ဆင်ဖြူကျွန်းအောင်သိန်း
မန်ကျည်းပုတ်ချိန်
(၁)
“အေးဆောင်ရေ သွားရအောင်ဟေ့”
ဟိုဖက် သုံးအိမ်ကျော်လောက်က ဦးကြွက်၏ အသံဖြစ်သည်။ သည်အချိန်တွင် အေးဆောင်မှာ အိမ်ရှေ့ကြမ်းပြင်(ကပြင်) ပေါ်တွင် တင်ပျဉ်ခွေလျက် ထမင်းကြမ်းဇလုံကို ပေါင်ပေါ်တင်ကာ စားနေဆဲဖြစ်၏ ။
ဦးကြွက်၏ အသံကို ကြားရချိန်တွင် ငါးပိဖုတ်နှင့် ရောနှော မျိုချလိုက်သော မညက်တညက် ထမင်းစေ့များက အေးဆောင်၏ လည်ချောင်းထဲသို့ ကျဆင်းနေခိုက်ဖြစ်ရာ အေးဆောင် မထူးနိုင်။ လည်တံကို ဆန့်ပြီး အသံလာရာသို့ မျှော်ကြည့်သည်။ အရေး ထဲတွင် လည်ပင်းက နင်နေသေး၏ ။ သို့ကြောင့် အေးဆောင် အားစိုက်ကာ မျိုချ၏။ လည်ချောင်းတစ်နေရာမှ စူးစူးနင့်နင့်ဝေဒနာ ဖြစ်ပေါ်လာသည်။ အေးဆောင် မျက်နှာ ရှုံ့မဲ့သွားသည်။
“အေးဆောင်ရေ”
သည်မှာ ဘာဖြစ်နေသလဲ မသိ။ ဦးကြွက် ကုန်းပြီးခေါ် နေသည်။
“ဗျိုး”
အေးဆောင် အားယူပြီး ထူး၏။ အသံမထွက်။ သို့အတွက် နောက်တစ်ကြိမ် ထပ်မံထူးတော့မှ ဗျိုးကနဲ့ အသံထွက်သွား၏ ။
“သွားကြမယ်လေကွာ၊ အပြန်မိုးချုပ်နေမယ်ကွ”
“အလကားနေယင်း လောနေသာပဲ။ နောက်ကလူ လိုက်လာသလား မသိမှ မသိသာ”
သည်စကားကိုကား အေးဆောင် အော်မပြော။ သူ့တစ်ကိုယ်ကြား မကျေချမ်းသံဖြင့် အောက်သိုးသိုး ရေရွတ်လိုက်ပြီးမှ အော်ပြောသည်။
“ညတုန်းက နှင်းနည်းနည်းကျသယ်ဗျ။ အဲသာကြောင့် နေကလေး သွေ့ပါစေတော့လို့”
“တို့ သည်က သွားမှာနဲ့ နေပူမှာနဲ့ဆို အလောတော်နေမှာပါကွ”
“ဟုတ်ကဲ့ … ဟုတ်ကဲ့”
သည်သို့ဖြင့် လက်ကျန်ထမင်းကြမ်းကို ကသုတ်ကယက် လက်စသတ်လိုက်ရတော့သည်။ သည်အလုပ်မှာ မိန်းမသားများပင် လုပ်နိုင်သော အလုပ်ဖြစ်ရာ မတော်တဆ ဦးကြွက် စိတ်ကောက်ပြီး အခြားသူကိုခေါ်သွားမှာ စိုးရသည်။ မိမိမှာ သူ၏ဖောက်သည် ဟောင်း ဖြစ်နေသောကြောင့် အခြားသူများ ဝင်အလုမခံရခြင်းဖြစ်သည်။
အေးဆောင် ထမင်းစားပြီးချိန်တွင် သူ့အမေမှာ ထမင်းထုပ် ထုပ်ပြီး၊ ရေဗူး ရေထည့်ပြီး၊ ပြောင်းဖူးဖက် ဆေးလိပ်ကြီးတွေ အဝတ်တွေဖြင့် ပတ်စည်းပြီးခေါင်းပေါင်း ပေါင်းထားပြီးကာ အသင့်ဖြစ်နေ၏ ။
“မီးဖိုမီးကို တစ်ကျော့ ပြန်ကြည့်လိုက်ပါအုံး အမေ။ ကျုပ် လှည်းတပ်လိုက်အုံးမယ်”
ကပြင်က ခုန်ဆင်းယင်း အေးဆောင် လှမ်းပြောသည်။
“မီးဖိုမီးလည်း စိတ်မချတိုင်း ရေလောင်းရသာနဲ့ ဗွက်ပေါက်နေပီ သားရဲ့။ ညနေမီးမွှေးယင်တောင် အခက်”
ပါးစပ်ကသာ ဆင်ခြေပေးငြားသော်ငြား အမယ်အိုကြီးသည် အိမ်ပေါ်သို့ တစ်ကျော့တက်သွားပြန်၏ ။
အေးဆောင် လှည်းတပ်နေသည့်နားသို့ ကျားဘိုရောက်လာပြီး အမြီးတနန့်နန့် နန့်ပြသည်။ လှည်းပေါ်တွင် ထမင်းထုပ်နှင့် ရေဗူးကို မြင်ကတည်းက ယာထဲလား၊ ထင်းခုတ်လား ဟု ကျားဘို တွေးပြီးသားဖြစ်၏ ။
သို့ဆိုလျှင် လှည်းရှေ့မှ သူလိုက်မည်။ သူကြောက်ရသော ခွေးရှိသည့် နေရာနှင့်ကြုံလျှင် လှည်းအောက်မှ လိုက်မည်။ ဤသည်မှာ ကျားဘို၏ အလုပ်။
အေးဆောင်ကမူ အခင်းနွားခွံရိုင်ပတ် ရှေ့တုတ်နှင့် နောက်တုတ်များ စစ်ဆေးနေရသည်နှင့် ကျားဘိုကို သတိမထားမိ။
ဒေါ်သော့က အိမ်ပေါ်မှ ဆင်းလာရင်း ကျားဘိုကို မြင်သည်။
“ကျားဘို နင်မလိုက်နဲ့၊ အိမ်စောင့်နေခဲ့ကြားလား”
ကျားဘို အမြီးနန့်မြဲ နန့်နေ၏ ။
“အမြီး နန့်မနေနဲ့ … လာ အိမ်ပေါ်တက်နေ”
ကျားဘိုကို ကုပ်မှဆွဲကာ လှေကားရင်းသို့ တွန်းပို့၏ ။ ထိုအခါ ကျားဘို နားလည်ပေပြီ။ ကပြင်ပေါ်ရောက်အောင် တက်ပြီးနောက် ဆောင့်ကြောင့်ထိုင်ကျန်ခဲ့၏ ။
