချို့လှေများသည် မိမိကျရောက်မည့် ‘မ ပိုက်’အလှည့်ကို မစောင့်တော့။ မိမိ ‘မ ပိုက်’ချနိုင်မည့်အလှည့်ကို အဆုံးခံလိုက်သည်။
ယခု ‘မ ပိုက်’ နေရာ၌ချနေသော ငါးသလောက် ပိုက်တန်း အစွန်လောက်မှ ပိုး၍ လိုက်လံချနိုင်သည်။ ထိုသို့ချခြင်းကို ‘ပိုးပိုက်’။
ယင်း ‘ပိုးပိုက်’ အပြင် ထပ်မံ၍ ‘ပိုးပိုက်’အစွန်းတစ်ဖက်မှ လိုက်လံချခြင်းကို ‘ဂျောပိုက်’။
ပိုက်ချက်၏ ကမ်းနားတစ်လျှောက်မှ ဝိုင်းပတ်၍ ချခြင်းကို ‘ပတ်ပိုက်’။
ထိုသို့ချ၍ပြီးပါက နောက်တစ်ခါ ပြန်လည်တန်းစီပြီး ပိုးပိုက်၊ ဂျောပိုက်၊ ပတ်ပိုက်လိုက်မည့်များ ရှိမရှိမေး။မရှိပါက လစ်လပ်နေသည့်နေရာတွင် ထပ်မံ၍ ချနိုင်သည်။
ဤသို့ ဝီရိယအကျိုးဖြင့် ဆက်ကာဆက်ကာပိုက်ချ၍ တစ်ကြိမ်လျှင် ‘မပိုက်’ထက် ငါးအရနည်းသော်လည်း အကြိမ်ပေါင်း ပိုမိုများများချနိုင်ပြီး အပင်ပန်းခံနိုင်မှုကြောင့် တစ်နည်းအားဖြင့် ဝီရိယအကျိုးကြောင့် နောက်ဆုံးတွင် ငါးသလောက်ကို အများနည်းတူ ရနိုင်သည်။
အချို့ကမူ ရေကြောင်းနှင့် အချိန်ကို မကြိုက်သေးပါက မိမိအလှည့်ကိုပင် နောက်လူအား အကြောပေး၍ ချစေပြီး စိတ်ရှည်ရှည်စောင့်၍ စိတ်တိုင်းကျ ပိုက်ချသူများလည်း ရှိသည်။ တစ်နည်းအားဖြင့် အပင်ပန်းမခံ၊ အချက်ကောင်းစောင့်သူ။
ပိုက်စတင်ချသည်မှ ပိုက်ရုပ်သည်အထိ အများအားဖြင့် အချိန် တစ်နာရီခွဲခန့် ကြာတတ်ပေသည်။
[၂]
ယခုအလှည့်က အဘဉာဏ်တို့အလှည့်။
မိမိစိတ်တိုင်းကျ “မ ပိုက်” ကို ချရတော့မည်။ အဘဉာဏ်သည် လှေပေါ် မှ ငါးသလောက်ပိုက်ကို တဖြည်းဖြည်းချင်း ချသည်။
ကြွက်နီက ပိုက်အချကောင်းရန် လှော်တက်ဖြင့် လှေကိုထိန်းပေးသည်။ ဗော့ကလေးများ စီရရီနှင့် အဘဉာဏ်၏ ငါးသလောက်ပိုက်သည် ဧရာဝတီမြစ်၏ ရေစီးကြောင်းအတိုင်း ခပ်စောင်းစောင်းကလေး အနေအထားဖြင့် ရေစုန်အလိုက် တရွေ့ရွေ့မျောနေသည်။
