မောင်စံရှားနှင့် စိန်ပွဲစားတစ်ယောက်၏အမှု
::::::::::
မောင်စံရှားသည် အရိုးပေါ်တွင် အရေတင်ပြီးလျှင် ခြပုန်းလမ်းများကဲ့သို့ အပြိုင်းအပြိုင်း ထလျက်ရှိသော အကြောသေး အကြောမြွှာ စသည်တို့တွင် လျှောက်ကာနေသည့် သွေးသားကလေးများကို ကြည့်ရှုလျက် မိမိ၏ ဒုက္ခ အဖြစ် အပျက်တို့ကို စဉ်းစားကာ ပက်လက်ကုလားထိုင်ပေါ်တွင် ထိုင်နေစဉ် မြင်းရထား မောင်းနှင်လာသော အသံများကို ကြားရပြီးနောက် မိမိတို့ အိမ်ရှေ့သို့ ရောက်သောအခါ ဟိုး၊ ဟိုး၊ ဟိုး”ဟု ပြောဆို အမိန့်ပေးလိုက်သည်နှင့် တစ်ပြိုင်နက် မြင်းရထား အသံသည် ရပ်စဲ၍ သွားပေ၏။ အတန်ငယ် ကြာသောအခါ မိမိ ကုလားထိုင် အနီးရှိ စားပွဲပေါ်မှ ဘဲလ် ကလေး တီးသံကို ကြားရသဖြင့် မောင်စံရှားက
`ဟေ့ ရွှေထွန်း တံခါးဖွင့်ပေးလိုက်ပါ၊ အပြင်က ဘယ်သူမှန်း မသိဘူး”ဟု ပြောဆိုလိုက်သောအခါ တပည့် ဖြစ်သူ မောင်ရွှေထွန်းသည် တံခါးကိုဖွင့်၍ ပေးလိုက်သည် နှင် လူတစ်ယောက်သည် လက်ဆွဲ သားရေအိတ်ကလေးကို ဆွဲလျက် ဝင်လာပြီးနောက် မောင်စံရှားအား အလွန်တရာ ဝမ်းနည်းလှသည့် အမူအရာဖြင့် နှုတ်ခွန်းများမှ မဆက်သ နိုင်ဘဲ စိန်းစိန်းကြည့်ကာ နေစဉ်တွင် မောင်စံရှားက
“ဟလို လက်စသတ်တော့ မောင်ထွန်းရီပါကလား၊ ငါဖြင့်ကွာ ရုတ်တရက်တောင် မမှတ်မိဘူး၊ ရုပ်တွေပျက်ပြီး အသားက ဖြူလာတာကိုးကွယ့်၊ နို့ မင်း အခု ဗိုလ်ကြီး ဖြစ်နေပါပကော’
မောင်ထွန်းရီ။ ။ “ဟုတ်ကဲ့၊ ဗိုလ်လုပ်တဲ့အခါလည်း လုပ်ရသေးတာပေါ့၊ ဒါထက် စကားမစပ် အခု ဆရာ ဘယ့်နှယ် ဖြစ်ပြီးနေတာလဲ”
မောင်စံရှား။ ။ “အင်း လောကမှာ မမှားသော ရှေ့နေ၊ မသေသော ဆေးသမား မရှိဘူးတဲ့ ကွယ့် မောင်ထွန်းရီရဲ့၊ ဆရာကလည်း ရေတိမ်မှာနစ် ဆိုသလို နစ်တာပဲ၊ ကံကောင်းလို့ မသေတာလားကွယ်၊ မင်း အမေရိကကို သွားပြီး တစ်လလောက်သာ ကြာသေးတယ်၊ ဆရာ့မှာ ကြီးစွာသော ဒုက္ခကြီးကို တွေ့ပြီး ချည့်နေတာ အခုမှ တော်တော်ကလေး လမ်းလျှောက်နိုင်ခါစ ရှိသေးတယ်”
မောင်ထွန်းရီ။ ။ အို ဖြစ်မှ ဖြစ်ရလေ၊ ဘယ်လိုများ ဖြစ် ပျက်တယ် ဆိုတာကို ပြောပြစမ်းပါဦး ဆရာရဲ့၊ ကျွန်တော် သိချင်လွန်းလို့ပါ”
မောင်စံရှား။ ။ `အေးကွယ်၊ တဖြည်းဖြည်း သိရတာပေါ့၊ မင်း ရေမိုးများ ချိုးပါဦး၊ ညများကျမှ သည်အကြောင်းေတွပြောပြမယ်၊ အခု ညစာလည်းမစားရသေးဘူးပေါ့”
မောင်ထွန်းရီ။ ။ “ဘယ်စားရဦးမှာလဲ ဆရာ၊ အခုပဲ သင်္ဘောက ဆင်းလာခဲ့တယ်” ဟု ပြောဆိုပြီးလျှင် ရေမိုးချိုးလေ၏။
ညစာထမင်းစားသောက်ပြီးနောက် ၈ နာရီလောက် ရှိသောအခါ ဆရာတပည့် နှစ်ယောက်တို့သည် အာလာပသလ္လာပ စသော စကားများကို ပြောဆိုနေကြပြီးနောက် မောင်ထွန်းရီက စကားကောက်၍
“ဘယ့်နှယ် ဆရာ၊ ဆရာ့ အဖြစ်အပျက်ကို တစ်ဆိတ် လောက် အမိန့်ရှိစမ်းပါဦး၊ ကျွန်တော် ကြားပါရစေ” ဟု တောင်းပန် ပြောဆိုလေ၏။