လှည်းသည် “ဘိုး”ချော်သော တယောသံဖြင့် အီလျက်၊ ဖုံတထောင်းထောင်းထကာ အိမ်ဝိုင်းထဲမှ ထွက်ခွာသွား၏။
(၂)
ရွာဦးစေတီသည် ထုံးသင်္ကန်းပင် မနွမ်းသေးပေ။ စေတီတော်သည် အနီရောင်နောက်ခံနှင့် ထင်းနေ၏ ။ ဘယ်ကိုကြည့်ကြည့် လက်ပံ၊ ကသစ်နှင့် ပေါက်ချည်း မဟုတ်လား။
သည်ရာသီကလည်း လက်ပံ၊ ကသစ်နှင့် ပေါက်တို့ အလှပြိုင်ချိန်ဖြစ်ရာ နှောင်းကျန်ပွင့်နီများ နောက်ခံနှင့် စေတီတော်သည် သာမန်ချိန်ထက် ပိုပြီး ဖွေးနေသည်။ နီရဲသော လက်ပံပွင့်တို့နေရာတွင် မြသီးနုကလေးတွေ ဝင်ရောက်စ ပြုနေပြီဖြစ်ငြား ကသစ်နှင့်ပေါက်ကား ရဲ၍ ကောင်းဆဲ၊ တွတ်၍ ကောင်းဆဲ။
ရှားစောင်းပြသာဒ်၊ ရှားစောင်းမြင်းနားနှင့် ရှားစောင်းလက်ညှိုးတို့ ဆီးဆို့ဝန်းရံထားသည့် ယာများသည် နိုးကြားနေ၏ ။
နှံစားပြောင်းပင်များသည် လေပြည်တွင် မြူးနေကြကာ ပဲပင်များသည် မြေပြင်တွင် ဖုန်လူးနေကြ၏ ။
ဟိုရှေ့ ထနောင်းပင်ကြီးပေါ်တွင် ချိုးနှစ်ကောင် စောင်နေကြသည်။ တစ်ကောင်က တောင်ကိုင်း၊ တစ်ကောင်က မြောက်ကိုင်း။ ဒေါသတကြီး တွန်ကြော်နေကြပုံက ကြင်ဖော်အတွက်လား၊ စားကျက်အတွက်လား တွေးချင်စရာ။
လှည်းနှစ်စီးနောက်တွင် နီရဲသော ဖုန်လုံးကြီး ပိတ်ထူလျက် ကျန်ခဲ့သည်။ လှည်းဝေးသွားမှ ပါး၍ ပါး၍ ပျောက်သွား၏။ လှည်းလမ်းဝဲယာရှိ ယာခရိုးအားလုံးမှာ သည်ဖုန်ကြောင့် သနပ်ခါးနီ လိမ်းကျံထားဘိသို့ ရှိတော့သည်။
လှည်းများ ဖွတ်ချေးကုန်းတစ်ခုကိုကျော်ပြီးနောက်တွင် စည်ကားသော မန်ကျည်းပင်အုပ်တစ်ခု၏ အစပ်သို့ ဝင်စပြုပေပြီ။
သည်မန်ကျည်းပင်အုပ်မှာ သည် မိုးခေါင်ရေရှားသည့် အေးဆောင်တို့ ကျေးရွာများတွင် အံ့ဖွယ်တပါးဖြစ်နေ၏ ။ နတ်ကပဲ ဖန်ဆင်းထားသယောင်ယောင်၊ မိဖုရားတစ်ပါးပါးကပဲ အဓိဌာန်ပြုခဲ့သလိုလို ပြောနေကြ၊ ယုံနေကြ၏ ။
ပြောလည်း ပြောချင်စရာပါပေ။ ရှိနေသော အုတ်ရေတွင်းကလည်း တိမ်တိမ်ကလေး။ သရက်ပင်တွေကလည်း အသီးတွေဖြင့် ခဲနေသည့်နည်းတူ မန်ကျည်းတောမှာလည်း မှောင်နေ၏ ။ ယာအိုယာခြောက်များအလယ်မှ အိုအေစစ်ကလေး မဟုတ်လား။
မည်းမှောင်နေသော အေးဆောင်ကျောပြင်ကြီးမှာ လှည်းချွတ်ချိန်၌ မည်းမှောင် မနေတော့ပေ။ ဖုန်ကြောင့် နီရဲနေပြီ။ သည်ဖုန်လောက်ကိုကား သူမမှု။ ပါးစပ်တွင် ခဲထားသော မီးသေနေသည့် ပြောင်းဖူးဖက်ဆေးလိပ်သေးသေးကလေးကို မီးညှိပြီး ဦးကြွက် လှည်းပေါ်မှ ဝါးလုံးကိုယူကာ မန်ကျည်းတစ်ပင်တွင် ထောင်ထားသည်။ မန်ကျည်းပင် ပင်စည်၏ အဖုအထစ်များကို နင်းအားယူကာ ပေါ့ပါးစွာ တက်လိုက်သည်။
ပထမခွဆုံ ရောက်လျှင် ဝါးလုံးကိုလှမ်းယူကာ ခွကြားတွင် သေချာအောင် ထောင်ထားသည်။ လူကမူ အတက်ရလွယ်သော နေရများမှ ကွေ့ပတ်တက်ခဲ့သည်။
ဒုတိယဝါး တစ်ပြန်ဆုံးပြန်သော်ငြား ထိပ်ဖျားသို့ အေးဆောင် မရောက်သေး။ နောက်တစ်ကြိမ် ထောင်ကာ တက်ပြီးမှ အမြင့်ဆုံးကိုင်းဆုံသို့ ရောက်တော့၏ ။
လှုပ်ရှား၍၊ ထိုင်၍ ကောင်းမည့် ခွကြားတစ်ခုတွင် အေးဆောင် ထိုင်သည်။ ဝါးလုံးကို လှမ်းဆွဲယင်း သူရိုက်ခြွေရမည့် နေရာများသို့ မျက်လုံးကစားလိုက်သည်။
အပင်ပေါ် သို့ သူတက်လာကတည်းက ပင်စည်လှုပ်သည်နှင့် ရော်ရွက်ဝါများ တဖြောဖြော ကြွေကျခဲ့သော သည်အပင်ကြီးမှာ အရွက်များ ပါးလျားနေပြီ။
ကိုင်းလက်ခက်မြွာများကြားတွင် တိုးလိုတွဲလောင်းနှင့် မန်ကျည်းသီးများ ပြွတ်သည့်နေရာ ပြွတ်၊ ကျဲသည့်နေရာ ကျဲနှင့်။ သို့သော် အပေါ်ထောင်နေသော နတ်နေကိုင်းတွင်မူ မမှည့်သေး။ ငါးတန်သီး ဘဝတွင်သာ ရှိသေးသည်။ အနည်းဆုံး တစ်ခွဲသားလောက် ရှိမည်။