ပိုက်တစ်ဖောင်လုံး ချပြီးသောအခါ အဘဉာဏ်က “လက်နားဘူး” ၏ အနားမှစောင့်ရင်း ရေပေါ်တွင် ထိုးထိုးထောင်ထောင် ပေါ်နေသော ဗော့ကလေးများကို စူးစိုက်ကြည့်နေ။ “လက်နားတူး” ဆိုသည်မှာ အခြားပလတ်စတစ်ဗော့များနှင့်မတူ။
ဝါးဆစ်ဘူးတစ်ခုကို ကျကျနန လှလှပပကလေး အချောသပ်၍ ပိုက်အစွန်ဆုံးမှဗော့အဖြစ် တစ်မူထူးခြားစွာ တပ်ဆင်ထားသော ဗော့ဖြစ်သည်။
ပိုက်ကိုအရမ်းချ၍မရ။ ပိုက်၏ အနေအထားကောင်းအောင်လည်း ပြုပြင်ပေးရသည်။
အဘဉာဏ်တို့ အခေါ်ကတော့ ပိုက်ကို ‘တွေ’ပေးရသည်တဲ့။
‘ပိုက်သားကျစ်’နေလျှင်လည်း ပိုက်ကို ရေအောက်မှဖော်ပြီး ရှင်းလင်းပေးရသည်။ ‘ပိုက်သားကျစ်’ သည်ဆိုသည်မှာ ဗော့အောက်မှပိုက်များ ရှုပ်ထွေးနေခြင်းကို ခေါ်သည်။
ပိုက်သားများ ရှုပ်ထွေးနေပါက တစ်နည်းအားဖြင့် ပိုက်သားကျစ်နေပါက ရေပေါ်မှာပေါ်နေသော ဗော့တန်းက အခြားသော ဗော့များနှင့်မတူ အနည်းငယ် နိမ့်နေသည်။
ဗော့များ ညီညီညာညာမရှိ ။ တန်းတန်းမတ်မတ် မရှိ။ ယင်းသို့ ဗော့နိမ့်နေလျှင် ထိုဗော့ရှိရာသို့ သွားပြီး ရေအောက်မှ ပိုက်များကို အကျကောင်းအောင် ရှင်းလင်းပေးရ၏။
သို့သော် ပိုက်သားကျစ်တိုင်းလည်း ဗော့နိမ့်သည်မဟုတ်။
ငါးကပ်လျှင်လည်း ဗော့နိမ့်တတ်သည်။ ဒါကို ကျွမ်းကျင်သော တံငါသည်ကြီးများက ခွဲခြားသိသည်။
ငါးကပ်သည်ဆိုသည်မှာ ငါးသလောက်သည် ပိုက်ကို မတိုးသေး။ သို့သော် ပိုက်နားသို့တော့ကပ်နေသည်။ ပိုက်အနား ကပ်ရုံမျှသာ ကပ်နေသည်မို့ ငါးသလောက်မှာ ပိုက်မငြိ။
ထိုအခါ အဘဉာဏ်တို့ ဘာလုပ်သနည်း။
မိမိလှော်တက်နှင့် လှေစပ်ကို ခပ်ပြင်းပြင်းကလေး ရိုက်ပြီး လှန့်သံပေးလိုက်ရသည်။
ထိုအခါ ရေအောက်မှ ငါးသလောက်လန့်သွားပြီး တိုးမိတိုးရာ တိုးတော့သည်။ ဤတွင်မှ အဘဉာဏ်တို့ပိုက်အတွင်း သကောင့်သား ငါးသလောက် သက်ဆင်းရတော့သည်။
ယခုပင် အဘဉာဏ်တို့ ငါးသလောက် သုံးကောင်ရပြီ။
သည်တစ်ခါတော့ ခပ်ဆန်းဆန်း။
ကြွက်နီက ဗော့တစ်ခုကို လက်ညိုးထိုး၍ပြသည်။
“အဘ ဟိုဗော့က ရေထဲမှာ လုံးလုံးမြုပ်လည်းမသွားဘူး၊ ရေထဲမှာ တစ်ဝက်တစ်ပျက်ကြီးနဲ့ ပိုက်သားကျစ်နေသလား၊ ဒါမှမဟုတ် ငါးပဲကပ်နေသလား မသိဘူး”
