‘လုပ်ရက်လေခြင်း'(စ/ဆုံး)
———————————-
“ကိုသောင်း တော့်ဆိုက်တွဲကြီးရောင်းဖို့ ကြော်ငြာထားတာ ဘာမှမထူးသေးဘူးလားတော့်”
ဆိုက်တွဲထွက်ဖို့ဟန်ရေးပြင်နေတဲ့ကိုသောင်းကို မိန်းမဖြစ်သူက လှမ်းမေးလိုက်တယ်။
“အေး အခုထိတော့မထူးသေးဘူးဟ”
“စိတ်ညစ်ပါတယ်တော် အိမ်လခနဲ့ကလေးတွေကျူရှင်လခက ပေးဖို့နီးလာပြန်ပြီတော့်”
ကိုသောင်း ငြီးငြီးငြူငြူနဲ့ပြောလိုက်တဲ့ မိန်းမဖြစ်သူကိုကြည့်ပြီး စိတ်မကောင်း။သူ့ခမျာ ကိုယ်ဝန်နေ့စေ့လစေ့ကြီးနဲ့ ဘယ်လောက်တောင် စိတ်ဆင်းရဲကိုယ်ဆင်းရဲ ဖြစ်နေလိုက်ရှာမလဲ။အော် အဆင်မပြေတဲ့ဘဝတွေများ ဘာမှမကောင်းပါလား။
“အေးပါမိန်းမရာ မင်းဘာမှတွေးပူမနေပါနဲ့ ငါအားလုံးအဆင်ပြေအောင် ဖန်တီးပေးပါ့မယ်ဟုတ်ပြီလား”
ကိုသောင်းပြောရင်း လမ်းထိပ်ထွက်ခဲ့လိုက်တယ်။တကယ်တော့ ကိုသောင်းမိန်းမကိုစိတ်ချမ်းသာအောင်သာပြောခဲ့ရတာ။ဘယ်လိုရှာပြီးဖန်တီးပေးရမှန်းပင်မသိ။ခေတ်ကာလကြောင့် အလုပ်ကလည်း သိပ်မဖြစ်။စားဖို့တောင်အနိုင်နိုင်။တစ်လတစ်လ ကလေးနှစ်ယောက်စရိတ်နဲ့အိမ်စရိတ်တွေနဲ့တင် ဝင်ငွေနဲ့ထွက်ငွေကမမျှ။အကြွေးဇိမြုပ် ဖြစ်နေခဲ့တော့တယ်။
ဒီအထဲ အိမ်လခနဲ့ မွေးစရိတ်ပါ ထပ်ဆောင်းတိုးလာတော့ ကိုသောင်းမယ် မရှိမဲ့ရှိမဲ့ ဆိုက်တွဲကလေးကို ထုတ်ရောင်းရုံမှအပါး အခြားမရှိ ဖြစ်ခဲ့ရတော့တယ်။ဒါပေမယ့် အချိန်သာကြာသွားခဲ့တယ်။ဝယ်လက်က တော်တော်နဲ့ပေါ်မလာ။ကိုသောင်းစိတ်ညစ်ညစ်နဲ့ ဆိုက်တွဲကလေးကို ကြိုးစားဆွဲနေခဲ့ရတယ်။
“ကိုသောင်း ဒီလူတွေကခင်များဆိုက်တွဲကို ကြည့်ချင်လို့တဲ့”
“အော် အေးအေး ကြည့်ပါ ကြည့်ကြပါခင်ဗျ”
လမ်းထိပ်ဂိတ်ထိုးနေစဉ် ငဦးကဝယ်လက်နှစ်ယောက်ခေါ်လာပြီး ပြောလိုက်တာကြောင့် ကိုသောင်းဝမ်းသာအားရနဲ့ ဆိုက်တွဲပေါ်ကနေ ဆင်းပေးလိုက်တယ်။ဝယ်လက်တွေက သူ့ဆိုက်တွဲကလေးကို ဖင်ပြန်ခေါင်းပြန် အပြန်ပြန်အလှန်လှန် လှည့်ပတ်ကြည့်ပြီး ခေါင်းတညိတ်ညိတ်လုပ်နေခဲ့ကြတယ်။ကိုသောင်းဝမ်းသာလိုက်သည့်ဖြစ်ခြင်း။သေချာပြီ။ဒီကနေ့သူ့ဆိုက်တွဲကလေး ရောင်းထွက်တော့မယ်ဆိုတာ။သူ့မှာ ဒီနေ့ဒီရက်ရောက်ဖို့ ဘုရားမှာဆုတောင်း စောင့်မျှော်နေခဲ့ရတာ ကြာပြီမဟုတ်လား။ဘုရားသီကြားမလို့ သူ့ဆိုက်တွဲကလေး ဒီကနေ့ ရောင်းထွက်သွားပါစေဘုရား။ကိုသောင်း ဘုရားစာရွတ်ရင်း တိတ်တိတ်ကလေး ဆုတောင်းနေမိတယ်။