“ဗျိုး အရီးကြွက်”
“ဘာတုန်းကွ”
“ငါးတန်သီးတွေပါ ရိုက်ချရမလား”
“ဒါပေါ့ကွ။ ငါးတန်သီးတွေဆို လိပ်သားနဲ့ ချက်စားစား၊ ငါးပိတစ်နဲ့ ချက်စားစား ဆေးပေါ့ကွာ”
အေးဆောင်မှာ အပေါ်မော့ကြည့်နေယင်းမှ သွားရည်တထွေးကြီး ယိုလာ၏ ။ သွားရည်ကို သူမထိမ်းလိုက်နိုင်။ ရင်ဘတ်တစ်ခုလုံး ရွှဲသွားသည်။
“ငါးပိတစ်များတော့ အိမ်မက်တောင် မမက်ရဲပါဘူးတော်”
မန်ကျည်းရိပ်နှင့် လွတ်ရာတွင် ထိုင်လျက် ဆေးလိပ်မီးခိုး တထောင်းထောင်းလွှတ်နေသော ဒေါ်သော့က ဝင်ပြော၏ ။
“အလိုလေးအေ တို့လဲ မမြင်ဖူးသာ ကြာပါကကော”
ဦးကြွက်၏ဇနီး ဒေါ် မှုန်ကပါ အားကျမခံ ဝင်ပြောရာ ဒေါ် သော့မှာ လေးလေးပင်ပင် စကားဆက်၏ ။
“လိပ်သားတော့ လူလေးရှာခဲ့လို့ ရသဲ့အခါများ တစ်နှစ် တစ်ခါ နှစ်ခါ စားရပါရဲ့”
သူ့အမေစကားကို ကြားရတော့မှ ယာဘေးက ခမ်းတောက်ချုံစပ်တွင် လိပ် ဝပ် မဝမ် စူးစမ်းရန် အေးဆောင် သတိရသည်။
“ဟကောင် လုပ်လကွာ။ နေစောင်းလာယင် လေတိုက်တတ်သနော်။ အချိန်ရှိခိုက် လုံ့လစိုက်ဟ”
ဦးကြွက်အော်တော့မှ လက်ငင်းအလုပ်ကို အေးဆောင် သတိရသည်။ ဝါးလုံးကို လွှဲကာ လွှဲကာ မန်ကျည်းကိုင်းဖျားများကို ရိုက်ပစ်သည်။ မရိုက်သာသော နေရာများတွင် ဝါးလုံးထိပ်ဖြင့် အကိုင်းကို ထိုးကာ လှုပ်ခါချသည်။ မန်ကျည်းပင်အောက်ဝယ် မန်ကျည်းသီးမှည့်ကြွေသံများသည် ထန်းရွက်မိုး အိမ်ပေါ်သို့ မိုးသီးကြွေသံနှယ် ဆူညံနေတော့သည်။
အပေါ်ပိုင်း လက်တစ်ကမ်းကုန်မှ အေးဆောင် အောက်တစ်ဆင့် ဆင်းလာသည်။
အပေါ်မှ မန်ကျည်းသီးများ ကြွေကျစဉ်က တိုက်ခိုက် ခြွေချသွားသဖြင့် အောက်ပိုင်းကို အရိုက်ရ အခြွေရ သက်သာသွားငြား ဝါးမမှီသောနေရာများသို့မူ လူကိုယ်တိုင် သွားရ၏ ။ လှုပ်ခါ၍ ရနိုင်သည့် အဖျားသို့တိုင် သွားပြီး လှုပ်ခါရသည်။
တစ်ပင်မှ ဆင်းရုံဖြင့် အေးဆောင်မနားနိုင်ပါ။
သုံးပင်၊ လေးပင်၊ ငါးပင် …
အေးဆောင် လုံးဝမနား။
ဒသမမြောက်အပင်မှ ဆင်းလာချိန်တွင်ကား ခြေပစ်လက်ပစ် ထိုင်ချလိုက်ရတော့သည်။ ဝမ်းထဲမှ ထမင်းကြမ်းဇလုံလည်း ကုန်ပေပြီ။
ရေတစ်ကျိုက်သောက် ဆေးလိပ်တစ်လိပ်ညှိပြီးနောက် မန်ကျည်းရွက်မွေ့ရာပေါ် သို့ ပက်လက်လှန်ချလိုက်လေ၏။
မန်ကျည်းရွက် အစိုများရော အခြောက်များပါ သူ့ကိုယ်တွင် ချွေးစေးများဖြင့် ကပ်နေရာ မည်းမှောင်သောအသားကို မမြင်ရ။ မန်ကျည်းရွက် သံချပ်အင်္ကျီဝတ်ထားသော အေးဆောင် ဖြစ်နေပေပြီ။
ဒေါ်သော့မှာမူ သူ့သားကို လုံးဝလှည့်မကြည့်နိုင်သေးဒေါ်မှုန်တို့ ဦးကြွက်တို့နှင့်တန်းတူ မန်ကျည်းသီးများကို စိုက်တောင်းတစ်လုံးဖြင့် လိုက်ကောက်ကာ တစ်နေရာတွင် စုပုံနေရ၏ ။
အေးဆောင်မှာကား မှန်မှန်ဆွဲနေသော ဖားဖိုကြီးတစ်လုံးသဖွယ် အသက်ရှုရင်း အမောဖြေနေ၏။ နားနေလိုက်ခါမှ ချွေးက ပိုထွက်လာသည်။ ရင်ဘတ်ပေါ်မှ ချွေးရည်သည် ချက်ဆီသို့လည်း စီး၏။ ဘေးဘီသို့လည်း ဦးတည်ချက်မဲ့ စီးဆင်းနေပေသည်။
သည်နှယ် ချွေးထွက်လာတော့မှ ဟိုကစပ်၊ သည်ကစပ် စပ်လာတော့သည်။ မန်ကျည်းခက် ခက်သေး ခက်မြွာကလေးနှင့် ရှထား၊ မန်ကျည်းခေါက် အပွေးတွေနှင့် ခြစ်ထားသည် မဟုတ်ပါလား။
ဖက်ဖြူဆေးလိပ် တစ်ဝက်ကျိုးမှ သူ့ဘေးသို့ ဒေါ်သော့ ရောက်လာ၏ ။ ရေတစ်ကျိုက် မော့သောက်အပြီး၌ မောဟိုက်ဟန်ဖြင့် မေး၏ ။
“ဆာပီလား လူကလေး”
