မဆုံဆည်းခဲ့လေသော(စ/ဆုံး)
——————————
မျက်ဝန်းတစ်စုံကယိုစီးကျလာတဲ့မျက်ရည်ဥကြီးတွေကမေးဖျားကနေတစ်ဆင့်ရင်ဘတ်ပေါ်မှာအိုင်ထွန်းရွှဲနစ်စိုစွတ်လျှက်….
ခန္ဓာကိုယ်တစ်ခုလုံးပိုပိုပြီးလေးလံလာတာဟာကြေမွအက်ကွဲနေတဲ့နှလုံးသားအတွင်းပိုင်းကစိမ့်ထွက်လာတဲ့သွေးစိမ်းရှင်ရှင်တွေကြောင့်လေများလား…
မတ်မတ်ထိုင်မနေနိုင်အောင်အားလျော့နွမ်းလျလာတဲ့အခါဆိုဖာရှည်ကြီးပေါ်သို့ခွေလှဲချလိုက်မိတော့သည်…
ပိန်းပိတ်ထူထဲလှတဲ့နီညိုရောင်ခန်းဆီးရှည်ကြီးတွေနောက်ကွယ်က မှောင်မိုက်အေးစက်နေတဲ့အခန်းငယ်ထဲမှာကိုယ့်ကိုယ်ကိုယ်ပိတ်လှောင်ထားရင်းအထီးကျန်လွမ်းဆွတ်မှုတို့ကရိုးတွင်းချဥ်ဆီထဲအထိတမြေ့မြေ့လှိုက်စားနေသလိုသေလုမျောပါးနာကြင်ခံစားနေခဲ့ရသည်…
မောင့်အတွက်ဆိုရင် ကိုယ်တိုင်ရဲ့ဖြစ်တည်မှုကိုတောင်အလေးမထားပဲ မောင့်အလိုကျ
မောင့်ထံပါးမှာစီးမျောပျော်ဝင်ပျောက်ကွယ်ပေးနိုင်ခဲ့တဲ့ “ကေသရီ” ဆိုတဲ့မိန်းမတစ်ယောက်ဟာ
မောင့်ခြေဖဝါးအောက်မှာတည်ရှိနေတဲ့မြေမှုန်လေးတစ်မှုန်လောက်တောင်မှ မောင့်အတွက်အရေးမပါလေတော့ဘူးလား…
မိန်းမတစ်ယောက်က ယောကျာ်းတစ်ယောက်အပေါ်မှာ ချစ်နိုင်သမျှသောအချစ်တွေနှင့်အစွမ်း
ကုန်နှိမ့်ချပေးဆပ်ပြီးချစ်ခဲ့သလို…. ခန္ဓာကိုယ်အစိတ်အပိုင်းတွေမဆိုထားနှင့် လိုအပ်ရင်အသက်ကိုတောင်ကြည်ကြည်ဖြူဖြူနှင်းအပ်နိုင်တဲ့အချစ်မျိုးနှင့်တွယ်တာမြတ်နိုးမိခဲ့တာတောင်မှ မောင့်အနားမှာရှိခွင့်ရဖို့မထိုက်တန်သေးဘူးလားကွယ်…
သေးငယ်ပါးလျားလွန်းတဲ့မျှော်လင့်ချက်နှောင်ကြိုးတစ်စကိုအရူးတစ်ယောက်လိုဆောက်တည်ရာမဲ့
မလွှတ်တမ်းတွယ်ဖက်ဆုပ်ကိုင်ထားရင်း မောင် သူမဆီလှည့်ပြန်လာလေနိုးမရဲတရဲတမ်းတနေမိတဲ့စိတ်ကူးအိပ်မက်ဟာ အခုတော့ လေဟာနယ်ထဲကိုတစ်စစီလွင့်ပြယ်သွားခဲ့ပြီဖြစ်သလို…
သူမရဲ့ချစ်ကမ္ဘာငယ်လေးဟာလည်းအပိုင်းပိုင်းအစစပြိုကျပျက်စီးလို့သွားခဲ့ရလေပြီ…
************
“မောင်…. ဒါကဘယ်သွားမလို့လဲဟင်”
သူ့ပခုံးပေါ်ခေါင်းမှီပြီးထိုင်နေတဲ့ကေ့ကိုဖွဖွသိုင်းဖက်ထားရာက ခပ်ဆတ်ဆတ်တွန်းဖယ်လိုက်ကာ ဗြုန်းကနဲထရပ်လိုက်ပြီး ဧည့်ခန်းထောင့်ကစာရေးစားပွဲဆီသို့ကျောခိုင်းလျှောက်သွားနေတဲ့မောင့်ကို ကေနားမလည်နိုင်စွာလိုက်ကြည့်ရင်းမေးမိတော့ မောင်ကတစ်ချက်လေးတောင်မှလှည့်မကြည့်ပဲ စိတ်မကြည်သလိုလေသံမာမာနှင့်ပြန်ဖြေပါသည်။
“ငါ အောင်ကျော်ကျော်တို့နဲ့ချိန်းထားတာရှိတယ်..”
“ဟင်… မောင်ပြောတော့ဒီနေ့တစ်နေ့လုံးအားတယ်ဆိုလို့ ကေတို့နှစ်ယောက်ဟော့ပေါ့ချက်စားကြဖို့အားလုံးဝယ်လာခဲ့တယ်လေမောင်ရဲ့”
“ကျွတ်…. တစ်နေ့လုံးအိမ်တွင်းအောင်းပြီးဘာလုပ်ရမှာလဲကွ… ပြဿနာပဲ… မင်းဘာသာမင်းစားချင်တာချက်စားပြီးနေခဲ့ပေါ့”
မောင်ကအိမ်ဧည့်ခန်းနံရံမှာချိတ်ဆွဲထားတဲ့မှန်ရှေ့မှာဆံပင်ကိုလက်ချောင်းတွေနဲ့သုံးလေးချက်ထိုးဖွကာသပ်ရပ်သွားအောင်ပြုပြင်လိုက်ပြီး စာရေးစားပွဲပေါ်ကပစ္စည်းတစ်ချို့ကိုကျောပိုးအိတ်ထဲကောက်ထည့်လို့နေပါသည်။
မောင်…
ကေသည်သူ့ဘဝမှာအချစ်ရဆုံးမို့ ရင်နင့်အောင်ကိုချစ်ရပါသည်လို့လေးလေးနက်နက်ဖွင့်ဆိုဝန်ခံဖူးခဲ့တဲ့မောင်….
သူ့ကိုကေကတစ်နေ့နေ့မှာချန်ထားရစ်ခဲ့လိမ့်မည်
ဆိုတဲ့သံသယစိတ်တို့နှင့်အမြဲပူလောင်နေကာ
“မောင့်ကိုချစ်သေးရဲ့လား”လို့အကြိမ်ကြိမ် အထပ်ထပ်မေးတတ်ခဲ့ပါသောမောင်….