အဘဉာဏ်က ကြွက်နီညွှန်ပြရာသို့ လှမ်းကြည့်လိုက်၏။ ပြီးတော့ အဘဉာဏ် တစ်ချက်ပြုံးလိုက်သည်။
“ကြွက်နီ အဲဒါ ပိုက်သားကျစ်တာလည်း မဟုတ်ဘူး၊ ငါးကပ်တာလည်း မဟုတ်ဘူး၊ ငါးတစ်ကောင်တော့ မိနေတယ်”
ထိုအခါ ကြွက်နီက
“ဟာ ဒါဖြင့် ဘာငါးလဲ၊ ခါတိုင်း ငါးသလောက်တိုးသလို ဗော့လည်း မြုပ်မသွားပါလား အဘ၊ ငါးသလောက် မဟုတ်ဘူးထင်တယ်”
“ငါးသလောက်ပါပဲ ကြွက်နီ၊ ဒါပေမဲ့ ခါတိုင်း ငါးသလောက်လို ငါးသလောက် ရိုးရိုးတော့မဟုတ်ဘူး၊ အဲဒါ မင်းကို လက်တွေ့ ပြမယ်”
အဘဉာဏ်သည် ငါးဖမ်းပညာနှင့် ငါးအကဲခတ်နည်းကို သူ့မြေးကြွက်နီအား လက်တွေ့ သင်ပြနေခြင်းဖြစ်သည်။
“မင်းမှတ်ထား ကြွက်နီ၊ ဒီလို ဗော့ဟာ တစ်ပိုင်းမြုပ်ပြီး ငြိမ်ငြိမ်ကလေး စိမ်နေယင် အခါတိုင်း ငါးသလောက်မိလို့ ပိုက်ဆွဲတင်သလို ပိုက်ကို အမြန်ဆွဲမတင်ရဘူး၊ တဖြည်းဖြည်း ပိုက်ကို ဆွဲတင်ရတယ်”
အဘဉာဏ်သည် ပိုက်ကို ဖြည်းဖြည်းချင်း ဆွဲတင်ရင်း ကြွက်နီအား ပညာပေးနေသည်။
“ဘာဖြစ်လို့လဲ အဘ”
ကြွက်နီက သိလိုဇောဖြင့် မေးလိုက်သည်။
“ဒါဟာ ငါးဥအပြည့်နဲ့ မွေးဖွားခါနီး ငါးသလောက်မကြီးတစ်ကောင် မိနေတာပဲ။ သူက ငါးသလောက်ရိုးရိုးထက်လည်း ကြီးတယ်။ အကယ်၍များ ကြောက်အားလန့်အားနဲ့ ရုန်းလိုက်ရင် အားလည်းသန်တယ်၊ ဗော့မမြုပ်ဘဲ ငြိမ်နေတာက ဥတွေနဲ့ဆိုတော့ သူ့ကိုယ်လည်း သူညှာတယ်။ မိန်းမများ မပေါ့မပါးရှိတော့ အထအသွား နှေးကွေးလေးလံသလို သူတို့လည်း နှေးကွေးပြီး ပိုက်မှာ မိနေပေမယ့် မရုန်းဘူး၊ ဒါပေမဲ့ ကြောက်အားလန့်အား ရုန်းလိုက်မယ် ဆိုရင်တော့ အားသန်တယ်ကြွက်နီ၊ ဒါကြောင့် ပိုက်ကို ချော့ဆွဲကလေး တဖြည်းဖြည်းချင်း ဆွဲတင်နေရတာပေါ့”
အဘဉာဏ်ပြောသည့်အတိုင်းပင် ပိုက်အတွင်းမှ တစ်ပိဿာကျော်ကျော်ခန့်ရှိ ဥများဖြင့် ဗိုက်ကြီးဖောင်းကားနေသော ငါးသလောက်မကြီး တစ်ကောင်ကို ရလိုက်တော့သည်။ ဤသို့ဖြင့် ပိုက်ချက်တွင်ချပြီး နောက်တစ်လှေ ပိုက်ချနိုင်ရန် အဘဉာဏ်က လှေဦးကနေပြီး ရေနံဆီမီးခွက်ကြီးကို မြှောက်၍ မြှောက်၍ အချက်ပြလိုက်သည်။