မောင်စံရှား။ ။ အင်း ပြောရတာပေါ့ကွယ်၊ အရေးတော့ မကြီးလှပါဘူး၊ မြင်းကောင်း ခွာလိပ် ဆိုတာလို ငါ့ကိုယ် ကကို သတိလစ်ပြီး သွားတဲ့အတွက် ဒီအဖြစ်မျိုးကို ဖြစ်ရ တာပါ၊ သို့သော်လည်း ဒီအကောင်တွေဟာ လူညံ့တွေ တော့ မဟုတ်ဘူးကွယ့်၊ အတော် ကြီးကြီးကျယ်ကျယ် ကြံနိုင်ဖန်နိုင်တဲ့ အကောင်တွေပဲ’
မောင်ထွန်းရီ။ ။ ဘယ်က အကောင်တွေလဲ ဆရာ’
မောင်စံရှား။ ။ “ဘယ်က အကောင်တွေရယ်လို့ တပ်အပ် သေချာ မသိရသေးပါဘူး၊ သို့သော်လည်း ယိုးဒယား၊တရုတ်၊ ဂျပန်၊ အမေရိကန်၊ အင်္ဂလိပ်၊ မြန်မာ အမျိုးမျိုး ရောနှောနေတာပါပဲကွယ်။ သို့သော် တစ်နေ့နေ့တော့ သူတို့ အသင်းကြီးပဲ ပျက်မလား၊ ငါပဲ အသက်တိုမလား မပြောတက်ဘူး၊ တွေ့ကြရလိမ့်ဦးမယ်’
မောင်ထွန်းရီ။ ။ အင်း သူတို့နဲ့ အဆက်ကို ပြောပါဦး’
မောင်စံရှား။ ။ ‘ဒီလိုကွယ့် ဒီလို၊ မင်း အမေရိကန်ပြည်ကို ဆေးအတတ် သင်ကြားရအောင် သွားလို့ တစ်လလောက် ကြာတော့ အစိုးရစုံထောက် ကိုအုံးဖေ ငါ့ဆီကို လာတယ်။ ဘယ်လို အကြောင်းလဲဆိုတော့ ဒလဘက်က အိမ်ကြီး တစ် အိမ်ဟာ အင်မတန် လူသတ်တယ်တဲ့၊ သတ်သမျှ လူသေ တွေဟာလည်း အားလုံး ခေါင်းတုံးချည်းဖြစ်ပြီး မြစ်ထဲမှာ မျောပါသွားသတဲ့။ ပြီးတော့ ဒီအလောင်းတွေဟာလည်း မျက်နှာမည်းကြီးနဲ့လို့ ပြောတာကိုး။ ဘာအကြောင်းနဲ့ ဒီလို လုပ်ပြီး မပြတ်မလပ် သတ်တယ်ဆိုတာလည်း အသေအချာ မပြောနိုင်ဘူး။ ဒီအိမ်ကြီးပေါ်မှာတော့ ကလပ်ရှိတယ်လို့ တော့ ပြောပါရဲ့။ အဲသည် ကလပ်မှာပဲ သတ်သလား ဘာ လားလို့ မေးပြန်တော့လည်း ဒါတော့ သူလည်း မသိဘူးတဲ့။ ဒီအိမ်ကြီးက သတ်တယ်လို့ပဲ ထင်သတဲ့။
အဲဒါကြောင့် ဒီအိမ်ကြီးကို စုံစမ်း စစ်ဆေးရအောင် ခင်ဗျား တစ်ဆိတ် လိုက်ခဲ့ပါ ဆိုတော့ ငါ လိုက်သွားတာပေါ့ကွယ်။ ဒီတော့ ငါကလည်း တရုတ်လို ဝတ်လို့၊ သူကလည်း ငါ့လိုပဲ တရုတ်လို ဝတ်စားလို့ပေါ့။ တို့ နောက်လိုက် နောက်ပါ အမှုထမ်းသားတို့ကတော့ အရပ်သားအသွင် ဝတ်ဆင်ပြီး တယောနဲ့ စောင်းနဲ့ လမ်းမှာ ခေါက်တုံ့ခေါက်ပြန် လျှောက် ပြီး သီချင်းဆိုနေတယ်။ တို့က အချက်ပေးလိုက်ရင်တော့ သူတို့ တက်လာဖို့ပေါ့။ တို့ ညနေဝင်ရီတရော ညီအစ်ကို မသိတသိကလေးမှာ ဒီအိမ်ကြီးကို ရောက်တာပေါ့လေ။ အဲ အိမ်ကြီးရောက်လို့ တံခါးခေါက်လိုက်တော့ လူတစ်ယောက် ချက်ချင်းပဲ ရောက်လာပြီး တံခါးကို ဖွင့်ပေးရာက တို့နှစ် ယောက်ကို စေ့စေ့ စားမတတ် ကြည့်ပြီး ကပျာကယာ အိမ် ကြီးပေါ်ကို ပြန်တက်သွားတယ်။
တို့လည်း တောင်မသွားတတ်၊ မြောက်မသွားတတ်နဲ့ ဟိုကြည့် သည်ကြည့်သာ ကြည့်နေရတာပဲ။ များလိုက်တဲ့ လှေကားတွေ တံခါးတွေ ဆိုတာမှာတော့ မပြောပါနဲ့တော့။ ဘယ်က တက်လို့ ဘယ် ရောက်မယ် ဆိုတာကိုပဲ မသိဘူး။ အဲ တို့ ဟိုဟိုဒီဒီ ကြည့် နေတုန်းပဲ ချင်းများလို ပရဲထိုးထားတဲ့ မျက်နှာမည်းကြီးနဲ့လူတစ်ယောက် ပေါက်လာပြီး ကို မြန်မာဘာသာနဲ့ ဘာ ကိစ္စ လာကြသလဲလို့ မေးတော့ တို့က ငွေအိတ်ကို ပြတာ ပေါ့။ သည်တော့ သူက လာလာ၊ ကစားမယ် မဟုတ်လား ဆိုပြီး အပေါ်ထပ်ကို ခေါ်သွားတာကိုး။ သူ့နောက်ကိုသာ မှန်းပြီး လိုက်သွားရတယ်။ မှောင်လိုက်တာ တစ်ယောက်နဲ့ တစ်ယောက် မမြင်ရဘူး’