ထိုထိုသောမောင်သည် အခုတော့ဘယ်ဆီကိုများရောက်လို့သွားလေပြီလဲကွယ်…
အမြဲတမ်းမောင့်မျက်နှာကိုအရိပ်တကြည့်ကြည့်ရှိနေတတ်သူမို့ ရင်ထဲကခံစားချက်အလိုက်အချိန်နဲ့အမျှတဖျတ်ဖျတ်ရွေ့လျားပြောင်းလဲနေတဲ့မောင့်မျက်ဝန်းတွေ… ကြည်လင်နွေးထွေးနေရာက ချက်ချင်းခါးသီးခံပြင်းသွားပုံရတဲ့မောင့်အပြုအမူတွေကိုကေရိပ်စားမိခဲ့ပါသည်။
ဒီနေ့ကရုံးပိတ်ရက်ဖြစ်တာကြောင့် မောင့်အိမ်မှာမုန့်လုပ်စားမည့်အကြောင်းမိဘတွေကိုအသိပေးခဲ့ပြီး
စီးတီးမတ်မှာစားစရာတွေဝင်ဝယ်ကာမောင့်တိုက်ခန်းရှိရာဆီကိုအပြေးလေးလှမ်းလာခဲ့မိသည်။ မောင်နှင့် ကေက တရားဝင်စေ့စပ်ကြောင်းလမ်း ခြင်းမျိုးမပြုရသေးပေမယ့် မောင့်ကိုအိမ်သို့အလည်ခေါ်ကာ မိဘများနှင့်တွေ့ဆုံပေးခဲ့ပြီးပြီမို့ မိဘတွေကကေတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကိုသိရှိစောင့်ကြည့်အကဲခတ်နေကြဆဲကာလဖြစ်ပါသည်။ ငယ်စဉ်ကတည်းကရိုးသားပွင့်လင်းသော၊ ယုံကြည်မှုကိုဘယ်သောအခါမှအလွဲသုံးစားမလုပ်တတ်သောကေ့ကို မိဘများကစိတ်ချထားသည်မို့ မောင်နှင့်သွားလာလည်ပတ်ခြင်းကိုစည်းနှင့်ကမ်း
နှင့်ခွင့်ပြုပေးထားခဲ့ခြင်းဖြစ်သည်။
နယ်မှနေ၍ရန်ကုန်မြို့တွင်အလုပ်လာလုပ်သောမောင်သည် အလုပ်မှပေးထားသော မြို့လယ်ခေါင်ရပ်ကွက်တစ်ခုရှိကန်ထရိုက်တိုက်တစ်တိုက်၏ငါးလွှာတိုက်ခန်းတွင်တစ်ယောက်တည်းနေသူဖြစ်ပါသည်။
မောင်နှင့်ပြီးခဲ့သည့်တစ်ပါတ်လုံးမတွေ့ရတာမို့ဒီရုံးပိတ်ရက်လေးမှာအတိုးချပြီးမောင်ကြိုက်တာတွေချက်ကျွေးမည်၊ မောင်နှင့်စကားတွေတစ်ဝကြီးပြောမည်၊ ရှေ့ရေးဆွေးနွေးကြမည်လို့တွေးပြီးရင်ခုန်ပျော်ရွှင်နေခဲ့မိသည်။
မောင့်ရင်ခွင်မှာ ကြည်ကြည်နူးနူးလေးခိုဝင်ရင်းအနာဂါတ်နှစ်ယောက်တစ်ဘဝအတွက်စိတ်ကူးယဥ်ထားတဲ့အစီအစဉ်တွေကိုအလေးအနက်တိုင်ပင်ရန်စကားစလိုက်ရုံရှိသေး မောင်ကရုတ်တရက်အပြင်သွားရန်ကြံနေသည်မို့ ကေ့ရင်ထဲမှာရှက်ရွံ့သိမ်ငယ်စိတ်တို့နှင့်အောက်မျက်ကာအခံရခက်လှပါသည်။
ကေကမောင့်အတွက်ဘာလဲ…
ကေ့အချစ်တွေ… ကေ့ရဲ့သံယောဇဉ်တွေ…
ကေ့ရဲ့မိန်းမသားမာနကိုမောင်နင်းလျှောက်ဖို့အတွက်ချခင်းပေးထားခဲ့တွေဟာ မောင့်ကိုကိုယ့်ကိုယ်ကိုယ်ထက်ပိုပြီးတန်ဖိုးထားမြတ်နိုးမိလို့ဆိုတာ မောင်မမြင်နိုင်ဘူးလားကွယ်…
မထင်မှတ်ပဲပေါ့ပေါ့ဆဆတွေးပြီးလုပ်လိုက်မိတဲ့ကေ့ရဲ့လုပ်ရပ်ကလေးတစ်ခုက မောင့်စိတ်၊
မောင့်မာနတွေကိုအသေသတ်လိုက်သလိုဖြစ်သွားခဲ့မိတာ ကေ့အပြစ်ဆိုရင် တစ်ကယ်ကိုမရည်ရွယ်ပါပဲမှားယွင်းခဲ့တဲ့အမှားတစ်ခုသက်သက်သာဆိုတာကိုမောင်ဘာလို့နားလည်လက်ခံမပေးနိုင်ရတာလဲ….
နှစ်ယောက်တစ်ဘဝလျှောက်လမ်းကြရမယ့်ဘဝခရီးလမ်းမှာကာယကံရှင်နှစ်ဦးသားအချင်းချင်းနားလည်ယုံကြည်မှုရှိကြရင်ပြီးပြည့်စုံနေပြီမဟုတ်ဘူးလား…
ပတ်ဝန်းကျင်ရဲ့ထိုးနှက်တိုက်ခိုက်မှုတွေကိုမောင်ဘာလို့များတရားလွန်ဂရုစိုက်နေရတာလဲကွယ်…
မောင်ဘယ်လောက်ပဲကေ့အပေါ်မှာစိမ်းကားအေးစက်ပါစေ… ကေကတော့ကေ့ရဲ့စစ်မှန်တဲ့ချစ်ခြင်းမေတ္တာကိုမောင်အသိအမှတ်ပြုလက်ခံလာအောင်စိတ်ရှည်သည်းခံပြီးကြိုးစားသွားဦးမှာမို့
မောင့်အနားမှာအမြဲရှိခွင့်လေးပေးဖို့ကိုသာ
ကေဆုတောင်းပါတယ်မောင်ရယ်…
အဲဒီနေ့က မောင့်အိမ်ခန်းလေးမှာ ကေတစ်ယောက် တည်း ချက်ပြုတ်လျှော်ဖွတ်သန့်ရှင်းရေးတွေအကုန်လုပ်ထားပေးခဲ့ပြီး ညနေမှောင်ရီပျိုးချိန်ရောက်မှအိမ်ခန်းတံခါးကိုအပြင်မှသော့ခတ်၍အိမ်ပြန်ခဲ့ချိန်အထိ မောင်ဆီကဖုန်းလေးတစ်ကောလ်တောင်မှဝင်မလာခဲ့သလို၊ လူလည်းပြန်မရောက်လာခဲ့ပါပေ။
************
ကေတို့ညီအစ်မတွေအပျိုပေါက်ဖြစ်လာကြပြီဆိုကတည်းက သားသမီးနှင့်မိဘဆိုပေမယ့် မေမေက သူငယ်ချင်းတွေလိုရင်းနှီးပွင့်လင်းစွာဖြင့်သိသင့်သိထိုက်တဲ့ဖိုမကိစ္စ၊ လိင်ပညာပေးတွေကိုနားလည်သ ဘောပေါက်အောင်အပြန်အလှန်ဆွေးနွေးသင်ကြားပေးခဲ့သလို ကတိသုံးခုကိုလည်းကြိုတင်တောင်းထားခဲ့ပါသည်။
“မေမေတို့ဖေဖေတို့က သမီးတို့ကိုအမှားအမှန်ဝေဖန်သုံးသပ်ပြီးစဥ်းစားတွေးခေါ်တတ်အောင်ပညာတွေသင်ပေးနေသလို အမြဲတမ်းလည်းအနီးကပ်ဆုံးမသွန်သင်ပေးနေတာသမီးတို့အသိဆုံးပါပဲ….
ငါတို့ကမိဘပဲဟဲ့ဆိုပြီး ဘယ်တုန်းကမှအထက်စီးကအမိန့်ပေးခိုင်းစေချုပ်ခြယ်တာမျိုးတွေမလုပ်ခဲ့ဖူးဘူး….
ခေတ်ကိုမျက်ခြေမပြတ်စေပဲ လူငယ်တွေကို
ပေးသင့်ပေးထိုက်တဲ့အခွင့်အရေးတွေပေးသလို တားမြစ်သင့်တဲ့အရာတွေဆိုလည်းနားဝင်အောင် အကျိုးအပြစ်တွေသေချာရှင်းပြပြီးဖြောင်းဖြပြောဆိုထိန်းကြောင်းပေးခဲ့တယ်…
အခု မေမေကသမီးတို့ဆီက ကတိသုံးခုတောင်းချင်တယ်… အကယ်၍များ သမီးတို့ကြီးပြင်းအရွယ် ရောက်လာလို့ဘဝအတွက်လက်တွဲဖော်ကိုရွေးချယ်တော့မယ်ဆိုရင်…
နံပါတ်(၁)အနေနဲ့… လူပျိုလူလွတ်ကိုသာရွေးချယ်ပါ…. တစ်ကယ်လို့များလူပျိုမဟုတ်ခဲ့ရင်တောင်မှ အိမ်ထောင်မရှိတဲ့လွတ်လပ်သူတော့ဖြစ်ကိုဖြစ်ရမယ်…
နံပါတ်(၂)က… အဲဒီအမျိုးသားဟာ မချမ်းသာရင်နေပါစေ… ရိုးသားဖြောင့်မတ်ပြီးကိုယ်ကျင့်တရားကောင်းမွန်သူဖြစ်ရမယ်…