ယခုအခါ လှေဖော်များပင် မမြင်ရတော့။ အတော်ကလေး အလှမ်းဝေးလာပြီ။
ဧရာဝတီမြစ်ပြင်တစ်ရိုးမှာ ကြယ်ရောင်ကလေးများသာ တွေ့ရသည်။ ရေပြင်တစ်ခုလုံးမှာ လှေတစ်စင်းနှင့် အဘဉာဏ်တို့ မြေးအဘိုးနှစ်ယောက်။
အဘဉာဏ်တို့ လှေကလေးမှာ လက်ပံစင်ရွာနားသို့ပင် ရောက်ခါနီးနေပြီ။
ပိုက်စတင်ချသည်မှ ယခုအချိန်ထိ တစ်နာရီခွဲနီးနီးကြာပြီ။ အောက်ပိုက်ချက်နီးလျှင် ပိုက်ရုပ်သိမ်းရတော့မည်။
ဒါက တံငါသည်တိုင်း စောင့်သိရမည့် ဝတ္တရားဖြစ်သည်။
အောက်ပိုက်ချက်အရောက် ပိုက်ဆက်လက်မချရ။သို့ မဟုတ်ပါက အောက်ပိုက်ချက်သမားများ နစ်နာကုန်ကြပေလိမ့်မည်။
ယခု ငါးသလောက်လည်း ရှစ်ကောင်ရပြီ။ တွက်သားကိုက်သည်ဟု ဆိုရမည်။
ပိုက်ကိုရုပ်၍ အဘဉာဏ်တို့ ဧရာဝတီအရှေ့ဘက်ကမ်းသို့ ဖြတ်ကူးပြီး နေအိမ်ရှိရာ ‘ဇလွန်ဘက်တန်း’ရွာသို့ ပြန်တော့မည်။
အကယ်၍ ငါးအရနည်းပါမူ အထက်ပိုက်ချက်သို့ ပြန်သွားပြီး ပိုးပိုက် ဂျောပိုက်ကလေးများ ချကောင်းချမိပေလိမ့်မည်။
ယခုတော့ အနားယူတော့မည်။
[ ၃ ]
ခုနစ်စဉ်ကြယ် အမြီးထောင်ပြီးသည်မှာ အတော်ကြာပြီ။ မကြာမီ လင်းဘက်သို့ လုလာတော့မည်။
လဆုတ်ရက်ကလေးလည်း သောင်စပ်ပေါ်မှ ကျော်၍ တဖြည်းဖြည်းထွက်ပြူလာ
လရောင်နှင့် ကြယ်ရောင် မှုန်ဝါးဝါး အလင်းရောင်အောက်မှ ဧရာဝတီမြစ်ပြင်ဝယ် အဘဉာဏ်တို့ လှေတစ်စင်းတည်း။
ဟို ခပ်လှမ်းလှမ်း အထက်ပိုက်ချက်ဆီမှ မီးရောင်တလက်လက်ကို တစ်ချက် တစ်ချက်တော့ မြင်ရသည်။
ရှပ်တိုက်ပြေးနေသော ရေပြင်အောက်တွင် လှိုင်းကြက်ခွပ်ကလေးများထနေ၏။
ငါးသလောက်ရှစ်ကောင်ဆိုလျှင် အနည်းဆုံးခြောက်ပိဿာတော့ ရှိမည်။ ပိုက်ရှင်အတွက် သုံးပိဿာအဘဉာဏ်တို့ မြေးအဘိုးအတွက် သုံးပိဿာ။
တစ်ပိဿာကို တစ်ဆယ်ဈေးပဲထား၊ အဘဉာဏ်တို့အတွက် ငွေသုံးဆယ်ရမည်။ မဆိုးပါလား။
