မလှူတတ်ဈေးဝယ်(စ/ဆုံး)
———————————
“ဟင်းရွက်စုံ”
ဟင်းရွက်သည် ကောင်မလေးအသံက စူးရှလှပေသည်။
အမေကြီး ဒေါ်ကြည်သည် အိပ်နေရာမှ မျက်လုံးကို ဖွင့်လိုက်ပြီး
“သမီးရေ” ဟု ခေါ်လိုက်သည်။
မီးဖိုချောင်ထဲတွင် ပန်းကန်တွေကို ဆေးနေသော ချွေးမဖြစ်သူက
“ရှင် အမေ” ဟု ထူးကာအိပ်ခန်းထဲပြေးဝင်လာသည်။
“အမေ ဘာလိုလို့လဲ”
“ဘာမှ မလိုဘူး … ဟင်းရွက်သည်ကို ခေါ်ပေးစမ်းပါ”
“ဘာလုပ်မလို့လဲအမေ”
“ခေါ်လိုက်ပါအေ … လွတ်သွားဦးမယ်”
သမီးဖြစ်သူကအပြင်ကို အပြေးလေးသွားကာ
“ဟင်းရွက်သည် လာပါဦး” ဟု ခေါ်လိုက်သည်။
“အမေ ခေါ်ပြီးပြီ … ဘာဝယ်မလိုလဲ”
“ငါလာမယ်”
အမေအိုက တုန်တုန်ချည့်ချည့်နှင့် အပြင်ကို ထွက်လာသည်။
ဟင်းရွက်သည်က ရောက်လာသည်။
“ဟဲ့ သမီး သူ့ဈေးဗန်းကို ချပေးလိုက်ဦးလေ”
ဈေးဗန်းချပြီးသောအခါ ဟင်းရွက်သည်က
“အမေကြီး ဘာလိုချင်လို့လဲ”
“ခဝဲသီး မပါဘူးလား”
“ပါတယ် အမေကြီး”
“တစ်တောင့် ဘယ်လောက်လဲ”
“ငါးရာအမေကြီး”
“ဘယ်နှတောင့်ပါသလဲ”
“ငါးတောင့်”
သမီးဖြစ်သူကမေးသည်။
“အမေဘာလုပ်မလို့လဲ”
“ဟဲ့ … စားဖို့ပေါ့”
“ဒနေ့ ပဲဟင်းနဲ့ ဆိတ်သားချက်တယ်အမေ။ အသားလေးတွေက နူးနေတာပဲ။ အမေစားလို့ အဆင်ပြေတယ်”
“ငါးတောင့်ဆိုတော့ ဘယ်လောက်ကျသလဲ”
“နှစ်ထောင့်ငါးရာ အမေကြီး”
အမေကြီးက ပိုက်ဆံကို ချွေးခံအင်္ကျီအိတ်ထဲက ထုတ်လိုက်သည်။ ပိုက်ဆံ တစ်ထောင်တန် သုံးရွက်ကို ရေတွက်ပြီး
“ရော့” ဟု ပေးလိုက်သည်။
“အမေကြီး ဒီမှာ”
“ဘာလဲ”
“ငါးရာ ပြန်အမ်းစရာမရှိလို့ … သမီးက ခုမှထွက်လာတာ … ရော့”
သူက တစ်ထောင်တန်တစ်ရွက်ပြန်ပေးသည်။
“ပြန်ပေးမနေနဲ့ ယူလိုက်တော့”
“အမေ ခဝဲသီးတွေ အများကြီး ဘာလုပ်မှာလဲ”
“စားဖို့ပေါ့”
“အမေစားချင်လည်း တစ်တောင့်ဆို တော်ပါပြီ”
“အကုန်လုံးဝယ်လိုက်တော့ နောက်နေ့စားရတာပေါ့။ ကလေးမလေး ပိုတာပြန်အမ်းမနေနဲ့ ယူသွား”
“အမေကြီး ဒီမှာ ဂေါ်ဖီတစ်စိတ်က ငါးရာရှင့် ယူထားလိုက်နော်”
“အေး အေး ထားခဲ့လိုက်။ ဟဲ့ ဈေးဗန်းကို ပြန်ပင့်ပေးလိုက်”
ဈေးသည်လေး ပြန်ထွက်သွားသည်။
“အမေကတော့လေ … တကယ်ပဲ ခဝဲသီး ငါးတောင့် ဘာလုပ်ရမှာလဲ။ ဂေါ်ဖီတွေရောပဲ”
“ဒါတွေကို ညည်းဘာလုပ်ရမှန်း မသိဘူးလား”
“ဒီလောက်အများကြီးကို”
“ငါ့ကို ခဝဲသီးလေးနဲ့ ပုစွန်ခြောက်လေးကို အရည်တည်လေးချက်ပေးစမ်း။ နင်တို့ မစားရင် နည်းနည်းပဲ ချက်။ တစ်ဝက်လောက်ဆိုရတယ်”