မောင်ထွန်းရီ။ ။ နောက်လာခေါ်တယ် ဆိုတဲ့လူက ချင်း လူမျိုးပဲလား ဆရာရဲ့’
မောင်စံရှား။ ။ ‘ဘာ ဟုတ်မလဲကွယ်၊ မျက်နှာဖုံး တပ် ထားတဲ့ လူပေါ့။ အဲ တို့ အပေါ်ရောက်သွားလို့ ခဏကလေး ကြာရင်ပဲ အခန်းတစ်ခုထဲမှာ မီးကလေး လက်လက် လက် လက်နဲ့ တွေ့ရတယ်။ အဲသည် အခန်းထဲကို တို့ကို ခေါ် သွားတာကိုးကွယ့်။ တို့ရောက်ရင်ပဲ မိန်းမကလေး တစ် ယောက်ဟာ ဝင်လာပြီး ရှင်တို့ ကစားမယ် မဟုတ်လားလို့ မေးတော့ တို့က ခေါင်းညိတ်လိုက်တာပေါ့လေ။ ဒီတော့ မိန်းမကလေးဟာ ထွက်သွားပြီး ဖဲထုပ်တစ်ထုပ်ကို ယူလာ ခဲ့လို့ ဖဲတွေကို ကုလားဖန်ထိုးနေတုန်း အင်မတန်ချော အင် မတန်လှတဲ့ မြန်မာ မိန်းမကလေး တစ်ယောက်ဟာ အရက် ပုလင်းနဲ့ ဖန်ခွက်ကို ယူလာပြီး တို့ကို အရက်ငှဲ့ပေးတာပေါ့ လေ။ တို့က ဘာ သောက်မလဲ။ ဟန်လုပ်ပြီး သွန်ပစ်လိုက် တာပေါ့”
မောင်ထွန်းရီ။ ။” ဘာကြောင့် မသောက်သလဲ ဆရာရဲ့ “
မောင်စံရှား။ ။ ‘အဆိပ်နဲ့ ရောထားတဲ့ အရက်မှန်း သိလို့ ပေါ့ကွယ့်။ အဲဒါနဲ့ နောက်ကို လူနှစ်ယောက် ထပ်ပြီး ဝင်လာ တော့ တို့ ဖဲရိုက်ကြရော။ တစ်ပွဲမှ မပြီးသေးဘူး အခြားအခန်းတစ်ခုထဲက ဝင်းခနဲဖြစ်ပြီး မီးတွေတောက်တာလည်း မြင်လိုက်ရရဲ့။ အော်သံလည်း ကြားလိုက်ရရဲ့ ။ ပြီးတော့ ရေထဲကျသွားတဲ့ အသံကို ကြားရတော့ တို့နှစ်ယောက်မှာ အသည်းများ ဆတ်ဆတ်တုန်နေတာပဲ။ သည်တော့ ငါက ကိုအုံးဖေကို မျက်စပစ်ပြလိုက်ရင်ပဲ ကိုအုံးဖေက သေနတ်ကို ထုတ်ပြီး လက်မြှောက်ခိုင်းတော့ သူတို့ လူနှစ်ယောက်နဲ့ မိန်းမကလေး တစ်ယောက်ဟာ လက်မြှောက်ကြတယ်။ တို့ . အချက်ပေးသံကို ကြားလို့ တို့လူများလည်း တက်လာကြ ရော။ တစ်ခါ တို့အခန်းထဲက ဟုန်းခနဲ မီးထတောက်ပြီးငါလည်း ရေထဲ ရောက်နေတာပဲ။ ဘယ်လို ကျသွားတယ် ဆိုတာတော့ မပြောတတ်ဘူး။ ခေါင်းက ဆံပင်တွေတော့မီးလောင်လို့ တက်တက် ကုန်တာပဲ”
မောင်ထွန်းရီ။ ။ “နို့ ကိုအုံးဖေကော ဘယ်လို ဖြစ်သေး သလဲ’
မောင်စံရှား။ ။ သူကတော့ လက်လွတ်ပြေးလို့ ဘာမှ မဖြစ်ဘူး။ သူလည်း သတိရတာနဲ့ ငါ့ကို လှေကလေးတစ် စင်းနဲ့ လိုက်ဆယ်ပြီး ဆေးရုံကြီးကို ယူသွားတယ်”
မောင်ထွန်းရီ။ ။ ‘အို ဖြစ်မှ ဖြစ်ရပလေ။ နို့ ဒီအကောင်တွေကော မိရဲ့လား
မောင်စံရှား။ ။” ဘာ မိလိမ့်မလဲ၊ သူတို့က အစကပဲ တို့ တွေကို သိနေကြတာလား။ အဲဒါနဲ့ ငါ့မှာ ရောဂါရပြီး နေလိုက်တာ နောက်ပိတ်ဆုံးမှာ ချည့်နေတာပေါ့။ အခုတောင် မပျောက်သေးဘူး။ ဆရာဝန်က ဓာတ်မိတဲ့အတွက် ၂ နှစ် လောက်ကြာမှ ကောင်းကောင်း မာမတဲ့” ဟု ပြောဆိုပြီးလျှင် ဆေးတံကိုယူ၍ ဆေးထည့်ကာ အားရပါးရ ရှူရှိုက်ကာ မီးခိုးများကို ကြည့်ရှု၍နေလေ၏။