အဘဉာဏ်သည် လှေနောက်မှ ပဲ့ကိုင်ကာလှော်ရင်း တစိမ့်စိမ့် စဉ်းစားပြီး ပီတိဖြစ်နေသည်။
ထိုစဉ်တွင် …
“ဟေ့ လှေရပ်လိုက်စမ်း၊ ပစ်လိုက်ရမလား”
ရုတ်တရက် အော်သံနှင့်အတူ ရှမ်းစုရွာဘက် ကိုင်းတောအတွင်းမှ လှေတစ်စင်း လှော်၍ ထွက်လာသည်။
လူက သုံးယောက်။
ဒီလောက် အသံမာပုံထောက်တော့ ဓားပြများသာ ဖြစ်လိမ့်မည်။
“ပစ်လိုက်ရမလား” တဲ့။
သေနတ်များလည်း ပါလိမ့်မည်။
ဓားပြမှ ပိုက်ကိုလုမည့် ဓားပြ။
“ဟုတ်ကဲ့ ခင်ဗျ၊ ဟုတ်ကဲ့ ခင်ဗျ ။ ရပ်ပေးပါ့မယ်”
အဘဉာဏ်က ခပ်မြန်မြန်ကလေး လှမ်းအော်၍ ပြောလိုက်သည်။
ပိုက်ပါသွားလျှင် မသက်သာ။ ပိုက်ရှင်မှာလည်း ပိုက်ဆုံးမည်။ အဘဉာဏ်တို့လည်း အလုပ်လက်မဲ့ ဖြစ်မည်။
အငတ်တော့ မခံနိုင်။
သို့သော် အရမ်းတော့ မမိုက်ရဲ။ အဘဉာဏ်ဆိုသည့်အတိုင်း ဉာဏ်ကိုသုံးပြီး သတ္တိတော့ ပြိုင်တန်လျှင် ပြိုင်ရမည်။
ဓားပြသုံးယောက်နှင့် အဘဉာဏ်တို့ မြေးအဘိုး။ တစ်နည်းအားဖြင့် ရန်သူ့အခြေအနေနှင့် မိမိတို့အခြေအနေကို တွက်ကြည့်ရမည်။
လူအင်အား။
ရန်သူက သုံးယောက်။
အဘဉာဏ်တို့က မြေးအဘိုးနှစ်ယောက်။
အဘဉာဏ်တို့က အရေအတွက်အားဖြင့် တစ်ယောက်ရှုံးနေသည်။ ရန်သူက အင်အားကောင်း၍ သန်မာသော လူရွယ်များ။
အဘဉာဏ်က အင်အားကုန်ခန်းစပြုနေသည့် အဘိုးအို။ ကြွက်နီက လူလားမမြောက်တတ်သေးသည့် အရွယ်။
သည်အချက်မှာလည်း ရှုံးသည်။
လက်နက်။
အဘဉာဏ်က တဖြည်းဖြည်း နီးကပ်လာသော ဓားပြလှေကို တစ်မုဟုတ်ချင်း လှမ်း၍ အကဲခတ်လိုက်သည်။
လှေအလယ်မှလူသည် သေနတ်တိုတစ်လက်ကို ကိုင်ထားသည်။ သို့သော် ခြောက်လုံးပြူးအစစ်တော့ ဟုတ်ဟန်မတူ။ သည်လို ပိုက်ဓားပြများမှာ အများအားဖြင့် ခြောက်လုံးပြူးအစစ်ကို မကိုင်နိုင်။
အရပ်လုပ်သေနတ်တစ်လက်မျှသာ ဖြစ်နိုင်သည်။
ဆုံလည်မပါ၊ သုံးရာ့သုံးရိုင်ဖယ်ကျည်ဆံတစ်တောင့်နှင့် ထည့်ပစ်ရသော ပန်းပဲဖိုများမှ လုပ်သည့် လုပ်သေနတ်တစ်လက်။
အပြင်မှ စိုင်မောင်းကို နောက်ဆွဲပြီးပစ်ရသော ဤသေနတ်မျိုးမှာ ကျည်တစ်တောင့်သာ ပစ်နိုင်သည်။