နံပါတ်(၃)က… တရားဝင်လက်မထပ်ရခင်အချိန်အထိကိုယ့်ရဲ့အပျိုစင်ဘဝကိုတန်ဖိုးထားထိန်းသိမ်းစောင့်ရှောက်ရမယ်…
နံပါတ်(၄)က… ကိုးကွယ်ရာဘာသာတူသူကိုရွေးချယ်မယ်ဆိုရင်တော့ပိုကောင်းလိမ့်မယ်…
နံပါတ်(၅)နဲ့ နောက်ဆုံးအချက်က ကာလသားရောဂါလို၊ AIDS လို၊ အသည်းရောင်အသားဝါ Hepatitis B လိုကူးစက်ရောဂါမျိုးမရှိသူဖြစ်ရမယ်…
ဒီအချက်ငါးချက်ထဲမှာ နောက်ဆုံးနှစ်ချက်ကိုပါထည့်ပြီးစဉ်းစားရမှာဖြစ်ပေမယ့် အဓိကကျတဲ့ပထမအချက်သုံးချက်ကိုတော့ဦးစားပေးပြီးမဖြစ်မနေလိုက်နာပါ့မယ်လို့မေမေ့ကိုကတိပေးနိုင်ပါ့မလား”
မေမေ့စကားအဆုံးမှာ မမရေနဒီနှင့်ကေသရီတို့ညီအစ်မနှစ်ယောက်တစ်ယောက်မျက်နှာတစ်ယောက်ပြိုင်တူကြည့်လိုက်မိကြပါသည်။ အဲဒီလိုက်နာရမယ့်အချက်သုံးချက်က မေမေကတိမတောင်းလည်း ငယ်ငယ်ကတည်းကလိမ္မာယဉ်ကျေးအောင်ပဲ့ပြင်သင်ကြားခံခဲ့ရသူတွေပီပီ လောကနီတိကိုကောင်းစွာသဘောပေါက်ကြသူများဖြစ်၍လွယ်လင့်တကူလိုက်နာနိုင်ကြသည်မို့ စိတ်ပါလက်ပါပဲကတိပေးခဲ့ကြပါသည်။
************
ခပ်တည်တည်ခပ်အေးအေးသာနေတတ်တဲ့မောင့်ကို ကေစသိခဲ့ရတာက ကေတို့နှင့်တစ်ရုံးတည်းလုပ်ဖော်ကိုင်ဖက်ကိုအောင်ကျော်ကျော်ဆီကိုကိစ္စတစ်ခုနှင့်မောင်လာတွေ့ချိန်တုန်းကဖြစ်ပါသည်။
ကိုအောင်ကျော်ကျော်နှင့်မောင်ကတစ်နယ်တည်းသားကျောင်းနေဘက်ငယ်သူငယ်ချင်းတွေဖြစ်ကြသော်လည်း ဘဝပေးအခြေအနေချင်းတော့မတူကြပါ။ မောင့်ကိုမြင်မြင်ချင်းစိတ်ဝင်စားမိသည်မို့ ကေက ကိုအောင်ကျော်ကျော်ထံမှာ မောင့်အကြောင်းတွေကိုစပ်စပ်စုစုတီးခေါက်ကြည့်မိခဲ့ပါသည်။
“မိုးသည်းကလူတစ်မျိုး ကေသရီရဲ့…
အနေအေးတယ်… စိတ်ရင်းကောင်းပြီး လိုအပ်ရင်ကိုယ်ကျိုးစွန့်ပြီးတောင်ကူညီတတ်ပေမယ့် လူအများကြီးနဲ့ရောရောနှောနှောနေလေ့တော့မရှိဘူး… စိတ်မှတ်လည်းကြီးတယ်”
မောင့်တွင်ညီအစ်ကိုမောင်နှစ်မခြောက်ယောက်ရှိပြီးမောင့်မိဘများကလယ်ဧကအနည်းငယ်ပိုင်ဆိုင်ကာမိရိုးဖလာလယ်လုပ်ငန်းကိုသာလုပ်ကိုင်စားသောက်ကြသည်တဲ့။ မောင်ကစတုတ္ထမြောက်သားဖြစ်ပြီး သူ့အထက်ကအစ်ကိုသုံးယောက်ကအတန်းပညာပြီးဆုံးအောင်မသင်ပဲ အလယ်တန်းနှင့်ကျောင်းထွက်ကာ အိမ်ထောင်ကျသူကကျ၊ မိဘနှင့်အတူဒိုးတူဘောင်ဖက်လယ်အလုပ်လုပ်သူကလုပ်ကြကာ အငယ်သုံးယောက်ကိုသာကျောင်းဆက်တက်စေသည်တဲ့။
မောင်သည်ငယ်စဉ်ကတည်းကအနေအေးပြီးသီးသန့်ဆန်သူမို့ အစ်ကိုအကြီးတွေလို
မိဘများ၏ဦးစားပေးချစ်ခင်ခြင်းကိုမခံခဲ့ရသလို၊ ညီမငယ်နှစ်ယောက်လိုလည်းအလိုလိုက်ဂရုစိုက်မှုမရပဲ ခွဲခြားဆက်ဆံခံခဲ့ရသူဖြစ်၍ မေတ္တာငတ်သည့်စိတ်ဒါဏ်ရာရှိနေသူတစ်ဦးလည်းဖြစ်သည်။
သည့်အပြင်မောင်ဟာမာနကြီးပြီးစိတ်ခံစားချက်တွေကိုသိုဝှက်မြိုသိပ်နိုင်လွန်းသူလည်းဖြစ်သေးသည်။ သူ့ရင်ထဲမှာတစ်စုံတစ်ခုကိုကြိတ်မှိတ်ခံစားလောင်မြိုက်နေလေ၊ သူ့ပြင်ပအသွင်သဏ္ဌန်ကပိုလို့အေးစက်တည်ငြိမ်လာလေဖြစ်သည်။
မိဘနှစ်ပါးနှင့်အစ်မဖြစ်သူတို့၏အရိပ်တစ်ကြည့်ကြည့်အရေးပေးချစ်ခင်ခြင်းခံရကာ လိုတရဘဝနဲ့နေလာခဲ့ရတဲ့ကေကတော့ အရာရာတိုင်းကိုအကောင်းမြင်စိတ်ရှိကာ ဘဝကိုပေါ့ပေါ့ပါးပါးသာဖြတ်သန်းနေထိုင်ပါသော်လည်း မောင်ကမူ သူမနှင့်ဆန့်ကျင်စွာ ဘယ်ကိစ္စမဆိုအလေးအနက်ထားပြီးခံစားတတ်သူ၊ သတိကြီးကြီးထားသူဖြစ်လေသည်။
မိဘတွေရဲ့အခက်အခဲအကြပ်အတည်းကိုနားလည်သဘောပေါက်ပြီး သူ့အတွက်ဝန်မပိစေလိုခဲ့တာကြောင့် မောင်ကဆယ်တန်းအောင်ချိန်မှာကျောင်းဆက်မတက်တော့ပဲ ရန်ကုန်မြို့သို့တက်လာကာအဆောင်ငှားနေရင်းရရာအလုပ်ဝင်လုပ်ခဲ့ပါသည်။ အလုပ်အားရက်တွေမှာရွာကဦးဇင်းကြီးသီတင်းသုံးသည့်ဘုန်းကြီးကျောင်းသို့သွားရောက်၍ကျောင်းဝေယျာဝိစ္စတွေကိုကုသိုလ်ဖြစ်ကူညီလုပ်ကိုင်ပေးခဲ့ပါသည်။
များမကြာခင်မှာပဲ မောင့်ရဲ့ရိုးသားကြိုးစားမှု၊ အကင်းပါးမှု၊ ဇွဲလုံ့လဝီရိယရှိမှု၊ သွက်လက်မှုတို့ကို ဘုန်းကြီးကျောင်းတွင်အမြဲဝင်ထွက်နေသောကျောင်းဒကာကုမ္ပဏီသူဌေးကြီးကသတိပြုမိ၍သဘောကျကာ သူ့လူယုံအဖြစ်အနားမှာထားရန် ကုမ္ပဏီမှာအလုပ်သွင်းပေးခဲ့သလို၊ အလုပ်နှင့်နီးသောရပ်ကွက်ရှိတိုက်ခန်းသို့ပြောင်းရွှေ့နေထိုင်စေခဲ့ပါသည်။
မောင်နှင့်ကေတို့နှစ်ဦးသားချစ်သူတွေဖြစ်ခဲ့ကြခြင်းသည်တောင်မှ တုတ်တုတ်မျှမလှုပ်ပဲနေရာမှာတင်ရပ်ငေးနေခဲ့တဲ့မောင့်ထံပါးကို ကေကခြေလှမ်းတွေတစ်လှမ်းပြီးတစ်လှမ်းတိုးဝင်ခဲ့၍သာပေ။
သို့ပေမယ့် တစ်ကယ်တမ်းချစ်သူတွေဖြစ်ကြပြီဆိုတော့ ကေ့အပေါ်မှာထားတဲ့မောင့်ရဲ့အရူးအမူးတွယ်တာခြင်းတွေကအံ့ဩရလောက်အောင်ပါပင်။
“မောင့်ဘဝမှာလေ ကေ့လို့မောင့်ကိုအသေးစိတ်ကအစဂရုတစိုက်နဲ့ချစ်ပေးတဲ့သူတစ်ယောက်မှကိုမရှိခဲ့ဖူးဘူး… မောင်လေ ကေ့ကိုစတွေ့ကတည်းက ရင်ထဲမှာနင့်နေအောင်ကိုချစ်နေခဲ့ရတာ…”
ကေကမောင့်ကိုချစ်စနိုးနဲ့မျက်စောင်းထိုးလိုက်ရင်းရန်တွေ့မိပါသည်။
“အောင်မယ်… အောင်မယ်… အခုမှအပိုတွေလာချွဲမနေပါနဲ့နော်… အဲဒီတုန်းက ရှင်ကခပ်ချေချေနဲ့
ကိုအောင်ကျော်ကျော်ကမိတ်ဆက်ပေးတာတောင်မကောင်းတတ်လို့တစ်ချက်ပဲလှည့်ကြည့်ပြီးမပြုံးချင်ပြုံးချင်နဲ့ပြုံးပြခဲ့တာကိုများ… ဟင်း..”