“ကိုသောင်း ခင်များဆိုက်တွဲလေးရောင်းထွက်သွားရင် ကျွန်တော့်ကို ပွဲခမုန့်ဖိုးတော့ ပေးရမယ်နော်”
“ဟာ ဘယ့်နှယ့်ပြောပါလိမ့်ငဦးရာ။မင်းနဲ့ငါက ညီအစ်ကိုလိုနေတဲ့ တရပ်ကွက်ထဲသားချင်းတွေပဲဟာ ပေးမှာပေါ့ကွ ဟုတ်ပြီလား”
ငဦးကအနားကပ်လာပြီးပြောလိုက်တော့ ကိုသောင်းဝမ်းသာအားရနဲ့ ပြန်ပြောလိုက်တယ်။တကယ်လည်း ဆိုက်တွဲကလေးရောင်းထွက်သွားရင် ဝယ်လက်ခေါ်လာပေးတဲ့ငဦးကို ပွဲခမုန့်ဖိုးပေးမှာအမှန်ပင်။
“ကဲ အစ်ကို ဆိုက်တွဲကိုတော့ကြိုက်ပြီဗျာ။စျေးစကားလေးပြောကြရအောင်”
ဝယ်လက်က ဆိုက်တွဲကို စိတ်ကြိုက်လှည့်ပတ်ကြည့်ပြီး ပြောလာတော့ ကိုသောင်း ထခုန်မိမတတ် ဝမ်းသာသွားခဲ့တယ်။
“ဟို အစ်ကိုကတော့ (၁၁)သိန်းရရင်ရောင်းမယ်လို့ စိတ်ကူးထားတယ်”
ကိုသောင်း လိုချင်တဲ့ရောင်းစျေးကို အမြန်ပြောချလိုက်တယ်။
“ဟုတ်ပြီအစ်ကို ကျွန်တော်တို့က တည့်ရင်တကယ်ဝယ်မှာဆိုတော့ စျေးလေးနည်းနည်းလောက်တော့ လျှော့ပေးပါအုံးလား။မိတ်ဖြစ်ဆွေဖြစ်ပေါ့ အစ်ကိုရာ”
ဝယ်လက်က ဝယ်သူတို့ရဲ့ထုံးစံအတိုင်း ကိုသောင်းကို စျေးလျှော့ပေးဖို့ တောင်းဆိုခဲ့တယ်။ကိုသောင်း ပါးပါးလေးလျှော့ဖို့ ဆုံးဖြတ်လိုက်တယ်။ဘာလို့ဆို မိမိတို့က ကိုယ့်ဝမ်းနာ ကိုယ်သာသိဆိုသလို ဗိုက်ကတအားနာနေခဲ့သည် မဟုတ်လား။ဝယ်လက်ကို လက်လွှတ်ခံလို့မဖြစ်။
“ဟုတ်ပြီလေ ငါ့ညီပြောသလို အစ်ကို မိတ်ဖြစ်ဆွေဖြစ်အနေနဲ့ ငါးသောင်းတော့ လျှော့ပေးလိုက်မယ်။တစ်ဆယ်ခွဲတော့ပေးလိုက် ဟုတ်ပြီလား”
“ဟာ အစ်ကိုရာ ခွဲနေသေးတယ်ဗျာ။ပွဲဖြစ်သွားအောင် (၁၀)အတိတော့ ထားပေးလိုက်”
“အင်”
အတူပါလာတဲ့ ဝယ်လက်စကားကြောင့် ကိုသောင်းတခဏမျှ တွေဝေသွားခဲ့တယ်။ဒီအချိန် ငဦးက အနားရောက်လာပြီး
“ကိုသောင်း ဒီအချိန်က တကယ်ဝယ်တဲ့ ဝယ်လက်ကအတော်ရှားတယ်နော်။ပြီးတော့ခင်များဆိုက်တွဲက အမြင်လှပေမယ့် အင်ဂျင်ကသိပ်ကောင်းတော့တာ မဟုတ်ဘူး။ခင်များ စျေးသိပ်တင်းမနေနဲ့။သူတို့ပြောတဲ့ တစ်ဆယ်အတိနဲ့သာထားပေးပြီး အမြန်ထုတ်လိုက်တော့”
ဟုတ်တယ်။ငဦးပြောတာမှန်တယ်။သူ့ဆိုက်တွဲက အမြင်လှပေမယ့် အင်ဂျင်ကသိပ်ကောင်းတော့တာမဟုတ်။ဘယ်နားထိုးရပ်မလည်းဆိုပြီး တထိတ်ထိတ်နဲ့မောင်းနေခဲ့ရတာ။ပြီးတော့ ဒီအချိန်က စီးပွါးရေးကပ်ဆိုက်ချိန်ဆိုတော့ တကယ်ဝယ်မည့်ဝယ်လက်ကလည်း အလွန်ရှားနေတဲ့အချိန်။စျေးသိပ်တင်းနေလို့မဖြစ်။