မောင်ထွန်းရီလည်း ဆရာ ပြောကြားရသဖြင့် မော သွားဟန် လက္ခဏာ တူသောကြောင့် အားနာသည် တစ် ကြောင်း၊ ၎င်းပြင် ဝမ်းနည်းနေသည်ဟု ထင်မြင် သဘော ရရှိသည်အတိုင်း စကားမပြောကြားဘဲ များစွာ မခံချင်သောစိတ်မျိုး ပေါ်ပေါက်ပြီးလျှင် ထိုအသင်းသားတို့၏ ရန်မြစ်ကို ပယ်လှန်ချိုးနှိမ်ရန်ကိုသာ စိတ်ထဲတွင် အကြံအစည် ပေါ် ပေါက်လျက် ရှိလေ၏။ ဤကဲ့သို့ တွေးတော ကြံစည် နေခိုက်မှာပင် ‘ဒင် ဒင် ဒင်”ဟု ၁၁ ချက် ထိုးသံ ကြားလိုက် ရသောအခါ မောင်ထွန်းရီ၏ ဆရာ ကိုစံရှားသည် ခေါင်း ထောင်ကာ မော့၍ ကြည့်ရှုလိုက်ပြီးနောက်
‘မောင်ထွန်းရီ၊ ၁၁ နာရီ ထိုးသွားပြီ။ ကဲ မင်းလည်း ခရီးပန်းလာတယ်။ အိပ်ပေတော့’ ဟု ဆိုကာ သူ၏ အခန်းတွင်းသို့ ဝင်သွားသဖြင့် မောင်ထွန်းရီလည်း ပြင်ဆင်လျက် ထားသော အခန်းထဲသို့ ဝင်သွားကာ အိပ်လေ၏။
နံနက် မိုးလင်းသောအခါ မောင်ထွန်းရီ၏ ဆရာ ကို စံရှားသည် လုံ့လဝီရိယရှိသူတစ်ယောက် ဖြစ်သည့်အလျောက် စောစောထပြီးနောက် အိမ်ပေါ်တွင် လမ်းလျှောက်နေသည် ကို မောင်ထွန်းရီသည် အိပ်ရာက မထသေးသော်လည်း နိုးကြားနေသည် ဖြစ်သောကြောင့် သိရှိရပေ၏။
အတန်ကလေး ကြာသောအခါ ဘဲလ်တီးသံများကို လည်း ကြားရ၏။ မောင်ရွှေထွန်း တံခါးဖွင့်ပေးသံများကိုလည်း ကြားရသည်ပြင် မိန်းမတစ်ယောက်၏ အသံကို လည်း ထပ်မံ ကြားရပြန်ရာမှ ကိုစံရှားသည် မောင်ထွန်း၌ အား နှိုးလိုက်သည်နှင့် အိပ်ရာမှ ထပြီးလျှင် မျက်နှာသစ်၍ ကိုစံရှားထံသို့ သွားလေ၏။
မောင်စံရှား။ ။ `ဟောဒီမှာ အမှုသည်တော့ ရောက်လာ ပကော မောင်ထွန်းရီရဲ့။ ငါတော့ဖြင့် မလိုက်နိုင်ဘူး။ မင်း သိတဲ့အတိုင်းပဲ၊ အဲဒါ မင်း တစ်ဆိတ်လောက် လိုက်သွား လိုက်ပါ”
မောင်ထွန်းရီ။ ။” အို ဆရာ မပါဘဲနဲ့ ကျွန်တော် ဘယ့်နှယ် လုပ်တတ်မလဲ။ ရောက်ရောက်ချင်း ဆောက်နဲ့ထွင်း ဆိုတာ လို ကျနေပါပြီ။ သည်းခံပါ ဆရာရယ်၊ တောင်းပန်ပါရစေ”
မောင်စံရှား။ ။ အဒေါ် ကျွန်တော့်မှာ အဒေါ်သိတဲ့အတိုင်းပဲ မသွားနိုင် မလာနိုင် ဖြစ်နေပါတယ်။ အစိုးရစုံထောက်များကိုပဲ ထိုက်သလောက်ပေးပြီး စုံထောက်ပါတော့။ မလိုက် ပါရစေနဲ့။ ဒီအလုပ်ကို မလုပ်တော့တာလည်း လေးငါး ရှစ်လလောက် ရှိသွားပြီ”
မရင်။ ။ “မဟုတ်ပါဘူး စုံထောက်မင်းရယ်၊ အစိုးရ စုံထောက်တွေက အလကားပါ။ အခု သူတို့ ဖမ်းထား တာက ပြဒါးတစ်လမ်း သံတစ်လမ်း ဖြစ်နေတယ်။ ဒီသူငယ် ဘယ်နည်းနဲ့မှ အဒေါ် စိန်ထုပ်ကို ခိုးမှာ မဟုတ်ဘူး။ အဒေါ် ကို မသနားသော်လည်း အဖမ်းခံရတဲ့ သူငယ်ကို သနားပြီး လိုက်စမ်းပါဦး။ အမှုက ကြမ်းကြမ်းတမ်းတမ်း လုပ်ရမှာ မဟုတ်ပါဘူး။ အဒေါ် မော်တော်ကားနဲ့ပဲ လိုက်ခဲ့ပါ”ဟု ပြောဆိုသောအခါ မောင်စံရှားမှာ လွန်စွာ ဝါသနာပါသူ တစ်ယောက် ဖြစ်သည်အလျောက် စုံထောက်ဖို့ ဆိုလျှင် ရောဂါကင်းစင်၍ သွားဘိသကဲ့သို့ လွန်စွာမှ စိတ်အားကြီး သော မျက်နှာသည် ရုတ်ခြည်း ဖြစ်ပေါ်လာသည်နှင့် ဝေဒနာ ကို ပမာဏမထားဘဲ တာပတ်ကွင်းအတွင်း ပြိုင်ရမည့် မြင်း ကဲ့သို့ ရိုးရိုးရွရွ ဖြစ်လာပြီးနောက်
“ဘယ်နေ့တုံးက ပျောက်တာလဲ အဒေါ်ရဲ့”
မရင်။ ။ “မနေ့ကတင် ပျောက်တယ် စုံထောက်မင်းရဲ့”