မောင့်မျက်နှာတစ်ချက်ညှိုးသွားပြီး သက်ပြင်းမျှင်းမျှင်းချကာ ကေ့ပုခုံးစွန်းမှာမျက်နှာအပ်လိုက်ရင်းက…
“မောင့်ကိုအပေါ်ယံကြည့်ရင်တော့ လူတိုင်းက
ကေ့လိုပဲသတ်မှတ်ကြတာပါပဲ…
မောင်ကသိပ်ချစ်တတ်၊ သိပ်တွယ်တာတတ်တယ်… မောင်ကချစ်ခင်သလောက်မောင့်အပေါ်မှာတူညီတဲ့တုံ့ပြန်မှုတွေပြန်မရတဲ့အခါ… လျစ်လျှူရှုခံရတာတွေမရေမတွက်နိုင်အောင်များလာတဲ့အခါ
မောင့်စိတ်တွေက ကျွက်ကျွက်ဆူအောင်ပူနေတဲ့လက်ဖက်ရည်တစ်ခွက်လိုပဲ အတွင်းမှာပူကျက်နေတာကိုမျက်စိနဲ့မမြင်နိုင်အောင်အထိအပေါ်ယံလွှာကတင်းသွားခဲ့တော့တာမျိုး…
မောင့်ရင်ထဲမှာခံစားရသမျှ ဘယ်သူ့ကိုမှဖွင့်မပြောဖြစ်ခဲ့သလို၊ မောင့်ရဲ့အငုံ့စိတ်နဲ့အားနည်းချက်တွေကိုလည်းမရိပ်မိစေချင်ခဲ့တာကြောင့် ထင်ချင်သလိုထင်ကြပါစေဆိုတဲ့စိတ်နဲ့ပဲရှင်သန်နေခဲ့မိတယ်…
ကေရယ်… ကေ့ကိုစတွေ့တဲ့အချိန်မှာ ကေနဲ့မောင်တို့ရဲ့ဘဝတွေကအဝေးကြီးဆိုတာကိုရိပ်စားမိခဲ့လို့ ဘာကိုမှမမျှော်လင့်မိအောင်ကိုယ့်ကိုယ်ကိုယ်ဆုံးမပြီးကြိုးစားအောင့်အည်းနေခဲ့ရတာ ကေမှမသိနိုင်ပဲကွာ…
နောက်ပြီးတော့ ဘဝမှာမောင်အကြောက်ဆုံးကဘာလဲဆိုတာကေသိသလားဟင်…”
ကေက မောင့်ရဲ့အုံထူထူနှင့်လှိုင်းတွန့်ဆံပင်ကြမ်းကြမ်းတွေကိုလက်နဲ့သပ်ပေးနေရင်းက မောင့်အမေးကိုမသိကြောင်းအသာအယာခေါင်းယမ်းပြမိပါသည်။
“နှလုံးသားတစ်ခုလုံး၊ ဘဝတစ်ခုလုံးနဲ့ရင်းချစ်ခဲ့ပြီးကာမှ ကိုယ်အသက်နဲ့ထပ်တူချစ်ရတဲ့သူက ကိုယ့်ကိုချန်ထားရစ်ခဲ့မှာကိုပဲ…
ဘဝမှာလိုချင်တာမှန်သမျှတစ်ခါမှအပိုင်မရခဲ့ဖူးတဲ့ယောကျာ်းတစ်ယောက်ဟာ အချစ်ဆုံးသူရဲ့စွန့်လွှတ်မှုကိုသာထပ်ပြီးခံလိုက်ရရင် မောင်ရူးရင်ရူး၊ မရူးရင် မောင့်ဘဝသေသွားတာနဲ့ခြားတော့မှာမဟုတ်ဘူး…
မောင်ဘာကြောင့်ရှေ့ဆက်မတိုးရဲခဲ့သလဲဆိုတဲ့အကြောင်းရင်းကအဲဒါပဲကေ…”
ကလေးဘဝကတည်းကဘယ်လောက်တောင်မှအထီးကျန်အားငယ်စိတ်တွေ၊ အလိုမပြည့်မှုတွေနှင့်ကြီးပြင်းလာခဲ့ရရှာလေသလဲမောင်ရယ်…
ကေ မောင့်ကိုသနားကြင်နာလွန်းစွာနဲ့တင်းတင်းကြပ်ကြပ်ပွေ့ဖက်ထားမိပါသည်။
အချစ်မခံရပဲကြီးပြင်းလာခဲ့ရသူမို့ သူတစ်ပါးကိုလည်းချစ်ကြောင်းမပြတတ်တဲ့သူတစ်ယောက်….
အေးစက်မာကြောတယ်လို့အများကသတ်မှတ်ထားကြတဲ့သူတစ်ယောက်…
ရင်ထဲကဝမ်းနည်းသိမ်ငယ်မှုတွေကိုဘယ်သူတစ်ဦးတစ်ယောက်ကိုမှချမပြတတ်တဲ့သူတစ်ယောက်ရဲ့နှုတ်ကအခုလိုရှားရှားပါးပါးပွင့်အန်ထွက်ကျလာတဲ့စကားလုံးတွေဟာ ကိုယ့်ကိုသူဘယ်လောက်ယုံကြည်မြတ်နိုးကြောင်းကိုတဖွဖွဖွဲ့နွဲ့ပြောမနေတတ်ပေမယ့်၊ ပွင့်ပွင့်လင်းလင်းချပြလေ့မရှိပေမယ့် ကေတိုးယိုပေါက်သိမြင်နားလည်ခဲ့ရပါပြီ။
“စိတ်ချပါမောင်ရယ်…
ကေလေမောင့်ကိုအရာအားလုံးထက်ပိုချစ်တယ်… မောင့်ကိုကေကစပြီးဘယ်တော့မှခွဲမသွားဘူးဆိုတာကတိပေးတယ်နော်မောင်”
ကေ့ကတိစကားကြောင့် မောင်စိတ်သက်သာရာရသွားပုံဖြင့် ကေ့နဖူးလေးကိုဖွဖွနမ်းပြီး ကေ့မျက်နှာကိုအကြာကြီးတစ်စိမ့်စိမ့်စိုက်ကြည့်လို့နေခဲ့ပါသည်။ မောင်သည်ကေ့အပေါ်မှာချစ်သူတစ်ယောက်လိုသာမက အစ်မတစ်ယောက်လို ညီမလေးတစ်ယောက်လိုပါချစ်ခင်ညှာတာတတ်သူမို့ နဖူးလေးပါးလေးကိုမွှေးမွှေးပေးတာ၊ တစ်ခါတစ်လေသူ့ရင်ခွင်ထဲပွေ့ဖက်ထားတာမျိုးကလွဲရင် အခွင့်အရေးပိုမယူတတ်သူဖြစ်လို့ မောင့်ရဲ့စောင့်ထိန်းနိုင်မှုကိုလေးစားရပါသည်။
မောင်ဟာ သူ့တိုက်ခန်းကို ကေ့ကိုအလည်မခေါ်တတ်သလို၊ ကေလာလည်ချင်တယ်လို့အာပေါက်အောင်ပူဆာမှ ဆယ်ခါတစ်ခါဆိုသလိုခွင့်ပြုတတ်ပြီး၊ ကေရှိနေရင် သံပန်းတံခါးကိုသာချက်ထိုးထားပြီး အတွင်းတံခါးမကြီးကိုတော့အပြင်ကလှမ်း
ကြည့်လျှင်အတွင်းကိုအတိုင်းသားမြင်သာအောင်ဖွင့်ထားလေ့ရှိသူပါ။
**********
ကေတို့ဆွေမျိုးအသိုင်းအဝိုင်းကပညာတတ်ပြီးမျိုးရိုးစဥ်ဆက်ချမ်းသာကြသူများမို့ မာန်လေးတွေရှိကြပါသည်။ ကေ့မိဘများကတော့အားလုံးထဲမှာတစ်မူထူးခြားစွာပဲ လူတိုင်းကိုဆင်းရဲချမ်းသာမရွေးအဆင့်အတန်းမခွဲခြားပဲတန်းတူရည်တူပေါင်းသင်းဆက်ဆံတတ်ကာ လူတစ်ယောက်၏စိတ်ရင်းနှင့်ကိုယ်ကျင့်တရားကိုသာအလေးထားကြသူများဖြစ်ကြပါသည်။
ကေတို့အမျိုးထဲမှာ သက်တူရွယ်တူဝမ်းကွဲမောင်နှစ်မတွေများသည်မို့ ကေနှင့်မောင့်ရဲ့သတင်းကိုတစ်ခဏအတွင်းမှာပဲသိရှိသွားကြကာ ကြီးဒေါ်တွေ၊ ဦးကြီးဦးလေးတွေနှင့် မောင်နှစ်မတစ်စုအိမ်သို့ပေါက်ချလာကြပါတော့သည်။
“မြင့်မြင့်ရယ်… ညည်းနှယ် သမီးမိန်းကလေးတွေမွေးထားပြီး တန်းတူရည်တူထဲကအိမ်ထောင်ဖက်ကောင်းကောင်းကန်းကန်းလေးရှာမပေးပဲ ဘယ်လိုဖြစ်လို့ အခုခေတ်ကြီးမှာဘွဲ့လေးတစ်ဘွဲ့တောင်မရတဲ့တောသား၊ ဒရိုင်ဘာသာသာကောင်လေးနဲ့သဘောတူရတယ်လို့ဟယ်… အံ့ပါရဲ့..”