“ကျန်တာတွေရောအမေ”
“နင်တို့ မစားချင်ဘူးဆိုရင် အိမ်နီးချင်းတွေဝေလိုက်”
“အမေရယ် အစကတည်းက တစ်တောင့်လောက်ဝယ်ရင် ရတာပဲကို”
“သမီး မိုးတွေက ရွာနေတယ်။ ဈေးသည်လေးမှာ ချမ်းနေတာ တုန်နေတာပဲ။ တမင်သက်သက် သနားလို့ ဝယ်လိုက်တာ။ သူတို့မှာ ခက်ခဲမှာပေါ့”
“အမေရယ် ဒီခေတ်မှာ အားလုံး ခက်ခဲတာပဲ”
“သမီး အားလုံးခက်ခဲတာကို လိုက်ပြီးတော့ ဖြည့်ဆည်းပေးရအောင် အမေလည်း ဝိသာခါ ကျောင်းအစ်မကြီး မဟုတ်ဘူးကွယ်။ ဒါပေမဲ့ စိတ်ဆိုတာ ထားတတ်ရင်မြတ်သတဲ့။ ကိုယ့်မှာ ရှိသလောက်လေးနဲ့ တတ်နိုင် သလောက်ကူညီနိုင်ရင် သူလည်းအကျိုးရှိ၊ ကိုယ်လည်း အကျိုးရှိနိုင်တာပေါ့။ အမေတို့ တကူးတကသွားပြီး လိုက်လှူနေမှမဟုတ်တာ။ ကိုယ်မချမ်းသာပေမယ့် ကိုယ်စားမယ့်ထဲက တစ်ဆုပ်၊ တစ်ဖဲ့လေးဖြစ်ဖြစ် လှူလိုက် တာလည်း ကုသိုလ်လုပ်တာပဲ။ အမေ ဒီခဝဲသီးတွေကို သနားလို့ဝယ်တာ၊ စားဖို့ဝယ်တာ မဟုတ်ဘူး။ ဒီကလေးမလေး အမေလက်ထက်ကတည်းက အမေက အမြဲခေါ်ဝယ်နေကျ။ ခုမှမဟုတ်ဘူး”
“သမီးက သိမှ မသိပဲအမေရယ်”
“အေးလေ ညည်းက ဒီကိုရောက်တာ ကြာမှ မကြာသေးတာ”
ညနေ သားဖြစ်သူ အလုပ်မှ ပြန်လာသည်။
“အမေ နေကောင်းလား”
“အေး ဒီနေ့ နည်းနည်း နေကောင်းတယ်။ သားရေ အမေ့ကို ဈေးဖိုးပေးဦး”
“မနက်ကပဲ သုံးထောင်ပေးခဲ့တယ်လေ”
“အမေဈေးဝယ်လိုက်ပြီ”
“ဟုတ်လား။ ရော့ပါအမေ ဒီမှာ”
သားဖြစ်သူက သူ့အိတ်ထဲမှ ပိုက်ဆံ သုံးထောင် ထပ်ထုတ်ပေးသည်။ ထို့နောက် မီးဖိုချောင်ထဲကို ဝင်သွားကာ
“ချစ်ရေ ဒီနေ့ မောင့်အမေ ဘာတွေ ဝယ်ထားပြန်ပြီလဲ”
“ဟိုစားပွဲပေါ်မှာ ခဝဲသီးနဲ့ ဂေါ်ဖီ”
“ဟုတ်လား … ချစ်စားချင်တာယူလေ”
“မစားချင်တာရော”
“လှူမလို့”
“ဒီလိုပဲ အမေက နေ့တိုင်း ဈေးတွေဝယ်နေတာလား”
“ဒါ ဈေးကို မသွားနိုင်တော့လို့။ ကိုယ့်အမေဝါဒကို သိလား”
“ဘယ်သိမလဲ”
“မလှူတတ်ရင်ဈေးဝယ်တဲ့။ တွေ့သမျှ ဈေးသည်လေးတွေဆီက ဒီလိုပဲလျှောက်ဝယ်တယ်။ ပြီးရင် ကိုယ်က လိုက်ဝေပေးရပြီ။ အဖေရှိကတည်းက ဒီလိုပဲ။ ဟော အမေလည်း ကုသိုလ်ရ … ကိုယ်တို့လည်း ကုသိုလ်ရ”
“ဪ … ဂေါ်ဖီလေးပဲထားခဲ့လေ။ အမေက ခဝဲသီးစားချင်တယ်ဆိုလို့ တစ်ပိုင်းတော့ ချက်ထားပေးတယ်”
“အမေက ခဝဲသီးနဲ့ ပုစွန်ခြောက်ချက်လေးကို သိပ်ကြိုက်တာ။ ဒါဆို ဒီခဝဲသီး လေးတောင့်ကို အိမ်နီးချင်းတွေကို သွားဝေလိုက်ဦးမယ်”
“ချစ်လည်းလိုက်မယ်”
#တင်ညွန့်
၃.၇.၂၀၂၅