“ဆာသာတော့ မပြောနဲ့အမေရဲ့”
ပြောပြောဆိုဆို အေးဆောင် ထထိုင်သည်။
“တစ်ပင်တက်ပြီးကတည်းက ဆာသာပဲ။ နောက်ထပ် နှစ်ပင်တက်ပြီးမှ ထမင်းစားသာပေါ့ အမေရာ။ အမေလဲ မောလှပြီ မကောက်နဲ့တော့၊ ကျုပ်ဆင်းလာမှ ကောက်သာပေါ့ “
“ဟဲ့ လူလေးရဲ့၊ အမေလိုက်လာသာကိုက နင်တစ်ယောက်ထဲ ပင်ပန်းမှာစိုးလို့ ကူရအောင် လိုက်လာသာကို”
အေးဆောင် ကျောတစ်ပြင်လုံး မန်ကျည်းရွက်တွေချည်း။ သို့သော် သူထထိုင်သည့် ခဏတွင် ချွေးရည်အလျဉ်ဖြင့် တရွေ့ရွေ့ မျောဆင်းလာကြရာ ကျောအလယ်တွင် စုပုံတစ်ဆို့နေ၏ ။
“လှဲယင်လဲ ပုဆိုးလေး ဘာလေး ခင်းပြီး လှဲသာမဟုတ်ဘူး။ ကျောတစ်ပြင်လုံး မြင်မကောင်းဘူး”
နွားကျောင်းရင်း ယာထွန်ရင်းဆိုလျှင် မြေကြီးပေါ်မှာပင် လှဲအိပ်ခဲ့သော အေးဆောင်အတွက် မန်ကျည်းရွက်ပေါ် အိပ်ခြင်းမှာ စာမဖွဲ့လောက်ပေ။ သို့ကြောင့် ပင် လက်ပြန်ခါခြင်း၊ ပွတ်ခြင်းသော် မပြုဘဲ နောက်အပင်များ ဆက်တက်ရန် ထသွားလေသည်။
(၃)
မန်ကျည်းမှည့်ပုတ်ရန် ငါးပင်သာကျန်တော့ချိန်တွင် နေသည် အနောက်ဘက်သို့ စောင်းယိမ်းစပြုပြီ။ ဝမ်းဗိုက်အားလုံးတို့သည် မီးဟုန်းဟုန်းတောက်မျှ ပူလောင် နေချေပြီ။
ထို့ကြောင့် ထမင်းစားရန် ဒေါ်မှုန်က စတင်ဆော်ဩသဖြင့် နေရိပ်ကွယ်ရာကုန်းပြောင်တွင် ထမင်းစားကြသည်။
အေးဆောင်တို့ သားအမိမှာ ဆန်ဆေးတောင်းနှင့် တစ်လုံးအပြည့် ထမင်းတစ်ခွက် ချက်ပါလာ၏။ ဟင်းသော်ကား ထမင်းဖြူထဲ မြှပ်သိပ်ထည့်လာသော ပန်းကန်စောက်ဖြင့် ငရုတ်သီးထောင်း တစောင်၊ ငါးပိဖုတ် တစောင်။
သည်ဟင်းမျှဖြင့်ပင် အေးဆောင် ခံတွင်းတွေ့လှသည်။ ငါးပိဖုတ်ကို ပါလေကာ ယူပြီး မြှပ်လိုက်၊ ငရုပ်သီးထောင်းကို မြှပ်လိုက်ဖြင့် ထမင်းတစ်လုပ် တစ်လုပ်မှာ လက်သီးဆုပ်ထက် ကြီးသေး၏။
“မသော့ ဒီမှာ ဟင်းတွေ ပိုချက်လာသယ်။ မန်ကျည်းရွက်နဲ့ မျှစ်နဲ့ စပ်စပ် ချက်ကလေး၊ ဟဲ့ အေးဆောင် ယူစားပါဟဲ့”
ဒေါ်မှုန်က ဟင်းခွက်ကမ်းလာသဖြင့် ဒေါ်သော့မှာယူစားသော်ငြား အေးဆောင်မူ လှမ်းမကြည့်။ သို့ကြောင့် ဒေါ်မှုန် ထပ်ပြော၏ ။
“ဟဲ့ အေးဆောင်”
“မစားချင်ပါဘူးဗျာ”
“ဘာဖြစ်လို့လဲ ရွံလို့လား။ ရွံမနေနဲ့၊ နင်နဲ့မြသွယ်ရရင် ကလေးအနှီးကို နင်လျှော်ရမှာ”
“ရွံလို့ မဟုတ်ပါဘူး၊ ထမင်းမလောက်မှာ စိုးလို့ပါ”
“အမလေးဟယ်။ တို့မလဲ ထမင်းတွေ အများကြီးပါ”
ပြောပြောဆိုဆို မန်ကျည်းရွက်ဖတ်တွေ၊ မျှစ်ဖတ်တွေ ခပ်ထည့်ပေး၏။ အေးဆောင်ဘက်မှလည်း သူ သတိပေးထားသည့်အတိုင်းပင် သူတို့သားအမိ ပါလာသော တစ်ခွက်ချက် ထမင်းသာမက ဦးကြွက်လင်မယား၏ ထမင်းကိုပါ ပြောင်အောင် စားပစ်လိုက်တော့သည်။
“မင့်ဗိုက်က ဗိုလ်သူခိုးပဲကွ”
ဦးကြွက်က အေးဆောင်၏ ဝမ်းဗိုက်ကို ကြည့်ပြီး ပြောခြင်းဖြစ်၏ ။ အေးဆောင် ဗိုက်မှာ အခေါက်ထူ၏။ သို့ဖြစ်၍ တစ်ခွက်ကျော်ကျော် စားထားပါလျက် ဗိုက်ကပူမလာ၊ နံကသာ ကား၍ ကား၍လာ၏။
အေးဆောင်က သူ့ဗိုက် သူ ငုံ့ကြည့်ပြီး
“အင်း နောက်ထပ် တစလယ်ချက်လောက်တော့ မျိုပင်းထည့်လိုက်ရယင်တော့ အပျိုဗိုက်သုံးလသားလောက်တော့ ပူလာမလားမသိဘူး”
ပြောကာ တဟားဟား ရယ်လေ၏။
“လူလေးရယ် နင့်ဟာက သူများ မသထာအောင် စားသာကိုးဟဲ့”
သူ့အမေကလည်း ပြုံးစေ့စေ့ ပြောသည်။
“အမေကလဲ ဇူဇကာ နာလန်ထဆိုသာ ကျုပ်ပေါ့ဗျ”
ပြောပြောဆိုဆိုဖြင့်ပင် ထမင်းကို လက်စသပ်လိုက်တော့သည်။
လက်ဆေးလောက်အောင် ရေမပါသဖြင့် တွေ့ရာချုံများမှ သစ်ရွက်ဖြင့် လက်သုတ်ပစ်လိုက်သည်။