“ဟုတ်ပါရဲ့မမမြင့်ရယ်… မမခင်ပြောလည်းပြောစရာပဲဗျ… ဘယ်လိုစိတ်ကူးနဲ့များ အဆင့်အတန်းမတူတဲ့သူကို ကိုယ့်သမီးနုနုထွတ်ထွတ်လေးနဲ့သဘောတူကြည်ဖြူရတာလဲဗျာ”
မေမေကသူ့ယောင်းမတွေ၊ အစ်ကိုမောင်တွေအပြစ်တင်သမျှကိုပြုံး၍သာနားထောင်နေပြီးလေပြေလေးနှင့်ခွန်းတုံ့ပြန်ပါသည်။
“မြင့်တို့က ကိုယ်မွေးထားတဲ့သမီးတွေရဲ့ဆင်ခြင်ဉာဏ်ကိုယုံကြည်စိတ်ချထားတယ်…
သူတို့ဘဝအတွက်လက်တွဲဖော်ကိုလည်းသူတို့စိတ်ကြိုက်ရွေးချယ်ဖို့ခွင့်ပြုထားတယ်…
ပိုက်ဆံဆိုတာမြင့်တို့အတွက်ထပ်မလိုတော့ပါဘူး… ကေတို့၊ နဒီတို့ညီအစ်မတွေလုပ်ငန်းခွင်ဝင်နေကြတယ်ဆိုတာကလည်းငွေအတွက်ကြောင့်မဟုတ်ပဲသူတို့ဘဝမှာ ပညာတိုးအောင်၊ အတွေ့အကြုံရအောင်၊ အပေါင်းအသင်းဆံ့အောင်၊ လူမှုဆက်ဆံရေးကြေညက်အောင်၊ ကြုံလာမယ့်အခက်အခဲပြဿနာတွေကိုကိုယ်တိုင်ဖြေရှင်းတတ်အောင်သင်ယူဖို့အတွက်လုပ်ခိုင်းထားတာပါ…
အဲဒီအရည်အချင်းတွေကငွေနဲ့ဝယ်လို့မရသလို၊
ငွေနဲ့တန်ဖိုးဖြတ်လို့လည်းမရဘူးလေ..”
ဒီစကားတွေပြောနေချိန်မှာ မေမေ့မျက်နှာသည်သမီးတွေအပေါ်မှာထားတဲ့ခိုင်မာတဲ့ယုံကြည်မှုကြောင့်ကျေနပ်ပီတိလွှမ်းလို့နေခဲ့ပါသည်။
“အန်တီမြင့်ရယ်… အဲဒီကောင်ကရုပ်ကလေးသနားကမားနဲ့မျက်ရည်ချူပြီး ကေချမ်းသာမှန်းသိလို့ဝင်လုံးတာရောမဖြစ်နိုင်ဘူးလား…
ဒီခေတ်မှာအဲလိုကောင်တွေပေါမှပေါပဲ…
ကေက မီတို့လိုလည်လည် ဝယ်ဝယ်မရှိလို့ မီကစိုးရိမ်လို့ဝင်ပြောတာပါ…
မီပြောတာတွေမယုံဘူးဆိုရင် ကေ့သူငယ်ချင်းစုလဲ့ကိုမေးကြည့်ပါလား”
လူတစ်ယောက်အကြောင်းကိုသေသေချာချာဂဃဏနမသိပါပဲလျှက် ထင်ရာမြင်ရာတွေစွပ်စွဲပြောဆိုနေတဲ့ညီမဝမ်းကွဲမီမီကို ကေဒေါသထွက်သွားမိသည်။ မီမီသည်လူလူချင်းအဆင့်အတန်းအလွန်ခွဲခြားတတ်သူဖြစ်ပြီး သူဌေးသားလူပေါ်ကြော့တွေနှင့်ထည်လည်တွဲကာ သူ့စိတ်ကြိုက်ခေါင်းခေါက်ရွေးချယ်နေသူဖြစ်သည်။
ကေ့အချစ်ဆုံးငယ်သူငယ်ချင်းစုလဲ့သည်လည်းအလွန်မာနကြီးသူတစ်ယောက်ဖြစ်ကာ ကေနှင့်မောင်ချစ်သူတွေဖြစ်နေကြပြီလို့အသိပေးမိကတည်းက ကေ့ကိုစိတ်ဆိုးနေပြီး မောင်နှင့်သူ့ကိုဘယ်သောအခါမှမိတ်ဆက်မပေးနှင့်၊ မျက်နှာချင်းဆိုင်တောင်မှမဆုံမိစေနှင့်လို့
ကေ့ကိုရာဇသံပေးထားသူဖြစ်သည်။
ကေ့အတွက်အချစ်ဆုံးသူငယ်ချင်းရော၊ ချစ်ရသူရော နှစ်ဦးစလုံးဟာဘဝမှာတစ်နည်းတစ်ဖုံစီအရေးပါကြသူတွေချည်းမို့ သူတို့နှစ်ဦးကြားမှာပြေလည်သောဆက်ဆံရေးမျိုးရှိစေချင်မိသည်။
သို့သော် အမှတ်သည်းခြေကြီးသောမောင့်ကိုစိတ်ကသိကအောက်မဖြစ်စေချင်မိတာကြောင့် မောင့်အပေါ်သူငယ်ချင်းစုလဲ့၏အမြင်မကြည်မှုတို့ကို မောင့်အားအသိပေးမထားခဲ့ပါ။
“သမီးမီရယ်… အန်တီမြင့်ကိုယ်တိုင်ကောင်လေးနဲ့စကားပြောကြည့်ပြီးပါပြီ… ရည်ရည်မွန်မွန်ရိုးရိုးသားသားလေးပါ… အနေအေးပုံပေါ်ပေမယ့်အကင်းပါးပြီးထက်မြက်တဲ့ကလေးပါ…
သူ့ခမြာဘဝပေးအခြေအနေကြောင့်သာ အရည်အချင်းရှိသလောက်မတောက်ပနိုင်သေးတာ… သူ့ဘဝကိုမြှင့်တင်ဆွဲခေါ်ပေးနိုင်မယ့်ကျောထောက်နောက်ခံသာရှိမယ်ဆိုရင်အချိန်ခဏလေးနဲ့ထွန်းပေါက်လိမ့်မယ်လို့အန်တီမြင့်အသေအချာပြောနိုင်ပါတယ်…
ကေ့ရွေးချယ်မှုမမှားဘူးဆိုတာ အန်တီမြင့်ယုံတယ်”
အများနှင့်တစ်ယောက် မောင့်ဘက်ကနေကာကွယ်ပြီးချေပပြောဆိုပေးနေတဲ့မေမေ့ကို ကေ့မှာအားနာသနားရပါသည်။ သူတို့ပြောသမျှ၊ တားသမျှအရာထင်မည့်ပုံမပေါ်တော့ ဆွေမျိုးတွေက “အင်းလေ… ပြောမရရင်လည်းကိုယ့်ထိုက်နဲ့ကိုယ့်ကံပဲ….”ဟုဆိုကာ မကျေမချမ်းနှင့်ပြန်သွားကြပါတော့သည်။
“#မဆုံဆည်းခဲ့လေသော”(၂)
သိပ်မကြာခင်မှာပဲ ကေတို့နှင့်အတူနေသော
ဖေဖေရဲ့အမေ နာတာရှည်ရောဂါသည်ဖွားဖွားကြီးကွယ်လွန်သွားခဲ့ပါတော့သည်။ နှစ်ရှည်လများအနီးကပ်ကရိကထခံပြီးလိုလေသေးမရှိပြုစုပေးလိုက်နိုင်ပါသော်လည်း ကေအလွန်ချစ်သောဖွားဖွားကြီးမို့ဖြေမဆည်နိုင်ခဲ့ပါ။ ဖွားဖွားကြီး၏ ဈာပနမှာဆွေမျိုးတွေအားလုံးစုံနေခဲ့ပါသည်။ မောင်ကလည်း ကေ့အနားမှာအားပေးနှစ်သိမ့်ဖို့၊ လိုအပ်တာတွေကူညီလုပ်ကိုင်ပေးဖို့ အသုဘချသည့်နေ့မှာ ကေ့ရုံးကလုပ်ဖော်ကိုင်ဖက်ကိုအောင်ကျော်ကျော်တို့အုပ်စုနှင့်အတူလိုက်ပါလာခဲ့လေသည်။
အသုဘလာသမျှဧည့်သည်အပေါင်းကိုမိသားစုနှင့်အတူဧည့်ခံနေရသည်မို့ ဆွေမျိုးတစ်ချို့က
ကေ့ကွယ်ရာမှာ မောင့်ကိုမတူသလိုမတန်သလိုတမင်တကာပညာပေး၍ချိုးချိုးနှိမ်နှိမ်ဆက်ဆံနေခဲ့ကြသည်ကို ကေမသိလိုက်ရပါ။
ကေသတိရလို့လှမ်းကြည့်မိချိန်မှာတော့
မောင်သည်မလှမ်းမကမ်းမှာမျက်စိမျက်နှာပျက်ယွင်းစွာဖြင့်နှုတ်ခမ်းကိုတင်းတင်းစေ့ကာတောင့်တောင့်ကြီးထိုင်နေသည်မို့ မောင့်ဆီသွားဖို့ကေမတ်တပ်ထရပ်လိုက်ချိန်မှာ ဘေးမှာထိုင်နေတဲ့စုလဲ့က ကေ့လက်ကိုလှမ်းဆွဲပြီးမျက်မှောင်ကြုပ်ပြကာပြန်ထိုင်စေပါသည်။
ခဏအကြာမှာ ကိုအောင်ကျော်ကျော်က မောင့်ပုခုံးကိုဖက်ပြီး ခြံအတွင်းမှာရော၊ ခြံအပြင်လမ်းမပေါ်မှာပါအပြည့်ရပ်ထားတဲ့ဧည့်သည်ကားတွေကို စနစ်တကျကူရှင်းပေးဖို့ခေါ်ထုတ်သွားတာကိုတွေ့လိုက်ရပါသည်။
ဆယ်ငါးမိနစ်ခန့်အကြာမှာတော့ မောင်သည် ကေတို့ထိုင်နေသောဝိုင်းဆီသို့ပြန်ရောက်လာပြီး စုလဲ့ကိုလှမ်းကြည့်ကာ…
“ဒီကအစ်မကမစုလဲ့နော်… အပြင်ကဧည့်သည်အစ်ကိုတွေကပြန်တော့မှာမို့သူတို့ကားရှေ့မှာပိတ်ရပ်ထားတဲ့အစ်မကားကိုလာဖယ်ပေးဖို့သွားပြောပေးပါဆိုလို့ပါဗျ..”