မောင်စံရှား။ ။ ဒါဖြင့် အဒေါ်ဂတ်မှာ တိုင်ပြီးပလား’
မရင်။ ။ “မနေ့ကပဲ တိုင်လို့ စစ်ဆေးမေးမြန်းပြီး အဒေါ် တို့နဲ့ ခင်မင်နေတဲ့ ဘိုးထင် ဆိုတဲ့ သူငယ်ကလေးကို မသင်္ကာလို့ ဖမ်းထားတယ်၊ အဒေါ်ကတော့ ဒီဘိုးထင်ဟာ ဘယ်နည်း နဲ့မှ အဒေါ့် ပစ္စည်းကို ခိုးမယ် မထင်ဘူး’
မောင်စံရှား။ ။ မနေ့က အဒေါ်တို့အိမ်မှာ ဘယ်သူများလာသေးသလဲ’
မရင်။ ။ `အဒေါ်တို့အိမ်မှာ လူလာတာကိုတော့ မမေးနဲ့ တော့၊ တစ်ဦးဆင်း တစ်ဦးတက် လုပ်နေတာပဲ၊ အဒေါ်က သူ့စိန် ယူရောင်း ငါ့စိန် ယူရောင်း၊ ရောင်းနေတာလား စုံထောက်မင်းရဲ့”
မောင်စံရှား။ ။ ဩော် အဒေါ်က စိန်ပွဲစား ဆိုပါတော့”
မရင်။ ။ ဟုတ်ပါတယ် စိန်ပွဲစားပါပဲ၊ အဒေါ့်ယောက်ျား ရှိတုန်းကတော့ ဒီလို အလုပ်ကို မလုပ်ပါဘူး၊ အေးအေးပဲ စားရ သောက်ရပါတယ်”
မောင်စံရှား။ ။ အဒေါ် ယောက်ျားက ဘယ်သွားလို့လဲ’
မရင်။ ။ `အဒေါ့်ယောက်ျားက အစက ဘဏ်တိုက်တစ် တိုက်က မန်နေဂျာ ဂရေး ဆိုတာ မောင်တို့တော့ ကြားဖူး လိမ့်မယ်၊ အခုတော့ သူ ဆုံးသွားတာ တစ်နှစ်ကျော်ကျော် လောက် ရှိပါပြီ”
မောင်စံရှား။ ။ “ကောင်းပြီ အဒေါ်၊ ခေတ္တ စောင့်နေပါဦး၊ ကျွန်တော်တို့ လိုက်ခဲ့ပါမယ်” ဟု ပြောဆိုပြီးလျှင် အိပ်ခန်းထဲသို့ အဝတ်အစား လဲလှယ်ရန် ဝင်သွားကြလေ၏။
မောင်ထွန်းရီ။ ။ ‘ဘယ့်နှယ်လဲ ဆရာရေ့၊ ဘိုကတော်ကျ ကြီးပါလား၊ ကော်ချင် ကော်နေလိမ့်ဦးမယ်။ အတော်တော့ ပစ္စည်း ကျန်ရစ်မှာပဲ။ ပစ္စည်းများရင်တော့ ကျွန်တော် ဒီနေရာ မှာပဲ ထိုင်လိုက်မယ်”ဟု ပြောဆိုသောအခါ မောင်စံရှားက ‘သဘောရှိမောင် ကိုယ့်လှေ ကိုယ်ထိုး ပဲခူးပဲ ရောက်ရောက် ပေါ့”ဟု အဝတ်အစားများ လဲလှယ်ရင်း ပြောဆိုနေကြရာမှ ပြီးစီးကြသောအခါ ဘိုကတော်ကျ မရင်၏ နေအိမ်ဖြစ်သော ရန်ကုန်မြို့ မြို့ပတ်လမ်းသို့ မော်တော်ကားနှင့် သွားကြ လေ၏။
အိမ်ပေါ်သို့ ရောက်သောအခါ မရင်သည် မိမိ စိန်ထုပ်ထားသော နေရာနှင့်တကွ ဧည့်ခန်းတို့ကိုပါ ပြပြီး လျှင် ဖြစ်ရင်း အကြောင်းအရာတို့ကိုပါ ပြောပြလေ၏။
မောင်ထွန်းရီမှာ မရင်အပေါ်တွင် မျက်စိကျနေသူ ဖြစ်လေ ရကား မရင် ထားသော အခမ်းအနားများနှင့်တကွ ဆင်ပုံ ပြင်ပုံကို များစွာ သဘောကျသည်နှင့်
‘အဒေါ် ဒီကြမ်းတွေဟာ နေ့စဉ် ဒီလိုပဲ ပြောင်နေ သလား’
မရင်။ ။ ဟုတ်ကဲ့၊ ဒီလိုပဲ နေ့စဉ် ပြောင်နေတာပဲ။ တစ်နေ့ ဆယ်ခါ ကိုးခါ တိုက်နေပါတယ်။ ဘယ်တော့မှ ကောဇောသင်ဖြူး မခင်းပါဘူး”
မောင်စံရှား။ ။ မောင်ထွန်းရီ အခုမေးတဲ့ စကားဟာ တို့ အလုပ်နဲ့ အသုံးဝင်ရဲ့လား” ဟု မေးပြီးလျှင် ရယ်မော၍ ဟိုဟိုသည်သည် စသည်တို့ကို လျှောက် ကြည့်ရှုသော အခါ ဖိနပ်ရာများကို နေရာတကာတိုင်း လိုလိုမှာပင် တွေ့မြင်ရသည်နှင့် မေးပြန်သည်မှာ
‘အဒေါ် မနေ့က အစိုးရ စုံထောက်များဟာ ဖိနပ်နဲ့ အိမ်ပေါ်ကို တက်ကြသလား”