ပစ်လိုက်သော ကျည်ချက်လွဲသွားလျှင် တုတ်တစ်ချောင်းလောက်မှ အသုံးမကျ၊ တန်ဖိုးမရှိ။
ကြောက်တတ်သူများကိုသာ ခြောက်လှန့်နိုင်သော လက်နက်ဖြစ်သည်။
ပြီးတော့ ဒီသေနတ်မျိုးက ပစ်တိုင်းလည်းထွက်ချင်မှ ထွက်မည်။ ရိုက်တံက ကျည်ဆံနောက်ပိတ် အလယ်တည့်တည့်ကို ထိချက်မှတ်မည့် သေနတ်မျိုး။
မထိလျှင် ကျည်မထွက်။
အလယ်တည့်တည့် ထိသည့်တိုင်အောင် လတ်ဆတ်သော ရိုင်ဖယ်ကျည်ဆံ ဖြစ်ချင်မှဖြစ်မည်။
ဤ သုံးရာ့သုံး ရိုင်ဖယ်ကျည်ဆံမျိုး ခပ်များများက အဟောင်းများသာ။ မီးကူးချင်မှ ကူးသည့် ‘ကျည်အ’များဖြစ်နိုင်သည်။ ဤသေနတ်မျိုးသာဖြစ်လျှင် သေနတ်သည် ကြောက်စရာ လက်နက်မဟုတ်။
အနိုင်မခံသူများအတွက် အတားအဆီး မမည်။
အဘဉာဏ်သည် ဒုတိယကမ္ဘာစစ်နှင့် ပြည်တွင်းစစ်ကာလကို ဖြတ်ကျော်လာခဲ့သူမို့ သေနတ်အကြောင်းတော့ အတော်ကလေး နားလည်ခဲ့သည်။ အတွေ့အကြုံရှိသည်။
ကျန်နှစ်ယောက်တွင်မူ ဓားမြှောင်များသာ ရှိမည်။ ဓားပြများ၏ လက်နက်အင်အားမှာ ဤမျှသာ။
အဘဉာဏ်တို့တွင်မူ မမျှော်လင့်သည့်နေရာ မထင်မှတ်သည့်အချိန်ကိုသာ တိုက်ကွက်ရွေးတတ်ဖို့ လိုတော့သည်။ လက်ဦးမှုသည် အရေးကြီးသည်။
“ဟေ့ အဘိုးကြီး ပိုက်ထုပ်ကို ဒီလှေထဲ ပို့လိုက်ပါ”
သေနတ်ကိုင်ဓားပြက သေနတ်နှင့် အဘဉာဏ်ကို ချိန်ရင်း အမိန့်ပေးလိုက်၏။
“ဟုတ်ကဲ့ ခင်ဗျ၊ ဟုတ်ကဲ့”
အဘဉာဏ်သည် လိုအပ်သည်ထက် ပိုမိုကြောက်ရွံ့နေဟန် အသံတုန်တုန်ယင်ယင်ဖြင့် ပြန်ပြောလိုက်သည်။
ဒါမှ ဓားပြများက အဘဉာဏ်ကို ပိုမိုအထင်သေးပေလိမ့်မည်။ အထင်သေးမှ သတိပိုမိုလစ်ဟင်းမည်။
ကြွက်နီကတော့ သူ့ အနီးတွင်ရှိသော လင်းမြွေမြီးမှိန်းကို တစေ့တစောင်းကြည့်ထားလိုက်သည်။ မှိန်းကို လှမ်းယူမည်ဆိုပါက လက်တစ်လှမ်းမျှသာ။
အဘဉာဏ်သည် လှော်တက်ကို လက်မလွှတ်ဘဲ ပိုက်ကိုယူဟန်ဖြင့် ကုန်း၍သွားပြီး ရုတ်တရက် ဓားပြ၏လှေနှုတ်ခမ်းသားဘောင်ကို ခြေဖြင့် လှမ်း၍ တစ်အားနင်းချလိုက်သည်။