စုလဲ့သည် မောင့်ကိုမျက်နှာထိမျက်နှာထားနှင့်မျက်လုံးချင်းဆိုင်ကြည့်ကာလေသံမာမာဖြင့်…
“သူတို့ထွက်ချင်တဲ့အချိန်ထွက်လို့ရအောင် ကျွန်မကားကိုအတတ်နိုင်ဆုံးဘေးကပ်ရပ်ထားပေးခဲ့တာပဲဟာ… ရအောင်ထွက်ပေါ့… အခုလာဖယ်မပေးနိုင်သေးဘူးလို့ပြန်ပြောလိုက်ပါ”
စုလဲ့သည်ကားမောင်းတာကြာပြီဖြစ်ပေမယ့်
ကားပါကင်ထိုးရာတွင်တော့မကျွမ်းကျင်သူဖြစ်ကြောင်းကေသိတာမို့ သူတမင်မောင့်ကိုရစ်နေတာမှန်းရိပ်စားမိလိုက်သည်။ စုလဲ့ရဲ့မချေမငံအမူအယာကြောင့် နဂိုကတည်းကအဆင်ပြေမနေတဲ့စိတ်ကိုမနည်းထိန်းထားခဲ့ပုံရသောမောင်ကလည်း လေသံကိုမြှင့်လိုက်ကာ…
“ထွက်ရအောင်လို့ ခင်ဗျားကားက သူတို့ကားရှေ့
တည့်တည့်မှာပိတ်ပြီးကိုးလိုးကန့်လန့်ကြီးရပ်ထားခဲ့တာမို့ဘယ်လိုမှမလွတ်လို့လာပြောရတာပေါ့ဗျ”
သူ့ကိုအပြစ်တင်သလိုမောင့်လေသံကြောင့် စုလဲ့တစ်ယောက် မခံချိမခံသာဖြစ်သွားရကာ ဗြုန်းဆိုမတ်တပ်ထရပ်လိုက်ပြီး မောင့်ကိုလက်ညှိုးတစ်ငေါက်ငေါက်နှင့်မီးကုန်ယမ်းကုန် အော်ဟစ် သောင်းကျန်းပါတော့သည်။
“အောင်မာ… ပညာမတတ်တဲ့တောသားဆင်းရဲသားကများ ငါလိုမိန်းမကိုသဟောက်သဟဲနဲ့… လူပါးဝလို့… နင်လိုကောင်မျိုးကို ကေသရီကအနားကပ်ခံနေလို့ဟုတ်လှပြီလို့ကိုယ့်ကိုယ်ကိုယ်ထင်မနေနဲ့…
ငါသာဆိုနင့်ဘက်ကိုတံတွေးတောင်လှည့်မထွေးဘူးဟဲ့သိလားအောက်တန်းစားကောင်ရဲ့…
ခွေးကလေးအရောဝင်၊ ပါးလျက်နားလျက်ဆိုတဲ့အတိုင်းပဲ နည်းနည်းလေးအရေးပေးခံရတာနဲ့ စိန်နားကပ်ရောင်နဲ့ပါးပြောင်ချင်နေတဲ့ပိုင်းလုံးကောင်… ထွီ..”
ဟိန်းထွက်လာတဲ့စုလဲ့ရဲ့ပက်ပက်စက်စက်အပြောတွေကြောင့် ကိုယ့်အဖွဲ့နှင့်ကိုယ်အသီးသီးစကားထိုင်ပြောနေကြတဲ့ဧည့်သည့်တွေအားလုံးရဲ့စူးစမ်းတဲ့အကြည့်တို့ကမောင့်ထံသို့စုပြုံကျရောက်လာခဲ့ပါတော့သည်။
ကေ့ရဲ့ဆွေမျိုးတွေရှေ့မှာ…
လုပ်ဖော်ကိုင်ဖက်တွေရှေ့မှာ….
မောင်နှင့်ရင်းနှီးသူတွေရှေ့မှာ မျှော်လင့်မထားပဲ မောက်မာရင့်သီးရိုင်းစိုင်းစွာအရှက်ခွဲခံလိုက်ရချိန်မှာ မောင့်မျက်နှာဟာသွေးဆုတ်ဖြူလျော်သွားခဲ့သလို နဂိုကတည်းကစကားမကြွယ်သူမို့ “ခင်ဗျားဗျာ… ခင်ဗျား….”လို့သာအထစ်ထစ်အငေါ့ငေါ့ရေရွတ်နေရင်း နှုတ်ခမ်းတွေတဆတ်ဆတ်လှုပ်ကာတစ်ကိုယ်လုံးတုန်ရီနေခဲ့ရှာသည်။
ကေသည် အဲသည်အချိန်မှာ မောင့်ရှေ့ကနေမားမားရပ်ပြီးကာကွယ်ပြောဆိုဟန့်တားပေးရမယ့်အစား ဘာလုပ်ရမှန်းမသိကြောင်အနေခဲ့ပြီး စုလဲ့ရဲ့လက်ကိုဆွဲကိုင်ကာ ပြန်ထိုင်ဖို့၊ ဆက်မပြောတော့ဖို့ လေပြေလေးနှင့်ချော့မော့ဖြောင်းဖျနေခဲ့တာကို မောင်ကတစ်ခဏစူးစူးစိုက်စိုက်ကြည့်နေပြီးမှ ချာကနဲလှည့်ထွက်သွားခဲ့ပါတော့သည်။
အဖြစ်အပျက်တွေကမြန်ဆန်လွန်းတာမို့ ကေလည်း မောင့်ကိုနောက်မှချော့မော့တောင်းပန်တော့မည်ဟုခပ်ပေါ့ပေါ့ပဲတွေးလိုက်မိပြီး စုလဲ့ကိုသာစိတ်လျှော့ကာအိမ်ပြန်ဖို့တိုက်တွန်းနေခဲ့ပါသည်။
ကေအလွယ်တွေးပြီးချလိုက်မိတဲ့ဆုံးဖြတ်ချက်နဲ့အပြုအမူတွေဟာ မောင့်အပေါ်မှာသိပ်ကိုမတရားရာကျသွားမှန်းတွေးမိချိန်မှာတော့အကြီးအကျယ်မှားယွင်းသွားခဲ့ပြီဆိုတာသိလိုက်ရပါသည်။ ဘယ်လိုမှဖုန်းခေါ်မရလို့ နောက်တစ်နေ့မောင့်အိမ်ခန်းကိုလိုက်သွားချိန်မှာတော့အပြင်ကနေသော့ခတ်ထားတဲ့ မောင့်အိမ်ခန်းလေးကသာ
ကေ့ကိုစောင့်ကြိုလို့နေခဲ့ပါတော့သည်။
အမှန်တစ်ကယ်တော့ မောင်သည် ဘယ်ကိုမှထွက်ခွာသွားတာမဟုတ်ပဲ အလုပ်မှရှောင်တခင်ခွင့်ဆယ်ရက်ယူကာ သူ့အိမ်ခန်းထဲမှာပဲ နေ့ရောညပါအရက်တွေမသောက်စဖူးသောက်ပြီးနာကျည်းစွာပေါက်ကွဲပြိုလဲနေခဲ့ခြင်းဖြစ်သည်ဆိုတာကိုနောက်မှပြန်သိခဲ့ရပါသည်။
ဘယ်လိုပဲစိတ်တွေအဆင်မပြေနေပါစေ အလုပ်နှင့်ကိုယ်ရေးကိုယ်တာကိုခွဲခြားတတ်သော၊ တာဝန်သိတတ်သောမောင်သည် ခွင့်ရက်ကုန်ချိန်မှာတော့ ပုံမှန်အတိုင်းအလုပ်ပြန်ဝင်ခဲ့ပြီး အဲဒီအချိန်ကစလို့ ကေ့အတွက်ဆိုအမြဲတမ်းကြင်နာနွေးထွေးမှုတွေအပြည့်နှင့်မောင့်ရဲ့မျက်ဝန်းတစ်စုံဟာ နာကြင်ကြေကွဲရိပ်တွေစွန်းထင်းနေတဲ့မျက်ဝန်းတွေအဖြစ်ပြောင်း လဲစိမ်းသက်လို့သွားခဲ့ပါတော့သည်။