မရင်။ ။ “သူတို့ကို အဒေါ်က တက်ခွင့်ပြုပါတယ်၊ သို့ သော်လည်း သူတို့က ကျွန်တော်တို့ ဗုဒ္ဓဘာသာ မြန်မာ လူမျိုးတွေ ဖြစ်ပါတယ်၊ သည်းခံပါ ဆိုပြီး ဖိနပ်ချွတ် တက် ကြပါတယ်”
မောင်စံရှား။ ။ အဒေါ် စိန်ထားတာ ဒီဗီရို ဆိုတာ အဒေါ်သေသေချာချာ သတိထားမိရဲ့လား’
မရင်။ ။ “ဩော် စုံထောက်မင်းနှယ်၊ စိန်ပွဲစား အရင့်အမာ ကြီးလား၊ ဘယ့်နှယ် သတိမထားမိဘဲ နေမလဲ၊ ဟောဒီ ခုံကလေး ခုပြီး အဒေါ် တက်တင်ထားရတာမှ အမှတ်တရ ကြီးပါ၊ အေး တံခါး ပိတ်မိသလား မပိတ်မိဘူးလားတော့ အသေအချာ မပြောနိုင်ဘူး”
မောင်စံရှား။ ။ သော့အိမ် မပျက်ဘူး မဟုတ်လား”
မရင်။ ။ “သော့အိမ်လည်း မပျက်ဘူး၊ တံခါးလည်း မပျက်ဘူး မောင်ရဲ့။ ဓာတ်သိ ယူသွားတာပဲ၊ သို့ပေမဲ့ အဒေါ်တော့ ဘယ်သူ့မှ မထင်တတ်ဘူး”ဟု ပြောဆိုပြီး လျှင် မရင်နှင့် မောင်စံရှားတို့သည် အိမ်ရှေ့ခန်းသို့ ထွက် သွားကြစဉ် လမ်းတွင် သံချောင်းကလေး တစ်ခုကို တွေ့ သည်နှင့် မောင်စံရှားသည် ကောက်၍ ယူလိုက်ရာ မရင်က အလို ဒီ သံချောင်းကလေးဟာ ဟိုက ဘုရားစင်ပေါ်မှာ ထားတာ ဘယ့်နှယ်ကြောင့် သည်အနား ရောက်နေပါလိမ့် မလဲ” ဟု ပြောဆိုသောအခါ မောင်စံရှားသည် ပြုံးရယ် လျက် ‘ဘယ် ဘုရားစင်လဲ အဒေါ်ရဲ့’ ဟု မေးပြီးနောက် ဘုရားစင်ဆီသို့ သွားကြရာ ဖိနပ်ရာကြီး နှစ်ခုသည် ဘုရား စင်ဘက်သို့ တည့်တည့် လှည့်နေသည်ကို တွေ့ရှိရသည်နှင့် မောင်ထွန်းရီအား ခေါ်၍ ပြလေ၏။
မောင်ထွန်းရီလည်း သေချာစွာ ကြည့်ပြီးလျှင် အဒေါ်တို့အိမ်မှာ ဖိနပ်စီးပြီး တက် တဲ့ ဧည့်သည်များ သည်ကနေ့ လာသေးသလား”ဟု မေးမြန်းလိုက်သောအခါ မရင်က သည်ကနေ့ မည်သူမျှ မလာသေးကြောင်း၊ မိမိသည် အစောကြီးကပင် အိမ်တံခါးများကို သော့ခတ်ပြီးလျှင် မောင်တို့ထံသို့ လာခဲ့ကြောင်းများကို ပြောကြားပြသသဖြင့် တစ်ဖန် မောင်စံရှားက
‘ဒါဖြင့် မနေ့ကကော လာသေးသလား’
မရင်။ ။ “မနေ့ကတော့ ဂျုံး ဆိုတဲ့ သခင်တစ်ယောက် လာတယ်၊ သူတော့ ဒါမျိုးတွေ မလုပ်ပါဘူး မောင် ရယ်၊ အင်မတန် ခင်တဲ့ မိတ်ဆွေပါ”ဟု ပြောဆိုသောအခါ … မောင်စံရှားသည် ပြုံးရယ်ပြီးနောက် လမ်းလျှောက်နေရသည် မှာ ညောင်းညာလာသည် ဖြစ်၍ နေရာတစ်ခု တောင်းရာ မရင်သည် စားပွဲနှင့် ကုလားထိုင် ရှိရာသို့ ခေါ်သွားလေ၏။
မောင်စံရှား။ ။ `ဒါဖြင့် ဒီဘိုကြီးဟာ အဒေါ်တို့ အကြောင်း ကို ကောင်းကောင်း သိမှာပေါ့’
မရင်။ ။ ‘သိပါတယ်၊ ဒီစိန် ဝယ်တုန်းကလည်း သူ ပါတာပဲ၊ ရောင်းရင် ဝယ်ရင်လည်း သူပဲ အသိသက်သေ ပေါ့၊ အဒေါ်မှာ ဒီဘိုကြီးကို အားကိုးနေရတာပဲ”ဟု ပြောဆို နေဆဲမှာပင် မောင်ထွန်းရီက ဆရာ ဟောဒီမှာ တွေ့လား၊ ယမ်းတွေ ဆရာရဲ့”ဟု ပြောဆိုပြီးလျှင် မီးရှို့ပြလိုက်သော အခါ မောင်စံရှားသည် များစွာ အံ့သြလျက် သွားလေ၏။
အတန်ကလေး ကြာသောအခါမှ
“အဒေါ် ဒီဘိုကြီး လာတုန်းက သူ့မှာ သေနတ်များ ပါလာသလား’
မရင်။ “နှစ်လုံးပြူး သေနတ်ကြီးတော့ ဘယ်တော့မှ လက်က မချဘူး။ သွားလေရာမှာ ပါလေမြဲပဲ”