အချိန်မကြာလှ
တစ်စက္ကန့်မျှသာ
လျှပ်တစ်ပြက်မျှသာ
လူဆိုးတို့၏လှေမှာ တစ်ဖက်သို့စောင်း၍ သေနတ်ကိုင် ဓားပြဗိုလ်ယိမ်းယိုင်ပြီး သူ၏ သေနတ်ချိန်ထားသော ဟန်ချက်က လွဲသွားသည်။
မရှေးမနှောင်းမှာပင် အဘဉာဏ်၏ လှော်တက်ပြားစောင်းသည် အရှိန်ပြင်းစွာဖြင့် ဓားပြဗိုလ်၏ လည်ပင်းစောင်းကို မိမိရရကြီး ခုတ်ချလိုက်နိုင်သည်။
“ဒိုင်း” ခနဲ သေနတ်သံသည် အမှောင်ထဲမှာလိမ္မော်ရောင် မီးပွင့်နှင့်အတူ မြစ်တစ်ပြင်လုံးကို ဟိန်းသွားစေသည်။
ဓားပြဗိုလ်၏ နောက်ဆုံးပစ်ခြင်း။
ကိစ္စမရှိပါ။ ကိစ္စမရှိပါ။
ဤကျည်ဆံမှာ လေထဲ၌သာ ပျံဝဲနိုင်ပါမည်။ အဘဉာဏ်တို့ကို မထိခိုက်နိုင်ပါ။
ဟန်ချက်လွဲပြီး မမျှော်လင့်သောအချိန်တွင် အလစ်ခံလိုက်ရသောကြောင့် ဒဏ်ရာဖြင့် ယိမ်းယိုင်သွားသော ဓားပြဗိုလ်၏သေနတ်သည် ဘယ်သို့ ပစ်မှတ်ကို ထိမှန်နိုင်ပါအံ့နည်း။
သေနတ်သံတစ်ချက် ထွက်သွားသည်ကိုပင် အဘဉာဏ်က ကျေးဇူးတင်သေးသည်။
သူ့အပေါင်းအသင်း တံငါလှေများကို အချက်ပြပြီးခေါ်ရန် မလိုတော့။ သေနတ်သံကြောင့် သူ့ မိတ်ဆွေ တံငါလှေများ မကြာမီ ရောက်လာကြပေတော့မည်။
ကြွက်နီကလည်း မခေပါ။
အဘဉာဏ်က လှော်တက်စောင်းဖြင့် ဓားပြဗိုလ်အား ခုတ်ချသည်နှင့်တစ်ပြိုင်နက် အနားမှ ငါးထိုးသော လင်းမြွေမြီးမှိန်းကို ဖျတ်ခနဲ လှမ်းကိုင်လိုက်ပြီး လှေဦးမှ ဓားမြှောင်ကိုင်သူ လူဆိုး၏ ရင်အုံသို့တစ်အား ထိုးချလိုက်တော့သည်။
“အား”
ရေထဲမှ လူးလွန့်လှုပ်ရှားနေသော ငါးကိုပင် ချက်ကောင်းကို မလွတ်တမ်းထိုးနိုင်သော ကျင့်သားရနေသည့် ကြွက်နီက လှေပေါ်မှ လူဆိုးကိုတော့ လွယ်လွယ်ကူကူ ရေထဲသို့ လန်ကျသွားအောင် ကောင်းကောင်းထိုး ချနိုင်ခဲ့ပါသည်။
ရေပြင်သည် လူဆိုးများ၏သွေးဖြင့် ရဲရဲနီသွားသည်။
လှေပဲ့မှ လူဆိုးမှာလည်း အခြေမလှတော့သမို့ လှေပေါ်မှ ခုန်ချပြီး ကူးခပ်ပြေးလေပြီ။ လူဆိုး ကမ်းမရောက်မီ သူ့အဖော် တံငါလှေများရောက်လာပြီး ဖမ်းဆီးနိုင်လိမ့်မည်ဟုတော့ အဘဉာဏ်ယုံကြည်ပြီးဖြစ်၏။