သည်မျှစားထားမှတော့ ထမင်းဆိပ်ကလေးလည်းတက်၊ ဗိုက်ကလည်း လေးနေရာ ဆေးလိပ် လေးငါးဖွာ ဖွာမိလျှင်ပင် အေးဆောင် မျက်တောင်စင်းလာ၏ ။ သို့ဖြစ်ငြား သူအိပ်ခွင့်မရ။
“အေးဆောင်ထဟေ့၊ ဝေစုခွဲရအောင်”
ဆိုသော အသံကြောင့် မျက်လုံးကျယ်လာ၏။
“ညနေကျမှ ခွဲသာပေါ့ဗျာ”
“လေမိုးက စိတ်မချရဘူး ဟကောင်ရ၊ အချိန်ရှိခိုက် လုံလစိုက်ရသယ်”
မန်ကျည်းသီးမှည့်က မိုးကြောက်သည်။ မိုးရေစွတ်သွားလျှင် အသားတွေ ပ္ပွယိကုန်သည်။ အသီးထဲက အစေ့ကလည်း မိုးကလေးမိလိုက်လျှင် အညှောက်ပြုချင်လာ၏။ သည်တော့ အေးဆောင် ဒယီးဒယိုင်နှင့် ထရသည်။ စုပုံထားသော မန်ကျည်းသီးပုံထဲမှ မန်ကျည်းသီးတောင့်များကို တင်းတောင်းဖြင့် ခြင်ကာ လှည်းများပေါ်သို့ တင်ရသည်။
မန်ကျည်းသီးပုတ်ခမှာ ထက်ဝက်စားဖြစ်သည်။ ရိုင်ပတ်ထားသော ဦးကြွက်လှည်းထဲသို့ တစ်တောင်းလောင်းပြီးတိုင်း အေးဆောင်တို့လှည်းပေါ်သို့ တစ်တောင်း လောင်းသည်။ ဒေါ်မှုန်က ဦးကြွက်အား ကူထည့်ပေးပြီး ဒေါ်သော့က မန်ကျည်းတောင့်များချကာ ပရို့ချိုးပေးသည်။
မန်ကျည်းသီးပုံကြီး ပြောင်တလင်းခါသွားချိန်တွင် နေစောင်းနေပြီ။ ထုံးစံအတိုင်း လေပူလေပွေကလေးလည်း လှုပ်လာသည်။
အေးဆောင် ခဏသာ နားချိန်ရပြီး ကျန်ငါးပင်ကိုတက်ရန် ထရတော့သည်။
သည်အခါ ဦးကြွက်က သတိပေး၏ ။
“လေလာယင် ခဏဆိုင်းထားနော် ဟေ့ကောင်”
လေသည် မြေပြင်တွင် အအိုက်ပြေရုံ၊ အမှိုက်ရှင်းပေးရုံကလေး တိုက်စေကာမူ သစ်ပင်ထိပ်ဖျားမှကား ယိမ်းထိုးနေသည်။ အေးဆောင်မူ သည်မျှ ယိမ်းထိုးနေခြင်းကို မမှုပေ။
သူက မကျည်းသီးသာမဟုတ်၊ လက်ပံသီး ပုတ်ချိန်တွင်လည်း ဝေသီမြင့်ခေါင်သော လက်ပံပင်ပေါ်တက်ခဲ့သူ။
သရက်သီးချိန်တွင် သရက်သီးဆွတ်ပေးသူ စသည်ဖြင့် အမြင့်ဖျားတက်သည့်ကိစ္စကို ထမင်းစား ရေသောက်သဖွယ် လုပ်ခဲ့ရာ လေပြည်တို့၏ မန်ကျည်းပင် လှုပ်သည်ကိုကား လေအချွန်မပျက်။
အသီးကောက်သူများက ပုတ်သူ ဆင်းသွားမှ အပင်အောက်ဝင်ရဲ၏ ။ အသီးကြွေသည့်ဒဏ်ကို ခံနိုင်ငြား ကိုင်းဆွေး၊ ကိုင်းခြောက် ကျိုးကျမည့် အန္တရာယ်နှင့် ဝါးလုံး လွတ်ကျနိုင်သည့်ဘေး ရှိနေသည်မဟုတ်ပါလား။
နောက်ဆုံးအပင်ကို တက်ခါနီးတွင် အေးဆောင် မော့်ကြည့်ရာမှ အော်လိုက်မိ၏ ။
“နောက်ဆုံးပိတ် အိတ်နဲ့လွယ်သာပဲ အရီးရေ့။ ပွက်ဆိတ်(ပုရွက်ဆိတ်)အုံကြီးနဲ့ဗျား”
ထိပ်ဖျားခွဆုံမှ တစ်လံအကွာသာသာတွင် ပျားစွဲ(ပျားအုံ)လို မည်းမည်း ပြားပြားကြီးကို မြင်ရသောကြောင့် ပြောခြင်းဖြစ်သည်။
ပုရွက်ဆိတ်အနက်လည်း ဖြစ်နိုင်သည်။ အနီလည်း ဖြစ်နိုင်သည်။ အနီဖြစ်ဖြစ် အနက်ဖြစ်ဖြစ် တူညီသောအချက်မှာ အကောင်သေးသည်။ ဒေါသတကြီးနှင့် ဖင်ထောင်ပြီး ကိုက်သည်။ အလွန်နာသည်။
“ပွက်ဆိတ်က မင့်အသားကို နာအောင် မကိုက်နိုင်ပါဘူးကွာ”
ဦးကြွက်က အပြက်ပြောသည်။
မည်သို့ဖြစ်စေ၊ အေးဆောင် ရင်ဆိုင်ရမည်သာ။ သူ့အသိုက်ကို လက်ဦးမှုယူပြီး ဖျက်ချရမည်။ အုံအပြင်ဘက်ရောက်နှင့်သော အကောင်များကိုကား မတတ်နိုင်။ ပွတ်ကာ သပ်ကာဖြင့် ကိုယ့်အလုပ်ကို ပြီးအောင်လုပ်ရန်သာ။
မန်ကျည်းပင် ဆယ့်ခြောက်ပင်တက်ပြီးသည်အထိ ရှဉ့်သံမကြားခဲ့ရ။ သည်အပင်ကို တက်တော့မှ ဟိုဘက်သရက်ပင်များပေါ်မှ ရှဥ့်များက တောက်သံပေးလာကြသည်။ စုတ်ထိုးလာကြသည်။
“အေးပါ အေးပါ၊ ကတောက်နှင့်ကြပေါ့၊ သရက်သီးဆွတ်ချိန်ကျမှ နင်တို့ကို သရက်သီးခြောက်နဲ့ ချက်စားမယ်”
အေးဆောင် စိတ်ထဲမှ ကြုံးဝါးယင်း မန်ကျည်းပင်ပေါ် တက်လာသည်။