************
ကန်ရေပြင်ကိုဖြတ်သန်းတိုက်ခတ်လာတဲ့လေနုအေး ကြောင့်မောင့်ဆံပင်တွေလှုပ်ခတ်သွားတာကိုကေငေးမောကြည့်နေမိပါသည်။ ခန့်ညားတည်ကြည်တဲ့မောင့်မျက်နှာလေးကချောင်ကျနေပြီး အမြဲရှင်းသန့်စွာရိတ်သင်ထားတတ်တဲ့မုတ်ဆိတ်ကျင်စွယ်တို့က အခုတော့ထိုးထိုးထောင်ထောင်နှင့်မသေမသပ်ဖြစ်လို့နေသည်။
ဒီနေရာလေးဟာ မောင်နှင့်ကေချစ်သူဖြစ်ကာစက ပထမဦးဆုံးချိန်းဆိုတွေ့ဆုံခဲ့ကြတဲ့နေရာလေးမို့ အမှတ်တရများစွာနှင့်ပြည့်နှက်နေကာကြည်နူးပြုံးပျော်နေကြရမယ့်အစား အတူပူးကပ်ထိုင်နေပေမယ့် ကေတို့နှစ်ယောက်ကြားမှာမိုင်ပေါင်းများစွာကွာခြားသွားသလိုခံစားနေရပါသည်။ ပထမဦးဆုံးအတူရှိခဲ့ကြတဲ့နေရာလေးမှာပဲ နောက်ဆုံးအနေနဲ့လမ်းခွဲကြရလိမ့်မယ်ဆိုတာသာကေကြိုသိခဲ့ရရင် ဒီနေရာကိုကေရွေးချယ်ခဲ့မိမှာမဟုတ်ပါဘူးမောင်ရယ်။
တိတ်ဆိတ်ငြိမ်သက်နေတဲ့အခြေအနေကိုအနေရခက်လာပုံနှင့်မောင်ကစတင်ပြီး…
“ပြောစရာရှိတယ်ဆို… ကေဘာပြောမလို့လဲ”
ဟုတ်တယ်… ဒီလိုနှင့်တစ်ဖြည်းဖြည်းသွေးအေးပြီးနှစ်ယောက်သားဝေးကွာသွားကြရမှာမျိုးကိုကေဘယ်လိုမှမခံစားနိုင်လို့ ကေကပဲစပြီးဇွတ်မှိတ်ပြောလိုက်ပါတော့မယ်။
အရင်ဆုံး ကေအသက်ဝဝတစ်ချက်ရှုသွင်းလိုက်ပြီးမှ ကေ့ကိုမကြည့်ပဲခပ်လွှဲလွှဲလုပ်ထားတဲ့မောင့်မျက်နှာကို ကိုယ့်ဘက်ဆွဲလှည့်လိုက်ပြီး မျက်လုံးချင်းဆုံအောင်တည့်တည့်စိုက်ကြည့်ကာအနူးညံ့ဆုံးပြုံးလျှက်…
“ကေတို့.. ကေတို့…လူကြီးတွေကိုအသိပေးပြီးအမြန်ဆုံးလက်ထပ်ကြစို့နော်မောင်…”
ကေ့ရဲ့စကားကြောင့် မောင့်ဆီကခနဲ့သလိုလိုလှောင်ရယ်သံထွက်လာခဲ့တော့ ကေအံ့ဩမှင်သက်မိနေစဉ်မှာပဲ မောင်ကမျက်ကျောစင်းစင်းနှင့်မဲ့ပြုံးပြုံးကာသူမကိုမိုးပြီးကြည့်နေရင်းက….
“ဘယ်လိုနည်းနဲ့မှမဖြစ်နိုင်တော့ဘူးကေ…”
“ဟင်… ဘာ… ဘယ်လိုပြောလိုက်တာလဲမောင်ရယ်..”
အခုလိုယတိပြတ်အငြင်းခံရလိမ့်မယ်လို့တွေးမထားခဲ့တာကြောင့်မယုံကြည်နိုင်စွာဖြင့်မောင့်ကိုအလန့်တကြားမေးလိုက်မိသည်။
မောင့်မျက်ဝန်းတွေထဲမှာ ချစ်ခင်မြတ်နိုးခြင်း၊
ဆုံးရှူံးရမှာကြောက်ခြင်း၊ ဝေခွဲမရခြင်း၊
နှမျောတသခြင်းပုံရိပ်ယောင်တွေနှင့်အတူ
မုန်းတီးခြင်း၊ နာကျည်းခံပြင်းခြင်း၊ လက်တုံ့ပြန်လိုခြင်းတို့လိုဆန့်ကျင်ဘက်စိတ်ခံစားချက်တွေပါရောယှက်ရှုတ်ထွေးလို့နေတာကိုမြင်လိုက်ရပါသည်။ အခုလောက်ထိကြေကွဲနာကြင်ပြီးမျှော်လင့်ချက်မဲ့နေတဲ့မျက်နှာထားမျိုးနဲ့မောင့်ကိုချစ်ခဲ့ကြတဲ့သက်တမ်းတစ်လျှောက်မှာတစ်ခါမျှမမြင်ဖူးခဲ့ပါ။
“ကေသေချာနားထောင်ပါ…
မောင့်ဘဝမှာလေ လူပုံအလယ်မှာမိန်းမတစ်ယောက်ရဲ့စော်ကားမော်ကားအငြိုးတကြီးနဲ့အရှက်ခွဲတာကိုခံရလိမ့်မယ်လို့တစ်ခါမှတွေးမထားခဲ့မိဘူး…
ယောကျာ်းတစ်ယောက်ရဲ့ဖြစ်တည်မှုကိုအောက်ဆုံးအထိဆွဲချနင်းခြေခံလိုက်ရတာ…
နာလိုက်တာမှ ကိုယ်တွင်းကလီစာတွေကိုဆုတ်ချေဖျက်ဆီးခံလိုက်ရသလို…. ဟက်တက်ကွဲနေတဲ့ဒါဏ်ရာကိုဆားနဲ့ပက်ခံလိုက်ရသလို ရင်ထဲမှာလှိုက်နေအောင်ကိုရှက်ရွံ့နာကြင်ရတယ်…
ယောကျာ်းသိက္ခာနဲ့မာနကိုတစ်စစီ စုတ်-ပြတ်-သတ် ထွက်သွားအောင်ရိုင်းပြတဲ့တစ်ဖက်သတ်စွပ်စွဲ ပြောဆိုမှုတွေ…
မျောက်ပွဲတစ်ပွဲလိုဝိုင်းကြည့်နေကြတဲ့လူတွေရဲ့နှိမ့်ချအထင်သေးတဲ့အကြည့်တွေ….
ဒါတွေအားလုံးကိုအတွေးထဲမှာပြန်မြင်ယောင်တိုင်း ငါ့စိတ်တွေအကြိမ်ကြိမ်…အခါခါ…အဖန်တလဲလဲသေနေရတယ်ကေ…
ဒါကို ငါအချစ်ရဆုံး၊ အတွယ်တာရဆုံး၊ အယုံကြည်ရဆုံးလို့မှတ်ယူထားခဲ့တဲ့မင်းကိုယ်တိုင်က မဆိုင်သလိုမသိကျိုးကျွံပြုရက်တာ အသည်းခိုက်အောင်အနာကြင်ရဆုံးပဲ….
ငါ့ကိုအထင်အမြင်သေးပြီးမတူမတန်သလိုဖိနှိပ်ဆက်ဆံကြတဲ့အသိုင်းအဝိုင်းထဲမှာ ငါ့ကိုသိပ်ချစ်ပါတယ်ဆိုတဲ့မင်းတစ်ယောက်ကတော့ ငါ့ဘက်မှာမားမားမတ်မတ်ရပ်တည်ရင်ဆိုင်ပေးလိမ့်မယ်လို့ယုံစားခဲ့တာ…
ကေ… ငါကမင်းမျက်နှာတစ်ခုတည်းနဲ့…
မင်းကိုချစ်တဲ့စိတ်တစ်ခုတည်းနဲ့… ကိုယ့်စိတ်ကိုမနည်းခံနိုင်ရည်ရှိအောင်အားတင်းပြီးမင်းတို့အသိုင်းအဝိုင်းထဲကိုဝင်ဆန့်နိုင်ဖို့ကြိုးစားနေရတဲ့ကောင်ပါ…
အခုတော့ ငါအစော်ကားခံရတာက မင်းသူငယ်ချင်းစိတ်ဆိုးပြေဖို့လောက်တောင်မှမင်းအတွက်အရေးမပါဘူးဆိုတာငါသိလိုက်ရပြီ….