မောင်စံရှား။ ။ ဒါဖြင့် ဒီ ဘိုကြီးဟာ အဒေါ်တို့အိမ်မှာ လာပြီး မနေ့က ဘာများပြောလို့၊ ဘာများ အထူးတလည် လုပ်သေးပါသလဲ၊ အဒေါ် မှတ်မိသလောက် ပြောစမ်းပါဦး”
မရင်။ ။ “စုံထောက်မင်းက သခင်ကြီးကို ထင်နေလို့ စစ် တာလား၊ သူ မဟုတ်ပါဘူး”
မောင်စံရှား။ ။ ထင်လို့ မဟုတ်ပါဘူး အဒေါ်ရယ်၊ မေးခွင့် မေးလမ်း ရှိသမျှ မေးမြန်းရတာပါ့”
မရင်။ ။ “ဘိုကြီးဟာ သူ့အိမ်ကို ပြန်တော့မလို့ လှေကား က ဆင်းသွားတော့ လမ်းက ဘိုတစ်ယောက်က သူ့ထံမှာ ယမ်းတောင့် တောင်းတယ်။ သူက သူ့မှာ ယမ်းတောင့် တစ်တောင့်တည်း ရှိတဲ့အတွက် မပေးနိုင်တဲ့အကြောင်းကိုပြောတော့ လမ်းက ဘိုက မရမက အတင်းပဲ တောင်းတာပဲ။ ဒီလို တောင်းပေတဲ့ မပေးနိုင်ဘူးလို့ အတန်တန် ငြင်းဆန်နေကုန်း ဟိုဘိုတစ်ယောက်က သူ့ယမ်းတောင့်ကို အတင်း လုယူဖို့ရန် ဝင်လာတော့ ဘယ်က ခွေးရယ်လို့ မသိပါဘူး ကိုက်ရအောင် ဟောင်ပြီး ပြေးလာတုန်း သူက သေနတ်နဲ့ ပစ်လိုက်တော့ ခွေးသေသွားတယ်။ သူလည်း သနားလွန်းလို့ ခွေးကလေးကို ပွေ့ကာဖက်ကာနဲ့ပဲ ကောင်းမွန်စွာ ယူသွားပြီးတဲ့နောက် ဟောဟို အနားက ခြံထောင့်မှာ မာလီ ကုလားကို အတူးခိုင်းပြီး မြှုပ်လိုက်တာပဲ”ဟု ပြောဆိုသော အခါ မောင်စံရှားသည် စိန်ခိုးသူ အတပ်သိဘိသကဲ့သို့ မျက်နှာရွှင်လျက်
‘အဒေါ် စိန်ထုပ်ထားတဲ့ဆီကို ပြပါဦး” ဟု ဆို၍ သွားရောက် ကြည့်ရှုရာ ရှေ့တည့်တည့်တွင် ဖိနပ်ဦးရာ နှစ်ခု ယှဉ်လျက်နေသည်ကို တွေ့မြင်ရသည်နှင့် မောင်ထွန်းရီအား ပြသပြီးလျှင် လက်ခုပ်လက်ဝါး တီး၍ ရယ်မောလေ၏။
သို့သော် မောင်ထွန်းရီမှာ တစ်စုံတစ်ရာမျှ နားမလည်ချေ။ ၎င်းနောက် မောင်စံရှားက “အဒေါ် ပြန်ဦးမယ်၊ ကျွန်တော်တို့ မနက်ဖြန်လာပြီး စုံထောက်တော့မယ်” ဟု ပြောဆိုသော အခါ မရင်က
“မဟုတ်ပါဘူး စုံထောက်မင်းရယ်၊ ဒါနဲ့ပဲ ကိစ္စ ချောရောလား”
မောင်စံရှား။ ။ “ချောပြီပဲ ဆိုပါတော့ အဒေါ်ရယ်၊ အဒေါ် ပစ္စည်း ပြန်ရရင် အမှုလုပ်ဦးမလား”
မရင်။ ။ “ပစ္စည်းရရင် အမှု မလုပ်ပါဘူး မောင်ရယ်၊ အထားမှားလို့ ပြောလိုက်တာပေါ့”
မောင်စံရှား။ ။ ကောင်းပါပြီ ပြန်ပါဦးမယ်၊ စိတ်ချပါ။ ရပါစေ့မယ်၊ ဩော် စကားမစပ် ဟိုဘိုကြီးဟာ အရပ်မြင့်မြင့် မဟုတ်လား” ဟု မေးမြန်းသောအခါ ဟုတ်ကြောင်းကို ပြောပြပြီးနောက် မိမိ မော်တော်ကားနှင့်ပင် လိုက်၍ ပို့လေ၏။
အိမ်သို့ ရောက်သောအခါ မောင်ထွန်းရီက ‘ဘယ့် နှယ်လဲ ဆရာ၊ နေရာကျပုံ ပေါ်ရဲ့လား’
မောင်စံရှား။ ။ နေရာကျပုံ ပေါ်ဆို ဘာပြောစရာ ရှိသလဲ၊ လက်သည်ပဲ ပေါ်နေပြီပဲ၊ ဘာမကျစရာ ရှိသေးလို့လဲ”
မောင်ထွန်းရီ။ ။ ‘ဆရာ့ဟာက လွယ်လိုက်တာ ဘယ်လို များ ပေါ်ပုံလဲ”
မောင်စံရှား။ ။ ‘ဘယ်လို ပေါ်သလဲ ဆိုတော့ ယူတဲ့လူက သူ့ဘိုကြီးပဲ ယူတာပေါ့။ သို့သော်လည်း ကံကောင်းမှ ပြန်ရမယ်။ တစ်ည လွန်သွားတာက အပုံကြီး နောက်ကျသွားတယ်”
မောင်ထွန်းရီ။ ။ `အင်း ကျွန်တော်ဖြင့် နားမလည်ပါဘူးဆရာရယ်၊ ပြောပြမှ သိတော့မှာပဲ။ နားတော့ ဝေးတယ်ပဲ ဆိုလိုက်ပါတော့”