မကြာပါ။
အဘဉာဏ်ထင်သည့်အတိုင်းပင် ဂျော်ကာ၊ ကုလား၊ ငခွေးကြီး၊ ကက်စိန်၊ မြင့်ကြည် စသည့် တံငါဖော်လှေများ အဘဉာဏ်တို့ဆီ အပြင်းလှော်လာကြပါချေပြီ။
“အဘဉာဏ် … အဘဉာဏ် ၊ ကြွက်နီ … ဘယ်လိုဖြစ်တာလဲဗျို့”
သူတို့၏ စိုးရိမ်တကြီး လှမ်းမေးသံကိုကြားရသည်။
သူတို့၏ လက်များတွင် မှိန်းများ၊ လှံများ၊ ဓားမကြီးများ၊ ငါးရိုက်တုတ်များ လက်နက်မျိုးစုံကို ကိုင်ထားကြသည်။
မီးတုတ်ကြီးများကိုလည်း မီးရှို့၍ မြှောက်ထားကြ သေးသည်။ စောစောက မှောင်နေသော မြစ်ပြင်တစ်ခုလုံးမှာ ယခုတော့ လင်းထိန်နေသည်။
အားရလိုကပွါဘိ။
ဒါမှ ဘဝတူ ရဲဘော်ရဲဘက် အစစ်များဖြစ်သည်။
အဘဉာဏ်က အားရဝင့်ကြွားစွာဖြင့် သူ့ရဲဘော်များကို လှမ်း၍ အော်ပြောလိုက်သည်။
“ဓားပြတိုက်တာဟေ့ ငါဘာမှမဖြစ်ဘူး၊ ဟိုရေကူးပြေးသွားတဲ့ ဓားပြကောင်ကိုသာ မြန်မြန်လိုက်ဖမ်းကြစမ်းပါကွာ၊ ဒီနားလည်း တချို့လှေ လာကြဦးဟေ့၊ ငါနဲ့ ကြွက်နီ ရိုက်ချလိုက်တဲ့ ဓားပြနှစ်ကောင်ကို လာရှာကြပါဦး၊ မသေသေးလည်း အရှင်ရတာပေါ့”
ရေကူးပြေးသော လူဆိုးကို မိလိုက်ပါသည်။
အဘဉာဏ်တို့ မြေးအဘိုးလက်ချက်ဖြင့် ရေထဲကျသွားသည့် ဓားပြနှစ်ကောင်ကိုလည်း သူ့ရဲဘော်များက မီးရောင်တဝင်းဝင်းဖြင့် လိုက်ရှာနေကြ သည်။
ဒီလူဆိုးတွေကို ဆကာကြီးမြို့ ရဲစခန်းသို့ တိုင်ချက်ဖွင့်ပြီး သွားအပ်ရမည့် တာဝန်များလည်း ရှိကြသေးသည်။
အဘဉာဏ်က သူ့ရဲဘော် ဘဝတူ တံငါလှေအပေါင်းကို လက်တွေ့သင်ခန်းစာပေးလိုက်ခြင်းလည်း ဖြစ်သည်။
“ရန်သူနဲ့ တို့ဟာ လူအင်အားနဲ့ လက်နက်များတာနည်းတာ အဓိက မဟုတ်ပါဘူးကွာ၊ ကိုယ်က တရားတဲ့ဘက်က ရှိရမယ်၊ ပြီးတော့ အနိုင်မခံချင်တဲ့ စိတ်ဓာတ်၊ အချိန်အခါကောင်းနဲ့ လက်ဦးမှုကို ရွေးတတ်ဖို့ပဲ လိုပါ တယ်” ဟူ၍။
(ရှုမဝရုပ်စုံမဂ္ဂဇင်း၊ အတွဲ ၃၃၊ အမှတ် ၃၉၂၊
ဇန်နဝါရီ၊ ၁၉၈၀)
– ပြီး –
စာရေးသူ – မောင်သိက္ခာ
စာစီစာရိုက် – မုဆိုး တံငါ စာပေများ