ပုရွက်ဆိတ်အုံနှင့် လက်တစ်ကမ်းရောက်သည်အထိ တစ်ကောင်မျှမတွေ့ ။ သို့တစေ အကျန်အကြွင်းရှိနိုင်သဖြင့် ကိုင်းခြောက်တစ်ခုဖြင့် ရိုက်ချပစ်လိုက်သည်။
ပြီးသွားပြီ။ အေးအေး ဆေးဆေး ပုတ်ရုံသာ ရှိတော့သည်။ အလယ်ခွဆုံမှ ဝါးလုံးကို ဆွဲယူကာ သီးမှည့်ရှိသော ကိုင်းဖျားများကို လှမ်းပုတ်သည်။
သည်နေရာမှ မမှီလျှင် မီသည့်နေရာသို့ ရွှေ့ကာပတ်သည်။ သို့သော် တစ်နေရာ ကျန်နေသေး၏ ။ ဝါးမမီ။ အသီးကလည်း တစ်တင်းသားခန့် ရှိ၏ ။
အေးဆောင်သည် ဝါးလုံးကို ကိုင်းကြားတွင် ညှပ်ပစ်ခဲ့ပြီး ထိုနေရာသို့ သွားရန်ပြင်လိုက်စဉ် ပါးပြင်မှ စစ်ကနဲ့ဖြစ်သွား၏ ။ လက်ဖြင့် လှမ်းပွတ်လိုက်စဉ် ရင်ဘတ်မှလည်း စူးကနဲ့ ဖြစ်သွား၏ ။
ထို့ကြောင့် အေးဆောင် ကြာရှည်စဉ်းစားမရပါ။ မန်ကျည်းပင် လှုပ်သဖြင့် ကိုင်းချင်းထိကာ လှုပ်ခါခံရသော သရက်ပင်မှ ဒေါသတကြီး ကူးလာကြသော ခါချဉ်များဖြစ်သည်။
တစ်ကိုယ်လုံး ချွေးစေးများဖြင့် ငန်နေသောကြောင့် များများ မကိုက်နိုင်ကြ။ သည်ကြားထဲက တစ်ကောင်တလေ ဇွတ်တိုးကိုက်သည်နှင့်ပင် နာလှပြီ။
ခါချဉ်တွေကို ပွတ်ခါချပြီးနောက် စောစောက လျှောက်သွားရန် ရည်ရွယ်သော ကိုင်းဖျားသို့ လာခဲ့သည်။ အောက်ကိုင်းကို မတ်တတ်ရပ်နင်းပြီး အပေါ်ကိုင်းကို ကိုင်ပြီး လျှောက်ရလျှင် မြန်မြန်ရောက်၏။
ယခုသော်ကား လက်တစ်ကမ်းတွင် အပေါ်ကိုင်း မရှိသည့်အတွက် အောက်ကိုင်းကို ခွထိုင်၊ ခွကိုင်လျက် တရွေရွေ့ ရွေ့ရသည်။
ခါချဉ်များကလည်း ဟိုနားက စူးကနဲ့၊ သည်နားက စစ်ကနဲ့နှင့် ဖင်ထောင်ပြီး ကိုက်ကြ၏ ။ အေးဆောင် ကြိတ်ခံသည်။ ကိုက်နှင့်ကြအုံးကွ ဟူ၍။
သို့ရာတွင် ပေါင်ကြားတစ်နေရာကို အကိုက်ခံလိုက်ရသောအခါတွင်ကား ‘အူး .. ဟီး’ မြည်လျက် ပုဆိုးပေါ်မှ တအား ဖျစ်ချေလိုက်စဉ် သူကိုယ်လေးကြီးသည် ကိုင်းပေါ်မှ လည်ကျသွားလေ၏ ။
ဟိုက်ကနဲ့ဖြစ်ကာ “သွားပဟ” ထင်လိုက်သော်ငြား သတိမလွတ်။ လက်ကလည်း အားသွင်းကာ ညှစ်ကိုင်ထားသေးသည်။
အကိုင်းကို ဆုပ်ထားသောလက်သည် ကိုင်း ငုတ်ဆွေးတစ်ခုပေါ် ရောက်သွားချိန်တွင်ကား ဆက်ပြီး ဆုပ်ကိုင်မထားတော့၊ လွှတ်လိုက်ရပြီ။
အေးဆောင် ပက်လက်ကြီး ကျလာသည်။ တစ်လံကျော်မျှ ကျလာပြီးတော့ အခက်အလက်များပေါ်သို့ ပက်လက်ကြီးကျ၏။
ကျလာသော အရှိန်ဖြင့် အပေါ်သို့ တဖန်ပြန်မြောက်တက်ပြီးချိန်တွင် အေးဆောင် ဆုပ်မိဆုပ်ရာ ဖမ်းဆုပ်လိုက်မိသည်။
သစ်ပင်အောက်ကလူများကမူ တဖြောဖြော တဖျောင်းဖျောင်းကြွေသံများကြောင့် အေးဆောင် အဖြစ်ကို မသိလိုက်ကြ။
ပြဲသွားသော လက်ဝါးကို ပြုံးကြည့်ရင်း
“ကံကောင်းလို့ဟေ့။ နို့မို့ယင် မြသွယ်ကိုမရဘဲ သေတော့မလို့”
ဟု အေးဆောင် ရင်ထဲက ရေရွတ်လိုက်လေသည်။
(၄)
အေးဆောင် အသက်နှင့်ရင်းနှီးခဲ့ရသော မန်ကျည်းသီးမှာ ၂၅ တင်းခန့် ရှိပါသည်။ ရိုင်ပတ်ထားသော လှည်းတစ်စီး အမောက်ပင်။ သည်မန်ကျည်းသီးကို သည်အတိုင်း ရောင်း၍မရသေးပါ။ သားအမိ တကုတ်ကုတ်နှင့် အခွံခွာရ အစေ့ထွက်အောင် ထုရသေးသည်။
အေးဆောင်မူ အားလျှင် မအေကိုကူသည်။
သူ့တွင် ယာထဲပြေး၊ နွားစာ ရှာရ၊ နွားရေခပ်နှင့် အလုပ်များလှသည်။ သို့ဖြင့် ဆယ်ရက်ခန့်ကြာမှ မန်ကျည်းသီးများ အစေ့ထုတ်၍ ပြီးသည်။ သားအမိနှစ်ယောက် ကုလားမောင်း ငှားချိန်ကြည့်သောအခါ အချိန်ခြောက်ဆယ်ကျော်သည်။ သားအမိနှစ်ယောက် တပြုံးပြုံးနှင့်ပါ့။