“ပြီးတာပါပဲကွာ ညီလေးတို့ပြောတဲ့တစ်ဆယ်အတိနဲ့ အစ်ကိုထားပေးလိုက်မယ် ဟုတ်ပြီလား”
“ကျေးဇူးတင်ပါတယ်အစ်ကိုရာ။ဒါဆို ကျွန်တော်အခုစရံငွေလေးသိန်းပေးထားခဲ့မယ်။ကျန်ခြောက်သိန်းကိုတော့ မနက်ဖြန်ဆိုက်တွဲလာယူမှ ပေးတော့မယ်။ဖြစ်တယ်မဟုတ်လားအစ်ကို”
“ဟာ ဘယ့်နှယ့်ပြောပါလိမ့် သိပ်ဖြစ်တာပေါ့ကွာ”
“ဒါဆို ရော့ စရံငွေလေးသိန်း။လောလောဆယ် ကျွန်တော်တို့ဆိုက်တွဲလေးကို အစမ်းမောင်းကြည့်ချင်တယ်။မောင်းကြည့်လို့ရမလားအစ်ကို”
“သိပ်ရတာပေါ့ငါ့ညီတို့ရာ မောင်းမောင်း”
ဝယ်လက်ကစရံငွေ လေးသိန်းထုတ်ပေးပြီးပြောတော့ ကိုသောင်း ဝမ်းသာအားရနဲ့ သူ့ဆိုက်တွဲလေးကို ပေးမောင်းခဲ့လိုက်တယ်။ဒါပေမယ့် အချိန်သာ ကြာသွားခဲ့တယ်။အစမ်းမောင်းကြည့်မယ်ဆိုတဲ့ သူ့ဆိုက်တွဲကလေးကတော့ တော်တော်နဲ့ပေါ်မလာသလို အရိပ်အယောင်တောင် မမြင်ရတော့ပါ။ကိုသောင်း ငွေလေးသိန်းထုတ်ကိုကိုင်ရင်း စိတ်ပူစပြုလာခဲ့ပါတော့တယ်။
“ငဦး မင်းကောင်တွေ အစမ်းမောင်းတာ ကြာလှချည်လား။အခုထိကို ပေါ်မလာကြဘူး”
“ဟုတ်ပါ့ ကိုသောင်းရာ ဒီကောင်တွေကလည်း ကြာလိုက်တာ ဘာများဖြစ်နေကြလဲမသိဘူး”
ကိုသောင်းစကားကြောင့် ငဦးလည်း ခေါင်းကုပ်ဖင်ကုပ်နဲ့ လမ်းကိုလှမ်းမျှော်ကြည့်ရင်း ဆိုလိုက်တယ်။ဒါပေမယ့် ဆိုက်တွဲလေးကတော့ပေါ်မလာ။အစအနတောင်မမြင်ရ။
“ငဦး ငါဒီကောင်တွေကို သိပ်မသင်္ကာချင်တော့ဘူး။ငါတို့အနောက်က လိုက်သွားကြည့်ရအောင်”
“ဟုတ်ကိုသောင်း ကျွန်တော်လည်းမသင်္ကာဘူး။လာ လိုက်သွားကြည့်ကြမယ်”
ငဦးကပါ သူနဲ့အတူဆိုလိုက်တော့ ကိုသောင်း ရင်ထဲထိတ်ကနဲ ဖြစ်သွားခဲ့တယ်။
“ဟင် အဲ့ဒါမင်းအသိတွေ မဟုတ်ဘူးလား”
“ဘယ်ကလာဗျာ လမ်းထိပ်လ္ဘက်ရည်ဆိုင်မှာ စကားစမြည်ပြောရင်းနဲ့ ဆိုက်တွဲတစ်စီးဝယ်ချင်တယ်ဆိုလို့ ခေါ်လာခဲ့တာ”
“ဟာ သွားပါပြီကွာ ငါကမင်းအသိတွေမှတ်လို့။ငါ့ဆိုက်တွဲလေးတော့ ပါသွားပြီထင်ပါရဲ့ကွာ။နေအုံးနေအုံး ဒီကောင်တွေပေးသွားတဲ့ပိုက်ဆံတွေကို ငါထုတ်စစ်ကြည့်လိုက်အုံးမယ်”