မင်းတို့အသိုင်းအဝိုင်းကိုငါသိပ်ကြောက်သွားပြီ…
ငါ့တစ်သက်ဒီအဖြစ်တွေကိုဘယ်တော့မှမေ့လို့ရတော့မှာမဟုတ်ဘူးကေ…”
မျက်ရည်ကြည်တွေဝေ့ဝဲပြီးနီရဲလာတဲ့မျက်လုံးတွေနဲ့အတူ မေးကြောကြီးတွေထောင်ထနေတဲ့အထိအံကိုတင်းတင်းကြိတ်ထားတဲ့မောင့်ကိုမြင်ရတော့
သူ့ရင်ထဲကထုထည်ကြီးမားလှတဲ့နာကျည်းမှုအတိုင်းအဆကိုခန့်မှန်းမိပြီး ကေဆောက်တည်ရာမ ရလန့်ဖြန့်သွားမိပါသည်။
“မောင်ရယ်… အဲဒီကိစ္စကြောင့်မောင့်ရင်ထဲမှာဒီလောက်အထိတောင်နက်နက်ရှိုင်းရှိုင်းဒါဏ်ရာအနာတရဖြစ်သွားလိမ့်မယ်လို့ ကေတစ်ကယ်ကိုမထင်ခဲ့မိလို့ပါ….
လူပုံအလယ်မှာ စုလဲ့ရှက်ရမ်းရမ်းပြီးမဟုတ်တမ်းတရားတွေလျှောက်ပြောခဲ့တာကိုကေဝင်ပြီးတားခဲ့သင့်တာ၊ မောင့်ဘက်ကပြတ်ပြတ်သားသားရပ်တည်ပေးခဲ့သင့်တာမှန်ပေမယ့် ရုတ်တရက်ကြီးဆိုတော့ဘယ်လိုတုံ့ပြန်ဖြေရှင်းပေးရမယ်မှန်း ကေတစ်ကယ်ကိုမသိခဲ့လို့ပါမောင်ရယ်….
လူတစ်ဖက်သားကိုအလွန်အကျွံအားနာတတ်တဲ့ကေ့ရဲ့အကျင့်ကြောင့် သူငယ်ချင်းကိုမာမာထန်ထန်မပြောရက်ခဲ့သလို၊ မောင့်ကိုလည်းသူ့ကိုယ်စားနောက်မှစိတ်ဆိုးပြေတဲ့အထိတောင်းပန်တော့မယ်ဆိုပြီးပေါ့ပေါ့တွေးလိုက်မိတဲ့ကေ့ရဲ့အပြစ်တွေချည်းပါပဲ”
“ဒါပေါ့လေ… မင်းကကိုယ်တိုင်အစော်ကားခံခဲ့ရတဲ့သူမှမဟုတ်တာ… ဘယ်လိုလုပ်ပြီးကိုယ်ချင်းစာနားလည်ပေးနိုင်မှာလဲ….အဟင်းဟင်း”
“မဟုတ်ဘူး… မဟုတ်ဘူး…
အဲလိုကြီးတော့မပြောလိုက်ပါနဲ့မောင်ရယ်…
ကေ့မှာအဲဒီလောက်အောက်တန်းကျတဲ့စိတ်ဓါတ်မျိုးမရှိဘူးဆိုတာမောင်သိရက်နဲ့တမင်ပြောတာမဟုတ်လားဟင်…
ကေ့ဘဝမှာမောင်သာမရှိမဖြစ်အရေးအကြီးဆုံးပါ…
နောက်ကိုဘယ်တော့မှအခုလိုအဖြစ်မျိုးတွေထပ်မဖြစ်စေရတော့ဘူးဆိုတာကေကတိပေးပါတယ်ကွယ်…
စုလဲ့က သူ့ပေတံနဲ့သူတိုင်းပြီး ကေ့ကိုကောင်းစေချင်လို့ဆိုတဲ့အကြောင်းပြချက်နဲ့ မောင့်ကိုတစ်ဖက်သတ်အထင်လွဲပြီးမုန်းနေခဲ့တာ.….
ငယ်သူငယ်ချင်းမို့စုလဲ့ကိုသံယောဇဥ်ရှိတာတော့မှန်ပေမယ့် ကေ့ဘဝ၊ ကေ့ရွေးချယ်မှုကိုသူဘာကြောင့်မှတားဆီးပိုင်ခွင့်၊ အမိန့်ပေးပိုင်ခွင့်မရှိဘူး….
အခုလိုဖြစ်သွားပြီးနောက်ပိုင်း ကေသူနဲ့အပြီးအဆက်အသွယ်ဖြတ်လိုက်ပြီမောင်..
တစ်ကယ်ဆို မောင့်ကို ဖေဖေမေမေနဲ့ကေ့မိသားစုဝင်အရင်းအချာတွေကကြည်ကြည်ဖြူဖြူလက်ခံပေးခဲ့ကြတာမောင်လည်းအသိပဲမဟုတ်လား…
ဆွေမျိုးတွေ၊ သူငယ်ချင်းတွေဆိုတာက ကေတို့ဘဝ
ကိုဝင်စွက်ဖက်ပိုင်ခွင့်၊ ဆုံးဖြတ်ပေးပိုင်ခွင့်လုံးဝမရှိဘူး… ကာယကံရှင်တွေကသာအရေးကြီးတာပါမောင်ရယ်… ပတ်ဝန်းကျင်ကတော့သူတို့ထင်သလိုပုတ်ခတ်စွတ်စွဲကြမှာပဲ… ကိုယ်ကောင်းရင်၊ ခေါင်းဘယ်တော့မှမရွေ့တာမို့ ကေကတော့ဂရုမစိုက်ဘူးမောင်…
ကေတို့လက်ထပ်ကြရအောင်ပါမောင်ရယ်… နော်”
ကေ မောင့်လက်မောင်းနှစ်ဖက်ကိုဆုပ်ကိုင်လှုပ်ရမ်း နေရင်းကစိုးရိမ်တကြီးတောင်းဆိုနေမိပါသည်။
ကေ့ကို ဆွေးရီစွာငေးကြည့်နေတဲ့မောင့်မျက်ခမ်း အောက်ကသွေးကြောလေးတွေတဆတ်ဆတ်လှုပ်ခုန်နေကာ၊ လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားလျှက်ကတစ်လုံးချင်းပြောထွက်လာခဲ့တဲ့မောင့်ရဲ့နောက်ဆုံးစကားတွေကကေ့နှလုံးသားကိုတစ်စစီဖဲ့ခြွေလို့သွားခဲ့ပါတော့သည်။
“မောင်လေ ကေ့ကိုအသက်ထက်ပိုပြီးချစ်ခဲ့ပါတယ်… အရင်ကလည်းချစ်တယ်… အခုလည်းချစ်တယ်… နောင်လဲသေသည်အထိ ကေတစ်ယောက် တည်းကိုပဲဆက်ချစ်သွားဦးမှာပဲ….
ဒါပေမယ့် ကေရယ်…ကေ့ကိုမြင်ရတိုင်းကေ့အသိုင်း အဝိုင်းရဲ့လှောင်ရယ်သံတွေ၊ တစ်ဆုံးအထိအနိုင်
ကျင့်စော်ကားခဲ့ကြတာတွေဟာမောင့်အာရုံထဲမှာဖျောက်မရနိုင်တဲ့အရိပ်ဆိုးကြီးတစ်ခုလိုတစ်ဘဝလုံးကပ်ပါနေတော့မှာအသေအချာပဲ…
အဲဒါကြောင့် ကေ့ကိုမောင်သိပ်ချစ်လျှက်နဲ့စွန့်လွှတ်လိုက်ပါရစေတော့ကွာ….
ကေ့ကို မောင်ဒီအတိုင်းလေးပဲအဝေးကနေတစ်သက်လုံးစောင့်ရှောက်သွားမယ်…ကေလိုအပ်တဲ့အချိန်တိုင်းမောင်အမြဲအရောက်လာပေးပါ့မယ်…
မောင့်ဆုံးဖြတ်ချက်ကိုမပြင်နိုင်တော့တာမို့ မောင့်ကိုနားလည်ပေးပါလို့ပဲပြောခဲ့ပါရစေတော့…”
မောင့်ရဲ့ပြတ်သားတဲ့ငြင်းဆိုမှုကြောင့် မောင့်လက် မောင်းကိုသွေးရူးသွေးတန်းဆုပ်ကိုင်ထားမိတဲ့ကေ့ရဲ့လက်အစုံကအင်အားမဲ့စွာနှင့်လျှောကျလို့သွားခဲ့ရပါသည်။ ကေ့ကိုကျောခိုင်းပြီးခေါင်းငိုက်စိုက်ချကာတစ်ရွေ့ရွေ့ထွက်ခွာသွားတဲ့မောင့်ရဲ့ကျောပြင်ကိုမျက်ရည်တွေကြားကရီဝေစွာကြည့်ရင်းကျန်ခဲ့ရပေမယ့် ကေ့စိတ်ဝိညဉ်တစ်ခုလုံးကတော့မောင်နှင့်အတူလိုက်ပါလို့သွားခဲ့ရပြီဖြစ်ပါသည်။
ကေတို့နှစ်ယောက်မှာအတိတ်ကဝဋ်ကြွေးတွေရှိများရှိခဲ့ရင်ဒီဘဝ၊ ဒီမျှနဲ့တင်ကျေပါရစေတော့မောင်ရေ….
“ပြီးပါပြီ”
#Way
02/05/2025