“အိမ်သုံးဖို့နဲ့ လူပေး သူပေးအတွက် တစ်ဆယ်လောက် ချန်ထားပြီး ကျန်သာအားလုံး ရောင်းပစ်သာပေါ့ အမေရာ”
“သာပေါ့ကွယ်။ ဈေးထဲမှာ တစ်ဆယ်သား ငါးကျပ်သား လက်လီဈေးကတော့ ဆယ့်ငါးကျပ် နှစ်ဆယ်ဈေး ရှိသယ်။ လက်ကားဈေး ဘယ်လောက်များ ရှိမယ်ထင်လဲလူလေး”
“တဆယ်”
“ရပါလိမ့်မယ် အားကြီး”
ဒေါ်သော့ မျက်စောင်းထိုးပြီး ဆိုသည်။
“ငါးကျပ်ထက်တော့ မအောက်တန်ရပါဘူး အမေရာ”
“ငါးကျပ်ပဲ ထားပါလေ။ အချိန် ငါးဆယ်ကို ငွေနှစ်ရာ့ငါးဆယ်”
အတွေးနှင့် တွက်ကာ ဒေါ် သော့ ပီတိဖြစ်သွား၏ ။
မန်ကျည်းသီးအသစ်မှာ ဖျော်ရည်သမားများလည်း နှစ်သက်သဖြင့် အေးဆောင်မှာ ရက်မညောင်းမှီ မြို့ ဈေးတက်ရန် ပြင်ဆင်ရသည်။
ထန်းခေါက်တောင်းအတွင်းပိုင်းတွင် အင်ဖက်အခြောက်တွေခံကာ မန်ကျည်းသီး ထည့်သည်။ အပေါ်မှလည်း အင်ဖက်ပင် ဖုံးထားသည်။
မန်ကျည်းသီးမှည့်ထည့်ထားသော ထန်းခေါက်ဟောင်းနှစ်လုံးတင်ကာ အေးဆောင်၏လှည်း အိမ်ဝိုင်းထဲမှ ထွက်လာချိန်တွင် မိုးပင် စင်စင်မလင်းသေး။ အိမ်ဝိုင်းအတွင်းမှ ကျွတ်ကျွတ်လွတ်လွတ် ထွက်လာပြီးမှ မြသွယ်ကို သတိရသည်။
“မြသွယ်များ မြို့တက်အုံးမလား”
ရွာ့ဟိုဘက်ဖျားသို့ မျှော်ကြည့်လိုက်သည်။ အမြင် မသဲကွဲ။ သို့ရာတွင် ရွာလည်ပိုင်းဆီမှာတော့ လှည်းတစ်စီး လာနေသလို လှုပ်လှုပ်လှုပ်လှုပ်နှင့် ။
“ကိုအေးဆောင်ရေ၊ ဘာမှာအုံးမလဲ”
ရှေ့နားတွင် ရပ်ထားသော လှည်းကို မမြင်ဘဲ နောက်ရောက်လာသော လှည်းပေါ်မှ မိန်းမတစ်ယောက် လှမ်းအော်၏။ သူကား မြသွယ်။
“ငါက ဒီမှာဟ။ နင်လားလို့ ရပ်စောင့်နေသာ”
မြသွယ် ရှက်သွားသည်။
“မသာကြီး၊ စောစောက အသံပြုပါလား”
အေးဆောင် နားထဲတွင် ဆိမ့်အီသွားသည်။ တဟဲဟဲ ရယ်မောလျက် နွားနှစ်ကောင်ကို တို့လိုက်သည်။ ရွာပြင်ရောက်၍ တာလမ်းဘေး လှည်းလမ်းပေါ်ရောက်လျှင် မြသွယ် ထင်းလှည်းပေါ်မှ ဆင်းကာ အေးဆောင်လှည်းပေါ် ရောက်လာသည်။
“သည်လိုဆိုတော့ မြသွယ်က လိမ္မာသား ဟဲ ဟဲ ဟဲ”
“သေချင်းဆိုး ရီးတီးယားတား မလုပ်နဲ့နော်။ ကျုပ်လှည်းလေးမှာစိုးလို့ တော့လှည်းကို လာစီးသာ သိလား”
“စီးပါဗျာ စီးပါ။ ကုပ်ပေါ် တက်စီးအုံးမလား”
“ပြောင်ချော်ချော်တွေ လုပ်ကနေနဲ့ ကိုအေးဆောင်။ တော့် ငွေတစ်ထောင်ကလဲ ခုထက်ထိ မပြည့်သေးဘူးလား။ အမေကလဲ မေးလှဘဲ။ ညည့်ကောင် ဟုတ်မှ ဟုတ်သေးရဲ့လားတဲ့။ တောင်ပိုင်းက ငွေရှင်နဲ့ ဘာလိုလိုတဲ့”
မြသွယ် အတည်ပေါက် ပြောလာသည့်အတွက် အေးဆောင် ပြူးပြူးပြာပြာ ဖြစ်သွားသည်။
“အမေလေးဗျာ မဟုတ်ရပါဘူး။ ဘုရားပေးပေး ကျမ်းပေးပေးပါဟာ”
“ဘာပဲပြောပြော အမေကျေနပ်အောင် အိမ်လာခဲ့အုံး။ ထင်းရောင်းပီးယင် ဈေးတောင်ဘက်က တမာပင်ရိပ်က စောင့်နေမယ်နော်”
မြသွယ် သူ့လှည်းသို့ ပြန်သွားသည်။
လှည်းသည် မြို့အဝင် တာလမ်းပေါ် တက်နေရပြီဖြစ်သဖြင့် လှည်းကို ဂရုစိုက်ထိန်းရသည်။ မည်သို့ဖြစ်စေ အေးဆောင် ပျော်သည်။ မိန်းကလေးဘက်က လောလာသဖြင့်လည်း ပို၍ ပျော်သည်။
မြို့တွင်းလမ်းများသို့ မြသွယ်၏လှည်း ခွဲထွက်သွား၍ မကြာမှီ အေးဆောင်၏လှည်းလည်း ဆိုင်တန်းများရှေ့သို့ ရောက်လာသည်။
အလှကုန်ဆိုင်များနှင့် စတိုးများ လွန်လာသည်။ တောကုန်သာရောင်းသော တိုက်ဆိုင်ဝမှ တရုတ်မတယောက် လှမ်းမေး၏။
“ဆရာကြီး ဘာတွေပါလဲ”
“မန်ကျည်းသီးမှည့်လေ၊ အချိန်ငါးဆယ်လောက် ရှိသယ်”
“ဘယ်ဈေးလဲ”
အေးဆောင် ရုတ်တရက် တွေဝေသွားပြီးမှ ကြိုကြိုပိုပို ပြော၏ ။
“တစ်ဆယ်ဈေး”
“အာ ဒီဈေး မရှိဘူး။ တစ်ကျပ်ခွဲရယင် ယူမယ်”