ကိုသောင်း ခြေလှမ်းတွေတုံ့ကနဲရပ်လိုက်ပြီး ပိုက်ဆံထုတ်တွေကို ထုတ်စစ်ကြည့်လိုက်တယ်။ဒီတော့မှ တစ်ထောင်တန်ပိုက်ဆံတစ်အုပ်စီရဲ့အပေါ်အောက်မှာ တစ်ထောင်တန်ဆယ်ရွက်သာပါပြီး ကျန်တာစက္ကူရွက်တွေညှပ်ထုပ်ထားသည်ကို တွေ့လိုက်ရတော့တယ်။
“ဟာ သွား သွားပါပြီကွာ။ဒီကောင်တွေ ငါ့ဆိုက်တွဲလေးကို ငွေလေးသောင်းနဲ့ တပတ်ရိုက်ထွက်သွားကြပြီကွ”
“ဟင်”
ကိုသောင်း ငဦးကို လီဆယ်ထုပ်ထားတဲ့ငွေထုတ်တွေကိုပြရင်း လူကယိုင်ကနဲ ဖြစ်သွားခဲ့တယ်။
“တောက်| မိုက်ရိုင်းလိုက်ကြတာဗျာ။လုပ်ရက်လိုက်ကြတာ။အတော်လူမဆန်တဲ့ ကောင်တွေဗျာ။ ကျွန်တော်တို့ဒီအတိုင်းနေလို့တော့မဖြစ်ဘူး။ဒီကောင်တွေနောက်ကိုလိုက်ပြီး မတွေ့ တွေ့အောင်ရှာမှဖြစ်မယ်။တွေ့လို့ကတော့ဗျာ အရေခွံစုပ်ပြီး ငဦးအကြောင်းကို ကောင်းကောင်းပြလိုက်အုံးမယ်”
ငဦး ယိုင်ကနဲ့ဖြစ်သွားတဲ့ကိုသောင်းကို တွဲခေါ်ပြီး ကောင်းကင်မောင်းတင် ထွက်ခဲ့လိုက်တယ်။ဒါပေမယ့် အချိန်သာနှောင်းသွားခဲ့တယ်။လူလိမ် လူညာ လူယုတ်မာနှစ်ယောက်ကိုတော့ အစအနပင်မတွေ့ရ။ဒီတော့ ကိုသောင်း ခွေကနဲလဲကျ ငိုကြွေးလိုက်ပါတော့တယ်။သူ့ရဲ့ မရှိမဲ့ရှိမဲ့ဆိုက်တွဲကလေး မသမာသူတွေလက်ထဲ ငွေလေးသောင်းနဲ့ ပါသွားခဲ့လေပြီမဟုတ်လား။ဒီကိစ္စ အိမ်ကမိန်းမကို ဘယ်လိုပြောရပါ့။ကိုသောင်းတွေးရင်း မျက်ရည်တွေသွင်သွင်စီးကျလာခဲ့တော့တယ်။
“ကျွန်တော်တောင်းပန်ပါတယ်ကိုသောင်းရယ်။ဒီကောင်တွေကို ကျွန်တော်ခေါ်လာမိလို့ အခုလိုဖြစ်ရတာပါ။ကျွန်တော့်အပြစ်မကင်းပါဘူး။ကျွန်တော့်ကို ခွင့်လွှတ်ပါကိုသောင်းရယ်။ခွင့်လွှတ်ပါဗျာ”
ပွဲခလေးများရမလားလို့ ခေါ်လာမိခါမှ ဖွတ်မရ ဓားမဆုံး ဖြစ်ခဲ့ရတဲ့ကိုသောင်းအဖြစ်ကိုကြည့်ပြီး ငဦးစိတ်မကောင်း။ဒီကိစ္စ သူ့စနက်လည်း မကင်းပေဘူး မဟုတ်လား။ဒါပေမယ့် ဘာမှလည်းမတတ်နိုင်။ရိုးသားစွာလုပ်ကိုင်စားနေတဲ့ မရှိဆင်းရဲသား သနားစရာလူကိုမှ သနားညှာတာမှုကင်းမဲ့စွာနဲ့ ရက်ရက်စက်စက် လုပ်ရက်သွားတဲ့ လူလိမ်လူညာလူယုတ်မာနှစ်ယောက်ကိုသာ တွေ့ရာသင်္ချိုင်း ဓားမဆိုင်းပဲ ကြိတ်မနိုင်ခဲမရနဲ့ ဒေါသချောင်းချောင်း ထွက်နေမိတော့တယ်။။။။။။
(အသိ သတိကပ်စေရန်အတွက် တကယ့်အဖြစ်ကလေးကို စေတနာရှေ့ထား ရေးဖွဲ့တင်ပြသည်။အားလုံး လူလိမ်လူညာလူယုတ်မာနှင့် ခိုးဆိုးလုနှိုက်ရန်မှ ကင်းဝေးကြပါစေရှင်🙏)
#လှအုံးမယ်(တတရ)
1-7-2025(tue)