မောင်စံရှား။ ။ “ဒီလိုကွယ့် ဒီစိန်ထုပ် ထားတာကို ဒီ ဘိုကြီးပဲ သိတယ်။ ပြီးတော့ ဗီရိုကြီး ရှေ့တည့်တည့်က ခြေဦးရာကြီးဟာ သူ မမီလို့ ခြေဖျားထောက်ပြီး ယူတာ။ အတော်မြင့်တဲ့ အကောင်ကြီးပဲ။ ဘာကြောင့်လဲဆိုတော့ ငါ လက်လှမ်းကြည့်တာ မမီဘူး။ သူတော့ ခြေဖျားထောက်ရုံနဲ့ မီတယ်။ ပြီးတော့ ဘုရားစင်ပေါ်က သံချောင်းဆိုတာကို နမ်းကြည့်တော့ ယမ်းစော် နံတယ်။ အဲသည် သံချောင်းနဲ့ သူ့ယမ်းတောင့်ထဲက ယမ်းတွေကို ကော်ထုတ်ပြီး စိန်တွေ ကို သွင်းတယ်။ ဒါကြောင့် မင်း မီးရှို့ ကြည့်တဲ့ ယမ်းတွေ ပိုနေတာပေါ့။ ဟောသည်မှာ အဲဒီနားက စိန်တစ်လုံး ကောက်ရလို့ ငါ ယူလာခဲ့တယ်။ အဲဒါဟာ ကတိုက်ကရိုက် နဲ့ ထည့်ရတဲ့အတွက် ကျမှန်းမသိ ကျပြီး ကျန်ရစ်တာ။ ဘုရားစင်ရှေ့က သံချောင်းကို ဖိနပ်ကြီးနဲ့ သူသာ သွားယူ မယ်။ ဒီ့ပြင် ဗုဒ္ဓဘာသာတော့ ဘယ်နည်းနဲ့မှ မသွားဘူး။ ကဲ မင်း သူယူတဲ့အကြောင်း ယုံပြီလား’
မောင်ထွန်းရီ။ ။ “ယုံတော့ ယုံပါပြီ ဆရာရယ်။ သူ့ယမ်းတောင့်ထဲမှာ ပါသွားရင် သူ အိမ်ကို ယူသွားမှာပေါ့။ အခု တော့ ဒီယမ်းတောင့်နဲ့ ခွေးကို ပစ်သတ်လိုက်တယ် ဆိုပါ ကလား ဆရာရဲ့”
မောင်စံရှား။ ။ ခွေး ပစ်ပြီး မသတ်ဘဲ နေပါ့မလားကွယ့်။ သူ့ယမ်းတောင့်ကို အတင်းတောင်းနေတော့ သူ ပေးလိုက် ရင် မဆုံးဘူးလား။ ဒီစိန်တွေဟာ ခွေး ဝမ်းထဲမှာ ရှိတယ်။ အဲဒီခွေး မြှုပ်တဲ့နေရာကို အခု မင်းသွားပြီး ကြည့်ချေစမ်း။ လက်ရာ ခြေရာ ပျက်သလားလို့” ဟု ပြောဆိုသောအခါ မောင်းထွန်းရီသည် ချက်ချင်းပင် ထသွားတော့မည် အပြု တွင် မောင်စံရှားက
‘နေပါဦး၊ နေပါဦး၊ ငါပါ လိုက်မှ ဖြစ်မယ်။ တက္ကစီ တစ်စီးကို တယ်လီဖုန်းနဲ့ ပြောလိုက်” ဟု ပြောဆိုသောအခါ မောင်ထွန်းရီသည် တယ်လီဖုန်းနှင့် စကားပြောလိုက်သဖြင့် အငှား မော်တော်ကားတစ်စီး ရောက်လာသည်နှင့် မြို့ပတ်လမ်းရှိ မရင်၏ အိမ်သို့ တစ်ဖန်သွား၍ မရင်အား အကျိုးအကြောင်းကို ပြောပြပြီးလျှင် ခွေး ကလေး မြှုပ်ထားသော နေရာသို့ သွားကြလေ၏။
ခြေရာ လက်ရာ မပျက်သေးသည်ကို မြင်သောအခါ မရင်အား မဆုံးသေးကြောင်းကို ပြောပြ၍ တူးဖော်ပြီးလျှင် ဆေးကျောင်းမှ ပြန်လာသူ မောင်ထွန်းရီအား ခွဲ၍ ရှာဖွေစေရာ အချို့မှာ တခြားသို့ လွင့်စဉ်သွားသည် ဖြစ်သောကြောင့် ၃ ပုံ ၂ ပုံ မျှသာ ပြန်၍ ရရှိတော့ပေ၏။ မောင်စံရှားနှင့် မောင်ထွန်းရီတို့သည် မရင်အား ပြောပြပြီးလျှင် ချောင်း မြောင်းနေကြရာ ၈ နာရီလောက် ရှိသောအခါ ဘိုကြီးသည် မြေကြီးများကို လာ၍ ယက်နေသည်ကို တွေ့ ရှိကြသည်နှင့်ရယ်မောပြီးလျှင် အကျိုးအကြောင်းကို ပြောကာ ဆုံးမကြ လေ၏။
နောက်တစ်နေ့၌ မရင်သည် မတရားသဖြင့် အဖမ်းခံထားရသော သူအား မိမိ စိန်အထားမှားကြောင်းနှင့် ပြော ကြားပြီးလျှင် နုတ်ခေါ်ယူခဲ့ရလေ၏။
::::::::::::::
ဤဝတ္ထုကို ၁၉၂၁၊ အောက်တိုဘာ (၉) ရက်နေ့ထုတ် ဟုမ္မရူး ဂျာနယ်၌ ဖော်ပြခဲ့သည်။