အေးဆောင် နတံ(နှင်တံ)နှင့် ဆင်းရိုက်ချင်စိတ်ကို ချုပ်တီးကာ လှည်းကို ဆက်မောင်းလာ၏။
“ဘာတွေလဲဗျို့”
သည်တစ်ခါ မေးသူက ဗမာ။
“မန်ကျည်းသီး အစေ့ထုတ်ပြီးသား၊ အချိန် ငါးဆယ်ကျော် ပါသယ်။ ဘယ်ဈေးပေးမလဲ”
ထိုသူကလည်း တစ်ကျပ်ခွဲဈေးသာ ပေးသဖြင့် အေးဆောင် ဆက်မောင်းပြန်သည်။
ပဲ၊ နှမ်း၊ မန်ကျည်း၊ ထန်းလျက် ဝယ်တတ်သော တိုက်များ၊ အိမ်ရှေ့များသို့ တစ်တိုက်ပြီးတစ်တိုက် တစ်အိမ်ပြီး တစ်အိမ် ဝင်ရပ်သည်။ သူတို့သည် ညီညွတ်လှစွာ၏ ။ တစ်ကျပ်ခွဲထက် ပိုပေးသူမရှိ။
တဖြည်းဖြည်း နေမြင့်လာ၏ ။ ယမန်နှစ်က မန်ကျည်းမှည့်ရော၊ လဲမှို့ပါ သူရောင်းခဲ့သော ဆိုင်ရှေ့သို့ နောက်ဆုံး သူရောက်လာ၏။ ထိုဆိုင်ကလည်း တစ်ကျပ်ခွဲပင်။ အေးဆောင် လှည်းပေါ်မှ ဆင်းလာပြီး ခုံတန်းလျားတွင် ဝင်ထိုင်လိုက်သည်။
“ခင်ဗျားနဲ့ ကျုပ်နဲ့ ဖောက်သည်ပဲဗျာ။ လက်လီ ဆယ့်ငါးကျပ် နှစ်ဆယ်ဈေး ပေါက်နေချိန်မှာ ခင်ဗျားတို့ရောင်းတဲ့ လက်ကားဈေးဟာ အနည်းဆုံး တစ်ဆယ်တော့ ရှိမှာပါ။ ဒီတော့ သုံးကျပ်ပေးဗျာ”
“မိတ်ဆွေ ပြောသာ ဟုတ်ပါသယ်။ သာပေမယ့် မိတ်ဆွေ စဉ်းစားကြည့်လေ။ သာတေဝယ်လိုက်ပီးယင် စင်အောင် ကျွန်တော့်မှာ ပြန်လုပ်ရသေးသာဗျ။ မန်ကျည်းစေ့ တစ်စေ့တစ်လေ ပါလာယင် ပိုးထိုးပီး ပျက်စီးကုန်သာ”
“ကျုပ်ပစ္စည်းက သန့်ပါသယ်ဗျာ”
“ရောင်းသဲ့လူမှန်ယင် သည်လိုချည်းပဲ ပြောကြသာပါပဲ။ ပီးတော့ သာတေမကုန်မချင်း ကျွန်တော့်မှာ ငွေစိုက်ထားရသာဗျ”
“သာကတော့ဗျာ မြတ်သာလဲ ကြည့်အုံးမှပေါ့။ ကိုင်းဗျာ မိတ်လဲ မပျက်ရအောင် နှစ်ကျပ်ခွဲ”
ထိုသူ ပြုံးပြီး ခေါင်းယမ်း၏ ။ အေးဆောင် နတံကောက်ကိုင်ကာ ဆတ်ကနဲ့ ထရပ်၏ ။
“ခင်ဗျားတို့ လိုချင်တော့ဖြင့် မိတ်ဖြစ်ဆွေဖြစ် သဘောနဲ့ ပေးခဲ့ပါ။ နောင်လဲ ဆက်ဆံကြည့်ပါ ဘာညာနဲ့ ပြောလိုက်သာ ရွှန်းရွှန်းကို ဝေလို့။ အခုတော့ တစ်မျိုးပါလား”
ဒီမယ်မိတ်ဆွေ နေမြင့်ပီဆိုပီး ဈေးနှိမ်ဖို့ မကြိုစားနဲ့ ။ အကုန်လုံး ပြန်သယ်သွားပြီး ဟင်းရွက်ပြုတ်နဲ့ စားနေယင်လဲ နေလို့ရသယ် သိရဲ့လား”
အားရပါးရ ပြောခဲ့ရပေမင့် အေးဆောင် မကျေနပ်သေး။ စောင်းငန်း စောင်းငန်းကြည့်လျက် လှည်းပေါ်တက်သည်။ ဘီး လေးငါးလှိမ့် လှိမ့်ပြီးချိန်တွင် သူထွက်လာသော ဆိုင်နှင့် တစ်အိမ်ကျော်တွင်ရှိသော ဆိုင်ထဲမှ လူတစ်ယောက်ကလှမ်းပြီး လက်ပြ၏ ။
“ခင်ဗျား အော်ပြောနေသာ ကျွန်တော်ကြားသယ်။ ကဲ ကျွန်တော် ငါးမူးပိုပေးမယ်။ ကြိုက်ယင် ချပေတော့”
အေးဆောင် တွက်ကြည့်သည်။ နှစ်ကျပ်ဈေးဆိုတော့ ငွေတစ်ရာ။
သို့ဖြင့် နှစ်ရာငါးဆယ်ဈေး မရသည့်တိုင် တရာ့ငါးဆယ် မုချရရမည် မျှော်လင့်ထားသော မန်ကျည်းအချိန် ငါးဆယ်ကို တစ်ရာဖြင့် ရောင်းလိုက်ရလေ၏ ။
ငွေတစ်ရာ ရင်ဝယ်ပိုက်ပြန်ရငြား အေးဆောင် မကျေနပ်။ လှည်းကို ရှေ့ဆက်ပြီး ခဲတစ်ပစ်ခန့် မောင်းလာခဲ့သောအခါ ဘက်ဝဲဘက်တွင် မြို့နယ်သမဝါယမပွဲရုံကို တွေ့ ရသည်။
အေးဆောင် ဝမ်းသာအားရဖြင့် လှည်းရပ်ထားခဲ့ကာ ဆိုင်ထဲသို့ ပြေးဝင်လာပြီး စားပွဲတွင် ထိုင်နေသူအား မေး၏။
“နောင်ကြီးတို့ မန်ကျည်းသီးမှည့် မဝယ်ဘူးလား”
“အစီအစဉ် မရှိသေးပါဘူးခင်ဗျာ”
“နောင်နှစ်များကောဗျာ”
“နောင်နှစ်များတော့ ဝယ်ကောင်းဝယ်နိုင်ပါလိမ့်မယ်”
ဆိုင်ထဲမှ ပြန်ထွက်လာသော အေးဆောင် ခြေလှမ်းများသည် အဝင်တုန်းကလောက် မသွက်လက်ချင်တော့ပေ။
– ပြီး –
စာရေးသူ – ဆင်ဖြူကျွန်းအောင်သိန်း
စာစီစာရိုက် – မုဆိုး တံငါ စာပေများ